Home » » အခန်း(၄) ဗမာပြည်ကွန်မြူနစ်ပါတီ၏ ၆၄ လမ်းစဉ်

အခန်း(၄) ဗမာပြည်ကွန်မြူနစ်ပါတီ၏ ၆၄ လမ်းစဉ်


အခန်း(၄)
ဗမာပြည်ကွန်မြူနစ်ပါတီ၏ ၆၄ လမ်းစဉ်
စေ့စပ်ဆွေးနွေးရေးနှင့်ပတ်သက်သောမိမိတို့၏ တင်ပြချက်
ဗမာပြည်ကွန်မြူနစ်ပါတီသည် ပြည်တွင်းငြိမ်းချမ်း ရေးဆွေးနွေးပွဲ ပျက်ပြားသွားပြီးနောက် ၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်မှစ၍ ပေါ်လစ်ဗျူရိုအစည်းအဝေး ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြားရခြင်းသည် ပါတီတွင် တာဝန်ရှိသည်ဟု ဂိုရှယ်က သုံးသပ်ခဲ့ကြောင်း၊ သခင် သန်းထွန်းကမူ အမြတ်ထွက်သည်ဟု သုံးသပ်ကြောင်း အခန်း(၂)တွင် တင်ပြခဲ့ပြီးပေပြီ။ ဗမာပြည်ကွန်မြူနစ် ပါတီသည် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြား ပြီးနောက် လမ်းစဉ်တစ်စုံတစ်ရာ ချမှတ်နိုင်ခြင်းမရှိ ခဲ့ပေ။ ထို့ကြောင့် သုံးသပ်ချက်များကို ပြည်ပသို့ ပေးပို့ ပြီး အဆုံးအဖြတ်ခံယူရန် စောင့်ဆိုင်းနေကြရလေသည်။(၁။သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ) စာမျက်နှာ ၅၄၊ ၅၅။)







၁၉၆၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြည်ပ ကွန်မြူနစ်ပါတီသည် ဗမာပြည်ကွန်မြူနစ်ပါတီသို့ 'စေ့စပ်ဆွေးနွေးရေးနှင့်ပတ်သက်သော မိမိတို့၏တင်ပြ ချက်' အမည်ရှိစာတမ်းတစ်စောင်ကို ပေးပို့လိုက်သည်။ ယင်းစာတမ်း၏လုံခြုံမှုအဆင့်အတန်းကို ထိပ်တန်း လျှို့ဝှက်အဖြစ်သတ်မှတ်ပြီး ဗဟိုကော်မတီများအတွက် သာ အသိပေးခဲ့သည်။ ကျန်ပါတီဝင်များကို အသိမပေး ခဲ့ပေ။ ဗဟိုကော်မတီများအတွင်းဖြန့်ဝေရာတွင်ပင် လျှို့ဝှက်မူကိုကျင့်သုံးသည့်အနေနှင့် စာတမ်း၏အမည် ကို စေ့စပ်ဆွေးနွေးရေးနှင့်ပတ်သက်သော ဥက္ကဋ္ဌ၏ မူလတင်ပြချက်ဟု အမည်ပြောင်းလဲခဲ့သည်။ (၂။   သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ) စာမျက်နှာ ၅၆။)
ပြည်ပမှပေးပို့သော 'စေ့စပ်ဆွေးနွေးရေးနှင့် ပတ်သက်သော မိမိတို့၏ တင်ပြချက်' မူရင်းစာတမ်းမှာ အောက်ပါအတိုင်းဖြစ်သည်။(၃။ သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ) စာမျက်နှာ ၅၆ မှ ၆ဝ ထိ။)
xxx
စေ့စပ်ဆွေးနွေးရေးနှင့်ပတ်သက်သော ဥက္ကဋ္ဌ၏ မူလတင်ပြချက်-
၁။       ကျွန်ုပ်တို့သည် အတိတ်နှင့်ပတ်သက်၍ မှန်ကန်သော ကောက်ချက်များချနိုင်ရန် လိုပေသည်။ သို့ရာတွင် အတိတ်အပေါ် အာရုံစိုက်လွန်းခြင်းထက်  အနာဂတ် အလားအလာနှင့် တာဝန်များကို အလေး ထားခြင်းက ပိုပြီး ကောင်းမွန်ပေသည်။
ဥပမာအားဖြင့် နိုဝင်ဘာလ ၁ဝ ရက် လူထုအစည်းအဝေးလုပ်ခြင်းသည် မှန် မမှန်၊ မဒညတအနေနှင့် စေ့စပ်ဆွေးနွေး ခြင်းသည် မှန်မမှန်ဆိုသောကိစ္စများ အပေါ် အချိန်များစွာဖြုန်းနေခြင်းဖြင့် ပါတီညီညွတ်ရေးအတွက် အကျိုးမရှိပေ။
ယခုအားလုံး သဘောတူညီချက်မရ သေးလျှင် ရွှေ့ဆိုင်းထားပြီး နောက်မှပင်  ဆွေးနွေးသင့်ပေသည်။ အချိန်နှင့်ဘဝ ဖြစ်ရပ်များက ဤပြဿနာကို အဖြေပေး သွားပေလိမ့်မည်။
၂။       စေ့စပ်ရေးအတွင်းပါတီ၏ ရပ်တည်မှုနည်း ပရိယာယ်နှင့်လုပ်ရပ်များကို ယေဘုယျ အားဖြင့် ကျွန်ုပ်တို့အတည်ပြုပေသည်။ စေ့စပ်ဆွေးနွေးပွဲပျက်ပြားရခြင်းအတွက် အုပ်စိုးသော လူတန်းစားအပေါ်၌သာ တာဝန်လုံးလုံးကျရောက်ပေသည်။
စေ့စပ်ဆွေးနွေးပွဲအတွင်း ပါတီသည် ရန်သူအပေါ် ကြီးမားသောအောင်မြင်မှု များရလိုက်သည်။ စေ့စပ်ဆွေးနွေးပွဲရလဒ် များကိုခြုံကြည့်လျှင် ကျွန်ုပ်တို့အမြတ်သည် ကျွန်ုပ်တို့ဆုံးရှုံးမှုထက် များစွာပင်အလေး သာပေသည်။
စေ့စပ်ဆွေးနွေးပွဲပျက်ပြားရခြင်း အတွက် အဓိကအကြောင်းရပ်မှာ-
(၁)     အုပ်စိုးသောလူတန်းစား အတွင်း ငြိမ်းချမ်းရေးဆန့်ကျင်သောအင်အား စုများက ယာယီအပေါ်စီးရလာခြင်း နှင့်
(၂)     အုပ်စိုးသော လူတန်းစားက လူထု အား ကြောက်လန့်ခြင်းတို့ဖြစ်သည်။
ပါတီခေါင်းဆောင်မှုနှင့် ပါတီတစ်ရပ် လုံးသည်  စစ်တစ်ခုလုံးကို  မည်ကဲ့သို့ ခေါင်းဆောင်ရမည်ဟူသော အချက်နှင့် ချေမှုန်းရေးတိုက်ပွဲများ မည်ကဲ့သို့ဆင်နွှဲ ရမည်ဟူသော အချက်များကို လေ့လာရန် လိုပေသည်။      
၃။       စေ့စပ်ဆွေးနွေးပွဲမတိုင်မီဆွေးနွေးနေစဉ် အတွင်းနှင့်ဆွေးနွေးပွဲအပြီးတွင်ကျွန်ုပ်တို့ ပါတီ၌ချွတ်ယွင်း ချက်အချို့ရှိချင်ရှိပေမည်။ သို့ရာတွင် တစ်ခုလုံးခြုံကြည့်လျှင် ပါတီ၏ ရပ်တည်မှုနည်း ပရိယာယ်နှင့် လုပ်ဆောင် ချက်များသည် အခြေခံအားဖြင့် မှန်ကန် ပေသည်။
စေ့စပ်ဆွေးနွေးပွဲပျက်ရခြင်း အတွက်   အထက်တွင်ဖော်ပြခဲ့သော ပြည်တွင်းအကြောင်းနှစ်ရပ်အပြင် ပြည်ပ အကြောင်းရင်းအနေဖြင့်နိုင်ငံတကာ ပြန်ပြင်ရေးများပါဝင်သည့် အခန်းကိုလည်း ထည့်တွက် ရမည်ဖြစ်သည်။
အတိုချုပ်အားဖြင့်ဆိုပါမူ နယ်ချဲ့ သမားများ ပြည်တွင်းဖောက်ပြန်ရေးသမား များနှင့် ပြန်ပြင်ရေးသမားများ၏ ပူးပေါင်း ကြံစည်မှုဖြင့် ရန်သူသည် စေ့စပ်ဆွေးနွေး ပွဲကို တမင်ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်။
ကျွန်ုပ်တို့သည် ရန်သူက စေ့စပ်ဆွေးနွေးပွဲ ဖျက်ပစ်ခြင်းကို မူများမစွန့်လွှတ်ရဘဲ တားဆီးနိုင်ရန် အစွမ်းကုန်ကြိုးပမ်းခဲ့ကြပေသည်။
၎။       အောက်ပါတို့ကား ကျွန်ုပ်တို့၏ အောင်မြင် ချက်တချို့နှင့် ကောက်ချက်အချို့ပင်တည်း။
(၁)     ကျွန်ုပ်တို့တွင် ဆုံးရှုံးမှုအချို့ပင်ရှိ လင့်ကစား တစ်ခုလုံးခြုံပါက အလွန် ကြီးမားသော အောင်မြင်ချက်ပင် ဖြစ်ပေသည်။
(၂)     ကျွန်ုပ်တို့၏အဝေးရောက်တပ်အား အချို့ကို ပြန်ခေါ်နိုင်ခဲ့ပေသည်။
(၃)     ကျွန်ုပ်တို့သည် အကောင်းဘက်၊ အဆိုးဘက် အတွေ့အကြုံများပါရရှိ ခဲ့သည်။
(၄)     နေဝင်း၏ အတုအယောင်ငြိမ်းချမ်း ရေးကို ဖွင့်ချနိုင်ခဲ့သည်။
(၅)     နေဝင်း၏ အတုအယောင်ဆိုရှယ် လစ်စနစ်ကို ဖွင့်ချနိုင်ခဲ့သည်။
(၆)     ကျွန်ုပ်တို့သည်  ပြည်တွင်းပြည်ပ ပြန်ပြင်ရေးဝါဒကို  ပြန်လည် တိုက်ခိုက်ပြီး ကျော်လွန်နိုင်ခဲ့သည်။
(၇)     ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေးတကယ် လိုလားပြီး ငြိမ်းချမ်းရေးအတွက် ရိုးရိုးသားသားဆောင်ရွက်ခဲ့ကြောင်း ပြည်သူများအား ပြသနိုင်ခဲ့သည်။
(၈)     ကျွန်ုပ်တို့သည် ပါတီ၏ငြိမ်းချမ်းရေးြေ<ွကးကြော်သံအောက်တွင် ရန်သူ့ နယ်မြေရှိ လက်ဝဲအင်အားစုများကို စုစည်းနိုင်ခဲ့သည်။
(၉)     ကျွန်ုပ်တို့သည် ရန်သူနှင့် ဆက်ဆံရာ တွင် ရဲတင်းရန်လိုအပ်သည်။ အရေး အကြီးဆုံးမှာ အခွင့်ကောင်းများကို ရယူရန်နှင့် ရန်သူ၏အားနည်းချက် များကိုအသုံးချရန် လုံလောက်သော ရဲရင့်ပြတ်သားမှုရှိရမည်။
(၁ဝ)    ကျွန်ုပ်တို့သည် ဗြောင်လုပ်ငန်းနှင့် မြေအောက်လုပ်ငန်းကို ကျွမ်းကျင်စွာ ပေါင်းစပ်တတ်ရန် လေ့ကျင့်ရမည်။
(၁၁)    ရန်သူနှင့်ဆက်ဆံမှုတွင်  လိမ္မာ ကျွမ်းကျင်ရမည်။ တစ်ခါတစ်ရံတွင် လူထုလှုပ်ရှားမှုကို အသုံးပြုရန်နှင့် ကြိုးကိုင်ရန်လိုအပ်သည်။
(၁၂)    တစ်ခါတစ်ရံတွင်မူ လူထုလှုပ်ရှားမှု ကို ဗြောင်လုပ်ဆောင်ရန်မလိုအပ်ဘဲ လူထုများကို လျှို့ဝှက်စည်းရုံးရန်သာ လိုအပ်သည်။
(၁၃)    ကျွန်ုပ်တို့သည် ရန်သူက မဒညတကို ဖြိုခွဲပစ်ရန်ကြိုးပမ်းချက်ကို တားဆီး နိုင်ခဲ့သည်။ မဒညတ ပါတီနှင့်အတူ ရပ်တည်ခြင်းသည် ပါတီအတွက် သော်လည်းကောင်း၊ လူမျိုးစုအတွက် သော်လည်းကောင်း ကြီးမားသော အောင်မြင်ချက်ကြီးဖြစ်ပေသည်။
