Home » » နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး (ပထမတွဲ) အပိုင်း (၄)

နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး (ပထမတွဲ) အပိုင်း (၄)



မန်းဘဇံကပင် ဆက်လက်၍ အပစ်အခတ်ရပ်စဲ ရေးအား သတ်သတ်ဆွေးနွေးပြီး ကျန်အချက် များကို နောက်ပိုင်းတွင် ဆွေးနွေးရန်နှင့် အရေးအကြီးဆုံးဖြစ် သည့် အပစ်အခတ်ရပ်စဲရေးတွင် လက်တွေ့ လုပ်ဆောင်နေသော အချက်များကို ဆွေးနွေးရန်ဖြစ်ကြောင်း ပြော ကြားပါသည်။
ဗိုလ်ချုပ်ကြီးက ဤကိစ္စတွင် နှစ်ဦးနှစ်ဖက်စလုံးမှ သဘောတူပြီးဖြစ်၍ လက်တွေ့လုပ်နိုင်မည့် အချက်များအား ဆက်လက်ဆွေးနွေးရန်ရှိကြောင်း ပြောကြားပြီးဤကိစ္စတွင် တစ်ပြည်လုံးဖြစ်နိုင်လျှင် ပိုကောင်း ကြောင်း ပြောကြားပါသည်။ ဗိုလ်မှူးကြီးလှဟန်က တစ်ပြည်လုံးအပစ်အခတ် ရပ်စဲရေးတွင် တစ်ဖွဲ့တည်းဆိုလျှင် လွယ်ကြောင်း နှင့်အဖွဲ့အစည်းများများသဖြင့် အခက်အခဲရှိကြောင်း ပြောကြားရာတွင် ဗိုလ်ချုပ်ကြီးမှ ၎င်းအချက်တွင် သာမက မိမိတို့အဖွဲ့များမှ တစ်ဦးတစ်ယောက်က စည်းကမ်းဖောက်ဖျက်၍သော် လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက် မယုံရလျှင်သော်လည်းကောင်း ကြားလူဝင်ရောက် နှောင့်ယှက်ခြင်းဖြင့် အချင်းချင်း အထင်လွဲမှုပေါ်ပေါက်လာနိုင်ပါသည်။ ယင်းပြဿနာကို ဖြေရှင်းနိုင်ရ မည်ဖြစ်ကြောင်း ပြောကြား ပါသည်။
ထိုသို့ပြောကြားရာတွင် မန်းဘဇံက တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုသည့်မူအား လက်ခံနိုင်ခြင်း ရှိ၊ မရှိ ပြန်ကြားပါရန်၊ အဘယ့်ကြောင့်ဆိုလျှင် မိမိတို့ အချင်းချင်း အဆင်ပြေမှု ရရှိသွားပါက အခြားအဖွဲ့ အစည်းများအတွက် အထောက်အကူဖြစ်သွားစေနိုင်ပါ သည်ဟု ပြောကြားပါသည်။ ဤတွင် ဗိုလ်ချုပ်ကြီးကမူ အားဖြင့် လက်ခံသည်ကို ပြောကြားပြီးဖြစ်ကြောင်းပြောကြားရာ မန်းဘဇံက လက်တွေ့လုပ်နိုင်ရန်အတွက် ဆက်လက်ပြန်လည် တင်ပြလိုကြောင်း ပြောကြားပါသည်။

စေတနာမရှင်းသည့် အဖွဲ့အစည်းများရှိ


ဗိုလ်ချုပ်ကြီးက ဤကိစ္စအား မိမိတို့အဖွဲ့အစည်းများသို့ ပြန်လည်မေးမြန်းရန် ပြောကြားရာ၌ မန်းဘဇံက ပထမအဆင့်အနေနှင့် ဗိုလ်ချုပ်ကြီးတို့မှမူအား ဖြင့်လက်ခံရန်ဖြစ်၍ ဒုတိယအဆင့်အားဖြင့် မဒညတအနေနှင့် လုပ်နိုင်သည့်အခြေတွင်ရှိ၍ မဒညတအနေနှင့် ဆောင်ရွက်လိုပါသည်ဟု ပြောကြား ပါသည်။
ဗိုလ်မှူးကြီးလှဟန်က အပစ်အခတ်ရပ်စဲရေး ပြဿနာကို တဖွဲ့တစည်းနှင့်မဟုတ်ဘဲ မဒညတ အနေနှင့် ဆက်လက်ပြောဆိုသွားမည်ဖြစ်ကြောင်း ပြော ကြားရာတွင် မန်းဘဇံမှ ကျန်အချက်များကို အပစ် အခတ်ရပ် စဲရေး ဆွေးနွေးပြီးမှ ဆွေးနွေးရန် တင်ပြ ပြောဆိုပါသည်။
ဗိုလ်ချုပ်ကြီးက အပစ်အခတ်ရပ်စဲရေးကိစ္စ ပြီးဆုံးသွားကြောင်း၊ သို့သော်လည်း အရှေ့လက်နက်ကိုင် တပ်တွေ၏ စားဝတ်နေရေး ပြဿနာပေါ်မည်ဖြစ်သဖြင့် ယခုကတည်းက စဉ်းစားထားရန် လိုအပ်ပါသည်။ တစ်ဦးနှင့်တစ်ဦး လက်မှတ်ထိုးပြီးမှ စကားအမှားများကို အခြေခံပြီး အမြတ်ထုတ်သည်ကို မလိုလားကြောင်း၊ ဘယ့်အတွက်ကြောင့်ဆိုသော် စားဝတ်နေရေးအတွက် ကျွန်တော်တို့က တာဝန်ယူပါက ကျွန်တော်တို့တွင် ပြဿ နာရှိပြီး မန်းဘဇံတို့အနေနှင့်လည်း ယင်းပြဿနာ အားဖြေရှင်းရန် တာဝန်ရှိပါသည်။ သို့တည်းမဟုတ် ပြည်သူလူ ထုထံမှ ကောက်ခံပါက လူထုတွင်လည်း ပြဿနာပေါ်လာနိုင်သဖြင့် ကြိုတင် စဉ်းစားထားစေ လိုပါသည်။
ဗိုလ်မှူးကြီးလှဟန်က အပစ်အခတ်ရပ်စဲရေးကို မဒညတအနေဖြင့်ဆွေးနွေးရန် သဘောတူညီ ပါသည် ဆိုသည့်အချက်ကို ဗမာပြည်ကွန်မြူနစ်ပါတီသို့ အကြောင်းကြားရန်ဟူသော တင်ပြချက်ကို နှစ်ဦးနှစ် ဖက်စလုံးမှ သဘောတူညီကြပါသည်။
မန်းဘဇံက ဗမာပြည်ကွန်မြူနစ်ပါတီနှင့် လွတ်လွတ်လပ်လပ် ဆွေးနွေးလိုကြောင်း တင်ပြရာ ဗိုလ်ချုပ်ကြီးက အခွင့်အရေးတောင်းတတ်သူများအတွက် ပိုရ၍ မတောင်းတတ်သူများအတွက် နည်းနည်း ရသည်ဆိုသောမူမရှိပါ။ အားလုံးညီညီမျှမျှ ရစေချင်ပါသည်။ သို့အတွက်လွတ်လွတ် လပ်လပ် ဆွေးနွေးနိုင် ခွင့်ရှိ ကြောင်း ပြောကြားပါသည်။
မန်းဘဇံက  ဆက်လက်၍  ပြောဆိုသည်မှာ အကယ်၍ တင်ပြစရာအချက်အသစ်များရှိပါက တင်ပြ ခွင့်ပြုရန် ပြောကြားရာ ဗိုလ်ချုပ်ကြီးက တင်ပြစရာရှိ သည်များကို ပြည့်ပြည့်စုံစုံတင်ပြခွင့်ရှိပါသည်။ နောက် ပိုင်းမှ တင်စေလိုသည့်အချက်များအားလုံးကို အောက်ခြေမှအထက်အထိ ကျေကျေလည်လည် ဖြစ် သွားစေရန် တင်ပြနိုင်ကြောင်း ပြန်လည်ဖြေကြားပါ သည်။
ဗိုလ်ကျင်ဖေက မဒညတအနေဖြင့် အပစ်အခတ် ရပ်စဲရေးလုပ်မည်ဆိုလျှင် မဒညတအဖွဲ့၏ ကိုယ်စား လှယ်များ ရောက်သည့်အကြောင်း အသံလွှင့်ကြေညာရန် ရှိ၊ မရှိ မေးမြန်းရာ ဗိုလ်မှူးကြီးလှဟန်မှ မလို ကြောင်း ပြောကြားပါသည်။ ဗိုလ်ချုပ်ကြီးက အဖွဲ့အစည်းအားလုံး ညှိနှိုင်းတိုင်ပင်ပြီး တင်ပြမည်ဆိုပါက ပိုမို၍ ကောင်းမွန်ပါ သည်။ သို့ပါသော်လည်း အဖွဲ့အစည်းအားလုံး၏ သဘောဆန္ဒရယူလို၍သာ ဤကဲ့ သို့ ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။
အချို့သောအဖွဲ့အစည်းများဆိုပါက ဆွေးနွေးသွား သည့်အချက်များကို မိမိတို့အဖွဲ့များသို့ အမှန်အတိုင်း ပြန်လည်ပြောကြားခြင်းမရှိသည့်အပြင် ကျွန်တော်တို့မှ အဖြေပေးချက်များကိုလည်း ဖြေကြားခြင်း မရှိကြောင်း ကြားသိရပါသည်။
ဤတွင် မန်းဘဇံက မဒညတအနေနှင့် အချိန် အနည်းငယ်အတွင်း ပြီးသွားနိုင်ပါသည်။ မဒညတ အနေနှင့် အပစ်အခတ်ရပ်စဲရေး တစ်ခုတည်းသာ လုပ်မည်ဟု ပြောကြားရာ ဗိုလ်ချုပ်ကြီးမှ မဒညတ အနေနှင့် အပစ်အခတ်ရပ်စဲရေးတစ်ခုလုံး ကျေကျေ လည်လည်ဆွေးနွေးသွားရန်ဖြစ်ပြီး ကျန်အချက်များ အနေနှင့် သုံးပါတီအနေနှင့် ဆက်လက်ဆွေးနွေးသွား ရန် ဖြစ်ပါသည်ဟု ပြောကြားပါသည်။
ဤတွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံတော်တော်လှန် ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်း ၏ ဆွေးနွေးပြောကြားချက်များသည်များစွာ အလေးအနက်ထား၍ စဉ်းစားဖွယ်ရာကောင်းကြောင်း တွေ့ရှိဖတ်ရှု ရပါသည်။
''ဆွေးနွေးပွဲတွင် အဟန့်အတားဖြစ်မည့်အချက်များကို ရှောင်ရှားပြီး ပြုလုပ်ရန်ဖြစ်ပါသည်။ ဥပမာ အတိုက်အခိုက်ရပ်စဲရေးဆိုလျှင် အစိုးရအနေဖြင့် လုပ်ချင်ပါသည်။ တကယ် လက်တွေ့ ဆောင်ရွက်သည့် အခါတွင် စေတနာနှင့်လုပ်ရပ်ဟူ၍ နှစ်ပိုင်းခွဲခြား မြင်စေ လိုပါသည်။ လုပ်ရပ်ကသာ အရင်ပြပြီး စေတနာ နှင့် ယှဉ်သွားရမည်ဖြစ်သည်။ လက်တွေ့ပြရမည်ဆို လျှင် ရှမ်းပြည်နယ်စစ်ရပ်စဲရေးဒေသတွင် ထင်းခုတ်သွား သည့် အမျိုးသား၊ အမျိုးသမီး ၂၄ ယောက်ကို သတ်လိုက်ကြပါသည်။ ၄င်းတို့နယ်အတွင်း ဖြစ်၊ မဖြစ် တော့ မသိပါ။ ဒါကြောင့် စည်းစောင့်တဲ့ လူရှိသ လို စည်း မစောင့်တဲ့လူများလည်း ရှိပါသည်။ ထို့ကြောင့် ကျွန် တော်တို့ချင်း (Clash) မဖြစ်အောင် ဘယ်လိုလုပ်ပေး ကြမလဲဆိုတာ  ဆွေးနွေးကြရန်ဖြစ်ပါသည်'' ဟု ပြောကြားချက်ပါရှိသည်။ ဤ သို့ တော် လှန်ရေးကောင်စီ အစိုးရမှ အတိုက်အခိုက်ရပ်စဲရေးလုပ်ထားရာ ရှမ်း ပြည်နယ် စစ်ရပ်စဲရေးဒေသတွင် အပြစ်မရှိသော ပြည်သူလူထုကို ကြက်ကလေး၊ ငှက်ကလေးများ သတ်သကဲ့သို့ သတ်ဖြတ်နှိပ်စက်လိုက်ခြင်းခံ ရသည်မှာ များစွာကြေကွဲ ဝမ်းနည်းဖွယ်ကောင်းသော အဖြစ် အပျက်တစ်ရပ်ဖြစ်ပါသည်။ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ကြအံ့သောငှာ လက်တွေ့အကောင် အထည်ဖော်ရာတွင် အကာအကွယ်ကင်းမဲ့သော အရပ်၌ ပြည်သူလူထု သွေးမြေကျသည့်ဖြစ်ရပ်ကား အလွန်စိတ်ဆင်းရဲစရာ ကောင်းလှပါသည်။ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဆန့်ကျင်ဘက်ဖြစ်သော ပြည်တွင်း သတ်ဖြတ်ရေးအဖြစ်ကား ဆိုးရွားလွန်းပါသည်။ ပြည် တွင်း ငြိမ်းချမ်းရေးကိုကား လိုချင်ပါသည်။ ပြည်တွင်း သတ်ဖြတ်ရေးကို မလိုချင်ပါ။ ပြည်သူလူထုအဖို့ ဆူပူ သောင်းကျန်းသူတို့၏ ရက်စက်မှုဒဏ်ကို ခါးစည်းခံ နေရ၍ ကျောကော့နေကြပြီဖြစ်ပါသည်။

