Home » » အခန်း(၉) မြစ်ဝကျွန်းပေါ်ဒေသမှ ကေအင်န်ယူများ

အခန်း(၉) မြစ်ဝကျွန်းပေါ်ဒေသမှ ကေအင်န်ယူများ


အခန်း(၉)
မြစ်ဝကျွန်းပေါ်ဒေသမှ ကေအင်န်ယူများ
(၁။ စောအယ်ကော်၊ မန်းစံမင်း၊ ရဲဘော်မြ၊ ရဲဘော်ဘခက်၊ ရဲဘော်သံခိုင်တို့၏ ပြည်သူ့စစ် ဒို့စစ် ဒို့စစ် စာအုပ်မှထုတ်နုတ်ရေးသားသည်။)

မြစ်ဝကျွန်းပေါ်ဒေသအခြေအနေ
၁၉၄၈-၄၉ ခုနှစ် ကေအင်န်ဒီအိုများ စတင်ထကြွ သောင်းကျန်းစဉ်က အင်းစိန်သည် ကရင်လက်နက် ကိုင်များ၏ အဓိကအချက်အချာသဖွယ်ဖြစ်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် တောင်ငူသည် ကော်သူးလေမြို့တော် ဟု နာမည်ကြီးခဲ့ပြီး ကရင်လက်နက်ကိုင်များကို ထိန်းသိမ်းကွပ်ကဲထားနိုင်ခဲ့သည်။ တပ်မတော်က တောင်ငူ ကို သိမ်းပိုက်ပြီးနောက်တွင် စောဘဦးကြီးတို့လူစုသည် သံတောင်ဘက်သို့ ဆုတ်ခွာသွားသဖြင့် သံတောင်၊ ဘောဂလိနယ်မြေသည် ကရင်သောင်းကျန်းမှု၏ အချက်အချာအဖြစ် ခေတ္တမျှ တည်ရှိခဲ့သေးသည်။ စောဘဦးကြီး ကျဆုံးပြီးသည့် နောက်ပိုင်းတွင်ကား မြစ်ဝ ကျွန်းပေါ်သည် ကေအင်န်ယူ သောင်းကျန်းသူတို့၏ အချက်အချာ ဗဟိုချက်ဒေသကြီးဖြစ်၍လာသည်။

၁၉၅၂ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် မြောင်းမြ ခရိုင်၊ ဝါးခယ်မမြို့နယ်၊ ပရိုက်သောင်တန်းရွာအနီး၌ ဝိန့်ထောင်*  (*        ဝိန့်ထောင်-ရွှေမြို့တော်။) ကွန်ဖရင့်ကို ကျင်းပပြီးနောက် ကရင်သောင်းကျန်းသူများသည် ဒုတိယလမ်းစဉ်ခေါ် မာ့ခ်စ် လီနင်ဝါဒကို အခြေခံသည့် နိုင်ငံရေးလမ်းစဉ်အား အကောင်အထည်ဖော်ခဲ့ကြကြောင်း တင်ပြခဲ့ပြီးပေပြီ။ ကရင်အမျိုးသား ညီညွတ်ရေးပါတီ ကေအင်န်ယူပါတီ ကိုလည်း ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဖွဲ့စည်းပုံမျိုးဖြင့် ထူထောင်ခဲ့ကြသည်။
ကေအင်န်ယူပါတီသည်   အောက်ပါအခြေခံ ဒေသကြီးသုံးခုကို အဓိကထား၍ ဖွဲ့စည်းလှုပ်ရှားခဲ့ သည်-
(က) မြစ်ဝကျွန်းပေါ်ဒေသ
(ခ) ပဲခူးရိုးမဒေသ
(ဂ) အရှေ့ရိုးမဒေသ
ကေအင်န်ယူပါတီသည် အရှေ့ရိုးမဒေသအပေါ် သြဇာညောင်းခြင်းမရှိလှပေ။ ၁၉၆၃ ခုနှစ် ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလတွင် ကေအာရ်စီနှင့် လင်းထင်၏ တပ်မဟာ(၅)တို့ အလင်းဝင်ခဲ့ကြရာ အဓိကမှာ အရှေ့ရိုးမအင်အားစုများဖြစ်သည်။အရှေ့ရိုးမတွင်တောတွင်း၌ကျန်ရစ်ခဲ့ကြသူများမှာလည်း ကွန်မြူနစ်ဆန့်ကျင်ရေး သမားဗိုလ်မြတို့အုပ်စုသာဖြစ်သည်။ ပဲခူးရိုးမတွင်လည်း ဗမာပြည်ကွန်မြူနစ်ပါတီ ကြီးစိုးလျက်ရှိရာ ကေအင်န်ယူပါတီ အနေနှင့် နိုင်ငံရေး၊ စစ်ရေးအရ  လွှမ်းမိုးနိုင်ခြင်း  မရှိခဲ့ပေ။  ပဲခူးရိုးမမှ ကေအင်န်ယူ လက်နက်ကိုင် အများအပြားမှာလည်း စစ်တောင်းမြစ်ကိုဖြတ်ကူး၍ ခွဲထွက်ကာ ဗိုလ်မြအုပ်စု နှင့် ပူးပေါင်းခဲ့ကြသည်။
ထို့ကြောင့် ကေအင်န်ယူပါတီသည် မြစ်ဝကျွန်း ပေါ်ဒေသတွင်သာ အများဆုံး ကြီးစိုးလွှမ်းမိုးနိုင်ခဲ့သည်။ ကရင်လက်နက်ကိုင်အင်အားအားလုံး၏ သုံးပုံနှစ်ပုံ သည် မြစ်ဝကျွန်းပေါ်တွင်သာ ရှိနေခဲ့သည်။ ကေအင်န် ယူပါတီ မြစ်ဝကျွန်းပေါ်တိုင်းသည်ပင်လျှင် ကေအင်န် ယူပါတီဗဟိုကို သြဇာညောင်းခဲ့သည်။ တိုင်းကော်မတီ ၁၇  ဦးရှိသည့်အနက်  တစ်ဝက်ကျော်သည်ဗဟိုကော်မတီဝင်များဖြစ်ကြသည်။ တိုင်းကော်မတီ၏ အောက်တွင် အောက်ပါလက်နက်ကိုင်တပ်များ လှုပ်ရှားနေခဲ့ကြသည်-
(၁)     ကရင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်
          (ကေပီအယ်လ်အေ)
          (က)    တပ်မ(၂)
          (ခ)     တပ်မဟာ(၄)
          (ဂ)     တပ်မဟာ(၅)
(၂)     ကရင်ပြည်သူ့ပြောက်ကျားတပ်မတော်
          (ကေပီဂျီအက်ဖ်)
          တပ်ရင်း(၇)ရင်းပါဝင်သည်။
