Home » » အခန်း (၃) တောခိုအဖွဲ့အစည်းများ ထပ်မံပေါ်ပေါက်လာခြင်း

အခန်း (၃) တောခိုအဖွဲ့အစည်းများ ထပ်မံပေါ်ပေါက်လာခြင်း


တောခိုအဖွဲ့အစည်းများ ထပ်မံပေါ်ပေါက်လာခြင်း

ဦးနု၏ငြိမ်းချမ်းရေးမူ

    ၁၉၄၈ခုနှစ်၊ မတ်လ၂၈ရက်တွင် ဗမာပြည်ကွန်မြူနစ် ပါတီတောခို သွားသောအခါ မြန်မာပြည် အတွင်း၌ နိုင်ငံရေးဂယက်ပြင်းထန်စွာ ရိုက်ခတ်တော့သည်။ အချို့ က ဗမာပြည်ကွန်မြူနစ်ပါတီသည် လက်နက်ကိုင်လမ်း စဉ်ကို တရားသေဆုပ်ကိုင်ထားသည်ဟု စွပ်စွဲခဲ့ကြသည်။ အချို့ကမူ ဆိုရှယ်လစ်ပါတီဝင်များကြီးစိုးသည့် ဖဆပလ အစိုးရက နိုင်ငံရေးအင်အားစုများအား အကြမ်းဖက် နှိပ်ကွပ်သောကြောင့် ကွန်မြူနစ်ပါတီ တောခိုရသည် ဟူ၍ ဝေဖန်ခဲ့ကြသည်။ မြေပေါ်တွင်ကျန်ရစ်သော  နိုင်ငံရေးအင်အားစုများအတွင်းတွင်လည်း နိုင်ငံရေး ဂယက်မှာ ပြင်းထန်စွာရိုက်ခတ်ခဲ့သည်။ တပ်မတော် အတွင်း၌ပင် ကွန်မြူနစ်လိုလားသူ၊ ဆိုရှယ်လစ်လိုလား သူများရှိနေကြရာ အချို့မှာ မည်သည့်ဘက်သို့ လိုက်ရ မည်မဆုံးဖြတ်နိုင်ခဲ့ကြပေ၊ ပြည်သူ့ရဲဘော် အဖွဲ့ချုပ် အတွင်း၌လည်း ကွန်မြူနစ်နှင့်ဆိုရှယ်လစ်တို့၏ ထိုး ဖောက်စည်းရုံးမှုမှာ အပြိုင်ဖြစ်နေသည်။
 

       ကွန်မြူနစ်ပါတီ တောခိုပြီးနောက် ဦးနု၊ ဗိုလ်လက်ျာ၊ ဦးအုန်းနှင့် ဦးသိန်းဖေတို့သည် နိုင်ငံရေးပြဿနာ အဖြေရှာရန် တွေ့ဆုံဆွေးနွေးကြသည်။ ဧပြီလနှင့်မေလများ၌ အစည်းအဝေး အကြိမ်ကြိမ် ပြုလုပ်ပြီး နောက်ဦးသိန်းဖေက 'ဒီမိုကရေစီတော်လှန်ရေးအတွက် တစ်မျိုးသားလုံး ညီညွတ်ရေး၏ မဏ္ဍိုင်ဖြစ်သော လက်ဝဲညီညွတ်ရေးသို့' အမည်ရှိစာတမ်း(၁။  သိန်းဖေမြင့်၏ တော်လှန်ရေးကာလ နိုင်ငံရေး အတွေ့အကြုံများ၊ စာမျက်နှာ ၃၇ဝမှ ၄ဝ၂။) ကိုတင်သွင်းသည်၊ ယင်းစာတမ်းကို အခြေပြု၍ ဦးနုက ငြိမ်းချမ်းရေး မူဝါဒကိုရေးဆွဲသည်။ ဦးနု၏ငြိမ်းချမ်းရေး မူဝါဒများမှာ အောက်ပါအတိုင်းဖြစ် သည်။

Xxx
          နုငြိမ်းချမ်းရေးမူ(၁၅)ချက်(လက်ဝဲညီညွတ်ရေးမူ)(၂။သိန်းဖေမြင့်၏ တော်လှန်ရေးကာလ နိုင်ငံရေးအတွေ့ အကြုံများ၊ စာမျက်နှာ ၄ဝ၇မှ ၄၁၁။)
          တစ်မျိုးသားလုံးညီညွတ်ရေး၏မဏ္ဍိုင်ဖြစ်သော
        လက်ဝဲညီညွတ်ရေးကြေညာချက်
        လက်ဝဲညီညွတ်ရေးအတွက် ဖဆပလဥက္ကဋ္ဌ
        သခင်နု၏ ကြေညာချက်
          ကျွန်ုပ်သည် ညီညွတ်ရေးပြဿနာများကို စဉ်းစား ရာ၌ ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အများ ပြည်သူလူထုအကျိုးငှာ  လက်ရှိအခြေအနေ  ဘဝအဖြစ်အပျက်များအရ  အဘယ်လုပ်ငန်းများကို လုပ်သင့်လုပ်အပ် လုပ်နိုင်သနည်း။ ထိုလုပ်သင့်လုပ်အပ် လုပ်နိုင်သော လုပ်ငန်းများကို လက်ဝဲအင်အားစုများ သည် ဘယ်သို့ ညီညွတ်စည်းရုံးကာ ဆောင်ရွက်ရမည် နည်း၊ ထိုလုပ်ငန်းများနှင့် လက်ဝဲညီညွတ်ရေးကို ဗဟိုပြု၍ တစ်မျိုးသားလုံးကို မည်သို့ညီညွတ် စည်းရုံးစေမည်နည်းစသော အချက်များကိုအခြေပြု   ၍ စဉ်းစားပေသည်၊ ¤င်းပြင် လက်ဝဲညီညွတ်ရေး      ဖြင့်  တစ်မျိုးသားလုံးညီညွတ်ရေးကို  အစားထိုးရန်   မဟုတ်ဘဲ လက်ဝဲညီညွတ်ရေးကို တစ်မျိုးသားလုံး ညီညွတ်ရေးမဏ္ဍိုင်အဖြစ်ဖြင့် ဆောက်တည်ရန်ဟူ  သောအချက်ကိုလည်း အမြဲနှလုံးသွင်းထားပေသည်။ ညီညွတ်ရေးပြဿနာအရပ်ရပ်၏ အဓိကပြဿနာမှာ လုပ်ငန်းဖြစ်သည်။
နိုင်ငံခြားအရေး
          အများဆုံးနှင့်အနည်းဆုံးလုပ်ငန်းစဉ်မှာ အောက် ပါအတိုင်းဖြစ်သည်-
          (၁)     ယခုအခါအင်္ဂလန်၊ အမေရိကန်နိုင်ငံတို့နှင့်  နိုင်ငံရေးအရလည်းကောင်း၊ စီးပွားရေးအရ လည်းကောင်း အဆက်အသွယ်ရှိသကဲ့သို့ ဆိုဗီယက်ရုရှား၊ အရှေ့ဥရောပဒီမိုကရေစီ  နိုင်ငံများနှင့် ချက်ချင်း နိုင်ငံရေး၊ စီးပွားရေး အဆက်အသွယ်ကိုယူရန်။သိမ်းပြီးမှလျော်ကြေးကိစ္စဆုံး ဖြတ်ရမည်။
          (၂)     လက်ဝါးကြီးအုပ် ဓနရှင်လုပ်ငန်းများကို သိမ်း၍ တိုင်းပြည်ပိုင်လုပ်ရန်၊ တိုင်းပြည်ပိုင် လုပ်ငန်းများကို အစိုးရနှင့်အလုပ်သမားများ ပူးပေါင်းအုပ်ချုပ်ရန်၊ နေထိုင်စားသောက် လောက်သော အခကြေးငွေ၊ တစ်နေ့ အလုပ်ချိန် ၈နာရီ၊ စည်းရုံးနိုင်ခွင့်၊ သပိတ် မှောက်နိုင်ခွင့်၊ အိုနာစာရန်ပုံငွေစသော အခွင့်အရေးများကိုပေးရန်၊ သိမ်းပြီးမှ လျော်ကြေးကိစ္စကို ဆုံးဖြတ်ရမည်။
ကူးသန်းရောင်းဝယ်ရေး