(၁၄)    တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့အနေနှင့် ပထမစေ့စပ်ဆွေးနွေးပြီးနောက်မှ ပင် မဒညတသို့ တိုးချဲ့ယူသင့်သည်။ တစ်ခါတစ်ရံ ပြောင်းပြန်လုပ်သင့် သည်။
ကျွန်ုပ်တို့၏ရည်မှန်းချက် သည် စေ့စပ်ဆွေးနွေးရေးအောင်မြင် ရန်အတွက် ကောင်းမွန်သော အခြေ အနေကို ဖန်တီးပေးရန်ဖြစ်ပြီး ဤ ရည်မှန်းချက်ရောက်ရန်အတွက် တိကျသော သီးခြားအခြေအနေ  များနှင့် ဘယ်ပုံသဏ္ဌာန်များသည် အဆီလျော်ဆုံးဖြစ်သည်ကိုသိရမည်။
(၁၅)    ရန်သူသည် ကျွန်ုပ်တို့ထံမှ ငြိမ်းချမ်း ရေးအလံတော်ကို လုမယူနိုင်ခဲ့ပေ။ ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေးအလံ တော်ကို မြင့်မားစွာ လွှင့်ထူနိုင်ခဲ့ သည်။
(၁၆)    စေ့စပ်ဆွေးနွေးရေးကာလ ငါးလကို   အသုံးပြုပြီး ကျွန်ုပ်တို့သည် လူထုကို လည်းကောင်း၊ ပါတီလက်နက်ကိုင် အင်အားစုများ၊ လူထုအဖွဲ့အစည်း များကိုလည်းကောင်း စုစည်းနိုင်ခဲ့ပြီး ပါတီညီညွတ်ရေးကိုလည်း တစ်စုံ တစ်ရာအထိ တည်ဆောက်နိုင်ခဲ့ သည်။
(၁၇)    ယနေ့လက်ငင်းအခြေအနေများအရ ဗမာပြည်တွင် ဆိုရှယ်လစ်စနစ်သို့ ငြိမ်းချမ်းစွာ ကူးပြောင်းရန် မဖြစ် နိုင်ပေ။
(၁၈)    ရန်သူအပေါ် အောင်ပွဲခံနိုင်ရန်အတွက် ကျွန်ုပ်တို့၏လက်နက်ကိုင် အင်အားစုများကို တိုးချဲ့ရန် အကြွင်း မဲ့ လိုအပ်သည်။
(၁၉)    ပစ္စုပ္ပန်အတွက်ရော အနာဂတ် အတွက်ပါ ကျွန်ုပ်တို့တွင် အခက်အခဲ များ ရှိနိုင်ပေသည်။ သို့ရာတွင် ဗမာ ပြည်တွင် ဧကန်မုချ တော်လှန်ရေး အောင်ပွဲခံရမည်။
ဤတစ်ကြိမ်ရန်သူက စေ့စပ်ရေးကို ဖျက်လိုက်သဖြင့် အနာဂတ်တွင် ငြိမ်းချမ်းရေးအလား အလာမရှိတော့ဟု ကောက်နုတ်ချက် ချပါက မှားယွင်းလိမ့်မည်။
          တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေး စိတ်ကူး ယဉ်မှု မရှိသင့်ပေ။
အနာဂတ်စေ့စပ်ဆွေးနွေး ပွဲများ အောင်မြင်ဖို့ အာမခံချက်ရှိ စေရန် ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေး အလံကို မြင့်မားစွာလွှင့်ထူခြင်း    နှင့် တစ်ပြိုင်တည်း နိုင်ငံရေးရော စစ်ရေးရော ထိုးစစ်ဆင်ရမည်။
          ပါတီသည် အခွင့်ကြုံတိုင်း အကြိမ်ကြိမ်ငြိမ်းချမ်းရေးခေါ်သင့် ပေသည်။
xxx
ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြားရခြင်းနှင့် ပတ်သက်၍ ပြည်ပမှပို့ပေးသော 'စေ့စပ်ဆွေးနွေး ရေးနှင့်ပတ်သက်သော မိမိတို့၏တင်ပြချက်'စာတမ်း သည် ဂိုရှယ်၏သုံးသပ်ချက်အား လုံးဝမထောက်ခံရုံ သာမက ပယ်ဖျက်၍ပင်ထားသည်ကို တွေ့ရနိုင်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုကော်မတီသည် ငြိမ်းချမ်း ရေး ဆွေးနွေးပွဲပျက်ပြားပြီးနောက် တစ်စုံတစ်ရာ လမ်းစဉ်မရှိဘဲ ငြင်းခုံနေကြစဉ် ပြည်ပမှ ပို့ပေးလိုက် သော စာတမ်းကြောင့် အသက်ရှူပေါက်ရသွားသည်။ ပေါ်လစ်ဗျူရို(ခေါ်)နိုင်ငံရေးဦးဆောင်အဖွဲ့သည် နိုင်ငံရေး၊ စည်းရုံးရေး၊ စစ်ရေး စသည်တို့တွင် မည်သည့်လမ်းစဉ်မျှ ချမှတ်နိုင်ခြင်းမရှိဘဲ ချွတ်ခြုံကျ နေလေရာ ပြည်ပမှသုံးသပ်ချက်များ၊ စာတမ်းများ၊ လမ်းညွှန်ချက်များကိုသာ မျှော်လင့်စောင့်ဆိုင်းနေရ သည်။
ဗမာပြည်ကွန်မြူနစ်ပါတီသည် ပြည်တွင်းငြိမ်းချမ်း၏ရေး ဆွေးနွေးပွဲပျက်ပြားရခြင်းတွင် မိမိတို့၏မရိုးသား သောအပြုအမူများကို တရားသယောင်ယောင်သုံးသပ်ပြီး ပြည်ပ၏အလိုဆန္ဒအတိုင်း တော်လှန်ရေး ကောင်စီအပေါ် သို့သာ အပြစ်ပုံချလိုက်ခြင်းပင်တည်း။


၁၉၆၄ ခုနှစ်၊ ဗဟိုကော်မတီအစည်းအဝေး
ဗမာပြည်ကွန်မြူနစ်ပါတီအတွက် နိုင်ငံရေး၊ စည်းရုံးရေး၊ စစ်ရေးလမ်းစဉ်များကို ရေးဆွဲပေးပို့မည် ဖြစ်ကြောင်း ပြည်ပမှအကြောင်းကြားခဲ့သည်။ ထို့နောက် ၁၉၆၄ ခုနှစ်၊ ဧပြီလ စတုတ္ထပတ်မှစ၍ ပြည်ပမှလမ်းစဉ်များ ဗမာပြည်ကွန်မြူနစ်ပါတီသို့ ပေးပို့ တော့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် ပြည်ပမှ နိုင်ငံရေး၊ စည်းရုံးရေး၊ စစ်ရေးလမ်းစဉ်များရရှိသည်နှင့် တစ်ပြိုင်နက် ဗမာပြည်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို အဖွဲ့(နိုင်ငံရေးဦးဆောင်အဖွဲ့) သည် ဗဟိုကော်မတီ အစည်းအဝေးကျင်းပရန် စီစဉ်တော့၏။
၁၉၆၄ ခုနှစ်၊ ဇွန်လအတွင်းတွင် ဗဟိုကော်မတီ အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်သည့် နိုင်ငံရေး ဦးဆောင်အဖွဲ့၏ အစည်းအဝေးကို ကျင်းပသည်။ ယင်း အစည်းအဝေးတွင် ပြည်ပပြန် ဗဟိုကော်မတီအဖွဲ့ဝင် များပါ တက်ရောက်ရခြင်းဖြစ်သည်။ ထိုအစည်းအဝေး သို့ ဒေသအသီးသီးမှ ဗဟိုကော်မတီများ တက်ရောက် ခွင့် မရခဲ့ချေ။ အမှန်စင်စစ် နိုင်ငံရေးဦးဆောင်အဖွဲ့ အစည်းအဝေးတွင် ပြည်ပမှပေးပို့သော လမ်းစဉ် ပေါ်လစီဆိုင်ရာ ပြဿနာများကို ကြိုတင်ညှိနှိုင်းရခြင်း ဖြစ်သည်။ မကြာမီ ကျင်းပမည့်ဗဟိုကော်မတီအစည်း အဝေးတွင် သခင်သန်းထွန်း တင်သွင်းမည့် နိုင်ငံရေး အစီရင်ခံစာကိုလည်း ဝိုင်းဝန်းဆွေးနွေး၍ ပြင်ဆင်ပေး ကြရသည်။
သခင်သန်းထွန်းက ပြည်ပမှပေးပို့သည့် လမ်းစဉ် များကို ဥက္ကဋ္ဌ၏ မူလတင်ပြချက်ဟူသော အမည်ဖြင့် ဗဟိုကော်မတီအစည်းအဝေးသို့ အစီရင်ခံရန် ဆုံးဖြတ် လိုက်သည်။ ဥက္ကဋ္ဌ၏မူလတင်ပြချက်ကို ထိပ်တန်း လျှို့ဝှက်အဆင့်သတ်မှတ်ပြီး ဗဟိုကော်မတီများသာ လျှို့ဝှက်လေ့လာရန်လည်း ဆုံးဖြတ်ထားသည်။ ဥက္ကဋ္ဌ ၏မူလတင်ပြချက်တွင် အောက်ပါအတိုင်း သုံးမျိုး ပါဝင်သည်။(၁။ သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ) စာမျက်နှာ ၆၁၊ ၆၂၊ ၆၃။)
(၁)     ဥက္ကဋ္ဌ၏  နိုင်ငံရေးလမ်းစဉ်မူလ တင်ပြချက်
(၂)     ဥက္ကဋ္ဌ၏စည်းရုံးရေးလမ်းစဉ် မူလ တင်ပြချက်
(၃)     ဥက္ကဋ္ဌ၏စစ်ရေးလမ်းစဉ် မူလ     တင်ပြချက်
ဥက္ကဋ္ဌ၏မူလတင်ပြချက်များကို သခင်သန်းထွန်းက ဗဟိုကော်မတီအစည်းအဝေးတွင် နိုင်ငံရေးအစီရင် ခံစာအဖြစ် တင်သွင်းရန်ဆုံးဖြတ်ခဲ့သည်။ နိုင်ငံရေး လမ်းစဉ်အရ တော်လှန်ရေးကောင်စီကို ပြည်တွင်း ငြိမ်းချမ်းရေးကာလအတွင်း ဓနရှင်အာဏာရှင် စစ်အစိုးရအဖြစ် သတ်မှတ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားပြီးနောက်တွင် အမျိုးသားဓနရှင်ကို ကိုယ်စား မပြုတော့ဟုဆိုသည်။ လက်နက်ကိုင်တိုက်ပွဲသည် အဓိကတိုက်ပွဲသဏ္ဌာန်ဟုလည်းဆိုသည်။ စင်စစ်ပြည်ပ ၏ လမ်းညွှန်ချက်များပင်ဖြစ်သည်။
ဥက္ကဋ္ဌ၏စည်းရုံးရေးမူလတင်ပြချက်တွင် အပိုင်း (၁) စည်းရုံးရေးနှင့် အပိုင်း(၂) ညီညွတ်ရေး ဟူ၍ နှစ်ပိုင်းခွဲခြားထားသည်။ အပိုင်း(၁)တွင် ဒီမိုကရေစီ ဗဟိုချုပ်ကိုင်မှုစနစ်သည် အမြင့်ဆုံးပါတီ စည်းရုံးရေး မူဖြစ်ပြီး ပါတီတွင် ကျေညက်အောင် ပညာပေးရန် တင်းကျပ်စွာလိုက်နာရမည်ဟုဆိုသည်။ လက်အောက် အဖွဲ့အစည်း၊ သို့မဟုတ် လူပုဂ္ဂိုလ်သည် အထက်အဖွဲ့ အစည်း၏ဆုံးဖြတ်ချက်ကို အကြွင်းမဲ့နာခံရမည်ဟု လည်း ဆိုသည်။ ၁၉၆၂ခုနှစ်၊ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်သည် ပေါ်လစ်ဗျူရိုကိုခြေလက်တုပ်နှောင်ထား သကဲ့သို့ ဖြစ်သဖြင့် ပြင်ပစ်ရမည်ဟု ဆိုသည်။ ဗမာပြည်ကွန်မြူနစ်ပါတီဟူသော အမည်ဖြင့် ပါတီ၏ ပထမခေါင်းဆောင်ကို ပါတီဥက္ကဋ္ဌအဖြစ်ထား ခြင်းမှာ ပြည်တွင်းပြည်ပတွင် အခိုင်အမာအသိအမှတ် ပြုထားသဖြင့် မပြောင်းလဲ သင့်တော့ဟုလည်း ဖော်ပြသည်။ဤကားသခင်သန်းထွန်း၏အာဏာတည်မြဲရေးကို အခိုင်အမာ ကာကွယ်လိုက် ခြင်းပင်ဖြစ်သည်။ ဗိုလ်ဇေယျကို ဗဟိုကော်မတီအပြည့်အဖြစ် တိုးမြှင့်ပြီး ဗိုလ်သန်းရွှေနှင့် ရဲဘော်သက်တင်တို့ကို အရန်ဗဟို ကော်မတီအဖြစ်တိုးမြှင့်ရန်လည်း အကြံပြုထားသည်။
