Home » » အခန်း(၂) ဗမာပြည်ကွန်မြူနစ်ပါတီတောခိုခြင်း

အခန်း(၂) ဗမာပြည်ကွန်မြူနစ်ပါတီတောခိုခြင်း




ဗမာပြည်ကွန်မြူနစ်ပါတီတောခိုခြင်း
 


ဂိုရှယ်စီမံကိန်း
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ရက်တွင် အိန္ဒိယနိုင်ငံသို့ရောက်ရှိနေ သော ဂိုရှယ်က ပြည်သူ့ခေတ်(People's Age) သတင်း စာနှင့် တွေ့ဆုံခန်းပြုလုပ်၍ မြန်မာနိုင်ငံလွတ်လပ်ရေး အား ရှုတ်ချလိုက်ကြောင်းတင်ပြခဲ့ပြီးပေပြီ။ ထို့နောက် ဂိုရှယ်သည်On the present situation in Burma and Our Task (မြန်မာပြည်၏ယနေ့အခြေအနေနှင့် ငါတို့တာဝန်များ) အမည်ရှိစာတမ်းကို မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသောအခါ ကွန်မြူနစ်ပါတီသို့ တင်သွင်းသည်။ ယင်းစာတမ်းမှာ အိန္ဒိယကွန်မြူနစ်ပါတီ ခေါင်းဆောင် ရာနာဒီဗေးလမ်းစဉ်ကို ကူးချထားခြင်း ဖြစ်သည်။ ရာနာဒီဗေးသည် အိန္ဒိယနိုင်ငံ၏လွတ်လပ် ရေးနှင့် ကွန်မြူနစ်ပါတီကိုပါ ဘေးဒုက္ခရောက်စေခဲ့ သော ခေါင်းဆောင်ဖြစ်သည်။



ဆိုရှယ်လစ်ပါတီနှင့်ပြည်သူ့ရဲဘော်တို့ပူးပေါင်း၍ မာ့ခ်စ်လိဂ်(Marxist League)ဖွဲ့စည်းခဲ့စဉ်က ကွန်မြူ  နစ်ပါတီသည် လှိုက်လှဲစွာကြိုဆိုထောက်ခံခဲ့သည်။ သို့သော် ဂိုရှယ်စာတမ်း ကမူ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချ ခဲ့သည်။ စက္ကူနီ စာတမ်းအရ ပါတီသည် ယာယီအစိုးရ ထဲဝင်ရင်း အပြင်လူထု တိုက်ပွဲများ ဆင်နွှဲရန် ဆုံးဖြတ် ထားသည်ကိုလည်း ဂိုရှယ်ကလုံးဝပယ်ချလိုက်သည်။ ကျဆုံးပြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းကိုလည်း တိုင်းရင်းသား အရင်းရှင် လူတန်းစားဟု သတ်မှတ်ပြီး သခင်နုကိုမူ ကွန်ပရာဒို(* ကွန်ပရာဒို - အားနည်းသော ကုန်သွယ်ရေး ဓနရှင် လူတန်းစား။) နှင့်ပဒေသရာဇ်လူတန်းစား ကိုယ်စားလှယ် အဖြစ်စွပ်စွဲခဲ့သည်။(၁။  သိန်းဖေမြင့်၊ တော်လှန်ရေးကာလ နိုင်ငံရေးအတွေ့အကြုံများ၊ စာမျက်နှာ ၃၄ဝ၊ ၃၅၂၊ ၃၅၃။)
'အားနည်းသော ကွန်ပရာဒိုနှင့် ပဒေသရာဇ် လူတန်းစားများ၏ ကိုယ်စားလှယ်ဖြစ်သော သခင်နုအတွက် လာတော့မည့် တော်လှန်ရေးကြီး(Inpending Revolution) သည် လွန်စွာကြောက် မက်ဖွယ်ကောင်းခြင်းကြောင့် အင်္ဂလိပ် - မြန်မာ လွတ်လပ်ရေးသဘောတူညီချက်** (** နု-အက်တလီစာချုပ်။) ကို လက်ခံလိုက် ခြင်းဖြစ်သည်'
(ဂိုရှယ်စာတမ်း)
xxx

'ဖဆပလခေါင်းဆောင်များလက်ခံခဲ့သော အင်္ဂလိပ်-မြန်မာစာချုပ်သည် နယ်ချဲ့သမားများ နောက်ဆုတ်ခြင်းနှင့် အမျိုးသားလွတ်မြောက်ရေး လုပ်ငန်း၏အင်အားကိုသရုပ်ဆောင်ပြပါသလော'
'ဤလိုက်လျောချက်များသည်(လွတ်လပ်ရေးပေး ခြင်းသည်) အမျိုးသားလွတ်မြောက်ရေးလုပ်ငန်း၏ အားကြီးခြင်း ကိုပြသည်မဟုတ်၊ အားနည်းခြင်းကိုသာ ပြပေသည်။ ¤င်းတို့သည် နယ်ချဲ့သမားတို့၏ နောက်ဆုတ်ခြင်းများ မဟုတ်ကုန်။ ၎င်း၏အုပ်စိုးမှု ကို ပုံသဏ္ဌာန်သစ်ဖြင့် ထာဝစဉ်တည်မြဲစေရန် နယ်ချဲ့သမားသည် နေရာကောင်းဘက်ယူခြင်း သာဖြစ်လေသည်'
