Home » » အခန်း(၂) ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ အရေးအခင်း

အခန်း(၂) ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ အရေးအခင်း


အခန်း(၂)
၁၉၆၂ ခုနှစ်၊ ဇူလိုင်လ အရေးအခင်း
ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ယူဂျီလုပ်ငန်း
ဗမာပြည်ကွန်မြူနစ်ပါတီ၏ အမြင့်မားဆုံးနှင့် အဓိကအကျဆုံးရည်မှန်းချက်ကြီးမှာ ပြည်ထောင်စု မြန်မာနိုင်ငံအား ပစ္စည်းမဲ့အာဏာရှင်စနစ်ဖြင့်ဖွဲ့စည်း အုပ်ချုပ်သော ကွန်မြူနစ်နိုင်ငံထူထောင်ရန်ဖြစ်သည်။  ဗမာပြည် ကွန်မြူနစ်ပါတီ၏ အန္တိမရည်မှန်းချက်အား အကောင်အထည်ဖော်ရမည့် လုပ်နည်းလုပ်ဟန်မှာ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ပင်ဖြစ်သည်။ တပ်မတော်အား လက်နက်ဖြင့်ယှဉ်ပြိုင်တိုက်ခိုက်ကာ ဗမာပြည် ကွန်မြူနစ်ပါတီက နိုင်ငံရေးအာဏာကို လုံးဝရယူရန်ဖြစ်သည်။ ထို့နောက် ကျန်နိုင်ငံရေးပါတီများ၊ နိုင်ငံရေး ဝါဒများအား လုံးဝဆိတ်သုဉ်းစေ၍ တစ်နိုင်ငံလုံး ဗမာပြည်ကွန်မြူနစ်ပါတီကသာ ဦးဆောင်သွားရန်   ဖြစ်သည်။ ကွန်မြူနစ် တစ်ပါတီအာဏာရှင်စနစ်ကို ထူထောင်သွားရန်ပင်ဖြစ်သည်။


လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို စတင် ကျင့်သုံးကတည်းက မြေအောက်လက်နက်ကိုင်တိုက်ပွဲ နှင့် မြေပေါ်နိုင်ငံရေးတိုက်ပွဲတို့ကို ဆက်စပ်လှုပ်ရှား၍ အကောင်အထည်ဖော်သွားရန် ဂိုရှယ်က လမ်းညွှန်ခဲ့ဖူး သည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် ၁၉၄၈ ခုနှစ်၊ လက်နက်ကိုင်တော်လှန်ရေး စတင်ကတည်းက မြေပေါ် တွင်လည်း ပါတီကလာပ်စည်းများ၊ မြေအောက်ပါတီ အဖွဲ့အစည်းများ၏ ဖန်တီးမှုဖြင့် ဆန္ဒပြပွဲများ၊ သပိတ် များကို အကြိမ်ကြိမ်ဖန်တီးခဲ့သည်။  စင်စစ် ၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်မတိုင်မီ လွတ်လပ်ရေးမရမီ ကတည်းကပင် ကွန်မြူနစ်ပါတီဝင်များသည် အလုပ် သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂ၊ ကျောင်းသားသမဂ္ဂ စသည့်အဖွဲ့အစည်းများ တွင်ဝင်ရောက်၍ နေရာယူ ထားပြီးဖြစ်သည်။ လူတန်းစားအသီးသီးတို့၏အကြား တွင်လည်း အသွင်အမျိုးမျိုးဖြင့် စိမ့်ဝင်ထားကြသည်။ နိုင်ငံရေးပါတီများ၏ ခေါင်းဆောင်ပိုင်းအထိ ကွန်မြူနစ် ပါတီနှင့် သံယောဇဉ် မကင်းနိုင်သူများကိုလည်း စည်းရုံးထားနိုင်ခဲ့ကြသည်။
တော်လှန်ရေးကောင်စီက အာဏာမသိမ်းခင် အခြေအနေသည် ပြည်ထောင်စုမြန်မာနိုင်ငံကြီး တစ်ခုလုံး ပြိုကွဲပျက်စီးလုနီးပါး အခြေအနေပင်ဖြစ်သည်။ ၁၉၅၈ ခုနှစ်၊ ဖဆပလအကွဲအပြဲမှ စတင်သည်။ မြေပေါ်နိုင်ငံရေးပါတီများ၏ အကွဲအပြဲမှာ စိုးရိမ်စရာ ပင်ဖြစ်သည်။  ဖဆပလသည်  ဆိုရှယ်လစ်ဝါဒကို မကြာခဏ ကြွေးကြော်ခဲ့သောအဖွဲ့ကြီးပင်ဖြစ်သည်။ ဖဆပလကွဲပြီးနောက်ပိုင်းတွင်  သန့်ရှင်းအုပ်စု၏ ပြည်ထောင်စု ပါတီသည် ဓနရှင်အုပ်စုအဖြစ် ဝေဖန် ခံလာရသည်။ တည်မြဲဖဆပလများကို အမျိုးသား ဆိုရှယ်လစ်ဝါဒီများဟု ဆိုနိုင်သော်လည်း ဆိုရှယ်လစ် ရေးလှုပ်ရှားမှု မည်မည်ရရ မရှိခဲ့ပေ။ ပမညတများမှာမူ  မြေပေါ်ကွန်မြူနစ်များဟု စွပ်စွဲခံနေရသည်။ ဖဆပလ အကွဲတွင် သန့်ရှင်းဖဆပလ (ပထစ)များနှင့် ပမညတ များ ပူးပေါင်းခဲ့သော်လည်း ယာယီသာဖြစ်သည်။ ရှမ်းစော်ဘွားများက ဖက်ဒရယ်မူဖြင့် ရှမ်းပြည်ခွဲထွက်မည် ဟု ခြိမ်းခြောက်လာခြင်းအား မည်သည့်နိုင်ငံရေးပါတီကမျှ မဖြေရှင်းနိုင်ခဲ့ပေ။ ရှမ်းစော်ဘွားများက အရှေ့တောင်အာရှ စစ်စာချုပ်အဖွဲ့ (ဆီးတိုး)နှင့် လျှို့ဝှက်ဆက်သွယ်ခဲ့သဖြင့် ရှမ်းပြည်သာခွဲထွက်ပါက ဆီးတိုးက  စစ်ရေးအရ ဝင်ရောက်စွက်ဖက် ကူညီမည့်အရေးသည် လည်း အကြီးမားဆုံးအန္တရာယ်ကြီးဖြစ်သည်။
တိုင်းပြည်ဖရိုဖရဲဖြစ်နေချိန်မှာ  ဗမာပြည် ကွန်မြူနစ်ပါတီအတွက် အခွင့်ကောင်းကြီးပင်ဖြစ် သည်။  သို့သော်  ဗမာပြည်ကွန်မြူနစ်ပါတီသည် တပ်မတော်၏ထိုးစစ်များကြောင့် စစ်ရေးရော၊ နိုင်ငံရေး ပါ အကြီးအကျယ်ကျဆုံးနေပြီး နာလန်ထူရန်ကြိုးစား နေရချိန်ဖြစ်သည်။   အိမ်စောင့်အစိုးရလက်ထက် တပ်မတော်၏ထိုးစစ်ကြီးများနှင့် ဓမ္မန္တရာယ်လှုပ်ရှားမှု အရှိန်သည် ဗမာပြည်ကွန်မြူနစ်ပါတီကို ကောင်းစွာ ဖိစီးနှိပ်စက်နေဆဲပင်ဖြစ်သည်။ ထို့ကြောင့် ဖက်ဒရယ်မူ ကြောင့် တိုင်းပြည်ပြိုကွဲတော့မည့်အချိန်တွင် ဗမာပြည် ကွန်မြူနစ်ပါတီသည် အခွင့်ကောင်းယူနိုင်ခြင်းမရှိခဲ့ပေ။ တပ်မတော်က ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် အာဏာရယူလိုက်သောအခါတွင်ကား ဗမာပြည် ကွန်မြူနစ်ပါတီသည် အပြီးသတ်အာဏာသိမ်းရေးကို ဆောင်ရွက်ရန်   ပိုမို၍အလှမ်းဝေးသွားရသည်။ တပ်မတော်က စစ်ဆင်ရေးအရှိန်များကိုတိုးမြှင့်နေခြင်း ကြောင့်လည်း စစ်ရေးလှုပ်ရှားမှုများကို အကောင် အထည်ဖော်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် (Under Ground) (ခေါ်) မြေအောက်ယူဂျီလုပ်ငန်းများကိုသာ တိုးမြှင့်နိုင်ရန် ကြိုးစားရတော့သည်။
ကျောင်းသားလှုပ်ရှားမှုများ
ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့်  နိုင်ငံတစ်ဝန်းလုံးမှ ကျောင်းသားသမဂ္ဂများ ပြန်လည်တည်ထောင်ဖွဲ့စည်း ကြစဉ်ကတည်းကပင် ဗမာပြည်ကွန်မြူနစ်ပါတီသည် ကျောင်းသားသမဂ္ဂများအတွင်း စိမ့်ဝင်စည်းရုံးမှုများ ပြုလုပ်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်တွင်လည်း ကျောင်းသားလောကထဲသို့ ဝင်ရောက်စည်းရုံးအခြေချ ခဲ့ရာ ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုချိန်တွင် ထိုစဉ်က တက္ကသိုလ်ကျောင်းသားအမြောက်အမြားလည်း တောထဲသို့ ရောက်သွားခဲ့ရသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂနှင့် ကျောင်းသားသမဂ္ဂများ ပြန်လည်ဖွဲ့စည်းနိုင်ရေး လှုပ်ရှားမှုများမှာလည်း ရောင်စုံသောင်းကျန်းသူများ ဆူပူထြ<ွကနေကြသဖြင့် မှေးမှိန်နေရာမှ  ၁၉၅၁ခုနှစ်တွင်  ပြန်လည်၍ အကောင်အထည်ပေါ်လာသည်။
ကွန်မြူနစ်ကျောင်းသားများ တောခိုကုန်ကြသဖြင့် ရန်ကုန်တက္ကသိုလ်တွင် သန့်ရှင်းကျောင်းသားများက တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ)အာဏာကို ရရှိထားကြသည်။ ထိုကျောင်းသားများကို ဓနရှင် အုပ်စုက အကူအညီပေးခဲ့သည်ဟုဆိုသည်။ သို့သော် သန့်ရှင်းကျောင်းသားများမှာ  တကသတွင်ကြာရှည်စွာ  သြဇာလွှမ်းမိုးနိုင်ခြင်းမရှိခဲ့ကြပေ။ ၁၉၅၁ ခုနှစ်၊ သြဂုတ် လတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်)ကို တည်ထောင်ခဲ့သည်။  ဗကသသည် အမျိုးသားလွတ်လပ်ရေး ပြည့်ဝခိုင်မာ ရေး၊ ဒီမိုကရေစီပညာရေး၊ ကျောင်းသားအခွင့်အရေး ကာကွယ်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေြးေ<ွကးကြော်သံများ  ဖြင့် အင်အားကြီးထွားလာသည်။ အမျိုးသားလွတ်လပ် ရေး ပြည့်ဝခိုင်မာရေးဟူသောြေ<ွကးကြော်သံသည် မြန်မာနိုင်ငံသည် အပြည့်အဝလွတ်လပ်ခြင်းမရှိ ဟူသော ဗမာပြည်ကွန်မြူနစ်ပါတီ၏ အယူအဆနှင့် ဆင်ဆင်တူနေသည်။ ကမ္ဘာ့ငြိမ်းချမ်းရေြးေ<ွကးကြော်သံ မှာလည်း ကွန်မြူနစ်ြေ<ွကးကြော်သံပင်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် တိုးတက်သောကျောင်းသား အင်အားစု(ဒီအက်စ်အို) (Democratic Student Organization) ဟူ၍လည်း ပေါ်ပေါက်လာပြီး ဗကသတွင်  သြဇာလွှမ်းမိုးလာသည်။  သို့သော် ဒီအက်စ်အိုများသည် ဖဆပလအစိုးရ၏ လက်ကိုင်တုတ်များအဖြစ် စွပ်စွဲ ခံရကာ သြဇာကျဆင်းလာသည်။ ကျောင်းသားများ အကြားတွင် ဂိုဏ်းကွဲမှုကြောင့် ၁၉၅၃ ခုနှစ်၊ သြဂုတ်လ ၁၈ ရက် တကသ ရွေးကောက်ပွဲမှာလည်း ပျက်ပြား သွားခဲ့ရသည်။
မန္တလေးတက္ကသိုလ်တွင်လည်း ကျောင်းသားများ ညီညွတ်ရေးအင်အားစု(Student Unity Force)နှင့် နိုင်ငံရေးမလုပ်သော တက္ကသိုလ်ကျောင်းသားအဖွဲ့  (ယူအက်စ်အို) (University Student Organization) ဟူ၍ပေါ်ပေါက်လာသည်။ သို့သော် (ယူအက်စ် အို)၏နောက်ကွယ်တွင် ဒီအက်စ်အိုများပါဝင်လာသဖြင့်    ရွေးကောက်ပွဲပျက်ပြန်သည်။ တက္ကသိုလ်ကျောင်းသား လောကတွင် အဓိကအားဖြင့် ဖဆပလအစိုးရလိုလား သူနှင့်  ဖဆပလအစိုးရဆန့်ကျင်သူဟူ၍ ကွဲပြားလာ ခြင်းဖြစ်ရာ ဗမာပြည်ကွန်မြူနစ်ပါတီသည် ဖဆပလ အစိုးရဆန့်ကျင်သော ကျောင်းသားအုပ်စုများအတွင်း ဝင်ရောက်၍ စည်းရုံးနိုင်ခဲ့သည်။ အစိုးရ၏ချို့ယွင်းချက် များကြောင့်လည်း အစိုးရဆန့်ကျင်ရေးကျောင်းသား အင်အားစုများမှာ ပို၍အင်အားကြီးထွားလာရသည်။
အောက်တိုဘာ အရေးတော်ပုံ
၁၉၅၃ ခုနှစ်၊ တကသရွေးကောက်ပွဲများ ပျက်ခဲ့ ပြီးနောက် ထိုနှစ် အောက်တိုဘာလ ကျောင်းတစ်လ ပိတ်ရေး သပိတ်ပြဿနာပေါ်ပေါက်ခဲ့သည်။ ရန်ကုန် တွင် တက္ကသိုလ်ကျောင်းသားများ ဆူပူခဲ့ကြရာ မျက်ရည် ယိုဗုံးများသုံး၍ နှိမ်နင်းခဲ့ရသည်။ ထိုလှုပ်ရှားမှုကို ဦးဆောင်သောကျောင်းသားများမှာ လက်ဝဲဝါဒီများ ဖြစ်ပြီး အောက်တိုဘာတော်လှန်ရေး၊ အောက်တိုဘာ အရေးတော်ပုံ* (Revolution ကို တော်လှန်ရေးဟု ဘာသာပြန်ဆိုသကဲ့သို့ အရေးတော်ပုံဟုလည်း ဘာသာပြန်ဆိုလေ့ရှိသည်။) စသည်ဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။ ထိုစဉ်က ဒီအက်စ်အိုကျောင်းသားများကို ဆိုရှယ်လစ် ကျောင်းသားများဟုလည်း ခေါ်သည်။ ဖဆပလအစိုးရ ကလည်း ဆိုရှယ်လစ်ရေးကို ကြွေးကြော်ပြီး ကွန်မြူနစ် ကို ဆန့်ကျင်နေချိန်ဖြစ်သည်။ တကသရွေးကောက်ပွဲ တွင် ဒီအက်စ်အိုများ ရှုံးနိမ့်ခဲ့ပြီး အောက်တိုဘာ ကျောင်းတစ်လပိတ်သည့်အစဉ်အလာအတိုင်း အစိုးရ ကလည်း မလိုက်လျောဘဲ ၁၅ ရက်သာ ကျောင်းပိတ် ရန် သတ်မှတ်ခဲ့သည်။ ကျောင်းသားအဖွဲ့ပေါင်း ၆ဝ ၏ ဦးဆောင်မှုဖြင့် ၂၉-၉-၅၃ ရက်တွင် တစ်နိုင်ငံလုံးရှိ ကျောင်းသားများ  ဆန္ဒပြသပိတ်မှောက်ခဲ့ကြသည်။     ၁-၁ဝ-၅၃ ရက်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသား  ခေါင်းဆောင်များဖြစ်သည့် ကိုမျိုးအောင်၊ ကိုကျော်လွင်၊ ကိုအုံး၊ ကိုကျော်ငြိမ်းနှင့် ကိုအံ့မောင်တို့ကို ရဲများက ကျောင်းဆောင်ပေါ်အထိတက်၍ ဖမ်းခဲ့သည်။ ထိုကိစ္စ နှင့်ပတ်သက်၍ ကျောင်းသား ၃ဝဝဝ ကျော် ဆူပူဆန္ဒပြ   ကြရာမှ ၃-၁ဝ-၅၃ ရက်တွင် အဓိကရုဏ်းဖြစ်ပွား တော့သည်။ ရဲများက သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းရာ ကျောင်းသားအချို့  ဒဏ်ရာရခဲ့ကြသည်။  အချို့ ရာသက်ပန်ကျောင်းထုတ်ခံရသည်။  ကျောင်းလည်း ပိတ်လိုက်ရသည်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားအဖွဲ့ချုပ်၏ တတိယအကြိမ်မြောက် ညီလာခံကို ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၃ ရက်အထိ ရန်ကုန်တက္ကသိုလ် ဝေဠုဝန်ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။ ညီလာခံသို့ မြို့နယ်ပေါင်း ၃၂ မြို့နယ်မှသမဂ္ဂကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။   ဒီအက်စ်အိုများကလည်း ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂအဆောက်အအုံ တွင် စင်ပြိုင်ညီလာခံကျင်းပခဲ့သည်။ ဒီအက်စ်အိုသည် ဖဆပလ၏ အသုံးချခံအဖွဲ့အစည်းတစ်ခုဖြစ်လာသဖြင့် ကျောင်းသားအများစု၏   ထောက်ခံမှုကိုမရရှိဘဲ(Dirty Student Organization)ဟု ပြောင်လှောင် အမည်ပေးခြင်းပင်ခံလာရသည်။ ၁၉၅၄ ခုနှစ်တွင် ကျောင်းသားထုအတွင်း စည်းလုံးညီညွတ်ရေး၊ အစိုးရနှင့်ဆက်ဆံရေးကောင်းမွန်ရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာသည်။ အစိုးရ ဘက်မှလည်း ကျောင်းသား ခေါင်းဆောင်များကို ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် ဖိတ်ခေါ် ၍ ဆွေးနွေးခြင်း၊ တကသ၏ ၂၅ ကြိမ်မြောက် ငွေရတု အခမ်းအနားကို ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခြင်းများ ပြုလုပ်လာသည်။ ဝန်ကြီးချုပ် ဦးနုနှင့် ကျောင်းသားများ ဆက်ဆံရေးကောင်းမွန် လာသော်လည်း ကျောင်းသားများကိစ္စကိုဖြေရှင်းရသော ပြည်ထဲရေးဝန်ကြီး   ဦးကျော်ငြိမ်းနှင့်မူ  ဆက်ဆံရေး မပြေပြစ်ခဲ့ပေ။ ၁၉၅၅ - ၅၆ ခုနှစ်များတွင် အစိုးရ၏ လိုက်လျောမှုများကြောင့် ကျောင်းသားလှုပ်ရှားမှုများ ငြိမ်သက်နေခဲ့သည်။
ဟယ်ရီတန်အရေးအခင်း
၁၉၅၆ ခုနှစ်တွင် ရန်ကုန်စိန်ပေါကျောင်းမှ ခုနစ်တန်းကျောင်းသား  ဟယ်ရီတန်သေဆုံးခဲ့မှုကြီး ဖြစ်ပွားလာသည်။ ထိုနှစ်က သတ္တမတန်းအစိုးရစစ် စာမေးပွဲမေးခွန်းပေါက်ကြားသဖြင့် စာမေးပွဲများကို ပယ်ဖျက်လိုက်ရာမှစ၍ ကျောင်းသားများဆူပူကြတော့ သည်။  ဗမာ့ခေတ်သတင်းစာတိုက်နှင့် ပညာမင်းကြီး ရုံးရှေ့တွင် အဓိကရုဏ်းများဖြစ်ပွားသည်။ ဗမာ့ခေတ် သတင်းစာတိုက်တွင် ရဲများက သေနတ်ဖြင့်ပစ်ခတ်၍ လူစုခွဲခဲ့ကြရာ ကျောင်းသားသုံးယောက် ထိမှန်ဒဏ်ရာ ရခဲ့ကြသည်။ ဒဏ်ရာရသူများအနက်မှ အမှတ်(၅၁) ကိုယ့်မင်းကိုယ့်ချင်းလမ်းနေ မစ္စတာတန်သိန်ကြောင် ၏သား စိန်ပေါကျောင်းသား ဟယ်ရီတန် (၁၆-နှစ်) သည် ဒဏ်ရာပြင်းထန်ပြီးသေဆုံးသွားရသည်။ တကသ နှင့်ဗကသအဖွဲ့ချုပ်တို့ကလည်း တောင်းဆိုချက်များကို တောင်းဆိုကြရာ ဝန်ကြီးချုပ်ဦးနုအိမ်တွင် ကျောင်းသား ခေါင်းဆောင်   ကိုခင်မောင်အုန်း၊   ကိုဇော်ဝင်း၊  ကိုခင်အောင်၊ ကိုမောင်မောင်ခင်တို့တက်ရောက်ပြီး ဆွေးနွေးကြသည်။ 
ကျောင်းသားများ၏ အရေးပေါ်တောင်းဆိုချက် များမှာ အောက်ပါအတိုင်းဖြစ်သည်-
(၁)     သတ္တမတန်းစာမေးပွဲကို ဆက်လက်စစ်ဆေး ရန်၊
(၂)     သေနတ်ဖြင့် ပစ်ခတ်မှုကို ရှုတ်ချရန်၊
(၃)     မေးခွန်းပေါက်ကြားမှုကို စုံစမ်းအရေးယူရန်၊
(၄)     လက်ရှိဖြစ်ပေါ်နေသည့်  သတ္တမတန်း ကျောင်းသားများ ဆူပူထိခိုက်မှုအရေးကို ဗကသ၊ တကသတို့ ပူးပေါင်း၍ဆောင်ရွက် သွားရန်။  
၁၉၅၆ ခုနှစ်၊ ဧပြီလ ၄ ရက်တွင် ကျောင်းသား ခေါင်းဆောင်များက ဝန်ကြီးချုပ်ဦးနု၏နေအိမ်၌ ဝန်ကြီးချုပ်ဦးနုနှင့် ဆွေးနွေးကြပြီး အောက်ပါအတိုင်း တောင်းဆိုကြပြန်သည်-
(၁)     တာဝန်ရှိသူပြည်ထဲရေးဝန်ကြီး၊ ပစ်မိန့်ပေး သော တရားသူကြီးနှင့် ပစ်ခတ်သူရဲများ အား အရေးယူ အပြစ်ပေးရန်၊
(၂)     မေးခွန်းပေါက်ကြားမှုမှာ ပညာပိုင်းဆိုင်ရာ ဌာနအရာရှိများ၏ တာဝန်ချို့ယွင်းမှုသာ ဖြစ်၍ တာဝန်ရှိသူအရာရှိများအား ဖော်ထုတ်အပြစ်ပေးရန်၊
(၃)     စုံစမ်းရေးကော်မရှင်တွင်  ကျောင်းသား ကိုယ်စားလှယ်များအား ပါဝင်ခွင့်ပြုရန်၊
(၄)     ကော်မရှင်၏အမည်ကို ''ကျောင်းသားများ အား သေနတ်နှင့်ပစ်ခတ်မှု စုံစမ်းရေး ကော်မရှင်'' ဟု ပြောင်းလဲရန်၊
အစိုးရက တာဝန်ရှိသူအဆင့်ဆင့်ကို ဖော်ထုတ် အရေးယူမည်ဖြစ်သော်လည်း အခြားတောင်းဆိုချက် များကိုမူ မလိုက်လျောနိုင်ဟုဆိုသည်။ ဤသို့ဖြင့် ဟယ်ရီတန်အရေးအခင်းမှာ တစ်ပြည်လုံးသို့ ကျယ်ပြန့် ခဲ့ရသည်။ အစိုးရက ၁၉၅၆ ခုနှစ်အကုန်ပိုင်းတွင် အထက်တန်းကျောင်းအားလုံးရှိသမဂ္ဂများကို ဖျက်သိမ်း ပစ်လိုက်ပြီး ဖွဲ့စည်းခွင့်များကိုလည်း ပိတ်ပင်ခဲ့သည်။  ထိုအချိန်ကစပြီး ကျောင်းသားအဖွဲ့အစည်းဟူ၍ တက္ကသိုလ်ကောလိပ် အဆင့်များတွင်သာ ရှိတော့သည်။  ကျောင်းသားများသည် ဖဆပလအစိုးရအား ဦးတည်၍ တိုက်ပွဲဝင်လာကြရာ ဖဆပလကို နံပါတ်(၁) ရန်သူ အဖြစ် သတ်မှတ်ထားသော ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီပါတီရဲဘော်ဖြူ စသည်တို့နှင့် မဟာမိတ်သဖွယ် ဖြစ်လာသည်။   သောင်းကျန်းသူများအဖို့လည်း ကျောင်းသားလောကထဲသို့  ခြေချစည်းရုံးရန်  ပိုမို လွယ်ကူလာစေသည်။ ဖဆပလအစိုးရအဖွဲ့ထဲတွင်လည်း ကျောင်းသားများကို လိုက်လျောလိုသူများနှင့် ကျောင်းသားများအပေါ် သဘောထားတင်းမာသူများ ကွဲလာကြသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) သည် အထက်တန်းကျောင်းများတွင် သမဂ္ဂများဖွဲ့စည်းခွင့်ရရေးနှင့် အမျိုးသားပညာရေး နှီးနှောဖလှယ်ပွဲတစ်ရပ်ကျင်းပရေးတို့ကို တောင်းဆိုခဲ့ သည်။ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသား ၅ဝ ပါဝင် သော တကသကျောင်းသားအင်အားစုများ၊ လူမျိုးစု ကျောင်းသားများ၊ ယဉ်ကျေးမှုကိုယ်စားလှယ်များပါဝင် သည်။ ကျောင်းသားကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို တရုတ်နိုင်ငံသို့ စေလွှတ်ပြီး တရုတ်-ဗမာကျောင်းသား လူငယ်များ ချစ်ကြည်ရေးကိုလည်း ဆောင်ရွက်ခဲ့သည်။ အောက်တိုဘာအရေးတော်ပုံနှင့် ဟယ်ရီတန်အရေး အခင်းသည် ကျောင်းသားတို့၏ အရေးသက်သက်သာ ဖြစ်သော်လည်း နောက်ပိုင်းတွင် ကျောင်းသားများသည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် အမျိုးသားညီညွတ်ရေး စသော နိုင်ငံရေြးေ<ွကးကြော်သံများကို ကြွေးကြော်လာ ကြသည်။ ရဲတပ်ဖွဲ့ဝင်များသည် ကျောင်းသားများနှင့် ပြဿနာကို ရှောင်ရှားသည့်အနေဖြင့် တက္ကသိုလ် ကျောင်းဝင်းအတွင်းသို့ဝင်ရောက်လေ့မရှိပေ။ ဗမာပြည် ကွန်မြူနစ်ပါတီမှ မြို့ပေါ်တက်၍ မြေအောက်လုပ်ငန်း (ယူဂျီလုပ်ငန်း)ဟုခေါ်သော သူလျှိုလုပ်ငန်းကို လုပ်နေ သူများအတွက် အလုံခြုံဆုံးပုန်းအောင်းနိုင်သည့်နေရာ မှာ တက္ကသိုလ်ကျောင်းဆောင်များပင်ဖြစ်သည်။ ဗကပယူဂျီတို့သည် ရဲကလိုက်လံဖမ်းဆီးသည့်အခါတိုင်း ကျောင်းဆောင်များတွင် ပုန်းအောင်းလေ့ရှိကြသည်။ ကျောင်းသားလောကထဲတွင်လည်း ကွန်မြူနစ်မြေပေါ် ကလာပ်စည်းဝင်ကျောင်းသားများကို စည်းရုံးလာနိုင်ခဲ့ ကြသည်။
