Home » » အခန်း(၁၃) ပဲခူးရိုးမဒေသရှိသောင်းကျန်းသူများချုပ်ငြိမ်းခြင်း

အခန်း(၁၃) ပဲခူးရိုးမဒေသရှိသောင်းကျန်းသူများချုပ်ငြိမ်းခြင်း


အခန်း(၁၃)
ပဲခူးရိုးမဒေသရှိသောင်းကျန်းသူများချုပ်ငြိမ်းခြင်း
အဝေးရောက်ပါတီ၏ ကြိုးကိုင်မှုများ
ပဲခူးရိုးမဒေသတွင် အခြေစိုက်နေသော ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်သည် သခင်သန်းထွန်း ကျဆုံးပြီးနောက် နိုင်ငံရေး၊ စစ်ရေး၊ ဆုံးရှုံးမှုများအား အစွမ်းကုန်  အဖတ်ဆယ်နိုင်ရန်  ကြိုးစားခဲ့သည်။ တိုက်တိုင်းအောင်တပ်များကို တိုးချဲ့၍ စစ်ရေးအရ အကဲသာလာရန် ကြိုးစားခဲ့သော်လည်း အဆုံးအရှုံးများလာသောကြောင့် မဒညတပူးတွဲတပ်ဖြစ်သောအောင်နိုင်တပ်ကို ဖွဲ့စည်းခဲ့ရ၏။ အောင်နိုင်တပ် လှုပ်ရှားမှုသည် ဗကပများအတွက် စစ်ရေးတွင် ထူးထူး ခြားခြား အလေးသာလာခြင်း မရှိသော်လည်း ကေအင်န် ယူပါတီကိုမူ လုံးဝနီးပါး ဝါးမျိုနိုင်ခဲ့သည်။ ဗကပတို့၏ စည်းရုံးသိမ်းသွင်းမှုကြောင့် ကေအင်န်ယူ ပါတီတွင်း၌ ပြဿနာများပေါ်ပေါက်ခဲ့သည်။ ပဋိပက္ခများ အတွင်း ကျိတ်၍ပေါ်ပေါက်ခဲ့သည်။ ထို့နောက် ဗကပဗဟိုသည် အောင်ဇေယျတပ်ကိုဖွဲ့စည်းခဲ့သေးသည်။ အောင်ဇေယျတပ်သည် မြို့များကို သိမ်းပိုက်ရန် ရည်ရွယ်ခဲ့သော် လည်း မည်သည့်မြို့ကိုမျှ သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ပေ။


ထိုသို့ ဗကပနှင့် ကေအင်န်ယူပီတို့ စစ်ရေးအရ ကျဆုံးနေစဉ်မှာပင် ကေအင်န်ယူတပ်ဦးသည် ပြည်ပြေး (ပါလီမန်ဒီမိုကရေစီပါတီ၊ပဒပ)များကိုဗကပနှင့် ကေအင်န်ယူ ပါတီနယ်မြေအတွင်းသို့ ခေါ်လာကာ နယ်မြေချဲ့ထွင်လာပြန်သည်။ ထို့ကြောင့် ဗကပနှင့် ကေအင်န်ယူပါတီတို့သည် စစ်ရေးအရ နှစ်ဖက်ညှပ် နေခဲ့ရသည်။ တပ်မတော်နှင့်ပြည်သူတို့၏ အောင်စိုးမိုး စစ်ဆင်ရေးကိုရှောင်ရှားနေရင်းမှပင် ကေအင်န်ယူ တပ်ဦးနှင့် ပြည်ပြေးတို့၏ ထိုးဖောက်စိမ့်ဝင်မှုကိုလည်း ကာကွယ်ဟန့်တားနေရသည်။ စစ်ရေးအရ အကဲမသာ သည့်နည်းတူ နိုင်ငံရေးဘက်တွင်လည်း ပုံစံအမျိုးမျိုးနှင့် ကျင့်သုံးသော ဖြုတ်ထုတ်သတ်လမ်းစဉ်ကြောင့် အဖတ်ဆယ်မရအောင် ကျဆင်းလာသည်။ ဗကပတို့၏မူဝါဒ အရ နိုင်ငံရေးသည် စစ်ရေးကို လုံးဝလွှမ်းမိုးထားလေရာ နိုင်ငံရေးကျဆုံးသော အခါ စစ်ရေးပါ အလို အလျောက်ကျဆုံးလာသည်။ ဖြုတ်၊ ထုတ်၊သတ်လမ်းစဉ်ကြောင့်  ပါတီတွင်းပြိုကွဲမှုများ  အတောမသတ်နိုင် အောင် ဖြစ်ပေါ်လာသည့် အပြင်ဖြုတ်ထုတ်သတ် လမ်းစဉ်သည် ဒေသခံပြည်သူများအတွက် လူသတ်ဝါဒပင်ဖြစ်နေသောကြောင့်လည်း   ပြည်သူ များ၏ဆန့်ကျင်မှုမှာ  တစ်စတစ်စ  တိုး၍တိုး၍သာ လာလေသည်။
ဗမာပြည် ကွန် မြူ နစ် ပါ တီ ၏ ဖွဲ့ စည်း ပုံ အရ တရားဝင်ပါတီဥက္ကဋ္ဌမှာ သခင်ဇင်ဖြစ်ပြီး အတွင်း ရေးမှူးမှာ သခင်ချစ်ဖြစ်သည်။ ဗမာပြည်ကွန်မြူနစ် ပါတီသည် ၁၉၆၃ ခုနှစ်နောက်ပိုင်းမှစ၍ ပြည်ပ လမ်းစဉ်အား လုံးဝနာခံလာခဲ့လေရာ ပဲခူးရိုးမသို့ ပြည်ပ လမ်းစဉ်ကို တစ်ဆင့်ချမှတ်ပေးရသူများမှာ သခင် ဗသိန်းတင်နှင့် အဝေးရောက်ပါတီပင်ဖြစ်သည်။ သို့နှင့် ပဲခူးရိုးမရှိ  ပါတီဗဟိုသည်  အဝေးရောက်ပါတီ၏ ညွှန်ကြားချက်များကို လိုက်လံလုပ်ဆောင်ရင်း အဝေး ရောက်ပါတီ၏လွှမ်းမိုးမှုအောက်သို့ လုံးလုံးလျားလျား ရောက်ရှိလာသည်။ ပဲခူးရိုးမတွင် ဗကပများ စစ်ရေး၊ နိုင်ငံရေး အကျအဆုံးများနှင့် ကြုံတွေ့လာရသောအခါ အဝေးရောက်ပါတီသည် အရှေ့မြောက်ဒေသ ဗကပကို ဖန်တီး၍ ကယ်တင်ခဲ့ရသည်။  ထို့ကြောင့်  သခင် သန်းထွန်းကျဆုံးပြီး  ၁၉၆၈  ခုနှစ်ကုန်ခန့်မှစ၍ ချုပ်ငြိမ်းလုနီးပါးဖြစ်သွားရသော  ပဲခူးရိုးမ  ဗကပများ သည် အသက်ရှူချောင်သွားခဲ့ရသည်။ ပြန်လည်၍ ခေါင်းထောင်လာနိုင်ခဲ့ရသည်။ ပဲခူးရိုးမတွင် ဗကပတို့ အသက်ဆက်နေနိုင်ရေးမှာ အရှေ့မြောက်ဒေသ ဗကပ နှင့် ပြည်ပမူဝါဒအပေါ်တွင် တည်မှီလာသည်။ ထိုရော အခါ ဗကပဗဟိုသည် ပဲခူးရိုးမ၏ ကံကြမ္မာကို ဖန်တီး ပေးနိုင်သည်ဟု ယုံကြည်ယူဆရသော အဝေးရောက် ပါတီကို ပိုမို၍ အားကိုးမှီခိုလာရတော့သည်။
အဝေးရောက်ပါတီသည်  ဗကပဗဟိုအသက်ရှူ ချောင်ရေးအတွက်  အရှေ့မြောက်ဒေသ  ဗကပကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် အလျင်အမြန် တိုးချဲ့နေသည် သာမကဘဲ  ပဲခူးရိုးမသို့ လမ်းစဉ်မူဝါဒများ ချပေးခြင်း၊ လိုအပ်သောသတင်းများအား ထောက်လှမ်းပေးပို့ခြင်း တို့ကို ကြိုးမဲ့ကြေးနန်းစက်ဖြင့် ဆက်သွယ်ဆောင်ရွက် ပေးခဲ့သည်။   ကေအင်န်ယူပါတီဗဟိုမှ  ပြည်ပအကူ အညီကို  တိုက်ရိုက်ရယူရေးအတွက်  ဆက်သွယ်ရန် စေလွှတ်လိုက်သော   ဆရာစကောလယ်တောတို့အဖွဲ့ အား  အရှေ့မြောက်ဗကပမှ  ဗဟိုကိုယ်စားလှယ် ဗိုလ်မျိုးမြင့်(အသားမဲ)သည် နည်းမျိုးစုံဖြင့် ချဉ်းကပ်၍ ကေအင်န်ယူပါတီ၏ လျှို့ဝှက်ချက်များကို အောက်ပါ အတိုင်း ပေးပို့ခဲ့သည်။   (၁။    ဇင်-ချစ်နောက်ဆုံး(၂)၊ စာမျက်နှာ ၂၁၇။)
အောင်မှနဂါး၊ ထွန်းမော်(ဝ၇ဝ၆၃ဝ)
ကေအင်န်ယူမှ လျှို့ဝှက်ပြန်တဲ့စာတမ်းကိစ္စ
၁။       စာတမ်းကတော့ မဒညတမှာ ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး ပါတီမှာ တင်ပြချက်နှင့် ကေအင်န်ယူရဲ့  သဘောထားဆိုတာပဲဖြစ်။ ပါတီရဲ့ တင်ပြချက်ထဲမှာ မဒညတထဲမှာ အလုပ်သမား လူတန်းစားပါတီလို့ ပြောနေ တာဟာ ဗကပ ခေါင်းဆောင်မှု လက်ခံရေး ဖြစ်။ မဒညတထဲမှာ ကွန်မြူနစ် ပါတီရဲ့ ခေါင်းဆောင်မှု ခံယူတယ်ဆိုတာ ဖော်ထုတ်ရဲရမယ်။ကွန်မြူနစ်ပါတီ ခေါင်းဆောင်မှု လက်မခံနိုင်ဘူးဆိုရင် အရင်းရှင်ခေါင်းဆောင် မှု ခံယူတာပဲဖြစ်။ ကေအင်န်ယူဟာ အလုပ် သ မား လူ တန်း စားပါတီဖြစ်တယ် ဆိုတာ အလုပ်သမားလူတန်းစားပါတီတစ်ခု တည်းရှိရမယ်ဆိုတာကိုဆန့်ကျင်ပြီး လူမျိုး အလိုက်အလုပ်သမားလူတန်းစားပါတီလုပ် နေတာဖြစ်တယ်။ ပအိုဝ့်* (ပအိုဝ့်=ပအိုဝ့်သောင်းကျန်း သူရလလဖ)တို့၊ ကချင်**(ကချင်=ကချင်သောင်းကျန်းသူ ကေအိုင်အေ) တို့ကို ရန်သူ***(ရန်သူ = တပ်မတော်ကိုဆိုလိုသည်။)  က ကွန်မြူနစ်နောက်လိုက်ဆိုတာ နဲ့ ခေါင်းဆောင်မှုခံယူတယ်ဆိုတာနဲ့ အနှစ် သာရအရပြောရရင် အတူတူပါပဲ။ ပါတီက ပြောတဲ့ နောက်လိုက်ဆိုတာ နိုင်ငံရေးအရ ခေါင်းဆောင်မှု ခံယူတာကို ဆိုလိုတာဖြစ် တယ်။ တို့ဟာ နောက်လိုက်မဟုတ်ဘူးလို့ဆိုတဲ့ တုံ့ပြန်မှုရဲ့လုပ်ရပ်က အလုပ်သမားလူတန်း စားခေါင်းဆောင်မှုကို လက်မခံနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ လက်တွေ့မှာ ပါတီနဲ့ ခပ်ခွာခွာ နေလာခြင်းတို့ပါပဲ။
၂။       ကေအင်န်ယူရဲ့ သဘောထား။ တိုင်းပြည် တစ်ခုမှာ စစ်မှန်တဲ့ မာ့ခ်စ်ဝါဒပါတီတစ်ခု သာရှိရမယ်ဆိုတာခံယူ။ ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေးမှာ အလုပ်သမား လူတန်းစားရဲ့ ခေါင်းဆောင်မှုရှိရမယ်ဆိုတာလည်းခံယူ။ ကေအင်န်ယူပါတီဟာ  သီးခြားသမိုင်းတာဝန် နဲ့ ပြည်လုံးဆိုင်ရာ တော်လှန်ရေးမှာ တာဝန်ယူနေရမှုအရ အလုပ်သမားပါတီတစ်ခုအနေနဲ့ မိမိဆိုင်ရာအတွင်း ရှေ့ဆောင်နေရခြင်းဖြစ်တယ်။ ကွန်မြူနစ်ပါတီကို စင်ပြိုင်အဖြစ် သဘောမထားပါ။ တော်လှန်ရေးအောင်ပွဲ ခံပြီးနောက် အခြေအနေပေးအပ်တဲ့ကာလ တစ်ခုမှာ တစ်ခုတည်းသောပစ္စည်းမဲ့ ပါတီ သာရှိရမည်ဆိုတဲ့ ခံယူချက်အတိုင်းလုပ်သွားမယ်။ မဒညတ ခိုင်မာကြီးထွားအောင်လုပ်မယ်။ တူညီစွာချမှတ်ထားတဲ့ လမ်းစဉ်ဆိုင်ရာ အပေါ်မှာ ပါဝင်တဲ့အဖွဲ့၊ ပါတီတို့က အာမခံ ခြင်း၊ လူထုလမ်းစဉ်အဖြစ် အကောင်အထည် ဖော်သွားကြဖို့ဖြစ်တယ်။မဒညတပါတီတစ်ခုရဲ့ခေါင်းဆောင်မှုကို အကြွင်းမဲ့ ခံယူတဲ့တပ်ပေါင်းစု မဟုတ်လို့ မဒညတမှာ ပါဝင်ကြတဲ့ ပါတီအသီးသီးဟာ ပေါင်းစည်းခြင်းနဲ့ လွတ်လပ်ခွင့်ဆိုတဲ့ အခြားတစ်ခုကို ကိုင်စွဲလုပ်ဆောင်သွားကြရမှာဖြစ်တယ်။ အထက်ပါတို့ဟာ လျှို့ဝှက်ဖြစ်တဲ့ စာတမ်းပါ အနှစ် သဘောအားလုံးဖြစ်။
၃။ ဒီမှာရှိတဲ့ ကေအင်န်ယူခေါင်းဆောင်တွေ အနေနဲ့ အက်စ်အက်စ်ပီပီကိုလည်း အလုပ် သမား လူတန်းစားပါတီဖွဲ့ရေး ပြောသလို ရလလဖကို တပ်ဦးပါတီအဖြစ် ဖွဲ့ရေးကို တရားဝင် တိုက်တွန်းထားခဲ့။ စင်ပြိုင်ပါတီ လုပ်မှုနဲ့ လူမျိုးအလိုက် ပါတီလုပ်ရေးကို တိုက်တွန်းနေတယ်။ တစ်ဆက်တည်းပဲ စင်ပြိုင် တပ်ပေါင်းစုအနေနဲ့ လူမျိုးစုညီညွတ်ရေးတပ်ဦးအဖြစ် လုပ်နေ။သူတို့ အစီအစဉ်က ရှမ်းပြည်မှာ ကေအင်န်ယူပါတီခေါင်းဆောင် မှု ဆက်ထူထောင်ဖို့ ဗဟိုကော်မတီအချို့ကို ဆက်တာဝန်ပေးမယ်လို့ သိရ။ ခု သူတို့ဝါဒ ဖြန့်နေတာက ''ကွန်မြူနစ်ပါတီဟာ ပါတီကြီး ဝါဒရှိတယ်။ လက်ဝါးကြီးအုပ်တယ်၊ မာနကြီး တယ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို သူတို့ကတိုက် လာမှ ပါတီက သဘောတူနေတာဖြစ်တယ်'' ဆိုတာ ဝါဒဖြန့်နေတယ်။
          နောက်နှစ်ပါတီ၊ တစ်ပါတီဖြစ်ရေး ဘယ်လို လုပ်မလဲ မေးလာကြတယ်။ ကေအင်န်ယူ  ပါတီထဲမှာ ပါတီအပေါ် လေးနက်တဲ့သူတွေ ကတော့ ကေအင်န်ယူ ပါတီရဲ့ သဘောထား နဲ့ လုပ်ရပ်ကို မကြိုက်ကြ။
(အရှေ့မြောက်ဒေသမှ ပေးပို့သော ကြိုးမဲ့ ကြေးနန်း)
xxx
ကေအင်န်ယူပါတီတွင် ဥက္ကဋ္ဌ စောမြမောင်နှင့် ဗဟိုခေါင်းဆောင်များကသာ ဗကပ သြဇာကို လုံးဝ ခံယူနေကြခြင်းဖြစ်ပြီး အောက်ခြေကမူ ဗကပတို့ကို မနှစ်မြို့ကြပေ။  ဗကပတို့၏  ပါတီကြီးဝါဒနှင့် ကေအင်န်ယူပါတီ၏ လူမျိုးရေး အမြင်ကျဉ်းမှုသည် ထိပ်တိုက်ပဋိပက္ခကို ဖြစ်ပေါ်လာစေသည်။ အဝေး ရောက်ပါတီသည် ဗကပ ဗဟိုအနေနှင့် ကေအင်န်ယူ ပါတီကို ပိုင်နိုင်စွာ ကိုင်တွယ်နိုင်စေရန်အတွက် အခြေ အနေများကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ထို့ အတူပင် အခြားသောင်းကျန်းသူများနှင့် ပတ်သက်၍ လည်း အောက်ပါအတိုင်း အကြောင်းကြားခဲ့သည်။(၁။ ဇင်-ချစ်နောက်ဆုံး(၂)၊ စာမျက်နှာ ၂၃၂ မှ ၂၃၉။)
အခြေအနေများ သိရချက်(ရက် ၁ဝ)
၁။       မှူးထင်လင်းထံမှ သိရချက်များ။ နုဂိုဏ်း အတွင်း ကွဲနေသလို မြဇံဂိုဏ်းအတွင်းလည်း သုံးစုကွဲနေတယ်လို့  သိရတယ်။  ဘဇံ၊ ဗိုလ် မောင်မောင်တို့ကတစ်စု၊ မြ၊ ဗိုလ်သန်းအောင် တို့ကတစ်စု၊ ဗိုလ်ရွှေလေးနောက်တွင် ဗိုလ် တင်ဦး ရှိသည်။
ဗိုလ်မြအစုက ကေအင်န်ယူပီနဲ့ ဆွေးနွေးချင် တယ်ဆိုလို့ ကေအင်န်ယူပီက ဆွေးနွေးဖို့ စီစဉ် နေတယ်လို့ ဆိုတယ်။ ပါတီဗဟိုက သိမသိ ကျွန်တော်တို့ မသိပါ။ ဘဇံဟာ ငွေကိုးသိန်း ဦး နု ထံ မှ ရ ရှိ ပြီး ငွေ အ တော် များ များ ကို ဇင်းမယ်ဘဏ်မှာအပ်ထားလို့ ဗိုလ်မြတို့က မကျေမနပ်ဖြစ်နေတယ်လို့ဆိုတယ်။
၂။       ကရင်နီဌာနချုပ်မှာလုပ်တဲ့  ခြောက်ပါတီ ဆွေးနွေးပွဲအစမှာ ဗိုလ်မောရယ်က ဘဇံ ဖိတ်ရေးကိုတင်တယ်။ အက်စ်အက်စ်ပီပီက မိုးဟိန်း ဖိတ်ရေးကိုတင်တယ်။ ဒါတွေကို ရလလဖနဲ့ ကေအင်န်ယူပီ ကိုယ်စားလှယ် များက ကန့်ကွက်ကြပါတယ်။
ဒါကြောင့်  ချင်းအဖွဲ့က  ဗိုလ်မောရယ်နဲ့ ခွန်ကြာနုတို့ရဲ့အဆိုကို ထောက်ခံဖို့ တွန့်နေ တယ်။ သူတို့ အစည်းအဝေးကို ဧပြီလ ၁၈ ရက်နေ့ကို ရွေးထားတယ်။ ဗိုလ်မောရယ်နဲ့ နိုင်ငံရေး သဘောထားက ကရင်နီဟာ အရင် ကလည်း လွတ်လပ်တဲ့နိုင်ငံဖြစ်သလို ယခု လည်း လွတ်လပ်တဲ့ နိုင်ငံဖြစ်ရမယ်။ မဒညတရဲ့ပြည်ထောင်စုမူကို သူလက်မခံနိုင်ဘူး ဆိုတာ သိရပါတယ်။
၃။       ကရင်နီတိုးတက်ရေးပါတီဒေသထဲကို ရန်သူ  (တပ်မတော်)ရဲ့ ယဉ်ကျေးမှု အဖွဲ့တွေ ဝင်တယ် လို့ သိရတယ်။ အဲဒီအဖွဲ့ကို ခေါင်းဆောင်သူ ဟာ ကရင်နီပါတီ ဗဟိုကော်မတီတစ်ဦးဖြစ်သူ ဆရာဖဲဆူရဲ့ အစ်ကိုဖြစ်တယ်လို့သိရတယ်။ အဲဒီမှာ ရန်သူ့စခန်းတစ်ခုရှိတယ်။ တချို့ တပ်တွေက ကရင်နီတိုးတက်ရေးပါတီရဲ့ တပ် တွေကို သူတို့စခန်းတွေကိုလာပြီး လည်ပတ် နေထိုင်ကြဖို့ ခေါ်ခဲ့ကြောင်းသိရ။
၎။       ရှမ်းပြည်အချို့ အဖွဲ့အစည်းများ အခြေအနေ။ အက်စ်အက်စ်ပီပီနဲ့ မိုးဟိန်းအဖွဲ့ ပြန်ပေါင်း ထုပ်ရေးကို တရုတ်ဖြူကကြိုးစားပေးနေတယ် လို့သိရ။ လွယ်မော်စတဲ့ အင်အားများနဲ့ တရုတ်ဖြူပြန်ပေါင်းရေးအတွက် အက်စ် အက်စ်ပီပီမှ ကြိုးစားလုပ်ပေးနေတယ်လို့ သိရ။ အက်စ်အက်စ်ပီပီနဲ့ ရလလဖ မနှစ်က ဆွေးနွေးပြီး အချို့ သဘောတူညီချက်ရခဲ့ တာကို အက်စ်အက်စ်ပီပီက ရလလဖကို စည်းရုံးနိုင်ခဲ့ပြီလို့ သဘောထားတယ်။
၅။       ရှမ်းပြည်ရှိအဖွဲ့တွေ ပေါင်းစည်းမိပြီး သံလွင် အနောက်ပိုင်းက မိုးနဲ၊ မောက်မယ်၊ အလယ် ပိုင်းနဲ့ အရှေ့ဘက်က မိုင်းတုံနဲ့မိုင်းဆတ်စတဲ့ မြို့တွေကိုသိမ်းပြီး ဖက်ဒရယ် ရှမ်းပြည်သမ္မတနိုင်ငံအဖြစ်  ကြေညာဖို့ဖြစ်တယ်။  အဲဒီရှမ်းပြည် သမ္မတနိုင်ငံ ဟာ ထိုင်ဝမ်လောက် မကြီးပေမယ့် သမ္မတနိုင်ငံကြေညာပြီးရင် ထိုင်းစတဲ့နိုင်ငံတို့က အသိအမှတ်ပြုမယ်။
၆။       မိုင်းပန်ရဲ့ တောင်ဘက်တည့်တည့် အတော် လှမ်းတဲ့နေရာမှာရှိတဲ့ ပိန်မိ၊* (ပိန်မိ-(ပန်ပိ-တရုတ်ဖြူစခန်းဖြစ်သည်။) ဇင်-ချစ်နောက်ဆုံး(၂)စာအုပ်တွင် စာလုံးပေါင်းမှားနေသည်။)
မိုးနဲ၊ လွယ်လင်၊ နမ့်လန်၊ ကျောက်မဲ၊ လားရှိုးစတဲ့ မြို့အားလုံး မှာ တရုတ်ဖြူ လျှို့ဝှက်စခန်းများ ရှိနေတယ်။ လားရှိုးမြို့နယ်မှာ ကြေးနန်းစက် ငါးလုံး ရှိတယ်။ အဲဒီက က/န** (က/န-ရေဒီယိုကြိုးမဲ့ကြေးနန်း)
စက်တွေဟာ အရှေ့မြောက်တိုင်း စစ်ဒေသသတင်းတွေကို အမြဲယူပေးနေတဲ့ က/န ဌာနတွေဖြစ်တယ်။သတင်းတွေကို အတော်ရအောင် တာဝန်ယူပြီးပို့ကြတယ်လို့ဆိုတယ်။
