Home » » အခန်း(၆) ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပါတီတွင်း ပဋိပက္ခများနှင့် လူသတ်ဝါဒထွန်းကားလာခြင်း

အခန်း(၆) ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပါတီတွင်း ပဋိပက္ခများနှင့် လူသတ်ဝါဒထွန်းကားလာခြင်း


အခန်း(၆)
ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပါတီတွင်း ပဋိပက္ခများ   (၁။သခင်သန်းထွန်း၏နောက်ဆုံးနေ့များ ပထမတွဲမှ ကောက်နုတ်ဖော်ပြသည်။)နှင့် လူသတ်ဝါဒထွန်းကားလာခြင်း

၁၉၆၅ ခုနှစ်၊  နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းအဝေး
ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီဥက္ကဋ္ဌ သခင်သန်းထွန်းနှင့် ပြည်ပပြန်များသည် ပြည်ပမှ ရေးဆွဲပေးပို့သည့် ၆၄ လမ်းစဉ်ကို အကြွင်းမဲ့လက်ခံ ပြီးနောက် ၆၄ လမ်းစဉ်အကောင်အထည်ဖော်ရေး အတွက် အရေးပါသောခေါင်းဆောင်မှုကဏ္ဍများကို ပြည်ပပြန်များက နေရာဝင်ယူကြပုံ၊ တောခိုကျောင်း သားများအပါအဝင် မိုက်ရူးရဲလူငယ်များကို သိမ်းသွင်း နိုင်ရေးအတွက် ဗဟိုမာ့ခ်စ်လီနင်ဝါဒကျောင်းကိုဖွင့်လှစ် ပုံစသည်တို့အား အစီရင်ခံခဲ့ပြီးပေပြီ။သခင်သန်းထွန်းနှင့် ပြည်ပပြန်များသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လမ်းစဉ်ဟောင်းများ (အဓိကအားဖြင့် ပြည်တွင်းစစ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကြွေးကြော်သော ၅၅ လမ်း စဉ်) နှင့် အတွေးအခေါ် ဟောင်းများကို ဖယ်ရှား ပစ်နိုင်ရေးအတွက် ပထမပတ် ဗဟိုမာ့ခ်စ်လီနင်ဝါဒ ကျောင်းတွင်  သင်တန်းသားများအား  အနီးကပ် လေ့ကျင့်ပေးခဲ့ခြင်းဖြစ်သည်။


သခင်သန်းထွန်းသည် ပထမပတ် ဗဟိုမာ့က်စ် လီနင်ဝါဒကျောင်း၊ ကျောင်းဖွင့်မိန့်ခွန်းတွင် လမ်းစဉ် ဟောင်းများကို စွန့်ပစ်ရန်အတွက် အောက်ပါအတိုင်း ပြောကြားခဲ့သည်ကို တွေ့ရသည်။(၂။သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ ပထမတွဲ စာမျက်နှာ ၁ဝဝ မှ ၁ဝ၃ အထိ။)
xxx
''ဒီလိုဗမာပြည်ရဲ့  သမိုင်းရေးဖြစ်ပေါ် တိုးတက်မှုကို   အဆုံးအဖြတ်ပေးနေတဲ့ အကြောင်းခြင်းရာဟာ ကျွန်တော်တို့ပါတီက ရှေ့ဆောင်နေတဲ့ ပြည်သူတွေရဲ့တော်လှန်တဲ့ စစ်ဖြစ်တယ်''
''အဲဒီလို အတွေ့အကြုံများပြီး ပြည်သူလူထု အတွင်းမှာသြဇာတိက္ကမကြီးမားတာ အမှန်ဖြစ် ပေမယ့် ဒီကနေ့ ဗမာပြည်ရဲ့သမိုင်းကို အဆုံး အဖြတ်ပေးတဲ့အခန်းမှာ ရောက်နေတဲ့ပါတီပင် ဖြစ်ပေမယ့် ကိုယ့်ကိုယ်ကို မညှာတမ်းပြော ရရင် အတွေးအခေါ်ပိုင်းမှာတော့ အားနည်း တာအမှန်ပဲ''
''ကျွန်တော်တို့အနေနဲ့ အတွေးအခေါ်ပိုင်း မှာ အားထုတ်တာအတော်ပဲနည်းတယ်၊ အတွေ့အကြုံပေါ်မှာ အားသန်တယ်၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရခဲ့တဲ့ အတွေ့ အကြုံတွေကို သဘောတရားဖြစ်လာအောင် အထိ ကျွန်တော်တို့ရဲ့ အသိပညာကို မတိုး မြှင့်တင်နိုင်ဘူး''
''ဒါကိုကျွန်တော်တို့ ပေါ့ပေါ့တန်တန် စဉ်းစားလို့မဖြစ်ဘူး၊ ဒါဟာ ဓနရှင်အတွေး အခေါ် လွှမ်းမိုးမှုတစ်မျိုးပဲလို့ အလေးအနက် မြင်ဖို့လိုပါတယ်၊ ပစ္စည်းမဲ့လူတန်းစားပါတီနဲ့ မအပ်စပ်ပါဘူး''
''ဒီလိုဖြစ်တဲ့အတွက်ကြောင့်လည်း ကျွန်တော်တို့ဟာတရားသေဝါဒရဲ့ သားကောင်ဖြစ်လိုက်၊ ပြန်လည်ပြင်ဆင်ရေး ဝါဒရဲ့ အလှည့်အစားခံလိုက်ရဖြစ်တာတွေရှိတယ်၊ တရားသေဝါဒရဲ့သားကောင်ဖြစ်တဲ့ အတွေ့ အကြုံ၊ ပြန်လည်ပြင်ဆင်ရေးဝါဒရဲ့အလှည့် စားခံရတဲ့ အတွေ့အကြုံတွေက ကျွန်တော်တို့ ပါတီသမိုင်းမှာ မနည်းပါဘူး''
''ဒီအတွေး အခေါ်အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ ကျွန်တော်တို့ မနားမနေ အားထုတ်ရပါမယ်''
(သခင်သန်းထွန်း၏ ကျောင်းဖွင့်မိန့်ခွန်း၊ စာမျက်နှာ ၈ )
xxx
''ရရှိတဲ့ အတွေ့အကြုံတွေက အဆီအနှစ် တွေထုတ်၊ သဘောတရားဖြစ်အောင်ပြုစု၊ အဲဒီ သဘောတရားကိုပဲ လမ်းညွှန်အဖြစ် အသုံးပြု၊ လက်တွေ့ထပ်လုပ်၊ အဲဒီလက်တွေ့က တစ်ခါ ပိုပြီး ထက်မြက်တဲ့သဘောတရားအဖြစ် မြှင့် တင်၊ အဲဒီလိုနဲ့ ကျွန်တော်တို့ရဲ့ အသိပညာ ဟာ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာရမှာ ဖြစ်တယ်''
''ကျွန်တော်တို့ဟာ အတွေ့အကြုံဝါဒသမား တွေအဖြစ်နဲ့ ကျဉ်းမြောင်းတဲ့ လက်တွေ့ဘဝ ထဲမှာ နစ်မြုပ်မနေဘဲ အတွေ့အကြုံကနေ သဘောတရားတွေ ဖော်စပ်နိုင်သူတွေ ဖြစ် လာအောင် နိုင်ငံရေး၊ ပညာပေးဖို့လိုတာပဲ''
(သခင်သန်းထွန်း၏ ကျောင်းဖွင့်မိန့်ခွန်း၊ စာမျက်နှာ ၁၁)
xxx
''ကျွန်တော်တို့ကျောင်းရဲ့ ရည်ရွယ်ချက်က မာ့ခ်စ်ဝါဒ၊ လီနင်ဝါဒ အခြေခံမှုတွေကို ပိုင် နိုင်အောင် လေ့လာရေး၊ ဗမာပြည်တော်လှန် ရေး ပြဿနာတွေကို အကောင်အထည်ရှိရှိ လေ့လာရေးဖြစ်တယ်''
(သခင်သန်းထွန်း၏ ကျောင်းဖွင့်မိန့်ခွန်း၊ စာမျက်နှာ ၂၂)
xxx
''(က)   ပထမမှားယွင်းတဲ့လေ့လာနည်းက တော့ သိန်းဖေ* (*စာရေးဆရာ ဦးသိန်းဖေမြင့် (ကွယ်လွန်)။) လေ့လာနည်းပဲ၊ သိန်းဖေ အနေနဲ့ ဒီကနေ့ မာ့ခ်စ်ဝါဒကို သစ္စာဖောက် တဲ့လူ ဖြစ်ပေမယ့် တစ်ချိန်တုန်းက ပါတီမှာ ကြီးစိုးခဲ့ဖူးတဲ့လူဖြစ်တော့ သူ့လေ့လာနည်းကို ပြောရမှာပဲ''
''သူ့လေ့လာနည်းက အခြေခံကျမ်းရင်း တွေ လေ့လာစရာမလိုဘူး ဆိုတာပါပဲ''
''ပေါ်ပင်အရေးကိစ္စတွေအကြောင်း      ရေးသားတာတွေ   လျှောက်လေ့လာရင် ပြီးတယ်ဆိုတာပဲ၊  ဓနရှင်သတင်းစာတွေမှာ ကွန်မြူနစ်အကြောင်းရေးတဲ့ ဆောင်းပါးတွေ ဟာ သူ့ရဲ့  ပိဋကတ်သုံးပုံပဲ၊  အဂ္ဂါစနိုးတို့လို သတင်းထောက်တွေဟာ သူ့ရဲ့ဘုရားပဲ''
''ပါတီမှာ   သိန်းဖေမရှိတော့ပေမယ့် သိန်းဖေရဲ့ လေ့လာဟန် ကျန်နေသေးတယ်၊ ဒါကြောင့် သိန်းဖေရဲ့လေ့လာနည်းကို ပါတီ မှာ ရှင်းပစ်ရမယ်''
''(ခ) ဒုတိယမှားယွင်းတဲ့ လေ့လာနည်းက တော့ သခင်စိုးလေ့လာနည်းပဲ''
