Home » » ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၅) အခန်း(၈)

ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၅) အခန်း(၈)


ပြည်တွင်းသောင်းကျန်းမှုသမိုင်း

အပိုင်း(၅)

(၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ)

ရဲဘော်သစ်မောင်















ပြည်တွင်းသောင်းကျန်းမှုသမိုင်း
အပိုင်း(၅)
(၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ)
အမှာစာ
ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၄)သည် ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌသခင် သန်းထွန်းကျဆုံး ပြီးနောက်ပိုင်းကာလများတွင် ပြည်တွင်းသောင်းကျန်း သူအဖွဲ့အစည်းများ ဆက်လက် လှုပ်ရှားကြပုံများကို ဖော်ပြခဲ့သည်။ တော်လှန်ရေးကောင်စီသည် မြေအောက် သောင်းကျန်းသူများ ချုပ်ငြိမ်းကွယ်ပျောက်ရေးအတွက် ၁၉၆၃ ခုနှစ်တွင် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများကျင်းပရန် ကမ်းလှမ်းခဲ့သည်။ သို့သော်စောဟန်တာသာမွှေး ခေါင်းဆောင်သည့် ကေအာရ်စီ(ခေါ်) ကရင်တော်လှန်ရေး ကောင်စီသာလျှင် တော်လှန်ရေး ကောင်စီအစိုးရနှင့် သဘောတူညီမှုရရှိပြီး ဥပဒေဘောင် အတွင်းဝင် ရောက်ခဲ့သည်။ ထိုစဉ်က နိုင်ငံရေး၊ စစ်ရေးအရ အင်အား အကောင်းဆုံးဟုဆိုနိုင်သော ဗမာပြည် ကွန်မြူနစ်ပါတီမှာမူ အဝေးရောက်ပါတီနှင့် ပြန်လည်ဆက်သွယ် ပူးပေါင်း နိုင်ခဲ့ပြီး နိုင်ငံရေး၊ စစ်ရေး အမြတ်များကြီးစွာရရှိခဲ့သည်။ ၆၄ လမ်းစဉ်အရ လက်နက်ကိုင် တော်လှန်ရေးဖြင့် အာဏာသိမ်းရန် ကိုလည်း ဆက်လက်အကောင်အထည်ဖော်ခဲ့ကြသည်။
တော်လှန်ရေးကောင်စီသည် မြေပေါ်နိုင်ငံရေး ပဋိပက္ခများချုပ်ငြိမ်းစေရေးအတွက် ပြည်တွင်း ညီညွတ်ရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်း၍ ၁၉၆၈ ခုနှစ်တွင် ကြိုးပမ်းပြန်သည်။ သို့သော် မြေပေါ်နိုင်ငံ ရေးပါတီများမှ နိုင်ငံရေးခေါင်းဆောင်များမှာ တော်လှန်ရေးကောင်စီနှင့် ပူးပေါင်း၍ ဆောင်ရွက် နိုင်ခြင်းမရှိကြရုံသာမက အချင်းချင်းလည်း မညီညွတ်နိုင်ခဲ့ကြပေ။ အချို့မှာ ပြည်ပြေးသောင်းကျန်းသူများ ဘဝကို ရောက်ရှိ သွားကြသည်။ ၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်အတွင်း ပြည်တွင်းသောင်းကျန်းမှု သမိုင်းဖြစ်စဉ်များမှာ များစွာထူးခြားခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် သခင်သန်းထွန်းကျဆုံးသည်။ အရှေ့မြောက်ဒေသ ဗကပများစတင် ပေါ်ပေါက်သည်။ ထို့နောက် အလံနီ ပါတီခေါင်းဆောင် သခင်စိုးကိုဖမ်းမိပြီး အလံနီပါတီလုံးပါးပါး၍ ပျောက်ကွယ်သွားသည်။ သို့သော် ပြည်ပြေး သောင်းကျန်းသူများ ပေါ်ပေါက်လာပြန်သည်။
၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ ပြည်တွင်းသောင်းကျန်းမှုသမိုင်းဖြစ်စဉ်မှာ ကဏ္ဍတစ်ရပ်အနေနှင့် သတ်မှတ်နိုင်သော အခြေအနေဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် သခင်သန်းထွန်းကျဆုံးပြီးနောက် ပြည် တွင်းတွင် အသက်ဆက်နိုင်ရန် အစွမ်းကုန်ကြိုးစားရာမှ ၁၉၇၅ ခုနှစ်တွင် သခင်ဇင်နှင့် သခင်ချစ်ကျဆုံးပြီး ပဲခူးရိုးမ၌ ဗဟိုဌာနချုပ်တစ်ခုလုံး လုံးဝချုပ်ငြိမ်းသွားရသည်။ ကေအင်န်ယူပါတီသည် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်ကျဆုံးသည်နှင့် အလိုအလျောက်ပြိုကွဲပျက်စီးသွားပြီး ကြွင်းကျန် ရစ်သမျှ အင်အားစုများမှာလည်း စစ်တောင်းမြစ်ကိုဖြတ်ကူး၍ ဘိုမြခေါင်းဆောင်သည့် ကေအင်န်ယူ တပ်ဦးထံခိုလှုံလိုက်ကြရသည်။ထိုကာလ အတွင်းမှာပင် ပြည်ပြေးသောင်းကျန်းသူတွေ ပေါ်ပေါက် လာသည်။ဘိုမြ၏ကေအင်န်ယူတပ်ဦးသည် ကေအင်န်ယူပါတီမှ အင်အားအကြွင်း အကျန်များ လာရောက်ပူးပေါင်းခြင်း၊ ပြည်ပြေးများထံမှတစ်ဆင့် လက်နက်ခဲယမ်းနှင့် နိုင်ငံတကာ ဆက်သွယ်ရေး အကူအညီများရရှိခြင်း၊ မှောင်ခိုလုပ်ငန်းဖွံ့ဖြိုးလာခြင်းတို့ကြောင့် အင်အားကြီးထွားလာသည်။ အရှေ့မြောက်ဒေသ ဗကပများသည်လည်း ပြည်ပအကူအညီဖြင့် စစ်ရေးအရှိန်မြှင့်တင်ကာ ကေအိုင် အေ၊ အက်စ်အက်စ်အေ စသောသောင်းကျန်းသူများကို ဝါးမျိုလာသည်။ သို့သော် ဗကပနှင့် ကေအိုင်အေတို့မှာ ခိုင်မြဲသောမဟာမိတ်များမဟုတ်ကြဘဲ မကြာခဏ တိုက်ခိုက်နေကြသည်။ ဗကပများက ဇော်ဒန်ကိုတိုက်ပွဲ တွင် သုတ်သင်လိုက်နိုင်ခြင်း၊ ထိုင်းနိုင်ငံ ထန်ပိုးစခန်းတွင် ဇော်ဆိုင်း၊ ဇော်တူးနှင့် ပုံရွှေဇော်ဆိုင်း တို့လုပ်ကြံခံရခြင်း စသောဖြစ်စဉ်များ ဖြစ်ပွားလာပြီးနောက်ပိုင်းတွင် ကေအိုင်အေနှင့် ဗကပတို့ပူးပေါင်း ရေးမှာ ပို၍နက်ရှိုင်း လာပြီး ပို၍နီးစပ်လာသည်ကိုတွေ့ရှိရမည်ဖြစ်သည်။
၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ ပြည်တွင်းသောင်းကျန်းမှုသမိုင်းဖြစ်စဉ်များကို ကဏ္ဍတစ်ရပ်အဖြစ် ရေးသားပြုစုရာတွင် စာအုပ်တစ်အုပ်တည်းနှင့်လုံလောက်နိုင်ခြင်းမရှိပါ။ ထို့ကြောင့် ၁၉၆၈ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိဖြစ်စဉ်များကို ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၄)အဖြစ် ခွဲခြားခဲ့ရခြင်းဖြစ်သည်။ ပြည်တွင်း သောင်းကျန်းမှုသမိုင်း အပိုင်း(၅)မှာ ၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိဖြစ်စဉ်များအနက်မှ ကျန်ရှိနေသော အကြောင်းအရာအချက်အလက်များပင်ဖြစ်သည်။
သခင်သန်းထွန်းကျဆုံးပြီးနောက် ဗမာပြည်ကွန်မြူနစ် ဗဟိုဌာနချုပ်သည် ၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ် အထိ ပဲခူးရိုးမတွင် ဆက်လက်အသက်ရှင်ခွင့်ရရှိခဲ့သည်။ ပြည်တွင်းဗကပများ အသက်ရှူ ချောင်ခဲ့ရခြင်းမှာ ၁၉၆၈ ခုနှစ်မှစ၍ပေါ်ပေါက်လာသော အရှေ့မြောက်ဒေသဗကပများကြောင့်သာမကဘဲ ဗိုလ်သက်ထွန်း၏ အနောက် မြောက်တိုင်းကြောင့်လည်းဖြစ်သည်။ ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၅)တွင်ဗမာပြည် ကွန်မြူနစ်ပါတီနှင့်ပတ်သက်၍ ဗိုလ်သက်ထွန်း၏ အနောက်မြောက်တိုင်းနှင့် ပဲခူးရိုးမ၌သောင်းကျန်းသူချုပ်ငြိမ်း ပုံများကို လေ့လာရမည်ဖြစ်သည်။ ထို့အပြင် အခြားသောင်းကျန်းသူ အဖွဲ့အစည်းအသီးသီးတို့၏ ဆက်သွယ်မှုများ၊ ပဋိပက္ခများ၊ ထူးခြားဖြစ်စဉ်များသာမကဘဲ ပြည်ပြေး သောင်းကျန်းသူများ ပြည်တွင်းသို့ထိုးဖောက်လာကြပုံ၊ ကေအင်န်ယူပါတီချုပ်ငြိမ်းပုံ၊  ကာကွယ်ရေး တပ်ဖွဲ့များနှင့် ဘိန်းပြဿနာ၊  ကေအိုင်အေခေါင်းဆောင်များ လုပ်ကြံခံရခြင်း၊  ဘိုမြ၏ဘောသရော အရေးအခင်း စသည်တို့ကိုလည်း ဖတ်ရှုကြရမည်ဖြစ်သည်။
ဤစာအုပ်သည် ယခင်စာအုပ်များနည်းတူပင် ရရှိနိုင်သမျှသောအချက်အလက် အထောက် အထားများကို အချိန်ယူစုစည်း၍ပြုစုတင်ပြထားခြင်းပင်ဖြစ်သည်။ ဤစာအုပ်တွင်ပါဝင်သော ဖြစ်စဉ်များ၌ ကိုယ်တိုင်ပါဝင် ပတ်သက်ခဲ့သူများအနက်မှလည်း ယခုထက်တိုင် သက်ရှိထင်ရှား ကျန်ရစ် နေကြသူများ ရှိနေကြသေးသည်။ သမိုင်း ပန်းချီကားတစ်ချပ် ပိုမိုပြည့်စုံပီပြင်လာစေရေးအတွက် ဖြည့်စွက် ရေးဆွဲကြမည် ဆိုပါက နိုင်ငံတော်အတွက် ပို၍ အဖိုးထိုက်တန်မည်ပင်ဖြစ်သည်။ သမိုင်းကြောင်း အမှန်ပေါ် ထွန်းရေး အတွက် ဝိုင်းဝန်းကူညီကြမည်ဆိုပါက ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း တင်ပြလိုက်ရပါသည်။  
ရဲဘော်သစ်မောင်



အခန်း(၈)
ဗိုလ်သက်ထွန်းနှင့်ဗကပအနောက်မြောက်တိုင်း
ဗိုလ်သက်ထွန်း       (၁။ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် အနောက်မြောက်တိုင်း အတွင်းရေးမှူး ဗိုလ်သက်ထွန်း ၏ထွက်ဆိုချက်စာစောင်မှ ကောက်နုတ်ရေးသားပါသည်။ )
ဗကပတို့၏တိုင်းများဖွဲ့စည်းပုံအရ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ မင်းဘူးခရိုင်၊ သရက်ခရိုင်နှင့် ပခုက္ကူခရိုင်တို့သည် အနောက်မြောက်တိုင်းတွင်ပါဝင် ကြသည်။ ဗကပ ဗဟိုသည် ၁၉၆၈ ခုနှစ်တွင် ချုပ်ငြိမ်း လုနီးပါးအခြေအနေနှင့် ရင်ဆိုင်ခဲ့ရရာ အဝေးရောက် ပါတီက အရှေ့မြောက်ဒေသ ဗကပမီးကိုမွှေးခဲ့သဖြင့် အသက်ရှူချောင်ခဲ့ရခြင်းဖြစ်ကြောင်း တင်ပြခဲ့ပြီးပေပြီ။ အမှန်တကယ်လည်း ပဲခူးရိုးမဒေသရှိ ဗကပများသည် အရှေ့မြောက်ဒေသ ဗကပများကြောင့် ၁၉၇၅ ခုနှစ် အထိ အသက်ရှင်နေခွင့်ရခဲ့ရသည်။ ပဲခူးရိုးမဒေသရှိ ဗကပများသက်ဆိုးရှည်ခွင့်ရခဲ့ခြင်းမှာ အရှေ့မြောက် ဒေသဗကပသည်  အဓိကအကြောင်းရင်းဖြစ်သည်။ သို့သော် ဗကပအနောက်မြောက်တိုင်း၏စစ်ရေး လှုပ်ရှားမှုများကလည်း ဗကပဗဟိုအား အတိုင်းအတာ တစ်ရပ်အထိ အထောက်အကူပြုခဲ့သည်ကို မေ့ထား၍ မဖြစ်ပေ။ 


