Home » » အခန်း(၁၁) တောခိုကာကွယ်ရေးများနှင့် ဘိန်းကုန်ကူးရေးလုပ်ငန်း

အခန်း(၁၁) တောခိုကာကွယ်ရေးများနှင့် ဘိန်းကုန်ကူးရေးလုပ်ငန်း

အခန်း(၁၁)
တောခိုကာကွယ်ရေးများနှင့် ဘိန်းကုန်ကူးရေးလုပ်ငန်း
တောခိုလွယ်မော်အဖွဲ့(၁။ ရမခ၏အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအခြေအနေနှင့် တိုက်ပွဲစဉ်သုံးသပ်ချက် စာမျက်နှာ ၄၂ မှ ၄၆။)
နောင်လိုင်မြို့စား၏ဒုတိယဇနီးမှ မွေးဖွားသော ခွန်ဆာသည် ၁၉၅၈ ခုနှစ်တွင် ဆုတ်ခွာသွားသော တရုတ်ဖြူများနှင့်အတူ ဖော်မိုဆာအထိလိုက်ပါသွားခဲ့သည်။ ထို့နောက် ၁၉၆ဝ ပြည့်နှစ်တွင် နောင်လိုင်ဒေသ သို့ပြန်လည်ရောက်ရှိလာပြီးတရားဝင်အလင်းဝင်ခဲ့ သည်။ အစိုးရက နောင်လိုင်နယ်မြေတွင် ကာကွယ်ရေး တပ်ဖွဲ့အဖြစ် ခွန်ဆာအား အင်အား ၄ဝ ဖြင့် ဖွဲ့စည်း ခွင့်ပေးခဲ့သည်။  ၁၉၆၃  ခုနှစ်တွင်  တော်လှန်ရေး ကောင်စီအစိုးရက ကျပ် ၁ဝဝ တန်နှင့် ၅ဝ တန် ငွေ စက္ကူများကို တရားမဝင်ကြောင်းကြေညာလိုက်သော အခါ ခွန်ဆာသည် မကျေမနပ်ဖြစ်ပြီး ၁၉၆၄ ခုနှစ်တွင် တောခိုသွားခဲ့ပြန်သည်။ သို့သော် ၁၉၆၆ ခုနှစ်တွင် ပြန်လည်အလင်းဝင်လာခဲ့သည်။  ထိုစဉ်က  ဗကပ ဆန့်ကျင်ရေးအတွက် နောင်လိုင်ဒေသကိုအခြေခံ၍ ကာကွယ်ရေးတပ်ဖွဲ့များဖွဲ့စည်းရာ ခွန်ဆာ၏ကာကွယ် ရေးတပ်ဖွဲ့မှာ အင်အား ၁၇ဝဝ ခန့်အထိ တိုးတက်လာ ခဲ့သည်။






ခွန်ဆာအဖွဲ့သည် ဘိန်းမှောင်ခိုလုပ်ငန်းများအား လုပ်ကိုင်လျက်ရှိပြီး အစိုးရအပေါ် သစ္စာဖောက်မည့်  အလားအလာများတွေ့ရသဖြင့်  ၁၉၆၉  ခုနှစ်တွင် လက် နက် သိမ်း ရန် စီ စဉ် ခဲ့ ရ သည်။ ၁၉၆၉ ခုနှစ်၊ အောက်တိုဘာလတွင် ခွန်ဆာအားဖမ်းဆီးခဲ့သည်။ ကျန် ဆူးရှင်ခေါင်းဆောင်သော အင်အား ၁၆ဝဝခန့်မှာမူ လွယ်မော်ဒေသအားအခြေခံ၍ တပ်မတော်အား ပြန်လည် တိုက်ခိုက်ကြ တော့သည်။   တောခိုလွယ်မော် ကာကွယ်ရေးများမှာ   နိုင်ငံရေးဦးတည်ချက်မရှိဘဲ မှောင်ခိုစီးပွားရေးနှင့် ဘိန်းလုပ်ငန်းကို လွတ်လပ်စွာလုပ် ကိုင်ခွင့်ရပါက အလင်းဝင်မည်ဖြစ်ကြောင်း အစိုးရကို ကမ်းလှမ်းခဲ့ သေးသည်။
ကျန်ဆူးရှင်နှင့်လွယ်မော်ကာကွယ်ရေးများသည် မန်လီ၊ တုံလောနှင့် ပုံဝိုးဒေသတွင် အက်စ်အက်စ်အေ နှင့် ပူးပေါင်း၍လည်းကောင်း၊ မုံးယော်၊ မုံးကျက်ဒေသ တွင် ကေအိုင်အေနှင့် ပူးပေါင်း၍ လည်းကောင်း၊ သံလွင် အရှေ့ခြမ်းမန်ထွန်းဒေသတွင် ခွန်ဝိုးဦးစီးအင်အား ၂ဝဝ ခန့်က သီးခြား ရပ်တည်၍ လည်းကောင်း လှုပ်ရှား ခဲ့ကြသည်။ ၁၉၇၂ ခုနှစ် နှစ်ဦးတွင် လွယ်မော်ကာကွယ် ရေးများက ဗကပတို့ကို တိုက်ခိုက်ရန်အကြောင်းပြ၍ တရားဝင်ရပ်တည်ခွင့်ရရှိရန် ကမ်းလှမ်းခဲ့ကြပြန်သည်။ သို့သော် ဗကပများ 'ဝ' နယ် တောင်ပိုင်းသို့ စိမ့်ဝင်လာ သောအခါ  လွယ်မော်အဖွဲ့၏မရိုးသားမှုများကြောင့် ၁၉၇၂ခုနှစ်၊ ဧပြီလမှစ၍ တပ်မတော်က စစ်ဆင်ရေး ဆင်နွှဲ၍ လွယ်မော်ဒေသကိုပြန်လည်သိမ်းပိုက်ခဲ့သည်။ လွယ်မော် ကာကွယ်ရေးများက အာဏာကုန်လွှဲအပ်ခဲ့ရသော ကိုယ်စားလှယ်အဖြစ် လောင်လျှမ်းကို တန့်ယန်း သို့စေလွှတ်ပြီး အလင်းဝင်ရေးကို ဆွေးနွေးလာကြပြန် သည်။ ၁၉၇၂ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့တွင် ခွန်ငို့ခေါင်းဆောင်သော အင်အား ၂ဝဝ ကို ဗကပသံလွင် အရှေ့ခြမ်းတွင် လက်နက်သိမ်းသွား သောအခါတွင်ကား လောက်လျှမ်းသည် ငယ်သားများအား စည်းရုံးဖို့ အချိန်ပေးရေး၊လက်နက် တပ်ဆင်ပေးရေး ကိုတို့ကို ဆွေးနွေး ၍ တောထဲသို့ပြန်လည်ဝင်ရောက်သွားခဲ့သည်။
လွယ်မော်ကာကွယ်ရေးများသည်၁၉၇၃ခုနှစ်အထိ အဖမ်းခံနေရသော ခွန်ဆာ လွတ်မြောက်ရေး ကိုသာ အဓိကထားကြိုးစားခဲ့သည်။ စီးပွားရေးလုပ်ငန်း များကိုလည်း စစ်ရေးလှုပ်ရှားမှု အကူအညီဖြင့် တိုးချဲ့ လုပ်ကိုင်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ကေအိုင်အေနှင့် ဆက်သွယ်ပြီး နားလည်မှုများ ရယူခဲ့သည်။ နိုင်ငံတော် အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၁၉၇၄ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်တွင် ခွန်ဆာအား ပြန်လွှတ်ပေးခဲ့သော်လည်းလွယ်မော်အဖွဲ့သည် လက်နက်ချခဲ့ခြင်းမရှိပေ။ ကျန်ဆူးရှင်နှင့် အင်အား ၃ဝဝ ခန့်သည် မုံးဟင်၊ မုံးဟဒေသတွင်လည်းကောင်း၊ ဝမ်တင်ကျုံးခေါင်း ဆောင်သော အင်အား ၃ဝဝ ခန့် သည် မုံးမ၊ နောင်လိုင်ဒေသတွင်လည်းကောင်း၊ စိုင်းရစ် မိန်းခေါင်းဆောင် သောအင်အား ၃ဝဝ ခန့်သည် နားဝါ ဒေသတွင်လည်းကောင်း လှုပ်ရှားမြဲလှုပ်ရှားနေကြ သည်။
ဝမ်တင်ကျုံးခေါင်းဆောင်သော တောခိုလွယ်မော် များသည် မန်ထွန်း(အက်စ်ယူ-၆၆၆၂)ဒေသရှိ ဗကပ များနှင့်ဆက်သွယ်၍ ၁၉၇၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်တွင် တာကောင်းပုံ(အက်စ်ယူ-၆၁၆ဝ)၌ ဆွေးနွေးခဲ့ကြသည်။ ဗကပတို့က နောင်လိုင်မြောက် ဘက်ခြမ်းအား  ဝင်ရောက်လှုပ်ရှားခွင့်၊  ဗကပနှင့် လွယ်မော်ပူးပေါင်း၍ တပ်မတော်ကိုတိုက်ခိုက်ရေးတို့ကို တောင်းဆိုခဲ့သည်။ သို့သော် တောခို လွယ်မော်အဖွဲ့က သဘောမတူသဖြင့် ဗကပများနောင်လိုင်ဒေသမှ ပြန် လည်ထွက်ခွာသွားခဲ့ကြသည်။
တောခိုလွယ်မော်အဖွဲ့သည် စီးပွားရေးသောင်းကျန်းသူများသက်သက်သာဖြစ်သော်လည်း ကေအိုင် အေ၊ ဗကပတို့နှင့်ဆက်သွယ်ရာမှ နိုင်ငံရေးမှိုင်းမိလာ သည့် လက္ခဏာများပေါ်ပေါက်ခဲ့သည်။ ဗကပတို့ကလည်း ခွန်ငို့နှင့်လီဆီရီတို့ကို ပြန်လည်၍စေလွှတ်ပေးခဲ့ ရာ တောခိုလွယ်မော်အဖွဲ့အတွင်း ဗကပအတွေးအခေါ်များ ဂယက်ရိုက်ခဲ့ဖူးသည်။ သို့သော် တောခိုလွယ်မော် အင်အားစုသည်   အစဉ်တစိုက် ကွန်မြူနစ်ဝါဒကို ဆန့်ကျင်ခဲ့ကြသူများဖြစ်သည်။ ခွန်ဆာနှင့်ကျန်ဆူးရှင် တို့၏ခေါင်းဆောင် မှုမှာလည်း စစ်ပဒေသရာဇ်ဆန်ဆန် ခေါင်းဆောင်မှုဖြစ်သည်။ ထို့ကြောင့် ဗကပတို့နှင့်အစေး  မကပ်လှဘဲ ကေအိုင်အေတို့နှင့် ပိုမိုအဆင်ပြေနေသည် ကိုတွေ့ခဲ့ရသည်။
တောခိုလွယ်မော်အဖွဲ့သည် အဓိကအားဖြင့် ဘိန်း  လုပ်ငန်းဖြင့် ရပ်တည်လျက်ရှိသည်။ ဗကပကိုဆန့်ကျင်ပြီး ကေအိုင်အေနှင့်ရင်းနှီးစွာပေါင်းသည်။ တပ်မတော်ကိုမူ တတ်နိုင်သမျှ ရှောင်ရှား လျက်ရှိပြီး မတတ်သာတော့မှသာ တိုက်ခိုက်လေ့ရှိသည်။ ယင်းတို့၏ တရားဝင် ရပ်တည်ခွင့်ရရှိရေး ကိုလည်း အကြိမ်များစွာတောင်းဆိုလေ့ရှိသည်။ အစိုးရမှ ပြန်လွှတ်ပေးလိုက်သည့် ခွန်ဆာသည်  ထိုင်းနိုင်ငံသို့ ရောက်ရှိသွားပြီးထိုင်းနိုင်ငံမှ တစ်ဆင့် လွယ်မော်ကာကွယ်ရေးအဖွဲ့ကို ပြန်လည် ခေါင်းဆောင်မှု ပေးလာသောအခါ တောခိုလွယ်မော်များသည် လက်နက်ချအလင်းဝင်ရေး၊ တရားဝင် ရပ်တည်ရေးတို့ကို စိတ်မဝင်စားတော့ဘဲ ဘိန်းလုပ်ငန်းကိုသာ  အကြီးအကျယ် တိုးချဲ့ လုပ်ကိုင်ကြ လေတော့ သည်။
ကိုးကန့်ကာကွယ်ရေးအဖွဲ့
