Home » » အခန်း(၇) ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ်

အခန်း(၇) ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ်


အခန်း(၇)
ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ်
ဘဝဟစ်တိုင် လှုပ်ရှားမှုနှင့် တပ်နီလူငယ်များ
သခင်သန်းထွန်းနှင့်ပြည်ပပြန်များသည် ပြည်ပမှ ချမှတ်ပေးသည့် ပေါ်လစီများကို အကောင်အထည် ဖော်ရန်အတွက် လူသတ်ဝါဒကို စတင်ကျင့်သုံးလာကြကြောင်း အခန်း (၅) တွင် ဖော်ပြခဲ့ပြီးလေပြီ။ သခင် သန်းထွန်းတို့လူစုသည် မိမိတို့ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် အတွေ့အကြုံမရှိ သော မိုက်ရူးရဲလူငယ်များကို အထူးလေ့ကျင့်မွေးမြူပြီး  အသုံးချခဲ့ကြသည်။ တပ်နီလူငယ်များ၊ အမျိုးသမီးငယ် များသည် လူသတ်ဝါဒကို အကောင်အထည်ဖော်ရာတွင် လက်တွေ့ဆောင်ရွက်ကြသူများဖြစ်သည်။ 

သခင်သန်းထွန်း၏လေးနှစ်အတွင်း စစ်အနိုင် တိုက်ရေး စီမံကိန်းကို အကောင်အထည်ဖော်ရန် ပဲခူး ရိုးမတိုင်း နှစ်နှစ်စီမံကိန်းဖြင့် စတင်ဆောင်ရွက်လေရာ ပါတီအောက်ခြေမှ စိတ်မချရဟု ယူဆခံရသူများ၊ ဒေသခံ တိုင်းရင်းသားများအတွင်းမှ မယုံကြည်ရသူဟု ယူဆခံရသူများ၊ ပြည်ပပြန်များ၏လမ်းစဉ်ကို ပုတ်ခတ် မိသည့် ပါတီဝင်များနှင့် အရပ်သားများမှာ ရက်စက် စွာပင် သုတ်သင်သတ်ဖြတ်ခြင်းခံခဲ့ရသည်။
ပြည်ပလမ်းစဉ်များကို ဗဟိုကော်မတီဝင်များက  လက်ခံရေးအတွက်   မာ့ခ်စ်လီနင်ဝါဒကျောင်းမှ ကျောင်းဆရာအဖွဲ့နှင့် သင်တန်းသားများက ဖိအားပေး ခဲ့ကြရသည်။ ထိုသို့ဆောင်ရွက်ရာတွင် အထူးလေ့ကျင့် ထားသော လူငယ်လူရွယ်များသည် ရံဖန်ရံခါတွင် အစဉ်အလာရှိသော ဗဟိုကော်မတီဝင်များထက် ပို၍ပင် အရေးပေးခံကြရသည်။ သခင်သန်းထွန်းဂိုဏ်း၏ နောက်တစ်ဆင့် အကောင်အထည်ဖော်မှုမှာ ဘဝဟစ်တိုင် လှုပ်ရှားမှုပင်ဖြစ်ပါသည်။
ဘဝဟစ်တိုင်လှုပ်ရှားမှု(၁။     သခင်သန်းထွန်း၏နောက်ဆုံးနေ့များ၊ ပထမတွဲ၊ စာမျက်နှာ ၂၅၃။) နှင့်ပတ်သက်၍ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
''ဘဝဟစ်တိုင်လှုပ်ရှားမှုဆိုသည်မှာ ပစ္စည်းမဲ့ လူတန်းစား နိုင်ငံရေးပါတီသည် မိမိ၏ပါတီဝင်များကို အသိပညာပေးရာ၌ အခြေခံအကျဆုံး၊ လူတန်းစား အသိပညာပေးရေးဖြစ်သည်၊ တစ်နည်းအားဖြင့် ဘဝ ဟစ်တိုင်လှုပ်ရှားမှုသည်  မော်စီတုံးအတွေးအခေါ်၏ ဖန်တီးမှုတစ်ခုပင်ဖြစ်သည်၊  ထို့ပြင်  မာ့ခ်စ်လီနင်ဝါဒ၊ သမိုင်းရှင်ဝါဒအမြင်နှင့်  လူတန်းစားပညာပေးရေး လှုပ်ရှားမှုတစ်ခုပင်ဖြစ်သည်''
(ဘဝဟစ်တိုင်လှုပ်ရှားမှု လမ်းညွှန်ပေါ်လစီ စာတမ်းမှ)
စင်စစ် ဘဝဟစ်တိုင်လှုပ်ရှားမှုသည် ပြည်ပမှ တိုက်ရိုက်ကူးချခြင်းပင်ဖြစ်သည်။ ပြည်ပပြန်များသည် ပြည်ပတွင်  ပါဝင်လှုပ်ရှားခဲ့ရသော  ဘဝဟစ်တိုင် လှုပ်ရှားမှုကို လုပ်ငန်းအားလုံး၏အခြေခံအကျဆုံး၊ အရေးအကြီးဆုံး အလုပ်အဖြစ် သတ်မှတ်၍ အကောင် အထည်ဖော်ကြတော့သည်။ ၁၉၆၆ ခုနှစ်၊ ဇန်နဝါရီလ တွင် သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ကွင်းစခန်းရှိ ဗဟိုဌာနချုပ်စခန်း၌ ဘဝဟစ်တိုင်လှုပ်ရှားမှု၏ စံပြ လှုပ်ရှားမှုကို စတင်သည်။(၁။        သခင်သန်းထွန်း၏နောက်ဆုံးနေ့များ၊ ပထမတွဲ စာမျက်နှာ ၂၅၄။) စံပြဘဝဟစ်တိုင် လှုပ်ရှားမှု ကို ရဲဘော်အောင်ကြီး၊ ရဲဘော်ထွန်းရှိန်(ခ)ဖေငြိမ်း၊ ဗိုလ်ထွန်းငြိမ်းနှင့်ရဲဘော်မျိုးတင့်ဟူသော ပြည်ပပြန် များက ဦးဆောင်ညွှန်ကြားကြသည်။ ပထမအဆင့်တွင် ပြည်ပပြန်များက ဟောပြောကြခြင်းဖြစ်သည်။ ပြည်ပ ပြန်များက ဗမာပြည်၏ရန်သူကြီးများမှာ အောက်ပါ အတိုင်းဖြစ်သည်ဟု ဟောပြောကြသည်။ (၂။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ၊ ပထမတွဲ စာမျက်နှာ ၂၅၈။)
(၁)     အမေရိကန်နယ်ချဲ့စနစ်
(၂)     ပဒေသရာဇ်မြေရှင်စနစ်
(၃)     လက်ရှိအုပ်စိုးသူစစ်တပ် ဗျူရိုကရက်  လက်ဝါးကြီးအုပ် အရင်းရှင်စနစ်
ဒုတိယအဆင့်မှာ ရဲဘော်တစ်ဦးစီက မိမိဘဝ အတွင်းမှ ရန်သူကို နက်နက်ရှိုင်းရှိုင်း အမြစ်တူးရှာဖွေ ၍ စွဲချက်တင် တိုက်ပွဲဝင်ရသည်ဟု ဆိုသည်။ ပြည်ပပြန်များသည်   စံပြဘဝဟစ်တိုင်လှုပ်ရှားမှုအတွက် ရန်ကုန်တက္ကသိုလ်မှ တောခိုလာကြသော တက္ကသိုလ် ကျောင်းသားများကို မြစ်ဝကျွန်းပေါ်တိုင်းမှတစ်ဆင့် ဗဟိုဌာနချုပ်သို့ စုစည်းထားပြီးဖြစ်သည်။ ယင်းကျောင်းသားများမှာ ဒုတိယပတ် ဗဟိုမာ့ခ်စ်လီနင်ဝါဒ ကျောင်းကိုလည်း တက်ရောက်ကြရမည်ဖြစ်သည်။ ဒုတိယအဆင့်တွင် ဗဟိုဌာနချုပ်စခန်းတစ်ခုလုံးသည် သီချင်းဆိုခြင်း၊ လေချွန်ခြင်း၊ ရေဒီယိုနားထောင်ခြင်း၊ အမျိုးသမီးများ သနပ်ခါးလိမ်းခြင်း၊ ပန်းပန်ခြင်းတို့ မပြုလုပ်ကြရဘဲ ဝမ်းနည်းခြင်း၊ နာကြည်းခြင်း အမူအရာများဖြင့်သာ လှုပ်ရှားကြရသည်။
ဗဟိုဌာနချုပ် ကင်းတပ်မှရဲဘော်ခင်မောင်က ယင်း၏မိသားစုသည် အဖိနှိပ်ခံခဲ့ရသဖြင့် အစိုးရကို မကျေနပ်ကြောင်း စတင်ဖော်ထုတ်ခဲ့သည်။ ထို့နောက် မြစ်ဝကျွန်းပေါ်တိုင်းမှ ရဲဘော်ငွေသိန်းကလည်း ယင်း၏မိသားစုကို ဖိနှိပ်ပုံ၊ အဒေါ်တစ်ဦး မုဒိမ်းကျင့်ခံ ရပုံ၊ ကျွန်ခံရပုံ၊ အစ်ကိုတစ်ယောက် အနှိပ်စက်ခံရပုံ၊  နှမဝမ်းကွဲတစ်ဦး မုဒိမ်းကျင့်ခံရသဖြင့် သတ်သေပုံ စသည်တို့ကို ဖော်ထုတ်ခဲ့သည်။ ရန်သူကို စွဲချက်တင်ရာ တွင် မြစ်ဝကျွန်းပေါ်တိုင်းမှ မခင်ဝင်းကို ရွေးချယ်ထား သည်။ မခင်ဝင်းမှာ သခင်သန်းထွန်းက အထူးအရေး ပေးခံရသူဖြစ်သည်။ မခင်ဝင်းက ယင်း၏မိခင်မှာ မုဒိမ်းကျင့်ခံရ၍သေကြောင်း၊ အစ်မဖြစ်သူမှာလည်း မတရားစော်ကားခံရပြီး ကလေးမမွေးနိုင်၍ သေရ ကြောင်း၊ အခြားအစ်မတစ်ဦးလည်း မတရားအကျင့်ခံ ရကြောင်း၊ မခင်ဝင်းကိုယ်တိုင် အသက်ရှစ်နှစ်သမီးတွင် လလသသလူကြီးဦးရှိန်က   မုဒိမ်းကျင့်တာကိုခံခဲ့ရ ကြောင်း၊ ဖခင်မှာ အသတ်ခံရကြောင်း၊ ထို့ကြောင့် မြေရှင်များကို လက်စားချေမည်ဖြစ်ကြောင်း စသဖြင့် စွပ်စွဲတော့သည်။
စင်စစ်ဘဝဟစ်တိုင်လှုပ်ရှားမှုသည် ကိုယ်ရေး ကိုယ်တာ ကြုံတွေ့ရသည့်အခက်အခဲများ၊ အချို့ လုပ်ကြံ တင်ပြချက်များကို ပြည်ပပြန်များ လမ်းညွှန်ထားသည့် ရန်သူကြီးသုံးဦးအပေါ် ပုံချ၍ စွဲချက်တင်ခြင်းပင် ဖြစ်သည်။
၁၉၆၆ ခုနှစ်၊ မေလတွင် သာယာဝတီခရိုင် ဘဝ ဟစ်တိုင်လှုပ်ရှားမှုကို ပြည်ပပြန်မစိန်ဝင်း (ခေါ်) မမျိုးသန့်၊ ဗဟိုစခန်းလုံခြုံရေးမှူး ဗိုလ်တင်မောင်(ခေါ်) လှဟန်နှင့် ဗဟိုကင်းတပ်မှ စံပြကျောရိုးကေဒါအဖွဲ့က တိုက်ရိုက်ဦးစီး ရှေ့ဆောင်၍ ကျင်းပကြသည်။ တက်ရောက်သူများမှာ အမျိုးသမီး ၃၂ ဦးအပါအဝင် စုစုပေါင်း ၇၈ ဦး ဖြစ်သည်။ ဇီးကုန်းမြို့နယ်ရွှေဖလား ရွာမှ မတင်သန်းက ပန်းပဲအလုပ်သမားဘဝတွင် ပန်းပဲပိုင်ရှင်အဘိုးကြီးက မုဒိမ်းကျင့် ကြောင်းပြောပြီး သတိလစ်သွားရာ တက်ရောက်သူများက လက်စားချေ မယ်၊ သတ်မယ်ဟုကြွေးကြော်ကြသည်။ အချို့မှာ ဒေါသ ပေါက်ကွဲဟန်ဖြင့် ဝါးစားပွဲများကို ရိုက်ချိုးကြသည်။ ငိုသူငို၊ အော်သူအော်၊ သတိလစ်သူလစ်နှင့် အမျိုးသမီး များမှာလည်း ခါးဝတ်ပင်မနိုင်အောင်ပင် ဖြစ်လာကြ သည်။ ပြည်ပပြန်များက ဘဝဟစ်တိုင်လှုပ်ရှားမှုကို ''အအောင်မြင်ဆုံးနှင့် အပေါက်ကွဲဆုံးနေ့''ဟု အကဲဖြတ် လိုက်ကြသည်။
နောက်နေ့တွင် ဇီးကုန်းမြို့နယ် သင်ကန်းရွာမှ မစိုးက ထွေးလေးလုပ်သူကို လူစိတ်မရှိသည့် ပုလိပ် ၂၅ ယောက်က မတရားကျင့်၍ ညတွင်းချင်းသေဆုံးခဲ့ရ သည်ဟု ဖော်ထုတ်သည်။ ပြည်ပပြန်များသည် ဘဝ ဟစ်တိုင်လှုပ်ရှားမှုတွင် တပ်နီလူငယ်များနှင့် အမျိုး သမီးလေးများက တရားခံအဖြစ် စွပ်စွဲဖော်ထုတ်သူများ ကို ချက်ချင်းသတ်ပစ်ရန် ဒေါသတကြီးြေ<ွကးကြော် အော်ဟစ်စေခဲ့သည်။ ဘဝဟစ်တိုင်လှုပ်ရှားမှုတွင် ပိုမို ၍ ဒေါသကြီးလေ ပိုမို၍အောင်မြင်လေဟု သတ်မှတ် သည်။ ထို့ကြောင့်တက်ရောက်သူလူငယ်များမှာ သေနတ်ဆွဲသူဆွဲ၊ သတိလစ်သူလစ်နှင့် ပိုမို၍ပေါက်ကွဲ ကြရသည်။ ပြည်ပပြန်များက ဘဝဟစ်တိုင်လှုပ်ရှားမှု အောင်မြင်နေကြောင်းကို နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် များနှင့် ဗဟိုကော်မတီသို့ တင်ပြကြသည်။
ထိုနေ့ညနေပိုင်းတွင် ဂိုရှယ်သည် ရဲဘော်ဘခက် အား အောက်ပါအတိုင်းပြောကြားခဲ့သည်။ (၁။ သခင်သန်းထွန်း၏နောက်ဆုံးနေ့များ၊ ပထမတွဲ စာမျက်နှာ ၂၇၇၊ ၂၇၈။)
''ဘခက်ရေ၊  ဘဝဟစ်တိုင်လှုပ်ရှားမှုမှာ ကောင်မလေးတွေ အော်ကြ၊ ငိုကြ၊ တက်ကြဖြစ်ကြတာ ဟာ ရန်သူမုန်းလို့ဆိုတာ တကယ်ဟုတ်ကော ဟုတ်ရဲ့ လားကွ၊ ငါကတော့ မယုံဘူး၊ ကောင်မလေးတွေ ဒီလို ဖြစ်တာဟာ အလွန်အကျွံတွေဖြစ်ကြပြီးတော့ ဟစ်စတီးရီးယား*(*ဟစ်စတီးရီးယား၊စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းများကြောင့် ဖြစ်ပေါ်သော စိတ်ရောဂါ တစ်မျိုး၊ အချို့က အယောင်ဆောင်ရောဂါဟု ယေဘုယျဆိုကြသည်။) (ံပျအနမငေ) ဖြစ်ကုန်တာဖြစ်နိုင်တယ်၊ အခြေခံကောင်းတဲ့ကောင်လေးတွေကောင်မလေးတွေတော့ မဟုတ်တာတွေ လုပ်ပေးနေ တာနဲ့ပျက်စီးကုန် တော့မှာပဲကွာ''
