Home » » အခန်း(၅) ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ

အခန်း(၅) ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ


အခန်း(၅)
ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားပြီးနောက်ပိုင်း သောင်းကျန်းသူအဖွဲ့အစည်းများ၏ အခြေအနေ
လင်းထင်နှင့် ကရင်တပ်မဟာ(၅) တောခိုခြင်း
ကရင်သောင်းကျန်းသူ တပ်မဟာ(၅) တပ်မင်း ဖြစ်သူ လင်းထင်(ခေါ်)ငန်းနက်သည် ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် စောဟန်တာသာမွှေး၏ ကေအာရ်စီ(ခေါ်) ကရင်တော်လှန်ရေးကောင်စီနှင့် ပူးပေါင်းရန် တပ်မဟာ(၅)တစ်ခုလုံး ၁၉၆၄ ခုနှစ်၊ ဧပြီလတွင် လက်နက်ချခဲ့ကြောင်း တင်ပြပြီးပေပြီ။ လင်းထင်အား အစိုးရက ရန်ကုန်ကုန်းမြင့်သာယာတွင် အခြေချပေးပြီး လစဉ်ငွေကျပ် ၅ဝဝ ထောက်ပံ့ခဲ့သည်။ လင်းထင်သည် မယ်ဗမာဟောင်း နော်လွီဇာနှင့် လက်ထပ်ခဲ့သည်။ 







တပ်မတော် အရှေ့တောင် တိုင်းစစ်ဌာနချုပ်က ကျိုက်ထိုနယ်မြေရှိ ကေအာရ်စီတပ်များ၏ စားဝတ် နေရေးအတွက် လစဉ်ထောက်ပံ့ကြေးငွေများ ထုတ်ပေး လျက်ရှိရာ လင်းထင်သည် ယင်းငွေများအနက်မှ ကျပ် ငွေ ၂ဝဝဝဝ(နှစ်သောင်း)ကို ခေါင်းပုံဖြတ် အလွဲသုံးစား ပြုလုပ်ခဲ့သည်။ ထို့အပြင် လင်းထင်သည် ယင်း၏ လူယုံတပည့်များအား သမဝါယမဆိုင်များကို ဓားပြ တိုက် လုယက်စေခြင်း၊ ငြိမ်းချမ်းရေးရန်ပုံငွေဟု အမည်ခံကာ ကျေးရွာများတွင် ငွေကောက်ခံခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည်။
လင်းထင်၏မရိုးမသားလုပ်ရပ်များကို စစ်ဆေးရန် အတွက် တပ်မတော်မှ သက်ဆိုင်ရာတာဝန်ရှိသူများက သထုံမြို့ရှိ လင်းထင်၏နေအိမ်သို့ သွားရောက်ခေါ်ယူ ကြရာ လင်းထင်က စတင်ပစ်ခတ်ခဲ့သည်။ တာဝန်ရှိသူ များလည်း မလွှဲမရှောင်သာ ပြန်လည်ပစ်ခတ်ကြရ လေရာ လင်းထင်သေဆုံးခဲ့ရသည်။ လင်းထင်သေဆုံး သောအခါ လင်းထင်လက်ရှိပေါင်းသင်းနေသူ နော်လွီဇာဘင်ဆင်၏ လှုံ့ဆော်စည်းရုံးမှုကြောင့် တပ်မဟာ(၅)တစ်ခုလုံးသည် လေးကေ၊ မြစ်ကြိုးဒေသ များသို့ ပြန်လည်တောခိုကြတော့သည်။ နော်လွီဇာ ဘင်ဆင်က ထွန်းမြင့်ကို တပ်မဟာမှူးအဖြစ်ခန့်အပ် ခဲ့သည်။  (၁။        ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။)
အေကာရ်စီနှင့်  တပ်မဟာ(၅)တစ်ခုလုံးလက်နက် ချခဲ့သဖြင့် အထူးသဖြင့် သထုံခရိုင်နယ်မြေ (စစ်တောင်း မြစ်နှင့် သံလွင်မြစ်အကြား ကမ်းရိုးတန်းဒေသ)သည် များစွားငြိမ်းချမ်းသွားခဲ့ရသည်။ လင်းထင် သည် ၁၉၄၈ ခုနှစ်မှစ၍ သထုံခရိုင်အတွင်းတွင် လှုပ်ရှားကြီးစိုးခဲ့ သူဖြစ်သည်။ ရက်စက်ကြမ်းကြုတ်ပြီး စစ်ရေးဝါဒီတစ်ဦး ဖြစ်သော လင်းထင်သည် သထုံခရိုင်အတွင်းတွင် အဖျက်လုပ်ငန်းများဆောင်ရွက်ရာ၌ နာမည်ကြီးခဲ့ သည်။ စစ်တောင်း၊ မုတ္တမ မီးရထားလမ်းကိုလည်း မကြာခဏ မိုင်းခွဲခြင်း၊ လုယက်ခြင်းတို့ကို ပြုလုပ်ခဲ့သူ ဖြစ်သည်။ လင်းထင်သည် လက်နက်ချရာမှ မရိုးမသား ဖောက်ပြန်သောကြောင့် သေဆုံးခဲ့ရသည်။ တပ်မဟာ (၅)ပြန်လည် တောခိုသောအခါ သထုံခရိုင်ရှိ ပြည်သူ များမှာ  စိတ်မချမ်းမသာဖြစ်ကြရသည်။  သို့သော် မီးရထားလမ်း၊ ကားလမ်းတစ်လျှောက် အခြေအနေမှာ လင်းထင်ရှိစဉ်ကကဲ့သို့ အခြေအနေဆိုးရွားခြင်းမရှိ တော့ပေ။


ကရင်သောင်းကျန်းမှုအခြေအနေ
ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကေအင်န်ယူပါတီမှ ခွဲထွက်လာသော ကေအာရ်စီသည် တော်လှန်ရေး ကောင်စီနှင့် သဘောတူညီမှုရရှိကာ လက်နက်ချအပ်ခဲ့သည်။ မန်းဘဇံခေါင်းဆောင်သည့် ကေအင်န်ယူပါတီမှာမူ ဆက်လက်၍လက်နက်စွဲကိုင် သောင်းကျန်းခဲ့သည်။ ကေအင်န်ယူပါတီသည် ဗမာပြည် ကွန်မြူနစ်ပါတီ၏သြဇာလွှမ်းမိုးမှုကိုခံယူပြီး တဖြည်းဖြည်း လက်အောက်ခံနောက်မြီးဆွဲပါတီဘဝ သို့ ရောက်ရှိလာရာ လူမျိုးရေးဝါဒီများသည် မန်းဘဇံ၏ ခေါင်းဆောင်မှုကို ဝေဖန်လာခဲ့ကြသည်။
၁၉၆၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်တွင် ကေအင်န်ယူပါတီသည် လူမျိုးစုတော်လှန်ရေး အင်အား စုများ၏ ညီလာခံတစ်ရပ်ကို ဦးဆောင်ကျင်းပခဲ့သည်။ ယင်းညီလာခံသို့ ကေအင်န်ယူပီ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီနှင့် ရှမ်းပြည်စစ်ကောင်စီတို့ တက် ရောက်ခဲ့ကြသည်။ ယင်းညီလာခံမှ လုပ်ငန်းစဉ် ရှစ်ချက် ကိုချမှတ်ခဲ့သော်လည်း အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ပေ။
၁၉၆၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် ဗိုလ်မြ ဦးဆောင်သော အင်အားစုများသည် ကေအင်န်ယူပီ ၏ ရှေ့ဆောင်မှုအောက်မှ အတိအလင်း ခွဲထွက်လိုက် တော့သည်။ ထို့နောက် ၁၉၆၆ ခုနှစ်၊ ဧပြီလ ၁၂ ရက် တွင် ကရင်အမျိုးသားလွတ်မြောက်ရေးကောင်စီ (K.N.L.C)*(K. N. L.C Karen National Liberation Council). ကို ထီးဖဒိုက (ကြူအိပ်ခ်ျ- ဝ၂၅ဝ၉၈)တွင် စတင် ဖွဲ့စည်းလိုက်သည်။ ကေအင်န် အယ်လ်စီ အဖြစ် ခွဲထွက်ရခြင်းကိုလည်း အောက်ပါ အတိုင်း ကြေညာခဲ့သည်။ (၁။ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။)