''သခင်စိုးကတော့ စာအုပ်ထဲလေ့လာပြီး လူ့ဘဝကို မလေ့လာဘူး၊ မာ့ခ်စ်၊ လီနင်က ဒီလိုဆိုတယ်၊ ဒါကြောင့် ဒီလိုဖြစ်ရမယ်ဆိုပြီး နိဂုံးချုပ်တာပဲ၊   ဗမာပြည်ရဲ့အခြေအနေ လူတန်းစားအသီးသီးရဲ့ လှုပ်ရှားမှု ဘာမှမပါ ဘူး''
(သခင်သန်းထွန်း  ကျောင်းဖွင့်မိန့်ခွန်း၊ စာမျက်နှာ ၃ဝ၊ ၃၁)
xxx
''ဂျပန်ဆန့်ကျင်တဲ့ ခုခံစစ်အတွင်းတုန်းက ရဲဘော်မော်စီတုံးက ဒီလိုပြောဖူးတယ်၊ မာ့ခ်စ် ဝါဒ၊ လီနင်ဝါဒအသေအချာ နားလည်တဲ့ လူ (၁ဝဝ) က (၂ဝဝ) အထိသာ  ရအောင်လုပ်၊ အောင်ပွဲရနိုင်တယ်လို့ ပြောတယ်''
''ကျွန်တော်တို့ တိုင်းပြည်က သူတို့ပြည် ထက် အများကြီးငယ်တာပဲ၊ သူတို့ပြည်ဟာ သန်း ၆၅ဝ တောင်ရှိတယ်၊ ကျွန်တော်တို့က သန်းအစိတ်တောင်မပြည့်ဘူး''
''ဒီလိုခြားနားပေမယ့် ကျွန်တော်က ရဲဘော် မော်စီတုံးပြောတဲ့  ဂဏန်းအမျိုးအစားအထိ မလျှော့ချင်ဘူး၊ နည်းနည်းတောင်ပိုချင်တယ်''
''ကျွန်တော်တို့ဆီမှာ မာ့ခ်ဝါဒ၊ လီနင်ဝါဒ ပိုင်တဲ့လူငါးဆယ်သာရအောင်ကြိုးစား၊ တော်လှန်ရေး အောင်နိုင်တယ်''
(သခင်သန်းထွန်း၏ ကျောင်းဖွင့်မိန့်ခွန်း၊ စာမျက်နှာ ၄၃)။
xxx
တစ်ဖက်နိုင်ငံရှိ အရှေ့တိုင်းနိုင်ငံရေးတက္ကသိုလ် တွင် အဘိဓမ္မာဘာသာရပ်ကို အထူးလေ့လာခဲ့ဖူးသော  ပြည်ပပြန် ရဲဘော်မျိုးသန့်ကလည်း ဘာသာရေးနှင့် ပတ်သက်၍ အောက်ပါအတိုင်း သင်ကြားပို့ချပေးခဲ့ သည်။(၁။သခင်သန်းထွန်း၏နောက်ဆုံးနေ့များ ပထမတွဲ စာမျက်နှာ ၁ဝ၄။)
''ဘာသာရေးသည် မာ့က်စ်အဘိဓမ္မာ၏ ရန်သူဖြစ်၏၊ ဘာသာရေးနှင့် မာ့က်စ်အဘိ ဓမ္မာသည် မည်သည့်နည်းနှင့်မျှ ပေါင်းစပ် မရပေ၊  ဘာသာရေးသည်  သွေးစုပ်သော လူတန်းစား၏လက်နက်ဖြစ်၏၊  ပြည်သူ့ တော်လှန်ရေးကို ဖျက်ဆီးသည့် ဘိန်းငွေ့ဖြစ် ၏၊ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘာသာရေးကို ဆန့်ကျင်ရပေမည်''
သခင်သန်းထွန်းကိုယ်တိုင်ကလည်း ''ဗမာပြည် ကွန်မြူနစ်ပါတီသည် ဗမာပြည်တွင် တစ်ခုတည်းသော စစ်မှန်သည့်မာ့ခ်စ်ဝါဒ၊ လီနင်ဝါဒပါတီဖြစ်သည်''(၂။ သခင်သန်းထွန်း၏နောက်ဆုံးနေ့များ ပထမတွဲ စာမျက်နှာ ၁ဝ၈။)
 ဟု ဟောပြောပို့ချခဲ့ပြီး တစ်ဖက်နိုင်ငံအရှေ့တိုင်းနိုင်ငံရေး တက္ကသိုလ်ဆင်း ရဲဘော်စိုးဝင်း (ခေါ်)ဌေးအောင်က ပါတီတည်ဆောက်ရေးကို ဟောပြောပို့ချရာတွင် ပါတီတွင်း ဒီမိုကရေစီအရ ဗဟိုချုပ်ကိုင်မှုစနစ်နှင့် ပါတီ တွင်းတိုက်ပွဲ၊ ပါတီတွင်းဝေဖန်ရေး၊ မိမိကိုယ်ကို ဝေဖန် ရေးတို့ကို ထည့်သွင်း သင်ကြားခဲ့သည်။ စစ်ရေးနှင့် ပတ်သက်၍ တစ်ဖက်နိုင်ငံ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ အနောက်တောင်ပိုင်း စစ်ဒေသကြီး၏ ပြည်နယ်တစ်ခုရှိ မြို့တစ်မြို့မှ စစ်တက္ကသိုလ်ကျောင်း ဆင်းဖြစ်သူ ဗိုလ်ထွန်းငြိမ်းက တာဝန်ယူပို့ချသည်။ ဗိုလ်ထွန်းငြိမ်းသည်  မြို့တစ်မြို့စစ်ဒေသ၊ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်  တပ်မကြီး(၉၁၃၁)၊ တပ်မဟာ(၁)တွင်  ဒုတိယတပ်မဟာမှူးကြီး  တာဝန် ထမ်းဆောင်ခဲ့သူ လည်းဖြစ်သည်။
သခင်သန်းထွန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ ၏ ၁၉၅၁ ခုနှစ်၊ ငြိမ်းချမ်းရေးညွန့်ပေါင်းအစိုးရ လမ်းစဉ်ကို စစ်ရေးချိုလမ်းစဉ်အဖြစ် ရှုတ်ချလိုက် သည်။ ၁၉၅၅ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာသည့် စစ်မတိုက်ရေး အတွေးအခေါ်ကိုလည်း အပြစ်တင် သည်။ အမှန်စင်စစ်အားဖြင့် ၅၁ ခုနှစ် ငြိမ်းချမ်းရေး ညွန့်ပေါင်းအစိုးရ လမ်းစဉ်၊ စစ်ရေးချိုတို့နှင့် ၅၅ ခုနှစ် နောက်ပိုင်း ငြိမ်းချမ်းရေးစိတ်ကူးယဉ်ကာ လက်နက် အပ်ရေး၊ စစ်မတိုက်ရေးတို့ကြောင့် ဆုံးရှုံးနစ်နာမှုဟာ ၅ဝ-၅၁ ခုနှစ် နှစ်နှစ်အတွင်း စစ်နိုင်ရေးတုန်းက လက်ဝဲစွန့်စားရေး အမှားထက် ပိုပြီးကြီးမားသည်ဟု ဆိုသည်။      (၃။    သခင်သန်းထွန်း၏နောက်ဆုံးနေ့များ ပထမတွဲ စာမျက်နှာ ၁၁၃။)
xxx
''အချောင်သမားဝါဒဟာ လူတစ်ဦး တစ်ယောက်ရဲ့ ချွတ်ချော်မှု၊ မတော်တဆဖြစ် မှု၊ တိမ်းပါးမှု၊ သစ္စာဖောက်မှု မဟုတ်ဘူး၊ လူမှုရေးဇာစ်မြစ်က ပေါက်ဖွားလာတာဖြစ် တယ်လို့ လီနင်ပြောဖူးတယ်''
''ဒါကြောင့် ကျွန်တော်တို့ပါတီခေါင်းဆောင် ပိုင်းမှာ ဒီလိုတော်လှန်တဲ့စစ်ကို ဆန့်ကျင်တဲ့ တော်လှန်စစ်ကို   ဖျက်သိမ်းချင်တဲ့အတွေး အခေါ်ပေါ်ပေါက်ရတာရဲ့လူမှုရေးအကြောင်း ရင်းတွေကို ရှာဖွေရမယ်''
''ရန်သူကနေပြီး တရစပ်စစ်တိုက်နေတာနဲ့ ငြိမ်းချမ်းရေးလှည့်စားမှုတွေလုပ်နေတာဟာ ကျွန်တော်တို့အတွင်းမှာ လက်ယာအချောင် သမားဝါဒဖြစ်စေတာရဲ့ ပြင်ပအကြောင်းဖြစ် တယ်''
''နောက်အကြောင်းတစ်ခုကတော့ ကျွန်တော်တို့ပါတီနဲ့  တစ်ဖက်နိုင်ငံပါတီနဲ့ မတူတဲ့ အခြေအနေ တစ်ခုရှိတယ်၊ တစ်ဖက် နိုင်ငံကွန်မြူနစ်ပါတီအနေနှင့်လီနင်စတာလင် တို့ရဲ့  တိုက်ရိုက် ခေါင်းဆောင်မှု ရရှိခဲ့ပြီး စစ်မှန်တဲ့ မာ့ခ်စ်ဝါဒ၊ လီနင်ဝါဒနဲ့ ကြီးပြင်း ခဲ့ရတယ်၊ ကျွန်တော်တို့ပါတီအနေနဲ့ကတော့ အင်္ဂလန်ပါတီ၊ အိန္ဒိယပါတီ တို့ဆီကတစ်ဆင့် မာ့ခ်စ်ဝါဒကို သင်အံလာခဲ့ရတယ်၊ ဒီလို ကျွန်တော်တို့ရတဲ့ မာ့ခ်စ်ဝါဒဟာ ဆိုရှယ် ဒီမိုကရေစီဝါဒတို့၊ အမျိုးသားပြုပြင်ရေးဝါဒ တို့နဲ့ရောစပ်ပြီး လာခဲ့တာတွေ့ရမယ်''
''မျိုးသိပ်မစစ်ဘူးလို့ပြောရမယ်''
''ဒီပြည်တွင်းစစ်ကာလမှာလည်း   ကရူး ရှပ်ဝါဒရဲ့သြဇာဟာ အတော်ပဲဂယက်ရိုက်ခဲ့ တယ်၊ ဒါတွေကတော့ ပြင်ပအကြောင်းပဲ''
''အဓိကအကြောင်းကတော့ အတွင်း အကြောင်းပဲ၊ ပါတီခေါင်းဆောင်တွေအနေနဲ့ ဓနရှင်ပေါက်စ လက္ခဏာတွေ အကုန်အစင် မစွန့်လွှတ်နိုင်သေးတာ ပစ္စည်းမဲ့လူတန်းစား အတွေးအခေါ်ကို အပြည့်အဝ မခံယူနိုင်သေး တာ ဖြစ်တယ်''
''ပါတီခေါင်းဆောင်တွေရဲ့ အတွေးအခေါ်နဲ့ဘဝပြုပြင်ရေးဟာ အရေးအကြီးဆုံး လုပ်ငန်းတာဝန်ဖြစ်တယ် ဆိုတာကို ဗမာပြည် တော်လှန်စစ်က ထူးထူးခြားခြားဖော်ထုတ် လိုက်တယ်''