ပဲခူးရိုးမတိုင်းအတွင်းရှိ သာယာဝတီခရိုင်၊ ပဲခူး ခရိုင်၊ ပြည်ခရိုင်နှင့် တောင်ငူခရိုင်တို့တွင် ဘဝဟစ်တိုင် လှုပ်ရှားမှုများ  အပြိုင်အဆိုင်ပေါ်လာကြသည်။ တောင်ငူခရိုင် ဘဝဟစ်တိုင်လှုပ်ရှားမှုတွင် ဇေယျဝတီ မြို့မှ တောခိုလာသော မခင်ရီက ဖခင်အရင်း၏ မတရားကျင့်ကြံမှုကို ခံရကြောင်း ဖော်ထုတ်သောအခါ တက်ရောက်သူများမှာြေ<ွကးကြော်ရန် မေ့လျော့ပြီး အံ့သြနေခဲ့ရသည်။ ပြည်ခရိုင် ဘဝဟစ်တိုင်လှုပ်ရှားမှု တွင် ပြည်ဇာတိ၊ ပဲခူးမြို့အလွတ်ပညာသင် ကျောင်း ဆရာဘဝမှ တောခိုလာသူ ရဲဘော်ရွှေ(ခေါ်)ရေချမ်း (ခေါ်) စိန်ထွန်းက ယင်းသည် ဖအေမပေါ်ဘဲ မွေးလာ ရကြောင်း၊ မိခင်က မညှာမတာဖျက်ချသည်ကို ခံခဲ့ရ ကြောင်း၊ မြေရှင်အိမ်တွင် မြေရှင်၏သားက ယောက်ျား ချင်း  မတရားကျင့်ကြံကြောင်းဖော်ထုတ်ခဲ့သည်။ ပေါက်ခေါင်းမြို့နယ် လက်ကြီးရွာမှ မယ်မြက ပါတီတွင်း ရောက်နေသူ ရွှေထွန်းနှင့် ပါတီအတွင်းမှ ဦးလေး အရင်းဖြစ်သူ ဟန်ရွှေတို့က မတရားကျင့်ကြံကြကြောင်း ဖော်ထုတ်လိုက်ရာ တက်ရောက်သူ လူငယ်များသည် ဒေသအိုးပေါက်ကွဲပြီး ပါတီဝင်များဖြစ်သော ရွှေထွန်း နှင့်ဟန်ရွှေကို ချက်ချင်းဖမ်းဆီးသတ်ဖြတ်လိုက်ကြ  တော့၏။
ပြည်ခရိုင် ဘဝဟစ်တိုင်လှုပ်ရှားမှုတွင် ချက်ချင်း လက်ငင်းလူသတ်ဝါဒကို ကျင့်သုံးကျူးလွန်သည်အထိ ပြင်းပြင်းထန်ထန်ပြုလုပ်ကြခြင်းမှာ ဗဟိုဌာနချုပ်၏ လမ်းညွှန်သဘောထားကို စံပြနမူနာအဖြစ် အကောင်း ဆုံးလိုက်နာပြခြင်း ဖြစ်သည်။ (၂။သခင်သန်းထွန်း၏နောက်ဆုံးနေ့များ၊ ပထမတွဲ စာမျက်နှာ ၂၈၄။)
''ရဲဘော်တွေက ရန်သူကို ဖွင့်ချတိုက်ခိုက်ရာမှာ ပြင်းထန်လေကောင်းလေ၊ လွန်ကျွံလေ ကောင်းလေဖြစ်တယ်၊ ဒီအခါမျိုးမှာ လှုပ်ရှားမှုကို ရေအေးနဲ့ပက်သလိုမဖြစ်မိစေအောင် သတိထားဖို့လိုပါတယ်၊   ရန်သူကို  ဖွင့်ချ တိုက်ခိုက်နိုင်လေလေဘဝနာကြည်းမှုတွေ အပေါ်မှာ ခံစားချက်ပြင်းပြီး ဒေါသမျက်ရည် ကျလေလေ ဘဝဟစ်တိုင်ရဲ့ ရည်ရွယ်ချက် ဟာ ရောက်ရှိလေလေဖြစ်တယ်ဆိုတာ စွဲမှတ် သင့်ပါတယ်''
(ဗဟိုဌာနချုပ်မှ  အတည်ပြုထားသော ဘဝ ဟစ်တိုင်နိဂုံးချုပ်  အစီရင်ခံစာ၊ စာမျက်နှာ ၃၃ မှ)
ဘဝဟစ်တိုင်လှုပ်ရှားမှု၏ တတိယအဆင့်မှာ ရန်သူအပေါ် သွေးချွေးစာရင်းတွက်၍ တစ်ဆင့်တိုး ဖွင့်ချ စွဲချက်တင် တိုက်ပွဲဆင်ရခြင်းပင်ဖြစ်သည်။ ထိုသို့ သွေးချွေး စာရင်းတွက်ရာတွင် မိဘများ၊ မိသားစုများ ခံစားခဲ့ရသည်ကိုသာမကဘဲ မိမိကိုယ်တိုင် ခံစားခဲ့ ရသမျှကိုပါ တစ်ဦးချင်းတွက်ချက်ကြရသည်။ ၁၉၆၈ ခုနှစ်၊ မတ်လတွင် ပြုလုပ်သော ဒုတိယအကြိမ် ဗဟို စခန်း ဘဝဟစ်တိုင်လှုပ်ရှားမှုမှ သွေးချွေးစာရင်းများ ကို ရဲဘော်ချစ်ဝေ(ခေါ်) ရဲဘော်အေးလွင်က ရေးသား ပြုစုပေးရသည်။ ဒုတိယအကြိမ် ဘဝဟစ်တိုင်လှုပ်ရှားမှု တွင် အမျိုးသမီး ၁၆ ဦးအပါအဝင် ၇၃ ဦးပါဝင်ကြပြီး၊ ၇၃ ဦးစလုံး မိမိတို့၏ အိမ်ထောင်များကို ကိုယ်စားပြု ၍ သွေးချွေးစာရင်းတွက်ကြရသည်။ သွေးချွေးစာရင်း အရ နယ်ချဲ့စနစ်၊ ပဒေသရာဇ်စနစ်နှင့် ဗျူရိုကရက် အရင်းရှင်စနစ်ဟူသော ရန်သူကြီးသုံးဦးအပေါ် သွေးစာရင်းတင်ရှိသည့် အရေအတွက် ၄၄၄ ယောက်  ရှိသည်ဟုဆိုသည်။ မုဒိမ်းကျင့်ခံရသူ ၄၉ ယောက် ရာခိုင်နှုန်းအားဖြင့် ၁၃ ဒသမ ဝ၄ ရာခိုင်နှုန်း၊ အဖမ်း ခံရသူ ၁ဝ၈ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၂၄ ဒသမ ၃၂ ရာခိုင်နှုန်း၊ အသတ်ခံရသူ ၇၇ ဦး ၁၅ ဒသမ ၆၃ ရာခိုင်နှုန်း စသဖြင့် တွက်ချက်ထားကြသည်။ သွေး စာရင်းတွက်ရာတွင် ပါဝင်သည့် ၁၆ ယောက်အတွက် သုံးယောက်မှာ ကိုယ်တိုင် မုဒိမ်းအကျင့်ခံရပြီး တစ်ယောက်မှာ နှစ်ကြိမ်မုဒိမ်းအကျင့်ခံရသည်ဟု ဆို သည်။
စင်စစ် သွေးချွေးစာရင်းတွက်ခြင်းမှာ ရန်သူကြီး သုံးဦး၏ ဖိနှိပ်မှုကို ကိန်းဂဏန်းအချက်အလက်အရ ဖော်ထုတ်ခြင်းပင်ဖြစ်သည်။ ထို့နောက် နောက်ဆုံး အဆင့်ဖြစ်သော စတုတ္ထအဆင့်ကို ဆက်လက်လှုပ်ရှား ကြရသည်။ ဤအဆင့်တွင် ရဲဘော်တစ်ဦးချင်း၏ အတွေးအခေါ်နယ်ပယ်တွင် ရန်/ငါ စည်းခွဲခြားခြင်း (ရန်သူနှင့်မိမိ ခွဲခြားသိမြင်ခြင်း) လူတန်းစားစိစစ်ရေးတို့ ပြုလုပ်ပြီး ရာသက်ပန် တော်လှန်ရေးသမားအဖြစ် သစ္စာအဓိဋ္ဌာန် ပြုကြရသည်။ သခင်သန်းထွန်းကလည်း ''ဘဝဟစ်တိုင်လှုပ်ရှားမှုဟာ ဗမာပြည်တော်လှန်ရေး ရဲ့ အရင်းကျမ်းဖြစ် တယ်''ဟု ပြောပြခဲ့သည်။(၁။    သခင်သန်းထွန်း၏နောက်ဆုံးနေ့များ၊ ပထမတွဲ စာမျက်နှာ ၃၂၄၊ ၃၂၅။)
''ဘဝဟစ်တိုင်လှုပ်ရှားမှုကို မဖြတ်သန်း  ရင်၊ ဘဝဟစ်တိုင်လှုပ်ရှားမှုကို မလေ့လာ   ရင် ကွန်မြူနစ်ပါတီဝင် မဖြစ်နိုင်ဘူး၊ တော်လှန်ရေးသမား မဖြစ်နိုင်ဘူး''
''ရန်သူကြီးသုံးဦးကို မမြင်ရင်၊ ရန်သူကြီး သုံးဦးကို တော်လှန်ရမယ်လို့ မမြင်ရင် ဘယ်နှယ့်လုပ် ကွန်မြူနစ်ပါတီဝင် ဖြစ်နိုင်မှာ လဲ၊ ဘယ့်နှယ်လုပ်  တော်လှန်ရေးသမား ဖြစ်နိုင်မှာလဲ''
''ဒါက သူများပြောလို့မဟုတ်ဘူး၊ ကိုယ့်ဘဝ ထဲက ရှာဖွေတွေ့ရှိတာဖြစ်တယ်''
(ဘဝဟစ်တိုင်လှုပ်ရှားမှု သခင်သန်းထွန်း၏ နိဂုံးချုပ် မိန့်ခွန်းမှ)
xxx
သခင်သန်းထွန်းသည် ၄ နှစ်အတွင်း စစ်အနိုင် တိုက်ရေးစီမံကိန်းတွင် စည်းရုံးရေးကိစ္စများဟူသော  အပိုင်း၌ လူငယ်များကို ရေရှည်စီမံကိန်းဖြင့် မွေးမြူ သွားရန် ဆုံးဖြတ်ခဲ့သည်။ ပြည်ပပြန်ရဲဘော်ထွန်းရှိန် (ခေါ်)ဖေငြိမ်းသည် လူငယ်စည်းရုံးရေးအတွက် ခေါင်းဆောင်ရန် တာဝန်ယူခဲ့ရသည်။ ပြည်ပပြန်များ သည် တစ်ဖက်နိုင်ငံမှ လူငယ်စည်းရုံးရေးအတွေ့အကြုံ များအတိုင်း ပုံတူကူးချကြသည်။ ရဲဘော်စိုးဝင်း(ခေါ်) ထွန်းကျော်၊ ရဲဘော်တင်ဟန်(ခေါ်)အောင်သိန်းနိုင်တို့ ကို ဗဟိုစခန်းလူငယ်အဖွဲ့တွင် ထည့်သွင်း၍ အမာခံ ကျောရိုးများအဖြစ် မွေးမြူကြသည်။
၁၉၆၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင် ဗဟို ဌာနချုပ်စခန်း၌ လူငယ်အစည်းအဝေးကို ကျင်းပရာ အတွေးအခေါ်လှည့်ပြောင်းရန်အတွက် ရဲဘော် အောင်ကြီးနှင့်ရဲဘော်ထွန်းရှိန်တို့က အောက်ပါအတိုင်း ပြောကြားခဲ့ကြသည်။(၂။ သခင်သန်းထွန်း၏နောက်ဆုံးနေ့များ၊ ပထမတွဲ စာမျက်နှာ ၃၃၁၊ ၃၃၂၊ ၃၃၃။)
''တို့မှာဆွေရယ်မျိုးရယ်ဆိုတာ မရှိရဘူး၊ အဖေ ရယ်၊ အမေရယ်၊ ညီရယ်၊ အစ်ကိုရယ်ဆိုတာလည်း မရှိရ ဘူး၊ ပြီးတော့ တို့မှာ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ သစ္စာတရားတို့ဆိုတာလည်းမရှိရဘူး၊ တကယ်ကျတော့ ဒါတွေဟာ လူ့ကရုဏာဝါဒသက်သက် အတွေးအခေါ် ပဲ၊ ဒါကို တို့အနေနဲ့ အသည်းလှိုက်အူလှိုက် ဆန့်ကျင် ရမယ်''
''တို့မှာ လူတန်းစားအသိကလွဲပြီး ဘာမှမရှိရဘူး၊ ဒါကြောင့်မို့ လူတိုင်းဟာ လိုအပ်လာရင် အဖေအရင်း ကိုရော၊ အမေအရင်းကိုရော၊ အစ်ကိုရောညီပါ သတ်ရဲ ရမယ်''
xxx
''နောက်ပြီးတော့ အခုပါတီထဲမှာ ကနေ့ဗမာပြည် မယ် ငြိမ်းချမ်းရေးလိုချင်တယ်လို့ ပြောတဲ့လူဟာ သစ္စာ ဖောက်ပဲ''
xxx
''မင်းတို့အနေနဲ့ အမြဲတမ်းဦးထိပ်ပန်ဆင်ရမယ့် အတွေးအခေါ်ကတော့ ဥက္ကဋ္ဌကြီးမော်စီတုံးရဲ့ အတွေး အခေါ်ပဲ၊ မဟာမော်စီတုံးဟာ မင်းတို့ရဲ့အသည်းထဲက နေမင်းနီကြီးဖြစ်တယ်''
xxx
''ပြီးတော့ ဗမာပြည်ယဉ်ကျေးမှုအဟောင်းတွေကို မင်းတို့ဟာ ချေမှုန်းပစ်ကြရမယ်၊ ဖျက်ဆီးပစ်ကြရမယ်၊ ဒါဟာ မင်းတို့တာဝန်ပဲ''
xxx
''မင်းတို့ဘာကိုပဲလုပ်လုပ် ရဲငါးရဲ စိတ်ဓာတ်နဲ့ လုပ်ဖို့လိုတယ်၊ မင်းတို့လုပ်တာတိုင်းဟာ တရားတာ ချည်းပဲ၊ ရဲငါးရဲစိတ်ဓာတ်ဆိုတာဟာ 'ရဲရဲတွေး၊ ရဲရဲပြော၊ ရဲရဲလုပ်၊ ရဲရဲချိုးဖောက်၊ ရဲရဲတော်လှန်' ဆိုတာပဲ၊ ဒါကို မင်းတို့အသည်းထဲမှာ စွဲထားရမယ်''
xxx
ဤကား တပ်နီလူငယ်များလိုက်နာရမည့် ပြည်ပ ပြန်တို့၏ သြဝါဒပင်ဖြစ်သည်။ တစ်နည်းအားဖြင့် တစ်ဖက်နိုင်ငံပစ္စည်းမဲ့ ယဉ်ကျေးမှုတော်လှန်ရေးတွင် တပ်နီလူငယ်များလုပ်သကဲ့သို့ လိုက်လုပ်ကြရန် လမ်းညွှန်ခြင်းဖြစ်သည်။ တပ်နီလူငယ်များက ငြိမ်းချမ်း ရေးစကားပြောသူတိုင်းကို မိဘအရင်းပင်ဖြစ်စေကာမူ သတ်ဖြတ်မည်ဖြစ်ကြောင်း တစ်ဦးချင်းအဓိဋ္ဌာန်ပြုကြ သည်။ သခင်သန်းထွန်းနှင့်ပြည်ပပြန်များသည် တပ်နီ လူငယ်များအား လူသတ်ဝါဒတွင် ဝင်ရောက်အကောင် အထည်ဖော်ရေးအတွက် အမျိုးမျိုးဟောပြောလေ့ကျင့် ပေးခဲ့ကြသည်။ ပြည်ပပြန်များသည် တပ်နီလူငယ်များ နှင့် အတူနေ၊ အတူလုပ်၊ အတူစား၊ အတူအိပ်ဟူသော တူလေးတူစနစ်ဖြင့် အနီးကပ်သွေးထိုးလှုံ့ဆော်ပေးခဲ့ ကြခြင်းပင်ဖြစ်သည်။
ရဲဘော်မြက ပဲခူးရိုးမတိုင်း၏ မျိုးဆက်လူငယ်အဖွဲ့ကို စံငါးချက်ဖြင့်တည်ဆောက်သည်။ အချင်းချင်း ဆက်ဆံရာတွင် ရဲဘော်စိတ်ရှိရေး၊ အလုပ်စိတ်ဓာတ် ကောင်းရေး၊ လူထု၊ လူကြီးများနှင့်ဆက်ဆံရာတွင် ကောင်းရေး၊ အမိန့်နှင့်စည်းကမ်းလိုက်နာရေးတွင် ကောင်းရေး၊ ပြည်သူ၏လက်နက်နှင့် ပစ္စည်းများကို အကောင်းဆုံးအသုံးချရေးဟူသော   စံငါးချက်ဖြင့် တည်ဆောက်ရာ သခင်သန်းထွန်းနှင့် ရဲဘော်အောင်ကြီး တို့က သူတော်စဉ်ဝါဒဖြစ်သည်ဟုဆိုကာ ချက်ချင်း ပယ်ဖျက်ပြီး   ရဲငါးရဲစိတ်ဓာတ်ဖြင့်   ပြန်လည် တည်ဆောက်စေသည်။