စေတနာနှင့်လုပ်ရပ် နှစ်ပိုင်းခွဲခြား မြင်စေလို

တော်လှန်ရေးကောင်စီသည် ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်ခဲ့ရာတွင် အပစ်အခတ်ရပ်စဲရေး အ တွက် အမျိုးသားဒီမိုကရေစီညီညွတ်ရေး တပ်ပေါင်းစုနှင့် အပြန်အလှန်ပေးစာများ ပြုလုပ်ပြီးနောက် တွေ့ ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ဤတွင်တော်လှန်ရေးကောင်စီသည် တစ်ပါတီချင်း အလိုက် လည်းကောင်း၊ သုံးပါတီအဖွဲ့နှင့်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစုနှင့် လည်းကောင်းတွေ့ ဆုံ ဆွေးနွေးမှုများကို စိတ်ရှည်ရှည်နှင့် ဇွဲကြီးစွာနှင့် လုပ် ဆောင်ခဲ့ကြောင်း တွေ့ရပါသည်။ ဤသို့ အပြန်အလှန် ပေးစာများ၊ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရာ၌ ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်မှ ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်အထိဖြစ်ကြောင်း၊ တစ်လနှင့် ၁၁ ရက်ကြာမျှ အချိန်ယူလုပ်ဆောင် ခဲ့ကြောင်း တွေ့ရှိရပါ သည်။ ပေးစာများကို အောက်ပါအတိုင်း ဖော်ပြအပ်ပါ သည်။

 (၁)     တော်လှန်ရေးကောင်စီမှမဒညတအဖွဲ့ဝင်သုံးပါတီနှင့်ဗမာပြည်ကွန်မြူနစ်ပါတီကိုယ်စား လှယ် အဖွဲ့များသို့ အတိုက်အခိုက်ရပ်စဲရေးနှင့်ပတ်သက်၍ အကြောင်းကြားစာ။
ပြည်ထောင်စုမြန်မာနိုင်ငံ-တော်လှန်ရေးကောင်စီ။
စာအမှတ် ၂၅/ကလခ/တကဥ
နေ့စွဲ၊ ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ (၄)ရက်။


သို့
          အတွင်းရေးမှူး
          အမျိုးသားဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု။
          အကြောင်းအရာ။        အတိုက်အခိုက်ရပ်စဲရေး။
ရည်ညွှန်းချက်။။ (၁)     ၃-၁ဝ-၆၃ ရက်တွင် တော်လှန်ရေးကောင်စီနှင့် ဗမာပြည်
                             ကွန်မြူနစ်ပါတီ ပဏာမကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးချက်။
(၂)     ၄-၁ဝ-၆၃ ရက်တွင် တော်လှန်ရေးကောင်စီနှင့် သုံးပါတီ ဗဟိုကိုယ်စား လှယ်အဖွဲ့တို့ဆွေးနွေးချက်။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် အထက်ဖော်ပြပါ အဖွဲ့ကိုယ်စားလှယ်များနှင့် ဆွေးနွေးချက်အရ အတိုက် အခိုက် ရပ်စဲရေးကိစ္စကို တစ်ဖွဲ့ချင်း ဆွေးနွေးမည့်အစား အမျိုးသားဒီမိုကရေစီညီညွတ်ရေး တပ်ပေါင်းစု၏ ကိုယ်စားလှယ်အဖွဲ့နှင့်ဆွေးနွေးရန် တော်လှန်ရေးကောင်စီက သဘောတူ လိုက်ပြီဖြစ်ကြောင်း အကြောင်း ကြားအပ်ပါသည်။ သို့အတွက် အတိုက်အခိုက် ရပ်စဲရေးကိစ္စဆွေးနွေးရန် အသင့်ဖြစ်သည့် အခါ တော် လှန်ရေးကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့အား အကြောင်းကြားပါရန် မေတ္တာရပ်ခံပါသည်။
(ပုံ)လှဟန်
ခေါင်းဆောင်
ဆွေးနွေးပွဲကိုယ်စားလှယ်အဖွဲ့၊ တော်လှန်ရေးကောင်စီ။
မိတ္တူကို -
          သုံးပါတီအဖွဲ့၊ ဗဟိုကိုယ်စားလှယ်အဖွဲ့။
          ဗမာပြည်ကွန်မြူနစ်ပါတီ ပဏာမကိုယ်စားလှယ်အဖွဲ့။