ကိုးကန့်နယ်မြေဒေသသည် မြန်မာနိုင်ငံ၏အရှေ့ မြောက်ဒေသ ရှမ်းပြည်နယ်တွင်တည်ရှိပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်စပ်လျက်ရှိသည်။ စစ်ကြို ခေတ်အတွင်းက တရုတ်နိုင်ငံမှ ဓားပြဂိုဏ်းများ ကိုးကန့် နယ်မြေအတွင်းသို့ မကြာခဏဝင်ရောက်တိုက်ခိုက် လုယက်လျက်ရှိရာ ကိုးကန့်စော်ဘွားသည် နယ်မြေထိန်း လက်နက်ကိုင်  ၁ဝ  ယောက်အပြင်  အိမ်တိုင်းတွင် လက်နက်ကိုင် ဆောင်စေပြီး ကာကွယ်ခဲ့ရသည်။ ဂျပန်တပ်များ ကိုးကန့်နယ်မြေအတွင်းသို့ ဝင်လာစဉ်ကလည်း ကိုးကန့်စော်ဘွား  ရန်ဖူးချိန်နှင့်  ယင်း၏ညီဖြစ်သူ ချွန်ချိန်တို့သည် ကိုးကန့်လက်နက်ကိုင် လူ ၁ဝဝဝ ကျော် ကိုစုစည်း၍ ခုခံခဲ့ဖူးသည်။ သို့နှင့် ကိုးကန့်လူမျိုးတို့ သည် လက်နက်ကိုင် သည့်အလေ့အထကို ရရှိနေခဲ့သည်။ ပဒေသရာဇ်အာဏာစွန့်ရခြင်းအပြင် ဖက်ဒရယ်မူနှင့် ပတ်သက်၍ မကျေနပ်သဖြင့် တော်လှန်ရေးအစိုးရ လက်ထက်တွင် ကိုးကန့်စော်ဘွား၏သားဖြစ်သူ ဂျင်မီယန်း(ခေါ်) ရန်ကျင်းရှင် သည် တောခို၍ သောင်းကျန်းခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ဗိုလ်မှူးကြီးအောင်ဖေက ကိုးကန့်ရှေ့ဆောင် လူငယ်အဖွဲ့ကို လက်နက်ကိုင် အင်အား ၁၅ဝ ဖြင့် ဖွဲ့စည်းပေးခဲ့သည်။ ထို့နောက် ကိုးကန့်ရှေ့ဆောင် လူငယ်အဖွဲ့သည်  တပ်မတော်နှင့် ပူးပေါင်း၍ ဂျင်မီယန်းအား သွားရောက်နှိမ်နင်းတိုက် ခိုက်ခဲ့ကြသည်။
၁၉၆၇ ခုနှစ်တွင်မူ ဂျင်မီယန်း(ခေါ်) ရန်ကျင်းရှင် နှင့် ရန်ကျင်းစယ်တို့ခေါင်းဆောင်သော တောခိုကိုးကန့် များသည် အလင်းဝင်ရောက်ပြီး ကိုးကန့်ကာကွယ်ရေး အဖွဲ့  (ယခင်  ရှေ့ဆောင်လူငယ်) နှင့်  ပူးပေါင်းခဲ့ရာ ကိုးကန့်ကာကွယ်ရေးအင်အားသည် ၈ဝဝ ခန့်အထိ တိုးတက်လာသည်။ ၁၉၆၈ ခုနှစ်တွင် အရှေ့မြောက်ဒေသ၌ ဗကပများပေါ်ပေါက်လာသောအခါကွန်မြူနစ် စနစ်ကိုမနှစ်သက်သော ကိုးကန့်များ သည်ကာကွယ်ရေး တပ်ဖွဲ့သို့ဝင်ရောက်ကြသည်။ သို့နှင့် အပျော်တမ်း လက်နက်ကိုင် အင်အားများ အပါအဝင် ကိုးကန့်ကာကွယ်ရေးအဖွဲ့သည် ၁၉၆၈ ခုနှစ်တွင် လူအင်အား ၂ဝဝဝ အထိ တိုးတက်လာ ကြသည်။ ကိုးကန့်ကာကွယ် ရေးအဖွဲ့၏ခေါင်းဆောင်မှာ လော်စစ်ဟန်ဖြစ်ပြီး တပ်ရင်း သုံးရင်းဖြင့် ဖွဲ့စည်းထားသည်။
တပ်ရင်း(၁)၏ တပ်ရင်းမှူးမှာ လူကျုံးရှင်ဖြစ်ပြီး မန်လင်ဒေသ(အက်စ်ယူ -၂၂၉၈)တွင် လှုပ်ရှားသည်။တပ်ရင်း(၂)၏  တပ်ရင်းမှူးမှာ  ကျန်ကျုံးချိန်ဖြစ်ပြီး ကွမ်းလုံဒေသတွင်လှုပ်ရှားသည်။    တပ်ရင်း(၃)၏ တပ်ရင်းမှူးအဖြစ် ဝမ်ရှင်းဟော်ကတာဝန်ယူပြီး လားရှိုး တွင်အခြေပြုကာ ထိုင်းနိုင်ငံသို့ ဘိန်းအရောင်းအဝယ် ကိစ္စဖြင့် သွားလာရာ၌ လုံခြုံရေးအဖြစ် ဆောင်ရွက် လှုပ်ရှားခဲ့သည်။ ကိုးကန့်အဖွဲ့အား အစိုးရထောက်ပံ့ ပေးခဲ့သည့်အပြင် မှောင်ခိုလုပ်ငန်း၊ ဘိန်းလုပ်ငန်းများ ဖြင့်လည်း စီးပွားရေးတိုးတက်လာခဲ့သည်။
၁၉၇၃ ခုနှစ်၊ ဧပြီလ ၃ဝ ရက် နောက်ဆုံးထား ပြီး အစိုးရက ကာကွယ်ရေးတပ်ဖွဲ့များကို လက်နက် သိမ်းရန်စီစဉ်သောအခါ   လော်စစ်ဟန်၏ကိုးကန့် ကာကွယ်ရေးအဖွဲ့အပါအဝင် ကာကွယ်ရေးအဖွဲ့များကို ဖျက်သိမ်း၍လက်နက်များကိုအပ်နှံမည်ဟု ကတိပြုခဲ့ကြသည်။ သို့သော် တကယ်တမ်းလက်နက် အပ်နှံရမည့် အခါတွင်ကား လော်စစ်ဟန်ခေါင်းဆောင်သော ကိုးကန့် ကာကွယ်ရေးတပ်ရင်း သုံးရင်းသည် လက်နက်များကို အပ်နှံခြင်းမပြုတော့ဘဲ တောခိုခဲ့ကြသည်။
၁၉၇၃  ခုနှစ်၊  ဇူလိုင်လ    ရက်နေ့မှစ၍ တပ်မတော်သည် ကိုးကန့်တပ်ရင်း(၁)ရှိရာ မန်လင် ဒေသအား ဝင်ရောက်ရှင်းလင်း၍ တိုက်ခိုက်ခဲ့သည်။ဝမ်ရှင်းဟော်ခေါင်းဆောင်သော တပ်ရင်း(၃)ကိုလည်း ၁၉၇၃ ခုနှစ်၊ မေလ ပထမပတ်မှစ၍ တိုက်ခိုက်ခဲ့သည်။ တပ်မတော်၏စစ်ဆင်ရေးများကြောင့် ကိုးကန့် ကာကွယ် ရေးအဖွဲ့သည် ကစဥ့်ကလျားဖြစ်ပွားပြီး အများအပြား လက်နက်ချကြသည်။ ၁၉၇၃ ခုနှစ်၊ ဇူလိုင်လ၁၇ရက်တွင် လော်စစ်ဟန်အား ဖမ်းမိခဲ့ပြီး နောက်တွင်ကား ကိုးကန့် ကာကွယ်ရေး လှုပ်ရှားမှုများငြိမ်သက်သွားပြီး ဝမ်ရှင်းဟော်ခေါင်းဆောင်သော ကိုးကန့်ကာကွယ်ရေး တပ်များသည် ထိုင်းနယ်စပ်သို့သွားရောက်၍ ဘိန်း လုပ်ငန်းကိုသာ ဇောက်ချ၍လုပ်ကိုင်နေလေတော့သည်။
တောခိုနမ့်ကျွန်းအဖွဲ့
လီဖားမီခေါင်းဆောင်သောအင်အား ၂ဝဝ ခန့် သည် တောခိုပြီးနောက်တွင် ကေအိုင်အေတပ်ရင်း (၂) နှင့်ဆက်သွယ်၍ ခိုလှုံခဲ့သည်။ လီဖားမီ၏အင်အားစု သည် နမ့်ကျွန်း(အက်စ်ပီ - ၅၇၃၃)တွင် အခြေခံ လှုပ်ရှားလျက်ရှိရာ ကေအိုင်အေတို့က အယ်လ်ဂျီအက်ဖ် (ဌာနေပြောက်ကျားတပ်ဖွဲ့) အဆင့် သတ်မှတ်၍လက်ခံ ထားသည်။ တောခိုနမ့်ကျွန်းအဖွဲ့ထဲတွင် ထိုင်ဝမ် ထောက်လှမ်းရေးအဖွဲ့ဝင် ခုနစ်ဦးကို လက်ခံထားသဖြင့် ကေအိုင်အေတပ်ရင်း(၂)က ဖော်ထုတ်ဖမ်းဆီးရန် စီစဉ် ခဲ့ဖူးသည်။
တောခိုရောင်ပရေး
၁၉၇၃ ခုနှစ်၊ ကာကွယ်ရေးများဖျက်သိမ်းစဉ် အိုက်ဆေးခေါင်းဆောင်သော အင်အား ၁၅ဝ ခန့်တို့ သည် လက်နက်များအပ်နှံခြင်းမပြုတော့ဘဲ တောခိုခဲ့ ကြသည်။ သို့သော် အိုက်ဆေးကိုယ်တိုင် ၁၉၇၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်တွင် နောက်လိုက်အင်အား ၁၁  ယောက်ဖြင့်  လက်နက်ချအလင်းဝင်ခဲ့သည်။ အိုက်ဆေးအလင်းဝင်ပြီး သြဂုတ်လ ၂ဝ ရက်တွင်လည်း အင်အား ၃၅ ယောက်တစ်ဖွဲ့အလင်းဝင်ပြီးဖြစ်သည်။ သြဂုတ်လ ၂၉ ရက်တွင်လည်း ၉ ယောက်တစ်ဖွဲ့ အလင်းဝင်ခဲ့သည်။ သို့နှင့် တောခိုရောင်ပရေးကာကွယ် ရေးအဖွဲ့သည် တဖွဲဖွဲလက်နက်ချကြရာ ၁၉၇၃ ခုနှစ် အကုန်တွင် လုံးဝချုပ်ငြိမ်းသွားခဲ့သည်။
ဘိန်းလုပ်ငန်းဖြင့် ကမ္ဘာက အာရုံစိုက်လာရသော ရွှေတြိဂံဒေသ
တောခိုကာကွယ်ရေးအဖွဲ့များ၊ ရှမ်းသောင်းကျန်း သူများသည် ယင်းတို့၏ရပ်တည်မှုအတွက် ပြည်ပအကူ အညီများကိုသာ ရှာဖွေရုံသာမကဘဲ ဘိန်းလုပ်ငန်းဖြင့် လည်း စီးပွားရှာခဲ့ကြရသည်။ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လောနိုင်ငံတို့၏  သုံးပွင့်ဆိုင်  နယ်စပ်ဒေသဖြစ်သော ရွှေတြိဂံဒေသသည် ကမ္ဘာတွင် ဘိန်းစိမ်းအထွက်ဆုံး သောဒေသတစ်ခုဖြစ်လာရာ ပြည်ပသူလျှိုအဖွဲ့များ၊ သောင်းကျန်းသူများ၊ ခါးပိုက်ဆောင်တပ်ဖွဲ့များ၊ စီးပွားရေးသမားများ၊ နိုင်ငံရေးကစားသူများ ခြေချင်းလိမ်လာ ခဲ့ရပြီး ရွှေတြိဂံဒေသ၏ အခြေအနေမှာ များစွာရှုပ်ထွေး ၍လာသည်။
စင်စစ်အရှေ့တောင်အာရှ၏ ဘိန်းပြဿနာမှာ ကိုလိုနီစနစ်၏ အမွေပင်ဖြစ်သည်။ ဥရောပ တိုက်သားများသည် ၁၅ ရာစုနှစ်မှစတင်၍ အာရှတိုက်သို့နည်းမျိုး စုံဖြင့် နယ်မြေချဲ့ထွင်၍ ကိုလိုနီနယ်ပယ်များ ထူထောင် လာခဲ့ကြရာ အာရှဒေသသားတို့အား ဘိန်းရှူနည်းကိုပါ သွတ်သွင်းပေးခဲ့ကြ သည်ဟုဆို၏။ ရွှေတြိဂံဒေသကို ကိုယ်တိုင်ကိုယ်ကျလေ့လာခဲ့သော   အမေရိကန် သတင်းစာဆရာ အဲလ်ဖရက်ဒဗလျူမက်ကွိုင် (ALFRED W MC COY) က THE POLITICS OF HEROIN IN SOUTHEAST ASIA စာအုပ်ကိုရေးသားခဲ့ရာတွင် အရှေ့တောင်အာရှ၏ဘိန်းပြဿနာနှင့်ပတ်သက်၍ အောက်ပါ အတိုင်းရေးသားခဲ့သည်ကိုတွေ့ရ၏။(၁။        ဦးတင်မောင်ရင်(မဟာဝိဇ္ဇာ)၏ ရွှေတြိဂံနယ်မြေက ဘိန်းဖြူသံသရာ ၊ စာမျက်နှာ ၅၆ မှ ၅၇။)
x            x          x          x
