Home » » အခန်း(၇) ပြည်တွင်းသောင်းကျန်းသူအဖွဲ့အစည်းများ၏အခြေအနေ

အခန်း(၇) ပြည်တွင်းသောင်းကျန်းသူအဖွဲ့အစည်းများ၏အခြေအနေ


အခန်း(၇)
ပြည်တွင်းသောင်းကျန်းသူအဖွဲ့အစည်းများ၏အခြေအနေ
(၁၉၇၁-၁၉၇၂ ခုနှစ်)
ဗမာပြည်ကွန်မြူနစ်ပါတီ(နစ်ဖြူ)
ပဲခူးရိုးမတွင် အခြေစိုက်နေသော ဗမာပြည်ကွန် မြူနစ်ပါတီသည် အဘက်ဘက်မှကျဆင်းနေဆဲပင် ဖြစ် သည်။ ခေါင်းဆောင်မှုမှာလည်း ချွတ်ခြုံကျ၍လာသည်။ ၁၉၆၃ ခုနှစ်၊ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားပြီးနောက် အစဉ်အလာရှိသော ခေါင်းဆောင် များဖြစ်သည့် ဗိုလ်ရန်အောင်၊ ရဲဘော်ဌေး၊ ဂိုရှယ် (ခေါ်) ဘတင်၊ ရဲဘော်စိုးသန်းနှင့် ပြည်ပပြန်ဗိုလ်ထွန်းငြိမ်းတို့မှာ ဖြုတ်ထုတ်သတ်လမ်းစဉ်ကြောင့် အသတ်ခံခဲ့ ကြရပြီးဖြစ်ပါသည်။ ပါတီတွင်းပဋိပက္ခ ပြင်းထန်နေစဉ်တွင် တပ်မတော်၏ထိုးစစ်များကြောင့် ၁၉၆၈ ခုနှစ် ဧပြီလ (၂၄) ရက်တွင် ဗိုလ်ဇေယျ ကျဆုံးခဲ့ရသည်။ စက်တင်ဘာလ(၁၉)ရက်တွင် သခင် သန်းထွန်း လုပ်ကြံခံရပြန်သည်။ မရှေးမနှောင်းမှာပင် နိုဝင်ဘာလ(၁၁) ရက်၌ ဗဟိုကော်မတီ ဒေါက်တာ နတ်ကျဆုံးပြန်သည်။ နိုဝင်ဘာလ(၂၂)ရက်တွင် ဗဟိုကော်မတီ ရဲဘော်မြကို ဖမ်းဆီးရမိခဲ့သည်။ ၁၉၆၉ ခုနှစ်၊ ဧပြီ (၃)ရက်တွင် ရဲဘော်အောင်ကြီး ကျဆုံးပြန်သည်။(၁။    ကက(ကြည်း) စီမံရေးဌာနစု၏ ပြည်တွင်းသောင်းကျန်းသူ(၁၉၇၂ ခုနှစ်၊ မတ်လ)၊ စာမျက်နှာ ၃။)




 

သခင်သန်းထွန်းကျဆုံးပြီးနောက် သခင်ဇင်က ဥက္ကဋ္ဌအဖြစ်ဆက်လက်ဆောင်ရွက်ရာ အောက်ခြေက ရာနှုန်းပြည့်ယုံကြည်ကိုးစားသောခေါင်းဆောင်မှုကို မတည်ဆောက်နိုင်ခဲ့ပေ။ ဖြုတ်ထုတ်သတ်လမ်းစဉ်နှင့် ပြည်သူ့ဆန့်ကျင်ရေး လုပ်ရပ်များကိုသာ ဆက်လက် ကျင့်သုံးနေသောကြောင့်လည်း ကျဆင်းမြဲကျဆင်းနေ သည်။ သခင်ဇင်နှင့် ပါတီဗဟိုသည် ၁၉၇ဝ ပြည့်နှစ် နောက်ပိုင်းတွင် တိုက်တိုင်းအောင် (၁) နှင့် တိုက်တိုင်း အောင်(၃)ကို စုစည်း၍ ပါတီသိက္ခာကျမှုကို အဖတ် ဆယ်နိုင်ရန် အပြင်းအထန်ကြိုးစားခဲ့သည်။ စစ်ရေးအရ တိုက်ကွက်များ ဖော်ထုတ်လာပြီး တောင်ငူခရိုင်တပ်ကို လည်း တိုက်တိုင်းအောင်(၄) အဖြစ် ပြောင်းလဲဖွဲ့စည်း ခဲ့သည်။ တိုက်ပွဲများတွင်လည်း အသင့်အတင့်အမြတ် ရလာကြသည်။
၁၉၇ဝ ပြည့်နှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုသည် စစ်ရေးအောင်မြင်မှုအချို့ကြောင့် ပြန်လည် စိတ်ဓာတ်တက်ကြွလာပြီး နိုင်ငံရေး၊ စစ်ရေးလှုပ်ရှား မှုများ ပိုမိုများပြားလာသည်။ ကေအင်န်ယူပါတီနှင့် ညှိနှိုင်း၍ မဒညတအသွင်ကိုလည်း ပို၍အကောင် အထည်ဖော်လာနိုင်သည်။ ၁၉၇၁ ခုနှစ်အကုန် ၁၉၇၂ ခုနှစ်အစပိုင်းတွင် တိုက်တိုင်းအောင် (၅)ကို ရေတာရှည်၊ မြို့လှအနောက်ခြမ်းတွင်ဖွဲ့စည်းပြီးဖြစ်ရာ တောင်ငူ ခရိုင်တွင် နစ်ဖြူအင်အားကြီးထွားလာပြန်သည်။
၁၉၇၂ ခုနှစ်  အစပိုင်းတွင်  သခင်ဇင် ခေါင်းဆောင်သော  ဗဟိုဌာနချုပ်၊  ဖုန်းကျော် ခေါင်းဆောင်သော တိုက်တိုင်းအောင် (၁)နှင့် (၃)၊ ပဲခူးခရိုင်မြို့နယ်အဖွဲ့များ စုစုပေါင်းအင်အား ၂၅ဝ ခန့်သည် ကတုတ်ဘုရားကြီးနှင့် ပဲနွယ်ကုန်းအကြား ပဲခူးရိုးမအရှေ့ဘက်တွင်လည်းကောင်း၊  လှကျော် ခေါင်းဆောင်သော တိုက်တိုင်းအောင်(၄)မှ အင်အား ၇ဝ ခန့်သည် တောင်ငူနှင့်ဖြူး အရှေ့ခြမ်းထန်းတပင် မြို့နယ်တွင်လည်းကောင်း၊ တိုက်တိုင်းအောင်(၂)မှ အင်အား ၃ဝ ခန့်သည် ပြည်နှင့်သရက်ခရိုင် နယ်စပ် တွင်လည်းကောင်း၊ မြင့်နိုင်နှင့် အင်အား ၇ဝ ခန့်သည် ရေတာရှည်အနောက်ခြမ်းတွင် တိုက်တိုင်းအောင်(၅) ကို ဖွဲ့စည်းလျက်လည်းကောင်း ခိုအောင်းလှုပ်ရှားနေ ကြသည်။ နစ်ဖြူဗဟိုနှင့် ပဲခူးရိုးမတိုင်းအဖွဲ့သည် စုစုပေါင်းအင်အား ၄ဝဝ ခန့်ဖြင့် ပဲခူးရိုးမဒေသကြီး အတွင်းတွင် အဖွဲ့လိုက်အစုလိုက် ဖြန့်ခွဲလှုပ်ရှားနေကြ ခြင်းပင်ဖြစ်သည်။
၁၉၇၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၁၉၇၂ ခုနှစ်၊ ဖေဖော်ဝါရီလအထိ တစ်နှစ်တာကာလအတွင်း တပ်မတော်စခန်းနှင့် စစ်ကြောင်းများအား ၁၁ ကြိမ် တိုက်ခိုက်ခဲ့ပြီး တပ်မတော်စစ်ကြောင်းများ၏တိုက်ခိုက် ခြင်းကို (၁)ကြိမ်သာခံခဲ့ရလေရာ စစ်ရေးအရ အကဲသာ သကဲ့သို့ ရှိလာသဖြင့် နစ်ဖြူများ စိတ်ဓာတ်တက်ြ<ွက လာကြသည်။ တွေ့ဆုံတိုက်ပွဲမှာ(၂)ကြိမ်သာရှိခဲ့သည်။ နစ်ဖြူတို့ဘက်မှ(၁၄)ဦးသေဆုံးပြီး(၆)ဦးဒဏ်ရာရကာ လက်နက်(၁)လက်ဆုံးရှုံးခဲ့ပြီး တပ်မတော်မှ(၁၉) ယောက်ကျဆုံး၊ (၂၁)ယောက် ဒဏ်ရာရရှိခဲ့သည်။ အရာရှိ(၁)ဦးအပါအဝင် (၃)ဦးအဖမ်းခံရပြီး လက်နက် (၁၅)လက်ကိုလည်း နစ်ဖြူများရရှိသွားခဲ့သည်။
နစ်ဖြူမြစ်ဝကျွန်းပေါ်တိုင်း
အစဉ်အလာရှိသောနစ်ဖြူမြစ်ဝကျွန်းပေါ် တိုင်းဥက္ကဋ္ဌ ရဲဘော်စိုးသန်းအသတ်ခံရခြင်း၊ တပ်မတော် နှင့် ပြည်သူတို့၏ ရွှေလင်းယုန်နှင့်မိုးဟိန်းစစ်ဆင်ရေးများတွင် ခေါင်းဆောင်နှင့် နောက်လိုက်အများအပြား ဆုံးရှုံးခဲ့ခြင်း တို့ကြောင့် နစ်ဖြူမြစ်ဝကျွန်းပေါ်တိုင်းသည် မူလဒေသဖြစ်သော ဧရာဝတီမြစ်နှင့်ငဝန်မြစ်အကြား ဒေသတို့ကို စွန့်လွှတ်လိုက်ရသည်။ ထို့နောက် ငဝန်မြစ် အနောက်ခြမ်းဒေသသို့ ပြောင်းရွှေ့ခိုအောင်းခဲ့ကြရ သည်။ ၁၉၇၁-၇၂ ခုနှစ်များတွင် ဗိုလ်သော်၊ အောင်ဖေ၊ အောင်ဒင်တို့ခေါင်းဆောင်သော မြစ်ဝကျွန်းပေါ်တိုင်း သည် ကေအင်န်ယူပါတီမှ အကြွင်းအကျန်အင်အား များနှင့်ပူးပေါင်း၍ မဒညတအသွင်ဖြင့် လှုပ်ရှားခဲ့ကြ သည်။ တပ်မတော်မှ စစ်ဆင်ရေးအရှိန်လျော့ပါးသွားချိန်ကို အခွင့်ကောင်းယူ၍ တိုက်ကွက်များဖော်ကြရာ ငသိုင်းချောင်း အနောက်ဘက်၊ ဂွမြို့နယ်နှင့် မရု ချောင်းဒေသတို့တွင် တပ်မတော်အား အလစ်အငိုက် ယူ၍ တိုက်ခိုက်ခဲ့ကြသည်။  ထိုတိုက်ပွဲများတွင် တပ်မတော်အရာရှိခုနစ်ယောက်အပါအဝင် ၄ဝ ယောက်ကျဆုံးခဲ့ရပြီး  ကိုးယောက်ဒဏ်ရာရကာ လက်နက်မျိုးစုံ ၅၇  လက်ဆုံးရှုံးခဲ့ရသည်။
နစ်ဖြူမြစ်ဝကျွန်းပေါ်တိုင်းတွင် အင်အား ၂၈ဝ ခန့်သည် ဟင်္သာတခရိုင်၊ ငဝန်မြစ်အနောက်ခြမ်းတွင် လည်းကောင်း၊ အင်အား ၆ဝ ခန့်သည် ပုသိမ်ခရိုင်၊ ငဝန်မြစ်အနောက်ဘက်ခြမ်းတွင်လည်းကောင်း လှုပ်ရှားခဲ့ကြသည်။ သို့သော် မြစ်ဝကျွန်းပေါ်ဒေသတွင် ကေအင်န်ယူပါတီမှာ ချုပ်ငြိမ်းလုဆဲဆဲရှိနေသည့်အပြင် ပဲခူးရိုးမနှင့်လည်း အပြန်အလှန်ဟန်ချက်ညီလှုပ်ရှားနိုင် မှုမရှိတော့သောကြောင့် နစ်ဖြူများမှာ တစ်စတစ်စ သေသူ၊ လက်နက်ချသူများဖြင့် လုံးပါးပါးလျက်ရှိသည်။ တိုက်စစ်ဆင်နိုင်ခြင်းထက် အခြေခံဒေသတည်ဆောက် ၍ လျှို့ဝှက်ခိုအောင်း နေနိုင်ရေးကိုသာ ဦးစားပေး၍ ဆောင်ရွက်နေရသည်။ တစ်နေရာတည်းတွင် အတည် တကျ အခြေပြုနိုင်ခြင်းမရှိဘဲ မကြာခဏ နေရာရွှေ့ ပြောင်းနေရလေသည်။(၁။      ကက(ကြည်း) စီမံရေးဌာနစု၏ ပြည်တွင်းသောင်းကျန်းသူ(၁၉၇၂ ခုနှစ်၊ မတ်လ)၊ စာမျက်နှာ ၅။)
နစ်ဖြူအနောက်မြောက်တိုင်းတပ်
ဗိုလ်သက်ထွန်းခေါင်းဆောင်သော အနောက် မြောက်တိုင်းတပ်တွင် အင်အား ၁၅ဝခန့်ရှိပြီးသရက်၊ မင်းဘူးခရိုင်နယ်စပ်၊ သရက်ခရိုင် အနောက်ခြမ်း၊ရခိုင် ရိုးမဒေသတို့တွင် လှည့်လည်ခိုအောင်း၍ တပ်မတော် စခန်းငယ်များ၊ စစ်ကြောင်းများကို အလစ်အငိုက်ယူ၍ တိုက်ခိုက်နေခဲ့သည်။ ရံဖန်ရံခါတွင် မင်းဘူးခရိုင်အ တွင်းပိုင်းသို့ပင် လှည့်လည်လှုပ်ရှားနိုင်ခဲ့သည်ကို တွေ့ ရသည်။ ၁၉၆၈ ခုနှစ်မှ ၁၉၇၁ ခုနှစ်အတွင်း ဗိုလ် သက်ထွန်းအဖွဲ့၏ တိုက်ခိုက်မှုကြောင့် တပ်မတော်မှ ၉၂ ယောက်ကျဆုံးခဲ့ရပြီး ၄၅ ယောက်ဒဏ်ရာရရှိခဲ့ ရသည်။ လက်နက်မျိုးစုံ ၁၈၁ လက် ဆုံးရှုံးခဲ့သည်။ ဗိုလ်သက်ထွန်းအဖွဲ့မှမူ ၁၄ ယောက်သေဆုံးပြီး လေး ယောက်သာ ဒဏ်ရာရရှိခဲ့သဖြင့် ဗိုလ်သက်ထွန်းသည် သရက်နှင့်   မင်းဘူးခရိုင်အခြေခံစစ်နယ်မြေ တည်ဆောက်ရန် ကြိုးပမ်းလာသည်။
ဗိုလ်သက်ထွန်းသည်  ၁၉၆၆ခုနှစ်၊ဇွန်လမှစ၍ သရက်ခရိုင် အနောက်ခြမ်း၊ မင်းဘူးခရိုင်တောင်ခြမ်း၊ ကျောက်ဖြူနှင့် သံတွဲနယ်စပ်ဒေသ၊ ရခိုင်ရိုးမဖိုးခေါင် တောင်တန်းဒေသများတွင် အနောက်ရိုးမစစ်ဒေသ အဖြစ် ဖွဲ့စည်း၍ အနောက်မြောက်တိုင်းကော်မတီ အတွင်းရေးမှူး၊ အနောက်မြောက်တိုင်းမှူးနှင့် စစ်ဒေသပါတီကော်မတီအတွင်းရေးမှူးအဖြစ် တာဝန်ယူကာ တပ်မတော်စခန်းများ၊ စစ်ကြောင်းများ အား တိုက်ခိုက်လာခဲ့သည်။ တောင်ပေါ်ဒေသတွင် ရွာနီ(ခေါ်) တောခိုရွာပုန်းများ ထူထောင်၍ အခြေခံ နယ်မြေတည်ဆောက်သည့်အပြင် မြေပြန့်ဒေသတွင် လည်း သရက်မြေပြန့်ပြောက်ကျားတပ်၊ ကျောက်ဖြူ သံတွဲနယ်စပ်လုံ ကျန်တပ်ဖွဲ့တို့ကို ဖွဲ့စည်းခဲ့သည်။ ရွာနီများမှ တိုက်ခိုက်နိုင်သူများကိုစုစည်း၍ အင်အား ၃ဝဝ ခန့်ရှိ ပြည်သူ့စစ် တပ်ရင်းကို ထူထောင်ခဲ့သည်။ တိုက်တိုင်းအောင်(၇)ကိုလည်း တပ်ခွဲသုံးခွဲဖြင့် ဖွဲ့စည်း ခဲ့သည်။ (၃။ ဗိုလ်သက်ထွန်း၏ထွက်ဆိုချက်၊ စာမျက်နှာ ၈။)
ဗိုလ်သက်ထွန်းချေမှုန်းရေးအတွက် ၁၉၆၇-၆၈ ခုနှစ်တွင် အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ်က ဂဠုန် စစ်ဆင်ရေး၊  ၁၉၆၉-၇ဝ ပြည့်နှစ်တွင် အနောက် မြောက်တိုင်း စစ်ဌာနချုပ်က ခေတ်သစ်စစ်ဆင်ရေး၊ ဒလက်ချောင်း၊ အင်းချောင်းစစ်ဆင်ရေးနှင့်  ၁၉၇၁-၇၂ ခုနှစ်တွင် အထူးစစ်ဆင်ရေးများဆင်နွှဲ၍ ကြိုးပမ်း ခဲ့သည်။ စင်စစ်ဗိုလ်သက်ထွန်းသည်  ဗမာပြည်  ကွန်မြူနစ်ပါတီဗဟိုထိန်းချုပ်မှုနှင့် ကင်းလွတ်နေပြီး မိမိအစီအစဉ်ဖြင့် မိမိဘာသာ စစ်ရေးအရလှုပ်ရှား နေခြင်းဖြစ်လေသည်။ ဗိုလ်ဇေယျမကျဆုံးမီ သခင် သန်းထွန်းက ဗိုလ်ဇေယျအား အနောက်မြောက်တိုင်းသို့  စေလွှတ်ခဲ့သေးသော်လည်း  ဗိုလ်သက်ထွန်းသည်  ဗိုလ်ဇေယျ၏ထိန်းချုပ်မှုကို  လက်မခံခဲ့ပေ။ ဗိုလ်သက်ထွန်းသည် ပါတီဗဟိုအား မကြာခဏပင် ပြင်းထန်စွာ ဆန့်ကျင် တိုက်ခိုက် ပြောကြားလေ့ရှိခဲ့ရာ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုက ပြည်ပပြန် ဆန့်ကျင် ရေးသမား၊  ဂိုဏ်းခွဲရေးသမား၊  ဓနရှင်စစ်ဗိုလ် စသည်ဖြင့် အမျိုးမျိုးဝေဖန်ပုတ်ခတ်ခဲ့သည်။
နစ်ဖြူအနောက်မြောက်တိုင်းတပ်သည် အနောက် ဖိုးခေါင်တောင်တန်းတွင် ၁၉၆၄ ခုနှစ်မှစတင်၍ အခြေ ချပြီး ၁၉၆၆ ခုနှစ်တွင် ဗိုလ်ဇေယျ၊ ဒေါက်တာနတ်၊ စိုးသိမ်း၊ သက်တင်၊ ကျော်မြနှင့် ဗိုလ်သက်ထွန်းတို့ ခေါင်းဆောင်၍ အမ်းမြို့နယ်၌ အင်အား ၂ဝဝခန့်အား သင်တန်းပေးခဲ့သည်။ ၁၉၆၆ ခုနှစ်၊ သြဂုတ်လ  ၁၆ ရက်တွင် မင်းတုန်းမြို့အား အင်အား ၁၂ဝ ခန့်ဖြင့် ဝင်တိုက်ခဲ့ဖူးသည်။ ၁၉၆၇ ခုနှစ်၊ မတ်လ ၆ ရက်တွင် ခလရ (၄၄) မှ တပ်စိတ် (၂)စိတ်အား ကျောက်ပုံရွာ အနီးတွင် ချုံခိုတိုက်ခိုက်ရာ တပ်မတော်မှ ငါးယောက် ကျပြီး အနောက်မြောက်တိုင်းတပ်မှ လေးယောက်ကျ သဖြင့် တပ်မတော်အား တိုက်သင့်မတိုက်သင့် ပြဿနာ ပေါ်ပေါက်လာခဲ့သည်။ ဗိုလ်သက်ထွန်းက စစ်တပ်ကို အဓိကဦးတည်တိုက်ခြင်းသာ ဂုဏ်ရှိသည်ဟူသော အယူအဆကို သွတ်သွင်းပေးခဲ့သည်။(၁။    နပခစစ်ဦးစီးဌာန၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုနယ်မြေ အတွင်းရှိ သောင်းကျန်းသူများသမိုင်း။ စာမျက်နှာ ၆။)နိုင်ငံရေးထက် စစ်ရေးကို ဦးစားပေးရမည်ဟု ဆိုလိုခဲ့ခြင်းဖြစ်သည်။ ဗိုလ်သက်ထွန်းအား ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုနှင့် ပြည်ပပြန်များက စစ်ဘုရင်ဝါဒ သမားဟုလည်း ဝေဖန် ခဲ့သည်။
၁၉၇ဝ ပြည့်နှစ်တွင် အနောက်မြောက်တိုင်းတပ် သည် မင်းတုန်းနယ်မြေအနောက်ရိုးမ ငမွေရွာဝန်းကျင်  တွင် ခိုအောင်းလှုပ်ရှားခဲ့သည်။ အနောက်ပိုင်းတိုင်း စစ် ဌာနချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တို့ ပူးပေါင်း၍ ခေတ်သစ် အဆင့် (၅) စစ်ဆင်ရေး ဖြင့် ချေမှုန်းရန်ကြိုးစားရာ ပိပိရိရိ ရှောင်တိမ်း၍ ပုန်းအောင်းနေခဲ့သည်။ တပ်မတော်က ရွာနီရွာပုန်း များကို မြေပြန့်သို့  ရွှေ့ပြောင်းရန်ကြိုးစားရာ ဗိုလ်သက်ထွန်းတို့က ရွာနီများအား ကြိုတင်ရွှေ့ပြောင်း ပေးခြင်း၊ စပါးများသိုဝှက်ခြင်းတို့ဖြင့် တန်ပြန်လှုပ်ရှား ခဲ့သည်။ ၁၉၇ဝ ပြည့်နှစ် ဧပြီလ(၅)ရက်တွင် စစ်ဆင် ရေးတပ်များ  ရုပ်သိမ်းသွားရာ  ချင်းအမျိုးသား ပြည်သူ့စစ် ၂ဝ မှ ၉ဝ ကျော်အထိ တိုးတက်ဖွဲ့စည်းပြီး တိုင်းတပ်ကို အင်အား ၁၂ဝ ကျော် ထပ်မံတိုးချဲ့ခဲ့  သည်။ ထို့နောက် ခလရ (၈၈)မှ တပ်စိတ် (၂) စိတ် အား မင်းလှအနောက်ခြမ်း တောင်တော်ရွာအနီးတွင် စက်တင်ဘာလ (၇)ရက်၌ ချုံခိုတိုက်ခိုက်ပြန်သည်။ တိုက်ပွဲအပြီးနောက်ပိုင်း စိန်အောင်နှင့် ရဲဒင်တို့ ခေါင်းဆောင်သော အဖွဲ့နှစ်ဖွဲ့က စည်းရုံးရေးနှင့် ဆက်ကြေးကောက်ခံရေးများ ပြုလုပ်ခဲ့သည်။