၇။       မျက်ကန်း(ပျက်ကန့်)။***(ဇင်-ချစ်နောက်ဆုံး(၂)တွင် 'မျက်ကန်း'ဟု ရေးထားပါသည်။ အမှန်မှာ 'ပျက်ကန့်' ဖြစ်ပါသည်။ ရှမ်းဘာသာအားဖြင့် 'ပျက် = ရှစ် + ကန့် = သူကြီး'၊ သူကြီးရှစ်ဦးပိုင်နယ်။) ခေါ်သူကြီးရှစ်ဦး အဖွဲ့ရဲ့ ဌာနချုပ်ဟာ ကျိုင်းတုံမြို့ရဲ့ အနောက်ဘက် ကားလမ်းပေါ်ရှိ လွယ်မော်မြို့ရဲ့ တောင်ဘက် တည့်တည့် လောက်ဒေသမှာ ရှိတယ်လို့ သိရ။ ၎င်းအဖွဲ့မှာ အက်စ်အက်စ် ပီပီရဲ့ ရှမ်းလူမျိုးကြီးဝါဒ ကျင့်သုံးမှုကို မခံနိုင် ဘဲ ယခု ကွန်မြူနစ်ပါတီနဲ့ ဆက်သွယ်လိုတဲ့ အပိုင်းနဲ့ ရန်သူ့ထံ လက်နက်ချလိုတဲ့အပိုင်း ကွဲနေတယ်လို့ဆိုတယ်။ အချက်လေးချက်မှ ခုနစ်ချက်အထိဟာ မိုးနဲမြို့ ကာကွယ်ရေးမှ လက်နက်ချတဲ့ ကာကွယ်ရေးမှာ တပ်ထောက် လုပ်ခဲ့တဲ့ ရှမ်းအမျိုးသား ဆန်လိပ်ထံမှ ပြောပြချက်များနဲ့ အချို့နေရာများက စုစည်းရရှိတဲ့ သတင်းများဖြစ်တယ်။ဆန်လိပ်ပြောပြတာကသူပြောတဲ့အချက်တွေဟာတရုတ်ဖြူတာဝန် ခံတစ်ဦးက သူတို့ကာကွယ်ရေးတွေထဲမှာ တာဝန်ခံတွေကို ဆွေးနွေးတာဖြစ်တယ်။ မှတ်တမ်းမလုပ်ရဘဲ ပြောတဲ့ အဓိကအစီ အစဉ်ကိုသာ နားထောင်ရတယ်လို့ဆိုတယ်။
၈။       ဆန်လိပ်ပြောပြတဲ့ တရုတ်ဖြူ လျှို့ဝှက်စခန်း တွေပဲဖြစ်မယ်ဆိုတာ သေချာပါတယ်။ အက်စ် အက်စ်ပီပီနှင့်မိုးဟိန်းပြန်ညီညွတ်ရေး၊ ကျန်နေ တဲ့ လွယ်မော်အဖွဲ့နဲ့ တရုတ်ဖြူပြန် ညီညွတ်ရေးအက်စ်အက်စ်ပီပီအနေနဲ့ ရလလဖကိုချဉ်းကပ် စည်းရုံးရေးဆိုတာဟာ အမေရိကန် နယ်ချဲ့ရဲ့ အစီအစဉ်အရ ထိုင်း ဖောက်ပြန်ရေးအစိုးရ တရုတ်ဖြူတို့နဲ့ နု-လက်ျာတို့ရဲ့ အစီအစဉ်တွေ ပဲလို့ ထင်မြင်တယ်။
ကရင်နီနဲ့ ပဒပဟာ ခုအထိ (ကြိုးမဲ့ကြေးနန်း) ဆက်သွယ်မှုရှိ၊ ပဒပမှ ဗိုလ်ကျော်ရှိန်ဆိုသူ လာပြီး ဗိုလ်အောင် လာမယ်ပြော၊ ဆရာဘူး ကတော့ ဗမာဆန့်ကျင်ရေးသာမဟုတ်၊ ကရင် ဖြူဆန့်ကျင်ရေး လည်းရှိ၊ မောရယ်ရဲ့ရုံးကို ရန်သူက လွှတ်လိုက်တဲ့ ဆရာဘူးအစ်ကို ဦးထွန်းဖေ၊ မောရယ်ယောက်ဖ ဦးရယ်နဲ့ ကယားပြည်နယ်ဥက္ကဋ္ဌ စောငွေသောင်းရဲ့ညီ မဆလတာဝန်ခံတစ်ဦးဖြစ်သူတို့ရောက်လာခဲ့၊မောရယ်နဲ့ဆွေးနွေးပြီးပြန်သွားတယ်လို့သိရ။ အဲဒီလူတွေကို လက်ခံပြီး မဆွေးနွေးရန် ဆရာဘူးက  တင်ပြပေမယ့် မောရယ်က ကရင်နီကိုယ်တိုင်ပြဋ္ဌာန်းခွင့်နဲ့ လွတ်လပ်ရေးကို ဆွေးနွေးလိုက် တယ်လို့ဆိုတယ်။ မောရယ်ကကယားပြည်သစ်ပါတီ*(ကယန်းပြည်သစ်ပါတီကိုဆိုလိုပါသည်။)
ကိုလက်နက်ပေးပြီးသွေးဆောင်ထားမှု လုပ်နေတယ်။ ကယန်း ပြည်သစ်ပါတီ ခေါင်းဆောင် ပိန်းလူသဘောက တော့ ပြည်သူ့ ဒီမိုကရေစီ သဘောထားလည်း ရှိတယ်။ ဘုံရန်သူ အပြုတ်တိုက်သွားရေးလည်း သဘောထားတယ်။
ဒါပေမဲ့ ကွန်မြူနစ်ပါတီ၊ ကေအင်န်ယူ၊ ရလလဖနဲ့ မနီးတဲ့အပြင် အင်အားကလည်း နည်းတော့ မောရယ်တို့ကိုပဲ အမှီပြုနေတယ်။ ပဒပနဲ့တော့  မဆက်လိုဘဲ  သာသနာပြု ဘုန်းကြီးတွေနဲ့   ကွန်မြူနစ်ဆန့်ကျင်ရေး ဂယက်ရိုက်မှုရှိတယ်။
၉။       ဇော်ထွန်းကိုတော့ ပဒပတိုင်း(၁)မှူးကဖြုတ်ပြီး ပဒပကနေ ထွက်လိုက်ပြီလို့ သိရ၊ မြ-ဇံ အတွင်း မကျေနပ်မှု ပြင်းထန်နေ၊ မြ-ဇံကို ဦးနုလူလို့ ဝါဒဖြန့်တယ်။ ဇံကလည်း မြရဲ့ ရန်ကိုကြောက်ပြီး ကင်းချနေတယ်။
ဗိုလ်မောင်မောင်ကတော့ သူ့ကို မြကသတ်မှာ ကြောက်နေတယ်လို့ ဆိုတယ်။ ဇံက နေဝင်း ရဲ့ ကြေညာချက်ကိုသာ ဂရုစိုက်နေပြီး ငြိမ်းချမ်းရေးခေါ်မလားလို့ မျှော်နေတယ်။ ဗိုလ်ရွှေဆိုင်း(ရွှေလေးမဟုတ်)က လက်နက် ခဲယမ်း အဓိကစုနေတယ်သိရတယ်။
၁ဝ။     ပဒပမှာ သုံးစုကွဲနေတယ်။ နု၊ သွင်၊ ရန်နိုင် အစုသုံးစုဖြစ်နေတယ်။ သူ** (ဦးနုကို ဆိုလိုသည်။) က ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို လက်မခံဘဲ တညလ နာယက အဖြစ်မှရော ပဒပဥက္ကဋ္ဌ အဖြစ်မှရော ထွက်လိုက်တယ်။ လက်ျာကိုတင်ထား၊ နုကိုင် တဲ့ ပြည်ချစ်လူငယ် တပ်ပေါင်းစုကို ဖျက်လိုက် တယ်လို့ဆိုတယ်။ ရန်နိုင်က တောင်ပိုင်း တိုင်းမှူး လူ ၁၅ဝ ကျော်ရှိပြီး ဦးသွင်ကအလယ်ပိုင်းတိုင်းမှူးလူ၁ဝဝ ကျော်ရှိတယ်၊ ဗိုလ်အောင် (ဗိုလ်မှူးအောင်)ဟာ မယ်စက် အရှေ့ဘက်ဝိုင်းထဲမှာနေတယ်။
လက်ျာက စစ်ဦးစီးချုပ်လုပ်နေပြီး သွင်က ပဒပ အတွင်းရေးမှူး လုပ်ခိုင်းတယ်။ ဂျင်မီ ယန်းက လူ ၃ဝ ကျော်နဲ့ မြောက်ပိုင်းတိုင်းမှူး လို့ဆိုတယ်။ နုရဲ့တပ်တွေဟာ ပြည်တွင်း ဝင်လာ၍ လူထုက မထောက်ခံတာ လူမျိုးစု တပ်တွေနဲ့ ဆက်ဆံမှု မကောင်းတာ ရန်သူက  ဆက်တိုက်လို့ချလို့သေတာ၊လက်နက်ချတာတွေများတော့တပ်တွင်း စိတ်ဓာတ်ကျမှုဖြစ်နေ လို့ သိရ။
ကယန်းပြည်သစ်နယ်ထဲ ဝင်စဉ်က နုနဲ့ ကယန်းပြည်သစ်ပေါင်းတာကို လုံးဝ လူထုက လက်မခံပါ။အထက်လွှာတွေကတော့ ကယန်းပြည်သစ်ကိုနုနဲ့ပေါင်းပြီး လက်နက်ယူလာလို ကြတယ်လို့ဆိုတယ်။
ဦးနုတပ်များက ကယန်းပြည်သစ်ဒေသ*** (ကယန်းပြည်သစ်ဒေသ။ ကရင်ပြည်နယ် သံတောင်မြို့နယ်မြောက်ခြမ်း၊ ကယားပြည်နယ် အနောက်ခြမ်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တောင်ခြမ်း၊ မန္တလေးတိုင်း၊ ပျဉ်းမနားမြို့နယ် အရှေ့ခြမ်း၊ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် အရှေ့မြောက်ခြမ်းတို့ ဆက်စပ်ရာ နယ်နိမိတ်ဆုံဒေသ။)ထဲမှာ မောင်မောင်ဦး အုပ်ချုပ်ပြီး ၃၇ယောက် ကျန်သေးတယ်။* (မောင်မောင်ဦးခေါင်းဆောင် သောပြည်ပြေးအထောက်အပံ့ခံပြည်တွင်းငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးအဖွဲ့ကို တပ်မတော်ကချေမှုန်းလိုက်ပြီး ကြွင်းကျန်သူများကို ကယန်းပြည်သစ်ပါတီကသတ်ဖြတ်ကာ လက်နက်သိမ်းခဲ့သည်။)လူထုကလက်မခံလို့ ပြန်ခေါ်ဖို့ လက်ျာထံ တောင်းဆိုထားတယ် လို့သိရ။နုဟာ ဝန်ကြီးချုပ် ဘဝတုန်းကထက်ပင် နေထိုင်မှု အဆင့်မြင့်တယ်လို့ဆိုတယ်။
၁၁။     ကရင်နီမှာလုပ်တဲ့ ခြောက်ပါတီအစည်းအဝေး မှာ ကျယ်ပြန့်ရေးဆိုပြီး ကေအင်န်ယူတပ်ဦး၊ မွန်ပြည်သစ်၊ မိုးဟိန်းအဖွဲ့၊ ဆေးအွန်ရဲ့ အက်စ်အက်စ်အေနဲ့ ချင်းဒီမိုကရေစီပါတီ** (ချင်းဒီမိုကရေစီပါတီမှာ မန်တလင်းဆိုသူခေါင်းဆောင်သော ချင်းအမျိုးသား ပြည်ပြေးများကို ဖွဲ့စည်း ပေးထားသောအဖွဲ့ဖြစ်သည်။) ကို ဖိတ်ရေးတွေ တင်ပြလာကြ။
မွန်ပြည်သစ်နဲ့    ကေအင်န်ယူအက်ဖ်ကို ဖိတ်ခေါ်ရေးကိုကေအင်န်ယူပီနဲ့ ရလလဖ တို့က ကန့်ကွက်ကြတယ်။ ဒါပေမဲ့ အများစုက ဖိတ်ခေါ်ဖို့ဆုံးဖြတ်ကြ။ မိုးဟိန်းအဖွဲ့မဖိတ်ရန် ရလလဖက ကန့်ကွက်တယ်။ ဆေးအွန်အဖွဲ့ ကို  အက်စ်အက်စ်ပီပီရော၊  ရလလဖပါ ကန့်ကွက်ပြီး ချင်းဒီမိုကရေစီပါတီကို မဖိတ် ဖို့ဆုံးဖြတ်တယ်။
ဆေးအွန်(ခေါ်)တင်ဖေကို စီအိုင်အေကို သတင်းရောင်းစားနေသူနဲ့၊ ရန်သူနဲ့ အဆက် အ သွယ် ရှိ သူ လို့ သံ သ ယ ရှိ ကြ တယ်၊ မိုးဟိန်း*** (မိုးဟိန်း(SURA)ရှမ်းသောင်းကျန်းသူ ခေါင်းဆောင်။)နဲ့ ချင်းဒီမိုကရေစီပါတီကတော့ ဖောက်ပြန်ရေးတွေကိုသာ သိပြီးဖြစ်တယ်။
အက်စ်အက်စ်ပီပီ (၁။  အက်စ်အက်စ်ပီပီ = အက်စ်အက်စ်အေကဖွဲ့စည်းထားသော ရှမ်းပြည်တိုးတက်ရေးပါတီ။)က ကွန်မြူနစ်ပါတီ ပဒပ(၂။ပဒပ = ပါလီမန် ဒီမိုကရေစီပါတီ(ခေါ်)ပြည်ပြေးအဖွဲ့။)၊ မဆလ(၃။   မဆလ = မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ(လမ်းစဉ်ပါတီမှ ဤအတိုကောက်စကားလုံးကို အသုံးမပြုတော့ပါ)။) တို့လို ဗမာပါတီများနဲ့ မပေါင်းရေး ကိုဆိုတယ်။ လူမျိုးစုအင်အား သီးခြားစုပေါင်းကာကမ္ဘာကိုပြပြီး အခွင့်အရေး ယူဖို့ဆိုတယ်။
ဇိုမီကိုယ်စားလှယ်ဆိုတဲ့ ဂျင်မီက မဒညတ(၄။   မဒညတ = အမျိုးသားဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစု။)၊ တညလ(၅။တညလ = တိုင်းရင်းသားပေါင်းစုံ ညီညွတ်ရေးနှင့် လွတ်မြောက်ရေး တပ်ပေါင်းစု။) ဝင်တွေ ဘယ်သူပါပါ၊ ပါလာရင် သူမပါဘူးလို့ဆိုတယ်။ ကယန်းပြည်သစ်ရဲ့ သဘောထားကတော့ မဒညတပဲပါပါ၊ တညလပဲ ပါပါ လူမျိုးစု အဖွဲ့ဆိုရင် ပါရမယ် လို့ဆိုတယ်။
မောရယ်(၆။မောရယ် = ကရင်နီ-စောမောရယ်၊ ဥက္ကဋ္ဌ၊ ကရင်နီတိုးတက်ရေးပါတီ။) အနေနဲ့လည်းကွန်မြူနစ်ပါတီကို ဗမာပါတီလို သဘောထားတယ်လို့ဆိုတယ်။ ကရင်နီ (၇။ ကရင်နီ = ကယားပြည်နယ်။)မှာ လုပ်မယ့် ဧပြီ ၁၈ ရက်နေ့ အစည်းအဝေးကို ကေအင်န်ယူပီနဲ့ ရလလဖ တို့မှ မတက်လို့ ဆုံးဖြတ်ကြတယ်။
(ပြီးပြီ)
(အဝေးရောက်ပါတီမှ သခင်ဗသိန်းတင်က သခင်ဇင်ထံပေးပို့သော ကြိုးမဲ့ကြေးနန်း)
ဗကပ အဝေးရောက်ပါတီသည် လူမျိုးစုသောင်း ကျန်းသူများအား နည်းမျိုးစုံဖြင့် သိမ်းသွင်းဝါးမျိုရန် ကြိုးစားလျက်ရှိသည်။ ထိုသို့ ကြိုးစားရာတွင် အချို့ အဖွဲ့အစည်းများအတွင်း အတွင်းလူများ၊ သူလျှိုများ မွေးမြူ၍ သတင်းမျိုးစုံကို ထောက်လှမ်းရယူခဲ့သည်။ ၁၉၇၂ ခုနှစ်ကုန်တွင် ပြည်ပြေးတက်ထွန်းနှင့် ပြည်နိုင် လွတ်မြောက်ရေးတပ်မတော်မှ အင်အား ၁၅ဝ ခန့်သည် ကေအင်န်ယူတပ်ဦးမှ မန်းသာစိန်၏ အကူအညီဖြင့် အောင်နိုင်တပ်ဖွဲ့လှုပ်ရှားရာ ပဲခူးရိုးမ ကိုင်းဒါးချောင်း ဖျားရှိ ကျွန်းကုန်းရွာသို့ရောက်ရှိလာပြီး ဗကပနှင့် ကေအင်န်ယူပါတီခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ပြည်ပြေးတက်ထွန်းသည် ပြည်ပြေးတို့၏ စစ်ရေး၊ နိုင်ငံရေးရည်ရွယ်ချက်များကိုရှင်းပြပြီးဗကပတို့အတွက် ယမ်းပျော့၁ဝ ချောင်း၊ စနက်ကြိုးများ၊ အမေရိကန်လုပ်လက်ပစ်ဗုံးခြောက်လုံး၊ခေါက်မော်တာသီးခြောက်လုံး၊ ခေါက်မော်တာ စရိတ်သီးခြောက်လုံး၊ ကာဘိုင်ကျည်ဆန် ၅ဝ တို့ကိုလက်ဆောင်ပေးခဲ့သည်။(၁။        ဇင်-ချစ်နောက်ဆုံး(၂)၊ စာမျက်နှာ ၂၄ဝ၊၂၄၁။) သို့သော် တိုင်းရင်းသား လူမျိုးရေး သောင်းကျန်းသူ များအား အပြိုင်အဆိုင် စည်းရုံးသိမ်းသွင်းရန် ကြိုးစား နေသော ဗကပနှင့် ပြည်ပြေးတို့၏ ဆက်ဆံရေးမှာ ကျယ်ပြန့်၍ မလာပေ။ ပဲခူးရိုးမရှိ ဗမာပြည်ကွန်မြူနစ် ပါတီဗဟိုသည်လည်းအဝေးရောက်ပါတီမှ ပေးပို့သည့် ကြိုးမဲ့ကြေးနန်းသတင်းများ၊ ညွှန်ကြားချက်များ အပေါ် တွင်သာ မှီခိုလှုပ်ရှားနေခဲ့ရသည်။ ပြည်ပ၌ရှိနေသော သခင်ဗသိန်းတင်ထံမှ သခင်ဇင်နှင့် သခင်ချစ်ထံ ပေးပို့သော ကြေးနန်းအချို့မှာ အောက်ပါအတိုင်းဖြစ် သည်(၂။ဇင်-ချစ်နောက်ဆုံး(၂)၊ စာမျက်နှာ ၂၆၆ မှ ၂၇၂။)
ခင်မောင်မှ လေးမောင်၊ တင်ကြီးသို့ (၁၂၁၆ဝဝ)
(၁)     ၂.၇.၇၂ နဲ့ ၄.၈.၇၂ နေ့စွဲများနဲ့ ပေး လိုက်တဲ့ က/နများ ရပြီလား။
(၂)     ဗဟိုနဲ့ကျွန်တော်တို့ က/န တိုက်ရိုက် အဆက် အသွယ်ရရန် အလွန်အရေးကြီး။
(၃)     ဒါကြောင့် အထက်ပါ က/န နှစ်ခုမှ ဖော်ပြ ထားတဲ့ ဖလင်ကော်ပြားနဲ့စာအုပ်များ သုံးလို့ ရနိုင်၊ မရနိုင် အမြန်ပြန်ကြားပါ။
(ခင်မောင်မှာ   သခင်ဗသိန်းတင်ဖြစ်ပြီး လေးမောင်မှာ သခင်ဇင်ဖြစ်သည်။တင်ကြီးမှာ သခင်ချစ်၏အမည်ဝှက်ဖြစ်သည်။)
xxx
၁၂.၉.၇၂ ရဲဘော်ခင်မောင်မှ က/န(ဝ၂ဝ၉ဝဝ) ငါတို့အကြမ်းဖျင်း အခြေအနေ
(၁)     ၆၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစပြီး စစ်ကြောင်းလေးကြောင်းခွဲပြီး ဝင်သွားတဲ့ အဓိကရည်ရွယ်ချက်ဟာ ပဲခူးရိုးမမှာ ဗဟိုကို ထိုးစစ်လုပ်နေတဲ့ရန်သူတပ်များကို ငါတို့ ဘက်သို့ ဆွဲလိုက်ရန်ဖြစ်တယ်။
(၂)     ဒီရည်ရွယ်ချက်အခြေခံအားဖြင့် အောင်တယ်။ အခုလေးနှစ်ကျော်အတွင်း မိမိတပ် (အရှေ့ မြောက် ဗကပ)တွေဟာ ရန်သူ့တပ်မကြီး(၇၇၊ ၈၈၊ ၉၉)သုံးခုစလုံးနဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့ရ။ ၇၂ ခု နှစ်ဆန်းအထိ လေးနှစ်အတွင်းမှာ ရန်သူသေကျေ၊ ဒဏ်ရာရ၊ သုံ့ပန်းမိ စုစုပေါင်း ၈ဝဝဝ (ရှစ်ထောင်)နီးပါးဖြစ်။
(၃)     လက်ရှိ အခြေအနေမှာ တပ်မကြီး (၇၇)နဲ့ (၉၉)တစ်ပိုင်းသာ ငါတို့နဲ့ ရင်ဆိုင်နေရ။ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ တန့်ယန်းအထိ ရန်သူ* (ရန်သူ = တပ်မတော်ကို ဆိုလိုပါသည်။) တပ်ရင်း ပေါင်း  ၃ဝ  ချထားပြီး  မိမိတပ်များကို ပိတ်ဆို့ထား။  မိမိတပ်များအနေနဲ့  ဗမာ ပြည်မြောက်ပိုင်းမှာရှိနေတဲ့ အဓိက တပ်ရင်း ၃ဝ ကိုဆွဲထားနိုင်ခဲ့။ ဒီအပြင် မြစ်ကြီးနား၊ ကျိုင်းတုံအရှေ့ဘက်၊ နမ္မတူ မြောက်ဘက် အဲဒီစစ်ဒေသများ မပါသေးပါ။
(၄)     ၇၁ ခုနှစ်မှာ ကွမ်းလုံဘက်သို့ ငါတို့တပ်များ ဆင်းတိုက်စဉ် ရန်သူတပ်များ လိုက်လာတယ်။ ၇၂ ခုနှစ် 'ဝ'နယ်တောင်ပိုင်းအထိ  ငါတို့တပ် များဆင်းတယ်။ ရန်သူများ လိုက်လာတယ်။ ရန်သူရဲ့ ရည်ရွယ်ချက်ကတော့ ငါတို့တပ် များနဲ့ (၁ဝ၈)စစ်ဒေသ ဆက်သွယ်နိုင်မှုကို ဖြတ်တောက်ပစ်ရန် ဖြစ်တယ်။
(၅)     ဒီနှစ်မှာစပြီး ဒီဘက်ရှိ တပ်အများစုဟာ 'ဝ' နယ်ဘက်သို့သွားပြီး   ရန်သူစခန်းအားလုံး နီးပါးကို ချေမှုန်းသိမ်းနိုင်ခဲ့။
(၆)     ကျွန်တော်တို့ အကဲဖြတ်မှုကတော့ ပဲခူး ရိုးမ ပါတီဗဟိုစခန်းကို နောက်ထပ်တစ်ချီ ရန်သူ့ ထိုးစစ် လာလိမ့်မယ်ထင်တယ်။ ဒီထိုးစစ်ကို ချေမှုန်းနိုင်ရန် ပါတီဗဟိုက သေသေချာချာ စီစဉ်ဖို့လိုမယ်။ ဒီဘက်ကလည်းအတတ်နိုင်ဆုံး ရန်သူကိုဆွဲထားပြီး လှုပ်ရှားမယ်။
(၇)     လှရွှေကို လေထဲကတစ်ဆင့် ဆိုက်ဘာတွေပေး လိုက်ပြီ။ သူဒီဆိုက်ဘာကိုသုံးနိုင်ပါက ဗဟိုသို့ မြေပေါ်မှပြန်နိုင်ပြီး သူပြန်နိုင်ပါက ဗဟိုနဲ့ ကျွန်တော်တို့တိုက်ရိုက်အဆက်အသွယ်ရမယ်။ လှရွှေပါတီဗဟိုသို့ ဘယ်အချိန်    ပြန်နိုင်မယ် ဆိုတာ ကေအင်န်ယူပါတီဗဟိုသို့ ပေးပို့ပါ လိမ့်မယ်။
xxx
ရဲဘော်ခင်မောင်မှ က/န(၂၁/၂ဝဝ)
(၁)     ပဲခူးရိုးမစစ်ဆင်ရေးမှာ ရန်သူရဲ့ ပြင်ဆင် မှုဟာ အောက်ပါအတိုင်းဖြစ်။
(၂)     စုပေါင်းတဲ့ရန်သူအားဟာ (၈)ရင်းဖြစ်။
