Home » » အခန်း(၂ဝ) ကေအင်န်ယူအဖွဲ့

အခန်း(၂ဝ) ကေအင်န်ယူအဖွဲ့



ကရင်သောင်းကျန်းမှုအခြေခံ
ဗြိတိသျှနယ်ချဲ့အစိုးရ၏  သွေးခွဲအုပ်ချုပ်ရေး  စနစ်နှင့် ကရင်လူမျိုးများအပေါ် ထူးထူးခြားခြား အခွင့်အရေးပေး၍ အုပ်ချုပ်ခဲ့ခြင်းတို့ကြောင့် လူမျိုး ပေါင်းစုံပါဝင်သော ဘီအိုင်အေတပ်နှင့် အင်္ဂလိပ် လက်အောက်ခံ ကရင်တပ်တို့၏ တိုက်ခိုက်မှုသည် ကရင်-ဗမာ လူမျိုးရေးအဓိကရုဏ်း ဖြစ်ပွားသည်အထိ ကျယ်ပြန့်ခဲ့ကြောင်း  တင်ပြခဲ့ပြီးပေပြီ။  သို့ရာတွင် ကရင်-ဗမာအဓိကရုဏ်းသည် မြန်မာခေါင်းဆောင် များနှင့် ကရင်ခေါင်းဆောင်များ၏ ကြိုးပမ်းမှုကြောင့်  ပြေငြိမ်းသွားခဲ့ရသည်။ ကရင်ခေါင်းဆောင် အများ အပြားသည် ဖက်ဆစ်တော်လှန်ရေးလှုပ်ရှားမှုတွင် မြန်မာခေါင်းဆောင်များနှင့် စည်းလုံးညီညွတ်စွာ ပါဝင် ခဲ့သည်။ ကရင် စစ်ဗိုလ် စောကြာဒိုး သည် ဗိုလ်ချုပ် အောင်ဆန်း၏ စည်းရုံးမှုကြောင့် မြစ်ဝကျွန်းပေါ်ဒေသ တွင် တော်လှန်ရေး တာဝန်ကို ထမ်းဆောင်ခဲ့သည်။ (၁။       ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေး ခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း။) မန်းဝင်းမောင်သည် အိန္ဒိယနိုင်ငံတွင် သင်တန်းတက် ပြီးနောက် ဖက်ဆစ်တော်လှန်ရေးအတွက် မြန်မာနိုင်ငံ အတွင်းသို့ လေထီးဖြင့် ဆင်းသက်လာခဲ့သည်။ မြေပြင် သို့အရောက် တွင် ခြေထောက်ကျိုးသဖြင့် အိန္ဒိယနိုင်ငံ သို့ လျှို့ဝှက်စွာ ပြန်လည်ပို့ပေးပြီး ကုသခဲ့ရသည်။  (၂။     သခင်တင်မြ၏ ဘုံဘဝမှာဖြင့်။)

ဖက်ဆစ်တော်လှန်ရေးကာလအတွင်း မြန်မာ ခေါင်းဆောင်များနှင့် ကရင်ခေါင်းဆောင်များ၏ ပူးပေါင်း   ဆောင်ရွက်မှုကို ဒေါက်တာမောင်မောင်က မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စာအုပ်၊ စာမျက်နှာ ၂၁၄ နှင့် ၂၁၅ တွင် အောက်ပါအတိုင်း ရေးသားထားသည်ကို တွေ့ရသည်။
xxx
          ''ကရင်ခေါင်းဆောင် စောစံဖိုးသင်သည် တောင်ငူဘက်တွင် ခို၍ ပြောက်ကျားတပ်များ စည်းရုံးနေသော အင်္ဂလိပ်မေဂျာ ဆီးဂရင်းနှင့်  ဆက်သွယ်နေသည်ဟု ကြားရ၍ ဗိုလ်စကြာက သူ့အား အိန္ဒိယသို့ ပို့ပေးပါဟု စကားကမ်းလှမ်း သည်။   စံဖိုးသင်က   ဗမာ့တပ်မတော်က တော်လှန်ရေးပြင်ဆင် နေကြောင်းနှင့် ဗိုလ်စကြာ စကားကမ်းလှမ်းချက်ကို ဆီးဂရင်းထံ သတင်းပို့ သည်။ ဂျပန်များသိသွား၍ စံဖိုးသင်ကို ဖမ်းလေ သည်။ ဗိုလ်စကြာအား ဂျပန်ပြည် မြန်မာသံရုံး တွင် စစ်သံမှူးအဖြစ် ခန့်အပ်၍ အဝေးသို့ ပို့ကြ ရသည်။''