ဗကပအနောက်မြောက်တိုင်းအား တာဝန်ယူ၍ ခေါင်းဆောင်ခဲ့သူမှာ ဗိုလ်သက်ထွန်းပင် ဖြစ်သည်။ ဗိုလ်သက်ထွန်းသည် အထူးအာဏာရ စက်ရှင်တရား သူကြီး  ဦးထွန်းမြိုင်  (ကွယ်လွန်)နှင့်  ဒေါ်သိမ်း (ကွယ်လွန်)တို့မှ ၁၉၂၆ ခုနှစ် စက်တင်ဘာလ ၂၃ရက် တွင် အောင်လံမြို့(၂။အောင်လံမြို့၊ ယခုမြေထဲမြို့။)၌ မွေးဖွားခဲ့သည်။ ဗိုလ်သက်ထွန်း၏အခြားအမည်များမှာ မောင်မောင်လတ်(ခေါ်)မျိုး ဆက်မြိုင်(ခေါ်) ရိုးမောင်(ခေါ်) ခင်ဦး(ခေါ်)ကျော်သာ (ခေါ်)စိုးမောင်စသည်တို့ဖြစ်သည်။ ငယ်စဉ်က ရွှေကျင် မြို့တွင် စတင်ကျောင်းနေပြီး၊ ထို့နောက် ဖခင်၏အလုပ် အကိုင်အရ တောင်တွင်းကြီး၊ ကျုံပျော်မြို့များတွင် ပြောင်းရွှေ့နေထိုင်ရသည်။  ၁၉၄၃  ခုနှစ်တွင် ပေါင်းတည်မြို့၌ ဒသမတန်းအောင်မြင်ပြီး ဖက်ဆစ် ဆန့်ကျင်ရေးအနေနှင့် တောင်ငူမြို့တွင် မြေအောက် စည်းရုံးရေးမှူးအဖြစ်တာဝန်ယူထမ်းဆောင်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေး စတင်သောအခါ ကျောက်ကြီး နယ်မြေတွင် ဂျပန်ဆန့်ကျင်ရေးတပ်မှူးအဖြစ် တာဝန် ယူခဲ့ပြီး စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင် အမှတ် (၁၃၆) ဗြိတိသျှတပ်ဖွဲ့ (FROCE 136) နှင့်ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

 
မျိုးချစ်ဗမာ့တပ်မတော်တိုင်း(၆)နှင့် တောင်ငူခရိုင် ပြောက်ကျားများကိုပူးပေါင်း၍ အမှတ်(၁ဝ၅) တပ်ရင်း အဖြစ်ဖွဲ့စည်းသောအခါ တပ်ရေးဗိုလ်ကြီးအဖြစ် တာဝန်ယူခဲ့ရသည်။  အမှတ် (၁ဝ၅) တပ်ရင်းတွင်  သခင်သိန်းမောင် (ရဲဘော်မြ) နှင့်အတူ တာဝန် ထမ်းဆောင်ခဲ့သည်။မျိုးချစ်ဗမာ့ တပ်မတော်ကို ဖျက်သိမ်းပြီးနောက် ၁၉၄၆ ခုနှစ်တွင် ကန္ဒီစာချုပ်အရ ပြန်လည်ဖွဲ့စည်းသောဗမာ့တပ်မတော် သေနတ်ကိုင် တပ်ရင်းများမှ တပ်ရင်း(၂)တွင် ပြန်တမ်းဝင်အရာရှိ ဒုတိယဗိုလ်အဖြစ် ခန့်အပ်ခံရသည်။  ထိုတပ်ရင်းမှာပင် တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုအောင်မြင်ခဲ့ပြီး အခြေခံစစ်ပညာ သင်တန်းအပတ်စဉ်(၆) ကိုတက်ရောက် ခဲ့သည်။ ဗိုလ်အဆင့်တိုးမြှင့်ပြီးနောက် တပ်ခွဲအရာရှိ အဖြစ် တာဝန်ယူရသည်။ ထို့နောက်ကလောမြို့တွင် ဖွင့်လှစ်သော အမှတ်(၁၇) အိန္ဒိယခြေလျင်တပ်မ စစ်ခေါင်းဆောင်ငယ်သင်တန်းကိုတက်ရောက်ပြီး အမှတ် (၄) ဗမာ့သေနတ်ကိုင်တပ်ရင်းသို့ ပြောင်းရွှေ့ခဲ့ ရသည်။
၁၉၄၇ခုနှစ်တွင် အမှတ်(၁)ဗမာ့သေနတ်ကိုင် တပ်ရင်းသို့ ပြောင်းရွှေ့ခဲ့ရပြီး ကွန်မြူနစ်ပါတီဝင် အဖြစ်  စွပ်စွဲခံရသဖြင့် စစ်တရားရုံးဖွဲ့စည်း၍ စစ်ဆေးခြင်းခံ ခဲ့ရသည်။ သို့သော် ယင်းအမှုမှာ လွတ်မြောက်ပြီး မေမြို့ ရှိ အရာရှိသင်တန်းအမှတ်စဉ်(၂)တွင် တက်ရောက်ခွင့် ရခဲ့ပြန်သည်။ ထို့နောက် ဗိုလ်သက်ထွန်းသည် အမှတ်(၁) ဗမာ့သေနတ်ကိုင်တပ်ရင်းတွင် တပ်ရေးဗိုလ်ကြီးအဖြစ် တာဝန် ထမ်းဆောင် ခဲ့ရသည်။ ၁၉၄၈ ခုနှစ်၊ မတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီတောခိုသောအခါ အထက် အရာရှိများက ဗိုလ်သက်ထွန်းကို ဖမ်းဆီးထိန်းသိမ်း ခဲ့သည်။ သို့သော်  ဗိုလ်သက်ထွန်းအား ပြောဆိုဆုံးမပြီး နောက် ထိုတပ်ရင်းမှာပင် ပြန်လည်၍ တာဝန်ပေးခဲ့ကြသည်။
၁၉၄၈ ခုနှစ်ရောင်စုံသောင်းကျန်းသူများ ထကြွသောင်းကျန်းနေကြစဉ် တပ်မတော် အရာရှိ အချို့နှင့် နိုင်ငံရေးပါတီများစုစည်း၍ စစ်ရပ်စဲရေးနှင့်အမျိုးသား စည်းလုံး ညီညွတ်ရေးအတွက် ကိုးဦး ကော်မတီကို ဖွဲ့စည်း ခဲ့သည်။ သို့သော် ကိုးဦးကော်မတီအတွင်း သဘောထား များကွဲလွဲပြီး ၁၉၄၈ ခုနှစ်၊ သြဂုတ်လ ၁ဝ ရက်မှစ၍ တပ်မတော်တပ်ရင်းများပုန်ကန်မှုဖြစ်ပွားခဲ့သည်။ အမှတ်(၁)ဗမာ့သေနတ် ကိုင်တပ်ရင်းတွင် ဒုတိယ တပ်ရင်းမှူး ဗိုလ်မှူးစိန်တင်က အုပ်ချုပ်လျက်ရှိသော် လည်း ဗိုလ်သက်ထွန်း ကပင် ခေါင်းဆောင်ခဲ့သည်ဟု ဆိုသည်။ ဗိုလ်သက်ထွန်း၊ ဗိုလ်ရဲထွဋ်နှင့် ဗိုလ်သိန်းတို့ သုံးဦးသည် တပ်မတော် အတွင်းရှိ ကွန်မြူနစ်ပါတီ ကလာပ်စည်းများကို တောခိုပုန်ကန်ကြရန် လှုံ့ဆော် စည်းရုံးခဲ့ကြသည်။
ဗိုလ်သက်ထွန်း၏လှုံ့ဆော်မှုကြောင့် အမှတ်(၁) ဗမာ့သေနတ်ကိုင်တပ်ရင်း တစ်ရင်းလုံး တောခိုပြီး ပြည် နှင့် သရက်နယ်မြေများတွင် ခြေကုပ်ယူခဲ့ကြသည်။ အမှတ် (၃) ဗမာ့သေနတ်ကိုင်တပ်ရင်းမှ အင်အား တစ်ဝက်ခန့်လည်း တောခိုကြကာ အင်းစိန်နယ်တွင် လှုပ်ရှားခဲ့သည်။ ဗိုလ်သက်ထွန်းက အမှတ်(၅) ဗမာ့ သေနတ်ကိုင်တပ်ရင်းသို့ တောခိုရန်စာဖြင့် အကြောင်း ကြားခဲ့သော်လည်း ထိုစာကို ဖမ်းဆီးရမိသွားသဖြင့် အရာရှိနှင့်အကြပ်များထိန်းသိမ်းခံခဲ့ကြရသည်။ ဗိုလ် သက်ထွန်းသည် အမှတ်(၁)ဗမာ့သေနတ်ကိုင်တပ်ရင်း ကို ဦးစီးပြီး သရက်မြို့မှအကျဉ်းထောင်ကို ဖွင့်ပေးခဲ့ သည်။ ငွေတိုက်ကိုသိမ်းယူကာ အမှတ်(၉) စစ်ရဲတပ် ရင်းကိုလည်း လက်နက်သိမ်းခဲ့သည်။ ၁၉၄၈ ခုနှစ်၊ သြဂုတ်လမတိုင်မီကပင် တပ်မတော်အတွင်းရှိကွန်မြူ နစ်ပါတီခေါင်းဆောင်များအနက်မှ ဗိုလ်သက်ထွန်းအပါ အဝင်သုံးဦးကို  ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုမှ  ပါတီ လမ်းစဉ်ဆန့်ကျင်မှုဖြင့် ထုတ်ပယ်ထားခဲ့ရာ ဗိုလ်သက် ထွန်းသည် တောခိုတပ်ရင်း အင်အားစုများကို သီးခြား ခေါင်းဆောင်နေခဲ့သည်။ ပြည်မြို့ အကျဉ်းထောင်ကို  ဖွင့်လှစ်ပြီး ငွေတိုက်ကိုလည်း သိမ်းယူခဲ့သည်။ သာယာ ဝတီမြို့ရှိ အမှတ်(၂ဝ) ပြည်ထောင်စုဆိုရှယ်လစ် တပ်ရင်း*(အမှတ်(၂ဝ) ပြည်ထောင်စုစစ်ရဲတပ်ရင်းကိုဆိုလိုသည်။)နှင့်ပူးပေါင်း၍လည်း သာယာဝတီအကျဉ်း ထောင်ကိုဖွင့်လှစ်ကာ ထောင်သားများကိုလွှတ်ပေးခဲ့ သည်။                  
ဗိုလ်သက်ထွန်းသည် တောခိုတပ်ရင်းအင်အားစု များကို ဖွဲ့စည်း၍ တော်လှန်သောဗမာ့တပ်မတော် အမည်ဖြင့် သီးခြားလှုပ်ရှားခဲ့သည်။ ထိုစဉ်က ဗိုလ်သက် ထွန်း၏တာဝန်မှာ ပြည်စစ်မျက်နှာရှိတောင်ပိုင်းစစ် ဌာနချုပ် တပ်မှူးကြီးဖြစ်သည်ဟု ဗိုလ်သက်ထွန်းကိုယ်တိုင်က အလင်းဝင်ပြီးနောက် အမှတ်(၁ဝ) ထောက်လှမ်း ရေးတပ်တွင် ထွက်ဆိုခဲ့သည်။
ထို့နောက် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ရဲဘော်ဖြူ နှင့်တော်လှန်သော ဗမာ့တပ်မတော်တို့ပူးပေါင်း၍ ပြည်သူ့ဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစုဖွဲ့စည်းခဲ့ကြသည်။ ဗိုလ်သက်ထွန်းသည်လည်း ဗမာပြည်ကွန်မြူနစ် ပါတီနှင့်ရဲဘော်ဖြူတို့၏ လက်နက်ကိုင်တပ်များကိုပါ ဦးစီးခေါင်းဆောင်ခဲ့ရသည်။ တော်လှန်သော ဗမာ့တပ်မတော်၏ အာဏာပိုင်အဖွဲ့တွင်လည်း ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်သိန်း၊ ဗိုလ်လှမော်၊ ဗိုလ်စိန်တင်တို့နှင့် အတူ ပါဝင်ခဲ့သည်။