''ဒါကြောင့် ပါတီတစ်ရပ်လုံး အထူးသဖြင့် ခေါင်းဆောင်ပိုင်းမှာ တော်လှန်တဲ့စစ်ကို ဆန့်ကျင်တဲ့၊ တော်လှန်တဲ့စစ်ကို ဖျက်သိမ်းပစ် ချင်တဲ့ အတွေးအခေါ်တွေကို အြ<ွကင်းမဲ့ တိုက်ဖျက်ပစ်ရေး၊ တော်လှန်စစ် အတွေး အခေါ်ထွန်းကားရေးဟာ ဒီကနေ့ ကျွန်တော် တို့အားလုံးရဲ့ အရေးအကြီးဆုံးအလုပ်ဖြစ် တယ်၊ ဒါမှသာ ပစ္စည်းမဲ့နိုင်ငံရေး လွှမ်းမိုးတဲ့ တပ်မတော်ပါတီခေါင်းဆောင်မှုရှိတဲ့ တပ်မတော်ကို တည်ဆောက်နိုင်မယ်''
''ဒါမှသာ တော်လှန်တဲ့စစ်ကို အနိုင်တိုက် နိုင်မယ်''
''ဒါမှသာ ပစ္စည်းမဲ့လူတန်းစားနဲ့ လုပ်သားပြည်သူ က အာဏာသိမ်းနိုင်မယ်''
(သခင်သန်းထွန်း၏ ဟောပြောပို့ချချက် များမှ)  (၁။သခင်သန်းထွန်း၏နောက်ဆုံးနေ့များ ပထမတွဲ စာမျက်နှာ ၁၁၂ မှ ၁၁၅။)
ဤကား သခင်သန်းထွန်း၏ 'တော်လှန်သော စစ်အတွေးအခေါ်များ ထွန်းကားရေး' ဟောပြောပို့ချ ချက်မှဖြစ်သည်။ သခင်သန်းထွန်းနှင့် ပြည်ပပြန်များ သည် ပါတီတွင်း၌ မိမိတို့၏ အယူအဆများကို လက်မခံသူများအား ဖယ်ရှားရှင်းလင်းပစ်ရန် ကြိုတင် ကြံစည်နေကြခြင်းပင်ဖြစ်သည်။ သခင်သန်းထွန်းသည် ပထမပတ် ဗဟိုမာ့ခ်စ်လီနင်ဝါဒကျောင်း၊ ကျောင်း ဆင်းပွဲမိန့်ခွန်းတွင်လည်း ''၆၄ ခုနှစ်ဗဟိုကော်မတီက ချမှတ်လိုက်တဲ့ နိုင်ငံရေးလမ်းစဉ်ဟာ ကျွန်တော်တို့ပါတီ ရဲ့ သမိုင်းမှာ အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်တယ်'' ဟု ၆၄ လမ်းစဉ်ကို အမွှမ်းတင်၍ပြောခဲ့ သည်။ ၆၄ လမ်းစဉ်သည် ၄၈ ခုနှစ်လမ်းစဉ် (လက်နက် ကိုင် တော်လှန်ရေးလမ်းစဉ်)ကို အခြေခံပြီး ၅၅ လမ်းစဉ် ၏ တော်လှန်တဲ့မူ(လက်နက်ကိုင် တိုက်ခိုက်ရေးအပိုင်း) ကို ထိန်းသိမ်းထားခြင်း ဖြစ်သည်ဟုလည်း ရှင်းပြသည်။ ၆၂ ခုနှစ်လမ်းစဉ်မှ အဆိုးပိုင်းပယ်ပြီး အကောင်းပိုင်း ကို ယူသည်ဟုလည်း ဆိုသည်။
၆၄ လမ်းစဉ်သည် အလံနီပါတီနှင့် ညီညွတ်မှ တော်လှန်ရေးအောင်မြင်မည်ဟူသော အတွေးအခေါ် ကို ပယ်ဖျက်ထားခြင်းဖြစ်ရာ သခင်သန်းထွန်းနှင့် ပြည်ပပြန်များသည် အလံနီပါတီချေမှုန်းရေးကိုလည်း ထည့်သွင်းပို့ချခဲ့ကြသည်။(၂။  သခင်သန်းထွန်း၏နောက်ဆုံးနေ့များ ပထမတွဲ စာမျက်နှာ ၁၃ဝ။)
ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဌာနချုပ် သည် ၁၉၆၅ ခုနှစ်၊ ဇွန်လတွင် သာယာဝတီခရိုင် နတ်တလင်းမြို့နယ်၊ တောင်ညိုဒေသမှ ဇီးကုန်းမြို့နယ် တွင်း  စခန်းသို့ ပြောင်းရွှေ့ထားရာ  ဗဟိုမာ့ခ်စ်လီနင် ဝါဒကျောင်းသည်လည်း ဌာနချုပ်နှင့်အတူ လိုက်ပါခဲ့ ရသည်။ သခင်သန်းထွန်းနှင့် ပြည်ပပြန်များသည် ဗဟို မာ့ခ်စ်လီနင်ဝါဒကျောင်း သင်တန်းသားများအား ပြန်လည်ဆွေးနွေးစေပြီးနောက် ၁၉၆၄ ခုနှစ် ဗဟို ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များ (၆၄ လမ်း စဉ်) ကို အသစ်တစ်ဖန် ပြင်ဆင်ဆုံးဖြတ်ရေးအတွက် ၁၉၆၅ ခုနှစ်၊ ဇွန်လတွင် ပေါ်လစ်ဗျူရိုအဖွဲ့ (နိုင်ငံရေး ဦးဆောင်အဖွဲ့)၏ အစည်းအဝေးကိုကျင်းပခဲ့သည်။
ပေါ်လစ်ဗျူရိုအစည်းအဝေးသို့ တက်ရောက်သူ များမှာ အောက်ပါအတိုင်းဖြစ်သည်-
(၁)     သခင်သန်းထွန်း ပေါ်လစ်ဗျူရို
(၂)     ရဲဘော်ဌေး       ပေါ်လစ်ဗျူရို
(၃)     ဘတင်(ခေါ်)ဂိုရှယ်       ပေါ်လစ်ဗျူရို
(၄)     သခင်ချစ်        ပေါ်လစ်ဗျူရို
(၅)     ရဲဘော်အောင်ကြီး        ဗဟိုကော်မတီ
(၆)     သခင်ပု ဗဟိုကော်မတီ
ထိုအစည်းအဝေးသို့ ဗဟိုဌာနချုပ်တွင်ရှိနေသော ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ  ဗိုလ်ရန်အောင်ကို တက်ခွင့်မပေးခဲ့ပေ။ ဗိုလ်ရန်အောင်သည် သင်တန်း သားဖြစ်နေသည်ဟု အကြောင်းပြကြသည်။ ၁၉၆၅ ခုနှစ် ပေါ်လစ်ဗျူရိုအစည်းအဝေးတွင် ဗမာပြည် ကွန်မြူနစ်ပါတီ၏ အတွေးအခေါ်နှစ်ရပ်၊ လမ်းစဉ် နှစ်ရပ်သည် တိုက်ပွဲပြင်းထန်စွာဖြစ်လာတော့သည်။ သခင်သန်းထွန်းနှင့် ပြည်ပပြန်များသည် ပြည်ပက ချမှတ်သော လမ်းစဉ်ကို ကိုယ်စားပြုခဲ့ကြသည်။ ဂိုရှယ် က ပြည်ပလမ်းစဉ်ကို ဆန့်ကျင်သည်။ ရဲဘော်ဌေးနှင့် သခင်ချစ်မှာမူ  တွေဝေ၍နေကြသည်။  သို့သော် နောက်ပိုင်းတွင် ရဲဘော်ဌေးနှင့် သခင်ချစ်မှာ သခင် သန်းထွန်းတို့ဘက်က ထောက်ခံလိုက်ကြသည်။
သို့နှင့် ၁၉၆၅ ခုနှစ်၊ ဇွန်လ ပေါ်လစ်ဗျူရို အစည်း အဝေးဆုံးဖြတ်ချက်တစ်ရပ် ထွက်လာတော့သည်။ ယင်း ဆုံးဖြတ်ချက်သည်   လမ်းစဉ်အသစ်တစ်ရပ်ဖြစ်နေ သည်။
xxx
၁၉၆၄ ခုနှစ်၊ စက်တင်ဘာလ ဗဟိုကော်မတီ အစည်းအဝေးအပြီး အခြေအနေနှင့်လုပ်ငန်း တာဝန်များ။
''၁၉၆၅ ခုနှစ်၊ ဇွန်လတွင် ကျင်းပသော ပေါ်လစ် ဗျူရိုအဖွဲ့၏ ဆုံးဖြတ်ချက်''(၃။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ ပထမတွဲ စာမျက်နှာ ၁၄၆ မှ ၁၅၇။)

xxx
ပေါ်လစ်ဗျူရိုဆုံးဖြတ်ချက်တွင်-
(၁)     နိုင်ငံတကာအခြေအနေ။
(၂)     ပြည်တွင်းအခြေအနေ။
(၃)     အခြေအနေက ပေါ်ပေါက်လာသော ပြဿနာများအပေါ် သဘောထား။
(၄)     လုပ်ငန်းများ- စသည်ဖြင့် ခွဲခြားဖော်ပြ  ထားသည်။ နိုင်ငံတကာအခြေအနေတွင် လူတန်းစား တိုက်ပွဲ ပိုမိုပြင်းထန်လာမည်ဖြစ်ပြီး ကမ္ဘာ့အရင်းရှင်  စနစ်သည် အထွေထွေကပ်ဆိုက်လာမည်။ အမေရိကန် သည် နေရာတကာတွင် စစ်ရှုံးလာပြီး အရှေ့တောင် အာရှတွင် ကျူးကျော်စစ်ကို ပိုမိုတိုးချဲ့လာမည်။ ဗမာ ပြည်သို့ပင် ကူးစက်လာမည်ဟု သုံးသပ်ထားသည်။ အမေရိကန်တို့သည် ကေအမ်တီများကို ပိုမိုလှုပ်ရှားစေ ခြင်း၊ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များကိုအသုံးချ ၍ တိုင်းပြည်ဖြိုခွဲခြင်း၊  အမေရိကန် အလိုတော်ရပြည် တွင်းဖောက်ပြန်ရေးသမားများ (တည်မြဲများ)ကို အသုံး ချ၍ အမေရိကန်အလိုကျ အစိုးရထူထောင် ခြင်းတို့ကိုလည်း လုပ်လိမ့်မည်ဟုဆိုသည်။ တော်လှန် ရေး  အစိုးရကိုအကူအညီပေး၍လည်း  ကွန်မြူနစ် ဆန့်ကျင်ရေးကို ပိုမိုပြုလုပ်စေမည်ဟုလည်း ဖော်ပြ သည်။
ဗမာပြည်ကွန်မြူနစ်ပါတီသည် တော်လှန်ရေး အစိုးရကိုသာမကဘဲ အမေရိကန်နှင့်နောက်လိုက်များ ကိုပါ အရှေ့တောင်အာရှပြည်သူများ၏ တော်လှန်ရေး တစ်စိတ်တစ်ဒေသအဖြစ် တိုက်ခိုက်ရမည်ဟုလည်း လမ်းညွှန်သည်။