''ကေအင်န်ယူပါတီ၏   ရှေ့ဆောင်မှုသည် ကရင်တစ်မျိုးသားလုံးနှင့် ကရင်တော်လှန်ရေး အဖြစ် ရှိနေခဲ့ပြီး အခြေအနေနှင့် ကိုက်ညီစွာ ရှေ့ဆောင်နိုင်ခြင်းရှိသော်လည်း ဝဲစွန်းယိမ်း နေ၍ ယင်းရှေ့ဆောင်မှုကာလအတွင်း ကျွန်ုပ် တို့သည် ကရင်တစ်မျိုးသားလုံးနှင့် ကရင် တော်လှန်ရေးအဖြစ် ရှိနေသည့် အခြေအနေ နှင့် ကိုက်ညီစွာ ရှေ့ဆောင်ပေးနိုင်ရန် ၁၉၆၅ ခုနှစ်၊ ဧပြီလ၌ လဲဒီတွင်ပြုလုပ်ခဲ့သော ကေအာရ်စီအရေးပေါ် အစည်းအဝေးတွင် တင်ပြခဲ့ပြီး ဖြစ်သည်။ ယင်းတင်ပြချက်အပေါ် ဝဲယာစွန်း၏ ရှေ့ဆောင်မှုများကို ရှေ့ဆက်၍ လုံးဝလုပ်ဆောင်ခြင်းမပြုလုပ်ရန် သဘောတူ ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် လမ်းစဉ်နှင့် ရှေ့ဆောင်မှုကို ကရင်တစ်မျိုးသားလုံးနှင့် ကရင်တော်လှန်ရေး၏ အခြေအနေနှင့် ကိုက်ညီစွာ ပြန်လည်သုံးသပ်ရန် အာဏာပိုင် သည့် အမျိုးသားညီလာခံကို အမြန်ဆုံး ခေါ်ယူကျင်းပရန်ကိုလည်း သဘောတူ ဆုံးဖြတ်ခဲ့သည်။ ထိုသို့ သဘောတူ ဆုံးဖြတ် ခဲ့သော်လည်း ကေအင်န်ယူပီသည် အလေး မထားဘဲ လျစ်လျူရှုခဲ့သဖြင့် ခွဲထွက်ရခဲ့ခြင်း ဖြစ်သည်။
ကေအင်န်အယ်လ်စီနှင့် ကေအင်န်ယူပါတီတို့ သည် ပြန်လည်ညီညွတ်ရေး ရရှိရန်အတွက် ၁၉၆၆ ခုနှစ်၊ ဧပြီလ ၁၂ ရက်တွင် ခေးပု၌တွေ့ဆုံ၍ ညှိနှိုင်း ဆွေးနွေးကြသေးသော်လည်း သဘောတူညီမှု မရရှိခဲ့ ကြပေ။ ဗိုလ်မြ ခွဲထွက်ပြီးနောက် ကေအင်န်ယူပါတီ အတွင်း ကွန်မြူနစ်လိုလားသူ၊ မလိုလားသူများ ထပ်မံ ၍ ပဋိပက္ခဖြစ်ပွားကြပြန်သည်။ ပဲခူးရိုးမနှင့်မြစ်ဝ  ကျွန်းပေါ်ဒေသအတွင်းရှိ ကေအင်န်ယူပါတီ အင်အား စုများမှာ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဝါးမျိုခြင်းကို ခံနေကြရသည်။ ကွန်မြူနစ်မလိုလားသူအချို့သည် စစ်တောင်းမြစ်ကို ကူးပြီးနောက် အရှေ့ကော်သူးလေရှိ ဗိုလ်မြအုပ်စုနှင့်သွားရောက်ပူးပေါင်းကြသည်။ ဗိုလ်မြ အုပ်စုသည် နိုင်ငံရေးဝါဒကို အဓိကမထားဘဲ စစ်ရေး နှင့်လူမျိုးရေးကိုသာ အဓိကထား သောင်းကျန်းလျက် ရှိနေပေသည်။
ကေအင်န်ယူပါတီမှဗိုလ်မြ၏ ကေအင်န် အယ်လ်စီခေါ် ကရင်အမျိုးသားလွတ်မြောက်ရေး ကောင်စီခွဲထွက်ပြီး နောက်ပိုင်းတွင် ကေအင်န်ယူပါတီ သည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ပိုမိုပူးပေါင်း၍  လှုပ်ရှားလာသည်။ အထူးသဖြင့် ပဲခူးရိုးမနှင့်မြစ်ဝ ကျွန်းပေါ်ဒေသတွင် ပိုမိုပူးပေါင်းခဲ့သည်။ ကေအင်န်ယူ ပါတီအတွင်း၌လည်း ပဋိပက္ခများပိုမို ပေါ်ပေါက်လာ သည်။ ဗိုလ်မြ၏ကွန်မြူနစ်ဆန့်ကျင်ရေးအုပ်စု ခွဲထွက် သွားပြီးဖြစ်သော်လည်း ပါတီတွင်းတွင် ဗမာပြည် ကွန်မြူနစ်ပါတီ၏ လက်ဝါးကြီးအုပ် ခေါင်းဆောင်မှုကို မနှစ်မြို့သူများပေါ်လာကြသည်။ 
၁၉၆၇ ခုနှစ်၊ ဇူလိုင်လတွင် ကေအင်န်ယူပါတီ ဗဟိုကော်မတီအစည်းအဝေးပွဲကို ကျင်းပရာ ပါတီ၏ လမ်းညွှန်မှုသဘောတရားအဖြစ် မာ့ခ်စ်လီနင်ဝါဒကို သာမက ဗမာပြည်ကွန်မြူနစ်ပါတီက မာ့ခ်စ်လီနင်ဝါဒ အသစ်အဖြစ်  လက်ခံကျင့်သုံးနေသော  မော်စီတုံး အတွေးအခေါ်ကိုပါ ချမှတ်ခဲ့သည်။
ပါတီ၏လမ်းညွှန်သဘောတရားနှင့်ပတ်သက်ပြီး ၁၉၆၇ ခုနှစ်၊ အောက်တိုဘာလ ၂ဝ ရက်တွင် ကျော်မြသန်း၊ စောမြမောင်၊ စောမြရင်၊ ကျင်ဖေ၊ အော်လ်ဒွင်တို့ ခေါင်းဆောင်သောအဖွဲ့က တစ်ဖက်၊ မန်းဘဇံ၊ ဗိုလ်သန်းအောင်၊ ဗိုလ်မောင်မောင်၊ ဗိုလ်တင်ဦးတို့ခေါင်းဆောင်သောအဖွဲ့ကတစ်ဖက် အကြီး အကျယ် သဘောထားကွဲလွဲကြလေတော့သည်။ ကေအင်န်ယူပီဥက္ကဋ္ဌ မန်းဘဇံသည် ဗိုလ်မြ၏ကေအင်န် အယ်လ်စီနှင့် သွားရောက်ပူးပေါင်းရန် ခွဲထွက်ခဲ့ကြ သည်။ မန်းဘဇံနှင့်အတူ ကေအင်န်ယူပါတီ ဗဟို ကော်မတီဝင်များဖြစ်ကြသည့် မောင်မောင်၊ ဖဒိုဘသင်၊ စံလင်း၊ ဘောယူဖော၊ တာမလာဘော၊ သန်းအောင်၊ ဖဒိုဂေဒွဘွားနှင့်စံသိန်းတို့ လိုက်ပါသွားခဲ့ကြသည်။
ကေအင်န်ယူပါတီသည် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ကေအာရ်စီခွဲထွက်၍ အလင်းဝင်ခြင်း၊ ဗိုလ်မြ၏ကေအင်န်အယ်လ်စီခွဲထွက်ခြင်း၊ မန်းဘဇံ ထပ်မံခွဲထွက်ခြင်းတို့ကြောင့် အင်အားချည့်နဲ့သွားမှုကို အဖတ်ဆယ်ရန်အတွက် ၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်တွင် လူမျိုးစုညီလာခံကို လက်ခံကျင်းပခဲ့ရသည်။ ယင်းညီလာခံတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ကယန်းပြည်သစ်ပါတီ၊*(*ကယန်းပြည်သစ်ပါတီအကြောင်း သီးခြားတင်ပြပါမည်။) မွန်ပြည်သစ်ပါတီ ရှမ်းပြည် ကောင်စီ၊ ရှမ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် နှင့် ပအိုဝ့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်တို့ တက် ရောက်ခဲ့ကြသည်။ အစည်းအဝေးဆုံးဖြတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-(၁။ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။)
(က)    တိုင်းရင်းသားလူမျိုးစုတိုင်း တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေး၊ တရားမျှတသော အကျယ်အဝန်းရှိသည့် အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ပြည်နယ်များ တည်ဆောက်ရေး၊ မူအားဖြင့် အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တိုင်းပြည် များနှင့် တန်းတူရေးအပေါ် အခြေခံ၍ စုစည်းသော ဖက်ဒရယ်ပြည်ထောင်စု သမ္မတနိုင်ငံကို ဖွဲ့စည်းတည်ဆောက်ရေး။
(ခ)     တိုင်းရင်းသားများအား ကျယ်ပြန့်သော ဒီမိုကရေစီအခွင့်အရေးကို အာမခံ၍ အမျိုးသား ဒီမိုကရေစီအစိုးရဖွဲ့စည်းရေး။
