Home » » ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၃) အခန်း(၁)

ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၃) အခန်း(၁)


ပြည်တွင်းသောင်းကျန်းမှုသမိုင်း

အပိုင်း(၃)

(၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်မတိုင်မီကာလများ)

အမှာစာ
ပြည်တွင်းသောင်းကျန်းမှုသမိုင်း  အပိုင်း(၁)တွင် လွတ်လပ်ရေးမရမီ ကိုလိုနီခေတ်ကာလအတွင်း ပြည်တွင်းသောင်းကျန်းမှု သန္ဓေတည်ခဲ့ပုံ၊ သောင်းကျန်း သူဖြစ်လာမည့်  နိုင်ငံရေးအဖွဲ့ အစည်းများပေါ်ပေါက် လာပုံတို့ကိုရေးသားပြုစုခဲ့ပါသည်။  ပြည်တွင်း သောင်းကျန်းမှုသမိုင်း အပိုင်း(၂) တွင်မူ ၁၉၄၈ ခုနှစ် မှ ၁၉၆၂ ခုနှစ်အထိ ပါလီမန် ဒီမိုကရေစီခေတ်ကာလ အတွင်း သောင်းကျန်းသူ အဖွဲ့အစည်းများ လက်နက် ကိုင်တောခို၍ အတိအလင်းထကြွသောင်းကျန်းကြပုံ၊ မြေပေါ်နိုင်ငံရေး ပဋိပက္ခများနှင့် မြေအောက်လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားကြပုံ၊ ပြည်ပကျူးကျော်မှု အန္တရာယ်နှင့် ရင်ဆိုင်ရပုံတို့ကို ဖော်ပြထားပါသည်။ ပြည်တွင်းသောင်းကျန်းမှု ပေါ်ပေါက်လာရခြင်းမှာ ကိုလိုနီကျွန်ဘဝ အတွင်း သက်ဆင်းရမှု၊ ဒုတိယကမ္ဘာစစ် ၏ နောက်ဆက်တွဲဂယက်ရိုက်ခတ်မှုနှင့် ကွန်မြူနစ်ဝါဒ ဝင်ရောက်လာမှုတို့ကြောင့်ဖြစ်ပွားရကြောင်း အငြင်းပွား စရာမရှိပါ။ ပြည်တွင်းသောင်းကျန်းမှု ဆက်လက်သက်ဆိုးရှည်နေရခြင်းမှာလည်း ဝါဒစွဲ၊ လူမျိုးစွဲ၊ တစ်ယူသန်စိတ်များ၊ အကြမ်းဖက်ဝါဒများ၊ စစ်ဘုရင် ဝါဒများနှင့် ပြည်တွင်းတိုင်းရင်းသား စည်းလုံးညီညွတ်မှု ပျက်ပြားမှု၊ ပြည်ပမှ သွေးထိုးမှုများ ကြောင့်ဆိုသည်မှာ လည်း ဒွိဟဖြစ်စရာမရှိပါ။
ယခု ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၃) တွင်မူ တော်လှန်ရေးကောင်စီ အစိုးရတက်လာပြီး ပြည်တွင်းငြိမ်းချမ်းရေးခေါ်ယူခြင်း၊ ပြည်တွင်းညီညွတ် ရေးအဖွဲ့ ဖွဲ့စည်းခြင်းဟူသော နိုင်ငံရေးနည်းလမ်းများ အပါအဝင် ပြည်တွင်းသောင်းကျန်းမှုချုပ်ငြိမ်းရေးကို ဆောင်ရွက်ပုံ၊ နိုင်ငံရေးအရ အင်အားအကြီးမားဆုံး ဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီတွင်း လူသတ်ဝါဒ ထွန်းကားလာပုံ၊ ကေအင်န်ယူပါတီတွင်းသို့ပါ လူသတ် ဝါဒကူးစက်ပုံနှင့် အခြားသောင်းကျန်းသူအဖွဲ့အစည်းများ၏ ဖြစ်စဉ်ပြောင်းလဲမှုများကိုပါ ဖော်ပြထားပါသည်။ ပြည်တွင်း သောင်းကျန်းမှုနှင့် ပတ်သက်၍ မှတ်တမ်း မှတ်ရာများစွာရှိသော်လည်း အချို့နေရာများတွင် အသေးစိတ် ဖော်ပြထားခြင်းမရှိပါ။ ဥပမာအားဖြင့် ပေါက်ခေါင်းမြို့နယ်တွင် ကျောရိုးထခြင်းဟုခေါ်ဆိုနေ ကြသော ဗမာပြည်ကွန်မြူနစ်ပါတီ၏ အာဏာနီလှုပ်ရှားမှု၊ မြစ်ဝကျွန်းပေါ်မှ သောင်းကျန်းသူများ၏ ပြည်သူ လူထုနှိပ်စက်ရေးလုပ်ငန်းများ စသည်တို့မှာ ရေး၍ ကုန်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် အခြေခံကျသော အချက်အလက်များ၊ ဖြစ်စဉ်များပေါ်လွင်ရုံမျှသာ ရေးသားပြုစုခဲ့ပါသည်။ အကျယ်ကို အချို့သော မှီငြမ်း ကိုးကားပြုစုစာအုပ်များတွင် ဖတ်ရှုလေ့လာနိုင်ပါသည်။
ဤစာအုပ်တွင် ယခင်စာအုပ်များနည်းတူ မှီငြမ်း ကိုးကားသော စာအုပ်များကိုဖော်ပြထားပါသည်။ အချို့ စာအုပ်များမှ အချက်အလက်များကို အတိအကျယူရန် မဟုတ်ပါ။ သက်သေအထောက်အထားပြရန်သာ ရည်ရွယ်ပါသည်။ ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၁) နှင့် (၂) စာအုပ်များနှင့်စာလျှင် ပြည်တွင်း သောင်းကျန်းမှုသမိုင်း  အပိုင်း(၃)  ကဏ္ဍသည် မျက်မှောက်ကာလနှင့် ပိုမိုနီးကပ်လာပြီဖြစ်သည့် အလျောက် သိမီလိုက်သူ၊ ကိုယ်တွေ့ကြုံဖူးသူများပိုမို များပြားနေမည်ဖြစ်ပါသည်။ ဤစာအုပ်မှာ အခြေခံ ဖြစ်စဉ်များသာဖြစ်လေရာ ပြည့်စုံသောသမိုင်းပန်းချီ ကားချပ်ကြီးတစ်ချပ်  ပေါ်ထွက်လာရေးအတွက် ကိုယ်တွေ့သိမီ လိုက်သူများက ထပ်မံဖြည့်စွက်ရေးဆွဲ ကြရန်လိုအပ်ပါသည်။ ဤသို့ဖြည့်စွက်ရေးသားကြခြင်း၊ ကွဲလွဲမှုရှိပါက  အမှန်ကိုပြုပြင်ရယူကြခြင်းတို့ဖြင့် သမိုင်းဖြစ်ရပ်မှန် ဖော်ထုတ်ရေးနှင့်အတိတ်၏ဖြစ်စဉ် များအပေါ်  သင်ခန်းစာဖော်ထုတ်၍ ပစ္စုပ္ပန်တွင် အသုံးပြုရာ၌သော်လည်းကောင်း၊ မပြီးပြတ်သေးသော ပြည်တွင်း သောင်းကျန်းမှု ပြဿနာများကို ဖြေရှင်းရာတွင်သော်လည်းကောင်း များစွာအကျိုးရှိမည်ဟု ယူဆ ပါကြောင်းတင်ပြလိုက်ရပါသည်။















ပြည်တွင်းသောင်းကျန်းမှုသမိုင်း
အခန်း(၁)
တော်လှန်ရေးကောင်စီအစိုးရနှင့် ပြည်တွင်းသောင်းကျန်းမှု အခြေအနေ

တော်လှန်ရေးကောင်စီအစိုးရ
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော တော်လှန်ရေး ကောင်စီသည် အဘက်ဘက်မှ ယိုယွင်းပျက်စီးနေပြီး အစိတ်စိတ် အမြွှာမြွှာ ကွဲထွက် တော့မည့်အန္တရာယ်နှင့်ကြုံတွေ့နေရ သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အား နိုင်ငံတော်၏ အကျိုးကို မျှော်ကိုး၍ မလွှဲမရှောင်သာဘဲ နိုင်ငံတော်၏၏ အာဏာကို ထိန်းသိမ်းရယူခဲ့ကြောင်း ပြည်တွင်း သောင်းကျန်းမှု သမိုင်း အပိုင်း(၁) တွင် တင်ပြပြီးလေပြီ။ ထိုအချိန်က နိုင်ငံတော်တွင် မြေအောက် သောင်းကျန်းမှု များ အမြစ်မပြတ်ဘဲရှိနေသကဲ့သို့ မြေပေါ်နိုင်ငံရေး၊ ပဋိပက္ခများမှာလည်း များစွာပြင်းထန်လျက်ရှိခဲ့သည်။ ရှမ်းပြည်နယ်က   ဖက်ဒရယ်မူဖြင့်   ခွဲထွက်ရန် ခြိမ်းခြောက်နေသကဲ့သို့ အတိုက်အခံနိုင်ငံရေးအုပ်စု များကလည်း  ဆန္ဒပြပွဲများ၊  သပိတ်များစသည့်ဆူပူ အုံကြွမှုများကို ဖန်တီးလျက်ရှိကြရာ သန့်ရှင်းအစိုးရ သည် နိုင်ငံတော်အား နိုင်နင်းစွာအုပ်ချုပ်နိုင်ခြင်းမရှိ တော့ပေ။ သန့်ရှင်းအစိုးရအဖြစ် အာဏာရရှိထားသော ပြည်ထောင်စုပါတီပင်လျှင် ၁၉၆၂ ခုနှစ်၊ ဇန်နဝါရီလ တွင် ပါတီညီလာခံကျင်းပ၍ ဦး၊ ဗိုလ်အုပ်စုနှင့် သခင် အုပ်စုတို့ အာဏာလုပွဲဖြစ်ပေါ်ခဲ့သည်။  ပြည်နယ်များမှ တိုင်းရင်းသား ခေါင်းဆောင်များကလည်း အစိုးရကို ကြမ်းတမ်းစွာ ပုတ်ခတ်ဝေဖန်လာကြသည်။(၁။ ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စာမျက်နှာ ၄၂၄။) ထို့ကြောင့်  တော်လှန်ရေးကောင်စီသည် ပေါက်ကွဲပျက်စီးလုနီးပါး အန္တရာယ်နှင့်ကြုံတွေ့နေရသော နိုင်ငံတော်၏ အာဏာ ကို သမိုင်းပေးတာဝန်အရ ထိန်းသိမ်းစောင့်ရှောက်ခဲ့ရ ခြင်းဖြစ်လေသည်။ 