ထို့နောက် မင်းလှမြို့နယ်အတွင်းရှိ ပြည်သူ့စစ် များ၏လက်နက်များကိုသိမ်းဆည်းကာ ငကုန်း၊ ကျောက် ခုတ်၊ ဆင်ရင် စသည့်တောင်ပေါ်ရွာများကို တပ်ဆင် ပေးခဲ့သည်။
၁၉၇၁ ခုနှစ်၊ ဇူလိုင်လတွင် အနောက်ရိုးမတပ်ရင်း ကို ဖွဲ့စည်းရာတပ်ရင်းနိုင်ငံရေးမှူးအဖြစ် ဗိုလ်သက် ထွန်းကလည်းကောင်း၊ တပ်ရင်းမှူး၊ တပ်ခွဲ(၁)နိုင်ငံရေး မှူးနှင့် တပ်ခွဲမှူးအဖြစ် စိန်အောင်ကလည်းကောင်း၊ ခွဲ(၂)နိုင်ငံရေးမှူးနှင့်ခွဲမှူးအဖြစ် ရဲဒင်မှလည်းကောင်း၊ ခွဲ(၃) (ဌာနချုပ်တပ်ခွဲ)အား ထွန်းရင်နှင့် ဝင်းမောင် တို့ကခေါင်းဆောင်၍လည်းကောင်း တာဝန်ယူခဲ့ပြီး လူအင်အား ၁၂ဝ ပါဝင်ခဲ့သည်။
ဗိုလ်သက်ထွန်းသည် ၁၉၆၈ ခုနှစ်၊ မတ်လ ၆ ရက်တွင်တိုင်းတပ်၊ သရက်နှင့် မင်းဘူးခရိုင်၊ မြို့နယ် တပ်များပူးပေါင်းအင်အား ၈ဝ၊ ရွာပုန်းရွာသား ၁ဝဝ ခန့်ဖြင့် အမ်းမြို့ ခလရ(၃၄) တပ်စခန်းအား ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့သည်။၃ ဗိုလ်သက်ထွန်းသည် အမ်းတိုက်ပွဲတွင် အောင်မြင်မှုရရှိသော်လည်း ဗမာပြည် ကွန်မြူနစ်ပါတီဗဟိုက ချီးကျူးခြင်းကို မခံရသည့် အပြင် အပြစ်တင်ခြင်းကိုပင် ခံခဲ့ရသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဥက္ကဋ္ဌ သခင်ဇင်သည် အနောက်မြောက်တိုင်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း သုံးသပ်ပြီး ဗိုသ်သက်ထွန်းအား အပြစ်မြင်လျက်ရှိသည်ကိုတွေ့ရသည်။၎
+++
အနောက်မြောက်ဒေသ
အနောက်မြောက်တိုင်းစစ်မျက်နှာ
ထိုးစစ်များရိုက်ချိုးခဲ့ခြင်း
-အနောက်မြောက်တိုင်းမှာ ရန်သူကဒေသ ထိုးစစ်များသာမက တပ်မ(၈၈)ရဲ့ ထိုးစစ်များ လည်း ဒေသထိုးစစ်နဲ့ဆက်စပ်ပြီး လုပ်ခဲ့တယ်။
-ပြည်သူ့တပ်မတော်ဟာ မိမိအင်အားကိုစုစည်းပြီး ရန်သူချေမှုန်းရေးတိုက်ပွဲများ၊ မြို့သိမ်းတိုက်ပွဲ များပြုလုပ်ကာ ရန်သူထိုးစစ်များကို ရိုက်ချိုးခဲ့ တယ်။
ဂဠုန်ထိုးစစ်
-မော်နိုင်နဲ့တစ်ချိန်တည်း ၁၉၆၇ ခုနှစ်မှာ ပြုလုပ် ပြီး အရှုံးနဲ့အဆုံးသတ်သွားရတယ်။ ထိုစဉ်က တပ်မ(၈၈)ဟာ ဗဟိုရော၊ အနောက်မြောက်တိုင်းရော ရှမ်းပြည်တောင်ပိုင်းပါ တစ်ပြိုင်တည်း ထိုးစစ်ပြုလုပ်ခဲ့တာဖြစ်တယ်။
- အနောက်မြောက်တိုင်းတပ်မှာ တပ်မတပ် ကချင်(၄)၊ ရှမ်း(၁)၊ ခမရ(၁ဝ၉)ပေါင်း(၃)ရင်း၊ နဗဟ(၁)ခု၊ ဒေသက ခလရ(၄၄)တစ်ရင်းပါ တယ်။
-ရန်သူရဲ့ရည်ရွယ်ချက်က အနောက်မြောက် တပ်ဖွဲ့ကြီးချေမှုန်းရေးနဲ့ သရက်အခြေခံဒေသ ဖျက်ဆီးရေးဖြစ်တယ်။
-တိုင်းခေါင်းဆောင်မှုဟာ ရန်သူထိုးစစ်ချေမှုန်းရေး၊ အာဏာနီထူထောင်ရေး လမ်းညွှန်မှုနဲ့ ရှေ့ ဆောင်ခဲ့တယ်။
-ဒီကာလအတွင်းမှာ တိုက်ပွဲကိုးပွဲတိုက်ပြီး ရန်သူ(၇)သေ၊ (၈) ဒဏ်ရာရစေကာ ဂျီသုံးတစ်လက်၊ ရိုင်ဖယ်နှစ်လက်ရလိုက်တယ်။
-၂၄-၄-၆၇ မှာ ချင်းပြည်သူ့စစ်များက ကချင် (၄)ကို တိုက်ပြီး ဂျီသုံးတစ်လက် ရလိုက်တယ်။
-၁ဝ-၉-၆၇ က မင်းဘူး၊ ငဖဲကားလမ်းမှာ ၁ဝ၉ ကိုတိုက်တယ်။ တစ်ယောက်ဒဏ်ရာရသွားတယ်။
-၃၁-၁ဝ-၆၇ က သရက်၊ မင်းတုန်းကားလမ်းမှာ ပုလိပ်ကားကိုဖြတ်တိုက်ပြီး လက်နက်နှစ်လက်ရ လိုက်တယ်။
-၃-၁၁-၆၇ က မင်းဘူး၊ ငဖဲကားလမ်းမှာ ကချင်(၄)ကို မိုင်းထောင်တိုက်ရာ ရန်သူခြောက် ယောက်ဒဏ်ရာရသွားတယ်။
-အခြားတိုက်ပွဲများ။
-ဒီကာလအတွင်းမှာ အခြေခံဒေသမှာ တပ်တချို့ ထားပြီး ရန်သူ့နောက်ပိုင်းဝင်ကာ တိုက်ပွဲများ ဖော်ခဲ့တာလည်းရှိတယ်။
-မတ်လ ၆ ရက်နေ့မှာ အမ်းမြို့ကိုတိုက်သိမ်းလိုက် တယ်။ ဒီတိုက်ပွဲမှာ ရန်သူ ၁၁ ယောက်ကိုချေမှုန်း ပြီး လက်နက်မျိုးစုံ ၃၇ လက်၊ ငွေနှစ်သိန်း ကျော် စစ်ပစ္စည်းအမြောက်အမြား ရလိုက်တယ်။ မြို့ကိုလည်း နှစ်ရက်တိုင်တိုင်သိမ်းထားတယ်။
-ဂဠုန်ထိုးစစ်ဟာ မတ်လ ၂၈ ရက်မှာ ရုပ်သိမ်း သွားရတယ်။ ဒီမှာ ရန်သူထိုးစစ် ဝင်လာတဲ့အခါ ရန်သူ့နောက်ပိုင်းထွက်ပြီးတိုက်တာမှန်သလား၊ မှားသလား ပြဿနာရှိတယ်။
-အမ်းမြို့ကို အလစ်ရပြီးအောင်နိုင်တဲ့အတွက် သွားတိုက်တာ မမှားပေမယ့် ဒီလိုသွားတိုက်တာ ကိုက စစ်ကိုရင်မဆိုင်လိုတဲ့အတွေးအခေါ်ကြောင့် ဖြစ်တာကြောင့် ဒါဟာ စစ်ပြေးအတွေးအခေါ် ဖြစ်တယ်။
-အခြေခံဒေသအတွင်းမှာ အဆင်းရဲအပင်ပန်းခံ လုံးပန်းပြီး ရန်သူ့ထိုးစစ်ကိုရိုက်ချိုးရင် အတွေး အခေါ်အရ၊ နိုင်ငံရေးအရ၊ စစ်ရေးအရ ကြီးမား တဲ့အောင်ပွဲရမှာ  ဖြစ်တယ်။  တပ်ဟာလည်း ကြီးထွားလာမယ်။
အဲဒီစစ်ပြေး အတွေးအခေါ်ဟာ ဗိုလ်သက် ထွန်းမှာ ခြေဆုံးခေါင်းဆုံးပဲရှိနေတယ်။ (ဇင်+ ချစ် နောက်ဆုံး(၂)၊ စာမျက်နှာ ၂ဝ၁ မှ ၂ဝ၃)
+++
တပ်မတော်၏ထိုးစစ်များသည် ပဲခူးရိုးမရှိ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုဌာနချုပ်ကိုသာမက အနောက် မြောက်တိုင်းတပ်ကိုပါ တစ်ပြိုင်နက်တည်း ရည်ရွယ်၍ ဆင်နွှဲခြင်းဖြစ်ရာ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုသည် ထိုးစစ်ကို ထိုးစစ်ဖြင့်ရိုက်ချိုးရေးမူဖြင့် တုံ့ပြန်ရန်ချမှတ် ပေးခဲ့သည်။ တပ်မတော်၏ထိုးစစ်ကို အငတ်ပြတ် အဆင်းရဲခံ၍ တန်ပြန်ရင်ဆိုင်ခြင်းဖြင့် စစ်ရေး အောင်မြင်မှုကိုသာမကဘဲ နိုင်ငံရေးအရပါ အမြတ်ရ လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ ဗိုလ်သက်ထွန်းက ထိုးစစ်ကိုရှောင်ကွင်းပြီး အင်အားနည်းပါးသည့်နောက်ပိုင်း ဒေသဖြစ်သော အမ်းမြို့ကို စီးနင်းတိုက်ခိုက်ခြင်းမှာ စစ်ရေးအရအောင်မြင်သော်လည်း၊ နိုင်ငံရေးအရ ရှုံးနိမ့် သည်ဟု ဗဟိုကမြင်သည်။ ထို့ကြောင့် ပါတီဥက္ကဋ္ဌ သခင်ဇင်နှင့် ပါတီအတွင်းရေးမှူးသခင်ချစ်တို့က ဗိုလ်သက်ထွန်းအား စစ်ပြေးအတွေးအခေါ်သမားအဖြစ် သတ်မှတ်ခဲ့သည်။ မိမိအခြေခံဒေသအတွင်း ထိုးဖောက် လာသည့်ထိုးစစ်ကို မိမိထိုးစစ်ဖြင့် မချေမှုန်းဘဲ စွန့်လွှတ်ထွက်ပြေးကာ အမ်းမြို့ကို သွားရောက်တိုက်ခိုက်ခြင်း သည် တော်လှန်သော ပါတီဗဟို၏ စစ်ရေးလမ်းစဉ်ကို ဆန့်ကျင်ခြင်းဖြစ်သည်ဟုလည်း မှတ်ချက်ပြုထားခဲ့ကြ သည်။ ပါတီဗဟိုသည် ဗိုလ်သက်ထွန်းအား အရေးယူ ရန်ပင် စီစဉ်ထားပြီးဖြစ်သည်။ (၁။     ဇင်+ချစ် နောက်ဆုံး(၂)စာအုပ်၊ စာမျက်နှာ ၂ဝ၃ မှ ၂ဝ၄။) ၁၉၆၈ ခုနှစ်၊ မေလ (၃)ရက်တွင် ရဲသွေးနှင့် အင်အား ၈ဝ ခန့်က စေတုတ္တ ရာကို စီးနင်းတိုက်ခိုက်ရာ ခလရ (၈၈)မှ စုစုပေါင်း ၁၁ ယောက်ကျပြီး လက်နက် ၁၁ လက်ဆုံးရှုံးခဲ့ရသည်။


အနောက်မြောက်တိုင်းတပ်သည် အမ်းတွင် အောင်မြင်ခဲ့သော်လည်း သရက်ခရိုင်တွင် ကျန်ရစ် သော ရဲဒင်၏အဖွဲ့မှာ တပ်မတော်၏ထိုးစစ်ကြောင့် သေဆုံးသူ၊ ဖမ်းမိသူ၊ ဒဏ်ရာရသူ၊ လက်နက်ချသူ များပြားလာပြီး သရက်ခရိုင်ကို စွန့်လွှတ်လိုက်ရတော့ မည့်အခြေအနေသို့ရောက်ခဲ့သည်။ ထို့ကြောင့် ဗိုလ် သက်ထွန်းနှင့် တိုင်းတပ်သည် ၁၉၆၉ ခုနှစ်တွင် မင်းတုန်းမြို့နယ်သို့ပြန်ဝင်ကာ ဧပြီလ ၁၄ ရက်၌ ခလရ (၂၆) အား စဖာအနီးသံတိုင်ရေစမ်းတွင် တိုက်ကွက် ဖော်ခဲ့ရသည်။ သရက်ခရိုင်တွင် ရဲဒင်အပါအဝင် ငါးယောက်သာ ကျန်တော့သဖြင့် ဗိုလ်သက်ထွန်းက ဇူလိုင်လတွင် လူ ၂ဝ အင်အား တိုးမြှင့်ပေးခဲ့ရ သည်။ (၂။ နပခ စစ်ဦးစီးဌာန၏ နပခကွပ်ကဲမှုနယ်မြေအတွင်းရှိသောင်းကျန်းသူများသမိုင်း၊ စာမျက်နှာ ၇။)
ဗိုလ်သက်ထွန်းသည် မိမိကိုယ်တိုင်၏ ပါတီဖြုတ် ထုတ်သတ်လမ်းစဉ်ဖြင့် အရေးယူခံရမည့်အခြေအနေ မျိုး ရောက်ရှိနေခဲ့သော်လည်း မိမိအဖွဲ့အတွင်းတွင် အရေးယူမှုများ ပြုလုပ်ခဲ့သည်။ ၁၉၇၁ ခုနှစ်၊ မေလ စတုတ္ထပတ်တွင် အမ်းမြို့နယ် အေးချောင်းဖျား စခန်း၌ရှိနေစဉ်  မင်းဘူးခရိုင်ထိုးဖောက်ရေးကို အောင်မြင်စွာ မဆောင်ရွက် နိုင်ခြင်းအတွက် ကိုအောင်၊ ထွန်းဖေ၊ သန်းမောင်တို့အား စစ်ပြေး(၅၅)လမ်းစဉ် သမားဟုစွပ်စွဲကာ အပုပ်ချရှုတ် ချပွဲများကျင်းပခဲ့သည်။ ကိုအောင်အား  ၁၉၇၁ ခုနှစ်၊  ဧပြီလကုန်တွင် လည်းကောင်း၊ ထွန်းဖေနှင့်သန်းမောင်ကို ၁၉၇၁ ခုနှစ်၊ ဇွန်လ(၃)ရက်တွင်လည်းကောင်း တပ်သားအဖြစ် အဆင့်လျှော့ချ အရေးယူခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် တိုင်းတပ်မှ တပ်သားဂွတို၊ တပ်သားခင်အောင် တို့သည် တပ်ဖွဲ့ဝင်အချို့အား သတ်ဖြတ်၍ လက်နက် ယူထွက်ပြေးရန် ကြံစည်သောကြောင့် မတင်အေး၊ မမြထွေး၊ မွီးဟင်း၊ ကြည်အေး၊ မစမ်းနှင့် မယုတို့က တုတ်ဖြင့်ဝိုင်းဝန်း ရိုက်သတ်ခဲ့ကြသည်။၃ သို့သော် ဗိုလ်သက်ထွန်း၏ အရေးယူမှုများမှာ ပဲခူးရိုးမရှိ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုတွင်ဖြစ်ပေါ်ခဲ့သော ဖြုတ်ထုတ်သတ်လမ်းစဉ် အကောင်အထည်ဖော်မှုများ နှင့်မူ ခြားနားသည်ကို တွေ့ရသည်။ ဗိုလ်သက်ထွန်း သည် စစ်ရေးနှင့်ပတ်သက်သော စည်းကမ်းဖောက်ဖျက် မှုများကိုသာ ပြင်းထန်စွာ အရေးယူခဲ့ခြင်းဖြစ်ပြီး ပါတီဗဟိုကိုမူ အကြိမ်များစွာ ဆန့်ကျင်ဖီလာပြုခဲ့လေ သည်။
ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုသည် ၁၉၇၂ ခုနှစ် တွင် တိုက်တိုင်းအောင် တပ်(၄)တပ်ကို တိုးချဲ့ဖွဲ့စည်း ရန် ကြိုးစားခဲ့သည်။ ရခိုင်အရှေ့ခြမ်းတပ်များကို စုစည်း၍ တိုက်တိုင်းအောင်(၆)အဖြစ် ဖွဲ့စည်း၍ လည်းကောင်း၊ သရက်ခရိုင်အနောက်ခြမ်းရှိ ဗိုလ်သက် ထွန်း၏ အနောက်မြောက်တိုင်းတပ်ကို တိုက်တိုင်း အောင်(၇) အဖြစ်လည်းကောင်းဖွဲ့စည်းရန်ရည်ရွယ်ခဲ့ သည်။ အနောက်မြောက်တိုင်းတပ်၏ ဒုတိယတိုင်းမှူး အောင်လှသည် ဗဟိုသို့သွားရောက်နေရာမှ ၁၉၇၂ ခုနှစ် နှစ်ဦးပိုင်းတွင် ဗဟိုမှ ညွှန်ကြားချက်များနှင့်အတူ ပြန်ရောက်လာသည်။ ထို့နောက် အနောက်ရိုးမတပ် ရင်းကို တိုက်တိုင်းအောင်(၇)အဖြစ် ဗဟိုညွှန်ကြားချက် အရ အင်အား ၂၃ဝ ဖြင့် ပြောင်းလဲပြင်ဆင် ဖွဲ့စည်း ခဲ့ရသည်။(၁။       နပခ စစ်ဦးစီးဌာန၏ နပခကွပ်ကဲမှုနယ်မြေအတွင်းရှိ သောင်းကျန်းသူများ သမိုင်း၊ စာမျက်နှာ ၇၊ ၈။) သို့ရာတွင် ဗမာပြည် ကွန်မြူနစ်ပါတီဗဟို သည် ဗိုလ်သက်ထွန်းနှင့် အနောက်မြောက်တိုင်းအား တိုက်ရိုက်ချုပ်ကိုင်နိုင်ခြင်းမရှိသည့်အပြင် ဗိုလ်သက် ထွန်းသည်လည်း ဗဟိုကိုလိုလားသူရဲဘော်ကျော်မြ ခေါင်းဆောင်သောရခိုင်တိုင်းတပ်အင်အားစုများနှင့် အစေးမကပ်လှပေ။

နစ်ဖြူရခိုင်တိုင်းကော်မတီ
ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် ရဲဘော်ကျော်မြခေါင်းဆောင်သော ဗမာပြည်ကွန်မြူနစ် ပါတီ ရခိုင်တိုင်းကော်မတီသည် စစ်တွေခရိုင်သြရမ တစ်ဝိုက်တွင် ခိုအောင်းလှုပ်ရှားလျက်ရှိခဲ့သည်။ ထွန်းဖြူအောင် ခေါင်းဆောင်သော စစ်တွေခရိုင်အဖွဲ့ တွင် အင်အား ၂ဝဝ ခန့်၊ စံရွှေခေါင်းဆောင်သော ကျောက်ဖြူခရိုင်အဖွဲ့တွင်  အင်အား  ၆ဝ ခန့်၊ အောင်ဝင်းခေါင်းဆောင်သော သံတွဲခရိုင်အဖွဲ့တွင် အင်အား ၃၅ ယောက်ခန့်ပါဝင်ပြီး သက်ဆိုင်ရာခရိုင် နယ်မြေများတွင် ခိုအောင်းလှုပ်ရှားလျက်ရှိနေခဲ့ကြသည်။ ရခိုင်ဒေသသည်တပ်မတော်၏ စစ်ဆင်ရေးများ နှင့် အခိုက်အတန့်လွတ်ကင်းလျက်ရှိနေရာ ရခိုင်ဒေသ ရှိနစ်ဖြူများသည် ဘေးကင်းစွာ လှုပ်ရှားနေနိုင်ခဲ့ကြ သည်။ မိမိအား ထိုးစစ်ဆင်လာမည်ကို စိုးရိမ်သဖြင့် တိုက်ကွက်ဖော်ခြင်းမရှိခဲ့သော်လည်း အစိုးရကျောင်း များအားပိတ်ခြင်း၊ ဝါဒဖြန့်စည်းရုံးဟောပြောခြင်း၊ ဆက်ကြေးကောက်ခြင်းတို့ကိုမူ အခါအခွင့်သင့် တိုင်း ဆောင်ရွက်ခဲ့သည်။