(၃)     ရန်သူ ထိုးစစ် သတ်မှတ်ထားတဲ့ တပ်တွေ ကတော့ တပ်မ(၇၇)မှ ခလရ(၆)၊ တပ်မ (၈၈)မှ ခလရ(၁)၊ တပ်မ(၉၉)မှ ခလရ (၄)နှင့်(၁၃)တို့ဖြစ်။ ဒေသတပ်ဖြစ်တဲ့ ဖြူးက ခလရ(၃၉)၊ သာယာဝတီက ခလရ (၃၅)၊ ဟံသာဝတီက ခလရ(၅၉)၊ အသစ် ဖွဲ့တဲ့ဖြူးက ခလရ(၆ဝ)တို့ဖြစ်။
(၄)     ပဲနွယ်ကုန်း၊ ကျောက်တံခါး၊ ညောင်လေး ပင်မှ ခလရ(၁)၊ (၄)၊ (၁၃) စုစည်းတယ်။ ဖပေါက်မှာ ခလရ(၆ဝ)နှင့် ခလရ(၅၉) နှင့် ခလရ(၆)စုစည်းတယ်။
(၅)     ဖပေါက်ဆိုတာ ဘယ်ဒေသလဲဆိုတာ ကျွန်တော်တို့မသိပါ။
xxx
ရဲဘော်ခင်မောင်မှ က/န(၂၉ဝ၇ဝဝ)
(၁) ဗဟိုအတွက် က/န
(၂) ရန်သူက သင်တို့ကို စတင်စစ်ဆင်ပြီလား။
(၃) တိုင်းပြည်ကို တင်ပြနိုင်ရန် သိလိုတယ်။
xxx
ရလလဖ အတွင်းရေးမှူးချုပ်ထံမှ သိရချက်များ။
(၁)     ဇင်းမယ်မှာ အက်စ်အက်စ်ပီပီ၊ ကေအိုင်အေ ရုံးတို့အပြင် နေဝင်းအစိုးရ ကောင်စစ်ဝန်ရုံး လည်းရှိတယ်။ သူ ဇင်းမယ်ရောက်တုန်းက အက်စ်အက်စ်ပီပီမှ သူ့ကို ပုလိပ်မင်းကြီး စစ် ပုလိပ်ဗိုလ်အချို့နဲ့    မိတ်ဆက်ပွဲလုပ်ပေးလို့ တက်ခဲ့ရတယ်။ ထိုင်းအရာရှိတွေက ရလလဖ ကို ဦးနုနဲ့ပေါင်းရန်ပြောတော့ ဦးနုဟာ ပြည်သူ တွေကိုသတ်ခဲ့သူဖြစ်တယ်။ ပဒပဟာ ရန်သူ အဖွဲ့တစ်ဖွဲ့ဖြစ်တယ်လို့ပြောတော့ ထိုင်း အရာရှိတွေက ဦးနုနဲ့ညီညွတ်စေချင်တယ်လို့ပဲ ပြောတယ်လို့ဆိုတယ်။ ထိုင်းအရာရှိတွေက အက်စ်အက်စ်ပီပီဟာ ကွန်မြူနစ်လား၊ ကွန်မြူ နစ်ပါတီကို သွားလာမှုရှိသလား၊ မော်တံဆိပ် တပ်ထားသလားမေးတယ်။
၂။       ဧပြီလ ၂၄ ရက်က ဆေးဝိုင်နဲ့ ဒုတိယ အတွင်းရေးမှူးခွန်သီရိတို့ ဇင်းမယ်ဈေးထဲမှာ သေနတ်အပစ်ခံရတယ်။ ဆေးဝိုင်ကို ဦးတည် တာမှန်ပေမယ့် ခွန်သီရိကိုမှန်ပြီး သေဆုံး သွားတယ်။ အက်စ်အက်စ်ပီပီ ဇင်းမယ်မှာမရှိ တော့လို့ဆိုတယ်။  မိုးဟိန်းနဲ့  တရုတ်ဖြူ ပေါင်းပြီးချတာလို့ သိရတယ်။
၃။       ခြောက်ပါတီ ဆွေးနွေးပွဲတုန်းက ကေအိုင် အေမှ မှူးခွန်ချိုနှင့် ဗိုလ်နော်ဆိုင်းကို အစည်း အဝေးမှာ ပါတီ*(ပါတီ = ဗကပဗဟိုကို ဆိုလိုသည်။) က သတ်လိုက်တာဖြစ်တယ်။ ဗမာပြည် ကွန်မြူနစ်ပါတီက ဒီလိုလုပ်တာ မမှန်၊ နေဝင်းက ပြည်ထောင်စုလို့သုံးသေး တယ်။ နေဝင်းနဲ့ပေါင်းတာကမှ အခွင့်အရေး ရနိုင်လို့ပြောတော့ ပါတီသမိုင်းနဲ့ သဘောထား တွေကိုရှင်းလင်းပြတော့ ကွန်မြူနစ်ပါတီကလူ အဖြစ်ထားကြတာကို တွေ့ရလို့ဆိုတယ်။**(ဗကပတပည့်မွေး၍ ဝါးမျိုခြင်းကို ဆိုလိုဟန်တူသည်။) ကေအိုင်အေရဲ့ အမြင်တွေကို ဇိုမီအဖွဲ့မှဆိုသူ ထိုင်းမှာနေသူ ဆလိုင်းအန်သူး(ခေါ်) ထန်ခေါင်ထန်း ကလည်း သဘောတူတယ်လို့ သိရတယ်။
၎။       ကေအိုင်အေမှ ရှမ်းပြည်နယ်ထဲရှိ ကချင်နယ် ကို သူတို့ကိုလွှဲပေးရန် အက်စ်အက်စ်ပီပီထံ တောင်းတယ်။ အက်စ်အက်စ်ပီပီကလည်း  ကေအိုင်အေက တရုတ်ဖြူနဲ့ပေါင်းပြီး  အက်စ် အက်စ်ပီပီနယ်ထဲလှုပ်ရှားနေတာကို ကန့်ကွက် နေတယ်။
၅။  မိုင်းပန်တောင်ဘက် ယဘုတ်ငတရုတ်ဖြူစခန်း မှာ မြောက်ဘက်နဲ့ အရှေ့ဘက်က လာတဲ့ တရုတ်ဖြူပါ တစ်ထောင်ကျော် ရှိတယ်။ မိုးဟိန်းနဲ့ ၂ဝဝ ကျော်လည်းရှိပြီး  ရိက္ခာစု၊ ခံကတုတ်တွေပြင်တာလုပ်နေတယ်။ ရန်သူနဲ့ လည်း နားလည်မှုရှိထားတယ်။ မိုင်းပန်နဲ့ ငန်ပိဂ ကြား ရွာတစ်ရွာမှာ လကုန်ခါနီးတိုင်း ရဟတ်ယာဉ် ဆင်းတယ်လို့ ဆိုတယ်။ ရိက္ခာ တွေ အတင်းအကျပ်ဝယ်ထား မြင်း ၅ဝဝ ကျော် စိုက်ခင်းထဲလွှတ်လို့ ပျက်တာတွေ ကြောင့် လူထုဒုက္ခရောက်နေတယ်။
၆။       ဦးနုရဲ့ မွတ်စလင်အဖွဲ့မှ တာဝန်ခံနှစ်ဦး တောင်ကြီးဘက်သွားရန် ထိုင်းဘက်မှ လာခဲ့။ ရှမ်းပြည်သစ်တပ်မတော်မှ  စောက်လက် (ခေါ်) ဂျင်မီယန်းလက်နက်ပါလာ။ ရလလဖ က ဦးနုဆက်နေတဲ့အဖွဲ့ဖြစ်လို့ ပြန်မောင်း ထုတ်လိုက်တယ်။
xxx
အဝေးရောက် ဗကပတို့သည် ပဲခူးရိုးမ ဗဟိုအား ကယ်တင်ရေး မဟာဗျူဟာရည်မှန်းချက် အောင်မြင်ရန် အတွက်တိုင်းရင်းသားသောင်းကျန်းသူအဖွဲ့အစည်းများအားဝါးမျိုသိမ်းသွင်းရန် နည်းမျိုးစုံနှင့် သိမ်းသွင်းခဲ့သည်မှာ ယုံမှားသံသယရှိစရာမလိုပေ။ ၁၉၇၁ခုနှစ် တွင် အက်စ်အက်စ်အေ (ရှမ်းပြည်တပ်မတော်) သည် အက်စ်အက်စ်ပီပီ(ရှမ်းပြည်တိုးတက်ရေးပါတီ)ခေါ် နိုင်ငံရေးပါတီတစ်ရပ်ကို ထူထောင်ခဲ့သည်။ အက်စ် အက်စ်ပီပီတွင် ဂုဏ်ထူးဆောင်နာယကကြီးအဖြစ် မဟာဒေဝီ စဝ်နန်းဟိန်ခမ်းကို တင်မြှောက်ထားပြီး ခွန်ကြာနုက ဥက္ကဋ္ဌဖြစ်သည်။ ဒုတိယဥက္ကဋ္ဌနှစ်ဦးမှာ မိုင်းပင်နှင့် ခွန်ဒူးပေါင်တို့ဖြစ်သည်။ အထွေထွေအတွင်း ရေးမှူးမှာ သမ္မတဟောင်းစဝ်ရွှေသိုက်နှင့် မဟာဒေဝီ တို့၏သား စဝ်ဆေးဝိုင်ဖြစ်ပြီး ဒုတိယအတွင်းရေးမှူး မှာ ခွန်သီရိဖြစ်သည်။(၁။   ဇင်-ချစ် နောက်ဆုံး(၂)၊ စာမျက်နှာ ၂၇၂။)
အက်စ်အက်စ်အေတွင် စစ်ဦးစီးချုပ်အဖြစ် ခွန်ကြာနု(ဗိုလ်မှူးကြီး)ကပင် တာဝန်ယူပြီး ဒုတိယ စစ်ဦးစီးချုပ်လေးဦးမှာ စဝ်ဆေးဝိုင်၊ စိုင်းလှအောင် (ခေါ်) စဝ်ဆေးလင်၊ စဝ်အူဝိုင်းနှင့် စဝ်ငါးပိုင်တို့ဖြစ် သည်။ ဗကပတို့သည် သမ္မတဟောင်းစဝ်ရွှေသိုက်၏ သားစဝ်ဆေးဝိုင်ကို အထူးအစဉ်ဖြင့် ဆက်သွယ်စည်းရုံး ခဲ့ရာ စဝ်ဆေးဝိုင်ကလည်း ပြန်လည်ဆက်သွယ်ခဲ့သည်။ ထိုအချိန်တွင် ကေအင်န်ယူပီဗဟိုသည် ပြည်ပနိုင်ငံနှင့် တိုက်ရိုက်အဆက်အသွယ်ရရန် ကြိုးပမ်းလျက်ရှိရာ စဝ်ဆေးဝိုင်က အက်စ်အက်စ်အေနှင့် ကေအင်န်ယူပီ အဆက်အသွယ်အား    ဇင်းမယ်မြို့မှတစ်ဆင့် ဆောင်ရွက်ရန် အကြံပေးတိုက်တွန်းခဲ့သည်။စင်စစ် ဗကပတို့သည် မဟာမိတ်ကေအင်န်ယူပါတီအား အက်စ်အက်စ်အေ စဝ်ဆေးဝိုင်မှတစ်ဆင့် စောင့်ကြည့် ခြင်းပင်ဖြစ်သည်။
အဝေးရောက်ဗကပသည် တစ်ဖက်နိုင်ငံ၏ အကူအညီဖြင့် အရှေ့မြောက်ဒေသ ဗကပကို တစ်ရှိန်ထိုး တိုးချဲ့ဖွဲ့စည်းလှုပ်ရှားခဲ့ရာတွင် ပဲခူးရိုးမရှိ ဗကပဗဟိုကို ကယ်တင်ရေးမှ ရှမ်းပြည်နယ် အခြေခံဒေသနှင့် ပဲခူးရိုးမဒေသ ဆက်စပ်လှုပ်ရှားနိုင်ရေးကို မဟာဗျူဟာ ရည်မှန်းချက်အဖြစ် ချမှတ်ခဲ့သည်။အရှေ့မြောက်ဒေသ ဗကပနယ်မြေနှင့် ဆက်စပ်၍နေသော ကေအိုင်အေ၊ အက်စ်အက်စ်အေ၊ ကယန်း၊ကရင်နီတိုးတက်ရေးပါတီ၊ ရလလဖစသည်တို့ကိုလည်း နည်းမျိုးစုံနှင့်ဝါးမျိုရန်၊ မိမိတို့ဘက်သို့ မပါပါက ဖြိုခွင်းပစ်ရန် မိမိ မကိုင်တွယ် နိုင်သေးသော အခြေအနေတွင် ယာယီမဟာမိတ်ဖွဲ့၍ ထိန်းသိမ်း ထားရန် နည်းဗျူဟာများချမှတ်ခဲ့သည်။ ထို့ကြောင့် ကေအိုင်အေတို့သည် ဗကပနှင့် မကြာခဏ တိုက်ခိုက်ခဲ့ရပြီး ဗကပတို့၏ အကျပ်ကိုင်မှုကြောင့် မကြာခဏပင် မဟာမိတ်ဖွဲ့ခဲ့ရသည်။ အက်စ်အက်စ်အေ များမှာ ဗကပတို့၏ သြဇာခံဘဝသို့ တစ်စတစ်စ ရောက်ရှိသွားခဲ့ရသည်။ ကရင်နီ တိုးတက်ရေးပါတီသည် ဗကပကိုဆန့်ကျင်နေခဲ့ရာ ဗကပလိုလားသော ကရင်နီ ခွဲထွက်ရေးသမားများ ပေါ်ပေါက်လာသည်။
ကယန်းပြည်သစ်ပါတီသည်    ပြည်ပြေးနှင့် ကေအင်န်ယူတပ်ဦးတို့၏ သြဇာကို မခံတော့ဘဲ ဗကပ ဘက်ပါသွားသည်။ ရလလဖ(ပအိုဝ့်)မှာလည်း အဖြူနှင့် အနီ ကွဲခဲ့ရသည်။
အရှေ့မြောက်ဒေသဗကပလှုပ်ရှားမှုသည်သောင်းကျန်းသူအဖွဲ့အစည်းများစွာတို့၏အခြေအနေကိုများစွာရှုပ်ထွေးစေခဲ့သော်လည်း ပဲခူးရိုးမရှိ ဗကပ ဗဟိုကိုမူ ထူးထူးခြားခြား အခြေအနေတိုးတက်အောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပေ။
အလင်းရောင်စခန်း
ဗမာပြည် ကွန်မြူနစ်ပါတီဥက္ကဋ္ဌ သခင်ဇင်နှင့် အတွင်းရေးမှူး သခင်ချစ်တို့သည် ၁၉၇၂ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်တွင် ဒိုက်ဦးမြို့နယ် ဖာစောအေး ချောင်း၌ တော်လှန်သော ဗဟိုဆေးကျောင်းကို ဖွင့်လှစ် ခဲ့ကြသည်။ တော်လှန်သော  ဗဟိုဆေးကျောင်းသည် ဗဟိုပူးတွဲဆေးရုံပင်ဖြစ်သည်။ ယင်းဆေးကျောင်းကို ဗဟိုပူးတွဲဆေးကျောင်းဟုလည်းခေါ်ကြသည်။ သခင်ဇင်၊ သခင်ချစ်နှင့် ကေအင်န်ယူပါတီမှ ဗိုလ်ချုပ်  ကျော်မြသန်း(နှလုံးရောဂါနှင့် မသေဆုံးမီ)၊ ဗိုလ်ချုပ် စောမြမောင်တို့သည်   ဗဟိုပူးတွဲဆေးကျောင်းကို စစ်နိုင်ရေး၊ အာဏာသိမ်းရေးအတွက် အာမခံချက် တစ်ရပ်အဖြစ်လည်း ဆုံးဖြတ်ခဲ့ကြသည်။ ဗဟိုပူးတွဲ ဆေးကျောင်း၏  လျှို့ဝှက်အမည်မှာ အလင်းရောင် စခန်းဖြစ်သည်။ အလင်းရောင်စခန်းအတွက် အတွေး အခေါ် လမ်းညွှန်ချက်ကိုလည်း ပြည်ပပြန်တို့၏ လမ်းညွှန်မှုအရ အောက်ပါအတိုင်း ချမှတ်ခဲ့သည်။(၁။      ဇင် - ချစ် နောက်ဆုံး(၂)၊ စာမျက်နှာ ၂၄၆၊ ၂၄၇၊)
ဟုံစစ် ကျယောက်တဲ့ ကျွမ်းစစ်ချစ်ယောက်တဲ့
နီရေးဟာ အဓိက၊ ချွန်ရေးဟာ အရန်ပဲ။
မချွန်ချွန်ချွန် နီယင်ပီးတာပဲ၊ နီယင် ချွန်လာရ
မယ်။
ဆိုလိုသည်မှာ အရည်အချင်းရှိသည်၊ မရှိသည်မှာ အဓိကမဟုတ်ဘဲ ကွန်မြူနစ်ပီသရေးသာ အဓိက ဖြစ်သည်ဟူ၍ဖြစ်သည်။   ကွန်မြူနစ်ပီသလာလျှင် အရည်အချင်း ရှိလာမည်ဟုလည်း အဓိပ္ပာယ်ရသည်။ အလင်းရောင်စခန်း၏ အမြင့်ဆုံး နိုင်ငံရေးမှူးမှာ ရဲဘော်ထွန်းရီ(ခေါ်)ထွန်းသာ(ခေါ်) မောင်မှေး ဖြစ်သည်။ အလင်းရောင်စခန်း၏ ကျောင်းအုပ်ကြီးမှာ မူ ဗကပ ပဲခူးမြို့နယ်အရှေ့ခြမ်းမှ ဆေးမှူးဦးစိုးအောင် ဖြစ်သည်။ ဦးစိုးအောင်၏ဇနီး ဒေါ်ခင်မြင့်(ခေါ်) ဘွားဘွားကို  သူနာပြုအဖြစ်  တာဝန်ပေးသည်။ ကေအင်န်ယူပါတီမှ ဗိုလ်မျိုးနွယ်နှင့် ဗိုလ်မိုးနိုင်တို့မှာ  ဗဟိုပူးတွဲဆေးသင်တန်းကျောင်း၏ ကော်မတီအဖွဲ့ဝင် များဖြစ်သည်။
ပဲခူးခရိုင်၏ အစဉ်အလာရှိသော ဆေးမှူးဖြစ်သူ  ရဲဘော်မင်းအေးကိုမူ ဓနရှင်ဆေးအတတ် ပညာသည်၊ ပေါ့ပေါ့ဆဆဆေးမှူး စသည်ဖြင့်အကဲဖြတ်ကာ အရေးကြီးတာဝန်များ ပေးအပ်ခြင်း မပြုကြပေ။ ဗဟိုပူးတွဲဆေးကျောင်းဖွင့်လှစ်ပြီးနောက် ပြည်ပပြန် မစိန်ဝင်း(ခေါ်) မမျိုးသန့်(ခေါ်) နို့တစ်လုံးစိန်သည် အဆုတ်ရောဂါကြောင့် အလင်းရောင်စခန်းတွင် တွဲဖက် ထားခဲ့ရသည်။ စင်စစ် ပြည်ပပြန် မစိန်ဝင်းသည် ရောဂါကြောင့်  ဆေးရုံတက်လာသူသာဖြစ်သည်။ သို့သော် သခင်ဇင်နှင့် သခင်ချစ်တို့က မစိန်ဝင်းကို အတန်းအစားရပ်တည်မှု ပြတ်သားသည်ဟုဆိုကာ ဂုဏ်ထူးဆောင် နိုင်ငံရေးမှူးကြီးနှင့် ဂုဏ်ထူးဆောင် ဆေးမှူးကြီးအဖြစ် သတ်မှတ်ကာ အဓိကတာဝန်များ ပေးခဲ့သည်။ သို့နှင့် ကဏ္ဍပေါင်းစုံတွင် ပြည်ပပြန်များ လွှမ်းမိုးချုပ်ကိုင်ရေး မူအရ မစိန်ဝင်းသည် အလင်း ရောင်စခန်းတွင် အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်လာသည်။ မစိန်ဝင်းသည် ဘဝဟစ်တိုင်လှုပ်ရှားမှုအတွက် အခြေခံ ဖြစ်သော မိမိကိုယ်ကို ဝေဖန်ရေးအနေနှင့် ဘဝနှူးပွဲ များကို ပြုလုပ်စေသည်။ ဘဝနှူးပွဲဆိုသည်မှာ မိမိဘဝ အတွင်းမှ ရန်သူ့အတွေးအခေါ်များကို မညှာမတာ ဖော်ထုတ်စိစစ်ကြရခြင်းဖြစ်သည်။
ဆေးမှူး ဦးစိုးအောင်သည်  ဆေးဝါရည်ကို အသားနုတက်စေသော ဆေးအဖြစ် ဒဏ်ရာရလာသော ရဲဘော်စစ်နိုင်အား လက်တွေ့ကုသ၍ သင်တန်းပေးခဲ့ သည်။ မစိန်ဝင်းက ဆေးဝါရည်သည် ပိုးသတ်ဆေး တစ်မျိုးသာဖြစ်သည်ဟုဆိုကာ ဦးစိုးအောင်ကို ဆန့်ကျင် ကန့်ကွက်ခဲ့သည်။ ရဲဘော်စစ်နိုင်၏ ဒဏ်ရာအခြေ အနေဆိုးရွားလာသောအခါ မစိန်ဝင်းက ဦးစိုးအောင် ကို သိပ္ပံနည်းမကျသော တတ်ယောင်ကား ဆေးသမား ဟုဆိုကာ ပြင်းထန်စွာ ဝေဖန်ပုတ်ခတ်တော့သည်။ ထို့နောက် ဦးစိုးအောင်သည် အလင်းရောင် စခန်း၏ ကျောင်းအုပ်ကြီးအဖြစ်မှ  ဖယ်ရှားခံလိုက်ရသည်။ မစိန်ဝင်းသည် အလင်းရောင်စခန်း၏ အဓိက နိုင်ငံရေး မှူးကြီး၊ ကျောင်းအုပ်ကြီး၊ ဆေးမှူးကြီးအဖြစ် တိုက်ရိုက် တာဝန်ယူလိုက်ရတော့သည်။ မူလ နိုင်ငံရေးမှူးဖြစ်သူ ရဲဘော်ထွန်းသာ(ခေါ်)မောင်မှေးကိုမူ တပ်မှူးအဖြစ် ပြောင်းလဲခန့်အပ်လိုက်သည်။
ဗဟိုပူးတွဲဆေးကျောင်းတွင်  ဗကပတို့ဘက်မှ အမျိုးသမီး ခုနစ်ဦး အပါအဝင် ၁၂ ဦးတက်ရောက် ခဲ့ပြီး ကေအင်န်ယူပါတီမှ ၁၃ ဦး တက်ရောက်ခဲ့သည်။ စစ်မြေပြင် သူနာပြုဆိုင်ရာ ဘာသာရပ်၊ ခွဲစိတ်ကုသရေး ဆိုင်ရာ ဘာသာရပ်နှင့် ဆေးဝါးအသုံးပြုခြင်းဆိုင်ရာ  ဘာသာရပ်တို့ကို သင်ကြားပို့ချခဲ့ သည်။ သို့သော် ဗဟို ပူးတွဲဆေးကျောင်းသည် သင်ရိုးညွှန်းတမ်းများအား ပြီးပြည့်စုံအောင် သင်ကြား ပို့ချနိုင်ခြင်းမရှိခဲ့ပေ။ တပ်မတော်၏ စစ်ဆင်ရေးများကြောင့် ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်လျက်ရှိရာ အမြန်ဆုံး သင်တန်းဆင်းပေးလိုက်ရသည်။ ကေအင်န်ယူပါတီမှ သင်တန်း သားများကလည်း ဗကပတို့အား ကိုယ်ကျိုးရှာသမားများဟု ဝေဖန်စွပ်စွဲကာ လမ်းခွဲသွားခဲ့ကြသည်။၂ သို့နှင့် အလင်းရောင်စခန်းတွင် ဗကပများသာ ကျန်ရစ်ခဲ့ သည်။ ၁၉၇၃ ခုနှစ်ဦးတွင် တောင်ပေါ် ၁၄ ရွာသစ် ကြီး ကိုင်းချောင်းစခန်းအနီး၌ ဥက္ကဋ္ဌ သခင်ဇင် ဖျားပြီး သတိလစ်နေသဖြင့် အလင်းရောင်စခန်းမှ မစိန်ဝင်းက သွားရောက်ကုသခဲ့ရသည်။ ထိုအချိန်တွင် အလင်း ရောင်စခန်းသည် တပ်မတော်၏ စစ်ဆင်ရေးများ ကြောင့် ပြည်ပအမျိုးသမီး မရှုမေ(ခေါ်)မြမြ အပါအဝင် ဒဏ်ရာရသူ ၃ဝ ခန့်ကို ထမ်း၍ စောမူခိုလော့သို့ ဆုတ်ခွာခဲ့ရသည်။ ဗဟိုဌာနချုပ်နှင့်လည်း အဆက် အသွယ် ပြတ်သွားသည်။ စောမူခိုလော့တွင် တပ်မတော် စစ်ကြောင်းနှင့် ရင်ဆိုင်တိုးပြန်ရာ ကစဥ့်ကလျားဖြစ်ပြီး သဲမဲ နောက်ကြောတွင် နှစ်လခန့် ခိုအောင်းနေရပြန် သည်။
