Home » » အခန်း(၈) သောင်းကျန်းသူအဖွဲ့များ ထပ်မံကွဲပြားလာခြင်း

အခန်း(၈) သောင်းကျန်းသူအဖွဲ့များ ထပ်မံကွဲပြားလာခြင်း


အခန်း(၈)
သောင်းကျန်းသူအဖွဲ့များ ထပ်မံကွဲပြားလာခြင်း
ပအိုဝ့်သောင်းကျန်းသူများ(၁။       ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ)
ပအိုဝ့်အမျိုးသားတို့သည် ကိုလိုနီခေတ် ရှမ်း ပဒေသရာဇ်များ၏ ဖိနှိပ်ချုပ်ချယ်မှုကို မခံမရပ်နိုင်ဖြစ် ပြီး ၁၉၃ဝ ပြည့်နှစ်တွင် ထကြွပုန်ကန်ခဲ့ဖူးကြသည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးစတွင် ပအိုဝ့်တိုင်းရင်းသားများ သည် နိုင်ငံရေး နိုးကြားလာပြီး 'ပအိုဝ့်ညီညွတ်ရေးအဖွဲ့' (ပအိုဝ့်လှိုင်ဗူ)ကို ဖွဲ့စည်း၍ ပဒေသရာဇ်တိုက်ဖျက်ရေး နှင့် အခွန်မပေးရေးကို တိုက်ပွဲဝင်ခဲ့ကြသည်။ ၁၉၄၈ ခုနှစ်တွင် ကေအင်န်ဒီအိုများက သထုံခရိုင်ကို သိမ်းပိုက် ခဲ့ရာ ပအိုဝ့်ခေါင်းဆောင်တစ်ဦးဖြစ်သူ သထုံလှဖေ လည်း ကေအင်န်ဒီအိုများနှင့် ပူးပေါင်းပါဝင်ခဲ့သည်။ ကေအင်န်ဒီအိုများ ၁၉၄၉ ခုနှစ်တွင် တောင်ကြီးမြို့ကို သိမ်းပိုက်သောအခါ သထုံလှဖေသည် ရှမ်းပြည်နယ်ရှိ ပအိုဝ့်များကို စည်းရုံးသိမ်းသွင်းပြီး 'ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့'အဖြစ် ပုန်ကန်လှုပ်ရှားခဲ့သည်။


စစ်ရေးတာဝန်ခံ ဗိုလ်ချန်းဇုံသည် ၁၉၅ဝ ပြည့် နှစ်တွင် လက်နက်ချသော်လည်း ၁၉၅၁ ခုနှစ်တွင် ပြန်လည်တောခိုခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် သထုံလှဖေနှင့် ဗိုလ်ချန်းဇုံတို့သည် ပအိုဝ့်အမျိုးသားအဖွဲ့ကို အလင်းဝင်များနှင့် အားဖြည့်ဖွဲ့စည်းကာ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) နှင့် ပူးပေါင်းရေးကိစ္စကို ရှမ်းပြည်နယ်အစိုးရနှင့် ညှိနှိုင်း ဆွေးနွေးခဲ့သော်လည်း အောင်မြင်မှု မရခဲ့ကြပေ။
ဦးလှဖေနှင့် ဗိုလ်ချန်းဇုံတို့သည် အလင်းဝင်ခဲ့ သော်လည်း ဗိုလ်စပါယ်ရှယ်(ခေါ်)တာတီးကလိုနှင့် ဗိုလ်စံသိန်းတို့မှာမူ တောတွင်းမှာပင် ကျန်ရစ်ခဲ့ကြသည်။ အလင်းဝင်အဖွဲ့အချို့မှာလည်း လက်နက် အများအပြားကို တောတွင်းမှာပင် သိုဝှက်ထားခဲ့ကြ သည်။ မြေပေါ်တွင်လည်း နိုင်ငံရေးလှုပ်ရှားမှုများ၊ စည်းရုံးရေးလုပ်ငန်းများကို ပြုလုပ်နေခဲ့သည်။