          (၃)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ထွက် ကုန်၊ ဝင်ကုန် နိုင်ငံခြားကူးသန်းရောင်းဝယ် ရေးကို နိုင်ငံတော်အစိုးရက တိုက်ရိုက်လုပ် ရမည်။
          (၄)     လန်ဒန်တွင် ဆက်လက်ထားရှိသော ငွေရေး ကြေးရေးစီမံမှုအဖွဲ့ကို မြန်မာပြည်သို့ရွှေ့ ပေးရမည်။
          (၅)     နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ သီးခြားကင်းလွတ်မှုကို ထိပါးစေမည့်နိုင်ငံ ခြား အကူအညီဟူသရွေ့ကို မယူရန်။
တပ်မတော်
          (၆)     မြန်မာပြည်ထောင်စု တပ်မတော်ကို ပြည်သူ့ ဒီမိုကရေစီတပ်မတော်အဖြစ်ဖြင့် ပြုပြင်ဖွဲ့ စည်းရန်၊ ဖဆပလ ဒုတိယကွန်ဂရက်ဆုံး ဖြတ်ချက်အမှတ်(၇)တွင်ပါသည့် ကာကွယ် ရေးအစီအစဉ်များကိုဆောင်ရွက်ရန်။
ဝေငှချထားပေးရန်
          (၇)     မြေရှင်ကြီးစနစ်ကို ဖျက်သိမ်းပြီး မြေယာ လုပ်သားများကိုသာ ဝေငှချထားပေးရန်။
          (၈)     တိုင်းပြည်တွင် စက်မှုလက်မှုထွန်းကားရန်။ ကာလအပိုင်းအခြားနှင့် စီမံကိန်းတစ်ရပ် ဆွဲပြီး စတင်အလုပ်လုပ်ရန်။
          (၉)     တောင်တန်းဒေသများတွင် ပြည်သူ့အစိုးရ များ တည်ထောင်ရန်။
          (၁ဝ)    ဗျူရိုကရေစီယန္တရားကြီးကို ဒီမိုကရေစီ အုပ်ချုပ်ရေးစက်ယန္တရားဖြစ်အောင် ပြောင်းလဲပစ်ရန်။
ပူးပေါင်းကာကွယ်ရန်
          (၁၁)    ဖိနှိပ်ချုပ်ချယ်ရေးဥပဒေများကိုပယ်ဖျက် ရန်။
          (၁၂)    ဓနရှင်ကြီးများက  အလုပ်သမားတို့၏      နေရေးထိုင်ရေးအဆင့်အတန်းနှင့်အခွင့် အရေးများကို ထိပါးတိုက်ခိုက်နေသည်ကို ပူးပေါင်းတုံ့ပြန်တိုက်ခိုက်ရန်၊ နေရေး ထိုင်ရေးစရိတ်ကြီးသည်နှင့် ကာမိသော စရိတ်ပေးရန်၊ အစိုးရအမှုထမ်းများ၏ အခွင့်အရေးအတွက်လည်း အခြားအလုပ် သမားများနည်းတူ ပူးပေါင်းကာကွယ်ရန်။
          (၁၃)    မြို့နေဆင်းရဲသားများနှင့် အညှဉ်းဆဲခံလူ လတ်တန်းစားများအတွက် အိမ်ခွန်၊ အိမ်ခ လျှော့ရေး၊အိမ်နေရာချထားရေး၊သမဝါယမ ဖွဲ့စည်းပေးရေး၊ မှောင်ခိုဈေးတိုက်ဖျက်ရေး များတွင် ပူးပေါင်းဆောင်ရွက်ရန်။
ပညာရေး
          (၁၄)    လူတိုင်းမသင်မနေရပညာသင်ကြားရေး၊ ကိုယ်လက်ကျန်းမာရေး၊ ယဉ်ကျေးမှုစသည် များတွင် အစိုးရအကူအညီကိုယူပြီး လက်ဝဲ အဖွဲ့အစည်းများက ဦးစီးကာအခြားအဖွဲ့ အစည်းအားလုံးနှင့် ပူးတွဲဆောင်ရွက်သွား ရန်။
လေ့လာဆွေးနွေးရန်
          (၁၅)    ဆိုရှယ်လစ် ကွန်မြူနစ် ပြည်သူ့ရဲဘော်နှင့် အခြား မာ့ခ်စ်ဝါဒလိုလားသူပုဂ္ဂိုလ်များ  ပါဝင်သော မာ့ခ်စ်ဝါဒလေ့လာရေးအဖွဲ့ တစ်ခု ဖွဲ့စည်းရန်၊ မာ့ခ်စ်အိန်ဂျယ်လ်၊ လီနင်၊ စတာလင်၊ မော်စီတုံး၊ တီးတိုး၊ ဒီမီ ထရော့ဖ်စသော မာ့ခ်စ်ပါရဂူများ၏ စာပေများကို လေ့လာဆွေးနွေးရန်နှင့်ပြန့် ပွားအောင်လုပ်ရန်။
ဒီမိုကရေစီသော့ချက်နှစ်ခု
          အထက်ပါလုပ်ငန်းစဉ်ကိုသဘောတူညီပြီးနောက် ပါလီမန်နှင့်အစိုးရအဖွဲ့များမှ ကျွန်ုပ်တို့၏ကိုယ်စားလှယ် များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ အနေနှင့်ထိုလုပ်ငန်းစဉ်ကို ဘယ်သို့လုပ်နိုင်သည်ကို ဆွေးနွေးကြသည်။ ဆုံးဖြတ်ချက်များနားလည်သဘော တူမှုများပြုကြသည်။ ¤င်းတို့အနက် ဒီမိုကရေစီတော် လှန်ရေး၏ သော့ချက်နှစ်ခုဖြစ်သော အောက်ပါဆုံး ဖြတ်ချက်နှစ်ရပ်ကို ချက်ချင်းကြေညာရန်လိုလေသည်-
          (ပထမ)မြေပိုင်ရှင်ကြီးစနစ်ကို ဖျက်သိမ်း၍ မြေယာလုပ်သားများကိုသာ ဝေငှချထား ပေးရေးဥပဒေကိုလာမည့်စက်တင်ဘာလ ပါလီမန်တွင် တင်သွင်းဆုံးဖြတ်ရန်၊ (၁) အဓိကအသက်မွေးဝမ်းကျောင်းအဖြစ် ကိုယ်ထိလက်ရောက်မလုပ်ကိုင်သော မြေ ပိုင်ရှင်များ၏ လယ်ယာကိုင်းမြေအားလုံးကို သိမ်းမည်၊ အဓိကအသက်မွေးဝမ်းကျောင်း အဖြစ် ကိုယ်ထိလက်ရောက်လုပ်ကိုင်နေ သည့်(သို့တည်းမဟုတ်) အမှန်လုပ်ကိုင်မည့် လယ်ယာနှင့်ကိုင်းမြေများအနက် လယ် လုပ်သူတစ်အိမ်ထောင်လျှင် ဧက ၅ဝ၊ လယ်ယာလုပ်သူ တစ်အိမ်ထောင်လျှင် ၂၅ဧကနှင့် ကိုင်းလုပ်သူတစ်အိမ်ထောင် လျှင် ၁ဝ ဧက ပိုင်ဆိုင်ခွင့်ပြုမည်၊ (၂) တစ်အိမ်ထောင်လျှင် ထွန်တစ်တုံးစီဝေငှ ချထားမည်၊ (၃) အသီးအနှံစုပေါင်းရောင်း ချရေး၊ တောင်သူလယ်သမားသုံးပစ္စည်းများ ကိုစုပေါင်းဝယ်ယူရေး၊ အရင်းအနှီးစုပေါင်း ရောင်းချရေးစသည်တို့အတွက် အထွေထွေ သမဝါယမ များကို ကျေးရွာအုပ်စုတိုင်းတွင် ဖွဲ့ပေးရမည်၊ (၄) မြေသိမ်းရေး၊ ဝေငှချထား ရေးနှင့်သမဝါယမကိစ္စများတွင်လုံးဝအပ်နှင်း ခြင်းခံရသည့်မြေယာကော်မတီကို မြေယာ လုပ်သားအားလုံးတို့က ရွေးကောက်တင် မြှောက်ရမည်၊ (၅) လျော်ကြေးပြဿနာကို သိမ်းပြီးမှ သင့်လျော်သလိုဆုံးဖြတ်မည်၊ ဤဥပဒေကြောင့် ငွေရေးကြေးရေး အကျပ် အတည်းတွေ့မည့်မြေပိုင်ရှင်ကလေးများ အား  အစိုးရကတစ်နည်းနည်းဖြင့်ချက်ချင်း အကူအညီပေးရန်ဖြစ်သည်။