(၂)  မဒညတ ပဏာမဗဟိုကိုယ်စားလှယ်အဖွဲ့မှ တော်လှန်ရေးကောင်စီသို့ မဒညတနှင့် တွေ့ ဆုံဆွေးနွေး ရန်အကြောင်းပြန်ကြားစာ။
                     အမျိုးသားဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု(မဒညတ)သဘာပတိအဖွဲ့(ဗဟို)။
စာအမှတ်၊ မသ(ဖ)-၁ဝ၆/၆၃။
ရက်စွဲ၊ ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။
သို့
          ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ။
                   အကြောင်းအရာ။       ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရေး
အတွက်တော်လှန်ရေးကောင်စီနှင့်အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု၊ဗဟိုပဏာမကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရေး။
ရည်ညွှန်းချက်။           တော်လှန်ရေးကောင်စီဆွေးနွေးပွဲ ကိုယ်စားလှယ်
အဖွဲ့ခေါင်းဆောင်ထံမှ ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ (၄) ရက် နေ့စွဲပါ စာအမှတ် ၂၅/ကလခ/ တကဥ။

ဆူပူသောင်းကျန်းမှုဒဏ် ခါးစည်းခံနေရ၍ကျောကော့နေကြပြီ

လေးစားစွာဖြင့် ...
၁။       တော်လှန်ရေးကောင်စီ ဆွေးနွေးပွဲ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၏ အထက်ရည်ညွှန်း ပါစာကို အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု၊ သဘာပတိအဖွဲ့(ဗဟို)မှ လက်ခံရရှိသဖြင့် အထူးဝမ်းမြောက် ခြင်း ဖြစ်ရပါသည်။
၂။       မဒညတသည် ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်နိုင်ရန်အတွက် တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် ပြည်တွင်း စစ်ကို ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်ရန် တစ်သမတ်တည်း ရပ်တည်ခဲ့ပါသည်။ တော် လှန်ရေးကောင်စီမှ တွေ့ဆုံဆွေးနွေးရေးကမ်းလှမ်းချက် ထုတ်ပြန်သည့် အခါမဒညတသည် အထူးပင် ဝမ်းမြောက်ကာ ခရီးဦးကြိုပြုခဲ့ပါသည်။ ပြည်တွင်း ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန်အတွက် မဒညတသည် တော်လှန်ရေးကောင်စီနှင့်ဆွေးနွေးရန် လိုလားသည် ဖြစ်ပါ၍ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် ဗဟိုပဏာမ ကိုယ်စားလှယ်အဖွဲ့ကို ယခု စေလွှတ်ခြင်းဖြစ်ပါသည်။ ပြည် တွင်းငြိမ်းချမ်းရေး အတွက် ဆွေးနွေး ပွဲ ပြင်ဆင်ရေးတွင် ငြိမ်းချမ်းရေး အကြိုကာလဖြစ်သော အပစ်အခတ်ရပ်စဲထားသည့် ကာလတစ်ခု ဖန်တီးရေး သည် အလွန်အရေးကြီး သည်ဟု မဒညတက ယူဆပါသည်။
၃။       ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီမှ မဒညတဗဟို ပဏာမ ကိုယ်စားလှယ် အဖွဲ့နှင့်အပစ်အခတ်ရပ်စဲရေးကိစ္စကိုဆွေးနွေးရန် သဘောတူကြောင်း သိရှိရပါသဖြင့် ထပ်လောင်း၍ ဝမ်းမြောက်ခြင်းဖြစ်ပါ သည်။
အထက်ပါ အပစ်အခတ်ရပ်စဲရေးကိစ္စအပြင် လျာထားသော မဒညတကွန်ဖရင့်တစ်ရပ် ကျင်းပရေး အတွက် တော်လှန်ရေးကောင်စီမှလိုအပ်သော အကူအညီများပေးရေးကိုလည်း တင်ပြဆွေးနွေးလိုပါသည်။
၎။       မဒညတသဘာပတိအဖွဲ့(ဗဟို)၏ ဗဟိုပဏာမကိုယ်စားလှယ်အဖွဲ့တွင် အောက်ပါ ပုဂ္ဂိုလ်များ ပါဝင် မည်ဖြစ်ပါသည်-
(၁) မန်းဘဇံ၊ (၂) စကောလယ်တော၊ (၃) ဗိုလ်ကျင်ဖေ၊ (၄) ဗိုလ်သန်းအောင်၊ (၅) နိုင်ဘလွင်၊ (၆) နိုင်ထင်၊ (၇) နိုင်တက်ထွန်း၊ (၈) စောမောရယ်၊ (၉) ဗိုလ်စံလင်း၊ (၁ဝ) ဆလိုင်းစံအောင်၊ (၁၁) ဆလိုင်းသာဦး၊ (၁၂) ရဲဘော်ဌေး၊ (၁၃) ရဲဘော်ဇင်၊ (၁၄) ရဲဘော်တင်ထွန်း၊ (၁၅) ရဲဘော်အောင်ကြီး၊ (၁၆) ရဲဘော်ဗိုလ်ဇေယျ တို့ ဖြစ်ပါသည်။
ဤတွေ့ဆုံဆွေးနွေးရာ၌ မန်းဘဇံကမဒညတ ဗဟိုပဏာမ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်၍ ရဲဘော်တင်ထွန်းက အဖွဲ့အတွင်းရေးမှူးအဖြစ်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
၅။       မဒညတဗဟိုပဏာမကိုယ်စားလှယ်အဖွဲ့သည် တွေ့ဆုံဆွေးနွေးပွဲအတွက် လာမည့် ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ (၈)ရက် အင်္ဂါနေ့မှစ၍ အသင့်ဖြစ်နေမည်ဖြစ်ပါကြောင်း အကြောင်းပြန်ကြား အပ်ပါသည်။ တော်လှန်ရေးကောင်စီမှ ဆွေးနွေးမည့်ရက်နှင့်အချိန်ကို သတ်မှတ်အကြောင်းကြားပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။
(ပုံ)တင်ထွန်း
အတွင်းရေးမှူး
တွေ့ဆုံဆွေးနွေးရေး ဗဟိုပဏာမကိုယ်စားလှယ်အဖွဲ့
အမျိုးသားဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု
                                                                                      (မဒညတ)