(ဂ)     တောင်သူလယ်သမားများ၏ အကျိုးစီးပွား နှင့်ကိုက်ညီသော မြေယာစနစ်သို့ ပြုပြင် ပြောင်းလဲရေး။
(ဃ)    အမှီအခိုကင်းသော   လူနေမှုစနစ်နှင့် မြင့်မားတိုးတက်သော  အမျိုးသားစီးပွား ရေးသို့ တည်ဆောက်ရေး။
(င)     အမျိုးသားစက်မှုလုပ်ငန်း ထူထောင်ရေးနှင့် တိုးတက်ဖွံ့ဖြိုးစေရန်။
(စ)     တိုင်းသူပြည်သားများ၏ နေထိုင်မှုအဆင့် အတန်း မြှင့်တင်ရေး။
                   
(ဆ)    နယ်ချဲ့ကျူးကျော်မှုအန္တရာယ်ကို ကာကွယ် ၍  လွတ်လပ်ရေးကို  ထိန်းသိမ်းရေး  အတွက် အမျိုးသားတပ်မတော်ကို ခိုင်မာ စွာ တည်ဆောက်ရေး။
(ဇ)     တိုင်းသူပြည်သားတို့၏   လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ဟောပြောစည်းရုံးခွင့်နှင့် ဘာသာတိုင်း တန်းတူမှုရှိရေး။
(ဈ)     အပြန်အလှန် အကျိုးတူညီမှုများအပေါ် မိတ်ဆွေနိုင်ငံများနှင့်  စီးပွားရေးနှင့် ယဉ်ကျေးမှုအရ ပူးပေါင်းဆောင်ရွက်ရေး။
(ည)    လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံခြားရေးဝါဒ ကို ကျင့်သုံးရေး။
ကေအင်န်ယူပါတီသည် မိမိ၏အင်အားချည့်နဲ့ ယိမ်းယိုင်မှုကို  အဖတ်ဆယ်နိုင်ရန်  အခြားလူမျိုးစု သောင်းကျန်းသူများနှင့် တွေ့ဆုံစည်းဝေးခဲ့သော်လည်း အစည်းအဝေးတက်ရောက်သူများမှာ အယူအဆ အမျိုးမျိုးကွဲပြားနေခဲ့ကြသည်။ အစည်းအဝေး ဆုံးဖြတ်ချက်အချို့မှာလည်း ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ကေအင်န်ယူပါတီ တို့ နှစ်ဦးသဘောတူကျင့်သုံးနေသော လမ်းစဉ်များနှင့် ဆန့်ကျင်နေခဲ့သည်။ ကွန်မြူနစ်ဝါဒ အရ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရန်မှာ လက်တွေ့နှင့်များစွာ အလှမ်းကွာဝေးခဲ့ရသည်။ ထို့ကြောင့်လည်း ကေအင်န်ယူပါတီက  ကြီးမှူးကျင်းပသော  လူမျိုးစု ညီလာခံ(လူမျိုးစုကွန်ဖရင့်)သည် အစည်းအဝေး ဆုံးဖြတ်ချက် များကိုဆုံးဖြတ်ခဲ့သော်လည်း လက်တွေ့တွင် တက်ရောက်သော အဖွဲ့အစည်းများသည် ပူးပေါင်း ဆောင်ရွက် နိုင်ခြင်းမရှိခဲ့ပေ။
ကေအင်န်ယူပါတီသည် အခြားလူမျိုးစုအဖွဲ့ အစည်းများနှင့် ပူးပေါင်းရန်ကြံစည်သည်သာမကဘဲ ဗိုလ်မြ၏ကေအင်န်အယ်လ်စီကိုလည်း စည်းရုံးရန် ကြိုးစားခဲ့သည်။ ၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာလ ၂ဝ ရက် တွင် တစ်ဖက်လျှင် ကိုယ်စားလှယ်ငါးဦးစီပါဝင်သော ကေအင်န်ယူပီနှင့်   ကေအင်န်အယ်လ်စီတို့သည် ထော်ပလေးမုတွင် ထပ်မံ၍ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယင်းဆွေးနွေးပွဲတွင် ကရင်အမျိုးသားညီလာခံ ခေါ်ယူ ရေးကို သဘောတူဆုံးဖြတ်ခဲ့သော်လည်း ကေအင်န်ယူပီ က ပျက်ကွက်ခဲ့သောကြောင့် အကောင်အထည်မဖော် နိုင်ခဲ့ပေ။
မန်းဘဇံနှင့်အဖွဲ့သည် ၁၉၆၈ ခုနှစ်၊ ဇွန်လ ၁ ရက်တွင် ဗိုလ်မြ၏ကေအင်န်အယ်လ်စီနှင့်ဆိုဒိုပလော ၌ အတိအလင်းပူးပေါင်းမိခဲ့ကြသည်။ ၁၉၆၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်တွင် ဗိုလ်မြဦးစီး၍ ထိသောခီး၌ အစည်းအဝေးတစ်ရပ်ကျင်းပခဲ့သည်။ ယင်းအစည်း အဝေးတွင်  မန်းဘဇံနှင့်ဗိုလ်မြသည် (K.N.U.F) Karen National United Front. ခေါ်ကရင်အမျိုးသားတပ်ဦးဖွဲ့စည်းရန် သဘောတူညီခဲ့ ကြသည်။ ဗိုလ်မြက အခြေအနေအရမလိုအပ်တော့သဖြင့် ကေအင်န်အယ်လ်စီကို ဖျက်သိမ်းလိုက်သည်။  ကေအင်န်ယူတပ်ဦး ဖွဲ့စည်းနေစဉ် ကြားဖြတ်ဗဟိုဦးစီး အဖွဲ့ကို ထိုနေ့မှာပင် ဖွဲ့စည်းခဲ့သည်။
ကြားဖြတ်ဗဟိုဦးစီးအဖွဲ့အား ဥက္ကဋ္ဌ၊ အတွင်းရေး မှူး၊ စည်းရုံးရေးတာဝန်ခံနှင့် တွဲဖက်တာဝန်ခံ၊ အုပ်ချုပ် ရေးတာဝန်ခံ၊   မဟာမိတ်ဆက်သွယ်ရေးတာဝန်ခံ စသဖြင့် အဖွဲ့ဝင် ၁ဝ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ကြားဖြတ်ဗဟိုဦးစီးအဖွဲ့၏လုပ်ငန်းရပ်များအားအောက်ပါအတိုင်း သတ်မှတ်ခဲ့သည်-(၂။ ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။) 
(က)    ကေအင်န်ယူမှ ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များကို ရေးဆွဲချမှတ်ရန်။
(ခ)     လုပ်ငန်းဆိုင်ရာဆုံးဖြတ်ချက်များကို အောက်ခြေအဖွဲ့အစည်းများသို့ ညွှန်ကြား ရန်၊ အကောင်အထည်ဖော် လုပ်ကိုင်စေ ရန်။
(ဂ)     ဦးစီးအဖွဲ့ဝင်များနှင့် ကေဒါများကို ပညာ ပေးရန်။
(ဃ)    ကေအင်န်ယူတပ်ဦးအဖွဲ့များကို ဖွဲ့စည်း ပေးရန်။
(င)     ကြေညာချက်များကို ထုတ်ပြန်ရန်။
(စ)     မဟာမိတ်များ၊ နိုင်ငံခြားများနှင့် ဆက်သွယ် မှုပြုလုပ်ရန်။
(ဆ)    ဦးစီးအဖွဲ့ဝင်များနှင့် ကေဒါများကို နေရာ ချပေး၍ စည်းကမ်းထိန်းသိမ်းပေးရန်။
(ဇ)     ဗဟိုဦးစီးအဖွဲ့၏ ဘဏ္ဍာရေးကို ခန့်ခွဲပေး ရန်။
၁၉၆၈ခုနှစ်၊ဇွန်လ၂၄ရက်တွင်ကေအင်န်ယူတပ်ဦးသည်ရခိုင်လွတ်မြောက်ရေးအဖွဲ့* (*ရခိုင်လွတ်မြောက် ရေး အဖွဲ့ သီးခြားတင်ပြပါမည်။) မှခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပြီး သဘော တူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။  ယင်း သဘောတူညီချက်များမှာ-(၁။        ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။)