          (ဒုတိယ)ဗျူရိုကရေစီ စက်ယန္တရားကြီး      ကို ဒီမိုကရေစီစက်ယန္တရားဖြစ်အောင်  ပြောင်းလဲပစ်ရန် မူတစ်ခုရေးဆွဲဆုံးဖြတ်ပြီး နောက်တွင် မူ ဖြစ်လာလျှင်အသေးစိတ် အစီအစဉ်ပြုရန်ဖြစ်သည်။
(၁) ကျေးရွာအုပ်စုတိုင်း၊ ထိုကျေးရွာ လူထုကော်မတီဖွဲ့ပြီး အုပ်ချုပ်ရန်၊ များစွာ သော တရားစီရင်ပိုင်ခွင့်အာဏာ၊ ပုလိပ် အာဏာ၊ အခွန်တော်အာဏာများကို အပ် နှင်းပေးရန်ဖြစ်လေသည်။ (၂) မြို့များ    တွင် ရပ်ကွက်ဆိုင်ရာ လူထုကော်မတီများ      ရွေးကောက်တင်မြှောက်ပြီး အုပ်ချုပ်ရန်၊ မှောင်ခိုဈေးတိုက်ဖျက်ရေး၊ ဈေးနှုန်း ကန့်သတ်ရေး၊ အိမ်ခွန်အိမ်ခနှင့် မြေခ စသောကိစ္စများတွင် အခွင့်အာဏာ အပြည့် အစုံရရှိသောကော်မတီများဖြစ်လိမ့်မည်။ (၃) မြို့နယ်နှင့်ခရိုင်များအတွက်လည်း မြို့ပိုင်နှင့်အရေးပိုင်တို့သည် မြို့နယ်နှင့် ခရိုင်လူထုကိုယ်စားလှယ်တို့နှင့်  ပူးတွဲ အုပ်ချုပ်ရမည်ဖြစ်လေသည်။ တစ်ဦးတည်း အာဏာပိုင်စနစ်  ရှိမည်မဟုတ်ပေ။         (၄) အုပ်ချုပ်ရေးစက်ယန္တရားကြီးအစိတ် အပိုင်းများဖြစ်စေသောအရာထမ်းအမှုထမ်း အားလုံးတို့၏ခန့်အပ်ခြင်း၊ တိုးတက်ပေး ခြင်း၊ ခွင့်ရက်စည်းကမ်းထိန်းသိမ်းရေး၊ ညစ်ညမ်းမှုပပျောက်ရေး၊ အလုပ်တွင်ကျယ် ရေး  စသည်များကိုလည်း  (အရာရှိ အရာထမ်း တစ်ဦးတည်း အာဏာပိုင် အုပ်ချုပ်ခြင်းမျိုးမဟုတ်ဘဲ) အရာထမ်းနှင့် အမှုထမ်းတို့၏ ကိုယ်စားလှယ်များက တွဲဖက်အုပ်ချုပ်ရေးစနစ်ဖြစ်လိမ့်မည်။ အရာရှိဆိုသည်မှာ သက်ဆိုင်ရာဌာနတွင် အကျွမ်းကျင်ဆုံးသော တာဝန်ခံအရာထမ်း သဘောသာဖြစ်လာလိမ့်မည်။
အရေးကြီးဆုံးကိစ္စ
          အထက်ဖော်ပြပါပြဿနာနှစ်ရပ်သည် လက်ရှိ အခြေအနေအရပြဿနာအရပ်ရပ်၏ သော့ချက်များ ဖြစ်သည့်အတိုင်း ¤င်းတို့ကို အသေးစိတ်လည်းထပ်မံ ကြေညာရန်ရည်ရွယ်ပေသည်။
အထက်ပါလုပ်ငန်းစဉ်များကို ဆုံးဖြတ်ပြီးသော် အရေးအကြီးဆုံးမှာ စည်းရုံးရေးကိစ္စဖြစ်သည့်အတိုင်း စည်းရုံးရေးကိစ္စများကို အောက်ပါအတိုင်းတင်ပြလိုက် သည်-
(၁)     ဖော်ပြခဲ့ပြီးသောလုပ်ငန်းစဉ်မှာ တပ်ဦးနှင့်တူသော လက်ဝဲသမားတစ်စု၏ လုပ်ငန်းမျှသာမဟုတ်ဘဲ တပ်ကြီးတစ်ခုလုံး နှင့်တူသော ပြည်ထောင်စုတစ်ခုလုံး၊ တစ်မျိုး သားလုံး၏ လုပ်ငန်းစဉ်ဖြစ်ရမည်ဖြစ်သဖြင့် ထိုလုပ်ငန်းစဉ် ဖဆပလအဖွဲ့ချုပ်ကြီးကို လည်း ဒီမိုကရေစီလူထုအဖွဲ့အစည်းကြီးဖြစ် သဖြင့် မှန်သည်ထက်မှန်၊ ခိုင်သည်ထက်ခိုင် အောင်တည်ဆောက်ဆုံးဖြတ်ကြသည်။
လက်ဝဲကော်မတီဖွဲ့စည်းရန်
          (၂)     အောက်ပါရည်ရွယ်ချက်များအတွက် လက်ဝဲ ကော်မတီတစ်ခုဖွဲ့စည်းရန်-
                   (က)    ယခုချမှတ်ပြီးသောလုပ်ငန်းစဉ်ကို လက် တွေ့အလုပ်ဖြစ်ရေးအတွက်လှုံ့ဆော်ရေး၊ စည်းရုံးရေး၊  တိုက်ရေးစသည်များကို      ကြီးကြပ်ဆောင်ရွက်မည်။
                   (ခ)     မာ့ခ်စ်လီနင်ဝါဒတို့ကို လိုက်နာကျင့်သုံး ကြသော လက်ဝဲသမားတို့သည် တလုံး တစည်းတစ်ပါတီတည်းဖြစ်ရမည်ဖြစ်ရာ လုပ်ငန်းစဉ်သတ်မှတ်ခြင်း၊ စည်းမျဉ်းရေး ခြင်း၊ ပြင်ဆင်မှုအဝဝပြုခြင်းစသည်များကို ဆောင်ရွက်ရမည်။
                   (ဂ)     မာ့ခ်စ်လီနင်ဝါဒသင်ကြားခြင်း၊ ဆွေးနွေး ခြင်း၊ ပျံ့နှံ့စေခြင်းစသည်တို့ကို ဆောင်ရွက် မည်။ထိုလက်ဝဲကော်မတီတွင်ပါဝင်ရမည့်သူ များမှာ ပါတီအလိုက်၊ အစုအလိုက်မဟုတ်၊ အရည်အချင်းအလိုက်ဖြစ်ရမည်။
ပါတီများဖျက်သိမ်းပေးရန်
          ထိုသို့အားဖြင့် တစ်ပါတီတည်းဖြစ်ရေး အတွက် ဆိုရှယ်လစ်ပါတီက ¤င်းတို့ပါတီကို ဖျက်သိမ်းပေးရန်။
          ပြည်သူ့ရဲဘော်အဖွဲ့က ¤င်းအဖွဲ့ကိုဖျက် သိမ်းပေးရန်။
ဦးသိန်းဖေက ပြည်တွင်းစစ်ဆန့်ကျင်           သောကွန်မြူနစ်များကိုယ်စား ပါတီတစ်ရပ် သီးသန့်ထောင်ရန် ရည်ရွယ်ချက်မရှိခဲ့ သည်ကို ဖော်ပြရန်။