ကျော်မြ၏နစ်ဖြူရခိုင်တိုင်းသည် ဗိုလ်သက်ထွန်း ၏ အနောက်မြောက်တိုင်းနှင့် ဆက်စပ်လျက်ရှိရာ တပ်မတော်၏ ထိုးစစ်များကိုရှောင်တိမ်းရင်း ဗိုလ်သက် ထွန်းသည် ရခိုင်ဒေသအတွင်းသို့ရောက်ရှိလာလေ့ရှိ သည်။ ဗိုလ်သက်ထွန်းနှင့်အတူ တပ်မတော်ထိုးစစ်များ ရခိုင်ဒေသအတွင်းသို့ ကူးစက်လာမည်ကို ရဲဘော် ကျော်မြက စိုးရိမ်ခဲ့သည်။ ဗိုလ်သက်ထွန်းကလည်း အနောက်မြောက်တိုင်း အသက်ရှူချောင်ရေးအတွက် ရခိုင်တိုင်းက တိုက်ကွက်မဖော်သည့်အတွက် မကျေ မနပ်ဖြစ်ခဲ့သည်။ ဗိုလ်သက်ထွန်းက ရဲဘော်ကျော်မြ သည် နိုင်ငံခြားဇိမ်ခံပစ္စည်းများနှင့် ဇိမ်ခံနေသူသာဖြစ် ကြောင်း၊ အေးအေးနေရလျှင်ကျေနပ်နေသူသာဖြစ် ကြောင်း စသည်ဖြင့် ၁၉၈ဝ ပြည့်နှစ် ပြန်လည်ရောက် ရှိနေစဉ်က ထွက်ဆိုချက်ပေးခဲ့သည်။(၃။ နပခ စစ်ဦးစီးဌာန၏ နပခကွပ်ကဲမှုနယ်မြေအတွင်းရှိ သောင်းကျန်းသူများသမိုင်း၊ စာမျက်နှာ ၇။) ဗိုလ်သက်ထွန်း နှင့် ရဲဘော်ကျော်မြတို့၏ ပဋိပက္ခများကို ရှေ့အခန်းများ တွင် သီးခြားတင်ပြမည်ဖြစ်ပါသည်။
နစ်ဖြူတနင်္သာရီတိုင်း
နစ်ဖြူတနင်္သာရီတိုင်း ကော်မတီအတွင်းရေးမှူး မှာ ထွန်းစိန်(ခေါ်)သန်းမောင်(ခေါ်) ဘာကယ်ဖြစ် သည်။ မြိတ်ခရိုင်ဥက္ကဋ္ဌမှာ ဗိုလ်စိုးလွင်ဖြစ်ပြီး အင်အား ၅ဝ ခန့်ရှိသည်။ ထားဝယ်ခရိုင်ဥက္ကဋ္ဌမှာ ဘစိန်ဖြစ်ပြီး အင်အား ၄ဝ ခန့်ရှိသည်။ ၁၉၆၇ ခုနှစ်မှ ၁၉၆၉ ခုနှစ်အတွင်း ထူးခြားသောလှုပ်ရှားမှုများမရှိခဲ့ပါ။ မိမိ ရပ်တည်နိုင်ရေးအတွက်သာ ကြိုးပမ်းနေခဲ့သည်။ ၁၉၇၁ ခုနှစ်တွင်ကား သောင်းကျန်းသူဆန့်ကျင်ရေး အဖွဲ့များထံမှ လက်နက်သိမ်းယူခြင်း၊ သမဝါယမနှင့် လလသသအသင်းဆိုင်များမှ ပစ္စည်းသိမ်းခြင်းများ ပြုလုပ်လာကြသည်။  တနင်္သာရီမြို့နယ်  သရဘွင် (ပီဇက်-၁ဝ၄ဝ)တစ်ဝိုက်၌ ကေအင်န်ယူတပ်ဦးအဖွဲ့ များနှင့် အချင်းများပြီးလက်နက်ကိုင်တိုက်ခိုက်မှုအချို့ ဖြစ်ပွားခဲ့သည်။ ထင်ထင်ရှားရှားတိုက်ကွက်ဖော်နိုင်ခြင်း မရှိသော်လည်း အလစ်အငိုက်ရရှိပါက အင်အားနည်း စစ်ကြောင်းများ၊ အဖွဲ့ငယ်များအား ချုံခိုတိုက်ခြင်း၊ တပ်မတော်အမာခံများကို သတ်ဖြတ်ခြင်းတို့ကို ပြုလုပ် လျက်ရှိသည်။ (၁။ ကက(ကြည်း)စီမံရေးဌာနစု၏ ပြည်တွင်းသောင်းကျန်းသူ(၁၉၇၂ ခုနှစ်၊ မတ်လ)၊ စာမျက်နှာ ၆။)

စင်စစ်နစ်ဖြူတနင်္သာရီတိုင်းမှာပျောက်ကွယ်ခဲ့ပြီး ဖြစ်သည်။ တိုင်းအတွင်းရေးမှူးနှင့် ပါတီဗဟိုကော်မတီ ဝင် ထွန်းစိန်(ခေါ်)သန်းမောင်(ခေါ်)ဘာကယ်ကို ဗဟို သို့ခေါ်ယူပြီးတာဝန်ရပ်စဲကာ ရှစ်နှစ်ကြာ စိစစ်နေသော ကြောင့် တိုင်းကော်မတီ၏ အခန်းကဏ္ဍမှာ မှေးမှိန်နေ ခဲ့ပြီးဖြစ်သည်။ ဗကပဗဟိုသည် တနင်္သာရီတိုင်းအား မြစ်ဝကျွန်းပေါ်မှတစ်ဆင့် ချုပ်ကိုင်ခဲ့သည်။ တနင်္သာရီ တိုင်းအား စစ်ရေးတာဝန်ခံအဖြစ် မြိတ်ခရိုင်ဥက္ကဋ္ဌ ဗိုလ်စိုးလွင်က ထိန်းသိမ်းလျက်ရှိရာ ဗကပ ဗဟိုသည်  ဗိုလ်စိုးလွင်အား စိတ်မချရသူအဖြစ် သတ်မှတ်ထား သည်။ တပ်မတော်မှ ၁၉၄၉ ခုနှစ်တွင် တောခိုခဲ့သူ ဖြစ်သောကြောင့် ရန်သူ့စစ်တပ်အနွှယ်ဟု သဘော ထားခဲ့သည်။ ဗကပဗဟိုသည် တနင်္သာရီတိုင်း အောက်ခြေထုအား လှုပ်ရှားမှုကော်မတီအဖြစ် ဖွဲ့စည်း စေပြီး ဗိုလ်စိုးလွင်ကို ဖောက်ပြန်ရေးသမားအဖြစ် အကျပ်ကိုင်အရေးယူစေခဲ့သည်။ ဗိုလ်စိုးလွင်သည် ကိုင်ဆောင်သော ခြောက်လုံးပြူး သေနတ်နှင့်တကွ လှုပ်ရှားမှုကော်မတီရှေ့မှောက်၌ လက်နက်ချအညံ့ခံ လိုက်ရသည်။ လှုပ်ရှားမှုကော်မတီက ဗိုလ်စိုးလွင်အား တာဝန်မှရုပ်သိမ်းခဲ့လေသည်။ (၂။   ဇင်+ချစ် နောက်ဆုံး(၂)၊ စာမျက်နှာ ၂ဝ၉၊ ၂၁၃။)
နစ်ဖြူရှမ်းပြည်နယ်နှင့်ဗဟိုခွဲ
နစ်ဖြူရှမ်းပြည်နယ်အင်အားစုများသည် သခင် တင်ထွန်း ခေါင်းဆောင်သော ပါတီဗဟိုခွဲအဖြစ် ဖွဲ့စည်း လှုပ်ရှားခဲ့ကြသည်။ အရှေ့မြောက်ဒေသ ဗကပနှင့် ဗကပဗဟိုတို့ ဆက်စပ်မိရေးအတွက် ကြားခံအင်အားစု အဖြစ် လှုပ်ရှားခဲ့ကြသည်။ သို့သော် အရှေ့မြောက်ဒေသ ဗကပနှင့် အဆက်အသွယ်ရသော်လည်း စစ်ရေးအရ ပူးတွဲလှုပ်ရှားနိုင်မှုမရှိခဲ့ပေ။ ပါတီဗဟိုနှင့်လည်း လျှို့ဝှက် အဆက်အသွယ်သာရှိသော်လည်း စစ်ရေးအရ ဆက်စပ် နိုင်ခြင်းမရှိခဲ့ပေ။ ဗဟိုကော်မတီဝင် သခင်တင်ထွန်း သည်  ၁၉၆၄ ခုနှစ်၊ စက်တင်ဘာလ (၉)ရက် ဗဟို ကော်မတီအစည်းအဝေးပွဲဆုံးဖြတ်ချက်အရ ရှမ်းပြည်နယ်၊ အထက်မြန်မာပြည်နှင့် အလယ်ပိုင်းမြန်မာ ပြည်ဒေသများ၏တာဝန်ခံအဖြစ် သတ်မှတ်ခြင်းခံရသူ ဖြစ်သည်။ သခင်တင်ထွန်း၏ ဗဟိုခွဲသည် ရှမ်းပြည်နယ် အင်တောကျောက်ဂူဒေသတွင် ဌာနချုပ်ဖွင့်လှစ်၍ မိုးလုံးဟိန်းငါးနှစ်စီမံကိန်းကို အကောင်အထည်ဖော်  ရန် ကြံစည်ခဲ့သည်။ မန္တလေး၊ မိတ္ထီလာ၊ မြင်းခြံ၊ ရမည်း သင်းနှင့် တောင်ငူခရိုင်ကိုယ်စားလှယ်များနှင့် အစည်း အဝေးကျင်းပညှိနှိုင်းပြီးပါက ရှမ်းပြည်မြောက်ပိုင်းသို့ ထွက်ခွာပြီး လက်နက်ကိုင်တပ်နှင့် ပူးတွဲလှုပ်ရှားရန် လည်း ကြံရွယ်ခဲ့သည်။
ဗဟိုခွဲသည် ဗကပအင်အား ၅ဝဝ ကျော်၊ ရှမ်း သောင်းကျန်းသူ ၃ဝဝ ကျော်၊ ပအိုဝ့်အင်အား ၂ဝဝ ကျော် စုစုပေါင်း ၁ဝဝဝ ကျော်ကို စုစည်း၍ တရုတ် နိုင်ငံတွင် သင်တန်းတက်၍ လက်နက်တပ်ဆင်ရန်၊ ထို့နောက် ရှမ်းပြည်နယ်အား အရှေ့မြောက်ဒေသ ဗကပနှင့်ဆက်စပ်၍ သိမ်းပိုက်ရန်၊ ရှမ်းပြည်နယ်ကိုရရှိ ပါက ရှမ်းသောင်းကျန်းသူများအား လွှဲအပ်၍ ပြည်မသို့ ဆက်လက်တိုက်ခိုက်ရန်ဟူသော ငါးနှစ်စီမံကိန်းရည် မှန်းချက်များကို အကောင်အထည်ဖော်ရန် တာဝန်ယူ ထားရသည်။(၃။ ကက(ကြည်း)၏ မြန်မာနိုင်ငံ အရှေ့မြောက်နှင့်အရှေ့ပိုင်းဒေသများအပေါ် သုံးသပ်ချက်၊ စာမျက်နှာ ၁၃။) ၁၉၇ဝ ပြည့်နှစ် အတွင်း ဗမာပြည်ကွန် မြူနစ်ပါတီ ဗဟိုကော်မတီမှစေလွှတ်သော အဖွဲ့နှစ်ဖွဲ့ သည် ဗကပတပ်ရင်း (၂ဝ၂)၏ အကူအညီဖြင့်  နောင်လုံဒေသ၌ အဆက်အသွယ်ရယူခဲ့သည်။ တပ်ရင်း (၂ဝ၂)၏ အစောင့်အရှောက်ဖြင့် ရောက်လာသော ကေအင်န်ယူပါတီကော်မတီအဖွဲ့ကိုမူ တပ်မတော်က နောင်ချိုမြို့နယ်တွင် ချေမှုန်းလိုက်သည်။ ပါတီဗဟို သည် ပဲခူးရိုးမတွင်ရပ်တည်၍မရပါက အင်တော ကျောက်ဂူဒေသသို့ပြောင်းရွှေ့ရန် အရှေ့မြောက်ဒေသ ဗကပများ အင်အားကြီးထွားပြီး ရှေ့တိုးလာနိုင်ပါက အင်တောကျောက်ဂူတွင် အဓိကမဏ္ဍိုင် ပြုရန် ရည်မှန်းချက်များလည်းရှိသည်။(၁။ ကက(ကြည်း)၏ မြန်မာနိုင်ငံအရှေ့မြောက်နှင့် အရှေ့ပိုင်းဒေသများအပေါ် သုံးသပ်ချက်၊ စာမျက်နှာ ၁၃။)
ဗကပတို့၏မဟာဗျူဟာမြောက် ကြိုးပမ်းချက်ကို တပ်မတော်က 'အောင်မိုးစစ်ဆင်ရေး'ဖြင့် ချေမှုန်းရန် ကြိုးစားခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်၊ ဇူလိုင်လ ၂၇ ရက် ၁၅၃ဝ နာရီတွင် တပ်မတော်စစ်ကြောင်းများသည် ခန့်မှန်းမြေပုံညွှန်း (ဂျီ ၄၃၁၃၅၂)ရှိ ဗဟိုခွဲစခန်း      အား တိုက်ခိုက်ချေမှုန်းခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက် ၁ဝ၄၅ နာရီတွင်ကား ခန့်မှန်း မြေပုံညွှန်း (အမ် ၈ဝ၇၉၃၂)၌ သခင်တင်ထွန်းကို တပ်မတော်စစ်ကြောင်းက အသေရမိခဲ့သည်။ သခင် တင်ထွန်းကျဆုံးသွားသည်နှင့် မိုးလုံးဟိန်းငါးနှစ်စီမံကိန်း သည်လည်း မှေးမှိန်သွားတော့သည်။
၁၉၇၁ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ရှမ်းပြည်နယ်အဖွဲ့၊ အလယ် ပိုင်းခရိုင် တပ်မဟာ(၁)မှူး စောထွန်းအောင်သည် ပအိုဝ့်သောင်းကျန်းသူများအခြေပြုရာ  လွယ်ဂျယ် တောင်တန်းသို့ ဆက်သွယ်ရေးစက်များနှင့်အတူ ရောက်ရှိခဲ့သည်။ ခင်ညိုသည် နိုင်ငံရေးမှူးအဖြစ် ဆောင်ရွက်လိုက်ပါလာသည်။  ယင်းအဖွဲ့သည် အရှေ့မြောက်စစ်ဒေသအဖွဲ့၏ညွှန်ကြားချက်အရ ပြန်လည်ဝင်ရောက်လာကြခြင်းဖြစ်သည်။ ထို့နောက် မိုင်းကိုင်အနောက်ခြမ်းဒေသတွင် ခိုအောင်းလှုပ်ရှား ကာ  ပြည်နယ်ပြည်မဆက်သွယ်ရေး  စခန်းထောက် အဖြစ် ဆောင်ရွက်ကြသည်။
ရှမ်းပြည်နယ်ရှိ ဗကပဗဟိုခွဲတွင် အစဉ်အလာရှိ သော ခေါင်းဆောင်များဖြစ်သည့် ဗိုလ်ပုသည် ၁၉၆၇ ခုနှစ်၊ သြဂုတ်လ ၂ ရက်တွင် ပေါင်းလောင်းဒေသ၌ ဂဠုန်စစ်ဆင်ရေးကြောင့် ကျဆုံးခြင်း၊ ဇာတိမာန် စစ်ဆင်ရေးကြောင့် ၁၉၆၉ ခုနှစ်၊ စက်တင်ဘာလ ၃ဝ ရက်တွင် ဗိုလ်စိုးမောင်ကျဆုံးခဲ့ခြင်း၊ ၁၉၇ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်တွင် ခလရ(၄)နှင့် တိုက်ပွဲဖြစ်ပြီး သခင်တင်ထွန်းကျဆုံးခြင်းတို့ကြောင့် ဗဟိုခွဲသည် တဖြည်းဖြည်းပြိုကွဲသွားသည်။(၄။ ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ မြန်မာနိုင်ငံ သောင်းကျန်းမှုသမိုင်း၊ စာမျက်နှာ ၂၂။) ပြည်နယ် ကော်မတီ၊ ဗဟိုခွဲအလယ်ပိုင်းနှင့် တောင်ပိုင်းခရိုင်များ လက်ကျန်အင်အား ၅ဝ ခန့်သည် ဝင်းဆွေ၏   ခေါင်းဆောင်မှုဖြင့် ကျောက်ဂူ၊ နောင်လုံ၊ နောင်ဝိုး ဒေသများတွင် ခိုအောင်းလှုပ်ရှားနေပြီး မြောက်ပိုင်း ခရိုင်မှ စိန်မောင်မှာမူ လက်နက်ချအလင်းဝင်ခဲ့ သည်။ ကျင်မောင်၊ ပုမောင်၊ ကျော့ရင်တို့ခေါင်းဆောင် သော အင်အား ၆ဝ ခန့်မှာမူ မိုးမိတ်၊ မိုးကုတ်ကိုးတောင်နယ်မြေများတွင် လှည့်လည်လှုပ်ရှား၍ အရှေ့မြောက်စစ်ဒေသနှင့် ဗကပ ဗဟိုဆက်သွယ်ရေး ကြား စခန်းထောက်အဖြစ် ဆောင်ရွက်နေကြလေ သည်။
အရှေ့မြောက်ဒေသ ဗကပ
ဗမာပြည်ကွန်မြူနစ်ပါတီ အဝေးရောက် ဗဟို ကော်မတီသည် ၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာလမှ ၁၉၇၃ ခုနှစ်အထိ အကြမ်းဖျင်းအားဖြင့် တပ်မဟာသုံးခုစာ၊ သို့မဟုတ် လူအင်အား တစ်သောင်းကျော်စာ စစ်လက်နက်ပစ္စည်းများအား တစ်ဖက်နိုင်ငံမှ လက်ခံရယူခဲ့သည်။ စစ်လက်နက်ပစ္စည်းများအား ပြည်ပရှိစက်ရုံတစ်ရုံမှ ထုတ်လုပ် ပေးခဲ့ခြင်းဖြစ်သည်။(၅။ ကက(ကြည်း)၏ သုတေသနဌာနစု၏ ဗကပအရှေ့မြောက်စစ်ဒေသ သမိုင်းအကျဉ်းနှင့် အလားအလာသုံးသပ်ချက် စာမျက်နှာ ၅။) အရှေ့မြောက်ဒေသဗကပတွင် တစ်ဖက်နိုင်ငံပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ  အမှတ်(၈ဝ၈) စစ်အကြံပေးအဖွဲ့ ပူးတွဲပါဝင်နေပြီး ၁၉၆၈ ခုနှစ် တွင်လည်း နိုင်ငံခြားသား စစ်ဘက်အကြံပေး ပုဂ္ဂိုလ် ၁၆ဝ ခန့် မုံးကိုးလမ်းမှတစ်ဆင့် ဝင်ရောက် လာခဲ့ကြသည်။ အဖွဲ့ခေါင်းဆောင် နမ်ဆလိန်းနှင့် အကြံပေးအရာရှိများသည်  ၁၉၇ဝ ပြည့်နှစ်၊ အောက်တိုဘာလအထိ ဗကပတို့နှင့်အတူ တွဲဖက် လုပ်ကိုင်ခဲ့သည်။ အမှတ်(၈ဝ၈)စစ်အကြံပေးအဖွဲ့မှာ ၁၉၇၂ ခုနှစ်၊ ဇွန်လတွင် မိုင်းမောနယ်မြေအထိ ဝင်ရောက်ခဲ့သည်။ ဇူလိုင်လတွင်မူ စစ်အကြံပေးအဖွဲ့ ကို ဖျက်သိမ်းပြီး တစ်ဖက်နိုင်ငံသို့ ပြန်လည်ခေါ်    ယူခဲ့သည်။ အမှတ်(၈ဝ၈)စစ်အကြံပေးအဖွဲ့၏ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သူမှာ ထင်တာပန် ဖြစ်သည်။ ထင်တာပန်မှာ အမှတ်(၁၄) တပ်မတော်မှ ဒုတိယတပ်မမှူးအဆင့်ရှိသူဖြစ်သည်။ (၂။ ကက(ကြည်း)၏ သုတေသနဌာနစု၏ ဗကပအရှေ့မြောက်စစ်ဒေသ သမိုင်းအကျဉ်းနှင့် အလားအလာ သုံးသပ်ချက် စာမျက်နှာ ၂။)
အကြံပေးအဖွဲ့ပြန်လည်ရုပ်သိမ်းခြင်းမှာ တစ်ဖက် နိုင်ငံသည် ကုလသမဂ္ဂသို့ ဝင်ရောက်ခွင့်ရရေးအတွက် ကြိုးပမ်းနေဆဲဖြစ်ပြီး မြန်မာနိုင်ငံသည် တစ်ဖက်နိုင်ငံ ကုလသမဂ္ဂသို့ ဝင်ရောက်ခွင့်ရရေးအတွက် အဓိက ထောက်ခံသူအဖြစ်နှင့် ဦးစီးဦးဆောင်ကြိုးပမ်းနေသည့် အခြေအနေရှိနေခြင်းတို့ကြောင့်ဖြစ်ကြောင်း သုံးသပ် နိုင်သည်။
ဗကပတို့သည် အရှေ့မြောက် စစ်ဒေသအား တစ်ဖက်နိုင်ငံ၏ အကူအညီဖြင့် အလျင်အမြန်တိုးချဲ့ လာရာ ၁၉၇၂ ခုနှစ်တွင် ဗကပတပ်ရင်းများအား တပ်မဟာ(၂)၊ တပ်မဟာ(၅)၊ တပ်မဟာ(၈)များ အဖြစ် ဖွဲ့စည်းကာ တပ်ရင်း(၁ဝ၁)၊ (၂ဝ၂)၊ (၁ဝ၆)၊ (၁ဝ၈)၊ (၈ဝ၁)တို့အား သီးခြားတပ်ရင်းများအဖြစ် သတ်မှတ် ခဲ့သည်။ တပ်မဟာ(၅)နှင့်တပ်မဟာ(၈)တို့အား မိုင်းယန်း၊ မိုင်းလား၊ မိုင်းယောင်းဒေသများသို့ ၁၉၇၃ ခုနှစ်ဦးပိုင်းမှ စတင်၍ဝင်ရောက်လှုပ်ရှားစေခဲ့သည်။
အရှေ့မြောက်ဒေသ ဗကပများသည် ရွှေလီ ချိုင့်ဝှမ်းမှတစ်ဆင့် ပြည်မရှိဗကပများနှင့် ဆက်စပ်မိ ရေးအတွက် ၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစ၍ ကြိုးပမ်းလာရာ ထိုနှစ်အတွင်း ကွတ်ခိုင်မြို့နယ်၊ မုံးကိုး၊ ဖောင်းဆိုင်ဒေသများနှင့် မူဆယ်တစ်ဖက် ကမ်းကျေးရွာများအထိ ထိုးဖောက်နိုင်ခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ကွတ်ခိုင်မြို့နယ် မုံးဟောင်းနယ်မြေမှ တစ်ဆင့် မုံးဝီးဒေသအထိ တိုးချဲ့လာနိုင်သည်။ ၁၉၇ဝ ပြည့်နှစ်တွင် ကား မူဆယ်၊ ကွတ်ခိုင်မြို့နယ်များအတွင်းမန်ဟီးရိုး၊ မုန်းပေါ်၊ ကြူကုတ်၊ နမ့်တောင်းနှင့် မန်ကန် လွယ်ဆာ နယ်မြေများတွင် ခြေကုပ်ယူခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် မုန်းယု၊ နမ့်ဖတ်ကာကားလမ်းတွင် တပ်မတော်အား ရင်ဆိုင်ထားပြီး မုံးစီးနယ်မြေ ဂျမား မန်ကန်တောင်ကြောတွင် ခြေကုပ်ယူခဲ့သည်။ နှစ်နိုင်ငံ နယ်စပ် မန်ရှီဒေသတွင် ဗကပရေဒီယိုအသံလွှင့်ရုံကို  တည်ဆောက်၍ ပြည်သူ့အသံအမည်ဖြင့် တော်လှန်ရေး အစိုးရအား အပုပ်ချခြင်း၊ ဝါဒဖြန့်ခြင်းတို့ကို စတင်အသံလွှင့်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင်ကား ဗကပ တပ်ရင်း(၃ဝ၃)ကို   အခြေခံဖွဲ့စည်း ထားသော တပ်မဟာ(၂)သည်  သိမ်းပိုက်ပြီးနယ်မြေများကို ထိန်းသိမ်း၍   ရွှေလီချိုင့်ဝှမ်းထိုးဖောက်ရေးကို ဆက်လက်ကြိုးပမ်းခဲ့သည်။