(ဂိုရှယ်စာတမ်း)
xxx
'အခြားစကားနှင့်ပြောရလျှင် သခင်နုအစိုးရ သည် ဗြိတိသျှနယ်ချဲ့စနစ်နှင့် ဗြောင်အတိအလင်း ပူးပေါင်းသွားလေပြီ။ (Open Collaboration)) လွတ်လပ်ရေးကိုလိမ်ယူခြင်းကြောင့် ဗိုလ်ချုပ် အောင်ဆန်းကွယ်လွန်စဉ်ကစ၍ ဖြစ်လာသော လူတန်းစားဆက်သွယ်တည်နေပုံအသစ် (New Class Alignment)) သည် ပိုပြီးပြည့်စုံလာခဲ့ပြီ။     ထို့ကြောင့် ငါတို့သည် အသစ်ဖြစ်သော သေနင်္ဂ ဗျူဟာနှင့် နည်းပရိယာယ်ကို ချမှတ်သင့်လေပြီ'
(ဂိုရှယ်စာတမ်း)
xxx
ဂိုရှယ်သည် ယင်း၏စာတမ်းထဲတွင် ဆူပူသောင်း ကျန်းရေးကိုသာလျှင် လှုံ့ဆော်ခဲ့သည်။ ဗိုလ်တာရာ၏ ပျဉ်းမနားသူပုန်နယ်မြေ၊ ဦးစိန္တာနှင့်ဗုံပေါက်သာကျော် တို့၏ရခိုင်သူပုန်နယ်မြေများကိုထောက်ခံရန်နှင့် ယင်း နယ်မြေများကိုလွတ်မြောက်ရေးဒေသအဖြစ်သတ်မှတ် ပြီး တစ်စတစ်စတိုးချဲ့သွားရမည်ဟုလည်းဆိုသည်။(၁။  သိန်းဖေမြင့်၊ တော်လှန်ရေးကာလ နိုင်ငံရေးအတွေ့အကြုံများ၊ စာမျက်နှာ ၃၅၄။)
xxx
'တရုတ်ပြည်မှာ ယီနန်လွတ်မြောက်ရေးဒေသမှ တစ်ပြည်လုံးလွတ်မြောက်ရေးသို့ရောက်ခဲ့သည် မဟုတ်လော'
(ဂိုရှယ်စာတမ်း)
xxx
'အရေးအကြီးဆုံးအလုပ်မှာ တိုက်ခိုက်ရေးတပ် များတည်ထောင်ရန်ဖြစ်သည်။ ထိုတပ်များမှာ ပြည်သူ့ရဲဘော်တက်ကြွသောအပိုင်းများပါဝင်လာသော တပ်နီများပေါ်တွင် အခြေခံပြုရမည်။ ပြည်သူ့ရဲဘော် တပ်နီညီညွတ်ရေးကို အခြေခံရမည်။ တိုက်ခိုက်ရေးတပ်များအား ပြောက်ကျား စစ်ဆင်နွှဲရေးများသင်ကြား ပေးရမည်' (၂။  သိန်းဖေမြင့်၊ တော်လှန်ရေးကာလ နိုင်ငံရေးအတွေ့အကြုံများ၊ စာမျက်နှာ ၃၅၅။)
'ဗမာပြည်တော်လှန်ရေးကံကြမ္မာနှင့်အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများ၏တော်လှန်ရေး ကံကြမ္မာများ သည်ဆက်နေသည်။ ယနေ့အခြေ အနေသည်ကျွန်ုပ်တို့ပခုံးပေါ်သို့အရေးကြီးသော တာဝန်ကြီးကျရောက်နေသည်။ အရှေ့တောင် အာရှအိမ်နီးနားချင်းနိုင်ငံများတို့တွင် အလားတူ ဖြစ်ရပ်များပေါ်လာအောင် ကူးစက်သွားစေမည့် တော်လှန်ရေးအုံကြွမှုကြီးနှင့် ထကြွမှုကြီးများကို ကျွန်ုပ်တို့သည် ရှေ့ဆောင်ရှေ့ရွက်ပြုလုပ်လိုက်သူများ (Initiators) ဖြစ်လာနိုင်ကြပေသည်' (၃။  သိန်းဖေမြင့်၊ တော်လှန်ရေးကာလ နိုင်ငံရေးအတွေ့အကြုံများ၊ စာမျက်နှာ ၃၅၅။)
(ဂိုရှယ်စာတမ်း)
xxx
သခင်သန်းထွန်းသည် ဂိုရှယ်လမ်းစဉ်ကိုလက်ခံ လိုက်သည်။ ပေါ်လစ်ဗျူရိုမှတစ်ဆင့်ဗဟိုကော်မတီ အစည်းအဝေးကလည်း လက်ခံသည်။ ထို့နောက်ပါတီ ကွန်ဖရင့်က လက်ခံအောင်လုပ်သည်။ ပျဉ်းမနား ညီလာခံတွင် ဂိုရှယ်လမ်းစဉ်ကို လက်တွေ့ကျင့်သုံးရန် လည်း ဆုံးဖြတ်လိုက်သည်။