တပ်မတော်သည် ၁၉၆၂ ခုနှစ်၊ မတ်လ ၁ ရက် ညသန်းခေါင်မှစ၍ ဝန်ကြီးချုပ် ဦးနုနှင့် ဝန်ကြီးအချို့၊ နိုင်ငံရေးခေါင်းဆောင်အချို့၊ အစိုးရအရာရှိကြီးအချို့ ကို ထိန်းသိမ်းလိုက်သည်။ မတ်လ ၂ ရက် နံနက်တွင် အချို့ပုဂ္ဂိုလ်များကို အိမ်ပြန်စေသည်။ နံနက် ၈ နာရီ၊ မိနစ် ၅ဝ တွင် ဗိုလ်ချုပ်ကြီးနေဝင်းက ပြည်သူသို့ အသံ လွှင့်၍ နိုင်ငံတော်ယိုယွင်းလာသည့် အခြေအနေဆိုးများ ကို အချိန်မီထိန်းသိမ်းနိုင်ရန် တပ်မတော်က တာဝန်ယူ ပြီးပြီဖြစ်ကြောင်း၊ ပြည်သူတို့ စိုးရိမ်ကြောင့်ကြမရှိဘဲ အလုပ်အကိုင် လုပ်မြဲလုပ်ရန်၊ ၁ဝ တန်းကျောင်းသား များ စာမေးပွဲဖြေမြဲဖြေရန် နှိုးဆော်ကြောင်း၊ ပြည်သူတို့၏ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရေးအတွက် အစွမ်းကုန် ကြိုးပမ်းမည်ဖြစ်ကြောင်း ကြေညာသည်။    (၂။ ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စာမျက်နှာ ၄၂၄။)
ဗိုလ်ချုပ်ကြီးနေဝင်းသည် တော်လှန်ရေးအစိုးရ အဖွဲ့ကို ဖွဲ့စည်းခေါင်းဆောင်သည်။ တော်လှန်ရေး ကောင်စီက နိုင်ငံတော်အတွက်မူဝါဒများချမှတ်အုပ်ချုပ်  သည်။ အစိုးရက အုပ်ချုပ်ရေးယန္တရားကို တာဝန်ခံ သည်။ အစိုးရအဖွဲ့ဝင်များကို ဝန်ကြီးဟု ခေါ်ဝေါ်ခြင်း မပြုဘဲ တာဝန်ခံဟုသာ ခေါ်ဝေါ်ခဲ့သည်။ ပါလီမန် အကြံပေးအဖွဲ့၊ ရွေးကောက်ပွဲကော်မရှင်တို့ကို ဖျက်သိမ်း သည်။ ပြည်နယ်ကောင်စီများအစား ပြည်နယ်ဦးစီးအဖွဲ့ များကို ဖွဲ့သည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၄ ရက်တွင် တော်လှန်ရေးကောင်စီသည် ပထစ၊ ဖဆပလနှင့် ပမညတ ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ညီညွတ်စွာ ဆိုရှယ်လစ်နိုင်ငံထူထောင်ကြပါစို့ဟု ဖိတ်ခေါ်ခဲ့သည်။  အတူတွဲ၍ မလုပ်ကိုင်နိုင်လျှင် အနှောင့်အယှက် မပြုကြပါနှင့်ဟုလည်း မေတ္တာရပ်ခံသည်။     (၁။ ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စာမျက်နှာ ၄၂၈။)ဖဆပလအဖွဲ့ကဗိုလ်ချုပ်ကြီး နေဝင်း၏ ခေါင်းဆောင်မှုကို လက်ခံကြောင်း၊ အခြေအနေတည်ငြိမ်သောအခါ ပါလီမန် ဒီမိုကရေစီကို အသက်သွင်းရန် ရွေးကောက်ပွဲများ ပြန်လည်ကျင်းပ လိမ့်မည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့သည်။ သို့သော် တော်လှန်ရေး ကောင်စီ သည် နိုင်ငံတော်အား အခြေအနေဆိုးရွားသည်ထက် ဆိုးရွား စေခဲ့သော ဖြစ်စဉ်များအပေါ် သုံးသပ်၍ ရှေ့လုပ်ငန်း စဉ်များကို သတိထား၍ ရွေးချယ်ခဲ့သည်။
တော်လှန်ရေးကောင်စီသည် အချိန်ယူဆွေးနွေး၍  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို  ချမှတ်ခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင် ဝေါဟာရအသုံးအနှုန်း များကို မြန်မာပညာရှိများနှင့်တိုင်ပင်၍ ရွေးချယ်ခဲ့ သည်။ တော်လှန်ရေးကောင်စီက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို လက်ခံပြီးသောအခါ ဗိုလ်ချုပ်ကြီးနေဝင်း ကိုယ်တိုင် ရတနာပုံရေတပ်စခန်းတပ်မှူးများ ညီလာခံ တွင် တစ်ပိုဒ်စီရှင်းပြ၍ တင်သွင်းသည်။ အားလုံး သဘောတူသောအခါ စာတမ်းကို တပ်မှူးအားလုံး လက်မှတ်ရေးထိုး၍ မော်ကွန်းတင်ကြသည်။ ထို့နောက် ၁၉၆၂ ခုနှစ်၊ ဧပြီလ ၃ဝ ရက်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို ကြေညာလိုက်လေသည်။ ထို့နောက် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမြုတေ ကေဒါပါတီ အဖြစ် စတင်ထူထောင်တော့သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီသည် နိုင်ငံတော် တစ်ခုလုံးအား ဦးဆောင်၍ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးကြီးကိုဆင်နွှဲမည်ဟုဆိုသည်။ စင်စစ် ဆိုရှယ်လစ် စနစ်ကို ရွေးချယ်သည်ဆိုရာတွင် လွတ်လပ်ရေးခေတ်မှစ၍ ပထစခေတ်အထိ အစိုးရများ အပါအဝင် နိုင်ငံရေး အင်အားစု အတော်များများက ဆိုရှယ်လစ်ကြွေးကြော်သံကို ကြွေးကြော်ခဲ့ကြ သည့်နည်းပင် ဖြစ်သည်။
တော်လှန်ရေးကောင်စီသည် အနှစ်သာရအားဖြင့် တော်လှန်ရေးသဘောကိုဆောင်သော်လည်း အသွင် သဏ္ဌာန်အားဖြင့် စစ်ကောင်စီကဲ့သို့ ဖြစ်နေသော ကြောင့် ခေတ်ပြောင်းတော်လှန်ရေးကြီးကို ဆင်နွှဲရန် တော်လှန်ရေးသဘောလက္ခဏာဆောင်သော နိုင်ငံရေး ပါတီကြီးတစ်ရပ်အဖြစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကို ထူထောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့်    တပ်မတော်သည် မြေအောက်သောင်းကျန်း သူများကိုသာမကဘဲမြေပေါ်အဖျက်သမားများ၏ အန္တရာယ်ကိုပါတိုက်ခိုက်ချေမှုန်း သွားရန်အတွက် လုံးလုံး လျားလျား တာဝန်ယူလိုက်ခြင်း လည်းဖြစ်လေသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ
ဗမာပြည် ကွန်မြူနစ်ပါတီသည် ၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်မှစ၍ လက်နက်ကိုင်သောင်းကျန်း ဆူပူခဲ့ရာ ၁၉၆၂ ခုနှစ်၊ မတ်လတွင် သောင်းကျန်းမှု သက်တမ်း ၁၄ နှစ်တာကာလအထိ ကြာမြင့်ခဲ့လေ သည်။ ထို ၁၄ နှစ်တာကာလအတွင်း ဗမာပြည် ကွန်မြူနစ်ပါတီသည် ၁၉၄၈၊ ၁၉၄၉၊ ၁၉၅ဝ ပြည့်နှစ် များတွင်သာ ပြည်၊ ပျဉ်းမနားစသော မြို့ကြီးများကို သိမ်းပိုက်နိုင်ခဲ့ပြီး ၁၉၅ဝ ပြည့်နှစ်နောက်ပိုင်းမှစ၍  စစ်ရေးအခြေအနေ ယိုယွင်းလာခဲ့သည်။ ၁၉၅၈ ခုနှစ် တွင် ပါတီတစ်ရပ်လုံး ဆိတ်သုဉ်းတော့မည့် အခြေအနေ နှင့် ကြုံတွေ့ခဲ့ရသော်လည်း မြေပေါ်တွင် ဖဆပလကွဲပြီး နိုင်ငံရေးပဋိပက္ခ ပြင်းထန်ကာ အစိုးရအင်အားချည့်နဲ့ ပျော့ညံ့ခဲ့သောကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီသည် အသက်ရှူပေါက်ရသွားခဲ့ရသည်။ ၁၄ နှစ်တာကာလ အတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ၏ နိုင်ငံရေး၊ စစ်ရေး လမ်းစဉ်အပြောင်းအလဲများမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။       ၁၉၄၈ ခုနှစ်။ လွတ်လပ်ရေးဆိုသည်မှာ ပေး၍မရ။ တိုက်ယူမှရသည်။ မလွတ်လပ် သော နိုင်ငံများနှင့် ကိုလိုနီတစ်ပိုင်းနိုင်ငံများ တွင် လွတ်လပ်ရေးရရှိရန်နှင့် ကွန်မြူနစ် အစိုးရထူထောင်ရန်  ကွန်မြူနစ်များက ခေါင်းဆောင်ပြီးထကြွပုန်ကန်ရမည်။ အဆိုပါ  လက်နက်ကိုင် အာဏာသိမ်းရေး လမ်းစဉ်သည်  အိန္ဒိယကွန်မြူနစ်ပါတီ၏ လမ်းစဉ်ကို  တိုက်ရိုက်ကူးယူထားသော ဂိုရှယ်၏ စီမံကိန်းပင်ဖြစ်သည်။
၂။       ၁၉၄၉ ခုနှစ်။ မြို့သိမ်းတိုက်ပွဲများနှင့် အပြီး သတ်အာဏာသိမ်းရေးလမ်းစဉ်အရ ဗမာ ပြည် ကွန်မြူနစ်ပါတီသည် အကာအကွယ် တောင့်တင်းခိုင်မာခြင်းမရှိသည့် မြို့ပြများကို သိမ်းပိုက်၍ စစ်ရေးဝါဒကို စိတ်ကူးယဉ် ခဲ့ခြင်းဖြစ်သည်။
၃။       ၁၉၅ဝ  ပြည့်နှစ်။  နယ်ခြားဒေသတွင် အခြေခံစခန်းတည်ဆောက်ရေး၊ ပြည်ပနှင့် ဆက်သွယ်ရေး၊ ကမ္ဘာ့ကွန်မြူနစ်အဖွဲ့ချုပ်၏ ဆုံးဖြတ်သည့်အတိုင်း ကြွေးကြော်ရေးနှင့် နှစ်နှစ်အတွင်း စစ်အောင်နိုင်ရေးလမ်းစဉ်ကို ချမှတ်ခဲ့သည်။ ဗမာပြည် ကွန်မြူနစ် ပါတီသည် မြို့ပြနှင့် ကျေးလက်နယ်မြေ အချို့ကို သိမ်းပိုက်ထားနိုင်သဖြင့် စစ်ရေး ဝါဒကို ဆက်လက်ကျင့်သုံးရန် ဆုံးဖြတ်ခြင်း ပင်ဖြစ်သည်။ တစ်ဖက်ကလည်း ပြည်ပ အားကိုးသည့် သဘောထားများကို ပိုမို၍ ပြသလာသည်ကိုတွေ့ရသည်။
၎။       ၁၉၅၁ ခုနှစ်။ ငြိမ်းချမ်းရေးနှင့် ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းရေးလမ်းစဉ်ကို ချမှတ်သည်။ တပ်မတော်၏ ထိုးစစ်ကြောင့် လွတ်မြောက် သောဒေသများ ဆုံးရှုံးပြီး စစ်ရေးအခြေအနေ   နိမ့်ပါးယိုယွင်းလာသောကြောင့် အသက်ရှူပေါက်ရရှိစေရန် ငြိမ်းချမ်းရေးနှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးကို ကြွေးကြော် ခဲ့ခြင်းဖြစ်သည်။
၅။       ၁၉၅၂ ခုနှစ်။ တပ်မတော်၏ ထိုးစစ်များ ကြောင့် စစ်ရေးအခြေအနေ ပိုမိုဆိုးရွား လာပြီး ဖဆပလအစိုးရကလည်း ငြိမ်းချမ်း ရေးနှင့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေးကို လက်မခံသောအခါ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးလမ်းစဉ်ကို တစ်ဖက်လှည့်၍ြေ<ွကးကြော်ခဲ့ပြန်သည်။ သို့သော် ဖဆပလ အစိုးရက လက်မခံခဲ့ပေ။
၆။       ၁၉၅၃ ခုနှစ်။ ဖဆပလအစိုးရနှင့် အစေး ကပ်ရန် မျှော်လင့်ချက်မရှိတော့သောအခါ ဖဆပလအစိုးရအား  အပြုတ်တိုက်ရေး လမ်းစဉ်ကို ချမှတ်ပြန်သည်။
၇။       ၁၉၅၄ ခုနှစ်။ ကူမင်တန် တရုတ်ဖြူ ကျူးကျော်မှုကို  အခွင့်ကောင်းယူ၍ တရုတ်ဖြူဆန့်ကျင်ရေးကို ကြွေးကြော်ရင်း စစ်ရေးအရ  အခွင့်အရေးယူခဲ့သည်။ နောက်ကျောကို  ဓားနှင့်ထိုးခြင်းပင် ဖြစ်သည်။
၈။       ၁၉၅၅ ခုနှစ်။ နည်းဗျူဟာအရ ပြည်တွင်း စစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို ကြွေးကြော်ပြီး မဟာဗျူဟာအရ လက်နက်ကိုင်အာဏာသိမ်းရေးလမ်းစဉ်ဖြစ်သည်။ ထိုလမ်းစဉ်မှာ ၅၅ လမ်းစဉ်အဖြစ် နာမည်ကြီးခဲ့ပြီး ပြည်ပမှ ပေးပို့ခဲ့သော လမ်းစဉ် ဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီသည် ၅၅  လမ်းစဉ်အား  တစ်လုံးတစ်ပါဒမျှ ပြင်ဆင်ခွင့်မရခဲ့ပေ။ ထို့ကြောင့် ပြည်ပကွန်မြူနစ်သြဇာသက်ရောက်မှုနှင့် နိုင်ငံရေး လွှမ်းမိုးမှု ထိထိရောက် ရောက်ပေါ်ပေါက် လာခြင်းပင်ဖြစ်သည်။ တစ်ဖက်က ငြိမ်းချမ်း ရေးနှင့် ပါတီတရားဝင် ရပ်တည်ခွင့်ရရှိရေး ကို  ကြွေးကြော်ရင်း  တစ်ဖက်ကလည်း လက်နက်ကိုင်တိုက်ပွဲကို တိုးမြှင့်ရန် စီစဉ်ခဲ့ရာ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဖြစ်နေခဲ့ပြီး ပါတီအတွင်း၊ အပြင် ဂယက်ရိုက်မှု များပြားခဲ့သော လမ်းစဉ်ဖြစ်သည်။
၉။       ၁၉၅၆၊ ၅၇ ခုနှစ်များ။ ၅၅ လမ်းစဉ်ကို အကောင်အထည်ဖော်ရင်း ပါတီတွင်း ပဋိပက္ခများ ပေါ်ပေါက်လာသည်။ ၅၅ လမ်းစဉ်ကို ထောက်ခံသူ၊ မထောက်ခံသူများ အငြင်းပွားလာကြသည်။
၁ဝ။     ၁၉၅၈ ခုနှစ်။ ပါတီတွင်းယိုယွင်းလာပြီး လက်နက်ချသူ များပြားလာသဖြင့် ငြိမ်းချမ်း သောနည်းဖြင့် အာဏာရယူရေးလမ်းစဉ် (တစ်နည်းအားဖြင့်)ဥပဒေအတွင်း ဝင်ရောက်၍ အာဏာရယူရေး လမ်းစဉ်ကို ချမှတ်ခဲ့သည်။ ထိုကာလအတွင်း ဗမာပြည် ကွန်မြူနစ်ပါတီသည် လက်နက်ကိုင် လမ်းစဉ် ကို စွန့်လွှတ်ရလုနီးပါး အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ တိုင်း(၃) အုပ်စုတစ်ခု လုံး လက်နက်ချသွားပြီး ပါတီဗဟိုကလည်း ဗိုလ်ရဲထွဋ်ကို စေလွှတ်၍ အစိုးရနှင့် ဆွေးနွေးစေခဲ့ရသည်။
၁၁။     ၁၉၅၉ ခုနှစ်။ ဖဆပလနှစ်ခြမ်းကွဲပြီး အစိုးရ အင်အားချည့်နဲ့မှုကို အကြောင်းပြု၍ ၅၅ လမ်းစဉ်၏ အဆက်ဖြစ်သော အစိုးရနှင့် တန်းတူရည်တူတွေ့ဆုံဆွေးနွေးရေး၊ စေ့စပ် ဆွေးနွေးရေး လမ်းစဉ်ကိုအဆင့်တိုး၍ ချမှတ်ခဲ့သည်။  သို့သော် ဗမာပြည်ကွန်မြူနစ်ပါတီ သည် စစ်မှန်သော ငြိမ်းချမ်းရေးကို လိုလား မှုမရှိသောကြောင့်   အိမ်စောင့်အစိုးရ လက်ထက်တွင်  တပ်မတော်က ထိုးစစ်ကြီး များဖြင့် ချေမှုန်းခဲ့ရသည်။
၁၂။     ၁၉၆ဝ ပြည့်နှစ်။ အိမ်စောင့်အစိုးရက ကျင်းပပေးသည့် ရွေးကောက်ပွဲတွင် တည်မြဲ များက တပ်မတော်သည် ယင်းတို့အား ထောက်ခံကူညီသည်ဟု သတင်းလွှင့်ခဲ့ရာ ဗမာပြည်ကွန်မြူနစ် ပါတီကလည်း သန့်ရှင်းအစိုးရကို အားပေးကူညီရေး လမ်းစဉ်ချမှတ်ခဲ့သည်။   ဗမာပြည် ကွန်မြူနစ်ပါတီသည် နိုင်ငံရေးအရ အစိုးရကိုဆန့်ကျင် ပုန်ကန် နေသော်လည်း လက်တွေ့တွင် တပ်မတော် နှင့် ယှဉ်ပြိုင်တိုက်ခိုက်နေရခြင်းဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းအစိုးရက တပ်မတော် အပေါ် ဖိနှိပ်ကန့်သတ်ရေးကို လိုလားခဲ့ သည်။ ဦးနုခေါင်းဆောင်သော သန့်ရှင်း အစိုးရ၏ ပျော့ညံ့မှုနှင့် ပျော့ပျောင်းသော မူဝါဒများအပေါ် အခွင့်ကောင်းယူခဲ့ခြင်း လည်းဖြစ်သည်။
၁၃။     ၁၉၆၁ ခုနှစ်။ ဗမာပြည် ကွန်မြူနစ်ပါတီ သည် ငြိမ်းချမ်းစွာ အာဏာသိမ်းရေးသည် မဖြစ်နိုင်။ လက်နက်ကိုင်တိုက်ခိုက်မှသာ အာဏာရရှိမည်ဟု ယူဆပြီး ၁၉၅၈ ခုနှစ်က ငြိမ်းချမ်းသောနည်းဖြင့် အာဏာယူမည့် လမ်းစဉ်ကို ပယ်ဖျက်လိုက်သည်။
ဗမာပြည် ကွန်မြူနစ်ပါတီသည် ၁၄ နှစ်တာ ကာလအတွင်း လမ်းစဉ်အမျိုးမျိုးကို ပြောင်းလဲကျင့်သုံး  ခဲ့သည်။ သို့သော်လည်း အဓိကအားဖြင့် စစ်ရေး လမ်းစဉ်ကိုမူ စွန့်လွှတ်နိုင်ခြင်းမရှိခဲ့ပေ။ ၁၉၆၂ ခုနှစ် နှစ်ဦးတွင် သန့်ရှင်းအစိုးရ၏အခြေအနေမှာ များစွာယိုင်နဲ့ယိုယွင်းနေသော်လည်း တပ်မတော်ကဆင်နွှဲနေ သည့် ထိုးစစ် များကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီ သည်နိုင်ငံရေးအရ ထူးခြားတိုးတက်လာနိုင်ခြင်း မရှိခဲ့ပေ။ မြေပေါ်နိုင်ငံရေး အခြေအနေကိုဝင်ရောက် စွက်ဖက်နိုင်ရန်ကျောင်းသား၊ အလုပ်သမား၊ လယ်သမားစသည့် လူတန်းစား အလွှာများအတွင်းသို့ သူလျှိုများဖြင့် ထိုးဖောက်ဝင်ရောက်နေစဉ် မြေအောက်၌ တပ်မတော်၏ ထိုးစစ်များမှ ရှောင်ပြေးပုန်းအောင်း၍သာ နေရလေသည်။
ဗမာပြည်ကွန်မြူနစ်ပါတီသည် ၁၉၅၉ ခုနှစ်အစ ပိုင်းမှစ၍ ပဲခူးရိုးမသို့ တစ်စတစ်စပြန်လည်ဝင်ရောက် ပြီး ခိုအောင်းခဲ့ရသည်။  ပဲခူးရိုးမ၏အနောက်ဘက်ခြမ်း ရှိ မှော်ဘီ၊ သာယာဝတီ၊ ပြည်ဒေသများမှာ ဗမာပြည် ကွန်မြူနစ်ပါတီ၏ အနောက်တိုင်းဖြစ်သည်။ ပဲခူးရိုးမ အရှေ့ခြမ်းရှိ တောင်ငူ၊ ပဲခူးနှင့် ဟံသာဝတီဒေသ များမှာ အောက်ဗမာပြည်တိုင်းဖြစ်သည်။ အောက် ဗမာပြည်တိုင်းသည် ၁၉၅၈ ခုနှစ်က ဆိတ်သုဉ်းသွား သောတိုင်း(၃) (မြစ်ဝကျွန်းပေါ်သထုံခရိုင်နှင့် မြန်မာပြည်တောင်ပိုင်းဒေသအချို့) တစ်စိတ်တစ်ဒေသကို အစားထိုးခြင်းဖြစ်ပြီး  မဒညတ  ဖွဲ့စည်းမှုဖြင့် ကေအင်န်ယူပါတီနှင့်လက်တွဲကာ မြစ်ဝကျွန်းပေါ်သို့ ထိုးဖောက်လျက်ရှိသည်။
အနောက်မြောက်တိုင်းတွင် ဗိုလ်သက်ထွန်းသည် ၁၉၅၆ ခုနှစ်မှစ၍ တိုင်းပါတီကော်မတီဝင်ဖြစ်လာပြီး တပ်များကို ဦးစီးခဲ့သည်။ ဗိုလ်သက်ထွန်း၏တပ်များမှာ  ပခုက္ကူခရိုင်၊ မုံရွာခရိုင်နှင့် မင်းဘူးခရိုင်၊ သရက်ခရိုင် အနောက်ဘက်ခြမ်းတို့တွင် ခိုအောင်းလှုပ်ရှားလျက်ရှိ ကြသည်။ ၁၉၆၁ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ အတွင်း၌ ၅၅ လမ်းစဉ်ကို ပြစ်တင်ရှုတ်ချမှုများ ကျယ်လောင်လာသည်။(၁။ ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။) ပြည်ပမှ ချမှတ်ပေးလိုက်သည့် ၅၅ လမ်းစဉ်နှင့် သခင်သန်းထွန်း၏ ခေါင်းဆောင်မှုသည် လက်ယာသွေဖည်ရေးလမ်းစဉ်ဖြစ်သည်ဟု ဝေဖန် လာကြသည်။
၁၉၆ဝ ပြည့်နှစ်တွင် သခင်ဗသိန်းတင်သည် မော်စကိုမြို့၌ ကျင်းပသော ၈၁ နိုင်ငံ ကွန်မြူနစ် ပါတီများ ကွန်ဖရင့်သို့ ပြည်ပမှတစ်ဆင့်တက်ရောက်ပြီး မြန်မာနိုင်ငံရေးအခြေအနေနှင့်ပတ်သက်သော အစီရင် ခံစာ တစ်စောင်တင်သွင်းခဲ့သည်။ သခင်ဗသိန်းတင်က အစီရင်ခံစာတွင် အိမ်စောင့်အစိုးရ၏ အခြေအနေကို ဖော်ပြခဲ့သည်။