ဗကပတို့သည် ရွှေလီချိုင့်ဝှမ်းနှင့်သံလွင်အနောက် ခြမ်းဒေသကို ထိုးဖောက်နေစဉ်မှာပင် သံလွင်အရှေ့ ခြမ်း  ကိုးကန့်နယ်မြေရှိ  လုံထန်၊  တာရွှေတန်၊ လောက်ကိုင်နှင့်အရှေ့ဘက်နယ်စပ်များ၌ ကိုးကန့် ကာကွယ်ရေးမှ ဂိုဏ်းခွဲလာသူ ဖုန်ကြားရှင်၊ ဖုန်ကြာဖူး တို့၏ လက်နက်ကိုင်တပ်များကို ၁၉၆၈ ခုနှစ်မှစ၍ စတင်အသုံးချ လာခဲ့ကြသည်။ ၁၉၆၉ ခုနှစ်တွင် ကွမ်လုံ မြောက်ခြမ်းအထိ တိုးချဲ့လာပြီး မြောက်ပိုင်းဝနယ်၊ ပန်ဝိုင်ဆုံကရာ နယ်မြေများသို့ ထိုးဖောက်လာပြန် သည်။ ၁၉၇ဝ ပြည့်နှစ်တွင်ကား မိုင်းမောအရှေ့ခြမ်း အထိ တိုးချဲ့လာပြန်သည်။ ၁၉၇၁ ခုနှစ်တွင် မိုင်းမော ဒေသရှိ  ကာကွယ်ရေးစခန်းများကို သိမ်းပိုက်ပြီး ဝနယ်တစ်ခုလုံးကို လွှမ်းမိုးလာသည်။ ဗကပတို့သည် ရွှေလီချိုင့်ဝှမ်းထိုးဖောက်ရေး၊ နစ်ဖြူဗဟိုနှင့် ဆက်စပ်ရေးများ မအောင်မြင်သဖြင့် သံလွင် အရှေ့ခြမ်းရှိ ကိုးကန့်နယ်နှင့်ဝနယ်ကိုဆက်စပ်ကာ အခြေခံနယ်မြေ တည်ဆောက်ရန် ကြိုးပမ်းလာခြင်းပင်ဖြစ်သည်။ (၁။ ကက(ကြည်း)၏ မြန်မာနိုင်ငံအရှေ့မြောက်နှင့် အရှေ့ပိုင်းဒေသများအပေါ် သုံးသပ်ချက်၊ စာမျက်နှာ ၇။) ကိုးကန့်နယ်နှင့် ဝနယ်မှာ ဘိန်းထွက်အကောင်းဆုံး နယ်မြေများဖြစ်သည်။
တစ်ဖက်နိုင်ငံ အမှတ်(၈ဝ၈)စစ်အကြံပေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုက်ခိုက်ခဲ့သော ၁၉၆၈ ခုနှစ် မုံးကိုး၊ ဖောင်းဆိုင်၊ လုံထန်၊ ဖော်ဂျုံး၊ နမ့်ပေါ်တံတား၊ ပန်ဆူကိုင်တိုက်ပွဲများ၊ ၁၉၆၉ ခုနှစ် ကုန်းကြမ်း၊ ကောင်းလုံ၊ နောင်ဆိုင်၊ ပန်ဝိုင်တိုက်ပွဲများ၊ ၁၉၇ဝ ပြည့်နှစ် မုံးပေါ်၊ နမ့်တောင်း၊ လွယ်မွန်တောင် ကြော၊ ဆွတ်မွန်တိုက်ပွဲများတွင် ဗကပတို့သည် တစ်ဖက်နိုင်ငံမှ စစ်လက်နက်ပစ္စည်းများ အမြောက်အမြားကိုသာမက လူအင်အား အကူအညီကိုပါရရှိခဲ့ လေရာ အောင်မြင်မှုများမှာ လျင်မြန်ခဲ့ရသည်။ မိုင်းမောအားသိမ်းပိုက်စဉ်က နိုင်ငံခြားစစ်သား ၇ဝဝ ကျော် ပါဝင်တိုက်ခိုက်ပေးခဲ့ပြီး စစ်အကြံပေးအရာရှိ လီကျန်နှင့် တစ်ဖက်နိုင်ငံမှ ဝ လူမျိုးဆန်ရုန်းတို့က ခေါင်းဆောင်မှုပေးခဲ့ခြင်းဖြစ်သည်။(၂။   ကက(ကြည်း)၏ သုတေသနဌာနစု၏ ဗကပလှုပ်ရှားမှုတွင် တစ်ဖက်နိုင်ငံပါဝင်ပတ်သက်မှု၊ စာမျက်နှာ ၃၊ ၄။)
၁၉၇၁ ခုနှစ်တွင် မိုင်းမောစခန်းကို သိမ်းပိုက်ပြီး နောက် နှစ်ကုန်ပိုင်း၌ ကွမ်လုံမြို့အား သိမ်းပိုက်နိုင်ရန် အင်အား ၃၇ဝဝ ဖြင့် တိုက်ခိုက်ခဲ့ကြသည်။ ကွမ်လုံ တိုက်ပွဲတွင် လက်နက်ကြီးပစ်ခတ်သူများမှာ နိုင်ငံခြား စစ်သားများပင်ဖြစ်သည်။ ကွမ်လုံရက် ၄ဝ တိုက်ပွဲတွင် ဗကပတို့အမြောက်အမြား သေကျေပျက်စီးပြီး ဆုတ်ခွာ သွားခဲ့ကြရသည်။(၃။        ကက(ကြည်း)၏ မြန်မာနိုင်ငံအရှေ့မြောက်နှင့် အရှေ့ပိုင်းဒေသများအပေါ် သုံးသပ်ချက်၊ စာမျက်နှာ ၇။) ကွမ်လုံမြို့အား နောက်ဆုံးတိုက်ခိုက် ပြီး ၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ဗကပ (၄ဝ၄)တပ်ရင်း(၄)ရင်းသည် သံလွင်အရှေ့ခြမ်း လောက်ကိုင်နှင့်မန်ဝိန်းဒေသသို့ လည်းကောင်း၊ ဗကပ(၃ဝ၃) တပ်ရင်း (၄)ရင်းသည်  ကွတ်ခိုင်   အရှေ့ခြမ်း၊ ဂျမား၊ မန်ကန်၊ လွယ်မွန်၊ တာပန်၊ မုံးပေါ်ဒေသများသို့လည်းကောင်း အသီးသီးဆုတ်ခွာ၍ ပြန်လည်ဖွဲ့စည်းကာ တပ်မတော်မှ အမှတ်(၇၇) နှင့် အမှတ်(၉၉) တပ်မများအား ရင်ဆိုင်ထားခဲ့ကြ သည်။ ၁၉၇၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဗကပတပ်ရင်း (၄ဝ၄)သည်  တစ်ဖက်နိုင်ငံမှတစ်ဆင့်  ဝနယ် မြောက်ပိုင်း ဗင်းဟင်(ဗင်းငင်း)ဒေသသို့ဝင်ရောက် ပြီး ဗကပတပ်ရင်း(၅ဝ၁)၊ (၅ဝ၃)တို့နှင့် ကျင်ချမ်း ဒေသတွင် လှုပ်ရှားခဲ့သည်။ တပ်မတော်နှင့်ရင်ဆိုင် ထားရာမှ မုံးစီးနယ်မြေနှင့် လွယ်မွန်နယ်မြေများ တွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ (၄။ ကက(ကြည်း)၏ စီမံရေးဌာနစု၏ ပြည်တွင်းသောင်းကျန်းသူ(၁၉၇၂ ခုနှစ်၊ မတ်လ)၊ စာမျက်နှာ၉။)
တပ်မတော်နှင့်တိုက်ပွဲများဖြစ်ပွားနေစဉ်မှာပင် ဗကပတို့သည် ကေအိုင်အေနှင့် ပဋိပက္ခဖြစ်ပွားလာပြန် သဖြင့် ၁၉၇၂ ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလ အတွင်း ကွတ်ခိုင်အရှေ့ခြမ်း၊ မုံးပေါ်၊ ပန်ဖိတ်၊ နမ့်ချက် တစ်ဝိုက်၌ လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားခဲ့သည်။ တစ်ဖက်နိုင်ငံသည် ၁၉၇၂ ခုနှစ်နောက်ပိုင်းတွင် လူအင်အားဖြင့် ပါဝင်စွက်ဖက်မှုများမပြုလုပ်တော့ သော်လည်း စစ်လက်နက်ပစ္စည်းနှင့် ရိက္ခာငွေကြေးတို့ ကိုမူ ဆက်လက်ထောက်ပံ့မြဲ ထောက်ပံ့နေခဲ့သည်။ လက်နက်၊ ခဲယမ်း၊ မီးကျောက်ထောက်ပံ့ရာ၌ ဗကပ (၈၁၅) စစ်ဒေသအတွက် နားလီ(အမ်အက်ဖ်-၉ဝ၁၂) တွင်လည်းကောင်း၊ တပ်မဟာ(၈)အတွက် မိုင်းလားတွင် လည်းကောင်း၊ တပ်မဟာ(၅)အတွက် ပန်ဆန်း၊ လာဖုတ်တွင်လည်းကောင်း၊ ဗကပ(၁ဝ၁)အတွက် ချန်းယင်တူး၊ ကန်ပိုက်တီးတွင်လည်းကောင်း စုပုံ ဖြည့်တင်းပေးခဲ့ခြင်း ဖြစ်သည်။(၅။ ကက(ကြည်း)၏ သုတေသနဌာနစု၏ ဗကပလှုပ်ရှားမှုတွင် တစ်ဖက်နိုင်ငံပါဝင်ပတ်သက်မှု၊ စာမျက်နှာ ၄။)
၁၉၇၂ ခုနှစ်၊ ဇန်နဝါရီလတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ မိုင်းဟဲဒေသ၌ ဗကပတို့သည် တစ်ဖက်နိုင်ငံ၏အကူအညီဖြင့် ဒေသခံကော်လူမျိုးစု နှင့် တစ်ဖက်နိုင်ငံဆစ်ဆောင်ပန္နားဒေသရှိ မျိုးနွယ်တူ ကော်လူမျိုး ၇ဝ အား လေ့ကျင့်စုစည်း လက်နက်တပ် ဆင်ကာ ဗကပ (၈၁၅)စစ်ဒေသအဖြစ် ဖန်တီးခဲ့သည်။ ချီဖွေမြို့နယ်(မေခမြစ်အရှေ့ခြမ်းဒေသ)တွင်လည်း မရူ(လောင်ဝေါ်)၊ လရှီ(လချိတ်)လူမျိုးများအား စည်းရုံးသိမ်းသွင်းခဲ့သည်။ ၁၉၇၂ ခုနှစ်၊ ဇွန်လတွင် မန်တုံဒေသ၌အလင်းဝင်ရန် တာစူနေသော တောခို လွယ်မော်ခွန်ငို့အဖွဲ့မှ အင်အား ၂ဝဝ အား ဗကပ တို့က ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးကာ လက်နက်သိမ်း ခဲ့သည်။ ထို့နောက် အမာခံဗကပများ ရောနှောကာ ဗကပတပ်ရင်း(ဝ၁၈)ကို ဖွဲ့စည်းပြန်သည်။ (၁။ကက(ကြည်း)၏ မြန်မာနိုင်ငံအရှေ့မြောက်နှင့် အရှေ့ပိုင်းဒေသများအပေါ် သုံးသပ်ချက်၊ စာမျက်နှာ ၇။)
ဗကပတို့သည် ကချင်ပြည်နယ်တွင်လည်း ကေအိုင်အေမှ ခွဲထွက်လာသည့် ဇခုံတိမ်ယိမ်းနှင့် ဇေလွမ်းတို့ကို အခြေခံ၍ ဗကပ(၁ဝ၁)ကို ဖွဲ့စည်းကာ ၁၉၆၉ ခုနှစ်တွင် နုဇွန်ဘော်နှင့် ဆောလောစခန်း များကိုသိမ်းပိုက်ခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်တွင် တရုတ် နိုင်ငံ ဖီမောနှင့်ထောဂေါဒေသအကြား ချန်းယင်းတူး နှင့်ဝေါချုံဒေသများတွင် အခြေခံနယ်မြေတည်ဆောက် ခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် တမူးချောင်းဖျားကို အခြေ ခံ၍ ဆဒုံးသို့ ထိုးဖောက်လာရာ ကေအိုင်အေနှင့် ထိပ်တိုက်တွေ့လာသည်။ ၁၉၇၂ ခုနှစ်တွင် မဂေါင်၊ လဂွေစခန်းများကိုသိမ်းပိုက်ပြီး နယ်မြေတိုးချဲ့လာ သည်။ ဌာနချုပ်မှာ ဆင်းခုံသို့ ရောက်ရှိလာသည်။

ကေအိုင်အေ
ကေအိုင်အေများသည် တစ်ဖက်နိုင်ငံမှ အကူအညီ ရယူခဲ့သော်လည်း ဗကပများနှင့်မူ မကြာခဏပဋိပက္ခ ဖြစ်နေခဲ့သည်။ ကွတ်ခိုင်ဒေသတွင် ဗကပစစ်နယ်မြေ တိုးချဲ့မှုကြောင့် ကေအိုင်အေများသည် တပ်မတော်အား လာရောက်ဆက်သွယ်ခဲ့သည်။ တပ်မတော်ကိုမတိုက်ဘဲ ဗကပကိုသာ ဦးတည်ရန်သူအဖြစ် တိုက်ခိုက်နေခဲ့သည်။ သို့သော် ၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဇော်ဒန်နှင့် အင်အားစုများက ကချင်(၄)ကို ချုံခိုတိုက်ခိုက်ခဲ့သည်။ ထို့နောက်ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကေအိုင်အေများ သည် ဗကပတပ်ရင်း(၂ဝ၂)၊ (၃ဝ၃)တို့နှင့် နားလည်မှု ယူခဲ့ပြန်သည်။ ၁၉၇ဝ ပြည့်နှစ်မှစ၍ ကေအိုင်အေ တပ်မဟာ(၂)၊ တပ်ရင်း(၅)နှင့် တပ်ရင်း(၆)ကို ဇော်တူး ကိုယ်တိုင်ကွပ်ကဲ၍ ကာမိုင်းမြို့နယ်၊ ဖားကန့်လုံးခင်း ဒေသမှ ကျောက်စိမ်းများအား ထိုင်းနိုင်ငံသို့ ခိုးထုတ် ရောင်းချခဲ့ကြသည်။ ထို့နောက် ထိုင်းနိုင်ငံမှပင် စစ် လက်နက်များကို ဝယ်ယူကြသည်။ အိန္ဒိယနိုင်ငံမှ ဖီဇို နာဂသောင်းကျန်းသူများကိုလည်း တရုတ်နိုင်ငံမှ သင်တန်းပေး၍ လက်နက်တပ်ဆင်လာသည်။ ဖီဇိုများ အား အိန္ဒိယသို့ ပြန်ပို့ပေး၍ လက်နက်တောင်းယူခြင်း များကိုလည်း လုပ်လာသည်။ အရှေ့ပါကစ္စတန်နှင့် အပြန်အလှန်ဆက်သွယ်ကူညီမှုများရှိခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ်ပေါက်လာသောအခါ အဆက် အသွယ်ပြတ်သွားရသည်။ တပ်မဟာ(၁)မှူး ဇော်ဒန်က ရခိုင်သောင်းကျန်းသူများကို  လက်နက်တပ်ဆင် လေ့ကျင့်ပေးခဲ့သည်။ ကေအိုင်အေဥက္ကဋ္ဌဇော်ဆိုင်းသည် ထိုင်းနိုင်ငံမှ တာဝန်ရှိသူအချို့နှင့်ညှိနှိုင်းကာ ယင်းစစ် ဌာနချုပ်ကို ထိုင်းနိုင်ငံအတွင်းတွင် ဖွင့်လှစ်ထားခဲ့ သည်။(၃။ ကက(ကြည်း)၏ စီမံရေးရာဌာနစု၏ ပြည်တွင်းသောင်းကျန်းမှု (၁၉၇၂ ခုနှစ်၊ မတ်လ) စာမျက်နှာ ၁၁၊ ၁၂။)
၁၉၇၂ခုနှစ်အတွင်းတွင် ကေအိုင်အေ စစ် ဌာနချုပ်သည် ဇော်ဆိုင်းခေါင်းဆောင်၍ ထိုင်းနိုင်ငံ ထန်ပိုးစခန်းတွင်လည်းကောင်း၊ တပ်မဟာ(၁)သည် ဇော်ဒန်ခေါင်းဆောင်၍ ကွတ်ခိုင်၊ လားရှိုးနှင့် ဗန်းမော်ခရိုင်များတွင်လည်းကောင်း၊  ဇော်တူး ခေါင်းဆောင်သော တပ်မဟာ(၂)သည် ဖားကန့် နယ်မြေနှင့် မြစ်ကြီးနားခရိုင်တွင်လည်းကောင်း ခိုအောင်းလှုပ်ရှားကာ အိမ်နီးချင်းနိုင်ငံများမှ လက်နက် ခဲယမ်းအကူ အညီရရှိရေးကို ကြိုးစားလျက်ရှိသည်။ စီးပွားရေးအရ ကျောက်စိမ်းနှင့်ဘိန်းများကိုလည်း တိုးချဲ့ ရောင်းဝယ်လာကြလေသည်။
ပြည်တွင်းညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးအဖွဲ့ (ပညင)
ပြည်တွင်းညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးအဖွဲ့ ဆိုသည်မှာ တောခိုဇော်ထွန်းခေါင်းဆောင်သည့် သောင်းကျန်းသူ အဖွဲ့ငယ်တစ်ဖွဲ့ဖြစ်သည်။ ဇော်ထွန်း သည် ၁၉၆၅ ခုနှစ်အထိ တက္ကသိုလ်တွင် ကြား ကျောင်းသားအဖွဲ့ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၆၅ ခုနှစ်၊ မတ်လ ၁၃ ရက်တွင် ထိန်းသိမ်းခံရပြီး ၁၉၆၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြန်လည်လွတ်မြောက်လာသည်။ ထို့နောက် ပြည်တွင်းညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့ (ပညင)ကို ဖွဲ့စည်းပြီး တောခိုခဲ့  သည်။ 
ဇော်ထွန်းသည် ကေအင်န်ယူပါတီ၊ ကရင်နီ တိုးတက်ရေးပါတီ၊ ကယန်းပြည်သစ်ပါတီတို့နှင့် ဆက်သွယ်ခဲ့သည်။ ၁၉၆၈ ခုနှစ်၊ နိုဝင်ဘာလ ၃ဝ ရက် တွင် ကရင်နီတိုးတက်ရေးပါတီ ခေါင်းဆောင် စောမောရယ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ စောမောရယ်က ကေအင်န်ယူပါတီဥက္ကဋ္ဌထံ မိတ်ဆက်စာရေးပေးပြီး လိုအပ်သောငွေနှင့် အကြံဥာဏ်များပေးအပ်ခဲ့သည်။ ဇော်ထွန်းသည် တောင်ငူခရိုင်နှင့် ပျဉ်းမနားအရှေ့ခြမ်း ဒေသတွင် လှုပ်ရှားခဲ့သည်။ အင်အားမှာ ၃ဝ ခန့်သာရှိ ပြီး ကေအင်န်ယူပီမှ လမ်းပြနှစ်ယောက်နှင့်အတူ ၁၉၇၁ ခုနှစ်၊ သြဂုတ်လတွင် ထိုင်းနိုင်ငံသို့သွားရောက် ၍ ပြည်ပြေးများနှင့် ဆက်သွယ်ခဲ့သည်။
အင်အား ၅ဝ ခန့်တိုးလာပြီး ထိုင်းနိုင်ငံမှ ပြန်လာသောအခါ ဇော်ထွန်းသည် လိပ်ခေါင်းရောဂါကြောင့် ကျန်ရစ်ခဲ့သည်။ မောင်မောင်ဦးဆိုသူက ခေါင်းဆောင် ၍ ပြည်တွင်းသို့ပြန်လည်ဝင်ရောက်လာသည်။ ၁၉၇၂ ခုနှစ်၊ မတ်လတွင် ရေတာရှည်မြို့နယ်ရှိ သာဂရဘူတာအား ဝင်ရောက်တိုက်ခိုက်၍ မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့နောက် စစ်တောင်းမြစ်ဖျားပိုင်း အရှေ့ရိုးမဒေသတွင် ကယန်းပြည်သစ်ပါတီလှုပ်ရှားရာ နယ်မြေဖြစ်သော သံတောင်မြို့နယ် မြောက်ခြမ်းတွင် ဝင်ရောက်ခိုအောင်း ခဲ့သည်။ ကယန်းပြည်သစ်ပါတီက ပထမပိုင်းတွင် လက်ခံခဲ့သော်လည်း ဒေသခံတိုင်းရင်းသားများအပေါ် အနိုင်ကျင့်နှိပ်စက်သဖြင့် တိုက်ခိုက်၍လက်နက်သိမ်းယူ ခဲ့သည်။ တပ်မတော်က စစ်ဆင်ရေးပြုလုပ်တိုက်ခိုက်၍  ကြွင်းကျန်သောအဖွဲ့ဝင်များအား  ကယန်း သောင်းကျန်းသူတို့က သုတ်သင် သတ်ဖြတ်ခြင်းဖြင့် ပြိုကွဲသွားရသည်။
