Home » » အခန်း(၃) ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ (၁၉၆၃-ခုနှစ်)

အခန်း(၃) ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ (၁၉၆၃-ခုနှစ်)


အခန်း(၃)
ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ (၁၉၆၃-ခုနှစ်)
တော်လှန်ရေးကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နှင့် ငြိမ်းချမ်းရေးကမ်းလှမ်းချက်
၁၉၆၃ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် တော်လှန်ရေး ကောင်စီသည် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့် ကို ထုတ်ပြန်ကြေညာလိုက်လေသည်။ ထိုအမိန့်အရ နိုင်ငံတော်တစ်ဝန်းလုံးရှိ အကျဉ်းထောင်ပေါင်း ၃၈ ခုမှ နိုင်ငံရေးအကျဉ်းသမားအားလုံး (တော်လှန်ရေး ကောင်စီက ထိန်းသိမ်းထားသူများ မပါ) တောခို ပုန်ကန်မှုကြောင့် အပြစ်ကျခံရသူများနှင့် အခြား ရာဇဝတ်မှုအမျိုးမျိုးဖြင့် ထောင်ကျနေကြသော သာမန်အကျဉ်းသားများ (လူသတ်မှုနှင့် မုဒိမ်းမှုမပါ)ကို အကျဉ်းထောင်များမှ လွှတ်ပေးလိုက်လေသည်။


 
တော်လှန်ရေးကောင်စီသည် အမျိုးသားစည်းလုံး ညီညွတ်မှုလိုအပ်သည်ဟု ယုံကြည်သည့်အတိုင်း ယင်း သို့အမိန့်ထုတ်ပြန်ခြင်းဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံး၌ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ အခြေအနေအမျိုးမျိုး တို့၏ ဖန်တီးမှုကြောင့် တစ်စုံတစ်ခုသောပြစ်မှုကို ကျူးလွန်မိသူတို့သည် မြေပေါ်မြေအောက် အပါအဝင် နိုင်ငံရေးပိုင်းနှင့် အုပ်ချုပ်ရေးပိုင်းတို့၌ အရေအတွက် အများအပြားရှိနေခဲ့ရသည်။ ၁၉၆၃ ခုနှစ် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်သည် နိုင်ငံရေးပြစ်မှုများ သာမက အစိုးရအရာထမ်း၊ အမှုထမ်းများ ကျူးလွန်ခဲ့သော ဌာနဆိုင်ရာပြစ်မှုများပါ လုံးဝလွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ကြသည်။ ယင်းပုဂ္ဂိုလ်အသီးသီးသည်နောင်တ တရားရရှိကာ ဆိုရှယ်လစ် ခေတ်ပြောင်း တော်လှန်ရေး ကြီး၌ လူသစ်စိတ်သစ်ဖြင့် ပါဝင်ဆောင်ရွက်နိုင်သော အခြေအနေသို့ ရောက်ရှိလေပြီဟု  တော်လှန်ရေး ကောင်စီက သဘောထားခဲ့သည်။
ဤသို့ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်သည် ခေတ်ပြောင်းတော်လှန်ရေးကြီး၏ အရှိန်အဟုန်ကို မထိခိုက်စေဘဲ ပြည်ထောင်စုစည်းလုံးမှုအင်အားကို ပြန်လည်တည်ဆောက်သော ကြိုးပမ်းမှုတစ်ရပ်ဖြစ်ခဲ့ ရသည်။
၁၉၆၃ ခုနှစ်၊ မေလ ၁၁ ရက်ထုတ် မြန်မာ သတင်းစာတစ်စောင်တွင် တောတွင်းကွန်မြူနစ်တို့ထံမှ ဧပြီလ ၁ဝ ရက် ရက်စွဲတပ်ထားသော စာတစ်စောင် ကို ဗိုလ်ချုပ်ကြီးနေဝင်းထံသို့ မေလ ၈ ရက်၌ ပေးပို့ လိုက်ကြောင်း   ဖော်ပြထားသည်။   ထိုစာထဲတွင် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်သည် တောတွင်းလက်နက် ကိုင်အင်အားစုများအား ဝိုင်းပယ်၍ ချေမှုန်းရေး စစ်ဆင်ခြင်းသာဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန် တောတွင်း အင်အားစုများနှင့် အစိုးရတို့ တန်းတူရည်တူ ဆွေးနွေးရန်ဖြစ်ကြောင်း၊ အစိုးရနှင့်ဆွေးနွေးရာတွင် အမျိုးသား လွတ်လပ်မှု ထိန်းသိမ်းရေး၊ ပြည်သူ့ဒီမိုကရေစီရေး၊ ဒီမိုကရေစီ အင်အားစုများ၏ ရပ်တည်ခွင့်နှင့် လုပ်ကိုင်ခွင့်၊ တိုင်းရင်းသားလူမျိုးစုများ၏ တရားမျှတသော အခွင့်အရေးဟူသော ၁၉၆၂ ခုနှစ်၊ ဗဟိုကော်မတီ ဆုံးဖြတ်ချက်ပါအချက်လေးချက်အပေါ်၌ရပ်တည်၍ ဆွေးနွေးမည်ဖြစ်ကြောင်းဖြင့် ဖော်ပြထားသည်။ ( ၁။ ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။)ဗမာပြည်ကွန်မြူနစ်ပါတီသည် တော်လှန်ရေး ကောင်စီနှင့် တပ်မတော်အပေါ်တွင် အဓိက ရန်သူ အဖြစ် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးဖြစ်သည်။သို့သော် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို အကြောင်းပြု၍ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် အခွင့်ကောင်းရလိုရငြား မျှော်လင့်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အစိုးရထံသို့ ၁၉၆၃ ခုနှစ်၊ ဧပြီလ ၁ဝရက်တွင်တွေ့ဆုံဆွေးနွေးရန်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုမြန်မာ နိုင်ငံတော်လှန် ရေးကောင်စီအစိုးရ သည် ပြည်တွင်းငြိမ်းချမ်းရေး အတွက်  တွေ့ဆုံဆွေးနွေးဖြေရှင်းခြင်းဖြင့်  အကျိုးမယုတ်နိုင်ဟု ယူဆသောကြောင့် ၁၉၆၃ခုနှစ်၊ဇွန်လ၁၁ရက်တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ သည်။(၂။ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲသမိုင်းဝင် စာရွက်စာတမ်းများ အမှတ်(၁)၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန် ရေးကောင်စီ စာမျက်နှာ ၁၊ ၂။)
xxx
၁၉၆၃ ခုနှစ်၊ ဇွန်လ ၁၁ ရက် ရက်စွဲဖြင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တော်လှန်ရေး ကောင်စီ၏ ကမ်းလှမ်းချက်
တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းအားလုံး သို့ တော်လှန်ရေးကောင်စီ၏ ကမ်းလှမ်းချက်
၁။       တော်လှန်ရေးကောင်စီသည်  ပြည်တွင်း ငြိမ်းချမ်းရေး  ပြန်လည်တည်ဆောက်ခြင်းကို လှိုက်လှဲစွာ  လိုလားတောင့်တလျက်ရှိသည့် အလျောက် ပြည်ထောင်စုအတွင်း၌ နိုင်ငံရေးအရ လည်းကောင်း၊   လူမျိုးရေးအရလည်းကောင်း လက်နက်ကိုင်တိုက်ခိုက်နေကြသော တောတွင်း အဖွဲ့အစည်းအားလုံးတို့သို့ ပြည်တွင်းငြိမ်းချမ်းရေး ကို   လက်တွေ့တည်ဆောက်ကြရန်အတွက် အောက်ပါကမ်းလှမ်းချက်တစ်ရပ်ကို ထုတ်ပြန် လိုက်ပါသည်။
၂။       တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းများ သည် တော်လှန်ရေးကောင်စီနည်းတူ ပြည်တွင်း ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်လိုကြ သည်ဆိုပါက ဤကဲ့သို့ တည်ဆောက်လိုပါလျက် နှင့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်သည် မလုံလောက်ဟုဆိုလျှင်၊  သို့မဟုတ်  အခြား အကြောင်းများရှိနေကြသေးလျှင် တော်လှန်ရေး ကောင်စီသည် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဤ ပြဿနာအဝဝကို ဖြေရှင်းလိုကြောင်း ကမ်းလှမ်း လိုက်ပါသည်။
၃။       ထိုသို့ တွေ့ဆုံဆွေးနွေးရေးတွင် နှစ်ဖက်စလုံး က မည်သည့်အချက်များကိုအခြေခံ၍ ဆွေးနွေး လိုသည်ဟူသော ကြိုတင်စည်းကမ်းသတ်မှတ်ချက် မျိုးသည် မတွေ့ဆုံရမီကပင် တစ်ဖက်နှင့် တစ်ဖက် တင်းမာမှုသဘောကိုပြခြင်း၊  ဆွေးနွေးပွဲ၏ နယ်နိမိတ်ဘောင် ကိုအသေတုပ် ချည်၍ကျဉ်းမြောင်း သွားစေရာရောက်ခြင်းတို့ကြောင့်  ငြိမ်းချမ်းရေး တည်ဆောက်မှု ကို လက်တွေ့ အားဖြင့် အကျိုးပြု နိုင်သည်ထက်  အဟန့်အတားဖြစ်စေသည်ဟု 'တော်လှန်ရေး ကောင်စီက ထင်မြင်သဘောရရှိ ပေသည်။
၎။       ဤသို့ တစ်ဖက်နှင့်တစ်ဖက် ကြိုတင်စည်းကမ်း သတ်မှတ်ချက်မျိုး အလျှင်းမပါဘဲ တိုင်းပြည်၏ ပကတိအခြေအနေကိုမျက်မှောက်ပြု၍ လက်တွေ့ကျကျ ဆွေးနွေးဖြေရှင်းသောနည်းကို လက်နက်ကိုင် တောတွင်း အင်အားစုများက သဘောတူလက်ခံကြမည်ဆိုပါက တော်လှန်ရေး ကောင်စီသည် နိုင်ငံရေး ကြောင့် သော် လည်းကောင်း၊လူမျိုးရေးကြောင့်သော်လည်းကောင်း မည်သည့် အကြောင်းနှင့်ပင်ဖြစ်စေ တောတွင်း၌ ရောက်ရှိနေကြသော မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းများနှင့်မဆို    တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ကြေညာအပ်ပေသည်။
၅။       ထိုသို့ တွေ့ဆုံဆွေးနွေးကြရာဝယ် တော်လှန် ရေးကောင်စီကထားရှိမည့်အခြေခံပင်မစိတ်ထား  မှာ အတိတ်၏အကြောင်းအရာများနှင့် ပတ်သက်၍တစ်ဦးနှင့်တစ်ဦး   အပြစ်ဖို့ခြင်းမျိုးကို ရှောင်ကြဉ်ပြီး အမြတ်ထွက်မှဟူသောသဘော မျိုးမထားဘဲ အလုပ်သမား၊  လယ်သမားနှင့် လုပ်သားပြည်သူများ ၏အကျိုးကိုသာ အာရုံစူးစိုက် လုပ်ကိုင်သွားဖို့ပင်ဖြစ်ပါသည်။
၆။       ဤသို့ လက်ခံတွေ့ဆုံဆွေးနွေးရန်အတွက် တောတွင်းအဖွဲ့အစည်းများက အလိုရှိပါလျှင် ¤င်းတို့ ကိုယ်စားလှယ်များ၏ အသွားအပြန် ခရီးစဉ်တစ်လျှောက် လုံခြုံရေးအတွက် တော်လှန် ရေးကောင်စီက တာဝန်ယူပါမည်။ အကယ်၍ ဆွေးနွေးပွဲမအောင်မြင်သဖြင့် တောတွင်းသို့ ပြန်လိုကြပါလျှင် သွားလိုရာဒေသအထိ လိုက်ပို့ ပေးရမည်သာမက သုံးရက်အတွင်း ဖမ်းဆီးခြင်း၊ တိုက်ခိုက်ခြင်း လုံးဝပြုလုပ်မည်မဟုတ်ကြောင်း ကြေညာအပ်ပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်
တော်လှန်ရေးကောင်စီ။
၁၉၆၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်၊
၁၃၂၅ ခုနှစ်၊ နယုန်လဆုတ် ၅ ရက်။
တော်လှန်ရေးကောင်စီ၏ ကမ်းလှမ်းချက်သည်   မည်သည့် ကြိုတင်စည်းကမ်းသတ်မှတ်ချက်မျှ ပါဝင် ခြင်းမရှိရာ လွတ်လပ်ရေးရပြီးနောက် မည်သည့် မြန်မာ အစိုးရကမျှ ကမ်းလှမ်းခြင်းမပြုခဲ့သော ကမ်းလှမ်းချက် ပင်ဖြစ်သည်။ တော်လှန်ရေးကောင်စီသည် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းအပေါ် ရိုးရိုး သားသား ယုံကြည်ကိုးစားခဲ့ခြင်းပင်ဖြစ်သည်။
ထိုအချိန်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာန ချုပ်သည် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှတစ်ဆင့်  ပဲခူးရိုးမကိုဖြတ်ကျော်၍ ပြည်ခရိုင်မြောက်ပိုင်းမှအလယ် နဝင်းချောင်းဖျားတွင်  ပြောင်းရွှေ့စခန်းချထားလေ သည်။ ဌာနချုပ်ဝန်းကျင်တွင် ကျေးရွာများ တစ်ရွာမျှ မရှိဘဲ တောတောင်ထူထပ်သော ပဲခူးရိုးမတောင်ခြေ ဒေသဖြစ်သဖြင့် လုံခြုံမှုအတွက်လည်း စိတ်ချရသည်ဟု ဆိုသည်။
ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုကော်မတီဌာနချုပ် စခန်းတွင် လူဦးရေ ၁၅ ဦးခန့်သာရှိသည်။ ဗဟို ကော်မတီဥက္ကဋ္ဌ သခင်သန်းထွန်း၊ ဗဟိုကော်မတီ အတွင်းရေးမှူး ရဲဘော်ဌေး၊ ပေါ်လစ်ဗျူရိုလူကြီး ရဲဘော် ဘတင်(ခ)ဂိုရှယ်တို့ သုံးဦးသည် ဗဟိုကော်မတီ၏နိုင်ငံ ရေး၊ စည်းရုံးရေး၊ စစ်ရေးတို့ကို ကြိုးကိုင်ခြယ်လှယ် နေကြပြီး ပါတီ၏အမြင့်ဆုံးအာဏာပိုင်များဖြစ်နေကြသည်။ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုကော်မတီဌာနချုပ်သည်တော်လှန်ရေး ကောင်စီ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ရေဒီယိုမှတစ်ဆင့် ကြားလိုက်ရသောအခါ များစွာ အံ့သြသွားကြသည်။
သခင်သန်းထွန်းသည် ၁၉၆၃ ခုနှစ်၊ ဇွန်လ ပထမ ပတ်အတွင်း ဗဟိုဌာနချုပ်၌ကျင်းပသည့် 'ပဲခူးရိုးမတိုင်း ၅ ခရိုင် ကွန်ဖရင့်အတွေ့အကြုံ'ကိုနိဂုံးချုပ်သော အစည်းအဝေးတွင် ''ကနေ့ ဗမာပြည်မှာ ငြိမ်းချမ်းရေး အလားအလာဟာ အလွန်ကိုနည်းသွားပြီဖြစ်တယ်''ဟု ပြောကြားခဲ့သည်။ သခင်သန်းထွန်းသည် တော်လှန်ရေး ကောင်စီနှင့် တပ်မတော်အပေါ်တွင် ဖောက်ပြန်သော အမျိုးသားဓနရှင်ကြီး လူတန်းစားဟုမြင်ခဲ့သည်။
xxx
''ဒီနေ့ ဗမာပြည်မှာ ဒီမိုကရေစီ မိုးမှောင်ကြီးဟာ ကျနေပြီ၊ ဒီလိုဖြစ်တာက စစ်တပ်က အာဏာသိမ်းထား လို့ပဲ၊ ပြီးတော့ ဗမာပြည်အုပ်စိုးသူဓနရှင် လူတန်းစားမှာ အုပ်စုကြီးသုံးစုရှိတယ်၊ ပထမအုပ်စုကတော့ သန့်ရှင်းဖြစ်တယ်၊ ဒုတိယအုပ်စုကတော့ တည်မြဲဖြစ် တယ်၊ တတိယအုပ်စုကတော့ စစ်တပ်အုပ်စုဖြစ်တယ်၊ ဒီမှာအဆိုးဆုံးကတော့ တတိယအုပ်စုပဲ၊ ပါတီအနေနဲ့ တတိယအုပ်စုဖြစ်တဲ့ စစ်တပ်ကို အဓိကဦးတည် တိုက်ခိုက်ရမယ်၊ ချေမှုန်းရမယ်၊ လူတန်းစားလက္ခဏာ အရ သတ်မှတ်ရင် စစ်တပ်အုပ်စုဟာ ဖောက်ပြန်တဲ့ အမျိုးသားဓနရှင်ကြီး  လူတန်းစားဖြစ်တယ်'' (သခင် သန်းထွန်း မိန့်ခွန်း၊ ၁၉၆၃ ခုနှစ်၊ ဇွန်လဆန်း) (၁။သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ စာမျက်နှာ ၄)။)
၁၉၆၃ ခုနှစ်၊ ဇွန်လအတွင်းမှာပင် ဗဟိုကော်မတီ ဝင် ဗိုလ်ရဲထွဋ်၊ ဗိုလ်စိန်တင်နှင့် ဗိုလ်ရဲမောင်တို့ သုံးဦး သည် လွတ်ငြိမ်းချမ်းသာခွင့်ကို လက်ခံ၍ အလင်းဝင် ခဲ့ကြရာ ဗမာပြည်ကွန်မြူနစ်ပါတီအတွင်း အစဉ်အလာ ရှိသော ခေါင်းဆောင်များ လျော့နည်းသွားရပြန်လေ သည်။
သခင်သန်းထွန်းသည် တော်လှန်ရေးကောင်စီ အစိုးရနှင့် တပ်မတော်အား အဓိကဦးတည်ရန်သူအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ ငြိမ်းချမ်းရေးကမ်းလှမ်း  လိမ့်မည်ဟုလည်း မမျှော်လင့်ပေ။ ထိုအချိန်တွင် ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ကြားလိုက်ရသောအခါ တော်လှန်ရေးကောင်စီသည် နိုင်ငံရေးအကျပ်အတည်း တွေ့နေသောကြောင့်သာ ထွက်ပေါက်ရှာသည်ဟု ယူဆ သဖြင့် ဗဟိုကော်မတီတွင် အောက်ပါအတိုင်း ရှင်းလင်း ပြောကြားခဲ့သည်-
xxx
''အခု ရန်သူက ငြိမ်းချမ်းရေးစကားလုံးသုံးပြီး ကြေညာလာရတာဟာ ကွန်မြူနစ်ပါတီရဲ့ အားကြီးမှုကို ဖော်ပြလိုက်တာဖြစ်တယ်''
''ဒါဟာ ကွန်မြူနစ်ပါတီဥက္ကဋ္ဌက ဗိုလ်နေဝင်းဆီ ကို  ဧပြီလ ၁ဝ ရက် ရက်စွဲနဲ့ ပို့လိုက်တဲ့ပေးစာရဲ့ ရလဒ်ဖြစ်တယ်၊ အောင်ပွဲဖြစ်တယ်၊ ဒီတော့ အထူးဂရုပြုဖို့လိုမယ်''
''ကနေ့ ရန်သူဟာ ဖောက်ပြန်တဲ့ အမျိုးသား ဓနရှင်ကြီးလူတန်းစားလက္ခဏာအရ ငြိမ်းချမ်း ရေးအတွက် တွေ့ဆုံဆွေးနွေးရေးကို ဘယ်နည်း နဲ့မှ လုပ်မှာမဟုတ်ဘူး၊ အခု ရန်သူရဲ့ ငြိမ်းချမ်း ရေးအတွက် တွေ့ဆုံဆွေးနွေးရေးဆိုတာဟာ တွေ့ဆုံဆွေးနွေးရေး အတုအလိမ်သာဖြစ်တယ်၊ ဒါကို အသေအချာလေ့လာပြီး လူထုအတွင်းမှာ အစွမ်းကုန်ဖွင့်ချသွားရမယ်၊ ပြီးတော့ ရန်သူက ဘာလုပ်တယ်ဆိုတာလဲ စောင့်ကြည့်ရအုံးမယ်၊ တွေ့ဆုံဆွေးနွေးရေးဆိုတာ ဘယ်လိုတွေ့ဆုံ ဆွေးနွေးရေးလဲဆိုတာကို အတိအကျရှင်းလင်း အောင် လုပ်ရအုံးမယ်'' (၂။        သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ စာမျက်နှာ ၄၊ ၅)။)

xxx
သခင်သန်းထွန်းသည် တော်လှန်ရေးကောင်စီ၏ ကမ်းလှမ်းချက်ကို ဗမာပြည်ကွန်မြူနစ်ပါတီက ဧပြီလ ၁ဝ ရက်နေ့စွဲဖြင့် ပေးပို့သောစာအရ တော်လှန်ရေး ကောင်စီက အလျှော့ပေးလာခြင်းဟု ယူဆလိုက်သည်။
ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေးကမ်းလှမ်းချက် ကို အတုအလိမ်သာဖြစ်မည်ဟူ၍လည်း သုံးသပ်လိုက် သည်။ သခင်သန်းထွန်းသည် ၁၉၅၁ ခုနှစ်မှစ၍ ပြည်တွင်းငြိမ်းချမ်းရေးကို အစဉ်တစိုက် ကြွေးကြော် ခဲ့သည်။ 'ဗမာပြည်မှာ ပြဿနာအားလုံးရဲ့တစ်ခုတည်း သော ဖြေရှင်းရေးနည်းလမ်းဟာ ပြည်တွင်းငြိမ်းချမ်း ရေးကို တွေ့ဆုံဆွေးနွေးရေးနည်းနဲ့ ဖြေရှင်းဖို့ပဲ'ဟု ကြွေးကြော်ခဲ့သည်။ 'တွေ့ဆုံဆွေးနွေးရေးသည် ပထမ၊ တွေ့ဆုံဆွေးနွေးရေးသည် ဒုတိယ၊ တွေ့ဆုံဆွေးနွေး ရေးသည် တတိယ' ဟူသော ဆောင်ပုဒ်ကိုလည်း အမြဲတမ်းကိုင်စွဲခဲ့သည်။ သို့သော် တော်လှန်ရေး ကောင်စီက ကြိုတင်စည်းကမ်းသတ်မှတ်ချက်များ မပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးကို တကယ်တမ်း ကမ်းလှမ်းလာသောအခါတွင်မူကား သခင်သန်းထွန်း သည် တွေ့ဆုံဆွေးနွေးရေး အပေါ်တွင် သဘောထား မှန်ကန်စွာထားနိုင်ခြင်းမရှိခဲ့ပေ။(၃။သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ပထမတွဲ စာမျက်နှာ ၅)။)
ထိုအချိန်တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ပြည်ပ သို့ရောက်ရှိလာသော ပါတီဝင်များသည် အဝေးရောက် ပါတီ၏ ဗဟိုကော်မတီကို ဖွဲ့စည်းထားကြသည်။ အဝေး ရောက်ပါတီဗဟိုကော်မတီ၏  ဥက္ကဋ္ဌမှာ  သခင် ဗသိန်းတင်ဖြစ်ပြီး  အတွင်းရေးမှူးမှာ  သခင်သန်းမြိုင် ဖြစ်သည်။ ဗဟိုကော်မတီဝင်များမှာ (၁) ရဲဘော် အောင်ကြီး၊  (၂)  သခင်ပု၊  (၃)  ဗိုလ်ဇေယျ၊  (၄) ဗိုလ်သန်းရွှေတို့ဖြစ်သည်။ အဝေးရောက်ဗဟိုကော်မတီ ၏လက်အောက်တွင် အဝေးရောက်ပါတီကော်မတီနှင့် ယင်းကော်မတီ၏ လက်အောက်တွင် ကလာပ်စည်း ငါးခုကို ဖွဲ့စည်းထားသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ အဝေးရောက်ဗဟိုကော်မတီသည် ပြည်ပကွန်မြူနစ် ပါတီ၏ ညွှန်ကြားမှုအောက်တွင်သာ လှုပ်ရှားပြုမူရပြီး ကိုယ်ပိုင်လမ်းစဉ်ပေါ်လစီဟူ၍ မရှိပေ။(၁။       သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ စာမျက်နှာ ၆)။)             
တော်လှန်ရေးကောင်စီက ပြည်တွင်းငြိမ်းချမ်းရေး အတွက် ကမ်းလှမ်းသောအချိန်တွင် သခင်ဗသိန်းတင် သည် ပြည်ပမြို့ကြီးတစ်မြို့ရှိ ဆေးရုံ၌ ဆေးကုသ လျက်ရှိသည်။ သခင်သန်းမြိုင်နှင့် ဗိုလ်သန်းရွှေမှာမူ ဆိုဗီယက်ယူနီယံ၊ မော်စကိုမြို့သို့ ရောက်ရှိနေသည်။ဗိုလ်ဇေယျနှင့်အဖွဲ့မှာ အရှေ့တောင်အာရှနိုင်ငံများသို့ ခရီးလွန်နေသည်။ ရဲဘော်အောင်ကြီးသည် တစ်ဖက် နိုင်ငံရှိ ပြည်နယ်တစ်ခု၏စက်မှုဌာနတွင် ဒုတိယဌာနမှူး တာဝန်ယူနေရသည်။ အဝေးရောက်ဗဟိုကော်မတီ သည်  ငြိမ်းချမ်းရေးအတွက်  ကမ်းလှမ်းချက်ကို အခွင့်ကောင်းယူ အမြတ်ထုတ်ရမည်ဟု သုံးသပ်ကြ  သည်။ ပြည်ပမြို့ကြီးတစ်မြို့တွင် ရှိနေကြသော သခင် ဗသိန်းတင်နှင့် သခင်ပုသည် ပြည်ပကွန်မြူနစ်ပါတီ၏ ညွှန်ကြားချက်အရ 'ကနေ့ ဗမာပြည်မှာ ဖြစ်ပေါ် ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေကို အခွင့်ကောင်း ယူသင့်တယ်၊ ယူရမယ်' ဟု ဆုံးဖြတ်ကာ တကွဲတပြားစီ ရောက်ရှိနေသောအဝေးရောက်ဗဟိုကော်မတီဝင်များကို အမြန်ဆုံးစုစည်းလိုက်သည်။ (၂။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ပထမတွဲ စာမျက်နှာ ၇၊ ၈)။)
ထို့နောက် အဝေးရောက်ဗဟိုကော်မတီသည် ပြည်တွင်းရှိ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် အဆက် အသွယ်ရရှိရေးအတွက် ရဲဘော်အောင်ကြီးနှင့် ရဲဘော် တင်ရှိန်တို့ကို ရန်ကုန်သို့ပြန်လွှတ်ရန် ဆုံးဖြတ်လိုက် သည်။
''အခု  ဗမာပြည်စစ်အစိုးရနဲ့  ငြိမ်းချမ်းရေး ကမ်းလှမ်းချက် အကြောင်းပြပြီး ရဲဘော်အောင်ကြီးနှင့် ရဲဘော်တင်ရှိန်တို့ကို ဗမာပြည်မှာရှိတဲ့ ဗဟိုဌာနချုပ်ကို ပြန်လွှတ်မယ်၊  ဒီလိုဗမာပြည်ကို  ပြန်လွှတ်တာဟာ ဗမာပြည်ငြိမ်းချမ်းရေးအတွက် ပြန်လွှတ်တာမဟုတ်ဘူး၊ ဗမာပြည်မှာရှိတဲ့ ကွန်မြူနစ်ပါတီဗဟိုဌာနချုပ်ကို အဆက်အသွယ်ပြန်ရအောင် ပြန်လွှတ်တာဖြစ်တယ်၊ ဒါပေမဲ့ အပြင်ဆက်သွယ်ရေးတွေမှာတော့ ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်  ပြန်လာတယ် ဆိုတာမျိုး ဖြစ်စေရမယ်'' (၃။သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ စာမျက်နှာ ၈)။)
သခင်ဗသိန်းတင်နှင့် သခင်ပုတို့၏ ဆွေးနွေးချက် ဖြစ်သည်။ ထိုအချိန်တွင် ပြည်တွင်းရှိ ဗမာပြည် ကွန်မြူနစ်ပါတီ    ဗဟိုကော်မတီဌာနချုပ်သည် ''တော်လှန်ရေးကောင်စီ၏ ငြိမ်းချမ်းရေးကမ်းလှမ်း ချက်အပေါ် ဗမာပြည် ကွန်မြူနစ်ပါတီမှ ၁၉၆၃ ခုနှစ်၊ ဇွန်လ  ၂၂  ရက်နေ့စွဲဖြင့်  ပြန်ကြားချက်''(၄။ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ သမိုင်းဝင် စာရွက်စာတမ်းများ အမှတ်(၁)၊ စာမျက်နှာ ၃။)  ကို သခင်သန်းထွန်းကိုယ်တိုင်  လက်မှတ်ရေးထိုး၍ ပြန်ကြားလိုက်လေသည်။ ယင်းပြန်ကြားချက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီသည် တော်လှန်ရေးကောင်စီ ၏ ကမ်းလှမ်းချက်အပေါ်တွင် မိမိတို့လိုအပ်သလို အဓိပ္ပာယ်ကောက်ပြီး တတ်နိုင်သမျှ ဈေးဆစ်ထား သည်ကို တွေ့ရသည်။ ကြိုတင်ပြင်ဆင်ရေး ပဏာမ အစည်းအဝေးတစ်ရပ်    ပထမဦးစွာပြုလုပ်ရန် တောင်းဆိုထားသည်။ တစ်ပြည်လုံးတွင် ထိုးစစ်များ ရပ်စဲပေးထားပါရန်လည်းတောင်းဆိုခဲ့သည်။