ဗဟိုဌာနချုပ်စခန်းမှလူငယ်များသည် တော်လှန် သော တပ်နီလူငယ်များအဖြစ် ထိပ်တန်းတွင် အရေး ပေးခံနေကြသည်။ တပ်နီလူငယ်များလုပ်သမျှကို သခင်သန်းထွန်းနှင့်ပြည်ပပြန်များက ထောက်ခံကြ သည်။ ခွေးသားစားခြင်းကိုပင်လျှင် ဗမာ့ယဉ်ကျေးမှု တော်လှန်ရေးအဆင့်ဆင့်ကို ခုန်ကူးပြောင်းလဲခြင်းဟု ဆိုကြသည်။ ခွေးသားမစားသူများကိုလည်း ''ပြန်လည် ပြင်ဆင်ရေးဝါဒ၏ ရေခံမြေခံများ''ဟု စွပ်စွဲပြောဆို ကြသည်။ ရဲဘော်အောင်ကြီးနှင့် ရဲဘော်ထွန်းရှိန်တို့က တပ်နီလူငယ်များအား  ပြည်ပရေဒီယိုကို  အမြဲ နားထောင်ရန်လည်း လမ်းညွှန်ကြသည်။
ထို့နောက် တော်လှန်သောတပ်နီလူငယ်များသည် လက်တွေ့လေ့ကျင့်ရာ စမ်းသပ်ကွက်အတွင်း၌ ဒေသခံ တောင်သူလယ်သမားကြီးများအား အပြိုင်အဆိုင်ပင် သတ်ဖြတ်ကြတော့သည်။ သာယာဝတီခရိုင်၊ ဇီးကုန်း အရှေ့ခြမ်းနှင့် နတ်တလင်းမြို့နယ်တောင်ညိုဒေသ များတွင် တပ်နီလူငယ်များ၏လက်ချက်ဖြင့် ယောက်ျား၊ မိန်းမ ၄၁ ဦး သေဆုံးခဲ့ရသည်။ ပဲခူးရိုးမတိုင်း ငါးခရိုင် တွင်ကား တပ်နီလူငယ်များသည် ရာပေါင်းများစွာ သော တောင်သူလယ်သမားများအား အစုလိုက် အပြုံလိုက်ပင် သတ်ဖြတ်ကြတော့သည်။ ထို့နောက် စံပြ ပါတီဝင်သိမ်းသွင်းရေး လှုပ်ရှားမှုဟုဆိုကာ ရဲဘော် ထွန်းကျော်အား  စံပြပါတီဝင်အဖြစ်  သိမ်းသွင်း မြှောက်စားကြပြန်သည်။ ရဲဘော်ထွန်းကျော်က ရန်/ငါ မျဉ်းပြတ်သည့်အနေနှင့် မိဘဆွေမျိုးများကို သတ်ရန် အသင့်ရှိသည်ဟု တင်ပြလိုက်သည်။
သခင်သန်းထွန်းနှင့်ပြည်ပပြန်များ ခေါင်းဆောင် လှုပ်ရှားခဲ့ကြသည့် ဘဝဟစ်တိုင်လှုပ်ရှားမှုသည် လူသတ်ဝါဒကို တွန်းပို့ခြင်းပင်ဖြစ်ပြီး တပ်နီလူငယ်များ မှာ လူသတ်ဝါဒအတွက် လူသတ်လက်နက်များပင် ဖြစ်သည်။ ထို့အပြင် ပြည်ပကွန်မြူနစ်၏ ယဉ်ကျေးမှု တော်လှန်ရေး လှိုင်းဂယက်သည် ဗမာပြည်ကွန်မြူနစ် ပါတီအတွင်း ပြင်းထန်စွာပင် ပုတ်ခတ်လာပြီဖြစ်လေရာ ပါတီတွင်း၌ သွေးချောင်းစီးစေမည့် ဖြစ်ရပ်များ ပေါ်ထွန်းလာရုံသာမကဘဲ ဒေသခံတိုင်းရင်းသား ပြည်သူများအား လူသတ်ဝါဒဖြင့် ဖိစီးနှိပ်စက်ရန် အခြေအနေမှာ ပို၍ပို၍ပင် နီးစပ်လာရတော့၏။
ဒုတိယပတ် ဗဟိုမာ့ခ်စ်လီနင်ဝါဒကျောင်း
ဒုတိယပတ် ဗဟိုမာ့ခ်စ်လီနင်ဝါဒကျောင်းကို ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်တည်ရှိရာ ကွင်းစခန်းတွင် ၁၉၆၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက် နံနက် ၇ နာရီခွဲ၌ စတင်ဖွင့်လှစ်ခဲ့သည်။
တက်ရောက်သူများမှာ အောက်ပါအတိုင်းဖြစ် သည်။ (၁။ သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ) စာမျက်နှာ ၃၆၇ မှ ၃၆၉။)
၁။     တောင်ငူခရိုင်
(၁)     ဗိုလ်မင်းမောင်
                    (ခရိုင်ပါတီ အတွင်းရေးမှူး)
(၂)     ဗိုလ်မင်းဒင်(ခရိုင်စစ်ရေးတာဝန်ခံ)
(၃)     ရဲဘော်မင်းအောင်
                    (ခရိုင်မြေယာ တာဝန်ခံ)
(၄)     ဗိုလ်သောင်း
                    (ဖြူးမြို့နယ် ပါတီအတွင်းရေးမှူး)
၂။     ပဲခူးခရိုင်
(၁)     ရဲဘော်ထွန်းကြိုင်
                    (တိုင်းကော်မတီ၊ ခရိုင်ပါတီ
                    အတွင်းရေးမှူး)
(၂)     ဗိုလ်စောအောင် (ခရိုင်စစ်ရေးတာဝန်ခံ)
(၃)     ရဲဘော်ဘကျော် (ခရိုင်ကော်မတီ)
(၄)     ရဲဘော်လှမြင့်
                    (ပဲနွယ်ကုန်းမြို့နယ်
                    ပါတီအတွင်းရေးမှူး)
၃။     သာယာဝတီခရိုင်
(၁)     ဗိုလ်ထွန်းလင်း (ခရိုင်စစ်ရေးတာဝန်ခံ)
(၂)     ရဲဘော်စံထွန်း (ခရိုင်မြေယာတာဝန်ခံ)
(၃)     ရဲဘော်မြစိုး
(*(*   စိန်သိမ်းမြို့နယ်၊ ကြို့ပင်ကောက်၊ ဇီးကုန်းမြို့နယ် အနောက်ခြမ်းနှင့် ဧရာဝတီမြစ်အရှေ့ခြမ်း။)
စိန်သိမ်းမြို့နယ် စည်းရုံးရေးမှူး)
(၄)     ရဲဘော်သောင်းရွှေ
                    (နတ်တလင်းမြို့နယ် ကော်မတီ)
(၅)     ဗိုလ်ကျော်စိုး
                    (နတ်တလင်းမြို့နယ်
                    ပါတီအတွင်းရေးမှူး)
(၆)     ရဲဘော်စံဝင်း (ဇီးကုန်းမြို့နယ်ကော်မတီ)
(၇)     ရဲဘော်မောင်စု
          (ဇီးကုန်းမြို့နယ် ပါတီအတွင်းရေးမှူး)
၎။     ပြည်ခရိုင်
(၁)     ဗိုလ်ငြိမ်း (ခရိုင်စစ်ရေးတာဝန်ခံ)
(၂)     ရဲဘော်ရွှေ (ခရိုင်ကော်မတီ)
(၃)     ရဲဘော်ချစ်စရာ
          (သဲကုန်းမြို့နယ် ပါတီအတွင်းရေးမှူး)
၅။     သရက်ခရိုင်
(၁)     ဗိုလ်နေဝင်း (ခရိုင်ပါတီ အတွင်းရေးမှူး)
(၂)     ရဲဘော်မြင့်နိုင် (ခရိုင်ကော်မတီ)
၆။     ချင်းဦးစီးအဖွဲ့
(၁)     ဆလိုင်းစံအောင် (ချင်းဦးစီးအဖွဲ့ ဥက္ကဋ္ဌ)
(၂)     ဆလိုင်းဗိုလ်ကျော်လှ (စစ်ရေးတာဝန်ခံ)
၇။     ဗဟိုဌာနချုပ်စခန်း
(၁)     ရဲဘော်မြမောင်(ခေါ်)တင်ထွန်း
(၂)     ရဲဘော်ဘသန်း(ခေါ်)သိန်းထွန်း
(၃)     ရဲဘော်ဘိုးသာ(ခေါ်)ကျော်ဝင်း
(၄)     ရဲဘော်အေးမောင်(ခေါ်)လှဆောင်
(၅)     ရဲဘော်ညိုဝင်း(ခေါ်)ဖေသန်း
(၆)     ရဲဘော်ထွန်းမြင့်(ခေါ်)ခင်ရွှေ
(၇)     ရဲဘော်ဘအောင်(ခေါ်)ကျော်လွင်
(၈)     ရဲဘော်ငြိမ်းမောင်
(၉)     ရဲဘော် ဒေါ်စောရီ(ခေါ်)မရင်ရင်
၈။     ပဲခူးရိုးမတိုင်း
(၁)     ရဲဘော်အောင်မြင့်(ဆေးမှူး)
(၂)     ရဲဘော်တင်ဝင်း
                    (ပဲခူးရိုးမ စည်းရုံးရေးအဖွဲ့
                    အတွင်းရေးမှူး)
ဒုတိယပတ်  ဗဟိုမာ့ခ်စ်လီနင်ဝါဒကျောင်း၏ ကျောင်းဆရာအဖွဲ့မှာ ပထမပတ် ဗဟိုမာ့ခ်စ်လီနင် ဝါဒကျောင်း အတိုင်းပင်ဖြစ်ပြီး ပီကင်းပြန်များပါဝင် သည်။
သင်ကြားမည့်ဘာသာရပ်နှင့် နည်းပြမှာလည်း ယခင်အတိုင်းပင်ဖြစ်သည်။
(၁)     ရဲဘော်မျိုးတင့် (အဘိဓမ္မာဘာသာရပ်)
(၂)     ရဲဘော်ရှိန် (ဘောဂဗေဒဘာသာရပ်)
(၃)     ရဲဘော်စိုးဝင်း
                    (ပါတီတည်ဆောက်ရေး ဘာသာရပ်)
(၄)     ဗိုလ်ထွန်းငြိမ်း (စစ်ရေး ဘာသာရပ်)
ဒုတိယပတ် ဗဟိုမာ့ခ်စ်လီနင်ဝါဒကျောင်းတွင် ပဲခူးရိုးမတိုင်း၊ ငါးခရိုင်မှ ကော်မတီဝင်များသာမကဘဲ ရန်ကုန်တက္ကသိုလ်မှ တောခိုလာသည့်ကျောင်းသားများ ကိုပါ မြစ်ဝကျွန်းပေါ်မှ တကူးတကခေါ်ယူ၍ တက်ရောက်စေခဲ့သည်ကို တွေ့ရသည်။ သင်တန်းသား များသည် 'အတွေးအခေါ် ပြုပြင်ရေး လှုပ်ရှားမှု' များကို ဦးစားပေး၍ လေ့ကျင့်ကြရသည်။ ၁၉၆၆ ခုနှစ်၊ သြဂုတ်လတွင် (၁) နိုင်ငံရေးအရ လက်ယာအချောင် ဝါဒဆန့်ကျင်ရေး၊ (၂) စည်းရုံးရေးအရ လွတ်လွတ် လပ်လပ်ဝါဒ(လစ်ဘရယ်ဝါဒ)ဆန့်ကျင်ရေးနှင့် (၃) လုပ်ဟန်မှာ တစ်ဗိုလ်တစ်မင်းဝါဒနှင့် ဗျူရိုကရေစီဝါဒ ဆန့်ကျင်ရေးဟူသော သုံးမျိုးဆန့်ကျင်ရေး လှုပ်ရှားမှု ကို ပြုလုပ်ကြရသည်။ ယင်းလှုပ်ရှားမှုကို ''ဗမာပြည် ကွန်မြူနစ်ပါတီကို ဘော်ရှီဗစ် ပီသအောင်လုပ်ရေး လှုပ်ရှားရေးမူ''ဟု  ခေါ်တွင်စေခဲ့သည်။  တောခို ကျောင်းသားများနှင့် တောခိုအမှုထမ်းများကို မြေ အောက် အထူးလျှို့ဝှက်အဖွဲ့ဟူ၍ ဖွဲ့စည်းပေးပြီး သခင် ချစ်ကိုယ်တိုင် ကြီးကြပ်ခဲ့သည်။
ဒုတိယပတ် ဗဟိုမာ့ခ်စ်လီနင်ဝါဒကျောင်းသည် လည်း စင်စစ်တွင် သခင်သန်းထွန်းနှင့် ပီကင်းပြန်များ က မိမိတို့လမ်းစဉ်အတွက် ကျောရိုးများ မွေးမြူခြင်း ပင်ဖြစ်သည်။ ဗဟိုကော်မတီဝင်များကို ဖိအားပေးရာ တွင်လည်း ကျောင်းဆရာအဖွဲ့နှင့် သင်တန်းသားတို့၏ အင်အားကို အသုံးချရန် ရည်ရွယ်ထားခဲ့သည်။ သရက် ခရိုင်မှ ဗိုလ်နေဝင်းကဲ့သို့သော သူများအားလည်း မိမိ ကိုယ်ကို မိမိဝေဖန်ရေးကို အတင်းအကျပ် ပြုလုပ်ခိုင်း ခဲ့သည်။
ပါတီတွင်း သဘောတရားရေး တိုက်ပွဲများ    ပိုမို ပြင်းထန်လာခြင်း(၁။ သခင်သန်းထွန်း၏နောက်ဆုံးနေ့များ၊ ပထမတွဲ စာမျက်နှာ ၃၈၅ မှ ၃၉၁။)
        ၁၉၆၆ ခုနှစ်၊ မေလတွင် ရဲဘော်မျိုးတင့်က ဒုတိယပတ် ဗဟိုမာ့ခ်စ်လီနင်ဝါဒကျောင်း၌ လောက တွင် နိုင်ငံတော်အာဏာသည် အရင်းရှင်စနစ်နှင့် ပစ္စည်းမဲ့အာဏာရှင်စနစ် နှစ်မျိုးသာရှိကြောင်း ပို့ချခဲ့ သည်။ ထိုကဲ့သို့ အာဏာနှစ်မျိုးရှိကြောင်း ဖော်ထုတ် လိုက်ခြင်းမှာ ရဲဘော်မျိုးတင့်က ပေါ်လစ်ဗျူရိုအဖွဲ့နှင့် ဗဟိုကော်မတီကို ဦးတည်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ ၁၉၅၅ ခုနှစ်၊ ဗဟိုကော်မတီဆုံးဖြတ်ချက်တွင် အမျိုးသား ဒီမိုကရေစီတော်လှန်ရေးက ထူထောင်ရမည့် အာဏာမှာ ပစ္စည်းမဲ့လူတန်းစား ခေါင်းဆောင်မှု အောက်၌ လူတန်းစားလေးရပ်၏ ပူးတွဲအာဏာရှင် စနစ်ဟု ဆိုခဲ့သည်။ ယင်းဆုံးဖြတ်ချက်မှာ ၁၉၆၆ ခုနှစ်၊ မေလအထိ ပါတီ၏တရားဝင်ဆုံးဖြတ်ချက်ဖြစ်နေခဲ့ သည်။ ထို့ကြောင့် ကျောင်းဆရာအဖွဲ့နှင့် သင်တန်းသား များသည် ၅၅ ခုနှစ်၊ နိုင်ငံတော်အာဏာ ပယ်ဖျက်ရေး လှုပ်ရှားမှုကို ဆင်နွှဲကြတော့သည်။