ဖဆပလ အကွဲအပြဲ ဇာတ်လမ်းနှင့်ကျောင်းသား လောက
ဖဆပလအဖွဲ့ကြီးမကွဲပြဲခင်ကပင် ဝန်ကြီးချုပ်ဦးနု ၏အုပ်စုသည် ကျောင်းသားများနှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သည်။ ဦးနုသည် ကျောင်းသားများအား အရေးတယူဆက်ဆံခဲ့သည်။ ဦးနုက ကျောင်းသားများ အား လူသိရှင်ကြားအရေးပေး၍ ဆက်ဆံနေချိန်တွင် ပြည်ထဲရေးဝန်ကြီးဖြစ်သူ ဦးကျော်ငြိမ်းသည် ဥပဒေအရ သော်လည်းကောင်း၊ အစိုးရ၏ပေါ်လစီအရသော် လည်းကောင်း  ကျောင်းသားများနှင့်ဆက်ဆံရေး မပြေပြစ် ဘဲဖြစ်နေသည်။ ဖဆပလအဖွဲ့ကြီး သန့်ရှင်းတည်မြဲ ကွဲကြသောအခါ ကျောင်းသားများသည် သန့်ရှင်းကိုထောက်ခံကြပြီး တည်မြဲကိုမူ ဦးတည် တိုက်ခိုက်ကြသည်။ ဗမာပြည်ကွန်မြူနစ်ပါတီကလည်း သန့်ရှင်းကိုထောက်ခံခဲ့သည်။ သန့်ရှင်းအစိုးရအာဏာ ရလာသောအခါ ကျောင်းသားများနှင့်ဆက်ဆံရေး ကောင်းမွန်နေခဲ့သည်။ ကျောင်းသားများ၏ တောင်းဆို ချက်အတိုင်း အမျိုးသားပညာရေး နှီးနှောဖလှယ်ပွဲကို အစိုးရက ဦးစီးကျင်းပရန်လည်း ပြင်ဆင်လာသည်။
ဖဆပလအကွဲအပြဲတွင် ဗမာပြည်ကွန်မြူနစ်ပါတီ သည် သန့်ရှင်းကို ထောက်ခံခဲ့သော်လည်း ယာယီ ထောက်ခံမှုသာဖြစ်သည်။ သန့်ရှင်းများအာဏာရလာ သောအခါ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ရန်သူဖြစ်မြဲ ဖြစ်နေပြန်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် ကျောင်းသားများနှင့် အစိုးရတို့ဆက်ဆံရေးပြေပြစ် နေခြင်းကို မလိုလားနိုင်ခဲ့ပေ။ ကျောင်းသားများ၏ လှုပ်ရှားမှုမှာ နိုင်ငံရေးအရ များစွာထိရောက်သည်ကို ဗမာပြည်ကွန်မြူနစ်ပါတီက နားလည်ထားပြီးဖြစ်သည်။ ထို့ကြောင့် အစိုးရနှင့်ကျောင်းသားဆက်ဆံရေး ပြေပြစ် ခြင်းကို ကျောင်းသားဘက်က လျှော့ပေးရသည်ဟု မြင်နေသော ကျောင်းသားများ၊ အစိုးရ၏ပညာရေး ပြုပြင်ပြောင်းလဲမှုကို လက်မခံသည့်ကျောင်းသားများက ဗကသများအဖွဲ့ချုပ်သစ်ဟု စင်ပြိုင်ထူထောင်ခြင်းကို အားပေးခဲ့သည်။မူလဗကသနှင့်တကသတို့၏ ဦးဆောင်မှုကိုလည်း ဖြိုခွဲလာသည်။တပ်ဦးသစ်ဟူသော ကျောင်းသား အင်အားစုတစ်ခုကို အယူအဆပြင်းထန် သူများဖြင့်ထူထောင်ခဲ့ပြီး ကျောင်းသားတိုက်ပွဲများကို အကြမ်းဖက်ခြင်း၊ အလွန်အကျွံဖြစ်စေခြင်းတို့အထိ အရှိန်တိုးမြှင့်၍  အစိုးရနှင့်ကျောင်းသားအကြား ပဋိပက္ခဖြစ်ပွားစေရန်လည်း ကြိုးစားခဲ့သည်။တည်မြဲများ နိုင်ငံရေးရှုံးနိမ့်ချိန်တွင် ဒီအက်စ်အို ကျောင်းသား များ မှေးမှိန် ကျဆုံးသွား ကြသော် လည်းသန့်ရှင်းအစိုးရ နှင့် ပြေလည်သည့်ကျောင်းသားများ သြဇာတက်လာ ခြင်းကို ဗမာပြည်ကွန်မြူနစ်ပါတီက မလိုလားခဲ့ပေ။ ထို့ကြောင့် တက္ကသိုလ်ကျောင်းသားများလောကထဲတွင် ဗမာပြည် ကွန်မြူနစ်ပါတီသည် အစိုးရဆန့်ကျင်ရေး အင်အားစုများ ရှင်သန်တိုးပွားနေရန် အစဉ်တစိုက် ကြိုးပမ်းနေရသည်။
အိမ်စောင့်အစိုးရတက်လာသောအခါ ကျောင်းသားသမဂ္ဂများ၏ ဦးဆောင်မှုဖြင့် ''အာဏာပြောင်းလဲ မှုသည် တိုင်းပြည်တိုးတက်ရေးကို အတားအဆီးဖြစ် စေသည်၊  စစ်အာဏာရှင်စနစ်၏  အန္တရာယ်ကို ကျရောက်စေသည်'' ဟု ကြွေးကြော်ပြီး ၁၉၅၈ ခုနှစ်၊ စက်တင်ဘာလ ၃ဝ ရက်တွင် ဆန္ဒပြပွဲများပေါ်ပေါက် လာသည်။ ထိုဆန္ဒပြပွဲများမှာ ကွန်မြူနစ်ကျောင်းသားများ၏လှုံ့ဆော်မှုဖြင့်ပေါ်ပေါက်လာခြင်းသာဖြစ်သည်။ အိမ်စောင့်အစိုးရ ပေါ်ပေါက် လာရခြင်းမှာဖဆပလ အဖွဲ့ကြီးနှစ်ခြမ်းကွဲပြီး အစိုးရက တိုင်းပြည်ကိုမအုပ်ချုပ် နိုင်တော့သဖြင့် တပ်မတော်အား တရားဝင်အာဏာ အပ်နှင်းသောကြောင့် ပေါ်ပေါက်လာရခြင်းသာဖြစ် သော်လည်း ကွန်မြူနစ် ပါတီများက စစ်တပ်အာဏာ သိမ်းသည့်ပုံစံမျိုးဖြစ်အောင်လှုံ့ဆော်ခဲ့ကြသည်။ သို့သော် ထိုလှုံ့ဆော်ချက်များမှာ အောင်မြင်ခြင်း မရှိ ခဲ့ပေ။
ဗမာပြည်ကွန်မြူနစ်ပါတီသည် လက်နက်ကိုင် တော်လှန်ရေး စတင်ကတည်းက အစိုးရအာဏာရရှိ ထားသော ဖဆပလကို နံပါတ်(၁) ဦးတည်ရန်သူအဖြစ် နိုင်ငံရေး၊ စစ်ရေးအရ အစဉ်တစိုက် တိုက်ခိုက်ခဲ့သည်။ သို့သော် ဗမာပြည်ကွန်မြူနစ်ပါတီ၏ နိုင်ငံရေး၊ စစ်ရေး တိုက်ပွဲများကို အဓိကကာကွယ်တိုက်ခိုက်နေသူမှာ တပ်မတော်သာဖြစ်သည်။ ဖဆပလအကွဲတွင် ဗမာပြည် ကွန်မြူနစ်ပါတီက သန့်ရှင်းကို ထောက်ခံခဲ့ခြင်းမှာ တည်မြဲများကို တပ်မတော်က ထောက်ခံသည်ဟု ယူဆ သောကြောင့်လည်းကောင်း၊ မြေပေါ်နိုင်ငံရေးတိုက်ပွဲ များကိုတည်မြဲများက ဖိနှိပ်ခဲ့သောကြောင့် လည်းကောင်း၊  ယာယီနိုင်ငံရေး  အမြတ်ထုတ်၍ ထောက်ခံခဲ့ခြင်း သာဖြစ်သည်။ ဗမာပြည်ကွန်မြူနစ် ပါတီသည် သန့်ရှင်းများကို ပျော့ပျောင်းသူများဖြစ် သဖြင့် အလွယ်တကူ အနိုင်ရလိမ့်မည်ဟုယူဆထားခဲ့ သည်။ အိမ်စောင့်အစိုးရလက်ထက်တွင် ဗမာပြည် ကွန်မြူနစ်ပါတီသည် ထိရောက်နိုင်ငံရေး၊ စစ်ရေး တိုက်ပွဲများကို မဆင်နွှဲနိုင်ခဲ့ပေ။ သန့်ရှင်းအစိုးရ တက် လာသောအခါတွင် ဗမာပြည်ကွန်မြူနစ်ပါတီသည် ရန်သူအဖြစ်သာ သဘောထားရပြန်သည်။ စင်စစ် ဗမာ ပြည်ကွန်မြူနစ်ပါတီအနေနှင့်  ယင်းတို့ပါတီမှလွဲ၍ မည်သည့်ပါတီအာဏာရရ၊ မည်သူအစိုးရ ဖြစ်ဖြစ် ရန်သူအဖြစ် တိုက်ခိုက်ရမည်သာဖြစ်သည်။ သန့်ရှင်း အစိုးရသည် ပျော့ညံ့သော်လည်း ဗမာပြည်ကွန်မြူနစ် ပါတီသည် နိုင်ငံရေး၊ စစ်ရေး၊ ထိုးစစ်များကို ဆင်နွှဲ နိုင်ခြင်းမရှိပေ။ ဤသို့ဖြစ်ရသည်မှာ တပ်မတော် ကြောင့်ပင်ဖြစ်သည်။ တပ်မတော်သည် မည်သည့် အစိုးရတက်တက်၊ တက်လာသည့်အစိုးရကိုအကာ အကွယ်ပေးပြီး သောင်းကျန်းသူများကို အစဉ်တစိုက် တိုက်ခိုက်သွားရမည်သာဖြစ်သည်။
၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ကျောင်းသားသမဂ္ဂများဦးစီး၍ ကိုလိုနီစနစ်ဆန့်ကျင် ရေးနေ့ကို ကျင်းပခဲ့သည်။ နယ်ချဲ့ဆန့်ကျင်ရေး ကြွေးကြော်သံမှာ ဗကပတို့၏ကြွေးကြော်သံပင်ဖြစ် သည်။  ဗကပတို့သည် သန့်ရှင်းအစိုးရ၏ အနောက် မျှော်ကိုးမှုကို နိုင်ငံရေးအရ တိုက်ခိုက်ရန် ကြိုးစားခဲ့ သည်။ ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗမာ့တပ်မတော်လေတပ်မှတိုက်လေယာဉ်များနှင့် အမေရိ ကန်လုပ် လေယာဉ်တို့ လေကြောင်းတိုက်ပွဲဖြစ်ပွားပြီး ဗိုလ်ပီတာကျဆုံးသွားသောကြောင့် ကျောင်းသားများ ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေးလှုပ်ရှားမှုသည် ပိုမိုအရှိန် ရသွားခဲ့သည်။ ရန်ကုန်မြို့ အမေရိကန်သံရုံးနှင့် မန္တလေး မြို့ အမေရိကန်ကောင်စစ်ဝန်ရုံးတို့ကို ကျောင်းသား လူငယ်အမြောက်အမြား ဝိုင်းဝန်းဆန္ဒပြခဲ့ကြသည်။ ပထစအစိုးရက ကျောင်းသားများကို လက်နက်ဖြင့် နှိမ်နင်းခဲ့သည်။  ကျောင်းသားလူငယ်  တပ်ဦးက အမေရိကန်နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲမှ ပထစအစိုးရ ဆန့်ကျင်ရေးတိုက်ပွဲသို့ တိုးမြှင့်ကူးပြောင်းရန် လှုံ့ဆော် သော်လည်း မအောင်မြင်ခဲ့ပေ။
၁၉၆၁ ခုနှစ်အတွင်းတွင် ကျောင်းသားများ၏ အမေရိကန်နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှု၊ ပြည်နယ် အချို့က ဖက်ဒရယ်မူဖြင့် ခွဲထွက်ရန်ခြိမ်းခြောက်လာမှု၊ ရန်ကုန်-မန္တလေး စာပို့ရထားကို ကေအင်န်ဒီအိုတို့က မိုင်းခွဲတိုက်ခိုက်ပြီး တက္ကသိုလ်ကျောင်းသူများအပါအဝင် ဓားစာခံမိန်းကလေး ၈ဝ ကို ဖမ်းဆီးသွားခြင်း၊ ဗုဒ္ဓ ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းသော ကြောင့် အထူးသဖြင့် ကချင်ပြည်နယ်တွင် ဆန္ဒပြပွဲများ ပြင်းထန်လာခြင်း၊ မြောက်ဥက္ကလာပမြို့တွင် ဗလီကျောင်းကိစ္စ အဓိကရုဏ်းဖြစ်ပွားခြင်းတို့ကြောင့် တစ်တိုင်းပြည်လုံး    မငြိမ်မသက်ဖြစ်နေလေရာ ကျောင်းသားသမဂ္ဂများ၏   လှုပ်ရှားမှုများသည် ကျောင်းသားအရေး သက်သက်သာ မဟုတ်တော့ဘဲ နိုင်ငံရေးနယ်ပယ်အထိ များစွာကျယ်ပြန့်၍လာသည် ကို တွေ့ရသည်။ ဗမာပြည် ကွန်မြူနစ်ပါတီနှင့် အလံနီ ပါတီတို့သည် ကျောင်းသားလောကထဲတွင် မိမိတို့၏ အမာခံများကို မြှုပ်နှံလျက်ရှိရာ ဗကသ၊ တကသအဖွဲ့ အစည်းများတွင် ခေါင်းဆောင်အတော်များများသည် ကွန်မြူနစ်များ ဖြစ်နေကြသည်။  တက္ကသိုလ်ကျောင်း သားခေါင်းဆောင်များသည်လည်း ဗကပယူဂျီများ၏ ပုန်းအောင်းရန် ဗဟိုဌာန ကြီးဖြစ်နေရုံ သာမကဘဲ အချို့ ဗကပယူဂျီများသည် ရက်ရှည်လများပင် ခိုအောင်းနေ ကြသည်ဟုဆိုသည်။

၁၉၆၂ ခုနှစ်၊ဇူလိုင်လကျောင်းသားအရေးအခင်း
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် တော်လှန်ရေး ကောင်စီသည် အာဏာရ ပထစခေါင်းဆောင်များကို သာမကဘဲ မြေပေါ်နိုင်ငံရေးပါတီများမှခေါင်းဆောင် အများအပြားကို ဖမ်းဆီးထိန်းသိမ်း၍ နိုင်ငံတော် အာဏာကို ရယူလိုက်ရသည်။ တော်လှန်ရေးကောင်စီ ၏ အရေးကြီးဆုံးတာဝန်မှာ ဖက်ဒရယ်မူဖြင့် ခွဲထွက် ခွင့်အန္တရာယ်ကို တားဆီးရေးပင်ဖြစ်သည်။ ခွဲထွက်ခွင့် ကို ကြွေးကြော်၍ ပုန်ကန်ထကြွနေသော ရှမ်း သောင်းကျန်းသူများမှာ အင်အားနည်းပါးသည့်အပြင် စည်းလုံးညီညွတ်မှုမရှိဘဲ အဖွဲ့ငယ်များ ကွဲနေသည့် အတွက် ခွဲထွက်ခွင့်ကို စစ်ရေးအရ ဖိအားပေးလာမှုကို စိုးရိမ်ရန်မလိုပေ။ သို့သော် နိုင်ငံရေးအရ တစ်ဖက်သတ် ကြေညာ၍ ခွဲထွက်ကာ ဆီးတိုးတပ်များအား ဖိတ်ခေါ် လာမည့်အန္တရာယ်ကိုမူ သတိထားနေရသည်။ ထို့အပြင် ပထစအစိုးရက ပေါ်ပေါက်နေသည့်ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဆက်လက်ဖြေရှင်းရန်လည်း တာဝန်ရှိနေသည်။ အစိုးရသစ်အနေနှင့် အစိုးရဟောင်း လက်ထက်ကပေါ်ပေါက်ပြီး  မပြီးပြတ်သေးသည့် ပြဿနာများကို ဆက်လက်ဖြေရှင်းရမည်သာဖြစ်သည်။ ပထစအစိုးရလက်ထက်မှ ကောင်းမွေဆိုးမွေများကို တော်လှန်ရေး ကောင်စီသည် ဆက်ခံသွားရမည်သာ ဖြစ်သည်။
တော်လှန်ရေးကောင်စီအစိုးရ တက်လာပြီး ရက်ပိုင်းအတွင်းမှာပင် တန်းမြင့်ကျောင်းထွက်စာမေးပွဲ (နဝမတန်းအစိုးရစစ် စာမေးပွဲ) မေးခွန်းပေါက်ကြားမှု တစ်ရပ်  ပေါ်လာသည်။  မေးခွန်းပေါက်ကြားမှုမှာ တစ်ပြည်လုံးတွင်မဟုတ်ဘဲ ရန်ကုန်နှင့် ဟံသာဝတီခရိုင်တွင်သာဖြစ်သည်။ တော်လှန်ရေးကောင်စီအနေနှင့် အခြားရင်ဆိုင်နေရသော ပြဿနာများနှင့် နှိုင်းစာလျှင် ကိုးတန်းစာမေးပွဲ မေးခွန်းပေါက်ကြားမှုမှာ အသေးအဖွဲ ပြဿနာသာဖြစ်နေသည်။ ထိုအချိန်မှာပင် ပညာရေး နှင့်ကျန်းမာရေးဌာနတာဝန်ခံ(ဝန်ကြီး)ဗိုလ်မှူးချုပ် သန်းဖေ ကွယ်လွန်သွားသဖြင့် ဗိုလ်မှူးကြီးလှဟန် စတင် တာဝန်ယူခါစအချိန်လည်း ဖြစ်နေသည်။ ဗိုလ်မှူးကြီး လှဟန်က မေးခွန်းပေါက်ကြားမှုကို တော်လှန်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းထံတင်ပြပြီး ရန်ကုန်နှင့် ဟံသာဝတီ ခရိုင်တွင်ပြုလုပ်သောတန်းမြင့် ကျောင်းထွက်စာမေးပွဲများကို ဖျက်သိမ်း၍ စာမေးပွဲအသစ်များ ပြန်လည်ပြုလုပ် ပေးရန် ဆုံးဖြတ်ခဲ့သည်။