(က)    ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီကို ရခိုင်အမျိုးသားများ၏ လွတ်မြောက်ရေး အတွက် ဆောင်ရွက်နေသော ပါတီဟု ကေအင်န်ယူတပ်ဦးမှ အသိအမှတ်ပြု သည်။ ကေအင်န်ယူတပ်ဦးကို ကရင် အမျိုး သားများ၏ လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေသော ရှေ့ဆောင်အဖွဲ့ဟု ရခိုင်ပြည်လွတ်မြောက်ရေးအဖွဲ့က အသိ အမှတ်ပြုသည်။
(ခ)     ရခိုင်အမျိုးသားများ၏လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်နေခြင်းကို လွတ်မြောက် ရေးအတွက် တိုက်ပွဲဝင်နေသော ကရင် အမျိုးသားများက   လေးစားစွာဖြင့် ထောက်ခံအသိအမှတ်ပြုသည်။   ကရင် အ မျိုး သား များ ၏ လွတ် မြောက် ရေး  အတွက်  တိုက်ပွဲဝင်နေကြခြင်းကိုလည်း လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေ ကြသော ရခိုင်အမျိုးသားများက လေးစား စွာ အသိအမှတ်ပြုသည်။
(ဂ)     နှစ်ဦးနှစ်ဖက်သည် စိတ်ဓာတ်အရလည်း ကောင်း၊   ရုပ်ဝတ္ထုအရလည်းကောင်း၊ အပြန်အလှန်အထောက်အကူပြုရန် သဘောတူကြသည်။
(ဃ)    နှစ်ဖွဲ့လုံး၏လွတ်မြောက်ရေးအတွက် အောင်ပွဲရသည်အထိ စည်ရုံးညီညွတ်စွာ လက်တွဲတိုက်ပွဲဝင်ကြရန် သဘောတူညီ ကြသည်။
ကေအင်န်ယူပါတီက အခြားလူမျိုးစုအဖွဲ့ငယ်များ ကို သိမ်းသွင်းရန် ကြိုးစားသကဲ့သို့ ကေအင်န်ယူ တပ်ဦးကလည်း ရခိုင်လွတ်မြောက်ရေးအဖွဲ့ကို ခါးပိုက် ဆောင်တပ်အဖြစ် သိမ်းသွင်းလိုက်ခြင်းဖြစ်သည်။ မိမိ အဖွဲ့အစည်း၏ ရပ်တည်မှုကို ထောက်ခံသည့်နိုင်ငံရေး အင်အားစုတစ်ခုအဖြစ် ဖန်တီးထားပေးခြင်းလည်းဖြစ် သည်။
ထို့နောက် ဗိုလ်မြအုပ်စု၏ကြားဖြတ်ဗဟိုဦးစီးအဖွဲ့ သည် ရှေ့ဆောင်တပ်ဦး၏ အခြေခံလုပ်ငန်းစဉ်အဖြစ် အောက်ပါအတိုင်းချမှတ်ခဲ့သည်-(၂။    ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။)
(က)    တပ်ဦးအဆင့်ရှိ ရှေ့ဆောင်တပ်အဖွဲ့များ ကို ရွေးကောက်တင်မြှောက်ရန်။
(ခ)     တပ်ဦးအဆင့်ရှိ ရှေ့ဆောင်အဖွဲ့များသည် ကွန်ဂရက်ကျင်းပ၍ မိမိတို့၏ ဆောင်ရွက် ချက်များကို မိမိတို့ရွေးကောက်လိုက်သော အဖွဲ့များသို့အစီရင်ခံရန်။
(ဂ)     တပ်ဦးဝင်တိုင်းသည်   မိမိတို့ပါဝင်သော   အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်များ ကို လိုက်နာ ဆောင်ရွက်ရန်၊ အနည်းစုသည် အများစု၏ဆုံးဖြတ်ချက်ကို လိုက်နာရန်၊ တပ်ဦးအောက်ခြေ အဖွဲ့အစည်းများသည် တပ်ဦးအထက်အဖွဲ့အစည်းများကိုနာခံရန်နှင့်တပ်ဦးအဖွဲ့ အစည်းအားလုံး သည်ဗဟို အဖွဲ့အစည်းကို နာခံရန်။
(ဃ)    တပ်ဦး၏စည်းကမ်းချက်များကိုတိကျစွာလိုက်နာရန်နှင့်တပ်ဦး၏ဆုံးဖြတ်ချက်များကိုချွတ်ယွင်းချက် မရှိအောင် ဆောင်ရွက်ရန်။
ထို့အပြင်ကေအင်န်ယူတပ်ဦး၏  လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်း အောက်ပါအတိုင်းချမှတ်ခဲ့သည်-(၃။        ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။)
(က)    နယ်မြေတစ်ခုလုံးအတွက် အမျိုးသား ကွန်ဂရက်နှင့် ဗဟိုကော်မတီသည် တပ်ဦး ၏ အမြင့်ဆုံးသော အဖွဲ့အစည်းဖြစ်သည့် အလျောက်   ¤င်းတို့၏ရှေ့ဆောင်မှုကို အောက်ခြေအဆင့်ဆင့်အဖွဲ့များအားလုံးက နာခံရန်။
(ခ)     ဗဟိုကော်မတီသည် သာမန်အခြေအနေ၌ တပ်ဦး၏ အမျိုးသားကွန်ဂရက်ကို လေးနှစ် တစ်ကြိမ်ခေါ်ယူကျင်းပရန်နှင့် အထူး အခြေအနေများတွင် ဗဟိုကော်မတီသည် အချိန်ကာလကို ဆုံးဖြတ်နိုင်ပြီး အချိန်   ရွှေ့ပြောင်းခြင်းများပြုလုပ်ရန်။
(ဂ)     တပ်ဦးအဖွဲ့ဝင်အားလုံး၏ အရေအတွက် တစ်ဝက်ကျော်ကို ကိုယ်စားပြုသော တပ်ဦး အောက်ခြေအဖွဲ့များက   အမျိုးသား ကွန်ဂရက်ကျင်းပရန် တောင်းဆိုခဲ့လျှင် ဗဟိုကော်မတီက ကျင်းပပေးရန်။
(ဃ)    တပ်ဦး၏အမျိုးသားကွန်ဂရက် တက်ရောက်ရန် ကိုယ်စားလှယ်အရေ အတွက်နှင့် ကိုယ်စားလှယ်များရွေးကောက် ရန် ကျင့်ထုံးတို့ကို ဗဟိုကော်မတီက ဆုံးဖြတ်ရန်။
(င)     ကိုယ်စားလှယ် တစ်ဝက်ကျော်တက်ရောက် လျှင် ကွန်ဂရက်ကျင်းပရန်။
(စ)     တပ်ဦးအမျိုးသားကွန်ဂရက်၏ လုပ်ငန်း များနှင့် အာဏာများမှာ အောက်ပါအတိုင်း ဖြစ်သည်-
(၁)     ဗဟိုကော်မတီနှင့်  ဗဟိုအလုပ် အမှုဆောင်များက  တင်ပြသော အစီရင်ခံစာများကို  ကြားနာ၍ ဆွေးနွေးပြင်ဆင်ဖြည့်စွက်ရန်နှင့် လက်ခံရန်။
(၂)     တပ်ဦးဖွဲ့စည်းပုံအခြေခံဥပဒေ၊ တပ်ဦး၏လုပ်ငန်းစဉ်နှင့် တော်လှန် ရေး၏ လုပ်ငန်းစဉ်တို့ကို ပြင်ဆင် ဆုံးဖြတ်ရန်။
(၃)     တပ်ဦးအခြေခံဝါဒ သဘောထားနှင့် တပ်ဦး၏အခြေခံသုံးသပ်ချက်ကို စဉ်းစားဆုံးဖြတ်ရန်။
(၄)     ဗဟိုကော်မတီနှင့် ဗဟိုကော်မတီ ဥက္ကဋ္ဌကို ရွေးချယ်တင်မြှောက်ရန်။
(ဆ)    ဗဟိုကော်မတီအမျိုးသားကွန်ဂရက် တစ်ခု နှင့်တစ်ခုအကြား တပ်ဦး၏အမြင့်ဆုံးသော အဖွဲ့ဖြစ်စေရန်၊ အမျိုးသားကွန်ဂရက် တစ်ခုနှင့်တစ်ခုအကြား    တာဝန်ယူ လုပ်ဆောင်ရန်။
(ဇ)     အမျိုးသားကွန်ဂရက်ကို ခေါ်ယူကျင်းပခြင်းမပြုနိုင်ပါကဗဟိုကော်မတီသည်  လောလောဆယ် အခြေအနေနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို စီစဉ် ချမှတ်လုပ်ဆောင် သွားနိုင်ပြီး တပ်ဦး၏ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေများကို ပြုလုပ်ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက် ခြင်းများပြုလုပ်ခြင်း။