အပိုင်း(၂)တွင် ဗဟိုကော်မတီနှင့် ပေါ်လစ်ဗျူရိုအတွင်း ညီညွတ်ရေးမကောင်းဟု သုံးသပ်ထားသည်။ သခင်သန်းထွန်းနှင့်ဂိုရှယ်တို့အနေနှင့် ညီညွတ်ရေးကို ထိန်းသိမ်းရန် အထူးတာဝန်ရှိသည်ဟုလည်း သတိပေး၏ထားသည်။ ပါတီတွင်းညီညွတ်ရေးကို ထိန်းသိမ်းရန် ဗဟိုကော်မတီအားလုံးကို တိုက်တွန်း ထားသည်။
ဥက္ကဋ္ဌ၏မူလစစ်ရေးတင်ပြချက်မှာလည်း ပြည်ပမှ ပေးပို့သော် စစ်ရေးလမ်းညွှန်ချက်ပင်ဖြစ်သည်။ ၁၉၅၅ ခုနှစ်တွင် ကျင့်သုံးသော စစ်ရေးလမ်းစဉ်သည် အခြေခံ အားဖြင့် မှန်ကန်သောကြောင့် ဆက်လက်အကောင် အထည်ဖော်နိုင်ရန်ကြိုးစားကြရမည်ဟု အကြံပေးထား သည်။ စစ်ရေးလမ်းစဉ်အရ မိမိကိုယ်ကို ထိန်းသိမ်းရေး (ခံစစ်)ထက် ချေမှုန်းရေး(တိုက်စစ်)ကို ပိုမိုကျင့်သုံးရန်။ တိမ်းရှောင်ခြင်းထက်တိုက်ခိုက်ခြင်းကို ပိုမိုပြုလုပ်ရန်။ ဖြန့်ခွဲခြင်းထက် စုစည်းခြင်းကို လုပ်ရန်၊ ချွေးစစ်က အရန်ဖြစ်ပြီး ချေမှုန်းရေးသာ အဓိကဖြစ်ကြောင်း ကိုင်စွဲ ထားရန် စသဖြင့် တိုက်တွန်းထားသည်။ အချိန်တိုတို နှင့် လျင်မြန်သောတိုက်ပွဲများ ဆင်နွှဲရန်လည်း လမ်းညွှန် ထားသည်။ အသေးစိတ်အချက်အလက်များတွင် ၅၅ လမ်းစဉ်ကိုသာ ရည်ညွှန်းခဲ့သည်။
ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်း အဝေးကို ၁၉၆၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် ၉ နာရီအချိန်တွင် သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဒေသ၊ ကြပ်သိုရွာ၏အရှေ့ဘက်နှစ်မိုင်ကွာ ဗဟိုဌာနချုပ်စခန်း၌ စတင်ကျင်းပသည်။ သခင် သန်းထွန်းနှင့် သခင်ချစ်တို့က အစည်းအဝေးဖွင့်ချိန် နှင့်ပတ်သက်၍'တို့ရဲ့ ၆၄ လမ်းစဉ်ဟာ ၉ လ၊ ၉ ရက်၊ ၉ နာရီမှာ စတင်ကျင်းပပြီး ချမှတ်တဲ့လမ်းစဉ်ဖြစ်တယ်၊ ဒါကြောင့် တိုက်တိုင်းအောင်တဲ့ ကိုးနဝင်းကြေလမ်းစဉ် ဖြစ်တယ်' ဟု ပြောကြားခဲ့သည်။
၁၉၆၄ ခုနှစ်၊ ဗဟိုကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့သော ဗဟိုကော်မတီဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်-(၁။        သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ) စာမျက်နှာ ၇၁။)
(၁)     သခင်သန်းထွန်း                    ဗဟိုဌာနချုပ်
(၂)     သခင်ချစ်                           ဗဟိုဌာနချုပ်
(၃)     ရဲဘော်ဘတင်(ဂိုရှယ်)             ဗဟိုဌာနချုပ်
(၄)     ရဲဘော်ဌေး                          ဗဟိုဌာနချုပ်
(၅)     သခင်ဇင်                            မဒညတ-ဗဟို
(၆)     သခင်တင်ထွန်း                     မဒညတ-ဗဟို
(၇)     ရဲဘော်အောင်ကြီး                  ပြည်ပပြန်
(၈)     သခင်ပု                              ပြည်ပပြန်
(၉)     ဗိုလ်ဇေယျ                          ပြည်ပပြန်
(၁ဝ)    ရဲဘော်မြ                            ပဲခူးရိုးမတိုင်း
(၁၁)    ရဲဘော်စိုးသန်း                      မြစ်ဝကျွန်းပေါ်တိုင်း
၁၉၆၄ ခုနှစ်၊ ဗဟိုကော်မတီအစည်းအဝေးသို့ တက်ရောက်ခြင်းမပြုနိုင်ခဲ့ကြသည့်  ဗဟိုကော်မတီဝင် များမှာ အောက်ပါအတိုင်းဖြစ်သည်-
(၁)     သခင်ဗသိန်းတင်                   ပြည်ပ
(၂)     သခင်သန်းမြိုင်                     ပြည်ပ
(၃)     သခင်ဖေတင့်                       အလယ်ပိုင်းဗမာပြည်
(၄)     ရဲဘော်ထွန်းမောင်(ခ)              အနောက်
          ဒေါက်တာနတ်                     မြောက်တိုင်း
(၅)     ဗိုလ်မျိုးမြင့်                          မြစ်ဖျားဒေသတိုင်း
(၆)     ရဲဘော်တုတ်                        မြစ်ဖျားဒေသတိုင်း
(၇)     ရဲဘော်ကျော်မြ                     ရခိုင်တိုင်း
(၈)     ရဲဘော်ထွန်းစိန်                     တနင်္သာရီတိုင်း
(၉)     ဗိုလ်ရန်အောင်                      ဗဟိုဌာနချုပ်
ဗဟိုကော်မတီအစည်းအဝေးသို့ ပြည်တွင်းရှိ တိုင်း အသီးသီးမှ ဗဟိုကော်မတီဝင်နှစ်ဦးသာ တက်ရောက် ခွင့်ရခဲ့ပြီး ကျန်တိုင်းများမှ ဗဟိုကော်မတီဝင်များ တက်ရောက်ခွင့်မရခဲ့ပေ။ တိုင်းများမှ တက်ရောက်ရ သူနှစ်ဦးမှာ ပဲခူးရိုးမတိုင်းကော်မတီဥက္ကဋ္ဌ ရဲဘော်မြ နှင့် မြစ်ဝကျွန်းပေါ်တိုင်းကော်မတီဥက္ကဋ္ဌ ရဲဘော် စိုးသန်း တို့ဖြစ်သည်။ တိုင်းတာဝန်ခံဗဟိုကော်မတီဝင် အားလုံး တက်ရောက်ခြင်းမပြုနိုင်ရန် သခင်သန်းထွန်း နှင့်ရဲဘော်အောင်ကြီးတို့က အထူးအစီအစဉ်ဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဗဟို ဌာနချုပ်၏ တာဝန်ပေးချက်အရ အောင်လံမြို့နယ်တွင် ရောက်ရှိနေသော ဗိုလ်ရန်အောင်ကိုလည်း အစည်း အဝေးတက်ရောက်နိုင်ရန် စီစဉ်ပေးခြင်းမရှိခဲ့ပေ။ စင်စစ် ဗဟိုကော်မတီအစည်းအဝေးသည် ဗဟိုဌာနချုပ် မှအဖွဲ့ဝင်များနှင့် ပြည်ပပြန်များသာ ပူးပေါင်း၍ အပေါ်စီးယူကာ ကျင်းပခြင်းဖြစ်လေသည်။၁
ဗဟိုကော်မတီအစည်းအဝေးတွင် နိုင်ငံရေး၊ စည်းရုံးရေး၊ စစ်ရေးနှင့်ပတ်သက်၍ ဥက္ကဋ္ဌ၏အစီရင် ခံစာ အမည်တပ်ထားသော ပြည်ပလမ်းညွှန်ပေါ်လစီ များကို ပြည်ပပြန်ရဲဘော်အောင်ကြီး၊ သခင်ပုနှင့် ဗိုလ်ဇေယျတို့သာ ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသဘာပတိအဖြစ် သခင်သန်းထွန်းက ဆောင်ရွက်ပြီး ရဲဘော်ဌေးမှာ အတွင်းရေးမှူးဖြစ်သည်။ အစည်းအဝေးတွင် အစီအစဉ်(၁၇)ခုပါဝင်လေရာ အောက်ပါအတိုင်းဖြစ်သည်။၂
၁၉၆၄ ခုနှစ်၊ ဗဟိုကော်မတီအစည်းအဝေး အစီအစဉ်
(၁)     အလံတော်အလေးပြု၊ ကျဆုံးလေပြီး သော ရဲဘော်များအား အလေးပြု။
(၂)     နိုင်ငံတကာသီချင်းဖြင့် အစည်းအဝေး ဖွင့်။
(၃)     ဗဟိုကော်မတီ ဥက္ကဋ္ဌ၏အစည်းအဝေး ဖွင့်မိန့်ခွန်း။
(၄)     နိုင်ငံရေးအမှုဆောင်အဖွဲ့ ဆုံးဖြတ်ချက် နှင့်ပတ်သက်၍ ဥက္ကဋ္ဌ၏ အစီရင်ခံစာ (သခင်သန်းထွန်း)။
(၅)     လမ်းစဉ်လုပ်ငန်းစဉ်တို့နှင့်ပတ်သက်၍ ကာလအလိုက် ဆွေးနွေးလေ့လာရရှိ ချက်များ အစီရင်ခံစာ  (ရဲဘော် အောင်ကြီး)။
(၆)     မျက်မှောက်ကမ္ဘာ့ကွန်မြူနစ် လှုပ်ရှား မှုနှင့်ပတ်သက်သော  အစီရင်ခံစာ၊ (ရဲဘော်ဗိုလ်ဇေယျ)။
(၇)     ဥက္ကဋ္ဌအစီရင်ခံစာအပေါ် ဆွေးနွေး ခြင်းနှင့် ဆုံးဖြတ်ခြင်း။
(၈)     ကမ္ဘာ့ကွန်မြူနစ်လှုပ်ရှားမှုဆိုင်ရာ ပြဿနာများ ဆွေးနွေးဆုံးဖြတ်ခြင်း။
(၉)     စစ်ရေးဆွေးနွေးဆုံးဖြတ်ခြင်း။
(၁ဝ)    မြေယာဆွေးနွေးဆုံးဖြတ်ခြင်း။
(၁၁)    လူမျိုးစုပြဿနာဆွေးနွေးဆုံးဖြတ် ခြင်း။
(၁၂)    ပါတီစည်းရုံးရေး ဆွေးနွေးဆုံးဖြတ်ခြင်း။
(၁၃)    ရန်သူဒေသပါတီစည်းရုံးရေး။
(၁၄)    ဘဏ္ဍာရေး အစီရင်ခံစာနှင့်တာဝန် ခွဲဝေမှု။
(၁၅)    ဗဟိုကော်မတီပြဿနာများနှင့် တာဝန် ခွဲဝေမှု။
(၁၆)    အထွေထွေ။
(၁၇)    နိုင်ငံတကာသီချင်းဖြင့် အစည်းအဝေး ရုပ်သိမ်းခြင်း။