တော်လှန်ရေးကောင်စီအစိုးရတက်လာပြီးနောက် ၁၉၆၄ ခုနှစ်တွင် ဗိုလ်ချန်းဇုံသည် ပအိုဝ့်အစည်းအဝေး တစ်ရပ်ကို ကျင်းပပြီး တော်လှန်ရေးကောင်စီကို စောင့် ကြည့်ရန်နှင့် ပဒေါင်သောင်းကျန်းသူများနှင့် ဆက်သွယ် ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ရှမ်းပြည်နယ် တာဝန်ခံဗိုလ်ပု (တိုက်ပွဲတွင် အသေမိခဲ့)နှင့် အဖွဲ့က ပအိုဝ့်များကို စိမ့်ဝင်စည်းရုံးလျက်ရှိရာ ဗိုလ်ချန်းဇုံတို့နှင့် ပတ်သက် လာသည်။ ထို့ကြောင့် ၁၉၆၄ ခုနှစ်တွင် တော်လှန်ရေး ကောင်စီသည် ဗိုလ်ချန်းဇုံအား ထိန်းသိမ်းလိုက်ရတော့ ၏။
ဗိုလ်ချန်းဇုံကို ထိန်းသိမ်းသည့်ကိစ္စနှင့်ပတ်သက်၍ တော်လှန်ရေးကောင်စီအစိုးရက ပအိုဝ့်များကို ရှင်း လင်းပြောကြားခဲ့သော်လည်း ၁၉၆၄ ခုနှစ်တွင် ဆရာသိန်းနှင့်အဖွဲ့ ၁၉၆၅ ခုနှစ်တွင် ဘန်းယဉ်၊ ဟိုပုံးဒေသမှ လှသောင်းနှင့်အဖွဲ့၊ ဆီဆိုင်ပင်လောင်းဒေသမှ ဆရာလှ နှင့်အဖွဲ့တို့ တောခိုသွားခဲ့ကြသည်။ ဆရာလှနှင့် စံသိန်း တို့အဖွဲ့သည် ကရင်အမျိုးသားများဖြစ်သော ဆရာဘော်ဘီ၊ ဆရာစောလှ၊ တာကလယ်(ဗိုလ်စပါယ်ရှယ်၏ ညီ)တို့နှင့် ပူးပေါင်း၍ တောင်ကြီး တောင်ဘက်ခြမ်း ဒေသတွင် တဖြည်းဖြည်း သြဇာလွှမ်းမိုး၍လာသည်။
၁၉၆၆ ခုနှစ်၊ အောက်တိုဘာလတွင် တာကလယ် နှင့် ဆရာဘော်ဘီတို့သည် မဲနယ်တောင်တန်းဒေသနှင့် ပင်လောင်းဒေသတွင် လှုပ်ရှားခဲ့ကြသည်။ ဗိုလ်စံသိန်း သည် ပအိုဝ့်ခေါင်းဆောင်ဟောင်းများကို စုစည်း၍ ၁၉၆၅ ခုနှစ်တွင် ပအိုဝ့်လွတ်မြောက်ရေးအဖွဲ့ (ပအ လဖ)ဟူ၍ ဖွဲ့စည်းပြီး ကျောက်တစ်လုံး၊ ပင်လောင်း နယ်တွင် ခိုအောင်းလှုပ်ရှားနေခဲ့သည်။၁၉၆၈ခုနှစ် တွင်ကား ပအိုဝ့်လွတ်မြောက်ရေးအဖွဲ့ (ပအလဖ)ကို ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့(ရလလဖ) ဟူ၍ ဖွဲ့စည်းလိုက်ကြသည်။