ဗမာပြည်ကွန်မြူနစ်ပါတီသည်  ဂိုရှယ်၏   စီမံကိန်းများကို  လက်ခံလိုက်ပြီးသည့်နောက်နု-အက်တလီ စာချုပ်ကိုပိုမို၍ပုတ်ခတ်ဝေဖန်လာသည်။ လက်ျာဖရီးမင်းစာချုပ်ကို ထောက်ပြ၍ မြန်မာနိုင်ငံသည် အမှန်တကယ် လွတ်လပ်ခြင်းမဟုတ်သေး။ စစ်ရေးနှင့် စီးပွားရေးကိစ္စများတွင် လွတ်လပ်မှုမရှိသေး ကြောင်း ဝါဒဖြန့်ခဲ့သည်။ လက်ျာ-ဖရီးမင်းစာချုပ်အရ အင်္ဂလိပ်စစ်မစ်ရှင်ကို သုံးနှစ်တာကာလအထိ လက်ခံ ထားရခြင်း၊ အင်္ဂလိပ်အစိုးရ၏ အကြွေးငွေပေါင်းများစွာ ကို မြန်မာအစိုးရက ပေးဆပ်ရန်ကတိပြုရခြင်းတို့ကို ထောက်ပြ၍ ဝါဒဖြန့်သောအခါ ကွန်မြူနစ်တို့နှင့် နီးစပ်သူများသည် ယင်းတို့၏ဆွဲဆောင်မှုနောက်သို့ ပါကုန်ကြသည်။ ထို့အပြင် ပါတီတွင်းမှာလည်း ဂိုရှယ်၏ လမ်းစဉ်ကို လက်ခံလာကြသည်။
ဂိုရှယ်၏လုပ်ရပ်များသည် ဗမာပြည်ကွန်မြူနစ် ပါတီ၏တရားဝင်လှုပ်ရှားမှုများနှင့်မူ ဆန့်ကျင်လျက်ရှိ သည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် ဗဟိုကော်မတီ၏ သဘောတူညီချက်ကို  မရရှိဘဲလမ်းစဉ်သစ်ကို        ဖော်ထုတ်သည့်အတွက် ဂိုရှယ်အား သတိပေးအရေးယူ လိုက်သည်။ သို့သော် အရေးယူမှုမှာပါတီ၏စည်းကမ်း အရ မယူမဖြစ်ယူရသဖြင့် ဟန်ပြသာဖြစ်သည်။ ဂိုရှယ် စီမံကိန်းကိုမူ လက်ခံအတည်ပြုပြီးလေပြီ။
အိန္ဒိယနိုင်ငံတွင်လည်း အိန္ဒိယကွန်မြူနစ်ပါတီ သည် တိုင်းရင်းသားဓနရှင်လူတန်းစားကို ရန်သူအဖြစ် တိုက်ခိုက်နေပြီဖြစ်ရာ မြန်မာပြည်တွင်လည်း တိုက်ခိုက် သင့်သည်ဟု ကွန်မြူနစ်တို့ကယူဆနေသည်။ ထို့ကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ဦးတည်ရန်သူမှာ ဖဆပလ အစိုးရဖြစ်လာသည်။ ထိုအချိန်တွင် ကွန်မြူနစ်ပါတီ၏ ခါးပိုက်ဆောင်တပ်အဖြစ် တပ်နီ၏အင်အားမှာလည်း အတန်အသင့်တောင့်တင်းနေပြီဖြစ်ရာ ကွန်မြူနစ်များ သည် လက်နက်ကိုင်တော်လှန်ရေးအတွက် သွေးကြွလာ ကြတော့သည်။ ဆိုရှယ်လစ်များနှင့် ပူးပေါင်းရေးမှာမူ လမ်းစရှာမရတော့ဘဲ ရန်သူသဖွယ် ဖြစ်လာကြသည်။ဆိုရှယ်လစ်တို့လွှမ်းမိုးသော ဖဆပလ အစိုးရကလည်း ပုဒ်မ(၅)ဖြင့် ကွန်မြူနစ်ပါတီကို နှိပ်ကွပ်လာလေရာ လက်နက်ကိုင်အုံကြွရန်လမ်းစများပင် ဖြစ်တော့၏။
ပျဉ်းမနားညီလာခံ
ဗမာပြည်ကွန်မြူနစ်ပါတီသည် ယင်းတို့၏နိုင်ငံ ရေးအင်အားကောင်းသောပျဉ်းမနားမြို့တွင် ညီလာခံ ကြီးတစ်ရပ်ကျင်းပရန် ပြင်ဆင်လိုက်သည်။ ပေါ်လစ်ဗျူ ရိုသည် ဂိုရှယ်၏စီမံကိန်းကိုအတည်ပြုပြီးဖြစ်သည်။ ဗဟို ကော်မတီကလည်း အတည်ပြုသည်။ ပါတီကွန်ဖရင့် အထိ ဂိုရှယ်လမ်းစဉ်သစ်ကို အဆင့်ဆင့်လက်ခံကြ သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ပြည်သူလူထုကတစ်ခဲနက် ထောက်ခံရန်ရည်ရွယ်ချက်ဖြင့် ပျဉ်းမနားညီလာခံကို ကျင်းပခြင်းဖြစ်သည်။
၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလတွင် အိန္ဒိယပြည် ကာလကတ္တားမြို့၌ ကမ္ဘာ့ဒီမိုကရက်တစ် လူငယ် အဖွဲ့ချုပ်နှင့်  ကမ္ဘာ့ကျောင်းသားအဖွဲ့ချုပ်တို့က     ကြီးမှူး၍ အရှေ့တောင်အာရှလူငယ်ညီလာခံကို ကျင်းပရာ ဗမာပြည်ကွန်မြူနစ်ပါတီမှ တပ်နီဌာနချုပ် ကိုယ်စားလှယ်များတက်ရောက်ကြသည်။ အိန္ဒိယ ကွန်မြူနစ်ပါတီကလည်း ဒုတိယအကြိမ်မြောက် ညီလာခံကိုကျင်းပလျက်ရှိရာ သခင်သန်းထွန်းကိုယ်တိုင် ဦးဆောင်ပြီး ညီလာခံသို့တက်ရောက်သည်။ ကာလ ကတ္တားတွင် ကျင်းပသော လူငယ်ညီလာခံကို ဗြိတိသျှ အင်ပါယာအတွင်းမှ ကွန်မြူနစ်များ၏ညီလာခံ  ဟုလည်း ခေါ်ဆိုကြသည်။ ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်များသည် ယင်းညီလာခံတွင် ပြည်ပ ကွန်မြူနစ်များနှင့် ရင်းနှီးမှုရရှိလာသည်။
ဆိုဗီယက်နိုင်ငံသည် အမေရိကန်၊ ဗြိတိန် စသော အရင်းရှင်နိုင်ငံကြီးများနှင့် စင်ပြိုင်ရပ်တည်လာနိုင်ခြင်း၊ တရုတ်ကွန်မြူနစ်များ အောင်ပွဲခံလာကြခြင်း၊ အရှေ့ ဥရောပကွန်မြူနစ်နိုင်ငံများပေါ်ထွန်းလာခြင်းတို့သည် အရှေ့တောင်အာရှကွန်မြူနစ်များအဖို့စိတ်ကူးယဉ်စရာ    အားကျစရာဖြစ်၍လာသည်။
ကာလကတ္တားညီလာခံသို့ ဆိုဗီယက်ယူနီယံ၊    ယူဂိုဆလားဗီးယား၊ ဖိလစ်ပိုင်၊ အင်္ဂလန်၊ အင်ဒိုနီးရှား နှင့် အိန္ဒိယနိုင်ငံတို့မှ ကွန်မြူနစ်ခေါင်းဆောင်များ   တက်ရောက်ကြရာ မြန်မာကွန်မြူနစ်များနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ မြန်မာ၊ ယူဂိုဆလားဗီးယား၊ သြစတြေးလျ၊ သီဟိုဠ်နှင့်ဗီယက်နမ်ကွန်မြူနစ်ပါတီတို့ ဗီယက်နမ် အခြေအနေနှင့်ပတ်သက်၍ဆွေးနွေးကြရာ ဗီယက်နမ်နိုင်ငံ၏ ဆိုးရွားလှသောအခြေအနေကို ကယ်တင်ရန်အတွက် မြန်မာပြည်မှထကြွသောင်းကျန်း ရန်လိုကြောင်း၊ ယူဂိုဆလားဗီးယားကိုယ်စားလှယ်က အကြံပေးခဲ့သည်။ သခင်သန်းထွန်းကလည်း ဖဆပလ အစိုးရက တစ်ချက်ထိုးလျှင် မိမိကနှစ်ချက်ထိုးမည် ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီက ကူမင်တန်များ ကို တိုက်ထုတ်သကဲ့သို့ ဗမာပြည်ကွန်မြူနစ်ပါတီ ကလည်း ဖဆပလကိုတိုက်ခိုက်မည်ဖြစ်ကြောင်း၊ မိမိ တို့တွင် ပြောက်ကျားတပ်သားများ သိန်းနှင့်ချီ၍ ရှိနေကြောင်းညီလာခံတွင် ဟိတ်ဟန်ထုတ်၍ ကြေညာ ခဲ့သည်။
၁၉၄၈ခုနှစ်၊ မတ်လ ၈ ရက်တွင် ဓနိတော ဘီအိုစီတွင် ကုမ္ပဏီနှင့်အလုပ်သမားပဋိပက္ခစတင်ဖြစ် ပွားရာ ဂိုရှယ်သည် ပျဉ်းမနားညီလာခံသို့လိုက်မသွား ဘဲ ဖူးကား၊ စတီးဘရားသားနှင့်အဖောင်သစ်စက်များ၊ ဧရာဝတီ ဖလုတ်တီယာ သင်္ဘောကျင်း၊ ဘီဘီတီစီ အယ်လ် ကုမ္ပဏီများတွင် သပိတ်များဖြစ်ပေါ်လာ အောင်ဖန်တီးလှုံ့ဆော်သည်။ ယင်းသပိတ်များမှ အထွေ ထွေသပိတ်ကြီးဖြစ်လာစေရန် ဂိုရှယ်ကတာဝန်ယူ     ဖန်တီးပေးရမည်ဖြစ်သည်။ ဖဆပလအစိုးရသည် ဓနိ တော