အစီအစဉ်များအနက် အရေးပါသော အစီအစဉ် များကို သခင်သန်းထွန်း၊ ရဲဘော်အောင်ကြီး၊ သခင်ပု နှင့်ဗိုလ်ဇေယျတို့ကသာ ဦးဆောင်ဆွေးနွေးရှင်းပြခဲ့ကြ သည်။ ပြည်ပမှ တိုက်ရိုက်ညွှန်ကြားလာသည့် 'ဥက္ကဋ္ဌ၏ မူလတင်ပြချက်များ'ဟူသော နိုင်ငံရေးအစီရင်ခံစာကို ဗဟိုကော်မတီအစည်းအဝေးက ယေဘုယျအားဖြင့် လက်ခံအတည်ပြုလိုက်ကြသည်။ သို့သော် နိုင်ငံရေး ဦးဆောင်အဖွဲ့(ပေါ်လစ်ဗျူရို)ဝင် ရဲဘော်ဘတင်(ခေါ်) ဂိုရှယ်သည် ''ဥက္ကဋ္ဌ၏ နိုင်ငံရေးအစီရင်ခံစာသည် ရောကျော်ဝါဒ၊ စုပေါင်းစပ်ပေါင်း ဝါဒဖြစ်သည်'' ဟု ဆိုကာ အတိအလင်းအခိုင်အမာပင် ဆန့်ကျင်ကန့်ကွက်  တော့သည်။ ထိုသို့ကန့်ကွက်သူမှာ ဂိုရှယ်တစ်ဦးတည်း သာ ဖြစ်သည်။(၁။        သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ) စာမျက်နှာ ၇၃။)
ရဲဘော်အောင်ကြီး တင်သွင်းသော 'လမ်းစဉ် လုပ်ငန်းစဉ်တို့နှင့်ပတ်သက်၍ ကာလအလိုက် ဆွေးနွေး လေ့လာရရှိချက်များ အစီရင်ခံစာ' ကို ဗဟိုကော်မတီ က ရည်ညွှန်းကိုးကားရန် စာတမ်းအဖြစ်လက်ခံ အတည်ပြုခဲ့သည်။ ယင်းအစီရင်ခံစာတွင် အပိုင်း သုံးပိုင်းပါဝင်ရာ အပိုင်း(၁)သည် ၁၉၅၅ ခုနှစ်မတိုင်မီ ပြည်ပကွန်မြူနစ်ပါတီများ၏ ဗမာပြည်ကွန်မြူနစ်   ပါတီသို့ အကြံပေးချက်များဖြစ်ပြီး အပိုင်း(၂)မှာ ၁၉၅၅ ခုနှစ်၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လမ်းစဉ်ကိုရေးဆွဲပေးခဲ့သော ဆိုဗီယက်ကွန်မြူနစ်  ပါတီကိုယ်စားလှယ်များနှင့် ပြည်ပကွန်မြူနစ်ပါတီ ကိုယ်စားလှယ်များနှင့်အတူတကွ ရေးဆွဲစဉ်ကပါဝင်ခဲ့ သူများ၏မူလခံယူချက်နှင့် နားလည်မှုများဖြစ်သည်။ နောက်ဆုံးပိုင်းမှာ   ပြည်ပရောက်   'အဝေးရောက် ရဲဘော်များ'၏  ၁၉၅၅  ခုနှစ်နောက်ပိုင်းကာလ ဗမာပြည်ကွန်မြူနစ်ပါတီလှုပ်ရှားမှုနှင့် ဗမာပြည်၏ နိုင်ငံရေးအဖြစ်အပျက်များအပေါ် ထင်မြင်ချက်များ ဖြစ်သည်။
ဗိုလ်ဇေယျတင်သွင်းသော 'မျက်မှောက်ကမ္ဘာ့ ကွန်မြူနစ်လှုပ်ရှားမှုနှင့်ပတ်သက်သော အစီရင်ခံစာ' ပါ သဘောထားများကိုလည်း အစည်းအဝေးက ယေဘုယျအားဖြင့် လက်ခံခဲ့သည်။ စင်စစ် ယင်းအစီရင် ခံစာမှာ ပြည်ပရှိ အဝေးရောက်ပါတီ၏ နိုင်ငံတကာ လှုပ်ရှားမှုအတွေ့အကြုံနှင့်သဘောထားများကို တင်ပြ ခြင်းဖြစ်သည်။ ဗိုလ်ဇေယျ၏အစီရင်ခံစာကောက်နုတ် ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-(၂။သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ပထမတွဲ) စာမျက်နှာ ၇၃၊ ၇၄။)
xxx
'ပါတီဗဟိုကော်မတီက နိုင်ငံခြားဆက်သွယ်ရေး  လုပ်ငန်းအဝဝကို  လုပ်ဆောင်ရန် ကျွန်တော်တို့ အဖွဲ့ဟာ တာဝန်နဲ့အာဏာ အပ်နှင်းချက်အရ နိုင်ငံခြားရောက်ကိုယ်စားလှယ်အဖွဲ့ဟာ ကမ္ဘာ့ကွန်မြူနစ်လှုပ်ရှားမှု အမျိုးမျိုး၊ ဗမာအလုပ်သမား လူတန်းစား အကျိုးအတွက် အခြေအနေပေးတဲ့ အောက်မှာ အစွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်ခဲ့ ပါတယ်၊ ၁ဝ နှစ်ကျော် ကာလအတွင်းမှာ ကမ္ဘာ့တော်လှန်ရေးအကျိုးနဲ့ဆိုင်တဲ့ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့ပါတယ်'
''နိုင်ငံခြားသို့ ခုလိုများများသွား၊ ကြာကြာနေ၊ ကျယ်ကျယ်လုပ်၊ ကြီးကြီးလုပ်ဘက်ကကြည့်ရင် ပါတီ သမိုင်းမှာသာမက ဗမာ့သမိုင်းတစ်ခုလုံးမှာ မကြုံဖူးသေးတဲ့ပါတီရဲ့ အတွေ့အကြုံ တစ်ခု၊ လုပ်ရပ်တစ်ခု၊ အောင်မြင်ချက်တစ်ခု ဖြစ်ပါတယ်''
(ဗဟိုကော်မတီအစည်းအဝေးသို့ ဗိုလ်ဇေယျ၏  အစီရင်ခံစာ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်မှ ထုတ်ဝေသော မူရင်းစာမျက်နှာ ၂၆ မှ)။
xxx
'၁၉၅၇ ခုနှစ်၊ အစည်းအဝေးလုပ်ပြီး ၂ဝ ကြိမ်မြောက်က အတိအလင်းဖော်ထုတ်လာခဲ့ တဲ့ ပြန်လည်ပြင်ဆင်ရေးဝါဒကို ပြန်လှန် ထိုးစစ်အနေနဲ့ စတင်တားနိုင်ခဲ့တာ ဖြစ်တယ်၊ ဒါကြောင့် ဒီအစည်းအဝေးဟာ အရေးကြီးတယ်၊ ဒါ့အပြင် ဒီအစည်းအဝေးကို ကမ္ဘာ့ ကွန်မြူနစ် လှုပ်ရှားမှုအတွင်း ထူးချွန်တဲ့ မာ့ခ်စ်ဝါဒီတစ်ယောက်ဖြစ်တဲ့ရဲဘော် မော်စီတုံး   ကိုယ်တိုင်တက်ရောက်လာတဲ့ အတွက်  ကျန်ညီနောင်ပါတီတွေ အတွက် အားတက်စရာ တစ်ခုဖြစ်တယ်'
          ''ကျွန်တော်တို့ပါတီကိုယ်စားလှယ် ရဲဘော် ဗသိန်းတင်တက်ခဲ့တယ်''
          (ဗိုလ်ဇေယျ၏အစီရင်ခံစာ စာမျက်နှာ ၂၈ မှ)
xxx
၎င်းတို့ရဲ့* (*၎င်းတို့ဆိုသည်မှာ ဆိုဗီယက်ကွန်မြူနစ်များကို ဆိုလိုခြင်းဖြစ်သည်။ အမြင်ကတော့  နေဝင်းဟာ ကက်စထရိုဖြစ်နိုင်တယ်၊  ဒါကြောင့် ပေါင်းလုပ်ရမယ်၊ အကယ်၍ ကက်စထရိုလို မဖြစ်ရင် ဗမာပြည်ပါတီညံ့လို့၊ ဗမာပြည်ပါတီ ရဲ့တာဝန်ပဲဖြစ်ရမယ်တဲ့၊ သို့သော် နေဝင်းဟာ ကက်စထရိုဖြစ်အောင် သွားပေါင်းရမယ့်နည်း က လက်နက်ချရေးပဲ ပြည်သူ့ရဲဘော်တွေ လက်နက်ချစဉ်က အတူလက်နက်မချလို့ အပြစ်တင်တဲ့လေသံမျိုးလည်း ကြားခဲ့ရသေး တယ်''
''လက်နက်ချပြီးဝင်၊ အချို့မြေအောက် လက်နက်ကိုင်အနေနဲ့ ထားချင်ထားဖို့တဲ့''
''လက်နက်ကိုင်တိုက်ပွဲဆင်နွှဲနေတာကိုပင် လက်ဝဲတရားသေဝါဒလို့ ယူဆကြတယ်၊ ကျွန်တော်တို့စစ်ရေးကိုလည်း အထင်မကြီးဘူး၊ နိုင်ငံခြားဌာန တိုက်ရိုက်ဆက်သွယ်ရေး တာဝန်ခံရဲဘော်မားလော့စ်ဆိုသူက မင်းတို့ စစ်တိုက်နေတာ အမြောက်ရှိလို့လားတဲ့''
''အမြောက်ရှိမှ စစ်တိုက်လို့ဖြစ်နိုင်မယ်လို့ ယူဆတဲ့လူဖြစ်တယ်''
(ဗိုလ်ဇေယျ၏ အစီရင်ခံစာ စာမျက်နှာ ၃၁ မှ)။
xxx
''ရဲဘော်အောင်ကြီးတို့ ဘူလ်ဂေးရီးယား သွားစဉ်ကပဲ ဘူလ်ဂေးရီးယားပါတီ နိုင်ငံခြား ရေး ဆက်သွယ်ရေးဌာနကလည်း ဒီအထက်ပါ လုပ်ငန်းအတိုင်း လက်နက်ချပြီး မြေပေါ် မြေအောက်လုပ်ရေးကို ဆွေးနွေးလိုက်တာရှိ တယ်၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့အမြင်၊ ပါတီ နဲ့ပတ်သက်တဲ့အမြင်လည်း တစ်ထပ်တည်းပဲ ဖြစ်တာကိုတွေ့ရတယ်''
''ပညာရှိချင်း အမြင်တူတာလား သို့မဟုတ် အခြားအကြောင်းရှိသလားတော့ မသိရ''
(ဗိုလ်ဇေယျ၏ အစီရင်ခံစာ စာမျက်နှာ ၃၃ မှ)။
xxx
''မာ့ခ်စ်ဝါဒကို ပြင်ဆင်ဖို့ကြိုးစားတဲ့ ပြန်လည် ပြင်ဆင်ရေးသမားများဟာ အဖြစ်မှန်ကိုမသိရုံ မက အဖြစ်မှန်ကိုလည်းကြောက်တယ်၊ ဒီတော့ ဝိဇ္ဇာနည်းကျတရားတွေ၊ ပကတိဘာဝတရား တွေကို ဆန့်ကျင်ပြီး စိတ်ဆန္ဒအရ လုပ်သမျှ လုပ်ရင်းမှား၊ မှားရင်းလုပ်နဲ့ နောက်ဆုံး ကျဆုံးမှုနဲ့ နိဂုံးချုပ်ရမှာဖြစ်တယ်၊ ယနေ့ လက်တွေ့   အဖြစ်အပျက်တွေကလည်း သက်သေပြလာနေပြီ''
(ဗိုလ်ဇေယျ၏ အစီရင်ခံစာ စာမျက်နှာ ၃၇ မှ)
xxx
ဗမာပြည်ကွန်မြူနစ်ပါတီသည် ပြည်ပကွန်မြူနစ် ပါတီများနှင့်အဆက်အသွယ်ရှိခဲ့သည်။ အထူးသဖြင့် တစ်ဖက်နိုင်ငံရောက်ပါတီဝင်များသည်  ပြည်ပ ကွန်မြူနစ်များနှင့် ထိတွေ့ခွင့်ရခဲ့သည်။ တစ်ဖက်နိုင်ငံ ကွန်မြူနစ်ပါတီသည် ဆိုဗီယက်ကွန်မြူနစ်ပါတီအား ပြန်လည်ပြင်ဆင်ရေးဝါဒကို ကျင့်သုံးသည်ဟု စွပ်စွဲရာ မှ ဆက်ဆံရေးပျက်ပြားလာခဲ့သည်။ တစ်ဖက်နိုင်ငံ ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုကို အပြည့်အဝခံယူနေ သော ဗမာပြည်ကွန်မြူနစ်ပါတီသည်လည်းဆိုဗီယက်နှင့်အရှေ့ဥရောပမှ ကွန်မြူနစ်များကို ပြန်လည် ပြင်ဆင်ရေးသမား များဟုစွပ်စွဲလာသည်။ စင်စစ်ဗိုလ်ဇေယျ၏အစီရင်ခံစာသည် ဗမာပြည်ကွန်မြူနစ်  ပါတီအနေနှင့် ဆိုဗီယက်အုပ်စု ကွန်မြူနစ်များကို ပစ်ပယ်၍ ပြည်ပမှကွန်မြူနစ်ပါတီ၏လမ်းညွှန်မှုကိုသာ အပြည့်အဝခံယူနိုင်ရေး အတွက် တိုက်တွန်းထား ခြင်းသာဖြစ်သည်။
ဗဟိုကော်မတီအစည်းအဝေးတွင် လက်နှိပ်စက် စာမျက်နှာဖြင့် ၈၂ မျက်နှာရှိသော ဥက္ကဋ္ဌ၏နိုင်ငံရေး အစီရင်ခံစာကို အတည်ပြုခဲ့ကြသည်။ ယင်းနိုင်ငံရေး အစီရင်ခံစာတွင် အပိုင်းကြီးငါးပိုင်းခွဲခြား၍ ဖော်ပြထား သည်။