၁၉၆၈ ခုနှစ်၊ အောက်တိုဘာလအတွင်း ကဒူးကြီး နယ်မြေ ပန်ကြိုင်း၌ ရလလဖ(ပအိုဝ့်)အဖွဲ့နှင့် ရှမ်း သောင်းကျန်းသူ(အက်စ်ယူအာရ်အေ)အဖွဲ့တို့ နယ်မြေ လုရင်း တိုက်ပွဲဖြစ်ပွားရာ ပအိုဝ့်ခေါင်းဆောင် ဗိုလ် စံသိန်း ကျဆုံးခဲ့ရသည်။ ထို့နောက် ရလလဖကို ဗိုလ်မှူး လှမောင်က ခေါင်းဆောင်သည်။ တပ်ရင်း(၁)ကို တာကလယ်က ခေါင်းဆောင်ပြီး၊ တပ်ရင်း(၂)ကို တာတီးကလို(ဗိုလ်စပါယ်ရှယ်)က ခေါင်းဆောင်သည်။
ပအို့ဝ်တိုင်းရင်းသား နိုင်ငံရေးအင်အားစုများသည် နယ်ချဲ့စနစ်နှင့် ပဒေသရာဇ်စနစ်ကို ဆန့်ကျင် တိုက်ခိုက်ခဲ့ရာမှ ကေအင်န်ယူများ၏ သွေးထိုးပေးမှုကြောင့် လက်နက်ကိုင်သောင်းကျန်းသူများ ဘဝကို ရောက်ခဲ့ရသည်။ ၁၉၅၈ ခုနှစ်တွင် အဖွဲ့အစည်း အလိုက် လက်နက်ချခဲ့သော်လည်း ပအိုဝ့်အမျိုးသား ခေါင်းဆောင်များအတွင်း မယုံသင်္ကာစိတ်များ ပြင်းထန် လျက်ရှိနေသေးသည်ကို မဖြေရှင်းနိုင်ခဲ့ပေ။ ၁၉၆၄ ခုနှစ်တွင် ပြန်လည်တောခိုပြီးနောက် ၁၉၆၈ ခုနှစ်တွင် ရလလဖဟူ၍ စုစည်းဖွဲ့စည်းနိုင်ခဲ့သော်လည်း ပအိုဝ့် သောင်းကျန်းသူများမှာ ခေါင်းဆောင်အချင်းချင်း အစုလိုက်ကွဲပြီး ညီညွတ်မှုမရခဲ့ပေ။ ထိုအချိန်တွင် ဗမာ ပြည်ကွန်မြူနစ်ပါတီကလည်း ထိုးဖောက်စည်းရုံး၍ လာသောကြောင့် ပအိုဝ့်သောင်းကျန်းသူများအကြား တွင် ကွန်မြူနစ်လိုလားသူနှင့် မလိုလားသူဟူ၍ အုပ်စု များ ကွဲပြား၍ လာလေတော့၏။
ကေအိုင်အေများ တစ်ဖက်နိုင်ငံနှင့်ဆက်သွယ်ခြင်း(၁။ ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ)
၁၉၆၇ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် ကျောင်းသား အရေးအခင်းဖြစ်ပွားပြီးနောက် ကေအိုင်အေခေါင်းဆောင် ဇော်တူးသည် တစ်ဖက်နိုင်ငံဘက်မှ ပြတ်သားစွာ ထောက်ခံကြောင်း ကြေညာခဲ့သည်။ ထိုအချိန်တွင် ကေအိုင်အေသောင်းကျန်းသူများသည် တပ်မတော် ထိုးစစ်ကြောင့် ပျောက်ကွယ်သွားလုမတတ် အထိနာခဲ့ ရာမှ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ် ဖွဲ့စည်းရန် တပ်များ ထုတ်နုတ်မှုကို အခွင့်ကောင်းယူ၍ ပြန်လည် ခေါင်းထောင်ထလာနိုင်ချိန်ဖြစ်သည်။ ကေအိုင်အေ ခေါင်းဆောင်များသည် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ် နိုင်ရန်အတွက် ပြည်ပအကူအညီ ရရှိရေးကို အပြင်း အထန် ကြိုးစားခဲ့သည်။