ရှမ်းသောင်းကျန်းသူများ
၁၉၆ဝ ပြည့်နှစ်တွင်နွံစစ်ဟန်အဖွဲ့သည် ရှမ်းပြည် လွတ်မြောက်ရေးတပ်မတော်(အက်စ်အက်စ်အိုင်အေ) နှင့် ရှမ်းပြည်လုံးဆိုင်ရာ တော်လှန်ရေးကောင်စီ (အက်စ်ယူအင်န်အက်ဖ်)ဟူ၍ နှစ်ဖွဲ့ကွဲခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် ယင်းအဖွဲ့နှစ်ဖွဲ့ပြန်ပေါင်းပြီး ရှမ်းပြည် တပ်မတော် (အက်စ်အက်စ်အေ) ဟူ၍ အင်အား ၁ဝဝဝ ခန့်ဖြင့် လှုပ်ရှားခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် အက်စ်အက်စ်အေသည် စဝ်ဆေးဝိုင်နှင့် အင်အား ၅ဝဝ က မြောက်ပိုင်းတိုင်းဟူ၍လည်းကောင်း၊ မိုးဟိန်းနှင့် အင်အား ၅ဝဝ က တောင်ပိုင်းတိုင်းဟူ၍လည်းကောင်း လှုပ်ရှားရာမှ ၁၉၆၉ ခုနှစ်၊ ဇန်နဝါရီလတွင် မိုးဟိန်း အဖွဲ့သည် ရှမ်းပြည်တော်လှန်ရေး တပ်ပေါင်းစု (အက်စ်ယူအာရ်အေ) ဟူ၍ ခွဲထွက်ထူထောင်ပြန်သည်။(၁။ ကက(ကြည်း) စီမံရေးဌာနစု၏ ပြည်တွင်း သောင်းကျန်းသူ (၁၉၇၂ ခုနှစ်၊ မတ်လ)၊ စာမျက်နှာ ၂၂။)
          မိုးဟိန်းအဖွဲ့သည် ဌာနချုပ်ကို ထိုင်းနိုင်ငံ ပိန်းလုံ တွင် အခြေစိုက်သည်။ ကန်စစ်ခေါင်းဆောင်သော ရှေ့တန်းဌာနချုပ်၊ စိုင်းပိုင်မိုင်းခေါင်းဆောင်သော တိုင်း (၁)တို့က အင်အား ၃ဝဝ ခန့်ဖြင့် လွယ်လင်ခရိုင် မြောက်ဘက်၊ မိုင်းကိုင်နယ်မြေတွင် လှုပ်ရှားကြသည်။ စောကာလုံခေါင်းဆောင်သော တိုင်း(၂)သည် အင်အား ၅ဝ ခန့်ဖြင့် လင်းခေး၊ မောက်မယ်၊ မိုးနဲနယ်မြေများ တွင်လည်းကောင်း၊ ဆေးဟောက်ခေါင်းဆောင်သော တိုင်း(၃)သည် အင်အား ၆ဝ ခန့်ဖြင့် ထိုင်းနိုင်ငံ ပိန်းလုံ တွင်လည်းကောင်း လှုပ်ရှားလျက်ရှိသည်။
စစ်ဟန်စင်တိုင်းသည် ၁၉၆၄ ခုနှစ်တွင် နွံစစ်ဟန် မှကွဲထွက်လာခြင်းဖြစ်သည်။ ၁၉၆၇ ခုနှစ်တွင် စစ်ဟန် စင်တိုင်းမှ တပ်စစ်စင်တိုင်းအဖွဲ့ခွဲထွက်ပြန်သည်။ ၁၉၆၈ ခုနှစ်၊ သြဂုတ်လ ၆ ရက်တွင် စစ်ဟန်စင်တိုင်း အဖွဲ့အား တရုတ်နီတပ်က ခေါ်ယူဆွေးနွေးပြီး လက်နက်ခဲယမ်းအကူအညီများပေးခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်တွင် အွန်ကျန်းခေါင်းဆောင်သော ကောင်းဖန်ဆန်ကျောက်အဖွဲ့အင်အား ၂၅ဝ ခန့် ခွဲထွက်ပြန်သည်။ ကောင်းဖန်ဆန် ကျောက်အဖွဲ့ဌာနချုပ်မှာ လောနိုင်ငံမိန်မိန်းစခန်းတွင် အခြေစိုက်ရာမှ ၁၉၇ဝ ပြည့်နှစ်တွင် ထိုင်ဝမ်ထောက်လှမ်းရေး အဖွဲ့နှင့် ပဋိပက္ခဖြစ်သဖြင့် နှင်ထုတ်ခံရသည်။ ထို့ကြောင့် အင်အား ၂ဝဝ ဖြင့် ထိုင်းနိုင်ငံ အတွင်းသို့ ဝင်ရောက်ခဲ့သည်။(၁။     ကက(ကြည်း) စီမံရေးဌာနစု၏ ပြည်တွင်းသောင်းကျန်းသူ (၁၉၇၂ ခုနှစ်၊ မတ်လ)၊ စာမျက်နှာ ၂၃။)
ကောင်းဖန်ဆန်ကျောက်အဖွဲ့သည် ဦးနုအဖွဲ့မှ ဂျင်မီယန်းလက်အောက်တွင် တပ်ရင်း(၃)အဖြစ် ပါဝင် ပူးပေါင်းခဲ့သည်။ ၁၉၇၁ ခုနှစ် မိုင်းယောင်းဒေသသို့ ဝင်ရောက်လှုပ်ရှားရာ တပ်မတော်စစ်ဆင်ရေးများ ကြောင့် ၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာလတွင် လုံးဝပြိုကွဲပြီး ကောင်းဖန်ဆန်ကျောက်နှင့် သုံးယောက်သာလွတ် မြောက်ပြီး ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ရ လေသည်။ တပ်စစ်စင်တိုင်းမှ အိုက်မြင့်အဖွဲ့သည် ၁၉၇၁ ခုနှစ်တွင် ကျိုင်းတုံမြေပြန့်တစ်ဝိုက်၌ လှုပ်ရှား လာသည်။ အင်အား ၄ဝဝ ခန့်ပါဝင်ပြီး ကျိုင်းတုံခရိုင် မိုင်းယန်း မြို့နယ် ဝမ်ကွမ်းတွင် အခြေပြုသည်။ စိုင်းနော်မိန်းနှင့် အင်အား ၂ဝဝ ခန့်က ကျိုင်းတုံ လွိုင်လင်နယ်စပ်ရှိ ပျက်ကန့်(ခေါ်)ဝမ်ကန့်တွင် အခြေပြု၍ မိုင်းပြင်းနယ် ထဲတွင် လှုပ်ရှားသည်။
ရှမ်းသောင်းကျန်းသူများမှာ တစ်ဖွဲ့တည်းအနေ နှင့် မည်သည့်အခါကမျှ တည်ရှိခဲ့ခြင်းမရှိခဲ့ပေ။ အဖွဲ့ ငယ်များ အမျိုးမျိုးကွဲပြား၍သာနေသည်။ ရံဖန်ရံခါ အဖွဲ့ငယ်ချင်း ပူးပေါင်းကြသကဲ့သို့ ရံဖန်ရံခါတွင် တစ်ဖွဲ့ တည်းမှ အစိတ်စိတ်အမြွှာမြွှာကွဲထွက်ကြသည်လည်းရှိသည်။ ဗကပတို့သည် ရှမ်းသောင်းကျန်းသူအဖွဲ့ အစည်းငယ်များအား နည်းမျိုးစုံနှင့်သိမ်းသွင်းခဲ့ကြသကဲ့သို့ ပြည်ပြေးများကလည်းသိမ်းသွင်းရန် ကြိုးစားခဲ့ကြ သည်။ လက်ဝဲအယူအဆကို လက်ခံကြသူများမှာ ဗကပ နောက်လိုက်များအဖြစ်သို့ တစ်စတစ်စပြောင်းလဲလာ သည်။ လက်ယာဝါဒီအချို့မှာ ပြည်ပြေးနှင့်ပူးပေါင်းဖြစ် ခဲ့ကြသော်လည်း ပြိုကွဲပျက်စီးခဲ့ကြရသည်။ လက်ယာ စွန်းရောက်လူမျိုးရေးဝါဒီအချို့မှာမူ သီးခြားရပ်တည် နေခဲ့ကြသည်။ ရှမ်းသောင်းကျန်းသူများ၏ရပ်တည်မှုမှာ ဆက်ကြေးငွေနှင့် ဘိန်းလုပ်ငန်း အပေါ်တွင်သာ မူတည်နေသည်။ လက်ဝဲလက်ယာပြည်ပစွက်ဖက်မှုများ လည်းရှိခဲ့သည်။
၁၉၇၂ ခုနှစ်တွင် အဓိကအားဖြင့် ရှမ်းသောင်းကျန်းသူအဖွဲ့အစည်းလေးခုရှိရာ စဝ်ဆေးဝိုင် နှင့် စိုင်းလှအောင်တို့ခေါင်းဆောင်သော အက်စ်အက်စ် အေတွင် အင်အား ၅၄၂ ယောက်ရှိသည်။ မိုးဟိန်း၏ အက်စ်ယူအာရ်အေတွင် အင်အား ၅၈ဝ ယောက်ရှိ သည်။ စစ်ဟန်စင်တိုင်းတွင် အွန်ကျန်းနှင့်အင်အား ၅ဝဝ ရှိပြီး အိုက်မြင့်နှင့်တပ်စစ်စင်တိုင်းတွင် အင်အား ၆ဝဝ ခန့်ရှိသည်။ စုစုပေါင်းအင်အားမှာ ၂၂၂၂ ယောက် ခန့်ဖြစ်လေသည်။
ပြည်ပြေးအဖွဲ့(ခေါ်) ပါလီမန်ဒီမိုကရေစီပါတီ အခြေအနေ
၁၉၆ဝ ပြည့်နှစ်၊ သြဂုတ်လ ၂၂ ရက်တွင် စတင် ဖွဲ့စည်းကြောင်း ကြေညာခဲ့သော ပါလီမန်ဒီမိုကရေစီ (ခေါ်) ပြည်ပြေးအဖွဲ့တွင် ပါတီဥက္ကဋ္ဌအဖြစ် ဦးနု၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဗိုလ်လက်ျာ-အတွင်းရေးမှူး ဦးလောရုံတို့ ခေါင်းဆောင်ခဲ့ရာ အောက်ပါတိုင်းများ ဖွဲ့စည်းထားသည်-
(က)    မြောက်ပိုင်းတိုင်း
(ခ)     အလယ်ပိုင်းတိုင်း
(ဂ)     တောင်ပိုင်းတိုင်း
(ဃ)    သီးခြားတိုင်း(၁)
မြောက်ပိုင်းတိုင်း တိုင်းမှူးမှာ တရုတ်ဖြူ ဂျင်မီယန်းဖြစ်ပြီး အင်အား ၃ဝဝ ခန့်ဖြင့် ထိုင်းနိုင်ငံ ဟွေ့နမ့်ခွန်(အင်န်ယူ-၈၄၅၄)တွင် အခြေပြု၍ လှုပ်ရှား သည်။ မြောက်ပိုင်းတိုင်း လက်အောက်တွင် လီရှောက်ရီ၊ ဗိုလ်ညိုတို့ခေါင်းဆောင်သော အင်အား ၈ဝ ခန့်လည်း ပါဝင်ပြီး နားထောင်(အယ်လ်ဒီ-၅၅ဝ၈)နှင့် လွယ်မော် ဒေသများသို့ ၁၉၇၁ ခုနှစ်၊ မတ်လတွင် ဝင်ရောက်လာ ပြီး လူသစ်များ စုဆောင်းသည်။ တပ်ရင်း(၁)တပ်ရင်း မှူးအဖြစ် တောခိုရဲစခန်းမှူးဟောင်း စိုင်းဆိုင်ကျောက် အား တာဝန်ပေးထားသော်လည်း လူအင်အားမရှိသဖြင့် စိုင်းဆိုင်ကျောက်သည် စီးပွားရေးသာ လုပ်ဆောင်လျက် ရှိသည်။ တပ်ရင်း(၂)သည် ထိုင်းနိုင်ငံအတွင်းရှိ ကေအိုင်အေဌာနချုပ်နှင့်ဇော်ဆိုင်းအခြေစိုက်ရာ ထန်ပိုး သို့ပြောင်းရွှေ့အခြေပြုလျက်ရှိသည်။
၁၉၇ဝ ပြည့်နှစ်တွင် ရှမ်းသောင်းကျန်းသူ စစ်ဟန်စင်တိုင်းအဖွဲ့မှ ခွဲထွက်လာသည့် ကောင်းဖန် ဆန်ကျောက်အဖွဲ့သည် လောနိုင်ငံတွင် ခိုအောင်းနေရာ မှ နှင်ထုတ်ခံရသဖြင့် ထိုင်းနိုင်ငံသို့ပြောင်းရွှေ့သွား ကြောင်း တင်ပြခဲ့ပြီးလေပြီ။ ပြည်ပြေးတို့သည် ကောင်းဖန်ဆန်ကျောက်အဖွဲ့မှ အင်အား ၂ဝဝ ကျော် အား စည်းရုံးသိမ်းသွင်း၍ တပ်ရင်း(၃)အဖြစ် ဖွဲ့စည်း ခဲ့သည်။ သို့သော် တပ်မတော်စစ်ကြောင်းများနှင့် မကြာခဏ ထိတွေ့တိုက်ခိုက်ခဲ့ရသည့်အပြင် ပြည်သူ လူထုကလည်း လက်မခံသဖြင့် အစုလိုက်အပြုံလိုက် လက်နက်ချကြပြီး ၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ချုပ်ငြိမ်းသွားရတော့သည်။
ပြည်ပြေး အလယ်ပိုင်းတိုင်းတွင် တိုင်းမှူးမှာ ကျိုက်မရောဦးသွင်ဖြစ်သည်။ ဒုတိယတိုင်းမှူးအဖြစ် ဗိုလ်ကျော်ဒင်ကတာဝန်ယူပြီး တပ်ရင်း(၃)ရင်းဖွဲ့စည်း ထားသည်။ တပ်ရင်း(၁)မှူးမှာ တက်ထွန်းဖြစ်ပြီး တပ်ရင်း(၂)မှူးမှာ အောင်ခင်ဖြစ်သည်။ တပ်ရင်း(၃) မှူးအဖြစ် စိန်တိုးကတာဝန်ယူသည်။ တပ်ရင်း(၁)နှင့် (၂)သည် ပြည်တွင်းသို့ ဝင်ရောက်လာသော်လည်းတပ်ရင်း(၃)မှာမူ ပြည်ပတွင်သာ လှုပ်ရှားနေခဲ့သည်။ တက်ထွန်းနှင့် တပ်ရင်း(၁)သည် အင်အား ၁၅ဝ ခန့်ဖြင့် ၁၉၇၁ ခုနှစ်၊ ဧပြီလတွင် ပြည်တွင်းသို့ထိုးဖောက် ဝင်ရောက်လာခဲ့သည်။ သို့သော် တပ်ခွဲ(၁)သည် လုံးဝပြိုကွဲသွားခဲ့သည်။ ဒုတိယတပ်ရင်းမှူး မွန်စံသူသည် ငါးပြေမတိုက်ပွဲတွင် တပ်မတော်နှင့်တိုက်ပွဲဖြစ်ပြီး သေဆုံးခဲ့ရာ တက်ထွန်းနှင့်ကျန်အင်အားစုများသည် ကေအင်န်ယူ တပ်မဟာ(၆) နယ်မြေ ကျိုက်ဒုံ၊ ကျားမနိုင် ဒေသများတွင် ဝင်ရောက်ခိုအောင်းနေကြသည်။ တပ်ရင်း(၂)သည် အင်အား ၁၂ဝ ခန့်ဖြင့် ၁၉၇၁ ခုနှစ်၊ စက်တင်ဘာလတွင် ဖလူးမှတစ်ဆင့် ပြည်တွင်း သို့ ဝင်ရောက်လှုပ်ရှားလျက်ရှိသည်။၁
ပြည်ပြေးတောင်ပိုင်းတိုင်း တိုင်းမှူးမှာ ဗိုလ်ရန် နိုင်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းရှိ ဝမ်က(ပီဂျေ-၅၁၈၃) တွင် ဌာနချုပ်ထားရှိသည်။ ဒုတိယဗိုလ်မှူးကြီး ဟောင်း ခင်မောင်မြင့်၊ တင်ငွေ၊ သန်းလွင်၊ ဦးလှိုင်၊ ရန်ရှင်း၊ တင်ညွန့်တို့ကခေါင်းဆောင်၍ အင်အား ၃၅ ယောက်ရှိသော တပ်စုကိုးစုဖွဲ့စည်းထားသည်။ တပ်စု (၈)မှာ ကရင်အမျိုးသားများသာ ပါဝင်သည်။ သန်းလွင် သည် တပ်စုသုံးစုခန့်ဖြင့် ထားဝယ်မြို့နယ် ရေဖြူဒေသ အတွင်းသို့ ဝင်ရောက်လှုပ်ရှားလေ့ရှိသည်။ တစ်ခါတစ်ရံ တင်ငွေကိုယ်တိုင်ခေါင်းဆောင်သည်။ ဂျင်မီ(ခေါ်) မင်းနိုင် ခေါင်းဆောင်သောအင်အား ၃ဝ ခန့်ဖြင့်လည်း အထူးတိုက်ခိုက်ရေးတပ်ကို ဖွဲ့စည်းထားသည်။၂
သီးခြားတိုင်း(၁)သည် တင်မောင်ဝင်း ဦးစီး၍ ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ရုံးဖွင့်ထားသည်။ လူသစ် စုဆောင်းခြင်း၊ သင်တန်းပေးခြင်းတို့ကိုသာ ပြုလုပ် လျက်ရှိသည်။
ဦးလောရုံ အမေရိကန်ပြည်ထောင်စုသို့ အပြီး အပိုင် ထွက်ခွာသွားပြီးနောက်တွင် ဦးလောရုံ၏နေရာ တွင် ဦးသွင်က တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ စစ်ရေးတွင်လည်း မြောက်ပိုင်းတိုင်းက သီးခြားခွဲထွက် သွားသည်။ ဂျင်မီယန်းသည် ဦးနုအားမယုံကြည်တော့ သဖြင့် ၁၉၇၁ ခုနှစ်၊ အောက်တိုဘာလတွင် တပ်စစ် မိန်တိုင်းမိုင်ဟူ၍ သီးခြားဖွဲ့စည်းသည်။ ရန်ကျင်းကြည် နှင့်အင်အား ၁၆ဝ ခန့်က လွယ်လင်ခရိုင်ထဲတွင် ဝင် ရောက်လှုပ်ရှားသည်။ လောစင်ကြယ်နှင့်အင်အား ၁ဝဝ ခန့်က တန့်ယန်းမြို့နယ်ထဲဝင်သည်။ ဂျင်မီယန်း၏ အင်အားစုများသည် စစ်ရေး၊ နိုင်ငံရေးထက် စီးပွားရေး လုပ်ငန်းကိုသာ ဇောက်ချ၍လုပ်ကိုင်နေခဲ့ကြသည်။၃
အလယ်ပိုင်းတိုင်းတပ်ရင်း(၁)ခွဲမှူး ဆာလေ(ခေါ်) အောင်ကြီးသည် တပ်မတော်နှင့်တိုက်ပွဲဖြစ်ပွားပြီး ၁၉၇၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်တွင် ဒဏ်ရာရရှိ သွားခဲ့သည်။ တက်ထွန်းနှင့်တပ်ရင်း(၁)သည် ကျိုက်ဒုံ နယ်မြေတွင် ကေအင်န်ဒီအိုများနှင့်ပေါင်းနေပြီး သပြေညိုတပ်အမည်ခံ မင်းထွတ်ခေါင်းဆောင်သော အထူးတပ်ဖွဲ့က ကော့ကရိတ်မြို့နယ်တွင် လှုပ်ရှားလျက် ရှိသည်။ သန်းလွင်နှင့်အောင်စိုးခေါင်းဆောင်သော အင်အား ၂ဝဝ ခန့်သည် ရေနောက်(ပီဂျေ-၂၅၃၄) နှင့် အိသီ(ပီဂျေ-၂၇၃ဝ)တွင် ကျင်းတူးစခန်းချနေစဉ် တပ်မတော်စစ်ကြောင်းများ၏ တိုက်ခိုက်ခြင်းခံရသဖြင့် ပြည်ပသို့ပြန်လည် ဆုတ်ခွာထွက်ပြေးသွားကြသည်။ ဦးထွန်းလှိုင်နှင့် ဒီအိုလှရွှေဖော ခေါင်းဆောင်သော အင်အား ၁၄ ယောက်သည် သံဖြူဇရပ်အရှေ့ခြမ်းတွင် ဝင်ရောက် လှုပ်ရှားနေကြသည်။ ဂျင်မီ(ခေါ်)မင်းနိုင် ခေါင်းဆောင်သော အထူးတိုက်ခိုက်ရေးတပ်သည် ကေအင်န်ယူ အော်လီဗာ၊ မွန်သောင်းကျန်းသူ ကျော်အိုးတို့နှင့်ပူးပေါင်း၍ ၁၉၇၁ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်တွင် ကြာအင်းဆိပ်ကြီးမြို့အား တိုက်ခိုက်ခဲ့ ကြသည်။