ဗဟိုကော်မတီနှင့် ပေါ်လစ်ဗျူရိုများမှာမူ ရဲဘော် မျိုးတင့်က အထက်ဗဟိုကိုကျော်၍ သင်ကြားခြင်းကို အံ့သြနေကြသည်။ ၁၉၆၆ ခုနှစ်၊ မေလ ၃ ရက်တွင် ၅၅ ခုနှစ်၊ နိုင်ငံတော်အာဏာပယ်ဖျက်ရေးလှုပ်ရှားမှု အစည်းအဝေးကျင်းပသည်။ ယင်းအစည်းအဝေးတွင် ဝင်ရောက်ဆွေးနွေးသူများမှာ ၅ဝ ခန့်ရှိသည်။
ဒုတိယပတ် ဗဟိုမာ့ခ်စ်လီနင်ဝါဒကျောင်းဆရာ အဖွဲ့၏ အာဏာပြဿနာနှင့်ပတ်သက်သော သဘော တရားရေးခံယူချက်များကို သင်ကြားပို့ချခဲ့ခြင်းနှင့် တင်ပြချက်များကို လုံးဝဆန့်ကျင်ကန့်ကွက်သူများမှာ ရဲဘော်ဘခက်နှင့်ရဲဘော်အောင်မြင့်တို့နှစ်ဦးဖြစ်သည်။
ရဲဘော်ဘခက်သည်  ကျောင်းဆရာအဖွဲ့က သဘောတရားရေးအရလည်းကောင်း၊  ကွန်မြူနစ်   ပါတီ၏ စည်းရုံးရေးမူများအား ချိုးဖောက်ခြင်းကို လည်းကောင်း အပြင်းအထန်ပင် ကန့်ကွက်ဆန့်ကျင် တော့သည်။ ရဲဘော်ဘခက်သည် မာ့ခ်စ်လီနင်တို့၏ အဆိုအမိန့်များကို ကိုးကား၍ နိုင်ငံတော်အာဏာ သုံးမျိုးရှိကြောင်း အခိုင်အမာတင်ပြပါသည်။ ပြည်ပပြန် များ၏ ဂိုဏ်းဖွဲ့မှုကိုလည်း ပြင်းပြင်းထန်ထန်ပင် ပြစ်တင် ရှုတ်ချခဲ့သည်။ ပြည်ပပြန်ကျောင်းဆရာအဖွဲ့သည် ရဲဘော်ဘခက်၏ တင်ပြချက်များကို မခံမရပ်နိုင်ဖြစ် လာကြပြီး ချက်ချင်းပင် ပုဒ်မအမျိုးမျိုးတပ်၍ စွပ်စွဲ ကြတော့သည်။
၁၉၆၆ ခုနှစ်၊ မေလ ၁ဝ ရက် နံနက် ၈ နာရီတွင် ဗဟိုဌာနချုပ်၌ ပေါ်လစ်ဗျူရိုအဖွဲ့ အစည်းအဝေး ကျင်းပရာ တက်ရောက်သူများမှာ အောက်ပါအတိုင်း ဖြစ်သည်။(၁။  သခင်သန်းထွန်း၏နောက်ဆုံးနေ့များ၊ ပထမတွဲ စာမျက်နှာ ၃၉ဝ။)
(၁)     သခင်သန်းထွန်း
(၂)     ရဲဘော်ဌေး
(၃)     သခင်ချစ်
(၄)     ရဲဘော်ဘတင်(ခေါ်)ဂိုရှယ်
(၅)     ရဲဘော်အောင်ကြီး
(၆)     ရဲဘော်မြ
(၇)     ဗိုလ်ရန်အောင်
(၈)     သခင်ပု
ရဲဘော်မြသည် အစည်းအဝေးသို့ နှစ်ရက်သာ တက်ရပြီး သခင်သန်းထွန်း၏ ညွှန်ကြားချက်အရ တောင်ငူခရိုင်သို့ ခရီးထွက်သွားရသည်။ သခင် သန်းထွန်းက '၅၅ အာဏာဆုံးဖြတ်ချက်ကို အမြန်ဆုံး နှင့် ချက်ချင်းဖျက်ပစ်ဖို့လိုသည်' ဟူသော စာတမ်းကို တင်ပြသည်။
ရဲဘော်ဘတင်(ဂိုရှယ်)ကလည်း 'နိုင်ငံတော် အာဏာနှင့်ပတ်သက်တဲ့ ဥက္ကဋ္ဌရဲ့ စာတမ်းအပေါ် ဝေဖန်ချက်အချို့' ဟူ၍ ရေးသားတင်ပြတော့သည်။  နိုင်ငံတော်အာဏာသည်  ပစ္စည်းမဲ့အာဏာနှင့် အရင်း ရှင်အာဏာနှစ်မျိုးသာ ရှိသည်ဟူသော ပြည်ပ ပြန်တို့၏ အဆိုအမိန့်နှင့်နိုင်ငံတော်အာဏာသည် ပစ္စည်းမဲ့ အာဏာနှင့် အရင်းရှင်အာဏာများအပြင် တော်လှန် ရေးသမားများက ဦးဆောင်သော လူတန်းစား စုံပူးတွဲ အာဏာတစ်မျိုးရှိသေးသည်ဟူသော ၅၅ ဆုံးဖြတ် ချက်တို့၏ တိုက်ပွဲမှာ များစွာပြင်းထန်၍လာသည်။
ဂိုရှယ်က သခင်သန်းထွန်း၏ ရပ်တည်ချက်ကို ''ဥက္ကဋ္ဌရဲ့ရပ်တည်ချက်ဟာ သစ္စာဖောက်ထရော်စကီ ရဲ့ အမြဲတမ်း တော်လှန်ရေးဆိုတဲ့ လက်ဝဲအချောင် သမားဝါဒတို့ကို တပေါင်းတည်းပေါင်းထားတဲ့ အဆိုး ရွားဆုံးရောကျော်အချောင်သမားဝါဒသာလျှင် ဖြစ်ပါ တယ်၊ ဒါဟာ မာ့ခ်စ်ဝါဒ၊ လီနင်ဝါဒကိုလက်ယာ၊ လက်ဝဲ နှစ်ဖက်က တစ်ပြိုင်တည်း ပြန်လည်ပြင်ဆင်တာသာ ဖြစ်ပါတယ်၊''(၂။သခင်သန်းထွန်း၏နောက်ဆုံးနေ့များ၊ ပထမတွဲ စာမျက်နှာ ၃၉၉။)ဟု ဝေဖန်ခဲ့သည်။ သခင်သန်းထွန်းသည် ဖောက်ပြန်သောရပ်တည်ချက်ကို စွဲကိုင်ထားခြင်းဖြင့် မာ့ခ်စ်လီနင်ဝါဒကို လုံးဝ စွန့်ပစ်နေသည်ဟုလည်း ဆိုသည်။ ဥက္ကဋ္ဌသခင်သန်းထွန်းသည် ကွန်မြူနစ် သိက္ခာကို ဆန့်ကျင်ပြီး အလွန်ကောက်ကျစ်စဉ်းလဲတဲ့ လိမ်ညာတဲ့နည်းကို အသုံးပြုနေသည်။ ဥက္ကဋ္ဌ၏ အယူ ဝါဒရေးနှင့် နိုင်ငံရေးခေါင်းပါးမှုတို့ကို ဖုံးကွယ်ရန် ယခုကဲ့သို့ လိမ်ညာသည် စသဖြင့် ဂိုရှယ်က ပြင်းထန် သော စကားလုံးများ သုံးစွဲတိုက်ခိုက်ဝေဖန်ခဲ့သည်။
''ကျွန်တော်ရဲ့ခံစားချက်ကိုပြောရရင်ဖြင့် ဗမာ ပြည်ကွန်မြူနစ်ပါတီရဲ့ အသုဘအခမ်းအနားကို တက် ရောက်နေရသလိုခံစားရတယ်''ဟုလည်းပြောကြား ခဲ့သည်။
ဂိုရှယ်သည် ဗဟိုကော်မတီအဖွဲ့ဝင်တစ်ဦးချင်း၏ ရပ်တည်ချက်ကိုလည်းတင်ပြသည်။ သခင်ချစ်၊ ရဲဘော် ဌေး၊ ရဲဘော်အောင်ကြီး၊ ရဲဘော်ရန်အောင်တို့၏ ရပ်တည်ချက်များကို  ရှင်းပြသည်။  ဂိုရှယ်သည် ''ကျွန်တော့်ကိုသတ်ပစ်တောင်မှ ကျွန်တော့်ရဲ့ယုံကြည် ချက်ကိုမစွန့်ပစ်နိုင်ဘူး''(၁။သခင်သန်းထွန်း၏ နောက်ဆုံး နေ့များ၊ ပထမတွဲ စာမျက်နှာ ၄ဝ၈။) ဟု ပြော၍ ယင်း၏ရပ်တည် ချက်ကို အခိုင်အမာတင်ပြခဲ့သည်။
        ၁၉၆၇ ခုနှစ်၊ မတ်လ ၂၉ ရက်တွင်  ဗဟိုဌာနချုပ် သည် ဗဟိုမာ့ခ်စ်လီနင်ဝါဒကျောင်းနှင့်အတူ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၏တောင်ဘက်အစွန်းနှင့် သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၏မြောက်ဘက် စွန်းရှိ ကွင်းသာချောင်းကွေ့တွင် လဲပင်စခန်းအမည် ဖြင့် ပြောင်းရွှေ့အခြေပြုထားပြီးဖြစ်သည်။ ထိုနေ့တွင် အခြေခံလုပ်ငန်းစဉ်များနှင့်    စည်းမျဉ်းဥပဒေအစည်းအဝေးကိုကျင်းပသည်။ အစည်းအဝေးသို့ ဒုတိယပတ် ဗဟိုမာ့ခ်စ်လီနင်ဝါဒကျောင်းမှ ကျောင်းဆရာအဖွဲ့၊ ကျောင်းသားများ၊ တိုင်းကော်မတီများနှင့် ဗဟိုဌာနချုပ်စခန်းပါတီ ကော်မတီများလာရောက် တက်ရောက်ကြရပြီး လူ၅ဝ ခန့်တက်ရောက်သည်။ သဘာပတိမှာ သခင်သန်းထွန်းဖြစ်ပြီး အခမ်းအနားမှူးမှာ ရဲဘော်ထွန်းရှိန်(ရဲဘော်ဖေငြိမ်း)ဖြစ်သည်။ သခင် သန်းထွန်းက ယခုအစည်းအဝေးသည် ပါတီကွန်ဂရက် လက္ခဏာကိုဆောင်သည်ဟုဆိုသည်။ သို့သော် ပါတီ ကွန်ဂရက်မှာ လွတ်လပ်ရေးမရခင်က နှစ်ကြိမ်သာ ကျင်းပနိုင်ခဲ့ပြီး  လွတ်လပ်ရေးရပြီးနောက်တွင် တစ်ကြိမ်မျှ မကျင်းပနိုင်ခဲ့ပေ။ ရဲဘော်အောင်ကြီးက  ပါတီပေါ်လစ်ဗျူရိုအဖွဲ့ကို  ကိုယ်စားပြု၍ အခြေခံ လုပ်ငန်းစဉ်နှင့်  စည်းမျဉ်းဥပဒေကို  အသေးစိတ် ဆွေးနွေးသည်။ ၁၉၆၇ ခုနှစ်၊ ဧပြီလ၂ ရက်တွင် ရဲဘော်အောင်ကြီး တင်ပြသော ဗမာပြည်ကွန်မြူနစ် ပါတီ၏အခြေခံလုပ်ငန်း စဉ်စည်းမျဉ်း ဥပဒေကြမ်း (မူကြမ်း)ကို ကျောင်းဆရာအဖွဲ့နှင့် ကျောင်းသားများက ထောက်ခံဆွေးနွေးကြသည်။
၁၉၆၇ ခုနှစ်၊ ဧပြီလ ၄ ရက်တွင် ရဲဘော်ဘခက် သည် ဗဟိုဌာနချုပ်စခန်း ကော်မတီအတွင်းရေးမှူး ဖြစ်သော  ရဲဘော်ထွန်းရှိန်(ဖေငြိမ်း) မှတစ်ဆင့်  ရဲဘော်အောင်ကြီးတင်ပြသော အခြေခံလုပ်ငန်းစဉ်   နှင့် စည်းမျဉ်း ဥပဒေကို အခြေခံအားဖြင့် ဆန့်ကျင် ကန့်ကွက်ကြောင်း  တင်ပြလိုက်ရာ  ဗဟိုဌာနချုပ်    တစ်ခုလုံးမှာလှုပ်ရှားသွား တော့သည်။ ထိုနေ့ညတွင် တပ်နီလူငယ်များသည်-
          ''၅၅ ပြန်ပြင်ရေးသမားတွေ ထုတ်ပစ်-ထုတ်ပစ်''
          ''ငြိမ်းချမ်းရေးသမားတွေ ထုတ်ပစ်-ထုတ်ပစ်''
          ''တော်လှန်ရေး စစ်တံခွန်ကို လွှင့်ထူကြ- လွှင့်ထူကြ''
စသဖြင့်  ဒေါသကြီးစွာ  ကြွေးကြော်ကြရာ    ရဲဘော်ဌေးသည်  သခင်သန်းထွန်းနှင့်  ရဲဘော် အောင်ကြီးတို့၏အစီအစဉ်ဖြင့်  လှုပ်ရှားဖန်တီးမှု        ကို မကျေမနပ်ဖြစ်လာရသည်။ ငှက်ဖျားတက်နေသော ဗိုလ်ရန်အောင်သည်လည်း  မခံမရပ်နိုင်အောင်ဖြစ် လာသည်။ ၁၉၆၇ ခုနှစ်၊ ဧပြီလ ၅ ရက် နံနက် ဝ၇၃ဝ နာရီတွင်  အစည်းအဝေးကို  ဆက်လက်ကျင်းပ ပြန်သည်။ ထိုနေ့တွင် ဗိုလ်ရန်အောင်သည် အစည်း အဝေးကိုပြင်းထန်စွာကန့်ကွက်ပြီး အစည်းအဝေးမှ  ဒေါသဖြစ်စွာဖြင့် ထွက်ခွာသွားသည်။ ရဲဘော်ဘခက် ကလည်း ဆက်လက်ကန့်ကွက်ပြီး တော်လှန်ရေး ကောင်စီအပေါ် သဘောထားနှင့်ပတ်သက်၍ တစ်ဖက် နိုင်ငံမှ ခေါင်းဆောင်တစ်ဦးလာရောက်စဉ် ပြောကြား ခဲ့သော  မိန့်ခွန်းကိုဖတ်ပြရာ  တပ်နီလူငယ်များက ဆူညံရင့်သီးစွာ ကန့်ကွက်ကြသည်။
၁၉၆၇ ခုနှစ်၊ ဧပြီလ ၆ ရက်တွင် သခင်သန်းထွန်း နှင့်ရဲဘော်အောင်ကြီးသည် ဘခက်ဆန့်ကျင်ရေး လှုပ်ရှားမှုကို စတင်တော့သည်။ တပ်နီလူငယ်များက ရဲဘော်ဘခက်အား ရင့်သီးစွာစွပ်စွဲပြောဆိုပြီး ထုတ်ပစ်     ရန်ြေ<ွကးကြော်ကြသည်။ စင်စစ် သခင်သန်းထွန်း     နှင့်  ရဲဘော်အောင်ကြီးသည်  ပြည်ပမှချမှတ်ပေးသော  လမ်းစဉ်များကို  ဗဟိုမှခေါင်းဆောင်ကြီးများက လက်ခံ လာကြစေရန်အတွက် တပ်နီလူငယ်များ၊ အမျိုးသမီး များကို မြှောက်ပင့်သွေးထိုး၍ အကြမ်းဖက်ဖိအားပေး ဆောင်ရွက်ခြင်းပင်တည်း။
ပါတီတွင်း လုပ်ကြံမှုကြီး      (၁။သခင်သန်းထွန်း၏နောက်ဆုံးနေ့များ၊ ပထမတွဲ စာမျက်နှာ ၄၃၁ မှ ၅၂၆။)
၁၉၆၇ ခုနှစ်၊ ဧပြီလ ၂၇ ရက် နံနက် ၇ နာရီ အချိန်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ ဌာနချုပ်စခန်း၌ ပေါ်လစ်ဗျူရိုအဖွဲ့ အစည်းအဝေးကို အရေးတကြီး ကျင်းပကြသည်။ အစည်းအဝေးတက်ရောက်သူများ   မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ပေါ်လစ်ဗျူရိုအဖွဲ့မှ-
(၁)     သခင်သန်းထွန်း
(၂)     သခင်ဇင်
(၃)     သခင်ချစ်
(၄)     ရဲဘော်ဘတင်(ဂိုရှယ်)
(၅)     ရဲဘော်ဌေး တို့ဖြစ်ကြပြီး
ဗဟိုကော်မတီအဖွဲ့ဝင်များမှ-
(၁)     ရဲဘော်အောင်ကြီး
(၂)     သခင်ပု
(၃)     ဗိုလ်ရန်အောင် တို့ဖြစ်ကြသည်။