တော်လှန်ရေးကောင်စီသည် သခင်သန်းထွန်း ကိုယ်တိုင်လက်မှတ်ရေးထိုးထားသော ဗမာပြည် ကွန်မြူနစ်ပါတီ၏ ၁၉၆၃ ခုနှစ်၊ ဇွန်လ ၂၂ ရက် ရက်စွဲ ဖြင့် ပေးစာအပေါ်တော်လှန်ရေးကောင်စီ၏ ပြန်ကြား ချက်  (၅။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ သမိုင်းဝင် စာရွက်စာတမ်းများ အမှတ်(၁)၊ စာမျက်နှာ ၁ဝ။) ကို တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ကိုယ်တိုင် လက်မှတ်ရေးထိုး၍ ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက် တွင် ထုတ်ပြန်လိုက်သည်။ တော်လှန်ရေးကောင်စီသည် ပဏာမဆွေးနွေးပွဲကို သဘောတူသဖြင့် ပဏာမ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့  လာရောက်ရန် ဖိတ်ခေါ်ထားသည်။ မည်သည့် တောတွင်းလက်နက် ကိုင် အဖွဲ့အစည်းနှင့်မဆို ဆွေးနွေးရန် အသင့်ရှိ ကြောင်းလည်း ဖော်ပြထားသည်။ ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၉ ရက်တွင်လည်း ဗမာပြည်ကွန်မြူနစ်ပါတီသို့ အသံလွှင့်၍ အကြောင်းကြားခဲ့သည်။ (၁။ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ သမိုင်းဝင် စာရွက်စာတမ်းများ အမှတ်(၁)၊ စာမျက်နှာ ၁၃။)
 ၁၉၆၃  ခုနှစ်၊  ဇူလိုင်လ  ၁ဝ  ရက်တွင်  အဝေး ရောက်ပါတီဗဟိုကော်မတီမှ ပြည်တွင်းသို့ ပြန်ကြမည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား ပြည်ပကွန်မြူနစ်ပါတီ ခေါင်းဆောင်များနှင့် ပြည်ပကွန်မြူနစ်ပါတီ၊ ဗဟို ကော်မတီတပ်ပေါင်းစု  ဌာနတာဝန်ခံတစ်ဦးတို့က အတွေးအခေါ် လမ်းညွှန်နှင့် ညွှန်ကြားချက်များကို ပေးအပ်ကြသည်။
''ဓနရှင်အစိုးရတွေနဲ့ ပတ်သက်ရင် အမြဲတမ်း လက်ဦးမှုရှိအောင် လုပ်ထားရမယ်၊ အသင့်ပြင်ထား ရမယ်၊ သတိကို လုံးလုံးမပေါ့ရဘူး၊ ဓားဓားချင်း၊ လှံလှံ ချင်း ရင်ဆိုင်တတ်ဖို့လိုတယ်၊ အရေးအကြီးဆုံးကတော့ အခုငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စမှာ   စစ်အစိုးရရဲ့ မျက်ခုံးမွေးပေါ် စင်္ကြံလျှောက်နိုင်ဖို့လိုတယ်'' (၂။ သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ စာမျက်နှာ ၈)။)
ပြည်ပကွန်မြူနစ်ခေါင်းဆောင်များ၏ လမ်းညွှန် ချက်ပင်ဖြစ်သည်။ ထို့နောက် အဝေးရောက် ဗမာပြည် ကွန်မြူနစ်ပါတီ၏ ကိုယ်စားလှယ်များအား ပြည်ပနိုင်ငံ တစ်နိုင်ငံ၏ ဧည့်သည်တော်များအဖြစ် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံကြသည်။ ထို့နောက် အဝေးရောက် ပါတီမှ ပထမအသုတ်သည် ပြည်ပမှ ရန်ကုန်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာသည်။ အဖွဲ့ဝင်များ မှာ -
(၁)     သခင်ပု
(၂)     ရဲဘော်ချစ်မောင်
(၃)     ရဲဘော်မောင်ညို
(၄)     ရဲဘော်ခင်ကြီး
(၅)     ရဲဘော်တင်ရှိန်
(၆)     ရဲဘော်အောင်ငြိမ်း တို့ ဖြစ်ကြသည်။ ယင်း အဖွဲ့သည် ရန်ကုန်မြို့သို့ ဇူလိုင်လ ၁၂ ရက်တွင် ရောက်ရှိလာသည်။ ထိုအချိန်တွင် ပြည်တွင်းရှိ ဗဟို ကော်မတီသည်လည်း  အထူးဆက်သားများကို အသုံးပြု၍ အစိုးရနှင့် အပြန်အလှန် ညှိနှိုင်းလျက်ရှိ သည်။
အဝေးရောက် ဗမာပြည်ကွန်မြူနစ်ပါတီ ဒုတိယ အသုတ်သည် ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် ပြည်ပမှ ရန်ကုန်သို့ ဆိုက်ရောက်လာပြန်သည်။ ယင်း အဖွဲ့ဝင်များမှာ-
(၁)     ဗိုလ်ထွန်းငြိမ်း
(၂)     ဗိုလ်စံဖေ
(၃)     ဗိုလ်ဘညွန့်
(၄)     ဗိုလ်ဘဖြူ
(၅)     ရဲဘော်သက်တင်
(၆)     ရဲဘော်စိုးဝင်း
(၇)     ရဲဘော်မောင်ရှိန်
(၈)     ရဲဘော်အောင်ခင်
(၉)     ရဲဘော်ဇော်လေး
(၁ဝ)    ရဲဘော်မင်းအောင်တို့ ဖြစ်သည်။(၃။သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ စာမျက်နှာ ၁ဝ)။)
အဝေးရောက်ပါတီဝင်များသည် ပြည်တွင်းဗဟို ကော်မတီအတွက် ညွှန်ကြားချက်များကို တစ်ပါတည်း ယူလာခဲ့ကြသည်။ ရန်ကုန်မြို့ရှိ တရုတ်သံရုံးကနိုင်ငံ၏ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး အခြေအနေများကို ရှင်းပြပြီး  ပြည်ပမှလည်း  နေ့စဉ်  လုပ်ဆောင်ရန်  ညွှန်ကြားချက်များကို  ကြိုးမဲ့ကြေးနန်းဖြင့် ပို့ပေးလျက် ရှိသည်။ အဝေးရောက်ပါတီမှကိုယ်စားလှယ်များသည် လက်ဝဲပါတီများနှင့် တွေ့ဆုံဆွေးနွေးရေး၊ အခြေအနေ ပေးလျှင် ကွန်မြူနစ်ပါတီဆိုင်းဘုတ်ချိတ်၍ လှုပ်ရှားရေး၊ တော်လှန်ရေးကောင်စီအား ဝါဒဖြင့် ပုတ်ခတ်ရေးတို့ကို ကြိုတင်ပြင်ဆင်လာခဲ့ကြသည်။
အဝေးရောက်ပါတီကိုယ်စားလှယ်များသည်ပြည်ပမှညွှန်ကြားချက်ကို ပေးပို့နိုင်ရေးအတွက် ပြည်တွင်း ပါတီဗဟို ဌာနချုပ်သို့ သွားရောက်နိုင်ရေးကို   အဓိကထား၍  ကြိုးပမ်းကြသည်။  တော်လှန်ရေး ကောင်စီသည် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ် နှင့် ပြည်ပပြန်* (* ရန်ကုန်သို့ရောက်လာသော အဝေးရောက် ပါတီကိုယ်စား လှယ်များ။) များအတွက် အဆက်အသွယ်ရရှိစေရန် သဘောထား ကြီးစွာဖြင့် ဆောင်ရွက်ပေးခဲ့ရာ ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၂ဝ ရက်တွင် အဆက်အသွယ်  ရသွားကြသည်။ ဗဟိုကော်မတီသည် ပြည်ပပြန်များ အား ခေါ်ယူရေးအတွက် ရှမ်းပြည်နယ်တာဝန်ခံ ဗိုလ်ပုနှင့် ရဲဘော်ဘခက်ကို စေလွှတ်လိုက်သည်။ ဗိုလ်ပုနှင့် ရဲဘော်ဘခက်အား ပြည်မြို့ ခလရ (၂၃) မှ ဗိုလ်ကြီးဘုန်းကျော်က ရန်ကုန်သို့ခေါ်လာခဲ့သည်။
၁၉၆၃ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်ညတွင် ပြည်ပ ပြန် ပထမအဖွဲ့သည် တပ်မတော်မှ အနီးဆုံးနေရာသို့ ရဟတ်ယာဉ်ဖြင့် ပို့ပေးပြီးနောက် ပေါက်ခေါင်းမြို့နယ် ရွှေတောင်ငွေတောင် (ကရင်ရွာ) မြောက်ဘက် ၁၂ မိုင်ကွာရှိ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်သို့ ရောက်ရှိသွားကြသည်။ ပြည်ပပြန်များအား သခင် သန်းထွန်းက ဝမ်းသာအားရ ကြိုဆိုခဲ့သည်။ သခင် သန်းထွန်းသည် ဝမ်းသာလွန်းသဖြင့် မျက်ရည်ပင် ကျခဲ့ရသည်။ ပြည်ပပြန်များကိုလည်း ပါတီတစ်ရပ်လုံး နှင့် တော်လှန်ရေးတစ်ရပ်လုံးကို ကယ်တင်သူများ အဖြစ် မြှောက်စားလိုက်သည်။ သခင်သန်းထွန်းတို့ လူစုသည် ၁၉၆၃ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ တည်ထောင်သည့် ၂၄ နှစ် မြောက် ပါတီနေ့ကို ဗဟိုဌာနချုပ်တွင် ကျင်းပကြသည်။ သခင်သန်းထွန်းက မိန့်ခွန်းပြောကြားရာတွင် ပြည်ပ ပြန်များကို အလွန်အမင်း မြှောက်စားခဲ့သည်။
၁၉၆၃ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်မှစ၍ ပြည်ပ ပြန်ဗဟိုကော်မတီများနှင့် ဗဟိုဌာနချုပ်ရှိ ဗဟို ကော်မတီများသည် ပြည်တွင်းပြည်ပ အခြေအနေများ ကို အပြန်အလှန် အစီရင်ခံသောအစည်းအဝေးပွဲကို ကျင်းပကြပြီး သြဂုတ်လ ၁၈ ရက်တွင် ပေါ်လစ်ဗျူရို အဖွဲ့ (နိုင်ငံရေးဦးဆောင်အဖွဲ့) က အောက်ပါဆုံးဖြတ် ချက်ကို ချမှတ်လိုက်လေသည်။ (၁။ သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ စာမျက်နှာ ၁၉ မှ ၂၇)။)
xxx


ပေါ်လစ်ဗျူရို အစည်းအဝေး ၁၈-၈-၆၃ ရက် ဆုံးဖြတ်ချက်
၁။       ရဲဘော်အောင်ကြီး၊ သခင်ပုနှင့် ဗိုလ်ဇေယျတို့ တင်ပြသော အစီရင်ခံစာကို ပေါ်လစ်ဗျူရိုအဖွဲ့က တညီတညွတ်တည်း ယေဘုယျအားဖြင့် လက်ခံသည်။
ဤအစီရင်ခံစာ သဘောထားကို ပေါ်လစ်ဗျူရို အဖွဲ့မျက်နှာစုံညီ အစည်းအဝေးတွင် တင်ပြ၍ အဆုံး အဖြတ်ခံယူရန်။
ဗဟိုကော်မတီအစည်းအဝေးက ဆုံးဖြတ်ချက် မချမီ ၅၅ ခုနှစ် ဗဟိုကော်မတီဆုံးဖြတ်ချက်များအပေါ်  အခြေခံသည့် ၆၂ ဗဟိုကော်မတီဆုံးဖြတ်ချက်များ၏ ဘောင်အတွင်း၌ ယခု အစီရင်ခံစာပါ သဘောထားအရ ပေါ်လစ်ဗျူရိုအဖွဲ့က တာဝန်ခံလုပ်ဆောင်သွားရန်။
၂။       ရဲဘော်အောင်ကြီး၊ သခင်ပု၊ ဗိုလ်ဇေယျတို့ ရန်ကုန်တွင်ရှိနေစဉ် Infromally တော်လှန်ရေး ကောင်စီနှင့်လည်းကောင်း၊ ဥပဒေအတွင်း ဒီမိုကရေစီ အဖွဲ့အစည်းများနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးပြီး ဆောင်ရွက်ခဲ့သည်များကို ပေါ်လစ်ဗျူရိုအဖွဲ့က တာဝန် ယူလုပ်ကိုင်သွားရန်။
၃။       ဇွန်လ ၂၂ ရက်က ပါတီ ဗဟိုကော်မတီ၏တင်ပြ ထားသော ပဏာမဆွေးနွေးပွဲပြုလုပ်ရန် အကြံပေးချက် ကိုလက်ခံပြီး  ပါတီမှစေလွှတ်သည့်  ပဏာမ ကိုယ်စားလှယ်အဖွဲ့ကိုကြိုဆိုပါကြောင်း တော်လှန်ရေး ကောင်စီဥက္ကဋ္ဌ၏ပြန်စာအရ မျက်နှာစုံညီ တွေ့ဆုံ ဆွေးနွေးပွဲအတွက်ပြင်ဆင်မှုများပြုလုပ်ရင်း ဆွေးနွေး မည့်အခြေခံ အချက်များသတ်မှတ်ရန်၊ ဗဟိုကော်မတီ ၏ ပဏာမဆွေးနွေးပွဲကိုယ်စားလှယ်အဖွဲ့တစ်ခုကို တော်လှန်ရေးကောင်စီသို့ စေလွှတ်ရန်ဆုံးဖြတ်သည်။ 
၎။       ပဏာမ ဆွေးနွေးပွဲ၏ ရည်မှန်းချက်မှာ-
(က)    တွေ့ဆုံဆွေးနွေးရေးကိစ္စ ပေါ်ပေါက်လာ ပြီးနောက် ဖြစ်ပေါ်လာသော ပြည်သူ့ လှုပ်ရှားမှုနှင့် လက်နက်ကိုင်အဖွဲ့အစည်း များ၏ ကြိုးပမ်းမှုမှရရှိသောရလဒ်များကို စုစည်းခိုင်မာစေရန် တစ်ဆင့်မြင့်အောင် တိုးချဲ့ရန်။
(ခ)     အခါအခွင့်ကို အသုံးပြု၍၊ ရသမျှအချိန်ကို အသုံးပြု၍ ပါတီစုစည်းရေး၊ လက်နက်ကိုင် တော်လှန်ရေးအင်အားစုများ၏ စည်းလုံး ညီညွတ်ရေး၊ ဥပဒေအတွင်း ဒီမိုကရေစီ  အင်အားစုများ၏ စည်းလုံးညီညွတ်ရေးကို ကြိုးပမ်းသွားရန်။
၅။       ပဏာမဆွေးနွေးပွဲ ကိုယ်စားလှယ်အဖွဲ့၏တာဝန် များမှာ-
(က)    တော်လှန်ရေးကောင်စီနှင့်  တွေ့ဆုံပြီး ကြိုတင်သဘောတူညီချက်များကို ရနိုင်သမျှ ယူရန်။
(ခ)     မျက်နှာစုံညီ အစည်းအဝေးအတွက် စဉ်းစား ရမည့် နိုင်ငံရေးအခြေခံများ သတ်မှတ်ရန်။
(ဂ)     အတိုက်အခိုက် ရပ်စဲရေးနှင့် သဘောတူညီ ချက်ရယူရန်။
(ဃ)    အတိုက်အခိုက်ရပ်စဲရေးဆိုရာ၌ ထိုးစစ်များ ရပ်စဲရေးသာမက အန္တရာယ်ပြုနိုင်သော တပ်စခန်းများကိုပါ ရုပ်သိမ်းစေရန်။
(င)     အမြင့်ဆုံး   တစ်တိုင်းပြည်လုံးအတွက် အတိုက်အခိုက်ရပ်စဲရေး။
(စ)     ၎င်းမှမဖြစ်လျှင် မဒညတ အလံနီတို့ပါ အကျုံးဝင်သော  ဒေသများအတွက် အတိုက် အခိုက်ရပ်စဲရေး။
(ဆ)    ၎င်းမှမဖြစ်လျှင် ပါတီ၏ သြဇာသက်ရောက် သော နယ်များအတွက် သဘောတူညီချက် ရယူရန်။
(ဇ)     ဗဟိုကော်မတီ အစည်းအဝေးကျင်းပနိုင်ရေး အတွက် လိုအပ်သော အကူအညီနှင့်လုံခြုံမှု ကို အာမခံရန်။
(ဈ)     မဒညတနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး အတွက် အကူအညီတောင်းရန်။
(ည)    ရှမ်း၊ ကချင် စသည်တို့နှင့် ဆက်သွယ်ရေး ဖြစ်နိုင်ပါက ဆက်သွယ်ရန်။
(ဋ)     ဖြစ်နိုင်သော  အခြားသဘောတူညီချက် သို့မဟုတ် နားလည်မှုများရယူရန်။
(ဌ)     ရရှိသော သဘောတူညီချက်ကို တိုင်းပြည် သို့ ပူးတွဲကြေညာချက် ထုတ်နိုင်ရေးအတွက် ကြိုးစားရန်။
၆။       သဘောတူညီချက်ရယူမည့်  မျက်နှာစုံညီ အစည်းအဝေးသတ်မှတ်ရမည့် အခြေခံများမှာ-
(က)    ဗမာပြည်၏ ပကတိမျက်မှောက် အခြေ အနေဆန်းစစ်ချက်။ ဤသို့ သုံးသပ်ရာတွင် အတိတ်မှ သင်ခန်းစာများကို လိုအပ် သလောက် ဖော်ထုတ်ရန်ဖြစ်သည်။ အထူး သဖြင့် သတိပြုရန်မှာ အတိတ်ထက် ပစ္စုပ္ပန် နှင့် အနာဂတ်အတွက်သာ ပိုမိုအလေးတင်း ရန် ဖြစ်ပါသည်။
(ခ)     လက်ငင်းလုပ်သင့်လုပ်ထိုက်သော လုပ်ငန်း များ။ ဤနေရာတွင် ဗဟိုကော်မတီ၏ အချက်လေးချက်ကို တင်ပြရန်ဖြစ်သည်။
(ဂ)     ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ပြဿနာ များ။
၇။       ပဏာမကိုယ်စားလှယ်အဖွဲ့၏ အခွင့်အာဏာ များမှာ-
(က)    မျက်နှာစုံညီ အစည်းအဝေးအတွက် အခြေခံ များ သတ်မှတ်နိုင်ခွင့်။
(ခ)     အတိုက်အခိုက်ရပ်စဲရေးဆိုင်ရာ သဘော တူညီချက် လုပ်နိုင်ခွင့်။
(ဂ)     ရရှိသော သဘောတူညီချက်နှင့်ပတ်သက်၍ တော်လှန်ရေးကောင်စီနှင့် ပူးတွဲ၍သော် လည်းကောင်း၊  ပါတီအနေနှင့်သော် လည်းကောင်း ကြေညာချက် ထုတ်ပိုင်ခွင့်။
(ဃ)    အခြားသော  သဘောတူညီချက်နှင့် နားလည်မှုများ ရယူနိုင်ခွင့်။
၈။       ပဏာမကိုယ်စားလှယ်အဖွဲ့၏ ဥပဒေအတွင်း ဒီမိုကရေစီအဖွဲ့အစည်းများနှင့် ပတ်သက်၍ တာဝန် မှာ -
ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပါတီ လမ်းစဉ်ကို ရှင်းလင်းခြင်း၊ ¤င်းအဖွဲ့အစည်းများ၏ အကြံပေးချက်ကို ခံယူခြင်း၊ ¤င်းအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို စွမ်းဆောင်နိုင်သမျှ ကူညီ ခြင်းဖြစ်သည်။
အခြေအနေက ခွင့်ပြုပါက ¤င်းအဖွဲ့အစည်းများ နှင့် ပူးတွဲကြေညာချက် ထုတ်ပိုင်ခွင့်ရှိမည်။
၉။       ပါတီစည်းရုံးရေးနှင့်ပတ်သက်၍  ပဏာမ ကိုယ်စားလှယ်အဖွဲ့၏ တာဝန်များမှာ-
(က)    အဝေးရောက်ရဲဘော်များကိစ္စ။
(ခ)     မြေအောက်ပါတီ စည်းရုံးရေးကိစ္စများကို ဆောင်ရွက်ရန်ဖြစ်သည်။
၁ဝ။     ပဏာမကိုယ်စားလှယ်အဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်-
(က)    ရဲဘော်ဌေး- ဗဟိုကော်မတီအတွင်းရေးမှူး (ပဏာမကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်)။
(ခ)     ရဲဘော်အောင်ကြီး - ဗဟိုကော်မတီဝင်။
(ဂ)     ရဲဘော်ဇေယျ - ဗဟိုကော်မတီဝင်နှင့် စစ်ဦးစီးဌာနမှူး - ဗဟိုစစ်ဦးစီးဌာနချုပ်။
(ဃ)    ရဲဘော်စိုးမောင်- တပ်မှူးကြီး၊ ဗဟိုစစ်ဦးစီး ဌာနချုပ်။
(င)     ရဲဘော်ဗိုလ်ပု - တပ်မှူးကြီး၊ ဗဟိုစစ်ဦးစီး ဌာနချုပ်။
(စ)     ရဲဘော်သက်တင် - ပါတီဗဟိုဌာနချုပ်။ လိုအပ်သော ရုံးအဖွဲ့၊ ဆက်သားအဖွဲ့၊ ကာကွယ်ရေးအဖွဲ့တို့ကို ခေါ်သွားရန်။
၁၁။     အောက်ပါ စာတမ်းများ၊ စာများကို ရေးသား ပြုစုရန်-
(က)    တော်လှန်ရေးကောင်စီ
(၁)     ပဏာမကိုယ်စားလှယ်အဖွဲ့ စေလွှတ် ကြောင်း ပေးစာ။
(၂)     တော်လှန်ရေးကောင်စီထံ တင်ပြမည့် စာတမ်း  (အစည်းအဝေး  အခြေခံ သတ်မှတ်ချက်)။
(၃)     ဗိုလ်နေဝင်းထံ ပုဂ္ဂိုလ်အရပေးစာ။
(ခ)     ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့
(၁)     ဆရာကြီး*(*   ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ဆိုလိုသည်။ ) ထံ ပုဂ္ဂိုလ်အရပေးစာ။
 (၂)    ဗိုလ်ကျော်ဇော** (**  ထိုစဉ်က ဗိုလ်မှူးချုပ်ဟောင်း၊ ယခု တောခို ဗကပ။)
ထံ ပုဂ္ဂိုလ်အရပေးစာ။
(၃)     ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့သို့ပေးစာ။
(ဂ)     ပြည်တွင်းငြိမ်းချမ်းရေး ကြိုဆိုမှု ပြည်သူ့ ကော်မတီသို့ပေးစာ။
(ဃ)    ဗိုလ်ချုပ်အောင်ဆန်းထံ အဓိဋ္ဌာန်ပြုချက်။
(င)     တိုင်းပြည်သို့ ကြေညာချက်။
(စ)     သတင်းစာ ကွန်ဖရင့်တွင် ပေါ်ပေါက်စရာ ရှိသည့် မေးခွန်းများ ကြိုတင်ပြုစုထားရန်။
(ဆ)    ယခု ဆွေးနွေးချက်များကို အခြေခံ၍ နိုင်ငံရေးဆုံးဖြတ်ချက်များကို ပြုစုရန်။
၁၂။     သခင်ဗသိန်းတင်ကိစ္စ
(က)    ဗမာပြည်သို့ ပြန်ခေါ်ရန်။
(ခ)     သူ့ကိစ္စနှင့်ပတ်သက်၍ တော်လှန်ရေး ကောင်စီနှင့် သဘောတူညီချက်ယူရန်။
၁၃။     ဗဟိုကော်မတီအစည်းအဝေးကို မူလ သတ်မှတ် ထားသည့်နေရာတွင် ကျင်းပရန်။
၁၄။     ကိုငွေသိန်း(သခင်ချစ်)*** (***        သခင်ချစ်သည် မဒညတ ဗဟိုဦးစီးအဖွဲ့ သဘာပတိအဖြစ် ဆောင်ရွက်နေသည်။) ၏ စာအပေါ် ဆုံးဖြတ် ချက်-
(က)    ဗဟိုကော်မတီအစည်းအဝေးကြီးမှ သခင် စိုး၊  ကေအင်န်ယူပါတီတို့နှင့်  တွေ့ဆုံ ဆွေးနွေးရန်။
(ခ)     အကယ်၍ သခင်စိုးသည် သူ့ဘာသာသူ ရောက်လာပါက  သူ၏တင်ပြချက်ကို နားထောင်ရန်။
(ဂ)     ကိုငွေသိန်း(သခင်ချစ်)နှင့် အခြား ဗဟို ကော်မတီ ရဲဘော်များကို ဗဟိုဌာနချုပ်သို့ ခေါ်ယူရန်။
၁၅။     ချင်း အမျိုးသားအဖွဲ့များနှင့် တော်လှန်ရေး ကောင်စီတွေ့ရေးကိစ္စ-
(က)    ¤င်းတို့ဘာသာ သီးခြားကမ်းလှမ်းစေရန်။
(ခ)     သီးခြားလိုက်လာစေရန်။
(ဂ)     ၎င်းတို့အား ခေါ်ယူ၍ရှင်းပြရန်။
xxx
          ဤကား ၁၉၆၃ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်တွင် ကျင်းပသောအရေးပေါ် ပေါ်လစ်ဗျူရိုအဖွဲ့၏ ဆုံးဖြတ် ချက်များဖြစ်သည်။ တော်လှန်ရေးကောင်စီက ပြည်တွင်းငြိမ်းချမ်းရေးအတွက်   ကမ်းလှမ်းချက်ကို ထုတ်ပြန်သည်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီသည်အမြတ်ထုတ်ရေးကို သာအသေးစိတ်စီမံပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ အဝေးရောက်ပါတီ ကော်မတီဝင်များသည် ပြည်ပကွန်မြူနစ်ပါတီ၏ ညွှန်ကြားချက်အရ ပြည်တွင်း ဗဟိုနှင့် အဆက်အသွယ်ရယူကာ လမ်းညွှန်ချက်များချပေးခဲ့သည်။ဗမာပြည်ကွန်မြူနစ်ပါတီသည် တော်လှန်ရေးကောင်စီ၏ ငြိမ်းချမ်း ရေးကမ်းလှမ်း ချက် အပေါ်တွင် ပြည်သူလူထုအတွက် ငြိမ်းချမ်းရေးရရှိရန် မစဉ်းစားဘဲ မိမိပါတီ၏အကျိုးကိုသာ ကြည့်ခဲ့သည်။ ပြည်ပနှင့်ပြည်တွင်း အဆက်အသွယ်ရရေးကို ကြိုးစားခဲ့သည်။ အဝေးရောက်ပါတီကော်မတီသည် ငြိမ်းချမ်း ရေး ကမ်းလှမ်းချက်ကို  အကြောင်းပြု၍  ပြည်တွင်းဗဟို ကို ချုပ်ကိုင်ခွင့်ရခဲ့သည်။ မဒညတ၊ ကေအင်န်ယူပါတီ တို့ကိုလည်း ဆွေးနွေးပွဲတွင် ခြယ်လှယ်နိုင်ရန် ကြိုးစား ခဲ့ပြီး မြေပေါ်ပါတီများနှင့်လည်း ဆက်သွယ်ခဲ့သည်။
သခင်သန်းထွန်းနှင့်ပြည်ပပြန်ရဲဘော်အောင်ကြီးသည် ပဏာမငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို စိတ်ကြိုက် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ရဲဘော်ဌေးကို အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်မပေးလိုသော်လည်း သခင်ချစ်  ရခိုင်ပြည်နယ် ရောက်နေသဖြင့်  ဗဟိုကော်မတီအတွင်းရေးမှူးဖြစ်သူ   ရဲဘော်ဌေးကို ခေါင်းဆောင်ခန့်ခဲ့ရသည်။ ဗဟိုစစ်ဦးစီးဌာနချုပ်ကိုလည်း  စာရွက်ပေါ်တွင်  တည်ထောင်ပြီး  ဗိုလ်ပုနှင့် ဗိုလ်စိုးမောင်ကို တပ်မှူးကြီးများ ခန့်လိုက်ကြသည်။ ထို့နောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ခြေပုန်းခုတ် နိုင်ရေးအတွက် အသေးစိတ် စီစဉ်ကြတော့သည်။
Xxx
ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဆွေးနွေးခြင်း  (၁။     သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ၊ ပထမတွဲမှ ထုတ်နုတ်ရေးသားသည်။)
၁၉၆၃ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ ပဏာမကိုယ်စားလှယ်အဖွဲ့၏ ရှေ့ပြေး အဖွဲ့သည် ဗဟိုဌာနချုပ်စခန်းမှ ပဲခူးရိုးမ ရွှေတောင် ငွေတောင် စခန်းသို့ရောက်ရှိလာသည်။ ထို့နောက် သြဂုတ်လ ၂၄ ရက်တွင် တပ်မတော် ရဟတ်ယာဉ်ဖြင့် ရန်ကုန်မြို့သို့ရောက်လာကြသည်။ ယင်းအဖွဲ့တွင် (၁) ပြည်ပပြန် ရဲဘော်ညို၊ (၂) ပြည်ပပြန် ဗိုလ်ဘဖြူ၊ (၃) ရဲဘော်ဘခက်၊ (၄) ရဲဘော်ထွန်းရီတို့ ပါဝင်လာကြ သည်။ ပြည်ပပြန်ဗိုလ်ဘဖြူနှင့် ရဲဘော်ညိုတို့သည် တည်းခိုရိပ်သာကို ရန်ကုန်မြို့တွင်း၌သာ စီစဉ်ပေးရန် အာဏာပိုင်များထံ ခရီးရောက်မဆိုက် တောင်းဆိုလိုက် ကြသည်။ သို့မှသာ မြေပေါ်လက်ဝဲ နိုင်ငံရေးအဖွဲ့များ နှင့်လျှို့ဝှက်၍ ဆက်သွယ်ညွှန်ကြားနိုင်မည်ဖြစ်သည်။ ရဲဘော်ဘခက်သည်လည်း မြေအောက်လျှို့ဝှက် ဆက်သွယ်ရေးနှင့် စည်းရုံးရေးလုပ်ငန်းများကို လုပ်ကိုင် တော့သည်။
၁၉၆၃ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ  ပေါ်လစ်ဗျူရို  လူကြီး  သခင်ချစ်၏ ဇနီး ဒေါ်ခင်သန်း(ခ)ဒေါ်အမာသည် ရန်ကုန်ဆေးရုံ ကြီး၌ ကွယ်လွန်သွားရာ ရှေ့ပြေးအဖွဲ့သည် သြဂုတ်လ ၂၅ ရက်တွင် သက်ဆိုင်ရာမှ ခွင့်တောင်းပြီး ဈာပန အခမ်းအနားသို့ သွားရောက်ကြသည်။ ထို့နောက် ပြည်သူ့ကော်မတီခေါ် မြေပေါ်ပါတီဝင်များနှင့် ဈာပန အခမ်းအနားတွင် အခွင့်ကောင်းယူ၍ ဆွေးနွေးကြ သည်။  ရဲဘော်ဘခက်သည်  ပြည်သူ့ကော်မတီ ကိုယ်စားလှယ်များက ထုတ်ပြန်ကြေညာရန်အတွက် ''ဗမာပြည်ကွန်မြူနစ်ပါတီ၏  ပဏာမ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အား  လှိုက်လှဲစွာ  ကြိုဆိုပါ၏'' ဟူသော ကြေညာချက်မူကြမ်းကို ရေးပေးခဲ့သည်။