ပြည်တွင်းအခြေအနေနှင့်ပတ်သက်၍လည်း ဤသို့အကဲဖြတ်သည်။
xxx
''၆၄-၆၅ ခုနှစ်တွင် အစိုးရပစ္စည်းများ (ပပက)ပစ္စည်းများ   သိမ်းယူဝေငှသော လှုပ်ရှားမှုသည် တစ်ပြည်လုံးအနှံ့အပြားတွင် ဖြစ်ပေါ်ခဲ့၏၊   ဤတိုက်ပွဲများအတွက် လက်နက်ကိုင်တပ်များသာမက ပြည်သူအများ အပြားလည်း ပါဝင်ပေသည်၊ ၄၇ ခုနှစ်က ပေါ်ပေါက်ခဲ့သော   ဆန်သိမ်းပွဲများထက် အဆင့်လည်းမြင့်ပြီး လူထုလက္ခဏာဆောင် သည့် အစိုးရကို တိုက်ရိုက်တိုက်ခိုက်သည့် လှုပ်ရှားမှုဖြစ်ပေသည်''*(သဒ္ဒါနည်းအရ မှားယွင်းသည်။ လူထုလက္ခဏာဆောင်သည့် အစိုးရဟု ဆိုလိုရင်းမဟုတ်ဘဲ အစိုးရကို လူထုလက္ခဏာ ဆောင်သည့် တိုက်ခိုက်သည့် လှုပ်ရှားမှုဟု ဆိုလိုခြင်းဖြစ်သည်။)
''၆၄-၆၅ ခုနှစ်တိုက်ပွဲများတွင် ပြည်သူ့စစ် အများအပြား နေရာတကာတွင် ပါလာကြပေ သည်၊ ဤအချက်သည် ၅ဝ ပြည့်နှစ်နောက် ပိုင်း ဗမာပြည်၏တော်လှန်သောစစ်တွင် အသစ်ဖြစ်ထွန်းချက်ဖြစ်ပေသည်၊ ၄၈- လက်နက်ကိုင်တော်လှန်ရေး၏လက္ခဏာအချို့ ပြန်လည်ရရှိလာ ခြင်းဖြစ်ပေသည်''
''၆၅ ခုနှစ်အတွင်း  ခရိုင်မြို့ကြီးများ အတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခြင်းများပင် ပေါ်ပေါက်လာပေသည်၊ (ထားဝယ်၊ မအူပင်၊ မြောင်းမြ)''
''၆၅ ခုနှစ်အတွင်း ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်တွင် တိုက်ပွဲများပြန်ပေါ်လာ  သည်၊ ပျဉ်းမနားတွင် မီးရထားလမ်းဖျက်ခြင်း၊ တောင်ငူတွင် ကျွဲပွဲဝင်စီးခြင်း၊ ပဲခူးဘက်တွင် ကျောက်တံခါးကို ဝင်စီးခြင်း၊ မီးရထားလမ်း ကင်းကို ဝင်စီးခြင်း''
''ရန်ကုန်-မန္တလေးလမ်းတွင် စစ်ရေး တိုက်ပွဲများကျဆင်းသွားသည်မှာ  ၅၉- လောက်ကတည်းကဖြစ်၏၊ ရန်ကုန်-မန္တလေး လမ်းမပေါ်တွင် တိုက်ပွဲများဖြစ်ပေါ်လာခြင်း သည် တစ်ပြည်လုံးနိုင်ငံရေးပေါ်တွင် ကြီးမား သော ဂယက်ရိုက်ခတ်မှုရှိပေသည်''
''၆၅ ခုနှစ်၏ ထူးခြားချက်တစ်ရပ်က ရန်ကုန်နေပြည်တော် ကာကွယ်ရေးအတွက် ရန်ကုန်ပတ်ဝန်းကျင်တွင်  ရန်သူသည်  စစ်ဆင်ရေးများ ပြုလုပ်လာရခြင်းဖြစ်သည်၊ (လှည်းကူး၊ ဖောင်ကြီး၊ လှိုင်၊ ဘောလယ်၊ တွံတေး၊ တောကြီးတန်း၊ ပဲခူးတောင်ပိုင်း၊ အင်းတကော်၊ သင်္ဃန်းကျွန်းတစ်ဝိုက်)''
ယင်းသည် လွန်ခဲ့သော (၆)နှစ်အတွင်း အသစ်ဖြစ်ထွန်းချက်ဖြစ်ပေသည်။
''ကချင်ပြည်၊ ရှမ်းပြည်၊ ကရင်ပြည်၊ ကယား ပြည် စသည်တို့မှလည်း စစ်အစိုးရကို ပြင်းပြင်း ထန်ထန်တိုက်ခိုက်နေကြသည်၊ တိုင်းရင်းသား လူမျိုးများ၏ တော်လှန်တိုက်ခိုက်မှုသည် ပစ္စည်းမဲ့လူတန်းစားပါတီနှင့် တိုင်းရင်းသား လူမျိုးများ မဟာမိတ်ပြုနေခြင်းဖြစ်သည် ဟူသော နိုင်ငံရေးသဘောသာမက ငါတို့၏ တော်လှန်သော စစ်သည် ကျယ်ပြန့်သော ပြောက်ကျားစစ်လက္ခဏာ ဆောင်သည်၊ တော်လှန်သော ပြောက်ကျားဒေသများသည် တစ်ပြည်လုံးပြန့်လျက်ရှိသည်    ဟူသော တော်လှန်စစ်၏နက်ရှိုင်းမှုကိုလည်း ပြပေ သည်''
''ဤအချိန်ကာလအတွင်း ငါတို့၏ပါတီ အင်အား၊ လက်နက်ကိုင်အင်အားများသည် တိုးပွားလာခဲ့သည်၊ တိုးပွားမှုနှုန်းမှာ ဒေသ တစ်ခုနှင့်တစ်ခုမတူပေ၊ အချို့ဒေသတွင် ၂ဝ ရာခိုင်နှုန်းခန့်တိုးပြီး အချို့ဒေသများတွင် ၆ဝ ရာခိုင်နှုန်းခန့်အထိတိုးလာပေသည်၊ အခြေခံ ဒေသနယ်မြေသည်ကျယ်ပြန့်လာပြီး တိုက်ခိုက် ရေးဒေသသည် ပိုမိုကျယ်ပြန့်လာပေသည်''
(ပေါ်လစ်ဗျူရို အစည်းအဝေး ဆုံးဖြတ်ချက် စာမျက်နှာ ၉၊ ၁ဝ မှ)
xxx
တော်လှန်ရေးအစိုးရနှင့်ပတ်သက်၍လည်း 'စစ် အစိုးရ  ဆန့်ကျင်ရေး  လူထုတိုက်ပွဲများ'  ဟူသော ခေါင်းစဉ်ဖြင့်  ဖော်ပြထားသည်။  အလုပ်သမား၊ လယ်သမားနှင့် လူတန်းစားအသီးသီးသည် တော်လှန် ရေးအစိုးရအား နည်းမျိုးစုံဖြင့် တိုက်ခိုက်နေကြပြီဟု ဖော်ပြထားသည်။  ရန်ကုန်မြို့တွင်ပင်  လူထုကြီး မကြာခဏပေါက်ကွဲပြီး အဓိကရုဏ်းများ ပေါ်ပေါက် နေသည်ဟုဆိုသည်။ အစည်းအဝေးဆုံးဖြတ်ချက်အရ ဆိုသော် ပြည်သူလူထုကြီးတစ်ရပ်လုံးသည် ဗမာပြည် ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုကို ခံယူပြီး တော်လှန် ရေးကောင်စီအစိုးရအား အြုံ<ွကဆန့်ကျင်ပုန်ကန် တိုက်ခိုက်နေကြပြီဟု ဆိုလိုရင်းပင်ဖြစ်သည်။
သခင်သန်းထွန်းနှင့်ပြည်ပပြန်များသည် ဗမာပြည် ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တော်လှန်ရေး အရှိန် တက်နေသည်။ တော်လှန်ရေးအစိုးရကို ပြည်သူများက ကျေနပ်မှုမရှိ၊ တော်လှန်ရေးအစိုးရက အမေရိကန် အကူအညီယူလိမ့်မည်ဟု ထင်မြင်နေခြင်းဖြစ်သည်။ သို့သော် ပစ္စည်းမဲ့လူတန်းစား လွှမ်းမိုးသော တပ်မတော် တည်ဆောက်ရေး၊ ပြောက်ကျားဒေသများတိုးချဲ့ရေး၊ အသစ်ဖွင့်ရေး၊ ဖောက်ပြန်သော ဓနရှင်နိုင်ငံရေး သြဇာကိုတိုက်ဖျက်၍ တော်လှန်ရေးလမ်းစဉ်အရ စည်းရုံးရေးတို့တွင် များစွာ လုံးပန်းရဦးမည်ဟုဆိုသည်။ ၆၄ လမ်းစဉ်ကိုချထားပြီး ဖြစ်သော်လည်း ပါတီက ရဲရဲတင်းတင်း ခေါင်းဆောင်သွားရန် အထူးလိုအပ်နေ သည်ဟုလည်းဆိုသည်။ တော်လှန်ရေးအစိုးရ၏ လူတန်းစားလက္ခဏာကိုမူ အစိုးရလက်ဝါးကြီးအုပ် အရင်းရှင်စနစ်၊ စစ်တပ်ဗျူရိုကရက်အရင်းရှင်စနစ် ကျင့်သုံးနေသည်ဟု သတ်မှတ်သည်။ တော်လှန်ရေး အစိုးကို ဆက်လက် တိုက်ခိုက်သွားရမည်ဖြစ်ပြီး အစိုးရ ပိုင်ပစ္စည်းများ သိမ်းယူရန်၊ အစိုးရသိမ်းထားသည့် ပစ္စည်းများ စိစစ်၍ ပြန်လည်လုပ်ကိုင်ခွင့်ပေးရန် ဆုံးဖြတ်သည်။
ပေါ်လစ်ဗျူရိုအစည်းအဝေးက ဗမာပြည် ကွန်မြူနစ်ပါတီ၏ ၁၉၆၄ ခုနှစ်၊ နိုင်ငံရေးလမ်းစဉ် သည် ငြိမ်းချမ်းရေးလမ်းစဉ်မဟုတ်ကြောင်း စစ်နိုင်ရေး၊ အာဏာသိမ်းရေးလမ်းစဉ် တစ်နည်းအားဖြင့် အပြုတ်တိုက်ရေး လမ်းစဉ် ဖြစ်သည်ဟု အတိအလင်း ဆုံးဖြတ် လိုက်သည်။(၁။သခင်သန်းထွန်း၏နောက်ဆုံးနေ့များ ပထမတွဲ၊ စာမျက်နှာ ၁၅၄၊ ၁၅၅။)
xxx
''ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရေးသည် ဗမာပြည် ပြဿနာ အရပ်ရပ်ကို ဖြေရှင်းရေး အတွက် အဓိကသော့ချက်ဖြစ်သည်ဟူသော အတွေးအခေါ်ကို သုတ်သင်ရှင်းလင်းပစ်ရ မည်၊ အမှန်စင်စစ်အားဖြင့် ငါတို့အာဏာ သိမ်းရေးသည်သာလျှင် ပြဿနာအရပ်ရပ်ကို ဖြေရှင်းရေးအတွက် သော့ချက်ဖြစ်သည်'' (၁၉၆၅  ပေါ်လစ်ဗျူရိုအစည်းအဝေး ဆုံးဖြတ်ချက် စာမျက်နှာ ၃ဝ)
xxx
ပေါ်လစ်ဗျူရို အစည်းအဝေးဆုံးဖြတ်ချက်သည် ၆၄ လမ်းစဉ်ကို ပိုမို၍အရောင်တင်ပေးထားသော် လည်း ၆၄ လမ်းစဉ်တွင် ပြဋ္ဌာန်းခဲ့သော ငြိမ်းချမ်းရေး ဆိုင်ရာ သဘောထားကိုမူ လုံးဝပစ်ပယ်လိုက်သည်ကို လေ့လာတွေ့ ရှိနိုင်သည်။ သခင်သန်းထွန်းသည် ပြည်ပ လမ်းစဉ်ဖြစ်သော ၁၉၆၄ ခုနှစ် ဗဟိုကော်မတီအစည်း အဝေးဥက္ကဋ္ဌ အစီရင်ခံစာတွင် ''လက်နက်ကိုင်တိုက်ပွဲကို အခြားတိုက်ပွဲသဏ္ဌာန်နဲ့ပေါင်းစပ်ပေးရမယ်၊ အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေး သဏ္ဌာန်နဲ့ ပေါင်းစပ်ပေးရမယ်''(၂။သခင်သန်းထွန်း၏နောက်ဆုံးနေ့များ ပထမတွဲ၊ စာမျက်နှာ ၈၂။) ဟု ဖတ်ကြားတင်သွင်းခဲ့သည်။ ပြည်တွင်း ငြိမ်းချမ်းရေးအလံကို မြင့်မားစွာ လွှင့်ထူရမည်ဟုလည်း ဆိုသည်။ ''ပြည်တွင်းငြိမ်းချမ်းရေးပြန်လည် တည်ဆောက်ရန်အတွက် ဒီမိုကရေစီကျကျ ပြန်လည်တွေ့ဆုံ ဆွေးနွေးပွဲများ ပြန်လုပ်ရန် တိုက်ပွဲဝင်ကြ''(၁။သခင်သန်းထွန်း၏နောက်ဆုံးနေ့များ ပထမတွဲ၊ စာမျက်နှာ ၈၄။) ဟူ၍လည်း ကြွေးကြော်ခဲ့သည်။
ယခုမူ သခင်သန်းထွန်းနှင့် ပြည်ပပြန်များသည် ၁၉၆၄ ခုနှစ်၊ ဗဟိုကော်မတီ၏ နိုင်ငံရေးလမ်းစဉ်ကို ပယ်ဖျက်ပြီး အပြုတ်တိုက်ရေး လမ်းစဉ်သစ်တစ်ရပ်   ဖြင့် အစားထိုးလိုက်ခြင်းဖြစ်သည်။ ၆၄ လမ်းစဉ်မှ ငြိမ်းချမ်းရေး ကဏ္ဍကို စွန့်ပစ်လိုက်ပြီး အပြုတ်တိုက်ရေး သက်သက်ကိုသာ ဖော်ထုတ်လိုက်ခြင်းဖြစ်လေသည်။
ဂိုရှယ်၏ကန့်ကွက်ချက်(၂။ သခင်သန်းထွန်း၏နောက်ဆုံးနေ့များ ပထမတွဲ၊ စာမျက်နှာ ၅၆ မှ ၁ဝ၈။)
၁၉၆၅ ခုနှစ်၊ ဇွန်လတွင် ကျင်းပသော ပေါ်လစ် ဗျူရိုအဖွဲ့၏ အစည်းအဝေးတွင် ပေါ်လစ်ဗျူရိုအဖွဲ့ဝင် တစ်ဦးဖြစ်သော ရဲဘော်ဘတင်(ခေါ်)ဂိုရှယ်သည် ၁၉၆၄ ခုနှစ်၊ ဗဟိုကော်မတီနိုင်ငံရေးလမ်းစဉ်အား သခင်သန်းထွန်းနှင့် ပြည်ပပြန်ရဲဘော်အောင်ကြီးတို့က  ပယ်ဖျက်၍ လမ်းစဉ်သစ်တစ်ရပ်ဖြင့် အစားထိုးသည် ကို ပြင်းထန်စွာပင် ကန့်ကွက်တော့သည်။ စင်စစ် ဂိုရှယ်သည် ၁၉၆၄ ခုနှစ် နိုင်ငံရေးလမ်းစဉ်သည် ရောကျော်ဝါဒ၊ စုပေါင်းစပ်ပေါင်းဝါဒဖြစ်သည်ဟုဆိုကာပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့သည်ပင်ဖြစ်သည်။သို့သော် သခင်သန်းထွန်းနှင့် ရဲဘော်အောင်ကြီးတို့က ယခုကဲ့သို့ ဗဟိုကော်မတီဆုံးဖြတ်ချက်ကို အလွယ်တကူ ပယ်ဖျက်လိုက်သော အခါတွင်ကား ဂိုရှယ်သည် ၁၉၆၄ ခုနှစ် နိုင်ငံရေးလမ်းစဉ်ကို အခိုင်အမာ ကာကွယ်ခဲ့ သည်။
ထိုသို့ ၆၄ လမ်းစဉ်ဘက်မှ ကာကွယ်ခြင်းမှာ ၆၄ လမ်းစဉ်သည် ဗဟိုကော်မတီ၏တရားဝင် နိုင်ငံရေး လမ်းစဉ်ဖြစ်နေသောကြောင့်ဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီသည် လီနင်၏ ပါတီတည်ဆောက်ရေး အခြေခံမူများအရ စည်းရုံးရေးဆိုင်ရာ ဆုံးဖြတ်ချက် တစ်ရပ်ချမှတ်ထားခဲ့သည်။ ယင်းဆုံးဖြတ်ချက်အရ သော်လည်းကောင်း၊ ၁၉၆၂ ခုနှစ် ဗဟိုကော်မတီ၏ ပီဘီ (ပေါ်လစ်ဗျူရို)၏ အခွင့်အာဏာနှင့် ပတ်သက်သော ဆုံးဖြတ်ချက်အရသော်လည်းကောင်း ပေါ်လစ်ဗျူရိုသည် ၁၉၆၄ ခုနှစ် ဗဟိုကော်မတီ၏ နိုင်ငံရေး လမ်းစဉ်ကို ပြင်ပိုင်ခွင့်မရှိပေ။ ပြင်ဆင်ရန်လိုအပ်ပါက ဗဟိုကော်မတီအစည်းအဝေးခေါ်ပြီးမှ ဆုံးဖြတ်ရမည် ဖြစ်သည်။ အရေးပေါ်ဗဟိုကော်မတီအစည်းအဝေး မခေါ်နိုင်ပါက တိုးချဲ့ပေါ်လစ်ဗျူရိုအစည်းအဝေးခေါ် ၍ ပေါ်လစ်ဗျူရို အများစု၏မဲအပြင် ဗဟိုကော်မတီ (အချိန်ပြည့်)အနည်းဆုံး ငါးဦး၏ ထောက်ခံချက် မဲရမှသာ ပြင်ဆင်ခွင့်ရှိသည်။
ဂိုရှယ်သည် ယင်း၏စာတမ်းတွင် သခင်သန်းထွန်း နှင့်ရဲဘော်အောင်ကြီးအား အပြုတ်တိုက်ရေးဝါဒီများ ဟု အမည်တပ်ပေးလိုက်သည်။ သခင်သန်းထွန်းတို့က မျက်မှောက်မြန်မာနိုင်ငံအခြေအနေကို အကဲဖြတ်ရာ တွင် အမေရိကန်နယ်ချဲ့သမားသည် အရှေ့တောင် အာရှတွင် ယခုထက်ပို၍ ကျူးကျော်ရေးစစ်ကို တိုးချဲ့ လာမည်။ အမေရိကန်နယ်ချဲ့၏ ကျူးကျော်ရေးစစ်မီးသည် ဗမာပြည်ကိုပင် ကူးစက်လာမည်စသည်ဖြင့် အကဲဖြတ်ပြီး တော်လှန်ရေးကောင်စီသည် အမေရိကန် အကူအညီကိုယူ၍ ဗမာပြည်ကွန်မြူနစ်ပါတီကို တိုက်မည်ဖြစ်သော ကြောင့် တော်လှန်ရေးကောင်စီကိုရော၊ အမေရိကန်နယ်ချဲ့သမားကိုပါ တိုက်ရမည်ဟု ဆုံးဖြတ်ထားခဲ့ကြသည်။ သို့သော် တော်လှန်ရေးကောင်စီ သည် တစ်ဖက်နိုင်ငံနှင့် ငြိမ်းချမ်းရေးကြားနေရေး အခြေခံဖြင့် မိတ်ဖြစ်ဆွေဖြစ် ဆက်ဆံနေသမျှ ကွန်မြူ နစ်ပါတီက ထောက်ခံမည်ဟုလည်းဆိုခဲ့သည်။ ဂိုရှယ်က ယခုကဲ့သို့ ရှေ့နောက်မညီသော နိုင်ငံရေးအစီရင်ခံစာ ကို ထောက်ပြ၍ ဝေဖန်ခဲ့သည်။
အမေရိကန်ကျူးကျော်ရေးစစ်မီးသည် အရှေ့ တောင်အာရှသို့ မုချကူးစက်လာမည်ဟူသော အယူ အဆကိုလည်း ဂိုရှယ်ကိုက မရဏသေခြင်းတရားကို ကိုးကွယ်ရာကျသည်သာမက ၁၉၄၂ ခုနှစ်၊ ဂျပန် မဝင်ခင်ကကဲ့သို့ အမေရိကန်မျှော်သည့် လူမှုဆန့်ကျင်ရေး အတွေးအခေါ်ကိုလည်း ကိုယ်စားပြုရာကျပေ သည်ဟုဆိုသည်။ အပြုတ်တိုက်ရေးဝါဒီများသည် လက်ရှိ လူတန်းစားအင်အားအချိုးအစား နှိုင်းယှဉ်ချက် ကို မတွက်ချက်ဘဲ ရှောင်ကွင်းနေကြသည်ဟုလည်း စွပ်စွဲသည်။ လက်နက်ကိုင်တိုက်ပွဲရလဒ်များကို ခန့်မှန်း တွက်ချက်ပြီးဖော်ပြထားခြင်းနှင့်ပတ်သက်၍လည်း ဝေဖန်ခဲ့သည်။ တော်လှန်ရေးကောင်စီကို ပြည်သူများ က ဆန့်ကျင်နေပြီဟု ဖော်ပြပြီး အခြားတစ်နေရာတွင် ပါတီအနေနှင့် များစွာလုံးပန်းရန်လိုသည်ဟုဖော်ပြ ထားချက်ကိုလည်း ထုတ်နုတ်တင်ပြသည်။ ဂိုရှယ်သည် သခင်သန်းထွန်း၏ နိုင်ငံရေးအစီရင်ခံစာမှ ရှေ့နောက် မညီညွတ်မှုများကို ကောက်နုတ်တင်ပြနေခြင်းဖြစ်သည်။
