Home » » ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၂) အခန်း(၁)

ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၂) အခန်း(၁)



ပြည်တွင်းသောင်းကျန်းမှုသမိုင်း
အပိုင်း(၂)
ရဲဘော်သစ်မောင်
(၁၉၄၈ခုနှစ်မှ ၁၉၆၂ခုနှစ်အထိ)

အခန်း(၁)
လွတ်လပ်ရေးရရှိခါစသောင်းကျန်းမှုအခြေအနေများ


ဗမာပြည်ကွန်မြူနစ်ပါတီ
မြန်မာနိုင်ငံသည်အောင်ဆန်း-အက်တလီစာချုပ် နှင့်နု-အက်တလီစာချုပ်အရ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ရက် နံနက် ၄နာရီ မိနစ် ၂ဝတွင် လွတ်လပ်ရေးရရှိ သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ကိုယ်စားယာယီအစိုးရ အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့သော သခင်နု သည် ထိုနေ့တွင် ရန်ကုန်မြို့၌ကျင်းပသော ယာယီ  ပါလီမန်(တိုင်းပြုပြည်ပြုလွှတ်တော်) အစည်းအဝေးဆုံးဖြတ်ချက်အရမြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်လာသည်။ စဝ်ရွှေသိုက်မှာမူ လွတ်လပ်ရေးမရခင်ကတည်းက ယာယီသမ္မတအဖြစ်ထမ်းရွက်ခဲ့ပြီးဖြစ်သည်။ ဝန်ကြီးချုပ်ဦးနု သည် လွတ်လပ်ရေးရရှိသည့်နေ့မှာပင် ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်တွင် ချုပ်ဆို ခဲ့သော အင်္ဂလိပ်-မြန်မာလွတ်လပ်ရေး သဘောတူစာချုပ် (နု-အက်တလီ)ကို ပါလီမန်က အတည်ပြု ပေးပါရန်တင်သွင်း သည်။ ကွန်မြူနစ်ပါတီ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဖြူးပါလီမန်အမတ် သခင်သန်းဖေက    နု-အက်တလီ စာချုပ်ကိုဝေဖန်ပြီး  အတည်မပြုရန် ပြောဆိုခဲ့သည်။ (၁။  ရဲဘော်လှမျိုး၏ သမိုင်းဝင်စာချုပ်စာတမ်းများ စာမျက်နှာ ၃၂၆၊ ၃၂၇။)






သခင်သန်းဖေက လွတ်လပ်ရေးသည် မြန်မာ့    အားဖြင့် တိုက်ယူ၍ရရှိသော လွတ်လပ်ရေးဖြစ်သဖြင့် ဝမ်းပန်းတသာ ကြိုဆိုသည်ဟုဆိုသည်။ ကွန်မြူနစ်များ က စင်ပြိုင်အစိုးရထောင်ပြီး တပ်နီများက သူပုန်ထလိမ့် မည်ဟူသောသတင်းကိုလည်းငြင်းပယ်လိုက်သည်။ နု-အက်တလီစာချုပ်အရ  လွတ်လပ်ရေးရခြင်းကို ထောက် ခံ သော်လည်း စစ်ရေးနှင့်စီးပွားရေးတွင် ဗြိတိသျှတို့က ခြယ်လှယ် ထားကြောင်းပြောကြားသည်။ နု-အက်တလီ စာချုပ်မှအချက်(၄)ချက်သည် စစ်မစ်ရှင် ထားရန်ခွင့် ပြု ထားသောကြောင့် ကွန်မြူနစ်များက သဘော မတူကြောင်း ကြေညာသည်။