          လက်ဝဲကော်မတီသည် တစ်ပါတီတည်း အမြန်ဆုံးဖြစ်မြောက်အောင် ကြိုးစား ဆောင်ရွက်ရန်။
ဤဆုံးဖြတ်ချက်ကို အကောင်အထည်ဖော် ရာ၌ ကျွန်ုပ်သည် အဓိကအားဖြင့် အများ ပြည်သူလူထု၏ညီညွတ်ရေးကို အားထား သည်ဖြစ်ကြောင်း။
အမှားများကိုဝန်ခံကြရန်
          ဆိုရှယ်လစ်၊ ပြည်သူ့ရဲဘော်၊ ပြည်တွင်းစစ် ဆန့်ကျင်သောကွန်မြူနစ်များ၊ အလံနီအပါ အဝင်နှင့်အခြားလက်ဝဲအင်အားစုများသည် ဤဆုံးဖြတ်ချက်များကိုမူတည်၍ ညီညွတ် ကြလိမ့်မည်ဟု ယုံကြည်ကြောင်း၊ အလံနီ ကွန်မြူနစ်ပါတီမှလည်းကောင်း၊ လက်ရှိ ပြည်တွင်းစစ်ပြုနေသော ဗမာပြည်ကွန်မြူ နစ်ပါတီမှလည်းကောင်း၊ မိမိတို့အမှားများ ကို ရိုးသားစွာဝန်ခံ၍ ပြည်တွင်းစစ်လမ်း စဉ်ကို စွန့်လွှတ်လာသူများကိုလည်း အခြေ အနေအရ ညီညွတ်ရေးလုပ်ငန်းကြီးသို့ လက်ခံရန်။
ကန့်လန့်လုပ်လျှင
          သို့သော် ပြည်တွင်းစစ်ကို ဆက်လက် ဖန်တီးနေသူများနှင့် ကျွန်ုပ်တို့လုပ်ငန်းစဉ် အရတည်ဆောက်နေကြသော အမျိုးသား ညီညွတ်ရေးနှင့် လက်ဝဲညီညွတ်ရေးကို နှောင့်ယှက်သူများအား တညီတညွတ် တည်း တိုက်ခိုက်ချေမှုန်းသွားရမည်ဖြစ် ကြောင်း။ 
          (၁၉၄၈ခုနှစ်၊ မေလ ၂၅ရက်သခင်နု၏ လက်ဝဲညီညွတ်ရေးမူ ၁၅ချက်)
ပြည်သူ့ရဲဘော်အဖွဲ့ချုပ်နှစ်ခြမ်းကွဲသွားခြင်း
          ဦးနုသည် လက်ဝဲညီညွတ်ရေးမူကို ရေးဆွဲရာတွင် ဖဆပလခေါင်းဆောင်များဖြစ်သော  ဗိုလ်လက်ျာ၊ ဦးအုန်း၊ ဗမာပြည်ကွန်မြူနစ်ပါတီမှနုတ်ထွက်ပြီးဖြစ် သော ကိုသိန်းဖေ၊ ဆိုရှယ်လစ်ပါတီအလုပ်အမှုဆောင် အဖွဲ့၊ ပြည်သူ့ရဲဘော်အလုပ်အမှုဆောင်အဖွဲ့တို့နှင့် ညှိနှိုင်းရေးဆွဲကြခြင်းဖြစ်သည်။ ပါဝင်ရေးဆွဲသူများ သည် ကြေညာချက်ကို မူအားဖြင့်သဘောတူညီခဲ့ကြ သည်။ သို့သော်ကြေညာချက်ကိုထုတ်ပြန်ရန်ပြင်ဆင် သောအခါ ပြည်သူ့ရဲဘော်များက သဘောမတူနိုင်ဟု ဆိုကာ လက်မှတ်မထိုးကြတော့ပေ။ ထို့ကြောင့် သခင်နု တစ်ယောက်တည်း၏ မူဝါဒအဖြစ် ကြေညာချက်ထုတ် ပြန်ရသည်။ ထို့ကြောင့် လက်ဝဲညီညွတ်ရေးမူကို နုမူ ဟူ၍ သတင်းစာများက သုံးနှုန်းရေးသားခဲ့သည်။
          ဒေါက်တာမောင်မောင်က မြန်မာ့နိုင်ငံရေးခရီး နှင့် ဗိုလ်ချုပ်ကြီးနေဝင်းစာအုပ်စာမျက်နှာ ၃ဝ၇နှင့် ၃ဝ၈တွင် အောက်ပါအတိုင်းဖော်ပြထားသည်-
          'ပြည်သူ့ရဲဘော်တို့က ကွန်မြူနစ်နှင့် ဖဆပလတို့ ကို စေ့စပ်ပေးရန် ကြိုးစားခဲ့ကြသည်။ သခင်နုက ၁၉၄၈ခုနှစ်၊ မေလ ၂၅ရက်တွင် အချက်ကြီး ၁၅ချက် ပါဝင်သော လက်ဝဲညီညွတ်ရေးအဆိုပြုချက်ကို ကြေညာ ခဲ့သည်။ လက်ဝဲလမ်းစဉ်ကို ညီညွတ်သောလက်ဝဲအင် အားစုများဖြင့် ပြတ်ပြတ်သားသားလုပ်ကြမည်။ မာ့ခ်စ် လိဂ်(ၾေမထင်အ ဴနေါကန)လက်ဝဲပါတီတစ်ခုတည်ထောင် မည်။ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ပြည်သူ့ရဲဘော်အားလုံး ပါဝင်ကြမည်။ ပါတီဖွဲ့စည်းပြီးလျှင် သီးခြားမနေ။   ကိုယ့်အဖွဲ့ကိုယ်ဖျက်သိမ်း၍ တစ်ပါတီတည်းဖြင့် ကြိုးပမ်းကြမည်။ မာ့ခ်စ်ဝါဒကို ကောင်းစွာလေ့လာ၍ ဖြန့်ဖြူးပညာပေးမည်။
          သခင်နု၏ မူ ၁၅ချက်ကြောင့် လန်ဒန်၊ နယူး ယောက် စသည်တို့တွင် ဂယက်ရိုက်သည်။ မြန်မာပြည် နီသွားပြီဟုပြောကြရေးကြသည်။ စောင့်ကြည့်ရဦးမည် ဟု ဟိန်းဟောက်ကြသည်။ အချင်းချင်းကွဲ၍အင်အား ချည့်နဲ့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းနေသော မြန်မာ အစိုးရကလည်း ဦးတင်ထွဋ်ကို လန်ဒန်သို့လွှတ်၍    ရှင်းလင်းပြောပြရသည်။ မာ့ခ်စ်ဝါဒကို လေ့လာဖြန့်ဖြူး မည်ဆိုသောအချက်ကိုဖြုတ်၍ နုမူ ၁၄ ချက်ဟု ပြင်သည်။
          ကွန်မြူနစ်တို့က သူတို့နိုင်ခြေရှိသည်ဟုတွက် ကြသည်။ လွတ်မြောက်ရေးတိုက်ပွဲအောင်ခါနီးပြီ၊ ရန်ကုန်သို့မကြာမီဝင်တော့မည်ဟုြေ<ွကးကြော်ကြသည်။ စေ့စပ်ဆွေးနွေးရေးကို မလိုလား၊ မူ ၁၄ချက်သော၊ ၁၅ချက်သောအလိုမရှိ၊ ပြည်သူ့ရဲဘော်တို့က အစတွင် စေ့စပ်ရေးကို မျှော်လင့်သည်။ ဖဆပလက ကွန်မြူနစ် လက်နက်ကိုင်လမ်းစဉ်စွန့်ပြီးမှ ဆွေးနွေးနိုင်မည်ဟုဆို သည်'
xxx