၁၉၄၉ ခုနှစ်၊ ဧပြီလတွင် ပြည်ထောင်စုစစ်ရဲ တပ်ရင်း အမှတ်(၂ဝ)*         (အမှတ်(၂ဝ) ပြည်ထောင်စု ဆိုရှယ် လစ်တပ်ရင်းဟု အမည်ပေးထားကြသည်။) နှင့် အမှတ်(၁၆)တို့တောခိုတပ် များနှင့် ပူးပေါင်းခဲ့ပြီး မြို့ကြီး၊မြို့ငယ်များကိုသိမ်းပိုက်ခဲ့ကြသည်။ဗိုလ်သက်ထွန်းသည် ရန်ကုန်မြို့ရှိ အမှတ်(၅) ဗမာ့သေနတ်ကိုင် တပ်ရင်းမှ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားများကို ပြည်မြို့သို့ခေါ်ဆောင်ခဲ့ပြီး သရက်မြို့တွင် သနက(၅)ကို ပြန်လည်ဖွဲ့စည်းပေးခဲ့ သည်။ ၁၉၄၉ ခုနှစ်၊ မေလတွင် အစိုးရတပ်များက ထိုးစစ်ဆင်ခဲ့သဖြင့် တိုက်ကြီး၊ ဥက္ကံ၊ သုံးဆယ်၊ သာယာ ဝတီနှင့် လက်ပံတန်းမြို့များကို လက်လွှတ်ခဲ့ရသည်။ ၁၉၅ဝ ပြည့်နှစ်တွင် တောခိုတပ်များက တန်ပြန်ထိုး စစ်ဆင်နွှဲသေးသော်လည်း မြို့များကို ထိန်းသိမ်းထား နိုင်ခြင်းမရှိခဲ့ပေ။၁၉၅ဝပြည့်နှစ်၊မတ်လ၁၁ရက်တွင် ပြည်သူ့ဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစု ပြိုကွဲသွားရာ ဗိုလ်သက်ထွန်းသည်ပြည်သူ့ရဲဘော်များကိုခေါင်းဆောင်၍ ပြည်မြို့ကို သိမ်းပိုက်ပြန်သည်။ ၁၉၅ဝပြည့်နှစ်၊ ဧပြီလနှင့်မေလများတွင် တပ်မတော်က ထိုးစစ်ဆင်လာ သဖြင့် ဗိုလ်သက်ထွန်း၏ တပ်များပေါက်ခေါင်းသို့ဆုတ် ခွာခဲ့ရသည်။ထို့နောက်တော်လှန်သောဗမာ့ တပ်မတော်ကို ဖျက်သိမ်းလိုက်ပြီး တောခိုတပ်များနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏လက်နက်ကိုင်တပ်များ လုံးဝပူးပေါင်း သွားခဲ့ကြသည်။ ၁၉၅ဝ ပြည့်နှစ်၊ စက်တင်ဘာလတွင် သောင်းကျန်းသူများသည် အောင်လံနှင့် တောင်တွင်းကြီးမြို့များကို စွန့်လွှတ်ခဲ့ရပြန်သည်။ ထိုအချိန်တွင် တောခိုတပ်များနှင့် ဗမာပြည် ကွန်မြူနစ်ပါတီတို့ လုံးဝပူးပေါင်းပြီး ပြည်သူ့တပ်မတော် ကိုဖွဲ့စည်းခဲ့ကြရာဗိုလ်သက်ထွန်းသည်  စစ်ဦးစီး ဗိုလ်မှူးကြီး၊ တပ်မကြီး(၁)၏ ဒုတိယတပ်မမှူးကြီး တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ ၁၉၅၁ ခုနှစ်တွင် ဗကပတို့က အလယ်ပိုင်း ဗမာပြည်စစ်ဆင်ရေးများကို ဦးစီးကွပ်ကဲရန် အထူးစစ်ဌာနချုပ်တစ်ခုထူထောင်ခဲ့ သည်။ ၁၉၅၂ ခုနှစ်တွင်  ဗိုလ်သက်ထွန်းသည် အထူး စစ်ဌာနချုပ်တွင် အလယ်ပိုင်းတိုင်းမှူးဖြစ်လာခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ပြိုကွဲနေသော ဗကပတပ်များ ကိုစုစည်း၍ အမှတ်(၁)ကြည်းကြောင်းတပ်ကိုဖွဲ့စည်း ရာ ဗိုလ်သက်ထွန်း သည် စက်တင်ဘာလမှစ၍ အမှတ် (၁) ကြည်းကြောင်းတပ်၏ တပ်မှူးကြီးဖြစ်လာပြန် သည်။
၁၉၅၆ ခုနှစ်တွင် တပ်မတော်၏အောင်မာဃထိုး စစ်ကို တန်ပြန်ရန်အတွက် ပါတီဗဟို၏စီမံချက် အရ ဗိုလ်သက်ထွန်းသည် ချောက်မြို့ရှိ အမှတ်(၁ဝ)တပ်မဟာဌာနချုပ်စခန်းကို  တိုက်ခိုက် ရန်ကြိုးစားခဲ့သည်။ သို့သော် မအောင်မြင်ဘဲ ဗိုလ်သက်ထွန်း၏ဝမ်းဗိုက်တွင်  ဒဏ်ရာရရှိခဲ့သည်။  ဗိုလ်သက်ထွန်းသည် ဒဏ်ရာပျောက်ကင်းသောအခါဧရာဝတီမြစ်အရှေ့ခြမ်းတွင် အောင်မာဃ စစ်ဆင်ရေး ပျက်ပြားအောင် စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ပြီးနောက် ၁၉၅၆ ခုနှစ်၊ စက်တင် ဘာလတွင် ဧရာဝတီမြစ်ကိုဖြတ်ကူးပြီး ပခုက္ကူခရိုင်သို့  ရောက်ရှိသွားခဲ့သည်။ ထိုနှစ်မှာပင် အနောက်မြောက် တိုင်းပါတီကော်မတီဖြစ်လာပြီး အနောက်မြောက်တိုင်း တပ်ကို စစ်ရေးအရခေါင်းဆောင်ခဲ့ရသည်။ ဗိုလ် သက်ထွန်းသည် ပခုက္ကူခရိုင်၊ မုံရွာခရိုင်၊ စစ်ကိုင်းခရိုင်၊ မင်းဘူးခရိုင်နှင့်သရက်ခရိုင် အနောက်ခြမ်း ဒေသများ အတွင်း မင်းဘူးမြို့အပါအဝင် တပ်မတော်တပ်စခန်းများ၊ စစ်ကြောင်းများ၊ ရဲစခန်းများကို တိုက်ခိုက်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ဗိုလ်သက်ထွန်းသည် သခင်ချစ်နှင့် အတူ အလံနီသခင်စိုးနှင့်ဆွေးနွေး၍ ပူးပေါင်းရန်စည်း ရုံးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဗကပဗဟို ဧရာဝတီမြစ် အနောက်ခြမ်းသို့ ရောက်ရှိလာသောအခါ ဗိုလ်သက် ထွန်းသည် သခင်သန်းထွန်း၏လက်အောက်တွင် ပါတီ ဗဟိုလုံခြုံရေး တာဝန်ကိုယူခဲ့ရသည်။ သို့သော် ၁၉၆၄ ခုနှစ်တွင် ဗဟိုမှထွက်ခွာလာပြီး အနောက်မြောက်တိုင်း စစ်ရေးတာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့ရသည်။
၁၉၆၅ ခုနှစ်အကုန်မှ ၁၉၆၆ ခုနှစ်၊ ဧပြီလအထိ အနောက်မြောက်တိုင်းနှင့် ရခိုင်ပြည်နယ် တို့အတွက် စစ်ရေး၊နိုင်ငံရေးသင်တန်းကျောင်းကိုဖွင့်လှစ်ခဲ့ရာ ဗိုလ် သက်ထွန်းသည် ကျောင်းပါတီ ကော်မတီအတွင်းရေးမှူး မှ နိုင်ငံရေးမှူးအဖြစ် တာဝန်ယူခဲ့ရသည်။ ၁၉၆၆ ခုနှစ်၊ ဇွန်လမှစ၍   ဗိုလ်သက်ထွန်းသည်   သရက်ခရိုင် အနောက်ခြမ်း၊ မင်းဘူးခရိုင်တောင်ခြမ်း၊ ကျောက်ဖြူနှင့် သံတွဲနယ်စပ်ရှိ ရခိုင်ရိုးမဖိုးခေါင်တောင်တန်းနယ်မြေ တို့ပါဝင်သော အနောက်ရိုးမစစ်ဒေသကို အနောက်မြောက်တိုင်း ကော်မတီအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ကိုယ်တိုင်ခေါင်းဆောင်၍ ၁၉၇၈ ခုနှစ်အထိ ၁၂ နှစ် တာ ကာလအတွင်း မင်းတုန်းမြို့သိမ်းတိုက်ပွဲ၊ အမ်းမြို့ သိမ်းတိုက်ပွဲ၊ စေတုတ္တရာစခန်းသိမ်းတိုက်ပွဲ၊ ပရဆိုင် စခန်းသိမ်းတိုက်ပွဲ၊ မြောက်ပြင်စခန်းသိမ်းတိုက်ပွဲ၊ မြင်းကွေ့တိုက်ပွဲ၊ လက်ပန် (ပထမအကြိမ်) စခန်းသိမ်းတိုက်ပွဲ၊ လက်ပန်(ဒုတိယအကြိမ်) စခန်းသိမ်းတိုက်ပွဲနှင့်ချုံခိုတိုက်ပွဲ ပေါင်းများစွာကို တိုက်ခိုက်ခဲ့သည်။
ဗိုလ်သက်ထွန်းသည် စစ်ရေးတာဝန်ကို အများဆုံး ထမ်းဆောင်ခဲ့ရသည့် ဗဟိုကော်မတီဝင် တစ်ဦးဖြစ်ပြီး  စစ်ရေးအရအောင်မြင်မှုများရရှိခဲ့သူဖြစ်သည်။ သို့သော် ဗကပဗဟိုသည် ဗိုလ်သက်ထွန်းအား စစ်ဘုရင်ဝါဒသမား၊ စစ်ပြေးအတွေးအခေါ်သမား၊ ဗဟိုဆန့်ကျင်ရေး သမား၊ ပြန်လည်ပြင်ဆင်ရေး သမားစသည့်စွဲချက်များ ဖြင့်အရေးယူရန် လျှို့ဝှက်စီစဉ်ခဲ့ကြသည်။ ဗိုလ်သက် ထွန်းသည် ၁၉၆၄ ခုနှစ်မှစ၍ ဗဟိုနှင့်ကင်းလွတ်နေပြီး ဗဟိုကချုပ်ကိုင်ရန် ကြိုးစားမှုကိုလည်း လက်မခံခဲ့ပေ။ ဗိုလ်သက်ထွန်းသည် ၁၉၇၆ ခုနှစ်အထိ တပ်မတော်၏ စစ်ဆင်ရေးများကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ သော်လည်း ဗကပဗဟိုချုပ်ငြိမ်းပြီးနောက်ပိုင်းတွင်ကား ဗိုလ်သက် ထွန်း၏အနောက်မြောက်တိုင်းတပ်၊ တိုက်တိုင်းအောင် (၇)တို့သည် တစ်စတစ်စအင်အားချည့်နဲ့သွားခဲ့ရသည်။ ဗိုလ်သက်ထွန်းသည် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ  မြန်မာနိုင်ငံတော်အစိုးရ၊  နိုင်ငံတော်ကောင်စီ၏ ကြေညာချက်အမှတ် (၂/၈ဝ)အရ ၁၉၈ဝ ပြည့်နှစ်၊ ဇူလိုင်လ ၁၆ ရက်တွင် တိုက်တိုင်းအောင်(၇) အင်အား စုများနှင့်အတူ လက်နက်ချအလင်းဝင်လာခဲ့လေသည်။
ဗကပအနောက်မြောက်တိုင်းတပ် (သို့မဟုတ်)
တိုက်တိုင်းအောင်(၇)
ဗမာပြည်ကွန်မြူနစ်ပါတီသည် သရက်ခရိုင်၊ မင်းဘူးခရိုင်နှင့်ပခုက္ကူခရိုင် တို့ကို အနောက် မြောက်တိုင်း ဟုသတ်မှတ်ထားသည်။ အနောက်မြောက်တိုင်းပါတီ ကော်မတီကိုလည်း ဖွဲ့စည်းထားရာ အတွင်းရေးမှူး*(အနောက်မြောက်တိုင်းပါတီကော်မတီ၏အမြင့်ဆုံးခေါင်းဆောင်။)မှာ ဗိုလ်သက်ထွန်းဖြစ်ပြီး စိုးသိမ်းနှင့်အောင်လှတို့ပါဝင်ကြ သည်။ ဗိုလ်သက်ထွန်းသည် ဗကပအနောက်မြောက် တိုင်းနယ်မြေ အတွင်းရှိ ရွာနီ(ခေါ်)တောခိုရွာပုန်းများ အနှံ့အပြားထူထောင်ခဲ့ပြီးနောက်   သရက်မြေပြန့် ပြောက်ကျားတပ်၊ ကျောက်ဖြူ၊ သံတွဲနယ်မှ လုံကျန်တပ် ဖွဲ့၊ လူအင်အား ၃ဝဝ ကျော်ပါဝင်သော ပြည်သူ့စစ် တပ်ရင်းတို့ကိုလည်း ဖွဲ့စည်းခဲ့သည်။ အနောက်မြောက် တိုင်းတပ်ကိုမူ ၁၉၇၁ ခုနှစ်၊ ဇွန်လတွင် အနောက်ရိုးမ တပ်ရင်းဟုနာမည်ပြောင်းပြီး လူအင်အား ၁၁၄ ယောက်ဖြင့် ဖွဲ့စည်းခဲ့သည်။ တိုက်ခိုက်ရေးတပ်ခွဲနှစ်ခွဲ နှင့် ဌာနချုပ်တပ်ခွဲတစ်ခွဲပါဝင်ရာ အမျိုးသမီး ၁၅ ယောက်က ဆက်သွယ်ရေးနှင့်ဆေးမှူးတာဝန်များ ထမ်း ဆောင်ကြရသည်။ အနောက်ရိုးမတပ်ရင်းသည် ဗိုလ် သက်ထွန်း၏ အဓိကစစ်အင်အားဖြစ်ပြီး ဗိုလ်သက်ထွန်း ကိုယ်တိုင် တပ်ရင်းမှူးအဖြစ် ခေါင်းဆောင်ထားသော တပ်ဖြစ်သည်။ (၁။        ကကပြည်၏ ၁-၇-၇၄ ရက်ထုတ် ဗမာပြည်ကွန်မြူနစ် ပါတီ၊ အနောက်ရိုးမတပ်ရင်း (ခေါ်)တိုက်တိုင်း အောင်(၇)(ခေါ်) အနောက်မြောက်တိုင်းတပ်၊ တပ်မှူးသက်ထွန်းနှင့် နောက်ပါအင်အားစုများ ချေမှုန်းရေးစာတမ်း၊ စာမျက်နှာ ၁ မှ ၆။)
အနောက်ရိုးမတပ်ရင်းသည်တိုက်တိုင်းအောင်(၇) ပင်ဖြစ်သည်။ လူအင်အားမှာလည်း ၁၉၇၄ ခုနှစ်တွင် ၂၅ဝ အထိတိုးတက်ခဲ့သည်။ လက်နက်အနေနှင့် နှစ်လက်မစိန်ပြောင်း၊ ဂျီ-၄၊ဂျီ-၃၊ကာဘိုင်နှင့် ရိုင်ဖယ် များကိုင်ဆောင်ကြသည်။ တိုင်းတပ်၏အောက်တွင် တိုင်းကော်မတီစိုးသိမ်း ခေါင်းဆောင်သော လူအင်အား ၉ဝ ခန့်ရှိ မင်းဘူးခရိုင်တပ်ရှိသည်။ မင်းဘူးခရိုင်တပ် သည် တိုင်းတပ်နှင့်ရံဖန်ရံခါ ပူးတွဲလှုပ်ရှားပြီး များသော အားဖြင့် သီးခြားလှုပ်ရှားသည်။ ထို့အပြင် သရက်ခရိုင် အနောက်မြောက်ခြမ်း နယ်မြေကို အမှတ်(၁)မှ အမှတ် (၈)အထိ ပိုင်းခြား၍ ထုတ်လုပ်ရေးတပ်များဖြင့် ဖွဲ့စည်း ထားသေးသည်။