''အမှန်ကတော့ အင်္ဂလိပ်စစ်မစ်ရှင် မြန်မာပြည် မှာ လာပြီး မြန်မာ့ရေတပ်၊ လေတပ်စခန်းတွေကို လွတ်လွတ်လပ်လပ်သုံးဖို့ခွင့်ပြုထားတဲ့အချက် တွေနဲ့အနိုင်ကိုင်ပြီးသားဖြစ်လို့ မြန်မာအစိုးရဟာ သဘောမတူဘဲ ဘယ်နေလို့ရမလဲ၊ အင်္ဂလိပ်က အထက်မှအချက်တွေနဲ့အနိုင်ကိုင်ထားတာပဲ၊ အဲဒါကြောင့် လွတ်လပ် တဲ့ မြန်မာပြည်ရဲ့ကာကွယ် ရေးလုပ်ငန်းကြီးကို စာချုပ်ရဲ့အချက်(၄)ဟာ အတားအဆီး အနှောင့်အယှက် ကြီး ဖြစ်နေရုံမက စစ်ရေးအရ အင်္ဂလိပ်နယ်ချဲ့သမားရဲ့ နောက်မြီး ဆွဲဖြစ်နေလို့ ကျွန်တော်တို့ လုံးဝသဘောမတူ နိုင်ပါဘူး'' (၂။  ရဲဘော်လှမျိုး၏ သမိုင်းဝင်စာချုပ်စာတမ်းများ စာမျက်နှာ ၃၂၈၊ ၃၂၉။)
ထို့အပြင် စာချုပ်ပါအချက်(၅)တွင် အင်္ဂလိပ် ဗျူရိုကရက်အရာရှိများအား ပင်စင်၊ အိုနာစာစသည် တို့ပေးရန် ခွင့်ပြုထားခြင်းမှာ ဗျူရိုကရေစီယန္တရားကို အားပေးရာရောက်သည့်အပြင် ဘဏ္ဍာရေးအရ မြန်မာ ပြည် ကို ထိခိုက်သဖြင့်လွှတ်တော်ကအတည်မပြုသင့် ကြောင်းပြောကြားသည်။ စာချုပ်ပါအချက်(၆)တွင် ၁၉၄၅ခုနှစ် နောက်ပိုင်းအင်္ဂလိပ်အစိုးရက တင်ရှိခဲ့သည့်  အကြွေးငွေ၆၉ဒသမ၆၇ကုဋေအနက်ကုဋေ ၂ဝကျော် ကို လျှော်ပစ်ပြီး ကျန်အကြွေးငွေ ၄၉ဒသမ၆ကုဋေကို ပြန်ဆပ်ရန်ဖော်ပြထားခြင်းမှာလည်း အင်္ဂလိပ်ကုမ္ပဏီ များပြန်လည် ထူထောင်ရန်သာသုံးစွဲခဲ့သဖြင့် မတရားကြောင်းပြောကြားခဲ့သည်။ အချက်(၆)နှင့်အချက်(၇) အရအင်္ဂလိပ် ကုမ္ပဏီများအား မြန်မာအစိုးရက ကာကွယ်ရန်နှင့်ပြည်သူပိုင်သိမ်းမည်ဆိုပါက အင်္ဂလိပ် အစိုးရနှင့် တိုင်ပင်ပြီးမှ သင့်တော်ရာ လျော်ကြေးပေး၍ သိမ်းရန်အချက်များကိုလည်း  သခင်သန်းဖေက ကန့်ကွက်ထားသည်။
သခင်သန်းဖေကစာချုပ်တစ်ခုလုံးအားလွှတ်တော်က အတည်မပြုဘဲစဉ်းစားပြီးပြန်လည်ပြင်ဆင်ရန် တိုက်တွန်းခဲ့သည်။ ကွန်မြူနစ်များသည် နု-အက်တလီ စာချုပ်နှင့်ပတ်သက်၍အမျိုးမျိုးစွပ်စွဲပြောကြားခဲ့ကြ သည်။ ကိုသိန်းဖေ(မြင့်)သည် ပြည်သူ့အာဏာဂျာနယ် တွင် အင်္ဂလိပ်ကြွေးမပေးနှင့် (၁။  သိန်းဖေမြင့်၊ တော် လှန်ရေး ကာလနိုင်ငံရေးအတွေ့အကြုံများ၊ စာမျက်နှာ ၃ဝဝမှ ၃၂၂။)၊ ဗြိတိသျှ၏ စစ်ရေး အန္တရာယ်ကို သတိပြု   (၂။  သိန်းဖေမြင့်၊ တော်လှန်ရေးကာလနိုင်ငံရေးအတွေ့အကြုံများ၊ စာမျက်နှာ ၃၂၃မှ ၃၄၄။) စသောဆောင်းပါးများကို      ရေးသား၍လက်ျာ-ဖရီးမင်းစာချုပ်၊ နု-အက်တလီ စာချုပ်နှင့် အကြွေး ကိစ္စများကို ဝေဖန်ရေးသားခဲ့သည်။ နိုင်ငံခြား သတင်းထောက်အချို့ကလည်း အောက်ပါ အတိုင်း ရေး သားခဲ့ကြဖူးသည်-