          ပြည်သူ့ရဲဘော်အတွင်းတွင်လည်း ပဋိပက္ခမှာ ပိုမို ပြင်းထန်လာသည်။ နုမူကို လက်မခံနိုင်သော ပြည်သူ့ ရဲဘော်များက ဗမာပြည်ကွန်မြူနစ်ပါတီကိုယ်စားလှယ် များနှင့် ညှိနှိုင်းရေးဆွဲထားသောမူကို တင်ပြလာသည်။ ယင်းမူကို ရဲဘော်မူဟု ခေါ်ကြသည်။ ရဲဘော်မူသည် နုမူ ၁၄ချက်ကိုကန့်ကွက်ထားသည်။ ဗမာပြည် ကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ်များကိုခေါ်ယူပြီး လုပ်ငန်းစဉ် အသစ်တစ်ရပ်ရေးဆွဲရန်တင်ပြကြသည်။  ထိုလုပ်ငန်းစဉ်အသစ်သည် တရုတ်နှင့်အရှေ့ဥရောပ ဒီမိုကရေစီသစ်နိုင်ငံများ၏လုပ်ငန်းစဉ်နှင့်တူညီရမည် ဟုလည်း ဆိုသည်။
          ရဲဘော်မူကိုထောက်ခံသောပြည်သူ့ရဲဘော်များ သည်  အစိုးရကိုလည်း  သင်္ကာမကင်းဖြစ်လာ        သည်။ ဗိုလ်ချုပ်စမစ်ဒွန်း၊ လေတပ်ဗိုလ်ချုပ်စောရှီရှိုး၊ ဘရစ်ဂေးဒီးယား စောကြာဒိုး၊ ဘရစ်ဂေးဒီးယား တင်ထွဋ်၊ မေဂျာဂျင်နရယ် စစ်ရာထူးပေးထားသော ဦးထွန်းလှအောင်တို့သည် နိုင်ငံတော်၏လုံခြုံရေး ကောင်စီကို ကြိုးကိုင်ထားကြသည်။ (၁။  ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စာမျက်နှာ ၃ဝ၈။) ထိုပုဂ္ဂိုလ်များကို ပြည်သူ့ရဲဘော်များက လက်ယာဝါဒီများအဖြစ် ယူဆထားသည်။ ရဲဘော်မူကိုလက်ခံသော ပြည်သူ့ ရဲဘော်များမှာ ဗမာပြည်ကွန်မြူနစ်ပါတီနှင့်လည်း ပိုမိုနီးစပ်နေကြသည်။
          ပြည်သူ့ရဲဘော်အဖွဲ့တွင်နုမူကိုလက်ခံသောသူများ လည်းရှိသည်။ ယင်းနုမူသမားများမှာ ဖဆပလကို ထောက်ခံကြသည်။ သို့နှင့် ပြည်သူ့ရဲဘော်အဖွဲ့မှာ နှစ် ခြမ်းကွဲ၍လာသည်။ ထိုအချိန်တွင် ဖဆပလအတွင်းမှ ဆိုရှယ်လစ်ပါတီဝင်များ (ဦးကျော်ငြိမ်းအုပ်စု) က ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို လက်နက်သိမ်းရန်ကြံစည်လာ ကြသည်။ ပြည်သူ့ရဲဘော်တပ်ဖွဲ့မှာလည်း ရဲဘော်ဖြူနှင့် ရဲဘော်ဝါဟူ၍ ကွဲပြားသွားသည်။ ၁၉၄၈ခုနှစ်၊ ဇွန်လ ၁၃ရက် ရန်ကုန်မြို့ အောင်ဆန်းကွင်း၌ လူထုအစည်း အဝေးပွဲကြီးတစ်ရပ်ကျင်းပပြီး နုမူ ၁၅ချက်ကိုတင်ပြ၍ ဆန္ဒခံယူကြသည်။ ဖဆပလဦးစီးအဖွဲ့က နုမူကိုလက်ခံ ကြောင်း ကြေညာလိုက်သည်။ ထိုနေ့တွင်ပင် ဦးနုက အောင်ဆန်း-အက်တလီစာချုပ်သည် နုမူ ၁၄ချက်ကို မဖျက်နိုင်ကြောင်း ကြေညာခဲ့သည်။
          ဇူလိုင်လ ၁ဝရက်တွင် ပြည်သူ့ရဲဘော်အဖွဲ့ချုပ် သည် ဖဆပလမှ နုတ်ထွက်လိုက်သည်။ ဖဆပလတွင် ရဲဘော်ဝါများသာ ကျန်ရစ်ခဲ့သည်။ ရဲဘော်ဖြူများကို ဗိုလ်ဖိုးကွန်း၊ ဗိုလ်ထိန်ဝင်းနှင့် ဗိုလ်ထွန်းလင်းတို့က ခေါင်းဆောင်ပြီး ရဲဘော်ဝါများကို ဗိုလ်မှူးအောင်၊ ဗိုလ် စိန်မှန်တို့က ခေါင်းဆောင်သည်။ ဖဆပလ ဆိုရှယ်လစ် များနှင့် ရဲဘော်ဖြူတို့၏ ပဋိပက္ခမှာ များစွာပြင်းထန် လာသည်။ ပြည်ထဲရေးဝန်ကြီးဌာနမှာ ဆိုရှယ်လစ်တို့၏ လက်ထဲတွင်ရှိသည်။ ဇူလိုင်လ ၁၆ရက်မှစ၍ပြည်သူ့ ရဲဘော်(ရဲဘော်ဖြူ) များက လက်နက်သိမ်းလိမ့်မည်ဟူ သော အကြောင်းပြချက်ဖြင့် စတင်တောခိုကြသည်။ ပြည်ထဲရေးဌာနကလည်း ရဲဘော်ဖြူများထံမှ လိုက်လံ၍ လက်နက်သိမ်းသည်။ အင်းစိန်တွင် ဗိုလ်အောင်နိုင် တောခိုသည်ဟုဆိုကာ ပြည်သူ့ရဲဘော်ဌာနချုပ်ကိုဝိုင်း၍ ခေါင်းဆောင်များကိုဖမ်းသည်။ သို့နှင့်ရဲဘော်ဖြူများမှာ မြေအောက်သောင်းကျန်းသူဘဝသို့ရောက်ရတော့၏။
တောခိုတပ်ရင်းများ
          ဖဆပလအစိုးရနှင့် ကွန်မြူနစ်များ တိုက်ခိုက်နေ သည့် စစ်ကိုရပ်စဲပြီး ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ပြည်သူ့ ရဲဘော် ညီညွတ်ရေးအတွက် ဆက်လက်ကြိုးပမ်းလိုသူ များသည် လက်ဝဲစည်းရုံးရေးကောင်စီကို ၁၉၄၈ ခုနှစ်၊ ဇူလိုင်လ ၁၆ရက်တွင်ဖွဲ့စည်းလိုက်သည်။
လက်ဝဲစည်းရုံးရေးကောင်စီ
          ၁။       ဗိုလ်နေဝင်း      ဥက္ကဋ္ဌ   တပ်မတော်
          ၂။       ဗိုလ်ဗစိန်                 
          ၃။       ဗိုလ်ရဲထွဋ်                
          ၄။       ဗိုလ်ထွန်းစိန်(ကရင်)    
          ၅။       ဗိုလ်ဇေယျ                
          ၆။       ဗိုလ်မှူးအောင်            ပြည်သူ့ရဲဘော်
          ၇။       ဗိုလ်စိန်မှန်                
          ၈။       ဗိုလ်မင်းခေါင်             
          ၉။       ဗိုလ်လရောင်             
          ၁ဝ။     ဗိုလ်ညွန့်မောင်           
          ၁၁။     ဗိုလ်အောင်ညွန့်          
          ၁၂။     ဗိုလ်ဖုံးအောင်            
          ၁၃။     ဦးလှမောင်                ဆိုရှယ်လစ်ပါတီ
          ၁၄။     ဦးဗဆွေ                            
          ၁၅။     ဦးကျော်ငြိမ်း              