ဗိုလ်သက်ထွန်းနှင့်အနောက်ရိုးမတပ်ရင်း(ခေါ်)တိုက်တိုင်းအောင်(၇)(ခေါ်) ဗကပအနောက်မြောက် တိုင်းတပ်သည် လက်အောက်ခံခရိုင်တပ်၊ မြို့နယ်တပ် များနှင့်ပူးပေါင်း၍ တပ်မတော် အင်အားနည်း စခန်းများ၊ အင်အားနည်းစစ်ကြောင်းများ၊ ပြည်သူ့ရဲစခန်းနှင့် ပြည်သူ့စစ်များအား ကြိုးမဲ့ကြေးနန်း ကြားဖြတ်ဖမ်းယူ ခြင်းနည်းဖြင့်လည်းကောင်း၊ အမာခံသူလျှိုများ အသုံးပြု၍လည်းကောင်း၊ သစ္စာဖောက် ပဉ္စမံတပ်သားများအား မြှုပ်နှံမွေးမြူ၍လည်းကောင်း စနစ်တကျသတင်း ထောက်လှမ်းရယူပြီး အနိုင်ရရှိရန်သေချာမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်သက်ထွန်းသည် မိမိအတွက်အကျိုး အမြတ်မရှိနိုင် သောတိုက်ပွဲများကို ရှောင်ရှားပြီး စစ်ရေးအကဲမသာပါက ရွာနီများ၊ ရွာပုန်းများနှင့်တောတောင် လျှိုမြောင်ထူထပ်သောအနောက်ရိုးမဒေသပေါ်တွင် ငြိမ်သက်စွာခိုအောင်းနေလေ့ရှိသည်။
ဗိုလ်သက်ထွန်း၏အနောက်မြောက်တိုင်းတပ်တွင် ဒေသခံချင်းအမျိုးသားများ အများအပြားပါဝင် သောကြောင့် နယ်မြေကျွမ်းကျင်ကြသည်။ အပင်ပန်းအဆင်း ရဲလည်း  ခံနိုင်ကြသည်။  ဗိုလ်သက်ထွန်းကို လည်း ယုံကြည်ကိုးစားကြသဖြင့်ဗိုလ်သက်ထွန်း၏ခေါင်းဆောင် မှုမှာခိုင်မြဲသည်။ ဒေသခံပြည်သူလူထု ဆန့်ကျင်ရေးကို အတတ်နိုင်ဆုံးရှောင်ကြဉ်သဖြင့်လည်း နယ်ခံကျေးရွာ များ၏ကူညီထောက်ပံ့မှု ကိုရရှိသည်။ ဗိုလ်သက်ထွန်းသည် ဗကပဗဟိုဌာနချုပ်၏ဆန္ဒအရ အနောက်မြောက် တိုင်းတပ်ကို တိုက်တိုင်းအောင်(၇)အဖြစ် ဖွဲ့စည်းခဲ့ရသော်လည်းတိုက်တိုင်းအောင်(၇)သည် ပဲခူးရိုးမမှ တိုက်တိုင်းအောင် တပ်များနှင့် မတူညီခဲ့ပေ။ ဗကပဗဟို သည် ဗိုလ်သက်ထွန်းအား စိတ်မချသည့် အလျောက် မည်သည့်ကူညီ ထောက်ပံ့မှုမျိုးကိုမှ မပေးခဲ့သည့်အပြင် မိမိတို့ကိုယ်တိုင်လည်း ပဲခူးရိုးမတွင် ရှုံးနိမ့်လျက်ရှိရာ ဗိုလ်သက်ထွန်းသည် တသီးတခြားသာ လှုပ်ရှားခဲ့ရလေ သည်။
ဗကပ အနောက်မြောက်တိုင်းမှပြဿနာများ
ဗကပအနောက်မြောက်တိုင်း၏အမြင့်ဆုံး ခေါင်းဆောင်မှာ ဗိုလ်သက်ထွန်းပင်ဖြစ်သည်။ ဗိုလ် သက်ထွန်းအပြင် အခြားအရေးပါသောခေါင်းဆောင် တစ်ဦးမှာ စိုးသိမ်း(ခေါ်)ချစ်ဖေ(ခေါ်)တိုးမောင်ဖြစ်ပြီး တိုင်းကော်မတီဝင်အဖြစ် လည်းကောင်း၊ တိုင်းရုံးတာဝန် ခံအဖြစ်လည်းကောင်း၊ မင်းဘူးခရိုင်ပါတီ ကော်မတီနှင့် နိုင်ငံရေးမှူးအဖြစ်လည်းကောင်း တာဝန်ယူပြီး ဗိုလ် သက်ထွန်းနှင့် သက်တူရွယ်တူ ခန့်ပင်ဖြစ်သည်။ တော တွင်း၌ စိုင်းလိုင်းရွာသူ မသိန်းကြည်နှင့် အိမ်ထောင်ကျ ပြီး သားတစ်ယောက် ထွန်းကားသည်။ စိုးသိမ်းသည် ပုံမှန်လိုက်နေသူဖြစ်ပြီး ၁၉၇၂ ခုနှစ် နောက်ပိုင်းမှ တက်ကြွလာသူဖြစ်သည်။ စစ်ရေးထက် နိုင်ငံရေးကို ပိုမိုကျွမ်းကျင်သည်။ (၁။ သက်ထွန်းနှင့်နောက်ပါအင်အားစုများ ချေမှုန်းရေး စာတမ်း၊စာမျက်နှာ ၅၈၊ ၅၉။)အောင်လှ(ခေါ်) ကျော်ညိမ်းသည် မင်းဘူးခရိုင် တပ်မှူးနှင့် အနောက်မြောက်တိုင်းတပ် ဒုတိယတိုင်းမှူးဖြစ်သည်။ ဗိုလ်သက်ထွန်းနှင့် သက်တူ ရွယ်တူပင်ဖြစ်သည်။   ဆက်ဆံရေးမာကျောသဖြင့် စိုးသိမ်းကဲ့သို့အောက်ခြေ၏ ထောက်ခံမှုကို ရရှိသူမဟုတ် ပေ။
ရဲဒင်သည် တပ်ခွဲ(၂)နိုင်ငံရေးမှူးဖြစ်ပြီး လှရွှေ သည် တပ်ခွဲ(၂)၏တပ်ခွဲမှူးဖြစ်သည်။ ဘစောကြီး၊ ဟင်းဖား၊ တောင်ပြာ၊ ဝင်းမောင်(ဗိုလ်သက်ထွန်း၏ မွေးစားသား)၊ ထွန်းရင် စသောသူများမှာလည်း ဗိုလ် သက်ထွန်းအားကိုးရသည့် ခေါင်းဆောင်ငယ်များဖြစ် သည်။
သို့သော်     တပ်ခွဲ(၁)နိုင်ငံရေးမှူးစိန်အောင် (လက်နက်ချ)နှင့် ဗိုလ်သက်ထွန်းတို့မှာမူ ပဋိပက္ခများ ရှိနေခဲ့ကြသည်။ ဗိုလ်သက်ထွန်းသည် စိန်အောင်အပေါ် တွင် မကျေနပ်မှုများရှိနေခဲ့ရာမှ စိန်အောင်သည် အသက်ဘေးအန္တရာယ်ကိုစိုးရိမ်လာသဖြင့် လက်နက်ချ အလင်းဝင်လာခဲ့ရသည်။  ယင်းတို့နှစ်ဦး၏ပဋိပက္ခ ဖြစ်ရသည့်အကြောင်းရင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။    
(က)    စိန်အောင်သည်ပထဝီ နှင့်အတန်းပညာကို          အဓိကထားသူ၊  လူနှင့်လက်နက်ကိုသာ ဦးစားပေးသူဟု ဗိုလ်သက်ထွန်းက ယူဆ သည်။
(ခ)     ဗိုလ်သက်ထွန်းက တပ်မတော်ထိုးစစ်ကာလများတွင် အနောက်ရိုးမအပေါ်တွင်သာ         ခိုအောင်းနေလိုပြီး စိန်အောင်က ထိုးစစ်ကို ထိုးစစ်ဖြင့် ရိုက်ချိုးရမည်ဆိုသဖြင့် မကြာ ခဏအငြင်းပွားသည်။
(ဂ)     ဗိုလ်သက်ထွန်းက  ပြောက်ကျားစစ်ကို အားသန်ပြီး တပ်များကို ခေတ္တသာ စုစည်း လေ့ရှိသည်။ စိန်အောင်က တပ်များကို စုစည်းပြီးလျှင် ပြန်လည်ဖြန့်ခွဲလိုစိတ်မရှိပေ။
(ဃ)    ဗိုလ်သက်ထွန်း၏အမိန့်ကို စိန်အောင်က နာခံလေ့မရှိသဖြင့်စိန်အောင်ကိုပြန်လည် ပြင်ဆင်ရေးသမားအဖြစ် ဗိုလ်သက်ထွန်းက စွပ်စွဲခဲ့သည်။ ဗိုလ်သက်ထွန်းက ဂူတစ်ဂူ တည်းတွင်  ခြင်္သေ့နှစ်ကောင်အောင်း၍ မဖြစ်ကြောင်းပြောကြားခဲ့ရာ စိန်အောင် သည် ဗိုလ်သက်ထွန်းကို ခြေရာတိုင်းလာ သည်ဟု ထင်မြင်ခဲ့ပုံရသည်။
(င)     ၁၉၆၈ ခုနှစ်၊ အမ်းတိုက်ပွဲတွင် စိန်အောင် သည် ဗိုလ်သက်ထွန်း၏အမိန့်မရဘဲ ရခိုင်                               ပြည်နယ်ဒေသခံကော်မတီဖိုးယုံတို့နှင့် တိုက်ခိုက်ခဲ့သည်။
(စ)     တိုင်းရုံးမှဆေးတပ်သားမယုအား ဗိုလ်သက် ထွန်းက ချစ်ရေးဆိုသည်ကို စိန်အောင်က ကန့်ကွက်ခဲ့သည်။ နိုင်ငံရေးအရ၊ အသက် အရွယ်အရ၊ အတွေ့အကြုံအရကွာခြားလွန်း  သူကို လက်မထပ်သင့်ကြောင်း စိန်အောင် က ဗိုလ် ချုပ် စိန် တင် (လက် နက် ချ) နှင့်  မကြည်တို့အား ဥပမာပြ၍ တင်ပြခဲ့သည်။ မယုသည် ရုံးမှလက်နှိပ်စက်စာကူးစောရီ (မယားကြီးရှိသူ)နှင့်အိပ်စက်နေသည်ကို မိခဲ့ ဖူးသဖြင့် သူတစ်ပါးနှင့်အိပ်ပြီးသား ဇာတ်တူ သား မိန်းမနှင့်မိမိတို့ခေါင်းဆောင်မယူသင့် ဟု စိန်အောင်က ဝေဖန်ခဲ့သည်။ သို့သော် ဗိုလ်သက်ထွန်းသည် ၁၉၆၈ ခုနှစ်တွင် မယု ကိုယူပြီး ၁၉၇၈ ခုနှစ်အထိပေါင်းသင်းခဲ့ သည်။
(ဆ)    စိန်အောင်နှင့်ဗိုလ်သက်ထွန်း၏မွေးစားသား ဌာနချုပ်တပ်ခွဲနိုင်ငံရေးမှူးဝင်းမောင်တို့ မသင့်တင့်ကြပေ။ ဗိုလ်သက်ထွန်း၏ဇနီး မယုနှင့်စိန်အောင်၏ဇနီးမမြမေတို့မှာလည်း အမျိုးသမီးတပ်ဖွဲ့တွင် မသင့်တင့်ကြပေ။
(ဇ)     စေတုတ္တရာတိုက်ပွဲနိဂုံးချုပ်၌ ဗိုလ်သက်ထွန်းက ဖြည်းဖြည်းနှေးနှေးစဉ်းစားပြင်ဆင်၊ အမြန်ဖြန့်၊ အမြန်တိုက်၊ အမြန်လိုက်ဟူသော နှေး(၁)၊ မြန်(၃)စနစ်ကြောင့် အောင်မြင် သည်ဟုသုံးသပ်ခဲ့သည်။ သို့သော် မင်းဘူး ခရိုင် မှအတွင်းရေးမှူး ဟောင်း အောင်မောင်းအား  စစ်ပြေးအတွေးအခေါ် မှ  ကာကွယ်ပေးခဲ့သဖြင့်  စိန်အောင်က မကျေမနပ်ဖြစ်ခဲ့သည်။
(ဈ)     ဗိုလ်သက်ထွန်း၏ယောက်ဖဖြစ်သူ လှရွှေ အား တိုင်းကော်မတီအဖြစ်ခန့်အပ်ရန် လျာ ထားသည်ကို စိန်အောင်က ဝေဖန်ကန့်ကွက် ခဲ့သည်။
သို့နှင့် ဗိုလ်သက်ထွန်းနှင့်စိန်အောင်တို့၏ပဋိပက္ခ များမှာ ကြီးမားသည်ထက်ကြီးမားလာရာမှ စိန်အောင် လက်နက်ချအလင်းဝင်လာခဲ့ရတော့သည်။ စိန်အောင်သည် တိုက်ပွဲပေါင်းများစွာကို ဗိုလ်သက်ထွန်းနှင့် အတူ တကွသော်လည်းကောင်း၊ သီးခြားသော်လည်းကောင်း၊ပါဝင်တိုက်ခိုက်ခဲ့သူဖြစ်ရာ  စစ်ရေး၊နိုင်ငံရေးအစဉ် အလာရှိသူဖြစ်သည်။ စိန်အောင်လက်နက်ချသွားသော အခါ ဗိုလ်သက်ထွန်း အနေနှင့် အားကိုးရသူတစ်ဦးဆုံးရှုံး  သွားခဲ့ရသည်။ စိန်အောင်ဘက်ပါသူများ၏ ဆန့်ကျင်မှု နှင့်လည်း ရင်ဆိုင်ရသည်။ သို့သော်  ဗိုလ်သက်ထွန်း သည် အနောက်မြောက်တိုင်းတွင် ပဋိပက္ခကိုနိုင်နင်းစွာ ကိုယ်တွယ်ထိန်းသိမ်းနိုင်ခဲ့သည်။
ဗိုလ်သက်ထွန်းသည် ၁၉၆၄ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ အနောက်မြောက်တိုင်းတပ်ကို သေသေချာချာ ဦးဆောင်မှုပေးခဲ့ရခြင်းဖြစ်သည်။ ဗိုလ်သက်ထွန်း ဗဟို ဌာနချုပ်လုံခြုံရေးတာဝန်ယူနေရစဉ် တိုင်းတပ်တွင် ဒေါက်တာနတ်(ခေါ်)ထွန်းမောင်ခေါင်းဆောင်ပြီး အင်အား ၅ဝ ခန့်သာရှိသည်။ တိုင်းတပ်သည် ၁၉၆၄ ခုနှစ်၊ သြဂုတ်လအထိ တိုက်ကွက်ဖော်နိုင်ခဲ့ခြင်းမရှိပေ။ ဗိုလ်သက်ထွန်း ခေါင်းဆောင်မှုပေးနိုင်သည့်အချိန်မှစ၍ သာ တိုင်းတပ်သည် စစ်ရေးအရဦးမော့လာခဲ့ခြင်းဖြစ် သည်။ သို့သော် ၁၉၆၅ ခုနှစ်၊ သြဂုတ်လ၊ စက်တင်ဘာ လခန့်တွင် ဗကပဗဟိုမှ ဗိုလ်ဇေယျ၊ ဗိုလ်သက်တင်နှင့် ဗိုလ်အောင်မြင့်တို့ တိုင်းတပ်သို့ရောက်ရှိလာပြီး ၆၄လမ်းစဉ် အကောင်အထည်ဖော်ရေး ကိုဆောင်ရွက်ခဲ့ကြရာ ဗိုလ်သက်ထွန်းသည် ဗဟို၏ချုပ်ကိုင်မှုအောက်၌ပင် ရှိ နေခဲ့ရသည်။ (၁။သက်ထွန်းနှင့်နောက်ပါအင်အားစုများ ချေမှုန်းရေးစာတမ်း၊ စာမျက်နှာ ၆၂၊ ၆၃။)