၁၉၆ဝ ပြည့်နှစ်၊ မော်စကိုကွန်ဖရင့်က ဓနရှင်    နိုင်ငံရေးသမားတို့သည် မိမိတို့၏ ကျဉ်းမြောင်းသော အတန်းအစား အကျိုးစီးပွားအတွက် ဆိုရှယ်လစ် ကြွေးကြော်သံများကို လေလုံးထွားထွားနှင့် အသုံးချခဲ့ ကြောင်း၊ ထိုသို့အသုံးချခြင်းကိုဖွင့်ချရမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့သည်။(၂။ ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။) ဗမာပြည် ကွန်မြူနစ်ပါတီသည် သခင်ဗသိန်းတင်၏  အစီရင်ခံစာနှင့်  မော်စကို ကွန်ဖရင့်ကြေညာချက်ပါ သဘောထားတို့ကို အခြေခံ ၍ ၁၉၆၂ ခုနှစ်တွင် ဗဟိုကော်မတီဆုံးဖြတ်ချက် တစ်ရပ်ကို ချမှတ်ခဲ့သည်။
ယင်းဆုံးဖြတ်ချက်တွင် ဥပဒေအတွင်း ဝင်ရောက် ရေးဟူသော ၅၅ လမ်းစဉ်သည် စိတ်ကူးယဉ်မှုဖြစ် သဖြင့် အသုံးမဝင်တော့ဟုဆိုသည်။ ၁၉၅၅ ခုနှစ် နောက်ပိုင်းစစ်ရေးနှင့် လက်နက်ကိုင်တိုက်ပွဲ၏အရေးပါ အရာရောက်မှုမှာ လျော့ပါးသွားကြောင်း၊ ၁၉၆၂ ခုနှစ်၊ ဗဟိုကော်မတီဆုံးဖြတ်ချက်မှာ လက်နက်ကိုင်တိုက်ပွဲကို အရေးပေးကြောင်း၊ လက်နက်ကိုင်တိုက်ပွဲနည်းဖြင့်သာ အာဏာသိမ်းရမည်ဖြစ်ကြောင်း သခင်သန်းထွန်းက ထုတ်ဖော်ပြောဆိုခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် လက်နက်ကိုင်တိုက်ပွဲကို ဆက်လက်ဆင်နွှဲရေးပင်ဖြစ်သည်။ သခင်သန်းထွန်းသည် ခေါင်းဆောင်မှုကျဆင်း နေရာမှ လမ်းစဉ်သစ်ကိုဖော်ထုတ်နိုင်သောကြောင့် အသက်ရှူချောင်သွားရသည်။
၁၉၆၂ ခုနှစ်၊ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်တွင် မြန်မာပြည်သည် အနှစ်သာရအားဖြင့် ကိုလိုနီတစ်ပိုင်း တိုင်းပြည်ဖြစ်ကြောင်း၊ ပါတီ၏တော်လှန်ရေးသည် နယ်ချဲ့ဆန့်ကျင်သော၊  ပဒေသရာဇ်ဆန့်ကျင်သော တော်လှန် ရေးဖြစ်ကြောင်း၊    တစ်နည်းအားဖြင့် အမျိုးသားဒီမိုကရေစီ တော်လှန်ရေးဖြစ်ကြောင်း၊ တော်လှန်ရေး အစိုးရသည် ဓနရှင်ကြီးနှင့်မြေရှင်တို့၏အစိုးရဖြစ်၍တိုက်ဖျက်ပစ်ရမည်ဖြစ်ကြောင်းဖော်ပြထားသည်။(၃။ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။)
ဥပဒေတွင်းဝင်ရေးကို တိုက်ဖျက်ပစ်ရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်တိုက်ပွဲ၏ ရည်မှန်းချက်သည် အာဏာသိမ်းရေးဖြစ်၍ လက်ငင်းရည်ရွယ်ချက်သည် မိမိ၏တပ်နှင့်လက်နက်၊  အခြေခံဒေသများကို ဆက်လက်ထိန်းသိမ်းထားနိုင်သော အခြေအနေတွင် စစ်ရပ်စဲကာ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေး အတွက်  အကျပ်ကိုင်နိုင်ရန်နှင့်  စစ်ရပ်စဲရေးမရက ရေရှည်စစ်ကို အာဏာသိမ်းရေးအတွက် ဆက်လက် ဆင်နွှဲသွားရေးဖြစ်ကြောင်း ဖော်ပြထားသည်။
တော်လှန်ရေးကောင်စီ  အာဏာသိမ်းခြင်းသည် တိုးတက်သောအာဏာသိမ်းခြင်းမဟုတ်ကြောင်း၊ ဒယိမ်းဒယိုင်ဖြစ်နေသော ဓနရှင်ကြီးအုပ်စုတစ်ခုကို အခြားဓနရှင်ကြီးအုပ်စုတစ်ခုက ကယ်တင်ခြင်းသာ ဖြစ်ကြောင်း၊   မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်သည် ဒီမိုကရေစီအင်အားစုများကို စည်းလုံးညီညွတ်စေပြီး နယ်ချဲ့ပဒေသရာဇ် စနစ်ကိုဖျက်၍    စစ်မှန်သော ဆိုရှယ်လစ်စနစ်တည်ဆောက်ရန်မဟုတ်ဘဲ ဒီမိုကရေစီ အင်အားစုများကိုဖြိုခွဲပြီး နယ်ချဲ့ပဒေသရာဇ်စနစ်နှင့် စေ့စပ်ကာ ဓနရှင်ဖွံ့ဖြိုးရေးလမ်းကြောင်းအတိုင်း ပြည်သူများကိုလိုက်ခိုင်းမည့် လမ်းစဉ်ဖြစ်ကြောင်းဖြင့် လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နှင့်ပတ်သက်၍ တောတွင်းကွန်မြူနစ်ခေါင်းဆောင်တို့က သဘောထား ချမှတ်ဆုံးဖြတ်ခဲ့သည်။ တော်လှန်ရေးအစိုးရသည် ယေဘုယျအားဖြင့် တိုးတက်သော နိုင်ငံခြားရေးပေါ်လစီကို ကျင့်သုံးဦးမည်ဖြစ်သော်လည်း ပြည်တွင်းရေးတွင် ယေဘုယျအားဖြင့် ဖောက်ပြန်သည့် အတွက် ဦးတည် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ထားပေသည်။
ယနေ့ ရင်ဆိုင်နေရသော ပြဿနာအရပ်ရပ်၏ အဓိကသော့ချက်သည် အစိုးရနှင့်လက်နက်ကိုင် အင်အားစုများ၊ ဒီမိုကရေစီကျကျ တွေ့ဆုံဆွေးနွေး စေ့စပ်ပြီး ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်း ရေး ပြန်လည်တည်ဆောက်ရေးဖြစ်ကြောင်း။ ပြည်တွင်း စစ်ရပ်စဲရေးအတွက် အခြေခံမှာ-          (၁။ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။)
 (က)   အမျိုးသားလွတ်လပ်ရေးနှင့်ငြိမ်းချမ်းစွာ အတူနေရေးဝါဒ ပြတ်သားစွာကျင့်သုံးရေး၊
(ခ)     ငါ့မင်း၊ ငါ့ချင်း အုပ်စိုးမှုစနစ်နေရာ၌ ဒီမိုကရေစီကျသော အုပ်ချုပ်မှုစနစ်အဖြစ် ပြောင်းလဲရေး၊ ပြည်သူ့ဒီမိုကရေစီအခွင့် အရေးများ ပြန်လည်ပေးအပ်ရေး၊ နိုင်ငံရေး အကျဉ်းသမားများ ပြန်လည်လွှတ်ပေးရေး၊
(ဂ)     ကွန်မြူနစ်ပါတီနှင့်ဒီမိုကရေစီပါတီများ တရားဝင်တည်ရှိမှုနှင့် လုပ်ကိုင်ခွင့်ရရေး၊
(ဃ)    တိုင်းရင်းသားလူမျိုးစု အခွင့်အရေးများ အာမခံရေးတို့ ဖြစ်သည်။
ယင်းသို့သော အခြေခံမူများအပေါ်၌ တွေ့ဆုံ ဆွေးနွေးစေ့စပ်ပြီး ပြည်တွင်းစစ်ရပ်စဲရန် တောင်းဆို တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းဖြင့်လည်း ဖော်ပြထား လေသည်။
လက်နက်ကိုင်တိုက်ပွဲနည်းပရိယာယ်နှင့်တော်လှန် သောငြိမ်းချမ်းရေးနည်းပရိယာယ်ကို ပေါင်းစပ်သွား မည်ဖြစ်ကြောင်း၊ ဥပဒေတွင်း၌ ငြိမ်းချမ်းရေးလှုပ်ရှားမှု ပေါ်လာအောင်ကြိုးစား၍  အစိုးရဆန့်ကျင်ရေးလမ်း ပေါ်ရောက်အောင် ကြိုးစားမည်ဖြစ်ကြောင်းဖြင့်လည်း ၁၉၆၂ ခုနှစ်၊ ဗဟိုကော်မတီဆုံးဖြတ်ချက်တွင် ဖော်ပြ ထားသည်။ (၂။ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။)
ဗမာပြည်ကွန်မြူနစ်ပါတီ၏ ၁၉၆၂ ခုနှစ်၊ ဗဟို ကော်မတီဆုံးဖြတ်ချက်သည် ၁၉၅၈ ခုနှစ်၊ ငြိမ်းချမ်းရေး နည်းဖြင့် အာဏာယူမည့်လမ်းစဉ်ကို အတိအလင်း စွန့်လွှတ်ထားသည်။ ၅၅ လမ်းစဉ်ကိုလည်း ပြောင်းလဲ ထားသည်။ ဗဟိုကော်မတီ၏ဆုံးဖြတ်ချက်အရ ဗမာ ပြည်ကွန်မြူနစ်ပါတီသည် တော်လှန်ရေးအစိုးရအား ဦးတည်ရန်သူအဖြစ် ဆက်လက်တိုက်ခိုက်သွားရမည် ဖြစ်သည်။ မြေအောက်တွင်လှုပ်ရှားတိုက်ခိုက်သွားရန် သာမကဘဲ မြေပေါ်တွင်လည်း ငြိမ်းချမ်းရေးလှုပ်ရှားမှု အသွင်ဖြင့် အစိုးရကို ဆန့်ကျင်ဆူပူရန်ကြိုးစားခဲ့သည်။ ထို့ကြောင့်ဗမာပြည်ကွန်မြူနစ်ပါတီ မြေပေါ်ကလာပ် စည်းဝင်များသည် ကျောင်းသား၊ အလုပ်သမားစသော မြို့နေလူတန်းစားများအတွင်းသို့ လျှို့ဝှက်ထိုးဖောက် စည်းရုံး၍ ဆူပူအုံကြွရေးကိုလှုံ့ဆော်ခဲ့သည်။
ဗမာပြည် ကွန်မြူနစ်ပါတီသည် ၁၉၆၃ ခုနှစ်၊ နှစ်ဦးပိုင်းတွင် ဖြူးချောင်းဖျားဒေသ၌ ငါးခရိုင် ကွန်ဖရင့်ကို ပြုလုပ်ခဲ့သည်။ ငါးခရိုင်ကွန်ဖရင့်က အနောက်တိုင်းနှင့် အောက်ဗမာပြည်တိုင်းကို ပူးပေါင်း ၍ ပဲခူးရိုးမတိုင်းအဖြစ် ပြင်ဆင်ဖွဲ့စည်းကာ ဗဟိုမှ တိုက်ရိုက်ကွပ်ကဲခဲ့သည်။  ပါတီဗဟိုသည်  ပဲခူးရိုးမ အား ပစ္စည်းမဲ့တော်လှန်ရေး အောင်ပွဲ၏အဆုံးအဖြတ်ပြုရာ ခိုင်မာတောင့်တင်းသောအခြေခံဒေသ၊ ရန်သူ တကာကို မြေမြှုပ်၍ သင်္ဂြိုဟ်မည့်သင်္ချိုင်း သို့မဟုတ်၊ အောင်မြေအဖြစ်သတ်မှတ်ကာ  တစ်နိုင်ငံလုံးရှိ လက်အောက်ခံ ကွန်မြူနစ်များအား  ပဲခူးရိုးမတွင် အခြေစိုက်၍ ကွပ်ကဲခဲ့သည်။ (၃။    ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။)
ကရင်သောင်းကျန်းသူများအခြေအနေ(၄။ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ကရင်သောင်းကျန်းသူများသမိုင်းအကျဉ်းချုပ် စာစောင်။)
ကေအင်န်ယူအဖွဲ့သည် လွတ်လပ်ရေးမရခင်ကပင် ကရင်ပြည်နယ်ရရှိရေး၊ ကရင်ပြည်နယ်ခွဲထွက်ရေး တို့ကို တောင်းဆိုလှုပ်ရှားရာမှ ကရင်လက်နက်ကိုင်တပ် များဖြစ်သည့် ကရင်သေနတ်ကိုင်တပ်ရင်းများ၊ ကရင် စစ်ရဲများနှင့် ကေအင်န်ဒီအိုတပ်ဖွဲ့များကို ပုန်ကန်ဆူပူ ရန် အစဉ်တစိုက်သွေးထိုးပေးခဲ့သည်။ လွတ်လပ်ရေး ရရှိပြီးနောက်တွင် ကေအင်န်ယူအဖွဲ့သည် လက်နက် ကိုင်ပုန်ကန်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ကရင် သေနတ်ကိုင်အဖွဲ့အစည်းများသည် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း၊ တညီတညွတ်တည်း ပုန်ကန်ထြ<ွကခဲ့ ခြင်းမရှိကြပေ။ ၁၉၄၈ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင် ကရင်စစ်ရဲများက စတင်ပစ်ခတ်၍ သထုံမြို့အုပ်ချုပ် ရေးအာဏာကိုသိမ်းယူကြသည်။ သြဂုတ်လ ၃၁ ရက် တွင် သထုံမြို့ပေါ်ရှိ ကေအင်န်ယူခေါင်းဆောင်များ၊ ကေအင်န်ဒီအိုတပ်ဖွဲ့များနှင့် အမ်းပုလိပ် (Arm Police) များ ပူးပေါင်း၍ အုပ်ချုပ်ရေးအဖွဲ့တစ်ခု ဖွဲ့စည်း ကာ သထုံခရိုင်ကို စတင်သိမ်းပိုက်အုပ်ချုပ်ခဲ့ကြသည်။ ၁၉၄၈ ခုနှစ်၊ ဧပြီလ ၂ဝ ရက်တွင် သထုံခရိုင်တစ်ခုလုံး ကို ကေအင်န်ဒီအိုများ လက်အောက်သို့ကျဆင်းပြီး ကော်သူးလေအစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။ မအူပင် တွင်လည်း ကေအင်န်ဒီအိုများက ငွေတိုက်ကိုဖောက်၍ လုယက်ကြသည်။
ကေအင်န်ယူအဖွဲ့သည် ကရင်လက်နက်ကိုင်တို့၏ အာဏာဖီဆန်မှုများ၊ ပုန်ကန်မှုများ နေရာအနှံ့အပြား တွင်  ပေါ်ပေါက်လာသော်လည်း  ငြိမ်းချမ်းရေး ကြွေးကြော်သံဖြင့် အစိုးရကိုချွေးသိပ်ထားခဲ့သည်။ တစ်ဖက်က အစိုးရနှင့်စေ့စပ်၍ အရေးဆိုနေချိန်တွင် ကရင်တော်လှန်ရေးကျယ်ပြန့်ရန် တစ်ဖက်ကကြိုးစား စည်းရုံးခဲ့သည်။ အနောက်နိုင်ငံသားများထံမှ လက်နက် ခဲယမ်း အကူအညီရရှိရေးကိုလည်း ဆောင်ရွက်ခဲ့သည်။ ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလတွင် တောင်ငူ၊ ဖြူး၊ ထန်းတပင်နှင့်အင်းစိန်တို့တွင် လက်နက်ကိုင်တော်လှန် ပုန်ကန်မှုများ ပေါ်ပေါက်လာပြီး ကရင်လက်နက်ကိုင် သောင်းကျန်းမှု အတိအလင်းပေါ်ပေါက်လာခဲ့သည်။
ကေအင်န်ယူတို့၏လက်နက်ကိုင်သောင်းကျန်းမှုသည် စတင်သောင်းကျန်းဆူပူချိန်၌ စစ်ရေးဝါဒ သက်သက်ဖြစ်သည်။ ကရင်လက်နက်ကိုင်တပ်များမှာ အင်အားတောင့်တင်းသောကြောင့် မန္တလေး၊ မေမြို့၊ မိတ္ထီလာ၊ တောင်ငူ၊ ဖြူး၊ အင်းစိန်၊ သထုံနှင့် မြစ်ဝကျွန်း ပေါ်ဒေသရှိ မြို့၊ ရွာအများအပြားကို သိမ်းပိုက်ထား နိုင်ခဲ့ကြသည်။  တပ်မတော်က  ထိုးစစ်များဆင်နွှဲ၍ တိုက်ခိုက်ချေမှုန်းသောအခါ သိမ်းပိုက်ထားသည့် မြို့၊ ရွာများကို လက်လွှတ်လိုက်ကြရသည်။ ကေအင်န် ယူခေါင်းဆောင်များသည် ၁၉၅၂ ခုနှစ်မှစ၍ စစ်ရေးဝါဒကို အပြစ်မြင်လာပြီး လက်ဝဲယိမ်းသော နိုင်ငံရေး လမ်းစဉ်ကို ပြောင်းလဲရန်ကြိုးစားခဲ့ကြသည်။  ၁၉၅၃ ခုနှစ်၊ ဇွန်လ ၉ ရက်တွင် မြောင်းမြခရိုင်၊ ဝါးခယ်မ မြို့နယ်၊ ပရိုက်သောင်တန်းရွာအနီး၌ ကျင်းပသော ဝိန့်ထောင်ကွန်ဖရင့်သည် ကရင်တော်လှန်ရေး အတွက် ပါတီ၊ တပ်မတော်နှင့်တပ်ပေါင်းစုရှိရမည်ဟု ဆုံးဖြတ်ကာ ကျဉ်းမြောင်း သောလူမျိုးရေးဝါဒကိုအခြေခံသည့် စစ်ရေးသက်သက်လမ်းစဉ်ဖြစ်သော ပထမလမ်းစဉ်ကို စွန့်လွှတ်၍ မာ့ခ်စ်လီနင်ဝါဒကိုလက်ခံသော ဒုတိယ လမ်းစဉ်သို့ ပြောင်းလဲလိုက်သည်။
သို့သော် ကရင်သောင်းကျန်းသူအားလုံးက လက်ဝဲဝါဒကို လက်မခံခဲ့ကြပေ။ အထူးသဖြင့် အရှေ့ ကော်သူးလေခေါ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်း သံလွင်မြစ်ဝှမ်းဒေသမှ ကေအင်န်ဒီအိုများသည် စစ်ရေး ဝါဒသက်သက်နှင့် ကျဉ်းမြောင်းသော လူမျိုးရေးဝါဒကို သာ စွဲကိုင်ထားလိုကြသည်။
၁၉၅၆ ခုနှစ်တွင် ကေအင်န်ယူပါတီ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီနှင့် မွန်ပြည်သစ်ပါတီတို့ ပူးပေါင်း၍ ဒီမိုကရက်တစ်လူမျိုးစုများ ညီညွတ်ရေးတပ်ဦးကိုဖွဲ့စည်းခဲ့ကြသည်။ ကေအင်န်ယူအတွင်း၌ ကား လက်ဝဲဝါဒ၊ ကွန်မြူနစ်ဝါဒ မှိုင်းမိနေသော မန်းဘဇံအုပ်စုနှင့်  ကရင်လူမျိုးရေးအုပ်စုဖြစ်သည့် ကော်ကဆာ စောဟန်တာသာမွှေးအုပ်စုတို့ ပဋိပက္ခ ပြင်းထန်လျက်ရှိသည်။ မန်းဘဇံနှင့် ကော်ကဆာ စောဟန်တာသာမွှေး၏ ပဋိပက္ခကို ကျော်မြသန်းက ကြားဝင်စေ့စပ်ပေးလျက်ရှိသည်။
၁၉၅၉ ခုနှစ်၊ မေလ ၂၇ ရက်တွင် ကေအင်(န်)ယူ ပါတီသည် ရွှေကျင်မြို့နယ်၌ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ၊ ချင်းအမျိုးသားဦးစီးအဖွဲ့တို့နှင့်ပူးပေါင်းကာ အမျိုးသား ဒီမိုကရေစီ  ညီညွတ်ရေးတပ်ပေါင်းစု (မဒညတ)ကို ဖွဲ့စည်းခဲ့ကြသည်။  မဒညတမှာ  အဓိကအားဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီနှင့်   ကေအင်န်ယူပါတီတို့ တစ်ဦးကိုတစ်ဦး လွှမ်းမိုးရန်ကြိုးစားကြခြင်းသာဖြစ် သည်။ ချင်းအမျိုးသားဦးစီးအဖွဲ့သည် ဗမာပြည်ကွန်မြူ နစ်ပါတီက ပါတီတွင်းရှိ မြေပြန့်ချင်းများကိုစုစည်း၍ မဒညတတွင် အင်အားကောင်းစေရန် ဖန်တီးဖွဲ့စည်း ထားသည့်  အဖွဲ့အစည်းသာဖြစ်သည်။  ကရင်နီ အမျိုးသားတိုးတက်ရေးပါတီနှင့် မွန်ပြည်သစ်ပါတီ တို့မှာမူ ကေအင်န်ယူပါတီ၏ သြဇာခံခါးပိုက်ဆောင်  တပ်ဖွဲ့များသာဖြစ်သည်။ သို့သော် မဒညတသည် ထိထိ ရောက်ရောက်လှုပ်ရှားနိုင်ခြင်းမရှိပေ။  မြစ်ဝကျွန်းပေါ် ဒေသတွင်သာ ဗမာပြည်ကွန်မြူနစ်ပါတီက လွှမ်းမိုးသွား နိုင်ခဲ့သည်။
၁၉၅၉  ခုနှစ်တွင်  ကေအင်န်ယူပါတီသည် ပထမအကြိမ်ပါတီညီလာခံကိုကျင်းပပြီး ကေအင်န်ယူ ပါတီကို ကရင်တော်လှန်ရေး၏ ရှေ့ဆောင်ပါတီအဖြစ် သတ်မှတ်ခဲ့သည်။ ထိုအချိန်တွင် ကရင်သောင်းကျန်းသူ များအတွင်း၌ အဖွဲ့အစည်း ၄ ခု ကွဲပြားလျက်ရှိရာ ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။       ကေအင်န်ယူပါတီ (K.N.U.P) ကော်သူးလေ အမျိုးသားပေါင်းစုံ ညီညွတ်ရေးပါတီ။
၂။       ကေအာရ်စီ  (K.R.C)  ကရင်တော်လှန်ရေး ကောင်စီ။
၃။       ကေအင်န်ယူ (K.N.U) ကရင်အမျိုးသား အစည်းအရုံး။
၎။       ကေပီအယ်လ်အေ (K.P.L.A) ကရင်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်။
ကရင်မြေအောက်အဖွဲ့မှာ အောက်ဖော်ပြပါ အတိုင်း  အဖွဲ့လေးဖွဲ့ကွဲလျက်ရှိပြီး  သီးခြား  ခေါင်းဆောင်များဖြင့် သူတစ်လူ ငါတစ်မင်း ဆူပူ သောင်းကျန်းနေကြခြင်းဖြစ်သည်။ ကရင်မြေအောက် သောင်းကျန်းမှုအတွင်း လက်ဝဲ/လက်ယာ နိုင်ငံရေး အတွေးအခေါ် အငြင်းပွားမှုပဋိပက္ခသည် ၁၉၅၉ ခုနှစ်တွင်    အတိအလင်းပေါ်လာခြင်းဖြစ်သည်။ကေအင်န်ယူပါတီသည် ဗမာပြည် ကွန်မြူနစ်ပါတီ၏ ဖွဲ့စည်းပုံနှင့်လမ်းစဉ်ကို ကူးယူအတုခိုး၍အောက်ပါ အတိုင်းဖွဲ့စည်းခဲ့သည်။(၁။ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ကရင်သောင်းကျန်းသူများ သမိုင်းအကျဉ်းချုပ် စာစောင်စာမျက်နှာ ၂၅၊၂၆၊၂၇၊၂၈၊၂၉။)
ပေါ်လစ်ဗျူရိုအဖွဲ့
(က)    မုဆိုးကော်ကဆာ
                    စောဟန်တာသာမွှေး                        ဥက္ကဋ္ဌ
(ခ)     မန်းဘဇံ (ခ)
                    မန်းစိုးကမော့                                 အတွင်းရေးမှူး
(ဂ)     ဆရာသာမြိုင်(ခ) မန်းရှဖလေ့               အဖွဲ့ဝင်
(ဃ)    စောမင်းမောင်
                    (ကော်သူးလေဗိုလ်ချုပ်)                     အဖွဲ့ဝင်
(င)     စောကော်ထူး(ခ) ကျော်မြသန်း             အဖွဲ့ဝင်