ပြည်ပြေးများသည် ကေအင်န်ယူတပ်ဦး၊ မွန်ပြည် သစ်ပါတီတို့နှင့်ပူးပေါင်း၍ တိုင်းရင်းသားပေါင်းစုံ ညီညွတ်ရေးနှင့်လွတ်မြောက်ရေး တပ်ပေါင်းစု (တညလ) အဖြစ် ၁၉၇ဝ ပြည့်နှစ်၊ မေလ ၂၅ ရက်တွင် ဖွဲ့စည်း ခဲ့သော်လည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ သံသယများ၊ မယုံ သင်္ကာမှုများနှင့် ပြည့်နှက်နေသောကြောင့် ခိုင်မာသော မဟာမိတ်များအဖြစ်သို့ ရောက်မလာခဲ့ပေ။ မိမိအဖွဲ့၏ ကိုယ်ကျိုးစီးပွားကိုသာ ကြည့်နေကြသောကြောင့်လည်း ငွေကြေးပြဿနာများတွင် အငြင်းပွားလျက်ရှိနေကြ သည်။ ၁၉၇၁ ခုနှစ်အကုန်တွင်ကား ကေအင်န်ယူနှင့် ပြည်ပြေးများသည် သိသိသာသာ သဘောကွဲလွဲလာ ကြသည်။ ပြည်ပြေးတို့သည် ရှမ်းသောင်းကျန်းသူများ အား သိမ်းသွင်းခဲ့သေးသော်လည်း အောင်မြင်မှုမရခဲ့ ကြပေ။
မွန်ပြည်သစ်ပါတီ
ဥက္ကဋ္ဌနိုင်ရွှေကျင်နှင့်အတွင်းရေးမှူး နိုင်အုံးရှိန်တို့ ခေါင်းဆောင်သော မွန်ပြည်သစ်ပါတီသည် အင်အား နည်းပါးသောအဖွဲ့ငယ်လေးတစ်ခုဖြစ်ခဲ့သော်လည်း သက်တမ်းရှည်ကြာသော သောင်းကျန်းသူများဟု ဆိုရ မည်ဖြစ်သည်။ ကေအင်န်ဒီအိုတို့၏ သွေးထိုးမှုဖြင့်မူလအဖွဲ့အစည်း အမ်အင်န်ဒီအိုမှ ပြောင်းလဲလာသော မွန်သောင်းကျန်းသူများသည် ကရင်၊ ကရင်နီနှင့်မွန်အမျိုးသားများပါဝင်သော ဒီမိုကရက်တစ်လူမျိုးစုများ ညီညွတ်ရေးတပ်ဦး (ခေါ်)ဒလညတ(၁၉၅၆ ခုနှစ်) နစ်ဖြူ၊ ကေအင်န်ယူနှင့်ကရင်နီတို့ပါဝင်သော အမျိုး သားဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစု(ခေါ်) မဒညတ(၁၉၅၉ ခုနှစ်)ကရင်၊ ကရင်နီနှင့်ရှမ်းတို့ပါဝင် သော လူမျိုးပေါင်းစုံလွတ်မြောက်ရေး မဟာမိတ်အဖွဲ့ (ခေါ်)လလမဖ(၁၉၆ဝ ပြည့်နှစ်)တို့ပါဝင်၍ မိမိ ရပ်တည်ရေးအတွက် မှီခိုခဲ့ရသည်။ အင်အား ၄ဝ ခန့် သာရှိသဖြင့် သီးခြားအဖွဲ့အစည်းတစ်ရပ်အနေနှင့် မည်သည့်အခါမျှ ရပ်တည် နိုင်ခြင်းမရှိခဲ့ပေ။ ဒီအို ရွှေဆိုင်းနှင့် ဗိုလ်မြတို့က ကေအင်န်ယူနယ်မြေထဲတွင်  မကြာခဏအကျပ်ကိုင်ခဲ့သဖြင့် ၁၉၆၅ ခုနှစ်၌ မဒညတ ဌာနချုပ်သို့ အကူအညီတောင်းခဲ့ရဖူးသည်။ ၁၉၆၇ ခုနှစ်နောက်ပိုင်းတွင် အင်အား ၆ဝ ခန့်အထိ တိုးလာ သော်လည်း စစ်ရေးအရထူးခြားသောဆောင်ရွက်မှုမျိုး မရှိခဲ့ပေ။
ပြည်ပြေးတို့နှင့်ပူးပေါင်း၍ သုံးပါတီတပ်ပေါင်းစု တွင် ပါဝင်ပြီးနောက်ပိုင်းတွင် ဦးနုမှတစ်ဆင့် ပြည်ပ အကူအညီငွေကျပ်သိန်း ၃ဝ ဖိုးခန့်ရရှိခဲ့သည်။ ဝမ်က တွင် အခြေပြုပြီး ပြည်ပြေးအဖွဲ့အနေနှင့်သာ လှုပ်ရှား လျက်ရှိသည်။ ကြာအင်းဆိပ်ကြီးနှင့်ငါးပြေမတိုက်ပွဲ များတွင် ပါဝင်ခဲ့သည်။ ၁၉၇၁ ခုနှစ်နှင့် ၁၉၇၂ ခုနှစ် များတွင် သထုံခရိုင်နှင့်မော်လမြိုင်ခရိုင်မှ မွန် ကျောင်းသားများကို ဆွဲဆောင်စည်းရုံးရာ အင်အား ၈ဝ ခန့်ရရှိသွားခဲ့သည်။
မွန်ပြည်သစ်ပါတီသည် သီးခြားရပ်တည်နိုင်ခြင်း မရှိသော အဖွဲ့အစည်းဖြစ်သည့်အလျောက် မှီခို အားထားရာ အဖွဲ့အစည်း၏အလိုကျသာ ဆောင်ရွက် ခဲ့ရသည်။ စစ်ရေးအနေနှင့် ထူးခြားစွာ လှုပ်ရှားနိုင်ခြင်း မရှိပေ။ မှောင်ခိုစီးပွားရေးလုပ်ငန်းကိုသာ အဓိက ထား၍ ဆောင်ရွက်နေခဲ့သည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ
ကရင်နီအမျိုးသားတိုးတက်ရေးပါတီတွင် စောမောရယ်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်လျက်ရှိပြီး ဝေဝါဒိုခို(အယ်လ်ဒဗလျူ-၄၉ဝ၇)တွင် ဌာနချုပ်ထားရှိ ၍ အခြေစိုက်နေရာမှ တပ်မတော်၏ စစ်ဆင်ရေးများ ကြောင့် ၁၉၇ဝ ပြည့်နှစ်တွင် သံလွင်မြစ်အရှေ့ဘက် နားအွန်(အယ်လ်အိပ်ခ်စ်-၅၃၃၉)သို့ ပြောင်းရွှေ့သွား ကြရသည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီတွင် အင်အား ၂ဝဝ ခန့်ရှိရာ ထိုင်းနိုင်ငံသို့ မိမိသယံဇာတ ပစ္စည်းများ ခိုးထုတ်ခြင်း၊ မှောင်ခိုပစ္စည်းများတင်သွင်းခြင်း၊  အစိုးရလုပ်ငန်းများအား  နှောင့်ယှက်ခြင်း၊ အင်အားနည်း သောရဲစခန်း၊  တပ်စခန်းများကို တိုက်ခိုက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ အခြား သောင်းကျန်းသူများနှင့် လည်း ဆက်သွယ်မှုရှိသည်။ ပဋိပက္ခဖြစ်မှုများလည်းရှိသည်။
ကယန်းပြည်သစ်ပါတီ
ကယန်းပြည်သစ်ပါတီတွင် ဥက္ကဋ္ဌအဖြစ် ရွှေအေး က ဆောင်ရွက်လျက်ရှိပြီး အိုက်ကဖြူနှင့်သန်းချတို့က ရွှေအေးလက်အောက်တွင် ခေါင်းဆောင်မှုပေးလျက်ရှိ သည်။ အင်အား ၃ဝ ခန့်သာရှိပြီး တောင်ကြီးခရိုင် တောင်ဘက် ဖယ်ခုံမြို့နယ် လတိန်(အယ်လ်အာရ်- ၃၉ဝ၁)၊ လအိ(အယ်လ်ဒဗလျူ-၃၇၉၁)နှင့် ပီကင်း (အယ်လ်ဒဗလျူ-၄၇၈၄)တစ်ဝိုက်တွင် ခိုအောင်းလျက် ရှိသည်။ သံတောင်မြို့နယ်မြောက်ခြမ်းတွင်လည်း ဝင်ရောက်လှုပ်ရှားစည်းရုံးလျက်ရှိသည်။ အင်အား နည်းပါးသဖြင့် သီးခြားရပ်တည်နိုင်ခြင်းမရှိပေ။ ကေအင်န်ယူတပ်ဦးနှင့်ဆက်သွယ်ရသကဲ့သို့ ပြည်ပြေး နှင့်ဗကပတို့၏ အပြိုင်အဆိုင်စည်းရုံးသိမ်းသွင်းမှု       ကိုလည်း ရင်ဆိုင်နေရသည်။ သံတောင်မြို့နယ် မြောက်ခြမ်းရှိ မောင်ကျော်၊ မောင်ပလော၊ ကျေး ကတောဒေသတွင် ပြည်တွင်းညီညွတ်ရေးအဖွဲ့(ခေါ်) မောင်မောင်ဦး၏အဖွဲ့အား တိုက်ခိုက်သုတ်သင်ရာမှ လက်နက်ခဲယမ်းအချို့ရရှိပြီး အင်အားတောင့်တင်း လာသည်။
ပအိုဝ့်သောင်းကျန်းသူ(ရလလဖ)
ပအိုဝ့်သောင်းကျန်းသူတို့၏ မူလရည်မှန်းချက်မှာ ပဒေသရာဇ်ရှမ်းစော်ဘွားများ ဆန့်ကျင်ရေးဖြစ်သည်။ ဗိုလ်ချန်ဇုံသည် ၁၉၅ဝ ပြည့်နှစ်တွင်အလင်းဝင်ပြီး ၁၉၅၁ ခုနှစ်တွင် တောခိုပြန်သည်။ ၁၉၅၈ ခုနှစ်၊ သြဂုတ်လ ၅ ရက်တွင် သထုံလှဖေခေါင်းဆောင်၍ တောင်ကြီးတွင် လက်နက်ချခဲ့ကြပြီး ၁၉၆၄ ခုနှစ်၊ ဇူလိုင်လတွင် ပအိုဝ့်အင်အားစုများသည် တောခိုကြပြန်သည်။ တောခိုပအိုဝ့်များကို ဗိုလ်လှမောင်(ရှမ်း)   နှင့် တာကလယ် (ကရင်)တို့က ခေါင်းဆောင်ပြီးနစ်ဖြူ ဗဟိုခွဲမှ ဗိုလ်ပုတို့နှင့်ဆက်ဆံခဲ့ကြသည်။ ထို့နောက် မဒညတအဖွဲ့ဝင်ဖြစ်သော ကယန်းပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့နှင့် အစည်း အဝေးပြုလုပ်ပြီး ၁၉၇ဝ ပြည့်နှစ်၊ မတ်လ ၂၅ ရက် တွင် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ)ဟူ၍ ဖွဲ့စည်းခဲ့သည်။
၁၉၆၈ ခုနှစ်တွင် မိုးဟိန်းအဖွဲ့တို့နှင့် ပဋိပက္ခဖြစ် ပွားရာ ပအိုဝ့်ခေါင်းဆောင်ဗိုလ်စံသိန်းကျဆုံးခဲ့သည်။ ယင်းကိုအကြောင်းပြု၍ မဒညတစံထင်းနှင့် ဗကပလှအောင်တို့က ထိုးဖောက်စည်းရုံးခဲ့သဖြင့် ပအိုဝ့် သောင်းကျန်းသူများအတွင်း လက်ဝဲဝါဒလက်ဝဲလမ်းစဉ်များ ဝင်ရောက်လွှမ်းမိုးလာခြင်းဖြစ်သည်။ ၁၉၇ဝ ပြည့်နှစ်တွင် တပ်မတော်၏ စစ်ဆင်ရေးများကြောင့် အဖွဲ့ငယ်များခွဲ၍ လှုပ်ရှားခဲ့ကြရသည်။ ရလလဖဌာန ချုပ်တွင် အဘယနှင့် ၅၅ ယောက်ရှိပြီး တပ်ရင်း(၁)ကို တာကလယ်က ဦးဆောင်သည်။ တာကလယ်သည် စစ်ရေးအရ ဆောင်ရွက်မှုများပြားပြီး တောင်ကြီး၊ လွိုင်လင်ခရိုင်များအတွင်း လှည့်လည်စည်းရုံးခြင်း၊ ဆက်ကြေးကောက်ခြင်း၊ တိုက်ကွက်ဖော်ခြင်းများ ဆောင်ရွက်ခဲ့သည်။ တပ်ရင်း(၂)ကို ဆရာထင်းက ခေါင်းဆောင်သည်။ ရလလဖ အင်အားစုစုပေါင်းမှာ ၃၆၅ ယောက်ခန့်ရှိသည်။ ရလလဖများအတွင်း ဗကပ ကိုလက်ခံသူရှိသကဲ့သို့ ဗကပကို လက်မခံနိုင်သော လူမျိုးရေးဝါဒီများလည်း ရှိသည်။ သို့သော် ကြီးမားသော ပဋိပက္ခများကား မပေါ်ပေါက်သေးပေ။
တောခိုလွယ်မော်အဖွဲ့
လွယ်မော်ကာကွယ်ရေးအဖွဲ့၏ခေါင်းဆောင်မှာ ခွန်ဆာဖြစ်သည်။ ခွန်ဆာခေါင်းဆောင်သော အင်အား ၂၇၂၂ ယောက်သည် လက်နက်ကိုင် ၁၃ဝဝ ခန့်နှင့် တန့်ယန်း၊ ကျိုင်းတုံဒေသတွင် ကာကွယ်ရေးတာဝန်ယူ ခဲ့ရသည်။ စီးပွားရေးသောင်းကျန်းခြင်း၊ ဘိန်းလုပ်ငန်း လုပ်ခြင်း၊ နိုင်ငံရေးကစားလာခြင်း၊ ကေအိုင်အေနှင့် နားလည်မှုယူခဲ့ခြင်း စသည့် မရိုးသားမှုများကြောင့် အစိုးရက ၁၉၆၉ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် နောက်ဆုံးထား၍ လက်နက်ပြန်အပ်ရန်အမိန့်ထုတ်ခဲ့ သည်။ သို့သော်ခွန်ဆာက လိုက်နာဆောင်ရွက်ခြင်းမရှိ သောကြောင့် တပ်မတော်က ၁၉၆၉ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်တွင် လွယ်မော်ကာကွယ်ရေး စခန်းများအား ဝင်ရောက်ရှင်းလင်းရာ ခွန်ဆာနှင့် အချို့ကိုသာ ဖမ်းမိပြီး ကျန်အင်အားစုများ တောခိုခဲ့ ကြသည်။
တောခိုလွယ်မော်အဖွဲ့ကို  ကျန်ဆူးရှင်က ခေါင်းဆောင်ပြီး ကျောက်မဲ၊ လားရှိုးခရိုင် တောင် ဘက်ခြမ်း ဒေသနှင့် လွယ်လင်ခရိုင် ကျေးသီး မန်ဆန်ဒေသများတွင် ဖြန့်ခွဲလှုပ်ရှားသည်။ ကေအိုင် အေ၊ ရှမ်းသောင်းကျန်းသူ၊ တရုတ်ဖြူတို့နှင့်ဆက်သွယ် ပြီး ဘိန်းနှင့်မှောင်ခိုလုပ်ငန်းကို အဓိကထား၍လုပ်ကိုင် နေကြသည်။
လွယ်မော်ဌာနချုပ်ကို နောင်လိုင်တွင် အခြေစိုက် ပြီး အလင်းဝင်ရန် ကမ်းလှမ်းစာတစ်စောင်ကို ၁၉၇၁ ခုနှစ်အတွင်း၌ တပ်မတော်သို့ပို့ခဲ့ဖူးသည်။ ၁၉၇၂ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် နောင်လိုင်၌ အစည်းအဝေးများ ကျင်းပခဲ့ကြသည်။ ဗကပတို့က လည်း လွယ်မော်အဖွဲ့ကို အကျပ်ကိုင်၍ သိမ်းသွင်း လျက်ရှိသည်။ လွယ်မော် အဖွဲ့တွင် လက်နက်ကိုင် အင်အား ၁၅ဝဝ ခန့်ကို တပ်ခွဲ(၁၆)ခွဲဖြင့် ဖွဲ့စည်း ထားသည်။ လားရှိုး ကျောက်မဲလမ်း တောင်ဘက်အခြမ်း တွင် ရှမ်းသောင်းကျန်းသူများ၊ ကေအိုင်အေများနှင့် နားလည်မှုယူ၍ လှုပ်ရှားလျက်ရှိသည်။
တရုတ်ဖြူနှင့် ပြည်ပထောက်လှမ်းရေးတပ်ဖွဲ့များ
မြန်မာနိုင်ငံအား ကျူးကျော်ခဲ့ကြသော တရုတ်ဖြူ တပ်များမှ ကြွင်းကျန်ရစ်ခဲ့သော တရုတ်ဖြူ တပ်မ(၃) နှင့်  တပ်မ(၅)သည်  ထိုင်းနိုင်ငံတွင်  အခြေစိုက်၍ လှုပ်ရှားနေရာမှ  မြန်မာပြည်တွင်းသို့  ရံဖန်ရံခါ ဝင်ရောက်လှုပ်ရှားနေကြဆဲပင်ဖြစ်သည်။
တရုတ်ဖြူတပ်မ(၃)၏တပ်မမှူးမှာ လီဝင်ဟွမ် ဖြစ်ပြီး အင်အား ၃ဝဝဝ ခန့်ရှိသည်။ ဌာနချုပ်မှာ ကေအိုင်အေ ဇော်ဆိုင်းနှင့် ဂျင်မီယန်းတို့ အခြေစိုက် လျက်ရှိသော ထိုင်းနိုင်ငံ ထန်ပိုး(အယ်လ်ယူ-ဝ၅ဝ၅) တွင် အခြေပြုထားသည်။ မြန်မာနိုင်ငံ ရှမ်းပြည် မြောက်ပိုင်း နားခါး ခန့်မှန်းမြေပုံညွှန်း(အယ်လ်ဂျေ- ၄၂၇၇)တွင် ရှေ့တန်းဌာနချုပ် ဖွင့်လှစ်ထားပြီး ဘိန်း နှင့်လက်နက်ခဲယမ်း အရောင်းအဝယ်များ၊ မှောင်ခို လူသုံးကုန်ပစ္စည်းများ တင်သွင်းခြင်း၊ ကျောက်မျက် ရတနာများ မှောင်ခိုထုတ်ခြင်းများကို ဆောင်ရွက်လျက် ရှိသည်။ လူ၊ လက်နက်အင်အား တောင့်တင်းသော် လည်း မိမိတပ်မတော်အား တိုက်ခိုက်ခြင်းမရှိဘဲ တတ်နိုင်သရွေ့ ရှောင်ကွင်းလေ့ရှိသည်။ မလွှဲမရှောင် သာမှသာ တိုက်ခိုက်သည်။ ကွန်မြူနစ်ဝါဒအား တိုက်ဖျက်နေသူအချင်းချင်း မိတ်ဆွေများသာဖြစ် ကြောင်း စသည်ဖြင့် တပ်စခန်းများသို့ ဝါဒဖြန့်ရေးသား ဆက်သွယ်လေ့ရှိသည်။ ကာကွယ်ရေးအဖွဲ့များ၊ ရောင်စုံသောင်းကျန်းသူအဖွဲ့များ၊ မှောင်ခိုကုန်သည် ကြီးများသည် တပ်မ(၃)အား စီးပွားရေးအရ မှီခို ဆက်သွယ်နေကြရသည်။
တရုတ်ဖြူတပ်မ(၅)၏တပ်မမှူးမှာ တွမ်ရှီဝမ်ဖြစ် ပြီး အင်အား ၂ဝဝဝ ခန့်ရှိသည်။ ဌာနချုပ်မှာ ထိုင်း နိုင်ငံ မယ်စလောင်း(အယ်လ်ယူ-၅၇၄၁)တွင် တည်ရှိ သည်။ ရှေ့တန်း ဌာနချုပ်ကို ရှမ်းပြည်နယ် ပန်ဟုန် (အယ်လ်ဂျေ-၉၆၅၇)တွင် ဖွင့်လှစ်ထားပြီး တပ်မ(၃) ကဲ့သို့ပင် ဘိန်းနှင့် မှောင်ခိုစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။ တပ်မ(၃)နှင့်(၅)သည် ထိုင်ဝမ် ထောက်လှမ်းရေးအဖွဲ့နှင့် ပူးပေါင်း၍ မကြာခဏပင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအတွင်း ဝင်ကာ အဖျက် လုပ်ငန်းများဆောင်ရွက်လေ့ရှိသည်။
တရုတ်ဖြူတပ်မ(၃)နှင့်(၅)သည် ၁၉၇ဝ ပြည့်နှစ်၊ ဒီဇင်ဘာလမှစ၍ ထိုင်းတပ်မတော်၏လက်အောက်ခံ ကွန်မြူနစ်ဆန့်ကျင်ရေးတပ်အဖြစ် ထိုင်းတပ်မတော်၏ လစာထောက်ပံ့ကြေးများကို ရယူခဲ့သည်။ တရုတ်ဖြူ တပ်မ(၃)နှင့်(၅)သည် ထိုင်းနိုင်ငံအတွက် ကျိန်းခေါင် (အမ်ကြူ-၄၈၅၅)နယ်မြေနှင့် မြန်မာ၊ ထိုင်း၊ လော သုံးပွင့်ဆိုင်နယ်စပ်ရွှေတြိဂံနယ်မြေတို့တွင် ကွန်မြူနစ် ဆန့်ကျင်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက် ရသည်။ ထိုင်းအစိုးရက လိုအပ်သည့် လက်နက်ခဲယမ်းများ၊ စစ်ဝတ်တန်ဆာပလာများ တပ်ဆင်ပေးသည့် အပြင် ထိုင်းတပ်မတော်ကဲ့သို့ပင် လစာနှင့်စရိတ်များ ထောက်ပံ့ပေးကမ်းထားသည်။ ရဟတ်ယာဉ်နှစ်စင်း လည်း ထုတ်ပေးခဲ့သည်။ တရုတ်ဖြူတပ်မများသည် ၁၉၇ဝ ပြည့်နှစ်၊ နိုဝင်ဘာလနောက်ပိုင်းမှစ၍ မြန်မာ နိုင်ငံအတွင်းသို့ အလုံးအရင်းဖြင့် ဝင်ထွက်သွားလာခြင်း မပြုလုပ်ကြတော့ပေ။ ဘိန်းကုန်ကူးသော တရုတ်အဖွဲ့ များသာ သွားလာလှုပ်ရှားလျက်ရှိလေသည်။