အလင်းရောင်စခန်းတွင်   ရိက္ခာအခက်အခဲ ပေါ်လျက်ရှိရာ ဗကပတို့သည် စောမူခိုးလော့ရွာသို့ သွား၍ စပါးအနည်းငယ်မျှကို လက်စွပ်နှင့်လဲ၍ ယူခဲ့ ရသည်။ ၁၉၇၄ ခုနှစ်၊ ဧပြီလလယ်တွင်ကား ထမင်း မစားရသည်မှာ ရက် ၂ဝ ကျော်ကြာလာသဖြင့် ကျွေးဥ များကို တူး၍စားကြရသည်။ ထိုအချိန်တွင်လည်း ပြည်ပ ပြန် မစိန်ဝင်းသည် အလင်းရောင် စခန်းနှင့်အတူ မရှိ ခဲ့ပေ။ ရိက္ခာကုန်သည်နှင့် ဗဟိုတွင် ဆွေးနွေးရန်ရှိသည် ဟုဆိုကာ ခရီးထွက်ခဲ့သည်။ အလင်းရောင်စခန်းတွင် အခက်အခဲ အကျပ်အတည်း တွေ့တိုင်း၊ ဒုက္ခရောက်တိုင်း စွန့်ခွာသွားလေ့ရှိသော   ပြည်ပပြန်မစိန်ဝင်းကို အောက်ခြေမှ မကျေမနပ်ဖြစ် လာကြသည်။ အလင်း ရောင်စခန်းမှ ဗကပများကို ပဲခူးရိုးမပေါ်ရှိ တောင်ပေါ် ကျေးရွာများကလည်း အကူအညီမပေးကြပေ။အနီးအနားတွင် တပ်မတော်စစ်ကြောင်းရှိသည် ဟုအကြောင်းပြကာ နှင်ထုတ် ခဲ့ကြသည်။ ဒေသခံပြည်သူ တို့ကလက်မခံသောအခါတွင် အလင်းရောင်စခန်း သည် ပိုမို၍အခြေအနေ ဆိုးရွားလာသည်။ ရဲဘော်ထွန်းသာသည် အစာရေစာငတ်ပြတ်ပြီး ရောဂါဘယ ပေါင်းစုံ ဖိစီးနှိပ်စက်ခြင်း ခံနေရသည့် ဗကပများအား တာဝန်ယူကွပ်ကဲ၍ ရှောင်တိမ်းပြေးလွှားနေခဲ့ရသည်။
ထိုအချိန်တွင်  မဒညတပူးတွဲတပ်ဖြစ်သည့် အောင်နိုင်တပ်နှင့်  မြို့သိမ်းရန် ရည်ရွယ်ခဲ့သည့် အောင်ဇေယျတပ်တို့သည်လည်း အရှုံးနှင့်သာရင်ဆိုင် နေခဲ့ရသည်။ အောင်နိုင်တပ်နှင့် အောင်ဇေယျတပ်ကို အဓိက တာဝန်ယူခေါင်းဆောင်ရသော ပြည်ပပြန် ညိုအောင်(ခေါ်) ဥာဏ်ကျော်သည် ကျန်းမာရေး မကောင်းဟုအကြောင်းပြကာ အလင်းရောင်စခန်းသို့ ရောက်ရှိလာခဲ့သည်။ ပြည်ပပြန် Óဏ်ကျော်သည် အောင်နိုင်တပ်အတွက်လည်းကောင်း၊အောင်ဇေယျ တပ်အတွက်လည်းကောင်း၊ အလင်းရောင်စခန်း အတွက် လည်းကောင်း မည်သို့မျှ စွမ်းဆောင်နိုင်စွမ်းမရှိတော့ ပေ။  ၁၉၇၄  ခုနှစ်၊  သြဂုတ်လ  ၁၅  ရက်သည် ဗမာ ပြည်ကွန်မြူနစ်ပါတီ၏ (၃၅)နှစ်မြောက် ပါတီနေ့ ဖြစ်သည်။ အလင်းရောင်စခန်း၏ လက်ရှိ နိုင်ငံရေးမှူး ဖြစ်နေသော ရဲဘော်ထွန်းသာ(ခေါ်)မောင်မှေးသည် မကျင်သန်းနှင့် မတင်ညွန့်တို့ကို အဖော်ခေါ်၍ ပဲခူး၊ ချောင်းမကြီး၊ ထားဝယ်ချောင်းလက်တက် ကြက်ဖင်နီ မြောင်တွင်  ပါတီနေ့အတွက်  ရိက္ခာရှာသွားကြရာ ကေအင်န်ယူပါတီ ပဲခူးရိုးမ တိုင်းကော်မတီ စောညောင် ရေနှင့်အဖွဲ့က လုပ်ကြံ သတ်ဖြတ်ပြီး ရွှေငွေနှင့်လက်နက် များကို လုယူလိုက်ကြသည်။
ပြည်ပပြန် မစိန်ဝင်း အလင်းရောင်စခန်းသို့ ပြန်ရောက်သော်လည်း အခြေအနေမှာ မည်သို့မျှ မထူး ခြားခဲ့ပေ။ ကေအင်န်ယူပါတီ၏ သစ္စာဖောက်မှုကြောင့် လူ၊ လက်နက်နှင့် ရွှေငွေများ လျော့ပါးသွားသော ကြောင့်လည်း အလင်းရောင်စခန်းမှာ ပိုမို၍ အင်အား ချည့်နဲ့လာသည်။ ဗဟိုဌာနချုပ်နှင့်လည်း အဆက် အသွယ်ပြတ်၍နေလေပြီ။ အလင်းရောင်စခန်းသည် အစာရေစာ ငတ်ပြတ်ပြီး အင်အားချည့်နဲ့နေသော လူအင်အား ၃ဝ ခန့်ဖြင့် တောတောင် လျှိုမြောင် များအတွင်း လှည့်ပတ်ရှောင်တိမ်းနေရသည်။ ထမင်း မစားရသည်မှာလည်း လနှင့်ချီ၍ ကြာမြင့်လာသည်။ ထို့ကြောင့် ရရာ သစ်ဥသစ်ဖုများ ရှာဖွေစားသောက် ရင်း အဆိပ်အတောက်ဖြစ်သူများ၊ ဖျားနာ ဖောရောင် သူများရှိလာသည်။
၁၉၇၄ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်တွင် မြစ်ဝ ကျွန်းပေါ်တိုင်းမှ တတိယပတ်ဗဟိုမာ့ခ်စ်လီနင်ဝါဒ ကျောင်းတက်ရန် ဗဟိုသို့ရောက်ရှိလာသော ဗိုလ်ခင်ညို (ခေါ်)ရဲဘော်ကြည်သည် အလင်းရောင်စခန်းတွင် အစာရေစာ ငတ်ပြီး သေဆုံးသွားခဲ့သည်။၂  အလင်း ရောင်စခန်းသည် ဗိုလ်ခင်ညို၏ အလောင်းကိုစွန့်ပစ် ပြီး ဇာမဏီချောင်း၏ ဝချောင်း သုံးခွသို့ ပြောင်းရွှေ့ ခဲ့ရပြန်သည်။ ထိုအချိန်တွင် အလင်းရောင်စခန်းမှ ဗကပ ယောက်ျား၊ မိန်းမနှင့် ကလေးများသည် အစာ ရေစာငတ်ပြတ်ပြီး တွေ့ကရာ၊ လက်လှမ်းမှီရာ သစ်ရွက်များကိုပင် စားသောက်နေကြရပြီဖြစ်ရာ အသက် ၆ဝ နီးပါးရှိ ဦးအောင်ဇံသည် ကဒတ်ဥများ ကိုစားပြီး အဆိပ် ဖြစ်သဖြင့် သေဆုံးသွားခဲ့သည်။ ကျောင်းအုပ်ကြီး ဟောင်း ဦးစိုးအောင်၏ ဇနီးဖြစ်သူ ဒေါ်ခင်မြင့်(ခေါ်) ဖွားဖွားသည်လည်း အစာငတ်ပြီး သေဆုံးခဲ့ရသည်။ သာယာဝတီခရိုင် ကော်မတီဦးစံထွန်း၊ အောင်နိုင်တပ်မှ ညွန့်မောင်(သိမ်ဆိပ်)တို့သည်လည်း အစာငတ်၍ သေခဲ့ရသည်။ ကျောင်းအုပ်ကြီး ဟောင်း၊ ဆေးမှူးကြီးဟောင်း ဦးစိုးအောင်သည်လည်း အားပြတ်ပြီး သေဆုံးခဲ့ရ  သည်။၃
အလင်းရောင်စခန်းသည် ဗကပ ဗဟိုနှင့်သော် လည်းကောင်း၊  တိုင်းခရိုင်  အသီးသီးနှင့်သော် လည်းကောင်း တသီးတခြားဖြစ်ပြီး အဆက်အသွယ် ပြတ်ကာ တပ်မတော်၏ စစ်ဆင်ရေးခွင်အတွင်းပိတ်မိ နေခဲ့ခြင်းဖြစ်သည်။  သခင်ဇင်နှင့်  သခင်ချစ်တို့သည် ဗဟိုဆေးကျောင်းကို မည်သို့မျှ ကယ်တင်နိုင်ခြင်းမရှိ ခဲ့ပေ။  ဗဟိုဌာနချုပ်သည်ပင်လျှင်  တပ်မတော်၏ စစ်ဆင်ရေးများကြောင့် တပြေးတည်းပြေးနေရချိန် ဖြစ်သည်။   ပြည်ပပြန်  မစိန်ဝင်းနှင့်  ပြည်ပပြန် Óဏ်ကျော်တို့သည်လည်း  အလင်းရောင်စခန်းကို ကယ်တင်ရန် မစွမ်းဆောင်နိုင်ကြတော့ပေ။ တောင်ယာ ပျက်တစ်ခုမှ ဆန်တစ်ပြည်ကျော်ခန့်ရှာ၍ ရရာ အများ စုက ကလေးများကို ဦးစားပေး၍ ကျွေးရန် အဆိုပြု ကြသော်လည်း ပြည်ပပြန် မစိန်ဝင်းက လူကြီးများကို သာ ကျွေးရမည်ဟု ဆုံးဖြတ်ခဲ့သဖြင့် မကျေနပ်မှုများ ပေါ်ပေါက်ခဲ့ပြန်သည်။
အလင်းရောင်စခန်းသည် ၁၉၇၄ ခုနှစ်၊ တစ်နွေ လုံး၊ တစ်မိုးလုံး အငတ်ငတ်အပြတ်ပြတ်ဖြင့် ရှောင်တိမ်း ပြေးလွှားနေခဲ့ရသည်။ ပြည်သူလူထုက လက်မခံသော ကြောင့်လည်း ပြေးစရာမြေမှာ တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်။ ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်မှ အမှတ် (၁ဝ၆) ခြေမြန်တပ်ရင်း စစ်ကြောင်းသည် ပြည်သူလူထု၏ သတင်းပေးချက်အရ အလင်းရောင် စခန်းကို ဝိုင်းမိတော့သည်။ တိုက်ပွဲဖြစ်ပွားရာ ပြည်ပ ပြန်မစိန်ဝင်း၊ ပြည်ပပြန် ဥာဏ်ကျော်၊ ပြည်ပအမျိုးသမီးမရှုမေ(ခေါ်)မြမြ၊ မခင်မာ၊ ဒေါ်တင်နှင့်တင်စိုးတို့  ခြောက်ဦးသေဆုံးသွားရတော့သည်။ အလင်းရောင် စခန်းမှ မိန်းမများ၊ ကလေးများနှင့် ကျန်အင်အားစု အားလုံး လက်နက်ချခဲ့ရာ တပ်မတော်သားများက ကြင်နာယုယစွာ ပြုစုစောင့်ရှောက်ခဲ့ကြလေသည်။၁
ဤသို့ဖြင့် ဗကပဗဟိုဌာနချုပ်၏အရေးကြီးသော အစိတ်အပိုင်း တစ်ခုဖြစ်သည့် အလင်းရောင် စခန်း (ခေါ်) ဗဟိုဆေးကျောင်း (သို့မဟုတ်) ဗဟိုဆေးရုံသည် တပ်မတော်နှင့် ပြည်သူလူထု၏ ပူးပေါင်းစစ်ဆင်မှုဖြင့် ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလတွင် လုံးဝချုပ်ငြိမ်းသွားရ လေတော့သည်။
အောင်စိုးမိုးစစ်ဆင်ရေး
ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်နှင့် အဓိကအင်အားစုများသည် ပဲခူးရိုးမဒေသကြီးကို အခြေခံဒေသအဖြစ် သတ်မှတ်ကာ နှစ်ပေါင်းများစွာ ပင် ခိုအောင်းလှုပ်ရှားနိုင်ခဲ့ကြသည်။ ပဲခူးရိုးမသည် ဧရာဝတီမြစ်နှင့် စစ်တောင်းမြစ်ဝှမ်း မြေပြန့်လွင်ပြင် ဒေသကြီးနှစ်ခုအကြားတွင် တောင်နှင့်မြောက် တန်းလျက်တည်ရှိနေရာ အလျားမိုင် ၁၅ဝခန့်ရှိသည်။ အနံမှာ ၁၅ မိုင်မှ မိုင် ၄ဝ ခန့်အထိ ကျယ်ဝန်းပြီး တောတောင် လျှိုမြောင်များ ထူထပ်ရှုပ်ထွေးနေသည်။ တောင်ထိပ် တောင်ထွတ်များမှာ အမြင့်ပေ ၅ဝဝ မှ ၃ဝဝဝ ခန့်အတွင်း တည်ရှိကြသည်။ အဖိုးတန် သစ်၊ ဝါးနှင့် သဘာဝတောရိုင်းတိရစ္ဆာန်များလည်းပေါများလှ သည်။
ပဲခူးရိုးမပေါ်တွင် လူနေ ထူထပ်ခြင်း မရှိပေ။ အစုလိုက်အဝေးလိုက် စုပေါင်းတည်ထားသော ရွာစု ရွာဝေးက နည်းပါးပြီး တစ်ရွာချင်း နှစ်ရွာချင်းသာ လမ်းပန်းဆက်သွယ်မှု ခက်ခဲရာ တောင်ပေါ်နှင့် လျှိုမြောင်များတွင် တည်ရှိလေ့ရှိသည်။ ရွာစုရွာဝေး အနေနှင့် ဖြူးချောင်းဖျားတွင် တောင်ပေါ်ခုနစ်ရွာရှိပြီး ရဲနွယ်ချောင်းဖျားတွင် တောင်ပေါ်(၁၄)ရွာရှိသည်။ ပဲခူးချောင်းဖျားတွင် တောင်ပေါ် ကိုးရွာရှိသည်။ ဒေသခံ တိုင်းရင်းသားများမှာ ကရင်အမျိုးသားများ ဖြစ်ကြသည်။ ထို့ကြောင့် ဗကပနှင့် ကေအင်န်ယူပါတီ တို့သည် တောင်ပေါ် ကရင်ရွာများကို အခြေခံဒေသ အဖြစ် သတ်မှတ်ပြီးနှစ်ရှည်လများ ရပ်တည်လာခဲ့ကြ သည်။ ပဲခူးရိုးမဝန်းကျင်တွင် ဆန်ရေစပါး ပေါများ သော ရွာကြီးပေါင်း ၁၂၅ဝဝ ကျော်တည်ရှိရာ ဗကပ နှင့် ကေအင်န်ယူတို့အဖို့ စားနပ်ရိက္ခာနှင့် ဆက်ကြေး ငွေအတွက်မပူခဲ့ရပေ။ ပဲခူးရိုးမဝန်းကျင် တောင်ခြေ မြေပြန့်ဒေသမှ  ဗမာတိုင်းရင်းသားများ၊  ပဲခူးရိုးမ တောင်ပိုင်းနှင့် အလယ်ပိုင်းမှ ကရင်တိုင်းရင်းသားများ၊ ပဲခူးရိုးမ အနောက်ခြမ်းမှ ချင်းတိုင်းရင်းသားများမှာ ကေအင်န်ယူနှင့် ဗကပများအား နည်းမျိုးစုံဖြင့် အကူအညီပေးခဲ့ကြရသည်။ ပဲခူးရိုးမနှင့်ပတ်ဝန်းကျင် ဒေသတွင် လူဦးရေ သုံးသန်းခန့်မှီတင်း နေထိုင်ခဲ့ကြရာ ထိုတိုင်းရင်းသား လုပ်သားပြည်သူများ၏ ဆန်ရေစပါး ရိက္ခာနှင့် ဆက်ကြေးငွေများ ကိုရယူပြီး ပဲခူးရိုးမပေါ်၌ ဗကပနှင့် ကေအင်န်ယူတို့သည် နှစ်ပေါင်းများစွာပင် ကြီးစိုးခဲ့ကြလေသည်။
ဗကပ ဗဟိုဌာနချုပ်သည် ၁၉၆၆ ခုနှစ်မှစတင်၍ 'လေးနှစ်အတွင်း စစ်အနိုင်တိုက်ရေး စီမံကိန်း'ကိုချမှတ် ၍ 'ပဲခူးရိုးမလွတ်မြောက်ရေးသည် အဓိကနှင့်ပထမ ဖြစ်သည်'ဟူသော ဆောင်ပုဒ်ဖြင့် နိုင်ငံရေး၊ စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြဖူးသည်။ သို့သော် ဗကပတို့ ၏ လေးနှစ်စီမံကိန်းမှာ မအောင်မြင်ခဲ့ကြပေ။ တပ်မတော်သည် ပြည်သူ့စစ် မဟာဗျူဟာ၊ နည်းဗျူဟာ  များကို ချမှတ်၍ ဗကပ ဗဟိုဌာနချုပ်ကို ဦးတည် တိုက်ခိုက်ရန် စစ်ဆင်ရေးကြီးများ တစ်ခုပြီးတစ်ခု ဆင်နွှဲခဲ့ကြသည်။ ၁၉၆၇ ခုနှစ်တွင် မော်နိုင်စစ်ဆင်ရေး၊ ၁၉၆၈  ခုနှစ်တွင်  ပြည်သာယာစစ်ဆင်ရေး၊ သီဟစစ်ဆင်ရေး၊ တေဇစစ်ဆင်ရေး၊ ၁၉၆၉ ခုနှစ်တွင် တံခွန်စစ်ဆင်ရေး၊ ဇွဲသတ္တိစစ်ဆင်ရေး၊ ၁၉၇ဝ ပြည့်နှစ် တွင် နေမင်းစစ်ဆင်ရေး၊ ၁၉၇၂ ခုနှစ်မှစ၍ အလင်း ရောင် စစ်ဆင်ရေးများကို ဆင်နွှဲခဲ့ရာ စစ်ဆင်ရေးများ သည် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကြောင့် အထိုက် အလျောက်အောင်မြင်ခဲ့ရသည်။
ပဲခူးရိုးမဒေသရှိ တိုင်းရင်းသား ပြည်သူလူထုသည် နိုင်ငံရေး အမြင်မကျယ်မှု၊ ဝါဒဖြန့် စည်းရုံးသိမ်းသွင်းမှု၊ မသိနားမလည်မှုတို့ကြောင့်သော်လည်းကောင်း၊ ခြိမ်းခြောက် အကြမ်းဖက်မှု ကြောင့်သော်လည်းကောင်း၊ လူပုဂ္ဂိုလ်များ သံယောဇဉ်ကြောင့်သော်လည်းကောင်း၊ဗကပနှင့် ကေအင်န်ယူ ပါတီ တို့အားနည်းမျိုးစုံဖြင့် အကူအညီပေးခဲ့ကြရသည်။  သောင်းကျန်းသူများ စားသောက်နေထိုင် ရေးအတွက် ရိက္ခာအကူအညီပေးခဲ့ရသည်။ တပ်မတော်စစ်ကြောင်းများလှုပ်ရှားမှု သတင်း ထောက်လှမ်းရေးနှင့် ဆက်သားအဖြစ် ဆက်သွယ်ရေးများတွင်လည်း တာဝန်ယူခဲ့ကြရသည်။ စခန်းထောက် လုပ်ပေးခြင်း၊ လမ်းပြပေးခြင်း၊ ရံဖန်ရံခါ တပ်မတော် စစ်ကြောင်း၏ အန္တရာယ်မှ လွတ်ကင်းစေရန် သိုဝှက်ပေး ခြင်း စသည်တို့ကိုလည်း ကူညီခဲ့ကြရသည်။ နောက်ဆုံး ပဲခူးရိုးမဒေသရှိ ဒေသခံတိုင်းရင်းသားများထဲမှအချို့သည် ကိုယ်တိုင်ပင်လျှင် ဗကပများ၊ ကေအင်န်ယူပါတီ ဝင်များ၊ အမာခံကျောရိုးများအဖြစ် တာဝန်ယူထမ်း ဆောင်ခဲ့ကြရသည်။
သို့သော် ဗကပတို့၏ ဖြုတ်ထုတ်သတ် လမ်းစဉ် (ခေါ်)လူသတ်ဝါဒသည် အချင်းချင်း သတ်ဖြတ်ရုံသာ မကဘဲ ပြည်သူလူထုကိုပါ ထိပါးသတ်ဖြတ်လာသော အခါ ဒေသခံတိုင်းရင်းသားများသည် သည်းမခံနိုင်တော့ပေ။သောင်းကျန်းသူတို့၏ လူသတ်ဝါဒတွင် အစတေးခံ ခဲ့ကြရသော ဒေသခံတိုင်းရင်း သားပြည်သူများမှာ မရေ မတွက်နိုင်အောင်ပင် များပြားလှသည်။ ထို့ကြောင့် ဒေသခံတိုင်းရင်းသား များသည် တပ်မတော်နှင့်အတူ လက်တွဲ၍ တစ်စတစ်စ ပါဝင်လာကြရာမှ ရန်သူ ချေမှုန်းရေးလုပ်ငန်းသည် လူထုလှုပ်ရှားမှုအသွင်ဖြင့် ကျယ်ပြန့်လာတော့သည်။
တပ်မတော်သည် ပဲခူးရိုးမရှိ သောင်းကျန်းသူများ လုံးဝချုပ်ငြိမ်းရေးအတွက်  ပဲခူးရိုးမဒေသ  အထူး စစ်ဆင်ရေးဌာနချုပ်ကို ဖွဲ့စည်းခဲ့သည်။ ပဲခူးရိုးမ ရန်သူ ချေမှုန်းရေးနှင့် နယ်မြေစိုးမိုးရေး စီမံချက်ကိုလည်း ရေးဆွဲချမှတ်ခဲ့သည်။ ပဲခူးရိုးမဒေသအထူးစစ်ဆင်ရေး ဌာနချုပ်၏ ဌာနချုပ်မှူးမှာ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးကြီးခင်အုန်းဖြစ်သည်။ ပဲခူးရိုးမ ဒေသအထူးစစ်ဆင်ရေးဌာနချုပ်သည် တောင်ပေါ် (၁၄)ရွာ  ပြောင်းရွှေ့ရေးကို  ရဲနွယ်စီမံကိန်းအဖြစ် ခက်ခဲစွာ  အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ တောင်ပေါ် ၁၄ ရွာကိုပြောင်းရွှေ့ခြင်းဖြင့် ဗကပတို့၏ အခြေခံဒေသတစ်ခုသည် ပျောက်ဆုံးသွားခဲ့ရသည်။ ဗိုလ်မှူးကြီးခင်အုန်းသည် အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်တိုင်းမှူးတာဝန်မှ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး တာဝန်သို့  ပြောင်းရွှေ့တာဝန်ယူသွားသောအခါ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးကြီး သန်းတင်သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဖြစ်လာပြီး    ပဲခူးရိုးမအထူးစစ်ဆင်ရေးဌာနချုပ်၏ စစ်ဆင်ရေးမှူးဖြစ်လာသည်။
ပဲခူးရိုးမဒေသ သောင်းကျန်းသူ ချုပ်ငြိမ်းရေး အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်  အမှတ် (၇၇)ခြေမြန်တပ်မဌာနချုပ်တို့သည် ပဲခူးရိုးမရန်သူ ချေမှုန်းရေးနှင့်  နယ်မြေစိုးမိုးရေး  စီမံချက်အရ အောင်စိုးမိုး စစ်ဆင်ရေးကို ဆင်နွှဲခဲ့ကြသည်။ ကာကွယ် ရေးဝန်ကြီးဌာနနှင့်  ကာကွယ်ရေးဦးစီးချုပ်ရုံးသည် ပြည်သူ့စစ်နည်းဗျူဟာအဖြစ် ဖြတ်လေးဖြတ်စနစ်ကို ကျင့်သုံးစေခဲ့သည်။ ဖြတ်လေးဖြတ်စနစ်မှာ အောက်ပါ အတိုင်းဖြစ်သည်။