          ''ဗိုလ်ချုပ်အောင်ဆန်းက စံဖိုးသင်နှင့်စောကြာ ဒိုးတို့ကို တပ်မတော်တွင်းသို့ သိမ်းသွင်းသည်။ သီချင်းဆို၍ ဘင်ခရာအဖွဲ့ကိုခေါင်းဆောင်တတ် သော စံဖိုးသင်သည် ဗမာ့တပ်မတော်ဗိုလ်ကြီး ဖြစ်လာသည်။

          ''အင်္ဂလန်ပြည် ဆင်းဟာစ် စစ်တက္ကသိုလ် (Sandhurst Military Academy) ဆင်း စောကြာဒိုးသည် စစ်ဝန်ကြီးရုံးတွင် ဒုတိယ ဗိုလ်မှူးကြီး ဖြစ်လာသည်။ ကရင်တပ်ရင်းဖွဲ့၍ မြစ်ဝကျွန်းပေါ်သို့လည်း ကရင်-ဗမာ ချစ်ကြည် ရေးအဖွဲ့များကို စေလွှတ်ကြသည်။ သခင်နုနှင့် ဗိုလ်လက်ျာတို့၏ ချစ်ကြည်ရေးခရီး များအောင်မြင် သည်။  ဗိုလ်ချုပ်အောင်ဆန်း၊  ဗိုလ်နေဝင်း၊ သခင်သန်းထွန်းနှင့် စောကြာဒိုး၊ စောဟင်နရီ၊  ဂျွန်ဆင်ကံကြီး စသောကရင် ခေါင်းဆောင်များ အတွင်းကျိတ်ဆွေးနွေးကြရာ ဂျပန်ကိုတော်လှန် ရန် အရေးကြီးသော ကရင်-ဗမာ ညီညွတ်မှု အခြေခံ ခိုင်မာစေကြသည်။''
Xxx

သို့သော် ကရင်-ဗမာအဓိကရုဏ်းသည် ဗြိတိသျှ နယ်ချဲ့တို့အတွက် ကရင်နှင့် ဗမာကို သွေးခွဲရန် အကွက်ကောင်းတစ်ခု ဖြစ်နေခဲ့ရသည်။ အဓိကရုဏ်း ဖြစ်ရခြင်းအကြောင်းရင်းတွင် ဗြိတိသျှတို့၏ နှစ်ရှည် လများ သွေးခွဲမှုသည် ပေါ်လွင်ခြင်းမရှိသကဲ့သို့ ဂျပန် တို့၏အမှားလည်း လူသိနည်းခဲ့ရသည်။
          ''မြစ်ဝကျွန်းပေါ်တွင် ဂျပန်အချို့၊ ဗမာအချို့ နှင့် ကရင်အချို့၏ မှားယွင်းမှုကြောင့် လူမျိုးရေး ပြဿနာပေါ်ခဲ့ရသည်။ ကရင်-ဗမာနှစ်ဖက်စလုံး သေကျေပျက်စီး နစ်နာခဲ့ကြရသည်။ ဗိုလ်မိုးကြိုး က သူ့တပည့်ကျော် ကီမာတား(ုငာအေေ)ဆိုသူ   ကို မြောင်းမြနယ်မှ ကရင်များက သတ်ဖြတ်ကြ သည်။ သတင်းရ၍ ဗိုလ်ကျော်ဇော၏တပ်ကို လွှတ်၍ နှိမ်နင်းစေသည်။ ကီမာတား အမှန် ကျဆုံးခဲ့သည်မှာ  ပုသိမ်အနီးမှ  ဘဲဂယက် တစ်ဝိုက်တွင် ဖြစ်လေသည်။'' (၁။ ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေး ခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း၊  စာမျက်နှာ  ၁၉၃ ။)
          ''ဗိုလ်မှူးကြီးနေဝင်းသည် ၁၉၄၆ ခုနှစ်တွင် ကရင်ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ အဓိ ကရုဏ်းကိစ္စကိုမေ့ပျောက်ပစ်နိုင်စေရန် ဆွေးနွေး စည်းရုံးခဲ့သည်။ အဓိကရုဏ်းနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးနေဝင်းက အောက်ပါအတိုင်း ပြော ကြားခဲ့ကြောင်း တွေ့ရသည်။'' (၂။ ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း၊  စာမျက်နှာ  ၁၉၃၊ ၁၉၄ ။)
xxx
         
''ကျွန်တော်တို့ အညာသို့ ခရီးထွက်သွားရ သည်။ တစ်လခွဲ၊ နှစ်လခွဲနီးပါး ကြာသည်။ ဤသို့ ခရီးထွက်နေစဉ်အတွင်း မြစ်ဝကျွန်းပေါ်တွင် တိုက်သည့်ကိစ္စကို မသိရပါ။ အညာမှ မန္တလေး ဘက်သို့ ပြန်ဆင်း လာရာမှ ဂျပန်အကြံပေးအရာရှိ ပြောပြ၍ သိရပါသည်။ ဂျပန်အပြောက ကရင့် လက်ထဲတွင် လက်နက်များ အင်္ဂလိပ်က ထားပစ်ခဲ့ သည်။ ဂျပန်ကို ခံချရန် လုပ်နေသည်ဟူ၍ ပြော ပါသည်။''