အထူးသဖြင့် ဂိုရှယ်သည် ဗမာပြည်ကွန်မြူနစ် ပါတီက တော်လှန်ရေးကောင်စီအပေါ် သဘောထား သော အချက်အလက်များမှာ မှားယွင်းကြောင်း အခိုင်အမာပင် ကန့်ကွက်ခဲ့သည်။ ပေါ်လစ်ဗျူရိုအဖွဲ့သည် အစဉ်တစိုက်ယိမ်းယိုင်တွေဝေနေသည်ဟုလည်း ဆို သည်။ နိုင်ငံရေးအရ သခင်သန်းထွန်းတို့လူစုသည် နိုင်ငံရေး ကလေးကလားဆန်သည်ဟုလည်း စွပ်စွဲ သည်။ တော်လှန်ရေးအစိုးရက အုတ်ကျင်းသစ်စက် တည်ဆောက်ရန် အမေရိကန်နိုင်ငံ၏ ထောက်ပံ့ငွေကို လက်ခံသည်နှင့် အမေရိကန်နယ်ချဲ့သမားနှင့် ပေါင်းလေပြီဟု အကဲဖြတ်ခြင်းကိုလည်း မှားယွင်းသည် ဟုဆိုသည်။ တစ်ဖက်နိုင်ငံ၏အခြေအနေများနှင့် ပုံတူ ထပ်နေခြင်းကိုလည်း ဂိုရှယ်က ရှုတ်ချခဲ့သည်။
သခင်သန်းထွန်းနှင့်ရဲဘော်အောင်ကြီးတို့က တော်လှန်ရေးကောင်စီအား စစ်တပ်ဗျူရိုကရက် အရင်းရှင်စနစ်ကျင့်သုံးသည်ဟု ဆိုခြင်းကိုလည်း ဂိုရှယ်က အောက်ပါအတိုင်း ကန့်ကွက်ခဲ့သည်။
xxx
''အစိုးရအရာရှိ စစ်ဗိုလ်အချို့သည် အနှံ့အပြား၌ တရားမဲ့ပုဂ္ဂလိက စီးပွားရှာနေကြ သည်မှာ အမှန်ပင်ဖြစ်သည်၊ ဤသို့ပြုလုပ်ရာ၌ အဓိကအားဖြင့် ဥပဒေကို ချိုးဖောက်ပြီး လာဘ်စားဖြတ်စား အကျင့်ပျက်မှု အသွင်များ ဖြင့်သာ ပြုလုပ်ကြသည်၊ ဤနည်းများဖြင့် ပုဂ္ဂလိက ဘဏ္ဍာဥစ္စာပစ္စည်း အတော်အသင့် ကို စုဆောင်းကြသည်မှာလည်း အမှန်ပင် ဖြစ်သည်၊ သို့သော် ဥပဒေကဤသို့ပုဂ္ဂလိက စီးပွားရှာခွင့်   လုံးဝခွင့်မပြုပေ၊   ဥပဒေ ချိုးဖောက်မှုပေါ်လျှင်လည်း အရေးယူခံရသည်ကို တွေ့ရပါသည်၊ ထို့ကြောင့် ဤစနစ် ကို စစ်တပ်ဗျူရိုကရက် အရင်းရှင်စနစ်ဟု ခေါ်ခြင်းသည် သဘောတရားအရရော လက်တွေ့အရပါ လုံးဝမှားယွင်းပါသည်''
(ဂိုရှယ်၏ တင်ပြချက်မူရင်း စာမျက်နှာ   ၂၆ )
xxx
ဂိုရှယ်က အပြုတ်တိုက်ရေးဝါဒီများသည် တစ်ဖက် နိုင်ငံ၏အတွေ့အကြုံများကို ပုံတူကူးချကြောင်း၊ ထိုသို့ ကူးချရာတွင်ပင် မိမိတို့လိုအပ်သလို ကူးချကြကြောင်း ယင်း၏ တင်ပြချက်တွင် ဖော်ပြခဲ့သည်။
ဂိုရှယ်က သခင်သန်းထွန်းတို့နှင့် အခြေခံကွဲလွဲ ချက်များသည် မတူသောအတွေးအခေါ်နှစ်ရပ်၊ မတူ သော လမ်းစဉ်နှစ်ရပ်တို့၏ကွဲလွဲချက်ဖြစ်သည်ဟု အောက်ပါအတိုင်း တိတိကျကျရှင်းလင်းဖော်ပြထားသည်။( ၁။ သခင်သန်းထွန်း၏နောက်ဆုံးနေ့များ ပထမတွဲ၊ စာမျက်နှာ ၁၇၉။)

xxx
''အထက်ပါ ကွဲလွဲချက်များကို ဆန်းစစ် ကြည့်သော် ¤င်းတို့သည် သီးခြားလူတန်းစား ရပ်တည်ချက်နှစ်ရပ်၊ လူတန်းစားအမြင် နှစ်ရပ်နှင့် လူတန်းစားနည်းပရိယာယ်နှစ်ရပ် တို့၏ ကွဲလွဲချက်၊ တစ်နည်း ဆန့်ကျင်သော နိုင်ငံရေးလမ်းစဉ်နှစ်ရပ်၏ ကွဲလွဲချက်ဖြစ် ကြောင်းကို ထင်ရှားစွာ တွေ့ရှိနိုင်ပါသည်''
''ထိုလမ်းစဉ်နှစ်ရပ်က လမ်းစဉ်တစ်ရပ်မှာ မာ့ခ်စ်ဝါဒ၊  လီနင်ဝါဒအပေါ်  မူတည်၍ ချမှတ်ထားသည့် ၅၅ လမ်းစဉ်နှင့် ၆၄ လမ်းစဉ်မှ တော်လှန်သော မူများအပေါ် အခြေစိုက်၍ မျက်မှောက်မြန်မာပြည်၏ နိုင်ငံရေးအခြေအနေနှင့် လူတန်းစားအင်အား အချိုးအစားနှိုင်းယှဉ်ချက် အနေအထားနှင့် လည်း ကိုက်ညီသော လမ်းစဉ်ဖြစ်၏၊ ဤ လမ်းစဉ်အရ ပါတီ၏နိုင်ငံရေးလက်ဦးမှုကို ထိန်းထားနိုင်ပြီး ပါတီအင်အားကို ကြီးထွား စေကာ  တော်လှန်ရေးကို  ရှေ့တစ်ဆင့် တွန်းဆော်ပေးနိုင်မည်ဖြစ်၏၊ ဤလမ်းစဉ်ကို ကျွန်တော့်အနေဖြင့် ကိုယ်စားပြုနေခြင်းဖြစ်ပါ သည်''
''အခြားလမ်းစဉ်တစ်ရပ်မှာ လက်ရှိပီဘီ (ပေါ်လစ်ဗျူရိုအဖွဲ့) ဆုံးဖြတ်ချက်ဖြစ်သည်၊ ဤအပြုတ်တိုက်ရေးဝါဒလမ်းစဉ်ဖြစ်၏၊ ဤ လမ်းစဉ်သည် ၅၅ လမ်းစဉ်ကို ငြင်းပယ်သော ၆၄ လမ်းစဉ်မှ တော်လှန်သောမူများကို ဆန့်ကျင်သောလမ်းစဉ်ဖြစ်ပါသည်''
(ဂိုရှယ်၏တင်ပြချက်မူရင်း စာမျက်နှာ  ၄၉)
xxx
ဂိုရှယ်သည် ၆၅ ခုနှစ် ပေါ်လစ်ဗျူရိုဆုံးဖြတ်ချက် အား ရောကျော်ဝါဒ၊ အချောင်သမားဝါဒ စသည်ဖြင့် ပြင်းထန်စွာပင် ပြစ်တင်ရှုတ်ချလိုက်သည်။ သခင် သန်းထွန်းတို့လူစုကိုလည်း အပြုတ်တိုက်ရေးဝါဒကို မပြင်နိုင်ပါက ဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း အောက်ပါ အတိုင်းသတိပေးခဲ့သည်။(၁။ သခင်သန်းထွန်း၏နောက်ဆုံးနေ့များ ပထမတွဲ၊ စာမျက်နှာ ၁၈၄။)
''တက်ကြွသော စိတ်ဓာတ်တစ်ခုတည်းဖြင့် သာလျှင် တော်လှန်ရေးကို ခေါင်းဆောင်၍ မရပါ၊ အကယ်၍ ပါတီသည် လက်ရှိကျွန်ုပ် တို့ အပြုတ်တိုက်ရေးပေါ်လစီဝါဒကို မပြင်နိုင်ပါက အထက်၌ ဖော်ပြခဲ့သည့်အတိုင်းပင် ယင်းအောင်မြင်ချက်များသည် ယာယီသာဖြစ်ပြီးရေရှည်တွင် ပါတီသည် မိမိ၏အင်အား များကို ကြီးစွာဆုံးရှုံးနစ်နာမည်သာဖြစ်ပါ သည်''
(ဂိုရှယ်၏တင်ပြချက်မူရင်းစာမျက်နှာ ၆၇)
ထို့နောက် ဂိုရှယ်သည် ''အပြုတ်တိုက်ရေးပေါ်လစီ ကို အချိန်မီ ပြင်နိုင်ရန်အတွက် အရေးပေါ်မျက်နှာစုံညီ ဗဟိုကော်မတီအစည်းအဝေးကို အမြန်ဆုံးခေါ်ပါ'' ဟု တောင်းဆိုလိုက်သည်။ ဂိုရှယ်၏တင်ပြချက်ကို ၁၉၆၅ ခုနှစ်၊  ဇူလိုင်လ  ၂၅  ရက်ဖြင့်  ဂိုရှယ်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် အောက်တိုဘာလ တတိယပတ်ကျမှ တိုင်းများမှ ဗဟိုကော်မတီများကိုပါ ဖြန့်ဝေပေးရန် တင်ပြခဲ့သည်။ သခင်သန်းထွန်းသည် ဂိုရှယ်၏စာတမ်းအား ချက်ချင်းဖြန့်ချိရန် ခွင့်မပြုဘဲ ပေါ်လစ်ဗျူရိုအဖွဲ့၏ မှတ်ချက်ဖြင့်သာ ဖြန့်ချိရန် ဆုံးဖြတ်ခဲ့လေသည်။
ဂိုရှယ်၏တင်ပြချက်ကိုပေါ်လစ်ဗျူရိုအဖွဲ့၏ မှတ်ချက်နှင့်တကွ ဖြန့်ချိရန် ဆုံးဖြတ်ထားသဖြင့် သခင်သန်းထွန်းသည် 'ရဲဘော်ဘတင်၏ တင်ပြချက် နှင့်ပတ်သက်၍ ပေါ်လစ်ဗျူရို၏မှတ်ချက်' (၂။ သခင်သန်းထွန်း၏နောက်ဆုံးနေ့များ ပထမတွဲ၊ စာမျက်နှာ ၁၈၉ မှ ၁၉၉ ထိ။)အမည်ရှိ စာတမ်းကို တာဝန်ယူ၍ ရေးသားပြုစုလေရာ ၁၉၆၆ ခုနှစ်၊ မတ်လ ၂၇ ရက်ရောက်မှသာ အပြီးသတ်နိုင် သည်၊ ရက်စွဲကိုမူ ၁၇-၃-၆၆ ဟု ရေးထိုးထားသည်။ သခင်သန်းထွန်းသည် ယင်း၏ စာတမ်းတွင် ၁၉၆၅ ခုနှစ်၊ ဇွန်လပေါ်လစ်ဗျူရိုအဖွဲ့ အစည်းအဝေးဆုံးဖြတ် ချက်ကို ကာကွယ်ထားသည်။ ယင်း၏ ဆုံးဖြတ်ချက် သည် '၁၉၆၄ ခုနှစ်၊ စက်တင်ဘာလ ဗဟိုကော်မတီ အစည်းအဝေးအပြီး အခြေအနေနှင့် လုပ်ငန်းတာဝန် များ' ဖြစ်ပြီး တော်လှန်ရေးကောင်စီ၏ နိုင်ငံခြားရေး ဝါဒသည် ယေဘုယျအားဖြင့် တိုးတက်သည်ဟူသော ၁၉၆၄ ခုနှစ်၊ ဗဟိုကော်မတီဆုံးဖြတ်ချက်ကို ပြင်ဆင် ရန်၊ စစ်အစိုးရကိုဖြုတ်ချပြီး ပြည်သူ့ဒီမိုကရေစီအစိုးရ တည်ထောင်ရန်၊ ယင်းအချက်များအား ဗဟိုကော်မတီ ၏သဘောထားတောင်းယူရန် ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြ ထားသည်။