'ဗြိတိန်က မြန်မာပြည်ကို ဘုရင်မင်းမြတ်၏ ဒိုမီနီယံ အပြင်အပ၌ ဘုရင်မင်းမြတ်၏ အကာ အကွယ် ခံပိုင်ခွင့်မရှိသောပြည်တစ်ပြည်အဖြစ်ဖြင့် လွတ်လပ်ရေးပေးလိုက်ပြီ၊ သို့သော် (လွတ်လပ် ရေးဥပဒေ) နှင့်ပြိုင်တူ ထုတ်ပြန်လိုက်သော စာချုပ်မှာနှစ်ပြည်ထောင်အကြား အနာဂတ်အဖို့ ကာကွယ်ရေးနှင့် အခြားအပြန် အလှန်စီစဉ် ချက်အသေးစိတ်များကိုဖော်ပြထားသည်'
(ရိုက်တာ ၂ဝ-၁ဝ-၄၇)
လန်ဒန်သတင်းထောက်မစ္စတာအင်ဒရူးရော့(သ်) ကလည်း မဒရပ်ဟိန္ဒူသတင်းစာသို့အောက်ပါအ တိုင်း ရေးပို့ခဲ့သည်-
'မြန်မာပြည်သည်ဗြိတိသျှအင်ပါယာကာကွယ် ရေး စနစ်အတွင်း၌ အကျုံးဝင်သည်။ မြန်မာ စစ်တပ်သည် ဗြိတိသျှစစ်ပညာ ဆရာများနှင့် ဗြိတိသျှလက်နက်များကိုရရှိပြီး ဗြိတိသျှအင်ပါယာ အတွင်းနိုင်ငံများနှင့် စစ်သတင်းစုံစမ်း ထောက်လှမ်း ရေးတွင် ပူးပေါင်းလိမ့်မည်'
(၁၇-၁ဝ-၄၇)
ကွန်မြူနစ်တို့က ၁၉၄၇ခုနှစ်၊ သြဂုတ်လ ၂၉ ရက်တွင် ထုတ်ပြန်သောဗိုလ်လက်ျာ၏ကြေညာချက် ကိုလည်း ထောက်ပြကြသည်။(၃။  သိန်းဖေမြင့်၊ တော်လှန်ရေးကာလနိုင်ငံရေးအတွေ့အကြုံများ၊ စာမျက်နှာ ၃၃၄။)
'လက်ရှိဗမာ့ကာကွယ်ရေးအင်အားစုများသည် ဗြိတိသျှကာကွယ်ရေး အင်အားစုများနှင့်ဂဟေ ဆက် နေပေသည်၊ အမှန်အားဖြင့်ဆိုသော် ဗြိတိသျှစနစ် အရဖွဲ့စည်း သင်ကြားလေ့ ကျင့်ထား၏၊ ထို့ကြောင့်ကျွန်ုပ်တို့ သည်ထိုအစဉ်အလာများကို ဆက်လက်ခိုင်မြဲစေမည့်စီမံခန့်ခွဲမှုများ ကိုပြုလုပ်ရသဖြင့် များစွာဝမ်းသာအားရလှ ပေသည်'
ဖော်ပြပါအချက်အလက်များကို ထောက်ပြ၍ ကွန်မြူနစ်များက မြန်မာ့လွတ်လပ်ရေးကို အတု အယောင် လွတ်လပ်ရေးသာဖြစ်သည်ဟု စွပ်စွဲလာကြ သည်။ သခင်သန်းထွန်းသည် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရဲဘော်ဗတင် (ခေါ်)ဂိုရှယ်သည် အိန္ဒိယနိုင်ငံသို့ရောက်ရှိနေပြီး ပြည်သူ့ခေတ် (ဏနသစူနဒျ ဗါန) ဂျာနယ်သတင်းထောက် နှင့်တွေ့ဆုံခန်းတွင် မြန်မာနိုင်ငံလွတ်လပ်ရေးသည် အတုသာဖြစ် သည်ဟု ပြောဆိုလိုက်သည်။ ထိုလွတ်လပ် ရေးအတုကို လက်ခံသော ဖဆပလအစိုးရကိုလည်း တိုင်းပြည် ကို ပြန်လမ်းမရှိသစ္စာဖောက်သွားခြင်းပင် ဖြစ်သည်ဟု စွပ်စွဲလိုက်သည်။ ထို့နောက်ဂိုရှယ်က မြန်မာပြည်၏ ယနေ့အခြေအနေနှင့် ငါတို့တာဝန်များ စာတမ်းကို အင်္ဂလိပ်လိုရေးသား၍ ပေးပို့လိုက်သည်။ ဂိုရှယ်၏စာတမ်းတွင် ဖဆပလသည် တရုတ်ပြည်မှ ကူမင်တန်နှင့်တူသဖြင့် တရုတ်ကွန်မြူနစ်များက ကူမင်တန်ကိုတိုက်သလို မြန်မာကွန်မြူနစ်များကလည်း ဖဆပလကိုတိုက်ထုတ်ရန် ညွှန်ကြားထားသည်။