ရှေးက စွန့်စားခဲ့ကြသူများသည် အရှေ့သို့လာခဲ့ ကြရာတွင် ပေါ်တူဂီအလံ၊ ဗြိတိသျှအလံ၊ ပြင်သစ်အလံ တို့ကို လွှင့်ထူခဲ့ကြသည်။ ထိုစဉ်က ဥရောပတိုက်သား တို့သည် ¤င်းတို့၏ ပို၍အဆင့် အတန်းမြင့်သော စစ်ပညာများဖြင့်၎င်းတို့၏စစ်သင်္ဘောများကိုအသုံးပြုကာ ¤င်းတို့၏ ကုန်သည်များ ဘိန်းကုန်ကူးနိုင်ရေးအတွက် တရုတ်နိုင်ငံနှင့် အာရှအရှေ့တောင်နိုင်ငံများကို အဓမ္မ ဖွင့်လှစ်ကြကာ အာရှကုန်းပိုင်းဒေသများကို တဖြည်း ဖြည်းသိမ်းယူခဲ့ကြသည်။ ကိုလိုနီနယ်ပယ်များ အဖြစ် ခွဲစိတ်ယူခဲ့ကြသည်။ အဆိုပါ အင်ပါယာထူထောင် သူများသည်။ သန်းပေါင်းများစွာသောတိုင်းရင်းသားတို့ အား ဘိန်းစားဇာတ်သွင်းခဲ့ကြသည်။
၁၅ဝဝလွန် နှစ်ပိုင်းအတွင်းကစ၍ ဥရောပကုန် သည်များက ဘိန်းရှူနည်းကို အရှေ့သို့သွတ်သွင်းခဲ့ကြ သည်။ ၁၇ဝဝ လွန် နှစ်ပိုင်းများတွင် ဗြိတိသျှအရှေ့ အိန္ဒိယကုမ္ပဏီသည်  တရုတ်ပြည်သို့  ဘိန်းများအဓမ္မ ခိုးသွင်းသည့်အကြီးဆုံးသော ဘိန်းမှောင်ခိုဖြစ်လာသည်။ ၁၈ဝဝ လွန် နှစ်များတွင်မူ ကိုလိုနီနိုင်ငံတိုင်း၌ ဘိန်း ခန်းများ အစီအရီပေါ်ပေါက်လာသည်။ xxx ပေါ်တူဂီ သင်္ဘောများရောက်လာသည့် ၁၅ဝဝ နှစ်များ မတိုင်မီ က အာရှတွင် ဘိန်းရှူခြင်း၊ ဘိန်းမှောင်ခိုခြင်း လုံးဝမရှိ ခဲ့ပေ။
x            x          x          x
ပညာရှင်များ၏အဆိုအရ ဘိန်းပင်သည် ကျောက် ခေတ်ကာလကပင် မြေထဲပင်လယ်ကို ဝိုင်းရံနေသော တောင်တန်းဒေသများတွင် အလေ့ကျပေါက်ခဲ့သည်ဟု ဆိုသည်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၁ဝဝဝ ခန့်က စ၍ ဘိန်းကိုဆေးဝါးအဖြစ်အသုံးပြုခဲ့ကြသည်။ ဘိန်း သည် မြေထဲပင်လယ် ဒေသမှစတင်ပြန့်ပွားလာရာ ၁ဝ ရာစုနှစ်တွင် အာရှဘက်သို့စတင်ပြန့်ပွားလာသည်။ ဘိန်းကို နာကျင်မှု သက်သာစေ သောဆေး၊ ဝမ်းကိုက် ပျောက်စေသောဆေးအဖြစ် လူကြိုက်များလာရာမှ ဘိန်းသည် မူးယစ်ဆေးဝါးဘဝသို့ရောက်လာခဲ့သည်။ ၁၈ဝ၅ ခုနှစ်တွင် ဘိန်းမှမော်ဖိန်းစားဆေးကို ထုတ်လုပ် နိုင်ခဲ့ပြီး ၁၈၅၈ခုနှစ်တွင် အမေရိကန်သမားတော်နှစ်ဦးက ဘိန်းမှမော်ဖိန်းထိုးဆေးကို ထုတ်လုပ် နိုင်ခဲ့ကြ သည်။မော်ဖိန်းသည်တစ်စတစ်စတီထွင် ထုတ်လုပ်ရာမှအလွန်တွင် ကျယ်သောဆေးဝါး ဖြစ်လာသည်။ စွဲတတ်သည့်ဆေးဝါးအဖြစ် လူသိများလာသည်။ ၁၈၇၄ ခုနှစ်တွင်  အင်္ဂလိပ်သုတေသီ  စီအာရိုက်ဆိုသူက မော်ဖိန်းနှင့် အက်စီတစ်အင်ဟိုက်ဒရိုက်ကိုဖျော်၍ နာရီ ပေါင်းများစွာ ကျိုချက်ကြည့်ရာ ဒိုင်အက်စီတိုင်းမော်ဖိန်း (Diacetyl Morphine) ဟုခေါ်သော ဟီးရိုးအင်း ဒြပ်ပေါင်းကို စတင်တွေ့ရှိလာသည်။
ဆေးပညာရှင်များက ဟီးရိုးအင်းကို ဆက်လက် မစမ်းသပ်ရန်ဆုံးဖြတ်ခဲ့သော်လည်း ဟီးရိုးအင်း ပေါ်လာ ပြီးနောက် နှစ် ၂ဝ အကြာတွင် ဂျာမန်ဆေးပါရဂူများ က ဟီးရိုးအင်းကို ချောင်းဆိုးပန်းနာနှင့် လည်ချောင်း ရောဂါပျောက်စေနိုင်ကြောင်း၊ မစွဲနိုင်ကြောင်း ကောက် ချက်ချခဲ့ကြသည်။ ထို့နောက် ဂျာမနီနိုင်ငံမှ ဗေယာ ဆေးဝါးကုမ္ပဏီသည် ဒိုင်အက်စီတိုင်းမော်ဖိန်းကို ဟီးရိုး အင်းဟုနာမည်ပေးကာ   အကြီးအကျယ်ထုတ်လုပ် ရောင်းချခဲ့တော့သည်။ ၁၉ဝ၆ ခုနှစ်တွင် အမေရိကန် သမားတော်များ အသင်းကလည်း ဟီးရိုးအင်းကို မော်ဖိန်းအစားသုံးနိုင်ကြောင်း ထောက်ခံခဲ့ကြသည်။ ဟီးရိုးအင်းကို အကန့်အသတ်မရှိ သုံးစွဲကြရာမှ ဟီးရိုးအင်းသည် မူးယစ်ဆေးဝါးဘဝသို့ရောက်လာလေရာ ၁၉၂၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ ဟီးရိုးအင်း (ခေါ်) ဘိန်းဖြူသုံးစွဲသူနှစ်သိန်းခန့်ရှိလာသည်။ ၁၉၂၄ ခုနှစ်တွင် အမေရိကန် ကွန်ဂရက်လွှတ်တော်က ဟီးရိုးအင်းတင်သွင်းရောင်းချထုတ်လုပ်မှုများကို ဥပဒေ ဖြင့်ပိတ်ပင်တားမြစ်လိုက်ရာမှ ဟီးရိုးအင်းသည် မှောင်ခို တရားမဝင်မူးယစ်ဆေးဝါးဘဝသို့ ရောက်ရှိလာလေ သည်။
ဥရောပနှင့်အမေရိကတွင် ဟီးရိုးအင်းအန္တရာယ်ကို စိုးရိမ်ရကောင်းမှန်းသိလာကြပြီး    အကြီး အကျယ်တားမြစ်ပိတ်ပင်လာကြသောအခါတွင် ဒုစရိုက်ဂိုဏ်း များသည် တရုတ်နိုင်ငံရှန်ဟဲနှင့် တိယန်စင်မြို့ များတွင် ဘိန်းဖြူစက်ရုံများထူထောင်၍ မှောင်ခိုဟီးရိုးအင်းများ ကို ထုတ်လုပ်ခဲ့ကြသည်။ သို့သော် ဒုတိယကမ္ဘာစစ် ဖြစ်ပွားသောအခါတွင် မှောင်ခိုဘိန်းဖြူထုတ်လုပ်မှုများ များစွာလျော့ကျ သွားခဲ့ရသည်။ စစ်ကြီးပြီးသွားသော အခါတွင် အမေရိကန်၊ အင်္ဂလိပ်ပြင်သစ်စသော မဟာ မိတ်အုပ်စုသည် ဆိုဗီယက် ကွန်မြူနစ်အန္တရာယ်ကို အကြောင်းပြု၍ စစ်အေးတိုက်ပွဲကို ဆင်နွှဲခဲ့ကြသည်။ စစ်ကြီးအတွင်း  နာဇီဆန့်ကျင်ရေးနှင့်  စစ်ပြီးခေတ်  ကွန် မြူ နစ် ဆန့် ကျင် ရေး စစ် အေး တိုက် ပွဲ များ တွင် အီတလီနိုင်ငံ စစ္စလီကျွန်းဇာတိ မာဖီးယားလူဆိုး ဂိုဏ်းသားများနှင့် ပြင်သစ်နိုင်ငံကော်စီကာကျွန်းဇာတိ ကော်စီကန် လူဆိုးဂိုဏ်းသားများကို သူလျှိုများ၊ ခါးပိုက် ဆောင်တပ်များအဖြစ် နည်းမျိုးစုံဖြင့် အသုံးချခဲ့ကြရ လေရာ လူဆိုးဂိုဏ်းများသည် နိုင်ငံရေးလောကတွင်ပါ သြဇာအာဏာရရှိလာပြီး    အရေးပါလာခဲ့သည်။ မာဖီး ယားနှင့် ကော်စီကန် လူဆိုးဂိုဏ်းများသည် အမေရိကတိုက်နှင့်ဥရောပတိုက်တွင် အဓိက ဘိန်းဖြူ မှောင်ခိုသူများဖြစ်လာကြသည်။
သို့သော် နိုင်ငံတကာအစိုးရများက ဘိန်းဖြူမှောင် ခိုမှုကို အစွမ်းကုန်နှိမ်နင်းခဲ့ကြရာ ၁၉၆၅ ခုနှစ်တွင် ဘိန်းဖြူမှောင်ခိုမှုသည် သိသာစွာကျဆင်းသွားခဲ့ရသည်။ အီတလီအစိုးရကလည်း ၁၉၆ဝ ပြည့်နှစ်မှစ၍ စစ္စလီ မာဖီးယားဂိုဏ်းများကို ပြတ်သားစွာနှိမ်နင်းခဲ့သည်။ ဘိန်းစိုက်ပျိုးမှုကို တရားဝင် ခွင့်ပြုထားခဲ့သော တူရကီ အစိုးရကလည်း ၁၉၆၇ ခုနှစ်မှစ၍ ဘိန်းစိုက်ပျိုးမှုကို ရပ်စဲခဲ့ရာ ထိုအချိန်မှစ၍ ကမ္ဘာ့အနောက်ဘက်ခြမ်း တွင် မူးယစ်ဆေးဝါးထုတ်လုပ်ရန် များစွာအခက်အခဲ တွေ့လာသည်။
ထို့ကြောင့် မာဖီးယားနှင့်ကော်စီကန်ဂိုဏ်းသား များသည် ၁၉၆၇ ခုနှစ်ကစ၍ ဘိန်းဖြူထုတ်လုပ်ရန် အရှေ့တောင်အာရှသို့ ခြေဦးလှည့်လာကြရတော့သည်။ အမေရိကန်အစိုးရသည် ထိုအချိန်က တရုတ်ကွန်မြူနစ် အန္တရာယ်ကာကွယ်ရေးကိုအကြောင်းပြု၍ ဗီယက်နမ် စစ်ပွဲတွင်ပါဝင်ပတ်သက်နေခြင်း၊ ဆီးတိုး(ခေါ်)အရှေ့ တောင်အာရှစစ်စာချုပ်အဖွဲ့ကို   ဖွဲ့စည်းထားခြင်း၊ တရုတ်ဖြူတပ်အကြွင်း အကျန်များကို   လုံးဝကူညီ အားပေးခြင်း၊ အရှေ့တောင်အာရှဒေသတွင် စစ်အခြေ စိုက်စခန်းများဖွင့်လှစ်၍ သောင်းကျန်းသူများအပါအဝင် ကွန်မြူနစ်ဆန့်ကျင်ရေး အင်အားစုများကို စီအိုင်အေသူလျှို အဖွဲ့ကြီးမှ တစ်ဆင့် ကူညီပံ့ပိုးနေခြင်း တို့ဖြင့် ပါဝင်စွက်ဖက်လျက်ရှိနေသည်။ တရုတ်ဖြူ တပ်ကြွင်း တပ်ကျန်များ၊ သောင်းကျန်းသူလက်နက ကိုင်များသည် ဘိန်းဖြူချက်လုပ်ခြင်း၊ ဘိန်းစိုက်ခြင်း တို့ဖြင့်ရပ်တည်လျက်ရှိရာ အမေရိကန်အစိုးရ၏နိုင်ငံ ခြားရေးဝါဒသည်    မူးယစ်ဆေးဝါးလုပ်ငန်းအား သွယ်ဝိုက်၍အကူအညီပေးရာ    ရောက်ခဲ့ကြောင်း အဲလ်ဖရက်က ယင်း၏စာအုပ်တွင် အောက်ပါအတိုင်း စွပ်စွဲခဲ့ပေသည်။