မြစ်ဝကျွန်းပေါ်တိုင်း   ကေအင်န်ယူပါတီသည် စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေးအခြေအနေများအရ မြစ်ဝကျွန်းပေါ်ဒေသကြီးအား ခရိုင် (၇) ခရိုင်ခွဲ၍ လှုပ်ရှားခဲ့ရာ အမှတ်(၂)ခရိုင်(မြောင်းမြ)နှင့် အမှတ်(၇) ခရိုင်(မအူပင်ခရိုင်၊ အနောက်မြောက်ပိုင်းနှင့် ပုသိမ် ခရိုင်မြောက်ပိုင်း)တို့သည် အင်အားအတောင့်ဆုံးဖြစ် သည်။ အမှတ်(၂)ခရိုင်၏ ဥက္ကဋ္ဌမှာ စောဘီဖိုးဖြစ်ပြီး ကေအင်န်ယူပါတီ တိုင်းကော်မတီအဖွဲ့ဝင်နှင့် ခရိုင် အမျိုးသားဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု (မဒညတ)သဘာပတိအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ စောဘီဖိုးသည် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အင်္ဂလိပ် တပ်များနှင့်အတူ အိန္ဒိယပြည်သို့လိုက်ပါသွားပြီး ၁၉၄၄ ခုနှစ်တွင် မြစ်ဝကျွန်းပေါ်သို့ လေထီးဖြင့် ဆင်းခဲ့သည်။
မြောင်းမြမြို့နယ် သိလ္လာတောင်ကြောတွင် ကရင် နှင့် မြန်မာကျေးရွာပေါင်း ၁၁၁ ရွာရှိပြီး ကေအင်န်ယူ ပါတီ  အမှတ်(၂)ခရိုင်  ဌာနချုပ်နှင့်  ကရင်ပြည်သူ့ ပြောက်ကျားတပ်ရင်း  (၆)  တို့  အခြေစိုက်ခဲ့သည်။ စောဘီဖိုးတို့လူစုသည် သိလ္လာတောင်ကြောတွင်  နှစ် ပေါင်းများစွာ ကြီးစိုးခဲ့ကြသည်။ စောဘီဖိုးဆိုလျှင် တစ်နယ်လုံး ဖိမ့်ဖိမ့်တုန်အောင်ကြောက်ခဲ့ကြရသည်။ကေပီဂျီအက်ဖ်တပ်ရင်း(၆)၏ တပ်ရင်းမှူးမှာ ဒုတိယ ဗိုလ်မှူးကြီးကွက်ကော့ ဆိုသူဖြစ်ပြီးမြစ်ဝကျွန်းပေါ် ဒေသကြီးတစ်ခုလုံးတွင် ကွက်ကော့၏နာမည်ကို မကြား ဖူးသူမရှိခဲ့ပေ။
၁၉၆၃ ခုနှစ်၊ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားပြီးနောက်ပိုင်းတွင် ကေအင်န်ယူပါတီသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ သြဇာကို ပိုမိုနာခံ၍လာ သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ လုပ်ရပ်များကိုလည်း ထပ်တူထပ်မျှ ပုံတူကူး၍ လိုက်လံကျင့်သုံးကြ သည်။ စောဘီဖိုးနှင့် ကွက်ကော့တို့သည် လလသသ အဖွဲ့* (* လလသသ = လယ်ယာနှင့် လုပ်ငန်းပေါင်းစုံ သမဝါယမအသင်း။)
စည်းရုံးလှုပ်ရှားမှုကို အာဏာဖြူအဆောက်အအုံ များအဖြစ် ပြင်းပြင်းထန်ထန်ပင် အရေးယူလေ့ရှိသည်။ လလသသဖွဲ့စည်းသည့်ရွာများမှာ ဒဏ်ငွေပေးဆောင် ကြရသည်။ ၁၉၆၆ ခုနှစ်က စောဘီဖိုးသည် အိမ်ခြေ ၁ဝဝ ခန့်ရှိသော ပျဉ်ပုံရွာကို ''အာဏာဖြူ၏ အဆောက် အအုံများဖြစ်သည့် လလသသပြန်လည်ဖွဲ့စည်းရေးကို လျှို့ဝှက်၍ လှုပ်ရှားနေသည်''ဟုဆိုကာ ဒဏ်ငွေ သုံး ထောင်တပ်ခဲ့သည်။ ရွာသူရွာသားများသည် စောဘီဖိုး ၏ ဇနီးဖြစ်သူ ဗိုလ်ကတော်ကို လက်ဝတ်လက်စားများ ရရာဈေးဖြင့်ရောင်းချ၍ ဒဏ်ငွေကို ပေးခဲ့ရသည်။ (၁။ ပြည်သူ့စစ်ဒို့စစ်၊ ဒို့စစ်၊ စာမျက်နှာ ၁၁၊ ၁၂။)
ကွက်ကော့သည်လည်း မြောင်းမြခရိုင်အတွင်းတွင် ထင်တိုင်းကြဲခဲ့သူတစ်ဦးဖြစ်သည်။ ကွက်ကော့၏ တပည့်လက်သားများလက်ချက်ဖြင့် အကြောင်းမဲ့ သတ်ဖြတ်ခံရသူများ၊ မတရားအကျင့်ခံရသောမိန်းမပျိုများ၊ မီးရှို့ခံရသောရွာများမှာ မရေမတွက်နိုင်အောင် ပင်များပြားခဲ့သည်။ ကွက်ကော့နှင့် ကေအင်န်ယူပါတီမှ ဗဟိုကော်မတီဝင်များ၊ တိုင်းကော်မတီဝင်များမှာမူ ဝှိုက်လေဘယ်၊ ဝီစကီနှင့် နိုင်ငံခြားအရက်မျိုးစုံကိုမပြတ် မလပ်သောက်စားကာ ဇိမ်ခံခဲ့ကြသည်ဟု ဆိုသည်။
၁၉၆၇ ခုနှစ်၊ မတ်လ ဒုတိယပတ်တွင် ကွက်ကော့ ၏ တပည့်ရင်း မွေပါက ဝါးခယ်မမြို့နယ် ကျုံလတာ ရွာမှ ကိုကံကျော်၏ဇနီး မမြညွန့်ကို အကြောင်းမဲ့ ပစ်သတ်ခဲ့သည်။ မွေပါ၏ ရက်စက်မှုမှာ ကမ်းကုန်လှ သည်။  ၁၉၆၈  ခုနှစ်၊  ဒီဇင်ဘာလ    ရက်တွင် ကျုံလတာရွာမှ ကိုလှတင်သည် ဖျားနေစဉ် မွေပါတို့ လူစုက ဖမ်းဆီး၍ သတ်ဖြတ်ခြင်းကို ခံရသည်။ မွေပါ  နှင့် မဒညတများသည် ကိုလှတင်၏ အလောင်းမှ ဦးနှောက်၊ အသည်းနှလုံးနှင့် သည်းခြေတို့ကို ထုတ်ယူ ၍ ကြော်လှော်ကာ အရက်နှင့် မြည်းခဲ့ကြသည်။ (၂။ ပြည်သူ့စစ်ဒို့စစ်၊ ဒို့စစ်၊ စာမျက်နှာ ၁၇၊ ၁၈။)