          ''ထိုအခါက ကျွန်တော်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျအားလုံး ရန်ကုန်တွင် မရှိကြပါ။ ဗိုလ်စကြာတစ်ယောက်သာ ရန်ကုန် တွင် ကျန်ရစ်ခဲ့သည်။ ¤င်းသည်လည်း တပ်နှင့် သိပ်နေသူမဟုတ်။''
          ''ဗိုလ်ကျော်ဇောမှာ ထိုအခါက ငယ်ရွယ်သူ ဖြစ်သည်။ အသက် ၂ဝ ကျော်၊ ၂၃ နှစ်သာ ရှိအုံးမည်။ စစ်သားဆိုသည်မှာ အမိန့်ပေးလျှင် အကုန်လုပ်ရမည်ဟူ၍ ဂျပန်က သင်ထားသဖြင့်  ¤င်းမှာ ကရင်များကို သွားတိုက်ရသည်။''
          ''ကရင်လူထုအမြင်တွင် ဗမာ(ဘီအိုင်အေ) များ တို့ကိုချသည်ဆိုပြီး ယနေ့တိုင် စွဲနေကြမည် ဖြစ်သည်။''
          ''အမှန်အားဖြင့်  ကျွန်တော်တို့လူကြီးများ ဘာမျှမသိရပါ။ သို့သော် ဒဏ်ရာဒဏ်ချက်ကြီး ကျန်၍ နေရစ်ပါသည်။''
          ''ကိုယ်လုပ်ရသည့်ကိစ္စမဟုတ်ဘဲ ကိုယ့်ကို အထင်လွဲနေသည့်အတွက် ဂျပန်ခေတ် ၁၉၄၃- ၄၄ ခုနှစ်မှာ ကျွန်တော်တို့ ပြန်ပြီးနီးစပ်အောင်  လုပ်ခဲ့သည်။ ဂျပန်ကိုတိုက်ရန်အတွက် စော ဟင်နရီ၊ ဆရာကံကြီး ၊ စောကြာဒိုး၊ စောစံဖိုးသင်တို့နှင့် တိုင်ပင်၍ ကရင်တပ်သားများကို စုခဲ့ သည်။ ကရင်တပ်ဆိုပြီး ထောင်ခဲ့သည်။''
xxx

ဖက်ဆစ်တော်လှန်ရေးအတွက် ကရင်ခေါင်းဆောင်များသည် ပူးပေါင်းဆောင်ရွက်ခဲ့ကြ သော်လည်း  အချို့ခေါင်းဆောင်များသည် အင်္ဂလိပ်လိုလားသူများ၊ အင်္ဂလိပ်အလိုတော်ရိများဖြစ်၍ နေလေပြီ။ စောဘဦး ကြီးသည် ကရင်နယ်ကို သီးခြားဖွဲ့စည်း၍ ဗြိတိသျှ အင်ပါယာအတွင်း၌သာ  ထားရှိလိုစိတ်  ပြင်းပြခဲ့သည်။  ဗြိတိသျှတို့ကလည်း ကရင်များအား ယင်းတို့၏ လက်အောက်၌သာ နေလိုစိတ်ရှိရန် အမြဲစည်းရုံးနေ ခဲ့သည်။
၁၉၄၅ ခုနှစ်တွင် ကရင်လွတ်လပ်ရေးနှင့် ကရင်ပြည်နယ်ရရှိရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာသည်။ အင်္ဂလိပ်တပ်များအဆုတ်တွင် ပါသွားသည့် ကရင် စစ်ဗိုလ်များကလည်း ကရင်နယ်အတွက် တောင်းဆိုခဲ့ ပြီး ဖြစ်သည်။ အင်္ဂလိပ်တို့၏ ကွန်ဆာဗေးတစ်ပါတီ ဝင်များနှင့် ပါတီလိုလားသူများကလည်း ကရင်လှုပ်ရှား မှုကို ထောက်ခံသည်။ ၁၉၄၅ ခုနှစ်၊ ဇွန်လ ၂၈ ရက် မှ ဇူလိုင်လ ၈ ရက်အထိ ရန်ကုန်မြို့တွင် ကရင် ခေါင်းဆောင်များ တွေ့ဆုံစည်းဝေးကြသည်။ ယင်းအစည်းအဝေးတွင် ကရင်ပြည်ရယူရေးနှင့် ကရင် တစ်မျိုးသားလုံးစုစည်းရေးကို ဆုံးဖြတ်လိုက်ကြသည်။  ထိုဆုံးဖြတ်ချက်များသည် ကရင်များအား ဗြိတိသျှတို့၏ သွေးထိုးမြှောက်ပင့်ပေးမှုများနှင့် အံကျဖြစ်သွားပြီး ကရင်များကို အထူးတက်ကြွ လာစေခဲ့သည်။