ဗဟိုကော်မတီ
(က)    မုဆိုးကော်ကဆာ
                    စောဟန်တာသာမွှေး                        ဥက္ကဋ္ဌ
(ခ)     မန်းဘဇံ(ခ)
                    မန်းစိုးကမော့                                 အတွင်းရေးမှူး
(ဂ)     ဆရာသာမြိုင်(ခ) မန်းရှဖလေ့               အဖွဲ့ဝင်
(ဃ)    စောမင်းမောင်
                    (ကော်သူးလေဗိုလ်ချုပ်)                     အဖွဲ့ဝင်
(င)     စောကော်ထူး(ခ) ကျော်မြသန်း             အဖွဲ့ဝင်
(စ)     စကောလယ်တော(ခ)
                    ဆရာကော်ရေး                               အဖွဲ့ဝင်
(ဆ)    ဆရာစိန်ဟန်(ခ) မန်းဖန်းထန်(ခ)
                    မန်းမနိတ်                                     အဖွဲ့ဝင်
(ဇ)     မန်းသိမ်းမောင်(ခ) မန်းသိန်း                အဖွဲ့ဝင်
(ဈ)     စောမြမောင်(ခ) မန်းသုမနုတ်               အဖွဲ့ဝင်
(ည)    ဗိုလ်တင်ဦး(ခ) ကာအဲ                      အဖွဲ့ဝင်
(ဋ)     စောအုံးဖေ                                    အဖွဲ့ဝင်
(ဌ)     စောဝေသော                                 အဖွဲ့ဝင်