ကိုရင်နုကိုသတ်၍လည်း အသည်းနှလုံးနှင့် သည်းခြေကို စားသောက်ခဲ့သည်။  (၃။ ပြည်သူ့စစ်ဒို့စစ်၊ ဒို့စစ်၊ စာမျက်နှာ ၁၉။) မွေပါ၏ လုပ်ရပ်မှာကမ်းကုန်အောင် လူမဆန်သောလုပ်ရပ်ဖြစ်သော်လည်း ကွက်ကော့၏ အရှိန်ကြောင့် ဆန့်ကျင်ရဲသူ မရှိ ခဲ့ပေ။
ကေအင်န်ယူပါတီအမှတ် (၂)  ခရိုင်ဥက္ကဋ္ဌ စောဘီဖိုးနှင့် ကရင်ပြည်သူ့ပြောက်ကျားတပ်ရင်း(၆) တပ်ရင်းမှူး ကွက်ကော့တို့လူစုက မြစ်ဝကျွန်းပေါ်ဒေသမှ ကရင်မြန်မာ တိုင်းရင်းသားများအား စိတ်ရှိတိုင်း ထင်သလို ပြုကျင့်နှိပ်စက်သကဲ့သို့ပင် ကေအင်န်ယူပါတီ အမှတ်(၇)ခရိုင် ကရင်ပြည်သူ့ပြောက်ကျား တပ်ရင်း(၃) မှ ဒုတိယတပ်ရင်းမှူး ဗိုလ်သန်းရှိန်မှာလည်း စစ်ဘုရင်တစ်ဦး*(* စစ်ဘုရင်၊ စစ်ဘုရင်ဝါဒ = ယင်းဝေါဟာရများကို ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ကေအင်န်ယူပါတီတို့ကတွင်ကျယ်စွာသုံးစွဲခဲ့သည်။ နိုင်ငံရေးယုံကြည်ချက်မရှိဘဲ စစ်နိုင်လျှင်ပြီးရော၊ စစ်ရေးဝါဒသက်သက်ဖြင့် ရမ်းကားတတ်သူများကို ဆိုလိုသည်။ ဒေသခံပြည်သူလူထု၏ သဘောထားကို ထည့်သွင်းစဉ်းစားလေ့မရှိဘဲ (သို့မဟုတ်) ပါတီဦးဆောင် မှုကို ခံယူခြင်းမရှိဘဲ တစ်ဗိုလ်တစ်မင်း တိုက်ခိုက်လှုပ်ရှားနေသူများကို စစ်ဘုရင်ဟု ခေါ်လေ့ရှိသည်။) အဖြစ် နာမည်ကြီးလှသည်။ ဗိုလ်သန်းရှိန်သည် အမှတ်(၇)ခရိုင်တွင် အာဏာအရှိဆုံးဖြစ်ပြီး အရက်စက် ဆုံးလည်းဖြစ်သည်။ အမျိုးသမီးများကို ဖျက်ဆီးရာတွင် နာမည်ကြီးလှသည်။ မယားကိုလိုချင်လျှင် လင်ကို သတ် ပစ်သူဖြစ်သည်။ ဗိုလ်သန်းရှိန်သည် ရက်ပိုင်း၊ လပိုင်း အတွင်းတွင် လူလေးငါးခြောက်ဆယ် ကုန်အောင် သတ် နိုင်သူဖြစ်သည်။ ကွင်းကြီး၊ ပိန်းဂရက်၊ စွန်ပါ၊ ကျောင်း ကုန်းမြို့၊ ဂျုံးဂျုံးကျအင်း၊ မင်းမနိုင်၊ ကညင်သုံးဆင့် စသော ရွာများမှ အပြစ်မဲ့ရွာသူ၊ ရွာသား မြောက်မြား စွာမှာ ဗိုလ်သန်းရှိန်၏လက်ချက်ဖြင့် အသတ်ခံခဲ့ကြရာ အတိအကျစာရင်းကောက်၍ပင် မရခဲ့ပေ။ ဗိုလ်သန်း ရှိန်၏ ဒုတိယတပ်ခွဲမှူးဗိုလ်စံဝိုင်းသည်လည်း ဓားပြ တိုက်၊ လူသတ်၊ ပြန်ပေးဆွဲ၊ မုဒိမ်းကျင့်ရာတွင် ဗိုလ် သန်းရှိန် ခြေရာကို နင်းနိုင်သူပင်ဖြစ်သည်။
မြစ်ဝကျွန်းပေါ်တိုင်းမှ ကေအင်န်ယူပါတီသည် ခရိုင်တစ်ခရိုင်လျှင် ဆက်ကြေးငွေ ရှစ်သိန်းကျော်မျှ ကောက်ခံကြရာ စုစုပေါင်း (၇)ခရိုင်အတွက် တစ်နှစ် လျှင် အနည်းဆုံး ကျပ်ငွေ ၅၆ သိန်းကျော် ကောက်ခံ ခဲ့ကြသည်။ ယင်းငွေမှာ တရားဝင်စာရင်းများအရ ဖြစ် သည်။ သီးခြားတစ်ယောက်ချင်း ကောက်ခံမှုများ မပါ ဝင်ပေ။ ကေအင်န်ယူများသည် ထိုင်းနိုင်ငံမှ လက်နက် များကို ဝယ်ယူပြီး ထားဝယ်၊ တနင်္သာရီဒေသများမှ စက်လှေဖြင့် မြစ်ဝကျွန်းပေါ်သို့ တင်သွင်းကြရသည်။
ဗိုလ်သန်းရှိန်နှင့်အတူ လှုပ်ရှားသူတစ်ဦးမှာ စောကျော်ရှိန်ဆိုသူဖြစ်သည်။ စောကျော်ရှိန်သည် အင်္ဂပူ မြို့နယ် ကျားသေရွာဇာတိဖြစ်ပြီး ဦးကြီး၊ ဒေါ်စိန်ဥာဏ် တို့မှ မွေးဖွားခဲ့သည်။ ခရစ်ယာန်အမည်မှာ ကာဂျီတန် ဖြစ်ပြီး ရန်ကုန်မြို့ရှိ ဘုန်းတော်ကြီး မေဂျာစင်မေနရီ၊ မြောင်းမြမြို့မှ သာသနာပြုဘုန်းကြီး ဖာသာနာဘိတ်နှင့် ပုသိမ်မြို့မှ ဖာသာဂျိုးဇက်တို့၏ တပည့်ရင်းဖြစ်သည်။ ၁၉၆၃ - ၆၄ ခုနှစ်တွင် ရန်ကုန်မြို့ ၆ မိုင်ခွဲရှိ ဆည်မြောင်းဌာန၌ စက်ပြင်ဆရာအဖြစ် လုပ်နေရာမှ ၁၉၆၄ ခုနှစ်၊ ဧပြီလဆန်းတွင် မြောင်းမြမြို့မှ ဖာသာ နာဘိတ်၏ ဆက်သွယ်ပေးမှုဖြင့် အစ္စရေးနိုင်ငံ မြန်မာ သံရုံးသို့ ရောက်ရှိသွားပြီး အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမောင်မောင် (ဗိုလ်မှူးချုပ်ဟောင်း မောင်မောင်) အိမ်တွင် အိမ်ဖော်အဖြစ် တာဝန်ထမ်း ဆောင်ရသည်။