၁၉၆၆ ခုနှစ်တွင် နစ်ဖြူသင်တန်းကျောင်းတစ်ခု ကို ဖွင့်လှစ်ခဲ့ရာ ဗိုလ်ဇေယျ၊ ဒေါက်တာနတ်၊ စိုးသိမ်း၊ သက်တင်၊ ဗဟိုကော်မတီနှင့်ရခိုင်ပြည်နယ်ကော်မတီ ကျော်မြတို့က   နိုင်ငံရေးဘာသာရပ်ကို   ပို့ချပြီး ဗိုလ်သက်ထွန်းနှင့်အောင်မြတ်တို့က စစ်ရေးဘာသာရပ်၊ တင်မောင်က အချက်ပြ ဆက်သွယ်ရေး ဘာသာရပ်တို့ကို ပို့ချခဲ့သည်။ ဗဟိုသင်တန်းကျောင်းတွင် လူ ၂ဝဝ သင်တန်းတက်ခဲ့ကြပြီး အောင်လှကလည်း တိုင်းတပ် စစ်ရေးသင်တန်းကျောင်းကို တစ်ပြိုင်တည်းဖွင့်လှစ် ခဲ့သည်။ ထိုနှစ်တွင် ဗဟို၏ညွှန်ကြားချက်အရ ဗိုလ်သက်ထွန်းသည် တိုင်းတပ်၏နိုင်ငံရေးမှူးတာဝန်ကို ထမ်းဆောင်ရသည်။ ၁၉၆၇ ခုနှစ်၊ မတ်လ ၁၆ ရက်တွင် ခလရ(၄၄)မှ တပ်စိတ်နှစ်စိတ်အား ကျောက်ပုံရွာအနီး ခန့်မှန်းမြေပုံ ညွှန်း(တီ-၉၉၉ဝ၇၉) တွင် ချုံခိုတိုက်ခိုက် ခဲ့ရာ ခလရ (၄၄)မှ နှစ်ယောက်ကျဆုံးသကဲ့သို့ ဗိုလ် သက်ထွန်း၏ တိုင်းတပ်မှလည်း ဗိုလ်ကျော်လှ၊ ဗိုလ်မိုးဟိန်းတို့အပါအဝင် လေးယောက်သေဆုံးခဲ့ရလေရာ အရှုံးပေါ်သောတိုက်ပွဲပင်ဖြစ်သည်။ ကျောက်ပုံတိုက်ပွဲသည် တိုင်းတပ်မှ အမာခံအင်အားကို ပထမဆုံးအကြိမ် ထုတ်သုံးသောတိုက်ပွဲဖြစ်လေရာ အောက်ခြေထုက မတိုက်ခိုက်သင့်ကြောင်း ဝေဖန်ခဲ့ကြသည်။   ဗိုလ်သက်ထွန်းကမူ စစ်ရေးအရရှုံးသော်လည်း နိုင်ငံရေး အရ အမြတ်ရရှိကြောင်း သုံးသပ်ပြခဲ့သည်။ ၁၉၆၇ ခုနှစ်၊ မေလတွင် ဗိုလ်ဇေယျနှင့် ဒေါက်တာနတ်တို့ ဗဟိုသို့ပြန်သွားရာ ဗိုလ်သက်ထွန်းနှင့်တိုင်းတပ်သည် ဗဟို၏ချုပ်ကိုင်မှုမှကင်းလွတ်သွားပြန်သည်။
၁၉၆၇ ခုနှစ်၊ သြဂုတ်လ၊ စက်တင်ဘာလများတွင် အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်သည် 'ခေတ်သစ် စစ်ဆင်ရေး'အမည်ဖြင့် ဗကပအနောက်မြောက်တိုင်းကို ထိုးစစ်ဆင်ရာ  ဗိုလ်သက်ထွန်းသည်  တိုင်းတပ်နှင့် သရက်ခရိုင်တပ်ကိုပူးပေါင်းပြီး ကျောက်ခုတ်နယ်မြေ တွင်  ရှောင်တိမ်းခဲ့ရသည်။  ဇူလိုင်လတွင်  နစ်ဖြူ ပန်းမောင်(ခေါ်) တုတ်ပြဲထွက်ပြေးသဖြင့် တိုက်ကွက် ဖော်မည့်အစီအစဉ်များလည်း ပျက်ပြားခဲ့ရသည်။ သြဂုတ်လ ၂၄ ရက်တွင် မင်းဘူး-ပဒန်းကားလမ်း၌ အရပ်ကားကို စစ်ကားထင်ပြီး မှားယွင်းတိုက်ခိုက်မိပြန် သည်။ နှစ်ကုန်ခါနီးတွင် ကချင်(၄)ကို ချုံခိုတိုက်ခိုက်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ တိုင်းတပ်မှာမူ အင်အား ၁၄၈ ယောက်ဖြစ်လာသည်။
၁၉၆၈  ခုနှစ်တွင်ကား  ဗိုလ်သက်ထွန်းနှင့် တိုင်းတပ်သည် တပ်မ(၈၈)စစ်ကြောင်းများ၏ထိုးစစ်ကို ရှောင်ကွင်းရန် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ဘက်သို့ ရှောင်တိမ်းခဲ့ရသည်။ ၁၉၆၈ ခုနှစ်၊ မတ်လ ၁၆ရက်တွင် အင်အားနည်းသောအမ်းမြို့ကိုလက်နက်ကိုင် အင်အား ၈ဝ၊ ရွာနီရွာပုန်းများမှ ရွာသား ၁ဝဝ ဖြင့် အလစ်ဝင် ရောက်စီးနင်းခဲ့ကြသည်။ တပ်မတော်မှ လေးယောက်၊ ပြည်သူ့ရဲမှ တစ်ယောက်ကျဆုံးပြီး ဗိုလ်သက်ထွန်းဘက် မှလည်း ငါးယောက်သေဆုံးခဲ့ရာ နှစ်ဖက်အကျအဆုံး မှာ မကွာခြားခဲ့ပေ။ ဗိုလ်သက်ထွန်းသည် အမ်းမြို့မှ သိမ်းဆည်းရရှိခဲ့သည့် ပစ္စည်းများအနက်မှ ပုလွဲရွာသား များအား တက်ထရွန်တစ်ဝတ်စာစီ၊ အပ်ချည်နှင့်အပ် များ ဝေငှစည်းရုံးခဲ့သည်။  မေလ    ရက်တွင်လည်း စေတုတ္တရာစခန်းကိုတိုက်ခိုက်ခဲ့ရာ   တပ်မတော်မှ အရာရှိတစ်ဦးအပါအဝင် ၁၁ ယောက်ကျဆုံးခဲ့ရသည်။
ဗိုလ်သက်ထွန်းနှင့် တိုင်းတပ်သည် တပ်မတော် ထိုးစစ်များကိုရှောင်ကွင်းပြီး အမ်းမြို့နယ်နှင့် မင်းဘူး ခရိုင်တွင် အောင်မြင်မှုများရခဲ့သော်လည်း သရက်ခရိုင်တွင် တပ်မတော်ထိုးစစ်များကို ရင်ဆိုင်ရန်ကျန်ရစ်ခဲ့ ရသည်။ ရဲဒင်၏ခရိုင်တပ်မှာမူ များစွာအထိနာခဲ့ရ သည်။ သရက်ခရိုင်တပ်သည် အင်အား ၂၁၁ ယောက် အထိ တိုးပွားလာခဲ့သော်လည်း အကြိမ်ကြိမ်အတိုက်ခံ ရသဖြင့် ၁၃ ယောက်သေဆုံးပြီး ငါးယောက်လက်နက်ချ ခဲ့ကြသည်။ နှစ်ယောက်ကိုဖမ်းမိခဲ့သည်။ တိုင်းတပ်နှင့် သရက်ခရိုင်တပ်သည်လည်း ၁၉၆၈ ခုနှစ်တစ်နှစ်လုံး အဆက်အသွယ်မရခဲ့ပေ။ ထို့ကြောင့် ဗိုလ်သက်ထွန်း သည် အမ်းတိုက်ပွဲ၊ စေတုတ္တရာတိုက်ပွဲများတွင် အနိုင် ရခဲ့သော်လည်း သရက်ခရိုင်တပ် အထိနာခြင်းအတွက် တာဝန်ရှိသူဟု  ဗကပဗဟိုက  သုံးသပ်ခြင်းကိုခံခဲ့ရ သည်။ ဗိုလ်သက်ထွန်းသည် ထိုးစစ်ကိုထိုးစစ်ဖြင့် ရင်မဆိုင်ဘဲ ရှောင်တိမ်းခဲ့သဖြင့် ဗကပဗဟိုက စစ်ပြေး အတွေးအခေါ်သမားဟုဆိုကာ အရေးယူရန်စီစဉ်ခဲ့ သည်။
သရက်ခရိုင်ကျဆုံးလု နီးပါးဖြစ်လာပြီး လုံးဝ လက်လွှတ်ရတော့မည့် အခြေအနေတွင် ဗိုလ်သက်ထွန်း သည်ရဲဒင်၏ခရိုင်တပ်နှင့်အဆက်အသွယ်ရရန်ကြိုးပမ်းခဲ့သော်လည်း ၁၉၆၉ ခုနှစ်၊ မတ်လအထိ မအောင်မြင် ခဲ့ပေ။ ထို့ကြောင့် ဧပြီလ ၁၄ ရက်တွင် ခလရ(၂၆)  အား တိုက်ကွက်ဖော်ပြပြီး အဆက်အသွယ်ရရန်ကြိုးပမ်းခဲ့ရသည်။ ၁၉၆၉ ခုနှစ်၊ ဇူလိုင်လတွင် ဗိုလ်သက်ထွန်း ၏တိုင်းတပ်နှင့်ရဲဒင်၏ သရက်ခရိုင်တပ်တို့ပြန်ပူးပေါင်း မိကြသော်လည်း ထိုအချိန်တွင် ရဲဒင်၏သရက်ခရိုင်တပ် မှာ တပ်မတော်၏ ချေမှုန်းတိုက်ခိုက်မှုကြောင့် ရဲဒင်အပါ အဝင် ယောက်ျား၊ မိန်းမစုစုပေါင်းငါးဦးသာ ကျန်ရှိ လေတော့သည်။   ဗိုလ်သက်ထွန်းက   ရဲဒင်အား လူအင်အား ၂ဝ၊ စက်ကလေးသုံးလက်၊ စတင်းနှစ်လက်၊ ဂျီ-၃ သေနတ်နှစ်လက် ဖြည့်တင်းပေးပြီး သရက်ခရိုင် တပ်ပြန်လည်တည်ဆောက်ရေးကို ကြိုးပမ်းခဲ့သည်။ ထို အချိန်တွင် ဗကပဗဟိုသည်လည်း တပ်မတော်၏စစ် ဆင်ရေးများကြောင့် ကျဆုံးလျက်ရှိရာ သရက်ခရိုင် အတွက် မည်သည့်အကူအညီမျှမပေးနိုင်ခဲ့ပေ။ ဗိုလ် သက်ထွန်းသည် သရက်ခရိုင်စိတ်ဓာတ်တက်ကြွရေး အတွက် စက်တင်ဘာလ ၂၄ ရက်တွင် သခင်သန်းထွန်း ကျဆုံးသည့်နေ့ အထိမ်းအမှတ် ပရဆိုင်းပြည်သူ့ရဲစခန်း တိုက်ပွဲကို ဖော်ထုတ်ခဲ့သည်။ သို့သော် တပ်မတော်တပ် ရင်းလေးရင်းပါဝင်သည့် ခေတ်သစ်အဆင့် (၅) စစ်ဆင် ရေးကြောင့် မင်းတုန်းမြို့နယ်၊ ခြောက်လံနှင့် ကတီး တောင်နယ်မြေတွင် ခိုအောင်းနေရပြန်သည်။၂ သို့နှင့် ၁၉၆၉ ခုနှစ်ကုန်တွင် သရက်ခရိုင်အနောက်ခြမ်း၌ နစ်ဖြူအင်အားမှာ ၁ဝ၆ ယောက်အထိ ကျဆင်းသွား ရသည်။
၁၉၇ဝ ပြည့်နှစ်တွင် ခေတ်သစ်အဆင့်(၅)စစ်ဆင် ရေးသည်   အနောက်မြောက်တိုင်းတပ်အတွက် အထောက်အပံ့ဖြစ်နေသော တောင်ပေါ်ချင်းရွာ ၇၅ ရွာခန့်ကိုပြောင်းရွှေ့စေခဲ့ရာ ဗိုလ်သက်ထွန်းနှင့် တိုင်း တပ်အတွက် ရိက္ခာအခက်အခဲဖြစ်လာသည်။ သို့သော် ဗိုလ်သက်ထွန်းသည် မပြောင်းရွှေ့လို သောကျေးရွာများ ကိုစည်းရုံး၍ နိုင်ငံရေးအမြတ်ထုတ်နိုင်ခဲ့သည်။ တောင် ပေါ်ဒေသမှ မပြောင်းရွှေ့လိုသူ ချင်းအမျိုးသားများကို လည်း  ပြည်သူ့စစ်အဖြစ်ဖွဲ့စည်းခဲ့ရာ  ဧပြီလတွင်  အင်အား ၂ဝ သာရှိသော်လည်း နှစ်ကုန်တွင် ၁ဝဝခန့် ဖြစ်လာသည်။ တိုင်းတပ်အတွက်လည်း ချင်းအမျိုးသား ၁၂ဝ ကို စည်းရုံးနိုင်ခဲ့သည်။ ခေတ်သစ်အဆင့် (၅) စစ်ဆင်ရေးပြီးဆုံးသွားသောအခါတွင်ကား တိုက်ကွက် များ ဖော်ထုတ် လာနိုင်ပြန်သည်။
၁၉၇၁ ခုနှစ်တွင် တိုက်ကွက်များပိုမိုဖော်ထုတ် လာပြီး တိုင်းတပ်ကိုလည်း အနောက်ရိုးမတပ်ရင်းဟု အမည်ပြောင်းလဲခဲ့သည်။ အနောက်ရိုးမတပ်ရင်းတွင် ဗိုလ်သက်ထွန်းသည် နိုင်ငံရေးမှူးနှင့် တပ်ရင်းမှူးဖြစ်ပြီး   စိန်အောင်သည် ဒုတိယတပ်ရင်းမှူးနှင့် တပ်ခွဲ(၁) နိုင်ငံ ရေးမှူး၊ တပ်ခွဲမှူးတာဝန်များကို ထမ်းဆောင်ကြသည်။ ကုန်းတန်းကြောရှိ နလဲ(ပီတီ-၉၉၁၃)နှင့် ကန်တုပ် ကျေးရွာများမှ ပြည်သူ့စစ်လက်နက် ၄ဝ ကိုသိမ်း၍ လည်း ဗကပပြည်သူ့စစ်များကို တပ်ဆင်ပေးခဲ့သည်။ တပ်မတော်က လည်း အနောက်ရိုးမတပ်ရင်းကို စစ်ဆင် ရေးများဖြင့်   အဆက်မပြတ်ဦးတည်တိုက်ခိုက်ခဲ့ရာ အနောက်ရိုးမ တပ်ရင်းသည် မြေပြန့်တွင် မနေနိုင်တော့ ဘဲ ရခိုင်ရိုးမပေါ်ရှိ အမ်းမြို့နယ်စပ်အထိ တိမ်းရှောင် နေ ခဲ့ ရ သည်။ ထိုအတောအတွင်း တပ်မတော်၏ကြိုးမဲ့ကြေးနန်းဆက်သွယ်မှုများကို ဖော်ထုတ်၍ အပိုင်အနိုင် ထွက်တိုက်ခြင်းများပြုလုပ်နေလေ့ ရှိသည်။ အနောက်ရိုးမတပ်ရင်းသည် မြေပြန့်သို့ မဆင်း နိုင်သဖြင့်   ရိက္ခာအခက်အခဲဖြစ်လာရာ မူးချောင်းရိုးရှိ ဖြူကန်(ဝိုင်ဇက် - ၈၆၅၆)၊ ကတောင်းနက် (ဝိုင် -၉၆၇၆၁၈)၊   လယ်ကြီးဒေါင့်(ဝိုင်-၈၈၂၆၂၆) စသော ရွာများသို့အတင်းဝင်ရောက်ပြီး ဆက်ကြေးနှင့်ရိက္ခာ များ အဓမ္မစုဆောင်းခဲ့ရသည်။