x            x          x          x
ဤဒေသတွင် ဘိန်းစိုက်ပျိုးရေး၊ ဘိန်းဖြူ ထုတ်လုပ်ရေးကြီးထွားလာရေးကို အမေရိကန်နိုင်ငံ ခြားရေးဝါဒက အားပေးခဲ့သည်။ ၁၉၅ဝ ပြည့်နှစ် ခန့်မှစ၍ မြန်မာပြည်ရောက် ကူမင်တန်တပ်ပြေး များကို အမေရိကန်တို့ကထောက်ခံခဲ့သည်။ စစ်ရေး မကျွမ်းကျင်သော ကူမင်တန်တို့သည် ရှမ်းပြည်နယ် ဒေသမှ ဘိန်းအထွက်တိုးရေးကိုကြိုးပမ်းကား ၎င်းတို့ကမူ ဘိန်းမှောင်ခိုလုပ်ငန်းကို လက်ဝါးကြီးအုပ် လုပ်ကိုင်ကြ လေသည်။ လောနိုင်ငံတွင် ဘိန်းဖြူထုတ် လုပ်ကာ ဘိန်းဖြူမှောင်ခိုနေကြသည့်   မြို့ ခေါင်းဆောင်များ ကိုပင်တပ်မှူးများခန့်ကာ ကြေးစားတပ်ဖွဲ့များကိုဖွဲ့စည်းပေးခဲ့သည်။ မှောင်ခို ထိပ်သီးများနှင့် ဖွဲ့စည်းထားသည့် အစိုးရဝန်ကြီး များနှင့် အရာရှိကြီးများကိုယ်တိုင် ဘိန်းမှောင်ခို လုပ်နေသည့် တောင်ဗီယက်နမ်အစိုးရ၊ လောလက်ယာအစိုးရနှင့် ထိုင်းအစိုးရတို့ကို  စီအိုင်အေတို့က  ထောက်ခံ အားပေးခဲ့သည်။ ရှမ်းပြည်နယ်မှတစ်ဆင့် ယူနန်နယ်အတွင်း၌ သူလျှိုလုပ်ငန်းကိုလုပ်ကိုင်ရာ တွင် စီအိုင်အေ သည် ရှမ်းသူပုန်များကို တစ်စိတ် တစ်ဒေသအားကိုးခဲ့သည်။  ထိုရှမ်းတို့က  ဘိန်း မှောင်ခိုသည် စီအိုင်အေထောက်ခံထားသည့်လော နိုင်ငံမှစစ်အရာရှိတို့က လက်နက်များကို မြန်မာ ပြည်သို့မှောင်ခို သွင်းသည်။    ရှမ်းပြည်နယ်မှ သောင်းကျန်းသူတို့က ဘိန်းနှင့် လက်နက်အလဲ အလှယ်လုပ်သည်။ ဤတွင် ရှမ်းပြည်နယ်၌ ဆူပူမှု များ သက်ဆိုးရှည်လာသည်။ စီအိုင်အေတို့ ရှမ်းပြည်  နယ်ကို တံခါးမရှိ၊ ဓားမရှိ ဝင်ရောက်ကာ ယူနန်နယ်တွင် သူလျှိုလုပ်ကြသည်။ ဆူပူမှုသက်ဆိုးရှည်သည့် အတွက်လည်း ရှမ်းပြည်တွင် ဘိန်းစိုက်ပျိုးမှု၊ မှောင်ခို မှုများတိုးပွားလာသည်။ ၁၉၆၉ ခုနှစ်၌ ရွှေတြိဂံ နယ်မြေတွင်  မြန်မာ၊  လော၊  ထိုင်းသုံးပွင့်ဆိုင် နယ်နိမိတ်ဆုံရာဒေသတွင် ဘိန်းစိုက်ပျိုးရုံသာမက တော့ဘဲ ဘိန်းဖြူချက် စက်ရုံများပါ အလျှိုအလျှို ပေါ်ပေါက်လာသည်။ ဘိန်းဖြူကို အကန့်အသတ် မရှိဘဲထုတ်လုပ်လာခဲ့သည်။ စီအိုင်အေကထောက်ခံထားသည့် လော၊ ထိုင်းနှင့် တောင်ဗီယက်နမ်နိုင်ငံတို့မှ  ထိပ်တန်း အရာရှိကြီးများက  နိုင်ငံတကာ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းတွင် အင်တိုက်အားတိုက်ပါဝင် လာကြသည်။ ဘိန်း မှောင်ခိုလုပ်ငန်းကို စီအိုင်အေက လက်ပိုက်ကြည့်နေမိရုံသာမက မှောင်ခိုဘိန်းများကို စီအိုင်အေ လေယာဉ် များဖြင့်  သယ်ဆောင်ပေးခဲ့သေးသည်။ ထို့ကြောင့်  ဘိန်းဖြူ ရောဂါတွင်  စီအိုင်အေ၏စစ်အေးနည်းဗျူဟာ၌ တစ်စိတ်တစ်ဒေသအားဖြင့် တာဝန်ရှိပေသည်။
x            x          x          x
အဲလ်ဖရက်၏အဆိုအရ အရှေ့တောင်အာရှဒေသ မှထွက်သည့်ဘိန်းသည် ကမ္ဘာပေါ်တွင် ပမာဏအများ ဆုံးဖြစ်လာသည်ဟုဆိုသည်။ နှစ်စဉ်ပင် ရွှေတြိဂံနယ်မြေ မှ တိုင်းရင်းသားတို့သည် ဘိန်းတန်ချိန် ၁ဝဝဝ ခန့်ကို ထုတ်လုပ်ခဲ့ကြရာ  ထိုပမာဏသည်  တစ်ကမ္ဘာလုံးရှိ ဥပဒေမဲ့ဘိန်းပမာဏ၏ ၇ဝ ရာခိုင်နှုန်းရှိသည်ဟုဆို သည်။ ဘိန်းစိမ်းမှ ဘိန်းဖြူထုတ်လုပ်ရန်မှာလည်း ခက်ခဲ သည့်လုပ်ငန်းမဟုတ်ပေ။ ဘိန်းစိမ်းကို ရေဖြင့်ကျိုချက် ပြီး မဖောက်ထုံးလောင်းထည့်လိုက်ပါက ဘိန်းမှ အညစ် အကြေးများ သန့်စင်သွားသည်။ ဘိန်းစိမ်းကို ဒုတိယ အကြိမ်ကျိုပြီး  အမိုးနီးယား (ဇဝက်သာ) ဒြပ်ပေါင်း အပြင်းစားကိုထည့်ပြီးမွှေပါက မော်ဖိန်းသည် ခဲလာပြီး အနည်ထိုင်သွားသည်။ အဖြူရောင် မော်ဖိန်းအခဲကို ဖလန်နယ်စဖြင့် စစ်ယူပြီး အအေးခံရသည်။ ဘိန်းစိမ်း ၁ဝ ကီလိုကို  ထုတ်လုပ်မည်ဆိုလျှင်  မော်ဖိန်းနှင့် အက်ဆီတစ်အင်ဟိုက်ဒရိုက် (Acetic Anhydride) ၁ဝ ကီလိုစီကိုရော၍ ကျိုချက်ပါက မသန့်စင်သေးသော ဒိုင်အက်ဆီတိုင်းမော်ဖိန်း(ခေါ်)ဟီးရိုးအင်းဒြပ်ပေါင်းကို  ရရှိသည်။ ထိုအဆင့်ကို ပထမအဆင့်ဟုခေါ်သည်။ ဒုတိယအဆင့်တွင် ဟီးရိုးအင်းဒြပ်ပေါင်းကို ရေနှင့် ကလိုရိုဖောင်း၊ အီသာ စသည့်မေ့ဆေးတစ်မျိုးမျိုးဖြင့် သန့်စင်ရသည်။ သန့်စင်ပြီးဖျော်ရည်ကို တတိယအဆင့် တွင် ဆိုဒီယမ်ကာဗွန်နိတ် (Sodium Carbonate) ကိုထည့်၍ မွှေလိုက်ပါက ဟီးရိုးအင်းများအနည်ထိုင် လာသည်။ စတုတ္ထအဆင့်တွင် အနည်ထိုင်နေသော ဘိန်းဖြူကိုစစ်ယူ၍ အရက်ပြန်ဖျော်ရည်ထဲထည့်ကာ မီးသွေးမီးဖြင့် ချက်ယူရသည်။ အရက်ပြန်များ အငွေ့ ပြန်သွားသောအခါ ဘိန်းဖြူအခဲ လေးများကျန်ရစ်သည်။ ဘိန်းဖြူအခဲလေးများ ကျန်ရစ်သည်အထိ အဆင့်လေး ဆင့်ဖြင့် ထုတ်လုပ်ရ သောကြောင့် ဟီးရိုးအင်းကို နံပါတ် (ဖိုး)  (Number Four) ဟုလည်းခေါ်ကြသည်။ သို့သော် နံပါတ်(ဖိုး) ဘိန်းဖြူသည် သုံးစွဲရန်ဆေးမဟုတ်သေးပေ။ ဘိန်းဖြူခဲများကို  အရက်ပြန်နှင့်ဖျော်၍  အီသာနှင့် ဟိုက်ဒရိုက်ကလိုရစ်အက်စစ်များရောစပ်သောအခါ အဖြူရောင်အဖတ်များရရှိသည်။ ထိုအဖြူရောင်အဖတ် များကို အပူပေးလိုက်သောအခါကျမှ ဘိန်းအစစ် ၈ဝ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းအထိပါဝင်သော ဘိန်းဖြူ မှုန့်ကို ရရှိသည်။
ဘိန်းဖြူထုတ်လုပ်ရန်မှာ ဘိန်းစိမ်းနှင့်မဖောက်ထုံး၊ အရက်ပြန်၊  ကလိုရိုဖောင်း၊  အီသာ  စသည့်မေ့ဆေး တစ်မျိုးမျိုး၊အက်ဆီတစ်အင်ဟိုက်ဒရိုက်၊ ဆိုဒီယမ် ကာဗွန်နိတ် စသော ဓာတုဗေဒ ဒြပ်ပေါင်းများလိုအပ်သည်။ ထိုပစ္စည်းများမှာ လွယ်ကူစွာရရှိနိုင်သော ဓာတု ဗေဒပစ္စည်းများ ဖြစ်လေရာ ဘိန်းဖြူထုတ်လုပ်သူများ သည် ဘိန်းခင်းများအနီးအနားတွင်သာ ဘိန်းဖြူကို ချက်လုပ်လာ ကြတော့သည်။ ထို့ကြောင့် သောင်းကျန်း သူများသည် တိုင်းရင်းသားများကို အတင်းအဓမ္မဘိန်း စိုက်ခိုင်းကြပြီး ပြည်ပသို့တင်ပို့သည့် လုပ်ငန်းအပြင် အရင်းအနှီးနည်းနည်းနှင့် အမြတ်များများရရှိနိုင်သည့် ဘိန်းဖြူကိုပါ ထုတ်လုပ်လာကြတော့သည်။ ဘိန်းဖြူချက် လုပ်ခြင်းလုပ်ငန်းမှ အနိမ့်ဆုံးအဆင့် ဘိန်းစိုက်ပျိုးရေး လုပ်ငန်းမှာ ဥပဒေက ခွင့်မပြုသောလုပ်ငန်းဖြစ်သည့် အပြင် ဥပဒေဖြင့်အရေးယူတိုက်ခိုက်ခြင်းကိုလည်း ခံရ နိုင်သောလုပ်ငန်းဖြစ်၍ လက်နက်ကိုင်တောခိုကာကွယ် ရေးများနှင့် ရှမ်းသောင်းကျန်းသူများသည် မူးယစ် ဆေးဝါးလုပ်ငန်းကို ကာကွယ်ရန် လက်နက်များကို ဆက်လက်ကိုင်စွဲရင်း သံသရာလည်နေလေတော့သည်။
မူးယစ်ဆေးဝါးလုပ်ငန်းများ ဥရောပမှအရှေ့ တောင်အာရှသို့ရွှေ့ပြောင်းလာချိန်တွင် လောနိုင်ငံတွင် မင်းသားကြီးဆူဗန်နိုဗောင်၏ကွန်မြူနစ်အင်အားစုများ  အာဏာမရသေးပေ။ ထိုင်းနိုင်ငံ၊ လောနိုင်ငံနှင့် ကမ္ဘော ဒီးယားနိုင်ငံတို့တွင် လက်ယာအင်အားစုများ တန်ခိုး ကြီးမားလျက်ရှိရာ မြို့စောင့်တပ်၊ နယ်ခြားရဲ စသော နာမည်အမျိုးမျိုးကိုခံယူထားသည့် ခါးပိုက်ဆောင်တပ်၊ ကိုယ်ပိုင်စစ်တပ်များမှာလည်း မှိုလိုပေါက်နေကြသည်။ ရှမ်းသောင်းကျန်းသူနှင့် တောခိုကာကွယ်ရေးများ အပါအဝင် အမည်နာမ အမျိုးမျိုးကိုခံယူထားသော လက်နက် ကိုင်တပ်ဖွဲ့မျိုးစုံတို့သည် အဓိက ဘိန်းထွက်ရာဒေသကြီး ဖြစ်သော ရွှေတြိဂံဒေသကို အာရုံစိုက်လာရာသောင်းကျန်းသူမျိုးစုံ၏လုပ်ရပ်တို့သာမကဘဲ ပြည်ပစွက်ဖက်မှု အမျိုးမျိုးကိုပါ ထင်ရှားစွာတွေ့မြင်လာကြတော့သည်။