စောကျော်ရှိန်သည် ၁၉၆၅ ခုနှစ်၊ သြဂုတ်လ တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး ၁၉၆၆ ခုနှစ်၊ ဧပြီလတွင် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ပေါက်ဆိန်ပဲ့ကျေးရွာမှတစ်ဆင့် ကေအင်န်ယူပါတီနှင့် အဆက်အသွယ်ရယူခဲ့ခြင်းဖြစ်သည်။ တပ်မတော် အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၏ စစ်ကြောင်း တစ်ကြောင်းသည် စောကျော်ရှိန်က ကေအင်န်ယူ ပါတီဗဟိုသို့ တင်ပြသော စာတစ်စောင်ကို ဖမ်းဆီးရမိ ရာ အောက်ပါအတိုင်းဖြစ်သည်-(၁။      ပြည်သူ့စစ်ဒို့စစ်၊ ဒို့စစ်၊ စာမျက်နှာ ၂၃၊ ၂၄။)
x x x
မှ -
          မိုးကုပ်စက်ဝိုင်း
          ဝန်ကြီးချုပ် ဗိုလ်ကြီးသန်းရှိန်(လက်အောက်)
          ကျောင်းကုန်းအမှတ်(၇)ခရိုင်နှင့်
          ဝန်ကြီးချုပ်-ဗိုလ်ကြီးထူးစော(လက်အောက်)
          အမှတ်(၁၅)၊ အမှတ်(၆)ခရိုင်
သို့-
          ဝန်ကြီးချုပ်-မန်းဘဇံ
          ဗိုလ်ချုပ်-ကျော်မြသန်း
          ကေအင်န်ယူပါတီနှင့် ကေအင်န်ဒီအို
          လက်နက်ကိုင်တပ်မတော်
နေ့စွဲ၊ ၁၉၆၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်
လူကြီးမင်းခင်ဗျား။
လူကြီးမင်းတို့သည် လွတ်လပ်ရေးရရှိရန်အတွက် ကျွန်တော်တို့၏ ရန်သူများကို အနိုင်ရအောင် တိုက်စစ် ဆင်မည်ဟု ကြားသိရသဖြင့် ရန်သူ၏ အဓိကနှစ်ခုကို သိမ်းပိုက်ရေး၊ တိုက်စစ်ဆင်ရာတွင် ပထမနှင့် အရေး အကြီးဆုံးဖြစ်သော တာဝန်ကို ကျွန်တော့်အားပေးစေလိုပါသည်။ ယင်းမှာ အနည်းဆုံးအားဖြင့် အချို့သော တိုက်လေယာဉ်များအပါအဝင် လေယာဉ်ကွင်းတစ်ကွင်း နှင့် အကြီးဆုံးစစ်သင်္ဘောတစ်စင်းကို တိုက်ခိုက်သိမ်း ပိုက်ရန်ဖြစ်ပါသည်။
ရန်ကုန်အသံလွှင့်ရုံကို သိမ်းပိုက်နိုင်မည်ဆိုပါက လည်း ယင်းအသံလွှင့်ရုံကို သိမ်းပိုက်ရပါမည်။ သို့မဟုတ်ပါက ဖောက်ခွဲပစ်ရပါမည်။ ပင်လယ်သို့ ထွက်ပေါက်လမ်းများကို သိမ်းယူပြီးသည်နှင့် ကျွန်တော် တို့သည် လက်နက်ကောင်းများကို ဝယ်နိုင်ရန်အတွက် ပြည်ပသို့ သွားရန်လိုပါသည်။ ထိုအတွက် ပြင်ဆင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းရပါလိမ့်မည်။ ရန်သူ၏ အသံလွှင့်ရုံကို ဖောက်ခွဲပြီးလျှင်ဖြစ်စေ၊ မဖောက်ခွဲရ လျှင်ဖြစ်စေ၊ ပုသိမ်မြို့ကို သိမ်းပိုက်ပြီးချိန်တွင် မြန်မာ တစ်နိုင်ငံလုံးကို သိမ်းပိုက်ကြပြီးဖြစ်၍ ပြည်ထောင်စု အသစ် တည်ထောင်ပြီးပြီဖြစ်ကြောင်းကို ကျွန်တော်တို့အသံလွှင့်ရုံတစ်နေရာမှနေ၍ ကမ္ဘာသို့အသံလွှင့် ကြေညာရပါ လိမ့်မည်။ ဤအရေးကိစ္စများကို စီမံကွပ်ကဲနိုင်ရန်အတွက် လူကြီးမင်းတို့က ကျွန်တော့်အား ငွေအား၊ လူအား၊ လက်နက်အားနှင့် လေ့ကျင့်ရေးတို့ကို အကူအညီပေးလိမ့်မည်ဟု မျှော်လင့်ပါသည်။
(အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စောမိုးကုပ်စက်ဝိုင်း၏ အကြံပေးချက်မူရင်းမှ ဘာသာ ပြန်ချက်)
x x x
ဤကား အစ္စရေးနိုင်ငံတွင် တစ်နှစ်ခန့်နေခဲ့ဖူး သော စောကျော်ရှိန်၏ စိတ်ကူးယဉ်ချက်ပင်ဖြစ်သည်။ သို့သော် ကေအင်န်ယူဗဟိုသည် စောကျော်ရှိန်၏ အကြံပေးချက်ကို မည်ကဲ့သို့မျှ အကောင်အထည်ဖော် နိုင်ခြင်းမရှိခဲ့ပေ။ စောကျော်ရှိန်(ခ)ကာဂျီတန်သည် ပြည်ပနိုင်ငံတစ်နိုင်ငံမှ ဘရင်ဂျီ ဘုန်းကြီးတစ်ပါးထံ သို့လည်း အောက်ပါအတိုင်း စာရေး၍ လျှောက်ထား ခဲ့သည်-(၁။      ပြည်သူ့စစ်ဒို့စစ်၊ ဒို့စစ်၊ စာမျက်နှာ ၂၇၊ ၂၈။)
x x x
''တပည့်တော်ဟာ အစိုးရအလုပ်ကို မလုပ်ဘူး၊ တပည့်တော်ဟာ အစိုးရပေါ်လစီကို ရွံမုန်းပါတယ်။ အစိုးရကျဆုံးသွားအောင် တပည့်တော်တို့ ကြိုးစား လုပ်ဆောင်ကြရပါလိမ့်မယ်။ တစ်နေ့မှာ တပည့်တော် တို့ဟာ ပြည်ပမှာ အလွန်အရေးကြီးတဲ့အရာအချို့ကို ဝယ်ရန် လိုအပ်လာပါလိမ့်မယ်လို့ တပည့်တော် ထင်ပါ တယ်။ အဲဒါ ဘာလည်းဆိုတော့ နောက်တော့ တပည့် တော်အနေနဲ့ ဆရာတော်အရှင်ဘုရားထံကို လျှောက်ပါ့ မယ်ဘုရား။