ရှေ့ပြေးအဖွဲ့က သခင်ချစ်၏ဇနီး ဈာပနကို အကြောင်းပြု၍ လျှို့ဝှက်စွာလှုပ်ရှားနေစဉ် ၁၉၆၃ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပဏာမငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ဗဟိုဌာနချုပ်စခန်းမှ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့သို့ ထွက်ခွာလာခဲ့ကြသည်။ ပေါက်ခေါင်းမြို့တွင် စည်းရုံး ရေးလုပ်ငန်းအတွက် ရည်ရွယ်၍ ခရီးစဉ်ကို ရေးဆွဲခဲ့ ကြခြင်းဖြစ်သည်။ ထို့နောက် ၁၉၆၃ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်တွင် ရဲဘော်ဌေးခေါင်းဆောင်သော ပဏာမကိုယ်စားလှယ်အဖွဲ့သည် ပြည်မြို့မှ တစ်ဆင့် တပ်မတော် လေယာဉ်ဖြင့် ရန်ကုန်သို့ ဆိုက်ရောက်လာ ကြသည်။ သြဂုတ်လ ၂၉ ရက်တွင် မိဘ၊ ဆွေမျိုးများ နှင့် တွေ့ဆုံပြီး သြဂုတ်လ ၃၁ ရက်တွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းအိမ်၌ ရန်ကုန်မြို့မှ ဗမာပြည် ကွန်မြူနစ်ပါတီ မြေအောက်ပါတီတာဝန်ခံ ဆက်သား နှင့်  တွေ့ဆုံ၍  ဗဟိုဌာနချုပ်၏  လတ်တလော မြေအောက်လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်ကိုပေးအပ် ခဲ့သည်။
ပဏာမ ကိုယ်စားလှယ်အဖွဲ့သည် ပြည်သူလူထု အား ဝါဒဖြန့်သည့်အနေနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဂူရှေ့တွင် လွမ်းသူ့ပန်းခွေချ၍ အလေးပြုခဲ့ကြသည်။ သံရုံးတစ်ရုံးမှတစ်ဆင့် ရရှိနေသည့် နေ့စဉ်လုပ်ဆောင် ရမည့် ညွှန်ကြားချက်များကိုလည်း လိုက်နာနေကြရ သည်။ ၁၉၆၃ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်တွင် ပဏာမကိုယ်စားလှယ်အဖွဲ့သည် ပြည်သူ့ကော်မတီနှင့် တွေ့ဆုံပြီး စက်တင်ဘာလ ၅ ရက်တွင် ပမညတ* (ပမညတ၊ ဝိဓူရ သခင်ချစ်မောင် ခေါင်းဆောင်သော ပြည်ထောင်စုမြန်မာနိုင်ငံ ညီညွတ်ရေးတပ်ပေါင်းစု၊ မြေပေါ် လက်ဝဲပါတီအဖြစ် ထင်ရှားခဲ့သည်။)သဘာပတိအဖွဲ့နှင့် တွေ့ဆုံခဲ့သည်။ စက်တင်ဘာလ ၆ ရက်တွင် ပြည်သူ့တိုးတက်ရေးပါတီနှင့် တွေ့ဆုံပြီး ယင်းနေ့ နေ့လယ် ၁ နာရီတွင် ကရင်အမျိုးသားအဖွဲ့ (ကေဘီကေအို) နှင့်တွေ့ဆုံဆွေးနွေးသည်။ စက်တင်ဘာလ  ၁၁  ရက်တွင်  ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောနှင့် တွေ့ဆုံကြသည်။ ဤကဲ့သို့ လက်ဝဲနိုင်ငံ ရေးအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံနေခြင်းမှာ စည်းရုံးရေးအရ စုစည်းရန်နှင့် တော်လှန်ရေးကောင်စီအား အကျပ်ကိုင်နိုင်ရန် အင်အားပြခြိမ်းခြောက်ခြင်းများပင်ဖြစ်သည်။ ပဏာမကိုယ်စားလှယ် အဖွဲ့သည် ပြည်ပမှလာသော ညွှန်ကြားချက် အတိုင်း လိုက်နာ ဆောင်ရွက်နေခြင်းလည်း ဖြစ်လေသည်။
၁၉၆၃ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်တွင် ပြည်ပ မှ  အဝေးရောက်  ဗဟိုကော်မတီ၏  ဥက္ကဋ္ဌ  သခင် ဗသိန်းတင်နှင့် အထူးကေဒါများ စုစည်းထားသည့် အဖွဲ့ တစ်ဖွဲ့ ရန်ကုန်သို့ ရောက်ရှိလာသည်။ ယင်းအဖွဲ့မှာ ပြည်ပမှ ရောက်ရှိလာသည့် တတိယအသုတ်ပင်ဖြစ် သည်။
ယင်းအဖွဲ့တွင် ပါဝင်သူများမှာ-
(က)    သခင်ဗသိန်းတင်။
(ခ)     ဗိုလ်ထိုက်အောင်။
(ဂ)     ရဲဘော်မျိုးတင့်။
(ဃ)    ရဲဘော်သန်းဝင်း။
(င)     ရဲဘော်မောင်ကို။
(စ)     ရဲဘော်ဥာဏ်ကျော်။
(ဆ)    ရဲဘော်ထွန်းရှိန်(ခေါ်)ဖေငြိမ်း။
(ဇ)     ရဲဘော်သိန်းထိုက်။
(ဈ)     ရဲဘော်ဖေသောင်း။
(ည)    ခင်ခင်ကြည်(ခေါ်)မမျိုးသန့်။
(ဋ)     မတင်ဝေ တို့ဖြစ်သည်။(၁။     သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ စာမျက်နှာ ၃၉)။)
ဗမာပြည်ကွန်မြူနစ်ပါတီ ပဏာမကိုယ်စားလှယ် အ ဖွဲ့ မှာ မူ သ ခင် ဗ သိန်း တင် တို့ မ ရောက် မီ စက်တင်ဘာလ ၂ ရက်တွင် တော်လှန်ရေးကောင်စီ နှင့် စတင်ဆွေးနွေးခဲ့ကြသည်။  (၂။ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ သမိုင်းဝင် စာရွက်စာတမ်းများ အမှတ်(၁) စာမျက်နှာ ၁၇။)ယင်းပထမအကြိမ် ဆွေးနွေးပွဲတွင် တော်လှန်ရေးကောင်စီဘက်မှ ဗိုလ်မှူး ကြီးစောမြင့်၊ ဗိုလ်မှူးကြီးလှဟန်၊ ဒုတိယဗိုလ်မှူးကြီး သောင်းဒန်၊ သခင်တင်မြနှင့် ဒုတိယဗိုလ်မှူးကြီးချစ်ခင် တို့ တက်ရောက်ကြပြီး ဗမာပြည်ကွန်မြူနစ်ပါတီဘက်မှ ရဲဘော်ဌေး၊ ရဲဘော်အောင်ကြီး၊ ရဲဘော်ဗိုလ်ဇေယျ၊ ရဲဘော်သက်တင်၊ ရဲဘော်စိုးမောင်နှင့် ရဲဘော်ဗိုလ်ပုတို့ တက်ရောက်ကြသည်။ ပထမအကြိမ် ဆွေးနွေးပွဲတွင် တော်လှန်ရေးကောင်စီဝင်များက ထာဝရငြိမ်းချမ်းရေး ရရှိလိုသော ဆန္ဒသဘောထားဖြင့် ယခုကဲ့သို့ ကမ်းလှမ်း ရခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ဗမာပြည်ကွန်မြူနစ် ပါတီ၏ ပဏာမကိုယ်စားလှယ်အဖွဲ့ကမူ အောက်ပါ တို့ကို တင်ပြခဲ့သည်။  (၃။ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ သမိုင်းဝင်စာရွက်စာတမ်းများ အမှတ်(၁) စာမျက်နှာ ၂ဝ၊ ၂၁။)
(က)    ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးလုပ်နိုင်ရေး။
(ခ)     ဗမာပြည်ကွန်မြူနစ်ပါတီ ပါဝင်သော မဒညတ သဘာပတိအဖွဲ့ အစည်းအဝေး လုပ်နိုင်ရေး။
(ဂ)     အတိုက်အခိုက် ရပ်စဲထားသော ငြိမ်းချမ်း ရေး အကြိုကာလ ဖန်တီးထားရေး။
(ဃ)    အချို့လုပ်ငန်း ထိခိုက်စေသော အတွင်း ပိုင်း တပ်စခန်းများ ရွှေ့ပြောင်းပေးရေး။
(င)     ဆွေးနွေးနေစဉ်ကာလတွင် လိုအပ်သော ဒီမိုကရေစီ အခွင့်အရေးပြဿနာ။
(စ)     ရှင်းလင်းဖြေကြားပေးရန် အချက်တစ်ရပ်။
(ဆ)    သဘောမတူသေးသည့် ကိစ္စများ ထပ်မံ ညှိနှိုင်းရန် သဘောထား ရရှိရေး။
(ဇ)     နယ်ချဲ့နှင့် ပြည်တွင်း ဖောက်ပြန်ရေး သမားများ၏ လုပ်ငန်းများကို တားဆီးရန် နှစ်ဦးနှစ်ဖက် စီစဉ်ရန် သဘောထား။
(ဈ)     ပဏာမ အစည်းအဝေးကြီးတွင် လုပ်သင့် သော ကိစ္စများ။
ဗမာပြည်ကွန်မြူနစ်ပါတီသည် တော်လှန်ရေး ကောင်စီနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းရေး ရရှိမည်ကို မလိုလားနိုင်ပေ။ ငြိမ်းချမ်းရေးကိုလည်း စိတ်မဝင်စားခဲ့ကြပေ။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကာလ အတွင်း ပါတီ၏ နိုင်ငံရေး၊ စစ်ရေး အကဲသာမှုများ ရရှိအောင် ခြေပုန်းခုတ်ရေးသာ ဖြစ်သည်။ ထို့ကြောင့် မဖြစ်နိုင်သည်များကို အချိန်ဆွဲ၍ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ တော်လှန်ရေးကောင်စီ ကိုယ်စားလှယ်များ နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပဏာမကိုယ်စားလှယ်  အဖွဲ့သည် ၁၉၆၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်တွင် အမှတ် ၁၄ အင်းယားလမ်းရှိ ဧည့်ရိပ်သာ၌ ဒုတိယ အကြိမ် တွေ့ဆုံဆွေးနွေးပြန်သည်။
ဒုတိယအကြိမ် ဆွေးနွေးပွဲတွင် တော်လှန်ရေး ကောင်စီ ကိုယ်စားလှယ်များက မရှင်းလင်းသည့် ဝိဝါဒစကားလုံးအချို့ကို  ပြန်လည်မေးမြန်းခဲ့သည်။ ထို့နောက်  ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အစည်းအဝေး ကျင်းပနိုင်ရေးကို သဘောတူခဲ့ကြသည်။ လိုအပ်သောအကူအညီကိုပေးမည်ဟုလည်း ကတိပြု ခဲ့ကြသည်။ မဒညတကိစ္စတွင်မူ လာရောက်သောအဖွဲ့ အစည်းက မလာရောက်သော အဖွဲ့အစည်းကိုယ်စား ဆွေးနွေးခြင်းသည် မဖြစ်နိုင်ကြောင်း၊ ဆွေးနွေးလိုပါက လွှဲစာပါဖို့လိုကြောင်း စသဖြင့် ရှင်းပြခဲ့သည်။ အတိုက် အခိုက်ရပ်စဲရေးတွင် ဗမာပြည်ကွန်မြူနစ်ပါတီသည် အခြားမြေအောက်  ပါတီများကိုပါ  လက်ဝါးကြီးအုပ် လွှမ်းမိုးဦးဆောင်လိုသဖြင့် တစ်ပြည်လုံးတွင် အတိုက် အခိုက်ရပ်စဲရန် တောင်းဆိုခဲ့သည်။ တော်လှန်ရေး ကောင်စီက တစ်ပြည်လုံးအတွက် သဘောမတူပေ။ စေ့စပ်ဆွေးနွေးနေဆဲ အဖွဲ့များနှင့်သာ ရပ်စဲထားရန် သဘောတူခဲ့သည်။
ဗမာပြည်ကွန်မြူနစ်ပါတီသည် ယင်းတို့၏ စစ်ရေး အကဲသာမှုအတွက် ယင်းတို့အတွက် အန္တရာယ်ရှိသော တပ်စခန်းများနှင့် ယင်းတို့ စည်းရုံးရေးအခြေချလိုသော နယ်မြေများမှ  တပ်စခန်းများကို  ဖယ်ရှားပေးရန် တောင်းဆိုခဲ့ရာ တော်လှန်ရေးကောင်စီက မလိုက်လျော ခဲ့ချေ။ ဗမာပြည်ကွန်မြူနစ်ပါတီသည် တော်လှန်ရေး ကောင်စီက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန် ခဲ့သဖြင့် လက်နက်ချသူ များပြားခဲ့ရာ ယင်းလွတ်ငြိမ်း ချမ်းသာခွင့်ကို ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့သည်။ တော်လှန်ရေးကောင်စီက လက်ခံသည့်  အဖွဲ့အစည်း အချို့ရှိနေပြီး တစ်ပြည်လုံးအတိုင်းအတာဖြစ်နေသော ကြောင့် မရုပ်သိမ်းပေးနိုင်ကြောင်း ငြင်းဆိုခဲ့သည်။
ဗမာပြည်ကွန်မြူနစ်ပါတီသည် ယင်းတို့ပါတီတွင်းမှ  ရာဇဝတ်မှုကျူးလွန်သောကြောင့်  အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နှင့် အကျုံးမဝင်ဘဲ ထောင်ကျ နေသူများကို ထောင်မှလွှတ်ပေးရန် တောင်းဆိုခဲ့သည်။  တော်လှန်ရေးကောင်စီသည် ဗမာပြည်ကွန်မြူနစ်ပါတီ ၏ တောင်းဆိုချက်များကို အတတ်နိုင်ဆုံးသည်းညည်းခံ ၍ လိုက်လျောခဲ့သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် နိုင်ငံ အကျိုးကိုထိခိုက်စေသော တောင်းဆိုချက်များကိုမူ မလိုက်လျောခဲ့ချေ။
၁၉၆၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်တွင် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပပြန်သည်။ ထိုနေ့တွင် ဝေါဟာရ အသုံးအနှုန်းများကိုသာ အဓိက ညှိနှိုင်းခဲ့ ကြသည်။ ထို့နောက် စက်တင်ဘာလ ၁၃ ရက်တွင် စတုတ္ထအကြိမ် ဆွေးနွေးပွဲကို ကျင်းပပြန်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ ပဏာမကိုယ်စားလှယ်အဖွဲ့က ဗဟိုကော်မတီအစည်းအဝေး ကျင်းပမည့်နေရာနှင့် နီးကပ်သည့် အောက်ပါတပ်စခန်းများကို စက်တင်ဘာ လ ၂၅ ရက်မတိုင်မီ ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ သည် -
(က)    ရွှေလေး။
(ခ)     ထွန်ချောင်း။
(ဂ)     ရွှေတောင်၊ ငွေတောင်။
(ဃ)    ကုတင်ငါးဆင့်။
(င)     စွယ်တုံး။
တော်လှန်ရေးကောင်စီကလည်း ဖော်ပြပါစခန်း များကို ရုပ်သိမ်းပေးရန် သဘောတူခဲ့သည်။ ၁၉၆၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်တွင် ပဉ္စမအကြိမ် ဆွေးနွေးပွဲ၊ အောက်တိုဘာလ ၃ ရက်တွင် ဆဋ္ဌမ အကြိမ်ဆွေးနွေးပွဲ၊ အောက်တိုဘာလ ၁၆ ရက်တွင် သတ္တမအကြိမ် ဆွေးနွေးပွဲ၊ အောက်တိုဘာလ ၃၁ ရက် တွင် အဋ္ဌမအကြိမ် ဆွေးနွေးပွဲများ ဆက်လက်ကျင်းပ ကြသည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် တောင်းဆို ချက်များကို တစ်ဆင့်ပြီးတစ်ဆင့် တိုး၍တောင်းလာ ကြသည်။ တော်လှန်ရေးကောင်စီက အတတ်နိုင်ဆုံး လိုက်လျောခဲ့သည်။ တော်လှန်ရေးကောင်စီမှ ညှိနှိုင်း ချက်များကိုမူ ဗဟို၏ အမိန့်မရသဖြင့် ဗဟိုခွင့်ပြုချက် စောင့်ပါဟူ၍သာ အကြောင်းပြန်ခဲ့သည်။
ဗမာပြည်ကွန်မြူနစ်ပါတီပဏာမ ကိုယ်စားလှယ် အဖွဲ့သည် တစ်ဖက်မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပနေစဉ်တွင် ကျန်တစ်ဖက်မှ မြေပေါ်စည်းရုံး ရေးကို ပြောင်ပြောင်တင်းတင်းပင် တိုးချဲ့ဆောင်ရွက် လာခဲ့သည်။ ၁၉၆၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်တွင် ဆူးလေဘုရားလမ်း အမှတ် ၂၂၂ အပေါ်ဆုံး ထပ်မှ ဦးချစ်ဖေ(သခင်ချစ်၏ အစ်ကို)နေအိမ်၌ ရန်ကုန်မြို့နှင့် ပတ်ဝန်းကျင်ရှိ ကွန်မြူနစ်ပါတီ၏ အဆက်အနွှယ်များ ကို စုဝေး၍ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပသည်။ ယင်း ဆွေးနွေးပွဲများတွင် ရဲဘော်ဌေး၊ ရဲဘော်အောင်ကြီး တို့က အောက်ပါအတိုင်း ပြောကြားခဲ့သည်။ (၁။သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ၊ စာမျက်နှာ ၄၃)။)
        'ယခု ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် လာတာဟာ  ပါတီအကျိုးအတွက်  ပြည်သူ တွေရဲ့ အကျိုးအတွက်လာတာဖြစ်တယ်၊  ပါတီနဲ့ ပြည်သူအတွက် အကျိုးမရှိတဲ့ငြိမ်းချမ်းရေးကို ဘယ်တော့မှလုပ်မှာ မဟုတ်ဘူး၊ တော်လှန်ရေး အတွင်း အသတ်ခံခဲ့ရတဲ့ ရဲဘော်တွေရဲ့ မျက်နှာ ကို အိုးမဲသုတ်မှာ မဟုတ်ဘူး၊ တော်လှန်ရေးရဲ့ အောင်သီးအောင်နှံတွေနဲ့ အသီးအပွင့်တွေကို အစွမ်းကုန်  ထိန်းသိမ်းသွားမယ်၊  ရှင်သန် ကြီးထွားအောင်လည်း ဆက်လက်လုပ်သွားမှာ ဖြစ်တယ်၊ ဒီအခြေအနေမှာ မြို့ပေါ်မှာရှိတဲ့ပါတီ ရဲ့အင်အားစုတွေဟာ တညီတညွတ်တည်းနဲ့ စုစုရုံးရုံး ညီညွတ်နေဖို့လိုတယ်''
ဗမာပြည်ကွန်မြူနစ်ပါတီ ပဏာမကိုယ်စားလှယ် အဖွဲ့သည် မဒညတ(ဗဟို) အဖွဲ့အနေနှင့် ယင်းသဘော ထားအရ ဆွေးနွေးနိုင်ရန် မဖြစ်မနေ လုံးပန်းခဲ့သည်။ မဒညတအနေနှင့် ဆွေးနွေးပွဲပျက်ပြားလျှင် လူမျိုးစု များအပေါ်၌ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင် မှုနှင့် အရှိန်သြဇာ ထာဝရတည်တံ့မည်ဟုလည်း တွက်ဆခဲ့ကြသည်။ ထို့ကြောင့် သခင်ဗသိန်းတင်၊ ရဲဘော်အောင်ကြီးနှင့်  သခင်ချစ်တို့သည်  ဗဟို ကော်မတီဝင် ဗိုလ်မျိုးမြင့်နှင့် ပြည်ပပြန် ရဲဘော်ညို တို့အား ကေအင်န်ယူပါတီ ဥက္ကဋ္ဌ မန်းဘဇံထံစေလွှတ် ရန် မဖြစ်မနေ အပါခေါ်လာခဲ့ကြသည်။
မဒညတနှင့် သုံးပါတီ
တော်လှန်ရေးကောင်စီ၏ ငြိမ်းချမ်းရေးကမ်းလှမ်း ချက်ကို ထုတ်ပြန်လိုက်ပြီးနောက် ကေအင်န်ယူပါတီ သည် ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက် ရက်စွဲဖြင့် စာအမှတ် ၁/ပတင/၆၃ ကို ပြန်ကြားခဲ့သည်။(၂။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ သမိုင်းဝင် စာရွက်စာတမ်းများ အမှတ်(၁)၊ ဒုတိယပိုင်း၊ စာမျက်နှာ ၈၃၊ ၈၄၊ ၈၅။) ယင်း ပြန်ကြားချက်တွင် ကေအင်န်ယူအဖွဲ့သည် ၁၉၄၈ ခုနှစ် တွင် ကရင်ပြည်နယ်ရရှိရေးအတွက် နိုင်ငံရေးဖြင့် တောင်းဆို ခဲ့ပုံ၊ အစိုးရကလက်နက်ဖြင့် အကြမ်းဖက် နှိမ်နင်းသဖြင့် တောခိုခဲ့ရပုံ၊ ၁၉၄၉ ခုနှစ်တွင် ဖဆပလ အစိုးရနှင့် တစ်ကြိမ်၊ ၁၉၆ဝ ပြည့်နှစ်တွင် အိမ်စောင့် အစိုးရနှင့်တစ်ကြိမ်  တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပုံများကို ဖော်ပြထားသည်။   ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံကြောင်း၊ ပြဿနာအရပ်ရပ်ကိုကြိုတင်ပြင်ဆင် နိုင်ရေးအတွက် ပဏာမကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ် မည်ဖြစ် ကြောင်းလည်း ပြန်ကြားပြီး မန်းဘဇံ ကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့သည်။
မွန်ပြည်သစ်ပါတီကလည်း   တော်လှန်ရေး ကောင်စီ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက် ရက်စွဲဖြင့် စာအမှတ် ၁/ပတင-၆၃ ကို ပြန်ကြားထုတ်ပြန်ခဲ့ရာ (၁။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ သမိုင်းဝင်စာရွက်စာတမ်းများ အမှတ်(၁) ဒုတိယပိုင်း၊ စာမျက်နှာ ၈၆၊၈၇။)
ကအင်န်ယူပါတီနှင့် တစ်ရက်တည်းပင်ဖြစ်သည်။ မွန်ပြည်သစ်ပါတီက ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားကြောင်း၊ အစိုးရ အဆက်ဆက်ထံ   စေ့စပ်ရေးနှင့်ငြိမ်းချမ်းရေးကို တောင်းဆိုခဲ့ကြောင်း၊  စစ်မှန်သော  ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန် ကိုယ်စားလှယ်စေလွှတ်မည်ဖြစ် ကြောင်း မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဘလွင်(ခ) နိုင် ရွှေကျင် ကိုယ်တိုင်လက်မှတ်ရေးထိုးပြန်ကြားခဲ့သည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီသည်လည်း ကေအင်န်ယူပါတီ၊ မွန်ပြည်သစ်ပါတီတို့နှင့် တစ်ရက် တည်းဖြစ်သော ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက်တွင် တော်လှန်ရေးကောင်စီအစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို ပြန်ကြားခဲ့သည်။ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးချုပ် စောမောရယ်   ကိုယ်တိုင်လက်မှတ်ရေးထိုးသော ပြန်ကြားချက်တွင် ၁၉၄၈ ခုနှစ်၌ ပြည်နယ်အခွင့် အရေးဆုံးရှုံး၍  ကရင်နီအမျိုးသားအစည်းအရုံးမှ ဦးဆောင်တောင်းဆိုခဲ့ကြောင်း၊   အုပ်စိုးသူများက လက်နက်ဖြင့်  အကြမ်းဖက်  နှိမ်နင်းခဲ့ကြောင်း၊ ထို့ကြောင့် ပြည်တွင်းစစ်ဖြစ်ရကြောင်း၊ ၁၉၅၇ ခုနှစ် မှစ၍ ကရင်နီအမျိုးသား တိုးတက်ရေးပါတီသည် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးကို အစဉ် တစိုက် တောင်းဆိုခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးရေးဖြင့် ဖြေရှင်းလျှင် ပြေလည်မည်ဟု ယုံကြည်ကြောင်းစာဖြင့် ဖော်ပြထားသည်။ ၂(။ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ သမိုင်းဝင်စာရွက်စာတမ်းများ အမှတ်(၁) ဒုတိယပိုင်း၊ စာမျက်နှာ ၈၈၊၈၉။)
သုံးပါတီစလုံး၏    ပြန်ကြားချက်များသည် တထေရာတည်းနီးပါး တူညီနေသည်ကို လေ့လာတွေ့ရှိ နိုင်သည်။ ယင်းသုံးပါတီစလုံးသည် မဒညတ အဖွဲ့ဝင် များဖြစ်သော်လည်း မဒညတအနေနှင့်ပြန်ကြားခြင်း မရှိသေးဘဲ မဒညတခေါင်းဆောင်သဖွယ်ဖြစ်နေသည့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လှုပ်ရှားမှုကိုစောင့်ကြည့် နေခြင်းဖြစ်သည်။ ထို့နောက် ကေအင်န်ယူပါတီ၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ သုံးပါတီမှ ပဏာမကိုယ်စားလှယ်အဖွဲ့သည် ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်တွင် ရန်ကုန်မြို့သို့ ဆိုက်ရောက် လာကြသည်။
ကေအင်န်ယူပါတီက ဗဟိုကော်မတီ၊ ပေါ်လစ် ဗျူရိုအဖွဲ့ဝင်၊ ကရင်တော်လှန်ရေးကောင်စီ အဖွဲ့ဝင်နှင့် ဗဟိုအုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်   ဗိုလ်ကျင်ဖေ ခေါင်းဆောင်သော ပဏာမအဖွဲ့ကို စကောလယ်တော လက်မှတ်ရေးထိုးထားသော လွှဲစာနှင့်တကွ စေလွှတ် သည်။ မွန်ပြည်သစ်ပါတီကလည်း ဗိုလ်ကျင်ဖေနှင့် စောမျိုးသွေးကို ကိုယ်စားလှယ်အဖြစ် လွှဲစာပေးလိုက် သည်။ ကရင်နီအမျိုးသား တိုးတက်ရေးပါတီကလည်း ပဏာမကိုယ်စားလှယ်အဖွဲ့အဖြစ် ဗိုလ်ကျင်ဖေနှင့် အဖွဲ့ကိုသာ ကိုယ်စားလှယ်လွှဲအပ်ခဲ့သည်။ စင်စစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် မွန်ပြည်သစ် ပါတီတို့သည် အင်အားချည့်နဲ့သောအဖွဲ့ငယ်လေးများ သာဖြစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ကေအင်န်ယူ ပါတီတို့က နိုင်ငံရေးအရ အသုံးချနိုင်ရန် ရည်ရွယ်၍ ကျောထောက်နောက်ခံပေးထားသော အဖွဲ့များသာဖြစ် သည်။ မိမိအဖွဲ့အစည်းချည်း သီးသန့်ရပ်တည်နိုင်ခြင်း မရှိသောကြောင့်လည်း ကေအင်န်ယူပါတီနှင့်ပူးတွဲ လှုပ်ရှားနေခဲ့ကြရခြင်းဖြစ်သည်။
တော်လှန်ရေးကောင်စီသည် သုံးပါတီ၏ပြန်ကြား ချက်များကို လက်ခံရရှိပြီးနောက် ၁၉၆၃  ခုနှစ်၊ ဇူလိုင် လ ၁၇ ရက်နေ့စွဲဖြင့် တစ်ပါတီချင်းသို့ ပြန်ကြားချက် များ ပေးပို့ခဲ့သည်။ ယင်းပြန်ကြားချက်များမှာ တွေ့ဆုံ ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် အစီအစဉ်များ ညှိနှိုင်းခြင်းဖြစ်သည်။
သုံးပါတီ  ပဏာမ  ကိုယ်စားလှယ်အဖွဲ့သည် တော်လှန်ရေးကောင်စီအစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး၍  အောက်ပါအချက်များကို တောင်းဆိုခဲ့သည်။ ( ၁။   ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ သမိုင်းဝင်စာရွက်စာတမ်းများ အမှတ်(၁) ဒုတိယပိုင်း၊ စာမျက်နှာ ၉၆၊ ၉၇၊ ၉၈၊ ၉၉။)