၁၉၆၇ ခုနှစ်၊ ဇူလိုင်လအတွင်းမှာပင် ကေအိုင် အေ တပ်မဟာ(၂)မှ နိုင်ငံရေးတာဝန်ခံ မရန်ဘရန် ဆိုင်းနှင့် အင်အား ၃၄ ယောက်အဖွဲ့သည် တစ်ဖက် နိုင်ငံသို့ ထွက်ခွာ၍ စစ်ရေး၊ နိုင်ငံရေးသင်တန်းများ တက်ရောက်ရန်နှင့် လက်နက်ခဲယမ်းအကူအညီများ ရရှိရန် ကြိုးစားခဲ့ကြသည်။ ဘရန်ဆိုင်းတို့လူစုသည် လက်နက်ငယ်မျိုးစုံ ၄၂ လက်၊ လက်ပစ်ဗုံး ၃၆ လုံးနှင့် ကျည်မျိုးစုံ နှစ်သေတ္တာကို ရရှိလာပြီးနောက် ထိုနှစ် စက်တင်ဘာလအတွင်းတွင် ပြည်တွင်းသို့ ပြန်လည် ရောက်ရှိလာကြသည်။
မရန်ဘရန်ဆိုင်းတို့လူစု လက်နက်ခဲယမ်းများ ရရှိ လာသောအခါ ကေအိုင်အေ တပ်မဟာ(၂)မှူး ဇော်တူး ခေါင်းဆောင်သည့်အဖွဲ့သည် ၁၉၆၇ ခုနှစ်၊ အောက်တို ဘာလ (၂)ရက်နေ့တွင် ပြည်ပသို့ ခရီးထွက်ခွာကြပြန် သည်။ ထိုအဖွဲ့တွင် တပ်မဟာ(၂)မှူး ဇော်တူးက ခေါင်း ဆောင်ပြီး အထွေထွေအတွင်းရေးမှူး ပုံရွှေဇော်ဆိုင်း၊ နိုင်ငံခြားရေးတာဝန်ခံ ဘရန်ဆိုင်းတို့လည်း လိုက်ပါကြ သည်။ စုစုပေါင်းအင်အား ၄၂၅ ယောက် ပါဝင်သည်။ ထိုအဖွဲ့သည် လက်နက်ခဲယမ်းအကူအညီရရှိရေး၊ နိုင်ငံ ရေး၊ စစ်ရေးသင်တန်းများ တက်ရောက်ရေးတို့ကို နည်းမျိုးစုံဖြင့် ကြိုးစားကြသည်။
ဇော်တူးတို့အဖွဲ့သည် လိုအပ်ပါက ဗမာပြည် ကွန်မြူနစ်ပါတီနှင့်ပူးပေါင်း၍ ဘုံရန်သူဖြစ်သော ဗမာ အစိုးရကို တိုက်ခိုက်ရန် သဘောတူညီကြသည်။ ဇော်တူး တို့လူစုသည် လက်နက်ငယ်မျိုးစုံ ၈ဝဝ၊ ကျည်မျိုးစုံ ၁၇ဝဝဝဝ နှင့် စစ်ဝတ်ပစ္စည်းများ ရရှိခဲ့ကြသည်။ ကေအိုင်အေများသည် လက်နက်ခဲယမ်း ရရှိရေး အတွက် ယခင်က ရန်သူဖြစ်ခဲ့သည့် ဗကပများနှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ကြရသည်။
 ၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဇော်တူးခေါင်းဆောင်သော ကေအိုင်အေ အင်အား ၃ဝဝ ခန့်သည် မောင်းပြန်ရိုင်ဖယ်များအပါအဝင် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ပြည်တွင်းသို့ ပြန်လည် ရောက်ရှိလာကြသည်။ ထို့နောက် တြိဂံနယ်မြေတွင်ရှိ သော ကေအိုင်အေ တပ်မဟာ(၂)ဌာနချုပ်မှ မိုင်ရွန် ကွန်ဂျာနှင့်  ကွန်ဆာဘောက်နော်တို့ဦးစီးသော တိုက်ခိုက်ရေးတပ်နှင့်   ကိုယ်ရံတော်တပ်များကို လက်နက်ခဲယမ်း များ တပ်ဆင်ပေးကြသည်။ ကေအိုင် အေများသည် ပြည်ပမှ လက်နက်ခဲယမ်းများ ရရှိလာ ကြသောကြောင့်  တပ်မတော်ကို  ပစ်အားသုံး၍ တိုက်ခိုက်လာနိုင်ကြသည်။