(ဈ)     ဗဟိုကော်မတီသည် ကော်မတီဦးရေ ထက်ဝက်၏ သဘောတူညီမှုဖြင့် အဆိုပြု ချက်များကို ဆုံးဖြတ်အတည်ပြုရန်။
(ည)    ဗဟိုကော်မတီ၏ တာဝန်ဝတ္တရားများကို အောက်ပါအတိုင်းသတ်မှတ်သည်-
(၁)     တပ်ဦးလုပ်ငန်းများကိုစီစဉ် ညွှန်ကြား၍ တပ်ဦး၏ကြေညာချက် များကို ထုတ်ပြန်ရန်။
(၂)     တပ် ဦး အ ဖွဲ့ အ စည်း များ တည်ထောင်ပေးရန်။
(၃)     တပ်ဦးအဖွဲ့ဝင်များအားနေရာချထားခြင်း၊ တပ်ဦး၏ဘဏ္ဍာရေးခန့်ခွဲ ခြင်းများကို တာဝန်ယူရန်။
(၄)     အခြားနိုင်ငံရေးပါတီများ၊   အဖွဲ့ အစည်းများနှင့်  ဆက်သွယ်ရန် တပ်ဦးကိုယ်စား ဆက်သွယ်ရန်။
(ဋ)     ဗဟိုကော်မတီသည် နေ့စဉ်လုပ်ငန်း တာဝန်များ ထမ်းဆောင်နိုင်ရန်အတွက် ဗဟိုကော်မတီဥက္ကဋ္ဌက ဦးစီးသော ဗဟို အလုပ်အမှုဆောင်ကော်မတီကို ရွေးချယ် ဖွဲ့စည်းရန်နှင့် လုပ်ငန်းများဆောင်ရွက်ရန် ဌာနများကို သတ်မှတ်ပေးရန်၊ လိုအပ်သော အချိန်များတွင် ကော်မရှင်ဖွဲ့စည်းရန်။
(ဌ)     ဗဟိုကော်မတီအစည်းအဝေးကို တစ်နှစ် တစ်ကြိမ်ကျင်းပရန်၊ ဗဟိုကော်မတီဝင် ဦးရေ ထက်ဝက်ရှိလျှင် အစည်းအဝေး ကျင်းပရန်နှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ  အစည်းအဝေးကို  သုံးလ တစ်ကြိမ်ကျင်းပရန်။
ဗိုလ်မြနှင့်မန်းဘဇံအုပ်စု၏ ကြားဖြတ်ဗဟိုဦးစီး အဖွဲ့သည် ကေအင်န်ယူတပ်ဦးကို အချိန်ယူ၍ ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။ ဗိုလ်မြသည် ကြားဖြတ်ဗဟိုဦးစီးအဖွဲ့ ဥက္ကဋ္ဌအဖြစ် နိုင်ငံရေးအစဉ်အလာရှိသော မန်းဘဇံကို နေရာပေးထားသည်။ သို့သော် လက်တွေ့သြဇာလွှမ်းမိုး သူမှာ ဗိုလ်မြပင်ဖြစ်သည်။ ဗိုလ်မြအုပ်စုသည် နိုင်ငံခြား နှင့်ဆက်သွယ်ရန်လည်း ဆုံးဖြတ်ခဲ့သည်။
ဗိုလ်မြသည် ဒုတိယဥက္ကဋ္ဌနှင့် ကေအင်န်ယူ တပ်မ (၁)၏ တပ်မမှူးအဖြစ် တာဝန်ယူထားသည်။ လက်နက် ကိုင်တပ်အားလုံးကိုချုပ်ကိုင်ထားခြင်းဖြင့်   သြဇာ အာဏာကို ထိန်းသိမ်းထားခြင်းပင်ဖြစ်သည်။ မန်းဘဇံ သည် ဗမာပြည်ကွန်မြူနစ်ပါတီ၏လွှမ်းမိုးမှုကို မကျေ နပ်သဖြင့် ကေအင်န်ယူပါတီမှ ခွဲထွက်လာသူဖြစ်သော် လည်း ကွန်မြူနစ်ဝါဒ မှိုင်းမိထားသူ၊ ကွန်မြူနစ်ဝါဒ စွဲရှိသူအဖြစ် ဗိုလ်မြက ယုံကြည်ထားသည်။
ဗိုလ်မြသည် ကေအင်န်ယူတပ်ဦးနှင့် လက်နက် ကိုင်တပ်များဖွဲ့စည်းရန် စနစ်တကျ စီစဉ်ခဲ့သည်။ ကေအင်(န်)ယူ တပ်မ(၁)၏ လက်အောက်တွင် ကေအင်(န်)ယူ တပ်မဟာ(၁)၊ တပ်မဟာ(၆)၊ တပ်မဟာ (၇)နှင့် တပ်မဟာ(၈)တို့ပါဝင်သည်။ သို့သော် ဗိုလ်မြ သည် မိမိသြဇာကို မနာခံသည့် တပ်မဟာ(၁)နှင့် တပ်မဟာ(၈) ခေါင်းဆောင်များကို ဖယ်ရှားလိုက်သည်။ အချို့ကို သုတ်သင်သတ်ဖြတ်ပစ်သည်။ ထို့နောက် တပ်မဟာ(၁)နှင့်    တပ်မဟာ(၈)ကိုပူးပေါင်း၍ တပ်မဟာ(၁)အဖြစ် ဖွဲ့စည်းလိုက်ရာ တပ်မဟာ(၈) သည် အလိုအလျောက် ချုပ်ငြိမ်းသွားရတော့၏။
ထိုအချိန်တွင် ကေအင်န်ယူပါတီမှ ဘောနေ ခေါင်းဆောင်သော တပ်မဟာ(၂)နှင့် ကဝဲဒိုခေါ် မောလယ် ခေါင်းဆောင်သော တပ်မဟာ(၃) ပူးပေါင်း အင်အား ၅ဝဝ ခန့်သည် စစ်တောင်းမြစ်ကိုဖြတ်ကူး၍ ကေအင်န်ယူပါတီမှ ခွဲထွက်လာကြပြန်သည်။ ထို့နောက် ဗိုလ်မြအုပ်စုနှင့် ပူးပေါင်းမိပြီး ရွှေကျင်ကျောက်ကြီး နယ်တွင် အခြေချလှုပ်ရှားကြသည်။
ကေအင်န်ယူပါတီသည် ဗိုလ်မြအုပ်စုနှင့် ပြန်လည် သင့်မြတ်ရန် အစွမ်းကုန်ကြိုးစားခဲ့သည်။ ၁၉၆၈ ခုနှစ်၊ အောက်တိုဘာလတွင် ရှိုးလုစခန်း၌ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးခဲ့ကြသေးသော်လည်း  အောင်မြင်မှုမရခဲ့ပေ။ သို့နှင့် ဗိုလ်မြအုပ်စုသည် ကေအင်န်ယူတပ်ဦးကို စနစ်တကျပင် ဖွဲ့စည်းနိုင်ခဲ့လေသည်။

ကချင်သောင်းကျန်းသူများ( ၁။     ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။)
ကေအိုင်အေ(ခေါ်)ကချင်သောင်းကျန်းသူများ သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲမပြုလုပ်မီ ၁၉၆၃ ခုနှစ် နှစ်ဦးပိုင်းတွင် တပ်မဟာ(၁)နှင့်တပ်ရင်း(၆)ရင်းကို လူအင်အား ၁ဝဝဝ ကျော်ဖြင့် ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ် သည်။ ဇော်ဒန်ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က   တော်လှန်ရေးကောင်စီနှင့်ဆွေးနွေးနေစဉ် ကေအိုင်အေများ သည် လူသူစုဆောင်းခြင်း၊ ဆက်ကြေး ကောက်ခံခြင်းတို့ကို တိုးချဲ့၍ဆောင်ရွက်ခဲ့ကြသည်။ ဆွေးနွေးပွဲကာလတွင် ဇော်တူးသည် ဗန်းမော်နယ်မြေ မှ ဧရာဝတီမြစ်ကို ဖြတ်ကျော်၍ ကျောက်စိမ်းထွက်ရှိ ရာ ကာမိုင်းမြို့နယ်အတွင်းသို့ ဝင်ရောက်စည်းရုံးစိုးမိုးခဲ့သည်။ ကာမိုင်းမြို့နယ်ရှိကျေးရွာအားလုံးလိုလိုသည် ကေအိုင်အေတို့၏လွှမ်းမိုးမှု အောက်တွင် ရောက်ခဲ့ရ သည်။
ဆွေးနွေးပွဲပျက်ပြားပြီးနောက် ကေအိုင်အေတို့ သည် လူ၊ လက်နက်နှင့် ခဲယမ်းမီးကျောက်များကို အပြင်းအထန်စုဆောင်းကြလေရာ ၁၉၆၃ ခုနှစ်ကုန် တွင် လူအင်အားမှာ ၂ဝဝဝ ကျော်အထိ တိုးတက်လာ ခဲ့ပြီဖြစ်သည်။