xxx
(၁)     ဤပဏာမဆွေးနွေးပွဲပြီးချိန်မှထပ်မံ၍ တွေ့ဆုံဆွေးနွေးရေးပြီးဆုံးသည့် အချိန်အထိ တစ်ပြည်လုံးတွင် အပစ်အခတ်၊ အတိုက်အခိုက် ရပ်စဲထားရန်၊ ယင်းအပစ်အခတ်ရပ်စဲရေးကို တော်လှန်ရေး ကောင်စီနှင့် တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းများမှ နှစ်ဦးသဘောတူ တိုင်းပြည်သို့ ထုတ်ပြန်ကြေညာရန်နှင့် အပစ်အခတ်ရပ်စဲထားသည့် အချိန်အတွင်း ဆွေးနွေး နေချိန်အတွင်း   ပြည်သူလူထုများအနေဖြင့် လွတ်လပ်စွာ ရေးသားပြောဆိုခွင့်၊ ပုံနှိပ်ထုတ်ဝေ ခွင့်နှင့် စည်းဝေးဆန္ဒပြနိုင်ခွင့်များရှိစေရန်။
(၂)     တောတွင်းလက်နက်ကိုင်တော်လှန်ရေး ပါတီ အဖွဲ့အစည်းများအနေနှင့် မိမိပါတီအဖွဲ့အစည်း အနေနှင့်သော်လည်းကောင်း၊ အခြားပါတီအဖွဲ့ အစည်းများနှင့်သော်လည်းကောင်း ပြည့်ပြည့်စုံစုံ  ကြိုတင်ညှိနှိုင်း ရေးအတွက်လုံလောက်သော အချိန်ရရှိရေးနှင့် သွားလာဆက်သွယ်ခေါ်ယူရေး များအတွက် တော်လှန်ရေး ကောင်စီမှ လိုအပ် သောလုံခြုံမှု၊ ကူညီမှုများကိုပေးပါရန်။
(၃)     တော်လှန်ရေးကောင်စီနှင့်တောတွင်း လက်နက်ကိုင်တော်လှန်ရေးပါတီအဖွဲ့အစည်း များတွေ့ဆုံ ဆွေးနွေးရာတွင် နှစ်ဦးနှစ်ဖက်မှ အပြန်အလှန် တင်ပြဆွေးနွေးချက်များ အပြည့် အစုံကို အသံလွှင့်ဌာနမှ အသံလွှင့် ပေးရန်နှင့် သတင်းစာကွန်ဖရင့် ပြုလုပ်ရှင်းလင်းခွင့်၊ စာနယ် ဇင်းများတွင် အပြည့်အစုံရေးသား ဖော်ပြခွင့်များ ရရှိစေရန်တို့ဖြစ်ပါသည်။
(၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၃ဝ ရက်စွဲဖြင့် ဗိုလ် ကျင်ဖေ လက်မှတ်ရေးထိုးတင်ပြသော သုံးပါတီပဏာမ ကိုယ်စားလှယ်အဖွဲ့၏ တောင်းဆိုချက်မှ ကောက်နုတ် ချက်။)
သုံးပါတီပဏာမ ကိုယ် စား လှယ် အ ဖွဲ့ ၏ တောင်းဆိုချက်မှာလည်း  ဗမာပြည်ကွန်မြူနစ်ပါတီ ကဲ့သို့ပင် မိမိတို့ပါတီများ၏ အကျိုးကိုသာကြည့်ခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် တစ်ပြည်လုံးအတိုက်အခိုက် ရပ်စဲရေးကို တောင်းဆို၍ တပ်မတော်တစ်ရပ်လုံး၏ လှုပ်ရှားမှုကို ထိန်းချုပ်ရန် ကြိုးပမ်းချက်တွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် တထေရာတည်း တူညီခဲ့သည်။ တော်လှန်ရေးကောင်စီက ၁၉၆၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်တွင်   သုံးပါတီပဏာမကိုယ်စားလှယ်အဖွဲ့၏ တောင်းဆိုချက်ကို ပြန်ကြားရာ၌ တစ်ပြည်လုံး အတိုက် အခိုက်ရပ်စဲရေးမှာ လက်မခံသောအဖွဲ့အစည်းများရှိ နေသဖြင့် လက်တွေ့မဖြစ်နိုင်ကြောင်း၊ သုံးပါတီအနေ နှင့် တာဝန်ယူနိုင်သော နယ်မြေများတွင် အတိုက် အခိုက်ရပ်စဲထားပါက လုံလောက်ပြီဟု ယူဆကြောင်း၊ ဒုတိယအချက်တွင် တောတွင်းလက်နက်ကိုင်အဖွဲ့ အစည်းအချင်းချင်း တွေ့ဆုံညှိနှိုင်းရန် လွယ်ကူသည် မဟုတ်သဖြင့် မိမိပါတီကို မိမိတာဝန်ယူ၍သာ ဆွေးနွေး ကြစေလိုကြောင်း ပြန်ကြားခဲ့သည်။ လိုအပ်သော အကူ အညီများကို တတ်နိုင်သမျှပေးမည်ဟုလည်း ကတိပြု ခဲ့သည်။ ဆွေးနွေးချက်များကို ဆွေးနွေးပွဲပြီးဆုံးက တိုင်းပြည်သို့ အပြည့်အစုံထုတ်ပြန်ကြေညာပေးရန်နှင့် မအောင်မြင်ပါက သက်ဆိုင်ရာပါတီ၏ သဘောထားကို ထုတ်ပြန်ကြေညာ ပေးရန်လည်း   သဘောတူညီခဲ့    သည်။ (၂။  ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ သမိုင်းဝင် စာရွက်စာတမ်းများ အမှတ်(၁)၊ ဒုတိယပိုင်း စာမျက်နှာ ၁ဝဝ မှ ၁ဝ၂။)
သုံးပါတီပဏာမကိုယ်စားလှယ်အဖွဲ့က ၁၉၆၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်တွင် တော်လှန်ရေးကောင်စီ သို့ ပြန်ကြားချက်တစ်စောင်ပေးပို့ပြီး တော်လှန်ရေး ကောင်စီကလည်း  စက်တင်ဘာလ    ရက်တွင် သုံးပါတီမှ မရှင်းလင်း၍ မေးမြန်းထားသည့် အချက်များကို အသံလွှင့်ဖြေကြားခဲ့သည်။ စင်စစ် သုံးပါတီ ပဏာမကိုယ် စားလှယ်များနှင့် ဗမာပြည်ကွန်မြူနစ် ပါတီသည် မဒညတ အသွင်ဖြင့် ပူးပေါင်းဆွေးနွေး နိုင်ရန် ကြိုးစား နေကြခြင်းပင်ဖြစ်သည်။
ကေအင်န်ယူပါတီ ဗဟိုကော်မတီဥက္ကဋ္ဌ မန်းဘဇံ၊ ကေအင်န်ယူပါတီ အတွင်းရေးမှူး စကောလယ်တော၊ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဗိုလ်ကျင်ဖေ၊ ဗဟိုကော်မတီ အဖွဲ့ဝင်ဗိုလ်သန်းအောင်နှင့် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဘလွင် (ခ)နိုင်ရွှေကျင်၊ ကရင်နီအမျိုးသားတိုးတက် ရေးပါတီအတွင်းရေးမှူး စောမောရယ်၊ ဗဟိုကော်မတီ အဖွဲ့ဝင် ဗိုလ်စံလင်းတို့သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ဗိုလ်မျိုးမြင့်နှင့် ပြည်ပပြန် ရဲဘော်ညိုတို့က သွားရောက် ခေါ်ယူလာသောကြောင့် ၁၉၆၃ ခုနှစ်၊ စက်တင်ဘာလ ၂၉  ရက်တွင်  ရန်ကုန်မြို့သို့  မဒညတအသွင်ဖြင့် ရောက်ရှိလာကြသည်။ 
၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်တွင် မင်္ဂလာဒုံရှိ အထူးဧည့်ဂေဟာ၌ သုံးပါတီကိုယ်စားလှယ် များသည် ရဲဘော်အောင်ကြီး၊ ရဲဘော်ဌေး၊ ဗိုလ်ဇေယျ တို့နှင့် တွေ့ဆုံ၍ အထူးလျှို့ဝှက်ဆွေးနွေးခဲ့ကြသည်။ ရဲဘော်အောင်ကြီးနှင့် ဗိုလ်ဇေယျတို့က မဒညတ သုံးပါတီကိုယ်စားလှယ်များအား အောက်ပါအတိုင်း အကျယ်တဝင့် ရှင်းပြခဲ့ကြသည်။ (၁။        သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ စာမျက်နှာ ၄၄၊ ၄၅။))
xxx
          ''ကနေ့ ဗမာပြည်တော်လှန်ရေးရဲ့ အခြေ အနေဟာ သိပ်ကောင်းနေတယ်၊ ရင့်မှည့်    နေပြီဖြစ်တယ်၊  အထူးသဖြင့်  ဗိုလ်နေဝင်း အစိုးရမှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အကျပ်အတည်းကြီးတွေ ဖြစ်နေတယ်၊ ဒါကို သူတို့အနေနဲ့ ဘယ်နည်းမှ မဖြေရှင်းနိုင်ဘူး၊ ကျွန်တော်တို့ ခင်ဗျားတို့နဲ့ ပူးပေါင်းမှသာ ဖြေရှင်းနိုင်မှာဖြစ်တယ်''
''သူ့ရဲ့  တစ်ခုတည်းသော  ထွက်ရပ်လမ်း ကလည်း ဒါပဲ''
ရဲဘော်အောင်ကြီးတို့က   ပြည်ပကွန်မြူနစ် ခေါင်းဆောင်များကိုယ်တိုင် အလေးအနက်မှာကြား ချက်များရှိကြောင်း ရှင်းပြသည်။
          ''ဒါတွေကြောင့်မို့ ကျွန်တော်တို့ ခင်ဗျားတို့ဟာ ဒီအခြေအနေတွေကိုနားလည်ပြီးတော့ အခွင့် ကောင်းကိုလက်မလွှတ်ဖို့ဟာ သိပ်ကိုအရေးကြီးနေတယ်၊ အထူးသဖြင့် ကျွန်တော်တို့ခင်ဗျား တို့ဟာ တစုတစည်းတည်းဖြစ်မှ ပိုပြီးအောင်မြင် မှာဖြစ်တယ်''
          ''လက်ရှိအခြေအနေအရ ကျွန်တော်တို့ခင်ဗျားတို့ဟာ အစိုးရနဲ့တကွဲတပြားစီ ဆွေးနွေးဖို့လုပ်နေ တာတွေကို  ရပ်လိုက်ပြီးတော့ ကျွန်တော်တို့အတွက် အဘက်ဘက်က အခွင့် သာမယ့် မဒညတ အဖွဲ့အစည်းအနေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ဆိုတာကိုပဲ ဆက်လက်ပြီး လုပ်သွား ဖို့လိုတယ်''
          ''ဒါဟာ ခင်ဗျားတို့အတွက်ရော ကျွန်တော် တို့အတွက်ရော အလွန်ကောင်းမွန်တဲ့ အခွင့် ကောင်းတွေကို မုချရလာမှာ ဖြစ်ပါတယ်''
xxx
ဗမာပြည်ကွန်မြူနစ်ပါတီပဏာမကိုယ်စားလှယ် အဖွဲ့သည် မဒညတ သဘာပတိအဖွဲ့ဝင် ကိုယ်စားလှယ် များအား ယင်းတို့၏ ခေါင်းဆောင်မှုအောက်သို့ လုံးဝ သိမ်းသွင်းလိုက်ခြင်းပင် ဖြစ်သည်။
သုံးပါတီဗဟိုကိုယ်စားလှယ်အဖွဲ့တွင် အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်ခဲ့သည်-
          ၁။       ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မန်းဘဇံ (ဥက္ကဋ္ဌ၊ ကေအင်န်ယူပါတီ)
          ၂။       ကိုယ်စားလှယ်အဖွဲ့ ဒုတိယခေါင်းဆောင် နိုင်ဘလွင်(ဥက္ကဋ္ဌ၊ မွန်ပြည်သစ်ပါတီ)
၃။       ကိုယ်စားလှယ်အဖွဲ့ ဒုတိယခေါင်းဆောင် ဗိုလ်မောရယ်(အတွင်းရေးမှူးချုပ်၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ)
၎။       ကိုယ်စားလှယ်အဖွဲ့ အတွင်းရေးမှူး စကော လယ်တော (အထွေထွေအတွင်းရေးမှူး၊ ကေအင်န်ယူပါတီ)
၅။       ကိုယ်စားလှယ်အဖွဲ့ဝင်များ ဗိုလ်ကျင်ဖေ (ဗဟိုကော်မတီ၊ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်၊ ကေအင်န်ယူပါတီ)
          ၆။       ကိုယ်စားလှယ်အဖွဲ့ဝင်များ ဗိုလ်သန်းအောင် (ဗဟိုကော်မတီ၊ ကေအင်န်ယူပါတီ)
          ၇။       ကိုယ်စားလှယ်အဖွဲ့ဝင်များ  ဗိုလ်စံလင်း (ဗဟိုကော်မတီ၊ ကရင်နီအမျိုးသားတိုးတက် ရေးပါတီ)
          ၈။       ဗိုလ်မှူး တာမလာဘော
          ၉။       ဗိုလ်မှူး မြမောင်
          ၁ဝ။     သန်းလွင်
၁၁။     စောထွန်းကျင်
၁၂။     နိုင်တက်ထွန်း
၁၃။     နိုင်ထင်
သုံးပါတီ ဗဟိုကိုယ်စားလှယ်အဖွဲ့သည် ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် ညနေ ၄ နာရီမှစ၍ အမှတ်  ၁၄အင်းယားလမ်းဧည့်ဂေဟာတွင် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည့် တော်လှန်ရေး ကောင်စီ ကိုယ်စားလှယ် အဖွဲ့နှင့် ပဏာမဆွေးနွေးပွဲကျင်းပကြသည်။ သုံးပါတီ ကိုယ်စားလှယ်အဖွဲ့သည် အရေးမကြီးသည့်အချက်များကို  ရှည်လျားစွာတင်ပြနေ ခဲ့ခြင်းဖြင့် အချိန်ဆွဲခဲ့ကြသည်။ မန်းဘဇံက ဗမာပြည် ကွန်မြူနစ်ပါတီနှင့်  လွတ်လပ်စွာ ဆွေးနွေးခွင့်ကို တောင်းခံခဲ့ရာ ဗိုလ်ချုပ်ကြီးနေဝင်းက သဘောထား ကြီးစွာဖြင့် ခွင့်ပြုခဲ့သည်။
ထိုအချိန်တွင်  ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဆွေးနွေးခြင်းမှာ  အောင်မြင်ရန်  အလားအလာမရှိ တော့ပေ။  ဗမာပြည်ကွန်မြူနစ်ပါတီသည်  တွေ့ဆုံဆွေးနွေးခြင်းဖြင့်  ငြိမ်းချမ်းရေးရရှိမည်ဟုလည်း မယုံကြည်ခဲ့ပေ။ ထို့ကြောင့် မိမိတို့ပါတီနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်ဘဲသုံးပါတီနှင့်အောင်မြင်သွားမည်ကို အလွန်စိုးရိမ် လျက်ရှိသည်။ သုံးပါတီနှင့် ပူးပေါင်းပြီး မဒညတ အနေနှင့် ဆွေးနွေး ရပါက အင်အားပိုမို တောင့်တင်းမည်ဟုလည်း ယူဆ ခဲ့သည်။ ထို့ကြောင့် သုံးပါတီသည် မဒညတအနေနှင့် ဆွေးနွေးရန်  တောင်းဆိုခဲ့ရတော့သည်။
တော်လှန်ရေးကောင်စီသည် ဗမာပြည်ကွန်မြူနစ် ပါတီ ပဏာမကိုယ်စားလှယ်အဖွဲ့၊ သုံးပါတီ ဗဟို ကိုယ်စားလှယ်အဖွဲ့များနှင့် ဆွေးနွေးချက်များအရ အတိုက်အခိုက်ရပ်စဲရေးကိစ္စကို  တစ်ဖွဲ့သားချင်း ဆွေးနွေးမည့် အစား အမျိုးသားဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစု (မဒညတ)၏ ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးရန် သဘောတူညီခဲ့သည်။ စင်စစ် တစ်ဖွဲ့ချင်း ဆွေးနွေး၍လည်း ထူးခြားဖွယ်မရှိပေ။ မဒညတ အဖွဲ့ဝင်ပါတီအားလုံးမှာ ဗမာပြည်ကွန်မြူနစ်ပါတီ၏ သြဇာကို နာခံနေရပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်များ   ချမှတ်နိုင်ခြင်းမရှိသောကြောင့် မဒညတ အနေနှင့် ဆွေးနွေးခြင်းသာ ထိရောက်နိုင်စရာရှိလေသည်။ မဒညတ ပဏာမဗဟိုကိုယ်စားလှယ်အဖွဲ့က ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ ၆ရက်တွင် တော်လှန်ရေး ကောင်စီနှင့်တွေ့ဆုံဆွေးနွေးရန် အကြောင်းပြန်ကြား ခဲ့သည်။ မဒညတသဘာပတိအဖွဲ့(ဗဟို)၏ ဗဟိုပဏာမကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သူများမှာ အောက်ပါအတိုင်းဖြစ်သည်။(၁။        ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ သမိုင်းဝင်မှတ်တမ်းများ အမှတ်(၁) တတိယပိုင်း၊ စာမျက်နှာ ၁၂၄။)       
           (၁)    မန်းဘဇံ
          (၂)     စကောလယ်တော
          (၃)     ဗိုလ်ကျင်ဖေ
          (၄)     ဗိုလ်သန်းအောင်
          (၅)     နိုင်ဘလွင်
          (၆)     နိုင်တင်
          (၇)     နိုင်တက်ထွန်း
          (၈)     စောမောရယ်
          (၉)     ဗိုလ်စံလင်း      
          (၁ဝ)    ဆလိုင်းစံအောင်
(၁၁)    ဆလိုင်းသာဦး
(၁၂)    ရဲဘော်ဌေး
(၁၃)    ရဲဘော်ဇင်
(၁၄)    ရဲဘော်တင်ထွန်း
(၁၅)    ရဲဘော်အောင်ကြီး
(၁၆)    ရဲဘော်ဗိုလ်ဇေယျ
ဗိုလ်မှူးကြီးလှဟန်ခေါင်းဆောင်သော တော်လှန် ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် မဒညတဗဟို ကိုယ်စားလှယ်အဖွဲ့တို့သည် ၁၉၆၃ ခုနှစ်၊ အောက်တို ဘာလ ၈ ရက်တွင် အမှတ် (၁၄)၊ အင်းယားလမ်း ဧည့်ဂေဟာ၌ ပထမအကြိမ်အဖြစ် စတင်ဆွေးနွေး ကြသည်။ တော်လှန်ရေးကောင်စီက တွေ့ဆုံဆွေးနွေးရာ တွင် တစ်ပါတီချင်း သို့မဟုတ်  မဒညတအနေနှင့် တွေ့ဆုံဆွေးနွေးရန်နှင့် တစ်ပါတီချင်းလည်း ဆွေးနွေး ပြီး မဒညတ အနေနှင့်လည်း ဆွေးနွေးပါက အကျိုးထူး နိုင်မည်မဟုတ်ကြောင်း  တင်ပြခဲ့သည်။ အပစ်အခတ် ရပ်စဲရေးအတွက်  မဒညတကိုဖိတ်ခေါ်ခဲ့ခြင်းဖြစ် ကြောင်း ရှင်းပြသည်။ မဒညတကိုယ်စားလှယ်အဖွဲ့က နောက်အပတ်  အစည်းအဝေးသို့  ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့သည်။    တော်လှန်ရေးကောင်စီသည် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပြတ်ပြတ်သားသား ဆောင်ရွက်နိုင်ရန်အတွက်  အောက်ပါနည်းလမ်း နှစ်သွယ်ကို ချပြခဲ့ခြင်းဖြစ်သည်။
xxx
သို့ပါ၍-
(က)    မဒညတအဖွဲ့သည် အပစ်အခတ်ရပ်စဲရေး ကိစ္စတစ်ခုတည်းသာ တော်လှန်ရေး ကောင်စီနှင့် တွေ့ဆုံဆွေးနွေးပြီး ပြည်တွင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ကျန် ပြဿနာများကိုမူ တော်လှန်ရေးကောင်စီ နှင့်ဆွေးနွေးနေသည့်ပုံစံအတိုင်း ပါတီ အလိုက် သီးခြားဆက်လက်ဆွေးနွေးသွား ရန် နည်းလမ်းနှင့်
(ခ)     သို့မဟုတ် တော်လှန်ရေးကောင်စီနှင့် မူလ ဆွေးနွေးကြဆဲဖြစ်သော သုံးပါတီ ဗဟို ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ ဗမာ ပြည်ကွန်မြူနစ်ပါတီနှင့်လည်းကောင်း၊ ချင်းဦးစီးအဖွဲ့နှင့်လည်းကောင်း ပါတီလိုက် သီးခြားဆွေးနွေးပွဲများကိုရပ်ဆိုင်းလိုက်ပြီး ငါးပါတီစလုံးက တင်ပြဆွေးနွေးလိုသည့် ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာအရပ်ရပ် ကို မဒညတအဖွဲ့တစ်ခုတည်းအဖြစ်ဖြင့် သာ တွေ့ဆုံဆွေးနွေးရေးကို ဆက်လက် ပြုလုပ်သွားသောနည်းလမ်း၊ ဤနည်းလမ်း နှစ်ရပ်အနက် နည်းလမ်းတစ်ခုခုကိုသာ ရွေးချယ်ပြုလုပ်သွားပါရန် တင်ပြအပ်ပါ သည်။
(တော်လှန်ရေးကောင်စီနှင့် မဒညတ ဗဟို ကိုယ်စားလှယ်အဖွဲ့တို့၏ ပထမအကြိမ်ဆွေးနွေးပွဲ မှတ်တမ်းနောက်ဆက်တွဲ (က) မှ ကောက်နုတ်ချက်)
xxx
တော်လှန်ရေးကောင်စီကိုယ်စားလှယ်အဖွဲ့နှင့် မဒညတဗဟိုကိုယ်စားလှယ်အဖွဲ့တို့သည် ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ ၁ဝ ရက်တွင် ဒုတိယအကြိမ် ဆွေးနွေးပွဲကို ကျင်းပကြပြန်သည်။ မဒညတ ဗဟို ကိုယ်စားလှယ်အဖွဲ့သည် တော်လှန်ရေးကောင်စီက ရွေးချယ်ရန် ချပြထားသောနည်းလမ်းနှစ်သွယ်အနက် ကြိုက်ရာနည်းလမ်းတစ်သွယ်ကို ရွေးချယ်ခြင်းမပြုဘဲ မဒညတအနေနှင့်ရော တစ်ပါတီချင်းရော ဆွေးနွေး ရန်ကိုသာ တောင်းဆိုခဲ့သည်။ တစ်ပြည်လုံး အပစ် အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအကြိုကာလ ဖန်တီး ရေးတို့ကိုလည်း တရားသေဆုပ်ကိုင်ထားခဲ့သည်။
တတိယအကြိမ် ဆွေးနွေးပွဲကို ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် ဆက်လက် ကျင်းပ သည်။ သို့သော် ပြတ်သားသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်းမရှိဘဲ မဒညတ ကိုယ်စားလှယ်များက စဉ်းစားရန်ရှိနေသဖြင့် ဆွေးနွေးပွဲကိုရွှေ့ဆိုင်းရပြန် သည်။ စတုတ္ထအကြိမ်ဆွေးနွေးပွဲကို အောက်တိုဘာလ ၂၁ ရက်တွင် ဆက်လက်ကျင်းပသည်။ တော်လှန်ရေး ကောင်စီသည် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကို  ဖြစ်နိုင်သည့်နေရာတွင်  ဆောင်ရွက်လိုကြောင်း လိုက်လျောခဲ့သည်။ မဒညတများကမူ လက်တွေ့ အခက်အခဲများကြောင့် မဖြစ်နိုင်ဟုဆိုပြန်သည်။ အပစ်အခတ်ရပ်စဲထားစဉ် မဒညတအဖွဲ့၏ လုပ်ရိုး လုပ်စဉ် လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခွင့်လည်း ပေးရမည်ဟုဆိုပြန်သည်။ တော်လှန်ရေးကောင်စီက တောတွင်းပါတီများနှင့်ဆွေးနွေးခြင်းမှာ နိုင်ငံရေး အဖွဲ့အစည်းအနေနှင့် တန်းတူရည်တူဆွေးနွေးခြင်း သာဖြစ်ပြီး စင်ပြိုင်အစိုးရအဖြစ် အသိအမှတ်ပြု၍ ဆွေးနွေးခြင်းမဟုတ်သဖြင့် ခွင့်မပြုနိုင်ကြောင်း ရှင်းပြ ခဲ့သည်။ မဒညတ၏ လုပ်ရိုးလုပ်စဉ် လုပ်ငန်းများမှာ တော်လှန်ရေးကောင်စီအား ဆန့်ကျင်သည့်လုပ်ငန်း များလည်းပါဝင်မည်ဖြစ်ရာ အစိုးရအနေနှင့်ခွင့်ပြုနိုင် စရာမရှိပေ။
ပဉ္စမအကြိမ်ဆွေးနွေးပွဲကို ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်တွင် ဆက်လက်ကျင်းပ သည်။ တော်လှန်ရေးကောင်စီ ကိုယ်စားလှယ်များသည် မဒညတဗဟိုကိုယ်စားလှယ်များ၏ တစ်ဖက်သတ် ကျသောတောင်းဆိုချက်များကို  အတတ်နိုင်ဆုံး သည်းညည်းခံ၍လိုက်လျောခဲ့သည်။ သို့သော် အပစ်အခတ် ရပ်စဲနေစဉ်ကာလအတွင်း မဒညတ၏ လုပ်ရိုးလုပ်စဉ် လုပ်ငန်းများဖြစ်သော စည်းရုံးရေး၊ အုပ်ချုပ်ရေးလုပ်ငန်းများကို  ခွင့်ပြုရန်ကိစ္စကိုမူ နှစ်ဦးနှစ်ဖက် သဘောတူညီမှုမရှိနိုင်သေးပေ။ ထို့အပြင် မဒညတ ဗဟိုကိုယ်စားလှယ်အဖွဲ့သည် အပစ်အခတ် ရပ်စဲနေစဉ်အတွင်း ပြည်သူများထံမှ ဆက်ကြေးငွေ၊ ထောက်ပံ့ကြေးငွေများ ကောက်ခံခြင်းမပြုရန် တော်လှန် ရေးကောင်စီ၏အဆိုပြုချက်ကို လက်မခံခဲ့ကြပေ။
တော်လှန်ရေးကောင်စီနှင့် မဒညတ ဗဟို ကိုယ်စားလှယ်အဖွဲ့တို့၏ ဆဋ္ဌမအကြိမ်ဆွေးနွေးပွဲကို ၁၉၆၃ ခုနှစ်၊ နိုင်ဝင်ဘာလ ၁၁ ရက်တွင် ဆက်လက် ကျင်းပကြပြန်သည်။ ဗိုလ်မှူးကြီးလှဟန်က ဆွေးနွေးပွဲ တွင် သင်္ကာရနံ့မကင်းစရာများတွေ့နေရကြောင်း၊ တွေ့ဆုံဆွေးနွေးရန်ပြင်ဆင်သည့် ပဏာမဆွေးနွေးပွဲ မှာပင် ပြဿနာတစ်ခုပြီးတစ်ခု တက်နေရကြောင်း၊ တော်လှန်ရေးကောင်စီသည် အပစ်အခတ်ရပ်စဲထား သော ငြိမ်းချမ်းရေးအကြိုကာလ ဖန်တီးရေးပြဿနာ ကို အနိမ့်ဆုံးပြဿနာအဖြစ် သဘောထားကြောင်း ဆွေးနွေးခဲ့သည်။ (၁။        ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ သမိုင်းဝင် စာရွက်စာတမ်းများ အမှတ်(၁) စာမျက်နှာ ၁၈၁ မှ ၂၁၃။)ထိုအချိန်တွင် ဗမာပြည်ကွန်မြူနစ် ပါတီကဖန်တီးသည့် ငြိမ်းချမ်းရေးဆန္ဒပြပွဲများ ပေါ်ပေါက်နေပြီဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ နှင့်မဒညတအဖွဲ့ဝင်များသည် ယင်းတို့၏တောင်းဆို ချက်များကို ပြည်သူလူထုက ထောက်ခံသယောင်ယောင် ဖြင့် ဆန္ဒပြပွဲများကျင်းပ၍ အကျပ်ကိုင်ခြိမ်းခြောက်ခဲ့ ခြင်းဖြစ်သည်။ မန်းဘဇံကမူ နယ်ကဖြစ်သည့်ပြဿနာ များကိုမသိကြောင်း အနှောင့်အယှက်ဖြစ်အောင်လုပ် သောအဖွဲ့ဝင်များကို အရေးယူမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တော်လှန်ရေးကောင်စီက ဗမာပြည်ကွန်မြူနစ် ပါတီသည် အစိုးရ သစ်ထုတ်လုပ်ရေး လုပ်ငန်းများကို မူလက သဘောတူညီချက်အား ဖောက်ဖျက်၍ ပိတ်ပင်တားမြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဗိုလ်ဇေယျကမူ ဗဟိုစခန်းနှင့်နီးသဖြင့်မလုပ်ရန်တောင်းပန်ခဲ့ခြင်းသာဖြစ်သည်ဟုလှည့်ပတ်၍ဖြေသည်။ ပြည်သူ့ကော်မတီနှင့် အဆက်အသွယ် မရှိကြောင်းလည်းမဒညတကိုယ်စားလှယ်များက ပြောင်ပြောင် တင်းတင်းငြင်း ဆိုခဲ့ကြသည်။ သို့နှင့် ဆွေးနွေးပွဲမှာ အောင်မြင်ဖွယ်လမ်းစမရှိတော့ပေ။ ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် သတ္တမအကြိမ် ဆွေးနွေးပွဲမှာ မဒညတ ဗဟိုကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များအား တောတွင်း သို့ပြန်ပို့ရန် အစီအစဉ်ညှိနှိုင်းခြင်းသာဖြစ်ခဲ့လေသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ၊ မဒညတ အဖွဲ့များနှင့် ဆွေးနွေးပွဲများ ပျက်ပြားခြင်း