ထိုင်ဝမ်တရုတ်ဖြူထောက်လှမ်းရေးအဖွဲ့ကို ဗိုလ်မှူးကြီးအဆင့်ရှိ ဖန်ချင်ယန်းက ဦးစီးပြီး အင်အား ၄ဝဝ ခန့်ရှိသည်။ ဌာနချုပ်ကို လောနိုင်ငံ ဟွေရှင်း (အမ်ကြူ-၁၉၇၅)တွင်လည်းကောင်း၊    ထိုင်းနိုင်ငံ  မယ်ဆိုင် (အယ်လ်ယူ-၈၅၇၃)တွင်  လည်းကောင်း၊ ဗန်ကောက်မြို့တွင်လည်းကောင်း အခြေပြုလျက် လက်အောက်ခံ အဖွဲ့ငယ်ရှစ်ဖွဲ့ဖြင့်  လှုပ်ရှားသည်။ လက်အောက်ခံအဖွဲ့ငယ်များသည်  ကျိုင်းတုံခရိုင်အတွင်းရှိ  မိုင်းကိုင် (အမ်အယ်လ်-၁၂၇၄)၊ မိုင်းဝ (အမ်အယ်လ်-၄၄၉၂)၊ မိုင်းယု (အမ်အယ်လ်-၆၃၈၃) နှင့် မိုင်းဟဲ(အယ်လ်အက်ဖ်-၉၆ဝ၉)ဒေသများတွင် လှုပ်ရှားလျက်ရှိသည်။ ရည်ရွယ် ချက်မှာ ကွန်မြူနစ်ဆန့်ကျင်ရေးပင်ဖြစ်သည်။
 ရှမ်းသောင်းကျန်းသူ  စစ်ဟန်စင်တိုင်း ခေါင်းဆောင်ဟောင်း ဦးဘသိန်းသည်လည်း အင်အား ၂ဝဝ ခန့်ဖြင့် လောနိုင်ငံဟွေဆိုင်း(အမ်ကြူ-၄၆၅၅) ထိုင်းနိုင်ငံ ဟတ်ဝိုင်(အမ်ကြူ-၂၈၆၆)တို့တွင် အခြေပြုလှုပ်ရှားလျက်ရှိသည်။  ထွန်းလူနှင့်အင်အား ၅ဝ ခန့်သည်  လောနိုင်ငံ ဘန်ဟွေဆိုင်(အမ်ကြူ-၄၇၅၅)နှင့် မိန်မိန်း(အမ်အယ်လ်-၅၄၁၃) တို့တွင် အခြေပြုပြီး ကျိုင်းတုံခရိုင်မြောက်ပိုင်းနှင့်အရှေ့ပိုင်း၊ တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံ နယ်စပ်များတွင် လှုပ်ရှား လျက်ရှိသည်။  ယင်းအဖွဲ့များအား  စီအိုင်အေ ဦးဘသိန်းနှင့် ထွန်းလူအဖွဲ့ဟုသာ ခေါ်ဝေါ်ကြသည်။ ရွှေတြိဂံနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ လက်ယာဝါဒီ သောင်းကျန်းသူများအားလုံးမှာ စီအိုင်အေနှင့် အဆက် အသွယ်မကင်းခဲ့ကြပေ။
၁၉၇၂ ခုနှစ်၊ မတ်လတွင်ရှိသော  သောင်းကျန်းသူတို့၏ အင်အား
၁၉၇၂ ခုနှစ်၊ မတ်လအထိ လှုပ်ရှားနေကြသော သောင်းကျန်းသူများ၏ အဖွဲ့အစည်းအလိုက်၊ နေရာ ဒေသ နယ်မြေအလိုက် လှုပ်ရှားနေကြသော အင်အား  အရေအတွက်များ အနီးစပ်ဆုံးမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က)    ပြည်တွင်းရှိ ဗမာပြည်ကွန်မြူနစ်ပါတီ (နစ်ဖြူ)
(၁)     ဗဟိုဌာနချုပ်။  သခင်ဇင်နှင့် အင်အား ၈ဝ။
(၂)     ပဲခူးရိုးမတိုင်း။  ဘုန်းကျော်နှင့် အင်အား ၄ဝဝ။
(၃)     မြစ်ဝကျွန်းပေါ်တိုင်း။ အောင်ဖေနှင့် အင်အား ၅၄ဝ။
(၄)     အနောက်မြောက်တိုင်း။ သက်ထွန်း နှင့်အင်အား ၃ဝဝ။
(၅)     ရခိုင်တိုင်း။ ကျော်မြနှင့် အင်အား ၃ဝဝ။
(၆)     တနင်္သာရီတိုင်း။  ထွန်းရှိန်နှင့် အင်အား ၁ဝဝ။
(၇)     ရှမ်းပြည်နယ်။  ကျင်မောင်နှင့် အင်အား ၁၁ဝ။
(၈)     စုစုပေါင်း။ အင်အား ၁၈၃ဝ ခန့် ရှိပြီး  ခရိုင်၊  မြို့နယ်များအလိုက်  ဖြန့်ခွဲလှုပ်ရှားလျက်ရှိသည်။
(ခ)     အဝေးရောက် ဗဟိုကော်မတီနှင့် အရှေ့ မြောက်ဒေသ  ဗကပ။  တစ်ဖက်နိုင်ငံ အတွင်းရှိ အဝေးရောက် ဗဟိုကော်မတီ တွင် ဗသိန်းတင်ခေါင်းဆောင်ပြီး အမှတ် (၈ဝ၈) စစ်အကြံပေးအဖွဲ့ကို ထင်တာပန် က ခေါင်းဆောင်ကာ အောက်ပါအတိုင်း ဖွဲ့စည်းလှုပ်ရှားသည်-
(၁)     အရှေ့မြောက် စစ်ဒေသဌာနချုပ်။ ရမ်ကွမ်း(ခေါ်)နေဝင်း။
(၂)     (ကက) တပ်ရင်း(၁ဝ၁)။ အင်အား ၄၂ဝ၊ တပ်ခွဲကိုးခွဲ။
                    (ခခ)    တပ်ရင်း(၁ဝ၇)။ အင်အား ၁၇ဝ၊ တပ်ခွဲသုံးခွဲ။
                    (ဂဂ)    တပ်ရင်း(၁ဝ၈)။ အင်အား ၂၉ဝ၊ တပ်ခွဲလေးခွဲ။
                    (ဃဃ) တပ်ရင်း(၂ဝ၂)။ အင်အား ၂ဝဝ၊ တပ်ခွဲနှစ်ခွဲ။
                    (ငင)    တပ်ရင်းကြီး (၃ဝ၃)။ အင်အား ၈၉၆၊ တပ်ရင်း လေးရင်း။
                    (စစ)    တပ်ရင်း(၈ဝ၁)။ အင်အား ၁၆၂၊ ဖွဲ့စည်းဆဲ
(၃)     သံလွင်  အရှေ့ပိုင်းစစ်ဌာနချုပ်။ ခင်မောင်ကြီး
                    (ကက) တပ်ရင်းကြီး (၄ဝ၄)။ အင်အား ၈၃ဝ၊ တပ်ရင်း (၄)ရင်း။
                    (ခခ)    တပ်ရင်း(၅ဝ၁)။ အင်အား ၁၅ဝ။
                    (ဂဂ)    တပ်ရင်း(၅ဝ၂)။ အင်အား ၁ဝဝ။
                    (ဃဃ) တပ်ရင်း(၅ဝ၃)။ အင်အား ၂ဝဝ။
                    (ငင)    တပ်ရင်း(၅ဝ၄)။ ဖွဲ့စည်း ဆဲ။
(၄)     စုစုပေါင်းအင်အား ၄ဝဝဝ ခန့်ရှိပြီး လူမျိုးစု သောင်းကျန်းသူအဖွဲ့များ အား နည်းမျိုးစုံဖြင့် အလျင်အမြန် သိမ်းသွင်းလျက်ရှိသည်။
(ဂ)     ကွန်မြူနစ်ပါတီ၊ ဗမာပြည်(နစ်နီ)
(၁)     ဗဟို။ ၇ဝ ခန့်။
(၂)     မြောက်ပိုင်းဗျူရို။ ရှမ်းအုန်းမောင်နှင့် ၇ဝ။
(၃)     အလယ်ပိုင်းဗျူရို။ ပေါလှိုင်(ခေါ်) အောင်ခ နှင့် ၁ဝဝ။
(၄)     တောင်ပိုင်းဗျူရို။ ခိုင်ထွန်းမယ် လက်နက် ချပြီး လုံးဝ ပျက်သုဉ်းသွားပြီဖြစ်သည်။
(၅)     ရခိုင်တိုင်းဗျူရို။ ကျော်ဇံဇရှီးနှင့် အင်အား ၇ဝ သည် ရခိုင်ကွန်မြူနစ်ပါတီအဖြစ် လုံးဝ ခွဲထွက်ပြီးဖြစ်သည်။
(ဃ)    ကေအိုင်အေ
          (၁)     ကေအိုင်အေ စစ်ဌာနချုပ်ဇော်ဆိုင်း။
          (၂)     တပ်မဟာ(၁)။ ဇော်ဒန်နှင့်အင်အား ၁၄၈ ယောက်။
(၃)     (ကက) လားရှိုးခရိုင်တွင်လွမ်းဒေါင်နှင့် တပ်ရင်း(၂)ဇော်ဘွန်နှင့် တပ်ရင်း (၈)၊ ဒေါင်ခေါင်းနှင့်တပ်ရင်း (၉) တို့က တာဝန်ယူသည်။
(ခခ)    ဗန်းမော်ခရိုင်တွင်ဒွရောင်နှင့် တပ်ရင်း(၁)၊ ဂေါ်ရူလဒွနှင့် တပ်ရင်း (၅) တို့က တာဝန်ယူသည်။
(၄)     တပ်မဟာ(၂)။ ဇော်တူးနှင့် အင်အား ၁၄၆၉ ယောက်ရှိပြီး ဇော်ဘောက်က တပ်ရင်း(၃)၊ ဇုတ်ဒိုင်က တပ်ရင်း(၄)၊ လမာလရိန်းက တပ်ရင်း(၆)၊ ဇော်ဘောက်* (ဇော်ဘောက်  - ရင်း(၃)ရင်းမှူးနှင့် ရင်း(၇)ရင်းမှူးမှာ နာမည်တူဖြစ်သည်။)က တပ်ရင်း(၇)၊ မဒင်ကီးယော်**(မဒင်ကီးယော်        -၁၉၇၆ ခုနှစ်တွင် အသေရမိပြီးဖြစ်သည်။)က တပ်ရင်း(၁ဝ)၊ ကဒေါ် ဇော်ဆိုင်းက တပ်ရင်း(၁၁) စသည်ဖြင့် တပ်ရင်းများအလိုက် တာဝန်ယူပြီး မြစ်ကြီး နားခရိုင်၊ တြိဂံဒေသ၊ ဧရာဝတီအနောက်ခြမ်း ဒေသများတွင် လှုပ်ရှားသည်။
(၅)     စုစုပေါင်းအင်အား။ ပြည်တွင်းတွင် ၂၉၅ဝ ခန့်ရှိပြီး ထိုင်းနိုင်ငံ ထန်ပိုးတွင် ဌာနချုပ် ဖွင့်လှစ်ထားသည်။
(င)     ကေအင်န်ယူပါတီ။ ဥက္ကဋ္ဌမှာ ကျော်မြသန်းဖြစ် ပြီး ပဲခူးရိုးမတိုင်းနှင့် မြစ်ဝကျွန်းပေါ်တိုင်းဟူ၍ ခွဲခြားထားသည်။ ပဲခူးရိုးမတိုင်းခေါင်းဆောင်မှာ စောမီးသတ်ဖြစ်ပြီး မြစ်ဝကျွန်းပေါ်တိုင်း ခေါင်း ဆောင်မှာ စောမြရင်ဖြစ်သည်။ ပဲခူးရိုးမတိုင်းတွင် အင်အား ၂ဝဝ ခန့်ရှိပြီး ရိုးမတပ်မဟာကို ဝရဇိန်(ခေါ်) လောကွာဦးစီး၍ ဖွဲ့စည်းထားသည်။ မြစ်ဝကျွန်းပေါ်တိုင်းတွင် အင်အား ၇၃ဝ ခန့်ရှိပြီး  တပ်မ(၂)ကို  စောထွန်းအေးက ခေါင်းဆောင်သည်။ တပ်မ (၂)လက်အောက်တွင် ကေပီဂျီအက်ဖ်(ခေါ်) ကရင်ပြည်သူ့ပြောက်ကျား တပ်ရင်း(၃)ရင်း နှင့် ကေပီအယ်လ်အေ(ခေါ်) ကရင်ပြည်သူ့လွတ်မြောက်ရေး တပ်ရင်း(၂)ရင်း ရှိသည်။ တိုင်းအလိုက်ဖွဲ့စည်းပုံမှာ အောက်ပါ အတိုင်းဖြစ်သည်-
          (၁)     ပဲခူးရိုးမတိုင်းနှင့် ရိုးမတပ်မဟာ။ အင်အား
                   ၂ဝဝ။
                   (ကက) တပ်ရင်း(၄)
                             စံအောင်။
                   (ခခ)    တပ်ရင်း(၈)
                             စောအောင်သိန်း။
                   (ဂဂ)    ဂျော့အဖွဲ့။
                             အင်အား ၅ဝ ခန့်။
          (၂)     မြစ်ဝကျွန်းပေါ်တိုင်းနှင့် တပ်မ (၂)
                   (ကက) ကေပီဂျီအက်ဖ်။ တပ်ရင်း (၃)၊ (၄)၊ (၅)။
                   (ခခ)    ကေပီအယ်လ်အေ။ တပ်ရင်း (၁)၊ (၃)။
          (၃)     ကေအင်န်ယူပါတီ၏ စုစုပေါင်းအင်အားမှာ
                   ၉ဝဝ ခန့်ဖြစ်သည်။
(စ)     ကေအင်န်ယူအက်ဖ်(ကေအင်န်ယူတပ်ဦး)။ ဥက္ကဋ္ဌ မန်းဘဇံဖြစ်ပြီး စစ်ရေးခေါင်းဆောင်မှာ ဗိုလ်မြ ဖြစ်သည်။ တပ်မ(၁)ကို ဗိုလ်မြကိုယ်တိုင်ဦးစီးပြီး ဌာနချုပ်တွင် လူအင်အား ၁၉ဝ ရှိသည်။ လက်အောက်ခံအဖြစ် တပ်မဟာငါးခုကို ဖွဲ့စည်း ထားရာ အောက်ပါအတိုင်းဖြစ်သည်-
          (၁)     ဗဟိုဌာနချုပ်။ ဗိုလ်မြကွပ်ကဲသော အင်အား ၁၉ဝ။
          (၂)     တပ်မဟာ(၁)။ ကျော်ဟိုးနှင့်အင်အား ၅ဝဝ။ တပ်ရင်း(၃)ရင်း။
          (၃)     တပ်မဟာ(၂)။ ဘောနီနှင့်အင်အား ၁၅ဝ၊ စစ်ကြောင်း(၂)ခု။
          (၄)     တပ်မဟာ(၃)။ မောလေ(ခ)ကစဲဒိုးနှင့် ၄ဝဝ၊တပ်ရင်း(၂)ရင်း။
          (၅)     တပ်မဟာ(၆)။ ရွှေဆိုင်းနှင့် ၄ဝဝ၊ တပ်ရင်း (၂)ရင်း။
          (၆)     တပ်မဟာ(၇)။ ထိန်မောင်နှင့် ၇ဝဝ၊ တပ်ရင်း (၃)ရင်း။
          (၇)     စုစုပေါင်းလက်နက်ကိုင်အင်အား ၂၃၄ဝ ခန့် ရှိသည်။
(ဆ)    ပါလီမန်ဒီမိုကရေစီပါတီ(ပီဒီပီ) ခေါ် ပြည်ပြေးအဖွဲ့။
          ဗဟိုဌာနချုပ်တွင် ဦးနု၊ ဦးလောရုံ၊*** (ဦးလောရုံ အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာသွားသောအခါ ဦးလောရုံနေရာကို ဦးသွင်က တာဝန်ယူသည်။) ဗိုလ်လက်ျာ နှင့် တီကလစ်တို့က ဦးစီးပြီး တိုင်းအလိုက် အောက်ပါအတိုင်း ဖွဲ့စည်းထားသည်-
          (၁)     မြောက်ပိုင်းတိုင်း။ ဂျင်မီယန်းခေါင်းဆောင်ပြီး စစ်ရေးအရ ခွဲထွက်သွားပြီးဖြစ်သည်။
          (၂)     အလယ်ပိုင်းတိုင်း။ ဦးသွင်နှင့် ၇၅ ယောက်။
                   (ကက) တပ်ရင်း(၁)။
                             တက်ထွန်းနှင့် ၁၂ဝ။
                   (ခခ)    တပ်ရင်း(၂)။
                             အောင်ခင်နှင့် ၁၂ဝ။
                   (ဂဂ)    တပ်ရင်း(၃)။
                             စိန်တိုး၊ အင်အားစုဆဲ။
(၃)     တောင်ပိုင်းတိုင်း။ ဗိုလ်ရန်နိုင်နှင့် အင်အား ၅ဝ ရှိပြီး တိုင်းတပ်ကို တင်ငွေနှင့် သန်းလွင် က ခေါင်းဆောင်ပြီး လူအင်အား ၂၅ဝ ရှိသည်။
          (၄)     သီးခြားတိုင်း(၁)။ တင်မောင်ဝင်းနှင့်အင် အား ၁၆ဝ ခန့်ရှိသည်။
          (၅)     စုစုပေါင်းအင်အားမှာ ၈၁ဝ ခန့်ရှိသည်။
(ဇ)     မွန်သောင်းကျန်းသူများ
          (၁)     မွန်ပြည်သစ်ပါတီ။ နိုင်ရွှေကျင်နှင့် ၈၇ ယောက်။
          (၂)     မွန်ပြည်တော်ပြန်အဖွဲ့။* (သီးခြားအဖွဲ့။) နိုင်ထင်နှင့် ၂၅ ယောက်။
 (ဈ)    ပြည်တွင်းညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့
          (ပညင)။ ဇော်ထွန်းနှင့် ၅ဝ ယောက်။
(ည)    ရှမ်းသောင်းကျန်းသူများ
(၁)     အက်စ်အက်စ်အေ။  စဝ်ဆေးဝိုင်နှင့်စိုင်းလှအောင်**(လက်နက်ချအလင်းဝင်ပြီးဖြစ်သည်။) တို့ ခေါင်းဆောင်ပြီး အင်အား ၅၄၂ ယောက်ကို တပ်ရင်း (၁ဝ၁)၊ (၁ဝ၂)၊ (၁ဝ၃)၊ (၁ဝ၄)နှင့် ဒေသန္တရတပ် များအဖြစ် ဖွဲ့စည်းထားသည်။
(၂)     အက်စ်ယူအာရ်အေ။ မိုးဟိန်းနှင့်အင်အား ၅၈ဝ ရှိပြီး တိုင်း(၁)၊ (၂)၊ (၃) ဟူ၍ ခွဲထား သည်။
          (၃)     စစ်ဟန်စင်တိုင်း။ အွန်ကျန်းနှင့် ၅ဝဝ။
          (၄)     တပ်စစ်စင်တိုင်း။ အိုက်မြင့်နှင့် ၆ဝဝ။
(ဋ)     ကရင်နီအမျိုးသားတိုးတက်ရေးပါတီ။ စောမော
          ရယ်နှင့်အင်အား၂ဝဝ။
(ဌ)     ကယန်းပြည်သစ်ပါတီ။ ရွှေအေးနှင့် အင်အား ၃ဝ။
(ဍ)     ပအိုဝ့်သောင်းကျန်းသူ(ရလလဖ)။ ဌာနချုပ်တွင် အဘယနှင့် ၅ဝ ရှိပြီး တပ်ရင်း(၁)၌ တာကလယ် ဦးစီး ၁၆ဝ ခန့်ရှိသည်။ တပ်ရင်း(၂)ကို ဆရာထင်း ခေါင်းဆောင်ပြီး ၁၅ဝ ခန့်ရှိသည်။
(ဎ)     တောခိုလွယ်မော်အဖွဲ့။ ကျန်ဆူးရှင်နှင့်အင်အား ၁၅ဝဝ ခန့်ရှိပြီး တပ်ခွဲ ၁၆ ခွဲ ဖွဲ့စည်းထားသည်။
(ဏ)    တရုတ်ဖြူနှင့်ပြည်ပထောက်လှမ်းရေးအဖွဲ့များ။
          (၁)     တရုတ်ဖြူတပ်မ(၃)။ လီဝင်ဝှမ်းနှင့် ၃ဝဝဝ ခန့်။
          (၂)     တရုတ်ဖြူတပ်မ(၅)။ တွမ်ရှီဝမ်နှင့် အင်အား ၂ဝဝဝခန့်။
          (၃)     ထိုင်ဝမ်တရုတ်ဖြူထောက်လှမ်းရေးအဖွဲ့။ ဗိုလ်မှူးကြီး ဖန်ချင်ယန်းနှင့် အင်အား ၄ဝ၈ ခန့်။
          (၄)     စီအိုင်အေ။ ဦးဘသိန်းနှင့် ၂ဝဝ ခန့်။

တစ်နိုင်ငံလုံးရှိ စုစုပေါင်းသောင်းကျန်းသူအင်အား