၁၉၆၄ ခုနှစ်၊ နှစ်ဦးတွင် ကေအိုင်အေတပ်မဟာ (၂)  ကို  တိုးချဲ့ဖွဲ့စည်းခဲ့သည်။  တပ်မဟာ(၁)၏ လက်အောက်တွင် တပ်ရင်း(၁)၊ တပ်ရင်း(၂)နှင့် တပ်ရင်း(၅)ကိုစုဖွဲ့ပြီး ဇော်ဆိုင်းက အုပ်ချုပ်သည်။ ဇော်ဆိုင်း၏တပ်မဟာ(၁)သည် မန်စီမြို့နယ်၊ မွန်ဘာပါ ကျေးရွာ (အက်စ်အို-၄၈၈၈)တွင် အခြေပြု၍ လှုပ်ရှား သည်။ တပ်မဟာ(၂)တွင်မူ တပ်ရင်း(၃)၊ တပ်ရင်း(၄) နှင့် တပ်ရင်း(၆)တို့ ပါဝင်သည်။ ဇော်တူးက တပ်မဟာ (၂) ကိုအုပ်ချုပ်ပြီး မဂျီဘွမ်(အက်စ်-၄၄ဝ၄)တွင် အခြေပြု၍ လှုပ်ရှားသည်။ ထို့အပြင် တပ်ရင်း(၇) ကို ပူတာအိုနယ်မြေတွင် လူအင်အား ၈ဝဝ ခန့်ဖြင့် တိုးချဲ့ ဖွဲ့စည်းပြီး ဇော်တူးကပင် တာဝန်ယူ၍အုပ်ချုပ်ခဲ့သည်။ တပ်ရင်း(၇)တွင်  V.D.F. (Villager's Defence Forces.)  (ခေါ်)ကျေးရွာ ကာကွယ် ရေးတပ်ဖွဲ့ကို အခြေခံ၍ဖွဲ့စည်းခြင်းဖြစ်သည်။ ပြောက်ကျားလှုပ်ရှားမှုအတွက် ရည်ရွယ်ခြင်း ဖြစ်သည်။
ဇော်တူးသည် တပ်မဟာ(၂)အား တဖြည်းဖြည်း တိုးချဲ့ဖွဲ့စည်းခဲ့ရာ အင်အား ၁၄ဝဝ ကျော်အထိ တိုးတက်လာပြီး ပူတာအို၊ ချီဖွေ၊ လောခေါင်၊ မြစ်ကြီးနား၊ ဗန်းမော်၊ ကွတ်ခိုင်နယ်မြေများတွင် ဖြန့်ခွဲလှုပ်ရှား၍ လာသည်။ ၁၉၆၃ ခုနှစ်၊ ဇွန်လမှ ၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကေအိုင်အေထိပ်သီးခေါင်းဆောင် ညီအစ်ကိုများဖြစ်သော ဇော်ဆိုင်း၊ ဇော်ဒန်၊ဇော်တူးတို့သုံးဦးသည်လည်း ဇော်သုံးဇော်ဟူ၍ နာမည်ကြီး လာကြသည်။
တပ်မတော်သည် ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်မြောက်ပိုင်းတွင် ရုတ်တရက်အင်အားကြီးထွား ပြီး ဆူပူလှုပ်ရှားလာကြသော ကေအိုင်အေများကို ချေမှုန်းရေးအတွက် ၁၉၆၄ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ စစ်ဆင်ရေးများဖြင့် ဆင်နွှဲတိုက်ခိုက်တော့သည်။ တပ်မတော်က ဆင်နွှဲခဲ့သော စစ်ဆင်ရေးများမှာ အောက်ပါအတိုင်းဖြစ်သည်-

(၁)     ဂန့်ဂေါ်စစ်ဆင်ရေး။
(၂)     အောင်မြေစစ်ဆင်ရေး။
(၃)     ကောင်ရာဘွမ်စစ်ဆင်ရေး။
(၄)     ခရမ်းစစ်ဆင်ရေး။
တပ်မတော်က ဆင်နွှဲသည့်စစ်ဆင်ရေး အရပ်ရပ် ကြောင့် ၁၉၆၄ ခုနှစ်၊ ဒီဇင်ဘာလမှ ၁၉၆၅ ခုနှစ်၊ စက်တင်ဘာလအထိ တစ်နှစ်တာကာလအတွင်းတွင် ကေအိုင်အေများမှာ များစွာအထိနာခဲ့ရသည်။ ထို ကာလအတွင်း ကေအိုင်အေသောင်းကျန်းသူ ၆၉၆ ယောက်ကို အသေမိပြီး ၃၇၇ ယောက်ကို ဒဏ်ရာရစေ ခဲ့သည်။ ၁ဝ၆၄ ယောက်ကို အရှင်ဖမ်းဆီးရမိပြီး ၂၂၂၃ ယောက် လက်နက်ချခဲ့ကြသည်။ ထို့ကြောင့် ၁၉၆၅ ခုနှစ်မှ ၁၉၆၆ ခုနှစ်၊ နှစ်လယ်ပိုင်းအတွင်း ကချင် သောင်းကျန်းသူလှုပ်ရှားမှုများစွာ ကျဆင်းသွားခဲ့ရ တော့သည်။
ကေအိုင်အေလှုပ်ရှားမှုမှာ တပ်မတော်၏ ထိုးစစ်များကြောင့် အဘက်ဘက်မှ ယိုယွင်းကျဆင်းပြီး နာလန် မထူနိုင်တော့သဖြင့် ကေအိုင်အေခေါင်းဆောင်များ သည် နည်းအမျိုးမျိုးဖြင့် ကြံဆကြိုးပမ်းကြရသည်။ ကေအိုင်အေဦးစီးချုပ်ဖြစ်သူ ဇော်ဆိုင်းသည် ပြည်ပ အကူအညီရရေးအတွက် ထိုင်းနိုင်ငံသို့သွားရောက်ကာ ထိုင်း-မြန်မာနယ်စပ် ထန်ဝိုး(အယ်လ်ယူ-ဝ၅ဝ၅)တွင် အခြေချ၍  ဘိန်း၊  ကျောက်စိမ်းများရောင်းဝယ်ရန် စခန်းဖွင့်လှစ်ခဲ့ရသည်။ ထိုင်းနိုင်ငံမှတစ်ဆင့် ပြည်ပ အကူအညီများရရှိစေရန် ဇော်ဆိုင်း၏အကြံပေးအရာရှိ အဖြစ် ကေအင်(န်)ယူမှ တွဲဖက်ထားသော ဂျီလစ်လင်း (ကချင်အမည်  ဇော်ဘောက်)က  ကူညီခဲ့သည်။ ဇော်ဆိုင်းသည် ၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်တွင် လွယ်ယားစခန်းမှ   ခရီးထွက်သွားခြင်းဖြစ်ပြီး ဗန်ကောက်၊ ဇင်းမယ်၊ ဖော်မိုဆာသို့ လှည့်လည်၍  အရှေ့တောင်အာရှ စစ်စာချုပ်အဖွဲ့ (SEATO) ၏ အကူ အညီရရန်ကြိုးစားခဲ့သည်။  ၁၉၆၆  ခုနှစ်အတွင်းမှာပင်ကေအိုင်အေနိုင်ငံခြားဆက်သွယ်ရေး တာဝန်ခံမရန်ဘရန်ဆိုင်းသည် အိန္ဒိယနိုင်ငံ၏ အကူအညီရယူ ရေးအတွက် ချောကန်တောင်ကြားဒေသသို့ သုံးလကြာ သွားရောက်ဆွေးနွေးခဲ့သည်။  သို့သော် မအောင်မြင် ခဲ့ပေ။
၁၉၆၆ ခုနှစ်၊ နှစ်ဦးပိုင်းတွင် တပ်မတော်သည် ဗမာပြည်ကွန်မြူနစ်ပါတီ ချေမှုန်းရေးအတွက် အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်ကို ဖွဲ့စည်းရန် ကချင် ပြည်နယ်မှ စစ်ဆင်ရေးတပ်အချို့ကို ထုတ်နုတ်ခဲ့ရလေ ရာ ကေအိုင်အေများအတွက် လူသူလက်နက်စုဆောင်း စည်းရုံး၍ ခေါင်းထောင်ထနိုင်ရန် အချိန်ရသွားသည် ဟု ဆိုရပေမည်။
ရှမ်းသောင်းကျန်းသူများ(၁။သောင်းကျန်းသူများသမိုင်းစာစောင်ပြုစုရေးကော်မတီ၏ ရှမ်းသောင်းကျန်း သူများသမိုင်း (၁၉၄၈ ခုနှစ်)။)
ရှမ်းသောင်းကျန်းသူအဖွဲ့အစည်းများဖြစ်သော စိုင်းပန်ခေါင်းဆောင်သောအဖွဲ့၊    စဝ်ဆေးဝိုင် ခေါင်းဆောင်သောအဖွဲ့တို့သည် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပဏာမကိုယ်စားလှယ်များအဖြစ် လာရောက်ဆွေးနွေးခဲ့ကြသည်။ နွံစစ်ဟန်(ခေါ်)ရဲရင့် သော ရှမ်းလူငယ်အဖွဲ့၊ လွတ်ကျောက်ဆောင်(ခေါ်) ရှမ်းပြည်လွတ်မြောက်ရေးတပ်(S.S.I.A)* (*S.S.I.A = Shan State Independence Army.) စဝ်ဟန် စစ်တိုင်း(ခေါ်) ရှမ်းတပ်မတော်အဖွဲ့ (S.N.A)** (** S.N.A = Shan National Army.) တို့သည်  ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တော်လှန်ရေး ကောင်စီအစိုးရနှင့်ဆွေးနွေးခဲ့ကြသေးသော်လည်း ဖက်ဒရယ်မူ ထက်ပင် ပိုမိုပြင်းထန်သောခွဲထွက်ရေးမူ များကိုသာတောင်းဆိုခဲ့ကြသဖြင့် မအောင်မြင်ခဲ့ပေ။