ဘီအိုစီသပိတ်နှင့်ပတ်သက်၍ကွန်မြူနစ်များ သည် ဘီအိုစီကုမ္ပဏီနှင့်အလုပ်သမားပဋိပက္ခမှ အစိုးရ နှင့်ပြည်သူလူထုပဋိပက္ခဖြစ်အောင်လှုံ့ဆော်နေကြောင်း စွပ်စွဲကြေညာခဲ့သည်။ မတ်လ ၁၂ ရက်တွင် ပဲခူး၊ အင်းစိန်၊ ဟံသာဝတီခရိုင်တို့မှတက်လာသည့် တောင်သူ လယ်သမားများက မြေရှင်ဗျူရိုကရက် ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ရပ်ကို ဗန္ဓုလပန်းခြံတွင်ကျင်းပကြသည်။ ထိုနေ့မှာပင် ဆိုရှယ်လစ်များက သတင်းစာတိုက်များ ကို ဝင်ရောက်ဖျက်ဆီးခဲ့ကြသည်။
ဆိုရှယ်လစ်ပါတီဝင်များနှင့်ပြည်သူ့ရဲဘော်တို့၏ ပဋိပက္ခများကြီးမားနေစဉ်မှာပင် ၁၉၄၈ခုနှစ်၊ မတ်လ ၁၃ရက်မှစ၍ ဗမာပြည်ကွန်မြူနစ်ပါတီက ကြီးမှူး၍ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂကွန်ဂရက်ကို ပျဉ်းမနားမြို့တွင်ကျင်းပသည်။ ထိုကွန်ဂရက်သို့ ယူဂို ဆလားဗီးယားကွန်မြူနစ်ပါတီကိုယ်စားလှယ်များအပါ အဝင် ကာလကတ္တားကွန်ဖရင့်သို့ တက်ရောက်ခဲ့သည့် နိုင်ငံခြားကွန်မြူနစ်ကိုယ်စားလှယ်များလည်းတက်ရောက် ခဲ့ကြသည်။
ပျဉ်းမနားညီလာခံဆုံးဖြတ်ချက်များမှာအောက်ပါ အတိုင်းဖြစ်သည်-(၁။ ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။)
(၁)     တိုင်းပြည်နှင့်တောင်သူလယ်သမားတို့ အကျိုးအပြင် နယ်ချဲ့နှင့် မြေပိုင်ရှင်ကြီးများ ကို အမြစ်ပါမကျန်လှန်ပစ်ရေးအတွက် တိုက်ပွဲဝင်ပြီးလျှင် အသက်နှင့်ပူဇော်သွားကြ သော ရဲဘော်များအား ဤအစည်းအဝေး ကြီးက မှတ်တမ်းတင်ပါသည်။ ကျဆုံးသူ ရဲဘော်တို့၏ မပြီးမပြတ်ကျန်ရစ်ခဲ့သော တိုက်ပွဲကို အဆုံးသတ်အောင်မြင်သည်အထိ ဆက်လက်တိုက်သွားရန် ဤအစည်းအဝေး ကြီးက ကြိုးပမ်းမည်။
(၂)     လွတ်လပ်ရေးရမှုအတွက် ဗြိတိသျှ၊ ဂျပန်၊ ဆာပေါ်ထွန်းအစိုးရနှင့်ဖဆပလအစိုးရတို့ကို  ရဲရင့်စွာဖြင့်တွန်းလှန်တိုက်ခိုက်ခဲ့သော ရခိုင် လွတ်လပ်ရေးတိုက်ပွဲဝင်ရဲဘော်များ၏သတ္တိ ကို လှိုက်လှိုက်လှဲလှဲချီးကျူးကြောင်း ဤ အစည်းအဝေးကြီးက မှတ်တမ်းတင်ပါသည်။
(၃)     ယခင်ကအငှားချထားသောမြေယာ အားလုံး ကို အတင်းဝင်ရောက်ပြီးလျှင် မြေရှင်တို့ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ထွန်ယက်လုပ်ကိုင်ရန် ဤအစည်းအဝေးကြီး ကပြဋ္ဌာန်းသည်။
(၄)     ရန်ကုန်မြို့တွင်ဖြစ်ပွားနေသော ဘီအိုစီ သပိတ်နှင့်အခြားသပိတ်များကို ဤအစည်း အဝေးကြီးက လုံးဝထောက်ခံသည်။
(၅)     တောင်သူလယ်သမားများနှင့် လယ်သမား၊ အလုပ်သမားများလည်း ကိုယ်ပိုင်လယ်များ ရရှိစေရန် တောင်သူလယ်သမားသမဂ္ဂများ နှင့် လယ်ယာအလုပ်သမားသမဂ္ဂများဖွဲ့စည်း ရန် ဤအစည်းအဝေးကြီးက ပြဋ္ဌာန်းသည်။
(၆)     ဖက်ဆစ်ဝါဒ(ဖဆပလ)ကို မည်သည့်နည်း ဖြင့်မဆိုချေမှုန်းသုတ်သင်ပစ်ရန် ဤအစည်း အဝေးကြီးက ပြဋ္ဌာန်းသည်။