တက္ကသိုလ်ကျောင်းများမှာ ၁၉၆၂ ခုနှစ်၊ ဇွန်လ ၁ ရက်တွင် စာသင်နှစ်ပြန်လည်စတင်ရန် ဖွင့်လှစ်ခဲ့ရာ တန်းမြင့်ကျောင်းထွက်  စာမေးပွဲမေးခွန်းများ  ပေါက်ကြားမှုနှင့် တိုက်ဆိုင်နေသည်။ တက္ကသိုလ် ကျောင်းဆောင်များတွင် ဗကပသူလျှိုများ မကြာခဏ ခိုအောင်းနေမှု၊ တက္ကသိုလ်ကျောင်းသားများအတွင်း သောင်းကျန်းသူ သူလျှိုများစိမ့်ဝင်နေမှု၊ တက္ကသိုလ် ကျောင်းသားများအတွင်း ကျောင်းစည်းကမ်းများ လျော့နည်း နေမှုတို့ကြောင့် အစိုးရကကျောင်းဆောင် စည်းကမ်းအသစ်များကို ထုတ်ပြန်ထားချိန်လည်းဖြစ် သည်။ ကျောင်းစည်းကမ်း အသစ်များကို မလိုက်နာလို ကြသော ကျောင်းသားများ မကျေမနပ်ဖြစ် နေကြချိန် တွင်  ရန်ကုန်နှင့်ဟံသာဝတီခရိုင်တွင်  နဝမတန်း စာမေးပွဲများကို ဖျက်သိမ်းကြောင်းကြေညာလိုက်သည့် အခါ ကျောင်းသားများ အတွက်ဆူပူရန် အကြောင်းပြ စရာရရှိသွားတော့သည်။
ထိုစဉ်က ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်မှာ ဦးကာဖြစ်ပြီး ကျောင်းသားအဆောင်များ  ညွှန်ကြား ရေးမှူးမှာ ဦးပွားယုခင်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံတွင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသ)၊ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ(တကသ)နှင့် ရန်ကုန်ခရိုင်လုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ရကသ)တို့ အခြေစိုက် ၍  လှုပ်ရှားနေကြရာ  ခေါင်းဆောင်အများစုမှာ ဗမာပြည်ကွန်မြူနစ်ပါတီ၏ အမာခံကေဒါများဖြစ်နေ ကြသည်။ ဗမာပြည်ကွန်မြူနစ်ပါတီမှ ယူဂျီများသည် ကျောင်းသားခေါင်းဆောင်များအား တိုက်ရိုက်ပင် ကြိုးကိုင်လျက်ရှိသည်။ ကွန်မြူနစ်ပါတီ ကေဒါအချို့မှာ ကျောင်းသားအသွင်ယူထားကြပြီး စာမေးပွဲများကို ဖြေဆိုခြင်းမပြုဘဲ စာမေးပွဲအကျခံကာ ကျောင်းသား သမဂ္ဂအဆောက်အအုံတွင် နေထိုင်လျက်ရှိကြသည်။
ကွန်မြူနစ်ကျောင်းသားများသည်  သမဂ္ဂ အဆောက်အအုံတွင်နေထိုင်ရင်း ကျောင်းသားလောက ကို လွှမ်းမိုးထားရုံသာမကဘဲ ဗမာပြည်ကွန်မြူနစ်ပါတီ ၏ အခြားမြေအောက်လုပ်ငန်းများကိုပါ ဆောင်ရွက်နေ ကြသည်။ ပညာရေးဌာန(ပညာရေးဝန်ကြီးဌာန)က စာမေးပွဲနှစ်ခါကျကျောင်းသားများအား ကျောင်းဆောင် နေခွင့်မပြုခြင်း၊ နေ့ကျောင်းတက်ခွင့်မပြုခြင်းစသော စည်းကမ်းများကို ထုတ်ပြန်လိုက်သောအခါ တက္ကသိုလ် ဝင်းအတွင်း ခိုင်မြဲစွာခြေကုပ်ထားသော ကွန်မြူနစ် ကျောင်းသားများအဖို့ မျက်ဖြူဆိုက်စရာဖြစ်လာသည်။ စာသင်ချိန်ပိုမိုရရှိရေး၊ စာသင်ချိန်ကိုညှိရေးတို့အတွက် အောက်တိုဘာလတွင် ကျောင်းတစ်လပိတ်မည့်အစား ကျောင်း ၁၅ ရက်သာ ပိတ်မည်ဟူသော စည်းကမ်း ချက်မှာလည်း ကျောင်းသားများဆူပူစေရန်အကြောင်း ပြစရာဖြစ်လာသည်။
တက္ကသိုလ်ကျောင်းဝင်းအတွင်းတွင် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက်မှစ၍ ဆူပူမှုများစတင်ဖြစ်ပွားလာ သည်။ ဇူလိုင်လ ၇ ရက် မွန်းတည့် ၁၂ နာရီတွင် ဆန္ဒပြအစည်းအဝေးကြီးပြုလုပ်ရန်လည်း လှုံ့ဆော်လာ ကြသည်။ ဇူလိုင်လ ၇ ရက် နံနက်တွင် ပါမောက္ခချုပ် ဦးကာသည်  ပညာရေးဌာနတာဝန်ခံ(ဝန်ကြီး) ဗိုလ်မှူး ကြီးလှဟန်ထံ သွားရောက်၍ ဆူပူမှုအခြေအနေကို အစီရင်ခံခဲ့သည်။ တော်လှန်ရေးကောင်စီက ကွပ်ကဲ မှုဌာနချုပ်တစ်ခုဖွဲ့စည်းပြီး ထိုကွပ်ကဲမှုဌာနချုပ်ကို အတွင်းဝန်ရုံးမှ အသံလွှင့်ရုံသို့ ပြောင်းရွှေ့အခြေ စိုက်စေပြီး အခြေအနေကို စောင့်ကြည့်ခဲ့သည်။
၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်၊ မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကြီးမှူး၍ ကျောင်းဆောင်စည်းကမ်း ရုပ်သိမ်းပေးရေး ဆန္ဒပြ ပွဲကိုကျင်းပရာ       သဘာပတိအဖြစ်          တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌကိုဗဆွေလေး* (*ဗမာပြည်ကွန်မြူနစ်ပါတီသို့ တောခိုသွားပြီးနောက် ဖြုတ်ထုတ်သတ် လမ်းစဉ်ဖြင့် အသတ်ခံခဲ့ရသည်။ ) က ဆောင်ရွက် ပြီး အခမ်းအနားမှူးအဖြစ်အတွင်းရေးမှူး   ကိုသာဒိုးက  ဆောင်ရွက်သည်။  တက်ရောက်သူ ကျောင်းသားမှာ ၂ဝဝဝ ခန့်ရှိသည်။ အစည်းအဝေးတွင် ကျောင်းဆောင် စည်းကမ်းများရုပ်သိမ်းရေး၊ ကျောင်းဆောင်နေလိုသူ တိုင်းကိုအဆောင်နေခွင့်ပြုရေး၊  အဆောင်သစ်များ ဆောက်လုပ်ပေးရေး၊ ကျောင်းဆောင်ကော်မတီတွင်  ကျောင်းသား ကိုယ်စားလှယ်များ ပါဝင်ခွင့်ပေးရေး၊ ဖိနှိပ်ချုပ်ချယ်သည့်ကျောင်းဆောင်စည်းကမ်းများ  ရုပ်သိမ်းရန်  ကန့်ကွက်ပွဲများကျင်းပ၍  ဆက်လက် ဆန္ဒပြရေးတို့ကိုဆုံးဖြတ်တောင်းဆိုခဲ့ကြသည်။ ကျောင်းသားများသည် တကသအစည်းအဝေးခန်းမမှ ထွက်ခွာ လာကြပြီး တကသ အဆောက်အအုံရှေ့တွင် စုရုံးကာ မန္တလေးဆောင်၊ တောင်ငူဆောင်၊ ဒဂုံဆောင်၊ ရွှေဘိုဆောင်နှင့် အဓိပတိလမ်းမှ ဘွဲ့နှင်းသဘင်ခန်းမ အထိလှည့်လည်၍ဆန္ဒပြကြပြီး တကသ အဆောက် အအုံရှေ့တွင် ပြန်လည်စုရုံးနေကြသည်။