၁၉၇၂ ခုနှစ်၊ မတ်လတွင် ရရှိသော စာရင်းဇယား များအရ ပြည်တွင်းသောင်းကျန်းသူများ၏ အဖွဲ့အစည်း အလိုက် စုစုပေါင်းအင်အားများမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က)    ဗမာပြည်ကွန်မြူနစ်ပါတီ(နစ်ဖြူ) အင် အား ၁၈၃ဝ။
(ခ)     အရှေ့မြောက်ဒေသ ဗကပ။ အင်အား ၄ဝဝဝ။
(ဂ)     ကွန်မြူနစ်ပါတီ၊ ဗမာပြည်(နစ်နီ)။ အင်အား ၂ဝဝ။
(ဃ)    ကေအိုင်အေ။ အင်အား ၂၉၅ဝ။
(င)     ကေအင်န်ယူပါတီ။ အင်အား ၉၈ဝ။
(စ)     ကေအင်န်ယူတပ်ဦး။ အင်အား ၂၃၄ဝ။
(ဆ)    ပါလီမန်ဒီမိုကရေစီပါတီ။ အင်အား ၈၁ဝ။
(ဇ)     မွန်သောင်းကျန်းသူများ။ အင်အား ၁၁၂။
(ဈ)     ပြည်တွင်းညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး အဖွဲ့(ပညင)။ အင်အား ၅ဝ။
(ည)    ရှမ်းသောင်းကျန်းသူများ။ အင်အား၂၂၂၂။
(ဋ)     ကရင်နီနှင့် ကယန်းသောင်းကျန်းသူများ။ အင်အား ၂၃ဝ။
(ဌ)     ပအိုဝ့်သောင်းကျန်းသူ(ရလလဖ) အင်အား ၃၆၅။
(ဍ)     တောခိုလွယ်မော်အဖွဲ့။ အင်အား ၁၅ဝဝ။
အထက်ဖော်ပြပါ သောင်းကျန်းသူများမှာ ပြည်တွင်းတွင် အခြေစိုက်လှုပ်ရှားလျက်ရှိပြီး စုစုပေါင်း အင်အားမှာ ၁၇၆ဝဝ ခန့်ရှိသည်။ တရုတ်ဖြူနှင့် ပြည်ပ ထောက်လှမ်းရေးအဖွဲ့အစည်းများမှာ ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး အင်အားစုစုပေါင်း ၅၆ဝဝ ခန့်ရှိပြီး ပြည်တွင်းသို့ အဖွဲ့ငယ်များ မကြာခဏ ဝင်ရောက်လှုပ် ရှားလျက်ရှိသည်။ အိန္ဒိယနိုင်ငံမှ သောင်းကျန်းသူများ ဖြစ်သည့် မီဇို(လူရှိုင်း)နှင့် ဖီဇိုနာဂသောင်းကျန်းသူများ လည်း တရုတ်နိုင်ငံသို့ သင်တန်းတက်ရာတွင်လည်း ကောင်း၊ အိန္ဒိယတပ်မတော်၏ ထိုးစစ်များကို ရှောင် တိမ်းရန်သော်လည်းကောင်း ပြည်တွင်းသောင်းကျန်းသူ များနှင့် ဆက်သွယ်၍ ဝင်ရောက်လှုပ်ရှားလေ့ရှိသည်။ မူဂျာဟစ်များမှာမူ အင်အားလွန်စွာနည်းပါးလျက်ရှိပြီး ဆန်မှောင်ခိုဂိုဏ်းများ၊ ဓားပြဂိုဏ်းများ အသွင်သာ ရှိနေလေသည်။
xxx
၁၉၄၈ ခုနှစ် ပြည်တွင်းသောင်းကျန်းမှု သမိုင်း အစကာလများတွင် ဗမာပြည်ကွန်မြူနစ်ပါတီသည် နိုင်ငံရေးအရ အင်အားအကြီးဆုံးဖြစ်သည်။ အဘယ့် ကြောင့်ဆိုသော် ဗမာပြည်ကွန်မြူနစ်ပါတီသည် အလုပ် သမားသမဂ္ဂများ၊ လယ်သမားသမဂ္ဂများနှင့် ကျောင်း သားလောကကိုသာမကဘဲ  မြေပေါ်နိုင်ငံရေးအဖွဲ့ အစည်းများအတွင်းသို့ပါ ထိုးဖောက်စည်းရုံးနိုင်သော ကြောင့်  ဖြစ်သည်။  ဗမာပြည်ကွန်မြူနစ်ပါတီကို စိတ်ဝင်စားသူအများအပြားရှိခဲ့ပြီး ထောက်ခံသူများ လည်း  ရှိခဲ့သည်။  သို့သော်  ထိုစဉ်က  စစ်ရေးအရ အင်အားအကြီးမားဆုံးသော သောင်းကျန်းသူအဖွဲ့ အစည်းမှာ ကေအင်န်ယူများဖြစ်သည်။ တောခို ကရင် သေနတ်ကိုင်တပ်ရင်းများ၊ ကေအင်န်ဒီအိုတပ်များမှာ စနစ်တကျဖွဲ့စည်းထားကြခြင်းဖြစ်ပြီး လက်နက်ခဲယမ်း အင်အား တောင့်တင်းကြသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်အင် အားစုများတွင် အင်အားတောင့်တင်းပြီး စနစ်တကျ ဖွဲ့စည်းမှု၊ လေ့ကျင့်မှုရှိသော တပ်များမှာ တပ်မတော် မှ တောခိုသွားသော တပ်ရင်းတပ်ဖွဲ့အချို့ဖြစ်သည်။ သို့သော် ဗမာပြည်ကွန်မြူနစ်ပါတီသည် တော်လှန်သော ဗမာ့တပ်မတော်အမည်ဖြင့် သီးခြားဖြစ်နေသော တောခိုတပ်များကို  တစ်စင်ထောင်လာမှာစိုးသော ကြောင့် ဝါးမျိုပစ်ခဲ့သည်။ ကျန်လက်နက်ကိုင်တပ်များ မှာ ကွန်မြူနစ်ပုံစံ ပြောက်ကျားတပ်များသာဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် ၁၉၅ဝ ပြည့်နှစ်တွင် နှစ်နှစ်အတွင်း စစ်နိုင်ရေြးေ<ွကးကြော်သံဖြင့် ပြောက် ကျားတပ်များအား သမားရိုးကျစစ်ဆင်နိုင်သော တပ်ရင်းတပ်ဖွဲ့ကြီးများအဖြစ် ဖွဲ့စည်းနိုင်ရန် ကြိုးစား ခဲ့သေးသည်။ သို့သော် အင်အားအလုံးအရင်းဖြင့် ရပ်တည်နိုင်သော နိုင်ငံရေး၊ စစ်ရေးအခြေအနေ မရှိသောကြောင့် မအောင်မြင်ခဲ့ပေ။ ကေအင်န်ယူ တို့၏ လက်နက်ကိုင်တပ်များမှာလည်း နိုင်ငံရေး စစ်ရေး အရှုံးနှင့်ရင်ဆိုင်လာရသောအခါ  အင်အားအလုံး  အရင်းဖြင့် မရပ်တည်နိုင်တော့ဘဲ တပ်ဖွဲ့ငယ်လေးများ အဖြစ်  ခွဲ၍  လှုပ်ရှားရမည်။  ကေအင်န်ယူများ       ကွန်မြူနစ်ဝါဒကို လက်ခံသောအခါ ထိုတပ်များသည် ကွန်မြူနစ်ပုံစံ ပြောက်ကျားတပ်များဖြစ်လာသည်။
ပြည်တွင်းသောင်းကျန်းသူ အဖွဲ့အစည်းများသည် တပ်မတော်ကို ရင်ဆိုင်ရမည့် စစ်ရေးအခြေအနေအရ ပြောက်ကျားစစ်နည်းဗျူဟာကိုသာ အသုံးပြုကြရသည်။ သို့သော် နိုင်ငံတော်အာဏာကို စစ်ရေးဖြင့် အနိုင်တိုက် ၍ ရယူရေးအတွက် မြို့များ၊ ရွာများကို သိမ်းပိုက်ရန် မှာ ပြောက်ကျားတပ်ဖွဲ့များဖြင့် မလုံလောက်နိုင်ပေ။ ထို့ကြောင့် အင်အားအလုံးအရင်းဖြင့် အတိအလင်း လှုပ်ရှားသော သမားရိုးကျတပ်များဖွဲ့စည်းရန် အကြိမ် ကြိမ် ကြိုးစားခဲ့ကြသည်။ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ကေအင်န်ယူပါတီတို့သည် ဒေသခံပြောက်ကျားတပ် များအပြင် သမားရိုးကျတပ်များ ဖွဲ့စည်းခဲ့သော်လည်း အမည်ခံမျှသာ ဖြစ်ခဲ့ရသည်။ သမားရိုးကျတပ်များမှာ လည်း ပြောက်ကျားစစ်နည်းဗျူဟာဖြင့်သာ အဖွဲ့ငယ် များခွဲ၍ လှုပ်ရှားခဲ့ရပြန်သည်။
၁၉၆၃ ခုနှစ်၊ နောက်ပိုင်းတွင် ဗမာပြည်ကွန်မြူ နစ်ပါတီသည် ပြောက်ကျားတပ်များကို သမားရိုးကျ တပ်များအဖြစ် ပြောင်းလဲရန် ကြိုးစားပြန်သည်။ တိုက် တိုင်းအောင်တပ်များ၊ အောင်နိုင်တပ်၊ အောင်ဇေယျ တပ်တို့သည် သမားရိုးကျတိုက်ပွဲများ ဆင်နွှဲရန် ခြေလှမ်းလာသော တပ်များဖြစ်သည်။ သို့သော် မအောင်မြင်ခဲ့ပေ။ ဗမာပြည်ကွန်မြူနစ်ပါတီသည် ပဲခူး ရိုးမတွင် ချုပ်ငြိမ်းပျက်စီးရန် အသက်ငင်လာသည်။ ဇာတ်တူသားစားသော ဖြုတ်ထုတ်သတ်လမ်းစဉ်ကြောင့် ပါတီတွင်း ပြဿနာများ ပေါ်ပေါက်လာသည့်အပြင် ဒေသခံ ပြည်သူလူထုကလည်း လက်မခံတော့ပေ။ မြစ်ဝကျွန်းပေါ်ဒေသတွင်လည်း ဗမာပြည်ကွန်မြူနစ်ပါတီ၊ ကေအင်န်ယူပါတီနှင့် အမျိုးသား ဒီမိုကရေစီ ညီညွတ် ရေးတပ်ပေါင်းစု(ခေါ်) မဒညတတို့သည် ပြည်သူလူထု၏  ဆန့်ကျင်တိုက်ခိုက်ခြင်းကို ခံလာရသည်။
အရှေ့မြောက်ဒေသ ဗကပသည် ဗမာပြည်ကွန်မြူ နစ်ပါတီအတွက် အသက်ရှူပေါက်ပင်ဖြစ်သည်။ တပ်မတော်သည် ပဲခူးရိုးမနှင့် မြစ်ဝကျွန်းပေါ်မှ သောင်းကျန်းသူများ အမြစ်ပြတ်ချုပ်ငြိမ်းစေရန် တိုက်ခိုက် ချေမှုန်းစဉ်မှာပင် အရှေ့မြောက်ဒေသ ဗကပများကို စစ်မျက်နှာဖွင့်၍ တွန်းလှန်တိုက်ခိုက်ရသည်။ အရှေ့မြောက်ဒေသ ဗကပများမှာ ပြောက်ကျားစစ်ပုံစံ ဆင်နွှဲလာခြင်းမဟုတ်ဘဲ သမားရိုးကျပုံစံဖြင့် အင်အား အလုံးအရင်းကို အသုံးပြုလာခြင်းဖြစ်သည်။ တစ်ချိန် တည်းမှာပင် ကေအိုင်အေ သောင်းကျန်းသူများသည် လည်း ပြည်ပအထောက်အကူဖြင့် လက်နက်ခဲယမ်း အင်အားတောင့်တင်းလာသောကြောင့် ပြောက်ကျား စစ်ကိုရော၊ သမားရိုးကျတိုက်ပွဲများကိုပါ ဖော်ဆောင်လာကြသည်။ ပြည်ပြေးလှုပ်ရှားမှုနှင့်အတူ ကေအင်န်ယူ ဗိုလ်မြအုပ်စု သည်လည်း လက်နက်ခဲယမ်းအင်အား တောင့်တင်းလာသည်။ ၁၉၆၈ ခုနှစ်မှစ၍ ဗကပ၊ အေအိုင်အေ၊ ပြည်ပြေး၊ ကေအင်န်ယူစသော သောင်းကျန်းသူများသည် အင်အားအသစ်၊ လှုပ်ရှားမှုအသစ်များဖြင့် တစ်ကျော့ပြန်၍ အရှိန်မြှင့် တိုက်ခိုက်လာကြသည်။ ထိုသောင်းကျန်းသူများအား တပ်မတော်သည် စစ်မျက်နှာမျိုးစုံဖွင့်၍ တိုက်ခိုက်ခဲ့ရလေသည်။ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၅)တွင် ၁၉၇၅ ခုနှစ်အထိ ပြည်တွင်းသောင်းကျန်းမှု အဖွဲ့အစည်း မျိုးစုံတို့၏ လှုပ်ရှားမှုများကို ဆက်လက်လေ့လာနိုင်ဦး မည်ဖြစ်ပါသည်။










ပြည်တွင်းသောင်းကျန်းမှုသမိုင်း(၄)
မှီငြမ်းကိုးကားထားသော စာအုပ်စာတမ်းများ
*        ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။
*        ကချင်သောင်းကျန်းမှုနောက်ခံသမိုင်းနှင့် လက်ရှိ အခြေအနေ(၃ဝ-၈-၈၈) ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)စီမံရေးဌာနစု။
*        ကရင်သောင်းကျန်းသူသမိုင်း(၁၉၈၄ ခုနှစ်၊ ဒီဇင် ဘာလ)ပြည်တွင်းသောင်းကျန်းသူသမိုင်း စာစောင် ပြစုရေးကော်မတီ။
*        ငြိမ်းချမ်းပန်းကမ်းပေမယ့် ရဲဘော်ဘခက်၊ ဗ၊ ပ၊ အမှတ်(၇၇၃)၊ ပြန်ညွှန်ရုံး၊ ၃-၁၂-၆၉၊ ၅ဝဝဝ+ ၆၈-၁။
*        ဇင်+ချစ် နောက်ဆုံး(၂) ရဲဘော်မြ၊ ရဲဘော်ဘခက်၊ ရဲဘော်တင်ရှိန်၊ ရဲဘော် စန်းမြင့်၊ ရဲဘော်အောင်သူ၊ ၁၉၇၆ ခုနှစ်၊ မတ်လ (၁၅)ရက်၊ ပထမအကြိမ်၊ အုပ်ရေ ၁ဝဝဝဝ၊ ဘီဝှာ ပုံနှိပ်တိုက် (ပြည်သူပိုင်)တွင် ပုံနှိပ်ပြီး ဦးဘခက် (ဝ၁၂၅၁) သပြေဖြူစာပေ၊ အမှတ် ၂၂ဝ၊ ဆိပ် ကမ်းသာလမ်း၊ ရန်ကုန်မြို့မှ ထုတ်ဝေသည်။
*        တိုင်းရင်းသားလူမျိုးပေါင်းစုံ ညီညွတ်ရေးနှင့် လွတ် မြောက်ရေးတပ်ပေါင်းစု၏ အလားအလာ(၁၉၇၅ ခုနှစ်၊ သြဂုတ်လ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) သုတေသနဌာနစု။
*        တွေ့ဆုံမေးမြန်းချက်များ။
*        နေ့စဉ်သတင်းစာများ။
*        နောက်ဆုံးပေါ် သုံးပါတီ။ မွန်ချစ်သိန်း၊ မန်းနိုင်စိုး၊ ရဲဘော်မြ၊ ရဲဘော်ဘခက် မြရာပင်စာပေတိုက်၊ ၁၉၇ဝ ပြည့်နှစ်၊ ပထမအကြိမ် ပုံနှိပ်ခြင်း။
*        ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ   သို့တင်သွင်းသော ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်တွင်းညီညွတ်ရေး အကြံပေးအဖွဲ့၏ အစီရင် ခံစာ၊ ၁၉၆၉ ခုနှစ်၊ ဗဟိုပုံနှိပ်တိုက်။
*        ပြည်တွင်းသောင်းကျန်းသူစာစောင်(၁၉၇၂ ခုနှစ်၊ မတ်လ)ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စီမံရေး ဌာနစု။
*        ပြည်သူ့စစ် ဒို့စစ် ဒို့စစ်၊ စောအယ်ကော်၊ မန်းစံမင်း၊ ရဲဘော်မြ၊ ရဲဘော် ဘခက်၊ ရဲဘော်သံဒိုင် မြရာပင်စာပေတိုက်၊ ၁၉၇ဝ ပြည့်နှစ်၊ ပထမအကြိမ်ပုံနှိပ်ခြင်း။
*        ပြည်သူတို့နှင့်အတူ စောအယ်ကော်၊ မန်းစံမင်း၊ ရဲဘော်မြ၊ ရဲဘော်ဘခက်၊ မြရာပင်စာပေတိုက်၊ ၁၉၇ဝ ပြည့်နှစ်၊ ပထမအကြိမ်ပုံနှိပ်ခြင်း။
*        ဗကပလှုပ်ရှားမှုတွင် တစ်ဖက်နိုင်ငံ၏ ပါဝင် ပတ်သက်မှု  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) သုတေသနဌာနစု။
*        ဗကပအရှေ့မြောက်စစ်ဒေသသမိုင်းအကျဉ်းနှင့် အလားအလာသုံးသပ်ချက် ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)။
*        ဗမာပြည်ကွန်မြူနစ်ပါတီ၏ နယ်စပ်ဒေသ လှုပ်ရှား မှုများအပေါ် သုံးသပ်ချက် (၃ဝ-၅-၇၈)ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း) သုတေသနဌာနစု။
*        ဗိုလ်သက်ထွန်း၏ ထွက်ဆိုချက် တပ်မတော်ထောက် လှမ်းရေးညွှန်ကြားရေးမှူးရုံး။
*        မြန်မာနိုင်ငံ သောင်းကျန်းမှုသမိုင်း၊ ၁၉၈၇ ခုနှစ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်။
*        မြန်မာနိုင်ငံအရှေ့မြောက်နှင့် အရှေ့ပိုင်းဒေသများ အပေါ် သုံးသပ်ချက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)။
*        သောင်းကျန်းသူသမိုင်း၊ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်။
*        သောင်းကျန်းသူသမိုင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်။
*        သောင်းကျန်းသူသမိုင်း၊ အမှတ်(၄၄)ခြေမြန်တပ်မ ဌာနချုပ်။
*        သောင်းကျန်းသူသမိုင်း၊ အရှေ့တောင်တိုင်းစစ်ဌာန ချုပ်။
*        အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ သောင်းကျန်းသူများသမိုင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်ဦးစီးဌာန။
*        ဦးနု၊ ဦးလောရုံ၊ အပေါင်းအပါများနှင့် နယ်ချဲ့ဂိုဏ်း၊ ချစ်ကြည်ရေးကြည်ညွန့်၊ ဒေါ်ခင်စီ၊ မေတ္တာမိုး ပုံနှိပ် တိုက် (ဝ၁၄၈ဝ) ဓမ္မဝိဟာရလမ်း၊ ကျောက်မြောင်း၊ ရန်ကုန်တွင် ပုံနှိပ်၍ ဦးကြည်ညွန့်၊ မှတ်ပုံတင် အမှတ်(ဝ၇၆ဝ)၊ ချစ်ကြည်ရေးစာပုံနှိပ်တိုက်၊ အမှတ် ၂၁ဝ၊ အခန်းအမှတ်(၉) ရန်ကင်း၊ ရန်ကုန်မြို့မှ ထုတ်ဝေသည်။
Share this article :

0 comments:

Post a Comment

 
ဆက်သွယ်ရန် mmpolitical2013@gmail.com :
Template Modify by Creating Website Myanmar Political Research Organization