ရွှေတြိဂံမှ ဘိန်းထုတ်လုပ်မှု
အရှေ့တောင်အာရှနိုင်ငံများသည် ကိုလိုနီစနစ် ၏ နောက်ဆက်တွဲအနေနှင့် ဘိန်းထုတ်လုပ်မှုတွင် တစ်နည်းမဟုတ်တစ်နည်း ပတ်သက်ခဲ့ရသည်။ အင်ဒို ချိုင်းနားဒေသတွင် ပြင်သစ်တို့သည် တုန်ကင်ကို ၁၈၈၄ ခုနှစ်နှင့် လောနိုင်ငံကို ၁၈၉၃ ခုနှစ်တွင် သိမ်းပိုက်ခဲ့ ပြီးနောက် ဘိန်းစိုက်ပျိုးရေးကို စီးပွားဖြစ်ထုတ်လုပ်ရန် စတင်စမ်းသပ်ခဲ့ကြသည်။ တရုတ်နိုင်ငံသည်လည်း ဘိန်း စစ်ပွဲပြီးသည့်နောက် အနောက်နိုင်ငံသားများကို လိုက်လျောခဲ့ရလေရာ ၁၈၅၈ ခုနှစ်တွင် ဘိန်းကို တရားဝင် ကူးသန်းရောင်းဝယ်ခွင့်ပြုခဲ့ရသည်။ ထို့ကြောင့် ၁၈၈ဝ ပြည့်နှစ်တွင် ဆက်ချွမ်ပြည်နယ်တစ်နယ်တည်းမှာပင် ဘိန်းစိမ်းတန်ချိန် ၁ဝဝဝဝ အထိထုတ်လုပ်ခဲ့သည်ကို တွေ့ရသည်။ ၁၉ဝ၁ ခုနှစ်တွင် ယူနန်နယ်စပ်ဒေသ၏ ဘိန်းထုတ်လုပ်မှုမှာ နှစ်စဉ် တန်ချိန် ၃ဝဝဝ ရှိခဲ့သည်။ မြန်မာနိုင်ငံမှ ဗြိတိသျှကိုလိုနီအစိုးရသည်လည်း ဘိန်း ခန်းများကို လိုင်စင်ဖြင့် ခွင့်ပြုခဲ့သည်။ ဘိန်းပြဿနာ သည် ကို လို နီ စ နစ် ထွန်း ကား နေ စဉ် က စ တင် ၍ အနောက်နိုင်ငံသားများကိုယ်တိုင်မွှေးခဲ့သည့် မီးဖြစ်သည်။ ထိုဘိန်းမီးသည် ကိုလိုနီအစိုးရများကိုပင် ပြန်၍ ဒုက္ခပေးခဲ့လေရာ ရွှေတြိဂံနယ်မြေသည် ကိုလိုနီခေတ် ကတည်းကပင် Golden Triangle Region ဟူ၍ ကျော်ကြားနေခဲ့ပေပြီ။ အရှေ့အာရှဒေသတွင် ဘိန်း သုံးစွဲမှုများပြားလွန်းရကား ကိုလိုနီအစိုးရများက တရား ဝင်ထုတ်လုပ်သည့်ဘိန်းဖြင့်မလုံလောက်နိုင်သော ကြောင့် ရွှေတြိဂံဒေသသည် ၁၉ ရာစုနှစ်ကတည်း က ဘိန်းကို မှောင်ခိုထုတ်လုပ်ခဲ့ရလေသည်။ (၁။     ဦးတင်မောင်ရင် (မဟာဝိဇ္ဇာ) ၏ ရွှေတြိဂံနယ်မြေက ဘိန်းဖြူသံသရာ၊ စာမျက်နှာ ၆၇၊ ၆၈။)
ထိုင်းဘုရင့်အစိုးရသည် ၁၈၅၂ ခုနှစ်တွင် ဘိန်း ကုန်သွယ်မှုကို အစိုးရ၏ လက်ဝါးကြီးအုပ် လုပ်ငန်းအဖြစ် တရုတ်ကုန်သည်တစ်ဦးအား ခွင့်ပြုခဲ့ရသည်။ ၁၉ဝ၇ ခုနှစ်တွင် တရုတ်ကုန်သည်များအား ပေးထားခဲ့သည့် ဘိန်းလိုင်စင်ကိုဖျက်သိမ်းကာ အစိုးရကိုယ်တိုင်လုပ်ခဲ့ ရသည်။ ဘိန်းစားသူများပြားသဖြင့် ၁၉၁၃ ခုနှစ်တွင် အိန္ဒိယမှ ဘိန်း ၁၄၇ တန် တင်သွင်းခဲ့ရသေးသည်။ ၁၉၂ဝ ပြည့်နှစ်နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၌ တရား မဝင် ဘိန်းကုန်ကူးမှုကို နိုင်ငံတကာက ကန့်ကွက်လာ သောကြောင့် တစ်စတစ်စလျှော့ချခဲ့ရသည်။ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားသောအခါ အရှေ့တောင်အာရှဒေသ တွင် ဘိန်းလုပ်ငန်းများ လျော့ကျသွားသော်လည်း လုံးဝ ကင်းစင်သွားသည်ကား မဟုတ်ခဲ့ပေ။ စစ်ကြီးပြီးသည် နှင့် ပြန်လည်၍ခေါင်းထောင်လာပြန်သည်။
မြန်မာနိုင်ငံတွင်ကိုလိုနီအစိုးရ၏ဘိန်း၊ လက်ဝါး ကြီးအုပ်စနစ်ထွန်းကားခဲ့သည်။ သို့သော် မြန်မာနိုင်ငံ၏ ဘိန်းလုပ်ငန်းမှာ အရှေ့တောင်အာရှဒေသတွင် အသေးအမွှားဆုံးနှင့် အမြတ်အနည်းဆုံး လုပ်ငန်းဖြစ်ခဲ့သည်။ မြန်မာနိုင်ငံမှ သယံဇာတပစ္စည်းများကြောင့် ဘဏ္ဍာငွေလုံလောက်နေသော ကိုလိုနီ အစိုးရသည် ဘိန်း လုပ်ငန်းကို တရုတ်နိုင်ငံ၊ လောနိုင်ငံ၊ ထိုင်းနိုင်ငံတို့ကဲ့ သို့ အကြီးအကျယ်တိုးချဲ့ရန် မလိုအပ်ခဲ့ပေ။ ၁၈၅၂ ခုနှစ်တွင် ဗြိတိသျှစစ်တပ်များက အောက်မြန်မာနိုင်ငံ ကို သိမ်းပိုက်ပြီးနောက် အိန္ဒိယနိုင်ငံမှ ဘိန်းတင်သွင်း မှုလည်း စတင်ခဲ့သည်။ အခြားနိုင်ငံများလောက် ဆိုးရွား ခြင်းမရှိဟု ဆိုသော်လည်း ကိုလိုနီနယ်ချဲ့သမားတို့ တင်သွင်းလာသောဘိန်းကြောင့် ၁၉၃ဝ ပြည့်နှစ်တွင် တရားဝင် မှတ်ပုံတင်ပြီး ဘိန်းစားနေသော ဘိန်းစား များမှာ မြန်မာပြည်တွင် ၅၅ဝဝဝ ခန့်အထိရှိလာသည်။ ရှမ်းပြည်နယ်မှ တရားမဝင်(လိုင်စင်မဲ့)ဘဲ တင်သွင်း သည့်ဘိန်းကို သုံးစွဲသူများမှာမူ ၄၅ဝဝဝ ခန့်ရှိခဲ့သည်။ ရှမ်းပြည်နယ် တွင်လည်း  ဘိန်းသမားများတိုးတက် များပြားလာရသည်။
၁၈၈၆ ခုနှစ် နှစ်ဦးတွင် ဗြိတိသျှနယ်ချဲ့တို့က မြန်မာနိုင်ငံတစ်ခုလုံးကို သိမ်းပိုက်ယူလိုက်သောအခါ ရှမ်းပြည်နယ်လည်း ကိုလိုနီဖြစ်လာသည်။ ဗြိတိသျှတို့ သည် ရှမ်းပြည်နယ်အုပ်ချုပ်ရေးအတွက် ငွေကြေး အကုန်အကျမခံလိုကြပေ။ ထို့အပြင် မြန်မာနိုင်ငံသား တို့၏ တော်လှန်ရေးများကို နှိပ်ကွပ်နိုင်ရန် သွေးခွဲစနစ်  (Divide And Rule) ကိုသုံးစွဲရန်လည်း ဆုံးဖြတ်ထား ချိန်ဖြစ်သည်။ ထို့ကြောင့် မီးရထားလမ်းဖောက်လုပ်ခွင့်နှင့် နိုင်ငံခြားဆက်သွယ်ရေးကိုသာ ထိန်းချုပ်ထားပြီး ရှမ်းပဒေသရာဇ်စော်ဘွား ၃၆ ဦးကို ဆက်လက်၍ အုပ်ချုပ်စေခြင်းဖြင့် မြန်မာနိုင်ငံ၏တစ်စိတ်တစ်ဒေသကို လက်ဝေခံပဒေ သရာဇ်စနစ်ဖြင့် အုပ်ချုပ်ခဲ့ကြသည်။ စော်ဘွားများသည် ဝင်ငွေကောင်းသောဘိန်းလုပ်ငန်း ကို ဆက်လက်ခွင့်ပြု ထားကြရာ ရှမ်းပြည်နယ်သည် ဘိန်းလုပ်ငန်းတွင် အဖွံ့ဖြိုးဆုံးဖြစ်လာခဲ့ရသည်။ မြန်မာ နိုင်ငံလွတ်လပ်ရေးရလာသောအခါ ရှမ်းပြည်နယ်တွင် ကောင်းစွာအခြေကျပြီး ထွန်းကားနေသော ဘိန်း လုပ်ငန်းသည် ကိုလိုနီအမွေဆိုးကြီးအဖြစ် ခိုင်မြဲစွာ စွဲ ထင်၍ ကျန်ရစ်ခဲ့ရလေသည်။ ၁၉၅ဝ ပြည့်နှစ်တွင် အစိုးရက ဘိန်းလုပ်ငန်းကို တရားဝင်ပိတ်ပင်ခဲ့သော် လည်း  ဗြိတိသျှတို့က  ကိုယ်ပိုင်အုပ်ချုပ်ရေးပေးကာ တစ်ချိန်လုံးမြှောက်စားခဲ့ကြသည့် ရှမ်းစော်ဘွားများကို မူ မဟန့်တားနိုင်ခဲ့ပေ။ ရှမ်းပြည်နယ်သည် လွတ်လပ် ရေးရပြီးသော်လည်း ပဒေသရာဇ်စနစ်ဆက်လက်ထွန်း ကားလျက်ရှိရာ ဘိန်းလုပ်ငန်းသည်လည်း ဆက်လက် အသက်ရှင်ခဲ့ရသည်။
စစ်ပြီးခေတ်တွင် အရှေ့တောင်အာရှရှိ ဘိန်း လုပ်ငန်းမှာ သိသိသာသာ ပြောင်းလဲခြင်း မရှိသော်လည်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် အနည်း ငယ်တိုးလာခဲ့သည်။ ရွှေတြိဂံ နယ်မြေသည် တစ်နှစ်လျှင် ဘိန်းတန်ချိန် ၈ဝ အထိ ထုတ်လုပ်လာသည်။ တရုတ် ပြည်သူ့တပ်မတော်က  ကူမင်တန်တရုတ်ဖြူများကို မောင်းထုတ်လိုက်သောအခါ ယူနန်နယ်တွင် ဘိန်းလုပ် ငန်းမှာ ရပ်စဲခဲ့ရသည်။ အရှေ့တောင်အာရှမှ ဘိန်းစား များအတွက် ဒေသထွက်ဘိန်းဖြင့် မလုံလောက်သော ကြောင့် အီရန်နိုင်ငံမှဘိန်းကို စင်ကာပူမှတစ်ဆင့် ခိုး သွင်းလာရသည်။ သို့သော် ၁၉၅၅ ခုနှစ်တွင် အီရန် အစိုးရက ဘိန်းစိုက်ပျိုးမှုကို ဖျက်သိမ်းလိုက်သောအခါ ဘိန်းများရှားပါးလာပြန်သည်။ တူရကီနိုင်ငံက ဘိန်းကို ဆက်လက်ထုတ်နေသော်လည်းမလောက်ငသဖြင့် ရွှေတြိဂံနယ်မြေတွင် ဘိန်းထုတ်လုပ်မှုမှာ တိုးတက်သည် ထက် တိုးတက်လာရသည်။ ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်များတွင် စိုက်ပျိုးသော ဘိန်းများကိုလည်း ရွှေတြိဂံနယ်မြေမှ ကေအမ်တီများနှင့်ရှမ်းသောင်းကျန်း သူများက လက်ခံဝယ် ယူလာသည်။ အင်ဒိုချိုင်းနား ဒေသ(လော၊ ကမ်ပူးချား၊ ဗီယက်နမ်)တွင် ဝင်ရောက် စွက်ဖက် နေသည့်ပြင်သစ်များကလည်း ထောက်လှမ်း ရေးရန်ပုံငွေမလုံလောက်မှုကြောင့် ဘိန်းလုပ်ငန်းကို လုပ်ကိုင်ခဲ့ရသည်။  ထို့ကြောင့်  ၁၉၅၄  ခုနှစ်တွင် ဗန်ကောက်မြို့သည် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံမှ ထွက် သည့်ဘိန်းများကို တွင်ကျယ်စွာရောင်းဝယ်ကြသည့် ဘိန်းမြို့တော်ဖြစ်လာလေသည်။