ဇော်တူးသည် တစ်ဖက်နိုင်ငံမှ ပြန်လာပြီးနောက် ကွန်မြူနစ်ဝါဒနှင့်   မော်စီတုံးအတွေးအခေါ်ကို သဘောတရားလက်နက်အဖြစ် တပ်ဆင်၍ စည်းရုံးလာ ရာ နယ်မြေလူထုက လက်မခံသဖြင့် အောင်မြင်မှု မရ ရှိခဲ့ပေ။ ထို့အပြင် ကေအိုင်အေငယ်သားများအတွင်း တွင်လည်း ကွန်မြူနစ်ဝါဒကို လက်မခံလိုသူများ ပေါ် ထွက်လာသည်။ ကေအိုင်အေအဖွဲ့အစည်းအတွင်း၌ ခေါင်းဆောင်ငယ်များ ခန့်အပ်ရာတွင်လည်း ဂျိန်းဖော လူမျိုးကြီးဝါဒကို ကျင့်သုံးပြီး အခြား မရူ(ခေါ်)လောင် ဝေါ်၊ လီဆူး(ခေါ်)ယောယင်၊ လချိတ်(ခေါ်) လရှီ စသော ကချင်မျိုးနွယ်ဝင်လူမျိုးစုများ မကျေမနပ် ဖြစ် လာကြသည်။ ကေအိုင်အေအဖွဲ့အစည်း၏ ခေါင်း ဆောင်မှုကို ဇော်ဆိုင်း၊ ဇော်တူး၊ ဇော်ဒန်ဟူသော ဇော် ညီအစ်ကိုသုံးဦးကသာ လက်ဝါးကြီးအုပ်ထားခြင်းနှင့် ပတ်သက်၍လည်း မကျေမနပ်ဖြစ်လာကြသည်။
၁၉၆၈ ခုနှစ်၊ မတ်လတွင် ကေအိုင်အေတပ်ရင်း (၄)မှ မရူ(ခေါ်)လောင်ဝေါ်လူမျိုး ဇေလွမ်းနှင့် လရှီ (လချိတ်)လူမျိုး စခုံတိန်ယိန်းတို့ခေါင်းဆောင်သော ကေ အိုင်အေ ၁၂ဝ ခန့်သည် ကေအိုင်အေအဖွဲ့မှ ခွဲထွက် ၍ ပြည်ပသို့သွားရောက်ကာ ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် ပူးပေါင်းခဲ့သည်။ ယင်းကိုအကြောင်းပြု၍ ၁၉၆၈ ခုနှစ်မှအစပြု၍ ဗမာပြည်ကွန်မြူနစ်ပါတီသည် ကချင် ပြည်နယ်၊ မေခမြစ်အရှေ့ခြမ်းဒေသ ချီဗွေ၊ လောခေါင်၊ ဆော့လော်ဒေသများတွင် အခြေချနိုင်လာတော့သည်။

ရှမ်းသောင်းကျန်းသူများ
ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကာလ နောက် ပိုင်းတွင် ရှမ်းသောင်းကျန်းသူများသည် အောက်ပါ အတိုင်း နယ်မြေအလိုက် ကွဲပြားနေခဲ့ကြသည်။
(၁)     ခွန်ကြာနုနှင့် စိုင်းလှအောင်တို့ဦးစီးသော ရှမ်းပြည်၊   ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ရှမ်းပြည်မြောက်ပိုင်း)
(၂)     ဘုန်းကြီးလူထွက်ဦးကုဏ္ဍလ(ခေါ်) ကျောက် ငါးခမ်းဦးစီးသော စစ်ဟန်စစ်တိုင်း (ရှမ်း တပ်မတော်)(ကျိုင်းတုံနယ်)