ကရင်အဖွဲ့အစည်းများပေါ်ပေါက်လာခြင်း
၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့၌ ကရင်အမျိုးသားများ၏ ညီလာခံတစ်ရပ်ကို ကျင်းပ ကြပြန်သည်။ ကရင်ညီလာခံက ကရင်ပြည်ရရှိရေး အတွက် အင်္ဂလိပ်အစိုးရထံ တောင်းဆိုရန် ဆုံးဖြတ် လိုက်ကြသည်။ အင်္ဂလန်နိုင်ငံ ပြည်သူလူထုကိုလည်း တင်ပြရမည်ဟု ဆိုသည်။ အင်္ဂလန်သို့သွားမည့် ကရင် ချစ်ကြည်ရေးအဖွဲ့ကို ရွေးချယ်ကြရာ စောသာဒင်၊ စောဖိုးချစ်၊ မစ္စတာဆစ်ဒနီလူနီ၊ စောဘဦးကြီး တို့ အရွေးခံကြရသည်။ ယင်းညီလာခံမှာပင် ကရင်ပြည် ရရှိရေးရည်မှန်းချက်ဖြင့် ကရင်ဗဟိုအဖွဲ့ချုပ် (ခေါ်) ကေစီအို(Karen Central Organization, K.C.O) ကို ဖွဲ့စည်းလိုက်သည်။ ခေါင်းဆောင်များမှာ စော သာဒင်၊ မန်းဘခင်၊ စောဘဦးကြီး၊ ဆရာသာထို၊ စောမြသိန်း၊ ဆရာရွှေဘ၊ မန်းဘခိုင်၊ ဗိုလ်ထွန်းစိန်၊ ဦးပြားကြီးတို့ ဖြစ်သည်။ ကရင်တို့၏ခေါင်းဆောင်များ မှာ ဗြိတိသျှတို့ဖွဲ့စည်းခဲ့သည့် ကရင်တပ်များမှ စစ်ဗိုလ် များနှင့် ခရစ်ယာန်ဘာသာရေးခေါင်းဆောင် များသာ ဖြစ်သည်။
စင်စင် ကရင်တို့၏နိုင်ငံရေးလှုပ်ရှားမှုကို ဗြိတိသျှ နိုင်ငံရေးသမားများက တိုက်ရိုက်ညွှန်ကြား၍ ကြိုးကိုင် နေခြင်းသာ ဖြစ်သည်။ ကရင်ချစ်ကြည်ရေးအဖွဲ့သည် ၁၉၄၆ ခုနှစ်အတွင်းမှာပင် အင်္ဂလိပ်အစိုးရ ထံသွား၍ ကရင်နယ်ကို သီးခြားဖွဲ့စည်းကာ ဗြိတိသျှအင်ပါယာ တွင်းမှာထားရန် တင်ပြခဲ့ကြသည်။ ထိုအကြောင်းကို မြန်မာပြည်စစ်ပွဲတွင် အမှတ် ၁၆ တပ်မဟာကို ဦးစီး ခဲ့သော ဘရီဂေးဒီးယား ဖာဂဆင်(Brig. Bernard Fergusson)က  အောက်ပါအတိုင်း  ရေးသားခဲ့  ဖူးသည်။ (၁။        ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေး ခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း၊  စာမျက်နှာ ၃ဝ၂၊ ၃ဝ၃ ။)
xxx

''၁၉၄၆ ခုနှစ်တွင် လန်ဒန်တိုင်းသတင်းစာ၌ အယ်ဒီတာ့ထံ  ပေးစာတစ်စောင်  ပါလာသည်။ အော်ဒရီဘတ်ခ်စတန်(ဗကိမနပ  ကြထအသည)ဆိုသူက ကရင်များ၏အကျိုးကို လိုလားသူတို့  သူနှင့်ဆက်သွယ် ကြရန် ဖိတ်ခေါ်ခြင်းဖြစ်၏။ ကျွန်တော်ထင်သည့် အတိုင်း ဘတ်ခ်စတန်သည် ကွေကွာ ဘာသာရေးဂိုဏ်း ဝင်ဖြစ်သည်။ အများအကျိုးဆောင်တတ်သူ တစ်ဦးဖြစ်ပြီးလျှင် စစ်အတွင်းက ဖို့ ၁၃၆ တွင် အမှု ထမ်းဖူးသည်။ ဘတ်ခ်စတန်က ကရင်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ လန်ဒန်သို့ လာလိမ့်မည်။ အဖွဲ့က ဗြိတိသျှ ဓနသဟာယတွင် နေလိုကြောင်း တောင်းဆိုလိမ့်မည် ဟု ကျွန်တော့်အား ပြောသည်။''