ရှမ်းသောင်းကျန်းသူများသည် ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် စိုင်းနွဲ့ဦးစီး၍ တပ်မတော် ပုံပါကျင်စခန်းကို  တိုက်ခိုက်ကာ  လက်နက်ကိုင် သောင်းကျန်းမှုစတင်ခဲ့ခြင်းဖြစ်သည်။ ရှမ်းစော်ဘွားများ ၏ ကိုယ်ထိလက်ရောက်ကူညီမှုဖြင့် ကြီးထွားလာသော ရှမ်းသောင်းကျန်းမှုသည် တစုတစည်းတည်းမရှိဘဲ အဖွဲ့ငယ်များစွာ ကွဲထွက်ခဲ့ရသည်။ ရှမ်းစော်ဘွားများ အာဏာစွန့်ရသည့် ၁၉၅၉ ခုနှစ်တွင် ကျိုင်းတုံမှ လူငယ် ၂ဝဝ ကျော်သည် စိုင်းနွဲ့နှင့်သွားရောက်ပူးပေါင်းခဲ့သည်။ ၁၉၅၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်တွင် တောခိုစစ်ရဲ ဗိုလ်မောင်နှင့် ရှမ်းသောင်းကျန်းသူများပူးပေါင်း၍ တန့်ယန်းမြို့ကိုတိုက်ခိုက်ခဲ့သော်လည်း တပ်မတော်က ၁၉၅၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။
ဗိုလ်မောင်သည်  'ဝ'  လူမျိုးဖြစ်ပြီး  ယခင် ဓားပြဟောင်းဖြစ်သည်။ တရုတ်ဖြူစစ်ဆင်ရေးတွင် တပ်မတော်ကို ကူညီပံ့ပိုးခဲ့သဖြင့် ရှမ်းပြည်နယ်မှ အကြီးအကဲများနှင့် ညှိနှိုင်းပြီး တပ်မတော်ခြေလျင် တပ်မဟာ (၆)က စစ်ရဲတပ်ရင်း (၁၂)တွင် တပ်စုမှူး အဆင့်အထိခန့်အပ်ခဲ့သည်။ သို့သော် ဗိုလ်မောင်   သည် ဓားပြတိုက်မြဲတိုက်နေခဲ့သည်။ ထို့နောက် ရှမ်း သောင်းကျန်းသူ စဝ်ကျော်ဒွန်းက မြှောက်ပေးသဖြင့် သစ္စာဖောက်ကာ တောခိုခဲ့သူဖြစ်သည်။ နိုင်ငံရေးအစဉ် အလာရှိသူ မဟုတ်ပေ။ ဗိုလ်မောင်သည် တပ်မတော် ၏တိုက်ခိုက်မှုကြောင့် ၁၉၆ဝ ပြည့်နှစ်၊ မတ်လတွင် ထိုင်းနိုင်ငံရှိ စိုင်းနွဲ့နှင့်သွားရောက်ပူးပေါင်းခဲ့ရသည်။
လွတ်ကျောက်ဆောင်(ခေါ်)ရှမ်းပြည်လွတ်မြောက် ရေးတပ်သည် ၁၉၆ဝ ပြည့်နှစ်၊ ပန်တောင်းဌာနချုပ်၌ ပြုလုပ်သော အစည်းအဝေးတွင် ခေတ်ပညာတတ် တက္ကသိုလ်ကျောင်းသားများက စိုင်းနွဲ့၏အဖွဲ့ကို အယုံ အကြည်မရှိဘဲ ခွဲထွက်လာသော အဖွဲ့ဖြစ်သည်။ တပ်မဟာတစ်ခု၊ တပ်ရင်းလေးရင်းဖွဲ့စည်းထားသည်။ စစ်ဟန်စစ်တိုင်းအဖွဲ့သည်လည်း စိုင်းနွဲ့အဖွဲ့မှ တောခို ဘုန်းကြီး ဦးကုဏ္ဍလ(ခေါ်)စောက်ငါးခမ်းက ၁၉၆၁ ခုနှစ်၊ ဇွန်လတွင် ခွဲထွက်ထူထောင်ခြင်းဖြစ်သည်။ တပ်ရင်းကိုးရင်းရှိပြီး ကျိုင်းတုံနယ်တွင်လှုပ်ရှားသည်။
ထို့အပြင်အလင်းဝင်ကွန်မြူနစ်ဟောင်း မိုးဟိန်းက အလင်းဝင်များအတွက် အစိုးရ မ တည်ငွေများကို အလွဲသုံးစားပြုလုပ်ကာ တောခိုပြီး စိုင်းနွဲ့နှင့်အတူရှိ နေရာမှ သီးခြားခွဲထွက်ပြီး ရှမ်းပြည်နယ်တော်လှန်ရေး တပ်ပေါင်းစု (S.U.R.A)*** (*** S.U.R.A = Shan State United Revolution Army.) ဟူ၍ ထူထောင်သေးသည်။ မိုးဟိန်းသည်၁၉၆ဝပြည့်နှစ်တွင်နွံစစ်ဟန်မှခွဲထွက်ပြီး ရှမ်းပြည်လုံးဆိုင်ရာ တော်လှန်ရေးတပ်ဦး(S.U.R.F)**** (**** S.U.R.F = Shan State United Revolution Front.)ကို ဖွဲ့စည်းခဲ့သည်။ မိုးဟိန်းအဖွဲ့တွင် တပ်ရင်းသုံးရင်းပါဝင်ပြီး ကျေးသီး၊ မိုင်းနောင်၊ မိုင်းကိုင်၊ လဲချား၊ မောက်မယ်နယ်မြေများတွင် လှုပ်ရှားခဲ့သည်။
၁၉၆၂ ခုနှစ်တွင် အသီးသီးကွဲပြားနေသော ရှမ်း သောင်းကျန်းသူအဖွဲ့အစည်းများပူးပေါင်း၍ ရှမ်း တော်လှန်ရေးကောင်စီကို ဖွဲ့စည်းရန် ကြိုးပမ်းကြသေး သော်လည်း အောင်မြင်မှုမရပေ။
၁၉၆၄ ခုနှစ်၊ ဇန်နဝါရီလတွင် (ကွယ်လွန်သူ) စော်ဘွားကြီး စဝ်ရွှေသိုက်၏ဇနီး မဟာဒေဝီ(ခေါ်) နန်းဟိန်းခမ်းသည် မြဝတီ-မဲဆောက်လမ်းမှတစ်ဆင့် ထွက်ပြေးတိမ်းရှောင်သွားသည်။ မဟာဒေဝီအား ရှမ်း သောင်းကျန်းသူအဖွဲ့အစည်းများ၏ နာယကအဖြစ် တင်မြှောက်ကြရန်    အစည်းအဝေးပြုလုပ်ကြရာ လွတ်ကျောက်ဆောင်(ခေါ်)အက်စ်အက်စ်အိုင်အေက သာ ထောက်ခံခဲ့သည်။ နွံစစ်ဟန်နှင့်စစ်ဟန်စစ်တိုင်း အဖွဲ့များက လက်မခံခဲ့ပေ။
၁၉၆၄ ခုနှစ်၊ ဧပြီလတွင် မဟာဒေဝီကိုထောက်ခံ သော လွတ်ကျောက်ဆောင်(ခေါ်)အက်စ်အက်စ် အိုင်အေသည် ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော် (အက်အက်စ်အေ)ဟု အမည်ပြောင်းလဲဖွဲ့စည်းလိုက် သည်။ အက်စ်အက်စ်အေများသည် တပ်မဟာ လေးခု တိုးချဲ့ဖွဲ့စည်းလိုက်သည်။ တပ်ရင်း ၁၂ ရင်းတွင် အင်အား ၁၆ဝဝ ခန့်ရှိသည်။ ဌာနချုပ်ကို ထိုင်းနိုင်ငံ အတွင်းတွင် အခြေစိုက်ထားသည်။
ရှမ်းသောင်းကျန်းသူအဖွဲ့များသည် အယူဝါဒ ရေးရာအရ တစ်ဖွဲ့နှင့်တစ်ဖွဲ့သင့်မြတ်ခြင်းမရှိဘဲ သက်ဆိုင်ရာနယ်မြေများအလိုက် သီးခြားလှုပ်ရှား၍သာ နေခဲ့ကြသည်။ သို့နှင့် ရှမ်းပြည်နယ်ကြီးတစ်ခုလုံးသည် ရှမ်းသောင်းကျန်းသူအဖွဲ့အစည်းအမျိုးမျိုး၊ ဗမာပြည် ကွန်မြူနစ်ပါတီ၊ တရုတ်ဖြူအြ<ွကင်းအကျန်များဖြင့် နယ်စပ်တစ်လျှောက် ရှုပ်ထွေးပြီး အဖျက်လုပ်ငန်း ပေါင်းစုံနှင့်သာြ>ွပမ်းတီးနေရလေသည်။
ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားပြီး နောက် တစ်နိုင်ငံလုံးရှိ သောင်းကျန်းသူများ၏ အခြေအနေများ
တော်လှန်ရေးကောင်စီသည် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် သမိုင်းပေးတာဝန်အရ နိုင်ငံတော် ၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းလိုက်ပြီးနောက် တစ်နိုင်ငံလုံးတွင် ဆူပူသောင်းကျန်းနေသော ပြည်တွင်း သောင်းကျန်းမှုမီးလျှံများကို ငြိမ်းသတ်ရန်ကြိုးစားရတော့သည်။ ပထမဦးစွာ ၁၉၆၃ ခုနှစ်၊ ပြည်တွင်း ငြိမ်းချမ်းရေးကမ်းလှမ်းချက် ထုတ်ပြန်ခြင်းသည် ပြည်တွင်းသောင်းကျန်းမှုပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် ကြိုးစားခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအင်အားစုများ လက်နက်စွဲကိုင်တိုက်ခိုက်နေခြင်းဖြင့် ပြည်တွင်းအင်အားကိုဆုတ်ယုတ်စေသည်ဟု တော်လှန်ရေးကောင်စီကခံယူသည်။ လက်နက်ကိုင် အင်အားစုများကို ခေတ်ပြောင်းတော်လှန်ရေး ဆင်နွဲရေးအတွက် အတူတကွပါဝင်ကြပါရန် ရိုးရိုး သားသား ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