(၃)     စဝ်နွဲ့(ခေါ်)စိုင်းနွဲ့ဦးစီးသော နွံစစ်ဟန် (ရှမ်း ပြည်နယ် တောင်ပိုင်း)
(၄)     ကွန်မြူနစ်အလင်းဝင်ဟောင်း မိုးဟိန်းဦးစီး သော အက်စ်အင်န်ယူအက်ဖ်(ှ.ြ.့.င်္)
၁၉၆၅ ခုနှစ်တွင် ခွန်ကြာနု၊ စိုင်းလှအောင်တို့၏ အက်စ်အက်စ်အိုင်အေနှင့် မိုးဟိန်း၏ အက်စ်အင်န် ယူအက်ဖ်တို့ပူးပေါင်း၍ မဟာဒေဝီနန်းဟိန်းခမ်းအား နာယကတင်မြှောက်ကာ အက်စ်အက်စ်အေ (ရှမ်းပြည် တပ်မတော်)ဟူ၍ ဖွဲ့စည်းခဲ့ကြကြောင်း တင်ပြပြီးလေပြီ။ အက်စ်အက်စ်အေသည် အင်အားအကောင်းဆုံးဖြစ် လာပြီး လူအင်အား ၁၆ဝဝ ခန့်ရှိလာသည်။ သို့သော် ၁၉၆၈ ခုနှစ်တွင်  အက်စ်အက်စ်အေတပ်ရင်း(၁၂) တပ်ရင်းအနက်မှ ပလောင်တပ်ရင်း(၂)သည် အက်စ် အက်စ်အေမှ ခွဲထွက်၍ ကျောက်မဲခရိုင်တွင် သီးခြား လှုပ်ရှားခဲ့ကြသည်။ အက်စ်အက်စ်အေကို တောင်ပိုင်း တိုင်းနှင့် မြောက်ပိုင်းတိုင်းဟူ၍ တိုင်း(၂)တိုင်း ခွဲခြား ထားသည်။ မြောက်ပိုင်းတိုင်း၊ တိုင်း(၁)ကို စဝ်ဆေးဝိုင်မှ ခေါင်းဆောင်၍ တပ်ရင်း(၅)ရင်းဖြင့် မိုင်းရယ်၊ ဆောင်ကြဲ၊ နမ္မတူ၊ မိုင်းခေးနယ်မြေများတွင် လှုပ်ရှား သည်။ တောင်ပိုင်းတိုင်း၊ တိုင်း(၂)ကို မိုးဟိန်းခေါင်း ဆောင်ပြီး တပ်ရင်း(၃)ရင်းဖြင့် လွယ်လင်နှင့်တောင်ကြီး ခရိုင်နယ်မြေများတွင် လှုပ်ရှားခဲ့ရာ မိုးဟိန်းသည် ယိုးဒယားနယ်စပ် ပိန်းလုံ(အယ်လ်ဝိုင်-၄၅၇၈)တွင် ဌာနချုပ်ပြုလုပ် နေထိုင်ခဲ့သည်။
စစ်ဟန်စစ်တိုင်း (ရှမ်းပြည်လွတ်မြောက်ရေးတပ်) ကျိုင်းတုံကောင်စီဌာနချုပ်သည် ၁၉၆၄ ခုနှစ်၊ ဇွန်လ တွင် ဦးကုဏ္ဍလ(ခေါ်) ကျောက်ငါးခမ်းခေါင်းဆောင်၍ နွံစစ်ဟန်မှ ခွဲထွက်ပြီးနောက် တပ်ရင်း(၇)ရင်း ဖွဲ့စည်း ခဲ့သော်လည်း ၁၉၆၆ ခုနှစ်၊ မေလတွင် တပ်ရင်း(၃) ရင်း ပျက်သွားခဲ့သည်။ စစ်ရဲတပ်မှ တောခိုခဲ့သော ဝ လူမျိုး ဗိုလ်မောင်၏တပ်ရင်းသည် ၁၉၆၅ ခုနှစ်၊ ဒီဇင် ဘာလအတွင်း ဝနယ်သို့ သီးခြားဝင်ရောက်လှုပ်ရှားပြီး နောက် ၁၉၆၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်တွင် ဗိုလ်မောင်နှင့် ၂၉ ဦး လက်နက်ချ အလင်းဝင်ရောက် လာကြသည်။ ထို့ကြောင့် မိုင်းမနယ်မြေတွင် တပ်ရင်း (၁)ရင်း၊ မိုင်းယန်းနယ်မြေတွင် တပ်ရင်း(၁)ရင်းနှင့် ပျက်ကန့်နယ်မြေတွင် တပ်ရင်း(၁)ရင်း