ညနေ ၃ နာရီ ၄ဝ မိနစ်တွင် ရန်ကုန်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်  ၁ဝဝ  ခန့်  ရောက်ရှိလာပြီး  တကသ အဆောက်အအုံကို  ဝိုင်းဝန်းကာ  ကျောင်းသား ခေါင်းဆောင်အချို့ကို ဖမ်းဆီးခဲ့သည်။ ကျောင်းသား များက ရဲများအား ပြန်လည်ခုခံကာ ခဲများဖြင့်ပစ်ပေါက် တုံ့ပြန်ကြသည်။ ကျောင်းသားများ ပိုမိုဆူပူလာသဖြင့် သီးသန့်ရဲတပ်ဖွဲ့ဝင်  ၁ဝဝ  ထပ်မံရောက်ရှိလာပြီး အခြေအနေကိုထိန်းသိမ်းရန်   ကြိုးစားခဲ့သည်။ တပ်မတော်မှ  ကားငါးစီးဖြင့်  စစ်သည်များလည်း ရောက်ရှိလာသည်။ ကျောင်းသားများက ခဲများဖြင့် ပစ်ပေါက်နေကြသဖြင့် ရဲများက မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်နှိမ်နင်းရသည်။ ကျောင်းသားဆူပူမှုကို တာဝန် ယူထိန်းသိမ်းနေရသည့် ဒုတိယဗိုလ်မှူးကြီးစိန်လွင်**(** မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တွဲဖက်အထွေထွေအတွင်း ရေးမှူးတာဝန် ထမ်းဆောင်နေရာမှ ပါတီဥက္ကဋ္ဌ ဦးနေဝင်း နုတ်ထွက်ပြီးနောက် ပါတီဥက္ကဋ္ဌတာဝန်ယူခဲ့သူ။)က ကျောင်းသားများထံသွားရောက်၍ ခဲများဖြင့် ပစ်ပေါက် မှုအား ရပ်ဆိုင်းပါက ရဲများကို ရုပ်သိမ်းပေးမည်ဟု ကမ်းလှမ်းသည်။ ကျောင်းသားခေါင်းဆောင်ကိုကျော်၊ ကိုစိန်ဝင်း၊ ကိုထွန်းကျော်၊ ကိုဝင်းညွန့်နှင့် တက္ကသိုလ် အရန်တပ်ရင်း(တက္ကသိုလ်လေ့ကျင့်ရေးတပ်) ဝတ်စုံ ဝတ်ထားသူ ကိုလှထွန်းတို့က ဒုတိယဗိုလ်မှူးကြီး စိန်လွင်နှင့် လာရောက်တွေ့ဆုံကြပြီး ဆူပူမှုကိုထိန်းပေး ပါမည်ဟု ကတိပေးကြသည်။
 သို့သော် ကိုကျော်၊ ကိုစိန်ဝင်းတို့လူစု မန္တလေး ဆောင်အတွင်းသို့ ဝင်သွားကြသောအခါ ကွန်မြူနစ် ကျောင်းသားများက အကြမ်းဖက်ဆူပူရန် သွေးထိုး လှုံ့ဆော်ခြင်းခံထားကြရသော ကျောင်းသားများက ဝိုင်းဝန်းလှောင်ပြောင်ရှုတ်ချခဲ့ကြသည်။ စစ်ဝတ်စုံ ဝတ်ထားသော ကိုလှထွန်း၏ စစ်ဝတ်စုံကို ဝိုင်းချွတ်ပြီး ဖိုင်ဘာဦးထုပ်ကို ဘောလုံးသဖွယ် ဝိုင်းကန်ကြသည်။ ထို့နောက်ရဲများကို ခဲဖြင့် ပစ်ပေါက်ကြပြန်ရာ ရဲများ ဒဏ်ရာရရှိသဖြင့် မျက်ရည်ယိုဗုံးကို သုံးရပြန်သည်။ ကျောင်းသားအများစုမှာ အဓိပ္ပာယ်မဲ့သော ဆူပူမှုကို ရပ်ဆိုင်းလိုသော်လည်း ဗကပသြဇာလွှမ်းမိုးနေသည့် တကသခေါင်းဆောင်များက ဆက်လက်ဆူပူအကြမ်း ဖက်ရန်သာ ဖိအားပေးနေခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဆူပူမှုကို မထိန်းသိမ်း နိုင်တော့သဖြင့် ဒုတိယဗိုလ်မှူးကြီးစိန်လွင်သည် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ရဲများကို ရုပ်သိမ်းပြီး တပ်မတော် သားများကို အစားထိုးနေရာချထားလိုက်သည်။ ကျောင်းသားများ၏ ဆူပူမှုမှာမူ အရှိန်လျော့မသွားဘဲ ပိုမို၍  ဆိုးရွားလာသည်။  ပါမောက္ခချုပ်ဦးကာ၏ စကိုဒါကားနံပါတ် (စ / ၆၅၉)၊ ကျောင်းရုံးပိုင် ဘောက်ဝက်စ်ဂွန်းကားနံပါတ် (စ/၆၂၄၃) တို့ကို ကျောင်းသားများက တွန်းယူလာပြီး မီးရှို့ပစ်လိုက်ကြ သည်။  တကောင်းဆောင်၊  ပုဂံဆောင်ဘက်မှ ကျောင်းသားများပါ ဆူပူလာပြီး တက္ကသိုလ်စာတိုက် ဘက်မှနေ၍ တပ်မတော်သားများကို ခဲနှင့်ပစ်ပေါက် လာကြပြန်သည်။ အခြေအနေမှာ ပိုမိုဆိုးရွားလာပြီး အကြမ်းဖက်ကျောင်းသားအချို့က ပါမောက္ခချုပ်ဦးကာ ၏ အိမ်ကို မီးရှို့ရန် လောင်စာအမှိုက်များစုဆောင်း လာကြသည်။  သေနတ်ဖြင့်ပစ်ခတ်လူစုခွဲပြီး ပါမောက္ခ ချုပ်ဦးကာတို့မိသားစုကို ကယ်ထုတ်လိုကြောင်း မြန်မာ့အသံရှိ  ကွပ်ကဲမှုဌာနချုပ်သို့  သတင်းပို့ချက် ရောက်လာသည်။ ရှေ့တန်းကွပ်ကဲမှုဌာနချုပ်မှ ခရိုင် ရာဇဝတ်တရားသူကြီးကလည်း အခြေအနေကိုမထိန်း နိုင်တော့သဖြင့်    တပ်မတော်သို့လွှဲအပ်ကြောင်း အကြောင်းကြားစာကို လက်မှတ်ရေးထိုးလိုက်သည်။ တပ်မတော်သည် ညနေ ၆ နာရီ ခန့်မှစ၍ အမိန့်အရ ပစ်ခတ်၍ လူစုခွဲရတော့သည်။
တော်လှန်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးနေဝင်း သည် ဆူပူမှုအား သေနတ်ဖြင့်ပစ်ခတ်နှိမ်နင်းရကြောင်း  ကြားသိရသည်နှင့် ကွပ်ကဲမှုဌာနချုပ်သို့ အခြေအနေ မေးမြန်းခဲ့သည်။ ထို့နောက် အတွဲလိုက် အော်တိုမစ်တစ် ပစ်ခတ်ခြင်းမပြုရန်၊ လိုအပ်သည့် အတိုင်းအတာအထိ သာ အသုံးပြုရန်ညွှန်ကြားခဲ့သည်။ ဗိုလ်မှူးကြီးကျော်စိုး ထံ အခြေအနေကို မေးမြန်းရာ ဗိုလ်မှူးကြီးကျော်စိုးက ရဲ ၁၅ ဦးခန့် ဒဏ်ရာရကြောင်း၊ ကျောင်းသားငါးဦးခန့် ဖမ်းမိပြီး ကျောင်းသားအချို့ သမဂ္ဂအဆောက်အအုံ ပေါ် တက်သွားကြောင်း၊ သမဂ္ဂအဆောက်အအုံပေါ် တွင်  လက်နက်များရှိသည်ဟု  သတင်းရကြောင်း သတင်းပို့ခဲ့သည်။ တော်လှန်ရေးကောင်စီဥက္ကဋ္ဌက သမဂ္ဂအဆောက်အအုံကို ဝိုင်းထားပြီး အဆောက်အအုံ မှ ဆင်းခဲ့ရန်နှင့် မဆင်းလျှင် ပစ်ရမည်ဖြစ်ကြောင်း၊ အသံချဲ့စက်ဖြင့်ပြော၍ ခေါ်ထုတ်ရန်၊ ယင်းအပြင် မမှောင်ခင်ဖမ်းဆီးရန်လိုကြောင်း၊ ခေါ်၍မရလျှင်ျွနခသငူနျွကည ဖြင့် နံရံကိုပစ်ရန်၊ သတိပေး၍မရလျှင် ပစ်ဖောက်ရန် ညွှန်ကြားခဲ့သည်။
မြန်မာ့အသံတွင်ရှိနေသော ကွပ်ကဲမှုဌာနချုပ်မှ တာဝန်ရှိသူများသည် ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးရန် နည်းလမ်းများကို ဆွေးနွေးကြသည်။ ထိုအခါ သမဂ္ဂအဆောက်အအုံသည် ဆူပူမှုဌာနချုပ် ဖြစ်နေသောကြောင့် ဖြိုဖျက်သင့်သည်ဟူသော အဆို ပြုချက်ဖြစ်ပေါ်လာသည်။ ထို့ကြောင့် ယင်းအဆောက် အအုံအား ဖြိုဖျက်ပစ်ရန် စစ်မြေပြင်အင်ဂျင်နီယာတပ် (ဘီအီး)အား တာဝန်ပေးရန် သဘောတူကြပြီးနောက် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက် နံနက်တွင် သမဂ္ဂ အဆောက်အအုံကြီးအား ဖောက်ခွဲဖျက်ဆီးလိုက်တော့ သည်။ ကျောင်းသားဆူပူမှုအရေးအခင်းမှာလည်း ပြိုကွဲသွားရသည်။