တော်လှန်ရေးကောင်စီနှင့် မဒညတကိုယ်စား လှယ်အဖွဲ့တို့သည် ပထမအကြိမ် ဆွေးနွေးပွဲကို ၈-၁ဝ-၆၃ ရက်တွင် အမှတ်(၁၄) အင်းယားလမ်း ဧည့်ဂေဟာ၌ ပြုလုပ်ခဲ့ပါသည်။ ဤဆွေးနွေးပွဲတွင် ဗိုလ်မှူး ကြီးလှဟန်မှ တော်လှန်ရေးကောင်စီထံသို့ ၆-၁ဝ-၆၃ ရက် နေ့စွဲပါ အမျိုးသားဒီမိုကရေစီညီညွတ်ရေး တပ်ပေါင်းစု အတွင်းရေးမှူး သခင်တင်ထွန်းလက်မှတ်နှင့် ပေးပို့စာနှင့် ပတ်သက်၍ ပြောကြားလိုကြောင်း စတင်ပြောကြားပြီး တော်လှန်ရေးကောင်စီမှ မဒညတ သို့ ပြန်ကြားချက်စာကို ဖတ်ပြပါသည်။
ထိုစာကို မူရင်းအတိုင်း ဖော်ပြအပ်ပါသည်။
ယနေ့ ကြွရောက်လာကြသော မဒညတဥက္ကဋ္ဌကြီး မန်းဘဇံနှင့် အဖွဲ့ဝင်များခင်ဗျား-
ကျွန်တော်တို့ ယနေ့အစည်းအဝေးပွဲကို စတင် မဆွေးနွေးမီ ဤအစည်းအဝေးဟာ ဘယ်လိုဖြစ်ပေါ်ခဲ့ တယ်၊ ဘာရည်ရွယ်ချက်နဲ့ ဖြစ်ရတယ်ဆိုတာကို ပြော လိုပါတယ်။ ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် တော် လှန်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် မဒညတ ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးရာတွင် မဒညတ ကိုယ်စားလှယ်အဖွဲ့မှ ရေးသားတင်ပြသော မဒညတ၏ သဘောထားကို တော်လှန်ရေးကောင်စီမှ သေ ချာစွာ လေ့လာရာတွင် အောက်ပါအတိုင်း သဘောရရှိပါ သည်။
၁။  ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန်အတွက် မဒညတသည် တော်လှန်ရေး ကောင် စီနှင့် ဆွေးနွေးရန် လိုလားသည်ဖြစ်ပါ၍ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် ဗဟိုပဏာမ ကိုယ်စားလှယ် အဖွဲ့ကို ယခုစေလွှတ်ခြင်းဖြစ်ပါသည်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲပြင်ဆင်ရေးတွင် ငြိမ်းချမ်းရေး အကြိုကာလဖြစ်သော အပစ်အခတ်ရပ်စဲထားသည့် ကာလတစ်ခု ဖန်တီးရေးသည် အလွန် အရေးကြီးသည် ဟု မဒညတက ယူဆပါသည်ဟူ၍လည်းကောင်း။
အထက်ပါ အပစ်အခတ်ရပ်စဲရေးကိစ္စအပြင် လျာထားသော မဒညတ ကွန်ဖရင့်တစ်ရပ် ကျင်းပ ရေးအတွက် တော်လှန်ရေးကောင်စီမှ လိုအပ်သော အကူအညီများ ပေးရေးကိုလည်း တင်ပြဆွေးနွေး လိုပါသည်ဟူ၍လည်းကောင်း မဒညတအဖွဲ့၏ တင်ပြချက်ထဲတွင် ပါရှိပါသည်။
ထို့ပြင်ယခုဆွေးနွေးသော မဒညတကိုယ်စား လှယ် အဖွဲ့ကိုလည်း တွေ့ဆုံဆွေးနွေးရေးဗဟိုပဏာမ ကိုယ်စားလှယ်အဖွဲ့ဟူ၍ သတ်မှတ်ထားပါသဖြင့် ဤမဒညတအဖွဲ့နှင့် ဆွေးနွေးပြီးပါက တော် လှန်ရေး ကောင်စီနှင့် ဆွေးနွေးရန် နောက်ထပ် မဒညတ၏ ဗဟိုအာဏာပိုင် ကိုယ်စားလှယ်အဖွဲ့ဟူ၍ ထပ်မံ လာရောက်ဦးမည်ဟူ၍လည်း  အဓိပ္ပာယ်ရရှိနေပါ သည်။
မဒညတ၏ ဤတင်ပြချက် သဘောထားသည် ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာအားလုံးကို ဗမာပြည် ကွန်မြူနစ်ပါတီ၊ ကေအင်န်ယူပါတီ၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် ချင်းဦးစီးအဖွဲ့ တို့က မဒညတအဖွဲ့အစည်းအဖြစ်ဖြင့် တော်လှန်ရေး ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သတ်သတ်သာ မကတော့ဘဲ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာအားလုံး အစမှ အဆုံးတိုင် တွေ့ဆုံဆွေးနွေးသွားလိုသည်ဟု အဓိပ္ပာယ်ရရှိနေပါသည်။
၂။       တော်လှန်ရေးကောင်စီသည် ဗမာပြည် ကွန်မြူနစ်ပါတီ ပဏာမကိုယ်စားလှယ်အဖွဲ့နှင့် (၆)ကြိမ်မြောက် ဆွေးနွေးရာ၌ ဗမာပြည်ကွန်မြူနစ် ပါတီနှင့် ဆွေးနွေးရန် မပြီးပြတ်သေးသော နှစ်ဖက် အပစ်အခတ်ရပ်စဲရေးကို မဒညတအဖွဲ့အနေဖြင့် လက်ခံဆွေးနွေးမည်ဟု သဘောတူခဲ့ပါသည်။
တော်လှန်ရေးကောင်စီသည် သုံးပါတီဗဟိုကိုယ် စားလှယ်အဖွဲ့နှင့် ၄-၁ဝ-၆၃ ရက် ဆွေးနွေးပွဲတွင် လည်း သုံးပါတီ ဗဟိုကိုယ်စားလှယ်အဖွဲ့က တင်ပြ သော အပစ်အခတ်ရပ်စဲရေးကိစ္စတစ်ခုတည်းကိုသာ မဒညတအဖွဲ့အနေဖြင့် ဆွေးနွေးပြီး ကျန်တင်ပြချက်သုံးချက်ကိုမူ သုံးပါတီအနေဖြင့် သီးခြား ဆွေးနွေးသွား ပါမည် ဟူသော သဘောထားကိုလည်း လက်ခံသဘောတူပြီး ဖြစ်ပါသည်။
ထို့ကြောင့်ပင် တော်လှန်ရေးကောင်စီ၏ ကိုယ်စား လှယ်အဖွဲ့က ၄-၁ဝ-၆၃ နေ့စွဲဖြင့် အတွင်းရေးမှူး အမျိုးသားဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစုသို့ အပစ်အခတ်ရပ်စဲရေးကိစ္စကို ဆွေးနွေးရန် အကြောင်းကြား ခဲ့ခြင်းဖြစ်ပါသည်။
တော်လှန်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့သည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပစ်အခတ် ရပ်စဲထား ရန် လိုအပ်ကြောင်း၊ အပစ်အခတ် ရပ်စဲရာတွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် သုံးပါတီတို့၏ တည်ရှိနေသော အခြေအနေအရ တစ်ဖွဲ့စီ သီးခြားအပစ်အခတ်ရပ်စဲရန် မဖြစ်နိုင်သည်ကို သိရှိသဖြင့် မဒညတအဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေးကိစ္စတစ်ခုတည်းကိုသာ လက်ခံဆွေးနွေးရန် သဘောတူ ခဲ့ခြင်းဖြစ်ပါသည်။
၃။ ယခုကျင်းပလျက်ရှိသော ဆွေးနွေးပွဲတွင် မဒညတ ကိုယ်စားလှယ်အဖွဲ့ သည် တော် လှန်ရေး ကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲ ရေး ကိစ္စတစ်ခုတည်းကိုသာ ဆက်လက်ဆွေးနွေး သွား လိုသည်ဆိုပါက တော်လှန်ရေးကောင်စီက ဆက်လက် ဆွေးနွေးသွားရန် အသင့်ပင်ဖြစ်ပါသည်။
၎။ ဤကဲ့သို့မဟုတ်ပါဘဲ မဒညတကိုယ်စားလှယ် အဖွဲ့က ၆-၁ဝ-၆၃ နေ့စွဲဖြင့် တင်ပြထားသည့် သဘောထားအရ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာအရပ်ရပ်ကို မဒညတအဖွဲ့အနေဖြင့် အပစ်အခတ် ရပ်စဲရေး တစ်ခုတည်းသာမကဘဲ အခြားပြဿနာများပါ တိုးချဲ့၍ တွေ့ဆုံဆွေးနွေးလိုသည်ဆိုပါက မဒညတအဖွဲ့တွင် ပါဝင်ကြသော ဗမာပြည်ကွန်မြူနစ်ပါတီ၊ ကေအင်န် ယူပါတီ၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ ချင်းဦးစီးအဖွဲ့ ခေါင်းဆောင်များသည် ဤတင်ပြချက်ကို အလေးအနက် ပြန်လည်စဉ်း စားစေလို ပါသည်။
၅။ တော်လှန်ရေးကောင်စီသည် သုံးပါတီပဏာမ ကိုယ်စားလှယ်အဖွဲ့နှင့် ပဏာမအကြိမ် တွေ့ ဆုံဆွေးနွေးခဲ့သည်မှာ ပြီးဆုံး၍ ယခုပင်သုံးပါတီ၏ ဗဟိုကိုယ်စားလှယ်အဖွဲ့နှင့်ပင် ဆွေးနွေးနေ သည့် အခြေသို့ ရောက်ရှိ နေပါပြီ။ ဗမာပြည်ကွန်မြူနစ်ပါတီနှင့်လည်း ပဏာမ ဆွေးနွေးပွဲအဖြစ် ဆွေးနွေးပြီးပြတ် သလောက် ရှိနေပါ ပြီ။ ချင်းဦးစီးအဖွဲ့နှင့်လည်း ပြည်ခရိုင်တွင် ပဏာမ ဆွေးနွေးပွဲပြုလုပ်ပြီးဖြစ်ပါသည်။
ဤအခြေအနေတွင် ဤအဖွဲ့အားလုံးပါဝင်သော မဒညတအဖွဲ့အနေဖြင့် ပဏာမဆွေးနွေးပွဲကို အသစ် တစ်ဖန် သီးခြားဆွေးနွေးရဦးမည်ဆိုပါက ပြဿနာ အသစ်တစ်မျိုး ပေါ်လာပါသည်။
တောတွင်းပါတီများသည် ဤသို့ပါတီလိုက် သီးခြားဆွေးနွေးရေးလည်း လုပ်၊ ပါတီအားလုံးပေါင်း  ပြီး မဒညတအနေဖြင့်လည်း သီးခြားဆွေးနွေးပွဲ ထပ်မံ လုပ်လိုသော နှစ်မျိုးနှစ်ဖုံလုပ်နည်းကို တော်လှန်ရေး ကောင် စီက လက်ခံ၍ ဆွေးနွေးရန် ခဲယဉ်းပါသည်။
၆။ သို့ပါ၍-
(က)မဒညတအဖွဲ့သည် အပစ်အခတ်ရပ်စဲရေး ကိစ္စတစ်ခုတည်းကိုသာ တော် လှန်ရေး ကောင် စီနှင့် တွေ့ဆုံဆွေးနွေးပြီး ပြည်တွင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ကျန် ပြဿနာများကို မူလက တော် လှန်ရေး ကောင်စီနှင့် ဆွေးနွေးနေသည့် ပုံစံအတိုင်း ပါတီလိုက် သီးခြားဆက်လက်ဆွေးနွေး သွားခြင်းနည်း လမ်းနှင့်-
(ခ)     သို့မဟုတ် တော်လှန်ရေးကောင်စီနှင့် မူလ ဆွေးနွေးကြဆဲဖြစ်သော သုံးပါတီ ဗဟို ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ ဗမာပြည် ကွန်မြူနစ်ပါတီနှင့်လည်းကောင်း၊ ချင်းဦးစီးအဖွဲ့နှင့် လည်းကောင်း ပါတီလိုက် သီးခြားဆွေးနွေးပွဲများကို ရပ်ဆိုင်းလိုက်ပြီး ငါးပါတီစလုံးက တင်ပြဆွေးနွေးလို သည့် ပြည်တွင်းငြိမ်းချမ်းရေးပြဿနာ အရပ်ရပ်ကို မဒညတအဖွဲ့တစ်ခုတည်း အဖြစ်ဖြင့်သာ တွေ့ ဆုံ ဆွေးနွေးရေးကို ဆက်လက်ပြုလုပ်သွားသောနည်းလမ်း၊ ဤနည်းလမ်းနှစ်ရပ်အနက် နည်းလမ်းတစ်ခုခု ကိုသာ ရွေးချယ်ပြုလုပ်သွားပါရန် တင်ပြ အပ်ပါသည်။
ဤဆွေးနွေးပွဲတွင် မဒညတဗဟိုကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် မန်းဘဇံက မိမိတို့အနေနှင့် နှစ်ဖက် အပစ်အခတ်ရပ်စဲရေးပြဿနာကိုသာ တင်ပြရန်ပြင်ဆင်ယူဆောင်လာကြောင်း၊ ဗိုလ်မှူးကြီး လှဟန်၏ တင်ပြချက်မှာ ပြဿနာအသစ်ဖြစ်၍ ချက်ချင်းဖြေဆိုရန် ၎င်းတို့တွင် အသင့်မရှိသေးကြောင်း၊ ဤတင်ပြချက် ကို ဖြေကြားရန် မိမိတို့ ပြန်လည်ဆွေးနွေးညှိနှိုင်းရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ ဆွေးနွေးပွဲကို ရပ်နားပြီး နောက်တစ်ကြိမ်ဆွေးနွေးပွဲတွင် မိမိတို့ပြန်လည် ဖြေကြားပါမည်ဟု တင်ပြဆွေးနွေးသွားပါသည်။ ဗိုလ် မှူးကြီးလှဟန်က လက်ခံပါသည်။ မန်းဘဇံမှ နောက်အပတ် အစည်းအဝေးနေ့ရက်ကို မဒညတမှ ချိန်းဆို မည်ဖြစ်ကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးကို တင်ပြရန် အဆင်သင့်ဖြစ်သော်လည်း နောင်လာမည့် အစည်း အဝေးကျမှ တစ်ဆက်တည်းတင်ပြမည်ဖြစ်ကြောင်း ပြောကြားသွားသည်ကို တွေ့ရှိရပါသည်။ တော်လှန်ရေး ကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် မဒညတ ဗဟို ကိုယ်စားလှယ်အဖွဲ့တို့၏ ဒုတိယအကြိမ် ဆွေးနွေးပွဲကို ၁ဝ-၁ဝ-၆၃ ရက်တွင် အမှတ်(၁၄) အင်ယားလမ်း ဧည့်ဂေဟာ၌ ပြုလုပ်ပါသည်။