''ကရင်အဖွဲ့ကို ဆစ်ဒနီလူနီခေါင်းဆောင်လာ သည်။ အဖွဲ့ဝင် ခြောက်ဦး၊ ခုနစ်ဦးစလုံး အထူးခင်မင် စရာကောင်းသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ သူတို့ထဲတွင် အထူးထိရောက်သူမှာ စောဘဦးကြီး ဖြစ်လေ သည်။ သူတို့ကို ကျွန်တော် ယခင်က မသိခဲ့ပါ။ ကိုယ်စားလှယ်များကို အမျိုးမျိုး ဧည့်ခံကြပါသည်။ ဧည့်ခံပွဲများကို ကျွန်တော် တက်ခဲ့ပါသည်။ မောင့်ဘက် တန် နာယကပြု၍ ပင်လယ်ရပ်ခြားအသင်းကပေး သော ဧည့်ခံပွဲကိုလည်း တက်ရောက်ခဲ့ရသည်။''
''နန်းရင်းဝန်  မစ္စတာအက်တလီ  တည်ခင်း ကျွေးမွေးသော နေ့လယ်စာစားပွဲသည် အရေးကြီး  သောပွဲ ဖြစ်လေသည်။ မစ္စတာအက်တလီက ကရင်၊ ဗြိတိသျှ ချစ်ကြည်ရေးကို ဘယ်အခါမှ မမေ့ပါ။ စစ် အတွင်း ကရင်များက မဟာမိတ်များကို ကူညီခဲ့သည် တို့ကိုလည်း မမေ့ပါ စသည်ဖြင့် ပြောသည်။ လူနီက ခွန်းတုံ့ပြန်ရာတွင် မစ္စတာအက်တလီက ကျွန်တော်တို့ ကရင်များအကြောင်း အကောင်းတွေပြောသွားပါ သည်။ လန်ဒန်၌ရောက်ကတည်းက ကျွန်တော်တို့အား ပြုစုကျွေးမွေး၍ ကောင်းသောစကားများကိုသာ ပြော ကြပါ သည်။ ထမင်းစားပွဲ၊ ဧည့်ခံပွဲတွေ ပြည့်နေပါသည်။  သို့ရာတွင် ကျွန်တော်တို့ လန်ဒန်သို့လာခဲ့ကြ သည် မှာ မေးစရာရှိ၍ ဖြစ်ပါသည်။ ထိုမေးခွန်းအတွက် အဖြေ မရသေးပါ။ အချို့သော လူမျိုးတို့သည် ဗြိတိသျှ အင်ပါယာမှ ထွက်ခွာလိုကြပါသည်။ ကျွန်တော်တို့ ကရင်များက ယင်းကဲ့သို့ မထွက်ခွာလိုပါ။ ထို့ကြောင့်  ကျွန်တော်တို့မေးချင်တာက ကျွန်တော်တို့သည် ဗြိတိသျှ အင်ပါယာတွင် ဆက်လက်နေခွင့် ရှိပါသလား''ဟု ပြောလေသည်။
''အက်တလီသည် လက်ပတ်နာရီကြည့်ကာ သူ့မှာ အခြားအရေးကြီးသော အစည်းအဝေးတက်စရာ ရှိနေ ပါသည်ဟုဆိုကာ ဧည့်ခံပွဲမှ ထွက်ခွာသွားလေသည်။''
ကရင်ချစ်ကြည်ရေးအဖွဲ့ကို ဗြိတိသျှတို့က အထူး တလည် အရေးပေး၍ ကြိုဆိုဧည့်ခံခဲ့ကြသည်။ အထူး သဖြင့်   ကွန်ဆာဗေးတစ်များက   ကြိုဆိုခြင်း  ဖြစ် သည်။  ဤကွန်ဆာဗေးတစ်များသည် ကရင်များနှင့် တောက်လျှောက် ဆက်ဆံလာရပြီး ရင်းနှီးနေသူများ ဖြစ်သည်။ သို့သော် အစိုးရမှာ အက်တလီ ၏ လေဘာ အစိုးရဖြစ်နေသည်။  အက်တလီသည်  ကရင်တို့၏ တင်ပြချက်များ ကို ရေရာသော အဖြေပေးနိုင်စွမ်းမရှိ ချေ။ ဤသို့ဖြစ်ရခြင်းမှာလည်း ထိုအချိန်တွင် မြန်မာ နိုင်ငံ၌ လွတ်လပ်ရေးတိုက်ပွဲမှာ များစွာပြင်းထန်နေပြီး ဖြစ်သည်။ ကိုလိုနီနိုင်ငံတစ်နိုင်ငံ၏အရေးအခင်းသည် ဗြိတိသျှပါလီမန်တွင် ဂယက်ရိုက် ခတ်စမြဲပင်ဖြစ်သည်။ ထို့ကြောင့် အက်တလီသည် ကရင်တို့ ၏တင်ပြချက်နှင့် ပတ်သက်၍ ချက်ချင်းမလိုက်လျောနိုင်ခဲ့ခြင်းဖြစ်သည်။ အောင်ဆန်း-အက်တလီစာချုပ်ကိုချုပ်ဆိုသောအခါ တွင်ကား နယ်ခြားဒေသနှင့်ပတ်သက်၍ ဒေသခံတို့၏ သဘောအတိုင်းဖြစ်စေရန် ထည့်သွင်းချုပ်ဆိုခဲ့သည်။ ဤသို့ချုပ်ဆိုခြင်းမှာ ကရင်တို့၏ဗြိတိသျှလိုလားသော စိတ်ကို အက်တလီသိရှိပြီးဖြစ်သောကြောင့်ဟု ဆိုရပေ မည်။