ဆရာတော် အရှင်ဘုရားရဲ့ နိုင်ငံကို ရောက်ပြီးတဲ့ အခါမှာ တပည့်တော်ထံကို စာရေးလိမ့်မယ်လို့ မျှော် လင့်ပါတယ်။ ဆရာတော်အရှင်ဘုရားရဲ့ နိုင်ငံက အချို့ သော အကူအညီများကို လျှို့ဝှက်စွာရမယ်ဆိုရင် တပည့်တော်တို့ အလွန်ဝမ်းသာကြမှာဖြစ်ပါတယ်။''
(စောကျော်ရှိန်၏ အင်္ဂလိပ်ဘာသာဖြင့် တိုက်ရိုက် ပေးစာမှ)
x x x
ကေအင်န်ယူပါတီသည်   ဗမာပြည်ကွန်မြူနစ် ပါတီက ချမှတ်ပေးသည့် မော်စီတုံးဝါဒကို အပြည့်အဝ နာခံကျင့်သုံးနေသော်လည်း အနောက်နိုင်ငံများမှ လက်နက်ခဲယမ်းအကူအညီရရှိရေးကိုလည်း စွန့်ပယ်၍ မထားခဲ့ပေ။ ထားဝယ်၊ တနင်္သာရီမှ စက်လှေဖြင့် ပို့ပေးနေသည့် လက်နက်ပစ္စည်းများမှာ ထိုင်းနိုင်ငံတွင် ဝယ်ယူရရှိသော လက်နက်များဖြစ်သည်။ သို့သော် မြစ်ဝကျွန်းပေါ်တွင် တကယ်တမ်း ကျင့်သုံးနေသော လမ်းစဉ်မှာမူ တိုင်းရင်းသားပြည်သူလူထုအား နည်းမျိုးစုံဖြင့် နှိပ်စက်ညှဉ်းပန်းရေး လမ်းစဉ်ပင်ဖြစ် သည်။ ကေအင်န်ယူနှင့် မဒညတများက လူသတ်၊ ပြန်ပေးဆွဲ၊ ဓားပြတိုက်၊ မုဒိမ်းကျင့်၊ ရွာမီးရှို့ စသည်ဖြင့် ကမ်းကုန်အောင် ရက်စက်စွာ ညှဉ်းဆဲခဲ့ကြသောဖြစ်ရပ်များမှာ မြစ်ဝကျွန်းပေါ်ဒေသကြီးတစ်ခုလုံးတွင် မရေမတွက်နိုင်အောင် များပြားခဲ့ရလေသည်။
ကေအင်န်ယူပါတီ၏ဗဟိုကော်မတီအစည်းအဝေး နှင့် မဒညတ၏လမ်းညွှန်ချက်
၁၉၆၇ ခုနှစ်၊ ဇူလိုင်လတွင် ကေအင်န်ယူပါတီ (ဗဟို)သည် ဗဟိုကော်မတီ အစည်းအဝေးတစ်ရပ်ကို ကျင်းပ၍ လမ်းစဉ်ပေါ်လစီအသစ်တစ်ရပ်ကို ချမှတ် ခဲ့သည်။ ယင်းအစည်းအဝေး၌ ''ဒုတိယအကြိမ်မြောက် ကေအင်န်ယူပါတီကွန်ဂရက်အပြီး ၁၉၆၇ ခုနှစ်၊ ဇူလိုင်လတွင်ကျင်းပသည့် (၆)ကြိမ်မြောက် ကေအင်န်ယူ ပါတီ ဗဟိုကော်မတီအစည်းအဝေးတွင် တင်သွင်းခဲ့ သော ပါတီဗဟိုကော်မတီ၏ အစီရင်ခံစာကိုတင်သွင်း ခဲ့ကြသည်။ ယင်းအစီရင်ခံစာမှာ ပေါ်လစီလမ်းစဉ် အသစ်ပင်ဖြစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ၏ ''၁၉၆၄ ခုနှစ်လမ်းစဉ်နှင့် ၁၉၆၅ ခုနှစ်၊ ဇွန်လ နိုင်ငံရေး ဦးဆောင်အဖွဲ့ဆုံးဖြတ်ချက်''(၆၄ လမ်းစဉ်နှင့် ၆၅ ဆုံးဖြတ်ချက်)ကို အခြေခံ၍ ချမှတ်ထားခြင်းဖြစ်သည်။ ၁၉၆၇  ခုနှစ်၊  အောက်တိုဘာလ  ၂၈  ရက်နေ့တွင် မဒညတ သဘာပတိအဖွဲ့(ဗဟို) ကလည်း ''အထွေထွေ နိုင်ငံရေး သဘောထားနှင့် လမ်းညွှန်''ဆိုသည့် ညွှန်ကြား ချက်တစ်ရပ်ကို ပို့ပေးခဲ့သည်။
မဒညတ(ဗဟို)၏ ညွှန်ကြားချက်တွင် အောက်ပါ အတိုင်း ဖော်ပြထားသည်-
x x x
''ဥက္ကဋ္ဌကြီးမော်၏ မာ့ခ်စ်လီနင်ဝါဒကို ရှင်းပြရင် မူပေါင်းအထောင်အသောင်းရှိပေမယ့်၊ ချုပ်လိုက်ရင် ပုန်ကန်တာ တရားတယ်''
''သေနတ်ပြောင်းဝက အာဏာထွက်တယ်ဟူသော ဖိနှိပ်ခံလူမျိုးများနှင့် ပြည်သူများ၏ လွတ်မြောက်ရေး သည် လက်နက်ကိုင်တော်လှန်ရေးမှအပ အခြားလမ်း မရှိကြောင်း၊ တစ်လောကလုံးဆိုင်ရာ အမှန်တရား၊ ကျေးလက်ကို  အခြေခံ၊  ကျေးလက်မှ  မြို့ကိုဝိုင်း တစ်တိုင်းပြည်လုံး အာဏာသိမ်းဟူသော ရေရှည်ပြည် သူ့စစ်သဘောတရား ပြည်သူ့တပ်မတော်၏ တည်ဆောက်ရေး၊ ပြည်သူ့စစ်ပွဲ သေနင်္ဂဗျူဟာနှင့် နည်းပရိယာယ် ဆိုင်ရာ သဘောတရားများ၊  ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေးအောင်ပွဲခံရေးသဘောတရား များစသည့် ယခုခေတ် မာ့ခ်စ်ဝါဒ အထွတ်အထိပ်ဖြစ် သော မော်စီတုံးအတွေးအခေါ်ကို လမ်းညွှန်မထားဘဲ ကိုလိုနီတစ်ပိုင်းနိုင်ငံများတို့မှ အဖိနှိပ်ခံလူမျိုးများနှင့် ပြည်သူများ အောင်ပွဲရနိုင်မည်မဟုတ်ပေ''
''ထို့ကြောင့်  ကျွန်ုပ်တို့သည်  မာ့ခ်စ်လီနင်ဝါဒမှ မော်စီတုံးအတွေးအခေါ်ကို အလေးအနက်လေ့လာကာ မြန်မာပြည်အခိုင်အမာတော်လှန်ရေး လက်တွေ့ ဖြင့် ပေါင်းစပ်ရမည်။''
(မဒညတ သဘာပတိအဖွဲ့(ဗဟို)၏ အထွေထွေ နိုင်ငံရေးသဘောထားနှင့်လမ်းညွှန်မှ)
xxx