အမေရိကန်အထောက်အပံ့ခံ ကေအမ်တီတို့က လည်း  ရှမ်းပြည်နယ်တွင်  ဘိန်းလုပ်ငန်းကိုအကြီး အကျယ်တိုးချဲ့ပြီး ထိုင်းနိုင်ငံသို့တင်ပို့ခဲ့ကြသည်။ ၁၉၆၁ ခုနှစ်တွင် တပ်မတော်၏ထိုးစစ်များကြောင့် ကေအမ်တီ တပ်များ ထိုင်းနိုင်ငံနှင့်လောနိုင်ငံသို့ ဆုတ်ခွာသွားခဲ့ ကြရသည်။ သို့သော် ထိုအချိန်တွင် ဒုတိယကမ္ဘာစစ် ကာလက တစ်နှစ်လျှင် တန်ချိန် ၄ဝ ပြည့်အောင် မထုတ်လုပ်နိုင်ခဲ့သော ရှမ်းပြည်နယ်သည် နှစ်စဉ် ဘိန်း တန်ချိန် ၃ဝဝ မှ ၄ဝဝ အထိ ထုတ်လုပ်နိုင်လေပြီ။ ကေအမ်တီတို့အား ကိုးကန့်စော်ဘွား၏ညီမ အော်လစ် ယန်း ((OLIVE YANG) က စစ်သား ၂ဝဝ စုဆောင်း ပေးခဲ့ခြင်း၊  မြန်မာ၊  ထိုင်း၊  လောနယ်စပ်များမှ တောင်ပေါ်တိုင်းရင်းသား ၈ဝဝဝ ကို ကေအမ်တီတို့က ချွေးတပ်ဆွဲ၍ အတင်းအဓမ္မလက်နက်တပ်ဆင်ခြင်းတို့ ကြောင့် ရွှေတြိဂံနယ်မြေတွင် လက်နက်ကိုင်မျိုးစုံစုဝေး လျက်ရှိရာ အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့မျိုးစုံတို့သည် ယင်းတို့၏ရပ်တည်မှုအတွက် စီအိုင်အေသူလျှိုအဖွဲ့၏ ထောက်ပံ့မှုများအပြင်ဘိန်းလုပ်ငန်းကိုလည်းလုပ်ကိုင် ခဲ့ကြရသည်။ ကေအမ်တီကျူးကျော်မှုသည် မြန်မာနိုင်ငံ ရှမ်းပြည်ဒေသတွင်ဘိန်းလုပ်ငန်းကိုများစွာဖွံ့ဖြိုး တိုးတက်စေခဲ့သည်မှာ ထင်ရှား လွန်းလှပေသည်။
ကေအမ်တီကျူးကျော်မှုကြောင့် ဘိန်းပြဿနာ ပိုမို ကြီးမားလာခြင်း၊ စီအိုင်အေအဖွဲ့၏ စွက်ဖက်ခြင်းတို့ကို အဲလ်ဖရက်ဒဗလျူမက်ကွိုင်က ယင်း၏အရှေ့တောင် အာရှဘိန်းဖြူနိုင်ငံရေးများ (THE POLITICS OF HEROIN IN SOUTHEAST ASIA, BY ALFRED W MC COY) စာအုပ်တွင် အောက်ပါအတိုင်းရေးသားခဲ့ သည်ကို တွေ့ရသည်။
Xxx
ရုတ်တရက်ကြည့်လျှင် မြန်မာနိုင်ငံမှာ ဘိန်းများကိုမှောင်ခိုနေသည့်လုပ်ငန်း၌ ကေအမ်တီ တို့ပါဝင်နေခြင်းမှာ စီအိုင်အေ၏အကာအကွယ်ကို ၎င်း၏လက်ဝေခံဖြစ်သည့် ကေအမ်တီတို့က အခွင့် ကောင်းယူလိုက်ခြင်းပင်ဖြစ်သည်ဟုထင်မှတ် စရာရှိ သည်။ အသေအချာဆန်းစစ်လိုက်ပါက ထိုကိစ္စတွင် စီအိုင်အေသည် ဒီယုန်မြင်၍ ဒီချုံထွင်ခြင်းဖြစ်သည် ဟုဆိုနိုင်၏။ ဘိန်းစိုက်နယ်မြေဖြစ်သည့်မြန်မာနိုင်ငံ ၏အရှေ့မြောက် နယ်စပ်ဒေသတွင် စီအိုင်အေက လာရောက်၍ကွန်မြူနစ်ဆန့်ကျင်ရေးတပ်မတော် လာရောက်တည်ဆောက်ခြင်းဖြစ်သည်။ ဤနေရာ တွင် ကေအမ်တီတို့ဘိန်းမှောင်ခိုနေကြသည်ကို မူလကပင် စီအိုင်အေက သိပြီးဖြစ်သည်။ ၁၉၅၂ ခုနှစ်ကထုတ်ဝေသည့်  နယူးယောက်  တိုင်း သတင်းစာတွင် ဘိန်းမှောင်ခိုလုပ်ငန်းနှင့်ပတ်သက်၍ ကေအမ်တီတို့၏အခန်းကဏ္ဍကို အသေးစိတ် ရေးသားတင်ပြခဲ့ပြီးဖြစ်သည်။  ထိုလုပ်ငန်းတွင် တိုင်းရဲမင်းကြီး (စီအိုင်အေလူယုံ)ပါဝင်နေခြင်းတို့ ဖြင့်ပင် ရှင်းနေပါသည်။
x            x          x          x
အမေရိကန်မူးယစ်ဆေးဝါးဗျူရိုက ၁၉၇ဝ ပြည့်နှစ် တွင် ထုတ်ပြန်သည့်အစီရင်ခံစာ၌ မြန်မာ၊ လောနှင့် ထိုင်းနိုင်ငံတို့မှထုတ်လုပ်သည့်ဘိန်းပမာဏသည် ၁၉၆ဝ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံးမှ ထုတ်လုပ်သည့် မှောင်ခိုဘိန်းတန်ချိန် ၁၂၅ဝ-၁၄ဝဝ ၏ထက်ဝက်ခန့် ရောက်ရှိနေပြီဟု ဖော်ပြခဲ့သည်။ ၁၉၆၈-၁၉၆၉ ခုနှစ်တွင်ကား ရွှေတြိဂံနယ်မြေသည် တစ်နှစ်လျှင် ဘိန်းစိမ်း တန်ချိန် ၁ဝဝဝ ခန့်ထုတ်လုပ်ပြီး ဟောင်ကောင်နှင့် ဥရောပဘိန်းဖြူချက်စက်ရုံများသို့ပို့ပေးခဲ့သည်။ သို့သော် ရွှေတြိဂံဒေသသည် ဘိန်းဖြူနံပါတ်(သရီး) အဆင့်ကိုသာ ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။ ၁၉၇ဝ ပြည့်နှစ်တွင်ကား ဟောင်ကောင်မှ ဓာတုဗေဒပညာရှင်များ ရွှေတြိဂံနယ်မြေသို့ရောက်ရှိလာပြီး ဘိန်းဖြူနံပါတ်(ဖိုး)ကို ထုတ်လုပ် လာနိုင်လေပြီ။
၁၉၇၁ ခုနှစ်တွင်ကား ဘိန်းဖြူဈေးမှာ တစ်ကီလို လျှင် ၁၇၈ဝ ဒေါ်လာအထိ တိုးတက်သွားလေပြီ။ ဗီယက်နမ်စစ်မြေပြင်မှာ အမေရိကန်စစ်သားများနှင့် အမေရိကန်ပြည်ထောင်စုတွင်လည်း ဘိန်းဖြူသုံးစွဲသူ ဦးရေမှာ တစ်ရှိန်ထိုးတက်လာခဲ့လေပြီ။ ၁၉၇၁ ခုနှစ် လယ်လောက်တွင် တောင်ဗီယက်နမ်ရောက် အမေရိ ကန်စစ်သား ၂၅ဝဝဝ မှ ၃၇ဝဝဝ သည် ဘိန်းဖြူစွဲနေ ကြပြီဖြစ်သည်။ ထိုအခါကျမှ အမေရိကန်အစိုးရသည် မူးယစ်ဆေးဝါးအန္တရာယ်ကို နဖူးတွေ့ဒူးတွေ့ရင်ဆိုင် ရခြင်းဖြစ်သည်။ သို့သော် အခြေအနေမှာ များစွာဆိုးရွား၍နေလေပြီ။ ၁၉၇ဝ ပြည့်နှစ်မတိုင်မီကပင် တူရကီနိုင်ငံ၏ ဘိန်းထုတ်လုပ်မှု ကျဆင်းသွား သောအခါ ရွှေတြိဂံနယ်မြေသည်  တစ်ကမ္ဘာလုံး၏မှောင်ခိုဘိန်း ပမာဏ၏ ၇ဝ ရာခိုင်နှုန်းအထိ တိုးတက် ထုတ်လုပ် လာလေပြီ။ နံပါတ်(ဖိုး) ဘိန်းဖြူထုတ်လုပ်မှုမှာမူ ၁၉၇၁ ခုနှစ်တွင် တစ်နှစ်လျှင် ၃ ဒသမ ၆ တန်အထိ တိုးတက် လာရာ အလွန်အန္တရာယ်ကြီးမားသောအဆင့်ပင်ဖြစ် လေသည်။
၁၉၆၇ ခုနှစ်တွင် ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ် မှဘိန်းစိမ်းတန်ချိန် ၇ဝဝ ခန့်ထွက်ရှိခဲ့ရာမှ ၉ဝ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံမြောက်ပိုင်းတွင်ရှိနေသည့် တရုတ်ဖြူတပ်မ(၃)နှင့်တပ်မ(၅)က သယ်ဆောင် သွားပြီး ၇ ရာခိုင်နှုန်းကို ရှမ်းသောင်းကျန်းသူများကသယ်ယူခဲ့ ကြသည်။ ၃ ရာခိုင်နှုန်းကို ကချင်သောင်းကျန်းသူများက သယ်ယူခဲ့ကြသည်။ စီအိုင်အေအထောက်အပံ့ခံ ရှမ်း သောင်းကျန်းသူများ သည် လောနိုင်ငံမှစီအိုင်အေ အထောက်အပံ့ခံ ဗိုလ်ချုပ်ဖူမီနော်ဆဗန်နှင့် ဆက်သွယ်၍ ဘိန်း အရောင်းအဝယ်လုပ်နေကြသည်မှာ ၁၉၆၂ ခုနှစ်ကတည်းကပင် ဖြစ်သည်။
၁၉၇၁ခုနှစ်တွင် ရွှေတြိဂံဒေသ၌ ဘိန်းဖြူချက်ရုံ ၂၁ ရုံအထိ တိုးတက်လာရာ မြန်မာနိုင်ငံ တာချီလိတ် နယ်စပ်၊ လောနိုင်ငံ ဗန်ဗွီဆိုင်းနှင့်နမ့်ကျန်နယ်များ၊ ထိုင်းနိုင်ငံ မဲဆလောင်းတို့တွင် အခြေစိုက်သည်ဟုဆိုသည်။ မဲဆလောင်းတွင် တရုတ်ဖြူတပ်မ(၅) ဌာနချုပ် ရှိသည်။ နမ့်ကျန် ဘိန်းဖြူချက်စက်ရုံကို စီအိုင်အေကြေးစားယအိုတပ်မှဗိုလ်မှူးချောလှကိုယ်တိုင် ကိုင်တွယ် စောင့်ရှောက်သည်။ ဗန်တွံဆိုင်းရှိ ဘိန်းဖြူချက်စက်ရုံ ကိုမူ လောတပ်မတော်စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ် အုံးရက်တီကုန်းက  ပိုင်သည်။  တာချီလိတ်နယ်စပ်မှ ဘိန်းဖြူချက်ရုံများကိုမူ  ရှမ်းသောင်းကျန်းသူများနှင့် ကာကွယ်ရေးများက ပိုင်ဆိုင်ကြသည်။  ခွန်ဆာ၊  လော်စစ်ဟန်စသော ကာကွယ်ရေးခေါင်းဆောင်များ မှာလည်း ဘိန်းဘုရင်များအဖြစ် နာမည်ကြီးလာကြရလေတော့သည်။