အရန်ဗဟိုကော်မတီ
(က)    ဘော်လဒွင်
(ခ)     ကျင်ဖေ
(ဂ)     ရွှေလေး
(ဃ)    မြရင်
(င)     စံလင်း
(စ)     အေးဟန်
(ဆ)    မန်းလာဖန်(ခ)ကျော်သောင်း
                    (ခုနစ်ခရိုင်ဥက္ကဋ္ဌ)
(ဇ)     မောင်မောင်
(ဈ)     သန်းအောင်
(ည)    ထရူးမင်း
(ဋ)     အက်ဒဝပ်
(ဌ)     ကြည်လင်
(ဍ)     ကျော်သောင်း(မြစ်ဝကျွန်းပေါ်တိုင်း
                    စစ်ဌာနချုပ် နိုင်ငံရေးမှူး)

ကော်သူးလေအမျိုးသားပေါင်းစုံ ညီညွတ်ရေးပါတီ (ကေအင်န်ယူပီ)
(က)    မုဆိုးကော်ကဆာ                            ဥက္ကဋ္ဌ
                    စောဟန်တာသာမွှေး
(ခ)     မန်းဘဇံ(ခ)                                   အတွင်းရေးမှူး
                    မန်းစိုးကမော့
(ဂ)     စောမင်းမောင်                                စစ်ဦးစီးချုပ်
                    (ကော်သူးလေဗိုလ်ချုပ်)
(ဃ)    စောကော်ထူး(ခ)                            ဒုတိယစစ်ဦးစီးချုပ်
                    ကျော်မြသန်း
(င)     ဆရာသာမြိုင်(ခ)                            လယ်ယာမြေ
                    မန်းရှဖလေ့
(စ)     စကောလယ်တော(ခ)                       လူမျိုးစု
                    ဆရာကော်ရေး
(ဆ)    ဆရာစိန်ဟန်(ခ)          ကော်မတီ
                    မန်းဖန်းထန်(ခ) မန်းမနိတ်
                    (မြစ်ဝကျွန်းပေါ်တိုင်း)
(ဇ)     မန်းသိမ်းမောင်(ခ) မန်းသိန်း                ကော်မတီ
                    (အရှေ့တိုင်းဥက္ကဋ္ဌ)
(ဈ)     စောဝေသော                                 ကော်မတီ
(ည)    စောအုံးဖေ                                    ကော်မတီ
                    (အရှေ့တိုင်းဦးစီး)
(ဋ)     ဗိုလ်တင်ဦး(ခ) တာအဲ                      ကော်မတီ
(ဌ)     ဖရယ်ဒီ ရုံးအုပ်
အရှေ့တိုင်းပါတီကလာပ်စည်း
(က)    မန်းသိမ်းမောင်(ခ) မန်းသိန်း                ဥက္ကဋ္ဌ
(ခ)     ထီးမူး(ခ) ဆရာမားရား                      အတွင်းရေးမှူး
(ဂ)     စောအုံးဖေ                                    အမှုဆောင်
မြစ်ဝကျွန်းပေါ်တိုင်းပါတီကလာပ်စည်း
(က)    ဆရာစိန်ဟန်(ခ) မန်းဖန်းထန်              ဥက္ကဋ္ဌ
(ခ)     ဦးအက်ဒဝပ်                                  အတွင်းရေးမှူး
(ဂ)     မြမောင်                                       အမှုဆောင်
(ဃ)    ဘော်လဒွင်                                   အမှုဆောင်
(င)     ကျင်ဖေ                                       အမှုဆောင်
(စ)     အက်(စ်)စံသိန်း                              အမှုဆောင်
(ဆ)    ကျော်သောင်း                                အမှုဆောင်

ပဲခူးရိုးမတိုင်းပါတီကလာပ်စည်း
(က)    ဗိုလ်တင်ဦး(ခ) တာအဲ                                ဥက္ကဋ္ဌ
(ခ)     အေးဟန်                                               အတွင်းရေးမှူး
(ဂ)     လှမောင်                                               အမှုဆောင်
(ဃ)    ကြည်လင်                                             အမှုဆောင်
ကရင်သောင်းကျန်းသူများအနေနှင့် အဓိက လှုပ်ရှားနေသော နယ်မြေကြီးသုံးခုမှာ ပဲခူးရိုးမတိုင်း၊ မြစ်ဝကျွန်းပေါ်တိုင်းနှင့် အရှေ့တိုင်းတို့ဖြစ်သည်။ ကေအင်န်ယူပါတီသည် တိုင်းသုံးခုအတွင်း တပ်တွင်း ပါတီကလာပ်စည်းခေါင်းဆောင်များအဖြစ်ဖြင့် စောအုံးဖေကို အရှေ့တိုင်းတွင်လည်းကောင်း၊ မြမောင် ကို မြစ်ဝကျွန်းပေါ်တိုင်းတွင်လည်းကောင်း၊ လှမောင်ကို ပဲခူးရိုးမတိုင်းတွင်လည်းကောင်း အသီးသီးတာဝန်ပေး ထားသည်။