အစည်းအဝေးကျင်းပချိန်တွင် တပ်နီလူငယ်များ နှင့် ကင်းတပ်သားများသည် လက်နက်များကိုင်ဆောင် ပြီး အသင့်နေရာယူထားကြသည်။ အစည်းအဝေး စသည်နှင့် သခင်သန်းထွန်းက ဧပြီလ ၂ ရက် ပေါ်လစ် ဗျူရိုအဖွဲ့ ဆုံးဖြတ်ချက်ကို ကြေညာပြီး ဂိုရှယ်နှင့် ရဲဘော်ဌေးတို့က ဧပြီလ ၂ ရက် ဆုံးဖြတ်ချက်နှင့် ပတ်သက်သော မိမိတို့၏ခံယူချက်နှင့် သဘောထား   များကို တင်ပြကြသည်။ ဂိုရှယ်က မိမိနှင့် ဗဟိုကျောင်း ကို မဆန့်ကျင်ကြောင်း၊ မိမိအား ခေါင်းမာသည့် ပြန်လည်ပြင်ဆင်ရေးသမားဟု စွပ်စွဲတာ မမှန်ကြောင်း၊ ဂိုဏ်းဖွဲ့ခြင်းလည်းမရှိကြောင်း   ရှင်းလင်းခဲ့သည်။ ရဲဘော်ဌေးကလည်း မိမိသည် ၅၅ လမ်းစဉ်ကို ခေါင်းမာစွာ ဆုပ်ကိုင်ထားခြင်းမဟုတ်ကြောင်း၊ ပါတီ ကို မဆန့်ကျင်ကြောင်း၊ ဆုံးဖြတ်တာကိုနာခံမည်ဖြစ် ကြောင်း တင်ပြခဲ့သည်။ ဗိုလ်ရန်အောင်ကလည်း မိမိ သည် ၆၅-၆၆ ခုနိုင်ငံခြားရေးကို ထောက်ခံသော်လည်း  ယဉ်ကျေးမှုဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း၊ ဂိုဏ်း မဖွဲ့ကြောင်း ယဉ်ကျေးမှုတော်လှန်ရေးဆုံးဖြတ်ချက်    ကို ပြန်ရေးပြီးမှ အဖြေပေးလိုကြောင်း တင်ပြခဲ့သည်။
ယင်းအစည်းအဝေးသို့ ရဲဘော်ဘခက်ကိုလည်း တက်ရောက်စေခဲ့သည်။  ထိုအချိန်တွင်  ရဲဘော် Óဏ်ကျော်(ရဲဘော်ညိုအောင်)၏ တဲတွင် စခန်းပါတီ ကော်မတီအစည်းအဝေး ကျင်းပကြရာ ရဲဘော်ထွန်းရှိန်၊  ရဲဘော်Óဏ်ကျော်၊ ဗိုလ်တင်မောင်တို့က ရဲဘော်ဘခက်ကို ပြန်ပြင်ရေးသမားဖြစ်သောကြောင့် ဗဟိုရုံးအုပ် အဖြစ်က ထုတ်ပစ်ကြောင်း၊ စခန်းပါတီကော်မတီက ထုတ်ပစ်ကြောင်း၊ သေနတ်သိမ်းကြောင်း၊ စခန်းပါတီ ကော်မတီ၏ ကြီးကြပ်မှုအောက်မှာနေရမည်ဖြစ် ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ ရဲဘော်ဘခက်သည် လက်ရှိတာဝန်မှ ဖြုတ်ပစ်ခြင်းကို ခံရပြီး စခန်းပါတီ ကော်မတီမှ ထုတ်ပစ်ခြင်းကိုလည်းခံရသည်။ ထိုအချိန် မှစ၍လည်း အကျယ်ချုပ်ဖြင့်သာ နေရတော့သည်။
သခင်သန်းထွန်းက စခန်းလုံးကျွတ်အစည်းအဝေး ကိုခေါ်ယူလိုက်ပြီး ''ကနေ့ ပါတီထဲမှာ သမိုင်းဝင် တော်လှန်ရေးကြီးကို ဆင်နွှဲလိုက်ပြီ'' ဟုကြေညာ လိုက်သည်။ ထို့နောက် ဦးပိန်(ခေါ်)ဘတင်(ခေါ်)ဂိုရှယ်၊ ဦးစိန်(ခေါ်)ရဲဘော်ဌေးနှင့်ရဲဘော်ဘခက်တို့နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ကို ဖတ်ပြသည်။*(*ဂိုရှယ်အား ဦးပိန်၊ ရဲဘော်ဌေးအား ဦးစိန်စသည်ဖြင့် ခေါ်ခြင်းမှာ လုံခြုံရေးအရ အမည်ပြောင်းထားခြင်း ဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီသည် ခေါင်းဆောင်များအား လုံခြုံရေးအရ မကြာခဏ အမည်ပြောင်းလေ့ရှိသည်။) ယင်း ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ရေးသမား ထိပ်သီးများကို ဗဟိုကော်မတီအဖွဲ့မှ ထုတ်ပစ်ခြင်းနှင့် ပတ်သက်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဦးဆောင်အဖွဲ့၏ဆုံးဖြတ်ချက်ဟု ခေါင်းစဉ်တပ်ထားသည်။
ဆုံးဖြတ်ချက်တွင် ဂိုရှယ်သည် ၆၄ လမ်းစဉ်က ၅၅ လမ်းစဉ်၏အဓိကသော့ချက်များကို ရိုက်ချိုးခြင်း အား ဆန့်ကျင်ကြောင်း၊ ၆၅ ခုနှစ်၊ ဇွန်လ ဆုံးဖြတ်ချက် ကို ဆန့်ကျင်ကြောင်း၊ ၆၆ ခုနှစ်၊ မေလ ဆုံးဖြတ်ချက် ကို ဆန့်ကျင်ကြောင်း၊ အခြေခံလုပ်ငန်းနှင့်စည်းမျဉ်း ဥပဒေကိုဆန့်ကျင်ကြောင်း၊ ဗမာပြည်ပြန်လည်ပြင်ဆင် ရေးဝါဒကို တိုက်ဖျက်ရန်ဖြစ်သော ၆၇- တစ်ဖက်နိုင်ငံ ယဉ်ကျေးမှုတော်လှန်ရေးနှင့်ပတ်သက်သည့် ဆုံးဖြတ် ချက်ကို ဆန့်ကျင်ကြောင်း၊ ဗဟိုကျောင်းကို ဆန့်ကျင် ကြောင်း၊ ၅၅ လမ်းစဉ်သည် ပြန်လည်ပြင်ဆင်ရေးဝါဒ ဖြစ်သည်ဟူသော အဆိုကို ဆန့်ကျင်ကြောင်း စသဖြင့် စွပ်စွဲထားသည်။ ထို့နောက် ဂိုရှယ်ကို ဗဟိုကော်မတီ မှ ထုတ်ပစ်ပြီး၊ ဗဟိုကော်မတီတစ်ဦး၏ အခွင့်အရေး နှင့်အာဏာများကို ရုပ်သိမ်းလိုက်တော့သည်။ နောက်ဆုံးအခွင့်အရေးအဖြစ် မိမိကိုယ်ကို ပြန်လည် ဆန်းစစ်ရန်နှင့် သက်ဆိုင်ရာပါတီ အခြေခံအဖွဲ့အစည်း  က ကြီးကြပ်ထားရန် ဆုံးဖြတ်လိုက်သည်။ ပြန်ပြင်ရေး ဝါဒကို  ဆက်လက်စွဲကိုင်ထားပါက  အပြီးအပိုင်  ထုတ်ပစ်မည်ဟုလည်း သတိပေးလိုက်သည်။
ရဲဘော်ဌေးကိုမူ ၆၄ လမ်းစဉ်ကို ထောက်ခံ သော်လည်း ၆၅ ဆုံးဖြတ်ချက်ကို အပြည့်အဝသဘော မတူဘဲ ထောက်ခံမဲပေးခြင်း၊ ၆၆ ဆုံးဖြတ်ချက်ကို ထောက်ခံမဲမပေးခြင်း၊ ၆၇ တစ်ဖက်နိုင်ငံယဉ်ကျေးမှု တော်လှန်ရေးကို ဆန့်ကျင်ခြင်း၊ ၅၅ လမ်းစဉ်သည် ပြန်ပြင်ရေးဝါဒတစ်ခုဖြစ်သည် ဟူသော အဆိုကို ဆန့်ကျင်ခြင်း၊ ၆၅ ဆုံးဖြတ်ချက်နှင့် ၆၆ ဆုံးဖြတ်ချက်ကို ယခင်က ထောက်ခံခဲ့ပြီးမှ ပြန်လည်ရုပ်သိမ်းခြင်း စသည်တို့ကို ကျူးလွန်သည်ဟု စွပ်စွဲလိုက်သည်။ ရဲဘော်ဌေးသည် ၅၅ ပြန်လည်ပြင်ဆင်ရေးဝါဒကို ခေါင်းမာစွာ ဆုပ်ကိုင်ထားသဖြင့် ဗဟိုကော်မတီမှ ဖြုတ်ပစ်လိုက်သည်ဟု  ဆုံးဖြတ်ခံရသည်။  ဗဟို ကော်မတီ၏အခွင့်အရေးနှင့် အာဏာကိုလည်း ဂိုရှယ် ကဲ့သို့ ရုပ်သိမ်းခံရပြီး၊ မိမိကိုယ်ကို ပြန်လည်ဆန်းစစ် ရန်၊ သက်ဆိုင်ရာ အခြေခံပါတီအဖွဲ့ အစည်းက ကြီးကြပ်ရန်တို့ဖြင့် အရေးယူခံခဲ့ရသည်။ ရဲဘော်ဌေး သည် ဆက်လက်အန်တုပါက ပါတီမှ အပြီးအပိုင် ထုတ်ပစ်မည်ဟုလည်း ဆိုသည်။
ရဲဘော်ဘခက်ကိုလည်း ၅၅ လမ်းစဉ်သမား ဖြစ်ပြီး တော်လှန်ရေးကောင်စီဥက္ကဋ္ဌကို မိတ်ဆွေကဲ့သို့ သဘောထားသည်ဟု စွပ်စွဲကာ ဗဟိုရုံးအုပ်အဖြစ်မှ ဖြုတ်ပြီး လက်နက်သိမ်းလိုက်သည်။ စခန်းပါတီ ကော်မတီမှ လည်း ထုတ်ပစ်ကာ အကျယ်ချုပ်ထား လိုက်သည်။
ဖော်ပြပါဆုံးဖြတ်ချက်သည် အခြေခံနိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်သုံးဦးဖြစ်သော သခင်သန်းထွန်း၊ သခင်ဇင်၊ သခင်ချစ်တို့က ရဲဘော်အောင်ကြီး၊ သခင်ပု နှင့် ဗိုလ်ရန်အောင်တို့၏ ထောက်ခံမှုဖြင့် ဆုံးဖြတ်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။ ''ဂိုရှယ်၊ ရဲဘော်ဌေးနှင့် ရဲဘော်ဘခက်တို့သည် ပြည်ပမှ ကွန်မြူနစ်ပြန်လည် ပြင်ဆင်ရေးသမားများနှင့်တူသည်ဟုလည်း စွပ်စွဲထား သည်'' ဟု ပြည်ပပြန် ဗိုလ်ထွန်းငြိမ်းကလည်း ဂိုရှယ်၊ ရဲဘော်ဌေးနှင့်ရဲဘော်ဘခက်တို့အား ကူမင်တန်များက လက်နက်ချခဲ့သည့် ပြည်ပလမ်းကို လိုက်မလား၊ ကူမင်တန်တပ်များ လက်နက်မချသဖြင့် တရုတ်ပြည်သူ့ တပ်မတော်က အပြီးအပိုင်ချေမှုန်းခဲ့သည့် တီယင်စင် လမ်းကို လိုက်မလားဟု တင်းမာစွာ မေးခဲ့သည်။ တပ်ဦးလူငယ်များကလည်း ငပိန်ကြီးကို ထုတ်ပစ်၊ သတ်ပစ်၊ ကုလားကြီးငပိန်(ဂိုရှယ်)ကိုသတ်၊ ငစိန် (ရဲဘော်ဌေး)ကိုသတ်၊ ဘခက်ကိုသတ်၊ ဥက္ကဋ္ဌကြီး သခင် သန်းထွန်းသက်တော်ရာ ကျော်ရှည်ပါစေ စသည်ဖြင့် ကြွေးကြော်ကြသည်။
ပဲခူးရိုးမတိုင်းကော်မတီဝင် ရဲဘော်သက်ကလည်း ဂိုရှယ်တို့ သုံးဦးအား အပြီးအပိုင်ချေမှုန်းရန် တာဝန် ယူသည်ဟု ပြောခဲ့သည်။ ရဲဘော်မြမောင်၊ သရက်ခရိုင် မှ ဗိုလ်နေဝင်း၊ တောင်ငူခရိုင်မှ ဗိုလ်မင်းမောင် စသော ပါတီခေါင်းဆောင်ငယ်များအပြင် ရဲဘော်ထွန်းကျော် (စိုးဝင်း၊ လူထုဦးလှ၊ ဒေါ်အမာသား)၊ မောင်ခင်ကျော် (တက်တိုး)တို့ကလည်း သစ္စာဖောက်များကို သတ်ပစ် ဟု တောင်းဆိုကြသည်။
သခင်သန်းထွန်းနှင့် ပြည်ပပြန်များသည် တပ်နီ လူငယ်နှင့် အမျိုးသမီးများကို မြှောက်ပင့်သွေးထိုးပေး ၍ ဂိုရှယ်၊ ရဲဘော်ဌေးနှင့် ရဲဘော်ဘခက်တို့သုံးဦးအား စွဲချက်အမျိုးမျိုးတင်ကာ ဖမ်းဆီးချုပ်နှောင်ထားလိုက် တော့သည်။ ၁၉၆၇ ခုနှစ်၊ မေလ ၁ ရက်တွင် ဗဟို ဌာနချုပ်၌    အလုပ်သမားနေ့အခမ်းအနားကို       ကျင်းပရာ  ရဲဘော်ဌေး၏ သားငယ်ဖြစ်သော မောင်နိုင် (ခေါ်)မောင်ချစ်(ခေါ်)ဖိုးထူးက  တော်လှန်သော  အဇာတသတ်ဘွဲ့ ကိုပေးကြပါဟု ဆိုသည်။
တပ်နီအမျိုးသမီးအဖွဲ့ဝင် မခင်ပုကလည်း ဂိုရှယ် ကို အောက်ပါအတိုင်းစွပ်စွဲပြန်သည်။
''ဟေ့ ငပိန် နင်က ငါတို့သာယာဝတီခရိုင် အမျိုးသမီးတွေ ဘဝဟစ်တိုင်လှုပ်ရှားမှုမှာ ရန်သူကို နာကြည်းကြလွန်းလို့ ပေါက်ကွဲတာ ကို နင်ကလင်တရူးတွေ တဏှာကြောထသူ တွေလို့ ပြောတယ်မဟုတ်လား၊ နင့်ကို ငါတို့ ကိုယ်တိုင်သတ်မယ် မကျေဘူး၊ နင့်ကို သေနတ် နဲ့လည်း မပစ်ဘူး၊ ဓားနဲ့လည်း မခုတ်ဘူး၊  ငါတို့  စီးတဲ့ဖိနပ်တွေနဲ့ကို  အသေရိုက် သတ်မယ်''
စင်စစ် ဂိုရှယ်သည် ဘဝဟစ်တိုင်လှုပ်ရှားမှုအား စိတ္တဇရောဂါတစ်မျိုးဖြစ်သည့် ဟစ်စတီးရီးယား (HYSTERIA) ဟုသာ ပြောခဲ့ခြင်းဖြစ်သည်။ သို့သော် သခင် သန်းထွန်းက ဟစ်စတီးရီးယားဟု ဂိုရှယ်ပြောခြင်းမှာ လင်တရူးတွေ၊ တဏှာကြောထိသူတွေဟုဆိုလိုကြောင်း တပ်နီအမျိုးသမီးများကို ဘာသာပြန်ပေးခဲ့သည်။ ၁၉၆၇ ခုနှစ်၊ မေလ ၁၅ ရက်တွင် သခင်သန်းထွန်း တို့လူစုသည် 'မဟာပစ္စည်းမဲ့ယဉ်ကျေးမှုတော်လှန်ရေး ကြီးနှင့်ပတ်သက်သည့် ဗမာပြည်ကွန်မြူနစ်ပါတီဗဟို ကော်မတီနိုင်ငံရေး ဦးဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်' ကို ထုတ်ပြန်ကြပြန်သည်။ ယင်းဆုံးဖြတ်ချက်တွင် မော်စီတုံး အတွေးအခေါ်ဆန့်ကျင်သူများကို ပြတ်ပြတ်သားသား တိုက်ခိုက်ရမည်ဟု လမ်းညွှန်ထားသည်။