ကာကွယ်ရေးအဖွဲ့များပြဿနာ
ကာကွယ်ရေးတပ်ဖွဲ့များသည် ရှမ်းသောင်းကျန်း သူများအား နှိမ်နင်းရေးနှင့် ဗကပတို့ကို ဟန့်တားရေးကို အကြောင်းပြု၍   ပေါ်ပေါက်လာခြင်းဖြစ်သည်။ ကာကွယ်ရေးတပ်ဖွဲ့များသည် ယင်းတို့၏ ရပ်တည်မှုကို အကြောင်းပြု၍ ဘိန်းလုပ်ငန်းကို လုပ်ကိုင်လာခဲ့ကြရာ ရှမ်းနှင့်တရုတ်ကပြားဖြစ်သူ ခွန်ဆာ(ခေါ်) ချန်ရှီဖူးသည် ၁၉၆၃ ခုနှစ်တွင် ယင်း၏ကာကွယ်ရေးတပ်ဖွဲ့ကို ဘိန်း လုပ်ငန်းလုပ်ကိုင် စေခဲ့သည်။ ခွန်ဆာသည် ဘိန်းများကို ထိုင်းနိုင်ငံသို့သွားရောက်ရောင်းချပြီး ထိုင်းနိုင်ငံမှ ခေတ်မီ လက်နက်များကို ဝယ်ယူကာ လူအင်အား ၁ဝဝ ရှိသော ကာကွယ်ရေးတပ်ဖွဲ့ကိုတပ်ဆင်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ခွန်ဆာသည် တပ်မတော်နှင့်အဆက်အသွယ် ဖြတ်၍ လားရှိုးနှင့်တန့်ယန်းစခန်းတို့ကို စွန့်ခွာခဲ့ဖူး သည်။ ထို့နောက် 'ဝ' နယ်ရှိ ဗင်းငုံစခန်းတွင် သီးခြား ရပ်တည်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် ခွန်ဆာသည် တပ်မတော်နှင့်ပြန်ပေါင်းပြန်ရာ ကာကွယ်ရေးတပ်သား အင်အား ၁၇ဝဝ မှ ၂ဝဝဝ ခန့်အထိ တိုးတက်လာသည်။ ခွန်ဆာ၏ခေါင်းဆောင်မှုမှာလည်း များစွာခိုင်မြဲလာသည်။ ခွန်ဆာအင်အား ကြီးမားလာပြီး ဘိန်းလုပ်ငန်း ကိုတိုးချဲ့လာရာ ကေအမ်တီများကလည်း ယင်းတို့၏ ဈေးကွက်ကို လုပြီအထင်နှင့် စိုးရိမ်လာခဲ့ကြသည်။ ခွန်ဆာ၏အန္တရာယ်ကိုကြိုးစားကာကွယ်ကြသည်။
၁၉၆၇ ခုနှစ်၊ ဇွန်လတွင် ခွန်ဆာသည် ဇင်းမယ် ပေါက်ဈေးဒေါ်လာ ၅ဝဝဝဝဝ ရှိသော ဘိန်း ၁၆ တန်ကို လားအကောင် ၃ဝဝဖြင့် သယ်ယူရန်စီစဉ်တော့ သည်။ ထိုပမာဏသည် ကာဘိုင် သေနတ်အသစ်အနည်း ဆုံး ၁ဝဝဝ ကို ဝယ်ယူနိုင်မည်ဖြစ်ပြီး လူအင်အား ၂ဝဝဝ မှ ၃ဝဝဝ အထိ တိုးချဲ့နိုင်မည်ဖြစ်သည်။ ထိုရောအခါ ကေအမ်တီတို့သည် ၁၅ နှစ်တိုင်တိုင်လက်ဝါး ကြီးအုပ်လာခဲ့သော ဘိန်းစားကျက်ကြီးကျဆုံးမည်ကို စိုးရိမ်လာခဲ့ကြသည်။ ထို့ကြောင့် ကေအမ်တီဗိုလ်ချုပ်မာ သည်  ပဋိပက္ခဖြစ်နေသောဗိုလ်ချုပ်လိုင်နှင့်  ဗိုလ်ချုပ် ကျအန်တို့ကို စေ့စပ်၍ အင်အား ၁ဝဝဝ ဖြင့် ခွန်ဆာ အဖွဲ့ကို ကျိုင်းတုံအရှေ့ဘက်မဲခေါင်မြစ်ကမ်းတွင် ချုံ ခိုတိုက်ခိုက်ခဲ့ကြသည်။ သို့သော် ခွန်ဆာအဖွဲ့၏ ဘိန်း တန်းမှာ လွတ်မြောက်သွားပြီး ဇူလိုင်လ ၁၄ ရက်နှင့် ၁၅ ရက်တွင် မဲခေါင်မြစ်ကိုဖြတ်ကျော်ကာ လောနိုင်ငံ ဗန်ကွမ်းရွာသို့ရောက်ရှိသွားသည်။
ခွန်ဆာသည်  ဗန်ကွမ်းတွင်  လောဗိုလ်ချုပ် အုံးရက်တီကုန်းထံ ဘိန်းများရောင်းချပြီး လက်နက်များ ပြန်ဝယ်ရန်ချိန်းဆိုထားပြီးဖြစ်သည်။   သို့သော် ကေအမ်တီများက ဗန်ကွမ်းအထိလိုက်လာရာ ၁၉၆၇ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်တွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားတော့သည်။ဗိုလ်ချုပ်အုံးရက်တီကုန်းက ခွန်ဆာနှင့် ကေအမ်တီ နှစ်ဖွဲ့စလုံးတို့ကို ထွက်ခွာသွားရန် အမိန့်ပေးခဲ့သည်။ မနာခံသောအခါ  လောလေတပ်ပါ  ပါဝင်လာပြီး ကာကွယ်ရေးများနှင့် ကေအမ်တီများ တိုက် ၂၈ လေယာဉ်ခြောက်စင်းဖြင့် ဇူလိုင်လ၃ဝ ရက်တွင် ဗုံးကြဲတိုက်ခိုက်တော့သည်။ လောဝန်ကြီးချုပ် ဖူမီကလည်း လေထီးတပ်ရင်း တစ်ရင်းကို စေလွှတ်ပေးခဲ့သည်။ တိုက်ပွဲတွင် ခွန်ဆာဘက်မှ ၈၂ ဦးကျဆုံးပြီး မြန်မာနိုင်ငံအတွင်း သို့ဆုတ်ခွာခဲ့ရသည်။ ဘိန်း ၁၆ တန် ကို  ဗိုလ်ချုပ်အုံးရက်တီကုန်းက  အပိုင်စီးခဲ့သည်။ ကေအမ်တီများဘက်မှလည်း လူ ၇ဝ ကျဆုံးပြီး စက်သေနတ် ၂၄ လက်အပါအဝင် လက်နက်များစွာ ဆုံးရှုံးခဲ့ရသည်။ ခွန်ဆာ၊  ကေအမ်တီနှင့်လော တပ်မတော် (လက်ယာအုပ်စု) တို့၏ ၁၉၆၇ ခုနှစ်၊ ဘိန်းစစ်ပွဲသည် ကမ္ဘာတွင် ထင်ရှားခဲ့ရသည်။ ထိုင်း နိုင်ငံက တရုတ်ဖြူများကို သိုသိပ်စွာလက်ခံထားသည့် ကိစ္စလည်း ဘူးပေါ်သလို ပေါ်လာရသည်။၁ ထိုင်း တပ်မတော်သည် ၁၉၆၇ ခုနှစ် အကုန်မှစ၍ မြိုကွန်မြူ နစ်များ၏ပုန်ကန်မှုကိုစတင် ရင်ဆိုင်ရလေရာ တရုတ် ဖြူတပ်မ(၃)နှင့် (၅)တို့ကို မြိုခုခံရေးအတွက် ဆက်လက်ထားရှိခဲ့ရပြန်သည်။ ၁၉၇ဝ ပြည်နှစ်များတွင် ကေအမ်တီနှင့်မြိုများမှာ ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြ သည်။
ခွန်ဆာသည် ၁၉၆၇ ခုနှစ်ဘိန်းစစ်ပွဲတွင် အကြီး အကျယ်ရှုံးနိမ့်သွားခဲ့ရာ ၁၉၆၈ ခုနှစ်တွင် ယင်း၏ ကာကွယ်ရေးတပ်ဖွဲ့၌ လူအင်အား ၁ဝဝဝ ပင် မပြည့် တော့ပေ။ ခွန်ဆာသည် ကေအမ်တီတို့ကို ပြောက်ကျား စစ်ဖြင့် တိုက်ရန်ကြံစည်၍ အခြားရှမ်းသောင်းကျန်းသူ များနှင့်ဆက်သွယ်ခဲ့သည်။ ထို့ကြောင့် တပ်မတော်က ခွန်ဆာနှင့်ကာကွယ်ရေးခေါင်းဆောင်အများအပြားကို ဖမ်းဆီးခဲ့ရာ ခွန်ဆာ၏ ကာကွယ်ရေးများ တောခိုခဲ့ သဖြင့် လွယ်မော်အဖွဲ့သောင်းကျန်းသူများပေါ်ပေါက် လာခဲ့ရသည်။ ၁၉၅၈ ခုနှစ်တွင် သုံးဖွဲ့၊ လေးဖွဲ့မျှသာ ရှိသော ရှမ်းသောင်းကျန်းသူများမှာ ၁၉၇၁ ခုနှစ်တွင် အဖွဲ့ပေါင်း  ၁ဝဝ ကျော်ပင်ရှိသည်ဟုခန့်မှန်းနိုင်   သည်။
ယန်ထွန်းသည် တာချီလိတ်မြောက်ဘက်ခြောက် မိုင်အကွာတွင် ဘိန်းဖြူချက်စက်ရုံကို တည်ဆောက်လာ သည်။ ၁၉၇၁ ခုနှစ်တွင် ရှမ်းသောင်းကျန်းသူများနှင့် ကာကွယ်ရေးများပိုင်ဆိုင်သည့် ဘိန်းဖြူချက်ရုံမှာ၁၄ရုံဖြစ်လာသည်။ သောင်းကျန်းသူများကိုဆန့်ကျင်ရန် ဒေသန္တရအရန် အင်အား အဖြစ်ရည်စူး၍ ဖွဲ့စည်းထားခဲ့သော ကာကွယ်ရေးတပ်ဖွဲ့များသည် ဘိန်းလုပ်ငန်းကို  အကြီး အကျယ် တိုးချဲ့လာသောအခါ မြန်မာနိုင်ငံအစိုးရ သည်လည်း လက်ပိုက်ကြည့်နေ၍မဖြစ်တော့ပေ။ သို့နှင့် ကာကွယ်ရေးတပ်များ၏ပြဿနာကိုဖြေရှင်းရလေတော့ သည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် ကာကွယ်ရေးအဖွဲ့ပေါင်း ၂၃ ဖွဲ့ရှိခဲ့ရာ အစိုးရအင်အား စုအချို့ကိုသာ တပ်ဖွဲ့ဝင်တစ်ဦးအတွက် တစ်လလျှင် ငွေကျပ် ၅ဝ ထောက်ပံ့ပေးနိုင်ခဲ့သည်။ ကာကွယ်ရေး များက ¤င်းတို့၏ရပ်တည်မှုကိုအကြောင်းပြု၍ ဘိန်းနှင့် မှောင်ခိုလုပ်ငန်းကို  တိုးချဲ့လုပ်ကိုင်လာသောအခါ  တပ်မတော်သည်  ကာကွယ်ရေးများကိုဖျက်သိမ်းရန် စီစဉ်ရတော့သည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် သည် အောက်ပါကာကွယ်ရေးအဖွဲ့များအား ဖျက်သိမ်း ရန်တာဝန်ယူခဲ့သည်။ (၁။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် ကာကွယ်ရေးအဖွဲ့များဖျက်သိမ်းခြင်းအစီရင်ခံစာ စာမျက်နှာ ၂။)

၁၉၇၃ ခုနှစ် နှစ်ဦးပိုင်းတွင်ရှိသောကာကွယ်ရေးတပ်ဖွဲ့များ
စဉ်      ကာကွယ်ရေးအဖွဲ့အမည်         လူအင်အား      လက်နက်
၁။       ကိုးကန့်                              ၁၃၇၄            ၇၇၅
၂။       လွယ်ပင်ရဲ                          ၅၄                ၄၁
၃။       နမ့်ကျွမ်း                            ၂ဝ၆              ၁၂ဝ