(က)    ရိက္ခာဖြတ်တောက်ခြင်း။
(ခ)     ဆက်ကြေးများ ဖြတ်တောက်ခြင်း။
(ဂ)     ပြည်သူလူထုတစ်ရပ်လုံးက သောင်းကျန်း သူများနှင့် အဆက်ဖြတ်ခြင်း။
(ဃ)    ပြည်သူလူထုကိုယ်တိုင် သောင်းကျန်းသူ များကို ခုခံချေမှုန်းသတ်ဖြတ်ခြင်း။
ဖြတ်လေးဖြတ်စနစ်ကို ၁၉၇၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်တွင် စတင်အကောင်အထည် ဖော်ခဲ့သည်။
တိုင်းရင်းသားပြည်သူများ၏  စီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စစ်တောင်းမြစ်ဝှမ်း စီမံ ကိန်းကြီးကို ဆောင်ရွက်လျက်ရှိရာ ရဲနွယ်စီမံကိန်းသည် အခြေခံပင်ဖြစ်သည်။ ပဲခူးရိုးမမှ စစ်တောင်းမြစ် အတွင်း သို့ စီးဆင်းနေသော ဆင်သေချောင်း၊ ငါးသိုင်းချောင်း၊ ဆွာချောင်း၊ ခပေါင်းချောင်း၊ ဖြူးချောင်း၊ ကွင်းချောင်း၊ ရဲနွယ်ချောင်းတို့သည် နှစ်စဉ်ပင် မိုးရာသီတွင် ရေကြီး ပြီး ရေလျှံလေ့ရှိသည်။ ရဲနွယ်စီမံကိန်းသည် စစ်တောင်း မြစ်၏ချောင်းမကြီး ၁၂ ခုအနက် တစ်ခုဖြစ်သည့် ရဲနွယ် ချောင်းကို ထိန်းချုပ်ရန် ဖြစ်သည်။ ရဲနွယ်စီမံကိန်းသည်  ၁၉၆၉ ခုနှစ်၊ အောက်တိုဘာလတွင် ကမ္ဘာ့ကုလသမဂ္ဂ ကြီး၏ အကူအညီဖြင့် စတင်ခဲ့သည်။ ရဲနွယ်စီမံကိန်း အရ အမြင့်ပေ ၁၆၆ ပေမြင့်ပြီး ဧကပေ ၈ဝဝဝဝဝ ရေလှောင်အားရှိသည့် တာတမံကြီးတစ်ခု တည်ဆောက် မည်ဖြစ်ရာ တောင်ပေါ် ၁၄ ရွာသည် ရေအောက်သို့ လုံးလုံးလျားလျား နစ်မြုပ်သွားမည်ဖြစ်သည်။၁
ရဲနွယ်ရေလှောင်ဆည်နှင့် ပြွန်တန်ဆာလွင်ပြင် ရေဘေးကာကွယ်ရေး စီမံကိန်း(ရဲနွယ်စီမံကိန်း) အရ တောင်ပေါ် ၁၄ရွာကို ရွှေ့ပြောင်းခဲ့ကြရသည်။ ယင်းတောင်ပေါ် ၁၄ ရွာမှာ အောက်ပါ အတိုင်းဖြစ်သည်-
(က)    ညာပလားရွာ
(ခ)     ကိုင်းချောင်းရွာ
(ဂ)     သစ်ကြီးရွာ
(ဃ)    ထန်းတပင်ရွာ
(င)     သစ်ထောက်မရွာ
(စ)     ပဒေသာရွာ
(ဆ)    ဗန္ဓယော်ရွာ
(ဇ)     ရုန်းပင်သာရွာ
(စ်)     ဇဟားရြာ
(ည)    သံပုရာခုန္ရြာ
(ဋ)     ချောင်းခွရွာ
(ဌ)     စလူမြောင်ရွာ
(ဍ)     ဥတိုရွာ
(ဎ)     ဝါမီးရွာ
တပ်မတော်သည်  တောင်ပေါ်  ၁၄ ရွာအား ကျောက်တံခါးမြို့နယ် ရေတွင်းဖြူသို့ စနစ်တကျ ရွှေ့ပြောင်းပေးပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို အားသွန် ခွန်စိုက် လုပ်ကိုင်ဆောင်ရွက်ပေးခဲ့သည်။ ဤသို့ဖြင့် ဗကပဗဟိုနှင့် ကေအင်န်ယူပါတီတို့သည် တောင်ပေါ် ၁၄ ရွာမှ ရိက္ခာနှင့် ဆက်ကြေးများ မရနိုင်တော့သည့် အပြင် လုံးဝလည်း အဆက်အသွယ်ပြတ်သွားခဲ့ရတော့သည်။ ပဲခူးရိုးမဒေသပေါ်ရှိ တောင်ပေါ်ရွာများမှ လည်း ရန်သူကို အတွေ့မခံကြတော့သည့်အပြင် တပ်မတော် နှင့် ပူးပေါင်း၍ ရန်သူကို ကွက်ပြည့်နင်း ချေမှုန်းရေး များကို ဆောင်ရွက်ရန်လာကြသည်။ သို့နှင့် ပြည်သူနှင့် တပ်မတော်ပူးပေါင်းဆင်နွှဲခဲ့ကြသော အောင်စိုးမိုး စစ်ဆင်ရေးကြီးသည် ပဲခူးရိုးမဒေသမှ သောင်းကျန်းသူများအား အပြီးအပိုင်သုတ်သင် ချေမှုန်းရန် ပြင်ဆင် စိုင်းပြင်းနေပြီဖြစ်လေသည်။
လေးကထိတိုက်ပွဲ(လျှပ်စီးစစ်ဆင်ရေး)
ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ သခင်ဇင်သည် ပြေးရင်းလွှားရင်း သွားတုအံကပ် ပျောက်ဆုံးခဲ့သော ကြောင့် အစာမစားနိုင်ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ထန်းတပင်မြို့နယ် တာဝန်ခံ အောင်ငွေ(ခေါ်) ရဲဘော် အောင်က ဖြူးမြို့နယ်မှ သွားစိုက်ဆရာဝန် သန်းဝင်း ဆိုသူကို သခင်ဇင်ထံ စေလွှတ်ပေးခဲ့ရသည်။ ဗကပဗဟို ဌာနချုပ်သည် ကျောက်တံခါးမြို့နယ် ဆားပြင်ရွာ၏ နောက်ကြော မြရာပင်ကြောပေါ်ရှိ လေးကထိမြောင် တွင် စခန်းချခိုအောင်းနေသည်။ သခင်ဇင်၏သွားများ ကို ပြန်စိုက်ပေးပြီးသောအခါ သန်းဝင်းသည် အောင် ဇေယျတပ်မှ နိုင်ငံရေးမှူး သိန်းထွန်း၊ တပ်မှူး မြဟန်၊ ရဲဘော်ဌေး၏သားကြီး မောင်ခိုင်၊ မကျင်သောင်းစသော ဗကပများကို ရွှေသွားများ စိုက်ပေးခဲ့ရသေးသည်။ အောင်ဇေယျတပ်မှ သန်းဝင်းအား လုံခြုံရေးအရ သတ်ဖြတ်ရှင်းလင်းပစ်ရန် စီစဉ်သေးသော်လည်း မအောင်မြင်ခဲ့ပေ။ အောင်ဇေယျတပ်မှာအခြေအနေမကောင်းတော့သဖြင့်လက်နက်ချသူများပြားလာသည်။ သွားစိုက်ဆရာဝန် သန်းဝင်းသည်လည်း ၁၉၇၃ ခုနှစ်၊ ဇူလိုင်လတွင် ဖြူးမြို့သို့ ပြန်လည်ရောက်ရှိလာသည်။
၁၉၇၃ ခုနှစ်၊ ဇူလိုင်လတွင် အမှတ်(၇၇) ခြေမြန်  တပ်မဌာနချုပ်သည်  ဗကပ ဗဟိုဌာနချုပ်အား တိုက်ခိုက်ရန် လျှပ်စီးစစ်ဆင်ရေးကို ဆင်နွှဲခဲ့သည်။လျှပ်စီးစစ်ဆင်ရေးတွင် အမှတ်(၁ဝ၆) ခြေမြန်တပ်ရင်း စစ်ကြောင်းနှင့်  အမှတ်  (၁ဝ၁)  ခြေမြန်တပ်ရင်းစစ် ကြောင်းတို့အပြင် ကွန်မန်ဒိုစစ်ကြောင်းတစ်ကြောင်း လည်းပါဝင်ခဲ့သည်။ တပ်မတော်သည် ၁၉၇၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်တွင် ဗကပ ဗဟိုစခန်းဖြစ်သည့် လေးကထိစခန်းကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ရာအတွင်းရေးမှူးသခင်ချစ်၏ ကိုယ်ရံတော်တပ်သား ပုတင်သေဆုံးပြီး ဗကပဗဟိုသည် ကစဥ့်ကလျားဖြင့် ဆုတ်ခွာထွက်ပြေးရတော့သည်။ သခင်ဇင်နှင့် သခင်ချစ် သည် လေးကထိစခန်းတိုက်ပွဲနှင့်ပတ်သက်၍ အောက်ပါ အတိုင်း သုံးသပ်ခဲ့ကြသည်-
ဇူလိုင်လ ၁၇ ရက် လေးကထိစခန်း အတိုက်ခံရတာ နဲ့ပတ်သက်တဲ့ နိဂုံးချုပ်
ညာပလား*(ညာပလား = တောင်ပေါ်(၁၄)ရွာအနက်မှ တစ်ရွာ။)  ပတ်ဝန်းကျင်ကို အားရအောင် ရှင်းပြီးနောက် ရန်သူဟာ သုံးသပ်ချက်တစ်ခု လုပ်တယ်။ သူတို့ရဲ့ သုံးသပ်ချက်ကတော့ ''ပါတီဗဟိုဟာ ပဲခူးချောင်းဖျားရောက်ပြီး မဟာမိတ်**(မဟာမိတ် = ကေအင်န်ယူပါတီ။)  အကူအညီနဲ့ ခိုအောင်းနေ လိမ့်မယ်''ဆိုတာပဲ ဖြစ်တယ်။
အဲဒီအစီအစဉ်အရ ဇူလိုင်လ ၂၇ ရက်မှာ လျှပ်စီးစစ်ဆင်ရေးကို ရုပ်သိမ်း၊ ထောက်လှမ်း ရေးအဖွဲ့တစ်ဖွဲ့ကို မြောက်ဘက်လွှတ်သတင်း စုံစမ်းခိုင်းပြီး အကယ်၍ သတင်းထပ်ရရင် သတင်းပေါ်မူတည်ပြီး ပါတီဗဟိုကို ဆက်လက် ချေမှုန်းဖို့ သူတို့ကြိုးစားကြပြန်တယ်။
ဒါပေမဲ့ လက်နက်ကိုင်ထောက်လှမ်းရေး တပ်ဖွဲ့ဟာလည်း ဇူလိုင်လ ၂၅ ရက်မှာ ကျီး မနိုး၊ ခရုချောင်း၊ ထန်းလက်ကုန်း၊ ဝါးတစ်လုံးနဲ့ ပေါက်လင်းပတ်ဝန်းကျင်မှာ ဘာသတင်းမှ ထောက်လှမ်း လို့မရခဲ့ဘူး။
ပါတီဗဟိုစခန်းအတိုက်ခံရတာဟာ စစ်ဆင် ရေးအရပြောရင် ပြောပလောက်အောင် ဆုံးရှုံး မှုမရှိပေမယ့် နိုင်ငံရေးအရပြောရရင်တော့ အများကြီးနာတယ်။ ဘာကြောင့်လဲ။
(၉၉)၊ (၈၈) ရန်သူတပ်မတွေဟာ သုံးနှစ် ဆက်တိုက် ခေါင်းမဖော်နိုင်ဘဲ ထိပ်ပြဲခေါင်းကွဲ ခံနေရတဲ့အခြေအနေကနေပြီး ကျွန်တော်   တို့ရဲ့ အဓိကတပ်နှစ်တပ်ဖြစ်တဲ့ အောင်ဇေယျ၊ အောင်နိုင်တို့ဟာ ရှမ်းစု၊ ငပန်းအင်းတိုက်ပွဲ တွေမှာဆုံးရှုံးခဲ့ပြီး အခုတစ်ခါ ပါတီဗဟိုအတိုက် ခံရတော့ ရန်သူအတွက် အသက်ရှူပေါက်ရပြီး ခေါင်းထောင်လာနိုင်လို့ပဲ။
ဒါနဲ့ပတ်သက်ပြီး ရန်သူက ''ပဲခူးရိုးမ ဗကပ တပ်အခြေအနေဟာ ၇၃ ခုနှစ်၊ ဧပြီလမှာ အရှိန် အမြင့်ဆုံးရောက်ခဲ့တယ်။ ဒါပေမဲ့ မေလကျတော့ ရှမ်းစုတိုက်ပွဲ၊ ငပန်းအင်းတိုက်ပွဲအပြီး အရှိန်ကျလာတယ်။ ၇၃ ခုနှစ်၊ ဇူလိုင်လကျပြန် တော့ ပါတီဗဟိုစခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းနိုင်ခဲ့တယ်။ ဒါကြောင့် စစ်ရေးအကဲသာ မှုဟာ မိမိတို့လက်ထဲ ပြန်ရောက်လာတယ်။ လက်ရှိအခြေအနေဟာ ဗကပတို့ စတင်ပြိုလာတဲ့ကာလဖြစ်တယ်။ ဒါကြောင့် မိမိတို့အမှား ကြောင့် ဗကပသက်ဆိုးရှည်နိုင်တယ်။ စစ်မြေ ပြင်စည်းကမ်းနဲ့ညွှန်ကြားချက်များကို မိမိတို့တပ်ဖွဲ့များက စနစ်တကျ လိုက်နာရေးဟာ အရေးအကြီးဆုံးအဆင့် ရောက်ရှိနေပြီ''လို့ သုံးသပ်ထားပါတယ်။
ဒါကိုကြည့်ရင် စခန်းအတိုက်ခံရတာဟာ စစ်ရေးအရပြောပလောက်အောင် ဆုံးရှုံးမှုမရှိ ပေမယ့် စစ်ရေးအကဲသာမှုဟာ ဘယ်သူ့လက် ထဲရောက်မလဲဆိုတဲ့ ပြဿနာအဖြစ်နဲ့ ရန်သူက ကြည့်တယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့ကလည်း ပဲ ကြည့်ရမှာဖြစ်တယ်။
ဒီနေရာမှာ သူတို့ပြောတဲ့အတိုင်း မဟုတ်စေ ကာမူ ပြဿနာကို ရင်ဆိုင်လာရတယ်ဆိုတဲ့ အဖြစ်ကတော့ ရောက်လာတာပဲ။ ဒါကြောင့်မို့ နိုင်ငံရေးအရ အများကြီးနာတယ်လို့ ပြောတာ ဖြစ်တယ်။
အောင်ဇေယျ၊ အောင်နိုင်တို့ မရှေးမနှောင်း အရှုံးပွဲနှင့်ရင်ဆိုင်ရပြီး တစ်ဆက်တည်း ပါတီ ဗဟိုအတိုက်ခံရတာဟာ နိုင်ငံရေးအရ အများ ကြီးနာတာမှန်ပေမယ့် ရန်သူသုံးသပ်သလို ဗကပစတင်ပြိုပြီ၊ စစ်ရေးအကဲသာမှုဟာ သူတို့ ဘက်ရောက်နေပြီဆိုတာကတော့ ရန်သူရဲ့ စိတ်ကူးယဉ်မျှသာဖြစ်တယ်။ အခြေအနေဟာ မိမိတို့ဘက်မှာပဲ ကောင်းမွန်လျက်ပဲရှိဆဲပဲ။ စစ်ရေးအကဲသာမှုဟာ ကျွန်တော်တို့လက်ထဲ ရှိနေဆဲဖြစ်တယ်။ ဒါပေမဲ့ လှုပ်တော့လာတယ်၊ ခုလိုဖြစ်ရတာဟာ  အခြေအနေကြောင့်မဟုတ်ဘဲ ခေါင်းဆောင်မှုအမှားကြောင့်သာဖြစ်တယ်။
ဒီလိုဆိုတဲ့အတွက် ရန်သူကို အထင်သေးလို့ တော့ မဖြစ်ပါ။ စစ်ရေးအကဲသာမှုပြဿနာ၊ တစ်နည်းဆိုတော့ ရန်သူ့အလှည့်ပေးမလား၊ မပေးဘူးလားဆိုတဲ့မေးခွန်းမေးလာတဲ့ အလွန် အရေးကြီးတဲ့အခြေအနေကို သဘောပေါက်ပြီး မိမိအတွင်းက စစ်ပြေးအတွေးအခေါ်နဲ့စစ်ပြေး အတွေးအခေါ်  မစွန့်နိုင်သူ၊  အထူးသဖြင့် ခေါင်းဆောင်မှုအတွင်းရှိ ရဲဘော်တွေကို နာလန် မထူနိုင်အောင်တိုက်ပြီး ရဲသုံးရဲစိတ်ဓာတ်ကို တစ်ဆင့်မြှင့် စိုက်ထူကာ ရန်သူကို ဆက်တိုက် ချေမှုန်းသွားဖို့ မုချလုပ်ရမယ်။ ခေါင်းမော့လာတဲ့ ရန်သူကို နောက်ဘယ်တော့မှ ခေါင်းမမော် နိုင်အောင် ချပစ်ရမယ်။ တိုက်တိုင်းအောင် ပြည်သူ့တပ်မတော်တပ်ဖွဲ့တွေဟာ ရန်သူတွေ ကိုချေမှုန်းရင်း ကြီးထွားလာခဲ့တယ်။ ချေမှုန်း လျက်လည်း ရှိတယ်။ ရှေ့ကိုလည်း ဆက်လက် ပြီး ချေမှုန်းသွားမှာဖြစ်တယ်။
အတိုက်ခံရတာရဲ့ အကြောင်းရင်း
အခုလို ပါတီဗဟိုစခန်းအတိုက်ခံရတာဟာ ကောင်းသလား၊ မကောင်းဘူးလား၊ ဖြစ်သင့် သလား၊ မဖြစ်သင့်ဘူးလား၊ ဘာကြောင့် ဒီလို ဖြစ်လာရသလဲဆိုတာတွေကို သုံးသပ်ဖို့လို တယ်။ ဒါဟာ အရေးကြီးတဲ့ပြဿနာဖြစ်တယ်။
လက်နက်ကိုင် တိုက်နေရတဲ့ကာလမှာ ''ပါတီ ဗဟိုစခန်းအတိုက်ခံရတာမျိုး လုံးဝမရှိရဘူး၊ မရှိအောင် လုပ်ရမယ်လို့တော့ မဖြစ်နိုင်ဘူး ဒါပေမဲ့ ထားရမယ့်သဘောထားက အထက်မှာ ပြောခဲ့တဲ့ မိမိရဲ့ထူးခြားမှုအရ (နိုင်ငံရေးအရ နစ်နာမှု)အတိုက်မခံရရေးအတွက် အစွမ်းကုန် ကြိုးစားရမယ်။ အတိုက်ခံရရင်လည်း အခုထက် ပိုပြီး ရန်သူအထိနာအောင် အခွံချည်းရအောင် လုပ်ရမယ်ဆိုတာ ဖြစ်တယ်။
လျှပ်စီးစစ်ဆင်ရေးမှာ မိမိတို့အတိုက်မခံရ အောင် မလုပ်နိုင်ဘူးလားဆိုရင်တော့  လုပ်နိုင် ပါတယ်လို့ ပြောရမှာပဲဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ရန်သူစစ်ဆင်ရေးကို ကြိုပြီး အကဲခတ် နိုင်လို့ဖြစ်တယ်။
တိတိကျကျ ရန်သူ့သတင်းကို တစ်ရက် လုံးလုံး ကြိုရတယ်။  ဒါသာမဟုတ်ဘူး ရန်သူ့ စစ်ဆင်ရေးလာနိုင်တယ်ဆိုတာကို တစ်ပတ် ကျော်ကျော် နှစ်ပတ်နီးပါး ကြိုတင်ခန့်မှန်းနိုင် လို့ရတယ်။
ဒါဖြင့်ရင် ဘာကြောင့် မိမိတို့ အတိုက်မခံ ရအောင် မလုပ်သလဲ။ ဒါကတော့ မိမိတို့ဟာ မူလက ရန်သူကို အထင်သေးမှုကလည်းရှိ၊ ရင်ဆိုင်လာရတဲ့ အခက်အခဲတွေကိုကြောက်ပြီး အဆင်ပြေရေးအတွက် အချိန်ယူလွန်တာ လည်းရှိတာကြောင့်  အခုလိုဖြစ်ရတာဖြစ် တယ်။
(ဗကပ ဥက္ကဋ္ဌ သခင်ဇင်၏ လက်ရေးမူ)
သခင်သန်းထွန်းကျဆုံးပြီးနောက် ဥက္ကဋ္ဌသခင်ဇင် ၏  ဗဟိုစခန်းကို  အတိုက်ခံရခြင်းမှာ လေးကထိ တိုက်ပွဲသည် ပထမဆုံးအကြိမ်ဖြစ်သည်။ ၁၉၆၈ ခုနှစ်တွင် သခင်သန်းထွန်းကျဆုံးပြီး အဘက်ဘက်မှ ချွတ်ယွင်းလာသောဗမာပြည်ကွန်မြူနစ်ပါတီဗဟိုသည် အဝေးရောက်ပါတီမှ ဖန်တီးလာသော အရှေ့မြောက်ဒေသ ဗကပများကြောင့် အသက်ရှူနိုင်သလိုဖြစ်လာ ခဲ့သည်။ ငြိမ်းခါနီးအခြေအနေမှ ဆက်လက်တောက်လောင်လာခဲ့သည်။ သို့သော် ၁၉၇၃ ခုနှစ်တွင် လေးကထိစခန်း အတိုက်ခံရပြီး နောက်တွင်ကား အခြေအနေမှာ အဘက်ဘက်မှ ယိုယွင်းပျက်စီးလာပြန်သည်။ ဗကပဗဟိုသည် လေးကထိစခန်း အတိုက်ခံရပြီးနောက်  တောင်ပေါ်  ၁၄  ရွာသို့ ပြောင်းရွှေ့ လှုပ်ရှားခဲ့သည်။ ရိက္ခာအခက် အခဲကြောင့်လည်း ဗကပများမှာ စိတ်ဓာတ် ကျဆင်းပြီး အင်အားချည့်နဲ့ လာသည်။ ဗကပ၊ မဒညတ ပူးတွဲအောင်နိုင်တပ်သည်လည်း ၁၉၇၃ ခုနှစ်၊ မေလ ၂၃ ရက်တွင် အမှတ်(၁) ရှမ်းသေနတ်ကိုင် တပ်ရင်းနှင့် ဒိုက်ဦးမြို့နယ် ငပန်းအင်း၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ အထိ နာပြီး  ကစဥ့်ကလျားဖြစ်ခဲ့ရသည်။  ထိုအချိန်တွင် သခင်ဇင်နှင့် သခင်ချစ်သည် အောင်နိုင်တပ်၏ နိုင်ငံ ရေးမှူး ရဲဘော်သက်အား စစ်ပြေးသမား ကွန်မြူနစ် လူငယ်အမျိုးသမီးဖျက်ဆီးရေးသမား၊ ဓနရှင်ကိုယ်စား လှယ်ဟူသောစွဲချက်များဖြင့် ဖြုတ်ထုတ်သတ်ရန် စီစဉ် ထားပြီးဖြစ်နေသည်။ (၁။ ဇင်-ချစ်နောက်ဆုံး(၂)၊ စာမျက်နှာ ၃၀၇။)
ရဲဘော်သက်သည် ငပန်းအင်းတိုက်ပွဲ မတိုက်မီကပင်ဖြုတ်ထုတ်သတ်ဖြင့် အရေးယူခံရ တော့မည်ကို ကြိုတင်သိရှိပြီး ဖြစ်နေသည်။ ရဲဘော်သက်သည် ငပန်းအင်းရှိ အမှတ်(၁)ရှမ်း သေနတ်ကိုင်တပ်ရင်း စခန်းအားမတိုက်ခိုက်မီ စစ်ထွက်မိန့်ခွန်းပြောကြားရာတွင် အောက်ပါ အတိုင်း ပြောကြားခဲ့သည်။''ကျွန်တော်ကတော့ ဒီအချီမှာ ရဲဘော်တို့ ရှေ့မှာ စိစစ်ဖို့ မလိုတော့ပါဘူး၊ အပြတ်ပါပဲ၊ ကျွန်တော် အသက်ကိုပေးပြီး စိစစ်သွားပါ့မယ်''