အထက်ပါ မဒညတ(ဗဟို)၏ ညွှန်ကြားချက်ကို ဗမာပြည်ကွန်မြူနစ်ပါတီမှ ရဲဘော်ရွှေညို(ခေါ်) ရဲဘော် ခင်ကြီး(ကျဆုံး)နှင့် ရဲဘော်စည်(ခေါ်)ရဲဘော်ချစ်မောင် (ကျဆုံး)တို့က တာဝန်ယူ၍ ရေးသားခဲ့ကြခြင်းဖြစ်သည်။ စင်စစ် မဒညတ(အမျိုးသားဒီမိုကရေစီညီညွတ်ရေး တပ်ပေါင်းစု)သည် ဗမာပြည် ကွန်မြူနစ်ပါတီက လုံးဝ အုပ်စီးထားသော အဖွဲ့အစည်းသာဖြစ်သည်။ ထိုအချိန် တွင် ဗမာပြည်ကွန်မြူနစ်ပါတီသည် ပြည်ပကွန်မြူနစ် ပါတီမှ ချမှတ်ပေးသည့် လမ်းစဉ်များကို အတိအကျ လိုက်နာ၍ အကောင်အထည်ဖော်ရန် ကြိုးစားနေပြီ ဖြစ်သည့်အလျောက် ကေအင်န်ယူပါတီသည်လည်း မဒညတမှတစ်ဆင့် ပြည်ပပေါ်လစီများကို လက်ခံလိုက် လေသည်။
သို့နှင့် ကေအင်န်ယူပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ကရင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကေပီအယ်လ်အက်ဖ်) တပ်မ(၂)နိုင်ငံရေးမှူး ဗိုလ်မှူးကြီးကျော်သောင်းက အောက်ပါအတိုင်း ကြွေးကြော်လိုက်သည်။(၁။        ပြည်သူ့စစ်ဒို့စစ်၊ ဒို့စစ်၊ စာမျက်နှာ ၃၂၊ ၃၃။)
''ကနေ့ကတော့ ငါ့ရဲ့အဖေနဲ့ ငါ့ရဲ့ဘုရားက တော့ မဟာအတွေးအခေါ်(မော်စီတုံးအတွေး အခေါ်)ပဲ။ မဟာအတွေးအခေါ်ကို ဘယ်နေရာမှာ ကျင့်သုံးကျင့်သုံး မှန်တယ်၊ ပေါက်ခေါင်း မှာ ဒီအတွေးအခေါ်ကို ကျင့်သုံးခဲ့လို့ အောင်ပွဲကြီး တွေရခဲ့တယ်။ ပြည်ပရေဒီယိုကတောင် ပေါက် ခေါင်းအောင်ပွဲသံကို ဖော်ထုတ်ဂုဏ်ပြုနေတယ်။ ငါတို့ မြစ်ဝကျွန်းပေါ်မှာလည်း ပေါက်ခေါင်းလိုပဲ လက်တွေ့ကျင့်သုံးပြီး အောင်ပွဲတွေ ရယူဖို့လိုတယ်။ မဟာတိုက်တိုင်းအောင် အတွေးအခေါ်ကို အဲဒီလို လက်တွေ့ကျင့်သုံးရမယ်။ ဒီအတွေး အခေါ်ရဲ့ အနှစ်သာရက တော့ သေရဲရမယ်၊ သတ်ရဲရမယ်ဆိုတာပဲ။''
ကေအင်န်ယူပါတီသည် ဗမာပြည်ကွန်မြူနစ် ပါတီ၏ ကျင့်စဉ်အတိုင်းပင် အာဏာနီတည်ဆောက် ရေး၊ အာဏာဖြူ ဖြုတ်ချရေးများကို ဆောင်ရွက်ကြ တော့သည်။
''ငါတို့ရဲ့ အာဏာနီကို လက်မခံရင်၊ လလသသ တွေ လက်ခံဖွဲ့ရင်၊ စပါးတွေ အစိုးရ ရောင်းရင်၊ နွားဆိုရင် ဟင်း၊ လှည်းဆိုရင် ထင်း၊ လူဆိုရင် ကျင်းပဲ၊ ဒါဟာ ငါတို့လိုက်ရမယ့် ပေါက်ခေါင်း လမ်းကြောင်းဖြစ်တယ်၊ ဒါဟာ မဟာအတွေး အခေါ်ပဲ''
ဗိုလ်မှူးကြီးကျော်သောင်းတို့ လူစုသည် ဖော်ပြ ပါအတိုင်း ကြွေးကြော်ပြီး မြစ်ဝကျွန်းပေါ် ဒေသတွင် အာဏာနီ တည်ဆောက်ရေးအတွက် ရက်စက်ကြမ်း ကြုတ်စွာ လှုပ်ရှားတော့သည်။ ထိုအချိန်တွင် ကေအင်န် ယူပါတီအတွင်းမှ ရိုးသား၍ အစဉ်အလာရှိသော ခေါင်းဆောင်အချို့သည်   ကေအင်န်ယူပါတီ၏ ပေါက်ခေါင်း လမ်းကြောင်း(ခေါ်) လမ်းစဉ်သစ်ကို 'တပည့်ခံလိုသော အတွေးအခေါ်။'  'ပုံတူကူးလမ်းစဉ်' စသဖြင့် ဝေဖန် တိုက်ခိုက်ခဲ့ကြသည်။ ကေအင်န်ယူပါတီ အရန်ဗဟိုကော်မတီ စောမောင်လေး၏ ဝေဖန်ချက်မှာ အောက်ပါ အတိုင်းဖြစ်သည်။(၁။    ပြည်သူ့စစ်ဒို့စစ်၊ ဒို့စစ်၊ စာမျက်နှာ ၃၄၊ ၃၅။)
xxx
''ဗမာပြည်ကွန်မြူနစ်ပါတီအား လေ့လာရာတွင် အနှစ် ၂ဝ ကျော်အတွင်း ပါတီညီလာခံတစ်ခါသာ ဖြစ်ခဲ့ဖူးသည်။ ဗဟိုကော်မတီဆွေးနွေးပွဲများတော့ မည်မျှဖြစ်သည်ကို မသိပါ။ သို့သော် ဗမာပြည်ကွန်မြူ နစ်ပါတီ၏ ၆၄ ခုနှစ် ဗဟိုကော်မတီဆုံးဖြတ်ချက်မူနှင့် ပါတီဗဟိုအတွင်း အယူအဆမှားယွင်းသော ဗဟို ကော်မတီများအား အမှားအတွက် မှတ်တမ်းတင်ပြီး အမှန်အတွက်ရပ်တည်သော ဗဟိုကော်မတီကို ချီးကျူးသည့် မှတ်တမ်းတင်ခြင်းကို တွေ့ရပေသည်။
''၁၉၆၇ ခုနှစ်တွင်မူ အကောင်းအတွက် မှတ်တမ်း တင်ခံရသော ဗဟိုကော်မတီရဲဘော်ဘတင်(ဂိုရှယ်) အား သတ်ပစ်သည်ကို တွေ့ရပြန်ရာ ကွန်မြူနစ်ဝါဒီများသည် အမှန်တရားအတွက် မည်သည့်အခါမှ ကြောက်ဒူး တုန်ကြမည်မဟုတ်။
''ခေါင်းဆောင်ကြီးမာ့ခ်စ်သည် တစ်ယောက် တည်းရှိစဉ်အခါကပင် ဓနရှင် လူယုတ်မာအများစုကြီး ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကိုပင် မွေးညင်းတစ်ပင်မျှ မကျွတ်ဘဲ ခုခံတိုက်ခိုက်ခဲ့သည် မဟုတ်ပါလော။