ဂိုရှယ်သည်ပေါ်လစ်ဗျူရိုတစ်ဦးဖြစ်သော်လည်း ပါတီ၏လမ်းစဉ်ကို ချမှတ်ပိုင်ခွင့်မရှိပေ။ ဗဟိုကော်မတီ ၏ လမ်းစဉ်နှင့်ခြားနားသောလမ်းစဉ်ကိုလည်းချမှတ် ပိုင်ခွင့်မရှိပေ။ ထို့ကြောင့်ဂိုရှယ်ပြန်ရောက်လာသော အခါ ကိုသိန်းဖေက ဂိုရှယ်ကိုအရေးယူရန်တင်သွင်း သည်။ သို့သော် ဗမာပြည်ကွန်မြူနစ်ပါတီက ဂိုရှယ်ကို အရေးမယူသည့်အပြင် ဂိုရှယ်၏လမ်းစဉ်ဖြစ်သည့် မြန်မာပြည်၏ယနေ့အခြေအနေနှင့် ငါတို့တာဝန်များ စာတမ်းကို လက်ခံအတည်ပြုလိုက်သည်။ ဂိုရှယ်၏ လမ်းစဉ်မှာ အိန္ဒိယကွန်မြူနစ်ခေါင်းဆောင် ရာနာဒီ ဗေးလမ်းစဉ်ဖြစ်ပြီး ဖဆပလကိုအပြုတ်တိုက်၍အာဏာ  သိမ်းရန်ပင်ဖြစ်သည်။ သို့နှင့်ဗမာပြည်ကွန်မြူနစ်ပါတီသည် လက်နက်ကိုင် အကြမ်းဖက်ရေးလမ်းစဉ်ဘက်သို့ ယိမ်းလာသည်။ ထိုအချိန်တွင် အလံနီများမှာမူ လွတ်လပ်ရေးမရခင်ကတည်းက ကြိုတင်၍ဆူပူအုံကြွ နေလေပြီ။

ကေအင်န်ယူလှုပ်ရှားမှု


ကေအင်န်ယူအဖွဲ့သည်လွတ်လပ်ရေးရပြီး နောက်တစ်ရက် ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၅ရက်တွင် ကရင်များသည် လွတ်လပ်သောလူမျိုးတစ်မျိုးဖြစ် ကြောင်းကြေညာလိုက်ကြသည်။ ထိုကဲ့သို့ကြေညာခြင်း မှာခွဲထွက်ရန်ခြိမ်းခြောက်ခြင်းပင်ဖြစ်သည်။ မြန်မာ နိုင်ငံလွတ်လပ်ရေးရရှိချိန်တွင် ကရင်လက်နက်ကိုင် တပ်များဖြစ်သည့် ကရင်သေနတ်ကိုင်တပ်ရင်းများ၊ ကရင်စစ်ရဲများ၊ ကေအင်န်ဒီအိုတပ်များသည် သထုံ၊ မော်လမြိုင်၊ မြစ်ဝကျွန်းပေါ်၊ အင်းစိန်၊ တောင်ငူ၊ မေမြို့ စသောမြို့ကြီးများတွင် အနှံ့အပြားတပ်စွဲထားကြ သည်။ အင်အားမှာလည်း မသေးလှပေ။
၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ၃ ရက်တွင် ကေအင်န် ယူအဖွဲ့က  ဖဆပလအစိုးရထံသို့  သီးခြားကရင် ပြည်နယ်ဖွဲ့စည်းပေးရန်တောင်းဆိုလိုက်လေသည်။ ဖေဖော်ဝါရီလ ၁၁ ရက်တွင် မူ ကေအင်န်ယူအဖွဲ့က စည်းရုံးဦးဆောင်၍ ကရင်အမျိုးသားများ အင်အားပြ သည့်ဆန္ဒပြပွဲကြီး တစ်ရပ်ကို ကျင်းပသည်။ ကေအင်န် ယူ၏အာဘော်ဖြစ်သည့် သုဝဏ္ဏတိုင်းသတင်းစာက လည်း ဖဆပလအစိုးရကို ပုတ်ခတ်ဝေဖန်လာသည်။ ကေအင်န်ယူအဖွဲ့သည် ဖဆပလအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သော ကေဝိုင်အို အဖွဲ့ကိုလည်း ပုတ်ခတ် ဝေဖန်ခဲ့သည်။