ကေအာရ်စီ(ကရင်တော်လှန်ရေးကောင်စီ) အဖွဲ့ဝင်များ
(က)    မုဆိုးကော်ကဆာ
          စောဟန်တာသာမွှေး                                  သမ္မတ
(ခ)     မန်းဘဇံ ဒုတိယဥက္ကဋ္ဌ
(ဂ)     စကောလယ်တော                                     အထွေထွေ
                                                                   အတွင်းရေးမှူးချုပ်
(ဃ)    စောဝေသော                                          ပြည်ထဲရေးဌာန
(င)     ဘထွန်း                                                 ပညာပေးဌာန
(စ)     ဘိုးသော                                               တရားရေးဌာန
(ဆ)    ဒေါက်တာ ဘထရန်                                   ကျန်းမာရေးဌာန
(ဇ)     မေဂျာသောရီ                                          ဘဏ္ဍာရေးဌာန
(ဈ)     သာဒင်ကြီး                                             စည်းရုံးရေးမှူး
(ည)    စကောဝါဒိုး                                            အဖွဲ့ဝင်
(ဋ)     ဝါရီကျော်                                              အဖွဲ့ဝင်
(ဌ)     စမောကွီ                                               အဖွဲ့ဝင်
(ဍ)     မန်းသိမ်းမောင်(ခ) မန်းသိန်း                         အဖွဲ့ဝင်
(ဎ)     ဖဒိုမာဝေတူးမို                                         အဖွဲ့ဝင်
ထို့အပြင် တိုင်းနိုင်ငံရေး၊ စစ်ရေးကောင်စီကို ဖွဲ့စည်းပြီး မန်းသိမ်းမောင်(ခ) မန်းသိန်းက သဘာပတိ အဖြစ်ဆောင်ရွက်ပြီး စောအုန်းဖေညွန့်က တွဲဖက် အတွင်းရေးမှူးအဖြစ်ဆောင်ရွက်သည်။ ရှမ်းမောင်၊ ဗိုလ်နန္ဒ၊ ထော့မဲ့ပါ(ခ) အောင်စိန်၊ မိုးဇက်ညို၊ ဆရာ သာအေး၊ ဂျော်နီ၊ ရီမင်းဘား၊ ဘိုးထူး၊ ထီးမူ၊ စိန်ဘီး၊ ကလူပေါ့နှင့်စိန်ခေတို့ကအဖွဲ့ဝင်များအဖြစ် ဆောင်ရွက် သည်။
အက်စ်အိပ်ခ်ျကြူ(ခေါ်) အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့တွင် ဗိုလ်ချုပ်စောမင်းမောင်က စစ်ဦးစီးဗိုလ်ချုပ်၊ စစ်သေနာပတိအဖြစ် ဆောင်ရွက်သည်။ ဗိုလ်မှူးချုပ် စောကော်ထူး(ခ) ကျော်မြသန်းက စစ်ဦးစီးမှူးအဖြစ် ဆောင်ရွက်ပြီး ဗိုလ်မှူးကြီးအေတီမော်သေးက စစ်ဆင် ရေးမှူးဖြစ်သည်။ ဗိုလ်မှူးကြီးဘသန်းက စစ်ရေးနှင့် စစ်ထောက်ချုပ်၊ လွယ်တော်(ခ) ဗိုလ်မှူးကြီးမြသန်းက ထောက်လှမ်းရေးချုပ်၊  ဗိုလ်မှူးကြီးထွန်းသာက ဆက်သွယ်ရေးအရာရှိချုပ်၊ ဗိုလ်မှူးရစ်ချတ်နှင့် ဗိုလ်မှူး အဲလ်ဘတ်က ကိုယ်ရံတော်၊ ဗိုလ်မှူးဘခင်က ဓာတ် သတ္တုတာဝန်ခံ စသည်ဖြင့် တာဝန်များသတ်မှတ်ခွဲဝေ ပေးထားသည်။
ပဲခူးရိုးမတိုင်းနှင့်  မြစ်ဝကျွန်းပေါ်တိုင်းသည် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် နီးစပ်သည့်အလျောက် လက်ဝဲဝါဒကိုလက်ခံသူ များပြားလာပြီး အရှေ့တိုင်း တွင်မူ စစ်ရေးဝါဒီတို့က အများစုဖြစ်ခဲ့သည်။ အရှေ့ တိုင်းစစ်ဌာနချုပ်သည် စစ်ရေးအင်အား ကောင်းမွန် သဖြင့်  ကေအင်န်ယူပီနိုင်ငံရေးအုပ်စုအား  စင်ပြိုင် ဆက်ဆံနိုင်သည့် အဆင့်တွင်ရှိနေသည်။
အရှေ့တိုင်းစစ်ဌာနချုပ်(ဂျီအိပ်ခ်ျကြူ)
(က)    ဗိုလ်မှူးချုပ် စောအုံးဖေ                      တိုင်းမှူး
(ခ)     ဗိုလ်မှူးကြီး ဘာဆက်                       ဌာနချုပ်မှူး
(ဂ)     ဗိုလ်မှူးကြီး တာနာမူး                        စစ်ဆင်ရေးမှူး
(ဃ)    ဗိုလ်မှူးကြီး စကော့ဒိုး                        လေ့ကျင့်ရေးနှင့်
                                                         စီမံညွှန်ကြားရေးမှူး
(င)     ဗိုလ်မှူးလှထွန်း                               စစ်ဌာနချုပ်အဖွဲ့ဝင်
(စ)     ဗိုလ်ကြီးဘခင်                                ဆက်သွယ်ရေး
(ဆ)    ဗိုလ်သော်နော်                                ဌာနချုပ်
                                                         ကာကွယ်ရေး
(ဇ)     ဗိုလ်ဒိုးဒီ                                       ဌာနချုပ်
                                                         ကာကွယ်ရေး
ဗမာပြည် ကွန်မြူနစ်ပါတီ၏ သြဇာလွှမ်းမိုးမှု အောက်တွင်  မာ့ခ်စ်လီနင်ဝါဒကို  လက်ခံသော ကေအင်န်ယူပီပါတီ  (K.N.U.P))  အုပ်စု၏  အဓိက ခေါင်းဆောင်မှုမှာ မန်းဘဇံ၏လက်တွင်ရှိနေသည်။ မန်းဘဇံသည် မြစ်ဝကျွန်းပေါ်နှင့်ပဲခူးရိုးမတွင် လှုပ်ရှား နေရာမှ တစ်ခါတစ်ရံသာ အရှေ့တိုင်းသို့ကူးလာလေ့ ရှိသည်။ လက်ဝဲအယူဝါဒကို လက်မခံသော လူမျိုးရေး၊ စစ်ရေးအုပ်စုကိုခေါင်းဆောင်သူမှာ စောဟန်တာ သာမွှေးဖြစ်သည်။  ကေအင်န်ယူအတွင်း  အဓိက ပဋိပက္ခမှာ ကွန်မြူနစ်ဝါဒကို လက်ခံသောအုပ်စုနှင့် လက်မခံသောအုပ်စုတို့၏ အငြင်းပွားမှုပင်ဖြစ်သည်။ စောဟန်တာသာမွှေးနှင့် မန်းဘဇံတို့သည် ပုဂ္ဂိုလ်ရေး အရ ရင်းနှီးသဖြင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက် နေကြသော်လည်း အောက်ခြေတွင် လက်နက်ကိုင် တိုက်ခိုက်လုနီးပါး  အခြေအနေသို့ရောက်ရှိလာကြ သည်။ စစ်တောင်းမြစ်နှင့်သံလွင်မြစ်အကြားတွင် တပ်မဟာမှူး လင်းထင်(ခေါ်) ငန်းနက်၏ တပ်မဟာ (၅)ကြီးစိုးလျက်ရှိရာ လင်းထင်သည် စောဟန်တာ သာမွှေးကိုထောက်ခံခဲ့သည်။ ထို့ကြောင့် လင်းထင်သည် မဒညတအသွင်ဖြင့် စစ်တောင်းမြစ်ကို ဖြတ်ကူး၍ သထုံခရိုင်ကော်မတီတည်ဆောက်ရန် ကြိုးစားလာသော ဗမာပြည်ကွန်မြူနစ်ပါတီဝင်များကို သတ်ဖြတ်သုတ်သင် ပစ်ခဲ့သည်။
စောဟန်တာသာမွှေးနှင့် မန်းဘဇံတို့၏ ပဋိပက္ခ မှာ စေ့စပ်၍မရနိုင်တော့ပေ။ ထို့ကြောင့် ၁၉၆၂ ခုနှစ် အကုန် ၁၉၆၃ ခုနှစ်တွင် ကဆောဝါးကွန်ဂရက်ကို ခေါ်ယူခဲ့ရသည်။  ကဆောဝါးကွန်ဂရက်တွင်  မုဆိုး ကော်ကဆာစောဟန်တာသာမွှေး ခေါင်းဆောင်သော ကေအာရ်စီအဖွဲ့သည် ကေအင်(န်)ယူပါတီမှ အတိ အလင်းခွဲထွက်လိုက်လေသည်။
အလံနီပါတီနှင့်ရခိုင်ကွန်မြူနစ်ပါတီပဋိပက္ခ(၁။ ရခိုင်ကွန်မြူနစ်ပါတီထံမှ ဖမ်းဆီးရမိသော စာရွက်စာတမ်းများ။)
 ဦးစိန္တာခေါင်းဆောင်သော ပြည်သူ့လွတ်လပ်ရေး ပါတီ(ပီအယ်လ်ပီ) သည် ၁၉၅၈ ခုနှစ်တွင် လက်နက်ချ အလင်းဝင်ခဲ့ကြောင်း ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၂)တွင် ဖော်ပြခဲ့ပြီးလေပြီ။ ရခိုင်ခေါင်းဆောင် ကျော်ဇံရွှီးသည် ဦးစိန္တာ၏တပည့်အရင်းဖြစ်ပြီး နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးနှင့်လွတ်လပ်ရေး တိုက်ပွဲကာလများတွင်  ဦးပညာသီဟ၊  ဦးစိန္တာ၊ ဗုံပေါက်သာကျော်၊ ဦးညိုထွန်း စသော ရခိုင်နိုင်ငံရေး ခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသည်။  ၁၉၅၈ ခုနှစ်၊ ဦးစိန္တာ၏ပီအယ်လ်ပီ အလင်းမဝင်မီ တစ်လ၊ နှစ်လခန့်အလိုတွင် ကျော်ဇံရွှီးနှင့် အချို့သည် အလံနီပါတီသို့ ကူးပြောင်းသွားသည်။ ယခင်ကူးပြောင်း ပြီးသူများနှင့် ပူးပေါင်းလျှင် အလံနီပါတီအတွင်း၌ ကျော်ဇံရွှီးနှင့်အင်အား ၃ဝ ခန့်ရှိနေသည်။
ကျော်ဇံရွှီးတို့လူစု  အလံနီပါတီသို့ကူးပြောင်း ပြီးနောက် ရခိုင်ပြည်အလံနီပါတီကို ခေါင်းဆောင်နေ သည့် ကိုဒွေးအား အောက်လက်ငယ်သားများက   ဝေဖန်လာကြသည်။ ကိုဒွေးသည် မိမိလျှို့ဝှက်တည်းခို  နေသောအိမ်မှ  အိမ်ရှင်ကိုစိန်၏ဇနီး  မမိုးသူနှင့် လူမှုရေးဖောက်ပြားမှုဖြစ်ပွားခဲ့သည်။ မမိုးသူသည် ကိုစိန်၏နေအိမ်မှဆင်းသွားပြီး ကျီးကန်းအောင်ဆိုသူ နှင့်ညားပြန်သည်။ ကိုဒွေးက မမိုးသူကို ကျီးကန်းအောင် ထံမှ ပြန်လည်လုယူခဲ့သည်။  ယင်းဖြစ်ရပ်များကို ရခိုင် အလံနီများက မနှစ်မြို့ကြပေ။ ထို့အပြင် ကိုဒွေးနှင့် ကျော်ဇံရွှီးမှာ ယခင်ကတည်းက အကျိတ်အခဲရှိခဲ့ဖူးသူ များလည်း ဖြစ်နေသည်။ ကျော်ဇံရွှီးသည် ဦးစိန္တာ၏ ပါတီတွင်းရှိစဉ်က အလံနီပါတီသို့ကူးပြောင်းလိုကြောင်း စာရေးဆက်သွယ်ခဲ့ဖူးသည်။ ယင်းစာကို ကိုဒွေးက လေးပါတီဆွေးနွေးပွဲ (အလံနီ၊ အလံဖြူ၊ ပြည်သူ့ရဲဘော်၊ ဦးစိန္တာ) တွင် တင်ပြရာ ယင်းကိစ္စသည် ဦးစိန္တာက ကျော်ဇံရွှီးကို သတ်အောင်လုပ်ခြင်းဖြစ်သည်ဟု ရခိုင် အလံနီများက ယူဆခဲ့ကြသည်။ ရခိုင်အလံနီများသည် ကိုဒွေးကို မကျေနပ်ကြောင်း အလံနီဌာနချုပ်သို့ စာတင် ကြရာ ၁၉၅၉၊ ၁၉၆ဝ ပြည့်နှစ်အတွင်း ယင်းစာများ ဌာနချုပ်သို့ ရောက်လာကြသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ သခင်စိုးက ရခိုင်ပြည် ပါတီကို ပြန်လည်စည်းရုံးရန်အတွက် အလံနီဌာနချုပ် တွင် ရောက်နေသော ရခိုင်အမျိုးသားများကို စုံစမ်းရေး ကော်မရှင်ဖွဲ့ပေး၍ ရခိုင်ဒေသသို့ပြန်လွှတ်လိုက်သည်။ ယင်းစုံစမ်းရေးကော်မရှင်တွင် ရဲနီသာဇန်၊ ရဲနီဘိုးစိန်၊ ရဲနီရဲသိမ်း၊ ရဲနီစံသာထွန်းတို့ ပါဝင်ပြီး ရခိုင်ဒေသမှ ဦးကျော်သာ၊ ဦးဘိုးတင်(သံတွဲ) တို့ကိုလည်း ထည့်သွင်း ဖွဲ့စည်းထားသည်။
ရခိုင်ပြည်စုံစမ်းရေးကော်မရှင်သည် ၁၉၆ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ပထမပတ်တွင် စေတုတ္တရာ မြို့နယ်မှ ရခိုင်သို့ စတင်ထွက်ခွာခဲ့သည်။ ကော်မရှင် ဖွဲ့စည်းရခြင်းအကြောင်းနှင့် လုပ်ဆောင်ရန်အသေးစိတ် ညွှန်ကြားချက်များလည်း တစ်ပါတည်းပါဝင်သည်။ ညွှန်ကြားချက်တစ်ရပ်တွင် 'ရဲနီဒွေးခေါင်းဆောင်သော ရခိုင်ပြည်ပါတီသည် သူခိုးတွေအဝေမတည့်သော မီးဖိုချောင်နှင့်တူသည်။           ပါတီနှင့်တပ်မတော် တည်ဆောက်ရေး၊ ဘဏ္ဍာတော်သုံးစွဲရေးတို့တွင် ဌာန ချုပ်အမိန့်မရဘဲလုပ်ပိုင်ခွင့် မရှိ' ဟူသောအချက်များ ပါဝင်သည်။ ထို့အပြင် စုံစမ်းရေးကော်မရှင်ရောက်ရှိပြီး ရက် ၂ဝ ကြာပါက ကျော်ဇံရွှီးကို ရခိုင်ပြည်မှဌာနချုပ် သို့ပြန်လွှတ်ရန်လည်း ညွှန်ကြားလိုက်သည်။ ကျော်ဇံရွှီး သည်  ရခိုင်တွင်  မည်သည့်တာဝန်မျှမရှိဟုဆိုသည်။ စင်စစ်ကျော်ဇံရွှီးအား ရခိုင်တွင်ထားပါက စုံစမ်းရေး ကော်မရှင်၏လုပ်ငန်းများကို   ဖျက်ဆီးလိမ့်မည်ဟု ထင်မြင်သောကြောင့်ပင်ဖြစ်သည်။
အလံနီဌာနချုပ်၏ ညွှန်ကြားချက်အရ ကျော်ဇံရွှီး တို့အဖွဲ့သည် ၁၉၆ဝ ပြည့်နှစ်၊ သြဂုတ်လတွင် ဌာနချုပ်သို့ ရောက်ရှိလာကြသည်။ ကျော်ဇံရွှီးနှင့်အတူ ဇနီးဖြစ်သူ မခင်ပု၊ မောင်မဲ၊ ကောက်ရ၊ ထွန်းလင်းနှင့် ချင်းအမျိုးသမီး မလှစိန်တို့ပါဝင်လာသည်။ အလံနီ ဌာနချုပ်သည် ကျော်ဇံရွှီးအား ခရိုင်ကော်မတီအဆင့်မှ ဗဟိုကော်မတီစည်းရုံးရေးမှူးအဆင့်သို့ တိုးမြှင့်ပေး ကြောင်း   ထုတ်ပြန်ကြေညာ၍   ကြိုဆိုလိုက်သည်။ ထို့နောက်     ရှင်းလင်းစရာအချက်များရှိသည်ဟု အကြောင်းပြကာ အဆင့်တိုးမြှင့်ခြင်းကို ရပ်ဆိုင်းလိုက် ကြပြန်သည်။ ၁၉၆ဝ ပြည့်နှစ်ကုန်ခါနီးတွင် အလံနီ ဌာနချုပ်သည် တပ်မတော်၏ထိုးစစ်များကြောင့် ရခိုင် ပြည်နယ်သို့ ပြောင်းရွှေ့ရလေရာ ဌာနချုပ်နှင့်အတူ ကျော်ဇံရွှီး၊ ဇနီးဖြစ်သူ မခင်ပု(ကိုယ်ဝန်နှင့်)၊ ကောက်ရ၊ ထွန်းလင်းတို့ပါဝင်သည်။ မောင်မဲနှင့် မလှစိန်က ရခိုင် ပြည်ပြန်လိုကြောင်းတင်ပြရာ စိတ်မချသဖြင့် ဆိတ်ဖြူ၊ ဆောနယ်သို့ပို့လိုက်သည်။ မောင်မဲသည် ၁၉၆၁ ခုနှစ် တွင် တပ်မတော်နှင့်တိုက်ပွဲဖြစ်ပြီး သေဆုံးသွားရသည်။
အလံနီဌာနချုပ်နှင့်ကျော်ဇံရွှီးတို့၏ပဋိပက္ခမှာ တဖြည်းဖြည်းကြီးထွား၍လာသည်။ ကျော်ဇံရွှီးသည် မလိုအပ်ဘဲ အောက်တပ်ဖွဲ့များကို လှုံ့ဆော်ခွဲဖျက်နေ သည်ဟု ကိုအောင်မြင့်က ဌာနချုပ်၏စေခိုင်းချက်အရ ဝေဖန်ခဲ့သည်။  ရခိုင်ဒေသသို့  အလံနီဌာနချုပ်  ရောက်ရှိသောအခါ စုံစမ်းရေးကော်မရှင်သည်လည်း အလိုအလျောက် ပျက်ပြယ်သွားရတော့သည်။ ဌာနချုပ် သည် စုံစမ်းရေးကိစ္စကို တိုက်ရိုက်ကိုင်တွယ်သည်။ ကျော်ဇံရွှီးအပါအဝင် ရခိုင်ရဲနီများနှင့် ကိုဒွေးအပါ အဝင် ဌာနချုပ်ကိုယ်စားလှယ်တို့သည် ၁၉၆၁ ခုနှစ် မှစ၍ ဆွေးနွေးပွဲများ ကျင်းပကြသည်။ သို့သော် ၁၉၆၁ ခုနှစ်ကုန်သည်အထိ ဆွေးနွေးပွဲများသည် ဆုံးဖြတ်ချက် တစ်စုံတစ်ရာချမှတ်နိုင်ခြင်းမရှိခဲ့ပေ။
ဆွေးနွေးပွဲများကျင်းပနေစဉ်မှာပင် ရခိုင်ရဲနီအချို့ က အလံနီကွန်မြူနစ်ပါတီဌာနချုပ်ကို သပိတ်မှောက် တော့သည်။ စောဦးဆိုသူ ရဲနီက အတူသွားသူ ဘိုးစိန် (ရခိုင်) အား ဓားနှင့်ခုတ်၍ ငွေလုပြေးမှုလည်း ပေါ်ပေါက်လာသည်။ ရခိုင်ရဲနီများက ကြီးလှိုင်ဆိုသူ ဗမာရဲနီ၏ လက်နက်ကိုလုယူကြသည်။ ရှော်ချောင်းရွာ မှ ဗမာရဲနီများဖြစ်သည့် ဝင်းမောင်၊ တင့်အောင်တို့ လည်း လက်နက်များ အလုခံကြရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အလံနီများက ရှော်ချောင်းရွာကို လယ် မလုပ်ရဟု အမိန့်ထုတ်သည်။ အိမ်လေးအိမ်မှ ပစ္စည်း အားလုံးကိုသိမ်းယူပြီး အိမ်များကိုမီးရှို့ဖျက်ဆီးပစ် သည်။ ဝက်များကိုလည်း သတ်စားလိုက်ကြသည်။ ဖော်ပြပါ သေနတ်လုသည့်ကိစ္စ၊ ရခိုင်ရဲနီများထွက်ပြေး သည့်ကိစ္စများ ဖြစ်ပွားရန်အဓိကလှုံ့ဆော်သူမှာ ကျော်ဇံရွှီးဖြစ်သည်ဟု အလံနီဌာနချုပ်က စွပ်စွဲလိုက် သည်။
ဤအတောအတွင်းမှာပင် ရခိုင်လူမျိုးအောင်ရှိန် ကို ၁၉၅၆ ခုနှစ်က ဌာနချုပ်ကိုစွန့်ခွာထွက်ပြေးဖူး သည်ဟု စွဲချက်တင်ကာ သေဒဏ်ပေး၍ သတ်ဖြတ် လိုက်သည်။ အလံနီပါတီမှထွက်ပြေးသွားသည့် ကုလားအောင်ကို ပြန်လည်ဖမ်းမိရာ သခင်စိုး၏ဇနီး ဖြစ်သူ မငွေစံကအမိန့်ပေး၍ အလံနီများကသတ်ဖြတ် ကြသည်။ ပါတီမှ ထွက်ပြေး သော ကျော်မင်း(ရခိုင်) ကို ပြန်လည်သိမ်းသွင်းရန် စာရေး၍ခေါ်ပြီး ရောက်ရှိ လာပါက သတ်ပစ်ရန်မငွေစံကပင် အမိန့်ပေးသည်။ ယင်းကိစ္စအားလုံးမှာ သခင်စိုးကတိုက်ရိုက်ကြိုးကိုင် အမိန့်ပေးနေသော လုပ်ငန်းများဖြစ်ကြောင်း ကျော်ဇံရွှီး တို့လူစု ရိပ်မိသိရှိလာသည်။
မငွေစံသည် ကျော်ဇံရွှီးတို့နှင့်အတူ ဖဒူကျွန်းသို့ စည်းရုံးရေးဆင်းသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၅ ရက် တွင် စတာလင်ကျဆုံးသည့် အထိမ်းအမှတ်ပွဲအပြီး သုံးရက်အကြာ မတ်လ ၈ ရက်တွင် တပ်မတော် စစ်ကြောင်းများက ဖဒူကျွန်းသို့ထိုးစစ်ဆင်တိုက်ခိုက် တော့သည်။ အလံနီများလည်း ကစဥ့်ကလျားဆုတ်ခွာ ထွက်ပြေးကြရသည်။  ကျော်ဇံရွှီးနှင့်  ရခိုင်အလံနီ ကွန်မြူနစ်များသည် တိုက်ပွဲကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို အခွင့်ကောင်းယူ၍ အလံနီပါတီမှ ခွဲထွက်သွားကြသည်။
ကျော်ဇံရွှီးတို့ခွဲထွက်ပြီးနောက် သုံးရက်အကြာ မတ်လ ၁၁ ရက်ညတွင် ကျော်ဇံရွှီးတို့လူစုကို မငွေစံ ခေါင်းဆောင်သည့်အလံနီများက သေနတ်ဖြင့်လိုက်လံ ပစ်ခတ်တိုက်ခိုက်ရာ  ကျော်ဇံရွှီးတို့လူစုလွတ်မြောက် သွားသော်လည်း ရခိုင်လယ်သမားနှစ်ဦးဒဏ်ရာရသွား ရသည်။ သခင်စိုးသည် အလံနီပါတီအတွင်းတွင် ရခိုင် ကွန်မြူနစ်များအား ပြင်းထန်စွာဖိနှိပ်ခဲ့သော်လည်း ရခိုင်ကွန်မြူနစ်များ ခွဲထွက်သွားသောအခါတွင်ကား မိမိ၏ဌာနချုပ် ရခိုင်တွင်ခိုအောင်းနိုင်ရေး၊ မိမိအင်အား မလျော့ပါးရေးအတွက် စဉ်းစားမိလာသည်။ ထို့ကြောင့် သခင်စိုးက ရခိုင်ရဲနီများနှင့်ဆက်ဆံရေးမှားယွင်းခဲ့ ကြောင်း  ပါတီတွင်းညွှန်ကြားချက်ထုတ်ပြန်ပြီး ကျော်ဇံရွှီးတို့ ထံသို့လည်း အကြောင်းကြားခဲ့သည်။
သခင်စိုးက ဒဏ်ရာရလယ်သမားနှစ်ဦးအတွက် လျော်ကြေးအဖြစ် တစ်ဦးလျှင် ငွေ ၁ဝဝ ကျပ်စီဖြင့် စုစုပေါင်း ၂ဝဝ ကျပ်၊ ကျော်ဇံရွှီး အသုံးပြုရန် မျက်မှန် တစ်လက်နှင့် ဆန်ညိုရေဒီယိုတစ်လုံးကို လက်ဆောင် အဖြစ် ကျော်ဇံရွှီးထံသို့ ပေးပို့လိုက်သည်။ ယင်းပစ္စည်း များကို ဌာနချုပ်မှ ရခိုင်အလံနီစိန်လှနှင့်မောင်ဦးတို့ကို ဆက်သား အဖြစ်စေလွှတ်ပေးပို့စေရာ စိန်လှနှင့် မောင်ဦးသည် ကျော်ဇံရွှီးတို့လူစုနှင့်ပူးပေါင်းသွားတော့ သည်။ ကျော်ဇံရွှီးက ငွေ ၂ဝဝ ကျပ်နှင့်မျက်မှန် စသည် တို့ကို လက်မခံဘဲပြန်ပို့ပေးလိုက်သည်။ ကျော်ဇံရွှီးနှင့် ဦးကျော်သာတို့က အလံနီပါတီ၏အမှားများကို  ဝေဖန် ၍ လက်မှတ်ရေးထိုးပေးပို့ကြသည်။
ကျော်ဇံရွှီးသည် အလံနီကွန်မြူနစ်ပါတီမှ ခွဲထွက် ပြီးနောက် ရခိုင်ပြည်ကွန်မြူနစ်ပါတီဟူ၍ သီးခြား   ဂိုဏ်းခွဲ ထူထောင်လိုက်သည်။
ခေါင်းဆောင်ပိုင်းတွင်-
          (၁)  ကျော်ဇံရွှီး
          (၂)  ဦးကျော်သာ
          (၃)  မောင်ဟန်
          (၄)  သာဇန်
          (၅)  မခင်ပု(ကျော်ဇံရွှီးမိန်းမ) တို့ပါဝင် သည်။  လက်နက်ကိုင်အင်အား  ၆ဝ  ကျော်ရှိပြီး လူအင်အားမှာ နယ်များအပါအဝင် ၂ဝဝ ခန့်ရှိသည်။  ယင်းတို့၏ဝါဒသဘောထားမှာ အလံနီပါတီ၏ဝါဒ သဘောတရားနှင့်ထပ်တူဟုဆိုသည်။ အမျိုးသားရေး တောင်းဆိုချက်အနေနှင့် (၁) ကိုယ်ပိုင်အမျိုးသား တပ်မတော်တစ်ရပ်၊ (၂) ကိုယ်ပိုင်အမျိုးသားအစိုးရ တစ်ရပ်၊ (၃) ကိုယ်ပိုင်အမျိုးသားပြည်နယ်တစ်ရပ်ရရှိ ရေးကို တောင်းဆိုသည်။ ရခိုင်ကွန်မြူနစ်ပါတီသည် ရခိုင်နိုင်ငံရေးအဖွဲ့အစည်းအားလုံးသို့ ဆက်သွယ် စည်းရုံးလျက်ရှိသည်။ ကျော်ဇံရွှီးသည် ဦးစိန္တာကို ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသဖြင့် ဦးစိန္တာနှင့် အဆက် အသွယ်ရအောင်လည်း ကြိုးစားလျက်ရှိသည်။
သခင်စိုးသည် ရခိုင်ကွန်မြူနစ်များအား ပြန်လည် သိမ်းသွင်းရန် အပြင်းအထန်ကြိုးစားနေရသည်။ ကျော်ဇံရွှီးကိုလည်း မကြာခဏပြန်လည်ချော့မော့၍ ခေါ်ယူသည်။ ကျော်ဇံရွှီးက မိမိတစ်ယောက်တည်း ပါတီသို့  ပြန်လာနိုင်သော်လည်း  အောက်လက်က မကျေနပ်ကြဟု အကြောင်းပြန်သည်။ မငွေစံတို့လူစု ဖဒူကျွန်းမှအပြန်တွင် လှေမှောက်၍ လုပ်ကြံရန် ရဲနီ ဟောင်းများကရော ကျေးရွာများကပါ ကြံစည်ခဲ့ ကြောင်း ၁၉၆၂ ခုနှစ်၊ မေလကုန်တွင် ဌာနချုပ်သို့ သတင်းပို့သည်။ ကျော်ဇံရွှီးတို့လူစုသည် သခင်စိုးအား ငွေသောင်းနှင့်ချီ၍ ထောက်ပံ့ခဲ့ရကြောင်း၊ ပါတီတွင် မကျေနပ်သူများက သခင်စိုးနှင့်မငွေစံကို မဝေဖန်ရဲ သဖြင့် ကျော်ဇံရွှီးမှတစ်ဆင့် ဝေဖန်ခဲ့ခြင်းဖြစ်ကြောင်း အပြန်အလှန်ရှင်းပြကြသည်။
သခင်စိုးက ရခိုင်ရဲနီများခွဲထွက်ရသည့်ကိစ္စကို ကိုမြင့်အောင်အပေါ် အပြစ်ပုံချပြန်သည်။ ကျော်ဇံရွှီး က သခင်စိုးမှာသာ တာဝန်ရှိသည်ဟု စွပ်စွဲသည်။ မငွေစံသည်  အစား၏လော်လည်ခြင်း၊  အဝတ်၏ လော်လည်ခြင်းရှိသည်ဟူ၍လည်း  ကျော်ဇံရွှီးက ဝေဖန်သည်။ အလံနီကိုယ်စားလှယ်အဖွဲ့က ကျော်ဇံရွှီး တို့ထံသွားရောက်ဆွေးနွေးသောအခါ ကျော်ဇံရွှီးတို့က ပူးတွဲ တိုက်ခိုက်ရေး၊ နယ်မြေဖြတ်သန်းသွားလာရေးနှင့် နယ်မြေအတွင်း ခိုလှုံခွင့်တို့ကို သဘောတူလိုက်သည်။ လုံးဝပြန်လည်ပူးပေါင်းရန်ကား သဘောမတူခဲ့ပေ။ ကျော်ဇံရွှီးတို့လူစုက အလံနီထဲကျန်နေသော ဦးဘိုးတင် (သံတွဲ) ကို ဗမာ့လက်ကိုင်တုတ်ဟု ပြင်းထန်စွာ ဝေဖန် ခဲ့သည်။
သခင်စိုးသည် ကျော်ဇံရွှီးအား အလံနီပါတီ၏ နာယကကြီးအဖြစ် အသိအမှတ်ပြုကြောင်း မြှောက်ပင့် ၍ ဆွဲဆောင်ခဲ့သေးသည်။ ကျော်ဇံရွှီး၏ရခိုင်ကွန်မြူနစ် ပါတီသည်  အလံနီကွန်မြူနစ်ပါတီနှင့်  ဆက်ဆံ ဆက်သွယ်လျက်ရှိသော်လည်း  တစ်ပါတီတည်း   ပူးပေါင်းရေးကိုမူ ပြန်လည်စဉ်းစားခြင်း မပြုတော့ပေ။ သခင်စိုး၏အလံနီကွန်မြူနစ်ပါတီ(ခေါ်) ကွန်မြူနစ် ပါတီ(ဗမာပြည်) သည် ၁၉၅၈ ခုနှစ်မှ ၁၉၆၂ ခုနှစ် အတွင်း စစ်ရေးရှုံးနိမ့်မှုကြောင့် ရခိုင်ဒေသဘက်သို့ တဖြည်းဖြည်းချဉ်းကပ်ခဲ့ရသည်။ ထို့ကြောင့် ရခိုင် ကွန်မြူနစ်များနှင့် ပတ်သက်လာရာမှ ပါတီတွင်းတွင် လူမျိုးရေး အဓိကရုဏ်းသဖွယ် ပဋိပက္ခများ ပေါ်ပေါက် ခဲ့ရသည်။ ယခင်ကတည်းက အင်အားတောင့်တင်းမှု မရှိသောအလံနီများသည် ရခိုင်ကွန်မြူနစ်များ ခွဲထွက် သွားသောအခါ ပိုမို၍ အင်အားချည့်နဲ့သွားပြီး ရခိုင် ဒေသတွင် ခိုလှုံနိုင်ခွင့်ရရှိရေးအတွက် ကျော်ဇံရွှီး၏ ရခိုင်ပြည်ကွန်မြူနစ်ပါတီကို အောက်ကျို့ဆက်ဆံခဲ့ရ သည်။