နှစ်မျိုးနှစ်ဖုံလုပ်နည်းကို လက်ခံဆွေးနွေးရန်ခဲယဉ်း

ဤဆွေးနွေးပွဲတွင် မဒညတ၏စာဖြင့် တင်ပြချက်အရ အပစ်အခတ်ရပ်စဲရေးကို မဒညတ အနေနှင့်ပင်လုပ်ဆောင်သွားပြီး ယခုအတိုင်း ပါတီအလိုက် သီးခြားတွေ့ခြင်းကိုလည်း ဆက်လက် လုပ်ဆောင်သွားပါမည် ဆိုသည့်အချက်ကို တော်လှန်ရေးကောင်စီအနေဖြင့် ရှင်းရှင်းလင်းလင်း သိရသဖြင့် အပစ်အခတ်ရပ်စဲရေးကို မည်သည့်နေ့ရက်တွင် စတင်ဆွေးနွေးလိုကြောင်း ကို ဗိုလ်မှူးကြီးလှဟန်က ဆွေးနွေး ချက်၌ အဓိကကျ သောအဖြေကို ဖော်ထုတ်ပြောပြလျက် မေးခွန်းပါ တစ်ပါတည်း မေးမြန်းထားကြောင်း တွေ့ ရပါသည်။ ထိုသို့မေးမြန်းသောအခါ မန်းဘဇံက အပစ်အခတ်ရပ်စဲ ရေးနှင့် ပတ်သက်၍ ယခုပင် ဆက်လက်တင်ပြပါမည်ဟု ဖြေကြားပြီးနောက် အပစ်အခတ်ရပ်စဲရေးပြဿနာ စာသုံးစောင်ကို တင်ပြဖတ်ကြား သွားခဲ့ပါသည်။
ဗိုလ်မှူးကြီးလှဟန်က မဒညတ၏ ငြိမ်းချမ်းရေး အကြိုကာလအတွင်း  အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်သော သဘောထားနှင့် အခြေခံကို လေ့လာပြီးမှ တိတိကျကျ ပြန်လည်ဖြေကြား နိုင် မည်ဖြစ်ကြောင်း နှင့် တင်ပြသွားမည့်အချက်များတွင် မဒညတမှ ပြည် ထောင်စု မြန်မာနိုင်ငံတော် လှန်ရေး ကောင်စီတို့ နှစ်ဖက် အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ တင်ပြချက်၏ အပိုဒ်(၅)ဖြစ်သည့် အပစ်အခတ် ရပ်စဲထားစဉ်ကာလ အတွင်း မဒညတအဖွဲ့ဝင်များ၏ လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို လုပ်ဆောင်နိုင်ခွင့် ရှိစေရန်ဆိုသည့် အပိုဒ်အတွင်းရှိ လုပ်ရိုးလုပ်စဉ် လုပ်ငန်းများဆိုသည့် အချက်များကို ရှင်းလင်းပြောပြပါရန် မေးမြန်းခဲ့သည် ကို ဖတ်ရှုရပါသည်။
မန်းဘဇံမှ အပစ်အခတ်ရပ်စဲခြင်းမတိုင်မီ ကာလအတွင်း ပြုလုပ်ခဲ့သည့် စည်းရုံးရေးလုပ်ငန်း၊ အုပ်ချုပ်ရေး လုပ်ငန်းသဘောပါရှိသည့် လုပ်ငန်းများကို မိမိတို့ နယ်မြေအတွင်း ဆက်လက် ဆောင်ရွက်ခြင်း ဟူသော သဘောရှိကြောင်း ပြန်လည်ပြောကြားကြောင်း တွေ့ရှိ ရပါသည်။ တော်လှန်ရေး ကောင်စီနှင့် မဒညတဗဟို ကိုယ်စားလှယ်အဖွဲ့တို့၏ တတိယအကြိမ်ဆွေးနွေးပွဲကို ၁၅-၁ဝ-၆၃ ရက်  အမှတ် (၁၄)၊  အင်းယားလမ်း ဧည့်ဂေဟာ၌ ပြုလုပ်ပါသည်။ ဤဆွေးနွေးပွဲတွင် ၁၁-၁ဝ-၆၃ ရက်က ဆွေးနွေးပွဲ၌ မဒညတ ဗဟို ကိုယ်စားလှယ်အဖွဲ့မှ တင်ပြသွားသော စာတမ်းသုံး စောင်ပါ သဘောထားများတို့အပေါ် တွင် တော်လှန်ရေး ကောင်စီ၏ သဘောထားများကို တော်လှန်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးလှဟန် မှ စုပေါင်းပြန်လည်တင်ပြခဲ့ကြောင်း ဖတ်ရှုတွေ့ရှိရ ပါသည်။
ထိုစုပေါင်းပြန်လည်တင်ပြခဲ့သော အချက်များအနက် အထူးအရေးကြီးသည်ဟု ထင်မြင်ယူဆသော အချက်ဖြစ်သည့် ယခင် ဒုတိယဆွေးနွေးပွဲမှာ ပါရှိခဲ့သော အပစ်အခတ်ရပ်စဲရေးကာလအတောအတွင်း မဒညတဝင်အဖွဲ့များ၏ လုပ်ရိုးလုပ်စဉ် လုပ်ငန်းများ ကို လုပ်ခွင့်ရှိစေရန်ကိစ္စ ဆွေးနွေးချက်ကို ထုတ်နုတ် တင်ပြပါမည်။
''အပစ်အခတ်ရပ်စဲရေးကာလအတွင်း မဒညတဝင် အဖွဲ့များ၏ လုပ်ရိုးလုပ်စဉ်လုပ်ငန်းများ လုပ်ခွင့် ရှိစေရန်ဟု မဒညတက တင်ပြထားပါသည်။ လုပ်ရိုး လုပ်စဉ် လုပ်ငန်းများနှင့်ပတ်သက်၍ အဓိပ္ပာယ် အကျယ်အဝန်းကို တော်လှန်ရေးကောင်စီ ကိုယ်စား လှယ်အဖွဲ့က မေးမြန်းရာတွင် မဒညတဥက္ကဋ္ဌကြီး မန်းဘဇံက လုပ်ရိုးလုပ်စဉ်လုပ်ငန်းများ၏ အဓိပ္ပာယ် မှာ စည်းရုံးရေး၊ အုပ်ချုပ်ရေးများနှင့် ပတ်သက်ပါ သည်ဟု ဖြေကြားခဲ့ပါသည်။ သို့ကြောင့် လုပ်ရိုးလုပ်စဉ် လုပ်ငန်းများနှင့်ပတ်သက်၍ တော်လှန်ရေးကောင်စီ သည် အလေးအနက်စဉ်းစား၍ တင်ပြလိုပါသည်။
မဒညတအဖွဲ့ဝင်များက အပစ်အခတ် ရပ်စဲထား စဉ်အတွင်း စည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင် ကြပါလျှင် တော်လှန်ရေးကောင်စီအား အကူအညီ အထောက်အပံ့ဖြစ်စေမည့် စကားများ၊ ပြောဟောချက် များလည်း ပါရှိနိုင်ပါသည်။ သို့မဟုတ် တော်လှန်ရေး ကောင်စီအား ထိခိုက်စေမည့် စကားများ၊ ဟောပြော ချက်များလည်း ပါရှိနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ အတိုက်အခိုက် ရပ်စဲထားစဉ်အတွင်း ဤသို့ စည်းရုံး ဟောပြောကြပါက တစ်ဖက်နှင့်တစ်ဖက် အထင်အမြင် လွဲမှားဖွယ် အရေးကိစ္စများ ပေါ်လာနိုင်ပါသည်။ သို့ ကြောင့် စည်းရုံးရေးလုပ်ငန်းများကို အပစ်အခတ်ရပ်စဲ ထားသည့်ကာလအတွင်း ပြုလုပ်ခြင်းကို ရပ်ဆိုင်းထား သင့်ပါသည်။