ပထမပိုင်းတွင် ဗမာပြည်တော်လှန်ရေး၏ အရေး ကြီးသော ထူးခြားချက်များဖြစ်၏။ ဒုတိယပိုင်းတွင် နိုင်ငံတကာအခြေအနေဖြစ်သည်။ တတိယပိုင်းတွင် အလံနီကွန်မြူနစ်ပါတီပြဿနာဖြစ်၏။ စတုတ္ထပိုင်းတွင် တော်လှန်ရေးတိုက်ပွဲများဖြစ်၏။ပဉ္စမပိုင်းတွင်မူပါတီ၏ အခန်းပင်ဖြစ်လေသည် ။ (၁။သခင်သန်းထွန်း၏ နောက်ဆုံး နေ့များ (ပထမတွဲ) စာမျက်နှာ ၇၈။)
၁၉၆၄ ခုနှစ်၊ ဗဟိုကော်မတီဥက္ကဋ္ဌ၏ နိုင်ငံရေး အစီရင်ခံစာမှ ကောက်နုတ်ချက်များမှာ အောက်ပါ အတိုင်းဖြစ်သည်။ (၂။    သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ) စာမျက်နှာ ၇၈ မှ ၈၃။)
xxx
''၁၉၄၈ ခုနှစ်မှာ ဗမာပြည်ဟာ အင်္ဂလိပ် ကိုလိုနီဘဝက လွတ်မြောက်လာတယ်၊ နိုင်ငံတစ်နိုင်ငံအနေနဲ့ လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့တယ်၊ဒါပေမဲ့ဗမာပြည်ရဲ့စီးပွားရေးအချက်အချာတွေကို အင်္ဂလိပ်နယ်ချဲ့ သမားက လွှမ်းမိုးထားဆဲပင်ဖြစ်တယ်၊ အမေရိကန် နယ်ချဲ့သမားဟာ စစ်ရေးအရ ခြိမ်းခြောက် တာ၊ အထောက်အပံ့ချေးငွေဆိုတာတွေနဲ့ ချော့မြှူတာ၊ အဲဒီလိုနည်းအမျိုးမျိုးနဲ့ တိုးလို့ တိုးလို့ ဝင်ရောက်လာနေတယ်၊ ဗမာပြည်မှာ ပဒေသရာဇ်စနစ်အကြွင်းအကျန်တွေဟာလည်း တည်ရှိဆဲဖြစ်တယ်၊ ဗမာပြည်ရဲ့လူ့အဖွဲ့ အစည်းဟာ ပဒေသရာဇ် တစ်ပိုင်း- ကိုလိုနီ တစ်ပိုင်း လက္ခဏာဆောင်တယ်''
''ဒါ့ကြောင့် ဗမာပြည်သူတွေရဲ့ တော်လှန်ရေး ဟာ လက်ရှိအဆင့်မှာ နယ်ချဲ့ပဒေသရာဇ် ဆန့်ကျင်တဲ့ တော်လှန်ရေး၊ တစ်နည်းအားဖြင့် အမျိုးသားဒီမိုကရေစီ တော်လှန်ရေးဖြစ်မြဲ ဖြစ်နေသေးတယ်၊  နယ်ချဲ့ပဒေသရာဇ် ဆန့်ကျင်တဲ့  တော်လှန်ရေးပြီးဆုံးမှသာ ဆိုရှယ်လစ်စနစ်ကို တက်လှမ်းနိုင်မှာဖြစ် တယ်''
(ဗဟိုကော်မတီ ဥက္ကဋ္ဌ၏ နိုင်ငံရေးအစီရင် ခံစာမူရင်း၊ စာမျက်နှာ ၁)
xxx
''ဗိုလ်နေဝင်းအစိုးရကို အကဲဖြတ်ရာမှာ သူ့ရဲ့ အနေအထားပြောင်းလဲမှု၊ သူ့ရဲ့လက်ငင်း ပေါ်လစီနဲ့ ရှေးရှုမှုကိုအခြေခံပြီး အကဲဖြတ် ဖို့ဖြစ်တယ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မလုပ်ခင် ကာလ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်နေတဲ့ ကာလနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုဖျက်ပြီး စစ်တိုက်နေတဲ့ကာလရယ်လို့ မတူခြားနားတဲ့ ကာလ၊ မတူခြားနားတဲ့အခြေအနေတွေနဲ့ သူကျင့်သုံးတဲ့ မတူခြားနားတဲ့ ပေါ်လစီတွေ အရ ဗိုလ်နေဝင်းအစိုးရကို အကဲဖြတ်ရမယ်''
''ဗိုလ်နေဝင်းအစိုးရရဲ့ ပေါ်လစီများကို အားလုံးခြုံပြီး စိစစ်ရမယ်ဆိုရင် ဗိုလ်နေဝင်း အစိုးရဟာ ဓနရှင်အာဏာရှင်အစိုးရသာ ဖြစ်တယ်''
''ဗိုလ်နေဝင်းအစိုးရဟာ ပါတီနဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလုပ်ခဲ့တယ်၊ ဒီအချိန်အခါက ဗိုလ်နေဝင်းအစိုးရ ဟာ အမျိုးသားဓနရှင်ကို တစ်စုံတစ်ရာ ကိုယ်စားပြုတယ်လို့ သတ်မှတ် နိုင်တယ်''
''ဗိုလ်နေဝင်းအစိုးရဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဖျက်ပြီးတဲ့နောက် ကွန်မြူနစ် ဆန့်ကျင်ရေး၊  ပြည်သူ့ဆန့်ကျင်ရေး၊  ပြည်တွင်းစစ်ကို တိုက်နေတယ်၊ အခုအချိန်မှာ အမျိုးသားဓနရှင်ကို ကိုယ်စားပြုတယ်လို့ မသတ်မှတ်နိုင်တော့ဘူး''
''ဒီနေရာမှာ ပြည်တွင်းစစ်ကို ဆန့်ကျင်တာ ဟာ အမျိုးသားဓနရှင်ရဲ့အဓိက အမှတ် လက္ခဏာလို့ သဘောထားတယ်၊ ဘာကြောင့်ဆိုတော့ ပြည်တွင်းစစ်တိုက်တာဟာ အမျိုးသားစည်းလုံးမှုကို ပြိုကွဲစေတယ်၊ ပြည်သူ့ဆန့်ကျင်ရေး၊ အမျိုးသားဆန့်ကျင်ရေး လက္ခဏာဆောင်တယ်၊ ပြည်တွင်းစစ် ဆန့်ကျင်ခြင်းဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေးလက္ခဏာဆောင်တယ်''
''ပြည်တွင်းငြိမ်းချမ်းရေး  ဆွေးနွေးပွဲပျက်ပြီး တဲ့နောက် ဗိုလ်နေဝင်းအစိုးရရဲ့ပြည်တွင်း၊ ပြည်ပ ပေါ်လစီကို ဆန်းစစ်ကြည့်ရင် ဗိုလ်နေဝင်းအစိုးရဟာ လက်ယာဘက်ကို ယိမ်းလာနေတယ်''
''လက်ရှိအခြေအနေအရ ပြည်တွင်းပြည်ပ ပေါ်လစီများမှာ (နယ်ချဲ့စနစ်ပေါ် မှီခိုတဲ့ အလားအလာဟာ ပိုများတယ်)''
''ဒီနေရာမှာ ဖြစ်ပေါ်တိုးတက်မှုတရားကို အခိုင်အမာစွဲကိုင်နိုင်ရန်လိုတယ်၊ ပစ္စည်းမဲ့ လူတန်းစားဟာ ဖြစ်ပေါ်တိုးတက်မှုကို ကြည့် ရာမှာ ဖြစ်နိုင်စရာနှစ်ခုရှိတယ်လို့ မြင်တယ်၊ အကောင်းဆုံးကိုမျှော်မှန်း၊ အဆိုးဆုံးအတွက် ပြင်ဆင်ရမယ်၊ အဆိုးဆုံးအတွက် ပြင်ဆင်ရေး အပေါ်မှာ အဓိကအာရုံပြုရမယ်၊ အဆိုးဆုံး အတွက် ပြင်ဆင်တာဟာ အကောင်းဆုံးဖြစ် ရေးအတွက် အကျိုးပြုတယ်''
''ဒီအခြေအနေတွေအရ ဗိုလ်နေဝင်းအစိုးရဟာ လက်ယာဘက်ယိမ်းနေတဲ့ ဓနရှင်အစိုးရ လို့ သတ်မှတ်သင့်တယ်''
(ဗဟိုကော်မတီဥက္ကဋ္ဌ၏  အစီရင်ခံစာ စာမျက်နှာ ၃၅၊ ၃၆၊ ၃၇)။
xxx
''ဘယ်သူဟာ အဓိကရန်သူလဲ၊ ဘယ်သူ့ကို အဓိက ဦးတည်တိုက်ခိုက်ရမလဲ၊ ဒါရွေးချယ် ဖို့ဟာ အင်မတန်အရေးကြီးပါတယ်''
''ပြည်တွင်းစစ်ဖြစ်နေသမျှကာလပတ်လုံး ပြည်တွင်းစစ်ကို တိုက်ခိုက်နေတဲ့ အာဏာ လက်ရှိအုပ်စုကိုပဲ စစ်ရေးအရ၊ နိုင်ငံရေးအရ အဓိကဦးတည်တိုက်ခိုက်ရမယ်''
''လက်ရှိအခြေအနေမှာ အာဏာလက်ရှိ ဗိုလ်နေဝင်းအစုဟာ ပြည်တွင်းစစ်ကို တိုက်နေ တယ်၊ သူ့ကိုပဲ စစ်ရေးအရရော နိုင်ငံရေး အရပါ အဓိကဦးတည်တိုက်ခိုက်ရမယ်''
(ဗဟိုကော်မတီဥက္ကဋ္ဌ၏  အစီရင်ခံစာ စာမျက်နှာ ၄၅ မှ)။
''ပြည်သူတို့ရဲ့ရေရှည်လက်နက်ကိုင်တိုက်ပွဲ''
''ပြည်သူတွေရဲ့အုံကြွမှု''
''ရန်သူတွေရဲ့ မဖြေရှင်းနိုင်တဲ့ ပဋိပက္ခ ပေါင်းစုံနဲ့ အထွေထွေကပ်ဆိုက်မှု''
''အခွင့်သာတဲ့ နိုင်ငံတကာအခြေအနေတွေ ကြောင့် ကျွန်တော်တို့ ဧကန်မုချအောင်ပွဲခံ နိုင်ရမယ်''
''ကျွန်တော်တို့ပါတီဟာ ဗမာပြည်မှာ အာဏာ သိမ်းနိုင်တဲ့ပါတီ၊ အောင်ပွဲခံနိုင်တဲ့ပါတီ၊ အောင်ပွဲခံမယ့် ပါတီဖြစ်တယ်''
''ဒါပေမဲ့ကျွန်တော်တို့ချီတက်ရမယ့်လမ်းကြောင်းကတော့ဖြောင့်ဖြူးတာမဟုတ်ဘူး၊အကောက်အကွေ့အတက်အဆင်းတွေ များလှတယ်၊ မရေမတွက်နိုင်တဲ့ အခက်အခဲ တွေလည်း ရင်ဆိုင်ရဦးမှာဖြစ်တယ်''
''ကျွန်တော်တို့ဟာပါတီ၊တပ်မတော်၊တပ် ပေါင်းစုဆိုတဲ့ ပြဒါးရှင်လုံး သုံးလုံးကို မလွတ်တမ်းဆုပ်ကိုင်ထားပြီး  ပြည်သူလူထု ကို အစဉ်ထာဝရ အားကိုးရင်း ဘယ်ပြဿနာ ကိုမဆို ဖြေရှင်းနိုင်တယ်၊ ဘယ်အခက်အခဲ မဆို ကျော်နင်းနိုင်တယ်၊ ကျွန်တော်တို့ဟာ အယူဝါဒရေး၊ နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေး အရ  အဘက်ဘက်က အဆင်သင့်ဖြစ်အောင် ပြင်ဆင်ရမယ်၊ ကျွန်တော်တို့ပါတီ၊ တပ်မတော်၊ တပ်ပေါင်းစုကို  အားကြီးသည်ထက် ကြီးအောင်လုပ်ရမယ်''
''ဒီလိုပြင်ဆင်ထားရင် ဘယ်အခြေအနေမဆို ကျွန်တော်တို့ဟာ ရဲရဲတင်းတင်း ရင်ဆိုင်နိုင် တယ်''
''ဒီလိုနဲ့ ကျွန်တော်တို့ဟာ ဒီမိုကရေစီ တော်လှန်ရေးကို အောင်မြင်ပြီးဆုံးစေကာ ဆိုရှယ်လစ်စနစ်ကို တက်လှမ်းပြီး နောက်ဆုံး အောင်ပွဲကို ဧကန်မုချခံယူမှာဖြစ်တယ်''
(ဗဟိုကော်မတီဥက္ကဋ္ဌ၏ အစီရင်ခံစာ နိဂုံးမှ)
xxx
၁၉၆၄ ခုနှစ်၊ ဗမာပြည်ကွန်မြူနစ်ပါတီဗဟို ကော်မတီဥက္ကဋ္ဌ၏ အစီရင်ခံစာတွင် ဗမာပြည် ကွန်မြူနစ်ပါတီ၏ နည်းပရိယာယ်ဆိုင်ရာ လမ်းညွှန် ချက်များကိုလည်း ဖော်ပြခဲ့သည်။ မြန်မာပြည်သူတို့ သည် အမျိုးသားဒီမိုကရေစီ တော်လှန်ရေးကို လက်နက်ကိုင်တိုက်ပွဲအသွင်နှင့် ဆင်နွှဲနေခြင်းဖြစ်ပြီး အမျိုးသားလွတ်လပ်ရေး၊ ပြည်သူ့ဒီမိုကရေစီရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးအလံများကိုစွဲကိုင်ထားရမည်ဟု လမ်းညွှန်သည်။ လက်နက်ကိုင် တိုက်ပွဲသည် အဓိကဖြစ်ပြီး အခွင့်သာပါက စစ်ရပ်စဲရေး၊ ငြိမ်းချမ်း ရေးတို့ကို လုပ်သွားရမည်ဖြစ်ပြီး ငြိမ်းချမ်းရေး ရသည်ဖြစ်စေ၊မရသည်ဖြစ်စေ လက်နက်ကိုင်တိုက်ပွဲဖြင့်အာဏာသိမ်းရေးကို သာအခြေခံရည်မှန်း ရမည်ဟု ဆိုသည်။ ယင်းသို့လက်နက်ကိုင်တိုက်ပွဲကို ဆင်နွှဲရာတွင် ပြည်တွင်းငြိမ်းချမ်းရေးသဏ္ဌာန်ကို ပစ်ပယ်သော သွေဖည်ရေးနှင့်ငြိမ်းချမ်းရေးကိုသာ အစွမ်းကုန်ကြိုးစား သဖြင့် လက်နက်ကိုင်တိုက်ပွဲကို သေးသိမ်စေသော သွေဖည်ရေးဟူသော သွေဖည်ရေးနှစ်ရပ်ကိုလည်း သတိပြုမည်ဟုဆိုသည်။