          ၁၆။     သခင်တင်                
          ၁၇။     ဗိုလ်အောင်ကြီး                   
          ၁၈။     ဗိုလ်သိန်းဒန်              ကွန်မြူနစ်        ထောင်ထဲမှထွက်၍ဆွေးနွေးနေ
          ၁၉။     ဗိုလ်အောင်မင်း                              သူများဖြစ်သည် လက်ဝဲညီညွတ်
          ၂ဝ။     ဗိုလ်ရန်အောင်                               ရေးအတွက် အစိုးရကလွှတ်ပေး
          ၂၁။     ကိုသိန်းဖေ                 အတွင်းရေးမှူး   ပြီး တောထဲကို   စေလွှတ်လိုက်                                                                                         သည်။
          ဗိုလ်ချုပ်နေဝင်းဦးဆောင်သော လက်ဝဲစည်းရုံး ရေးကောင်စီသည် ရဲဘော်ဖြူများစတင်တောခိုသည့်  ၁၉၄၈ခုနှစ်၊ ဇူလိုင်လ ၁၆ရက်မှစ၍ ၃၁ရက်အထိ အစည်းအဝေး ကိုးကြိမ်ပြုလုပ်သည်။ ထို့နောက်  'ညီညွတ်ရေးအရ တည်ဆောက်ကြလော့' ဟူသော စာတမ်းကို ထုတ်ပြန်ကြေညာလိုက်သည်။ ထိုစာတမ်း တွင် ၃-၈-၄၈ ရက်စွဲဖြင့် ဦးသိန်းဖေလက်မှတ်ရေးထိုး ထားသည်။
          တပ်မတော်သားအချို့သည်လည်းကောင်း၊      ပြည်သူ့ရဲဘော်သည်လည်းကောင်း၊ ဖဆပလအစိုးရ အဖွဲ့ဝင်များထဲမှ လက်ယာဝါဒီများနှင့် ဆိုရှယ်လစ် များကို မယုံကြည်ကြချေ။ တပ်မတော်တွင်လည်း ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ျာမှာ လက်ယာယိမ်း နေပြီး ဗိုလ်ချုပ်များမှာ ကရင်များဖြစ်နေသည်။ ထို့ကြောင့် ဗိုလ်ချုပ်နေဝင်း ဦးဆောင်၍ အာဏာသိမ်း ရန်တိုက်တွန်းခဲ့ကြသည်။ ယင်းအဖြစ်အပျက်ကို သိန်းဖေမြင့်က ကျော်ငြိမ်းစာအုပ်တွင် အောက်ပါ အတိုင်းရေးသားထားသည်။
xxx
          'ထိုအချိန်တွင် ကျွန်တော်တို့၏လက်ဝဲညီညွတ်ရေး ကောင်စီမှအချို့သောအင်အားစုများအကြားတွင် စိတ် ကူးယဉ်ဝါဒတစ်ခုဝင်လာလေသည်။ လက်နက်ဖြင့် အာဏာသိမ်းလိုက်ပြီး ထိုအာဏာကိုကိုင်ကာ ငြိမ်းချမ်း ရေးဖြင့် ညီညွတ်ရေးလုပ်ရန်ကြံစည်သောစိတ်ကူးယဉ် ဝါဒဖြစ်လေသည်။ နယ်ချဲ့လုပ်ကြံမှုများ နေ့ညမရွေး အောင်မြင်မည်ဟု စိုးရိမ်နေကြသည်။ လက်ယာ အန္တရာယ်နှင့်ပတ်သက်၍ ခေါင်းပူနေကြသည်။ လက်ဝဲ ညီညွတ်ရေးသည် တိုးတက်မလာဘဲ ပြိုကွဲလာသည်ကို သာမြင်နေကြရ၍ စိတ်မရှည်နိုင်ဖြစ်ကြရသည်။
          ထို့ကြောင့် လက်ဝဲညီညွတ်ရေးကောင်စီ သြဇာ ရှိသော လက်နက်ကိုင်တပ်များဖြင့် အာဏာသိမ်းပြီး လျှင် လက်ဝဲညီညွတ်ရေးညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန် ဖြစ်လေသည်။ ထိုအစိုးရက ကွန်မြူနစ်သူပုန်များနှင့် ငြိမ်းချမ်းရေးလုပ်ပြီး၊ သူတို့ကိုပါ အစိုးရထဲထည့်ရန်    ဖြစ်ပေသည်။ ပါတီဝင်တွေမပါသောအစိုးရဖွဲ့စည်းရန်    ကြံစည်နေသည့်  အင်အားစုများကိုသာ  ဦးတည်       တိုက်ခိုက်ရန်နှင့်အာဏာမဲ့စေရန်ဖြစ်ပြီး ကျော်ငြိမ်းမှ စပြီး သခင်သန်းထွန်းအထိကျယ်ပြန့်သည့် လက်ဝဲ အင်အားစုများကို သိမ်းသွင်းစည်းရုံးရန်နှင့် အာဏာ အပ်နှင်းရန် ဖြစ်သည်။
          အထက်ပါအကြံအစည်မှာ တပ်တွင်းမှစတင် ဖြစ်ပွားလာခဲ့ပြီး သိန်းဒန်၊ အောင်မင်းစသော ကွန်မြူနစ်များနှင့် ပြည်သူ့ရဲဘော်ဖြူများလည်း သဘောတူကြသည်။ ဆိုရှယ်လစ်အချို့လည်း ထောက်ခံ ကြသည်။ သူတို့က ကျွန်တော့်အားသိမ်းသွင်းကြသည်။ တပ်တွင်းမှ ဗိုလ်နေဝင်းဦးစီး၍အာဏာသိမ်းလိမ့်မည်။ ကျွန်တော်ပါမှ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး၊ နိုင်ငံရေး ရည်ရွယ်ချက်များကို မျက်ခြည်မပြတ်ဘဲ နိုင်ငံရေး ခေါင်းဆောင်မှု မှန်ကန်လိမ့်မည်ဟုဆိုကြ၏။ ကျွန်တော် လည်း စိတ်ကူးယဉ်လိုက်လေသည်။ သူတို့အာဏာသိမ်း ရန်  အစီအစဉ်ကို  ထောက်ခံလိုက်လေသည်။ စိတ်ကူးယဉ်ကြသည့်အတိုင်း တကယ်လက်တွေ့လုပ် သောအခါ ဗိုလ်နေဝင်း မပါတော့ချေ။ ထိုအခါ ပါမည်ဆိုသောတပ်ရင်းများစွာနှင့် တပ်မှူးများစွာ မပါတော့ချေ။ နောက်ဆုံး ကျွန်တော်လည်းမပါတော့ ချေ။ တပ်ရင်း(၃)နှင့်အခြားတပ်စုများ တောခိုသော အခါ တပ်ရင်းမှူးဗိုလ်ရဲထွဋ်မှာ မျက်ရည်စက်လက်ဖြင့် တောခိုသွားရခြင်းဖြစ်လေသည်။ ဗိုလ်ဇေယျလည်း လုံးချင်းသာ လိုက်ပါသွားရလေတော့သည်။