သခင်စိုး၏အလံနီကွန်မြူနစ်ပါတီ(ခေါ်) ကွန်မြူနစ်ပါတီ(ဗမာပြည်)သည် တောခိုခဲ့သည့် ကာလ တစ်လျှောက်အတွင်း အထူးသဖြင့် သခင်သန်းထွန်း၏ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပဋိပက္ခများကိုသာ ဖြေရှင်းနေခဲ့ရသည်။ ၁၉၆ဝ ပြည့်နှစ်မှစ၍ အလံနီ ပါတီ၏ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်း တည်ရှိနေ သည်။(၁။ ကာကွယ်ရေးဝန်ကြီးဌာနမှ အစီရင်ခံစာများ။)
ပေါ်လစ်ဗျူရို
၁။       သခင်စိုး                              အထွေထွေအတွင်းရေး
                                                မှူးချုပ်
၂။       နေဒွန်း                               အဖွဲ့ဝင်(ဥက္ကဋ္ဌ၊ အလယ်ပိုင်းတိုင်း)
၃။       ရဲနီဒွေး                               အဖွဲ့ဝင်(ဥက္ကဋ္ဌ၊ ရခိုင်တိုင်း)
၎။       မစောမြ                              အဖွဲ့ဝင်(ဥက္ကဋ္ဌ၊ မြောက်ပိုင်းတိုင်း)
၅။       ညွန့်ဝင်း                              အဖွဲ့ဝင်(ဥက္ကဋ္ဌ၊ တောင်ပိုင်းတိုင်း)
၆။       မြင့်အောင်                          အဖွဲ့ဝင်(ဗိုလ်ချုပ်၊ စစ်သေနာပတိ)
၇။       ရဲနီကျော်ဝင်း                       အဖွဲ့ဝင်(နိုင်ငံရေး လေ့ကျင့်ရေးမှူး)
၈။       မနှင်းဥ                               အဖွဲ့ဝင်(ဗိုလ်ချုပ်ကလေး)
၉။       ရဲနီမောင်                            အဖွဲ့ဝင်(၁၉၅၉ ခုနှစ်၊ ဇွန်လမှစ၍ ဖြုတ်ထားသည်။)

ဗဟိုကော်မတီဝင်များ
၁။       ရဲနီစိန်ဝင်း
၂။       ရဲနီနီလွင်
၃။       ရဲနီမြကျော်      
၎။       ရဲနီခင်မောင်