ဗိုလ်သက်ထွန်းသည် ဗကပဗဟိုနှင့်အဆက် အသွယ်ရရန် အောင်လှကိုစေလွှတ်ခဲ့ရာ ၁၉၇၂ ခုနှစ် နှစ်ဦးပိုင်းတွင် အောင်လှသည် ဗဟိုမှညွန်ကြားချက်နှင့် အတူပြန်ရောက်လာပြီး    ဗဟိုမှညွှန်ကြားချက်အရ အနောက်ရိုးမတပ်ရင်းသည်လည်း တိုက်တိုင်းအောင် (၇)ဟု အမည်ပြောင်းလဲခဲ့ရသည်။ ဗိုလ်သက်ထွန်းက ပြည်သူ့စစ်တပ်ခွဲ(၇ဝ၁)၊ (၇ဝ၂)၊ (၇ဝ၃)တို့ကို တိုးချဲ့ ဖွဲ့စည်းရာ တစ်ခွဲလျှင် လူ ၁ဝဝ ခန့်စီ တိုးတက်လာ သည်။ တိုက်တိုင်းအောင်(၇) သည်လည်း လူ ၂၃ဝ ခန့်အထိ  တိုးတက်လာသည်။  ဗိုလ်သက်ထွန်း၏ အင်အားစုများသည် ၁၉၇၂ ခုနှစ်အတွင်း တပ်မတော် မှလက်နက်မျိုးစုံ ၁၂၇ လက် သိမ်းဆည်းရရှိခဲ့ရာ အရှေ့ မြောက် ဗကပကြောင့် ပဲခူးရိုးမဗကပများခေါင်းထောင် လာနိုင်သည့်အကျိုးဆက်ပင်ဖြစ်သည်။ တပ်မတော်၏ စစ်ဆင်ရေးအရှိန်လျော့ပါးပြီး ဒေသခံတပ်များသာ ကျန်သောအချိန်များတွင် တိုက်တိုင်းအောင် (၇)သည် ပိုမို၍ လှုပ်ရှားနိုင်ခဲ့သည်ကိုလည်း တွေ့ရနိုင်သည်။
၁၉၇၃ ခုနှစ် နှစ်ဦးပိုင်းတွင် ဗိုလ်သက်ထွန်းနှင့် အင်အား ၂၅ဝ ခန့်သည် အင်အားပြစည်းရုံးလှုပ်ရှား ခြင်းမျိုးများ ပြုလုပ်ခဲ့သေးသော်လည်း  စစ်ရေးအရ တိုက်ကွက်ဖော်မှုများမှာ လျော့နည်းလာသည်။ တပ် မတော်၏စစ်ဆင်ရေးအရှိန်မြင့်တက်လာသောကြောင့်လည်း တိုက်တိုင်းအောင်(၇)သည် မကြာခဏ ထိုးနှက် ခံလာရသည်။ ရိက္ခာအခက်အခဲတွေ့လာသောကြောင့် လည်း လက်နက်ကိုင် အင်အားစုများကို အလုံးအရင်းနှင့် စုစည်းထားရေးမှာ ပြဿနာပေါ်လာသည်။ တိုက် ကွက်ဖော်နိုင်ရန် စုစည်းရမည့် လုံလောက်သောအင်အား မှာ ရိက္ခာပေါ်တွင် တည်မှီလျက်ရှိလာသည်။ ဗိုလ်သက် ထွန်းသည် ဆားကွင်းရွာ(ဝိုင်-၈ဝ၄ဝ၈၅)နှင့် နှစ်မိုင် အကွာတွင် ခိုအောင်း၍ ကဇက်ရွာ (ဝိုင်-၅၂ဝ၉၄ဝ)၊ လှေ့စင်(ဝိုင်-၈၃၇၉၄၆)နှင့် ပဲနီ၊ ပဲနောက်ချောင်းရိုး တစ်လျှောက်ရှိကျေးရွာများမှ ဆက်ကြေးရိက္ခာများ စုဆောင်းခဲ့ရသည်။၃
၁၉၇၄  ခုနှစ်တွင်  ကျေးရွာဆင်းရဲသားသမဂ္ဂ ဖွဲ့စည်းရေး၊ အာဏာဖြူဖြိုချ၍ အာဏာနီ တည်ဆောက် ရေးစသည့် နိုင်ငံရေးလှုပ်ရှားမှုများကိုသာ အဓိကထား ၍ လုပ်ဆောင်လာသည်။ ၆၄ လမ်းစဉ်ကို အကောင် အထည်ဖော်ရာတွင် အပြစ်မဲ့ရွာသား ၁၅ ဦးလည်း အသတ်ခံခဲ့ရသည်။ ၁၉၇၄ ခုနှစ်တွင် မြင်းကွေ့စခန်းကို တိုက်ခိုက်ခဲ့သော်လည်း အရှုံးနှင့်သာရင်ဆိုင်ရတော့ သည်။ ဗိုလ်သက်ထွန်းသည် အာဏာနီတည်ဆောက် ရေးအတွက် ကျေးရွာများတွင် အောက်ပါညွှန်ကြားချက် များ ထုတ်ခဲ့သည်ကိုတွေ့ရသည်။
(က)    အစိုးရ၏မည်သည့်ကိစ္စကိုမျှ ရွာသားများ လိုက်နာလုပ်ဆောင်ခြင်းမပြုရ။
(ခ)     တပ်နှင့်ပြည်သူ့ရဲစသည့် အစိုးရစာများကို ပို့ပေးခြင်းမပြုလုပ်ရ။
(ဂ)     တပ်များ၊ စစ်ကြောင်းများကို လုံးဝအတွေ့ မခံရ။
(ဃ)    လှည်း၊ ထင်း၊ ရေ၊ နေရာထိုင်ခင်းစသည့် မည်သည့်လိုအပ်ချက်ကိုမျှ ကူညီလုပ်ကိုင် ပေးခြင်းမပြုရ။
(င)     ကျေးရွာကောင်စီနှင့် သမဝါယမအားလုံး ဖျက်သိမ်း၍ အာဏာနီသမဂ္ဂများထူထောင် ရမည်။
(စ)     အထက်ပါအချက်များကို မလိုက်နာပါက သေဒဏ်အထိအပြစ်ပေးမည်။
(ဆ)    အာဏာနီနယ်မြေတွင်     ယခင်နှစ်က တစ်အိမ် ၁၅ ကျပ်နှုန်းကောက်ခံရာမှ ယခု နှစ်တွင် ထွက်ကုန်တန်ဖိုး၏ ၁ဝ ရာခိုင်နှုန်း ကောက်ခံမည်။
ဗိုလ်သက်ထွန်းသည် ၁၉၆၅ ခုနှစ်မှစ၍ ဗကပ ဗဟို၏ချုပ်ကိုင်မှုမှ ၁၉၇၂ ခုနှစ်အထိ ကင်းလွတ်ခဲ့ရာ ထိုနှစ်များအတွင်း စစ်ရေးအကောင်အထည်ဖော်မှု အများဆုံးပြုလုပ်ခဲ့သည်။  ဗကပဗဟို သည်  ဗိုလ်သက်ထွန်း၏ သီးခြားလှုပ်ရှားမှုများကို ၁၉၇၂ ခုနှစ်ကျမှ အောင်လှနှင့်အတူ  ညွှန်ကြားချက်များ ပေးပို့၍ချုပ် ကိုင်ရန် ကြိုးစားခဲ့ရသည်။ တပ်မတော်က ရိက္ခာ အကူ အညီဖြတ်တောက်ရန် ရွာပုန်း၊ ရွာနီနှင့်တောင်ပေါ်ချင်း ရွာများအား ရွှေ့ပြောင်းရေးကိုဆောင်ရွက်ခဲ့ရာ ဗိုလ် သက်ထွန်းအနေနှင့် မရွှေ့ပြောင်းလိုကြသော ရွာသား များအပေါ် ပို၍ပင် စည်းရုံးရေးအောင်မြင်ခဲ့ရသည်။
ဗိုလ်သက်ထွန်းသည် နိုင်ငံရေးခံယူချက်ပြင်းထန် သူဖြစ်ပြီး    စည်းရုံးရေးပရိယာယ်ကြွယ်ဝသည်။ ထို့ကြောင့် စစ်ရေးကိုအဓိကထားပြီး ဒေသခံပြည်သူ လူထုနှစ်ခြိုက်အောင် စည်းရုံးနိုင်သောစနစ်ကိုကျင့်သုံး ခဲ့သည်။ ဒေသခံပြည်သူလူထု၏ထောက်ပံ့ကူညီမှုကို အရယူ၍ တိုက်ကွက်များဖော်ခဲ့ရာ ဗဟိုနှင့်ကင်းလွတ် နေသမျှကာလပတ်လုံးအောင်မြင်ခဲ့သည်က များသည်။
၁၉၇၂ ခုနှစ်မှစ၍ ဗဟိုညွှန်ကြားချက်အရ အာဏာနီတည်ဆောက်ရေးကိုဆောင်ရွက်ခဲ့ရသောအခါ ဒေသခံပြည် သူလူထုမှာ အကျပ်အတည်းတွေ့လာရ သည်။ ယခင်က ဗိုလ်သက်ထွန်းသည် တိုက်ကွက်ဖော် ရေးအတွက် တပ်မတော်သတင်းထောက်လှမ်းရာတွင် ရွာသားများကို တပ်မတော်နှင့် ရောနှောဆက်ဆံစေ၍ သတင်းရယူခဲ့သည်။ အာဏာနီတည်ဆောက်ရေးကာလ တွင်ကား ရွာသားများ သည် တပ်မတော်ကိုအတွေ့ခံ၍ မဖြစ်နိုင်ပေ။ ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် ၁၉၇၄ ခုနှစ်ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက် ပွဲများကို ကျေးရွာအတော် များများသည် ဆောင်ရွက်ဝံ့ခြင်းမရှိခဲ့ပေ။ ကျေးရွာသားများသည် အစိုးရ၏ အုပ်ချုပ်ရေးစနစ် နှင့် အာဏာနီတည်ဆောက်ရေးကြားတွင် မလူးသာ၊ မလွန့်သာ ညပ်၍ နေခဲ့ကြရသည်။ သေဒဏ်အထိပေး ရန် ခြိမ်းခြောက်ခံလာရသောကြောင့်လည်း  ကျီးလန့် စာစားဖြစ်လာကြသည်။ အချို့မှာ သတ်ဖြတ်ခံကြရ သဖြင့် အိုးပစ်၊ အိမ်ပစ်ပြေးသူများရှိလာသည်။ အချို့မှာ မနေဝံ့တော့သဖြင့် အာဏာနီနယ်မြေမှ လွတ်ရာသို့ရွှေ့ ပြောင်း ထွက်ပြေးကြသည်။
၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ မင်းလှမြို့ နယ် အနောက်ခြမ်း(ပဲနီ၊ ပဲနောက်၊ ရေကြည်ချောင်း) ဒေသကို နစ်ဖြူအနောက်တိုင်းက အာဏာနီဒေသ အဖြစ် သတ်မှတ်ခဲ့သည်။ အစိုးရမှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများ လုံးဝကင်းစင်ရန်လည်း အကြမ်းဖက်၍ ဆောင်ရွက်ခဲ့ကြသည်။ ဖော်ပြပါရည်ရွယ်ချက်အရ အစိုးရအမာခံ၊ အာဏာဖြူသမားများ၊ အာဏာနီ ဆန့်ကျင်ရေးသမားများ   စသည့်စွပ်စွဲချက်များဖြင့် ၁၉၇၄  ခုနှစ်၊  ဇန်နဝါရီလတစ်လအတွင်းမှာပင်  အောက်ပါအပြစ်မဲ့ကျေးရွာလူကြီး ၁၄ ဦး အသတ်ခံခဲ့ ကြရသည်။
(က)    ဦးဘိုးငြိမ်း၊ ကဒေါင်ကျင်းရွာ
(ခ)     ဦးအောင်လှိုင်၊ နွားလဲရွာ
(ဂ)     ဦးဟန်သိမ်း၊ ကံကျောရွာ
(ဃ)    ဦးသီလေး၊ ကံကျောရွာ
(င)     ဦးထွန်းစိန်၊ ငါးဘတ်အိုင်ရွာ
(စ)     ဦးဘိုးရင်၊ ရွှေချောင်းရွာ
(ဆ)    ဦးကုလား၊ မီးလောင်ကုန်းရွာ
(ဇ)     ဦးညိုဝိုင်း၊ လှေ့စင်ရွာ
(ဈ)     ဦးစံခင်၊ ဆင်ဖြူကံရွာ
(ည)    ဦးသိန်းနိုင်၊ အောက်ကိုင်းရွာ
(ဋ)     ဦးရွှေပိုင်၊ စမ်းကြီးရွာ
(ဌ)     ဦးချစ်ခွေး၊ သီးကုန်းရွာ
(ဍ)     ဦးမာဒင်၊ ချင်းကုန်းရွာ
(ဎ)     ဒေါ်ကျော့ခင်၊ သခွပ်ရင်းရွာ
သောင်းကျန်းသူများက သတ်ဖြတ်ရန် ဖမ်းဆီးကြ စဉ် ထွက်ပြေးလွတ်မြောက်လာကြသူများမှာ စမ်းလယ် ရွာမှ ဦးဒေါညို၊ ဘန့်ပြင်ရွာမှ ဦးဖိုးချုံ၊ မီးလောင်ကုန်း ရွာမှ ဦးအောင်စိန်နှင့်ဦးညီခွေး၊ အောက်ကိုင်းရွာမှ ဦးသိန်းမောင်နှင့်ဦးပုမောင်၊ ချင်းကုန်းရွာမှ ဦးပီလော၊ စမ်းကြီးရွာမှ ဦးလှစိုး၊ ဦးပေါက်ချိပ်၊ ဦးစံမြင့်၊ ဦးငွေသိန်း နှင့်ဦးရီ၊ရေငံရွာမှဦးတုတ်ကြီး၊စက်စက်ယိုရွာမှ ဦးတင်ဦးနှင့်မြို့သစ်ရွာမှ ဦးဝဲကျော်တို့ဖြစ်ကြသည်။
ဗဟိုအာဏာနီတည်ဆောက်ရေးညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရာတွင် လုပ်နည်းလုပ်ဟန် သည် ဗိုလ်သက်ထွန်း၏ယခင်စည်းရုံးရေးမူများမဟုတ်တော့ပေ။ ပဲ ခူး ရိုး မ နှင့် မြစ် ဝ ကျွန်း ပေါ် ဒေ သ မှအာဏာနီ တည်ဆောက်ရေးပုံစံများကဲ့သို့ပင် အကြမ်းဖက်စည်းရုံး ရေးဖြစ်လာသည်။ သို့နှင့် ကျေးရွာအများအပြားမှာ အကျပ်အတည်းတွေ့လာကြရသည်။ ကျေးရွာများမှ ရေသာခိုသူများ၊ ခြေသလုံးအိမ်တိုင်များ၊အချောင်သမား များကို စုစည်း၍ ဆင်းရဲသားသမဂ္ဂများဖွဲ့စည်းလိုက် သောအခါ ပို၍ ဆိုးရွားလာသည်။