၁၉၆၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်မှစတင် ကျင်းပသော ဗမာပြည်ကွန်မြူနစ်ပါတီ၏ ၁၉၆၄ ခုနှစ်၊ ဗဟိုကော်မတီအစည်းအဝေးသည် အောက်တိုဘာလ ၁၃ ရက်တွင် ပြီးဆုံးသွားသည်။ အစည်းအဝေးတွင် ဂိုရှယ်က ပြင်းထန်စွာကန့်ကွက်နေသည့်ကြားမှပင် ပြည်ပမှ ချမှတ်ပေးသည့် လမ်းစဉ်ကို လုံးဝလက်ခံခဲ့ ကြသည်။ ၁၉၆၄ ခုနှစ်၊ စက်တင်ဘာလ ဗဟိုကော်မတီ အစည်းအဝေးက ချမှတ်လိုက်သော အခြေအနေ၊ နိုင်ငံ ရေးပေါ်လစီနှင့်ပတ်သက်သည့်တိုင်းပြည်သို့ ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။ ယင်း ကြေညာချက်မှာ လက်နက်ကိုင်တိုက်ပွဲကို အဓိကဆင်နွှဲပြီး ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးရန်ဟူသော လမ်းစဉ်ပင်ဖြစ်သည်။ စင်စစ် ဗဟိုကော်မတီ အစည်း  အဝေးသည် ပြည်ပမှချမှတ်ပေးသော ၆၄ လမ်းစဉ်ကို အကြွင်းမဲ့လက်ခံလိုက်သော အစည်းအဝေးပင်ဖြစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြည်ပအားကိုးမှုမှာလည်း ပိုမို၍ ပီပြင်လာရတော့သည်။
ပြည်ပပြန်များနေရာယူလာကြခြင်းနှင့်၆၄လမ်းစဉ် အကောင်အထည်ဖော်ပုံ
၁၉၆၄ ခုနှစ် ဗဟိုကော်မတီအစည်းအဝေးတွင် ဗမာပြည်ကွန်မြူနစ်ပါတီသည်  ပါတီဝင်တစ်ဦးစီ၏ ပြဿနာနှင့်ပတ်သက်၍ ရဲဘော်ချစ်ကောင်းအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ပစ်ခြင်း၊ ရဲဘော်အုန်းမောင် ကိုလည်း ရဲဘော်ချစ်ကောင်းအပေါ် သဘောထားသည့် အတိုင်း သဘောထားခြင်း၊ ရဲဘော်အောင်နိုင် (ခေါ်) ရာဂျန်ကိစ္စကိုစုံစမ်း၍ ထုတ်ပစ်ရန် ပေါ်လစ်ဗျူရိုသို့ လွှဲအပ်ခြင်း စသည်တို့ကို ဆုံးဖြတ်ခဲ့သည်။ ဗဟို ကော်မတီအဖွဲ့ဝင်တစ်ဦးစီ၏ပြဿနာကို ဆုံးဖြတ် ပြီးနောက် ဗဟိုကော်မတီတာဝန်ခွဲဝေရေးကိုလည်း အောက်ပါအတိုင်း ဆုံးဖြတ်ခဲ့သည်။ (၁။        သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ) စာမျက်နှာ ၈၅၊ ၈၆၊ ၈၇။)
xxx            
ဗဟိုကော်မတီတာဝန်ခွဲဝေရေး
(က)    ပေါ်လစ်ဗျူရိုအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခြင်း၊ တိုးချဲ့ခြင်းမပြုလုပ်ဘဲ အရေးယူအပြစ်ပေး လိုက်သည့် ရဲဘော်သန်းမြိုင်*(*     သခင်သန်းမြိုင်။)မှ အပမူလအတိုင်းထားရန်။ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးကို ယခင် အတိုင်းထားရန်။
(ခ)     ဒုတိယဥက္ကဋ္ဌအဖြစ်  သခင်ဇင်ကို နောက်ထပ်တင်မြှောက်ရန်။
(ဂ)     ပါတီဌာနချုပ်၌ဥက္ကဋ္ဌ သခင်သန်းထွန်း၊ အတွင်းရေးမှူး ရဲဘော်ဌေးနှင့် ရဲဘော် ဘတင်တို့ပင် ဗဟိုဌာနချုပ်၏ ပေါ်လစ် ဗျူရိုအဖွဲ့ဝင်များအဖြစ် တာဝန်ယူရန်။
သခင်ဇင်အား မဒညတ(ဗဟို)တွင် သွားရောက်တာဝန်ယူစေရန်။
သခင်ချစ်အား  ရခိုင်တိုင်းနှင့် အနောက်မြောက်တိုင်းတို့တွင်  အထူး တာဝန်များ (၁၉၆၇ ခုနှစ်၊ စက်တင်ဘာလ တွင် ဗဟိုကော်မတီအစည်းအဝေးကျင်းပ နိုင်ရန်အတွက် ပြင်ဆင်ရန်) ထမ်းဆောင် စေရန်။ (ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက် အမှတ် ၂၈ မှ)
xxx
''ပြည်ပမှပြန်လာသော  ဗဟို ကော်မတီ (သုံး) ဦး (ရဲဘော်အောင်ကြီး၊ သခင်ပု၊ ဗိုလ်ဇေယျ)တို့အား ပါတီ ဗဟို ဌာနချုပ်တွင် တည်ဆောက်ရေးလုပ်ငန်းများ နှင့် အတွေးအခေါ်လှုပ်ရှားမှု စသည်တို့ အတွက် စုပေါင်းလုပ်ဆောင်ရန်အတွက် ပါတီဗဟိုဌာနချုပ်တွင် တာဝန်ယူစေရန်''
''ဤကိစ္စကို စီမံကိန်းနှင့်ဆောင်ရွက် ပြီး၊ ပြီးဆုံးက ပေါ်လစ်ဗျူရိုအဖွဲ့မှ သင့်လျော် သောနေရာများကို တာဝန်ချထားရန်''
(ဗဟိုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက် အမှတ် ၂၉ မှ)
xxx
ဗဟိုကော်မတီအဖွဲ့ဝင်တို့နှင့် ပတ်သက်သော နေရာချထားမှုနှင့် တာဝန် များကိုလည်း ဆုံးဖြတ်သည်။       (၁။        သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ) စာမျက်နှာ ၈၇၊ ၈၈၊ ၈၉။)
xxx
          (၁)     ဗိုလ်မျိုးမြင့်                          မြစ်ဖျားဒေသတိုင်း
          (၂)     ရဲဘော်တုတ်                        မြစ်ဖျားဒေသတိုင်း
          (၃)     ရဲဘော်ထွန်းမောင်                  အနောက်
                                                          မြောက်တိုင်း
          (၄)     ရဲဘော်ကျော်မြ                     ရခိုင်ပြည်နယ်
          (၅)     ရဲဘော်မြ                            ပဲခူးရိုးမ
          (၆)     ရဲဘော်စိုးသန်း                      မြစ်ဝကျွန်းပေါ်တိုင်း
          (၇)     ရဲဘော်ထွန်းစိန်                     တနင်္သာရီတိုင်း
          (၈)     ရဲဘော်သခင်ဖေတင့်               အနားပေးရန်
          (၉)     ရဲဘော်သခင်တင်ထွန်း             ရှမ်းပြည်၊
                                                         အထက်ဗမာပြည်၊ အလယ်ပိုင်းဗမာပြည်
(၁ဝ)    ဗိုလ်ရန်အောင်အား ၎င်းကျန်းမာရေး အခြေအနေကို အထူးအလေးထား ကုသ စီစဉ်ပေးရန်အတွက် ခွင့်ပေးခြင်းများမှ အပ အခြားအလွှဲအပြောင်းများ မလုပ်ရန် ဆုံးဖြတ်သည်။
          (ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ် ချက်အမှတ် ၃၁ မှ)
xxx
ပြည်ပပြန်များနှင့် ပတ်သက်၍လည်း အောက်ပါအတိုင်းဆုံးဖြတ်ခဲ့သည်-
xxx
ဤကိစ္စကို ပါတီဗဟိုဌာနချုပ်မှ တာဝန်ယူ ခန့်ခွဲရန်ဖြစ်သော်လည်း ဗဟို ကော်မတီများနှင့် ညှိနှိုင်းလျာထားသည်။ ၎င်းကို ရဲဘော်များနှင့် ထပ်မံညှိနှိုင်းပြီး ပေါ်လစ်ဗျူရိုအဖွဲ့က အတည်ပြုရန်ဖြစ် သည်။
ထိုရဲဘော်များကို ပါတီတည်ဆောက်ရေး၊ အယူဝါဒအတွေးအခေါ်တည်ဆောက် ရေးတို့တွင် အဓိကအသုံးချသွားရန်ဖြစ် သည်။
(ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက် အမှတ် ၃၂ မှ)
xxx
ထို့အပြင် ဗဟိုစစ်ကော်မတီကိုလည်း အောက်ပါ အတိုင်းဖွဲ့စည်းလိုက်သည်-
(၁)     ဗဟိုစစ်ကော်မတီ
          ဥက္ကဋ္ဌ သခင်သန်းထွန်း
(၂)     ဗဟိုစစ်ကော်မတီ
          အတွင်းရေးမှူး သခင်ချစ်
(၃)     ဗဟိုစစ်ကော်မတီအဖွဲ့ဝင်
          ရဲဘော်အောင်ကြီး
(၄)     ဗဟိုစစ်ကော်မတီအဖွဲ့ဝင်
          ရဲဘော်ဗိုလ်ဇေယျ
၁၉၆၁ခုနှစ်၊ ဗဟိုကော်မတီအစည်းအဝေးတွင် ဗဟိုစစ်ကော်မတီဝင်အဖြစ် ရွေးချယ်ခံခဲ့ရသော ရဲဘော်ဌေးကိုမူ ထည့်သွင်းဖွဲ့စည်းခြင်းမရှိတော့ပေ။ သခင်ချစ်အား ရခိုင်တိုင်းနှင့်အနောက်မြောက်တိုင်း   တို့တွင် အထူးတာဝန်များထမ်းဆောင်ရန် ဆုံးဖြတ်ချက် ကိုလည်း ၁၉၆၄ ခုနှစ်၊ ဒီဇင်ဘာလတွင် သခင် သန်းထွန်းနှင့် ရဲဘော်အောင်ကြီးတို့၏တင်ပြချက်အရ ပေါ်လစ်ဗျူရိုအဖွဲ့က ပြင်ဆင်ပေးလိုက်ရသည်။ သခင်ချစ်သည် လက်နက်ကိုင် တိုက်ပွဲနှင့်ရန်သူ့နယ်မြေ၊ မြေအောက်လှုပ်ရှားမှုအတွေ့အကြုံများသဖြင့် ပါတီ ဗဟိုဌာနချုပ်တွင်သာ တာဝန်ထမ်းဆောင်သင့်သည်ဟုဆိုကြသည်။ သခင်ချစ်၏အစား ဗိုလ်ဇေယျက ရခိုင်တိုင်းနှင့် အနောက်မြောက်တိုင်း သို့ တာဝန်ယူခဲ့ သည်။ ဗိုလ်ဇေယျသည် ၁၉၆၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်တွင် ပြည်ခရိုင်သို့ ခရီးထွက်သွားသည်။ ပြည်ခရိုင်မှတစ်ဆင့် သရက်ခရိုင်သို့ဆက်သွားသည်။