တော်လှန်ရေးကောင်စီသည် ဗမာပြည်ကွန်မြူနစ် ပါတီ၏ ပဏာမကိုယ်စားလှယ်အဖွဲ့နှင့် ၁၉၆၃ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်မှ အောက်တိုဘာလ ၃၁ ရက် အထိ စုစုပေါင်း ရှစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။ ကေအင်န်ယူပါတီ၊ မွန်ပြည်သစ်ပါတီနှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ  သုံးပါတီ  ဗဟို ကိုယ်စားလှယ်အဖွဲ့နှင့်လည်း ပေးစာများဖြင့် အကြိမ် ကြိမ် ညှိနှိုင်းပြီး တွေ့ဆုံဆွေးနွေးခဲ့သည်။ မဒညတ ဗဟိုကိုယ်စားလှယ်အဖွဲ့နှင့်လည်း ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်မှ နိုဝင်ဘာလ ၁၄ ရက်အထိ  စုစုပေါင်း ခုနစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲ အားလုံးမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးအတွက် လိုအပ်ချက်များကို ပြင်ဆင်ညှိနှိုင်းသည့် ပဏာမ ဆွေးနွေးပွဲများသာဖြစ်သည်။ ပဏာမဆွေးနွေးပွဲများ မကျင်းပမီတွင်လည်း အပြန်အလှန်ပေးစာများဖြင့် အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပြီးဖြစ်သည်။
သို့သော် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် မဒညတ အမည်ခံသြဇာခံပါတီများသည် ငြိမ်းချမ်းရေးဆွေးနွေး ပွဲများအား အခွင့်ကောင်းယူရန်သာကြိုးစားခဲ့ကြသည်။ ပေါ်လစ်ဗျူရိုလူကြီး သခင်ချစ်သည် ရန်ကုန်မြို့တွင် အထူးလျှို့ဝှက်နေထိုင်ပြီး မြေအောက်လုပ်ငန်းများကို ရှေ့ဆောင်ညွှန်ကြားခဲ့သည်။ ပဲခူးရိုးမတိုင်းအတွင်းရှိ ခြောက်ခရိုင်ငြိမ်းချမ်းရေးဆန္ဒပြပွဲများ ကျင်းပရန် လည်း လမ်းညွှန်ခဲ့သည်။ မန္တလေးတွင် ဆန္ဒပြပွဲဖြစ်ပေါ် ရန်လည်း လမ်းညွှန်ဆောင်ရွက်ခဲ့သည်။ မြေပေါ်မှ လက်တွေ့အကောင်အထည်ဖော်ရန် ပြည်သူ့ကော်မတီ၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသ)၊ ရန်ကုန်ခရိုင်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ(ရကသ)  တို့ကို အသုံးချခဲ့သည်။
ဗမာပြည်ကွန်မြူနစ်ပါတီသည်  ငြိမ်းချမ်းရေး ပဏာမဆွေးနွေးပွဲကိုအကြောင်းပြု၍ အဆက်အသွယ် ပြတ်နေသော မြစ်ဖျားတိုင်း၊ ရှမ်းပြည်၊ အလယ်ပိုင်း ဗမာပြည်(မသုံးလုံးဒေသ)၊   မင်းဘူး၊   ပခုက္ကူ (ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသ)၊ ရခိုင် ပြည်နယ်ဒေသများနှင့် ပဲခူးရိုးမမြစ်ဝကျွန်းပေါ်တိုင်း၊ တနင်္သာရီတိုင်းတို့ကို အချိန်မှန်ဆက်သွယ်ရေးစနစ် များထူထောင်နိုင်ခဲ့သည်။ ၁၉၆၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်တွင် ဗဟိုကော်မတီဝင်များဖြစ်သော သခင်ဇင်၊ ရဲဘော်မြနှင့်ဗိုလ်ရန်အောင်တို့သည်  ပဲခူးရိုးမတိုင်းမှ တစ်ဆင့်  ရန်ကုန်သို့ရောက်လာကြသည်။ မြစ်ဖျားတိုင်းမှ ဗိုလ်မျိုးမြင့်နှင့်ရဲဘော်တုတ်တို့မှာ ကြိုတင်ရောက်ရှိ နေခြင်းဖြစ်သည်။ မြစ်ဝကျွန်းပေါ်တိုင်းမှ ဗဟို ကော်မတီဝင် ရဲဘော်စိုးသန်း၊ တနင်္သာရီတိုင်းမှ ဗဟို ကော်မတီဝင် ရဲဘော်ထွန်းစိန်၊ ရခိုင်တိုင်းနှင့်အနောက် မြောက်တိုင်းတို့မှ ဗဟိုကော်မတီဝင် ရဲဘော်ကျော်မြ၊ ရဲဘော်ထွန်းမောင်(ခ)ဒေါက်တာနတ်၊ အလယ်ဗမာပြည် တိုင်းမှ သခင်ဖေတင့်တို့သည်လည်း ရန်ကုန်သို့စုဝေး ရောက်ရှိလာကြသည်။  ဗမာပြည်ကွန်မြူနစ်ပါတီမှ ခေါင်းဆောင်အများအပြား ရန်ကုန်သို့ရောက်ရှိနေ ခြင်းမှာ ဗဟိုကော်မတီ အစည်းအဝေးကျင်းပနိုင်ရန် တော်လှန်ရေးကောင်စီက သဘောတူထားသဖြင့် အစည်းအဝေးတက် ရန်ဖြတ်သန်းခြင်းဟု အကြောင်း ပြထားသည်။ သို့သော် မြေအောက်ကလာပ်စည်းများ  ဖော်ထုတ်ရေးနှင့် ဆက်သွယ်ရေး ဗဟိုများတည်ဆောက် ရေးကိုသာဆောင်ရွက်ခဲ့ကြသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ ပဏာမငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် နှစ်နှစ်၊ သုံးနှစ်ကြာသည်  အထိ အဆက်အသွယ်ပြတ်နေသော တိုင်းနှင့်ခရိုင်များအား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကြောင်းပြု၍ ပြန်လည် ဆက်သွယ်နိုင်ခဲ့သည်။ ကချင်ပြည်နယ်တွင် အခြေစိုက်နိုင်ရေးအတွက်လည်း ပြည်ပတွင် ခိုလှုံနေ သော နော်ဆိုင်း၏ အဆက်အသွယ်များကို ပြန်လည် ရှာဖွေနိုင်ခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပဏာမ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ ၁ဝ ရက် ဒုတိယအကြိမ် ဆွေးနွေးပွဲ အပြီးမှာပင် ဆွေးနွေးပွဲ မအောင်မြင်တော့ဟု သတ်မှတ် ယူဆပြီးဖြစ်နေသည်။
တော်လှန်ရေးကောင်စီသည် ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် မဒညတ ဗဟို ကိုယ်စားလှယ် အဖွဲ့နှင့် ဆဋ္ဌမအကြိမ်ဆွေးနွေးရာတွင် ဗိုလ်မှူးကြီး လှဟန်က တော်လှန်ရေးကောင်စီနှင့် မဒညတ ဗဟို ကိုယ်စားလှယ် အဖွဲ့တို့၏ လက်ရှိအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ဆက်လက်ဆွေးနွေးနိုင်မည့် နည်းလမ်း နှင့်ပတ်သက်၍ တော်လှန်ရေးကောင်စီ၏ တင်ပြချက်ကို ဖတ်ပြခဲ့သည်။ ယင်းတင်ပြချက်တွင် တော်လှန်ရေး ကောင်စီ၏ ပြည်တွင်းငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးရာတွင် စွဲကိုင်ထားသည့်သဘောထားကို အတိအလင်း ဖော်ပြထားသည်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးစဉ်အတွင်း တော်လှန်ရေးကောင်စီ၏ ကျင့်သုံးမှုများကိုလည်း ဖော်ပြထားသည်။ မဒညတ အဖွဲ့ဝင်တို့၏လက်တွေ့လုပ်ရပ်ကိုလည်း အောက်ပါ အတိုင်း ဖော်ပြခဲ့သည်-
xxx
တွေ့ဆုံဆွေးနွေးနေစဉ်အတွင်း မဒညတအဖွဲ့ဝင်များ၏ လက်တွေ့လုပ်ရပ်များ
မဒညတအဖွဲ့ဝင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် သုံးပါတီတို့သည် ငြိမ်းချမ်းရေးကို တစ်ဖက်မှ ဆွေးနွေး နေစဉ် အောက်ပါလုပ်ရပ်များကို လုပ်ဆောင်လျက် ရှိပါသည်-
(က)    ဗမာပြည်ကွန်မြူနစ်ပါတီ၏ မေတ္တာရပ်ခံ ချက်အရ ¤င်းတို့၏ဗဟိုကော်မတီအစည်း အဝေးကျင်းပရန်အတွက်   နယ်မြေ သတ်မှတ်၍ အစိုးရတပ်စခန်းငါးခုဆုတ်ခွာ ပေးခဲ့သောဒေသအတွင်း ကျေးရွာလူထု များထံမှ  ဆက်ကြေးများကောက်ခံသည့် အ ပြင် အ စိုး ရ သစ် ထုတ် လုပ် ရေး လုပ်ငန်းကို အနှောင့်အယှက်ပေးပါသည်။
(ခ)     ကေအင်န်ယူပါတီနှင့် တော်လှန်ရေး ကောင်စီတို့အပစ်အခတ်ရပ်စဲရေး သဘော တူညီမှုမရရှိသေးစေကာမူ ကေအင်န်ယူ ပါတီ ဗဟိုခေါင်းဆောင်များ နယ်ဆင်း၍ နယ်ခေါင်းဆောင်များအား ပဏာမ ဆွေးနွေးပွဲအခြေအနေများကို ရှင်းလင်းနိုင် စေရေးအတွက် တော်လှန်ရေးကောင်စီက ဒေသအလိုက် အပစ်အခတ်ရပ်စဲပေးခြင်း ကိုအခွင့်ကောင်းယူ၍ ကေအင်န်ယူပါတီ သည် ပြည်သူတို့အား သတ်ဖြတ်ခြင်း၊ ငြိမ်းချမ်းရေးရန်ပုံငွေယူ၍ ဆက်ကြေးများ ကောက်ခံခြင်း၊ လွန်ခဲ့သည့်သုံးနှစ်ခန့်က ပင် မပေးဘဲနေခဲ့ရသော ကျေးရွာများသို့ ဆက်ကြေးများ ပြန်လည်ကောက်ခံခြင်း၊ တော်လှန်ရေးအစိုးရကို စစ်ရေးအရ၊ နိုင်ငံ ရေးအရ၊ လူထုအင်အားအရ အကျပ်ကိုင် လာသဖြင့် တွေ့ဆုံဆွေးနွေးရေးကို မတတ် သာဘဲ  လက်ခံလာကြကြောင်း စသည် အားဖြင့် လူထုအားစုရုံး၍ တရားဟော ပြောခြင်းကဲ့သို့သော လုပ်ငန်းများကိုပြု လုပ်နေပါသည်။
(ဂ)     မဒညတအဖွဲ့ဝင် ဗမာပြည်ကွန်မြူနစ် ပါတီခေါင်းဆောင်များသည် တော်လှန်ရေး ကောင်စီအား  နယ်ချဲ့ဆန့်ကျင်ရေး၊ ပဒေသရာဇ်ဆန့်ကျင်ရေးလုပ်ငန်းများ တွင် ပူးတွဲလုပ်နိုင်သည့် အင်အားစုဟူ၍ လည်းကောင်း၊  ဆွေးနွေးဖက်ဟူ၍ လည်းကောင်း၊ တစ်ဖက်က တဖွဖွပြောနေ ပြီး အခြားတစ်ဖက်မှ တော်လှန်ရေး ကောင်စီအား လူထုနှင့်အကျပ်ကိုင်ရမည် ဟူသောခံယူချက်အရ မြို့ပေါ်တွင် လည်းကောင်း၊ တောနယ်များတွင် လည်းကောင်း လူထုစည်းရုံးရေး လှုံ့ဆော် ရေးများဖြင့် တော်လှန်ရေးကောင်စီအား အကျပ်ကိုင်မိစေရန် လက်တွေ့ကြိုးစား လျက်ရှိပါသည်။
(ဃ)    မဒညတအဖွဲ့ဝင် ကေအင်န်ယူပါတီ ဗဟို ခေါင်းဆောင်များအနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရာ တွင် ''မိသားစု စိတ်ဓာတ်ဖြင့် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြမည်'' ဟု ပြောဆို ခဲ့ကြသည်။ လက်တွေ့တွင်မူ ရန်သူအပေါ် တွင်သာ ကျင့်သုံးရမည့်လူထုနှင့် အကျပ် ကိုင်မှုမျိုးကို မြို့ပေါ်ရှိအဖွဲ့အစည်းများနှင့် ဆက်သွယ်၍လည်းကောင်း၊ တောနယ်  လူထုများကို နည်းအမျိုးမျိုးများဖြင့် လှုံ့ဆော်စည်းရုံး၍လည်းကောင်း လူထုဆန္ဒ အမည်တပ်ကာ  တော်လှန်ရေးကောင်စီ အား အကျပ်ကိုင်လာပါသည်။
(င)     ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို အချက်ကောင်းယူ၍ ငြိမ်းချမ်းရေးတကယ်  ရနိုင်ရေးကို အဓိကမထားဘဲ တော်လှန်ရေး ကောင်စီအားအကျပ်ကိုင်ရန် ဆန္ဒနှင့် ပြုလုပ်သည့် ခြောက်ခရိုင်ဆန္ဒပြပွဲကို မဒညတအဖွဲ့ဝင် ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် သုံးပါတီတို့၏တောတွင်းလက်နက် ကိုင်တပ်များက တောနယ်ရှိလူထုအား ဆန္ဒ ပြပွဲသို့မတက်မနေရ စည်းရုံးခြင်း၊ အတင်း အကျပ်တိုက်တွန်းခြင်း၊ ခြိမ်းခြောက်၍ ဆန္ဒပြပွဲအတွက် ငွေတောင်းခံပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
          (တော်လှန်ရေးကောင်စီနှင့် မဒညတ ဗဟို ကိုယ်စားလှယ်အဖွဲ့၏ လက်ရှိအပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲကို ဆက်လက်ဆွေးနွေး နိုင်မည့်နည်းလမ်းနှင့်ပတ်သက်၍တော်လှန် ရေးကောင်စီ၏တင်ပြချက်မှ ကောက်နုတ် ချက်)
xxx
ဗမာပြည်ကွန်မြူနစ်ပါတီသည် ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးရန် အကြိုပြင်ဆင်သည့် ပဏာမဆွေးနွေးပွဲကို ဟန်ပြသာဆွေးနွေးခဲ့ခြင်း၊ အချိန်ဆွဲခဲ့ခြင်းသာဖြစ်သည်။ တော်လှန်ရေးကောင်စီ သည် ဗမာပြည်ကွန်မြူနစ်ပါတီ၏မရိုးသားသော လုပ်ရပ်များကို အထောက်အထားခိုင်လုံစွာဖြင့် သိရှိ ထားသောကြောင့်သာ တိတိကျကျ ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့သည်။ သို့ရာတွင် တော်လှန်ရေးကောင်စီသည် ဆွေးနွေးဖက်များက မည်သို့ပင် ပြည်တွင်းငြိမ်းချမ်း ရေးကိုပျက်စီးစေမည့်လုပ်ရပ်များ ပြုလုပ်နေစေကာမူ နောက်ဆုံးအကြိမ်ကြိုးစားသည့်အနေဖြင့် ကြိုးစားပါဦး မည်ဟု ပြောကြားခဲ့သည်။ တွေ့ဆုံဆွေးနွေးရေးကို အောင်မြင်စွာ ဆက်လက်ပြုလုပ်သွားလိုလျှင် မဒညတ အဖွဲ့ဝင်ပါတီများက လက်ခံအောင် ဆောင်ရွက်ရန် လိုအပ်သည့်အချက်များ(၁။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ သမိုင်းဝင် စာရွက်စာတမ်းများ အမှတ်(၁) စာမျက်နှာ ၂၁၂၊ ၂၁၃။) ကိုလည်း ထုတ်ပြန်၍ သတိ ပေးခဲ့သည်။ အထူးသဖြင့် ယခင်သဘောတူထားခဲ့ ကြသည့်အတိုင်း မြေအောက်စည်းရုံးရေးလုပ်ငန်းများ၊ ဆူပူအြုံ<ွကရေးလုပ်ငန်းများဖြင့် အစိုးရကိုအကျပ်မကိုင် ရန်၊ ဆွေးနွေးပွဲကာလကိုအခွင့်ကောင်းယူ၍ ပြည်သူ လူထုထံမှဆက်ကြေးငွေများ အတင်းအကျပ်မကောက်ခံ ရန်၊ ပြည်သူလူထုကို သတ်ဖြတ်ခြိမ်းခြောက်ခြင်းမပြု လုပ်ရန်သတိပေးခဲ့သည်။ တော်လှန်ရေးကောင်စီက တောင်းဆိုခဲ့သည့်အချက်များကို လက်ခံရန်လည်း ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် ညနေ ၆ နာရီကို  နောက်ဆုံးအချိန်အဖြစ် သတ်မှတ်ပေးလိုက်သည်။
ဗမာပြည်ကွန်မြူနစ်ပါတီနှင့် မဒညတအဖွဲ့ဝင် များသည် စွပ်စွဲချက်များကို ခိုင်လုံစွာ ဖြေရှင်းနိုင်ခြင်း မရှိပေ။ ထို့အပြင် ယင်းတို့၏ အဖျက်လုပ်ငန်းများကိုလည်း ဆက်လက်လုပ်ကိုင်မြဲ လုပ်ကိုင်ခဲ့သည်။ တော်လှန်ရေး ကောင်စီ၏ တောင်းဆိုချက်များကို မလိုက်လျောဘဲ မိမိတောင်းဆိုချက်များကိုသာ တွင်တွင် တောင်းဆိုနေခဲ့သည်။ ထို့ကြောင့် တော်လှန်ရေး ကောင်စီသည် အကျိုးထူးဖွယ်မရှိသဖြင့် အချိန်ကို ထပ်မံတိုးပေးခြင်း မပြုတော့ပေ။ သို့နှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ကြိုတင် ပြင်ဆင်သည့်ပဏာမဆွေးနွေးပွဲမှာ ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်တွင်ပျက်ပြားသွားရပြီဖြစ်သည်။ ထိုအချိန်၌ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် မဒညတအဖွဲ့ ဝင်များသည် ငါးလခန့် အချိန်ရခဲ့ပြီး ဖြစ်သဖြင့် ပြည်တွင်းပြည်ပ ဗဟိုကော်မတီများ ဆက်သွယ်ရေး။ ပြည်တွင်းရှိ အဆက်ပြတ်နေသော ပါတီဝင်များဆက်သွယ်ရေး၊ ရန်ကုန်မြို့ရှိ မြေအောက်ပါတီဝင်များ ဆက်သွယ်ရေးနှင့် စည်းရုံးရေးကိစ္စအဝဝ ကိုဆောင်ရွက်၍ ခရီးအတန်ပင် ရောက်ခဲ့ပြီးဖြစ်သည်။ နောက်နောင် အဆက်အသွယ် မပြတ်ရေးအတွက်လည်း စီစဉ်ခဲ့ပြီးပေပြီ။ လိုက်နာကျင့်သုံးရမည့် အသေးစိတ် ညွှန်ကြားချက် များကိုလည်း သံရုံးတစ်ရုံး မှတစ်ဆင့် ရရှိခဲ့ပြီးလေပြီ။ ထို့ကြောင့် ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့မှ တော်လှန်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့သို့ နောက်ဆုံးပေးစာကို ပေးအပ် လိုက်ပါသည်။ ပေးစာကို နှုတ်ဖြင့်ပြောပေးခြင်းဖြစ်ပြီး၊ ပဏာမကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ရဲဘော်ဌေးက လက်မှတ်ရေး ထိုးခြင်းမပြုခဲ့ပေ။စာမှာအောက်ပါအတိုင်းဖြစ်သည်။(၂။ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ သမိုင်းဝင်စာရွက် စာတမ်းများ အမှတ်(၁) စာမျက်နှာ ၇၆၊ ၇၇။)
 xxx
တော်လှန်ရေးကောင်စီကိုယ်စားလှယ်များခင်ဗျား-
မဒညတနှင့် ဆွေးနွေးသော အပစ်အခတ် ရပ်စဲရေးကိစ္စများတွင် အထစ်အငေါ့များ ဖြစ်နေပြီး ယခုကဲ့သို့ အဆုံးအဖြတ်မကျဖြစ်နေသဖြင့် ကျွန်တော် တို့ ဗမာပြည်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့နှင့် လုပ်ဆောင်ထား သောကိစ္စများ သဘောတူညီချက်များ နှင့် ပတ်သက်၍ ကျွန်တော်တို့ ပြောကြားလိုပါသည်။ 
ကျွန်တော်တို့အနေနှင့် ယခုတော်လှန်ရေး ကောင်စီမှတင်ပြခဲ့သော အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အချက်များမှာ ဗဟိုအာဏာပိုင်အဖွဲ့ကသာဆုံးဖြတ် နိုင်သည့်စည်းရုံးရေး၊ ဘဏ္ဍာရေးတို့နှင့်ပတ်သက်သော ကိစ္စများပါဝင်သဖြင့် ကျွန်တော်တို့ဆုံးဖြတ်ရန် အလွန် ခက်ခဲနေပါသည်။ ကျွန်တော်တို့သည် တွေ့ဆုံဆွေးနွေး ပွဲများ ပျက်ပြားသွားခြင်းကိုလည်းမလိုလား၊ တော်လှန် ရေးကောင်စီ၏တင်ပြချက်များကိုလည်း အဖြေပေးရန် အာဏာမပိုင် သဖြင့် တိကျသောအဖြေများပေး၍ မဖြစ်ဘဲရှိနေပါသည်။
သို့ဖြစ်၍ ဤကိစ္စများကို ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့အနေနှင့်  ဗဟိုကော်မတီ အစည်းအဝေးသို့ အခြေအနေအရပ်ရပ်ကို တင်ပြရန် လိုအပ်နေပါသည်။ ဗမာပြည်၏လက်ငင်းအခြေအနေ အရ ငြိမ်းချမ်းရေးအတွက် စေ့စပ်မှုများ လုံးဝ တံခါးပိတ်မသွားစေရန်အတွက် အထူးပင်လိုအပ်နေပါ သဖြင့် တော်လှန်ရေးကောင်စီမှ ဤကိစ္စများကိုအလေးအနက် စဉ်းစားစေလိုပါသည်။ ဤအချက်ကို တော်လှန်ရေးကောင်စီမှ သဘောတူညီနိုင် မည်ဆိုပါက ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့သည် အလျင်အမြန် ဗဟိုသို့ပြန်၍တင်ပြပါမည်။ ဤကာလအတွင်း တော်လှန်ရေးကောင်စီနှင့် ဆက်သွယ်မှုမပျက်စေရန် အတွက် ကျွန်တော်တို့ထံမှ ဆက်သွယ်ရန် တာဝန်ခံ တစ်ဦး ထားခဲ့ဖို့ ရည်ရွယ်ပါသည်။
ဗမာပြည်အခြေအနေအရပ်ရပ်ကို ထောက်ရှု၍ ငြိမ်းချမ်းရေးတည်ဆောက်ရန် အထူးလိုအပ်နေသော အခြေအနေများအရ  တော်လှန်ရေးကောင်စီမှ ဤအချက်ကို ခွင့်ပြုလိမ့်မည်ဟု အထူးမျှော်လင့်ပါ သည်။
ဤသို့လုပ်မည်ဆိုပါက တော်လှန်ရေးကောင်စီနှင့်  ယခင်နားလည်မှုရရှိခဲ့သော ဗဟိုကော်မတီအစည်း အဝေးဖြစ်မြောက်ရေးအတွက် ကူညီရန်ဟူသော သဘောတူညီချက်များကို ဆက်လက်ထိန်းသိမ်းပေးရန် လည်း လိုအပ်မည်ဖြစ်ပါသည်။
ဗဟိုကော်မတီအစည်းအဝေးလုပ်နိုင်ပြီး အာဏာ ပိုင်ကိုယ်စားလှယ်အဖွဲ့သာ လာရောက်ဆွေးနွေးနိုင် မည်ဆိုပါက ပြည်တွင်းစစ်ရပ်စဲရေးအတွက် တော်လှန် ရေးကောင်စီနှင့် နားလည်မှုများပြန်လည်ရရှိမည့်အပြင် ဗမာပြည်အနာဂတ်အရေးအတွက် လုပ်ဆောင်စရာ ကိစ္စများတွင် ကြီးစွာအထောက်အကူဖြစ်စေလိမ့်မည် ဟု ယူဆပါသည်။ သို့ပါ၍-
(က)    အပစ်အခတ် ရပ်စဲရေးကိစ္စ ဆွေးနွေးပွဲကို  အပြီးအပြတ် ပိတ်ပစ်သည့်သဘောမလုပ် ဘဲ ဗဟိုကော်မတီသို့တင်ပြခွင့်ပြုရန် အချိန် ပေးပါ။
(ခ)     ဤအတွင်း ဗဟိုကော်မတီအစည်းအဝေး ထိုင် နိုင် ပြီး အ ပစ် အ ခတ် ရပ် စဲ ရေး  ဆွေးနွေးပွဲမှပေါ်ပေါက်သည့်ပြဿနာကို လည်းကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး ဆိုင်ရာပြဿနာကိုလည်းကောင်း စဉ်းစား နိုင်ရန် ယခင်ဗမာပြည်ကွန်မြူနစ်ပါတီ ပဏာမကိုယ်စားလှယ်အဖွဲ့နှင့် သဘောတူ ခဲ့သောအချက်များကိုပါ ဆက်လက် ထိန်းသိမ်းပါရန် မေတ္တာရပ်ခံပါသည်။ (လက်မှတ်ရေးထိုးထားခြင်းမရှိပါ။)
xxx
ဗမာပြည်ကွန်မြူနစ်ပါတီ ပဏာမ ကိုယ်စားလှယ် အဖွဲ့သည် တော်လှန်ရေးကောင်စီက မူလကတည်းက သဘောတူညီထားခဲ့သည့်အတိုင်း တွေ့ဆုံဆွေးနွေးရေး ပျက်ပြားပြီးသည့်နောက်တွင် ပြည်သူလူထုထံသို့ ကြေညာချက်တစ်စောင်ထုတ်ပြန်ခွင့်ရရှိခဲ့သည်။ ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်တွင် ဗမာပြည်ကွန်မြူနစ် ပါတီ တွေ့ဆုံဆွေးနွေးရေးပဏာမကိုယ်စားလှယ်အဖွဲ့ သည် အောက်ပါကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ (၁။ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ သမိုင်းဝင် စာရွက်စာတမ်းများ အမှတ်(၁) စာမျက်နှာ ၇၇ မှ ၈၁ အထိ။
xxx


ဗမာပြည်ကွန်မြူနစ်ပါတီ တွေ့ဆုံဆွေးနွေးရေး
ပဏာမ ကိုယ်စားလှယ်အဖွဲ့၏ ကြေညာချက်
ပြည်သူလူထုအပေါင်းတို့-
၁။ ဗမာပြည်ကွန်မြူနစ်ပါတီ၏တွေ့ဆုံဆွေးနွေးရေး ပဏာမကိုယ်စားလှယ်အဖွဲ့သည်  အာဏာပိုင် ကိုယ်စားလှယ်အဖွဲ့များဆွေးနွေးနိုင်ရန် ပြင်ဆင်မှုများ ကြိုတင်ပြုလုပ်ရေးအတွက် တော်လှန်ရေးကောင်စီနှင့် လာရောက် တွေ့ဆုံ၍ ရှစ်ကြိမ်မျှ ဆွေးနွေးခဲ့ပေသည်။
၂။       ဤဆွေးနွေးမှုတွင်-
(က)    အာဏာပိုင်ကိုယ်စားလှယ်များ ဆွေးနွေး ရေးအတွက် အခြေခံဆွေးနွေးရမည့် အချက်များကို တော်လှန်ရေးကောင်စီမှ သဘောတူခဲ့ပေသည်။ ယင်းအချက်များ  မှာ ဗမာပြည်လွတ်လပ်ရေး ထိန်းသိမ်းရေး ပြဿနာ၊ အုပ်ချုပ်ရေးစနစ် ဒီမိုကရေစီကျ ရေးနှင့် ပြည်သူတို့၏ဒီမိုကရေစီအခွင့် အရေးများ အာမခံရေး၊ ဒီမိုကရေစီပါတီ များ၊ လူထုအဖွဲ့အစည်းများ ဥပဒေတွင်း  ရပ်တည်ခွင့်နှင့် လုပ်ကိုင်ဆောင်ရွက်ခွင့် အာမခံရေး၊ တိုင်းရင်းသားလူမျိုးများ၏ ရသင့်ရထိုက်သော အခွင့်အရေးများပေး ရေးဟူသောအချက်များနှင့်  ငြိမ်းချမ်းရေး  တည်ဆောက်ရေး  ဆိုင်ရာလက်တွေ့ ပြဿနာများ စသည်တို့ဖြစ်ပါသည်။
(ခ)     နယ်ချဲ့သမားနှင့် ပြည်တွင်းဖောက်ပြန်ရေး သမားများ၏ အန္တရာယ်ကို နှစ်ဦးနှစ်ဖက် သတိထားရန်နှင့် ယင်းကိစ္စကို မိမိတို့အဖွဲ့ အလိုက် သီးခြားအခြေအနေများအရ ဆောင်ရွက်သွားရန် သဘောတူကြသည်။