ဂိုရှယ်၊ ရဲဘော်ဌေးနှင့် ရဲဘော်ဘခက်တို့အား နေပူထဲတွင် ကြိုးတုပ်၍ ချုပ်နှောင်ထားရာ တပ်နီ လူငယ်များသည် အချို့က တံတွေးနှင့်ထွေးပြီး၊ အချို့ က မကြာခဏလာရောက်ဆဲဆိုနေကြသည်။ ရဲဘော် ဌေးက အပြင်းဖျားသဖြင့် သားငယ်ဖိုးထူးကို တွေ့ခွင့် တောင်းရာ ဖိုးထူးကသစ္စာဖောက်ကို မတွေ့ချင်ဟု  ဆိုပြီး အစာငတ်၊ ရေငတ်ထားရန်ပင်ပြောခဲ့သည်။ ဂိုရှယ်က ကျန်းမာရေးအခြေအနေဆိုးရွားသဖြင့် ဆေးဝါးကုသခွင့် တောင်းသော် လည်း သခင်သန်းထွန်းကခွင့်မပြုခဲ့ပေ။ ဂိုရှယ်တို့သုံးဦးမှာ အစာငတ်၊ ရေငတ် ချုပ်နှောင်ထားခြင်း ခံရသဖြင့် ပို၍ပင် အခြေအနေ ဆိုးရွားလာသည်။ သခင်သန်းထွန်းဂိုဏ်းမှာမူ ဂိုရှယ် တို့ သုံးဦးအား အခမ်းအနားဖြင့် မကြာခဏ စွဲချက် တင်နေကြသည်။
၁၉၆၇ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် ရဲဘော်ဘခက် သည် လွတ်မြောက်ထွက်ပြေးပြီး တပ်မတော်ထံသို့ အလင်းဝင်သွားတော့သည်။ ရဲဘော်ဘခက်က ဗမာ ပြည်ကွန်မြူနစ်ပါတီ၏ ယိုယွင်းနေသော အခြေအနေ များကို ပြည်သူသို့ အသံလွှင့်၍တင်ပြရာ ပြည်သူ တစ်ရပ်လုံးမှာ  တအံ့တသြဖြစ်နေကြတော့သည်။ သခင်သန်းထွန်းတို့   လူစုကား   ရဲဘော်ဘခက် လွတ်မြောက်ထွက်ပြေးသွားသဖြင့် ဗဟိုဌာနချုပ်ကို တောင်ညိုဒေသ ဆင်သေချောင်းဖျား သို့ အမြန်ပြောင်း ရွှေ့ပြီး ရဲဘော်ဌေးနှင့် ဂိုရှယ်ကို အမြန်သတ်ရန် စီစဉ် ကြရတော့သည်။
၁၉၆၇ ခုနှစ်၊ ဇွန်လ ၁ဝ ရက်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ၏တော်လှန်သော နိုင်ငံရေးဦးဆောင် အဖွဲ့သည် စိန်ပိန်ပြန်လည် ပြင်ဆင်ရေးဂိုဏ်း ဆန့်ကျင် ရေးတိုက်ပွဲ သဘာပတိအဖွဲ့နှင့် ဦးစီးအဖွဲ့ကို အောက်ပါ အတိုင်း ဖွဲ့စည်းလိုက်သည်။(၁။ သခင်သန်းထွန်း၏နောက်ဆုံးနေ့များ၊ ပထမတွဲ စာမျက်နှာ ၄၉၁၊ ၄၉၂။)
သဘာပတိအဖွဲ့
၁။       သခင်ဇင်         ဥက္ကဋ္ဌ
၂။       သခင်ချစ်        အဖွဲ့ဝင်
၃။       သခင်ပု အဖွဲ့ဝင်
တိုက်ပွဲဦးစီးအဖွဲ့
၁။       ရဲဘော်ထွန်းရှိန်(ဖေငြိမ်း) အတွင်းရေးမှူး
၂။       ရဲဘော်Óဏ်ကျော်(ညိုအေး)
၃။       ဗိုလ်တင်မောင်(သိန်းထွန်း)
၎။       ရဲဘော်ညို
၅။       ရဲဘော်ရှိန်
၆။       ရဲဘော်ဌေးညွန့်(အေးလွင်)
၇။       ရဲဘော်ထွန်းရီ(ထွန်းသာ)
၈။       ရဲဘော်ထွန်းမြင့်(တင်ထွန်း)
၉။       ရဲဘော်မြမောင်(တင်ထွန်း)
မှတ်တမ်းကော်မတီ
၁။       ရဲဘော်ကျော်ခင်(ဘိုးသာ)
၂။       ရဲဘော်ထွန်းကျော်
          (စိုးဝင်း၊ လူထုဦးလှ ဒေါ်အမာသား)
၃။       ရဲဘော်တင်ဟန်(အောင်သိန်းနိုင်)
ရဲဘော်ထွန်းရှိန်(ခေါ်)ဖေငြိမ်းက အသင့်ရေးယူ လာသည့် တိုက်ပွဲဦးစီးအဖွဲ့၏ သဘောထားနှင့်စွဲချက် ကို တင်ပြသည်။ ရဲဘော်ထွန်းရှိန်၏တင်ပြချက်မှာ ရဲဘော်ဌေးနှင့်ဂိုရှယ်ကို သတ်သင့်ကြောင်း၊ ရဲဘော် ဘခက်ကို ရာဇဝတ်သားအဖြစ်သတ်မှတ်၍ တွေ့ရာ သင်္ချိုင်းဓားမဆိုင်း သုတ်သင်ရမည်ဖြစ်ကြောင်း စသည် တို့သာ ဖြစ်သည်။ ၁၉၆၇ ခုနှစ်၊ ဇွန်လ ၁ဝ ရက်မှ ၁၅ ရက်အထိ ကာလသည် စိန်ပိန်ပြန်လည်ပြင်ဆင် ရေးဂိုဏ်း ဆန့်ကျင်ရေးတိုက်ပွဲ၏ ပြင်ဆင်ရေးလှုံ့ဆော်မှုကာလဖြစ်သည်။ တိုက်ပွဲဦးစီးအဖွဲ့နှင့် မှတ်တမ်း ကော်မတီသည် ပြည်ပရေဒီယိုမှ အသံလွှင့်ပေးလျက် ရှိသော တပ်နီလူငယ်များ၏ လှုပ်ရှားမှုအတိုင်း ဦးဆောင်စီစဉ် လှုပ်ရှားကြရသည်။ ရဲဘော်ထွန်းရီ၊ ရဲဘော်မြမောင်၊ ရဲဘော်တင်အေး၊ ရဲဘော်သက်လွင်၊ ရဲဘော်ထွန်းကျော် (စိုးဝင်း၊ လူထုဦးလှ၊ ဒေါ်အမာသား)၊ ဖိုးထူး (ရဲဘော်ဌေး၏သား)၊ ရဲဘော်Óဏ်ကျော် (ပြည်ပပြန်)တို့က ရဲဘော်ဌေးနှင့် ဂိုရှယ်အား အဓိက စွဲချက်တင်ကြသည်။
ဗိုလ်ရန်အောင်၊ ရဲဘော်အောင်ကြီး၊ သခင်ချစ်၊ သခင်ဇင်၊ သခင်ပုနှင့် သခင်သန်းထွန်းကလည်း စွဲချက် တင်ကြသည်။ ထို့အပြင် ဗဟိုကင်းတပ်၊ တပ်နီလူငယ်၊ တပ်နီအမျိုးသမီးလူငယ် စသော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကလည်း စွဲချက်တင်၍ သွေးချွေး စာရင်းတွက်ကြသည်။ အားလုံးကပင် ရဲဘော်ဌေးနှင့် ဂိုရှယ်အား သတ်ပစ်ရန်ြေ<ွကးကြော်ကြသည်။
ဗိုလ်ရန်အောင်သည် သခင်သန်းထွန်းနှင့် ပြည်ပ ပြန်တို့၏ အလိုကျ အောက်ပါအတိုင်း စွဲချက်တင်ခဲ့ သည်။ (၁။သခင်သန်းထွန်း၏နောက်ဆုံးနေ့များ၊ ပထမတွဲ စာမျက်နှာ ၅ဝ၄၊ ၅ဝ၆။)
 ''စိန်ပိန်တို့က နေဝင်းကို မိတ်ဆွေလို့ပြော တယ်၊ တိုင်း ၃ မှ ခရိုင်ကော်မတီ ၂ဝ ကျော်၊ ရဲဘော် ၃ဝဝ ကျော် ခေါင်းဖြတ်ခဲ့ရတယ်၊ တပ်အင်အား ၁ဝဝဝ နီးပါးပြုတ်ခဲ့ရတယ်၊*(*စင်စစ် ၁၉၅၈ ခုနှစ်အတွင်း ဗိုလ်ညွန့်မောင်ဦးစီးသော တိုင်း ၃ (ခေါ်) အောက်ဗမာပြည်တိုင်း တစ်ခုလုံး လက်နက်ချအလင်းဝင်ခဲ့ကြခြင်းသာ ဖြစ်သည်။)ရွာတွေဟာဆိုလည်း ရွာလုံးကျွတ် အကြိမ်ကြိမ်ပဲ မီးရှို့သတ်ဖြတ်၊ မုဒိမ်းကျင့်ခံခဲ့ရတယ်၊ ဒီ ရာဇဝင်ကြွေးကို ဆပ်ရမယ်၊ ဒါအတွက် စိန်ပိန်ဟာ  သွေးစာရင်းရှင်းရမယ်၊  စိန်ပိန် ခင်ဗျားတို့ ဘယ်လမ်းလိုက်မလဲ၊ ကျွန်တော့် အနေနဲ့ ပြန်လည်ပြင်ဆင်ရေးတိုက်ပွဲ ဦးစီး ကော်မတီရဲ့ တောင်းဆိုချက်ကို လုံးဝသဘော တူတယ်၊ ဘယ်လမ်းလဲဆိုတာကတော့ မြေကြီး ထဲပို့လိုက်ဖို့ပဲ''
ရဲဘော်ဌေး၏သားငယ် ဖိုးထူးကလည်း ရှည်လျား စွာ စွဲချက်တင်ပြီး ဂိုရှယ်နှင့် ရဲဘော်ဌေးအား သေဒဏ် ပေးရန် အောက်ပါအတိုင်း တောင်းဆိုလိုက်သည်-
''သူတို့ကို သေဒဏ်ပေးတဲ့အခါမှာ ကျွန်တော့်ကို တာဝန်ပေးဖို့ တောင်းဆိုပါတယ်၊ အထူးသဖြင့် ပြန်လည်ပြင်ဆင်ရေးဂိုဏ်းကို ကျွမ်းကျွမ်းကျင်ကျင် ခေါင်းဆောင်နေတဲ့ ဦးစိန်(ရဲဘော်ဌေး)ကို သတ်တဲ့အခါမှာ ကျွန်တော့်ကို တာဝန်ပေးဖို့ တောင်းဆိုပါ တယ်''
ဖိုးထူးသည် ဖခင်ဖြစ်သူ ရဲဘော်ဌေး၏ မျက်နှာကို လက်ညှိုးငေါက်ငေါက်ထိုး၍ ''ခင်ဗျားကို ကျုပ်ကိုယ်တိုင် လည်လှီးသတ်မယ်'' ဟု ဒေါနှင့်မောနှင့် အော်ဟစ် ကြုံးဝါးခဲ့သည်။
၁၉၆၇ ခုနှစ်၊ ဇွန်လ ၁၈ ရက် မွန်းတည့် ၁၂ နာရီတွင်ကား ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဌာနချုပ် တည်ရာ ဆင်သေချောင်းဖျားတွင် လူသတ်ပွဲကြီးကို စတင်ကြတော့သည်။ ဂိုရှယ်နှင့် ရဲဘော်ဌေးမှာ လက်ပြန်ကြိုးများ အတုပ်ခံထားရပြီး တပ်နီလူငယ်များက ဆဲဆိုရိုက်နှက်ကြသောကြောင့် ဦးခေါင်းများ ပေါက်ကွဲနေသည်။ သဘာပတိအဖွဲ့ ဥက္ကဋ္ဌ သခင်ဇင်က စွဲချက်တင်နေစဉ် ရဲဘော်ဌေးက ''ကျုပ်တို့ကတော့ ဘယ်အကောင်တွေကိုမှ အားမကိုးဘူး၊ ပြည်ပဆရာကြီး တွေကိုလည်း အားမကိုးဘူး၊ ကျုပ်တို့ ယုံကြည်ချက်နဲ့ ကျုပ်တို့ပဲ'' ဟု ပြောလိုက်ရာ ရဲဘော်ဌေး၏သားဖြစ်သူ ဖိုးထူးအပါအဝင် တပ်နီလူငယ်များက ဝိုင်းဝန်းရိုက်နှက် ကြတော့သည်။ ဖိုးထူးသည် ရဲဘော်ဌေးအား ဝါးရင်း တုတ်ဖြင့် လွှဲရိုက်ခဲ့သည်။ ဂိုရှယ်လည်း အရိုက်ခံရ  သည်။ ဂိုရှယ်က ''ခင်ဗျားတို့ ကျုပ်တို့ကို တစ်ခါတည်း သာ သတ်ပစ်လိုက်ကြပါ၊ ဒီလိုတော့ ညှဉ်းဆဲမနေကြပါ နဲ့'' ဟု တောင်းဆိုခဲ့သည်။
သို့သော် သဘာပတိသခင်ဇင်က ဆက်လက်၍ စွဲချက်တင်ရဦးမည်ဟု ပြန်ကြားခဲ့သည်။ တပ်နီလူငယ် များက ဂိုရှယ်နှင့်ရဲဘော်ဌေးအား ဝိုင်းဝန်းနှိပ်စက် ရိုက်နှက်နေကြစဉ် သခင်သန်းထွန်းက စီရင်ချက်မချ ခင် မသေစေနှင့်ဟု ညွှန်ကြားခဲ့သည်။ ယခုကဲ့သို့ ပေါက်ကွဲကြသည်မှာ ကောင်းသည်ဟုလည်း မှတ်ချက် ချခဲ့သည်။ သခင်ဇင်က ဂိုရှယ်နှင့်ရဲဘော်ဌေးတို့အား ပါတီက အပြီးအပိုင်ထုတ်ပစ်ပြီး ၁၉၆၇ ခုနှစ်၊ ဇွန်လ ၁၈ ရက် နေ့လယ် ၂ နာရီအတွင်းတွင် သုတ်သင်ပစ်ရန် စီရင်ချက် ချမှတ်လိုက်သည်။ ထွက်ပြေးသွားသည့် ရဲဘော်ဘခက်နှင့် သာလှတို့နှစ်ဦးကိုလည်း မဖြစ်မနေ သတ်ဖြတ်ရမည့် ရာဇဝတ်ကောင်များအဖြစ် သတ်မှတ် ဆုံးဖြတ်လိုက်သည်။
ဝိုင်းဝန်းနှိပ်စက် ညှဉ်းပန်းခြင်းခံထားရသဖြင့် ဒဏ်ရာများ  ပြင်းထန်စွာရရှိနေသော  ဂိုရှယ်နှင့် ရဲဘော်ဌေးတို့အား ဗိုလ်တင်မောင်(ခေါ်)ဗိုလ်သိန်းထွန်း ခေါင်းဆောင်သည့် စိန်ပိန်သုတ်သင်ရေးအဖွဲ့က အသင့်တူးထားသော ကျင်းများရှိရာသို့ ဆွဲခေါ်သွားသည်။ ဂိုရှယ်(ခေါ်)ရဲဘော်ဘတင်(ခေါ်)ဦးပိန်သည် နောက်ဆုံးအချိန်တွင် 'နိုင်ငံတကာလူမျိုးစုံ ချစ်ကြည် ရေး' (အင်တာနေရှင်နယ်)သီချင်းကို သီဆိုလိုက်       သည်။  ရဲဘော်ဌေးကလည်း  'ဗမာပြည်ကွန်မြူနစ် ပါတီအဓွန့်ရှည်ပါစေ'ဟု   ကြွေးကြော်လိုက်သည်။ ဗိုလ်တင်မောင်နှင့် အဖွဲ့သည် နိုင်ငံရေးအစဉ်အလာ ကြီးမားခဲ့ပြီး၊ ကွန်မြူနစ်ပါတီ စတင်ထူထောင်စဉ်ကပင် ပါဝင်ခဲ့သော ကွန်မြူနစ်ခေါင်းဆောင်အိုကြီးနှစ်ဦးအား ဓားမြှောင်များဖြင့် ရက်စက်စွာ ထိုးသတ်လိုက်ကြတော့ သည်။