စောဘဦးကြီးတို့ ကေစီအိုဖွဲ့ပြီး  မကြာမီမှာပင် အောက်ပါ ကရင်အသင်းအဖွဲ့များ အလျှိုအ လျှို ပေါ်ပေါက်လာခြင်း ဖြစ်သည်။
(၁)     မြန်မာနိုင်ငံ ကရင်အမျိုးသားအသင်း(ခေါ်) ဘီကေအင်န်အေ
                    (Burma, Karen National Association)
(၂)     ကရင်လူငယ် အစည်းအရုံး (ခေါ်)
                    ကေဝိုင်အို
                    (Karen Youth Organization)
(၃)     ကရင်အမျိုးသား အစည်းအရုံး (ခေါ်)
                    ဒေါကလူ
                    (Karen National Association)
ဘီကေအင်န်အေကို စောဖေသာ၊ ဆရာရွှေဘ၊ စောမြသိန်း၊ ဦးပဏ္ဍဝံသတို့က ဦးဆောင်သည်။ ဘီကေ အင်န်အေ ခေါင်းဆောင်အချို့မှာ ကေစီအိုအစည်း အရုံးဝင်များ ဖြစ်ကြသည်။ ကေဝိုင်အိုမှာမူ ကေစီအို မှ မန်းဘခိုင်နှင့် ဗိုလ်ထွန်းစိန်တို့အဖွဲ့မှ ခွဲထွက်လာ ကြပြီး စောကျော်စိန်၊ မန်းဝင်းမောင်တို့နှင့် ပူးပေါင်း ၍ ထူထောင်ထားခြင်းဖြစ်သည်။ ဒေါကလူအဖွဲ့ကိုမူ ဆရာဖိုးအေးက ခေါင်းဆောင်သည်။ အောင်ဆန်း- အက်တလီ စာချုပ် ချုပ်ဆိုပြီးချိန် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်တွင် ကရင်အဖွဲ့အစည်းများ သည် ညီလာခံတစ်ရပ်ကို ကျင်းပကြသည်။ ထို့နောက် အောင်ဆန်း-အက်တလီစာချုပ်ကို လုံးဝ လက်မခံနိုင် ကြောင်း ပြောကြားသည်။ အကြောင်းပြချက်မှာ  မြန်မာပြည်ကိုယ်စားလှယ်များတွင် ကရင်တစ်ဦးမျှ မပါဝင်ခြင်း၊ တိုင်းပြုပြည်ပြုလွှတ်တော် တွင် ကရင်  ကိုယ်စားလှယ် အလွန်နည်းပါးခြင်း၊ သီးသန့်ထားသော  ကရင်စစ်တပ်များကို ဆက်လက် ထားရှိမည်မဟုတ်ခြင်း၊ စာချုပ်တွင် ကရင်များတောင်းဆိုထားသော  ကရင်ပြည် လုံးဝမပါရှိခြင်း၊ စာချုပ်ချုပ်ဆိုရာတွင် ကရင်တစ်ဦး တစ်ယောက်ကိုမျှ တိုင်ပင်မှုမပြုလုပ်ခဲ့ခြင်းတို့ဖြစ်သည်။
ကရင်ညီလာခံဆုံးဖြတ်ချက်များကို လန်ဒန်မြို့ရှိ နန်းရင်းဝန်ထံသို့လည်း ပေးပို့ခဲ့သည်။ ကရင်တို့၏ အရေးကို ၁၉၄၇ ခုနှစ်၊ မတ်လ ၃ ရက်အထိ လိုက်လျောခြင်းမပြုပါက တိုင်းပြုပြည်ပြုလွှတ်တော်ကို သပိတ်မှောက်ပြီး စာချုပ်ကို ကန့်ကွက်သည့်အနေနှင့်  စောဘဦးကြီး ရာထူးမှ နုတ်ထွက်မည်ဟူ၍ ရာဇသံ ပေးခဲ့ကြသည်။ ကရင်ညီလာခံကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်မှ ၇ ရက်အထိ ဆက်လက် ကျင်းပခဲ့ကြသည်။ ထို့နောက် ယခင်ဖွဲ့စည်းထားသော  ကေစီအို၊ ဘီကေအင်န်အေ၊ ကေဝိုင်အို၊ ဒေါကလူ (ခေါ်) ကေအင်န်အေ အဖွဲ့များကို ပူးပေါင်း၍ ကေအင်န်ယူအဖွဲ့ကြီး(Karen National Union)ကို ၁၉၄၇ ခုနှစ်၊ ဧပြီလ ၆ ရက်တွင် ဖွဲ့စည်းလိုက် ကြသည်။