၎။       ကာမိုင်း                              ၁၃၁              ၁၃၇
၅။       ပန်လုံ                                ၂၁၂              ၁၉ဝ
၆။       မန်ဆိုင်                              ၃ဝ                ၂၉
၇။       ပန်ဝိုင်                               ၁၁၂              ၉၃
၈။       ဆောင်ဟင်                         ၁၆၆              ၁၂၃
၉။       ရောင်ကလူ                         ၄၄                ၂ဝ
၁ဝ။     မန်ဟိုင်းလုံ                          ၃၁                ၁၂
၁၁။     ပန်ယန်း                              ၁၂၈              ၁၂၈
၁၂။     ရောင်လောင်                       ၄ဝ                ၃၆
၁၃။     ရောင်ပရေး                         ၁၉၉              ၁၉၉
၁၄။     ဗင်းငင်း                              ၅၇၈              ၅၁ဝ
၁၅။     လွယ်ဆေး                          ၁၃၄              ၁၃၄
၁၆။     မန်မန်ဆိုင်                          ၂၂၆              ၂ဝ၆
၁၇။     မိုင်းကောင်                          ၃၇                ၂၃
၁၈။     တင်လွယ်                           ၆ဝ                ၅၉
၁၉။     ဗိုလ်မောင်                          ၈ဝ                ၆၈
၂ဝ။     လုံလန်                              ၂၅၅              ၂၇၉
၂၁။     မုံးကိုး                                ၃၅                ၃၁
၂၂။     ဖောင်းဆိုင်                          ၄၉                ၁၉
၂၃။     မုံးပေါ်                                ၃ဝ                ၁၆
          စုစုပေါင်း                            ၄၂၁၁            ၃၂၂၈
ကာကွယ်ရေးအဖွဲ့များဖျက်သိမ်းရေးအတွက် ၁၉၇၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်တွင် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်၌ တိုင်းမှူး၊ တပ်မမှူးများ၊ ဒုတိယ တပ်မမှူးများ၊ တပ်ရင်းမှူးများ ပါဝင်သော အစည်းအဝေး ကို ကျင်းပပြီး ဖေဖော်ဝါရီလ ၆ ရက် နံနက် ၉ နာရီ တွင် ကာကွယ်ရေး အဖွဲ့များအား ခေါ်ယူဆွေးနွေးခဲ့သည်။ ကာကွယ်ရေးခေါင်းဆောင်အားလုံးကပင် လက်နက်ဖျက်သိမ်းရေးကို လက်ခံကြောင်း၊ လိုက်နာမည်ဖြစ်ကြောင်းကတိပေးခဲ့ကြသည်။ ကာကွယ်ရေး အဖွဲ့များလက်နက် အပ်နှံရန် ၁၉၇၃ ခုနှစ်၊ ဧပြီလ ၂ဝ ရက်ကို သတ်မှတ်ခဲ့သော်လည်း ဗကပ၊ ကေအိုင်အေနှင့် ထိုင်ဝမ် ထောက်လှမ်းရေးတို့က ကာကွယ်ရေးအဖွဲ့များ အတွင်း ထိုးဖောက်စည်းရုံးလာသောကြောင့် ဧပြီလ ၁၁ရက်၌ လက်နက်ဖျက်သိမ်းခြင်းကို စတင်ဆောင်ရွက်ခဲ့ ရသည်။ ဧပြီလ ၃ဝ ရက်အပြီး လက်နက်များအပ်နှံကြ ရန်လည်း ကာကွယ်ရေးအဖွဲ့များသို့အကြောင်းကြားခဲ့ရာ ကာကွယ်ရေးအဖွဲ့ ပေါင်းစုံမှ လူအင်အား ၂၃၇၇ ယောက်ကလက်နက်မျိုးစုံ ၁၉၈ဝ လက်၊ ခဲယမ်းမျိုးစုံ ၈၉၈၆၄၊ ဆက်သွယ်ရေးစက် ၂၁ စုံနှင့်တကွ သတင်းပို့ အပ်နှံကြသည်။ သို့သော် အောက်ပါကာကွယ်ရေးအဖွဲ့ များမှာမူ သတ်မှတ်သောရက်ကျော်လွန်သည်အထိ သတင်းပို့ရန်ပျက်ကွက်ခဲ့ကြသည်။၂
(က)    လွယ်ဆေးအဖွဲ့ လင်မိန်းနှင့် ၂ဝ ခန့်၊
(ခ)     ရောင်ပရေးအဖွဲ့မှ အိုက်ဆေးနှင့် ၁၅ဝ ခန့်၊
(ဂ)     မန်မန်ဆိုင်အဖွဲ့မှ ထပ်စိန်းနှင့် ၇ဝ ခန့်၊
(ဃ)    ကာမိုင်းအဖွဲ့မှ ဖုံကြာရုံးနှင့် ၂ဝ ခန့်၊
(င)     လွယ်ပင်းရဲအဖွဲ့မှ လီချိန်ကျင်နှင့် ၄၂ ခန့်၊
(စ)     နမ့်ကျွမ်းအဖွဲ့မှ လီဖားမီနှင့် ၂ဝဝ ခန့်၊
(ဆ)    ကိုးကန့်အဖွဲ့မှ လော်စစ်ဟန်နှင့် ၈ဝဝ ခန့်၊
အထက်ပါ ကာကွယ်ရေးအဖွဲ့များတွင် နမ့်ကျွန်းအဖွဲ့သည် ကေအိုင်အေနှင့် ပူးပေါင်း၍လည်းကောင်း၊ လွယ်ပင်းရဲနှင့်ကာမိုင်းအဖွဲ့သည် ကိုးကန့်အဖွဲ့သြဇာခံ အဖြစ်လည်းကောင်း၊ လွယ်ဆေး၊ ရောင်ပရေး၊ မန်မန် ဆိုင်တို့သည် မှောင်ခိုစီးပွားရေးနှင့် ဘိန်းလုပ်ငန်းကို စွဲကိုင်၍လည်းကောင်း တောခိုဆန့်ကျင်နေကြရာမှ ထိုင်ဝမ်ထောက်လှမ်းရေး၏ဆွဲဆောင်မှုဖြင့် ၁၉၇၃ ခုနှစ်၊ မေလ ၂၃၊ ၂၄ ရက်များတွင် လွယ်ဆေးဒေသ၌ အစည်းအဝေးပြုလုပ်ကြပြီး ရှမ်းပြည်မြောက်ပိုင်း လွတ်မြောက်ရေး တပ်မတော်ဟု ဖွဲ့စည်းခဲ့ကြခြင်းဖြစ် သည်။
ကိုးကန့်အဖွဲ့အစည်းများသည်အလျင်အမြန် တိုးချဲ့သော်လည်း ခိုင်မာ ကျစ်လျစ် သည့် အင်အားစု ကား  မဟုတ်ခဲ့ပေ။ တပ်မတော်က ကိုးကန့်ကာကွယ်ရေးများ ကို လိုက်လံတိုက်ခိုက်ရာ ထိတွေ့မှု ငါးကြိမ်ဖြစ်ပွားပြီး ၂၁ ဦးသေကာ ၁၁ ဦးကို ဖမ်းဆီးရမိခဲ့သည်။ လက်နက် ၂၅ လက်၊ ခဲယမ်းမီးကျောက် မျိုးစုံ ၂၉၂၈ တောင့်ကို လည်း သိမ်းယူနိုင်ခဲ့သည်။ လွယ်ဆေးအဖွဲ့မှ နှစ်ဦးနှင့် လက်နက်သုံးလက်ကိုလည်း ဖမ်းဆီးရမိခဲ့သည်။
ကာကွယ်ရေးတပ်သားအတော်များများသည် အချို့ ကာကွယ်ရေးခေါင်းဆောင်များက မရှင်းပြခဲ့ သဖြင့် တောခိုသောင်းကျန်းသူဘဝကိုရောက်ရှိနေကြ ကြောင်းပင် မသိကြပေ။ တပ်မတော်က လိုက်လံ တိုက်ခိုက်သောအခါ ၁၉၇၃ ခုနှစ်၊ ဇွန်လ ၃ဝ ရက်အထိ အောက်ပါအတိုင်းလက်နက်ချကြသည်။၁
(က)    ကိုးကန့်အဖွဲ့မှ ၉၂ ယောက်၊ လက်နက် ၆၂ လက်၊
(ခ)     လွယ်ဆေးအဖွဲ့မှ ၅ ယောက်၊ လက်နက် ၆ လက်
(ဂ)     နမ့်ကျွန်းအဖွဲ့မှ ၂ ယောက်၊ လက်နက် ၁ လက်၊
(ဃ)    ရောင်ပရေးအဖွဲ့မှ ၁၈ ယောက်၊ လက်နက် ၁ဝ လက်
စုစုပေါင်း ၁၁၇ ယောက် လက်နက်ချခဲ့ကြရာ ခဲယမ်းမျိုးစုံ ၃၄၄၅ တောင့်နှင့် လက်နက် ၇၉ လက် ပါလာကြသည်။ တပ်မတော်၏တရားဝင်ဖျက်သိမ်းမှုကို ခံယူခဲ့ကြသောကာကွယ်ရေးများအား  ခေါင်းဆောင် တစ်ဦးလျှင် ၃ဝဝဝ ကျပ်၊ တပ်ရင်းမှူးတစ်ဦးလျှင် ၂၅ဝဝ ကျပ်၊ ဒုတိယတပ်ရင်းမှူးတစ်ဦးလျှင် ၂ဝဝဝ ကျပ်၊ တပ်ခွဲမှူးတစ်ဦးလျှင် ၁၅ဝဝ ကျပ်၊ တပ်စုမှူး တစ်ဦးလျှင် ၁ဝဝဝ ကျပ်၊ အကြပ်တစ်ဦးလျှင် ၇၅ဝ ကျပ်၊ တပ်သားတစ်ဦးလျှင် ၅ဝဝ ကျပ် ထောက်ပံ့ခဲ့သည့် အပြင် နေရာချထားရေး၊ အလုပ်အကိုင်ရရှိရေးမှအစ လိုလေသေးမရှိ စီစဉ်ပေးခဲ့သည်။ သတ်မှတ်ထားသော အရည်အချင်းနှင့် ကိုက်ညီသည့်ကာကွယ်ရေး ၂၅၅ ယောက်နှင့် 'ဝ' ရဲအဖွဲ့ဝင် ၇ဝ ယောက်ကိုမူ တပ်မတော် သို့ အသွင်ကူးပြောင်းဝင်ရောက်ခွင့်ပြုခဲ့သည်။ အချို့ကာကွယ်ရေးအဖွဲ့များမှာ နိုင်ငံတော်က ချမှတ်ထား သည့်မူဝါဒနှင့်အညီ ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်း၍ ဗကပများကိုဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။ ကာကွယ်ရေးအင်အား ၁၅ဝဝ ခန့်မှာမူ သောင်းကျန်းသူ ဘဝသို့ ရောက်ရှိသွားပြီး ရွှေတြိဂံနယ်မြေတွင် ဘိန်းလုပ်ငန်းကို လုပ်ကိုင်သူက လုပ်ကိုင်ပြီး အခြားသောင်းကျန်းသူများ နှင့်ပူးပေါင်းသူက ပူးပေါင်းသွားခဲ့ကြလေတော့သည်။

Share this article :

0 comments:

Post a Comment

 
ဆက်သွယ်ရန် mmpolitical2013@gmail.com :
Template Modify by Creating Website Myanmar Political Research Organization