အရန်ဗဟိုကော်မတီဝင်များ
၁။       အုန်းမောင်
၂။       ရဲနီထိန်လင်း
၃။       မျိုးဆွေ
၎။       မြင့်အောင်
ဗဟိုစစ်ကောင်စီချုပ်
၁။       သခင်စိုး                              အထွေထွေအတွင်းရေးမှူးချုပ်
၂။       မြင့်အောင်                          စစ်သေနာပတိဗိုလ်ချုပ်ကြီး
၃။       မနှင်းဥ                               ဗိုလ်ချုပ်ကလေး
                                                (မြင့်အောင်၏ဇနီး)
၎။       နေဒွန်း                               ပေါ်လစ်ဗျူရိုအဖွဲ့ဝင်
သခင်စိုးသည် ယခင်က ဖွဲ့စည်းခဲ့သော မဟာ စတာလင်  တပ်ရင်း၊  ပတ္တမြားတပ်ရင်းများကို ဖျက်သိမ်းပြီး အထူးတိုင်းတပ်ကို ဖွဲ့စည်းခဲ့သည်။ အထူးတိုင်းတပ်တွင် ဗိုလ်မြင့်အောင်က ခေါင်းဆောင် ပြီး အင်အား ၈ဝဝ ခန့်ရှိသည်။ မြိုင်မြို့နယ်အတွင်း လှုပ်ရှားသည့် သခင်စိုးသည် နောက်လိုက်အနည်းငယ် ဖြင့် ဆောနယ်တွင် ခိုအောင်းနေရာမှ ရခိုင်ရိုးမဘက်သို့ ရွှေ့ပြောင်းသွားရသည်။ မျိုးဆွေသည် စလင်းမြို့နယ် အတွင်း ခိုအောင်း နေသည်။
အလံနီထူးစိန်သည် နောက်လိုက် ၂၅ ယောက်နှင့် အတူ  အလံနီပါတီမှခွဲထွက်၍  ထူးစိန်ပါတီကို ထူထောင်ခဲ့သည်။ သို့သော် ဗမာပြည်ကွန်မြူနစ်ပါတီက ထူးစိန်တို့လူစုအား အလံနီပါတီနှင့်ပြန်ပေါင်းရန်၊ ပြန်မပေါင်းလိုပါက   ဗမာပြည်ကွန်မြူနစ်ပါတီသို့ တစ်ယောက်ချင်းဝင်ရန် ဖိအားပေး အကျပ်ကိုင်လျက် ရှိသည်။
အလံနီပါတီသည် ခရိုင်ကော်မတီ၊ မြို့နယ် ကော်မတီများဖွဲ့စည်း၍ လှုပ်ရှားလျက်ရှိသော်လည်း အင်အားချို့တဲ့လာသဖြင့် စစ်ရေးလှုပ်ရှားမှုများမပြု လုပ်နိုင်ဘဲ စာရွက်စာတမ်းများ ပြုစုဖြန့်ဝေခြင်း၊ တရားဟောခြင်း၊ ပါတီတွင်း ဆွေးနွေးပွဲများကျင်းပ၍ ငြင်းခုံခြင်းတို့ကိုသာ ပြုလုပ်နေရသည်။ အလံနီဗဟို၊ ရခိုင်တိုင်းနှင့် အထက်ဗမာပြည်ဌာနခွဲတို့သည် အဆက် အသွယ်ရရှိရန် လွယ်ကူသော်လည်း တနင်္သာရီတိုင်းမှာ မူ အဆက် အသွယ်ပြတ်လျက်ရှိသည်။ အခြားဒေသ များတွင်လည်း ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ကေအင်န် ယူပါတီက အဝင်မခံ သဖြင့် ဝင်ရောက်အခြေချစည်းရုံး ခွင့်မရဘဲဖြစ်နေသည်။ အလံနီပါတီတစ်ခုလုံးအနေနှင့် ဧရာဝတီမြစ် အနောက်ဘက်ကမ်းဒေသတွင်သာ အင်အားအသင့်အတင့် တောင့်တင်းခဲ့ရာမှ တပ်မတော် ၏ထိုးစစ်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီမှ ဗိုလ်သက်ထွန်း ၏အနောက်တိုင်းကြောင့် ၁၉၆၂ ခုနှစ်တွင် ရခိုင်ရိုးမ ပေါ်သို့ ရွှေ့ပြောင်းခဲ့ရသည်။
အလံနီတို့၏ အထက်ဗမာပြည်ဌာနခွဲတွင် ရှမ်း အုန်းမောင်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး မစောမြက  ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ မစောမြသည် ထွန်းကျော်ဟူသောအမျိုးသားနာမည်ဖြင့် လှုပ်ရှား နေသည်။ ထိန်လင်းနှင့်ကိုမော်တို့က တိုင်းကော်မတီ အဖြစ်ဆောင်ရွက်သည်။ ရွှေဘိုခရိုင်တွင် ကျော်လင်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး တိုင်းနှင့်ခရိုင် အင်အား စုစုပေါင်းမှာ ၇ဝ ခန့်ဖြစ်သည်။ အမျိုးသမီးများ သုံးပုံ တစ်ပုံခန့်ပါဝင်ပြီး သပိတ်ကျင်းမြို့နယ်ကို အခြေခံ လှုပ်ရှားသည်။ မုံရွာခရိုင်ဥက္ကဋ္ဌမှာ အောင်ညွန့်(ခေါ်) စိန်ဝင်းဖြစ်သည်။ ယောက်ျား ဆယ်ယောက်နှင့် မိန်းမ ငါးယောက်သာ အင်အားရှိပြီး နွယ်အင်း(ခန့်မှန်းမြေပုံ ညွှန်း ကေ-၁၁၄၆၅၈)၊ ကား(ခန့်မှန်းမြေပုံညွှန်း ကေ-၁၈ဝ၅၈၅) နှင့် ကံတောင်တိုက်နယ်(ကေ-၉၉၁၅၈၃) တစ်ဝိုက်တွင် ခိုအောင်းသည်။ ဆားလင်းကြီးမြို့နယ် တွင် ဗဟိုကော်မတီစိန်ဟန်(ခေါ်) စိန်မောင်က ခေါင်းဆောင်ပြီး ပခုက္ကူခရိုင် ပဇွာ(ကေ-၃၅၄၄၈၄) တစ်ဝိုက်တွင် ခိုအောင်းကာ လျှို့ဝှက်စည်းရုံးရေး သက်သက်ကိုသာ လှုပ်ရှား ဆောင်ရွက်လျက်ရှိသည်။
အလံနီပါတီသည် လက်ဝဲအလွန်အကျွံဝါဒကို ကျင့်သုံးခဲ့ရာမှ ကျန်မြေပေါ်မြေအောက်နိုင်ငံရေးပါတီ များနှင့်သာမကဘဲ ပြည်သူလူထုနှင့်ပါ တစ်စတစ်စ ကင်းကွာခဲ့ရသည်။ အလံနီပါတီအတွင်း ၁၉၅၈ ခုနှစ် မှ ၁၉၆၂ ခုနှစ်အထိ ကာလများသည် ကျော်ဇံရွှီး  အုပ်စု၊ ထူးစိန်အုပ်စုများနှင့် ပဋိပက္ခပြင်းထန်ခဲ့ရ   သည်။ အထက်ဗမာပြည်ဌာနခွဲသည်လည်း ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ဗမာပြည် ကွန်မြူနစ်ပါတီ၏ မြစ်ဖျားတိုင်းနှင့် နယ်မြေလုခြင်း ဖြင့်သာအချိန်ကုန်ခဲ့ရသည်။ တနင်္သာရီတိုင်းမှာမူ   လုံးဝ အဆက်ပြတ်နေခဲ့ရသည်။ အစဉ်အလာရှိသော နိုင်ငံရေးခေါင်းဆောင်များအနက် သခင်စိုး၏တပည့် ရင်းဖြစ်သူ  သခင်တင်မြသည်  ၁၉၄၈  ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ခွဲထွက်ပြီး ၁၉၄၉ ခုနှစ်၊ မတ်လတွင် ဗမာပြည်ကွန်မြူနစ် ပါတီသို့ ဝင်ရောက် သွားခဲ့ပြီးဖြစ်သည်။
သခင်တင်မြသည် ၁၉၅၂ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်ဖြစ်လာပြီး ၁၉၅၃ ခုနှစ်၊ သုံးပါတီကွန်ဖရင့်မှစ၍ ရခိုင်တိုင်းတာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့ရရာ ပုဂ္ဂိုလ်စွဲကြောင့် အလံနီပါတီ နှင့် နစ်ဖြူများဆက်ဆံရေး ကောင်းမွန်ခဲ့သည်။ ၁၉၅၈ ခုနှစ်၊ ဇွန်လမှစ၍ သခင်တင်မြ*(*     သခင်တင်မြအား ၁၉၆ဝ ပြည့်နှစ်၊ နိုဝင်ဘာလတွင် တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့က ရန်ကုန်မြို့၌ဖမ်းဆီး ရမိသည်။) သည် ရန်ကုန်မြို့ မြေအောက်ကလာပ်စည်းသို့ရောက်သွားရာ အလံနီ နှင့်နစ်ဖြူဆက်ဆံရေးမှာလည်း မကောင်းတော့ပေ။ ၁၉၆၃ ခုနှစ်တွင် နစ်ဖြူအနောက်တိုင်း တိုင်းမှူး ဗိုလ်သက်ထွန်းနှင့် သခင်စိုးတို့ဆွေးနွေးကြသော်လည်း ပြေလည်မှု မရရှိခဲ့ပေ။
အမျိုးသားဒီမိုကရေစီညီညွတ်ရေး တပ်ပေါင်းစု၊
(မဒညတ)
ဗမာပြည် ကွန်မြူနစ်ပါတီသည် မိမိပါတီ၏  အခြေအနေယိမ်းယိုင်မှုအား ကျားကန်ထားနိုင်ရေး အတွက် ကေအင်န်ယူပါတီ၊ မွန်ပြည်သစ်ပါတီတို့နှင့် ပူးပေါင်း၍ ၁၉၅၉ ခုနှစ်၊ မေလ ၂၅ ရက်တွင် အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) ဖွဲ့စည်းခဲ့ကြောင်း ပြည်တွင်းသောင်းကျန်းမှု သမိုင်းအပိုင်း(၂) တွင် ဖော်ပြခဲ့ပြီးလေပြီ။ သို့သော် မဒညတသည် အမည်ခံမျှသာဖြစ်နေပြီး အဓိကအား ဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီက ကေအင်န်ယူပါတီကို မြစ်ဝကျွန်းပေါ်နှင့် ပဲခူးရိုးမဒေသတွင် ဝါးမျိုလွှမ်းမိုး ခြင်းသာ အောင်မြင်ခဲ့သည်ဟုဆိုရပေမည်။ မဒညတ ဖွဲ့စည်းမှုကြောင့် ကေအင်န်ယူပါတီသည် ဗမာပြည် ကွန်မြူနစ်ပါတီ၏သြဇာခံအဖြစ်သို့ ပိုမိုလျင်မြန်စွာ ကျရောက်ခဲ့ရသည်။ အရှေ့ကော်သူးလေအုပ်စုနှင့် ပဋိပက္ခပြင်းထန်ခဲ့ရသည်။ မဒညတ သဘာပတိအဖွဲ့မှာ အောက်ပါအတိုင်းဖြစ်သည်-
ဗမာပြည်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်
          သခင်ဇင်
          သခင်တင်ထွန်း
          ရဲဘော်မြ
ကေအင်န်ယူပါတီ ကိုယ်စားလှယ်
          မန်းဘဇံ
          မန်းသာမြိုင်
          စကောလယ်တော
မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်
နိုင်ဘလွင်(ခေါ်) နိုင်ရွှေကျင်
နိုင်စံမိတ်
ဗမာပြည်ကွန်မြူနစ်ပါတီသည် ပစ္စည်းမဲ့တစ်ပါတီ အာဏာရှင်စနစ်အရ လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲ နေသည်ဆိုသော်လည်း မဒညတလုပ်ငန်းတာဝန်မှာမူ ငြိမ်းချမ်းရေးအပြင်  ပါလီမန်ဒီမိုကရေစီ  အစိုးရ ထူထောင်ရေးကိုပါ ခွင့်ပြုထားသည်။ မဒညတစစ် နယ်မြေများကိုလည်း အောက်ပါအတိုင်း ခွဲခြားထား သည်-
(က)    အရှေ့ရိုးမစစ်နယ်မြေ၊ ကေအင်န်ယူတို့၏ အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)၊ (၇) တပ်မဟာနယ်နှင့် မွန်ပြည်သစ်ပါတီ၏ နယ်မြေများပါဝင်သည်။
(ခ)     မြစ်ဝကျွန်းပေါ်စစ်နယ်မြေ၊ ကေအင်န်ယူ နယ်မြေများကို ဗမာပြည်ကွန်မြူနစ်ပါတီက လွှမ်းမိုးရန် ကြိုးစားသည်။
(ဂ)     ပဲခူးရိုးမစစ်နယ်မြေ။ ဗမာပြည်ကွန်မြူနစ် ပါတီ ဗဟိုက နိုင်နင်းစွာထိန်းချုပ်ထားသော နယ်မြေဖြစ်သည်။
(ဃ)    အထက်ဗမာပြည် စစ်နယ်မြေ။
(င)     အလယ်ဗမာပြည် စစ်နယ်မြေ။
(စ)     မြစ်ဖျားတိုင်းစစ်နယ်မြေ။
(ဆ)    အနောက်မြောက်တိုင်း စစ်နယ်မြေ။
(ဇ)     ရခိုင်စစ်နယ်မြေ။
(ဈ)     ရှမ်းပြည် စစ်နယ်မြေ။
(ည)    ကရင်နီပြည် စစ်နယ်မြေ။
အရှေ့ရိုးမ၊ မြစ်ဝကျွန်းပေါ်နှင့် ပဲခူးရိုးမစစ်နယ် မြေ များ မှ အ ပ ကျန် စစ် နယ် မြေ များ မှာ ကေအင်န်ယူ၊ မွန်ပြည်သစ်ပါတီတို့နှင့်သက်ဆိုင်ခြင်း မရှိပေ။ ယင်းပါတီများအနေနှင့် သွားရောက်လှုပ်ရှား ခိုင်းခြင်းလည်း မရှိပေ။ သို့သော် ဗမာပြည်ကွန်မြူနစ် ပါတီသည် ယင်းတို့၏ တိုင်းများကိုပါ မဒညတတွင် စာရင်းသွင်းဖွဲ့စည်းပေးခြင်းဖြင့် သြဇာလွှမ်းမိုးရေးကို   ရည်ရွယ်ခဲ့ခြင်းသာဖြစ်သည်။
သထုံမြို့မှ သန့်ရှင်းအမတ် ဖေညွန့်သည် ဗမာ ပြည်ကွန်မြူနစ်ပါတီနှင့် လျှို့ဝှက်ဆက်သွယ်နေရာမှ ၁၉၅၉ ခုနှစ်တွင် နောက်လိုက်အနည်းငယ် နှင့်အတူ တောခိုခဲ့သည်။ တပ်မတော်က လိုက်လံ တိုက်ခိုက်ရာ ဖေညွန့်ကို အသေဖမ်းဆီးရမိခဲ့သည်။ ဖေညွန့်၏ နောက် လိုက်အချို့သည် လင်းထင်၏တပ်မဟာ(၅)သို့ သွား ရောက်ပူးပေါင်းရာ အားလုံးအသတ်ခံခဲ့ရသည်။ ကျန် အင်အား ၃ဝ ခန့်သည် စစ်တောင်းမြစ်ကမ်းမှ ကွန်မြူ နစ်များနှင့် ပူးပေါင်းခဲ့ရသည်။ ဗမာပြည်ကွန်မြူနစ် ပါတီသည် ၁၉၅၈ ခုနှစ်တွင် တိုင်း (၃) အုပ်စု လက်နက် ချသွားကတည်းက သထုံခရိုင်ကို ထိုးဖောက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ သန့်ရှင်းအမတ်ဖေညွန့်ကိုအားကိုး၍ သထုံ ခရိုင်ကော်မတီတည်ဆောက်ရန်ကြံစည်သော်လည်း ဖေညွန့်ကျဆုံးသဖြင့်  မအောင်မြင်ခဲ့ပေ။  လင်းထင်က လည်း ကွန်မြူနစ်ပါတီများကို အဝင်မခံခဲ့ပေ။ ၁၉၆၂ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီသည် မဒညတ အသွင်ဖြင့် ကြိုးစားသော်လည်း သထုံခရိုင်ကိုထိုးဖောက် နိုင်ခြင်းမရှိခဲ့ပေ။
မဒညတသည် ဗမာပြည်ကွန်မြူနစ်ပါတီအတွက်သာ အနည်းငယ်အကျိုးထူးခဲ့ပြီး ကေအင်န်ယူပါတီ အတွက်မူ လက်ဝဲလက်ယာပဋိပက္ခကို ပိုမိုကြီးမားလာ စေခဲ့သည်။ မွန်ပြည်သစ်ပါတီမှာမူ အင်အား ၅ဝ ခန့် သာရှိရာ မဒညတနှင့်ကေအင်န်ယူပါတီကို အမှီပြု၍ အင်အားချဲ့ထွင်ခြင်းကို တဖြည်းဖြည်းဆောင်ရွက်နေရ သည်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အာဏာ ထိန်းသိမ်းချိန်တွင် မဒညတမှာ အမည်ခံမျှသာရှိသည် ဟု ဆိုရပေမည်။
ကရင်နီသောင်းကျန်းမှု        (၁။    ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။)
ကရင်နီ အရေးအခင်းနှင့်ပတ်သက်၍ ပြည်တွင်း သောင်းကျန်းမှုသမိုင်း အပိုင်း(၁) တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ကရင်နီ(ခေါ်) ကယားပြည်နယ်သည် ရှမ်းပြည်နယ်၊ မိုးဗြဲမြို့နယ်နှင့်လည်း ဆက်စပ်နေသဖြင့် ကရင်နီအရေးအခင်းသည် ပဒေါင်အရေးအခင်းနှင့် လည်း ဆက်စပ်မှုရှိခဲ့ရသည်။ မြန်မာနိုင်ငံလွတ်လပ်ရေး မရမီကပင် ကေအင်န်ယူတို့၏ အကျပ်ကိုင်သွေးထိုး လှုံ့ဆော်မှု၊ နယ်ချဲ့တို့၏ခြေရှုပ်မှုတို့ကြောင့် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၁၈ဝ အပိုဒ်(၁) တွင် ကရင်နီပြည်နယ်သည် ကရင်ပြည်နယ်ထဲသို့ ထည့်သွင်း ရမည်ဟု ဖော်ပြခဲ့ရသည်။ပုဒ်မ ၁၈၉ တွင်လည်း ကရင်နီဝန်ကြီးသည် ပြည်သူလူထုဆန္ဒအရ ရွေးကောက် တင်မြှောက်ခြင်း မပြုဘဲ ပြည်ထောင်စု ဗဟိုအစိုးရမှ ရွေးကောက်တင်မြှောက်ပေးရမည်ဟု ဖော်ပြထား သည်။
အထက်ပါ အချက်နှစ်ချက်ကို ဘော်လခဲနယ် တရားသူကြီး ဦးဘီနှင့်ကြယ်ဖိုးကြီးနယ် စော်ဘွား စောရွှေတို့က သဘောမတူသဖြင့် လက်မှတ်မထိုးဘဲ နေခဲ့သည်။ ကန္ဒရဝတီစော်ဘွား စဝ်ဝဏ္ဏနှင့် ဦးစိန်၊ ရှမ်းပြည်နယ် မိုးဗြဲစော်ဘွား သိုင်းဘဟန်* (*သိုင်းဘဟန်သည် မိုးဗြဲနယ် ရှမ်းစော်ဘွား စဝ်ပညာကို တော်လှန်ဖြုတ်ချသူဖြစ်သည်။ ကရင်နီခေါင်းဆောင်များ ကို စော်ဘွား၊ စောဖျာ၊ နယ်ချုပ် စသည်ဖြင့် ခေါ်ဝေါ်ကြသည်။)(ပဒေါင် ခေါင်းဆောင်) တို့က သဘောတူလက်မှတ်ရေးထိုးခဲ့ ကြသည်။ ထိုအချိန်မှစ၍ ကရင်နီပြည်နယ်အရေးနှင့် ပတ်သက်၍ အယူအဆအမျိုးမျိုးကွဲပြားရာမှ နိုင်ငံရေး အုပ်စုနှစ်ခု ပဋိပက္ခဖြစ်လာခဲ့ကြသည်။
(က) ပြည်မအစိုးရအဖွဲ့နှင့် ပူးပေါင်းလိုသော အဖွဲ့မှာ
(၁)     စဝ်ဝဏ္ဏ                              ကန္ဒရဝတီ စော်ဘွား
(၂)     ဦးစိန်                                ကုန်သည်
(၃)     စဝ်ငယ်ဒူး                           ဘော်လခဲ စော်ဘွား
(၄)     သိုင်းဘဟန်                        မိုးဗြဲစော်ဘွား
(၅)     ဦးအေမြလေး                       ကြယ်ဖိုးကြီး
                                                         စော်ဘွားစာရေး
(ခ) ပြည်မအစိုးရနှင့် မပူးပေါင်းဘဲ ခွဲထွက်လိုသူ များမှာ
(၁)     စောရွှေ                               ကြယ်ဖိုးကြီး စော်ဘွား
(၂)     ဦးဘီ                                 ဘော်လခဲနယ် တရားသူကြီး
(၃)     စောဝေလာ                         စဝ်ဝဏ္ဏ၏ညီ
(၄)     စောဖောလူး                        မိုးဗြဲနယ်
ကရင်နီပြည်နယ်လူထုလည်း အဖွဲ့နှစ်ဖွဲ့ကွဲလာ သောအခါ စဝ်ဝဏ္ဏနှင့်အဖွဲ့က လက်နက်ကိုင်တပ်ဖွဲ့ ကို ခေါ်ဆောင်ပြီး ဦးဘီနေထိုင်သော ဘော်လခဲ နယ်မြေ ပုလဲရွာကို လာရောက်တိုက်ခိုက်ခဲ့၍ ၁၉၄၈ ခုနှစ်၊ သြဂုတ်လ ၉ ရက်တွင် ဦးဘီသေဆုံးခဲ့ရသည်။ ထိုအချိန်မှစ၍ စောရွှေသည် လက်နက်ကိုင် ပုန်ကန် တော့သည်။ ထို့နောက် စောရွှေသည် ကရင်နီပြည်နယ် ရရှိရေးပါတီကို အောက်ပါအတိုင်း ဖွဲ့စည်းခဲ့သည်-
(၁)     စောရွှေ                                        ဥက္ကဋ္ဌ
(၂)     ဘစိန်ညို                                      အတွင်းရေးမှူး
(၃)     စောဝေလာ                                   ကော်မတီ၊
                                                         ကန္ဒရဝတီစော်ဘွား
(၄)     ဦးရဟယ်                                     ကော်မတီ၊
                                                         ကြယ်ဖိုးကြီးစော်ဘွား
(၅)     ဗိုလ်သာလူ                                   ကော်မတီ၊ မိုးဗြဲစော်ဘွား
(၆)     စောဝီလဆင်                                 ကော်မတီ၊
                                                         ဘော်လခဲစော်ဘွား
(၇)     စောလှဦး                                     အဖွဲ့ဝင်
ကရင်နီတပ်မဟာ (၁) ကို ဖွဲ့စည်းပြီး ဗိုလ်လှဝင်း၊ အက်စ်သိန်း၊ ဗိုလ်အောင်ရွှေ၊ ဗိုလ်အေးရွှေ၊ ဗိုလ်သာထူး တို့က ဦးဆောင်ခဲ့သည်။ အင်အား ၅ဝဝ ခန့်ရှိခဲ့သည်။ ၁၉၄၈ ခုနှစ်မှ ၁၉၅၆ ခုနှစ်အထိ စောရွှေက ဦးစီး  ခဲ့ရာမှ  စောရွှေသည်  သေပါခိုင်လ  တောတွင်း တောင်ယာထဲ၌ ဖျားနာသေဆုံးသွားလေရာ စောရွှေ၏ ဇနီးဖြစ်သူ  တူးတူးမိုးက  ဥက္ကဋ္ဌအဖြစ်  ဆက်လက် ဆောင်ရွက်သည်။ ၁၉၅၆ ခုနှစ်တွင် ကေအင်န်ယူများ က ဦးစီး၍ ဖွဲ့စည်းခဲ့သည့် ဒီမိုကရက်တစ်လူမျိုးစုများ ညီညွတ်ရေးတပ်ဦး(ဒလညတ)တွင် မွန်သောင်းကျန်းသူ များနှင့်အတူပါဝင်ရာမှ  ကေအင်န်ယူတို့၏  သြဇာ ပိုမိုလွှမ်းမိုးလာသည်။ ၁၉၅၇ ခုနှစ်တွင် ရစ်စမိုင်း(ခေါ်) စောထောပလိုက  ဥက္ကဋ္ဌအဖြစ်  ဆောင်ရွက်ပြီး ဒလညတမှ ထွက်ခဲ့ပြန်သည်။
၁၉၅၇  ခုနှစ်၊  ဧပြီလတွင်  ရစ်စမိုင်း(ခေါ်) စောထောပလိုက  ပြန်လည်စည်းရုံး၍  ကရင်နီ အမျိုးသားတိုးတက်ရေးပါတီဟူ၍  ပါတီအသစ်   တစ်ရပ်ကို ဖွဲ့စည်းထူထောင်လိုက်သည်။  ယင်းပါတီ တွင်-
(က)    ရစ်စမိုင်း(ခေါ်) စောထောပလို              ဥက္ကဋ္ဌ
(ခ)     ဘစိန်ညို                                      အတွင်းရေးမှူး
(ဂ)     လှဦး                                          ပါတီအဖွဲ့ဝင်ကော်မတီ
(ဃ)    မိုးကျော်(ခ)ကျော်နိုင်                                 
(င)     မောရယ်                                                       
(စ)     တာအယ်ဖိုး                                           
(ဆ)    ဗိုလ်စံခ                                                
(ဇ)     ဆရာပလားဆေး                            ကော်သူးလေ
                                                         အကြံပေး
၁၉၅၇ ခုနှစ်အတွင်း  ဆရာပလားဆေးက နိုင်ငံရေးသင်တန်းသုံးကြိမ်ဖွင့်လှစ်ပို့ချခဲ့သည်။ ထိုနှစ် စက်တင်ဘာလ ၇ ရက်တွင် ဥက္ကဋ္ဌ စောထောပလို သည် ပအိုဝ့်သောင်းကျန်းသူ ဗိုလ်စပါယ်ရှယ်၏ မြှောက်ပင့်ပေးမှုကြောင့် တပည့်ရင်းစောဖျားရယ်က ပစ်ခတ်၍ သေဆုံးရသည်။ ယင်းနောက် စောဗီးအီးက ဥက္ကဋ္ဌအဖြစ် ခေတ္တဆောင်ရွက်သည်။ ၁၉၅၈ ခုနှစ် တွင် စောမောရယ်ကို ဥက္ကဋ္ဌအဖြစ်တင်မြှောက်ခဲ့  သည်။ ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စောမောရယ် အလင်းဝင်သွားလေရာ  စောဗီးအီးဥက္ကဋ္ဌ  ဖြစ်ပြန်   သည်။ ထိုအချိန်မှစ၍ စစ်ဦးစီးချုပ်မှာ ဗိုလ်ကျော် ဖြစ်ပြီး ပအိုဝ့်တာဝန်ခံဗိုလ်စပါယ်ရှယ်က လာရောက် အုပ်ချုပ်ခဲ့သည်။
၁၉၅၉ ခုနှစ်၊ မေလတွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီဥက္ကဋ္ဌ ဗီးအီးသည် တပ်မတော်၏ ထိုးစစ်ကြောင့် ကြယ်ဖိုးကြီးနယ်၊ ဘူးကိုရွာတွင် ကျဆုံး ခဲ့ရသည်။ ထို့ကြောင့် ၁၉၅၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက် အစည်းအဝေးတွင် မိုးကျော်(ခေါ်)ကျော်နိုင်ကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်လိုက်ရသည်။ သို့သော် ၁၉၆၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်တွင် မိုးကျော်(ခေါ်)ကျော်နိုင် ကို တပ်မတော်က သာအောက်ကျေးရွာတွင် ဖမ်းဆီး ရမိခဲ့ရာ ထိုအချိန်မှစ၍ စောမောရယ်သည် ဥက္ကဋ္ဌ ဖြစ်လာတော့သည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီသည် အင်အားနည်းပါးလှပြီး လှုပ်ရှားမှုနည်းပါးသောကြောင့် တစ်ပြည်လုံး အတိုင်းအတာတွင် လူသိမများလှပေ။ သို့သော်   ကယားပြည်နယ်တွင်မူ   ထိရောက်စွာ နှောင့်ယှက်နိုင်သောအဖွဲ့ငယ်တစ်ခုဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ကေအင်န်ယူတို့က အပြိုင်အဆိုင် သြဇာလွှမ်းမိုးရန် ကြိုးစားခြင်းခံရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ကေအင်န်ယူတို့သည် ကရင်နီအမျိုးသားတိုးတက်ရေး ပါတီကို စစ်ရေးအရအသုံးမပြုနိုင်သော်လည်း   နိုင်ငံရေးအရ အမည်ပြအသုံးချ လိုသောကြောင့် အလုအယက်  ချဉ်းကပ်စည်းရုံးခဲ့သည်။  တော်လှန်ရေး  ကောင်စီအစိုးရတက်ခါစတွင်   ကရင်နီအမျိုးသား တိုးတက်ရေးပါတီသည် မဒညတတွင် ပါဝင်ရောက်ရှိ ပြီး ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ကေအင်န်ယူပါတီတို့၏ သြဇာလွှမ်းမိုးမှုကို ခံနေရပေသည်။
ကချင်သောင်းကျန်းမှု         (၁။   ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။)
၁၉၄၉ ခုနှစ်တွင် အမှတ်(၁) ကချင်သေနတ်  ကိုင်တပ်ရင်းမှ ကချင်လူမျိုး ဗိုလ်ကြီးနော်ဆိုင်းသည် သစ္စာဖောက်ပုန်ကန်ပြီး ကေအင်န်ဒီအိုတို့နှင့် ပူးပေါင်း ခဲ့သည်။ ၁၉၅ဝ ပြည့်နှစ်တွင် နော်ဆိုင်းသည် ရှမ်းပြည် တောင်ပိုင်းမှ ရှမ်းပြည်မြောက်ပိုင်းသို့ ကေအင်န်ဒီအို အင်အားစုအဖြစ် ရောက်ရှိလာသည်။ ထိုစဉ်က လားရှိုးမြို့ အစိုးရအထက်တန်းကျောင်းတွင် ရှစ်တန်း ကျောင်းသားအဖြစ် တက်ရောက်နေသော ဇော်ဆိုင်း သည် နော်ဆိုင်း၏ သွေးထိုးမှုကြောင့် တောခိုသွားခဲ့ သည်။ ၁၉၅၁ ခုနှစ်တွင် နော်ဆိုင်းနှင့်နောက်ပါ အင်အား ၁၅ဝ ခန့် ပြည်ပသို့ ခိုလှုံသွားသော်လည်း ဇော်ဆိုင်းသည် လိုက်ပါမသွားခဲ့ပေ။ နော်ဆိုင်းနှင့်အတူ ပါလာခဲ့သော ကေအင်န်ဒီအို အနည်းငယ်နှင့်အတူ သံတောင်၊ ဘောဂလိဒေသသို့သာ လိုက်ပါသွားခဲ့သည်။ ကေအင်န်ဒီအိုများ သည် ဇော်ဆိုင်းအား ရှစ်နှစ်တာ ကာလအထိ လက်သပ်မွေး၍ လေ့ကျင့်ပေးခဲ့သည်။
၁၉၅၉ ခုနှစ်တွင်ကား ကေအင်န်ဒီအိုများသည် ဇော်ဆိုင်းနှင့်အတူ ကရင်အကြံပေးအရာရှိ ဂျီလစ်လင်း (ကချင်အမည်-ဇော်ဘောက်)ကို လိုက်ပါစေလျက် ကချင်တော်လှန်ရေးစတင်ရန် ရှမ်းပြည်မြောက်ပိုင်းသို့ စေလွှတ်ခဲ့သည်။ ဇော်ဆိုင်းသည် မိခင်ဖြစ်သူ ကျောင်း ဆရာမအဖြစ် တာဝန်ထမ်းဆောင်ရာ ဟိုကုန်တိုက်နယ်၊ နမ့်အန်ရွာ(အက်စ်-၈၈၈၉)တွင် ခိုအောင်းလျက်ရှိစဉ် ဇော်ဆိုင်း၏ညီ ဇော်တူးသည်လည်း မိခင်၏နေအိမ် ရှိရာ လားရှိုး-သိန္နီလမ်း ၂၅ မိုင်၊ မက်ဟင်လုံရွာ (အက်စ် တီ-၈၅၉၁)သို့ ရောက်ရှိလာသည်။ ထို့နောက် ဇော်တူး သည် တက္ကသိုလ်မှထွက်၍ ဇော်ဆိုင်းနှင့် ပူးပေါင်း လိုက်သည်။ အမှတ်(၄) ကချင်သေနတ်ကိုင် တပ်ရင်းမှ တပ်ကြပ်အဆင့်ဖြင့် ထုတ်ပယ်ခြင်းခံရသူ လမုန်တူးဂျိုင်၊ ကွတ်ခိုင်တွင် အလုပ်လက်မဲ့ဖြစ်နေသော လမာလရိန်း တို့သည်လည်း ဇော်ဆိုင်းနှင့်ဂျီလစ်လင်း တို့၏နောက်သို့ လိုက်ပါသွားခဲ့သည်။
ဇော်ဆိုင်းတို့လူစုသည် (K.I.O)* (Kachin Independence Organization) ခေါ် ကချင် လွတ်မြောက်ရေးအစည်းအရုံးကို လျှို့ဝှက်ဖွဲ့စည်းရာမှ ရှမ်းပြည်နယ်နိုင်ငံရေးသမားအချို့က ခါးပိုက်ဆောင် တပ်အဖြစ် ရည်ရွယ်၍ လက်ပစ်ဗုံးအချို့ ထုတ်ပေးခဲ့ သည်။ ကေအိုင်အိုအင်အားမှာ ၂၇ ယောက်သာရှိ သည်။ ၁၉၆ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၅ ရက်တွင် ဇော်တူးနှင့်လမာလရိန်းတို့အဖွဲ့သည် လားရှိုးငွေတိုက် ကို ဖောက်ယူလုယက်ကြသည်။ အင်အား ၁ဝဝ ခန့် စုမိသောအခါ ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက် တွင် (K.I.A)** (Kachin Independence Army) (ခေါ်) ကချင်လွတ်လပ်ရေး တပ်မတော်နှင့် (K.I.C)*** (Kachin Independence Council) (ခေါ်) ကချင် လွတ်လပ်ရေးကောင်စီတို့ကိုဖွဲ့စည်းခဲ့သည်။ ဇော်ဆိုင်းက တပ်မဟာမှူးအဖြစ် ဆောင်ရွက်ပြီး ဂျီလစ်လင်းက တပ်မဟာဗိုလ်မှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
ကချင်သောင်းကျန်းသူများသည်  ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့အနီးရှိ ဆင်လီရွာ၏ အရှေ့ ဘက် ဆယ်မိုင်ခန့်အကွာတွင် အခြေခံစခန်းတစ်ခု တည်ဆောက်ပြီး အခြေခံစစ်ပညာသင်တန်း အမှတ် (၁)ကို ၁၉၆၁ ခုနှစ်၊ မတ်လ ၁၆ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ကြသည်။ ၁၉၆၁ ခုနှစ်၊ ဇူလိုင် လတွင် ကေအိုင်အေ တပ်ရင်း(၁)ကို ဗန်းမော်ဒေသ၊ မန်စီမြို့နယ်၊ မွန်ဘာပါကျေးရွာတွင်လည်းကောင်း၊ တပ်ရင်း(၂)ကို လမာလရိန်း ခေါင်းဆောင်၍ အင်အား ၃ဝဝ ခန့်ဖြင့် မုံးစီး၊ မုံးထန်နယ်မြေတွင် လည်းကောင်း ဖွဲ့စည်းခဲ့ကြသည်။
၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်တွင် သန့်ရှင်း အစိုးရက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းလိုက်သောအခါ  ကချင်သောင်းကျန်းသူ အင်အားမှာ ရုတ်တရက်ကြီးထွားလာသည်။ ၁၉၆၃ ခုနှစ်တွင် ဇော်တူး၏ညီ ဇော်ဒန်သည် တက္ကသိုလ်တွင် တက်နေရာမှ ယင်း၏ အစ်ကိုများနှင့်ဆက်သွယ် ကြောင်း အထောက်အထားအရ အထိန်းသိမ်းခံနေရစဉ် လွတ်မြောက်ပြီးတောခိုသွားသည်။ တော်လှန်ရေး ကောင်စီတက်ခါစတွင် ကေအိုင်အေသောင်းကျန်းမှု  မှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် ခိုင်မြဲစွာ အမြစ်တွယ်နေပြီဖြစ်ပေသည်။
အခြားသောင်းကျန်းသူအဖွဲ့အစည်းများ
တော်လှန်ရေးကောင်စီအစိုးရက ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် နိုင်ငံတော်အာဏာထိန်းသိမ်းလိုက် စဉ် အဓိကပြည်တွင်းသောင်းကျန်းမှုအင်အားစုများ   မှာ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ကရင်သောင်းကျန်းသူ များသာ ဖြစ်သည်။
ယင်းသောင်းကျန်းသူအဖွဲ့အစည်းနှစ်ရပ်မှာ သောင်းကျန်းသူအားလုံးအနက် အင်အားအတောင့် တင်းဆုံးအဖွဲ့နှစ်ဖွဲ့ဖြစ်နေခဲ့သည်။ ဗမာပြည်ကွန်မြူနစ် ပါတီမှာ တစ်ပြည်လုံးတွင် ပျံ့နှံ့နေ သော်လည်း ဗဟို အုပ်ချုပ်မှုမှာ လွတ်ကင်းခြင်းမရှိပေ။ ကေအင်န်ယူများ မှာမူ ကွန်မြူနစ်လိုလားသူနှင့် မလိုလားသူဟူ၍ နှစ်ခြမ်း ကွဲနေသည်။ ပဲခူးရိုးမနှင့် မြစ်ဝကျွန်းပေါ်ဒေသမှာ အဆိုးရွားဆုံးဒေသများဖြစ်နေသည်။
အင်အားတောင့်တင်းခြင်းမရှိသော်လည်း နိုင်ငံရေးအရ အရေးပါသောအဖွဲ့အစည်းမှာ သခင်စိုး၏ အလံနီပါတီ(ခေါ်)ကွန်မြူနစ်ပါတီ(ဗမာပြည်)ဖြစ်သည်။ အလံနီများသည် ရခိုင်ဒေသတွင် ခိုအောင်းလျက်ရှိပြီး ထိုအချိန်တွင် ရခိုင်၌ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် မူဂျာဟစ် အြ<ွကင်းအကျန်များလည်း ရှိနေလေရာ ရခိုင်တိုင်းတစ်ခုလုံး၏ တောနယ် ၅ဝ ရာခိုင်နှုန်းမှာ သောင်းကျန်းသူတို့ ကြီးစိုးနေဆဲဖြစ်သည်။ ရခိုင်ကွန် မြူနစ်ပါတီမှာမူ စစ်ရေးအရ လှုပ်ရှားမှုမရှိဘဲ ဆေးဝါး ကုသပေးခြင်း၊ စည်းရုံးဟောပြောခြင်းစသည်တို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုအနေနှင့် အနှောင့် အယှက်ဖြစ်စရာမဟုတ်ဟု ယူဆနေကြသည်။(၁။ ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီ ပြည်နယ်ဖြစ်စဉ်သမိုင်း(ဒုတိယတွဲ) နိုင်ငံရေးကဏ္ဍ။)
ရှမ်းပြည်နယ် အရှေ့ဖျားတွင် တရုတ်ဖြူအကြွင်း အကျန်အချို့ရှိနေသေးသော်လည်း ယင်းတို့သည် စစ်ရေးအရ တိုက်ခိုက်ခြင်းထက် ဘိန်းလုပ်ငန်းကိုသာ ဆောင်ရွက်နေကြသည်။ ရှမ်းသောင်းကျန်းသူအဖွဲ့ငယ် များသည်လည်း အာဏာစွန့်လိုက်ရသော စော်ဘွား  များ၏ သွေးထိုးမြှောက်ပင့်မှုကြောင့် လှုပ်ရှားနေကြ သည်။ ၁၉၅၈ ခုနှစ်၊ မေလ ၂ဝ ရက်က စိုင်းနွဲ့(ခေါ်) စဝ်နွဲ့ဦးစီး၍ ဖွဲ့စည်းခဲ့သော နွံစစ်ဟန်(ရဲရင့်သော ရှမ်းလူငယ်အဖွဲ့) သည် ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် တပ်မတော်က ပုံပါကျင်စခန်းကို ဝင်တိုက် ခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့ကြသည်။ သို့သော် ပုံပါကျင် တိုက်ပွဲတွင် စိုင်းနွဲ့ကိုယ်တိုင်ဒဏ်ရာ ရပြီး ထွက်ပြေးဆုတ်ခွာခဲ့ရသည်။
သို့ရာတွင် ကျိုင်းတုံနယ်မှ ကျောင်းသားလူငယ် ၂ဝဝ ခန့်သည် ၁၉၅၉ ခုနှစ်၊ ဧပြီလတွင် ထပ်မံတောခို ၍ အင်အားကြီးထွားလာကြပြန်သည်။ ၁၉၅၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်တွင် စိုင်းကျော်ထွန်းနှင့် စစ်ရဲ တောခို ဘိုမောင်(လဝ)တို့အဖွဲ့ ပူးပေါင်းအင်အား ၁၅ဝဝ ခန့်ဖြင့် တန့်ယန်းမြို့အား တိုက်ခိုက်သိမ်းပိုက် ခဲ့ကြသည်။ သို့သော် တပ်မတော်က ဒီဇင်ဘာလ ၁ ရက်တွင် တန့်ယန်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
ရှမ်းသောင်းကျန်းသူများသည် နွံစစ်ဟန်အဖွဲ့မှ စတင်ခဲ့သော်လည်း တစ်နှစ်ခန့်ကြာသောအခါ အုပ်စု သုံးစုကွဲလာကြသည်။  ရှမ်းပြည်မြောက်ပိုင်းတွင် ခွန်သော်တာ၊   ခွန်ကြာနုနှင့်   စိုင်းလှအောင်တို့ ခေါင်းဆောင် သော  S.S.A*(*       Shan State Army)(ခေါ်) ရှမ်းပြည်လွတ်လပ် ရေး တပ်မတော်၊ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံနယ်မြေ တွင် ဘုန်းကြီး လူထွက် ဦးကုဏ္ဍလ(ခေါ်) စောက်ငါးခမ်း ဦးစီးသည့် စဝ်ဟုန်စစ်တိုင်း (ခေါ်) ရှမ်းအမျိုးသား တပ်မတော်နှင့် ရှမ်းပြည်တောင်ပိုင်းတွင် စိုင်းနွဲ့ဦးစီး သော နွံစစ်ဟန် (ခေါ်) ရဲရင့်သော ရှမ်းလူငယ်အဖွဲ့ ဟူ၍ ရှမ်းသောင်းကျန်းသူ သုံးဖွဲ့ကွဲလျက်ရှိသည်။
၁၉၅၈  ခုနှစ်တွင်  မွန်သောင်းကျန်းသူများ လက်နက်စွန့်၍ အလင်းဝင်လာကြသောအခါ အင်အား ၅ဝ ခန့်သည် ကေအင်န်ယူတို့ မြှောက်ပင့်ပေးမှုကြောင့် လက်နက်မစွန့်ဘဲ တောတွင်း၌ ကျန်ရစ်ခဲ့ကြသည်။ ယင်းအဖွဲ့ကို ကေအင်န်ယူများက မွန်ပြည်သစ်ပါတီ အဖြစ်  ဖွဲ့စည်းပေးခဲ့သည်။  မွန်ပြည်သစ်ပါတီမှာ အင်အားနည်းပါးပြီး စစ်ရေးအရ ထိရောက်စွာလှုပ်ရှား နိုင်ခြင်းမရှိသော်လည်း ကေအင်န်ယူများနှင့် ဗကပ များအတွက် နိုင်ငံရေးဝှက်ဖဲတစ်ချပ်ဖြစ်ခဲ့ရသည်။ ကရင်နီအမျိုးသား တိုးတက်ရေးပါတီကဲ့သို့ပင် မွန် ပြည်သစ်ပါတီသည်လည်း ဗမာပြည်ကွန်မြူနစ်ပါတီ  နှင့်ကေအင်န်ယူပါတီတို့၏   အပြိုင်အဆိုင်စည်းရုံး သိမ်းသွင်းမှုကို ခံခဲ့ကြရသည်။ မွန်ပြည်သစ်ပါတီသည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီကဲ့သို့ပင် မဒညတ၌ ပါဝင်ခဲ့သော်လည်း မဒညတတွင် မည်သည့်သြဇာ အာဏာမျှ မရှိခဲ့ပေ။
တော်လှန်ရေးကောင်စီအစိုးရသည် မြေပေါ်နိုင်ငံရေး၊  ပဋိပက္ခများကို  ဖြေရှင်းရန်ခေတ်ပြောင်း တော်လှန်ရေးကို စတင်ဆင်နွှဲချိန်တွင် မြေအောက်၌ ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီကွန်မြူနစ်ပါတီ၊ ကရင်သောင်းကျန်းသူများ၊ ကရင်နီအမျိုးသားတိုးတက် ရေးပါတီ၊ မွန်ပြည်သစ်ပါတီ၊ ကေအိုင်အေ (ခေါ်) ကချင် သောင်းကျန်းသူများ၊ ရှမ်းသောင်းကျန်းသူအဖွဲ့သုံးဖွဲ့၊ တရုတ်ဖြူအကြွင်းအကျန်များ၊ မူဂျာဟစ် အကြွင်း အကျန်များသည် နိုင်ငံတော်အား ဆန့်ကျင် ပုန်ကန်၍ ပြည်သူလူထုအား နှိပ်စက်ကလူပြုနေဆဲပင်ဖြစ်လေ သည်။ တော်လှန်ရေးကောင်စီသည် ကိုလိုနီနယ်ချဲ့စနစ်နှင့် တိုင်းရင်းသားနိုင်ငံရေးအင်အားစုများပြိုကွဲခြင်း၏  အမွေဆိုးကြီးဖြစ်သော  ပြည်တွင်းသောင်းကျန်းမှုကို တပ်မတော်နှင့် ပြည်သူတို့၏ပူးပေါင်းအင်အားဖြင့် နှိမ်နင်း ဖြေရှင်းရန် ပြင်ဆင်ရလေသည်။ ထိုအချိန်တွင် နောင်ကာလ၌ အဓိက သောင်းကျန်းသူအဖွဲ့တစ်ခု ဖြစ်လာမည့် လွယ်မော်ကာကွယ်ရေးအဖွဲ့သည် ၁၉၆ဝ ပြည့်နှစ်၊ ဇန်နဝါရီလတွင် အင်အား ၃ဝ ဖြင့် ဖွဲ့စည်း ပြီးလေပြီ။
Share this article :

0 comments:

Post a Comment

 
ဆက်သွယ်ရန် mmpolitical2013@gmail.com :
Template Modify by Creating Website Myanmar Political Research Organization