ဗကပ  ဗဟိုသည်  ပဲခူးရိုးမဒေသကြီးတွင် တိုက်တိုင်းအောင်(၁)မှ (၄)အထိ ဖွဲ့စည်းခဲ့ပြီး သရက် ခရိုင်အရှေ့ခြမ်းတွင် တိုက်တိုင်းအောင်(၆)ကို ဖွဲ့စည်း ခဲ့သည်။ ထို့နောက် အနောက်ရိုးမတပ်ရင်းကို တိုက် တိုင်းအောင် (၇)အဖြစ် ပြောင်းလဲရန်ညွှန်ကြားခဲ့ သည်။ ဗကပဗဟိုဌာနချုပ်၏ရည်ရွယ်ချက်မှာ ဗိုလ်သက်ထွန်းနှင့်အနောက်မြောက်တိုင်းအား တိုက်တိုင်းအောင်(၆)နှင့်   ဆက်စပ်လှုပ်ရှားစေပြီး ချုပ်ကိုင်ရန်ဖြစ်သည်။ ဗိုလ်သက်ထွန်းအနေနှင့် အလံနီ ပါတီအပေါ် ဗကပဗဟိုကဲ့သို့ပင် မင်းမဲ့ပါတီ၊ ဓနရှင် ပေါက်စပါတီအဖြစ် အမြင်ပြောင်းရန်လည်း ညွှန်ကြား ခဲ့သည်။ သို့သော် ပဲခူးရိုးမမှ တိုက်တိုင်းအောင်(၁)၊ (၂)၊ (၃)နှင့် (၄)၊ သရက်ခရိုင်အရှေ့ခြမ်းမှ တိုက်တိုင်းအောင် (၆)တို့သည် အာဏာနီတည်ဆောက်ရေးတွင် ပြည်သူ လူထုကိုဆန့်ကျင်သော အကြမ်းဖက်ဝါဒကိုကျင့်သုံးသဖြင့် ကျဆုံးခဲ့ကြရာ တိုက်တိုင်းအောင် (၇)သည်လည်း အခြားတိုက်တိုင်းအောင်များနည်းတူပင် ကျဆုံးလာရ တော့သည်။ ဗိုလ်သက်ထွန်း၏ အနောက်မြောက်တိုင်း တပ်သည် ၁၉၇၄ - ၇၅ ခုနှစ်များတွင် အောက်ပါ အကျပ်အတည်းများကို ရင်ဆိုင်လာရတော့သည်။
(က)    ဗဟိုက  အယုံအကြည်မရှိသဖြင့်  ကူညီ ထောက်ပံ့မှုမရခြင်း၊ ဗဟိုကိုယ်တိုင်က ကူညီ နိုင်သောအခြေအနေမရှိခြင်း။
(ခ)     စိန်အောင်လက်နက်ချပြီး      အဖွဲ့အတွင်း ပဋိပက္ခပေါ်လာခြင်း။
(ဂ)     ဗဟိုကော်မတီကျော်မြ၏ ရခိုင်ပြည်နယ် ကော်မတီနှင့် အစေးမကပ်သဖြင့် အကူ အညီမရခြင်း။
(ဃ)    ဗဟို၏ဆန္ဒအတိုင်း အာဏာနီအကောင် အထည်ဖော်ရာတွင်    ပြည်သူလူထုက ဆန့်ကျင်လာခြင်း။
ဗိုလ်သက်ထွန်း၏အခြေအနေမှာ ညှပ်ပူးညှပ်ပိတ် အခြေအနေတွင် ရှိလာသည်ဟု ဆိုရမည်ဖြစ်သည်။  ဖိုးခေါင်တောင်တန်းကိုလည်းလက်လွှတ်ရတော့မည့် အခြေအနေရှိလာရာ ဗိုလ်သက်ထွန်းသည် ပြည်သူ့စစ် (၇ဝ၄) ဒေသတိုးချဲ့ဖွဲ့စည်းရန် တင်စိုး(ခေါ်)ခြုံတိုင်း အား တာဝန်ပေးခဲ့ရ သည်။ ၁၉၇၄ ခုနှစ်၊ မတ်လ(၁၈) ရက်တွင် ဗိုလ်သက်ထွန်းနှင့်အင်အား ၂၇၅ ယောက်သည် သမင်ကတုတ်ရွာတွင်းတွင် တပ်မတော်စစ် ကြောင်းရှိသည်ထင်ပြီး ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြ သည်။  ထို့နောက်  ရွာကိုဝင်ရောက်သိမ်းပိုက်ကြရာ ရွာပြင်တွင်ရှိနေသော တပ်မတော်စစ်ကြောင်းကလာ ရောက်တိုက်ခိုက်ခြင်းကိုခံခဲ့ကြရသည်။ ဗိုလ်သက်ထွန်း က သမင်ကတုတ်တိုက်ပွဲ နှင့်ပတ်သက်၍ -
''ဒီတိုက်ပွဲဟာ တို့ရှုံးတာပဲ၊ အမြတ်မရဘူး၊ အရင်းရှုံးတယ်၊ ရလာတဲ့ပစ္စည်းတွေက ရွာကပစ္စည်းတွေဖြစ်တယ်၊ အဲဒီတပ်စိတ်မှ ဒီလိုထဘီတွေ၊ မိန်းမအင်္ကျီတွေ ထမ်းမထားဘူး၊ *(သမင်ကတုတ်တိုက်ပွဲတွင် အမျိုးသမီးဝတ်ထဘီများ၊ အင်္ကျီများကိုဖမ်းဆီးရမိအဖြစ် တင်ပြခဲ့ကြရာ ဗိုလ်သက်ထွန်းက တပ်မတော်မှတပ်စိတ်တွင် အမျိုးသမီးအဝတ်အစားမရှိကြောင်း၊ ရွာသားများထံမှ သာဖြစ်ကြောင်းပြောဆိုခြင်းဖြစ်သည်။)
ရန်သူက ဝါဒဖြန့်မယ်၊ ကြေးစားတွေ လုပ်သလိုပဲ၊ ကြေးစားတွေရွာရောက်ရင် ဓာတ်မီးယူ၊ ရေဒီယိုသိမ်းလုပ်တယ်၊ ဓားပြတွေနဲ့တူနေတယ်၊ ဒီတိုက်ပွဲမှာ ကျည်မျိုးစုံ ၁ဝ၅၈ တောင့်ကုန်တယ်၊ ဒီလို သာ ဆက်လုပ်သွားရင် တပ်ပျက်မှာပဲ၊ ကျည်ဆန်တွေ ဒလဟောသုံးကြတယ်၊ ငါမဟုတ်တာ မပြောဘူး၊ ငါ ပြောတာမှန်တာချည်းပဲ'' စသည်ဖြင့် ညည်းတွားပြောဆိုခဲ့သည်။(၁။  သက်ထွန်းနှင့်နောက်ပါအင်အားစုများ ချေမှုန်းရေးစာတမ်း၊ စာမျက်နှာ       ၉၈။) ဗိုလ်သက်ထွန်းသည် တိုက်ပွဲတိုင်းကိုစစ်ရေး အရရှုံးလျှင်ပင် နိုင်ငံရေးအရနိုင်သည်ဟု သုံးသပ်ခဲ့သူ ဖြစ်ရာ ရှုံးသည်ဟု ဝန်ခံပြောဆိုခြင်းမှာ ယခုတစ်ကြိမ် တွင်သာရှိသည်ဟုဆိုကြသည်။  ၁၉၇၄  ခုနှစ်တွင် ကျည်ဆန် အကုန်အကျများပြီး အရှုံးလည်းများခဲ့လေရာ ခဲယမ်းလက်ကျန်ကလည်း နည်းပါးလာသည်။ ဆွဲမိုင်း၊ တိုက်မိုင်းနှင့် ကားမိုင်းများအတွက် ယမ်းဘီလူးမှာ ၁ဝ ပိဿာခန့်ရှိတော့သည်။ တိုက်တိုင်းအောင် (၇) (ခေါ်) တိုင်းတပ်တွင် လူအင်အား ၂၅ဝ ခန့်မှာ လက်နက် ကိုယ်စီကိုင်နိုင်သော်လည်း ခဲယမ်းအနေနှင့်မူ ၇ ဒသမ ၆၂ မမ ကျည် ၁၅ဝဝ တောင့်၊ ဒသမ ၃ဝ၃ ကျည် ၁ဝဝဝ ခန့်၊ ဒသမ ၃ဝ ကျည် ၁ဝဝဝ ခန့်နှင့် လက်ပစ် ဗုံး ၁ဝဝ ခန့်သာ လက်ကျန်ရှိနေသည်။၂ ထိုခဲယမ်း အင်အားမှာ လူအားလုံးပါဝင်သည့် တိုက်ပွဲတစ်ပွဲကိုပင် ရေရှည်အချိန်ဆွဲ၍ တိုက်နိုင်ခြင်းမရှိပေ။ ငွေရေး၊ ကြေးရေး အခက်အခဲဖြစ်နေ သောကြောင့်လည်း နှစ်စဉ် ဆက်ကြေးငွေ ၂ဝဝဝဝ ကျပ်ခန့် ကောက်ခံနေရာမှ ၅ဝဝဝဝ ကျပ်ခန့် တိုးချဲ့ကောက်ခံရန်စီစဉ်ခဲ့ရသည်။ ထို့ပြင် ကမ္မမြို့ကို စီးနင်းတိုက်ခိုက်၍ ငွေတိုက်ကိုဖောက် ယူရန်လည်း စီစဉ်လျာထားခဲ့သည်။
ဗိုလ်သက်ထွန်းသည် တဖြည်းဖြည်းကျဆင်းလာသော အနောက်မြောက်တိုင်းကိုပြန်လည်၍ ဦးမော့လာ စေရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့သည်။ ဗိုလ်သက်ထွန်း   သည် အင်အားနည်းတပ်စခန်းများ၊ စစ်ကြောင်းအဖွဲ့ ငယ်များကို အင်အားအလုံးအရင်းဖြင့် အပိုင်အနိုင် တိုက်ခိုက်ခြင်း၊ တပ်မတော်စခန်းများ၊ စစ်ကြောင်းများ ၏အနေအထိုင်ပေါ့လျော့မှု၊ စည်းကမ်းပျက်ယွင်းမှုကို အခွင့်ကောင်းယူ၍တိုက်ခိုက်ခြင်း၊ တပ်မတော် ကြိုးမဲ့ ကြေးနန်းဆက်သွယ်မှုများကို ကြားဖြတ်ဖမ်းယူထောက် လှမ်းခြင်း၊ ကျေးရွာသား အမာခံများမှတစ်ဆင့် သတင်းထောက်လှမ်းခြင်းစသော လုပ်နည်းလုပ်ဟန်များဖြင့် စစ်ရေး အောင်မြင်မှုရယူ လျက်ရှိရာတပ်မတော် စစ်ကြောင်းများသည် သတိနှင့်သွားလာလှုပ်ရှားခြင်း၊ စစ်စည်းကမ်းများကို တင်းကြပ်စွာထိန်းသိမ်းခြင်း၊ ကြိုးမဲ့ ကြေးနန်းဆက်သွယ်ရေးစနစ်များကိုပြုပြင်ခြင်း၊ အမာခံ များဖော်ထုတ်ခြင်းတို့ကို ပြုလုပ်လာကြသောအခါ ဗိုလ် သက်ထွန်း၏ အောင်မြင်မှုမှာလည်း နည်းပါးလာသည်။ ဗိုလ်သက်ထွန်းသည် ၁၉၇၄ ခုနှစ်၊ ဖေဖော်ဝါရီလ ချင်း သောက်စခန်းတွင် ဆွေးနွေးပွဲကျင်းပ၍ အောက်ပါ အတိုင်းသုံးသပ်ခဲ့သည်။
x            x          x          x
''ကြေးစားတပ်တွေ တစ်ပြည်လုံးမှာ စစ်ရေးအရ ရှုံးနိမ့်နေတယ်၊ ရှမ်းပြည်မြောက်ပိုင်း၊ ပဲခူးရိုးမ၊ သရက် အနောက်ပိုင်းခရိုင်များမှာ အရှုံးနဲ့အဆုံးသတ်နေရတယ်၊ ဘယ်လောက်ပဲ ထိုးစစ်ကြီးတွေထိုးထိုး၊ ဘယ်လောက်ပဲ တပ်များများ ငါတို့ကိုမတိုက်နိုင်ဘူး၊ လုပ်တဲ့တပ်များသာ ချေမှုန်းခံရမှာဖြစ်တယ်၊ တပ်မတော် တပ်မ,မကလို့ ဘာတပ်ပဲလာလာ ချေမှုန်းပစ်မယ်၊ သူတို့ကို အလစ် အငိုက်ယူတိုက်ရင်ရတယ်၊ ခလရ(၄၄)အနေနဲ့ကြောက် လို့ ချုံတိုးတယ်၊ လမ်းအတိုင်းမသွားရဲဘူး၊ ပရိယာယ်ြ<ွကယ်ဝတယ်၊ ဂိတ်စခန်းလုံခြုံရေးအတွက်လည်း ထားရ၊ ထိုးစစ်လည်း လုပ်ချင်၊  ကျေးရွာကျောရိုးတွေလည်း  ဖြိုချချင်ပေမယ့် တပ်မလောက်လို့ မလုပ်နိုင်ဘူး၊ ခမရ (၅ဝ) တပ်အနေနဲ့ အခုချိန်မှာ သတိရှိနေတယ်၊ ရွာကို  ရောက်ရင်လည်း သတိရှိရှိနဲ့နေပြီး ကတုတ်ကျင်းတူး တယ်၊ နေ့မလှုပ်ရှားဘဲ ညလှုပ်ရှားတဲ့ပြောက်ကျားစစ်ကို ဆင်နေတယ်၊ ရွာတွေမှာ ညမအိပ်ဘဲနေတယ်၊ စခန်းမှာ ရှိတဲ့တပ်တွေကလည်း ကုပ်နေပြီး သတိနဲ့အပြင်ထွက်  နေတယ်၊ နေ့မသွားဘူး၊ ညသွားတယ်၊ လမ်းမသုံးဘူး၊ ခလရ(၅ဝ) ကွန်မန်ဒိုကလည်း ချုံလျှောက်တိုးတယ်၊ ကွန်မန်ဒိုတွေက ချုံတိုးကောင်တွေ၊ ခုစစ်ဆင်ရေးဝင်တဲ့ တပ်တွေကလည်း (ဆက်သွယ်ရေး)စက်မသုံးဘဲ စက် ပိတ်အလုပ်လုပ်နေတယ်၊ ဘာလုပ်လို့ ဘာလုပ်ရမှန်း မသိတော့ဘူး၊  တချို့ဆိုရင်  မှန်းပြီးလုပ်နေရတယ်၊ ဒါကြောင့် တိုက်ရခက်တယ်''
x            x          x          x
ဗိုလ်သက်ထွန်းပြီးလျှင်စစ်ရေးတွင် အားကိုးရဆုံးသော ဒုတိယခေါင်းဆောင်ရဲဘော်စိန်အောင်(ခေါ်) ဗိုလ်တိုးလွင်နှင့်လည်း ပဋိပက္ခမှာ ပို၍ကြီးမားလာသည်။ ဗိုလ်သက်ထွန်းက ''မင်းကို တစ်နေ့ ဗဟိုကမွေးချင်မွေး မယ်၊ ဂူတစ်လုံးတည်း ခြင်္သေ့နှစ်ကောင်အောင်းလို့မဖြစ် ဘူး''ဟု ပြောကြားကာ ဖြုတ်၊ ထုတ်၊ သတ်ရန် စီစဉ် သဖြင့် စိန်အောင်(ခေါ်)ဗိုလ်တိုးလွင်သည် ၁၉၇၃ ခုနှစ်၊ စက်တင်ဘာလ(၁ဝ)ရက်၌ ခလရ(၄၄)တိုင်းတာဝ ခန်းသို့  လက်နက်ချအလင်းဝင်သွားခဲ့ပြီးဖြစ်သည်။ သို့သော်  ဗိုလ်သက်ထွန်းသည်  အောက်ပါအတိုင်း ကြွေးကြော်၍ အနောက်မြောက်တိုင်းအခြေအနေကို တတ်နိုင်သမျှ အဖတ် ဆယ်ခဲ့သည်။ (၁။    ဇင်-ချစ် နောက်ဆုံး(၂)၊ စာမျက်နှာ        ၂ဝ၄၊ ၂ဝ၅။)