''ဤမှန်ကန်သော ထောက်ထားချက်အရပါတီ၏ ဖွဲ့စည်းပုံ စည်းကမ်းစည်းမျဉ်းဥပဒေမှာလည်း မည်သူ ပင် မာ့ခ်စ်ဝါဒကို ဆန့်ကျင်ပါစေ၊ သေဒဏ်ပေးသည်မှာ မည်သည့်မာ့ခ်စ်ပါတီမှာမှ မတွေ့ဖူးပေ၊ ရာဇဝတ် မှုကျူးလွန်သူတွေကိုသာလျှင် အပြစ်ပေးသည်သာ ရှိပေသည်။''
''မာ့ခ်စ်ဝါဒသည် သွင်းကုန်ပမာ ပေးသွင်း၍ ရသော အရာမဟုတ်၊ ပါဆယ်နှင့်လည်း ထုပ်ပို့၍ရ သော အရာမဟုတ်၊ မိမိယုံကြည်ချက်နှင့်သာ မိမိသည်သေရမှာကိုပင် မကြောက်ဘဲ လုပ်ကိုင်ခံယူကြသည် သာ ဖြစ်သည်။ ယခုမူ ဗမာပြည်ကွန်မြူနစ်ပါတီသည် ဤကဲ့သို့မခံယူဘဲ ဓနရှင်တို့သုံးနှုန်းသည့်ပမာ မိမိ၏ အယူ အဆနှင့် မကိုက်ညီမလုပ်လျှင် လက်မခံလျှင် သတ်ပစ် သည်ဆိုသည်မှာ ဓနရှင်ထက်ပင် ဆိုးသည်မဟုတ်ပါ လော။ ဤကဲ့သို့သော ပါတီကိုလည်း မည်ကဲ့သို့ အားကိုး ရပါမည်နည်း။
''မာ့ခ်စ်ဝါဒပါတီသည် ဗဟိုချုပ်ကိုင်မှုလည်း ရှိ၊ ဒီမိုကရေစီလည်းရှိသော ပါတီဖြစ်သည်။ ဆိုလိုသည်မှာ ဗဟိုမှ အောက်ခြေသို့ မဖိရ။ အောက်မှလည်း အထက် သို့ အကျပ်မကိုင်ရ၊ ယခုမူ ဗမာပြည်ကွန်မြူနစ်ပါတီ သည် အောက်ခြေကိုဖိခြင်း မဟုတ်ပါလော။
''ကေအင်န်ယူပါတီအနေနှင့်မူ ဤကဲ့သို့မဟုတ်၊ အောက်ခြေမှအထက်သို့ အကျပ်ကိုင်နေခြင်း* (* ကေအင်န်ယူ ပါတီတွင် မြစ်ဝကျွန်းပေါ်တိုင်းကော်မတီက ဗဟိုကို လွှမ်းမိုးနေခြင်း။) ဖြစ်ရာ မည်သည့်ပါတီသည် အောင်ပွဲကို ပို့ဆောင်နိုင်ပါတော့ မည်နည်း''
(ကေအင်န်ယူပါတီ၊ အရန်ဗဟိုကော်မတီ စော မောင်လေး၏တင်ပြချက်မူရင်း၊ စာမျက်နှာ ၁၊ ၂ မှ)
xxx
ဤကား ကေအင်န်ယူပါတီအရန် ဗဟိုကော်မတီဝင် ဗိုလ်မှူးစောမောင်လေး၏ ၁၉၆၈ ခုနှစ်၊ စက်တင် ဘာလ ၁ဝ ရက်နေ့တွင် ကေအင်န်ယူပါတီ ဗဟိုကော်မတီအတွင်းရေးမှူးထံသို့ တင်ပြချက်ပင်ဖြစ် သည်။ စောမောင်လေးက ယင်းစာတမ်းကို ''(၆) ကြိမ် မြောက် ကေအင်န်ပါတီ ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက် စာတမ်းများအပေါ် ဝေဖန်သုံးသပ်ချက်'' ဟု ခေါင်းစဉ်တပ်ထားသည်။
သို့သော် ကေအင်န်ယူပါတီသည် မည်သည့် ကန့်ကွက်ချက်၊ ဝေဖန်ချက်ကိုမျှ ဂရုမစိုက်ခဲ့ပေ။ မြစ်ဝကျွန်းပေါ်တိုင်းသည် မဒညတကလည်း ဗမာပြည် ကွန်မြူနစ်ပါတီ၏ တိုက်ရိုက်ဦးဆောင်မှုအရ 'အောင်ပွဲ သံ စစ်ဆင်ရေးစီမံကိန်း'ကို ချမှတ်ပေးလိုက်သည်။ အောင်ပွဲသံစစ်ဆင်ရေးစီမံကိန်းကို ဗမာပြည်ကွန်မြူနစ် ပါတီနှင့် ကေအင်န်ယူပါတီတို့၏ ''စစ်ရေး၊ နိုင်ငံရေး ဆိုင်ရာ ထိပ်တန်းလျှို့ဝှက်''အဖြစ် သတ်မှတ်ထားသည်။(၁။ ပြည်သူ့စစ်ဒို့စစ်၊ ဒို့စစ်၊ စာမျက်နှာ ၃၆။)
 အောင်ပွဲသံစစ်ဆင်ရေးစီမံကိန်း၏ စစ်ဆင်ရေး အစီအစဉ်မှာ ၁၉၆၈ ခုနှစ်၊ အောက်တိုဘာလမှ ၁၉၆၉ ခုနှစ်အကုန်အထိဖြစ်သည်။ တပ်မတော်၏ ထိုးစစ်ကို တန်ပြန်ထိုးစစ်ဖြင့် ရိုက်ချိုးရမည်ဟု ဆိုသည်။ ချေမှုန်း ရေးတိုက်ပွဲများအတွက် တပ်မတော်အင်အားနည်း စစ်ကြောင်းငယ်များနှင့် အင်အားကြီးစစ်ကြောင်းတို့၏ ရှေ့ပြေးကင်းတပ်စိတ်များကို တိုက်ခိုက်ရမည်ဟု ယေဘုယျအားဖြင့်သာ လမ်းညွှန်ထားသည်။
ကျေးလက်လူတန်းစားတိုက်ပွဲနှင့် အာဏာနီ ထူထောင်ရေးအတွက် ဆင်းရဲမှုကိုအခြေခံစည်းရုံး၊ ပြည်သူ့စစ်များ ကိုဖော်၊ ရန်သူထောက်တိုင်များကို ဖြိုချ၊ အထောက်တော်သုတ်သင်၊ ပြည်သူကို လက်နက် တပ်ဆင်၊ စစ်နောက်ပိုင်းကို တောင့်တင်းအောင် လုပ်သွားရမည် စသည်ဖြင့် လမ်းညွှန်ပြီး ၎င်းတို့သြဝါဒ နာခံရေးအတွက်ကို တိုက်တွန်းထားသည်။ စပါးပုံ၊ စပါး ဂိုဒေါင်နှင့် စပါးသယ်ယူပို့ဆောင်ရေးယာဉ်များ ဖျက်ဆီး ရေး၊ ဆန်စက်များ ဖျက်ဆီးရေး၊ ပုသိမ် - ဟင်္သာတ၊ ဟင်္သာတ - ကြံခင်း၊ သာရဝေါ - ရန်ကုန် မီးရထား လမ်းများ ဖျက်ဆီးရေးများကိုလည်း အသေးစိတ်ညွှန်ကြားထားသည်။   စစ်ကွက်များသတ်မှတ်၍ အောက်ပါအတိုင်း တာဝန်ခွဲဝေ သတ်မှတ်ထားသည်။
 (၁)    စစ်ကွက်(၁)