သို့သော် စောဟန်တာသာမွှေးခေါင်းဆောင်သည့် ကေအာရ်စီမှလွဲ၍ သောင်းကျန်းသူအဖွဲ့အစည်း အားလုံးသည် မိမိတို့၏အသင်းအဖွဲ့အကျိုးအတွက်သာ ရည်ရွယ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် တွင် အမြတ်ထုတ်အကောက်ကြံခဲ့ကြသည်ကို တွေ့ရနိုင်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် ပြည်ပရောက် ဗဟိုကော်မတီများနှင့် အဆက်ပြတ်နေရာမှ ငြိမ်းချမ်း ရေးဆွေးနွေးပွဲကာလအတွင်း ပြန်လည်အဆက်အသွယ် ရရှိသွားခဲ့သည်။  ထို့နောက်  ပြည်ပပေါ်လစီများကို အကြွင်းမဲ့လိုက်နာခြင်းဖြင့် အမျိုးသားသစ္စာဖောက်ဘဝ ကို လုံးလုံးလျားလျား ကျရောက်သွားရသည်။ ဗမာပြည် ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တပ်များသည် ပဲခူးရိုးမ တွင် အကောင်းဆုံးဖြစ်ခဲ့သည်။
မြစ်ဝကျွန်းပေါ်ဒေသတွင် အင်အားကောင်းသူ များမှာ ကေအင်န်ယူပါတီ၏ လက်နက်ကိုင်တပ်များ ဖြစ်သည်။ သို့သော် ကေအင်န်ယူပါတီသည် ဗမာ ပြည်ကွန်မြူနစ်ပါတီ၏ လက်အောက်ခံသဖွယ် ဖြစ်နေ လေရာ မြစ်ဝကျွန်းပေါ်ဒေသတစ်ခုလုံးတွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ကေအင်န်ယူပါတီတို့မှာ ရောထွေး နေပြီး အဖျက်လုပ်ငန်းမှန်သမျှကို အတူတကွကျူးလွန် နေခဲ့ကြသည်။
ကချင်ပြည်နယ်တွင် ကေအိုင်အေများကလှုပ်ရှားထကြွနေခဲ့သကဲ့သို့ ရှမ်းပြည်နယ်တွင်လည်း ရှမ်း သောင်းကျန်းသူအဖွဲ့အစည်းများက ဆူပူသောင်းကျန်း လျက်ရှိသည်။ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း၊ အရှေ့ ရိုးမဒေသတွင်    ဗိုလ်မြ၏ကေအင်န်ယူအက်ဖ်က လှုပ်ရှားထကြွလျက်ရှိသည်။ ကရင်အမျိုးသားတိုးတက် ရေးပါတီ၊  မွန်ပြည်သစ်ပါတီကဲ့သို့သောအဖွဲ့ငယ်လေး များလည်း ရှိသေးသည်။
ဧရာဝတီမြစ်အနောက်ဘက်ကမ်းဒေသတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အနောက်တိုင်းနှင့် သခင်စိုး၏ အလံနီကွန်မြူနစ်ပါတီတို့ နယ်မြေလုနေကြရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် ၆၄ လမ်းစဉ်အရ အလံနီများကို ချေမှုန်းရန်စီစဉ်ခဲ့သည်။ ရခိုင်ဒေသ တွင်လည်း ဗမာပြည်ကွန်မြူနစ်ပါတီနှင့် အလံနီများမှာ နယ်မြေစား ကျက်လုနေကြရသည်။ကျော်ဇံရွှီး၏ ရခိုင်ပြည်ကွန်မြူနစ်ပါတီသည် စစ်ရေးအရ ထူးထူးခြားခြား ဆောင်ရွက်နိုင်ခြင်း မရှိဘဲဟောပြောခြင်း၊ ဆေးဝါးကုသပေးခြင်းစသည့် စည်းရုံးရေးလုပ်ငန်းများကိုသာ လုပ်ကိုင်နေပြီး ကျေးရွာလူထုအပေါ် ပျော့ပျောင်းသောသဘောထားဖြင့် ဆက်ဆံသောကြောင့် ရခိုင်တိုင်းရင်း သားများအဖို့ အနှောင့်အယှက်မရှိလှပေ။
ဗမာပြည်ကွန်မြူနစ်ပါတီသည် ၆၄ လမ်းစဉ်အရ စစ်ရေးအသွင်သဏ္ဌာန်များ ပြောင်းလဲ၍လာသည်။ ပြောက်ကျားလှုပ်ရှားမှုမှ သမားရိုးကျစစ်ကဏ္ဍများတွင် လှုပ်ရှားနိုင်ရန် ပိုမိုကြိုးစားလာသည်။ ခံစစ်ထက် ထိုးစစ်ဆင်နွှဲနိုင်ရန် ကြိုးစားလာသည်။
၁၉၆၅ ခုနှစ်တွင် အင်အားချည့်နဲ့သော ဂွမြို့ကို ဗမာပြည်ကွန်မြူနစ်ပါတီက ဝင်စီးခဲ့သည်။ ၁၉၆၇ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်တွင်လည်း ကျောက်တော်ကို ဝင်စီးခဲ့သည်။ ဗိုလ်သက်ထွန်းနှင့်အဖွဲ့သည် ၁၉၆၈ ခုနှစ်၊ မတ်လ ၉ ရက်တွင် အမ်းမြို့ကို ဝင်စီးခဲ့သည်။
ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြားပြီး နောက် တပ်မတော်သည် သောင်းကျန်းသူအဖွဲ့အစည်း များအား  ထိုးစစ်ကြီးများဆင်နွှဲ၍  စစ်ရေးအရ တိုက်ခိုက်အရေးယူရတော့သည်။ သောင်းကျန်းသူများ သည် မိမိတို့၏ရပ်တည်ရေးအတွက် ပြည်ပအကူအညီကို ရှာဖွေလာကြရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီမှာ  ပြည်ပကွန်မြူနစ်ပါတီ၏  သြဇာကိုလုံးလုံး လျားလျား ခံယူလိုက်သည်။ ကေအိုင်အေများသည် အမေရိကန်နိုင်ငံ ဦးဆောင်သည့် အရှေ့တောင်အာရှ စစ်စာချုပ်အဖွဲ့မှ အကူအညီရယူရန် ကြိုးစားသကဲ့သို့ အိန္ဒိယနိုင်ငံနှင့် လည်းဆက်သွယ်ခဲ့သည်။ပြည်ပ နိုင်ငံနှင့်လည်းဆက်သွယ်ရန် ကြိုးစားနေသည်။ ရှမ်း သောင်းကျန်းသူများမှာလည်း တရုတ်ဖြူနှင့် ဆက်သွယ်ခြင်း၊  ထိုင်းနိုင်ငံတွင်အခြေချ၍ ပြည်ပ အကူအညီရှာဖွေခြင်းတို့ကို ပြုလုပ်လာကြသည်။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြားပြီးနောက်သောင်းကျန်းသူ အဖွဲ့အစည်းအားလုံး၏ တူညီသော ထူးခြားချက်တစ်ရပ်မှာ ပြည်ပအားကိုး၍ အမျိုးသား ရေးသစ္စာဖောက်ခြင်းနှင့် ဘိန်း၊ ကျောက်စိမ်းနှင့် နယ်စပ် မှောင်ခိုစီးပွားရေးလုပ်ငန်းများတွင် အပြိုင်အဆိုင်ဝင် ရောက်လာကြခြင်းပင်တည်း။
Share this article :

0 comments:

Post a Comment

 
ဆက်သွယ်ရန် mmpolitical2013@gmail.com :
Template Modify by Creating Website Myanmar Political Research Organization