ဗိုလ်ဇေယျသည် သရက်ခရိုင်ကော်မတီများဖြစ် သော ဗိုလ်နေဝင်း၊ ဆလိုင်းစံအောင်(ချင်းဦးစီး)၊ ရဲဘော် မြင့်နိုင်နှင့် အခြားအဆင့်မြင့် ကေဒါများကို စုစည်း ပြီး ၆၄ လမ်းစဉ်နှင့်ပတ်သက်၍ ရှင်းလင်းခဲ့သည်။ ထို့နောက် ဗဟိုဌာနချုပ် ဗဟိုအလုပ်အဖွဲ့ကိုလည်း ရဲဘော်အောင်ကြီး ခေါင်းဆောင်၍ဖွဲ့စည်းခဲ့သည်။ ဗဟိုအလုပ်အဖွဲ့တွင် (၁) ပြည်ပပြန် ရဲဘော် အောင်သိန်း(ခ)အောင်ငြိမ်း၊ (၂) ပြည်ပပြန် ဗိုလ်ဘညွန့်၊  (၃) မောင်သက်(ရန်ကုန်တက္ကသိုလ် ကျောင်းသား တပ်ဦး ခေါင်းဆောင်)တို့ပါဝင်သည်။ ဗဟိုအလုပ်အဖွဲ့ သည် ၁၉၆၅ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းတွင် ပြည်ခရိုင် စုစည်းရေးနှင့် တိုးချဲ့ရေးစီမံကိန်းကို အကောင်အထည် ဖော်ရန် ပြည်ခရိုင်သို့ သွားကြသည်။ ထို့နောက် ၆၄ လမ်းစဉ်ကို အကျယ်တဝင့်ရှင်းပြကြသည်။
သခင်ချစ် ခေါင်းဆောင်သောဗဟိုအလုပ်အဖွဲ့ တစ်ဖွဲ့သည်လည်း သာယာဝတီခရိုင်အားတည်ဆောက် ရန် ခရီးထွက်ခွာခဲ့သည်။ ယင်းအဖွဲ့တွင် ပြည်ပပြန် ရဲဘော်မျိုးတင့်၊ ပြည်ပပြန်ရဲဘော်စိုးဝင်း(ခ) ဌေးအောင်၊ ရဲဘော်ဘခက်နှင့် ရဲဘော်စိုးဝင်း(ခ) ထွန်းကျော် (လူထုဦးလှ၊ ဒေါ်အမာသား)တို့ပါဝင်သည်။ အလုပ် အဖွဲ့များသည် ပဏာမဘဝဟစ်တိုင်လှုပ်ရှားမှုအတွက် ပြင်ဆင်ပြီး ၆၄ လမ်းစဉ်ကျောရိုးများကို စုစည်း ရွေးချယ်နေကြသည်။ ရဲဘော်မြနှင့် ရဲဘော်စိုးသန်း တို့မှာမူ မိမိတို့တိုင်းများတွင် ၆၄ လမ်းစဉ်ကိုရှင်းပြကြ သော်လည်း ဘဝဟစ်တိုင်လှုပ်ရှားမှုနှင့် ကျောရိုးများ ရွေးချယ်ခြင်းကိုမူ မဆောင်ရွက်ခဲ့ကြပေ။
သခင်သန်းထွန်းနှင့်ရဲဘော်အောင်ကြီးတို့သည် ဗမာပြည်ကွန်မြူနစ်ပါတီ၏  အရေးပါသော ခေါင်းဆောင်မှုနေရာများကို ပြည်ပပြန်များဖြင့် အစားထိုးရန် လျှို့ဝှက်စီစဉ်ခဲ့ကြသည်။ ၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်စခန်းသည် ပဲခူးရိုးမတောင်ခြေ အနောက် ဘက် ဘော်ဘင်ချောင်းဖျားရှိ ရေနောက်ရန်ချောင်း၊ ကရင်ရွာ၏ အရှေ့မြောက်ဘက် လေးမိုင်ကျော်အကွာ တွင် အခြေစိုက်ထားသည်။ ယင်းနေရာတွင် ပြည်ပပြန် များသာ တက်ရောက်ခွင့်ရှိသည့် အထူးလျှို့ဝှက်အစည်း အဝေးကို ကျင်းပခဲ့သည်။ ရဲဘော်အောင်ကြီး၊ သခင်ပု နှင့် ဗိုလ်ဇေယျတို့က ဦးဆောင်ဆွေးနွေးပြီး သခင် သန်းထွန်းက ပါတီဥက္ကဋ္ဌအဖြစ် တက်ရောက်သည်။ ပြည်ပပြန်များသည် ၆၄ လမ်းစဉ် အကောင်အထည် ဖော်ရေးကို အသေးစိတ်ဆွေးနွေးပြီးအောက်ပါဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြသည်။((၁) သခင်သန်းထွန်း၏ နောက်ဆုံး နေ့များ (ပထမတွဲ) စာမျက်နှာ ၉၁ မှ ၉၆ အထိ။)
 xxx
(၁)     ပါတီကို အတွေးအခေါ်အရ၊ နိုင်ငံရေး အရ၊ စည်းရုံးရေးအရ၊ ဘက်သုံးဘက်က တည်ဆောက်၍ ပါတီအား အဘက်ဘက်မှ ပုံသစ်လောင်းရေးအတွက် ဗဟိုမာ့ခ်စ် လီနင်ဝါဒကျောင်းကိုဖွင့်ရမည်။ ထိုဗဟို ကျောင်း၌ ကျောင်းအုပ်အဖြစ် ပေါ်လစ် ဗျူရိုအဖွဲ့မှ တစ်ဦးဦးကို လျာထားရန်ဖြစ် သည်။ သို့သော်လည်း ကျောင်း၏ သင်ရိုး ညွှန်းတမ်းများကို တကယ်တမ်း အာမခံ၍ တာဝန်ခံကြရမည့်သူများမှာ ရဲဘော် အောင်ကြီးနှင့်ရဲဘော်မျိုးတင့်တို့ဖြစ်သည်။ ထို့ကြောင့် ရဲဘော်အောင်ကြီးနှင့် ရဲဘော် မျိုးတင့်တို့အနေနှင့် ဗဟိုမာ့ခ်စ်လီနင်ဝါဒ ကျောင်း၏တာဝန်ခံများအဖြစ်ထမ်းဆောင် ကြရမည်။
(၂)     ဗဟိုမာ့ခ်စ်လီနင်ဝါဒကျောင်း၌ ပြည်ပပြန်များမှ ပထမအမျိုးအစားများကို ကျောင်း ဆရာအဖွဲ့အဖြစ် ဖွဲ့စည်းပေးရမည်။ သင်ကြားရမည့် ဘာသာရပ်များကိုလည်း တစ်ဦးစီအား သတ်မှတ် ပေးထားရမည်။ ကျောင်းဆရာအဖွဲ့တွင် ပါဝင်သူများနှင့် သင်ကြားရမည့် ဘာသာရပ်များမှာ-
(က)    ရဲဘော်မျိုးတင့် အဘိဓမ္မာဘာသာရပ်
(ခ)     ရဲဘော်ရှိန် ဘောဂဗေဒဘာသာရပ်
(ဂ)     ရဲဘော်စိုးဝင်း ပါတီတည်ဆောက် ရေးဘာသာရပ်
(ဃ)    ဗိုလ်စံဖေ စစ်ရေးဘာသာရပ်
(င)     ဗိုလ်ထွန်းငြိမ်း စစ်ရေးဘာသာရပ်
(၃)     ဗိုလ်ဇေယျနှင့်အဖွဲ့သည် အနောက်မြောက် တိုင်း (သရက်ခရိုင်အနောက်ခြမ်း၊ မင်းဘူး ခရိုင်၊ ပခုက္ကူခရိုင်)နှင့် ရခိုင်ပြည်နယ်သို့ သွားရမည်။ ထိုအဖွဲ့၏ လုပ်ငန်းတာဝန်မှာ ၆၄ လမ်းစဉ်ကို အကောင်အထည်ဖော်ရေး နှင့် ဗဟိုဌာနချုပ်၏ ယာယီသေနင်္ဂဗျူဟာ အခြေခံစခန်း တည်ဆောက် ရန်ဖြစ်သည်။ အဖွဲ့ဝင်များမှာ-
(က)    ဗိုလ်ဇေယျ(အဖွဲ့ခေါင်းဆောင်)
(ခ)     ဗိုလ်ဘဖြူ
(ဂ)     ဦးသက်တင်*(* ဦးသက်တင်ကိုထည့်ရခြင်းမှာသခင်သန်းထွန်း၏ တိုက်တွန်း ချက်ဖြစ် သည်။ဦးသက်တင်သည်ပြည်ပသို့ရောက်ရှိနေသောအလံနီကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ အဖွဲ့ဝင်အဖြစ်မှပြည်ပ၏ ဆန္ဒအရဗမာပြည်ကွန်မြူနစ်ပါတီ သို့ ကူးပြောင်းသူ ဖြစ်သည်။ အနောက်မြောက်တိုင်းနှင့် ရခိုင်ပြည်နယ်တွင် အခြေစိုက်သော အလံနီပါတီကို ဖြိုခွင်းရန် အလံနီရေးရာ ကျွမ်းကျင်သူအဖြစ် ထည့်သွင်းခဲ့သည်။)
 (၄)    ဗဟိုဌာနချုပ်အခြေခံသည့် ပဲခူးရိုးမတိုင်း ကို အထူးအာရုံစိုက်ရမည်။ လောလော ဆယ်တွင် ပဲခူးရိုးမတိုင်းကော်မတီအား ရှေ့ဆောင်ရန်အတွက် ရဲဘော်ညိုကို ပဲခူး ရိုးမတိုင်းကော်မတီတွင် ထည့်သွင်းဖွဲ့စည်း ရမည်။ ထို့အပြင် ပဲခူးရိုးမတိုင်းအတွင်းမှ ခရိုင်များသို့လည်း လိုအပ်သလို လှည့်လည် လှုပ်ရှားရှေ့ဆောင်သွားနိုင်ရန်အတွက် 'ဗဟိုအလုပ်အဖွဲ့'ကိုလည်း အမြဲတမ်း ဖွဲ့စည်းထားရမည်။
ဗဟိုအလုပ်အဖွဲ့တွင် ပါဝင်သူများမှာ-
(က)    ရဲဘော်အောင်ငြိမ်း(ခေါ်)
                    အောင်သိန်း
(ခ)     ဗိုလ်ဘညွန့်
(ဂ)     မမျိုးသန့်(ခေါ်)မစိန်ဝင်း**(**မမျိုးသန့်နှင့် ဗိုလ်တင်ရှိန်တို့ကို နောက်ပိုင်းတွင် သာယာဝတီခရိုင် အမြဲတမ်းခရိုင်ကော်မတီများအဖြစ် တာဝန် ပေးအပ်ခဲ့သည်။ )
(ဃ)    ဗိုလ်တင်ရှိန်***(***   မမျိုးသန့်နှင့်ဗိုလ်တင်ရှိန်တို့ကိုနောက်ပိုင်းတွင် သာယာဝတီခရိုင် အမြဲတမ်းခရိုင်ကော်မတီများအဖြစ် တာဝန်ပေး အပ်ခဲ့သည်။)
(၅)     ရှမ်းပြည်နယ်သည် ပါတီ၏ ရေရှည်အခြေခံ စခန်းအတွက် အလွန်အရေးကြီးသော လူမျိုးစုဒေသဖြစ်သည်။ ထိုဒေသကို အခြေခံစခန်းတည်ဆောက်ရေး၏ သေနင်္ဂ ဗျူဟာ အမြင်အရ အထူးအာရုံစိုက်ရမည်။ အထူးသဖြင့် ပါတီ၏ ထိပ်တန်းလျှို့ဝှက်ဖြစ် သော အထူးဆက်သွယ်ရေးဌာနကို ဖွင့်လှစ် ထားရမည်။ ထို့ကြောင့် ရှမ်းပြည်၌ 'ဗဟို ဌာနခွဲ' ကို ဖွဲ့စည်းထားရမည်။
          ရှမ်းပြည်အဖွဲ့တွင် ပါဝင်သူများမှာ-
(က)    ဗိုလ်တိုက်အောင်(ခေါ်)တင်အေး
(ခ)     မောင်ကို (ခေါ်) မောင်ခင်        
ဤအဖွဲ့၏အဓိက တာဝန်မှာ ပါတီ၏ ထိပ်တန်းလျှို့ဝှက်သော အထူးဆက်သွယ် ရေးတာဝန်များကို ယူရမည်။
(၆)     မြစ်ဖျားဒေသတိုင်းမှာလည်း ပါတီ၏  သေနင်္ဂဗျူဟာအခြေခံစခန်းဖြစ်သည်။ ကချင်ပြည်နယ်၏ အလွန်ထူးခြားသော အရေးကြီးမှုကို အထူးလေးနက်ရမည်။ ထိုဒေသသည် ချင်းတောင်တန်းနှင့် လည်း တစ်ဆက်တစ်စပ်တည်း ဖြစ်နေသည်။ ထို့ကြောင့် လူမျိုးစုများကို တိုးချဲ့စည်းရုံး ရေးနှင့် အခြေခံရေးအတွက် အချက်အချာ ဗဟိုချက်မဖြစ်သည်။
          မြစ်ဖျားဒေသတိုင်းအဖွဲ့တွင် ပါဝင်သူများ မှာ-
(က)    ရဲဘော်ဖေသောင်း(ခေါ်)