''ဖိုးခေါင်တောင်တန်းကနေပြီး ဘင်္ဂလားပင်လယ် အော်အထိ အာဏာနီတည်ဆောက်ပြီး တစ်ပြည်လုံးကို သိမ်းပိုက်မယ်၊ တရုတ်ပြည်မှာ ကျင်ကန်တောင် ဗမာ ပြည်မှာ ဖိုးခေါင်တောင်''
ထို့နောက်၁၉၇၃ခုနှစ်၊စက်တင်ဘာလ(၁)ရက် တွင်ဖိုးခေါင်တောင်တန်းအခြေခံဒေသနီတောင့်တင်း ကြံ့ခိုင်ရေးကြွေးကြော်သံများ(၂။သက်ထွန်းနှင့်နောက်ပါအင်အားစုများချေမှုန်းရေးစာတမ်း၊ စာမျက်နှာ ၁ဝ၃။)ကို ထုတ်ပြန်၍ နိုင်ငံရေး၊ စစ်ရေးလှုံ့ဆော်ချက်များပြုလုပ်ခဲ့သည်။ စိန်အောင် သည် ကြွေးကြော်သံများထုတ်ပြန်ပြီး ၁ဝ ရက်အကြာ တွင်  လက်နက်ချခဲ့ခြင်းဖြစ်သည်။  ၁၉၇၄  ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ငေါတောင်အနောက်ခြမ်း လွတ်မြောက်ရေးတိုက်ပွဲ ဒုတိယအဆင့် လုပ်ငန်းစဉ်ကို ထုတ်ပြန်ပြန်သည်။  သို့သော်  ၁၉၇၄  ခုနှစ်၊  မေလ အတွင်းတွင်  အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ ရှေ့တန်းစစ်ဗျူဟာအဖွဲ့က   လက်ပန်တံခါးတောင်ပိုင်း နယ်မြေ၊ လက်ပန်တံခါး၊ ရေနံမ၊ ရှမ်းတပ်ကြီးနယ်မြေ၊ ရေနံမ အရှေ့ဘက်ကန်ရွာ(ဇက်-၁၃၁၉၂၅) နယ်မြေများအား မိုးကျော်စစ်ဆင်ရေးဖြင့် အသေးစိတ် ပိုက်စိပ်တိုက်၍ ရှင်းလင်းခဲ့ရာ ဗိုလ်သက်ထွန်း၏ တိုင်း တပ်သည်လှုပ်ရှားမှုမပြုနိုင်ဘဲ ငြိမ်သက်စွာခိုအောင်း နေခဲ့ရသည်။ ၁၉၇၄ ခုနှစ်အတွင်း တပ်မတော် စစ် ကြောင်းများနှင့် တိုင်းတပ်၊ ခရိုင်တပ်များမှ အဖွဲ့ငယ် များထိတွေ့တိုက်ခိုက်ကြရာတွင်လည်းတိုင်း၊  ခရိုင် တပ်များအရှုံးများပြီး လုံးပါးပါးလာသည်။ ထိုကဲ့သို့သောထိတွေ့မှုများမှာလည်း  ဗိုလ်သက်ထွန်း၏အင်အားစုကို လက်နက်ခဲယမ်း တဖြည်းဖြည်းချို့တဲ့ လာစေသည်။  ၁၉၇၄ ခုနှစ်၊  ဖေဖော်ဝါရီလ  ပထမပတ်အထိ နှစ်လတာ ကာလအတွင်း ပဲနီ၊ ပဲနောက်ဒေသကို တပ်မတော်က စစ်ဆင်ရေးလုပ်ရာ သောင်းကျန်းသူ ငါးယောက် အသေမိခဲ့ပြီး တစ်ယောက်ဒဏ်ရာရသွား ခဲ့သည်။  သုံးယောက်ဖမ်းဆီးရမိပြီး  တစ်ယောက် လက်နက်ချဝင် ရောက်လာသည်။၃ တပ်မတော်မှ ပြောပလောက်အောင်ထိခိုက်ကျဆုံးမှုမရှိခဲ့ပေ။
ဗိုလ်သက်ထွန်းသည် ဗကပဘေးနံအင်အားစုများ၏ အကူအညီမရသဖြင့် သီးခြား ရပ်တည် နေရသော အခြေအနေကို စိတ်ပျက်ငြီးငွေ့လာခဲ့သည်။ အနောက် မြောက်တိုင်း၏ အခြေအနေနှင့် ပတ်သက်၍ ဗိုလ်သက်ထွန်းက လက်နက်ချအလင်းဝင်လာပြီးနောက်တွင် အောက်ပါ အတိုင်း ထွက်ဆိုချက်ပေးခဲ့သည်ကိုတွေ့ရ သည်။(၄။ဗိုလ်သက်ထွန်းထွက်ဆိုချက်စာတမ်း၊ စာမျက်နှာ၁၉၊ ၂ဝ။)
x            x          x          x
''၁၉၇၄  ခုနှစ်တွင်  မြစ်ဝကျွန်းပေါ်တိုင်း ကျဆုံးခဲ့ရ၏၊ ၁၉၇၅ ခုနှစ်တွင် ပဲခူးရိုးမတိုင်းကျဆုံး ခဲ့သော ကျွန်တော်တို့၏မဟာဗျူဟာကြီးအနေ အထားမှာ လွန်စွာဆိုးရွားခဲ့ပါသည်၊ တပ်မတော် ထိုးစစ်များ ဖိအားနှင့်အရှိန်အဟုန်မှာ တစ်စတစ်စ ပိုမိုပြင်းထန်မြင့်မားလာပြီး ရေရှည်ဆွဲ၍ ကျွန်တော် တို့အား အလုံးအရင်းအင်အားနှင့်တိုက်ခိုက်ရန် လမ်းပွင့်နေခဲ့ပါသည်၊  ကျွန်တော်တို့သည် ပြည်ပမှ ဖြစ်စေ၊ ပြည်တွင်းမှဖြစ်စေ မည်သည့်အကူအညီ မျှမယူဘဲ ကိုယ့်ဝမ်းစာကိုယ်ရှာစားကာ နှစ်ပေါင်း များစွာ  ရပ်တည်နေခဲ့ရသည်၊  အမှန်စင်စစ်    ကျွန်တော်တိုက်ရိုက်ဦးစီးကွပ်ကဲခဲ့သော အနောက် ရိုးမကြီး၏ မဟာဗျူဟာ အနေအထားမှာ အထီးကျန် အနေအထားဖြစ်ခဲ့ပါသည်၊ ပခုက္ကူခရိုင်တစ်ခုလုံးကိုလည်း ၁၉၇၂ ခုနှစ်တွင် လုံးဝလက်လွှတ်ရပြီး ကျန်တပ်စိတ်တစ်စိတ်ကိုသာ မိမိထံခေါ်ယူထား ကာ ၎င်းအချိန်မှစ၍ ပခုက္ကူသို့ လုံးဝပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိခဲ့ပါ၊ မင်းဘူးခရိုင်ကို ၁၉၆၉ ခုနှစ်တွင် ဆုံးရှုံးခဲ့ရပြီး မင်းဘူးအင်အားများမှာ ထိုအချိန်မှစ၍ မူလအခြေခံဒေသဟောင်းအတွင်း ပြန်လည်အခြေစိုက်နိုင်ခြင်း မရှိတော့ဘဲ ကျောက်ဖြူ ခရိုင်ဒလက်ချောင်း၊ အေးချောင်း၊ အမ်းချောင်းများ အတွင်းတွင်သာ ကပ်ရပ်ခိုလှုံနေခဲ့ရသည်၊ မိမိအနေ နှင့် အဆိုပါအင်အား ၁ဝဝ ယောက် ပတ်ဝန်းကျင် ရှိသည့် အင်အားဝန်ထုပ်ဝန်ပိုး ကြီးကိုလက်နက် ခဲယမ်း၊ ဘဏ္ဍာရေးထောက်ပံ့မှုအရ လေးလံစွာ နှစ်ပေါင်း များစွာထမ်းဆောင်နေခဲ့ရပါသည်။
အနောက်မြောက်တိုင်းနယ်မြေမှာ  သုံးခရိုင် အနက် နှစ်ခရိုင်ကျဆုံးပြီး တစ်ခရိုင်သာ အသက် ငွေ့ငွေ့ကျန်ရှိနေတော့သည်။ ကျွန်တော်၏လုပ်ဖော် ကိုင်ဖက်များသည်   မင်းဘူးခရိုင်အင်အားစုအတွင်း အမြောက်အမြားရှိသော်လည်း သူတို့သည် ဖိုးခေါင် တောင်တန်းအား မည်သို့မျှ မည်မည်ရရအကူအညီ ပေးခဲ့ခြင်းမရှိ။ သူတို့ဘာသာ ချောင်းဖျားချောင်းနား ဒေသတွင် ငြိမ်ငြိမ်သက်သက်ရပ်တည်နိုင်ဖို့သာ လျှင် ကြိုးပမ်းခဲ့ကြသည်။ စစ်ဆင်ရေးနယ်မြေတိုးချဲ့ ရေးလုပ်ငန်းများကိုလည်း မလုပ်ခဲ့ကြပါ။ ဒလက် ချောင်း၊ အေးချောင်း၊ အမ်းချောင်းဒေသများမှာ အမှန်စင်စစ် စစ်အေးဒေသများအဖြစ် နှစ်ပေါင်း များစွာရပ်တည်ခဲ့ကြသည်။     အလားတူပင် ကျောက်ဖြူခရိုင်၊   စစ်တွေခရိုင်တို့ပါဝင်ရာ ကိုကျော်မြ၏ ရခိုင်ပြည်နယ် ဆိုသည်မှာလည်း ကျွန်တော်တို့၏ဖိုးခေါင်တောင်တန်းအား ကူညီဖေးမရန်   စိတ်ကူးစိတ်သန်းပင်ရှိပုံမရပေ၊ ကျွန်တော်၏ လှုပ်ရှားတိုက်ခိုက်မှုများကို သူတို့အနေဖြင့် စာနှင့်ပေနှင့် ချီးကျူးသြဘာပေးကြ၏။''
''တပ်မတော်စစ်ကြောင်း၊ တပ်မတော်တပ်ရင်း တပ်ဖွဲ့အမြောက်အမြား ကျွန်တော်တို့နှင့်ရင်ဆိုင်ရ သည့်အခြေအနေကို သူတို့များစွာနှစ်ထောင်း အားရဖြစ်မိကြသည်။ သူတို့လိုချင်သည်မှာ သူတို့ရခိုင်ပြည်နယ် တစ်ခုလုံးငြိမ်သက်အေးဆေး နေရန်ဖြစ်၍ သူတို့အပေါ်အာရုံစူးစိုက်လာစေမည့် လှုပ်ရှားမှုမှန်သမျှကို သူတို့ မလုပ်မိအောင် သတိ ထားနေခဲ့ကြသည်။ ကျွန်တော်တို့က ရိုးမအရှေ့ ခြမ်းတွင်အနေကျပ်၍ ရိုးမအနောက်ခြမ်းကိုသိမ်း ယူလိုက်သောအခါ  သူတို့က အဆိုပါနယ်မြေများ ကို သူတို့အားပြန်လည်လွှဲအပ်ရန်သာ တောင်းဆို နေကြသည်။''
x            x          x          x
၁၉၇၅ ခုနှစ်တွင် တပ်မတော်အနောက်မြောက် တိုင်းစစ်ဌာနချုပ်နှင့် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တို့ ပူးပေါင်း၍ စစ်ဆင်ရေးများကိုဆင်နွှဲသောအခါ ဗိုလ်သက်ထွန်း၏ တိုက်တိုင်းအောင်(၇) (ခေါ်) အနောက် မြောက်တိုင်းသည် မြေပြန့်သို့မဆင်းနိုင်တော့ဘဲ တောင်ပေါ်ဒေသတွင်သာ ခိုအောင်းနေခဲ့ ရတော့သည်။ ဗိုလ်သက်ထွန်းနှင့်နောက်ပါအင်အားစုများသည် ဧရာဝတီ မြစ်၏အနောက်ဘက်ကမ်းတွင်   မြေပြန့်ဒေသမှ အနောက်ရိုးမပေါ်သို့တဖြည်းဖြည်းဆုတ်ခွာခဲ့ရသည်။ ဖိုးခေါင်တောင်တန်းကိုပါ  လက်လွှတ် ရတော့မည့် အခြေအနေသို့ရောက်ရှိလာသောအခါ ရခိုင်ပြည်နယ်ကော်မတီ၏ နယ်မြေဖြစ်သော ရခိုင်ရိုးမအနောက်ခြမ်း သို့ဝင်ရောက်ခိုအောင်းခဲ့ရလေရာ  ရခိုင်ပြည်နယ် ကော်မတီမှ ကိုကျော်မြ (ဗဟိုကော်မတီဝင်) တို့နှင့် ပဋိပက္ခဖြစ်လာရသည်။ စစ်ဆင်ရေးတွင် အနောက်ပိုင်း တိုင်း စစ်ဌာနချုပ် လည်းပါဝင်လျက်ရှိရာ ဗိုလ်သက်ထွန်း ၏အင်အားစုများသည် အရှေ့နှင့်အနောက်စစ်မျက်နှာ နှစ်ဖက်ညှပ်၍ အခက်အခဲတွေ့လာခဲ့ရသည်။
ဗိုလ်သက်ထွန်း၏ အင်အားစုများသည် စစ်ရေးအရ အောင်မြင်မှု အတန်အသင့် ရရှိခဲ့ကြဖူးသော်လည်း ပြည်သူနှင့်တပ်မတော်တို့၏ချေမှုန်းတိုက်ခိုက်ခြင်းကိုခံ လာကြရလေ ရာ၁၉၇၅ ခုနှစ်နောက်ပိုင်းတွင် ပဲခူးရိုးမဒေသ၌လည်း ဗကပဗဟိုချုပ်ငြိမ်းပြီးဖြစ်သဖြင့်အနုတ် လက္ခဏာပြပြီး တောက်လျှောက်ပင်ကျဆုံးလာရတော့ သည်။
Share this article :

1 comments:

poem lover said...

အက်မင်ကြီးခင်ဗျား .... ပြည်တွင်းသောင်းကျန်းမှူ့ သမိုင်း အပိုင်း(၅) မှာ
အခန်း(၁) ကနေ (၇) ထိ မတွေ့ ပါဘူးခင်ဗျာ.......အဲဒါလေး ပြန်တင်ပေးပါအုံးခင်ဗျာ......... ဖတ်ရတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ...........

Post a Comment

 
ဆက်သွယ်ရန် mmpolitical2013@gmail.com :
Template Modify by Creating Website Myanmar Political Research Organization