(၇)     တတိယအကြိမ်မြောက် ဗမာနိုင်ငံလုံး  ဆိုင်ရာ  တောင်သူလယ်သမားညီလာခံ အစည်းအဝေးကို ပဲခူးမြို့တွင်ကျင်းပရန် ဤ အစည်းအဝေးကြီးက ပြဋ္ဌာန်းသည်။
အထက်ပါဆုံးဖြတ်ချက်များကိုကြည့်လျှင် ဗမာပြည်ကွန်မြူနစ်ပါတီသည် လက်နက်ကိုင်သောင်းကျန်း ရေးအတွက် လယ်သမားများကိုအုံကြွစေရန် မြှောက်ပင့်သွေးထိုးပေးခြင်းပင်ဖြစ်သည်။ ယင်းညီလာခံတွင်  သခင်သန်းထွန်းက  'ကွန်မြူနစ်ပါတီကိုဖြစ်စေ၊ ကွန်မြူနစ်သတင်းစာကိုဖြစ်စေ၊ ကွန်မြူနစ်ခေါင်းဆောင် တွေကိုဖြစ်စေ ရန်သူက တိုက်ခိုက်လာရင် ဗမာတစ်ပြည်လုံးမှာရှိတဲ့ ဖက်ဆစ်အဖွဲ့အစည်းမှန်သမျှ အမြစ်က လှန်ပစ်ရမည်၊ ရှိသမျှအင်အားနှင့် တုံ့ပြန် တိုက်ခိုက်ရမည်' ဟူ၍ ကြုံးဝါးခဲ့သည်။
ပျဉ်းမနားညီလာခံတွင် တက်ရောက်နေသော မလေးရှားကွန်မြူနစ်ခေါင်းဆောင်များက 'မိမိတို့နိုင်ငံ တွင် လူနှစ်ထောင်၊ သုံးထောင်စုရန်ခက်ခဲသော်လည်း ယခုပျဉ်းမနားညီလာခံတွင်မူ လူနှစ်သိန်းကျော်သည်။ ခေါင်းဆောင်စကားပြောနေလျှင် အပ်ကျသံမကြားရ အောင်ပင်ငြိမ်၍နားထောင်နေသည်မှာ အံ့သြမဆုံးနိုင် အောင်ရှိရကြောင်း' ချီးကျူးပြောဆိုလေရာ သခင် သန်းထွန်းမှာ များစွာသွေြး<ွကသွားရသည်။ ဤမျှ အင်အားရှိပါလျက် အဘယ့်ကြောင့်သူပုန်မထသေး သနည်းဟုလည်း မေးခဲ့သည်။ ယူဂိုဆလားဗီးယား လူငယ်ခေါင်းဆောင်တစ်ဦးကလည်း 'ခင်ဗျားတို့ ယခု လုပ်ရင်လုပ်၊ မလုပ်ရင် ခင်ဗျားတို့တော်လှန်ရေးပုပ်သိုး သွားလိမ့်မည်'ဟု သခင်သန်းထွန်းကို ပြောဆိုခဲ့သည်။ သခင်သန်းထွန်းသည် ပွဲလမ်းသဘင်ရှားပါးနေချိန်၊ လယ်ယာလုပ်ငန်းအားလပ်နေချိန် အထူးအဆန်းအဖြစ် စုဝေးရောက်ရှိလာသော လယ်သမားထုကြီးကို မိမိ၏ ပါတီဝင်များဖြစ်နေပြီဟု ထင်မှတ်ခဲ့သည်။ သို့သော် ယင်းအချိန်တွင် ဗမာပြည်ကွန်မြူနစ်ပါတီဝင်အင်အား မှာ ၂၅ဝဝခန့်သာရှိသည်။
တောခိုကြခြင်း
ဖဆပလအစိုးရသည်  ဂိုရှယ်ယူလာခဲ့သည့် လက်နက်ကိုင်ပုန်ကန်ထကြွရေး စီမံကိန်းဖြစ်သော 'မြန်မာပြည်၏လက်ရှိနိုင်ငံရေးအခြေအနေနှင့်ငါတို့ လုပ်ငန်းတာဝန်များ' ဟူသောစာတမ်းကို မိတ္တူ တစ်စောင်ရရှိထားသဖြင့် ကွန်မြူနစ်များ၏ခြေလှမ်းကို အကဲခတ်စောင့်ကြည့်လျက်ရှိသည်။ ကေအင်န်ယူ ညီလာခံက မတ်လ ၃ရက်တွင် လက်နက်ကိုင်တိုက်ပွဲ ဝင်မည်ဟု ကြေညာပြီး မတ်လ ၁၈ရက်တွင် ပျဉ်းမနား ညီလာခံကလည်း လက်နက်ကိုင်လမ်းစဉ်ကိုသာဆုံးဖြတ် ပြန်ရာဖဆပလအစိုးရမှာအခက်အခဲများစွာနှင့်ရင်ဆိုင် နေရတော့သည်။ ထိုအချိန်တွင် ဖဆပလအတွင်းမှ ဆိုရှယ်လစ်ပါတီနှင့်ပြည်သူ့ရဲဘော်အဖွဲ့ချုပ်သည်လည်း ညီညွတ်မှုမရှိချေ။ တစ်တိုင်းတစ်ပြည်လုံးတွင်လည်း ပြည်သူလူထုသည် လွတ်လပ်ခြင်း၏အရသာကိုမခံစား ရဘဲ ဆူပူအုံကြွမှုများနှင့်သာ တွေ့ကြုံနေရသည်။