ကေအင်န်ယူ ဗဟိုဦးစီးအဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည် -
          (၁)     စောစံဖိုးသင်     ဥက္ကဋ္ဌ
          (၂)     ဦးလှဖေ          ဒုတိယဥက္ကဋ္ဌ
          (၃)     ဆရာသာထို     အတွင်းရေးမှူး
          (၄)     မန်းသိန်းထွန်းအောင်     တွဲဖက်အတွင်းရေးမှူး
          (၅)     မန်းဘခင်        ငွေထိန်း
          (၆)     စောဘဦးကြီး    အမှုဆောင်
          (၇)     စောသာဒင်               
          (၈)     မန်းဘခိုင်                 
          (၉)     မန်းဝင်းမောင်            
          (၁ဝ)    စောဟန်တာသာမွှေး              
          (၁၁)    မန်းဘဇံ                  
          (၁၂)    စောကျော်စိန်            
          (၁၃)    မန်းပေါအီးငြိမ်း           
          (၁၄)    စောစံကေး               
          (၁၅)    စောစိန်တင်              
          (၁၆)    စောအောင်ဝင်း          
          (၁၇)    ဆစ်ဒနီလူနီ              
ကေအင်န်ယူဖွဲ့စည်းပြီး ၁ဝ ရက်အကြာ ၁၉၄၇ ခုနှစ်၊ ဧပြီလ ၁၆ ရက်တွင် ကေအင်န်ယူ၏ စစ် လက်နက်ကိုင်တပ်ဖွဲ့ ကေအင်န်ဒီအို (Karen National Defence Organization)ကို  ဖွဲ့စည်းခဲ့ သည်။  ကေအင်န်ယူညီလာခံဆုံးဖြတ်ချက်များတို့ကို ဗြိတိသျှ နန်းရင်းဝန်ထံကိုသာမက ဖဆပလ အစိုးရသို့လည်း ပေးပို့ခဲ့သည်။
ကေအင်န်ယူတို့၏ တောင်းဆိုချက်များတွင် အင်းစိန်၊ ပဲခူး၊ ဟံသာဝတီ၊ ဖျာပုံ၊ ထားဝယ်နှင့် မြိတ် ခရိုင်များအတွက် အထက်လွှတ်တော်အမတ် ၁၇ နေရာ ပိုမိုထားပေးရန်၊ ဝန်ကြီးအဖွဲ့တွင် ကရင်ဝန်ကြီး ၂၅ ရာခိုင်နှုန်း ပါဝင်စေရန်၊ သီးသန့်ထားရှိသော ကရင် စစ်တပ်များကို ဆက်လက်ထားရှိရန်၊ ကရင်ပြည်နယ် ထူထောင်ရေးကို မူအားဖြင့်လက်ခံရန်၊ ဌာနတိုင်းတွင်  ကရင်များအား လူဦးရေအချိုးအစားအလိုက် ထည့် သွင်းခန့်အပ်ရန်နှင့် ကရင်လူဦးရေစာရင်းအား ကောက်ခံပေးရန် အချက်များပါဝင်ရာ ဖဆပလ အစိုးရက ကရင်လူဦးရေ ကောက်ခံပေးရန် အချက် တစ်ချက်ကိုသာ လက်ခံခဲ့ကြသည်။ ဗြိတိသျှနန်းရင်းဝန် ကမူ အကြောင်းမပြန်ခဲ့ပေ။