စုစုပေါင်း တပ်ရင်း (၃)ရင်းသာ ကျန်ရစ်ခဲ့လေသည်။ ၁၉၆၅ ခုနှစ်တွင် ဦးကုဏ္ဍလ လုပ်ကြံခံခဲ့ရသဖြင့် ကျိုင်းတုံ စော်ဘွား၏ငွေတိုက်မှူးဟောင်း ဦးဘသိန်းက ခေါင်း ဆောင်ခဲ့သော်လည်း ဦးဘသိန်းသည် ထိုင်းနိုင်ငံနှင့် လောနိုင်ငံနယ်စပ်တွင်သာ နေထိုင်ပြီးနောက်ပိုင်းတွင် အွန်ကျန်းက ခေါင်းဆောင်ခဲ့သည်။(၁။ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ)
၁၉၆၇ ခုနှစ်တွင် နန်းဆွတ်(ခေါ်) ခွန်ရှမ်ဝမ်း နှင့် အိုက်မြင့်တို့က ဦးစီး၍ တပ်စင်စစ်တိုင်းအမည် ဖြင့် စစ်ဟန်စစ်တိုင်းအဖွဲ့မှ ခွဲထွက်ခဲ့ကြပြန်သည်။ အွန်ကျန်းသည် မိုင်းယောင်းနယ်မြေတွင် လှုပ်ရှားခဲ့ရာ မှ ၁၉၆၈ ခုနှစ်တွင် တစ်ဖက်နိုင်ငံ မြို့နယ်တစ်နယ် နယ်၌ ပြည်နယ်ဘုရင်ခံအပါအဝင် ပြည်ပအာဏာပိုင် များနှင့် ဆွေးနွေးခဲ့သည်။ ယင်းဆွေးနွေးပွဲတွင်တပ်စင်စစ်တိုင်းမှ အိုက်မြင့်လည်း ပါဝင်ပြီး အိုက်မြင့်သည် ဗကပအရှေ့မြောက်စစ်ဒေသနှင့် ပူးပေါင်းသွားခဲ့သည်။ ထို့ကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ရှမ်းသောင်းကျန်း သူများ၏ သဘောထားကွဲလွဲမှုသည် ဗမာပြည်ကွန်မြူ နစ်ပါတီအား ရှမ်းပြည်အရှေ့ပိုင်းသို့ ဖိတ်ခေါ်ရာ ရောက်ခဲ့လေသည်။
ရှမ်းသောင်းကျန်းသူအဖွဲ့အစည်းများမှာ တစု တစည်းတည်း ညီညွတ်နိုင်ခြင်းမရှိဘဲ အကြောင်း အမျိုးမျိုးကြောင့် အဖွဲ့အမျိုးမျိုးကွဲပြားနေကြသည်ကို လေ့လာတွေ့ရှိနိုင်သည်။ ရှမ်းသောင်းကျန်းသူများ အဖွဲ့အမျိုးမျိုး ကွဲထွက်သွားကြပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁)     စဝ်နွဲ့(ခေါ်)စိုင်းနွဲ့၏ နွံစစ်ဟန်အဖွဲ့သည် ၁၉၅၉၊ ၁၉၆ဝ တွင် နယ်မြေအလိုက် အုပ်စုသုံးခုကွဲသွားသည်။
(က)    ခွန်ကြာနု၊ စိုင်းလှအောင်တို့၏ ရှမ်း ပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(S.S.I.A) မြောက်ပိုင်း)
          (ခ)     ဦးကုဏ္ဍလ(ခေါ်) ကျောက်ငါးခမ်း၏ စစ်ဟန်စစ်တိုင်း(ခေါ်)ရှမ်းတပ်မတော် (အရှေ့ပိုင်း)
          (ဂ)     စိုင်းနွဲ့၏ နွံစစ်ဟန်(တောင်ပိုင်း)