စင်စစ် ဗမာပြည်ကွန်မြူနစ်ပါတီသည် တောခို ခါစကာလ ပြည်သူ့ရဲဘော်(ရဲဘော်ဖြူ)များနှင့် တွဲစဉ် ကပင် လူသတ်ဝါဒကို ကျင့်သုံးခဲ့ပြီးဖြစ်သည်။ အပြစ်မဲ့ ပြည်သူလူထုကိုလည်း အကြိမ်များစွာပင် သတ်ဖြတ်ခဲ့ ကြသည်။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ပေါ်ပေါက်လာသော လူသတ်ဝါဒမှာမူ ပြည်ပပုံတူ ကူးချခြင်း၏ ကွင်းဆက်ဖြစ်ပြီး ဖြုတ်ထုတ်သတ်လမ်းစဉ်မှာမူ ပြည်ပကွန်မြူနစ်ပါတီ၏ ယဉ်ကျေးမှုတော်လှန် ရေးနှင့် ပါတီအပုပ်ချပွဲများ၏ ပြင်းထန်စွာ ဂယက် ရိုက်ခတ်ခြင်းများပင်တည်း။
စိန်၊ ပိန် အငုတ် အတက် သုတ်သင်ရေးလှုပ်ရှားမှု   (၁။ သခင်သန်းထွန်း၏နောက်ဆုံးနေ့များ၊ ပထမတွဲ စာမျက်နှာ ၅၂၉ မှ ၆၄၈။)
သခင်သန်းထွန်းနှင့် ပြည်ပပြန်များသည် ဂိုရှယ် နှင့်ရဲဘော်ဌေးကို သတ်ဖြတ်သုတ်သင်ပြီးနောက် ဗဟို ဌာနချုပ်စခန်းတည်ရာ နတ်တလင်းမြို့နယ် တောင်ညို ဒေသ၊ ဝါးနက်ချောင်းဖျားရောက်ရှိလာသော ပဲခူးရိုးမ တိုင်း အတွင်းရေးမှူး ရဲဘော်မြ(ခေါ်)ရဲဘော်တင်ဦး၊ အနောက်မြောက်တိုင်း အတွင်းရေးမှူး ဒေါက်တာနတ် (ခ)ရဲဘော်ထွန်းမောင်နှင့် ဗိုလ်ဇေယျတို့အား ရဲဘော် ဌေးတို့ကို လုံခြုံစိတ်ချရသောနေရာသို့ ပို့ထားကြောင်း လိမ်ညာခဲ့ကြသည်။ ၁၉၆၇ ခုနှစ်၊ သြဂုတ်လ ၁ဝ ရက် တွင်  ဗဟိုကော်မတီများသာတက်ရောက်ရသည့် အစည်းအဝေး ကျင်းပတော့မှအဖြစ်မှန်ကို ရှင်းပြကြ သည်။ ဒေါက်တာနတ်(ခေါ်)ရဲဘော်ထွန်းမောင်(ခေါ်) ဦးလှက မျက်ရည်ကျရာ တပ်နီလူငယ်များက ပြင်းထန် စွာ ကန့်ကွက်ဆန္ဒပြကြသည်။
ထိုအတောအတွင်း ဗဟိုဌာနချုပ်စခန်းသည် တပ်မတော်၏ထိုးစစ်ကို ရှောင်ကွင်းသောအနေဖြင့် မကြာခဏ ပြောင်းရွှေ့နေရသည်။ ၁၉၆၇ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် စိန်၊ ပိန် အငုတ် အတက် သုတ်သင်ရေးလှုပ်ရှားမှု စတင်တော့သည်။ ယင်း လှုပ်ရှားမှုတွင် တပ်နီလူငယ်များနှင့် တပ်နီအမျိုးသမီး လူငယ်အဖွဲ့က ပထမဦးဆုံးစိစစ်ခဲ့သူမှာ ရဲဘော်မြပင် ဖြစ်သည်။ ရဲဘော်မြကို ဂိုရှယ်နှင့် ရဲဘော်ဌေးတို့၏ နောက်လိုက်အဖြစ် စွပ်စွဲခဲ့သည်။ ဒေါက်တာနတ်သည်လည်း တပ်နီများ၏ဝေဖန်ခြင်းကိုခံရသည်။ ထိုအချိန်တွင် သခင်သန်းထွန်းနှင့် တော်လှန်သော နိုင်ငံရေး ဦးဆောင်အဖွဲ့သည် ပဲခူးရိုးမတိုင်းအား တိုင်းကော်မတီ များကိုကျော်၍ တိုက်ရိုက်ပင် အုပ်ချုပ်တော့သည်။ စိန်၊ ပိန် ပြန်လည်ပြင်ဆင်ရေးဂိုဏ်းကို ချေမှုန်းပြီးကြောင်း လည်း ခရိုင်နှင့်မြို့နယ်များသို့ တိုက်ရိုက်အကြောင်း ကြားခဲ့သည်။
၁၉၆၇ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက်တွင် သခင် သန်းထွန်းသည် ဘတင်၊ ငဌေးသုတ်သင်ရေးတိုက်ပွဲနှင့် ပတ်သက်သော နိဂုံးချုပ်မိန့်ခွန်းကို ပြောကြားခဲ့ရာ စိန်၊ ပိန်ရဲ့ အငုတ်ကြီးကတော့ ငပိုင်ကြီးပဲဖြစ်တယ်၊ (၁။ သခင်သန်းထွန်း၏နောက်ဆုံးနေ့များ၊ ပထမတွဲ စာမျက်နှာ ၅၄၆။)ဟု  ပြောကြားလိုက်တော့သည်။ ငပိုင်ဆိုသည်မှာ ဗိုလ်ရန်အောင်ကို ဆိုလိုခြင်း ဖြစ်သည်။ ဗိုလ်ရန်အောင် သည် ထိုနေ့မှာပင် ဖမ်းဆီးချုပ်နှောင်ခံလိုက်ရတော့ သည်။ ထို့နောက် တပ်နီလူငယ်များသည် ဂိုရှယ်နှင့် ရဲဘော်ဌေးတို့ကို သုတ်သင်စဉ်ကကဲ့သို့ပင် တံတွေးဖြင့် ထွေးခြင်း၊ ခြေဖြင့်ကန်ခြင်းတို့ကို ပြုလုပ်ကြသည်။ ဗိုလ်ရန်အောင်သည် ၆၄ လမ်းစဉ်ကို ဆန့်ကျင်သူ၊ ၅၅ ပြည်တွင်းငြိမ်းချမ်းရေးလမ်းစဉ်သမား စသည်ဖြင့် စွပ်စွဲခံရသည်။ စိန်၊ ပိန်ဂိုဏ်းဝင်ဖြစ်ပြီး စိန်၊ ပိန်ထက် ပင် ဆိုးရွားသူဟု ဆိုကြသည်။
ဗိုလ်ရန်အောင်သည် ၁၉၆၆ ခုနှစ်၊ မေလ ၁၃ ရက်နေ့ ပေါ်လစ်ဗျူရို အစည်းအဝေးတွင် အာဏာနှင့် ပတ်သက်၍ တင်ပြခဲ့သည်။ ထိုသို့ တင်ပြရာတွင်     (၂။သခင်သန်းထွန်း၏နောက်ဆုံးနေ့များ၊ ပထမတွဲ စာမျက်နှာ ၅၆၉။) -
                ''မာ့ခ်စ်လီနင်  မော်စီတုံးဝါဒ  မုချနိုင်ရ မယ်''
                   ''ပြန်ပြင်ရေးဝါဒ မုချကျဆုံးရမယ်''
                   ''ဒါဟာ သမိုင်းရဲ့ မုချတရားပဲ''
                   ''ကမ္ဘာ့ပြန်ပြင်ရေးသမားတွေ ကျဆုံးပါစေ''
''ဗမာပုံစံ ပြန်ပြင်ရေးဖြစ်တဲ့ ပူးတွဲ အာဏာ ရှင်ဝါဒနဲ့ တတိယကြားလမ်းဝါဒသမားတွေ ကျဆုံးပါစေ''
                   ''မာ့ခ်စ်လီနင်စတာလင် မော်စီတုံး ဝါဒ အဓွန့်ရှည်ပါစေ''
ဟူ၍ ကြွေးကြော်ခဲ့သည်။  အာဏာနှစ်ရပ်၊ အာဏာသုံးရပ် ပြဿနာတွင် အာဏာနှစ်ရပ်ဘက်က ရပ်တည်ခဲ့ခြင်းပင်ဖြစ်သည်။ သို့သော် သခင်သန်းထွန်း သည် ဗိုလ်ရန်အောင်၏ နိုင်ငံရေးအယူအဆ ရပ်တည် မှုကို ထိပ်တန်းလျှို့ဝှက်အဖြစ် ဖုံးကွယ်ထားလိုက်သည်။ 'ဗိုလ်ရန်အောင်သည် ၅၅ ခုနှစ် နိုင်ငံတော်အာဏာ နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ကို ပေါ်လစ်ဗျူရိုမှ အမြန်ဆုံးနှင့် ချက်ချင်းပယ်ဖျက်ရန် ဗဟိုကော်မတီ ဥက္ကဋ္ဌ သခင်သန်းထွန်း၏ အဆိုပြုချက်' ကို အကြွင်းမဲ့ ထောက်ခံခဲ့သူဖြစ်သည်။ သို့သော် ဗိုလ်ရန်အောင်သည် အာဏာသုံးရပ်သမားအဖြစ် အစွပ်စွဲခံခဲ့ရသည်။
ဗိုလ်ရန်အောင်သည် ကိုလိုနီခေတ်အတွင်းက သန်လျင်ရေနံမြေမှ အလုပ်သမားခေါင်းဆောင်သခင် လှမြိုင်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ဟိုင်နန် ကျွန်းသို့ သွားခဲ့သူဖြစ်သည်။ ဖက်ဆစ်တော်လှန်ရေးနှင့် လွတ်လပ်ရေးတိုက်ပွဲတို့တွင်ပါဝင်ခဲ့ပြီး ရဲဘော်သုံးကျိပ် ဝင်လည်းဖြစ်သည်။ ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ဗမာပြည်ကွန်မြူနစ်ပါတီ၏ဗဟိုကော်မတီဝင်ဖြစ်လာ ပြီး ၁၉၅၁ ခုနှစ်တွင် ဗဟိုကော်မတီအဖြစ်မှ နုတ်ထွက် ပေးခဲ့ရသည်။  ၁၉၅၅  ခုနှစ်တွင်  အရန်  ဗဟို ကော်မတီဝင် ပြန်ဖြစ်လာပြီး ၁၉၆၄ ခုနှစ်တွင် ဗဟို ကော်မတီဝင်(အပြည့်)ပြန်ဖြစ်လာသည်။  ထိုကဲ့သို့ နိုင်ငံရေးအစဉ်အလာကြီးမားသော ဗိုလ်ရန်အောင် သည်  ပြည်ခရိုင်ပေါင်းတည်မြို့နယ်  ရွှေလေးဒေသ ငရှဥ့်ကွင်းရွာ  အရှေ့ဘက်တစ်မိုင်ကွာ  လေးဆယ် ချောင်း လက်တက် သစ်လမြောင်ဖျားရှိ ဗဟိုဌာနချုပ်၌ ခြေလက်များကို ကျွဲ၊ နွားများကဲ့သို့ အတုပ်အနှောင်ခံ ထားရသည်။
ဗိုလ်ရန်အောင်သည် တပ်နီလူငယ်များ၏ နည်း မျိုးစုံဖြင့် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်မှုကို မခံ နိုင်တော့သဖြင့် ၁၉၆၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်တွင် အက်စ်ပရင် ချွေးထုတ်ဆေး ၃၃ လုံးသောက်၍ သေကြောင်းကြံစည်သော်လည်း မအောင်မြင်ခဲ့ပေ။ ဗိုလ်ရန်အောင် မိမိကိုယ်ကို သတ်သေရန်ကြံခြင်းမှာ ပါတီကို အကြီးမားဆုံးအန်တုခြင်းဟု ထပ်မံစွပ်စွဲကြ သည်။ ဗိုလ်ရန်အောင်ကို ပါတီတွင်း အာဏာသိမ်းရေး နှင့် ရန်သူ သူလျှိုလုပ်သည်ဟူသော ဖြောင့်ချက်ပေးရန် လည်း ဖိအားပေးကြသည်။ တော်လှန်သော နိုင်ငံရေး ဦးဆောင်အဖွဲ့သည် ၁၉၆၇ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်တွင် ဗိုလ်ရန်အောင်အား အကြွင်းမဲ့လက်နက်ချ ရမည်ဟုဆိုကာ  အောက်ပါအချက်သုံးချက်ကို တောင်းဆိုလိုက်သည်။(၁။သခင်သန်းထွန်း၏နောက်ဆုံးနေ့များ၊ ပထမတွဲ စာမျက်နှာ ၅၇၂။)
''ရန်အောင်သည်''
 (၁)    ငဌေး၊ ဘတင်ဂိုဏ်း၏ပါတီဖျက်ဆီးရေး၊ တော်လှန်ရေး၊ ဖျက်ဆီးရေး အကြံအစည် များကို လုံးဝဥဿုံ ဖော်ကောင်လုပ်ရမည်။
(၂)     ငဌေး၊ ဘတင်ဂိုဏ်း၏ပါတီဖျက်ဆီးရေး၊ တော်လှန်ရေး၊ ဖျက်ဆီးရေးများကို မိမိက ဘယ်လိုလုပ်ခဲ့ပြီး ဘယ်လိုမိမိက ကြံစည်ခဲ့ သည်ကို ဖြောင့်ချက်ပေးရမည်။
ဗိုလ်ရန်အောင်သည် အချိန်ယူ၍ စစ်ဆေးခံနေရ သည်။ အချိန်ယူ၍လည်း ညှဉ်းပန်းနှိပ်စက်ခံနေရ သည်။ ၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်တွင် ဗဟို ဌာနချုပ်သည် လူထုအစည်းအဝေးအဖြစ် ကျင်းပပြီး  တော်လှန်သော နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်နှင့် ဗဟို စခန်းပါတီ ကော်မတီအတွင်းရေးမှူး ရဲဘော်ညိုအောင် (ရဲဘော်Óဏ်ကျော်၊ ပြည်ပပြန်)က ဗိုလ်ရန်အောင်ကို စစ်ဆေးသည်။ ပြည်ပပြန်ညိုအောင်သည် ဗိုလ် ရန်အောင်နှင့်ဂိုရှယ်၊ ရဲဘော်ဌေးတို့ ပြောဆိုဆက်ဆံပုံ၊ ဗိုလ်ရန်အောင်က အစည်းအဝေးကို သပိတ်မှောက်၍ ထွက်သွားပုံတို့အား အသေးစိတ်ပင် မေးမြန်းစစ်ဆေး ခဲ့သည်။ ဗိုလ်ရန်အောင်က စွပ်စွဲချက်များကို ငြင်းပယ် ခဲ့သည်။
၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်တွင် ဗိုလ် ရန်အောင်သည် မိမိအနေနှင့်တော်လှန်သော နိုင်ငံရေး ဦးဆောင်အဖွဲ့အား   စိန်ပိန်ဂိုဏ်းနှင့်ပတ်သက်၍ ဖြောင့်ချက်ပေးမည်၊ (၂။ သခင်သန်းထွန်း၏နောက်ဆုံးနေ့များ၊ ပထမတွဲ စာမျက်နှာ ၅၇၂။) ဟုဆိုလိုက်ရတော့သည်။
ဗိုလ်ရန်အောင်သည် စိန်ပိန်တို့၏ ရန်သူနှင့် ဆက်သွယ်နေမှုနှင့် တိကျသော အာဏာသိမ်းလုပ်ကြံ ရေး အစီအစဉ် (၃။    သခင်သန်းထွန်း၏နောက်ဆုံးနေ့များ၊ ပထမတွဲ စာမျက်နှာ ၅၇၅၊ ၅၇၆။)ကို ယခင်က မသိရှိခဲ့ကြောင်း၊ တိုက်ရိုး တိုက်စဉ် ပါတီတွင်းတိုက်ပွဲဟုသာ ထင်ခဲ့ကြောင်း၊ စိန်ပိန် အရေးယူပြီး၊ ၄-၅ ရက်ကြာမှ သခင်သန်းထွန်း က ပြန်ပြင်ရေးသမားများလက်ထဲမှ အာဏာလုယူ လိုက်ရသည်ဟု ပြောမှသာ ရိပ်မိကြောင်း စသည်ဖြင့် ဖြောင့်ချက်ပေးခဲ့သည်။