၁၉၄၈ခုနှစ်၊ မတ်လ ၂၅ရက်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ၏အာဘော်ဖြစ်သော ပြည်သူ့အာဏာ ဂျာနယ်က 'ပါတီနှင့်ပြည်သူ့အာဏာကို တိုက်ခိုက်လာ ရင် တစ်ပြည်လုံးကခုခံတိုက်ခိုက်ရန်'ဟု အတိအလင်း ရေးသားလာသောအခါ ဖဆပလအစိုးရသည်ပြည်သူ့ အာဏာတိုက်မှ ပုံနှိပ်တိုက်ကို ချိပ်ပိတ်လိုက်သည်။ မတ်လ ၂၆ရက်တွင် ဖဆပလအစိုးရက ကွန်မြူနစ်တို့ ကို ဖမ်းဆီး၍ပြင်းထန်စွာအရေးယူရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်ပြည်သူ့ရဲဘော်များက အချက်လေးချက်ဖြင့် ကြားဝင်စေ့စပ်လာသောကြောင့် အရေးယူရေးကို     ရွှေ့ဆိုင်းခဲ့ရသည်။ ပြည်သူ့ရဲဘော်တို့တင်ပြသော အချက်လေးချက်မှာ အောက်ပါအတိုင်းဖြစ်သည်-
(၁)     သန့်ရှင်းစင်ကြယ်သော ဖဆပလအဖွဲ့ကြီးဖြစ် အောင်ကြိုးစားရန်။
(၂)     ပြည်တွင်းစစ် မဖြစ်ရအောင် ကာကွယ်  စောင့်ရှောက်ရန်။
(၃)     အလံနီကွန်မြူနစ်၊သခင်သန်းထွန်းကွန်မြူနစ်၊ဆိုရှယ်လစ်ပြည်သူ့ရဲဘော် အစရှိသော လက်ဝဲ အင်အားစု များ၏ညီညွတ်ရေးကိုရရှိရန်။
(၄)     ၁၊ ၂၊ ၃ အချက်များကိုဖြစ်အောင်ကြိုးစား နိုင်ရန်အတွက် ကွန်မြူနစ်များကလည်း ဆူပူ မှုများကို ခေတ္တရပ်ဆိုင်းထားရန်နှင့် အစိုးရ ကလည်း ပြင်းပြင်းထန်ထန်အရေးယူမှုများ ကို ခေတ္တရပ်ဆိုင်းထားရန်။
ထိုသို့ပြည်သူ့ရဲဘော်များက ဝင်ရောက်စေ့စပ် သဖြင့် ဖဆပလအစိုးရသည် ဖဆပလအဖွဲ့နှင့်အစိုးရ၏ ကိုယ်စားလှယ်များအဖြစ် ထိုစဉ်က ဒုတိယဝန်ကြီးချုပ် နှင့်  ကာကွယ်ရေးဝန်ကြီးဗိုလ်လက်ျာ၊ ဗိုလ်မှူးအောင်၊ ဝန်ကြီးများဖြစ်သော မန်းဝင်းမောင်၊ ဆမားဒူဝါ ဆင်ဝါးနောင်၊ ဦးဝမ်းသူမောင်နှင့်ဦးညိုထွန်းတို့အား ခန့်အပ်၍ ကွန်မြူနစ်ခေါင်းဆောင်များနှင့် ဆွေးနွေး ရန်ကြိုးစားခဲ့ကြသည်။ ပြည်သူ့ရဲဘော်များနှင့် ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၂၆ရက်တွင်သုံးကြိမ် တိုင်တိုင်ဆက်သွယ်ခဲ့သော်လည်း ကွန်မြူနစ်များက အတွေ့မခံခဲ့ပေ။ ထိုစဉ် ကွန်မြူနစ်များ၏ ပုန်ကန်ထကြွရန်သတင်းများရရှိလာသဖြင့် အစိုးရကအရေးယူရန် စီစဉ်ပြန်ရာ ပြည်သူ့ ရဲဘော်များ၏ တောင်းပန်ချက် ကြောင့် မတ်လ ၂၇ရက် ညနေပိုင်းအထိရွှေ့ဆိုင်း ရပြန်သည်။ မတ်လ ၂၇ရက် နံနက်တွင် ကွန်မြူနစ်ပါတီသည် တော်လှန်ရေးနေ့ အခမ်းအနားကို ဗန္ဓုလပန်းခြံ တွင် ကျင်းပရာ သခင်သန်းထွန်းက 'အေးအေးနေချင် တဲ့ သခင်နုကို အအေးဆုံးနေရာဖြစ်တဲ့ သင်္ချိုင်းကို ပို့ပစ်ရမယ်၊ ဗားကရာ ချောက်ကြီးမှာ ဆိုရှယ်လစ်အရိုး တောင်လိုပုံစေရမယ်' စသည်ဖြင့် ခြိမ်းခြောက်လိုက် ပြန်သည်။ ထို့နောက် သခင်သန်းထွန်းက စေ့စပ် ဆွေးနွေးရန်အတွက် မတ်လ ၂၈ရက်ညအထိ ရွှေ့ဆိုင်းပေးပါရန် ဖဆပလခေါင်းဆောင်များထံ စာပြန်လာပြန်သည်။