ဂိုရှယ်၏စာတမ်းကို ဗဟိုကော်မတီအားလုံးသို့ ဖြန့်ချိပေးရန် ဇွန်လအစည်းအဝေးက သဘောတူခဲ့ ကြောင်း၊ ဂိုရှယ်စာတမ်းကို အောက်တိုဘာလကျမှ ရရှိ ကြောင်း၊ ပါတီဗဟို၏မှတ်ချက်ပါရန် လိုအပ်သဖြင့် လေ့လာပြုစုနေရကြောင်း၊ ထို့ကြောင့် ၁၉၆၆ ခုနှစ်၊ မတ်လအကုန်မှသာ ဖြန့်ဝေနိုင်ကြောင်း စသဖြင့် နောက်ကျရခြင်း အကြောင်းရင်းများကို ဖော်ပြခဲ့သည်။ ဂိုရှယ်သည် ဗိုလ်နေဝင်း၏ ပေါ်လစီကို ကာကွယ်သူ ဖြစ်ပြီး  ပါတီ၏ရပ်တည်ချက်နှင့်  လုံးလုံးလျားလျား ဆန့်ကျင်သူဖြစ်သည်ဟူ၍လည်း အတိအလင်းစွပ်စွဲ လိုက်သည်။ သခင်သန်းထွန်းသည် ရဲဘော်ဘတင်(ခေါ်) ဂိုရှယ်၏ လူတန်းစားရပ်တည်မှု လုံးဝလွဲမှားနေကြောင်း ကိုလည်း အောက်ပါအတိုင်းဖော်ထုတ်ခဲ့သည်။
xxx
 ''ဗိုလ်နေဝင်းဟာ ကွန်မြူနစ်ဝါဒကို မတိုက်၊ ဓနရှင်တွေဟာ ကွန်မြူနစ်ဝါဒကို ယေဘုယျ ကျကျတိုက်တာတို့၊ ဒါမှမဟုတ် နိုင်ငံခြားက ကွန်မြူနစ်တွေကို တိုက်တာတို့ထက် ပြည်တွင်း ကွန်မြူနစ်တွေကိုသာ တိုက်တတ်တယ်ဆိုတာ တော်ရုံတန်ရုံ အတွေ့အကြုံရှိတဲ့သူတိုင်း သိ တဲ့ကိစ္စပဲ၊ ဦးနုတို့က ''ကွန်မြူနစ်ဝါဒအောင် ပါစေ၊ ဗမာပြည်ကွန်မြူနစ်ဝါဒကျဆုံးပါစေ'' ကြွေးကြော်ဖူးတာပဲ'*(*လွတ်လပ်ရေးမရမီ ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလအဖွဲ့ကြီးမှ ဗမာပြည်ကွန်မြူနစ်ပါတီကို ထုတ်ပစ်စဉ် ဦးနုက ကြွေးကြော်ခဲ့ခြင်းဖြစ်သည်။)
ဗိုလ်နေဝင်းက ''ကွန်မြူနစ်ဝါဒကို မတိုက်ဘူး၊ ကွန်မြူနစ်ပါတီက လက်ဝဲတရားသေ အဖျက်သမားတွေ ကိုသာ တိုက်နေတယ်'' လို့ ရဲဘော်ဘတင်ပြောတာ အတော်ပဲ အံ့သြစရာ ကောင်းပါတယ်၊ ဗိုလ်နေဝင်းလုပ်နေတဲ့ လုပ်နည်းဟာ အနိုင် နိုင်ငံက ပြည်တွင်း ဖောက်ပြန်ရေးသမားတိုင်း လုပ်တဲ့လုပ်နည်း ပါပဲ။ ကွန်မြူနစ်ပါတီကို ချေမှုန်းဖို့ စစ်ရေး ထိုးစစ်ကြီးတွေ ဗိုလ်နေဝင်းက လုပ်နေပါ လျက် ဗိုလ်နေဝင်းဟာ ကွန်မြူနစ်ဝါဒကို မတိုက်လို့   ရဲဘော်ဘတင်ဆိုတာဟာ   လူ တန်းစားရပ်တည်မှုလွဲမှားနေပါတယ်၊ ကွန်မြူ နစ်ဝါဒနဲ့ ကွန်မြူနစ်ဝါဒ အောင်ပွဲခံဖို့ လုပ်နေ တဲ့ကွန်မြူနစ်ဝါဒကို ခွဲခြားစဉ်းစားတာဟာ လည်း လုံးဝမှားနေပါတယ်။
ကွန်မြူနစ်ပါတီကို စစ်ရေးအရ ဦးတည် မတိုက်။ ပါတီဗဟိုကို ၆၄ ခုနှစ်အတွင်း ၃ ရင်းအားနဲ့ထိုးတဲ့ ထိုးစစ်ကြီး ငါးကြိမ်လုပ်ခဲ့ ရတာရယ်။ ၆၅ ခုနှစ်အတွင်း (၁ဝဝဝ) ကျော် အားနဲ့ ထိုးစစ်ကြီး (လေးခု) ထိုးစစ်ငယ် (၁၂ဝ) ကျော် မြစ်ဝကျွန်းပေါ်မှာလုပ်ခဲ့တာ ရယ်၊ ပဲခူးရိုးမတိုင်းမှာ ၆၅ ခုနှစ်အတွင်း ထိုးစစ်ပေါင်း  (၃ဝ)  လုပ်ခဲ့တာရယ်တို့ လောက်ကိုစဉ်းစားရင် ရဲဘော်ဘတင်ရဲ့ ဒီ ကောက်ချက်ဟာ  တော်လှန်စစ်ဘဝနဲ့ တခြား စီဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်''
''ကွန်မြူနစ်ပါတီကို နိုင်ငံရေးအရ တိုက်ရာ မှာ နာမည်မတပ်ဘဲ လက်ဝဲတရားသေသမား တွေ အဖျက်သမားတွေလောက်နဲ့ပဲ တိုက် တယ်''
''သက်သာအောင် ကြံဖန်စဉ်းစားလို့မဖြစ် ပါဘူး၊ ပါတီရဲ့ပေါ်လစီကို လက်ဝဲတရားသေ ဖြစ်တယ်၊ အဖျက်ဝါဒဖြစ်တယ်လို့ ရဲဘော် ဘတင်အနေနဲ့ သဘောထားတော့ ဒီအတိုင်းပဲ စဉ်းစားတာပါပဲ၊ လက်ဝဲတရားသေတို့ အဖျက် သမားတို့ဆိုတာ ငါတို့ကို ရှုတ်ချနေတာပဲဆိုတဲ့ လူတန်းစားအသိရှိဖို့လိုပါတယ်''
(သခင်သန်းထွန်း၏ မှတ်ချက်၊ စာမျက်နှာ  ၃ဝ)
xxx
သခင်သန်းထွန်းက ဂိုရှယ်တင်ပြသည့် နည်းပရိယာယ်သည် အစိုးရကို အဓိကရန်သူအဖြစ် သဘောမထားသော နည်းပရိယာယ်ဖြစ်ပြီး အဓိက ရန်သူနှင့် ပူးပေါင်းရေးလမ်းစဉ်၊ အဓိကရန်သူကို မတိုက်ခိုက်ဘဲ ထောက်ခံရန်လမ်းစဉ်၊ ပါတီနှင့် ပြည်သူ များကို လက်နက်မဲ့စေသောလမ်းစဉ်၊ အဓိကရန်သူထံ မှာ ကျွန်ခံရေးလမ်းစဉ် စသဖြင့် ပြင်းထန်စွာပင် စွပ်စွဲ တော့သည်။ ထို့နောက် ဂိုရှယ်၏ တောင်းဆိုချက်ဖြစ် သော အပြုတ်တိုက်ရေး ပေါ်လစီကို ပြင်နိုင်ရေး အတွက် အရေးပေါ်ဗဟိုကော်မတီ အစည်းအဝေးကို ခေါ်ယူပေးပါရန်ဟူသော အချက်ကို မလိုအပ်ဟု ဆိုကာ ပယ်ချလိုက်တော့သည်။
ဂိုရှယ်သည် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်သည့်ကိစ္စတွင်လည်းကောင်း၊ ၁၉၆၄  ခုနှစ် ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်ကို လည်းကောင်း၊ ၁၉၆၅ ခုနှစ်၊ ပေါ်လစ်ဗျူရိုအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ကိုလည်းကောင်း အစဉ်တစိုက်ပင် ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့သည်။ သခင် သန်းထွန်းနှင့်ပြည်ပ ပြန်များကလည်း ဂိုရှယ်ကို မကြာခဏ  ပြစ်တင်ရှုတ်ချကြသည်။  ရဲဘော်ဌေးနှင့် ဗိုလ်ရန်အောင်တို့ သည်လည်း သခင်သန်းထွန်းနှင့် ပြည်ပပြန်များအပေါ် မကျေနပ်သော်လည်း ဂိုရှယ် ကဲ့သို့ ပြင်းထန်စွာ ဝေဖန်ကန့်ကွက်ခြင်းမပြုလုပ်ခဲ့ကြပေ။ သခင်သန်းထွန်းတို့သည် ဂိုရှယ်၏တင်ပြချက်များ ကို ပယ်ချပြီးနောက် ပဲခူးရိုးမတိုင်းကို နီးကပ်စွာ ချုပ်ကိုင်၍ ပြန်လည်တည်ဆောက်လာသည်။ ၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်တွင် ဗဟိုစစ်ကော်မတီ ဥက္ကဋ္ဌ သခင်သန်းထွန်းက လေးနှစ်အတွင်း စစ်အနိုင်တိုက် ရေး စီမံကိန်းကို ရေးဆွဲခဲ့သည်။