'စိန်ပိန်တို့ရဲ့ ယုတ်မာရက်စက်တဲ့ ဒီအကြံ အစည်ကို ဟိုတုန်းက သိခဲ့ပါရက်သားနဲ့ အခုမှ ဖွင့်ပြောလိုက်ရင် ငါ့အပြစ်များ ပိုကြီးထွား မလားဆိုတဲ့ သဘောထားမရှိပါ၊ ရှိရင်၊ သိရင် အကုန်အန်ချ၊ ပါတီကို ပုံအပ်မှာပါပဲ၊ ဒါက ကျွန်တော်မသေမီနောက်ဆုံးသဘောထားပါ ပဲ။''
''ဒါပေမဲ့ ရဲဘော်တွေက မယုံဘူးဆိုရင်လည်း ကျွန်တော် ဘာမှမတတ်နိုင်တော့ပါ။ နောင် ပေါ်ပေါက်လာမယ့် သမိုင်းအတွက် လက်တွေ့ ကပဲ အခိုင်အမာသက်သေထူပါမယ်၊ ဒီလို တင်ပြ ခဲ့တာဟာ ကျွန်တော့်အပြစ်ကို ပေါ့စေလိုလို့ မဟုတ်ပါ။''
''စိန်ပိန်ဂိုဏ်းဝင်ဖြစ်တယ်ဆိုရုံနဲ့  သေဒဏ် ထိုက်တန်နေပြီ။ နောက်ပိုင်း စိန်ပိန်ရဲ့ မျိုးဆက် တွေ ဆက်ခံရင်း ဂိုဏ်းထပ်လုပ်ဖို့ ကြိုးစားခဲ့ကြ တာကြောင့် နှစ်ထပ်ကွမ်း သေဒဏ်ပင် ထိုက်တန် နေပြီ။ စိန်ပိန်ထက် အပြစ်ပိုကြီးသူ၊ အန္တရာယ် ပိုကြီးသူသစ္စာဖောက်အဖြစ် မြင်ခဲ့ပါပြီ။''
''ဒါကြောင့်လည်း  အယူခံထိုက်တဲ့အကောင် မဟုတ်ဘူးလို့ ပိုင်းဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။''
ဟူ၍လည်း ဖြောင့်ချက်တွင် နောက်ဆုံးတင်ပြခဲ့ သည်။ ဗိုလ်ရန်အောင်သည် မတတ်သာတော့သဖြင့် ဖြောင့်ချက်ပေးခဲ့ရခြင်းဖြစ်သည်။ သို့သော် သခင် သန်းထွန်းကမူ ဗိုလ်ရန်အောင်၏ဖြောင့်ချက်သည် စိန်ပိန်ဂိုဏ်းကို ဆက်လက်ကာကွယ်နေကြောင်း၊ သေဒဏ်ပေးရန် တောင်းဆိုခြင်းမှာ ပါတီက အပြစ် မရှိသူတစ်ဦးကို လုပ်ကြံသတ်ဖြတ်ပစ်ရာရောက်အောင် လူသတ်ပါတီဖြစ်အောင် စွပ်စွဲခြင်းဖြစ်ကြောင်း စသဖြင့် ပြောကြားခဲ့သည်။ တပ်နီလူငယ်များကလည်း ဗိုလ်ရန်အောင်ကို သတ်ပစ်ရန်သာ အဆက်မပြတ် အော်ဟစ်ကြိမ်းမောင်း တောင်းဆိုနေကြသည်။
၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ တော် လှန်သော နိုင်ငံရေးဦးဆောင်အဖွဲ့သည် ဗဟိုဌာနချုပ် စခန်း၌ လူထုအစည်းအဝေး ကျင်းပပြန်လေသည်။ ယင်းအစည်းအဝေးတွင် သခင်သန်းထွန်းက 'ပါတီ ဖျက်ဆီးရေး၊ တော်လှန်ရေးဖျက်ဆီးရေး၊ ပြန်လည် ပြင်ဆင်ရေးဂိုဏ်း စိန်ပိန်ဂိုဏ်းဝင် ရန်အောင်နှင့် ပတ်သက်သည့်  ဗမာပြည်ကွန်မြူနစ်ပါတီ၊  ဗဟို ကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်' ကို ဖတ်ကြားခဲ့သည်။ ယင်းဆုံးဖြတ်ချက်တွင် ဗိုလ်ရန် အောင်အား ပြန်လည်ပြင်ဆင်ရေးသမားအဖြစ် အမျိုး မျိုး စွဲချက်တင်ပြီး အောက်ပါအတိုင်း ဆုံးဖြတ်ထား သည်။(၁။သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ပထမတွဲ) စာမျက်နှာ ၅၉၄။)
ရန်အောင်အား
(က)    ဗဟိုကော်မတီအဖွဲ့ဝင်အဖြစ်မှ ဖြုတ်ပစ် လိုက်သည်။
(ခ)     ဗမာပြည်ကွန်မြူနစ်ပါတီအဖွဲ့ဝင်အဖြစ် မှ ထုတ်ပစ်လိုက်သည်။
ထို့နောက် ဗိုလ်ရန်အောင်အား စွဲချက်တင်၍ သုတ်သင်သတ်ဖြတ်ရန် လိုအပ်သောအဖွဲ့များကို အောက်ပါအတိုင်း ဖွဲ့စည်းကြပြန်သည်- (၂။သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ပထမတွဲ) စာမျက်နှာ ၅၉၅၊ ၅၉၆။)
(၁)     စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့
          (၁)     ရဲဘော်သခင်ချစ် (အဖွဲ့ဥက္ကဋ္ဌ)
          (၂)     ရဲဘော်ဗိုလ်ဇေယျ
          (၃)     ရဲဘော်သက်
          (၄)     ရဲဘော်ထွန်းရီ
          (၅)     ရဲဘော်စိုးဝင်း
          (၆)     ရဲဘော်ထွန်းမြင့်
          (၇)     ရဲဘော် ခင်ကျော်
ဤအဖွဲ့၏တာဝန်မှာ ဗိုလ်ရန်အောင်၏ပါတီ ဖျက်ဆီးရေး၊ တော်လှန်ရေးဖျက်ဆီးရေး၊ ပြန်လည် ပြင်ဆင်ရေး အလုပ်များနှင့်ပတ်သက်၍ အချက်အလက် များကို စစ်ဆေးဖော်ထုတ်ရန်ဖြစ်သည်။
(၂)     စွဲချက်တင်လူထုတိုက်ပွဲ ဦးစီးကော်မတီ
ယင်းအဖွဲ့ကို သီးခြားမဖွဲ့ဘဲ စခန်းပါတီကော်မတီ ဝင်များကပင် တာဝန်ယူခဲ့သည်။
          (၁)     ရဲဘော်ညိုအောင်(အတွင်းရေးမှူး)
          (၂)     ရဲဘော်ဗိုလ်တင်မောင်
          (၃)     ရဲဘော်သက်
          (၄)     ရဲဘော်ညို
          (၅)     ရဲဘော်ချစ်ဝေ
          (၆)     ရဲဘော်ထွန်းရီ
          (၇)     ရဲဘော်သောင်းရွှေ
(၃)     စွဲချက်တင်လူထုတိုက်ပွဲသဘာပတိအဖွဲ့
          (၁)     ရဲဘော်သခင်ဇင် (သဘာပတိ)
          (၂)     ရဲဘော်ချစ်
          (၃)     ရဲဘော်သခင်ပု
ထို့နောက် ဗိုလ်ရန်အောင်အား ဗိုလ်ရန်အောင်၏ ယောက်ဖဖြစ်သူ ဗိုလ်တင့်ဆန်း(ခေါ်)အောင်သိန်းလွင် က စတင်စွဲချက်တင်ကာ သေဒဏ်ပေးရန် တောင်းဆို လိုက်သည်။ ထို့နောက် ဗိုလ်ရန်အောင်၏တူဖြစ်သူ ရဲဘော်တင်ဟန်(ခေါ်)အောင်သိန်းနိုင်(ခေါ်)သာမောင် က စွဲချက်တင်ပြန်သည်။ ဗဟိုကော်မတီဝင် သခင်ပု (ခေါ်) ဦးထွန်းဝေကလည်း စွဲချက်တင်ပြန်သည်။ ဗိုလ် ဇေယျ၊ သခင်ဇင်နှင့် သခင်သန်းထွန်းတို့ကလည်း ဖက်ဆစ်စစ်ဗိုလ်၊ စိန်ပိန်ဂိုဏ်းဝင်၊ ပြန်လည်ပြင်ဆင် ရေးသမား၊ ပါတီဆန့်ကျင်ရေးသမား စသည်ဖြင့် စွဲ ချက်အမျိုးမျိုး တင်ကြသည်။
ဗိုလ်ရန်အောင်အား နောက်ဆုံးစွဲချက်တင်သူမှာ ဗိုလ်ရန်အောင်၏သားလတ်ဖြစ်သူ ဇေလတ်(ခေါ်) ရဲဘော်စောမင်းဖြစ်သည်။ ဇေလတ်သည် ဗိုလ်ထွန်း ငြိမ်းနှင့် အောင်ငြိမ်းတို့က အနီးကပ်လေ့ကျင့်ပညာ ပေးမှုကြောင့် ဖခင်အား ရန်သူအဖြစ် ကြေညာခဲ့ပြီး ဖြစ်သည်။ ဇေလတ်သည် စာဖြင့်ရေး၍ စွဲချက်တင်ခြင်း ဖြစ်သည်။ ''ကျုပ်ကိုယ်တိုင် လာနိုင်ရင် လာတောင် သတ်ချင်တယ်''ဟု ဖော်ပြခဲ့သည်။
ဗိုလ်ရန်အောင်သည် ဝါးရုံတွင် ကျောဖြင့် ကပ်၍ ကြိုးတုပ်ခံထားရပြီး တပ်နီလူငယ်များ၏ တံတွေးဖြင့် ထွေးခြင်း၊ ကြိမ်းမောင်းဆဲဆိုခြင်းတို့ကို တောက်လျှောက် ခံနေရသည်။ ငှက်ဖျားရောဂါဖိစီးနှိပ်စက်သဖြင့်လည်း အစာရေစာပင် မစားနိုင်တော့ပေ။ သတိလစ်ပြီး ကယောင်ကတမ်း အော်ဟစ်၍နေသည်။ ၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဗဟိုကင်းတပ်မှူး ဗိုလ် သန်းထွန်း(ခေါ်) ဗိုလ်တင်မောင်သည် ဗိုလ်ရန်အောင် ချက်ချင်း မသေဆုံးနိုင်အောင် ဒေါက်တာနတ်အား အမြန်ဆုံး ဆေးဝါးကုသစေသည်။ ထို့ကြောင့် မူလ အစီအစဉ်အတိုင်း စွဲချက်တင်ပြီးမှ စီရင်ချက်ချမည့် အစား အမြန်ဆုံး စီရင်ချက်ချမှတ်ရန် တောင်းဆို လိုက်သည်။
ထို့ကြောင့် သခင်ဇင်သည် ဗိုလ်ရန်အောင်အတွက် စီရင်ချက်ကို အမြန်ဆုံး ဖတ်ကြားရသည်။(၁။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ပထမတွဲ) စာမျက်နှာ ၆၅၃။)
''စိန်ပိန်ဂိုဏ်းဝင် ပြန်လည်ပြင်ဆင်ရေးသမား တန်ပြန်တော်လှန်ရေးသမား နေဝင်းရဲ့ သူလျှို သစ္စာဖောက် အာဏာရူး၊ တဏှာရူး ဦးပိုင်(ခေါ်)  ရန်အောင်အား သဘာပတိအဖွဲ့က သေဒဏ်ပေး လိုက်သည်''
ထိုအချိန်တွင် ဗိုလ်ရန်အောင်သည် အဖျားဒဏ် ကြောင့် သတိလစ်ပြီး သေအံ့မူးမူးဖြစ်၍နေသည်။ ထို့နောက် ပဲခူးရိုးမတိုင်း ကော်မတီ ရဲဘော်သက်နှင့် တော်လှန်သော တပ်နီလူငယ်လေးများဖြစ်ကြသည့် ရဲဘော်ခင်ကျော်(မောင်မြိုင်)၊ ရဲဘော်သိန်းဟန်(မော်စီ ကို)၊ ရဲဘော်မြင့်အောင်(မောင်ထွားရှိန်)နှင့် ခင်လေး မြင့် (မဝင်းမြင့်)၊ အမြင့်(မစန်းဝင်း)၊ မခင်ပု(မလှကြည်) တို့က သတိလစ်၍ အသက်ငင်နေသော ဗိုလ်ရန်အောင် အား ပလတ်စတစ်အိပ်ရာခင်းဖြင့် ရစ်ပတ်တုပ်နှောင်၍ စခန်းအပြင်ကို ထုတ်သွားကြသည်။ ထို့နောက် ဗိုလ် ရန်အောင်အား တံတွေးဖြင့် ဝိုင်းထွေးကြသည်။ တပ်နီအမျိုးသမီး အမြင့်(မစန်းဝင်း)က ဗိုလ်ရန်အောင်၏ လည်မျိုကို ခြေထောက်ဖြင့်စုံနင်း၍ တက်ခုန်သည်။ ထို့နောက် ဝါးရင်းတုတ်များဖြင့် ဝိုင်းဝန်း၍ ရိုက်သတ် လိုက်ကြတော့သည်။
ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ၏ ထိပ်သီးခေါင်းဆောင်များအဖြစ်မှ ပထမဆုံး စတေးခံရသူများမှာ ဂိုရှယ်၊ ရဲဘော်ဌေးနှင့် ဗိုလ်ရန်အောင်တို့ဖြစ်သည်။ သခင်သန်းထွန်းသည် ပြည်ပသြဝါဒကို နာခံရာတွင် ပြည်တွင်းရှိ အစဉ်အလာ  ရှိသော ခေါင်းဆောင်များကို အပြီးအပိုင် သုတ်သင် ချေမှုန်း၍ ပြည်ပပြန်များကို များစွာမြှောက်စားနေရာ ပေးခဲ့ခြင်းဖြစ်သည်။ ပါတီတွင်း ပါတီပတွင် လူသတ် ဝါဒနှင့် ဖြုတ်၊ ထုတ်၊ သတ်လမ်းစဉ်ကို တွင်ကျယ်စွာ ကျင့်သုံးလာသဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီသည် ပြည်သူလူထုနှင့် အလှမ်းဝေးသည်ထက် ဝေးလာသည်။ ဒေသခံပြည်သူများကလည်း တပ်မတော်အား ဝိုင်းဝန်းကူညီကြလေရာ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုဌာနချုပ် စခန်းသည် တပ်မတော်၏ ထိုးစစ်နှင့် ဝေးရာသို့ပြေးလွှား တိမ်းရှောင် နေရသည်။ ပဲခူးရိုးမ တောင်တန်း ပေါ်တွင် နေရာအတည်တကျမရှိဘဲ ပြေးလွှားနေရ သည့် ကြားမှပင် ဗမာပြည်ကွန်မြူနစ်ပါတီသည် ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ်ကို အကောင်အထည် ဖော်ခဲ့ ခြင်းဖြစ်လေသည်။

Share this article :

0 comments:

Post a Comment

 
ဆက်သွယ်ရန် mmpolitical2013@gmail.com :
Template Modify by Creating Website Myanmar Political Research Organization