ကေအင်န်ယူအဖွဲ့ဝင် ကရင်အမျိုးသားအချို့ သည် ကရင်နီနယ်၊ လွိုင်ကော်မြို့တွင် အုပ်ချုပ်ရေး အရာရှိများအဖြစ်ရောက်ရှိနေလေရာ ကရင်နီနယ်  ကိုပါ ကရင်ပြည်နယ်ထဲသွတ်သွင်းရန်လှုပ်ရှားလာသည်။   ရှမ်းပြည်နယ်တွင်လည်း ပအိုဝ့်များကိုစည်းရုံးလျက်ရှိ   သည်။   မွန်အမျိုးသားတို့ကိုစည်းရုံး၍ အမ်အင်န်ဒီအို  (Mon National Defence Organization) တပ်များ ဖွဲ့စည်းရန်လှုံ့ဆော်လာသည်။ ရှမ်းစော်ဘွားအချို့နှင့် လည်း အဆက်အသွယ်ရှိနေသည်။ သို့နှင့် ကေအင်န်ယူ အဖွဲ့သည် ရှမ်း၊ ပအိုဝ့်၊ ကယား၊ မွန် စသော တိုင်းရင်း သားများကိုပါ မြန်မာတို့နှင့် သွေးကွဲစေရန်လှုံ့ဆော် ပေးခဲ့ရာ ပြည်တွင်းသောင်းကျန်းမှုကို ကျယ်ပြန့်လာ အောင်ဆောင်ရွက်သည်နှင့် မခြားတော့ပေ။

ရခိုင်နိုင်ငံရေးလှုပ်ရှားမှု
လွတ်လပ်ရေးမရခင် ဗြိတိသျှကိုလိုနီအဖြစ်တည်ရှိ ဆဲကာလကပင် ရခိုင်တိုင်း၏နိုင်ငံရေးအခြေအနေမှာ မငြိမ်မသက်ဖြစ်နေခဲ့သည်။ ရခိုင်ဒေသမြောက်ပိုင်းတွင်  မူဂျာဟစ်များသည် ရခိုင်တိုင်းရင်းသားများကို လက်နက် ကိုင်၍မောင်းထုတ်နေပြီဖြစ်သည်။ ဦးစိန္တာနှင့်ဗုံပေါက် သာကျော်တို့၏ လက်နက်ကိုင်အဖွဲ့အစည်းများက  လည်း ရခိုင်တောင်ပိုင်းတွင်ပုန်ကန်ထကြွလျက်ရှိသည်။
ဦးစိန္တာနှင့်ဗုံပေါက်သာကျော်တို့သည် ၁၉၄၇ခုနှစ်၊ ဧပြီလ ၁ ရက်တွင် မြေပုံမြို့၌ရခိုင်တိုင်းတောတွင်း တပ်ပေါင်းစုညီလာခံကို ဦးဆောင်ကျင်းပကြသည်။ ယင်းညီလာခံမှာ မြေပုံညီလာခံအဖြစ်ထင်ရှားပြီး ဖဆပလနှင့် စင်ပြိုင်ညီလာခံ တစ်ရပ်ဖြစ်ခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်းသည် ဦးအောင်ဇံဝေ၏ ဖိတ်ကြားချက်အရ ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း)၊ ဦးဗဆွေ၊ ဗိုလ်မင်းလွင်တို့နှင့်အတူညီလာခံသို့တက်ရောက်လာသည်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောကြားနေစဉ် ပုသိမ်မှ မဖိတ်ကြားဘဲ တက်ရောက်လာသော ရဲဘော်အောင်လင်း ဆိုသူက ဗိုလ်ချုပ်အောင်ဆန်း နှင့် ဖဆပလ အဖွဲ့ကို ပြင်းထန်စွာပုတ်ခတ်ရာမှ ညီလာခံအတွင်း၌ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ ရသည်။ ဗိုလ်ချုပ်အောင်ဆန်း လည်း ညတွင်းချင်းပင် စစ်တွေသို့ပြန်သွားရသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရန် တိုင်းပြုပြည်ပြု