          'ထိုစဉ်က ကျွန်တော်တို့၏ စိတ်ကူးယဉ်ပုံမှာ ၁၉၃၈-၃၉ခုနှစ်က ၁၃ဝဝပြည့်နှစ် အရေးတော်ပုံ အတွင်းက ကျောင်းသားခေါင်းဆောင်များစိတ်ကူးယဉ် ပုံနှင့်တူလေသည်။ ထိုစဉ်က နိုင်ငံရေးခေါင်းဆောင်များ မညီညွတ်နိုင်သဖြင့် ထိုခေါင်းဆောင်များအား ရန်ကုန် တက္ကသိုလ် သမဂ္ဂခန်းမထဲသို့ဖိတ်ခေါ်ကာ အခန်းပိတ် ခြောက်လုံးပြူးနှင့်တေ့ပြီး  ညီညွတ်ရေးလုပ်ရန်    ကျောင်းသားခေါင်းဆောင်များ စိတ်ကူးယဉ်ခဲ့ကြဖူးလေ သည်'
(သိန်းဖေမြင့်၏ ကျော်ငြိမ်းမှ)
xxx
          တပ်မတော်အတွင်းမှ ကွန်မြူနစ်လိုလားသူများ သည် တပ်မတော်က ဖဆပလအစိုးရကိုဖြုတ်ချပြီး ကွန်မြူနစ်များပါဝင်သည့် အစိုးရတစ်ရပ်ဖွဲ့စည်းစေ ချင်ကြသည်။ သို့သော်ဗိုလ်ချုပ်ကြီးနေဝင်းသည် ယင်း အစီအစဉ်ကိုလက်မခံပေ၊ အခြေအနေကို ဗိုလ်ချုပ်ကြီး နေဝင်းသည် ၁၉၅၉ခုနှစ်၊ ပြည်သူ့လွှတ်တော်တွင် မိန့်ခွန်းပြောရာ၌ သိန်းဖေမြင့်နှင့်စပ်လျဉ်း၍အောက်ပါ အတိုင်းဆွေးနွေးခဲ့သည်။
          ''အဲဒီအချိန်မှာ ဗမာ့တပ်မတော်ထဲကို ကွန်မြူနစ် များက ဝင်ပြီး ဗိုလ်တွေ၊ အကြပ်တွေ၊ တပ်သားတွေ ကိုဆွဲပါတယ်၊ အဲဒီအချိန်အခါတုန်းက ကျွန်တော်တို့ ကိုယ်တိုင်အဆွဲခံခဲ့ရပါတယ်၊ ဆွဲတဲ့လူက ဦးသိန်းဖေမြင့် ပါ''
          ဘုတလင်အမတ် သိန်းဖေမြင့်က-
          ''ဥက္ကဋ္ဌကြီးခင်ဗျား၊ အဲဒါအတွက် ဗိုလ်ချုပ်ကို ကျွန်တော်ဟိုတုန်းကလည်း ချီးကျူးပါတယ်''ဟုပြော၏။ ဗိုလ်ချုပ်ကဆက်လက်၍-
          ''ဥက္ကဋ္ဌကြီးခင်ဗျား၊ အဲဒီလိုဆွဲဆောင်ခဲ့တဲ့အချိန် မှာ နောက်ဆုံးကျွန်တော်မပါပါဘူး၊ သူတို့ မနက်ဖြန် တောခိုကြမည်ဆိုရင် ဒီနေ့ညနေကျွန်တော့်ကိုဖမ်းမယ် ဆီးမယ်လုပ်ပါတယ်၊ အဖမ်းမခံရအောင် ကျွန်တော့် လူအသိုင်းအဝိုင်းရှိတဲ့နေရာမှာနေပြီး လက်ခံစကား ပြောခဲ့ရပါတယ်၊ ဦးသိန်းဖေမြင့်မှတ်မိပါလိမ့်မယ်'' ဟု ပြောရာ ဦးသိန်းဖေမြင့်က-
          ''ဥက္ကဋ္ဌကြီးခင်ဗျား၊ အဲဒီအကြောင်း ကျွန်တော် ဟာ အမှားလုပ်ခဲ့တယ်ဆိုပြီး စာအုပ်တစ်အုပ်ရေးသား ပြီးဖြစ်ပါသည်''ဟုဆို၏။ (၁။  ဒေါက်တာမောင်မောင်၊ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း၊ စာမျက်နှာ ၃ဝ၉၊ ၃၁ဝ။)
xxx
          ကွန်မြူနစ်များ၏စည်းရုံးရေးမှာ တပ်မတော် အတွင်းသို့ဝင်ရောက်လျက်ရှိရာ ကွန်မြူနစ်ကို ထောက် ခံသော တပ်မတော်သားများသည် အာဏာသိမ်းရန် ကြံစည်ကြခြင်းဖြစ်သည်။ အချို့က ရာထူးရရေးအတွက် တောင်းဆိုခဲ့ကြသည်။ ဗိုလ်ဇေယျသည် သခင်နုနှင့်  ဗိုလ်လက်ျာအား သွားရောက်တွေ့ဆုံ၍ ကာကွယ်ရေး ဝန်ကြီးအဖြစ်ခန့်ထားရန် ပြောကြားခဲ့ကြောင်း၊ ဗိုလ်မှူး ကြီးဟောင်း တင်မောင်(မြတ်ထန်)က တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်စာအုပ် စာမျက်နှာ ၉၄၊ ၉၅တွင် အောက်ပါအတိုင်း ရေးသားထားသည်ကို တွေ့ရ    သည်။(၂။  ဗိုလ်မှူးကြီးဟောင်း တင်မောင်၏ တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် စာမျက်နှာ ၉၄၊ ၉၅။)
xxx
          ''ဗိုလ်ချုပ်ကြီးနေဝင်းသည်ကြမ်းကို ခပ်ပြင်းပြင်း နင်းကာ ဝင်လာနေသည်။ သူ့မျက်နှာသည် သုန်မှုန် နေသည်၊ ဗိုလ်မှူးကြီးဇေယျနှင့်ယှဉ်၍ထိုင်လိုက်သည်၊ ပြီးတော့ ဗိုလ်မှူးကြီးဇေယျကိုစူးစူးရားရားကြည့်လိုက် သည်၊ x x x ထို့နောက်ဗိုလ်ချုပ်ကြီးသည် ဗိုလ်မှူးကြီး ဇေယျအား စူးစိုက်ကြည့်လျက်ကပင်-
          ''ကဲ- ဗိုလ်ဇေယျ၊ ခင်ဗျားဘာတွေလုပ်ခဲ့သလဲ  ပြောစမ်းပါအုံး''
          ဆိုင်းမဆင့်ဗုံမဆင့်မေးလိုက်ပါသည်၊ ဗိုလ်မှူးကြီး ဇေယျက မော့လိုက်သည်၊ သူ့မျက်မှန်ကြီးသည်  မီးရောင်ထဲတွင် လက်ခနဲဖြစ်သွားသည်၊ သို့ရာတွင် မဖြေ။
          ''ပြောလေဗျာ''
          ဗိုလ်ချုပ်ကြီးက ထပ်ဆင့်တောင်းဆိုလိုက်ပြန်သည်။ အဲဒီတော့မှ ဗိုလ်မှူးကြီးဇေယျက လေအေးအေးဖြင့်-
          ''ကျွန်တော်ဘာလုပ်လို့လဲ'' ပြန်၍မေးလိုက်သည်။
          ဗိုလ်ချုပ်ကြီးက ကျွန်တော်တို့ဘက်လှည့်လိုက်ပါ သည်။ စိတ်ပျက်ခြင်း၊ ကြေကွဲခြင်းတို့သည် သူ့မျက်နှာ ပြင်ပေါ်တွင်မှောင်ရိပ်ပမာ ဝေဆိုင်းလျက်ရှိနေပါသည်။
          ''ဒီလိုကွာ..''တစ်ဆို့သောအသံဖြင့် ကျွန်တော်တို့ ကို ရှင်းပြသည်။