အုပ်ချုပ်ရေးလုပ်ငန်းလုပ်ဆောင်ခြင်းကို ခွင့်မပြုနိုင်

အုပ်ချုပ်ရေးလုပ်ငန်းနှင့်ပတ်သက်၍မူ တော်လှန်ရေးအစိုးရ၏ တာဝန်သာဖြစ်ပါသည်။ တော် လှန်ရေးကောင်စီသည် တွေ့ဆုံဆွေးနွေးရေးကို တောတွင်းအဖွဲ့အစည်းများအနေဖြင့်သာ အသိ အမှတ်ပြု ခဲ့ခြင်းဖြစ်ပါသည်။ စင်ပြိုင်အစိုးရများအဖြစ် အသိအမှတ်ပြု၍ တွေ့ဆုံဆွေးနွေးနေခြင်းမဟုတ်ပါ။ သို့ကြောင့် စင်ပြိုင်အစိုးရသဘောမျိုး သက်ရောက်စေသည့် တောတွင်းအဖွဲ့အစည်းများ၏ အုပ်ချုပ်ရေး လုပ်ငန်း များ လုပ်ဆောင်ခြင်းကို ခွင့်မပြုနိုင်ပါ။''
တော်လှန်ရေးကောင်စီကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၏ ဆက်လက်တင်ပြသောအချက် အလက်ကို ဖော်ပြပါဦးမည်။
''ပြည်တွင်းငြိမ်းချမ်းရေးအတွက် နှစ်ဖက်ဆွေးနွေးနေစဉ် အပစ်အခတ်ရပ်စဲရေးပြဿနာကို တင်ပြဆွေးနွေးရာ၌ အလေးအနက် ထည့်သွင်းစဉ်းစားပါရန် ပြဿနာတစ်ရပ်ကို တင်ပြလိုပါသည်။''
''ပြည်တွင်းငြိမ်းချမ်းရေးရရှိမှုအတွက် နှစ်ဦးနှစ်ဖက် ယခုတွေ့ဆုံဆွေးနွေးနေသည်မှာ ၁၅ နှစ်တိုင် လုပ်သားပြည်သူအများ ခံစားနေရသော ပြည်တွင်းစစ်၏ဒဏ်ကို လုံးဝလွတ်မြောက်စေ ရန် တော်လှန်ရေး ကောင်စီက ရည်သန်ခဲ့သောကြောင့်ဖြစ်ပါသည်။ သို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးအ တွက် တွေ့ဆုံဆွေး နွေးနေဆဲကာလ အပစ်အခတ်ရပ်စဲထားစဉ်အတွင်း လုပ်သားပြည်သူများ၊ အထူး သဖြင့် တောရွာဒေသရှိ တောင်သူလယ်သမားများအား ပြည်တွင်းစစ်၏ ဝန်ဒဏ်တစ်ရပ်ဖြစ်သော ဆက်ကြေး၊ ထောက်ပံ့ကြေး ပေးဆက်နေရသည့်အတိဒုက္ခများမှ ကင်းလွတ်စေ သင့်ပါသည်။ အချို့ဒေသများ တွင် ယခင်က ဆက်ကြေး မပေးခဲ့ရပါဘဲယခု ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးနေခါမှ ဆက်ကြေးများ ပေးရသည့် အဖြစ်အပျက်များ ရှိနေပါသည်။''
''ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲနေစဉ်အတွင်း လုပ်သားပြည်သူများ အဖို့ ဝန်ထုပ်ဝန်ပိုး ပိုမိုမတိုးပွားစေဘဲ လျော့ပါးအောင်သာ ဆောင်ရွက်သွားစေလိုပါသည်ဟု တင်ပြပါ      သည်။''
တော်လှန်ရေးကောင်စီနှင့် မဒညတကိုယ်စား လှယ်အဖွဲ့တို့၏ စတုတ္ထအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို  ၂၁-၁ဝ-၆၃ ရက် အမှတ်(၁၄)၊ အင်းယားလမ်း ဧည့် ဂေဟာ၌ ပြုလုပ်ပါသည်။
ဤဆွေးနွေးပွဲတွင် မဒညတကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန် ရေးကောင်စီနှင့် အမျိုးသားဒီမိုကရေစီညီညွတ်ရေး တပ်ပေါင်းစု ဗဟိုကိုယ်စားလှယ် အဖွဲ့တို့၏ ၁၅-၁ဝ-၆၃ရက် ဆွေးနွေးပွဲ ၌ တော်လှန်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ ပြန်လည် ဖြေကြားချက်နှင့် စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစုဗဟို ကိုယ်စားလှယ်အဖွဲ့မှ ပြန်လည်တင်ပြချက် စာတမ်းကို ဖတ်ကြားတင်ပြပါသည်။
ထိုပြန်ကြားစာ စာမျက်နှာ အပိုဒ်(၇)တွင် အပစ်အခတ်ရပ်စဲထားစဉ်အတွင်း မဒညတအဖွဲ့များ၏ လုပ်ရိုးလုပ်စဉ်လုပ်ငန်းများကို လုပ်ဆောင်ခွင့်နှင့် ပတ်သက်၍ဤသို့ ဖြေကြားထားသည်ကို ထုတ်နုတ် တင်ပြပါသည်။
''၁၅-၁ဝ-၆၃ နေ့ တော်လှန်ရေးကောင်စီ ပြန် ကြားချက် စာမျက်နှာ ၉၊ အမှတ်(၅)အပိုဒ်ပါ အပစ် အခတ်ရပ်စဲထားစဉ်ကာလအတွင်း မဒညတအဖွဲ့ဝင် များ၏ လုပ်ရိုးလုပ်စဉ်လုပ်ငန်းများနှင့် စပ်လျဉ်း၍ မဒညတမှ တင်ပြချက်တွင် စင်ပြိုင်အစိုးရသဘောမျိုး ဖော်ထုတ်တောင်းဆိုခြင်းမျိုးမရှိပါ။ အပစ်အခတ် ရပ်စဲ ထားသည့် စပ်ကူးမပ်ကူးကာလ၌ မဒညတဝင် ပါတီအဖွဲ့အစည်းများက ဖြစ်ပေါ်တည်ရှိနေသော အနေ အထားအရ ပိုနေမြဲကျားနေမြဲအတိုင်း ဆက်လက် ဆောင်ရွက်သွားလိုသည့် သဘောကိုသာ ဆိုလိုရင်း ဖြစ်ပါသည်။
စည်းရုံးရေးနှင့် အုပ်ချုပ်ရေး စသော မူပြဿနာ ကြီးများမှာ မဒညတဝင် ပါတီအဖွဲ့အစည်းများ၏ အာဏာပိုင်ကိုယ်စားလှယ်အဖွဲ့များနှင့်သာ သက်ဆိုင် စေသင့်ပါသည်။
အပစ်အခတ်ရပ်စဲထားစဉ် ကာလအတွင်း၌ မဒညတအနေဖြင့် အခွင့်ကောင်းယူ၍ အမြတ်ထုတ် ရန် ရည်ရွယ်ခြင်းမရှိပါ။ ဤကာလအတွင်း၌ ပြည်တွင်း ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရေးကို အားဖြည့် ရန် ရည်ရွယ်ရင်းရှိသည့်အတိုင်း ဤပြဿနာကို အဖြစ်နိုင်ဆုံး နှစ်ဖက်နားလည်မှုဖြင့် လုပ်ဆောင်ကြိုးစား သွားရန် သဘောထားရှိပါသည်။''