လွှတ်တော်ပေါ်ပေါက်လာသောအခါရခိုင် အမတ် များအဖြစ် ဦးညိုထွန်း၊ ဦးမောင်မောင်  ထွန်းအောင်ကျော်၊ ပုဏ္ဏားကျွန်း ဦးစံထွန်းအောင်၊ ပေါက်တော ဦးရွှေစောဦး၊ မင်းပြားနှင့်မြို့ဟောင်း တောင်ပိုင်း ဦးနက်ဖား၊ ကျောက်တော် တောင်ပိုင်းနှင့် မြို့ဟောင်းမြောက်ပိုင်း ဦးအောင်ဇံဝေ၊ ကျောက်တော် မြောက်ပိုင်း ဦးထွန်းဝင်း၊ ရသေ့တောင်ဦးကျော်ဦး၊ ဘူးသီးတောင်အဘူဘော်ရှော၊ မောင်တောစူလတန် မာမွတ်၊ မြေပုံနှင့်အမ်း ဦးရွှေထွန်း၊ ကျောက်ဖြူဦးဘစော နှင့် ဦးသာထွန်း၊ မာန်အောင်ဦးရွှေနီ၊ တောင်ကုတ်ဦးဘလှိုင်၊ သံတွဲနှင့်ဂွ ဦးအောင်မြ၊ ရမ်းဗြဲ ဦးမဲကျော်ဦး တို့ရွေးချယ်တင်မြှောက်ခံကြရသည်။ ဖဆပလ ခေါင်းဆောင်ဦးညိုထွန်းမှာ လူနည်းစုရေးရာဝန်ကြီးနှင့်ရခိုင် တိုင်းအထူးမင်းကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရ သည်။ ဦးညိုထွန်းနုတ်ထွက်ပြီးနောက် ဦးအောင်ဇံဝေ က ဦးညိုထွန်းနေရာကို ဆက်လက်တာဝန်ယူသည်။
ဦးစိန္တာနှင့်ဗုံပေါက်သာကျော်တို့ ဦးဆောင်သော ပြောက်ကျားများမှာ မြေအောက်အဖွဲ့အစည်းအနေဖြင့် ပင်ရှိနေပြီး ရွေးကောက်ပွဲတွင်မပါဝင်ခဲ့ပေ။ဖဆပလနှင့် လည်း သဘောထားကွဲလွဲနေပြီဖြစ်သဖြင့် အစေးမ ကပ် တော့ပေ။ ဗမာပြည်ကွန်မြူနစ်ပါတီနှင့်အလံနီကွန်မြူ နစ်ပါတီတို့က ဦးစိန္တာတို့လူစုအား ထောက်ခံကြသည်။ ရခိုင်ပြောက်ကျားများအတွင်း ကွန်မြူနစ်တို့သြဇာများ စွာ လွှမ်းမိုးလျက်ရှိရာ ကွန်မြူနစ်တို့က ရခိုင်ပြောက် ကျားများ၏ လက်နက်ကိုင်ပုန်ကန်မှုကို ပျဉ်းမနားကဲ့ သို့ပင်တော်လှန်ရေးစတင်မြစ်ဖျားခံရာအခြေခံဒေသအဖြစ် သဘောထားခဲ့ကြသည်။
ဖဆပလမှ ကွန်မြူနစ်ပါတီကို ထုတ်ပစ်လိုက်သော အခါ သံတွဲခရိုင်ပြည်သူ့ရဲဘော်အဖွဲ့ချုပ်ခေါင်းဆောင် ၍ သံတွဲမြို့လေးမျက်နှာတပ်ကုန်းတွင် အစည်းအဝေး ကျင်းပကြသည်။ ဦးချစ်သိန်းက ပြည်သူ့ရဲဘော်သည် အကျင့်စာရိတ္တပျက်ပြားကာ သစ္စာဖောက်နေသဖြင့် တပ်နီအဖြစ် ပြောင်းလဲဖွဲ့စည်းရန် အဆိုပြုသည်။ အစည်းအဝေးက ပြည်သူ့ရဲဘော်မှတပ်နီသို့ ပြောင်းလဲရေးကို လက်ခံလိုက်ရာ ပြည်သူ့ရဲဘော်များ တပ်နီအဖြစ် ခံယူပြီး တပ်နီတံဆိပ်တပ်ဆင်ကြသည်။ ဦးစောရွှေက တပ်နီကိုလက်မခံဘဲ လက်ပံစုဆရာတော်ရှေ့ တွင် ပြည်သူ့ရဲဘော်ကိုထပ်မံဖွဲ့စည်းသည်။ ၁၉၄၇ခုနှစ်တွင် တပ်နီမှာမတရားအသင်းကြေညာခံ ရသောကြောင့်     ဦးချစ်သိန်း၊ ဦးဘတင်၊ ဦးထွန်းနှစ်၊ ဦးစံထွန်း၊ ဦးစံဝင်း၊ ဦးကျော်လှတို့ခေါင်းဆောင်၍တော ခိုတော့သည်။