(ဂ)     ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးပြုလုပ်ရေးတွင် လိုအပ်သော အကူအညီများပေးရန်၊ အစည်းအဝေး ဒေသတွင် အစိုးရတပ်လှုပ်ရှားမှုနှင့်စစ်ဆင် မှုများမပြုလုပ်ရန်နှင့်  ယင်းဒေသ ပတ်ဝန်းကျင်မှ အချို့တပ်စခန်းများ ရုပ်သိမ်းပေးရန် တော်လှန်ရေးကောင်စီမှ သဘောတူညီခဲ့သည်။ ဤဒေသအတွင်း အစိုးရ၏လုပ်ဆဲ သစ်ထုတ်လုပ်ရေးစခန်း များကို အနှောင့်အယှက်အတားအဆီး မပြုလုပ်ရန် ဗမာပြည်ကွန်မြူနစ်ပါတီ ပဏာမကိုယ်စားလှယ်အဖွဲ့က သဘောတူ ခဲ့သည်။
(ဃ)    ဒီမိုကရေစီ အခွင့်အရေးများဖြစ်သော (၁) မိမိ သဘောထားကို တိုင်းပြည်သို့တင်ပြ ခွင့်၊ သတင်းစာတွင်ထည့်ခွင့်၊ ကြေညာချက် ထုတ်ခွင့်၊ (၂) ဒီမိုကရေစီအဖွဲ့အစည်းများ နှင့်ဆွေးနွေးခွင့်များကို ယခုနားလည်မှု အတိုင်းထားရှိရန် နှစ်ဦးနှစ်ဖက် သဘော တူခဲ့ကြသည်။
(င)     သဘောမတူညီသေးသောကိစ္စများနှင့် ပတ်သက်၍ငြိမ်းချမ်းရေးရရန် ရည်ရွယ် ချက်ကို အခြေခံပြီးသော ပြဿနာတစ်ခုစီ အရေးကြီးပုံအရ လိုအပ်သလို အကြိမ်ကြိမ် ဆွေးနွေးရန် သဘောတူခဲ့သည်။
(စ)     အတိုက်အခိုက် ရပ်စဲရေး၊ ငြိမ်းချမ်းရေး အကြိုကာလ ဖန်တီးရေးကိစ္စကို ဗမာပြည် ကွန်မြူနစ်ပါတီ ပဏာမကိုယ်စားလှယ်အဖွဲ့မှ မဒညတအဖွဲ့နှင့်ဆွေးနွေးရန် တင်ပြသည်ကို တော်လှန်ရေး ကောင်စီမှ သဘောတူခဲ့သည်။ ဗမာပြည်ကွန်မြူနစ် ပါတီပဏာမ ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးမှုများ ဤမျှထိပြီးပြတ်ခဲ့ရုံမက အချို့လည်း လက်တွေ့ပင် အကောင် အထည်ဖော် လျက်ရှိပေသည်။ဤသို့သော အောင်မြင်မှုများအပေါ်အခြေခံ၍ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင် လိမ့်မည်ဟု ဗမာပြည်ကွန်မြူနစ်ပါတီက ယုံကြည်ခဲ့ပေသည်။
ပြည်သူလူထုအပေါင်းတို့-
၃။       ဤကဲ့သို့သော သဘောတူညီချက်များပင် ရရှိခဲ့ရုံမျှ မက အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု (မဒညတ)အနေနှင့် အပစ်အခတ်ရပ်စဲရေးကိစ္စများ ဆွေးနွေးသည့်အခါတွင်လည်း တော်လှန်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့်  အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု(မဒညတ) ကိုယ်စားလှယ် အဖွဲ့တို့သည် တစ်ဖက်နှင့်တစ်ဖက် တပ်စခန်းများ ဝင်ရောက်တိုက်ခိုက်ခြင်းမပြုရန်၊ စစ်ဆင်တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် ကင်းလှည့်ခြင်း၊ ကင်းထောက်ခြင်း မပြုလုပ်ရန်နှင့်  ပြည်သူလုံခြုံရေးကို  ကာကွယ် စောင့်ရှောက်ရေး၌ အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက် သွားရန် စသည်တို့တွင်တူညီပြီး အပစ်အခတ်ရပ်စဲ ရေးမူပေါ်တွင် သဘောတူခဲ့ကြသည်။
ဤသဘောတူညီချက်ဖြင့် လက်တွေ့အပစ်အခတ် များ ရပ်စဲထားရေးမှာ ဖြစ်နိုင်ပြီး ငြိမ်းချမ်းရေးအကြို ကာလဖန်တီးရေးမှာ လက်တစ်ကမ်းမျှသာလိုတော့ သည့် အခြေသို့ရောက်ခဲ့သည်။
သို့ရာတွင် တစ်ဖက်၌မူ တော်လှန်ရေးကောင်စီ သည် အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) အားလည်းကောင်း၊ ဗမာပြည်ကွန်မြူနစ် ပါတီနှင့် ကေအင်န်ယူပါတီတို့အားလည်းကောင်း၊ နိုင်ငံရေး၊ စည်းရုံးရေးအရ အမြတ်ထုတ်သည်ဟု ကြီးမားသော သံသယဝင်လာခဲ့ပေသည်။ အမျိုးသား ဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု* (မဒညတ)မှ တင်ပြ သော ပိုနေမြဲ၊ ကျားနေမြဲ အခြေအနေထိန်းသိမ်းရေး ကိုသာ ရည်ရွယ်သော လုပ်ရိုးလုပ်စဉ်လုပ်ငန်းများ ထိန်းသိမ်းရေးဟူသော ပြဿနာကိုစင်ပြိုင်အစိုးရအထိ တောင်းဆိုသည်ဟုမှတ်ယူကာ ပြဿနာမှာကြီးမား လာခဲ့ပါသည်။
သို့ဖြင့် တော်လှန်ရေးကောင်စီသည် အမျိုးသား ဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု (မဒညတ)အား မည်သည့်စည်းရုံးရေးမှမလုပ်ရန်နှင့် ဘဏ္ဍာငွေကောက် ခံရေးများ ဤကာလအတွင်း ရပ်ဆိုင်းထားရန် စသည် တို့ကို တောင်းဆိုခဲ့ပါသည်။ ၎င်းပြင် အမျိုးသားဒီမို ကရေစီညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) အင်အားစု များရှိသည့်ဒေသများကို အသိပေးရန်နှင့်ယင်းအင်အားစုများကို တော်လှန်ရေးကောင်စီမှ သတ်မှတ် ပေးသည့် ဒေသများတွင်သာ သတ်မှတ်ထားသော အချိန်ကာလအတွင်းစုပေးရန်၊ ဤအင်အားစုများသည် အခြားဒေသသို့ သွားလိုလျှင်လည်း အစိုးရစစ်တပ်များ၏သဘောတူညီချက်ရမှ ¤င်းတို့၏အစောင့် အရှောက်ဖြင့်သွားလာရန်၊ ဤတပ်များရှိနေသည့်ဒေသ တွင်လည်း စည်းရုံးရေးလုပ်ငန်းများမလုပ်ရန်နှင့် အစိုးရ လုပ်ငန်းများအား အနှောင့်အယှက်မပြုလုပ်ရန်၊ ပြည်သူ အား အနှောင့်အယှက်မပြုလုပ်ရန် စသည်တို့ကို တောင်းဆိုခဲ့သည်။
ဤတောင်းဆိုချက်များမှာ ပထမအားဖြင့် ပိုနေမြဲ ကျားနေမြဲ အခြေအနေ ထိန်းသိမ်းရေးထက် ကျော်လွန် ကာ စည်းရုံးရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ မူကိစ္စများအထိ အကျုံးဝင်လာသည့်ပြင် ပါတီအား အသေတုပ်နှောင် ထားသည့်အဓိပ္ပာယ်သက်ရောက်စေသောကြောင့် လက်ခံရန်ခဲယဉ်းသည့်အပြင် ပဏာမကိုယ်စားလှယ် အဖွဲ့တွင် ဆုံးဖြတ်ရန်အာဏာလည်းမပိုင်ဖြစ်ပါသည်။
ထို့အပြင် ၎င်းအင်အားစုများ စုပေးရေးဆိုသည် မှာ ပိုနေမြဲ ကျားနေမြဲအခြေအနေကို ကျော်လွန်ရုံမျှ မက  ဝိုင်းဝန်းခံထားရသည့်  အခြေအနေအထိ ဆိုက်ရောက်စေနိုင်သောကြောင့် ဤပြဿနာကိုလည်း ပဏာမကိုယ်စားလှယ်အဖွဲ့က လက်ခံရန်ခဲယဉ်းလှပြီး အာဏာမပိုင်ဖြစ်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ အပစ်အခတ်ရပ်စဲရေးမူတွင် သဘော တူညီထားသည်များကို ပျက်ပြားမသွားစေရန်လည်း ကောင်း၊ လက်ရှိအခြေအနေတွင် နှစ်ဖက်ကြိုးပမ်းမှုကြောင့် အပစ်အခတ်များ နည်းပါးလာသည်ကို ထိန်းသိမ်းရန်လည်းကောင်း၊ မဒညတဘက်မှလည်း မိမိ ဘက်မှ အစိုးရတပ်စခန်းများအား စတင်တိုက်ခိုက်ခြင်း မပြုလုပ်ရန်ညွှန်ကြားထားသဖြင့် အခြေအနေ ပိုမို ကောင်းမွန်လာနိုင်သောကြောင့် လည်းကောင်း၊ မဒညတသည် အပေးအယူဖြင့်မရှင်းလင်းသည့်အချက် များနှင့်သံသယများကို ပြင်ပတွင်ဆွေးနွေးစေ့စပ်ရန် တင်ပြခဲ့ပါသည်။ သို့ပါသော်လည်း တော်လှန်ရေး ကောင်စီမှ ၁၁-၁၁-၆၃ နေ့တွင် ထပ်မံ၍ မိမိဘက်မှ တင်ပြသော အထက်ပါအချက်များကို လက်မခံပါက ဗမာပြည်ကွန်မြူနစ်ပါတီနှင့်လည်းကောင်း၊ သုံးပါတီ နှင့်လည်းကောင်း ဆက်လက်ဆွေးနွေးရန်မဖြစ်နိုင် တော့သဖြင့် ထိုတင်ပြချက်များအား မဒညတမှ လက်ခံ မည်၊ လက်မခံမည်ကို ၁၄-၁၁-၆၃ နေ့အမီ အဖြေ ပေးရန် တောင်းဆိုခဲ့ပြန်ပါသည်။
ပြည်သူလူထုအပေါင်းတို့-
၎။       ဤကိစ္စနှင့်ပတ်သက်၍ ပါတီဗဟို အာဏာပိုင် ကိုယ်စားလှယ်အဖွဲ့များကသာ ဆုံးဖြတ်နိုင်မည်ဖြစ်၍ အာဏာပိုင်ကိုယ်စားလှယ်အဖွဲ့များနှင့်သာ ဆွေးနွေး ရန် မဒညတက တင်ပြခဲ့ပါသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ ပဏာမကိုယ်စားလှယ် အဖွဲ့အနေနှင့် ဤကိစ္စအပေါ် ပါတီ၏အမြင်ကို ထပ်မံ ၍ တိုင်းပြည်သို့တင်ပြအပ်ပါသည်။
(က)    ပြည်တွင်းငြိမ်းချမ်းရေးပြန်လည် တည်ဆောက်ရန်ကိစ္စသည် ပြဿနာ အရပ်ရပ်ဖြေရှင်းရေး အတွက် သော့ချက်ပြဿနာဖြစ်သောကြောင့် ဗမာပြည် ပြည်သူတို့၏အရေးကို အလေးအမြတ်ထား၍ စေ့စပ်ရေးများ အဆုံးသတ်ပျက်ပြား မသွားစေရန် အစွမ်းကုန် ထိန်းသိမ်းသွား ရန် လိုအပ်သည်ဟု ထင်မြင်ပါသည်။ ဗမာ ပြည် ကွန်မြူနစ်ပါတီအနေနှင့်လည်း စည်းရုံးရေး လွတ်လပ်ခွင့်မူများကို ထိပါး ခြင်းမရှိပါက  အစွမ်းကုန်လိုက်လျော လုပ်ဆောင်ရန် စေ့စပ်ရေးကို ထိန်းသိမ်း ဆောင်ရွက်သွားပါမည်။ တော်လှန်ရေး ကောင်စီကလည်း ပြန်လည်စဉ်းစားရန် တိုက်တွန်းပါသည်။
(ခ)     မဒညတနှင့်  အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ပျက်ပြားသည်ဟု တော်လှန် ရေးကောင်စီမှ ယူဆသည့်တိုင် ပါတီလိုက် သဘောတူညီထားချက်များနှင့် ပါတီလိုက် အာဏာပိုင်ကိုယ် စားလှယ်များနှင့် ဆွေးနွေး ရေးများကို ဖျက်သိမ်းလိုက်ခြင်းမပြုဘဲ ဆက်လက်လုပ်ဆောင်ရန် လိုအပ်သည်ဟု ထင်မြင်ပါသည်။
ဤအတိုင်းပင် ဗမာပြည်ကွန်မြူနစ် ပါတီပဏာမကိုယ်စားလှယ်အဖွဲ့မှတော်လှန် ရေးကောင်စီအား  အလေးအနက် တိုက်တွန်းပါသည်။
ဗမာပြည်ကွန်မြူနစ်ပါတီအနေနှင့် ဆွေးနွေးပွဲများ ပျက်ပြားပြီဟု တော်လှန် ရေးကောင်စီမှယူဆသည့်တိုင် ပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက်ရန် အလား အလာများကုန်ဆုံးမသွားသေးဘဲ ဖြစ်  နိုင်မှုများရှိသေးသည်ဟု  ယူဆပါသဖြင့်ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း။စေ့စပ်ဆွေးနွေးရေး ပျက်ပြား ခြင်း သည်နယ်ချဲ့သမားနှင့် ပြည်တွင်းဖောက်ပြန်ရေးသမားအတွက်သာ အကျိုးရှိနေစေပြီး ပြည်သူလူထု အတွက် ကြီးမားစွာ နစ်နာဆုံးရှုံးစေသောကြောင့် စေ့စပ်ဆွေးနွေးပွဲများ ပြန်လည်ပေါ်ပေါက်ရန်လည်း  အစွမ်းကုန်ကြိုးစား သွားမည် ဖြစ်ကြောင်း။
တစ်ဖက်နှင့်တစ်ဖက် လက်နက်ကိုင် တိုက်ခိုက်မှုနှင့်ပတ်သက်၍ လက်ရှိအခြေအနေတွင်  ဗမာပြည် ကွန်မြူနစ်ပါတီသည် မိမိကို ကာကွယ်သည်မှအပ အခြား တစ်ဖက်စခန်းများနှင့် တပ်များကို စတင် တိုက်ခိုက်မှု မလုပ်ဘဲ ထိန်းသိမ်းသွားမည် ဖြစ်ပါသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ တွေ့ဆုံဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ ၁၉၆၃ ခုနှစ်၊ နိုင်ဝင်ဘာလ ၁၅ ရက်။
xxx
ဗမာပြည်ကွန်မြူနစ်ပါတီ ပဏာမကိုယ်စားလှယ် အဖွဲ့၏ ပြည်သူသို့ကြေညာချက်မှာ အသံကောင်းဟစ် ၍ ပြည်သူလူထုကို အတတ်နိုင်ဆုံး ဆွဲဆောင်စည်းရုံး ခြင်းသာဖြစ်လေသည်။ ဗမာပြည်ကွန်မြူနစ်ပါတီက တွေ့ဆုံဆွေးနွေးရေးအပေါ် အမြတ်ထုတ်မှုများ၊ ဆန္ဒ ပြပွဲများ၊ ဖန်တီးမှုများ၊ သစ်လုပ်ငန်းကို တားဆီးမှုများ စသည့်လုပ်ရပ်များကို ကိုယ်စားလှယ်များသည် ယင်း တို့ မသိကြောင်း ဗြောင်ပင်ငြင်းဆိုခဲ့သည်။ ဆွေးနွေးပွဲ ကို ရေရှည်အချိန်ဆွဲ၍ အမြတ်ထုတ်နေခြင်းကို  တားဆီးရန် အချိန်ကန့်သတ်ပေးသောအခါတွင်လည်း ဆုံးဖြတ်ရန် အာဏာမပိုင်ဟုဆိုကာ ဗဟိုသို့လွှဲချခဲ့ သည်။
ဗမာပြည်ကွန်မြူနစ်ပါတီ၏ သြဇာလွှမ်းမိုးမှု အောက်တွင် လုံးဝရောက်ရှိနေသော အမျိုးသား ဒီမို ကရေစီ ညီညွတ်ရေးတပ်ပေါင်းစု(မဒညတ) ဗဟို ပဏာမ ကိုယ်စားလှယ်အဖွဲ့သည်လည်း တော်လှန်ရေး ကောင်စီက မူလကတည်းက သဘောတူခွင့်ပြုခဲ့သည့် အလျောက် ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့စွဲ ဖြင့် ပြည်သူလူထုသို့ တင်ပြချက်တစ်စောင်ကို ထုတ်ပြန် ခဲ့လေသည်။
မဒညတ  ကိုယ်စားလှယ်၏  တင်ပြချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
xxx
အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) ဗဟိုကိုယ်စားလှယ်အဖွဲ့မှ ပြည်သူလူထုသို့ တင်ပြချက်-
(၁)     အမျိုးသားဒီမိုကရေစီညီညွတ်ရေး တပ်ပေါင်းစု(မဒညတ)ဗဟိုကိုယ်စားလှယ် အဖွဲ့သည်  တော်လှန်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲ ရေးအတွက် ၆ ကြိမ်တိတိ တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။ အပစ်အခတ်ရပ်စဲရေးကိစ္စ ဆွေးနွေးနေစဉ်တွင်  တော်လှန်ရေး ကောင်စီကိုယ်စားလှယ်အဖွဲ့မှအမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(*မူရင်းအတိုင်း ဖော်ပြခြင်းဖြစ်ပါ သည်။)(မဒညတ)လုပ်ပုံကို သံသယရှိသည်ဟု အကြောင်းများပြ ကာ အပစ်အခတ်ရပ်စဲ ရေးကာလတွင် စည်းရုံးရေးလုံးဝမလုပ်ရန်၊ ဘဏ္ဍာရေး ကောက်ခံမှုလုံးဝမလုပ်ရန်၊ အမျိုးသား ဒီမိုကရေ စီညီညွတ်ရေး တပ်ပေါင်းစု (မဒညတ)အင်အားစုအားလုံးကို တော်လှန် ရေးကောင်စီမှ သတ်မှတ်သောနေရာတွင် စုစည်းပေးရမည်စသော အချက်များကို လက်မခံက ဆက်လက်၍ မဆွေးနွေးနိုင် တော့ကြောင်းဖြင့် အပစ်အခတ်ရပ်စဲရေး ကိစ္စသာမက ငြိမ်းချမ်းရေးဆွေးနွေးမှု အားလုံးကိုပါ ရပ်စဲလိုက်ပါသည်။ အတော် အတန် ခရီးရောက်ပြီးမှ ဤသို့ဖြစ်ရခြင်း အတွက် အမျိုးသားဒီမိုကရေစီညီညွတ်ရေး တပ်ပေါင်းစု(မဒညတ)အနေဖြင့် အထူးပင် စိတ်မကောင်းဖြစ်မိပါသည်။
အမျိုးသားဒီမိုကရေစီညီညွတ်ရေး တပ်ပေါင်းစု(မဒညတ)အဖွဲ့ဝင်ပါတီများ အနေနှင့် သီးခြားပါတီအလိုက် တော်လှန် ရေးကောင်စီနှင့် ဆွေးနွေးရာတွင် တစ်စုံ တစ်ခုသော သဘောတူညီချက်ရရှိလာပြီး ဖြစ်ကြသည်။ ထိပ်ဆုံးခေါင်းဆောင်များ ပါသော ကေအင်န်ယူ၊ မွန်ပြည်သစ်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ စသော သုံးပါတီကိုယ်စားလှယ်အဖွဲ့သည် ယခင်ပဏာမကိုယ်စားလှယ်အဖွဲ့ ဆွေးနွေး သွားချက်များ၏ အဆက်အနေဖြင့် ယခု အခါ  အပစ်အခတ်ရပ်စဲရေးကိစ္စကို အမျိုးသားဒီမိုကရေစီညီညွတ်ရေး တပ်ပေါင်းစု(မဒညတ)အနေဖြင့် ဆွေးနွေး ပြီးသည့်နောက်တွင် အမျိုးသားညီညွတ် ရေး၊ လွတ်လပ်ရေးထိန်းသိမ်းရေးနှင့် ဒီမို ကရေစီရေးနှင့် အမျိုးသားစီးပွားရေးကိစ္စ တို့ကို ဆက်လက်၍ ဆွေးနွေးရန် တော်လှန် ရေးကောင်စီနှင့် သဘောတူညီပြီးဖြစ်ပေ သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ ပဏာမ ကိုယ်စားလှယ်အဖွဲ့သည်လည်း ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်း အဝေး ကျင်းပရေး၊ ထိုသို့ ကျင်းပပြီးနောက် ဗဟိုအာဏာပိုင် ကိုယ်စားလှယ်တစ်ရပ် လာရောက်၍ တော်လှန်ရေးကောင်စီနှင့် နိုင်ငံရေးအရ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး၊ ဆွေးနွေးရေးနှင့် ထိုမျက်နှာစုံညီ အစည်း အဝေးတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ တင်ပြသော အချက်လေးချက်ကို မူတည်၍ ဆွေးနွေးရန် တော်လှန်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် သဘောတူညီချက် များရရှိပြီးဖြစ်ပေသည်။
အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ တွင်လည်း အမျိုးသားဒီမိုကရေစီညီညွတ် ရေးတပ်ပေါင်းစု(မဒညတ) အဖွဲ့မှတင်ပြ ထားသော အချက် ၁၂ ချက်အနက် ၁ဝ ချက်တွင်သဘောတူညီမှုများရရှိခဲ့ပေသည်။ တစ်ဖက်နှင့် တစ်ဖက်  မတိုက်ခိုက်ရေး၊ စစ်ရေးကင်းလှည့်ခြင်း၊  ကင်းထောက်ခြင်း မပြုလုပ်ရေးနှင့်  ပြည်သူတို့၏ လုံခြုံရေး ဆောင်ရွက်ရာ၌ ညှိနှိုင်းဆောင်ရွက်သွားရေးဟူသော အပစ်အခတ်ရပ်စဲရေးမူပေါ်တွင် သဘောတူညီမှုများ ရထားကြပြီးဖြစ် ပေသည်။
ယခုလက်ရှိအခြေအနေအရ ပြောရ လျှင် နှစ်ဦးနှစ်ဖက်တို့သည် အခြေအနေ များကို ထိန်းသိမ်းလာခဲ့သဖြင့် ဆွေးနွေးနေ စဉ်နောက်ပိုင်းကာလ၌ အပစ်အခတ်များ နည်းပါးလာကာ အခြေအနေသည် စင်စစ် ကောင်းမွန်နေပါသည်။   အမျိုးသားဒီမို ကရေစီညီညွတ်ရေးတပ်ပေါင်းစု(မဒညတ) ဝင်ပါတီများသည် မိမိဘက်မှ တော်လှန် ရေးကောင်စီတပ်များကိုစတင်၍ သွား ရောက် မတိုက်ရန်ညွှန်ကြားထားသဖြင့် လည်း  အခြေအနေမှာ  အမှန်ပင် ကောင်းမွန်လာလျက်ရှိပါသည်။
ထို့ကြောင့် ၎င်းအခြေအနေကို ထိန်းသိမ်းကာဆက်လက်ဆောင်ရွက်သွား မည်ဆိုပါက အပစ်အခတ်ရပ်စဲရေး ကိုလက်တွေ့အကောင်အထည်ဖော်နိုင်၍ ပြည်တွင်းငြိမ်းချမ်းရေးဖြစ် မြောက်ရန် အခြေအနေကို အဆင့်မြှင့်တင်သွားနိုင်မည်ဟု အမျိုးသားဒီမိုကရေစီ ညီညွတ်ရေး တပ် ပေါင်းစု(မဒညတ)မှ ယုံကြည်ပါသည်။
(၂)     အမျိုးသားဒီမိုကရေစီညီညွတ်ရေးတပ် ပေါင်းစု(မဒညတ)အနေဖြင့် ပိုနေမြဲ၊ ကျားနေမြဲ လုပ်ရိုးလုပ်စဉ် အခြေအနေများ အတွင်း ရိုးရိုးနှင့်လွယ်လွယ် အပစ်အခတ် ရပ်စဲထားလိုပါသည်။ သို့သော် လက်တွေ့ အပစ်အခတ်ရပ်စဲရေးဘောင်ထက်ကျော် လွန်၍ မူကြီးများသဘော သက်ရောက် သည့် ပြဿနာများကို အပစ်အခတ်ရပ်စဲ ရေးကိုသာ လုပ်မည့် အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု(မဒညတ)ဗဟိုအဖွဲ့ အနေဖြင့် ဆွေးနွေးရန် ခဲယဉ်း၍ ၎င်းတို့ ကို နိုင်ငံရေးအရ ဆွေးနွေးမည့် အာဏာ ပိုင်အဖွဲ့များသို့သာ    လွှဲသင့်ပါသည်ဟု တင်ပြခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု(မဒညတ)အနေနှင့် ပိုနေမြဲ၊ ကျားနေမြဲ အနေအထားတွင် မဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးပွဲများ မလုပ်မီ မှာပင်  နိုင်ငံရေးအရ၊  လုံခြုံရေးအရ၊ အာမခံချက်မရှိသောသဘောမျိုးဖြစ်စေ သည့် တောင်းဆိုချက်များကို လက်ခံ သဘောတူရန် ခဲယဉ်းပါသည်။ ထို့ကြောင့် အပစ်အခတ်ရပ်စဲထားစဉ်တွင် စည်းရုံးရေး လုံးဝမလုပ်ရ၊   အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) လက်နက်ကိုင်တပ်များကို မိမိတို့ရှိရာ ဒေသ များမှ စွန့်ခွာပြီး တော်လှန်ရေးကောင်စီမှ သတ်မှတ်ပေးသောဒေသများတွင် စုစည်း ထားရမည်ဟူသော တော်လှန်ရေးကောင်စီ ဘက်မှ တင်ပြချက်များအစား မဒညတ တပ်များသည် မိမိဒေသအဝန်းအဝိုင်းထက် ကျော်လွန်၍  စည်းရုံးခြင်း၊  ရန်ပုံငွေ ကောက်ခံခြင်းလည်းမလုပ်ဟူ၍လည်း ကောင်း၊ ငြိမ်းချမ်းရေးကို ထိပါးစေ သော တော်လှန်ရေးကောင်စီနှင့် နားလည်မှု ရှုပ်ထွေးစေနိုင်သော မိမိဒေသအပြင်သို့ တိုးချဲ့စည်းရုံးခြင်း၊ တိုးချဲ့ရန်ပုံငွေကောက်ခံ ခြင်းများကိုလည်းမလုပ်ဟူ၍လည်းကောင်း၊ အဓမ္မမတရားကောက်ခံမှု များကို မူအရ မဒညတအနေဖြင့်ဆန့်ကျင်ခဲ့သည့်အတိုင်း တားမြစ်သွားမည်ဟူ၍ လည်းကောင်း၊ မိမိတို့နယ်မြေများရှိရင်း  အတိုင်းနှစ်ဦး နှစ်ဖက်ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့များထားရှိ၍ အပစ်အခတ်ရပ်စဲထား ရန်သဘောထားကို တင်ပြခဲ့ပါသည်။
သို့သော် ၆ ခရိုင်ငြိမ်းချမ်းရေး ချီတက်ပွဲဖြစ်ပေါ်ပြီးနောက် ၁၁-၁ဝ-၆၃ ရက်တွင် မဒညတအဖွဲ့ဝင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့်ကေအင်န်ယူပါတီ အပေါ် သံသယဖြစ်မှုများ တိုးဆင့်ဖြစ်ပေါ် လာခဲ့ပါသည်။ ဤသံသယအမျိုးမျိုးမှ ပေါက်ဖွားလာသော အလွန်တင်းကြပ်သည့် စည်းကမ်းများကို သတ်မှတ်ပြီး လက်ခံမခံ ကို ၁၄-၁၁-၆၃ ရက် နောက်ဆုံးထား၍ မဒညတမှ စဉ်းစားရန် ၁၁-၁၁-၆၃ ရက် က တင်ပြလာပါသည်။
မဒညတသည်  တော်လှန်ရေး ကောင်စီက ထင်မြင်ယူဆသကဲ့သို့ အကျပ် ကိုင်ခြင်း၊ တိုက်ကွက်ဆင်ခြင်းသဘော မထားရှိကြောင်းနှုတ်အားဖြင့်လည်းကောင်း၊ စာအားဖြင့်လည်း ကောင်း   မဒညတ ကိုယ်စားလှယ်အဖွဲ့မှ တင်ပြခဲ့ပါသည်။
၆ ခရိုင်ငြိမ်းချမ်းရေးချီတက်ပွဲမှာ မဒညတမှ ဆော်သြရှေ့ဆောင်ခဲ့ခြင်း မဟုတ်ပါ။  ဥပဒေအတွင်း  ပြည်သူ့ ကော်မတီမှပြုလုပ်ခဲ့ခြင်းသာ ဖြစ်ပါသည်။
ထိုဆန္ဒပြပွဲတွင် အမျိုးမျိုးသော အမြင်ရှိသူများပါဝင်နေပါသည်။ ၎င်းတို့၏ များပြားမျိုးစုံသော ဆန္ဒတိုင်းနှင့် မဒညတ သဘောထားများသည် အားလုံးထပ်တူဖြစ် သည် မဟုတ်နိုင်ပါ။ မဒညတအနေဖြင့် လူထုကြီး၏ ငြိမ်းချမ်းရေးလိုလားသော ဆန္ဒ ကိုမူ လေးစားပါသည်။ မဒညတအဖွဲ့ဝင် ဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီပဏာမ ကိုယ်စားလှယ်အဖွဲ့သည်ပင် ပေါက်ခေါင်း မြို့ရှိ အစိုးရအရာရှိများနှင့် မြို့သူမြို့သား များ၏ ငြိမ်းချမ်းရေး စေတီရန်ပုံငွေသို့ ငွေ ၁ဝဝ ကျပ် လှူဒါန်းခဲ့ဖူးပါသည်။
ထို့ကြောင့် မဒညတသည် အထက်ပါ အချက်နှင့်တကွ အခြားသံသယများ ပြေပျောက်စေရန်၊ တော်လှန်ရေးကောင်စီမှ မဒညတအား တိုးချဲ့လုပ်နေသည်ဟု ထင် သော ဒေသများ၌ စည်းရုံးမှုများ၊ ဘဏ္ဍာ ရေးကောက်ခံမှုများကို လုံးဝရပ်ဆိုင်း၍ မိမိ နဂိုရှိရင်းစွဲဒေသများတွင်သာ လုပ်ရိုး လုပ်စဉ်အတိုင်း လုပ်သွားရန် အတိအကျ တာဝန်ယူမည်ဖြစ်ကြောင်း တင်ပြခဲ့ပါ သည်။ အချို့သံသယများကိုလည်း နှစ်ဦး နှစ်ဖက် ပြေပြေလည်လည်ဖြစ်သွားနိုင်ရန် ညှိနှိုင်းသွားလျှင်လည်း ဖြစ်မည်ဟုယုံကြည် ကြောင်း တင်ပြပါသည်။