ဤအချက်နှင့်ပတ်သက်၍ နှစ်ဖက်မှ ဆွေးနွေး ချက်များကို မူရင်းအတိုင်း ထုတ်နုတ်တင်ပြပါဦးမည်။ ဗိုလ်မှူးကြီးလှဟန်မှ ပြောကြားရာတွင် ''မဒညတအနေ နှင့် လက်ရှိ ပိုနေမြဲကျားနေမြဲနယ်အတွင်း ဆက်လက် ၍ အခွန်အကောက် ယူဦးမည်ဆိုသည့်သဘော ပါနေ ပါသည်'' ရှင်းလင်းပြရန် ပြောကြားသည်။ မန်းဘဇံမှ ပြည်တွင်းစစ်မရပ်စဲမီကာလအတွင်းမှာ ကျွန်တော်တို့၏ အခြေအနေသည် ကျွန်တော် ပြောခဲ့သည့် သဘောအတိုင်း ရှိနေပါမည်ဟု ပြန်လည်ပြောကြားပါသည်။ ဗိုလ်မှူးကြီးလှဟန်မှ ဤကဲ့သို့ ဆိုပါက ကျွန်တော်တို့ယူဆချက်အတိုင်း ဖြစ်နေပါသည်။ ထို့အတွက် ထပ်မံရှင်း လင်းရန်လို သဖြင့် နောက်ဆွေးနွေး ပွဲမှာ ပြန်ကြားမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။ မန်းဘဇံမှလည်း  တော်လှန်ရေး ကောင်စီ၏ အခက်အခဲများကို ထည့် စဉ်းစားပြီးဖြစ်ပါသည်။ စည်းရုံးရေးနှင့်ပတ်သက်၍ တော်လှန်ရေး ကောင်စီ၏ သဘောထားကို သိလို ပါသည်။ မိမိနယ်အတွင်း စည်းရုံးမှု လုပ်နိုင်၊ မလုပ်နိုင် သိလိုကြောင်း တင်ပြပါသည်။ ဗိုလ်မှူးကြီးလှဟန်မှ ဆွေးနွေးနေသည့် ကြားကာလအတွင်း မိမိနယ်ပယ်၌ ပင်လျှင် အေးအေး ချမ်းချမ်း နေစေလိုပါသည်။ အဘယ့်ကြောင့်ဆိုသော် နှစ်ဦးနှစ်ဖက် စေတနာထားပြီး ဆောင်ရွက်နေစဉ် အငြင်းပွားစေမည့်၊ အထင်အမြင် လွဲမှားစေမည့် ကိစ္စများ မရှိစေလိုသည့် သဘော ဖြစ်ပါ သည်။ ငြိမ်းချမ်းရေးဆောင်ရွက်ပြီးသည့်နောက်ပိုင်း တွင် နှစ်ဦးနှစ်ဖက် ညှိနှိုင်းတိုင်ပင်ပြီး အစွမ်းကုန် ဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း ပြောကြားပါသည်။ ရဲဘော်ဇေယျမှ ဝင်ရောက်ဆွေးနွေးရာတွင် နောက် တစ်ချက်က ပိုနေမြဲကျားနေမြဲ လုပ်ရန်ဆိုသည်မှာ ကျွန်တော်တို့ဒေသကိုသာ ဆိုလိုပါသည်။ လက်တွေ့ တွင် ရန်ပုံငွေမကောက်လျှင် အခက်အခဲ တွေ့နိုင်ပါ သည်။''
ဤဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲထားစဉ် ကာလအတွင်း မဒညတအဖွဲ့ဝင်များ၏ လုပ်ရိုးလုပ်စဉ် လုပ်ငန်းများနှင့်ပတ်သက်၍ ပြီးပြတ်ခြင်းမရှိကြောင်း တွေ့ရပါသည်။
တော်လှန်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် မဒညတကိုယ်စားလှယ်အဖွဲ့တို့၏ ပဉ္စမအကြိမ် တွေ့ ဆုံ ဆွေးနွေးပွဲကို ၂၉-၁ဝ-၆၃ ရက်၊ အမှတ် (၁၄)၊ အင်းယားလမ်းဧည့်ဂေဟာ၌ ဆက်လက်ပြုလုပ်ပါ သည်။ ဤဆွေးနွေးပွဲတွင် ဗိုလ်မှူးကြီးလှဟန်မှ တော် လှန်ရေးကောင်စီနှင့် မဒညတကိုယ်စားလှယ်အဖွဲ့တို့ သည် အကြိမ်ပေါင်း (၅)ကြိမ်မျှ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်၍ ထိုတွေ့ဆုံဆွေးနွေးပွဲများအပေါ် တော် လှန်ရေး ကောင်စီ၏ ပြန်လည်ဆန်းစစ်ချက်များကို ယခုဆွေးနွေးပွဲတွင် ဖတ်ကြားတင်ပြပါမည်ဟု ပြောကြား ပြီးလျှင်ဆန်းစစ်ချက်စာတမ်းကို ဖတ်ကြားပါသည်။ ထိုသို့ဖတ်ကြားပြီးနောက် ဗိုလ်မှူးကြီးလှဟန်မှ ဆန်းစစ် ချက်စာတမ်းအပေါ် မဒညတကိုယ်စားလှယ်များ သီးသန့်ဆွေးနွေးလိုပါ က ဆွေးနွေးနိုင်ကြောင်း ပြောကြား ပါသည်။ မဒညတကိုယ်စားလှယ်အဖွဲ့ခေတ္တ သီးသန့်ဆွေးနွေးပွဲထိုင်ပြီးနောက် မန်းဘဇံက မဒညတ ကိုယ်စားလှယ်အဖွဲ့မှ ပြန်လည်စဉ်းစားဆွေးနွေးပြီး အကြောင်းပြန်ကြားပါမည်ဟု ပြောကြား ပါသည်။
ဤဆန်းစစ်ချက်စာတမ်းတွင် နှစ်ဖက်သောတူညီမှုပြီးသော အချက်များကိုလည်း ဖော်ပြထား ပါသည်။ တော်လှန်ရေးကောင်စီ ပြန်လည်ဖြေကြားချက်များ ပြည့်စုံစွာ ဖော်ပြထားသည်။
ဤဆန်းစစ်ချက် စာတမ်းတွင် နှစ်ဖက်သဘော တူညီမှုမရသေးသော အချက်နှစ်ချက်ကို ဖော်ပြထားပါ သည်။ ယင်းတို့မှာ-
(၁)     တော်လှန်ရေးကောင်စီကိုယ်စားလှယ်အဖွဲ့၏ ပြန်လည်ဖြေကြားချက်အပိုင်း(၃)၊ အချက် ငါးချက်ဖြစ်သော စည်းရုံးရေး အုပ်ချုပ်ရေးကိစ္စ၊
(၂)     တော်လှန်ရေးကောင်စီကိုယ်စားလှယ် အဖွဲ့ ၏ ပြန်လည်ဖြေကြားချက်အပိုင်း(၄)ဖြစ် သော ဆက်ကြေးထောက်ပံ့ကြေးများ  မကောက်ခံရေးကိစ္စတို့ဖြစ်ပါသည်။
တော်လှန်ရေးကောင်စီသည် ၂၁-၁ဝ-၆၃ ရက် ဆွေးနွေးပွဲတွင် မဒညတဗဟိုကိုယ်စားလှယ်အဖွဲ့၏ တင်ပြချက်နှင့်ပတ်သက်၍ သဘောတူညီမှုမရရှိသေး သော အချက်နှစ်ချက်အပေါ် တော်လှန်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့၏ သဘောထားကို စာဖြင့်တင်ပြ ကြောင်း တွေ့ရှိရပါသည်။ ဤတင်ပြချက်သည် ပြည် တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ အဓိကသော့ချက် ဖြစ်လာပြီး အခြေအနေမှာ အရေးအကြီးဆုံးအဆင့်သို့ ရောက် လာကြောင်း သတိပြုရန်ဖြစ်ပါသည်။ ပြည်တွင်း ငြိမ်းချမ်းရေးကို မျက်နှာချင်းဆိုင်၍ တွေ့ဆုံဖြေရှင်း ကြသောအခါ အဘက်ဘက်မှ စဉ်းစားကြရကြောင်း လေ့လာတွေ့ရှိရပါသည်။ ထိုတင်ပြချက်ကို အောက်ပါ အတိုင်း အပြည့်အစုံ ဖော်ပြအပ်ပါသည်။
အပိုင်း(၂)
၂၁-၁ဝ-၆၃ ရက် ဆွေးနွေးပွဲတွင် မဒညတ ဗဟို ကိုယ်စားလှယ်အဖွဲ့၏ ပြန်လည်တင်ပြချက်နှင့်ပတ် သက်၍သဘောတူညီမှု မရရှိသေးသော အချက်နှစ်ချက်အပေါ် တော်လှန်ရေး ကောင်စီကိုယ်စားလှယ်အဖွဲ့ ၏ သဘောထား။
မဒညတဥက္ကဋ္ဌကြီးမန်းဘဇံနှင့်ကိုယ်စားလှယ်အဖွဲ့ဝင်များခင်ဗျား-