လက်နက်ကိုင်ဆူပူအုံကြွရေးသို့
မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိချိန်တွင်အောက်ပါ အဖွဲ့အစည်းများမှာ မြေအောက်သို့ရောက်ရှိပြီး လက်နက်ကိုင် ဆူပူမှုများကိုပြုလုပ်နေကြပြီဖြစ်သည်-
(၁) အလံနီကွန်မြူနစ်ပါတီ(ဖျာပုံ)၊
(၂) ကွန်မြူနစ်ပါတီလက်အောက်ခံတပ်နီများ (ပျဉ်းမနား)၊
(၃)     ရခိုင်တပ်နီများ(သံတွဲ)၊
(၄)     ဗုံပေါက်သာကျော်၏ရခိုင်လူငယ်အစည်း  အရုံး (ရခိုင်တောင်ပိုင်း)၊
(၅)     မူဂျာဟစ်လက်နက်ကိုင်တပ်များ(ရခိုင် မြောက်ပိုင်း)၊
မြေအောက်တွင်ရောက်ရှိနေနှင့်သော အချို့လက် နက်ကိုင်အဖွဲ့အစည်းများမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ၏ကြိုးကိုင်မှုအောက်တွင်ရှိနေပြီးတပ်စွဲထားရာဒေသ  များတွင် ကြီးစိုးနေခဲ့ကြသည်။ အချို့မှာ အစိုးရအုပ် ချုပ် ရေးအဖွဲ့များနှင့် စင်ပြိုင်အုပ်ချုပ်နေကြသည်။ ထိုအချိန် တွင် တစ်ပြည်လုံး၌ လက်နက်ကိုင်အဖွဲ့များမှာ လည်း အောက်ပါအတိုင်းအမျိုးမျိုးအစားစားရှိနေသည်-
(၁)     တပ်မတော် (အဓိကအားဖြင့် တပ်ရင်း ၄ရင်း)။
(၂)     ကရင်သေနတ်ကိုင်တပ်ရင်းများ(တရားဝင် တပ်များဖြစ်သော်လည်း တပ်မတော်တပ်ရင်း များနှင့်စင်ပြိုင်ဖြစ်သည်)။
(၃)     ကရင်စစ်ရဲတပ်များ (ဗြိတိသျှလက်ထက်      ကတည်းက ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကရင် တပ်ရင်းများကဲ့သို့ပင်အင်အားကောင်းသည်)။
(၄)     ပြည်သူ့ရဲဘော် (တပ်နီများခွဲထွက်သွားသဖြင့် ကျန်ရစ်သောတပ်ဖွဲ့များဖြစ်ပြီး လိုအပ်ပါက အင်္ဂလိပ်ကိုတော်လှန်တိုက်ခိုက်ရန်လက်နက် ခဲယမ်းများဖြင့် အဆင်သင့်ပြင်ထားသည်)။
(၅)     သောင်း ကျန်း မှု နှိမ် နင်း ရေး တပ် ဖွဲ့ များ      (ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ကို တိုးချဲ့ရန် ရည်ရွယ်ဖွဲ့စည်းခဲ့သည်)။
(၆)     ကေအင်န်ဒီအို (ကေအင်န်ယူ၏ ခါးပိုက် ဆောင်တပ်)။
(၇)     အမ်အင်န်ဒီအို  (ကေအင်န်ဒီအို၏ လက်အောက်ခံမျှသာဖြစ်သည်)။
(၈)     ရှမ်းပုလိပ်များ (စော်ဘွားများ၏ခါးပိုက်ဆောင် တပ်)။