(၃)     မဒညတအနေဖြင့် ယခုအခြေအနေတွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် နှစ်ဦး နှစ်ဖက်စလုံး ဆက်လက်ကြိုးပမ်းလျှင် ဖြစ်မြောက်ရရှိနိုင်သော အခြေအနေများ ရှိသေးသည်ဟူ၍ စွဲမြဲစွာ ယုံကြည်လျက်ပင် ရှိပါသည်။ ယခုအခါ ငြိမ်းချမ်းရေးအလင်း ရောင် ထွက်ပြူစဖြစ်ပြီးမှ ပြည်တွင်းစစ်မီး တိမ်သလ္လာများနှင့် ထပ်မံ၍ ပိတ်ဖုံးမသွား စေချင်ပါ။
ထို့ကြောင့် ယခုကဲ့သို့ဆွေးနွေးပွဲများ ပျက်ပြားသွားစေကာမူ မိမိဘက်ကတပ်များက တော်လှန်ရေး ကောင်စီ၏တပ်များ ကို စတင်တိုက်ခိုက်ခြင်းမပြုဘဲ လက်တွေ့ ရထားပြီးဖြစ်သော တစ်စုံတစ်ရာအေးငြိမ်း လာသော အခြေအနေကို ထိန်းသိမ်းသွား ရန် ဆက်လက်ကြိုးပမ်းမည်ဖြစ်ပါသည်။
တော်လှန်ရေးကောင်စီကလည်း ဤ အခြေအနေကို အလားတူပင်ဆက်လက် ထိန်းသိမ်းသွားပြီး ယခုအပစ်အခတ်ရပ်စဲ ရေးတွင် တူညီမှုရထားသောအချက်များကို  လည်းကောင်း၊ ယခင်ပါတီလိုက် ဆွေးနွေး ရာတွင် ရရှိထားသောသဘောတူညီချက် များကိုလည်းကောင်း မပျက်စေဘဲမဒညတဝင်ပါတီများ၏ ပါတီဗဟိုကော်မတီ အာဏာပိုင်အဖွဲ့များနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ခေါ်ယူဆွေးနွေးသွားရန် လေးနက်စွာ မေတ္တာရပ်ခံခဲ့ပါသည်။
မဒညတအနေဖြင့် ဤသဘောထား အတိုင်း တစ်ပြည်လုံးအာသာငမ်းငမ်း တောင့်တနေသော ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် ဆက်လက်ကြိုးပမ်းသွား မည် ဖြစ်ကြောင်း ပြည်သူလူထုကြီးအား တင်ပြအပ်ပါသည်။
အမျိုးသားဒီမိုကရေစီ
ညီညွတ်ရေး တပ်ပေါင်းစု
မဒညတ ဗဟိုကိုယ်စားလှယ်အဖွဲ့
၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်။
xxx
မဒညတဗဟိုကိုယ်စားလှယ်အဖွဲ့၏ကြေညာချက်မှာလည်း ဗမာပြည်ကွန်မြူနစ်ပါတီပဏာမကိုယ်စား လှယ်အဖွဲ့၏ ကြေညာချက်ကဲ့သို့ပင် မိမိတို့၏လုပ်ရပ် များကို ဖုံးကွယ်ပြီး တော်လှန်ရေးကောင်စီအပေါ်သို့ သာ အပြစ်ပုံချခဲ့ကြသည်။ ယင်းတို့အနေနှင့် ငြိမ်းချမ်း ရေးကို အမှန်တကယ်လိုလားပါကြောင်း ပြည်သူလူထု သို့ အသံကောင်းဟစ်ခဲ့ကြသည်။ အထူးသဖြင့် ပြည်သူ့ ကော်မတီ၏ ၆ ခရိုင်ငြိမ်းချမ်းရေးဆန္ဒပြပွဲကို ယင်းတို့ ၏လက်ချက်မဟုတ်ပါဟုငြင်းဆိုခဲ့သည်။ စင်စစ် ၆ ခရိုင် ငြိမ်းချမ်းရေးဆန္ဒပြပွဲကို သခင်ချစ်က ညွှန်ကြားပြီး(၁။ သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ) စာမျက်နှာ ၄၅။) ၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် ရဲဘော်ဌေးနှင့် ရဲဘော်အောင်ကြီးက ကွန်မြူနစ်ပါတီ၏ ကျောင်းသား ပါတီစိတ်ခေါင်းဆောင် ရဲဘော်သက်နှင့် တွေ့ဆုံကာ ၆ ခရိုင်ငြိမ်းချမ်းရေးဆန္ဒပြပွဲနှင့်ပတ်သက်သော နောက်ဆုံး အခြေအနေနှင့် အသေးစိတ် ညွှန်ကြားချက် များကို လျှို့ဝှက်စွာပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့မှာပင် မဒညတ(ဗဟို)အတွင်းရေးမှူး  သခင်တင်ထွန်းက ပြည်သူ့ကော်မတီအတွက် ရန်ပုံငွေ ၁ဝဝဝ ကျပ်ကို ဦးတင်မောင်၏လက်သို့ ပေးအပ်ထောက်ပံ့ခဲ့သည်။  (၂။ သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ) စာမျက်နှာ ၄၉၊ ၅ဝ။)
ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြားသွားသဖြင့်   ဗမာပြည်ကွန်မြူနစ်ပါတီနှင့် မဒညတအဖွဲ့ဝင်များ အနေနှင့် မည်သို့မျှ အခက်အခဲမဖြစ်ခဲ့ပေ။ ယင်းတို့ အနေနှင့် ငါးလတာကာလအတွင်း များစွာအမြတ်ထုတ် ခဲ့ပြီးဖြစ်သည်။ ယင်းတို့၏ ကြေညာချက်များမှာလည်း ပြည်ပ၏သဘောထားကို အခြေခံ၍ရေးခြင်းပင်ဖြစ် သည်။(၃။ သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ) စာမျက်နှာ ၅ဝ။) ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် ညနေတွင် ဗိုလ်မှူးကြီးလှဟန်နှင့် ရဲဘော်ဌေးတို့ အထူးကိစ္စအဖြစ် ဆွေးနွေးခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီဗဟို ကော်မတီ ပထမ ဒုတိယဥက္ကဋ္ဌ သခင်ဗသိန်းတင်အား ပြည်ပမြို့သို့ ပြန်လည်၍ ပို့ပေးရန်စီစဉ်ကြရသည်။ သခင်ဗသိန်းတင်သည် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်စခန်းအနီးတွင် လာရောက်ခေါ်ယူသော တပ်မတော်ရဟတ်ယာဉ်ဖြင့် ရန်ကုန်မြို့သို့ရောက်ရှိ လာသည်။ ထို့နောက် ပြည်ပမှပါလာသောရဲဘော် သိန်းထိုက်ကို လျှို့ဝှက်ဆက်သွယ်ရေးတာဝန်များ ထမ်းဆောင်ရန် ခေါ်ယူ၍ ရန်ကုန်မြို့မှ ပြည်ပမြို့သို့ စီအေအေစီလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားကြ လေသည်။
တော်လှန်ရေးကောင်စီသည် ဗမာပြည်ကွန်မြူနစ် ပါတီ၏ တကွဲတပြားစီဖြစ်နေသော ဗဟိုကော်မတီဝင် များ စုရုံး၍ ဗဟိုကော်မတီအစည်းအဝေးကျင်းပနိုင် ရေးကို သဘောတူညီသည့်အပြင် အကူအညီလည်း  ပေးခဲ့သည်။ တော်လှန်ရေးကောင်စီ၏ အကူအညီဖြင့် ဗဟိုကော်မတီဌာနချုပ်သို့ ရောက်နေကြသော တိုင်း အသီးသီးမှ ကိုယ်စားလှယ်များသည် ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်မှစ၍ မိမိတို့သက်ဆိုင်ရာဒေသ များသို့ ထွက်ခွာသွားကြသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်သည်လည်း သာယာဝတီခရိုင် ဇီးကုန်း မြို့နယ်ဘော်ဘင်ချောင်း လက်တက်ရှိ တုံးမြှောင်စခန်း သို့ ပြောင်းရွှေ့အခြေစိုက်ပြီး ၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်တွင်ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားရခြင်းနှင့်ပတ်သက်၍ သုံးသပ်ချက်တစ်ရပ်ကို ပေါ်လစ် ဗျူရိုအစည်းအဝေး၌ ဆွေးနွေးကြသည်။
ပေါ်လစ်ဗျူရိုအစည်းအဝေးတွင် တက်ရောက်သူ များမှာ-
(၁)  သခင်သန်းထွန်း
(၂)  ရဲဘော်ဘတင်(ခ)ဂိုရှယ်
(၃)  သခင်ချစ်
(၄)  ရဲဘော်ဌေး
(၅)  ရဲဘော်အောင်ကြီး
(၆)  သခင်ပုနှင့်
(၇)  ဗိုလ်ဇေယျ တို့ဖြစ်ကြသည်။
ယင်း ပေါ်လစ်ဗျူရိုဆွေးနွေးပွဲတွင် သခင် သန်းထွန်းက-
          ''ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ရတာ ဟာ စစ်အစိုးရက အကျပ်ကိုင်ပြီးတော့ အတင်း အဓမ္မ အညံ့ခံခိုင်းလို့ဖြစ်တယ်၊ ဒါပေမဲ့ ပါတီ အတွက် အမြတ်တွေအများကြီးတော့ ရလိုက် တယ်'' ဟု သုံးသပ်ချက်တစ်ရပ်ကိုတင်ပြသည်။      (၁။သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ) စာမျက်နှာ ၅၄။)
          ထိုအခါ ရဲဘော်ဘတင်(ဂိုရှယ်)ကလည်းပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ရခြင်းနှင့် ပတ်သက်၍ သုံးသပ်ချက်တစ်စောင်ကို ရေးသား၍ သခင်သန်းထွန်း ၏ သုံးသပ်ချက်နှင့်စင်ပြိုင်တင်သွင်းလေသည်။ ဂိုရှယ် ၏ သုံးသပ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။(၂။ သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ) စာမျက်နှာ ၅၄။)
xxx
          'ယခု ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ခဲ့ရတာဟာ ပါတီကြောင့်ဖြစ်တယ်၊ ဘာဖြစ် လို့လဲဆိုတော့ ကိုယ်စားလှယ်အဖွဲ့ဟာ ရန်ကုန် ကို သွားပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက် လုံးပန်းတာမဟုတ်ဘဲနဲ့ မြေအောက် စည်းရုံးရေးကို တိုးချဲ့ဖို့၊ ဆန္ဒပြပွဲကြီးတွေနဲ့ အစိုးရကို အကျပ်ကိုင်ဖို့ဆိုပြီး ဆန့်ကျင်ရေး ဆန္ဒ ပြပွဲကိုလုပ်ပြီး အခွင့်အရေးမယူသင့်တာတွေကို ယူခဲ့ပြီး လုပ်ခဲ့ကြတယ်၊ ဒီအခြေအနေမှာ ဒါမျိုး တွေကို လုံးလုံးမလုပ်သင့်ဘူး၊ ဒါတွေပဲ ဆက်တိုက်လုပ်တော့ နားလည်မှုမလွဲသင့်တာ ဟာ ပိုပိုပြီးလွဲကုန်တာဖြစ်လာတယ်၊ ဒါတွေ ကြောင့် တကယ်တော့ အခုငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ရတာကို အဓိကတာဝန်ယူရ  မှာကတော့  ပါတီကယူရမှာပဲ၊  ဒါတွေကို မလေးနက်ရင် ပါတီရဲ့ရှေ့မှာချမှတ်မယ့် လမ်းစဉ်ပေါ်လစီတွေဟာလည်း ဘယ်နည်းနဲ့ မှကို မှန်ကန်မှာမဟုတ်ဘူး၊ အထူးသဖြင့် အခုလို မဖြစ်သင့်တာတွေဖြစ်လာရတာဟာ သခင် သန်းထွန်းနဲ့ကိုအောင်ကြီးတို့မှာ အလွန်ကြီးမား တဲ့တာဝန်တွေရှိတယ်၊ ပြီးတော့ ရန်ကုန်ကိုသွား ပြီးတော့ လက်ဝဲအလွန်အကျွံသဘောထားတွေ နဲ့ မြေအောက်လုပ်ငန်းတွေကို ရှေ့ဆောင်ပြီး ညွှန်ကြားတဲ့သခင်ချစ်ရဲ့ တာဝန်တွေကလည်း မသေးငယ်ဘူးဆိုတာတွေ့ရလိမ့်မယ်'
xxx
ရဲဘော်ဘတင်(ဂိုရှယ်)သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ရခြင်းမှာ သခင်သန်းထွန်း၊ ရဲဘော်အောင်ကြီး နှင့် မဒညတ သဘာပတိအဖွဲ့(ဗဟို)ဥက္ကဋ္ဌသခင်ချစ် တို့တွင် တာဝန်ရှိကြောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ၏ သဘောထားမှန်ကန်မှုမရှိကြောင်း ဖော်ထုတ်ရှုတ်ချ လိုက်ခြင်းဖြစ်သည်။ ပေါ်လစ်ဗျူရိုအစည်းအဝေးတွင် ရဲဘော်ဘတင်(ဂိုရှယ်)သည် သခင်သန်းထွန်းနှင့် စင်ပြိုင်သုံးသပ်ချက်ကို တင်သွင်းပြီး အပြင်းအထန်ပင် ဆွေးနွေးခဲ့သည်။ ရဲဘော်ဌေးနှင့်ဗိုလ်ဇေယျတို့မှာမူ တွေဝေနေကြသည်။ ပေါ်လစ်ဗျူရိုအစည်းအဝေးသည် ရက်အတန်ကြာသည်အထိ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချမှတ်နိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ယင်းသုံးသပ်ချက် များအား ပြည်ပ၏အဆုံးအဖြတ်ကို ခံယူရန်အတွက် ပြည်ပသို့ ပို့ပေးလိုက်ရတော့သည်။
၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားပြီးနောက် ဗမာပြည် ကွန်မြူနစ်ပါတီတွင် တိကျသောလမ်းစဉ်မရှိတော့ပေ။ ဗဟိုဌာနချုပ်တွင်လည်း သူ့ကြောင့်၊ ငါ့ကြောင့် ငြင်းခုံ နေကြသည်။ နိုင်ငံရေးလမ်းစဉ်တစ်ရပ်ချမှတ်ရန်လည်း စွမ်းအားမရှိတော့သဖြင့် ပြည်ပမှချမှတ်ပေးမည့် လမ်းစဉ်ကိုသာ မျှော်နေရသည်။ ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွင် အမြတ်ထုတ်နိုင်ခဲ့သဖြင့် ပြည်တွင်းပြည်ပ ဆက်သွယ်ရေးများ ကောင်းမွန်လာသည်မှာမှန်သော် လည်း ထိုအချိန်မှစ၍ ဗမာပြည်ကွန်မြူနစ်ပါတီသည် လုံးလုံးလျားလျားပြည်ပအားကိုးသူဖြစ်သွားသည်ဟု ဆိုနိုင်ပေသည်။ ငြိမ်းချမ်းရေးရရှိရန် အခွင့်ကောင်း ပေါ်ပေါက်ခဲ့သော်လည်း ယင်းအခွင့်အရေးကောင်းကို အမြတ်ထုတ်ရန်သာ ရည်ရွယ်ခဲ့သော ဗမာပြည် ကွန်မြူနစ်ပါတီနှင့် မဒညတအဖွဲ့ဝင် သုံးပါတီတို့မှာ ပြည်ပအားကိုး အမျိုးသားသစ္စာဖောက်များဘဝသို့ ရောက်ရှိသွားသဖြင့် ပြည်တွင်းသောင်းကျန်းမှုကို ပိုမို ရှည်လျားစေမည့် အခြေအနေသို့ဆိုက်ရောက်ခဲ့ရလေ သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြားသောအခြားအဖွဲ့ အစည်းများ (အလံနီပါတီ၊ ရခိုင်ကွန်မြူနစ်ပါတီ၊ ကေအိုင်အေနှင့် ရှမ်းသောင်းကျန်းသူများ)
ကျော်ဇံရွှီးနှင့် ရခိုင်ကွန်မြူနစ်များက ကွန်မြူနစ် ပါတီ(ဗမာပြည်)(ခေါ်)အလံနီကွန်မြူနစ်ပါတီမှ ခွဲထွက် ၍ ရခိုင်ကွန်မြူနစ်ပါတီထူထောင်ကြကြောင်း တင်ပြခဲ့ ပြီးပေပြီ။ ရခိုင်ဒေသကိုအခြေခံ၍ လှုပ်ရှားသော သောင်းကျန်းသူအဖွဲ့များမှာ လေးဖွဲ့ကွဲပြားလျက်ရှိ သည်။ ရခိုင်ဒေသမြောက်ပိုင်းတွင် မူဂျာဟစ်များ  ထကြွလျက်ရှိရာ ၁၉၆ဝ ပြည့်နှစ်တွင် ဇော်ဖောဆိုသူ ခေါင်းဆောင်ခဲ့သည်။ သို့သော် တပ်မတော်၏ထိုးစစ် ကြောင့် ဇော်ဖောသေဆုံးပြီး ၁၉၆၁ ခုနှစ်၊ ဇူလိုင်လ ၄ ရက်တွင်မူ မူဂျာဟစ်အင်အား ၂၉ဝ လက်နက်ချ အလင်းဝင်ခဲ့ရာ မူဂျာဟစ်များ၏လှုပ်ရှားမှုမှာ များစွာ လျော့ပါးသွားခဲ့ရသည်။
ကျော်ဇံရွှီးသည်  မင်းပြားနှင့်မြေပုံဒေသတွင် လှုပ်ရှားနေခဲ့သည်။  ရမ်းဗြဲကျွန်းတွင်  သခင်စိုး၏ တပည့်ဖြစ်သူ ကျော်ခေါင်က ခေါင်းဆောင်လှုပ်ရှား သည်။ သို့သော် တော်လှန်ရေးကောင်စီတက်ပြီး ၁၉၆၂ ခုနှစ်အတွင်းမှာပင်  တပ်မတော်က  ထိုးစစ်ဆင်၍ အဆက်မပြတ်ချေမှုန်းတိုက်ခိုက်ရာ ရမ်းဗြဲကျွန်းတွင် ကျော်ခေါင်၏အဖွဲ့တစ်ဖွဲ့လုံး  ချုပ်ငြိမ်းသွားရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ(ရခိုင်)သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်နိုင်ခြင်းမရှိခဲ့ပေ။ သို့သော် ရဲဘော်ကျော်မြသည် တော်လှန်ရေးကောင်စီ၏ စီစဉ် ပေးချက်အရ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးတက်ရောက်ပြီး တောတွင်းသို့ ပြန်သွား ခဲ့သည်။  ကျော်ဇံရွှီး၏  ရခိုင်ပြည်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်များနှင့်တော်လှန်ရေးကောင်စီကိုယ်စား လှယ်များ ငပလီတွင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။(၁။ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီ၏ ပြည်နယ်ဖြစ်စဉ်သမိုင်း၊ ဒုတိယတွဲ(နိုင်ငံရေးကဏ္ဍ)။)
           ရဲဘော်ကျော်မြခေါင်းဆောင်သော ပြည်နယ် ကော်မတီတွင် တပ်ခွဲသုံးခွဲလက်နက်ကိုင် အင်အား ၃ဝဝ ခန့်ရှိပြီး ကျောက်ဖြူခရိုင် ကော်မတီကို ရဲဘော် သာထွန်းဦးက ခေါင်းဆောင်သည်။ တောင်ကုတ်နှင့် အမ်းမြို့နယ်ကြားတွင် ဗိုလ်သက်ထွန်းက ဝင်ရောက် စည်းရုံးလေ့ရှိသည်။ ဂွမြို့နယ်သို့လည်း ဧရာဝတီတိုင်း မှ ကေအင်န်ဒီအိုများက ထိုးဖောက်ဝင်ရောက်လျက်ရှိ သည်။
သခင်စိုး၏အလံနီပါတီသည် ကျော်ဇံရွှီး၏ ရခိုင် ကွန်မြူနစ်ပါတီကို ချော့မော့စည်းရုံး၍ ရခိုင်ဒေသတွင် မကြာခဏခိုကပ်နေရသည်။ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲကာလတွင် သခင်စိုးသည် အလံနီပါတီ၏ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ ပထမဆုံးရောက်ရှိ လာခဲ့သည်။ သခင်စိုး၏အလံနီပါတီနှင့်ပတ်သက်၍ ဒေါက်တာမောင်မောင်က မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စာအုပ်စာမျက်နှာ ၄၄ဝ တွင် အောက်ပါအတိုင်းရေးသားထားသည်။
xxx
          ''တောတွင်းအဖွဲ့အစည်းများက  တုံ့ပြန်ကြ သည်၊  သခင်စိုးကြီး  ပထမဆုံးရောက်လာ သည်၊ ကာကီအင်္ကျီနှင့် လုံချည်တို့ကိုဝတ်ကာ အဝတ် ဖိနပ်အဖြူစီးထားသော သခင်စိုးသည် ယခင်အတိုင်းပင်ဖြစ်သည်၊ မှုန်ကုပ်ကုပ်မျက်နှာ ထားနှင့်ပြောသော   စကားလုံးလေသံဟန်ပန် မပြောင်း၊ သူ့ခေါင်းမှဆံတိုများကား ဖြူလာပြီ၊ သူနှင့်အတူရဲမေငယ်များပါသည်။ ကျောင်းသူ အရွယ်လေးများဖြစ်သည်။ သူတို့ကလည်း ကာကီအင်္ကျီလက်တို၊ ချည်လုံချည်တိုတိုနှင့် အဝတ်ဖိနပ် ဝတ်ထားကြသည်''
          ''သခင်စိုးသည် မိတ်ဟောင်းဆွေဟောင်းများ နှင့်တွေ့သည်၊ ဝါဒရေးရာစကားများကိုပြော သည်၊ သတင်းစာဆရာများနှင့် တွေ့ဆုံရာတွင် စတာလင်၏ဓာတ်ပုံကို လေးစားစွာ စားပွဲခုံ ပေါ် တင်ထားသည်၊ ခရုရှက်သည် သွေဖည် ရေးသမားဖြစ်သည်ဟု ပြောသည်၊ ခရုရှက်ကို အလံနီပါတီက တောတွင်းခုံရုံးတွင် စစ်ဆေး ကာ သေဒဏ်ပေးပြီးပြီဟု သူပြောသည်။ မြန်မာ ပြည်သစ်နှင့်ကား သခင်စိုးအဆက်ပြတ်ခဲ့တာ ကြာပြီ။  တောအောင်းခဲ့သောသခင်စိုးသည် နိုင်ငံရေးပစ္စုပ္ပန်ရေးရာတို့၌ ဇဝေဇဝါဖြစ်နေသည်။အမျိုးသားညီလာခံ ကြီးကျင်းပ၍ အနာဂတ်ရေးကို စဉ်းစားရမည်။ ညီလာခံသို့ ပါတီပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံမှ ကိုယ်စား လှယ်များ  တက်သင့်သည်။  တပ်မတော်မှ တပ်ကြပ်ကြီး အဆင့်နှင့်အောက်မှရဲဘော်များ က ကိုယ်စားလှယ်လွှတ်သင့်သည်။ ညီလာခံကို အပြည်ပြည်ဆိုင်ရာ ကော်မရှင်တစ်ခုက ကြီးကြပ်သင့်သည် စသည်ဖြင့် ပြောဟောသည်။ တော်လှန်ရေးကောင်စီက ဆက်လက်ဆွေးနွေးနေ၍ အကျိုးထူးဖွယ်မမြင်၍ သခင်စိုး နှင့်အဖွဲ့ကို တောသို့ပြန်ပို့ လိုက်ရသည်။ သခင်စိုးက ပြောစရာတွေ မကုန်သေး၊ နေပါရစေဦးဟု ဆိုသည်။ နောက်တစ်ခေါက်ပြန်လာပါရစေဦး ဟုလည်း ဆိုသည်''
xxx
သခင်စိုး၏ အလံနီပါတီသည်လည်း တွေ့ဆုံ ဆွေးနွေးပွဲတွင် မဖြစ်နိုင်တာတွေကိုသာ တောင်းဆိုခဲ့ သဖြင့် အောင်မြင်မှုမရရှိကြပေ။ အလံနီပါတီနှင့် ရခိုင် ကွန်မြူနစ်ပါတီတို့သည်လည်း ဗမာပြည်ကွန်မြူနစ်ပါတီ ကဲ့သို့ပင် မိမိပါတီအရေးကိုသာကြည့်ပြီး တောင်းဆို လှုပ်ရှားခဲ့ကြသည်ဟုဆိုရပေမည်။
ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ဆွေးနွေးပွဲ မအောင်မြင်ရခြင်းမှာ ဆွေးနွေးပွဲအပေါ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီက မရိုးမသားအမြတ်ထုတ်ခြင်း၊ ခြေပုန်း ခုတ်ခြင်း၊ မဖြစ်နိုင်သည်များကိုသာ တောင်းဆိုခဲ့ခြင်း တို့ကြောင့်ဖြစ်သည်။ သခင်စိုး၏ အလံနီပါတီမှာမူ ဗမာပြည်ကွန်မြူနစ်ပါတီကဲ့သို့ ကျယ်ပြန့်စွာလှုပ်ရှား နိုင်ခြင်းမရှိသော်လည်း တောင်းဆိုချက်များမှာ လက်ဝဲ အလွန်အကျွံဝါဒအပေါ် အခြေခံပြီး မြန်မာပြည်၏ လက်တွေ့အခြေအနေနှင့် ကွာဟလွန်းသဖြင့် တော်လှန် ရေးကောင်စီအနေနှင့် မလိုက်လျောနိုင်ဖြစ်ခဲ့ရသည်။ ရခိုင်ကွန်မြူနစ်များ၏ တောင်းဆိုချက်မှာလည်း ခွဲထွက် ရေးကိုသာ အခြေခံသဖြင့် ပြည်တွင်းစည်းလုံးညီညွတ် ရေးကို အခြေခံသော တော်လှန်ရေးကောင်စီ၏ မူဝါဒ နှင့် မကိုက်ညီခဲ့ပေ။ တစ်မျိုးသားလုံး၏ လိုအင်ဆန္ဒ အမှန်နှင့်လည်း ကိုက်ညီခြင်းမရှိခဲ့ပေ။
ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ ရန်ကုန် တစ်မြို့တည်းတွင်သာ ကျင်းပနေခြင်းမဟုတ်ဘဲ အချို့ အဖွဲ့အစည်းများမှာ ဆိုင်ရာဒေသတွင်သာ ဆွေးနွေး ကြခြင်းဖြစ်သည်။ ဥပမာအားဖြင့်- ကျော်ဇံရွှီး၏ ရခိုင် ကွန်မြူနစ်ပါတီနှင့် ဆွေးနွေးပွဲပြုလုပ်ရာတွင် ငပလီ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့အတူပင် ကေအိုင်အေ(ခေါ်) ကချင်သောင်းကျန်းသူများနှင့်လည်း မန္တလေးမြို့တွင် ဆွေးနွေးပွဲကျင်းပခဲ့သည်။(၁။  ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။)
           ၁၉၆၃ ခုနှစ်အစပိုင်းတွင် ကေအိုင်အေများသည် တပ်မဟာ(၁)နှင့် တပ်ရင်း(၆)ရင်းကို ဖွဲ့စည်းပြီးဖြစ်ပြီး အင်အား ၁ဝဝဝ ကျော်အထိ တိုးတက်နေပြီးဖြစ်သည်။  ၁၉၆၂ ခုနှစ်တွင် လားရှိုး-ကွတ်ခိုင်နယ်၌ အင်အား ၃ဝဝ နီးပါးခန့်၊  ဗန်းမော်-မြစ်ကြီးနားနယ်မြေ၌ အင်အား ၃၈ဝ ခန့်အထိသာ ရှိသော်လည်း နောက်ပိုင်း တွင် ဗန်းမော်-စိန်လုံလမ်းနှင့် ဗန်းမော်-မန်ဝိန်းလမ်း တို့ကို စိုးမိုးပြီး ဧရာဝတီမြစ်အနောက်ဘက်ကမ်းနှင့် မြစ်ကြီးနားအရှေ့မြောက်၊ ဟူးကောင်းလွင်ပြင်တို့ကို တိုးချဲ့စည်းရုံးရာမှ အင်အားတိုးတက်လာခဲ့ခြင်းဖြစ် သည်။
၁၉၆၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်တွင် တော်လှန်ရေး ကောင်စီက ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကမ်းလှမ်း ချက်ကို ထုတ်ပြန်သောအခါ ကေအိုင်အေများသည် စာဖြင့် ဆက်သွယ်ညှိနှိုင်းပြီးနောက် တော်လှန်ရေး ကောင်စီ၏ အစီအစဉ်ဖြင့် ဗန်းမော်သို့ရောက်ရှိလာကြ သည်။ ကေအိုင်အေကိုယ်စားလှယ် ဇော်ဒန်နှင့်အဖွဲ့ သည် ၁၉၆၃ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်တွင် ဗန်းမော် မှတစ်ဆင့် မန္တလေးသို့ရောက်ရှိလာသည်။ ထို့နောက် စက်တင်ဘာလ ၁ ရက်တွင် တပ်မတော်မှ တပ်မဟာ (၇) တပ်မဟာမှူးနှင့် ပဏာမဆွေးနွေးပွဲကျင်းပပြီး စက်တင်ဘာလ ၇ ရက်တွင် တော်လှန်ရေးကောင်စီ၏ ကိုယ်စား အနောက်မြောက်တိုင်း၊ တိုင်းမှူးနှင့်ထပ်မံ ဆွေးနွေးခဲ့သည်။
တိုင်းမှူးနှင့်ဆွေးနွေးစဉ် ဇော်ဒန်နှင့် ကိုယ်စား လှယ်အဖွဲ့က အောက်ပါအချက်များကို တောင်းဆိုခဲ့ သည်-
(၁)     ပြည်ထောင်စုအတွင်းရှိ လူမျိုးအသီးသီး အား လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကို  ပေးအပ်ရန်၊  မိမိတို့လူမျိုးများ၏ သဘောအရ ခွဲထွက်လိုသူများအား ခွဲထွက်ခွင့်ပေးရန်။