လက်ရှိအခြေအနေတွင် ပါတီဝင် (အချိန်ပြည့်) အင်အား ၁၅ဝဝ၊ လက်နက်ကိုင် တပ်အင်အား ၂၅ဝဝ၊ အချိန်ပြည့်တပ်သား ၄၅ဝဝခန့်ရှိလေရာ ယင်းအင်အား များကို နှစ်နှစ်အတွင်း နှစ်ဆတိုးချဲ့၍ နောက်နှစ်နှစ် တွင် နောက်ထပ် နှစ်ဆတိုးချဲ့ရမည်ဟု သခင်သန်းထွန်းက စိတ်ကူးယဉ်ခဲ့သည်။ သခင်သန်းထွန်း၏ စီမံကိန်း ကို ဂိုရှယ်က ဘိုးဘိုးအောင်စီမံကိန်းအဖြစ် ပုတ်ခတ်ပြန် သည်။
''တကယ်ကတော့ အဲဒီစီမံကိန်းဟာ ၅ဝ ပြည့်နှစ်က ချမှတ်ခဲ့တဲ့ နှစ်နှစ်အတွင်း အပြုတ် တိုက်ခိုက်ရေးနဲ့  ဘာမှမထူးဘူး၊  နှစ်နှစ် အတွင်း အပြုတ်တိုက်ရေးရဲ့ မွေးစားသား လေးပဲ၊ ခင်ဗျားတို့ အဲဒီအတိုင်းသာ ဆက်ပြီး လုပ်ကြည့်၊ ကွန်မြူနစ်ပါတီဟာ မပျက်စီးဘူး ဆိုရင် ကျွန်တော့်ကို လုပ်ချင်တိုင်းသာ လုပ်ကြ ပေတော့''
''အခု ဦးသောင်း*(*ဦးသောင်း၊ သခင်သန်းထွန်း၏ နာမည်ဝှက်တစ်ခု။)တင်ပြထားတဲ့ စီမံကိန်း ကို မညှာတမ်းပြောရမယ်ဆိုရင် အရူးအိပ်မက် မက်နေတာပဲလို့ ပြောရင် အမှန်ဆုံးဖြစ်လိမ့် မည်ထင်တယ်၊ ခင်ဗျားတို့ဟာ လုပ်ချင်ပြီဆို ရင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အတင်းလုပ်ဖို့ ပဲ ကြိုးစားကြတယ်၊ ခင်ဗျားတို့ရဲ့ လေးနှစ် အပြုတ်တိုက်ရေးကြီးဟာ  ခဏတော့ အောက်ခြေကို တက်ကြွအောင် လုပ်လို့ ရချင် ရမယ်၊ ဒါပေမဲ့ ချက်ချင်းပဲ ခင်ဗျားတို့ကို ပြန်ထိမှာ သေချာတယ်''
''ခင်ဗျားတို့က ကြီးကြီးကျယ်ကျယ် ဘယ် နှနှစ်အတွင်းမှာ အပြုတ်တိုက်နိုင်မယ်လေး ဘာလေးနဲ့၊ တကယ်ကတော့ ကျွန်တော်တို့မှာ အေးအေးဆေးဆေးနဲ့ တစ်ညဝင်ပြီး အိပ်နိုင် တဲ့ရွာ ဘယ်မှာရှိသေးလို့လဲ''
''ကိုယ့်အခြေအနေတွေကိုလည်း ကိုယ် မှန်မှန်ကန်ကန် နားလည်မှဖြစ်မယ်၊ ကိုယ့် အမျိုးအကြောင်းလည်း ကိုယ်သိမှဖြစ်မယ်''
ဂိုရှယ်က အထက်ပါအတိုင်း (၁။        သခင်သန်းထွန်း၏နောက်ဆုံးနေ့များ ပထမတွဲ စာမျက်နှာ ၂၁၄။) ပြောကြားခဲ့ခြင်းမှာ ဗမာပြည်ကွန်မြူနစ်၏ အခြေအနေအမှန်ပင်ဖြစ် သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဗဟိုဌာနချုပ်စခန်း  သည်ပင်လျှင် တပ်မတော်၏ထိုးစစ်ကြောင့် မကြာခဏ ရွှေ့ပြောင်းနေခဲ့ရသည်။ သို့သော် သခင်သန်းထွန်းတို့ လူစုသည် ပဲခူးရိုးမတိုင်းအား တိုက်ရိုက်ဦးစီးကွပ်ကဲ၍ စီမံကိန်းကို အစွမ်းကုန် အကောင်အထည်ဖော်ပြခဲ့ကြ သည်။ ပဲခူးရိုးမတိုင်းအနေနှင့် လေးနှစ်အတွင်း စစ် အနိုင်တိုက်ရေး စီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် ပဲခူးရိုးမတိုင်း၏ နှစ်နှစ်စီမံကိန်းကိုလည်း ချမှတ်ပေးခဲ့ကြသည်။ ပဲခူးရိုးမတိုင်း အတွင်းတွင် ပြည်ပပြန် များသည် ပိုမို၍နေရာယူလာကြသည်။ ဗဟိုဌာနချုပ် တွင် ဗဟိုတည် ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး ပြည်ပ ပြန်ဗိုလ်ထွန်းငြိမ်းကို တာဝန်ယူစေသည်။ သာယာဝတီ ခရိုင်ကော်မတီသည် နှစ်နှစ်စီမံကိန်းအဖြစ် ပါတီကို စိတ်ကုန်ပြီး ဇီးကုန်းမြို့နယ်၊ နွားတဲကုန်းရွာသို့ အေးဆေး စွာ ပြန်လည်နေထိုင်သော ရဲဘော်လှကြည်နှင့် ဇနီး ဖြစ်သူ မခင်အေးတို့အား ရက်စက်စွာပင် သတ်ဖြတ် စေခဲ့သည်။ သတ်ဖြတ်ရသည့် အကြောင်းမှာ ရဲဘော် လှကြည်တို့ဇနီးမောင်နှံသည် ခရိုင်စခန်းတွင် ခေတ္တနေ ဖူးကြသူများဖြစ်၍ ယင်းတို့အား တပ်မတော်မှ အသုံး ပြုပြီး ဗဟိုစခန်းနေရာကို သိရှိမသွားစေနိုင်ရန် နှုတ်ပိတ်လိုက်ခြင်းပင်ဖြစ်သည်။ ရန် / ငါမျဉ်း* (*     ရန်/ငါမျဉ်း=ရန်သူနှင့် မိမိခွဲခြားသိမြင်ခြင်း။) ပြတ်သားစွာဖြင့် ချက်ချင်းအကောင်အထည်ဖော် သတ်ဖြတ်ရန် သခင်သန်းထွန်းနှင့် ရဲဘော်အောင်ကြီး တို့၏ညွှန်ကြားချက်ကို ပြည်ပပြန်ဗိုလ်ထွန်းငြိမ်းက အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သည်။ (သခင် သန်းထွန်း၏ နောက်ဆုံးနေ့များ၊ ပထမတွဲ၊ စာမျက်နှာ ၂၂၈ မှ ၂၃၆ အတွင်းတွင် အသေးစိတ်ဖော်ပြထား ပါသည်။)
သခင်သန်းထွန်းနှင့်ပြည်ပပြန်များသည် ဂိုရှယ်  က အစဉ်တစိုက်ကန့်ကွက်နေသည့်ကြားမှပင် ပြည်ပ မှ ချမှတ်ပေးသည့် လမ်းစဉ်များ အကောင်အထည် ပေါ်လာရေးအတွက် လူသတ်ဝါဒဖြင့် ဆောင်ရွက်ကြ ခြင်းဖြစ်သည်။ ပါတီအောက်ခြေမှ စိတ်မချရသူများကို သာမကဘဲ ဒေသခံပြည်သူများကိုလည်း အကြောင်းမဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြရာ ၁၉၆၇ ခုနှစ်၊ မတ်လပထမပတ်အတွင်း  နတ်တလင်းမြို့နယ်၊ တောင်ညိုဒေသ၊ သဖန်းချောင်းရွာမှ ဈေးရောင်းစားသူ အသက် ၅ဝ ကျော်အရွယ် ဒေါ်လှညွန့်အား စိန်ကန့်လန့်စခန်းရှိလေရာ (၅ဝ) သို့ ခဏခဏသွား သည်ဟူသော  စွပ်စွဲချက်ဖြင့်  အသေသတ်ရန်   ပြည်ပပြန် မစိန်ဝင်း၏အမိန့်အရ တပ်နီအမျိုးသမီး များက  ရက်စက်စွာ  တုတ်များဖြင့်  ရိုက်နှက်၍  သတ်လိုက်ကြလေသည်။ မစိန်ဝင်းသည် သူပုန်ထ တယ်ဆိုတာဟာ လူသတ်တာဖြစ်တယ်။ ရက်စက်တာ ဖြစ်တယ်ဟု ပို့ချခဲ့သူဖြစ်သည်။ (သခင်သန်းထွန်း၏ နောက်ဆုံးနေ့ များ၊ ပထမတွဲ၊ စာမျက်နှာ ၂၃၆ မှ ၂၃၉ အထိ အသေးစိတ် ဖော်ပြထားပါသည်။)
ပဲခူးရိုးမတိုင်း၊ သာယာဝတီခရိုင် လူသတ်ဝါဒ လမ်းကြောင်းကို  ပြည်ခရိုင်ကလည်း  အားကျမခံ လိုက်လံဆောင်ရွက်ခဲ့သည်။ ပြည်ခရိုင်၊ ပေါင်းတည် မြို့နယ်၊ မှတ်တိုင်ရွာမှ ဘုန်းတော်ကြီးဦးသူရိယ         (လူနာမည် ဦးစိန်ကုလား)နှင့် အသက် ၆ဝ ကျော် ဒါယကာတစ်ဦးသည် ဗိုလ်ငြိမ်းတို့၏ အာဏာနီ တည်ဆောက်ရေး  စီမံကိန်းအရ  ရက်စက်စွာသတ်ဖြတ် ခံခဲ့ရသည်။ တပ်နီအမျိုးသမီးများသည် ဘုန်းတော် ကြီးများ၏ သင်္ကန်းများကို အတွင်းခံဘောင်းဘီများ၊ အဝတ်အထည်များချုပ်၍ ဝတ်ဆင်ကြရာ  ဗုဒ္ဓဘာသာ ကိုးကွယ်သော ကျေးလက်လူထုက များစွာအော့နှလုံး နာခဲ့ရသည်။ သို့ဖြစ်၍ ပဲခူးရိုးမတိုင်းအတွင်းရှိ  သာယာဝတီ၊  ပြည်နှင့်တောင်ငူခရိုင်တို့တွင် နှစ်နှစ်စီမံ ကိန်းအရ ဗမာပြည်ကွန်မြူနစ်ပါတီသည် လူသတ်ဝါဒ ကို အစွမ်းကုန်ကျင့်သုံးရလေတော့၏။
Share this article :

0 comments:

Post a Comment

 
ဆက်သွယ်ရန် mmpolitical2013@gmail.com :
Template Modify by Creating Website Myanmar Political Research Organization