ရဲဘော်သက်သည် ဖြုတ်ထုတ်သတ် လမ်းစဉ်အရ အများရှေ့တွင် စိစစ်ရခြင်း၊ အပုပ်ချခြင်း၊ ညှဉ်းပန်း နှိပ်စက်ခံရခြင်းတို့ကို   ရင်ဆိုင်မနေလိုတော့ပေ။ ထို့ကြောင့် ငပန်းအင်းတိုက်ပွဲတွင် ကွင်းပြင်၌ အထီး တည်းရပ်၍ အသေခံသွားခဲ့တော့သည်။ သို့နှင့် မဒညတ ပူးတွဲတိုက်ခိုက်ရေးတပ်ဖြစ်သည့် အောင်နိုင်တပ်၏ အဓိကခေါင်းဆောင်ဖြစ်သူ ရဲဘော်သက်ကျဆုံးပြီး အောင်နိုင်တပ်လည်း ဝါးအစည်းပြေသကဲ့သို့ ကစဥ့် ကလျားဖြစ်သွားရသည်။ ထို့အတူပင် အောင်ဇေယျ တပ်သည်လည်း အမှတ်(၁ဝ၅) ခြေမြန်တပ်ရင်း၏ တိုက်ခိုက်မှုကိုခံရသဖြင့် ပြိုကွဲသွားခဲ့ရသည်။
သခင်ဇင်နှင့် သခင်ချစ်တို့သည် အောင်နိုင်တပ် ပြိုကွဲခြင်း၊ အောင်ဇေယျတပ်ပြိုကွဲခြင်း၊ ပါတီဗဟိုဌာန ချုပ် အတိုက်ခံရခြင်းတို့အတွက် အဖြေရှာခဲ့ကြသည်။ စစ်ရေးအရ ရှုံးနိမ့်မှုများ အဖြေသည် ပြည်ပပြန် ရဲဘော်ရှိန်(ခေါ်) စောလွင်(ခေါ်) မြရှိန်(ခေါ်) ဝူမင်း ကြောင့်ပင်ဖြစ်သည်ဟု ဗကပဗဟိုက သတ်မှတ်ခဲ့သည်။ ရဲဘော်ရှိန်သည် မြင်းခြံဇာတိဖြစ်ပြီး အချက်ပြဆက် သွယ်ရေးတပ်မှ တောခိုခဲ့သူဖြစ်သည်။ ၁၉၅၃ ခုနှစ်တွင် သခင်ဗသိန်းတင်နှင့်အတူ တစ်ဖက်နိုင်ငံသို့ ပညာတော် သင်သွားပြီး ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေး ကာလတွင် ပြည်တွင်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ရဲဘော်ရှိန်သည် ပါတီတွင်းအုပ်စုတိုက်ပွဲ၊ ဂိုဏ်းတိုက် ပွဲများကို ဆန့်ကျင်ခဲ့သူဖြစ်သည်။ ပြည်ပရောက်ဗဟို ကော်မတီများ၏ အကျင့်ပျက်ပြားမှုများကိုလည်း စာတမ်းများရေး၍ ဖော်ထုတ်ခဲ့သည်။ ၁၉၇၁ ခုနှစ် တွင်လည်း ပါတီ၏မျက်မှောက်ပေါ်လစီများအပေါ် ဝေဖန်ချက်အမည်ရှိ စာတမ်းကိုရေးသား၍ သခင်ဇင် နှင့် သခင်ချစ်ကို ဝေဖန်ခဲ့သည်။
ထို့ကြောင့် ရဲဘော်ရှိန်သည် အောက်ပါစွဲချက်များ ကို ရင်ဆိုင်ရတော့သည်-၃
(က)    မြရှိန်ဟာ ၆၄ လမ်းစဉ် ဆန့်ကျင်ရေး သမား။
(ခ)     ပါတီဥက္ကဋ္ဌ ဆန့်ကျင်ရေးသမား။
(ဂ)     မာ့ခ်စ်ဝါဒ၊ လီနင်ဝါဒ၊ ပြည်ပအတွေး အခေါ်  ဆန့်ကျင်ရေးသမား။
(ဃ)    လူငယ်အားသစ် အမျိုးသမီး ဖျက်ဆီးရေး သမား။
(င)     အခွင့်ထူးခံ ကိုယ်ကျိုးကြည့် ဇိမ်ခံရေး သမား။
(စ)     ပါတီတွင်း ဓနရှင် လူတန်းစား ကိုယ်စား လှယ်၊ မာ့ခ်စ် လီနင်ဝါဒ၊ ပြည်ပအတွေး အခေါ် ဆန့်ကျင်ရေးသမား။
ရဲဘော်ရှိန်သည် တန်ပြန်တော်လှန်ရေးသမား ရဲဘော်ဌေး၊ ဂိုရှယ်(ခေါ်) ဘတင်၊ ဗိုလ်ရန်အောင်၊ သခင်သန်းမြိုင်တို့၏ ဂိုဏ်းသားဖြစ်သည်ဟုဆိုကာ သေဒဏ်ပေးခြင်းခံရသည်။ ၁၉၇၃ ခုနှစ်၊ စက်တင် ဘာလ ၁၉ ရက်တွင် တပ်နီလူငယ်နှင့် အမျိုးသမီးများ သည် ရဲဘော်ရှိန်(ခေါ်) မြရှိန်ကို လည်ပင်းလှီး၍ ရက်စက်စွာ သတ်ဖြတ်ပစ်လိုက်သည်။
သခင်ဇင်နှင့်  သခင်ချစ်တို့သည်  ပါတီတွင်း စစ်ရေး၊ နိုင်ငံရေး ကျဆုံးလာမှုများအား ဖြုတ်ထုတ် သတ် လမ်းစဉ်ဖြင့်ပင် ဖာထေးရန် ကြိုးစားခဲ့ကြသည်။ ရဲဘော်ရှိန်ကို  သတ်ဖြတ်နိုင်ခြင်းအား  ပါတီတွင်း အောင်ပွဲဟုဆိုကာ ဂုဏ်ယူခဲ့ကြသည်။ ထိုအချိန်တွင် ဗကပခေါင်းဆောင်ပိုင်းမှ အစဉ်အလာရှိသူများမှာ ဖြုတ်ထုတ်သတ်လမ်းစဉ်ကြောင့် သေသူသေ၊ တိုက်ပွဲ တွင် ကျသူကကျ၊ လက်နက်ချသူကချနှင့် ခေါင်းဆောင် မှုများစွာ ချို့တဲ့လျက် ရှိကြောင်းကိုမူ သခင်ဇင်တို့ လူစု သတိမထားမိခဲ့ကြပေ။
တာတလူတိုက်ပွဲ
တောင်ပေါ် ၁၄ ရွာအား  ရဲနွယ်စီမံကိန်းအရ ရွှေ့ပြောင်းနိုင်ရန် တပ်မတော်က ထိုးစစ်များဖြင့် ဆောင်ရွက်လာသောအခါ ဗကပများသည် တောင်ပေါ် ၁၄ ရွာတွင် ခြေမချနိုင်တော့ဘဲ ရဲနွယ်ချောင်းဖျားမှ ပဲခူးချောင်းဖျားတောင်ပေါ် ကိုးရွာတည်ရှိရာ တာတလူ မြောင်သို့ ရွှေ့ပြောင်းခဲ့ရပြန်သည်။ ထိုအချိန်တွင် ဗကပ  ဗဟိုသည် အောင်နိုင်တပ်၊ အောင်ဇေယျတပ်များနှင့် လည်း အဆက်အသွယ်ပြတ်၍ နေလေပြီ။ အလင်း ရောင်စခန်းနှင့်လည်း အဆက်အသွယ်ပြတ်နေကြပြီ ဖြစ်သည်။ သို့သော် ဗကပဗဟိုသည် အောင်နိုင်တပ်၊ အောင်ဇေယျတပ်နှင့် အလင်းရောင်စခန်းတို့ တစ်တပ် နှင့် တစ်တပ်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဆက်စပ်၍ တပ်မတော် ထိုးစစ်များကို ရိုက်ချိုးနေကြလိမ့်မည်ဟု ယူဆထားခဲ့ ကြသည်။ ထို့ကြောင့် အောင်နိုင်တပ်နှင့် အောင်ဇေယျ တပ်များဖြင့် ဒိုက်ဦးမြို့ သိမ်းပိုက်ရေး၊ ပြွန်တန်ဆာမြို့ သိမ်းပိုက်ရေးများကို စီမံချက်ရေးဆွဲရန် စီစဉ်နေခဲ့ကြ သည်။
ထိုအချိန်တွင် ရဲဘော်သက် ကျဆုံးပြီးအောင်နိုင် တပ်သည် ပြိုကွဲနေပြီဖြစ်သည်။ အောင်ဇေယျတပ်မှာ လည်း ကစဥ့်ကလျားဖြစ်နေပေပြီ။ အလင်းရောင် စခန်းမှာလည်း စစ်ဆင်ရေးခွင် အတွင်း သီးခြားပိတ်မိ ပြီး အစာရေစာ ငတ်ပြတ်နေပြီဖြစ်သည်။ ဗကပ ဗဟို ဌာနချုပ်သည်  တာတလူ စခန်းတွင် အခြေပြုလျက်ရှိရာ အင်အား ၆၂ ဦးပါဝင်သည်။ ဥက္ကဋ္ဌသခင်ဇင်နှင့် အတွင်းရေးမှူး သခင်ချစ်သည် ဗဟိုစခန်းတွင် အတူ တကွရှိနေသည်။ ကြိုးမဲ့ကြေးနန်းဌာနရှိသော်လည်း အဆက်အသွယ်များ ပြတ်တောက်နေသည်။
၁၉၇၄ ခုနှစ်၊ အောက်တိုဘာလ၁၈ရက်နံနက် ၄ နာရီ ၁ဝ မိနစ်တွင် အမှတ်(၆)ခြေလျင်တပ်ရင်းနှင့် ကွန်မန်ဒို(၇ဝ၇) စစ်ကြောင်းသည် တာတလူစခန်းအား လေးဖက်လေးတန်မှ ဝိုင်းဝန်းတိုက်ခိုက်ကြ တော့သည်။ ဗကပဗဟိုသည် ဖရိုဖရဲဖြစ်သွားရာ အစုလေးစုကွဲပြီး တသီးတခြားစီဆုတ်ခွာကြရသည်။ သခင်ဇင်ခေါင်း ဆောင်သောအစုတွင် ဥာဏ်မြင့်(ခေါ်)စံမတူ*(ဥာဏ်မြင့်(ခေါ်)စံမတူသည် ကျောက်ကြီးဒေသမှ  မိဘမဲ့ကလေးဖြစ်သည်။ ဥာဏ်မြင့်၏ညီ Óဏ်တင့်   (၅)နှစ်သည် ကေအင်န်ယူတပ်ဦးမှ မန်းဘစိန်တို့က ဗဟိုနောက်ချန်စခန်းအားတိုက်ခိုက်စဉ် ဒဏ်ရာဖြင့်  ဖမ်းမိပြီး အရှင်လတ်လတ် မီးဖိုတွင်းသို့ပစ်ချသတ်ဖြတ်ခံခဲ့ရသည်။) (အသက် ၇ နှစ်)၊ ရဲဘော်ထွေး(ခေါ်) သိန်းထွန်း(၈)နှစ်၊ ရဲမြင့် (ခေါ်)တင်ထွန်း(၁ဝ)နှစ်၊ ရဲဘော်တင့်(ခေါ်) သက်ပြင်း (၁၁)နှစ်၊ သော်က(ခေါ်)ဘလုံ(၉)နှစ် စသည့်ကလေး ငယ်များပါဝင်ပြီး အင်အား၄၂ ဦးရှိသည်။ သခင်ဇင်တို့ လူစုသည် ကစဥ့်ကလျား ဖြစ်နေသော ဗကပများအား ညာပလားရွာသားဦးဒေါင်းအား စုစည်းစေပြီး နောက် သစ်ကြီးမြောင်ဘက် လမ်းကြောင်းမှ ကွင်းချောင်း လက်တက် ဦးရွှေပြည်တဲအနီး မင်းလှမြောင်သို့ ဆုတ်ခွာ ခိုအောင်းနေခဲ့ ကြသည်။ သခင်ဇင်တို့လူစုအား အနီး အနားကျေးရွာများမှ လုံးဝအကူအညီမပေးတော့သည့်   အပြင် တပ်မတော်နှင့်ပူးပေါင်း၍ လိုက်လံတိုက်ခိုက် နေသောကြောင့် တောင်ငူဒေသသို့ဖြစ်သည့်နည်းနှင့် ဆုတ်ရန် ဆုံးဖြတ်ကြတော့သည်။
သခင်ဇင်တို့လူစုသည် တာတလူမှဆုတ်ခွာခဲ့ကြပြီး အုတ်တွင်း-ပေါက်ခေါင်း မဟာဗျူဟာ ကားလမ်း၏ မြောက်ဘက်သို့ဦးတည်လာခဲ့ကြသည်။ တပ်မတော်နှင့် ပြည်သူများကလည်း ထက်ကြပ်ပင် လိုက်၍ စစ်ဆင် လျက်ရှိကြရာ ဝမ်းချောင်းကမ်းပါးတွင် ခေတ္တစခန်းချ နေကြစဉ် တပ်မတော် စစ်ကြောင်း၏ တိုက်ခိုက်ခြင်းကို ခံကြရပြန်သည်။ လမ်းပြများထွက်ပြေးသွားသော ကြောင့် ပိုမိုအခက်အခဲ တွေ့လာသဖြင့် ဗကပဗဟိုသည် အုတ်တွင်း၊ ပန်းတင်တောင်ရှိ အမှတ်(၄၈) ခြေလျင် တပ်ရင်းအနီးတွင် ခိုအောင်းနေကြသည်။ ထိုစဉ် ကြယ်နီ တပ်မှ တင်ဟန်ထွက်ပြေးပြီး လက်နက်ချသွားလေရာ လုံခြုံမှုမရှိတော့ သဖြင့် တောင်ဘက်ဇေယျဝတီနှင့် ညောင်ပင်သာ အနောက်ဘက်ကြောသို့ ရွှေ့ပြောင်းလာ ကြပြန်သည်။ အစာရေစာငတ်ပြတ်ပြီး ထွက်ပြေးသူ၊ လက်နက်ချသူများ တဖွဲဖွဲပေါ်ပေါက်လာရာ ဗကပ ဗဟိုတွင် အင်အား ၃ဝ ခန့်သာ ကျန်တော့သည်။ ၁။      (ဇင်-ချစ်နောက်ဆုံး(၂)၊ စာမျက်နှာ ၃၁၄၊ ၃၁၅။)
ဗကပဗဟိုသည် လက်ရှိအကျပ်အတည်းမှ လွတ် မြောက်ရေးအတွက် အစည်းအဝေးထိုင်ရာ သခင်ဇင်က အောင်စိုးမိုးစစ်ဆင်ရေးကို ရင်ဆိုင်နိုင်ရန်ရဲသုံးရဲ စိတ်ဓာတ်(သေရဲ၊ သတ်ရဲ၊ အနိုင်ယူ ချေမှုန်းရဲရမည်)ကိုစိုက်ထူရမည်ဟု လမ်းညွှန်သည်။ သခင်ဇင်က ဥာဏ်မြင့် အသက်(၇)နှစ်သည် မျောက်ချေးခါးနှင့် ဆင်ဆီကိုခိုးစားသဖြင့် ဥာဏ်မြင့်ကို အတွေးအခေါ်ဆန့်ကျင်ရေး လှုပ်ရှားမှုဖြင့် အရေးယူရန်စီစဉ်ခဲ့သည်။ ဥာဏ်မြင့်သည် ဖြုတ်ထုတ်သတ်ခံရသော သာယာဝတီခရိုင်တပ်မှူး ဗိုလ် မှူးထွန်းလင်း၏ သမီးငယ် မယဉ်ကြည်၏သင်ကြားပေး ချက်အရ ပါတီကိုပုံအပ်၍ အပြစ်ကိုဝန်ခံခဲ့ရသည်။
သခင်ဇင်နှင့်သခင်ချစ်သည်    ဗဟိုကင်းတပ် တပ်မှူးအောင်မြတ်ကြည်နှင့်လေးဦးအား စစ်မြှူဆွယ် ၍ အရောင်ပြလှုပ်ရှားရင်းနှင့် ရိက္ခာရှာဖွေရန်တာဝန် ပေးလိုက်သည်။ အောင်မြတ်ကြည်တို့အဖွဲ့သည် ငတ် မွတ်မှုဒဏ်ကိုမခံနိုင်တော့သဖြင့် ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာ လ ၁၅ ရက်တွင် ညောင်လေးပင်သို့ဝင်ရောက်ပြီး လက် နက်ချသွားကြသည်။  ထို့ကြောင့်  ကမ္ဘားနီရွာမှ တောင်ပေါ် ၁၄ ရွာဘက်သို့ ဗကပဗဟိုကို ရွှေ့ပြောင်း ကြရပြန်သည်။ ရဲနွယ်ချောင်း၏လက်တက်လဲချောင်း တွင် ခေတ္တနားနေပြီး နယ်ခံရဲဘော် တင်ကျန်ကို ရိက္ခာ ရှာရန်စေလွှတ်ကြရပြန်သည်။  ၁၉၇၅  ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင် ကြိုးမဲ့ကြေးနန်း တာဝန်ခံ မောင်တင့်ဆွေကို ကျားဆွဲသွားသဖြင့် အသေဆိုးနှင့် သေရပြန်သည်။
ဗကပဗဟိုသည်   ပိုမို၍ချောက်ချားလာပြီး တောင်ပေါ် ၁၄ ရွာမှ ထန်းတပင်ရွာအနီးသို့ရွှေ့လာ ရပြန်သည်။ တာတလူတိုက်ပွဲမှစတင်၍ ကွဲကွာသွား သောအတွင်းရေးမှူးသခင်ချစ်တို့အဖွဲ့နှင့်လည်း အဆက် အသွယ်မရပေ။ ရှမ်းပြည်နယ်ဗဟိုကော်မတီတာဝန်ခံ သခင်တင်ထွန်း(သေဆုံး)၏သမီးကြီး ဝါဝါ(ခ)မခင်မြိုင် နှင့် မစံဦးတို့သည်လည်း ကာဘိုင်နှစ်လက်နှင့်အတူ ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၏ သီဟစစ်ကြောင်းသို့ အလင်း ဝင်သွားခဲ့ပြီးဖြစ်သည်။ ရိက္ခာရှာသွားသော ရဲဘော် တင်ကျန်ပြန်မရောက်တော့သဖြင့် ဒိုက်ဦးမြို့နယ် မရမ်း ချောင်းအတွင်း ဆင်တစ်ကောင်ပစ်ခတ်ခဲ့သော်လည်း တပ်မတော်က လိုက်လံတိုက်ခိုက်သဖြင့် ပြေးကြရပြန် သည်။ သခင်ဇင်တို့လူစုသည် သုံးလကြာမျှ အငတ်ငတ် အပြတ်ပြတ်နှင့်ပြေးလွှားနေခဲ့ကြရသည်။ ထိုအတော အတွင်း လက်နက်ချသူများပေါ်ပေါက်လာရာ သခင် ဇင်နှင့်အတူ ကလေးများအပါအဝင် လူ ၂ဝ ခန့်သာ ကျန်ရစ်လေသည်။
အတွင်းရေးမှူးသခင်ချစ်သည် တာတလူတိုက်ပွဲ တွင် လူ ၁၃ ဦးဖြင့် ကွဲသွားခဲ့သည်။ သခင်ချစ်တို့လူစု သည် ရဲနွယ်ချောင်းတွင်သာ မှီခိုနေခဲ့ကြရသည်။ ကိုင်း ချောင်းအနီးတွင် အမှတ်(၁)ရှမ်းသေနတ်ကိုင်တပ်ရင်း က တိုက်ခိုက်ပြန်ရာ သခင်ချစ်တို့လူစုမှလေးဦးကွဲသွား ပြန်သည်။ ၁၉၇၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက် တွင်  သခင်ချစ်အဖွဲ့မှကွဲလာသော  တောခိုပြည်ပ ကျောင်းသား ရန်ကွန်လုံ(ခေါ်)ထွန်းမင်း(ခေါ်)မင်းနိုင် သည် မြသာတဲမှရွာသားများ၏ သုတ်သင်သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်တွင် သခင်ချစ် အဖွဲ့မှကွဲနေသည့် ဗကပဗဟိုကော်မတီဝင် ရဲဘော် ထွန်းစိန်(ခေါ်)ဗာကယ်ကို ဗန္ဓယော်ရွာအနီးတွင် ဖမ်း မိပြန်သည်။ နိုဝင်ဘာလ ၂ဝ ရက်တွင် သခင်ချစ်အဖွဲ့ မှ ကွဲထွက်လာသူများသည် အမှတ်(၆)ခြေလျင်တပ်ရင်း စစ်ကြောင်းနှင့်တိုက်ပွဲဖြစ်ပွားပြန်ရာ ကွန်မြူနစ်လူငယ် အမျိုးသမီးနှစ်ဦးသေဆုံးရပြန်သည်။ တစ်ဦးတည်း ကျန်ရစ်သူ မမြင့်ဌေး(ခေါ်) အမြင့်သည် နှစ်လနီးပါးမျှ တောကြီးမျက်မည်းအတွင်း အငတ်ငတ်အပြတ်ပြတ် ပြေးလွှားနေရာမှ ၁၉၇၅ ခုနှစ်၊ ဇန်နဝါရီလ ၁ဝ ရက်၌ အမှတ်(၁ဝ၄) ခြေမြန်တပ်ရင်းစစ်ကြောင်းသို့ အလင်း ဝင်လာခဲ့သည်။
အတွင်းရေးမှူး သခင်ချစ်နှင့်ခြောက်ဦးသာ ကျန် သောအဖွဲ့သည် ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် တွင် တုံးခမ်းချောင်းအနီးမြသာတဲတွင် ခိုအောင်းနေရာ မှ အမှတ်(၁ဝ၇)ခြေမြန်တပ်ရင်းစစ်ကြောင်းက တိုက်ခိုက်သဖြင့် ပဲခူးခရိုင်ဆေးမှူးဗိုလ်မင်းအေးနှင့် တောင်ငူ ခရိုင်ဆေးမှူး ရဲဘော်လှကျော် တို့သေဆုံးကြပြန်သည်။ အတွင်းရေးမှူးသခင်ချစ်တို့လေးယောက်သည် ဥက္ကဋ္ဌ သခင်ဇင်နှင့်ပူးပေါင်းမိရန် ကြိုးစားနေခဲ့ကြရသည်။ နှစ်လကြာမျှ တောင်ပေါ်ခုနစ်ရွာပတ်ဝန်းကျင်ချင်း လယ်ရွာနှင့် ဆားပြင်ရွာ အကြားတွင် ခိုအောင်းပြီး မရန်း ချောင်းဘက်သို့ထွက်ခွာခဲ့ကြရသည်။
သခင်ဇင်အဖွဲ့နှင့် သခင်ချစ်အဖွဲ့တို့သည် ၁၉၇၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်တွင် ကောလိယချောင်း လက်တက် ဆင်နှာမောင်းချောင်းဖျားတွင် ပူးပေါင်းမိ သွားကြသည်။၃
သခင်ဇင်သည် ကွဲနေသောအဖွဲ့နှစ်ဖွဲ့ပြန်လည် ပေါင်းမိကြခြင်းအတွက် ချီးကျူးဂုဏ်ပြုပြီး အစာရေစာ ငတ်မွတ်မှုအတွက်မူ ဖြတ်လေးဖြတ်ကို မြက်စားပြီး အနိုင်ယူကြရန် လမ်းညွှန်ခဲ့သည်။ ထို့နောက် ဇာမဏီ ချောင်းဖျားရှိ ကျောက်ပေါက်ချောင်းသို့ရွှေ့ကြပြန် သည်။ ဖေဖော်ဝါရီလ ၂ဝ ရက်တွင် ရဲဘော်ဌေး(သေဆုံး)၏သားကြီးမောင်ခိုင်ခေါင်းဆောင်သော ကိုးယောက်အဖွဲ့ကို ရိက္ခာရှာရန် စေလွှတ် ပြန်သည်။  ဖေဖော်ဝါရီလ ၂၄ ရက်တွင် မမြကြည်ကို တပ်မတော် စစ်ကြောင်းက ဖမ်းမိပြီး ဖေဖော်ဝါရီလ ၂၆ ရက်တွင် ဗကပဗဟိုကို အမှတ်(၁ဝ၂)ခြေမြန်တပ်ရင်းစစ်ကြောင်း က တိုက်ခိုက်ပြန်ရာ ဗဟိုကော်မတီ ရဲဘော်တုတ်၊ ဗဟိုရုံးအုပ် ပြည်ပပြန်ရဲဘော်ညို(ခေါ်)တင်ထွေး၊ လမ်းပြ ဦးဒေါင်းတို့ သေဆုံး သွားကြသည်။ စိုးမောင်ခေါင်းဆောင် သော ခြောက်ဦးအဖွဲ့မှာ ကွဲသွားရာမှ လက်နက်ချကုန် ကြသည်။
ဥက္ကဋ္ဌသခင်ဇင်နှင့်အတွင်းရေးမှူးသခင်ချစ် ကျဆုံး ခြင်း