(၂)     ကချင်ပြည်နယ်နှင့်ပတ်သက်၍  ကချင် ပြည်သူပြည်သားများ   လက်နက်ကိုင် တော်လှန်နေခြင်း၏အဓိကရည်ရွယ်ချက် ပန်းတိုင်ဖြစ်သည့် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် သီးခြားကချင် ပြည်နယ်ထူထောင်ရန်။
(၃)     ဤကဲ့သို့ ပြည်ထောင်စုအတွင်းမှ ကချင် ပြည်နယ်ခွဲထွက်သွားသည်ကို  နှစ်ဦး သဘောတူ လက်မှတ်ရေးထိုးပြီးသည့်နေ့မှ စ၍ ကချင်ပြည်နယ်နှင့် ဗမာပြည်သည် အောက်ပါထာဝရ ငြိမ်းချမ်းရေးမူ ငါးချက် ကို အခြေခံထား၍ နှစ်ပြည်ထောင်ဆက်ဆံ သွားရေးကို နှစ်ဦးသဘောတူ လက်မှတ် ရေးထိုးရန်-
(က)    တစ်ဦး၏နယ်မြေတည်တံ့ရေးနှင့် အချုပ် အခြာ အာဏာပိုင်ဆိုင်ရေးကို တစ်ဦးက လေးစားရေး။
(ခ)     တစ်ဦးကိုတစ်ဦး မကျူးကျော်ရေး။
(ဂ)     တစ်ဦး၏ပြည်တွင်းရေးရာတွင် တစ်ဦး က ဝင်မစွက်ရေး။
(ဃ)    တူညီစွာနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိစွာ ဆက်ဆံရေး။
(င)     ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး။
ကေအိုင်အေများ၏ တောင်းဆိုချက်များမှာ လုံးဝ ခွဲထွက်ရေးပင်ဖြစ်ပြီး ယင်းတို့ဘက်က လိုက်လျောမှုဟူ ၍တစ်စုံတစ်ရာမျှပင် မရှိခဲ့ပေ။ ထို့အပြင် ဆွေးနွေးပွဲ ပြုလုပ်နေစဉ်အတွင်းကေအိုင်အေထိပ်သီး ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဇော်တူးသည် ဗန်းမော် မှ ကာမိုင်းမြို့နယ်အတွင်း ဝင်ရောက်ကာ ကျေးရွာ အားလုံးလိုလိုကို စည်းရုံးစိုးမိုးထားခဲ့သည်။ ဆွေးနွေးပွဲ ပျက်ပြားသွားသည်နှင့် ကေအိုင်အေများသည် လူ၊ လက်နက်၊ ခဲယမ်းများကို အပြင်းအထန်စုဆောင်းရာ ၁၉၆၃ ခုနှစ်ကုန်တွင် အင်အား ၂ဝဝဝ ကျော်ခန့်အထိ တိုးတက်လာသည်။
တော်လှန်ရေးကောင်စီ၏ဖိတ်ခေါ်ကမ်းလှမ်းချက် ကို ရှမ်းသောင်းကျန်းသူများကလည်း တုံ့ပြန်ခဲ့သည်။ ထိုင်းနိုင်ငံတွင်းရှိ ဌာနချုပ်စခန်းမှ စိုင်းပန်ခေါင်းဆောင် သော အဖွဲ့နှင့် စဝ်ဆေးစိုင် ခေါင်းဆောင်သောအဖွဲ့ တို့သည် ၁၉၆၃ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်တွင် တော်လှန်ရေးကောင်စီနှင့် ပထမအကြိမ်အဖြစ် ရန်ကုန် မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။  (၁။ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ပြည်တွင်းသောင်းကျန်းသူများ သမိုင်းစာစောင်ပြုစုရေး ကော်မတီ(၁၉၈၄ ခုနှစ် ဒီဇင်ဘာလ)၏ ရှမ်းသောင်းကျန်းသူများသမိုင်း အကျဉ်းချုပ်စာစောင်။ )
ရှမ်းသောင်းကျန်းသူများ၏ တောင်းဆိုချက်များ မှာ အောက်ပါအတိုင်းဖြစ်သည်-
(၁)     ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အုပ်ချုပ်ခွင့်၊
(၂)     လူမျိုးစုအခွင့်အရေး၊
(၃)     ဖက်ဒရယ်စတိတ်၊
ဒုတိယအကြိမ် ဆွေးနွေးပွဲကို ၁၉၆၃ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်တွင် ထပ်မံကျင်းပပြန်ရာ ရှမ်း သောင်းကျန်းသူကိုယ်စားလှယ်များသည် ဖော်ပြပါ အချက်သုံးချက်ကိုသာ တောင်းဆိုခဲ့ကြသည်။ ယင်းသို့ ဆွေးနွေးပြီးနောက် နယ်မြေအလိုက် ထပ်မံဆွေးနွေး ညှိနှိုင်းရန်အတွက် ရှမ်းသောင်းကျန်းသူကိုယ်စားလှယ် များအား စက်တင်ဘာလ ၂ ရက်တွင် ယူဘီအေ လေယာဉ်ဖြင့် တာချီလိတ်သို့ ပို့ပေးရသည်။ တာချီလိတ် မှတစ်ဆင့် တပ်မတော်အမှတ် (၄) ချင်း သေနတ်ကိုင် တပ်ရင်းရှေ့တန်း ဌာနချုပ်မှ ယိုးဒယားနိုင်ငံ ဟွေခိုက် (အယ်လ်ယူ-၈၅၅၆) စခန်းသို့ ဆက်လက်ပေးပို့ခဲ့သည်။ စိုင်းပန်နှင့်စဝ်ဆေးစိုင်တို့ ပြန်သွားပြီးနောက် ရှမ်း သောင်းကျန်းသူသုံးဖွဲ့* (*ရှမ်းသောင်းကျန်းသူ အဖွဲ့သုံးဖွဲ့မှာ ခွန်သော်တာ၊ ခွန်ကြာနုနှင့် စိုင်းလှအောင်တို့၏ အက်စ်အက်စ်အေ(ခေါ်)ရှမ်းပြည်လွတ်လပ်ရေးတပ်မတော်၊ ဦးကုဏ္ဍလ(ခေါ်)ကျောက်ငါးခန်း၏ စဝ်ဟုန်စစ်တိုင်းခေါ် ရှမ်းအမျိုးသားတပ်မတော်နှင့်စိုင်းနွဲ့နွံစစ်ဟန်တို့ဖြစ်သည်။) စလုံးမှ ကိုယ်စားလှယ်များသည် တော်လှန်ရေး ကောင်စီနှင့် ဆွေးနွေးရန် လွယ်လင်မြို့  သို့ ရောက်ရှိလာသည်။ ထို့နောက် ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်တွင် အမှတ်(၁၈)ခြေလျင်တပ်ရင်း၊ လွယ်လင်စခန်း၌ တော်လှန်ရေးကောင်စီကိုယ်စား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ်အဖွဲ့နှင့် ပဏာမဆွေးနွေးခဲ့ကြသည်။ နိုဝင်ဘာလ ၂၆ ရက်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ကြီးမြို့တွင် ထပ်မံ ဆွေးနွေးကြပြန်သည်။
တောင်ကြီးဆွေးနွေးပွဲတွင်လည်း ရန်ကုန်တွင် အင်္ဂလိပ်လိုရေးသားတင်ပြခဲ့သော အချက်သုံးချက်ကို သာ  ထပ်မံတင်ပြခဲ့ကြသည်။  အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်၊ တိုင်းဦးစီးချုပ်အဖွဲ့က မရှင်းလင်းသော အချက်များကို ပြန်လည်မေးမြန်းသောအခါ တောင်းဆို ချက်မှာ ၁၁ ချက်အထိ တိုးလာခဲ့သည်။ ယင်းတို့၏ တောင်းဆိုချက်များမှာ ပထစ အစိုးရပြုတ်ကျလုဆဲဆဲ အချိန်တွင် ရှမ်းစော်ဘွားများ တောင်းဆိုခဲ့သည့် ဖက်ဒရယ်မူထက်ပင်   အခွင့်အရေးပိုမိုနေသော တောင်းဆိုချက်များဖြစ်သည်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ပျက်ပြား စေသည့်အပြင် ပြည်ထောင်စု တစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာကွဲထွက်ရန် ရည်ရွယ် သည့် တောင်းဆိုချက်များ ဖြစ်သဖြင့် တော်လှန်ရေး ကောင်စီက လက်မခံခဲ့ပေ။
ရှမ်းသောင်းကျန်းသူကိုယ်စားလှယ်များက တောတွင်းသွားလာမှုခက်ခဲသဖြင့် အချိန်တိုးမြှင့် တောင်းခံပြန်ရာ  တော်လှန်ရေးကောင်စီက အောက်တိုဘာလ ၃၁ ရက်အထိ တစ်လတိတိထပ်မံ ခွင့်ပြုခဲ့သည်။ ထို့နောက် မလုံလောက်သဖြင့် ထပ်မံ တောင်းခံပြန်ရာ နိုဝင်ဘာလ ၁၅ ရက်အထိ တိုးမြှင့် ပေးရပြန်သည်။ ထိုအတောအတွင်း ရှမ်းသောင်းကျန်း သူ ကိုယ်စားလှယ်များသည် အောက်လက်ငယ်သားများ နှင့် ညှိနှိုင်းနေပါသည်ဟုဆိုသည်။ သို့သော် ခွဲထွက်ရေး ကိုသာ အခြေခံသော အချက်သုံးချက်ကိုသာ မပြောင်း လဲဘဲ ထပ်မံတောင်းဆိုခဲ့သည်။ တော်လှန်ရေးကောင်စီ သည် ရှမ်းသောင်းကျန်းသူများနှင့် ဆွေးနွေးခြင်းသည် အကျိုးမရှိနိုင်တော့သဖြင့်   ရပ်ဆိုင်းလိုက်ရသည်။ ကိုယ်စားလှယ်များကိုလည်း သွားလိုသည့်ဒေသများသို့ ပြန်ပို့ပေးခဲ့သည်။
ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကာလအတွင်း ဆွေးနွေးပွဲဖျက်သိမ်းခဲ့ရသည့်အဖွဲ့များမှာ အောက်ပါ အတိုင်းဖြစ်သည်-
(၁)  ဗမာပြည်ကွန်မြူနစ်ပါတီ၊
(၂)     အမျိုးသားဒီမိုကရေစီညီညွတ်ရေး တပ်ပေါင်းစု (ကေအင်န်ယူပါတီ၊ မွန်ပြည်သစ်ပါတီနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီများ အပါအဝင်)၊
(၃)     ကွန်မြူနစ်ပါတီ၊ ဗမာပြည် 
                    (အလံနီ ကွန်မြူနစ်ပါတီ)၊
(၄)     ရခိုင်ပြည်ကွန်မြူနစ်ပါတီ၊
(၅)     ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင် အေ)၊
(၆)     ရှမ်းသောင်းကျန်းသူများ (အက်စ်အက်စ်အေ၊ စဝ်ဟုန်စစ်တိုင်းနှင့် နွံစစ်ဟန်)-
၁၉၆၃ ခုနှစ် ကျောင်းသားအရေးအခင်း
တော်လှန်ရေးအစိုးရက ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဖျက်သိမ်းလိုက်သောအခါ ထိုသို့ ဖျက်သိမ်းခြင်းမှာ မှန်ကန်ကြောင်း လူထုလူတန်းစားများ စုံလင်စွာ ပါဝင်သည့် ဆန္ဒပြပွဲတစ်ရပ်ကို ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်တွင် သမိုင်းချည်မျှင်နှင့် အထည် စက်ဘောလုံးကွင်း၌ ကျင်းပခဲ့ကြသည်။ ထိုဆန္ဒပြပွဲ သို့ ရန်ကုန်မြို့အနှံ့အပြားမှ အလုပ်သမားများနှင့် မြို့လူထုတို့ တက်ရောက်လာကြရာ အလုပ်သမားတင် မော်တော်ယာဉ်များမှာ ဟံသာဝတီအဝိုင်းကြီးမှ ပြည် လမ်းအတိုင်း၊ လှည်းတန်းမှ သမိုင်းအထိ အင်းစိန်လမ်း အတိုင်း ပြည့်ကျပ်၍ နေခဲ့သည်။ ဤကား ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မအောင်မြင်သော်လည်း တော်လှန်ရေးအစိုးရ၏ နိုင်ငံရေးသိက္ခာမြင့်မားလာခြင်း ဖြစ်သည်။
သို့သော် ညနေသုံးနာရီခန့်တွင် ကျောင်းဆင်းလာ သော တက္ကသိုလ်ကျောင်းသားအချို့သည် မော်တော် ယာဉ်များ နံဘေးတွင် ကပ်ထားသည့် ပိုစတာများကို ဆွဲဆုတ်ခြင်း၊ ကြွေးကြော်သံများအော်ဟစ်ခြင်း၊ ဆန္ဒ ပြပွဲမှ ပြန်လာသူများကို တရားဟောခြင်း၊ အုပ်ထိန်းရန် လာသော ဆရာများကို ဆဲရေးတိုင်းထွာပြီး ကိုယ်ထိ လက်ရောက်ရန်ပြုကြခြင်း၊ ဆန္ဒပြပွဲလာသည့်လူထုကို မထေမဲ့မြင်ပြု၍ ရန်စခြင်းများပြုလုပ်လာကြသည်။ သို့နှင့် ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာမဟာဌာန၊ သိပ္ပံမဟာ ဌာန၊ လူမှုရေးမဟာဌာနတို့ကို ပိတ်ပစ်ခဲ့ရသည်။ ကျောင်းပိတ်လိုက် သော်လည်း တကသ၊ ဗကသ၊ ရကသ (သစ်)နှင့် ခွပ်ဒေါင်းနီအဖွဲ့များမှ ကျောင်းသားတို့သည် ကွန်မြူနစ် ကျောင်းသားတို့၏လှုပ်ရှားမှုဖြင့် ကျောင်းဝင်း တံခါးပိတ်ကာ ဆူပူနေကြပြန်သည်။ တက္ကသိုလ်များ ကောင်စီရုံးက ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် ည ၁၂ နာရီ နောက်ဆုံးထား၍ ကျောင်းတံခါးဖွင့်ပေးရန် အလေးအနက် သတိပေးမှသာ ည ၁၁ နာရီတွင် တံခါး ဖွင့်ပေးခဲ့ကြပြီး ဆန္ဒပြပွဲ ပြီးဆုံးသွားသည်။ မန္တလေး တက္ကသိုလ်တွင်လည်း ကျောင်းသား ၁ဝဝဝ ခန့် ဆန္ဒပြ ကြသေးသော်လည်း အရေးအခင်းကြီးတစ်ခု ဖြစ်ပွား လာခြင်းမရှိခဲ့ပေ။
ထိုကျောင်းသားလှုပ်ရှားမှုမှာ ဗမာပြည်ကွန်မြူနစ် ပါတီ မြေပေါ်ကလာပ်စည်းများက တော်လှန်ရေး အစိုးရအား အကျပ်ရိုက်စေရန် ကြိုးကိုင်ဆောင်ရွက်ခဲ့သောလှုပ်ရှားမှုပင်ဖြစ်သည်။ သို့သော် အောင်မြင်မှု မရရှိခဲ့ပေ။ ကွန်မြူနစ်ကျောင်းသားခေါင်းဆောင်များ သည် ယင်းတို့၏လုပ်ရပ်များ ဘူးပေါ်သလိုပေါ်လာ သဖြင့် တောတွင်းသို့ ထွက်ပြေးတိမ်းရှောင်သွားကြ ရခြင်းသာ အဖတ်တင်ခဲ့လေသည်။
ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲအောင်မြင်သော အဖွဲ့အစည်းများ
မုဆိုးကော်ကဆာစောဟန်တာသာမွှေးခေါင်းဆောင်သော ကရင်တော်လှန်ရေးကောင်စီ (ကေအာရ်စီ)သည် မန်းဘဇံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော ကေအင်န်ယူပါတီမှ ခွဲထွက်ခဲ့ကြောင်း တင်ပြပြီးပေပြီ။ တော်လှန်ရေး ကောင်စီက ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းချက်ထုတ်ပြန်သောအခါ ကေအင်န် ယူပါတီသည် မွန်ပြည်သစ်ပါတီနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့်အတူ ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်သော အမျိုးသားဒီမို ကရေစီညီညွတ်ရေးတပ်ပေါင်းစု(မဒညတ)အနေနှင့် ပါဝင်ဆွေးနွေးခဲ့သည်။ မဒညတနှင့် ဆွေးနွေးပွဲပျက်ပြား သောအခါ ကေအင်န်ယူပါတီသည်လည်း တောတွင်း သို့ ပြန်သွားခဲ့ရသည်။
မုဆိုးကော်ကဆာစောဟန်တာသာမွှေး ခေါင်းဆောင်သော (ကေအာရ်စီ)အဖွဲ့သည် ၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာလတွင် တော်လှန်ရေးကောင်စီကိုယ်စား လှယ်များနှင့်  စတင်ဆွေးနွေးကြသည်။  ကရင် သောင်းကျန်းသူတပ်မဟာ(၅)မှ လင်းထင်၊ မိုးဇက်၊ ဖားလူကျော်၊ စောကြီးရွှေနှင့် သာရွှေတို့သည်လည်း ၁၉၆၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်တွင် တွေ့ဆုံဆွေးနွေး ရန် ရန်ကုန်သို့ ရောက်ရှိလာကြသည်။ ထိုအချိန်တွင် မန်းဘဇံ၏ကေအင်န်ယူပါတီသည် လုံမတီး(ကြူဘီ-၆၇၄၈)တွင် အခြေပြုနေပြီး စောဟန်တာသာမွှေး အုပ်စု၏နယ်မြေများကို တိုက်ခိုက်သိမ်းယူရန် ဆွေးနွေး ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် တော်လှန်ရေးအစိုးရနှင့်  ကော်ကဆာအုပ်စု (ကေအာရ်စီ)တို့ ငြိမ်းချမ်းရေး သဘောတူညီချက်မှာ စောဘဦးကြီး၏မူနှင့် ကွဲလွဲ ကြောင်း၊ ကရင်အမျိုးသားများအတွက် အကျိုးမရှိကြောင်း၊ ကရင်ပြည်နယ် သတ်မှတ်ပေးခြင်းမှာလည်း စာချုပ်စာတမ်းဖြင့် ပေးခြင်းမဟုတ်ဘဲ ပါးစပ်ဖြင့် ပေးခြင်းဖြစ်ကြောင်း စသည်ဖြင့် မန်းဘဇံနှင့်ငမြက ကရင်တိုင်းရင်းသားများအတွင်း ဝါဒဖြန့်ဟောပြော စည်းရုံးခဲ့သည်။၁ ယင်းတို့၏လုပ်ရပ်မှာ ကေအာရ်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းကို ပျက်စီးရာပျက်စီးကြောင်း ဆောင်ရွက်ကြခြင်းသာဖြစ်သည်။
၁၉၆၄ ခုနှစ်၊ ဧပြီလအတွင်းတွင် မုဆိုး ကော်ကဆာ စောဟန်တာသာမွှေး ခေါင်းဆောင်သော ကေအာရ်စီ တစ်ဖွဲ့လုံးနှင့် စစ်တောင်းမြစ်နှင့်သံလွင် မြစ်အကြား သထုံခရိုင်ရှိ လင်းထင်ခေါင်းဆောင်သော တပ်မဟာ(၅)တစ်ခုလုံးသည် တော်လှန်ရေးကောင်စီ အစိုးရထံ အလင်းဝင်ရောက်လာကြသည်။ တော်လှန် ရေးအစိုးရသည် အလင်းဝင်လာသူများအား ကောင်းမွန် စွာ ပြုစုစောင့်ရှောက်ထားပြီး ဆေးစစ်ဆေး၍ ဆေး အောင်သူများကို  တပ်မတော်တွင်  အမှုထမ်းရန် လျာထားပေးခဲ့သည်။ ဆေးမအောင်သူများကို မတည် ရင်းနှီးငွေများ ထုတ်ပေးခြင်း၊ အလုပ်အကိုင်စီစဉ်ပေး ခြင်း၊ သွားလိုရာအရပ်သို့ နေထိုင်နိုင်ရန် စီစဉ်ပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့သည်။
မုဆိုးကော်ကဆာ စောဟန်တာသာမွှေးသည် တောင်ငူဇာတိဖြစ်ပြီး တောင်ငူတွင် ခုနစ်တန်းအထိ ကျောင်းနေအောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်တွင် ဘီအေဂုဏ်ထူးတန်းအောင်မြင်သည်အထိ နေခဲ့သည်။ ညောင်လေးပင်မြို့တွင် ပညာအုပ်ဘဝဖြင့် သုံးနှစ် အမှုထမ်းပြီးနောက် မေမြို့ဗိုလ်သင်တန်းကျောင်းကို တက်ရောက်အောင်မြင်သည်။ စစ်မှုထမ်းအဖြစ် ကြာရှည်မနေရခင်  ဂျပန်ဝင်လာသဖြင့်  အင်္ဂလိပ် အရာရှိအချို့နှင့် ဆက်သွယ်၍ ဂျပန်တော်လှန်ရေး လျှို့ဝှက်လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။ ဂျပန်က လိုက်လံဖမ်းဆီးသဖြင့် ဟင်္သာတနယ်တွင် ရှောင်တိမ်း နေခဲ့ရသည်။ ကက်စ်ဘီခေတ်တွင် အင်းစိန်မြို့တွင် ဆက်သွယ်ရေးဌာန၌ အလုပ်ဝင်လုပ်ခဲ့သည်။ လွတ်လပ် ရေးခေတ်တွင် မအူပင်၌ ပညာအုပ်ပြန်လုပ်သည်။ ကေအင်န်ယူအဖွဲ့အစည်းတွင်လည်း ခေါင်းဆောင် အဖြစ် လှုပ်ရှားလာသည်။ မအူပင်ကို ကေအင်န်ဒီအို များတိုက်ခိုက်၍ ငွေတိုက်မှ ငွေ ၃၆ သိန်း ဖောက်ယူရာတွင် ခေါင်းဆောင်ပါဝင်ခဲ့သည်။ (၁။ ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။)
ညောင်တုန်း၊ ပန်းတနော်စသော နယ်များတွင် လှုပ်ရှားပြီး ကေအင်န်ယူကို ခေါင်းဆောင်ခဲ့သည်။ ညောင်တုန်းကို အစိုးရတပ်များက ပြန်သိမ်းသောအခါ တွင် ပန်းတနော်နယ်၊ ထွန်းပရွာသို့ ပြောင်းရွှေ့၍ ဌာန ချုပ်ဖွင့်ခဲ့သည်။ ယင်းမှ ဓနုဖြူနယ်၊ ကျုံကဇင်းရွာသို့ ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် စောဟန်တာသာမွှေး၏ ဇနီးဖြစ်သူနေထိုင်သည့် ရုံးထောင့်ပတ်ထော်ရွာတွင် ဌာနချုပ်အဖြစ် သုံးနှစ်လုံးလုံး ခိုအောင်းလှုပ်ရှားခဲ့ သည်။ ယင်းကာလများတွင် စောဟန်တာသာမွှေးသည် ကေအင်န်ယူအစည်းအရုံးနှင့် ကေအင်န်ဒီအိုများကိုပါ ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ ၁၉၅၂ ခုနှစ်တွင် ရုံးထောင့် ကို တပ်မတော်က သိမ်းပိုက်လိုက်သောအခါ နှစ်နှစ်ခန့် မြစ်ဝကျွန်းပေါ်ဒေသတွင် လှည့်လည်သွားလာပြီး ၁၉၅၄ ခုနှစ်တွင် အရှေ့ကော်သူးလေ(ခေါ်)အရှေ့ရိုးမ တောင်ပေါ်သို့ သားမယားနှင့်တကွ ပြောင်းရွှေ့သွား ခဲ့သည်။
ကော်ကဆာဆိုသည်မှာ ကရင်သမ္မတဟု ဆိုလို ခြင်းဖြစ်သည်။ စောဟန်တာသာမွှေးသည် ကေအင်န်ယူ ပါတီ၏ ကွန်မြူနစ်ဝါဒလှုပ်ရှားမှုကို များစွာရွံမုန်းခဲ့ သည်။  ပြည်တွင်းငြိမ်းချမ်းရေး  ဆွေးနွေးပွဲကာလ အတွင်း စောဟန်တာသာမွှေးက ကေအင်န်ယူပါတီ၏ လက်ဝဲဝါဒနှင့်ပတ်သက်၍ ''လယ်တစ်ဧက ငွေ တစ်ဆယ်လောက်မှမပိုင်တဲ့ ကျွန်တော်တို့ကိုတောင်မှ  ဓနရှင်ပေါက်စဆိုပြီး ခေါင်းဆောင်နေရာမှ ဖယ်ရှား ဖို့လုပ်ကြတယ်''ဟု ပြောဆိုခဲ့သည်။ ကေအာရ်စီသည် ၁၉၆ဝ ပြည့်နှစ်မှစ၍ အရှေ့ကိုလည်းမမျှော်၊ အနောက် ကိုလည်းမယိမ်းဘဲ ကိုယ့်လမ်းကိုသွားရန်ဆုံးဖြတ်ရာမှ ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီနှင့် တွေ့ဆုံဆွေးနွေးရာမှ သင့်မြတ်ခဲ့ရကြောင်း စောဟန် တာသာမွှေးက ၁၉၆၄ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် ပြည်သူသို့ နှုတ်ခွန်းဆက်အသံလွှင့်ရာ၌ ပြောကြား ခဲ့သည်။ (၂။ ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စာမျက်နှာ ၃၃၃။)
တော်လှန်ရေးကောင်စီအစိုးရနှင့် ကရင်တော်လှန် ရေးကောင်စီတို့သည် ၁၉၆၄ ခုနှစ်၊ မတ်လ ၁၂ ရက် တွင် သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ ကြသည်။ စောဟန်တာသာမွှေးနှင့်အတူ စောအုံးဖေ နှင့် စောအောင်စိန်စသည့်အစဉ်အလာရှိသော ကရင် ခေါင်းဆောင်များ ပါဝင်လာခဲ့ကြသည်။ ၁၉၄၉ ခုနှစ်၊ ဧပြီလတွင် အင်းစိန်မြို့၌တပ်စွဲထားသော ကေအင်န် ဒီအိုခေါင်းဆောင်စောဘဦးကြီးနှင့် ပြည်ထောင်စု အစိုးရတို့စစ်ပြေငြိမ်းရန် သဘောတူခဲ့ခြင်းကို စောဟန်တာသာမွှေးနှင့်စောအောင်စိန်တို့က ပယ်ဖျက် ခဲ့ကြခြင်းဖြစ်သည်။  သို့သော် စောဟန်တာသာမွှေးတို့ လူစုသည်အမြင်မှန်ရပြီး တော်လှန်ရေးကောင်စီနှင့် လက်တွဲပူးပေါင်းခဲ့သဖြင့် ဒေသ အတော်များများတွင် ငြိမ်းချမ်းသွားလေရာ ပြည်သူများကယင်းတို့၏ လုပ်ရပ်အားဝမ်းပန်း တသာ ကြိုဆို ကြလေသည်။
ကရင်တပ်မဟာ (၅)၏ တပ်မင်းကြီးအဖြစ် ဆောင်ရွက်သူလင်းထင်(ခေါ်)ငန်းနက်သည် ဦးမောင်ပို (ခေါ်)ဦးမောင်ဖိုး၏သားဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၂၈၇ ခုနှစ်တွင် မွေးဖွားခဲ့သည်။ စကောကရင်လူမျိုး ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ပြီး အင်းစိန် ခဝဲခြံ ဇာတိဖြစ်သည်။ အင်္ဂလိပ်-မြန်မာ ၁ဝတန်းအောင်မြင် ခဲ့သည်။ အင်းစိန်မြို့ကြေးနန်းဌာနနှင့် ကော့ကရိတ်မြို့ ထောက်ပံ့ရေးဌာနတွင် စာရေးလုပ်ခဲ့ဖူးသည်။ စကား ပြောမာပြီး စိတ်ဆတ်သည်။ ဒေါသကြီးသည်။ ထင်ပေါ်ကျော်ကြားလိုစိတ်ရှိသူလည်းဖြစ်သည်။ ၁၉၄၈ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်မှစ၍ သထုံနှင့်စစ်တောင်းအကြား ရှိ ကေအင်န်ဒီအိုများကို အုပ်ချုပ်ရသည်။ ၁၉၄၉ ခုနှစ်၊ အင်းစိန်တိုက်ပွဲတွင်  စောဘဦးကြီးနှင့်  ပူးပေါင်း ပါဝင်ခဲ့သည်။ (၁။    ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။)
လင်းထင်သည် မိန်းမကိစ္စတွင် နာမည်ကြီးပြီး တိုက်ခိုက်ရေးတွင်လည်းဝါသနာပါသည်။ အစိုးရက လင်းထင်အား ရန်ကုန်မြို့ ကုန်းမြင့်သာယာတွင် နေရာချပေးပြီး လစဉ် ကျပ် ၅ဝဝ ထောက်ပံ့ပေးခဲ့သည်။ သထုံတွင်လည်း လင်းထင်၏နေအိမ်ရှိသည်။    လင်းထင်က မယ်ဗမာဟောင်းနော်လီဇာဘင်ဆင်အားလူသိရှင်ကြား လက်ထပ် ယူရာ သတင်းစာများက ရုပ်ပြောင်များဖြင့် သရော်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ  စောဟန်တာသာမွှေး နှင့်လင်းထင်တို့ အလင်းဝင်လာသဖြင့် ငြိမ်းချမ်းရေးရရှိရာနယ်မြေ များတွင်ပြည်သူများသည် ဝမ်းမြောက်ဝမ်းသာ ခံစား ခဲ့ကြရလေသည်။
Share this article :

1 comments:

Berthold Hanisch said...

Terrific work! This is the type of info that should be shared around the net. Shame on the search engines for no longer positioning this submit higher! Come on over and visit my site . Thank you =) facebook log in

Post a Comment

 
ဆက်သွယ်ရန် mmpolitical2013@gmail.com :
Template Modify by Creating Website Myanmar Political Research Organization