                    တင်မြင့်
(ခ)     ရဲဘော်မင်းအောင်
(၇)     မြစ်ဝကျွန်းပေါ်တိုင်းအတွက်မူ လောလော ဆယ်၌ မတင်ဝေ(ခေါ်) မစိန်လှ(ခေါ်) မခင်ဆွေ တစ်ဦးတည်းသာ တာဝန်ယူရ မည်။ နောက်မှ လိုအပ်သလို ဗဟို အလုပ် အဖွဲ့ကို လွှတ်ပေးမည်။
(၈)     အလယ်ပိုင်းဗမာပြည်နှင့် အထက်ဗမာပြည် သည် အခြေခံမှစ၍ တည်ဆောက်ရမည် ဖြစ်သည်။ ထို့ကြောင့် အဘက်ဘက်တွင် အထူး ဂရုစိုက်၍ တာဝန်ယူရှေ့ဆောင် သွားကြရမည်။ အလယ်ပိုင်း ဗမာပြည်အဖွဲ့ တွင် ပါဝင်သူများမှာ-
(က)    ရဲဘော်အောင်ခင်(ခေါ်)
                    ထွန်းမင်း
(ခ)     ရဲဘော်ဇော်လေး(ခေါ်)
                    မောင်ညွန့်
(၉)     ဗဟိုဌာနချုပ်တွင်-
(က)    ရဲဘော်ဥာဏ်ကျော်
                    အထူးထိပ်တန်းလျှို့ဝှက် ဆက်သွယ် ရေးကို တာဝန်ယူရမည်။
(ခ)     ရဲဘော်ထွန်းရှိန်(ခေါ်) ဖေငြိမ်း
ရဲဘော်ထွန်းရှိန်သည် ဗဟိုဌာနချုပ် ၏ ဆေးတာဝန်ခံအဖြစ် တာဝန်ယူ ရမည်။ ထို့ပြင် ဗမာတစ်ပြည်လုံး အတွက် ဆေးစည်းရုံးရေးအဖွဲ့ကို ဖွဲ့စည်း၍  တာဝန်ခံအဖြစ် ဆောင်ရွက်သွားရမည်။
(ဂ)     ရဲဘော်သန်းဝင်း ဗဟိုဌာနချုပ် ရန်သူ့ဒေသမြေအောက်စည်းရုံးရေး လုပ်ငန်းများကို ရှေ့ဆောင်ရမည်။ တစ်ချိန်တည်းတွင် ပါတီဗဟို၏ ပညာရေးနှင့် စည်းရုံးရေးဌာနတို့ တွင် တာဝန်ယူရမည်။
(၁ဝ)    ဒေသအသီးသီးတွင် တာဝန်ယူကြသူများ သည်-
(က)    ပါတီဗဟိုဌာနချုပ်နှင့် ဆက်သွယ် ရေးစနစ်ကို စနစ်တကျ စီစဉ်ပြီး အမြဲတမ်း ဆက်သွယ်နေရမည်။
(ခ)     ဒေသအခြေအနေများကို အမြဲတမ်း အပြည့်အစုံ စီရင်ခံနေရမည်။
(၁၁)  ဒေသအသီးသီးတွင် တာဝန်ယူနေကြသူ အားလုံးသည် နှစ်နှစ်ကြာသောအခါတွင် ဗဟိုဌာနချုပ်သို့ အားလုံးပြန်လည်စုစည်း ရမည်။ တစ်ပြည်လုံး၏ အခြေအနေများ ကို ပြန်လည်စုစည်းရန်အတွက် အလွန် အရေးကြီးသည့် အချိန်ကာလဖြစ်လာလိမ့် မည်။
ဤကိစ္စနှင့်ပတ်သက်၍ ဗဟိုဌာနချုပ်မှလည်း လိုအပ်သလိုအကြောင်းကြား ၍ ညွှန်ကြားသွားမည်။
(၁၂)    တနင်္သာရီတိုင်းသို့ ကေဒါပို့ရေးအတွက် လည်း ဗဟိုဌာနချုပ်မှ လိုအပ်သလို စီစဉ်ပေးသွားမည်။
xxx
သခင်သန်းထွန်းနှင့် ပြည်ပပြန်များ တက်ရောက် ကြသည့် အထူးလျှို့ဝှက်အစည်းအဝေးဆုံးဖြတ်ချက်များ သည် ပြည်ပမှချမှတ်ပေးသော ၆၄ လမ်းစဉ်ကို ဗမာပြည်ကွန်မြူနစ်ပါတီတစ်ရပ်လုံး တိကျစွာ လိုက်နာ နိုင်ရေးအတွက် အသေးစိတ်အစီအစဉ်ဆွဲခြင်းဖြစ်သည်။ ပြည်ပပြန်များသည် ၆၄ လမ်းစဉ်ကို အကောင်အထည် ဖော်နိုင်ရန်အတွက် တစ်ပြည်လုံးရှိ အရေးပါသော နေရာများတွင် ဖြန့်ခွဲ၍နေရာယူလိုက်ကြသည်။ ပြည်ပ လမ်းစဉ်ကို လေ့ကျင့်သွတ်သွင်းပေးရန်အတွက် ပထမ ပတ် ဗဟိုမာ့ခ်စ်လီနင်ဝါဒကျောင်းကို ၁၉၆၅ ခုနှစ်၊ မတ်လ ၂၅ ရက်တွင် သာယာဝတီခရိုင်၊ နတ်တလင်း မြို့နယ်၊ တောင်ညိုဒေသ၊ ဆင်သေရွာ၏ အရှေ့ဘက် နှစ်မိုင်ကွာတွင် ဖွင့်လှစ်ခဲ့သည်။
ဗဟိုမာ့ခ်စ်လီနင်ဝါဒကျောင်း၏ ကျောင်းအုပ် အဖြစ် ဗဟိုကော်မတီအတွင်းရေးမှူး ရဲဘော်ဌေးကို တရားဝင်တာဝန်ပေးသည်။ သို့သော် ကျောင်းတာဝန်ခံမှာ ပြည်ပပြန်ရဲဘော်မျိုးတင့်ဖြစ်သည်။ လက်တွေ့ ကျောင်းအုပ်မှာ ရဲဘော်အောင်ကြီးဖြစ်ပြီး ရဲဘော်ဌေး မှာ အမည်ခံသာဖြစ်သည်။ သင်တန်းသားများအဖြစ် ဗဟို၊ တိုင်းနှင့်ခရိုင်ကော်မတီများသာ တက်ရောက်ရန် ဖြစ်သော်လည်း သခင်သန်းထွန်းနှင့်ရဲဘော်အောင်ကြီး တို့သည် ဗဟို၊ တိုင်းနှင့်ခရိုင်ကော်မတီမဟုတ်သူများကို လည်း မိမိတို့စိတ်ကြိုက်ရွေးချယ်ခဲ့ကြသည်။
ပထမပတ်ဗဟိုမာ့ခ်စ်လီနင်ဝါဒကျောင်းသို့တက်ရောက်ကြသူများမှာ(၁။သခင်သန်းထွန်း၏နောက်ဆုံးနေ့ များ (ပထမတွဲ) စာမျက်နှာ ၉၉၊ ၁ဝဝ။)
        (၁)     ဗိုလ်ရန်အောင်                      ဗဟိုကော်မတီ
          (၂)     ဗိုလ်ဘုန်းကျော်                     ပဲခူးရိုးမတိုင်းစစ်ရေး
                                                          တာဝန်ခံ
          (၃)     ရဲဘော်လှကြည်                    ပဲခူးရိုးမတိုင်းကော်မတီ
                                                          နှင့် ပြည်ခရိုင်ပါတီ
                                                          အတွင်းရေးမှူး
          (၄)     ရဲဘော်ဗိုလ်အေး                    ပြည်ခရိုင် ကော်မတီ
          (၅)     ဆလိုင်းသာဦး                      ပြည်ခရိုင် ကော်မတီ
          (၆)     ရဲဘော်ကျော်ညွန့်                   သာယာဝတီခရိုင်
                                                          ပါတီ အတွင်းရေးမှူး
          (၇)     ရဲဘော်ဗိုလ်စိန်မင်း                  သာယာဝတီခရိုင်
                                                          စစ်ရေးတာဝန်ခံ
          (၈)     ဗိုလ်ရဲလွင်                          သာယာဝတီခရိုင်
                                                          ဇီးကုန်းမြို့နယ်
          (၉)     ရဲဘော်ဘခက်                      ဗဟိုဌာနချုပ်၊
                                                          ပါတီကော်မတီ
          (၁ဝ)    ဗိုလ်တင်မောင်                     ဗဟိုဌာနချုပ်၊
                                                          ပါတီကော်မတီ
(၁၁)    ဗိုလ်သန်းနောင်                     ဗဟိုဌာနချုပ်
(၁၂)    ရဲဘော်အေးလွင်                    ဗဟိုဌာနချုပ်
(၁၃)    မရင်ရင်(ခေါ်)
                   မစိန်အေး                           ဗဟိုဌာနချုပ်
(၁၄)    မောင်သက်(ခေါ်)
                   မင်းနွယ်                              တောခိုကျောင်းသား
(၁၅)    စိုးဝင်း(ခေါ်)
                   ထွန်းကျော်                          တောခိုကျောင်းသား
(၁၆)    အောင်ဝင်း(ခေါ်)
                    စိုးနိုင်                                ရှမ်းကျောင်းသား*(*    စိုင်းအောင်ဝင်း။       )
တို့ဖြစ်သည်။
ပထမပတ် ဗဟိုမာ့ခ်စ်လီနင်ဝါဒကျောင်းသည် ၁၉၆၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် သင်တန်း ပြီးဆုံးခဲ့သည်။သခင်သန်းထွန်းနှင့်ပြည်ပပြန်များသည် သင်တန်းသားများအား အနီးကပ်ပင်လေ့ကျင့်ပေးခဲ့ သည်။ အထူးသဖြင့် တောခိုကျောင်းသားသုံးဦးဖြစ်သည့် မောင်သက်၊ စိုးဝင်းနှင့် အောင်ဝင်းတို့ကို ၆၄ လမ်းစဉ်၏ ကျောရိုးများအဖြစ် မြှောက်စားခဲ့ကြသည်။
သို့နှင့် ဗမာပြည်ကွန်မြူနစ်ပါတီတွင် ပြည်ပမှ ချမှတ်ပေးသော ၆၄ လမ်းစဉ်နှင့် ပြည်ပပြန်များသည် တစ်စတစ်စလွှမ်းမိုးလာတော့သည်။ ဂိုရှယ်ကဲ့သို့ အစဉ်အလာရှိသော ခေါင်းဆောင်များက ဆန့်ကျင်ကြ သော်လည်း ပြည်ပပြန်များမှာ အသာစီးရထားကြပြီး ဖြစ်သည်။ ရဲဘော်ဌေးမှာမူ တွေဝေ၍နေသည်။ ပြည်ပ ပြန်များသည် အစဉ်အလာရှိသော ခေါင်းဆောင်အိုများကို ပစ်ပယ်ချောင်ထိုး၍ အစဉ်အလာမရှိ အတွေ့အကြုံ နုနယ်သော မိုက်ရူးရဲလူငယ်များကို မိမိတို့လိုအပ်သလို အသုံးချနိုင်ရေးအတွက် အထူးလေ့ကျင့်ပျိုးထောင်ပေး လျက်ရှိ နေကြလေသည်။
Share this article :

0 comments:

Post a Comment

 
ဆက်သွယ်ရန် mmpolitical2013@gmail.com :
Template Modify by Creating Website Myanmar Political Research Organization