ဗကပဗဟိုသည်  နှစ်ဖွဲ့ကွဲနေရာမှ  ပြန်လည် ပူးပေါင်းမိသော်လည်း အားလုံးမှာ အစာရေစာငတ်ပြီး အင်အားချည့်နဲ့နေ ပြီ ဖြစ် သည်။ ထို အ ချိန် တွင် တပ်မတော်၏တိုက်ခိုက်မှုကြောင့် သေဆုံးသူ၊ လက်နက် ချသူများမှာလည်း အတောမသတ်နိုင်အောင်ပေါ်ပေါက် နေသည်။ ၁၉၇၅ ခုနှစ်၊ မတ်လ ၅ ရက်တွင် သခင်ချစ်၏ ကိုယ်ရံတော်ညိုတင်နှင့်မောင်သိုက်တို့သည် ဗကပ ဗဟိုမှထွက်ပြေးပြီး အမှတ်(၃ဝ) ခြေလျင်တပ်ရင်းသို့ လက်နက်ချအလင်းဝင်သွားကြပြန်သည်။ ညိုတင်တို့ လူစုမပြေးမီ မတ်လ ၃ ရက်တွင် အမှတ်(၁ဝ၇) ခြေမြန်တပ်ရင်းစစ်ကြောင်းသည် ကြက်ဖင်နီချောင်း၌ စခန်းချနေသော ဗကပဗဟိုကို ဝင်ရောက်တိုက်ခိုက်ပြန်သည်။ မတ်လ ၄ ရက်တွင်လည်း အမှတ်(၁ဝ၇)ခြေမြန် တပ်ရင်းကပင် ထပ်မံတိုက်ခိုက်ပြန်သည်။
သခင်ဇင်နှင့်သခင်ချစ်တို့သည် ပြည်ပပြန် မစိန် ဝင်းခေါင်းဆောင်သော အလင်းရောင်စခန်းကို အခြေ အနေမပျက်ရှိလိမ့်မည်ဟု   မျှော်လင့်ခဲ့ကြသည်။ ထို့ကြောင့် အလင်းရောင် စခန်းသို့အရောက် သွားခဲ့ကြသည်။ အလင်းရောင်စခန်းတွင် စခန်းပျက်နှင့်သင်္ချိုင်း မြေပုံများကို သာတွေ့ရသောအခါ   များစွာစိတ်ပျက် အားငယ်ခဲ့ကြရသည်။ မတ်လ ၉ ရက်တွင် ရိက္ခာရရှိ ရေးအတွက် ညိုမှိုင်း(ခေါ်) ရဲညွန့်နှင့်ချစ်မောင်တို့အား စေလွှတ်ပြန်ရာ အမှတ်(၁)ရှမ်းသေနတ်ကိုင်တပ်ရင်း၏ ချေမှုန်းခြင်းကို ခံလိုက်ရပြန်သည်။ မတ်လ ၁ဝ ရက်တွင် လည်း ဝါးမီးချောင်းဖျားတွင် အသက်(၁ဝ)နှစ်အရွယ် ရှိ ဘလုံ(ခေါ်)သော်ကကို တပ်မတော်က ဖမ်းဆီးရမိ သွားလေရာ ဥက္ကဋ္ဌသခင်ဇင်၏ပစ္စတိုတစ်လက်၊ မှတ်စု မှတ်တမ်းဖိုင်နှင့်စစ်သုံးမြေပုံ  ၇၂  ချပ်ဆုံးရှုံးရပြန် သည်။၁ သခင်ဇင်နှင့်သခင်ချစ်လူစုလည်း တောင်ပေါ် ၁၄ ရွာ၏အောက်ပိုင်း ဖွတ်ကျားချောင်းခွဆုံသို့ရွှေ့ ပြောင်းကြရပြန်သည်။
ဖွတ်ကျားချောင်းဖျားသို့ရောက်သောအခါ သခင် ဇင်နှင့်သခင်ချစ်တို့၏ ဗကပဗဟိုဌာနချုပ်တွင် လူ ကိုးယောက်သာကျန်ရှိတော့ရာ လူကြီးငါးဦးသာဖြစ်ပြီး ကျန်လေးဦးမှာ အသက်(၇)နှစ်မှ (၁၁)နှစ်အထိ ကလေး များသာဖြစ်သည်။ သခင်ချစ်က ကလေးများကို နောက် တစ်လဆိုလျှင် တော်လှန်ရေး ကြီးအောင်မြင်တော့မည်ဟု အားပေးချော့မော့ခဲ့သည်။ သခင်ဇင်တို့အဖွဲ့သည် ရရာသစ်သီးသစ်ရွက် များကိုသာ စားနေကြရသည်။ တပ်မတော်စစ်ကြောင်းများသည်လည်း သခင်ဇင်နှင့် သခင်ချစ်တို့လူစုအား အဘက်ဘက်မှဝိုင်းရံပိတ်ဆို့ထား ပြီးဖြစ်သည်။ ရဲမြင့်နှင့်ရဲထွေးတို့ ညီအစ်ကိုကလေးနှစ် ဦးမှာလည်း ခြေဦးတည့်ရာထွက်ပြေးကြရာမှ အမှတ် (၁ဝ၇) ခြေမြန်တပ်ရင်းစစ်ကြောင်းနှင့် တွေ့ဆုံသွားကြ သည်။
၁၉၇၅ ခုနှစ်၊ မတ်လ ၁၅ ရက် စနေနေ့တွင် သခင်ဇင်တို့လူစုသည် ဖွတ်ကျားချောင်းဖျားဖုန်းဆိုး တောတွင် ခိုအောင်းနေရာမှ ဥာဏ်မြင့်အား ကန်စွန်းဥ တူးရန် သခင်ချစ်က စေလွှတ်လိုက်သည်။ ဥာဏ်မြင့်နှင့် အတူရဲတင့်လည်းပါလာသည်။ တပ်မတော်စစ်ကြောင်းက ကလေးနှစ်ဦး ကိုရှာဖွေတွေ့ရှိ သွားခဲ့သည်။ ဥာဏ်မြင့်နှင့်ရဲတင့်က  သခင်ဇင်နှင့်သခင်ချစ်ရှိရာကို လိုက်လံပြသပေးရာမှ  တိုက်ပွဲဖြစ်ပွား တော့သည်။ တပ်မတော်က လက်နက်ချရန်ကမ်းလှမ်းသော်လည်း သခင်ဇင်နှင့် သခင်ချစ်တို့က အမ် ၇၉၊ ဗုံးပစ်လောင်ချာ ဖြင့်ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံးတွင် ဗကပ ဥက္ကဋ္ဌသခင်ဇင်နှင့် အတွင်းရေးမှူး သခင်ချစ် တို့သည် ၁၉၇၅ ခုနှစ်၊ မတ်လ ၁၅ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅ဝ အချိန်တွင် ကျဆုံးသွားကြရလေတော့ သည်။
ပဲခူးရိုးမရှိ ဗမာပြည်ကွန်မြူနစ် ပါတီဗဟိုဌာနချုပ်သည် တပ်မတော်နှင့် ပြည်သူတို့၏လုံးဝ ချေမှုန်းခြင်းကို ခံလိုက်ရခြင်းပင်ဖြစ်သည်။ လက်အောက်ခံဗကပအဖွဲ့ အစည်းများမှာလည်း သေသူသေ၊ လက်နက်ချသူနှင့် တဖြည်းဖြည်းနိဂုံးချုပ်ကုန်ကြသည်။ အဝေးရောက်ပါတီ သည်လည်း ကယ်တင်နိုင်ခြင်း မရှိတော့ပေ။သို့နှင့်ပဲခူးရိုးမတွင် နှစ်ပေါင်းများစွာကြီးစိုးခဲ့ကြသော ဗကပ သောင်းကျန်းသူများ သည် လုံးဝပင်ချုပ်ငြိမ်းခဲ့ကြရ သည်။ ကြွင်းကျန်ရစ်သောအင်အား အနည်းငယ်သည် လည်း ရေတာရှည်မြို့နယ် မြောက်ပိုင်းမှတစ်ဆင့် စစ်တောင်းမြစ်ကိုဖြတ်၍ တစ်ယောက်ချင်း၊ နှစ်ယောက် ချင်း ရှမ်းပြည်နယ်သို့ လျှို့ဝှက်စွာထွက်ပြေးသွားကြရလေသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအသစ်
ပဲခူးရိုးမဒေသတွင် သခင်ဇင်နှင့်သခင်ချစ်တို့ ကျဆုံးပြီး ဗမာပြည်ကွန်မြူနစ် ပါတီဗဟိုပြိုကွဲ သွားသော အခါ အဝေးရောက်ပါတီဗဟိုကော်မတီသည် ၁၉၇၅ ခုနှစ်၊ မေလ ၁၆ ရက်မှ ၂၉ ရက်အထိ တစ်ဖက်နိုင်ငံတွင် အစည်းအဝေးပြုလုပ်ခဲ့ကြသည်။ ထိုအစည်းအဝေးက ပြန်လည်ဖွဲ့စည်းခဲ့သော ဗကပဗဟို ကော်မတီအသစ် ၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည်။
(က)    ဗဟိုကော်မတီနိုင်ငံရေးဦးဆောင် အဖွဲ့
          (ပေါ်လစ်ဗျူရို)
          (၁)     ဗသိန်းတင်                 ဗဟိုဥက္ကဋ္ဌ
          (၂)     ဖေတင့်                    ပထမ၊ ဒုတိယဥက္ကဋ္ဌ
          (၃)     ခင်မောင်ကြီး              ဒုတိယ၊ ဒုတိယဥက္ကဋ္ဌ
                    (ခေါ်)ကူဖန်     
          (၄)     ကျော်မြ(ပန်ဆန်း)        အဖွဲ့ဝင်
          (၅)     အသားမဲမျိုးမြင့်            အဖွဲ့ဝင်
          (၆)     ယန်ကွမ်း(ခေါ်)တင်ရီ    အဖွဲ့ဝင်         
(၇)     ကျင်မောင်                 အဖွဲ့ဝင်         
(၈)     ရဲထွန်း                     အဖွဲ့ဝင်
(ခ)     ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုကော်မတီ
          (၁)     ဗသိန်းတင်(ခေါ်)ခေါ်ဆင်                    ဥက္ကဋ္ဌ
          (၂)     ဖေတင့်(ခေါ်)ခေမစ်               ပထမ၊ ဒုတိယဥက္ကဋ္ဌ
          (၃)     ခင်မောင်ကြီး(ခေါ်)                ဒုတိယ၊ ဒုတိယဥက္ကဋ္ဌ
                   ကူဖန်                                နှင့် အတွင်းရေးမှူး
          (၄)     ယန်ကွမ်း(ခေါ်)တင်ရီ              အရှေ့မြောက်စစ်ဒေသ
          (၅)     ဇော်မိုင်(ခေါ်)                       အရှေ့မြောက်
                   ကျောက်မြင့်                        စစ်ဒေသ
          (၆)     တိုက်အောင်(ခေါ်)                  အလယ်ပိုင်း
                   ပမ်ယင်                              ဗျူရို
          (၇)     အသားမဲမျိုးမြင့်                     မြောက်ပိုင်း
                                                          ဗျူရို
          (၈)     ကျော်မြ                              တပ်ပေါင်းစု
                                                          တာဝန်ခံ
          (၉)     ကျင်မောင်                          အရှေ့မြောက်
                                                          စစ်ဒေသ
          (၁ဝ)    ဖေသောင်း                          မြောက်ပိုင်း
                                                          ဗျူရို
          (၁၁)    ဖရန်ဂမ်ဒီး(ခေါ်)                    အရှေ့မြောက်
                     ဖုံဆွေမြင့်                         စစ်ဒေသ
          (၁၂)    သန်းရွှေ(ခေါ်)                      အရှေ့မြောက်
                    ဟော်ကောင်                       စစ်ဒေသ
          (၁၃)    ဘသန်း                              မြောက်ပိုင်းဗျူရို
          (၁၄)    စောဟန်                           တနင်္သာရီတိုင်း
          (၁၅)    ရဲထွန်း                              ပြည်ပရောက်
                                                          သံကိုယ်စား
                                                          လှယ်
          (၁၆)    ရန်ဝေး(ခေါ်)                       ဗဟိုဌာနချုပ်
                   ရဲဘော်ထွန်း                         ရုံးအုပ်
          (၁၇)    ရဲဘော်သက်ထွန်း*                အနောက်မြောက်စစ်ဒေသ       
(ရဲဘော်သက်ထွန်း ၁၆-၇-၈ဝ တွင်
အလင်းဝင်ခဲ့သည်။)             
          (၁၈)    ရဲဘော်စိုးကြည်**
                   (ရဲဘော်စိုးကြည် ၁၁-၁ဝ-၇၅ တွင် ကျဆုံးခဲ့သည်။)
         
         
                 
(ဂ)     အရန်ဗဟိုကော်မတီဝင်များ
          (၁)     ကြည်မြိုင်(ခ)                       အရှေ့မြောက်
                    တိန်ကျိဖင့်(သေဆုံး)               စစ်ဒေသ
          (၂)     စိုးသိန်း(ခ)လင်းထင်               အရှေ့မြောက်
                                                          စစ်ဒေသ
          (၃)     စိုးလွင်                               တနင်္သာရီ
          (၄)     စံသူ(ခ)လင်စံ                      တပ်မ(၆၈)
          (၅)     မြမင်း(ခ)အုန်းမြင့်                  အလယ်ပိုင်း
                                                          ဗျူရို
          (၆)     မောင်မောင်စိန်                     အရှေ့မြောက်စစ်ဒေသ
          (၇)     ရဲဒင်(ခ)ရီကျင့်                     တပ်မ(၆၈)
                   (ခ)ထွန်းလွင်
          (၈)     သိန်းအောင်                        အရှေ့မြောက်
                                                          စစ်ဒေသ
          (၉)     အေးငွေ(ခ)ဝုမင်                    အရှေ့မြောက်
                                                          စစ်ဒေသ
          (၁ဝ)    အေးလွင်                            တပ်မဟာ
                                                          (၇၆၈)
          (၁၁)    ကြူချင်(ခ)ကျော်စိန်                တပ်မ(၄၈)
          (၁၂)    စိုင်းအောင်ဝင်း***                 မြောက်ပိုင်းဗျူရို
(စိုင်းအောင်ဝင်း အလင်းဝင်ခဲ့သည်။)
                  
          (၁၃)    တုံကြည်ဖင့်(ခ)စစ်ပြန့်
          (၁၄)    ဖုန်ကြားရှင်                         စစ်အကြံပေး
                                                          အရာရှိ
          (၁၅)အုံးကြည်(ခ)ဝမ်ဖူးမြင့်                 တပ်မ(၄၈)
                                                          ကုန်သွယ်ရေး
                                                          အရာရှိ
          (၁၆) ဇော်လီ                                 တပ်မ(၄၈)
(ဃ)    ဗဟိုစစ်ကော်မရှင်ရှစ်ဦး
          (၁) ဗသိန်းတင်                              ဥက္ကဋ္ဌ
          (၂) ကျော်ဇော                               ပထမ ဒုတိယဥက္ကဋ္ဌ
          (၃) အသားမဲမျိုးမြင့်                         ဒုတိယ ဒုတိယဥက္ကဋ္ဌ
          (၄) တိုက်အောင်                            အဖွဲ့ဝင်
          (၅) ကျောက်လင်                            အဖွဲ့ဝင်
          (၆) ဇော်မိုင်(ခ)ကျောက်မြင့်                အဖွဲ့ဝင်
          (၇) ရဲဒင်(ခ)ရီကျင့်(ခ)
                   ထွန်းလွင်                           အဖွဲ့ဝင်
          (၈) ဖုန်ကြားရှင်                              အဖွဲ့ဝင်
ကေအင်န်ယူပါတီ ချုပ်ငြိမ်းခြင်း
ကေအင်န်ယူပါတီဗဟိုဌာနချုပ်သည် ၁၉၇ဝ ပြည့်နှစ်၊ စက်တင်ဘာလတွင် ပဲခူးရိုးမသို့ပြောင်းရွှေ့ ခဲ့သည်။ ၁၉၇၁ ခုနှစ်၊ ဇူလိုင်လကုန်ပိုင်းတွင် ဗကပ ဗဟိုနှင့်ကေအင်န်ယူပီဗဟိုတို့  ပူးတွဲအစည်းအဝေး တစ်ရပ်ကျင်းပခဲ့ပြီးနောက် ကေအင်န်ယူပါတီဗဟိုသည် ဗမာလိုက်တဲ (ကြူအက်ဖ် - ၄၅၈၇) တစ်ဝိုက်တွင် ခိုအောင်းလှုပ်ရှားခဲ့သည်။ ထိုအစည်းအဝေးနောက်ပိုင်း မှစ၍ ဗကပနှင့်ကေအင်န်ယူပီပူးပေါင်းပြီး မဒညတ လှုပ်ရှားမှုများကို ပိုမိုဆောင်ရွက်လာကြသည်။ ကေအင်န်ယူပါတီဗဟိုသည်  ဗကပသြဇာကို တစ်စ တစ်စပို၍နာခံလာရာ  စစ်ဦးစီးချုပ်  ဗိုလ်ချုပ်  စောမြမောင်က မကျေမနပ်ဖြစ်ခဲ့သည်။ ကေအင်န်ယူ ပါတီအမှတ်(၃)ခရိုင် ဥက္ကဋ္ဌဖူးသောမဲ (ခေါ်)သာမိုးက ကေအင်န်ယူတပ်ဦး (ဗိုလ်မြ - မန်းဘဇံဂိုဏ်း) နှင့် ဆက်သွယ်ခဲ့သဖြင့် အချင်းချင်းတိုက်ခိုက်မှုများဖြစ်ပေါ် လာသည်။ ဗကပနှင့်ကေအင်န်ယူပါတီပူးပေါင်း၍ မဒညတစစ်ရေးလှုပ်ရှားမှုအဖြစ် အောင်နိုင်တပ်ကို ဖွဲ့စည်းသောအခါ နိုင်ငံရေးမှူးနှင့် တပ်မှူးမှာ ဗကပ ဗိုလ်ဘုန်းကျော်ဖြစ်ပြီး   ဒုတိယတပ်ရင်းမှူးအဖြစ် ကေအင်န်ယူပါတီမှ စောဘိုကြည်က ဆောင်ရွက်ရ သည်။