ထို့ကြောင့် စောစံဖိုးသင်၊ မန်းဘခိုင်၊ မန်း ဝင်းမောင်၊ စောကျော်စိန်၊ စောစိန်တင်တို့ ကေအင်န်ယူ အဖွဲ့မှ နုတ်ထွက်သွားကြသည်။ မန်းဝင်းမောင်၏ ကရင်လူငယ်အစည်းအရုံးသည် ဖဆပလနှင့် ပူးပေါင်း ဆောင်ရွက်ရာ ကေအင်န်ယူက ပြင်းထန်စွာ ဝေဖန် ခဲ့သည်။ ကေအင်န်ယူသည် ၁၉၄၇ ခုနှစ်၊ ဧပြီလ ၉ ရက်တွင်ကျင်းပသော ရွေးကောက်ပွဲကို သပိတ်မှောက် လိုက်သည်။ ထို့နောက် ၁၉၄၇ ခုနှစ်၊ ဧပြီလ ၂၃ ရက် တွင် ကေအင်န်ယူ အရေးပေါ်ညီလာခံကိုကျင်းပရာ  စောဘဦးကြီးသည် ကေအင်န်ယူ ဥက္ကဋ္ဌ ဖြစ်၍ လာ ပေသည်။

ကရင်လက်နက်ကိုင်များ၏အခြေအနေ
ကန္ဒီစာချုပ်အရ ဗမာ့တပ်မတော်ကို ပြန်လည် ဖွဲ့စည်းသောအခါတွင် ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့သော  ရဲဘော်အများစုမှာ တပ်မတော်တွင် ပါဝင်ခွင့်မရခဲ့ကြသော်လည်း ဗြိတိသျှနယ်ချဲ့တို့သည် ကရင်တပ်များကို စနစ်တကျထူထောင်ပေးခဲ့ကြသည်။ ဗိုလ်ချုပ် စမစ်ဒွန်းနှင့် လေတပ်မှ ဗိုလ်ချုပ်စောရီရှိုး တို့သည် ကရင်ထိပ်တန်း စစ်ဘက်အရာရှိများ ဖြစ် လာသည်။ ၁၉၄၇ ခုနှစ်တွင် ဗမာ့တပ်မတော်သည် တပ်ရင်း(၄)ရင်းသာရှိခဲ့သော်လည်း ဗြိတိသျှတို့က တိုင်းရင်းသားတပ်ရင်း (၁ဝ)ရင်းတိုးချဲ့ရန် ကြံစည်ခဲ့ ကြသည်။ တောင်တန်းတပ်ဟူ၍ အမည်တပ်ပြီး ဝန်ကြီး ဦးတင်ထွဋ်ကို အုပ်ချုပ်စေခဲ့သည်။ ဗမာ့တပ်မတော် အမြောက်တပ်တွင် ကရင်ရော၊ ဗမာရော အခြားလူမျိုး များပါ ရောနှောနေသည်ကို အင်္ဂလိပ်အစိုးရက ဖျက် သိမ်းပိတ်ပင်လိုက်သည်။ ကရင်လူမျိုးများသာပါဝင် သည့် (၂၅)ပေါင်ဒါအမြောက်တပ်ကို ပြန်လည်၍ ဖွဲ့စည်းခဲ့သည်။ အချက်ပြဆက်သွယ်ရေးတပ်ကိုလည်း  ကရင်များဖြင့်သာ ဖွဲ့စည်းခဲ့သည်။ (၁။ ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း၊  စာမျက်နှာ  ၃ဝ၆၊ ၃ဝ၇ ။)
ဗြိတိသျှနယ်ချဲ့တို့သည် ကရင်တို့ကို နိုင်ငံရေးအရ ပျိုးထောင်ပေးရုံသာမကဘဲ စစ်ရေးအရပါ အင်အား ကြီးမားအောင် ဆောင်ရွက်ပေးခဲ့ရာ လွတ်လပ်ရေး မရခင်မှာပင် ကရင်လက်နက်ကိုင် အင်အားစုများမှာ အကြီးမားဆုံး စစ်အင်အား ဖြစ်လာရသည်။ ကရင်တပ်ရင်းများ (Karen Rifles) အပြင် ကေအင်န် ဒီအိုတပ်ဖွဲ့များပါ တိုးပွားလာရာ ကေအင်န်ယူသည် အောက်မြန်မာနိုင်ငံတစ်ဝန်းလုံးခန့်ကို ကရင်ပြည်နယ် ဖြစ်ရမည်ဟူ၍ တောင်းဆိုလာခဲ့တော့သည်။ ဗြိတိသျှ တို့၏ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း သွေးထိုးမြှောက်ပင့်ပေးမှုများမှာ နောက်ဆုံးတွင် ကရင်သောင်းကျန်းမှုကို ပေါ်ပေါက် လာစေခဲ့ကြောင်း တွေ့ရပေသည်။
Share this article :

0 comments:

Post a Comment

 
ဆက်သွယ်ရန် mmpolitical2013@gmail.com :
Template Modify by Creating Website Myanmar Political Research Organization