          ''ဗိုလ်ဇေယျက ဒီနေ့သခင်နုနဲ့ဗိုလ်လက်ျာဆီသွား တယ်၊ ကာကွယ်ရေးဝန်ကြီးရာထူးကို တောင်းတယ်''၊ သူ့အသံသည် ပြောရင်းမှ ပျော့ပျောင်းလာသည်၊        သို့ရာတွင် တုန်ယင်လျက်ရှိနေပါသည်။ ''ဘယ်ကောင်း မလဲ၊ တို့အခုလို စည်းစည်းလုံးလုံးနဲ့ဆွေးနွေးနေကြ တယ်၊ တိုင်းပြည်တစ်ခုလုံးအတွက် လုပ်နေကြတယ်၊ အဲဒါ နောက်ဖေးပေါက်ကလှည့်ပြီး အချောင်နှိုက်ချင် တဲ့လူကနှိုက်ချင်တယ်၊ အလကားပဲ၊ လုပ်နေလည်း  ဘာမှထူးမှာ မဟုတ်တော့ဘူး၊ ကဲ...ဒါပဲ'' ဗိုလ်ချုပ်ကြီးသည် ပြောပြောဆိုဆိုနှင့်ထရပ်လိုက်သည်။
(ဗိုလ်မှူးကြီးဟောင်း တင်မောင်၊ တိုင်းပြည်ကနုနု     မုန်တိုင်းကထန်ထန်)
xxx
          ကွန်မြူနစ်-ဖဆပလ ပဋိပက္ခ၊ ရဲဘော်ဖြူ-ဖဆပလ ပဋိပက္ခတို့တွင်ကွန်မြူနစ်တို့သည် တပ်မတော်အား မိမိ တို့ဘက်ပါလာစေရန် အမျိုးမျိုးဆွဲဆောင်ခဲ့ကြသည်။ ဗိုလ်ချုပ်နေဝင်းက လက်မခံခဲ့၊ ဗိုလ်ဇေယျက ကာကွယ် ရေးဝန်ကြီးအဖြစ်တောင်းသည်။ ဖဆပလကလက်မခံ ခဲ့။ သို့နှင့်ဗမာ့တပ်မတော်တပ်ရင်း(၁)နှင့် တပ်ရင်း(၃) သည် အာဏာသိမ်းရန်စိတ်ကူးယဉ်တော့သည်။ ဗိုလ် စိန်တင်(တောခို၊ လက်နက်ချ)ခေါင်းဆောင်သော တပ်ရင်း(၁)သည် သရက်မြို့က ဆင်းလာပြီး ဗိုလ်ရဲထွဋ် (ရဲဘော်သုံးကျိပ်၊ တောခိုလက်နက်ချ)၏ တပ်ရင်း(၃) နှင့်လမ်းတွင်ပူးပေါင်း၍ ရန်ကုန်မြို့တွင်ဆုံကာ အာဏာ သိမ်းမည်ကြံစည်ကြသည်။  ဗိုလ်ချုပ်နေဝင်းက      ခေါင်းဆောင်မှုမပေးသောအခါ ယင်းတို့၏အစီအစဉ် မှာ  ပျက်သွားရတော့သည်။၁ (၁။  ဒေါက်တာမောင်မောင်၊ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စာမျက်နှာ ၃၁ဝ။)
          ဗိုလ်စိန်တင်သည် အခြေအနေပြောင်းသည်ကို မသိဘဲ တပ်ရင်း(၁)နှင့်အတူ ထရပ်ကားများဖြင့်ချီတက် လာသည်။ လမ်းတစ်လျှောက်ရှိမြို့ရွာများမှ အကျဉ်း ထောင်များကိုဖွင့်ကာ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပစ်သည်။ သာယာဝတီရောက်သောအခါ ဗိုလ်ကျော်စိန်၏အစောင့်တပ်ကို အေးချမ်းစွာလက်နက် သိမ်းသည်။  ငွေတိုက်မှသိမ်းယူခဲ့သောငွေများဖြင့်      ဗိုလ်ကျော်စိန်တပ်ကို လစာထုတ်ပေးလိုက်သည်။
          ဗမာ့တပ်မတော်လေတပ်မှ စပစ်ဖိုင်းယားတိုက် လေယာဉ်နှစ်စင်းသည် ဗိုလ်စိန်တင်၏တပ်ရင်း(၁)ကို စက်သေနတ်ဖြင့် စတင်ပစ်ခတ်တိုက်ခိုက်သည်။ ဗိုလ် စိန်တင်နှင့်တပ်ရင်း(၁)သည် အခြေအနေမလှသည့် အပြင် အာဏာသိမ်းပွဲမဖြစ်မြောက်သဖြင့် ပြည်သို့    ပြန်ဆုတ်ရသည်။ ဗိုလ်ရဲထွဋ်နှင့်တပ်ရင်း(၃)မှ အချို့ လည်း  ပြည်သို့လာရောက်ပူးပေါင်းကြသည်။ သို့နှင့် ဗိုလ်စိန်တင်၏တပ်ရင်း(၁)၊ ဗိုလ်ရဲထွဋ်နှင့်တပ်ရင်း(၃)မှ ရဲဘော်အချို့၊ တပ်ရင်း(၆)မှအချို့သည် တောခိုတပ်များ အဖြစ်ရောက်လာကြသည်။
          ထိုအချိန်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်အင်အားမှာ ၂၅ဝဝခန့်ရှိနေပြီး အလံနီ ပါတီနှင့်ရဲဘော်ဖြူတို့၏ လက်နက်ကိုင်အင်အားမှာ လည်း မသေးလှချေ။ တပ်မတော်၏အစိတ်အပိုင်း အချို့ သောင်းကျန်းသူအဖြစ် ခံယူသွားကြသောအခါ မြေအောက်သောင်းကျန်းသူအင်အားမှာ အဆမတန် ကြီးထွားလာသော်လည်း တပ်မတော်၏အင်အားမှာ များစွာ ချို့တဲ့သွားရသည်။ အရာရှိ၊ အရာခံ၊ အကြပ် တပ်သား စုစုပေါင်း (ကရင်တပ်မပါ) မှာ ၂ဝဝဝခန့် သာရှိသည်ဟု ဆိုသည်။
          နိုင်ငံရေးပဋိပက္ခများမှသည် လက်နက်ကိုင်ဆူပူ တိုက်ခိုက်မှုများမှာ တစ်စထက်တစ်စပိုမိုပြင်းထန်လာ သည်။ ကွန်မြူနစ်ပါတီသည် အလံနီနှင့်ကွဲခြင်း၊ ဖဆပလ နှင့် ကွဲခြင်း၊ ပြည်သူ့ရဲဘော်နှင့်ကွဲခြင်းအစရှိသော      ပဋိပက္ခဖြစ်ရာမှ လက်နက်ကိုင်ဆူပူသည့်အဆင့်သို့ ရောက်သွားလေပြီ။ ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော် အတွက် အရန်တပ်များအဖြစ်ရည်မှန်း၍ဖွဲ့စည်း   ခဲ့သော ပြည်သူ့ရဲဘော်များသည်လည်း ကွန်မြူနစ် -ဆိုရှယ်လစ် ပဋိပက္ခဂယက်ကြောင့် ရဲဘော်ဖြူ၊ ရဲဘော်ဝါများကွဲကာ ရဲဘော်ဖြူတို့တောခိုကုန်ကြ လေပြီ။ ကွန်မြူနစ်တို့၏ ဆွဲဆောင်စည်းရုံးမှုကြောင့် တပ်မတော်တပ်ရင်း(၁)နှင့် တပ်ခွဲအချို့လည်း ပုန်ကန် သွားကြလေပြီ။ ဖဆပလအစိုးရသည် ရန်သူပတ်လည် ဝိုင်းနေချိန်တွင် ကရင်တပ်ရင်းများကိုပါ စိုးရိမ်လာရ သောကြောင့် လက်နက်ကိုင်တပ်များတိုးချဲ့ရန် စဉ်းစား လာရတော့၏။


Share this article :

0 comments:

Post a Comment

 
ဆက်သွယ်ရန် mmpolitical2013@gmail.com :
Template Modify by Creating Website Myanmar Political Research Organization