          ဝါးတောကွင်းချောင်း မြောက်ဘက်မှ မြန် အောင်နယ်အဆုံးအထိ သတ်မှတ်သည်။ ပြောက်ကျားတပ်ရင်း(၄)၊ ဟင်္သာတခရိုင်တပ် နှင့် ကေပီအယ်လ်အေတပ်ရင်း(၃)တို့ရှိပြီး ဗိုလ်သက်ဖော၊ ဗိုလ်ဝေးနှင့် ဗိုလ်စိုးကြီးတို့က ဦးစီးမည်။
(၂)     စစ်ကွက်(၂)
          ဝါးတောကွင်း တောင်ဘက်မှ ဖိုးထော်ချောင်း အထိ သတ်မှတ်သည်။ စစ်ကွက်(၂)တွင် ပြောက်ကျားတပ်ရင်း(၃)၊ ဗကပတိုင်းတပ်၊ ပုသိမ်ခရိုင်တပ်တို့ရှိပြီး     ဗိုလ်ဂါးမင်း သို့မဟုတ်  ဗိုလ်စံမင်း၊  ဗိုလ်ထွန်းဦးနှင့် ဗိုလ်စံခင်တို့ဦးစီးမည်။
(၃)     စစ်ကွက်(၃)
          ဖိုးထော်ချောင်း တောင်ဘက်မှ ငပုတောအထိ ဖြစ်သည်။  ပြောက်ကျားတပ်ရင်း(၅)နှင့် ကေပီအယ်လ်အေတပ်ရင်း(၂)မှ တပ်ခွဲတစ် ခွဲရှိမည်။
(၄)     အမှတ်(၇)ခရိုင်တွင် ဗိုလ်ဂါးမင်းနှင့် ရဲဘော်တုတ်၊ အမှတ်(၁/၃) ခရိုင်တွင် ဗိုလ် မြသိန်း၊ အမှတ်(၂/၅)ခရိုင်တွင် ဗိုလ်လေးမူ၊ ရဲဘော်ဗိုလ်ဦး၊ ရဲဘော်အောင်ခင်တို့ဦးစီး မည်။
ဤကား မဒညတ(ဗဟို)မှ မြစ်ဝကျွန်းပေါ်ဒေသ အတွက် ရေးဆွဲပေးသည့် စစ်ဆင်ရေးစီမံချက်ပင်ဖြစ် သည်။  စင်စစ်  မြစ်ဝကျွန်းပေါ်တိုင်းမှ  မဒညတ လှုပ်ရှားမှုသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လှုပ်ရှား မှုပင်ဖြစ်သည်။ မဒညတမြစ်ဝကျွန်းပေါ်တိုင်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်အောက်ခံပင်ဖြစ် သည်။ မြစ်ဝကျွန်းပေါ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီက (၁) ဖျာပုံခရိုင်၊ (၂) မအူပင်ခရိုင်၊ (၃) မြောင်းမြခရိုင်၊ (၄) ပုသိမ်ခရိုင်၊ (၅) ဟင်္သာတခရိုင်ဟူ၍ (၅)ခရိုင် သတ်မှတ်ထားပြီး တိုင်းကော်မတီခြောက်ဦးမှာ (၁) ရဲဘော်စိုးသန်း၊ (၂) ရဲဘော်ဝင်းမောင်၊ (၃) ဗိုလ်သော်၊ (၄) ဗိုလ်အောင်ဖေ၊ (၅) ရဲဘော်ဗိုလ်ဦး (မြောင်းမြ ခရိုင်)နှင့် ရဲဘော်အောင်ခင် (ဖျာပုံခရိုင်)တို့ဖြစ်ကြ သည်။ မြစ်ဝကျွန်းပေါ်ဒေသမှ ကေအင်န်ယူပါတီက တစ်နှစ်လျှင် ၅၆ သိန်းကျော် ဆက်ကြေးဝင်ငွေရရှိ သကဲ့သို့ ဗမာပြည်ကွန်မြူနစ်ပါတီကလည်း တစ်နှစ်လျှင် သိန်း ၃ဝ ကျော် ဆက်ကြေးရရှိခဲ့သည်။(၁။ ပြည်သူ့စစ်ဒို့စစ်၊ ဒို့စစ်၊ စာမျက်နှာ ၅ဝ။)
မြစ်ဝကျွန်းပေါ်တိုင်းသည် ဗမာပြည်ကွန်မြူနစ် ပါတီ၏ တနင်္သာရီတိုင်းနှင့် ရခိုင်တိုင်းကို ဆက်သွယ် ရာ  ဗဟိုချက်ပင်ဖြစ်သည်။  တနင်္သာရီတိုင်းသည်  ဗမာပြည်ကွန်မြူနစ်ပါတီ   ဗဟိုဌာနချုပ်အတွက် ဖောက်ခွဲဖျက်ဆီးရေးကိရိယာများ စနက်တံများကို ထိုင်းမှဝယ်ယူ၍ မြစ်ဝကျွန်းပေါ်မှတစ်ဆင့် ရာနှင့် ထောင်နှင့်ချီ၍ ပို့ပေးနိုင်ခဲ့သည်။ အသံဖမ်းစက်နှင့် ရွှေများကိုလည်း လက်နက်ခဲယမ်းများနှင့်တကွ စက်လှေ ကြီးများဖြင့် ပို့ပေးခဲ့သည်။ ထို့ကြောင့် ဗမာပြည်ကွန်မြူ နစ်ပါတီသည် မဒညတမှတစ်ဆင့် ကေအင်န်ယူပါတီ အင်အားအကောင်းဆုံး မြစ်ဝကျွန်းပေါ်ဒေသကြီးကို ချုပ်ကိုင်စိုးမိုးခဲ့ခြင်းဖြစ်သည်။
မဒညတနှင့် ကေအင်န်ယူများက မြစ်ဝကျွန်း ပေါ်ဒေသကြီးကို ထင်တိုင်းခြယ်လှယ်ကြီးစိုးနေကြစဉ် တွင် ကေအင်န်ယူပါတီမှ ခွဲထွက်သွားသော ကရင်တော်လှန်ရေးကောင်စီ(ကေအာရ်စီ) ဗိုလ်ချုပ်စောစိန်မှုန်နှင့် ကိုလံဘတ်စ်တို့အုပ်စုမှာ တသီးတခြားလှုပ်ရှား နေပြီး မဒညတနှင့် ပူးပေါင်း၍မရဘဲ ရန်ဘက်ဖြစ်နေ ကြသည်။ ဖျာပုံခရိုင်အတွင်း တစ်ချိန်က ကြီးစိုးခဲ့သော အလံနီများမှာမူ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ် တွဲသာ လှုပ်ရှားနိုင်ကြသည်။အလံနီရဲမေများသည်သခင်စိုး၏ အချစ်လဲလှယ်ရေးသဘောတရားအရ အချစ်ဟောင်းဖြိုဖျက်၍ အချစ်သစ်တည်ဆောက်သည် ဆိုကာ အချင်းချင်း စည်းမဲ့ကမ်းမဲ့ လူမှုရေး ဖောက် ပြန်နေကြလေသည်။

Share this article :

0 comments:

Post a Comment

 
ဆက်သွယ်ရန် mmpolitical2013@gmail.com :
Template Modify by Creating Website Myanmar Political Research Organization