ဖဆပလအစိုးရသည် မတ်လ ၂၈ရက်တွင်    ညနေအထိစောင့်မနေတော့ဘဲ နံနက်ပိုင်း၌ ကွန်မြူနစ် ခေါင်းဆောင်များကို ပြည်သူ့ရဲဘော်များနှင့်အတူ လိုက်လံဖမ်းဆီးလေသည်။ သို့သော် ကြိုတင်သတင်း ရရှိသော ကွန်မြူနစ်များမှာ တောခိုရှောင်တိမ်း သွားကြတော့သည်။ သခင်သန်းထွန်းသည် လက်နက် ကိုင် ပုန်ကန်ရန် ညွှန်ကြားချက်များကို  တစ်ပြည်လုံးရှိ ကွန်မြူနစ်များထံသို့ ထုတ်ပြန်လိုက်လေရာ ဗမာပြည် ကွန်မြူနစ်ပါတီသည်  ထိုနေ့မှစ၍  လက်နက်ကိုင် ပုန်ကန်သောင်းကျန်းမှုကို အတိအလင်း စတင်လိုက် လေ၏။
ဖဆပလအစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ် သခင်နုသည် ကွန်မြူနစ်ပါတီတောခိုသွားသည့် ၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ရက်ညမှာပင် တိုင်းပြည်သို့ ရေဒီယို မှတစ်ဆင့်အသံလွှင့်၍ရှင်းလင်းခဲ့ရသည်။ သခင်နုက ကွန်မြူနစ်များက ဆူပူအုံကြွရေးအတွက် လှုံ့ဆော်ပုံ၊ စေ့စပ်ရေးကို ရှောင်လွှဲကြပုံများကိုပြောကြားခဲ့သည်။
'ဓနိတော ဘီအိုစီကုမ္ပဏီနဲ့ဖူးကား၊ ဘုံဘေဘားမားသစ်ကုမ္ပဏီများမှ အလုပ်သမားများဟာ သပိတ်မှောက် နေကြပါတယ်။ အချို့အလုပ်သမားများ ကို ကွန်မြူနစ်တို့ကခြိမ်းခြောက်ပြီး သပိတ်မှောက် ခိုင်းကြတာဖြစ်ပါတယ်။ သူတို့ထဲက ဖဆပလကို သူတို့ကိုကယ်တင်ဖို့ အကူအညီတောင်းကြတာတွေ ရှိပါတယ်'(၁။ သိန်းဖေမြင့်၊ တော်လှန်ရေးကာလ နိုင်ငံရေး အတွေ့အကြုံများ၊ စာမျက်နှာ ၃၇ဝ မှ ၄ဝ၃ အထိ။)  ဟု သခင်နုက ရှင်းပြသည်။
ကွန်မြူနစ်များသည် တောမခိုခင်ကပင် လက်နက် များကို နယ်သို့ပို့နေကြောင်းသတင်းထွက်နေသည်။ သောင်းကျန်းမှုစတင်သည်နှင့် ကွန်မြူနစ်များသည်    မြို့ငယ်အချို့နှင့်  ရဲကင်းစခန်းများကို  စီးနင်း၍  သိမ်းပိုက်လိုက်နိုင်ကြသည်။ သို့သော်မြို့ကြီးများကို သိမ်းပိုက်နိုင်သည်အထိကား  အင်အားမရှိကြသေး   ပေ။ လက်နက်ကိုင်တိုက်ခိုက်မှုအနည်းငယ်ဖြစ်ပွား လာပြီး အချို့နေရာများတွင်မူ တိုက်ခိုက်မှုမပြုလုပ် ကြဘဲ ကွဲပြားသောလက်နက်ကိုင်တပ်များ (တပ်မတော်၊ ပြည်သူ့ရဲဘော်၊ တပ်နီစသည်) အချင်းချင်းနားလည် မှု ရယူကာ ရပ်တည်နေကြသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုသွားသော   အခါ ကိုသိန်းဖေမပါဝင်ခဲ့ပေ။ ကိုသိန်းဖေသည် တော်လှန်ရေးနေ့အတွက် အမည်ရှိစာတမ်းကို တင်သွင်း၍ လက်နက်ကိုင်လမ်းစဉ်ကို ကန့်ကွက်ကာ လက်ဝဲညီညွတ်ရေးကို တိုက်တွန်းခဲ့သည်။ ထို့နောက်ပါတီက အသိအမှတ်မပြုမှုများကို စိတ်ပျက်ကာ နုတ်ထွက်လိုက်သည်။  ထို့ကြောင့်  မြေအောက် အဖွဲ့အစည်းဖြစ်သွားသော ကွန်မြူနစ်ပါတီတွင် အဓိက ခေါင်းဆောင်မှုမှာ သခင်သန်းထွန်းနှင့် ဂိုရှယ်၏လက်ထဲတွင်သာ ကျရောက်နေလေသည်။

Share this article :

0 comments:

Post a Comment

 
ဆက်သွယ်ရန် mmpolitical2013@gmail.com :
Template Modify by Creating Website Myanmar Political Research Organization