၁၉၇၂ ခုနှစ်တွင် ကေအင်န်ယူပါတီဥက္ကဋ္ဌ ကျော်မြသန်းနှလုံးရောဂါဖြင့် ကွယ်လွန်သွားသဖြင့် ဗိုလ် ချုပ်စောမြမောင်သည် ကေအင်န်ယူပါတီဥက္ကဋ္ဌဖြစ် လာသည်။ ဗိုလ်ချုပ်စောမြမောင်သည် ဗကပတို့အား မကျေနပ်သော်လည်း ထိုအချိန်တွင် ကေအင်န်ယူပါတီ သည် ဗကပတို့၏ဝါးမျိုမှုကို လုံးဝနီးပါးခံနေရပြီဖြစ် သည်။  ၁၉၇၃  ခုနှစ်တွင် ကေအင်န်ယူပါတီစစ် ကြောင်း(၁)သည် အောင်နိုင်တပ်၌ နစ်ဖြူများနှင့် ပူး ပေါင်း၍ ပဲခူးရိုးမအရှေ့ခြမ်းတွင်လည်းကောင်း၊ စစ်ကြောင်း(၂)သည် သာယာဝတီ၊ ဇီးကုန်းအရှေ့ခြမ်းတွင် လည်းကောင်း၊ စစ်ကြောင်း(၃)အား ဘော်လဒွင်နှင့်  ဂျော့တို့ခေါင်းဆောင်၍ ရွှေကျင်ကျောက်ကြီးဒေသတွင် လည်းကောင်းလှုပ်ရှားခဲ့သည်။၁၉၇၄  ခုနှစ်၊  ဇွန်လ လယ်မှစ၍ စစ်ကြောင်း(၁)နှင့်(၂)သည် အောင်နိုင်တပ် နှင့်ပူးတွဲ လှုပ်ရှားမှုများ ပိုမိုများပြားလာရာမှ အောင်နိုင် တပ်တွင်းသို့ လုံးဝပါဝင် သွားခဲ့ရသည်။ စစ်ကြောင်း(၃)ရှိ ဘော်လဒွင်နှင့် ဂျော့အဖွဲ့ကိုလည်း   ကေအင်န်ယူ တပ်ဦး တပ်မဟာ(၃)က ကျောက်ကြီး နယ်မြေမှ ထွက်ခွာသွားရန်တောင်းဆိုပြီး ၁၉၇၄ ခုနှစ်၊ ဇူလိုင်လ၁၁ရက်တွင် ဂျော့၏ စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ သည်။
ကေအင်န်ယူပါတီသည် ဗကပ၏သြဇာမှ လွတ် မြောက်ရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့သည်။ တစ်ဖက်နိုင်ငံမှ တိုက်ရိုက်အကူအညီရရှိရေးအတွက် စကောလယ်တောနှင့်အဖွဲ့ကို စေလွှတ်ဆက်သွယ်ခဲ့ သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ကေအင်န် ယူတပ်ဦးနှင့်ဆက်သွယ်စေ့စပ်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့သည်။ ပြည်သူနှင့်တပ်မတော်ပူးပေါင်း၍ ပဲခူးရိုးမ၌ ဗကပများအား အောင်စိုးမိုးစစ်ဆင်ရေးဖြင့် ချေမှုန်းတိုက်ခိုက်ကြသဖြင့် ဗကပများအဆုံးအရှုံးများ လာသောအခါ ကေအင်န်ယူပါတီသည် ဗကပဗဟို မကျဆုံးရေးအတွက် ကျားကန်ပေးထားရသည်။ ကေအင်န်ယူတပ်ဦးမှ မန်းသာစိန်နှင့်အဖွဲ့ကလည်း ကေအင်န်ယူပါတီနှင့် ဗကပတို့၏နယ်မြေများအတွင်း သို့ထိုးဖောက်ဝင်ရောက်ခဲ့ရာမှ လက်နက်ကိုင်တပ်ဖွဲ့ များ ပေါ်ပေါက်ခဲ့ရသည်။
၁၉၇၅ ခုနှစ်၊ မတ်လ၁၅ရက်တွင် ဗမာပြည်ကွန် မြူနစ်ပါတီဥက္ကဋ္ဌသခင်ဇင်နှင့် အတွင်းရေးမှူး သခင်ချစ် တို့ ဖွတ်ကျားချောင်းဖျား၌ ကျဆုံးခဲ့ရပြီး ဗကပဗဟို လုံးဝချုပ်ငြိမ်းသွားရသည်။ ထိုအခြေအနေတွင် ဗကပတို့ ၏နောက်မြီးဆွဲပါတီဘဝသို့လုံးလုံးလျားလျားကျရောက် နေရသော ကေအင်န်ယူပါတီ သည်လည်း ချုပ်ငြိမ်းရ တော့ မည့် အ နေ အ ထား သို့ ရောက် လာ ခဲ့ သည်။ ထို့ကြောင့် ကေအင်န်ယူပါတီဥက္ကဋ္ဌစောမြမောင်သည် လက်နက်ကိုင်အင်အား ၈ဝ ခန့်အပါအဝင် အိမ်ထောင် စုများပါ အင်အား ၂ဝဝ ခန့်ကို ခေါင်းဆောင်၍ ၁၉၇၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်တွင် ပဲခူးရိုးမအား စွန့်ခွာလိုက် ရတော့သည်။ ကေအင်န်ယူပါတီဝင်များ ကျောက်ကြီး မြို့နယ်တွင် စစ်တောင်းမြစ်အား ဖြတ်ကူးနေကြစဉ် ၁၉၇၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်၌ တပ်မတော်၏ချေမှုန်း တိုက်ခိုက်ခြင်းကိုခံရပြန်သည်။ ကေအင်န်ယူပါတီ သည် စစ် တောင်း မြစ် ၏ အ ရှေ့ ဘက် ကမ်း တွင် တပ်မတော်နှင့်ကေအင်န်ယူတပ်ဦး၏ကြားတွင် ညပ် နေခဲ့သည်။ ထို့ကြောင့် ဥက္ကဋ္ဌစောမြမောင်နှင့် အတွင်း ရေးမှူး စိုးအောင်တို့ခေါင်းဆောင်သော အင်အား ၆၇ ယောက်သည် ဇင်းကာ (ဘီ - ၄၄၅၃၁၂) အနီးရှိ ကေအင်န်ယူတပ်ဦးအင်အားစုများထံသို့ သွားရောက် ကာ လက်နက်ချအညံ့ခံလိုက်ကြရ တော့သည်။
ကေအင်န်ယူတပ်ဦးသည် ကေအင်န်ယူပါတီ ဝင်များအား နယ်စပ်ဘက်သို့ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ကေအင်န်ယူပါတီနှင့် ကေအင်န်ယူ အက်ဖ်တို့သည် ကေအင်န်ယူအက်ဖ် တပ်မဟာ(၁) ဌာန ချုပ်တည်ရှိရာ မဲသဝေါစခန်း(အိပ်ခ်ျ-၅၇၈၂၈၅) ၌ ၁၉၇၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၃ ရက်အထိ တစ်ပတ်ကြာမျှအစည်းအဝေးပြုလုပ်ခဲ့ကြသည်။
ကေအင်န်ယူပါတီနှင့်ကေအင်န်ယူအက်ဖ်တို့၏ ပူးတွဲအစည်းအဝေးတွင် အောက်ပါဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြသည်။
(က)    ကေအင်န်ယူပီသည် ကေအင်န်ယူအက်ဖ် ၏ လက် ရှိ ဝါ ဒ လမ်း စဉ် အ ပေါ် တွင် တပေါင်းတစည်းတည်းဖြစ်ရေး။
(ခ)     ရေတိုကာလတွင် တပေါင်းတစည်းတည်း ဖြစ်ရေးကို ၁၉၇၅ ခုနှစ်အတွင်းအပြီး လုပ်ဆောင်ရန်။
(ဂ)     ယင်းအခြေအနေများကို ကရင်နီ၊ ရှမ်း၊ ကချင်၊ ရခိုင်၊ မွန်ပြည်သစ်ပါတီများသို့ အကြောင်းကြားရန်။
(ဃ)    တပေါင်းတစည်းတည်းဖြစ်ရေးလုပ် ဆောင်နေသည့်ကာလတွင် ကေအင်န် ယူအက်ဖ်မှ ဗိုလ်မြ၊ ဗိုလ်သန်းအောင်၊ ဗိုလ် မောင်မောင်၊ ဖဒိုသာပြည့်နှင့်ကေအင်န် ယူပါတီမှ ဗိုလ်ချုပ်စောမြမောင် စကော လယ်တော၊ စိုးအောင်၊ ဗိုလ်စံလင်းတို့ပါဝင် သော ဗဟိုညီညွတ်ရေးကော်မတီတစ်ရပ် ကိုဖွဲ့စည်းရန်။
(င)     တပေါင်းတစည်းတည်းမဖြစ်ခင်ကာလ တွင် ကေအင်န်ယူပီဘက်မှ လက်နက်ကိုင် တပ်များကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ် (ကေအင်န်အယ်လ်အက်ဖ်)နှင့် တွဲဖက်ထားရန်။
စင်စစ်ကေအင်န်ယူပါတီသည် သီးခြားရပ်တည် ရန် မတတ်နိုင်တော့ သည့်အခြေအနေသို့ ရောက်ရှိလာသောကြောင့် လုံးဝအညံ့ခံလိုက်ရခြင်းပင်ဖြစ်သည်။ ဗကပနောက်မြီးဆွဲ ပါတီဘဝဖြင့် ရပ်တည်ခဲ့ရာမှ ဗကပ တို့ ချုပ်ငြိမ်းသောအခါ နောက်ထပ်မှီခိုစရာကို ရှာဖွေ ခြင်း လည်းဖြစ်သည်။ သို့သော် ကေအင်န်ယူ တပ်ဦးကမူကေအင်န်ယူပါတီအား  နောက်မြီးဆွဲပါတီ၊ လက်အောက်ခံ အဖွဲ့အစည်းအဖြစ်ပင် လျှင်ထားရှိရန်  စိတ်မချပေ။ ထို့ကြောင့် လုံးဝဖျက်သိမ်းပစ်ရေးကိုသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ကျောက်ကြီးမြို့နယ်တောင်ခြမ်းတွင် လှုပ်ရှားနေသော ကေအင်န်ယူပါတီမှ ဂျော့ခေါင်းဆောင်သော ၃၉ ယောက်အဖွဲ့မှာမူ ကေအင်န်ယူတပ်ဦးနှင့်ပူးပေါင်းရန် ငြင်းဆန်ခဲ့ပြီး ခေါင်းမာ နေခဲ့သည်။ ၁၉၇၅ ခုနှစ်၊ သြဂုတ်လတွင် ကေအင်န်ယူအက်ဖ်၏ကြိုးစားမှုဖြင့် ယာယီပြေလည်မှုရရှိကာ ကေအင်န်ယူပါတီဝင်များ အား ကေအင်န်ယူတပ်ဦး တပ်မဟာ(၃) တွင် ပူးပေါင်း ထားခဲ့ကြသည်။ ဂျော့ကိုယ်တိုင်မှာမူ ကေအင်န်ယူ    တပ် ဦး ဗ ဟို သို့ သွား ရောက် ဆွေး နွေး ခဲ့ သည်။ ကေအင်န်ယူပါတီမှ စောမြမောင်ခေါင်းဆောင်သော ၆၇ ယောက်နှင့် ဂျော့ခေါင်းဆောင်သော ၃၉ ယောက် တို့သည် စစ်ရေးအရ ကေအင်န်ယူတပ်ဦးအား လုံးဝ အန်မတုနိုင်သဖြင့်သာ ကေအင်န်ယူတပ်ဦးအပေါ် မှီခိုခဲ့ရသော်လည်း လုံးဝပူးပေါင်းသွားခြင်းထက် ပူးတွဲ လှုပ်ရှားခြင်းကိုသာပြုလုပ်နိုင်ရန်ကြိုးစားခဲ့ကြသည်။ သို့သော် ကေအင်န်ယူတပ်ဦးကမူ ကေအင်န်ယူပါတီကို လုံးဝဖျက်သိမ်းပစ်ရန်သာဖိအားပေးအကျပ်ကိုင်ခဲ့သည်။ ၁၉၇၅  ခုနှစ်အကုန်တွင်  ပဲခူးရိုးမအရှေ့ခြမ်းနှင့် အနောက်ခြမ်းတို့၌ ကေအင်န်ယူလက်ကျန်အင်အားမှာ ၁၁ ယောက်သာကျန်ရှိတော့လေရာ ယင်း သောင်းကျန်း သူများမှာလည်း ပဲခူးရိုးမပေါ်တွင် ရပ်တည်နိုင်စွမ်းမရှိ တော့သဖြင့် စစ်တောင်းမြစ် အရှေ့ခြမ်းသို့ ကူးပြောင်း သွားကြရလေသည်။
သို့နှင့်  ပဲခူးရိုးမဒေသတွင်  နှစ်ပေါင်းများစွာ ကြီးစိုးခဲ့ကြသော ဗကပနှင့်ကေအင်န်ယူပါတီတို့မှာ ပဲခူးရိုးမပေါ်တွင် တစ်စုံတစ်ယောက်မျှခြေချနိုင်ခြင်း မရှိတော့ဘဲ လုံးဝချုပ်ငြိမ်းသွားခဲ့ကြရတော့သည်။
ကေအင်န်ယူတပ်ဦးတွင်   မန်းဘဇံအုပ်စုမှာ ကေအင်န်ယူပါတီမှကူးပြောင်းလာသည့် လက်ဝဲအင် အားစုဖြစ်ပေရာ ဗိုလ်မြ၏လက်ယာအုပ်စုနှင့် အားပြိုင် လျက်ရှိနေခဲ့သည်။ ၁၉၇၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်တွင် ကေအင်န်ယူဗဟိုဌာနချုပ်၌ ကေအင်န်ယူ ကရင်အမျိုးသားအစည်းအရုံး၏ ကိုးကြိမ်မြောက် ညီလာခံကိုကျင်းပခဲ့ရာ မန်းဘဇံနှင့်ဗိုလ်မြတို့၏လက်ဝဲ၊ လက်ယာအားပြိုင်ပွဲပင်ဖြစ်သည်။  ညီလာခံတွင် ကေအင်န်ယူအစည်းအရုံးဗဟိုအမြဲတမ်းကော်မတီဝင် ၂၅ ဦးကိုရွေးချယ်ခဲ့ရာ မဲအရေအတွက်အနည်းအများ အလိုက် အောက်ပါအတိုင်းဖြစ်သည်။
(က)    ဗိုလ်မြ
(ခ)     မန်းဘဇံ
(ဂ)     ဗိုလ်သန်းအောင်
(ဃ)    ဗိုလ်မောင်မောင်
(င)     ဖဒိုဖူးလယ်ဝါး
(စ)     ရွှေဆိုင်း
(ဆ)    ဖဒိုဘော်ယူဖော
(ဇ)     ကစဲဒို
(ဈ)     ထိန်မောင်
(ည)    ဖဒိုဂေဒွဘွား
(ဋ)     ဖဒိုချားလေ
(ဌ)     ဖဒိုသာပြည့်
(ဍ)     ဖဒိုဖူးမြ
(ဎ)     ဖဒိုဘသင်
(ဏ)    ဘောနေ(ဘောနီ)
(တ)    ဖဒိုဖူးလယ်မူး
(ထ)    လှထူး
(ဒ)     ဗိုလ်ဘလုံ
(ဓ)     တာမလာဘော
(န)     ဖဒိုစောသိန်း
(ပ)     ဖဒိုတာကိဘော
(ဖ)     ဖဒိုလာကိုပါ
(ဗ)     ဖဒိုစကောလူး
(ဘ)    ဖဒိုမြရွှေ
(မ)     ဗိုလ်မူတူး
ကေအန်န်ယူဗဟိုအမြဲတမ်းကော်မတီဥက္ကဋ္ဌ ရာထူးအတွက် ပထမအကြိမ်လျှို့ဝှက်မဲဖြင့် ရွေးချယ် ခဲ့ရာ ဗိုလ်မြ(၂၆) မဲ၊ မန်းဘဇံ(၂၂)မဲ၊ ဗိုလ်သန်းအောင် (၅)မဲ၊ ရွှေဆိုင်း (၂)မဲ အသီးသီးရရှိခဲ့ကြသည်။ ဗိုလ်မြနှင့် မန်းဘဇံကို ဥက္ကဋ္ဌနေရာအတွက် သီးသန့်လျှို့ဝှက်မဲဖြင့် ထပ်မံရွေးချယ်သောအခါ မန်းဘဇံ(၃၁)မဲနှင့် ဗိုလ်မြ (၂၄)မဲရရှိခဲ့သဖြင့် မန်းဘဇံကို အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ဗိုလ်မြကို ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်းခန့်အပ်ခဲ့ကြသည်။ အမြဲတမ်း ကော်မတီ အထွေထွေ အတွင်းရေးမှူးနှင့်တွဲဖက် အထွေထွေအတွင်းရေးမှူးနေရာများအတွက် ပထမ အကြိမ်ရွေးချယ်ရာ ဗိုလ်သန်းအောင်(၃ဝ)မဲ၊ ဗိုလ် မောင်မောင်(၁၂)မဲ၊ ဖဒိုဖူးလယ်မူး(၂၅)မဲရရှိသဖြင့် ဗိုလ်သန်းအောင်သည် အထွေထွေအတွင်းရေးမှူးဖြစ် လာပြီး  ဗိုလ်မောင်မောင်သည်  တွဲဖက်အထွေထွေ အတွင်းရေးမှူး ဖြစ်လာသည်။ ကေအင်န်ယူတပ်ဦးတွင် မန်းဘဇံသည် ဥက္ကဋ္ဌဖြစ်နေသော်လည်း ဗိုလ်မြ၏ လက်ယာ အင်အားစုက ပိုမိုအင်အားတောင့်တင်းခဲ့ သည်။ စောမြမောင်နှင့် ကေအင်န်ယူပါတီလက်ကျန် အင်အားများ ရောက်လာသော်လည်း ဗိုလ်မြသည် လက်ဝဲအင်အားစုများအား ခေါင်းမထောင်နိုင်အောင် နှိမ်ထား နိုင်ခဲ့သည်။
ဗကပ၏နောက်မြီးဆွဲပါတီဘဝမှ ကေအင်န်ယူ တပ်ဦးထံသို့ အောက်ကျို့၍ ကူးပြောင်းခဲ့ရသော ကေအင်န်ယူပါတီသည် ၁၉၇၆ ခုနှစ်သို့ရောက်သော အခါ ဗိုလ်မြ၏အကျပ်ကိုင်မှုဖြင့် လုံးဝဖျက်သိမ်းပစ်ခဲ့ရ လေတော့သည်။




















မှီငြမ်းကိုးကားသောစာအုပ်စာတမ်းများ
၁။       ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်း များ။
၂။       ကချင်သောင်းကျန်းသူများ သမိုင်းအကျဉ်းချုပ်၊ ပြည်တွင်းသောင်းကျန်းမှုသမိုင်းပြုစုရေး ဆပ်ကော်မတီ(၁၉၈၄ ခုနှစ်)။
၃။       ကချင်သောင်းကျန်းသူနောက်ခံသမိုင်းနှင့် လက်ရှိအခြေအနေ ကက(ကြည်း)စီမံရေး ဌာနစု၊ ၁၉၈ဝ ပြည့်နှစ်၊ သြဂုတ်လ ၃ဝ ရက်။
၎။       ကရင်သောင်းကျန်းသူသမိုင်း၊ အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်။
၅။       ဇင်-ချစ် နောက်ဆုံး(၂)၊ ရဲဘော်မြ၊ ရဲဘော် ဘခက်၊ ရဲဘော်တင်ရှိန်၊ ရဲဘော်စန်းမြင့်၊ ရဲဘော်အောင်သူ၊ သပြေဖြူစာပေ အမှတ်-၂၂၁၊ ဆိပ်ကမ်းသာလမ်း၊ ရန်ကုန်မြို့၊ ၁၉၇၆ ခုနှစ်။
၆။       တိုင်းရင်းသားလူမျိုးပေါင်းစုံ ညီညွတ်ရေးနှင့် လွတ်မြောက်ရေးတပ်ပေါင်းစုအလားအလာ ကက(ကြည်း)သုတေသနဌာနစု။
၇။       နောက်ဆုံးပေါ်သုံးပါတီ၊   မွန်ချစ်သိန်း၊ မန်းနိုင်စိုး၊ ရဲဘော်ဘခက်၊ မြရာပင်စာပေ (၂၃-၁၁-၇ဝ)
၈။       ပြည်တွင်းသောင်းကျန်းသူ၊ ကက(ကြည်း) သုတေသနဌာနစု။
၉။       ဗကပနယ်စပ်လှုပ်ရှားမှုများအပေါ် သုံးသပ်ချက်၊ ကက(ကြည်း)သုတေသနဌာနစု။
၁ဝ။     ဗကပလှုပ်ရှားမှုတွင် တစ်ဖက်နိုင်ငံပါဝင် ပတ်သက်မှု၊ ကက (ကြည်း) သုတေသန ဌာနစု။
၁၁။     ဗကပအ ရှေ့မြောက်စစ်ေ သ သမိုင်းအကျဉ်းနှင့် အလားအလာသုံးသပ်ချက်။ ကက (ကြည်း) သုတေသနဌာနစု၊ ၁၉၈၆ ခုနှစ်၊ ဖေဖော်ဝါရီလ။
၁၂။     ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အနောက်မြောက်တိုင်း  အတွင်းရေးမှူး ဗိုလ်သက်ထွန်း၏ထွက်ဆိုချက်။
၁၃။     ဗမာပြည်ကွန်မြူနစ်ပါတီ၊ အနောက်ရိုးမ တပ်ရင်း(ခေါ်)တိုက်တိုင်းအောင်(၇)(ခေါ်) အနောက် မြောက်တိုင်းတပ်၊ တပ်မှူးသက်ထွန်းနှင့် နောက်ပါအင်အားစုများချေမှုန်း ရေးစာတမ်း၊ ပြည်သူ့စစ်နှင့် ပြည်သူ့ဆက်ဆံ ရေးညွှန်ကြားရေးမှူးရုံး(၁-၇-၇၄)။
၁၄။     အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေတွင်  ကာကွယ်ရေးအဖွဲ့များ ဖျက်သိမ်းခြင်းအစီ ရင်ခံစာ။
၁၅။     ရန်သူဖွဲ့စည်းပုံ(၁၉၇၃)၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်။
၁၆။     ရှမ်းသောင်းကျန်းသူများ သမိုင်းအကျဉ်းချုပ်၊ ပြည်တွင်းသောင်းကျန်းမှုသမိုင်းပြုစုရေးဆပ် ကော်မတီ(၁၉၈၄ ခုနှစ်၊ ဒီဇင်ဘာလ)။
၁၇။     ရှမ်းသောင်းကျန်းသူလှုပ်ရှားမှုအကျဉ်းချုပ်၊ တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူး ရုံး။
၁၈။     ရွှေတြိဂံမြေက ဘိန်းဖြူသံသရာ၊ ဦးတင်မောင် ရင် (မဟာဝိဇ္ဇာ)။
၁၉။     သောင်းကျန်းမှုသမိုင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်။
၂ဝ။     သောင်းကျန်းမှုသမိုင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်။
၂၁။     အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအခြေအနေနှင့်တိုက်ပွဲစဉ်သုံးသပ်ချက်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်။
Share this article :

0 comments:

Post a Comment

 
ဆက်သွယ်ရန် mmpolitical2013@gmail.com :
Template Modify by Creating Website Myanmar Political Research Organization