၁၉၆၂ ခုနှစ်၊ ဇူလိုင်လတွင် ကျောင်းသားဆူပူမှု အရေးအခင်းတွင် ကျောင်းသား ၁၂ ဦး၊ ဝန်ထမ်း တစ်ဦး၊ အလုပ်သမားနှစ်ဦး၊ အမည်မသိအရပ်သား တစ်ဦး၊  စုစုပေါင်း  ၁၆  ဦး  သေဆုံးခဲ့ရသည်။ ကျောင်းသား ၃၄ ဦး၊ ဝန်ထမ်းငါးဦး၊ အလုပ်သမား သုံးဦး၊ စုစုပေါင်း ၄၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ဆူပူမှုကို ဦးဆောင်ခဲ့သည့် တကသဥက္ကဋ္ဌ ဗဆွေလေး၊ ဗကသ ဒုတိယဥက္ကဋ္ဌ ကိုသက်၊ ရကသ အတွင်းရေးမှူး Óဏ်ဝင်း အပါအဝင် ကျောင်းသား ၂၁ ဦးကို အစိုးရ က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
မန္တလေးတက္ကသိုလ်တွင်လည်း ကျောင်းဆောင် စည်းကမ်းသစ်များနှင့်ပတ်သက်၍ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၂ ရက်မှစ၍ အဆောင်နေကျောင်းသားများ က ဆူပူအော်ဟစ်၍ ဆန္ဒပြခဲ့ကြသည်။ မန္တလေး တက္ကသိုလ်မှကျောင်းသားအင်အားစုများဖြစ်ကြသည့် တပ်ဦး၊ တပ်ဦးသစ်နှင့် ကျောင်းသားအဖွဲ့များသည် (မတကသ)ရွေးကောက်ပွဲမလုပ်ဘဲ ကျောင်းသားသမဂ္ဂ များ  ဖွဲ့စည်းခွင့်ရရေးကိုသာ  လှုပ်ရှားနေခဲ့သည်။ ရန်ကုန်ကျောင်းသားအရေးအခင်းနှင့်ပတ်သက်၍ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(မတကသ) က ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ပိုစတာတိုက်ပွဲလည်း ဆင်နွှဲခဲ့သည်။ ရဲအဖွဲ့က တပ်ဦးမှ မင်းကျော်၊ ခင်မောင်ဝင်း၊ တပ်ဦးသစ်မှ ဗိုလ်ကျူး၊ ချန်လန်၊ လူငယ်တပ်ဦးမှ မောင်ကို၊ နီဝင်း၊ တပ်ဦးသစ် ဥက္ကဋ္ဌဟောင်း သန်းမောင်နှင့်နှစ်ဦးကို ဖမ်းဆီးခဲ့သည်။ 
၁၉၆၂ ခုနှစ်၊ ဇူလိုင်လ အရေးအခင်းသည် ဗမာပြည်ကွန်မြူနစ်ပါတီက ယင်းတို့၏ ကျောင်းသား ကေဒါများကိုအသုံးပြု၍ အစိုးရသစ်အား သွေးထိုးစမ်း ဆင်နွှဲလိုက်သော   နိုင်ငံရေးတိုက်ပွဲပင်ဖြစ်သည်။ အောင်မြင်မှုမရသော်လည်း ကျောင်းသားများသေဆုံး ရမှု၊ သမိုင်းဝင် သမဂ္ဂအဆောက်အအုံကြီး ပျက်စီးသွား ရမှုတို့သည် တော်လှန်ရေးကောင်စီကို နိုင်ငံရေးအရ အထိနာစေခဲ့သည်။ ထိုအချက်သည်ပင် ဗမာပြည် ကွန်မြူနစ်ပါတီအတွက်သာမကဘဲ  တော်လှန်ရေး ကောင်စီအား  မလိုလားသည့်နိုင်ငံရေးအုပ်စုများ အတွက်ပါ ဝါဒဖြန့်ထိုးနှက်စရာအကွက်ကောင်းကြီး ဖြစ်ခဲ့ရသည်။ ထိုစဉ်က မြန်မာ့အသံတွင် ဖွင့်လှစ်ထား သည့် ကွပ်ကဲမှုဌာနချုပ်တွင် အမြင့်ဆုံးတာဝန်ရှိသူမှာ ဗိုလ်မှူးချုပ်အောင်ကြီးဖြစ်သည်။ ဗိုလ်မှူးချုပ်အောင်ကြီး သည် တော်လှန်ရေးကောင်စီအစိုးရအဖွဲ့၏ နံပါတ်(၂) ခေါင်းဆောင်လည်းဖြစ်သည်။ သမဂ္ဂအဆောက်အအုံ အတွင်းတွင် လက်နက်များသိုဝှက်ထားသည်ဟု သတင်း များထွက်ပေါ်လာခြင်း၊ ကွန်မြူနစ်များ ခိုအောင်းနေ သည်ဟု သတင်းများထွက်ပေါ်နေခြင်း၊ ဆူပူမှုကို ကြိုးကိုင်ဖန်တီးနေသည့် တကသ ခေါင်းဆောင်များ ရှိနေခြင်းတို့ကြောင့် သမဂ္ဂအဆောက်အအုံအား ယမ်း ဘီလူးဖြင့် ဖြိုခွဲပစ်ရသည်အထိ ဆိုက်ရောက်ခဲ့ရခြင်းမှာ ကျောင်းသားထုအတွက် မကျေနပ်စရာဖြစ်ခဲ့ရသည်။ ဗိုလ်မှူးချုပ်အောင်ကြီးက သမဂ္ဂအဆောက်အအုံအား ဖြိုပစ်ရန် ဗိုလ်ချုပ်ကြီးနေဝင်းက အမိန့်ပေးသယောင် ပြောဆိုခဲ့ရာ  ဗိုလ်ချုပ်ကြီးနေဝင်းက  သက်သေ အထောက်အထားနှင့်တကွ ငြင်းဆိုခဲ့သည်။ ဗိုလ်မှူးချုပ် အောင်ကြီးမှာလည်း ရာထူးမှ နုတ်ထွက်သွားရသည်။
ဦးအောင်ကြီး(ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး) သည် ၁၉၈၈ ခုနှစ် အရေးအခင်းကာလမတိုင်မီက လှုံ့ဆော်စာများ ရေးသားခဲ့ရာ ကျောင်းသားသမဂ္ဂ ဖြိုခွဲသည့်ကိစ္စတွင် ယင်းအနေနှင့် တာဝန်မရှိပါဟု ထည့်သွင်းရေးသားခဲ့သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီဥက္ကဋ္ဌဦးနေဝင်း (တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်း)က မိမိအနေဖြင့် လိုအပ်မှသာ (ျွနခသငူနျွကည) ဖြင့်နံရံကို ပစ်ခတ်ရန်အမိန့်ပေးခဲ့ ကြောင်း၊ ၂၃-၇-၈၈ ရက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီအရေးပေါ်ပါတီညီလာခံတွင် ဖြေရှင်းခဲ့သည်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လအရေးအခင်းသည် တော်လှန် ရေးကောင်စီအနေနှင့် အစိုးရသက်တမ်း လေးလခန့် အတွင်း အကြီးမားဆုံး စတင်ရင်ဆိုင်ရသောပြဿနာ ပင်ဖြစ်သည်။ ထိုအချိန်က တော်လှန်ရေးကောင်စီသည် အတွေ့အကြုံများစွာ    နုနယ်သေးသည့်အပြင် ကျောင်းသားအရေးကို လက်တွေ့ကိုင်တွယ်ဖြေရှင်း ရသောတပ်မတော်အရာရှိကြီးများမှာ ကျောင်းသား ရေးရာကို ကောင်းစွာကျွမ်းကျင်ခြင်းမရှိကြသေးပေ။ ဗမာပြည်ကွန်မြူနစ်ပါတီမှ  ကွန်မြူနစ်  ကေဒါ ကျောင်းသားခေါင်းဆောင်များ၏လက်ချက်ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သော်လည်း   ထိုဖော်ထုတ်ချက်မှာ ကျောင်းသားများသေဆုံးရမှုနှင့် သမဂ္ဂအဆောက်အအုံ ဖျက်ဆီးခံရမှုအပေါ် ဖုံးလွှမ်းနိုင်ခြင်းမရှိခဲ့ပေ။ ဗမာ ပြည်ကွန်မြူနစ်ပါတီသည် ထိုအရေးအခင်းအပြီးတွင် ကျောင်းသားအများအပြားကို တောတွင်းသို့အပါခေါ်ယူ သွားနိုင်ခဲ့သည်။ သို့သော် ထိုကျောင်းသားအများ အပြားပင် တောတွင်း၌ ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ်ဖြင့် သုတ်သင်သတ်ဖြတ်ခြင်းခံခဲ့ရသည်။ စင်စစ် ထိုအရေး အခင်းသည်  တော်လှန်ရေးကောင်စီကို ထိုးနှက်ဝါဒ ဖြန့်စရာအကြောင်းတစ်ရပ်ဖြစ်သည်မှအပ မည်သူ့ အတွက်မှ အကျိုးမရှိ အရာမထင်သော အရေးအခင်း တစ်ရပ်ဟုသာ ဆိုရပေမည်။
Share this article :

0 comments:

Post a Comment

 
ဆက်သွယ်ရန် mmpolitical2013@gmail.com :
Template Modify by Creating Website Myanmar Political Research Organization