ဆန်းစစ်ချက်တွင် တင်ပြရှင်းလင်းခဲ့သည့်အတိုင်း အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ သဘောတူညီမှု မရသေးသော အချက်နှစ်ချက်ရှိနေပါသည်။
(၁) တော်လှန်ရေးကောင်စီကိုယ်စားလှယ်အဖွဲ့က  ၁၅-၁ဝ-၆၃ ရက် ဆွေးနွေးပွဲတွင် တင်ပြခဲ့သော ပြန် လည်ဖြေကြားချက် အပိုင်း(၃)၊ အချက်(၅)အပေါ် မဒညတ ဗဟိုကိုယ်စားလှယ်အဖွဲ့မှ ပြန်လည်တင်ပြ ချက် အချက်(၇)ဖြစ်သည့်-
''အပစ်အခတ်ရပ်စဲထားစဉ် ကာလအတွင်း မဒညတအဖွဲ့ဝင်များ၏ လုပ်ရိုးလုပ်စဉ်လုပ်ငန်း များနှင့် စပ်လျဉ်း၍ မဒညတမှ တင်ပြချက်တွင် စင်ပြိုင်အစိုးရ သဘောမျိုး ဖော်ထုတ်တောင်းဆို ခြင်းမျိုး မပါရှိရပါ၊ အပစ်အခတ်ရပ်စဲထားသည့် စပ်ကူးမပ်ကူးကာလ၌ မဒညတဝင်ပါတီအဖွဲ့ အစည်းများက ဖြစ်ပေါ်တည် ရှိနေသော အနေအထားအရ ပိုနေမြဲ ကျားနေမြဲအတိုင်း ဆက်လက်ဆောင်ရွက် လိုသည့်သဘောကိုသာ ဆိုလိုရင်း ဖြစ်ပါသည်။
စည်းရုံးရေးနှင့်  အုပ်ချုပ်ရေး  စသော မူပြဿနာကြီးများမှာ မဒညတပါတီအဖွဲ့အစည်း များ၏ အာဏာပိုင်ကိုယ်စားလှယ်အဖွဲ့များနှင့် သာ သက်ဆိုင်စေသင့်ပါသည်။''
ဟူ၍တင်ပြခဲ့ပါသည်။ ဤပြန်လည်တင်ပြချက် အပေါ် တော်လှန်ရေး ကောင်စီကိုယ်စားလှယ် အဖွဲ့၏ သဘောထားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(က)    မဒညတဗဟိုကိုယ်စားလှယ်အဖွဲ့သည် ၁၁-၁ဝ-၆၃ ရက် ဆွေးနွေးပွဲတွင်-
''အပစ်အခတ်ရပ်စဲထားစဉ်ကာလအတွင်း မဒညတဝင်အဖွဲ့များ၏ လုပ်ရိုးလုပ်စဉ် လုပ်ငန်း များကို လုပ်ခွင့်ရှိစေရန်''ဟု တင်ပြခဲ့ပါသည်။ ''လုပ်ရိုးလုပ်စဉ်လုပ်ငန်းများ''နှင့်ပတ်သက်၍ အဓိပ္ပာယ်အကျယ် အဝန်းကို တော်လှန်ရေး ကောင်စီကိုယ်စားလှယ် ခေါင်းဆောင်က မေးမြန်း ရာတွင် မဒညတဥက္ကဋ္ဌကြီး မန်းဘဇံက ''လုပ်ရိုး လုပ်ငန်းများ၏အဓိပ္ပာယ်မှာ စည်းရုံးရေး၊ အုပ်ချုပ်ရေးနှင့်ပတ်သက်ပါ သည်''ဟု ပြန် လည် ဖြေကြားခဲ့ပါသည်။
၁၅-၁ဝ-၆၃ ရက် ဆွေးနွေးပွဲတွင် တော်လှန်ရေး ကောင်စီ ကိုယ်စားလှယ်အဖွဲ့၏ ပြန်လည်ဖြေကြား ချက်ဖြစ်သော အပစ်အခတ်ရပ်စဲထားစဉ် ကာလ အတွင်း မဒညတအဖွဲ့ဝင် ပါတီအဖွဲ့အစည်းများသည် စည်းရုံးရေးကိစ္စများကို ပြုလုပ်ပါက တစ်ဖက်နှင့်တစ် ဖက် အထင်အမြင်မှားဖွယ် အရေးကိစ္စများ ပေါ်ပေါက် လာနိုင်သောကြောင့်ရပ်ဆိုင်းထားသင့်ကြောင်းနှင့် စင်ပြိုင်အစိုးရသဘောမျိုး သက်ရောက်စေသည့် အုပ်ချုပ်ရေးကိစ္စများ လုပ်ဆောင်ခြင်းကို ခွင့်မပြုနိုင် ကြောင်း တော်လှန်ရေးကာင်စီ ကိုယ်စားလှယ်အဖွဲ့မှ တင်ပြခဲ့ပါသည်။
ဤသို့တင်ပြလာသည့်အခါတွင်မှ ''ဤစည်းရုံးရေး နှင့်အုပ်ချုပ်ရေး'' စသော ပြဿနာများကို မဒညတ ဗဟိုကိုယ်စားလှယ်အဖွဲ့က ယခုအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် မဆွေးနွေးတော့ဘဲ ချန်ထားရစ်ကာ-
''စည်းရုံးရေးနှင့် အုပ်ချုပ်ရေးစသော မူပြဿနာ ကြီးမှာ မဒညတဝင် ပါတီအဖွဲ့အစည်းများ၏ အာဏာပိုင်ကိုယ်စားလှယ်အဖွဲ့များနှင့်သာ သက်ဆိုင်စေသင့် ပါသည်''ဟု ထပ်မံ၍ ပြောင်းလဲ တင်ပြလာ ပါသည်။ ဤကဲ့သို့ ပြဿနာတစ်ခုကို မဒညတအနေနှင့် ဆွေးနွေးရန် တင်ပြပြီးမှ ယခုတစ်ဖန် ပါတီလိုက် ပြန်ဆွေးနွေးသင့်သည်ဆိုသော သဘောထားသို့ ပြောင်းလဲတင်ပြခြင်း မျိုးသည် တော် လှန်ရေး ကောင်စီက မူလကတင်ပြခဲ့သော ''မဒညတ၏ နိုင်ငံရေးတိုက်ကွက်ဆင် သော မူမမှန်သည့်ပရိယာယ်ကို ထင်ရှားလာစေပါသည်။
(ခ)     အပစ်အခတ်ရပ်စဲရေးပြဿနာနှင့် မဒညတ အဖွဲ့ဝင်ပါတီ အဖွဲ့အစည်းများ၏ စည်းရုံးရေးနှင့် အုပ်ချုပ်ရေးကိစ္စတို့သည် ခွဲခြားမရသော တစ်ခုတည်းသော အရေးကိစ္စဖြစ်သည်ဟု တော်လှန်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့က ယူဆပါသည်။
ထို့ကြောင့် တော်လှန်ရေးကောင်စီ ကိုယ်စားလှယ် အဖွဲ့သည် စည်းရုံးရေး၊ အုပ်ချုပ်ရေးကိစ္စများကို ယခု ဆွေးနွေးနေဆဲဖြစ်သော အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် ဆွေးနွေးခြင်းမပြုတော့ဘဲ ချန်ထားရစ် ကာ မဒညတအဖွဲ့ဝင်ပါတီများ၏ အာဏာပိုင်အဖွဲ့နှင့် တစ်သီးတခြား ပြုလုပ်ဆွေးနွေးမည်ဟု မဒညတ ကိုယ်စားလှယ်အဖွဲ့က တင်ပြလာခြင်းကို လက်မခံနိုင် ပါ။



ဆက်လက်ဖော်ပြပေးပါမည်………..
 
Share this article :

2 comments:

baa ballad said...

အပိုင်း၁၂၃၄ ပီးရင် ဘယ်မှာဆက်ဖတ်ရပါ့

baa ballad said...










နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး (ပထမတွဲ) အပိုင်း (၄) ပီးတော့ ဘယ်မှာဆက် ဖတ်ရပါ့

Post a Comment

 
ဆက်သွယ်ရန် mmpolitical2013@gmail.com :
Template Modify by Creating Website Myanmar Political Research Organization