လွတ်လပ်ရေးရခါစ မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်လက်ကျန်စစ်ပစ္စည်းများ မြောက်မြားစွာရှိနေ သည့် အလျောက် လက်နက်ကိုင်တပ်များမှာလည်း မှိုလိုပေါက်နေခဲ့ရသည်။ တပ်မတော်သာ တစ်သွေးတစ်သံ တစ်မိန့် တည်း၏ အောက်တွင်ရှိနေသော်လည်း ကျန်လက်နက်ကိုင်တပ်များမှာ နီးစပ်ရာနိုင်ငံရေးပါတီ များ၏  သြဇာ လွှမ်းမိုးမှုများအောက်တွင်ရှိနေခဲ့သည်။ ပြည်သူ့ရဲဘော်တပ်ဖွဲ့အတွင်းတွင် ကွန်မြူနစ်များနှင့် ဆိုရှယ်လစ် တို့က အပြိုင်စည်းရုံးထိုးဖောက်နေသဖြင့် သက်ဆိုင်ရာပါတီကို လိုလားသူများဂိုဏ်းဂဏအစုဖွဲ့ ၍နေကြသည်။ ကရင်တပ်ရင်းများ၊ ကရင်စစ်ရဲများ၊ ကေအင်န်ဒီအိုနှင့်အမ်အင်န်ဒီအိုတို့မှာမူ ကေအင်န်ယူ အဖွဲ့၏ သြဇာလွှမ်းမိုးမှုအောက်တွင် ရောက်ရှိနေ သည်။ တပ်နီများမှာ ကွန်မြူနစ်ပါတီ၏ သြဇာခံများဖြစ် နေပြီး အလံနီများနှင့် မကြာခဏတိုက်ခိုက်နေသည်။ ကွန်မြူနစ်များသည် တပ်မတော်အတွင်းသို့ပင်ထိုးဖောက် စည်းရုံး လျက်ရှိရာ တပ်မတော်ထဲတွင်လည်း ကွန်မြူနစ်ခေါင်းဆောင် အရာရှိများရှိနေလေသည်။
ရှမ်းစော်ဘွားများမှာမူ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေအရ ပဒေသရာဇ်စနစ်ကို လောလောဆယ် ဆက်လက်ခွင့်ပြုထားသည့်အပြင် စော်ဘွားကြီးစဝ်ရွှေ သိုက်ကို သမ္မတခန့်အပ်ထားသဖြင့် ဆူပူသောင်းကျန်းမှု မရှိကြပေ။ သို့သော် ကေအင်န်ယူများနှင့်ပူးပေါင်းမှု များကိုမူတွေ့ရသည်။ ယင်းကဲ့သို့လက်နက်ကိုင်တပ်ဖွဲ့ များမှာ တစုတစည်းတည်းမရှိဘဲ နိုင်ငံရေးအဖွဲ့ အစည်းအမျိုးမျိုးတို့၏ခါးပိုက်ဆောင်တပ်များအဖြစ် သူတစ်လူငါတစ်မင်း ကွဲပြား၍ နေလေရာ နိုင်ငံရေး အုပ်စုချင်း ပဋိပက္ခများသည် လက်နက်ကိုင်တိုက်ပွဲများ အဖြစ်သို့ ချက်ချင်းပြောင်းလဲနိုင်သည့် အခွင့်အလမ်း ရနေကြသည်။ အထူးသဖြင့် အစိုးရ၏သစ္စာကို  စောင့်သိသော တပ်မတော်၊ ကွန်မြူနစ်နှင့် ဆိုရှယ်လစ် တို့ရောနှောနေသောပြည်သူ့ရဲဘော်၊ ကွန်မြူနစ်တို့၏ တပ်နီနှင့် ကေအင်န်ယူတို့၏ ကရင်လက်နက်ကိုင် တပ်များသည် အင်အားချင်း အပြိုင်အဆိုင် မတိမ်းမယိမ်း ဖြစ်နေပြီး တိုက်ခိုက်ရန် တာစူနေကြချိန်တွင် နိုင်ငံရေးပါတီများ၏ပဋိပက္ခသည် လက်နက်ကိုင်ဆူပူ အုံကြွရေးသို့ တွန်းပို့လိုက်သကဲ့သို့ ရှိနေတော့သည်။
Share this article :

0 comments:

Post a Comment

 
ဆက်သွယ်ရန် mmpolitical2013@gmail.com :
Template Modify by Creating Website Myanmar Political Research Organization