၂။       ၁၉၆၄ ခုနှစ်အကုန်တွင် ရှမ်းသောင်းကျန်း သူ အဖွဲ့အစည်းလေးမျိုး ကွဲထွက်နေကြ သည်။
          (က)    အက်စ်အက်စ်အိုင်အေ
          (ခ)     စစ်ဟန်စစ်တိုင်း
          (ဂ)     နွံစစ်ဟန်
          (ဃ)    မိုးဟိန်းအဖွဲ့
                   (အက်စ်အင်န်ယူအက်ဖ်)
၃။       ၁၉၆၅ ခုနှစ်တွင် ခွန်ကြာနု၊ စိုင်းလှအောင် တို့၏ အက်စ်အက်စ်အင်န်အေနှင့် မိုးဟိန်း ၏ အက်စ်အင်န်ယူအက်စ်တို့ပူးပေါင်းကာ မဟာဒေဝီနန်းဟိန်းခမ်းအား နာယကတင်၍ အက်စ်အက်စ်အေဟု ဖွဲ့စည်းခဲ့ကြသည်။
၎။       ၁၉၆၅ ခုနှစ်တွင် စစ်ဟန်စစ်တိုင်းမှ ဝလူမျိုး ဗိုလ်မောင်ခွဲထွက်ပြီး သီးခြားလှုပ်ရှားနေပြန် သည်။
၅။       ၁၉၆၇ ခုနှစ်တွင် နန်းဆွတ်(ခ)ခွန်ရှမ်ဝင်း နှင့် အိုက်မြင့်တို့ခေါင်းဆောင်ပြီး စစ်ဟန် စစ်တိုင်းမှ ခွဲထွက်၍ တပ်စင်စစ်တိုင်းအဖွဲ့ ကို ထူထောင်ကြပြီး ၁၉၆၈ ခုနှစ်တွင် အိုက်မြင့်သည် ဗကပနှင့် ပူးပေါင်းသွား သည်။
၆။       ၁၉၆၈ ခုနှစ်တွင် အက်စ်အက်စ်အေမှ ပလောင်တပ်ရင်း (၂)ရင်း ခွဲထွက်သွားပြန် သည်။
ရှမ်းပြည်နယ်တွင် နွံစစ်ဟန်၊ စစ်ဟန်စစ်တိုင်း၊ တပ်စင်စစ်တိုင်း၊ အက်စ်အက်စ်အေ စသည်ဖြင့် ရှမ်း သောင်းကျန်းသူအဖွဲ့အစည်းများစွာ ကွဲပြားလျက်ရှိ သည့်အပြင် ဝ၊ ပလောင်၊ ပအိုဝ့်၊ အီကော စသည့် လူမျိုးစုငယ်များ၏ လက်နက်ကိုင်အဖွဲ့အစည်းများမှာ လည်း သီးခြားလှုပ်ရှားနေကြသည်။ ထိုအချိန်တွင် ၁၉၆၁ ခုနှစ်မှစတင်၍ ဖွဲ့စည်းခဲ့သော လွယ်မော် ကာကွယ်ရေးအဖွဲ့သည် လက်နက်ကိုင်အင်အား ၁ဝဝဝ ကျော်အထိ တိုးတက်လာပြီး ၁၉၆၄ ခုနှစ်တွင် ကိုးကန့် ရှေ့ဆောင်လူငယ်အဖွဲ့မှ လက်နက်ကိုင်အင်အား ၁၅ဝ သည်လည်း ၁၉၆၈ ခုနှစ်တွင် အင်အား ၁ဝဝဝ ကျော် ခန့်အထိ တိုးတက်လာသည်။ ရှမ်းပြည်နယ်အတွင်းမှ လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံမှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အဆင်ပြေလှသည်မရှိဘဲ မကြာခဏ တိုက်ခိုက်နေကြ သည်။ ဗကပမှတစ်ဆင့် တစ်ဖက်နိုင်ငံ၏ စွက်ဖက်မှု၊ တရုတ်ဖြူ ထိုင်ဝမ်ထောက်လှမ်းရေးအဖွဲ့နှင့် တရုတ်ဖြူ အကြွင်းအကျန်များ၏ ကူညီမှု၊ ထိုင်းနိုင်ငံမှတစ်ဆင့် စီအိုင်အေအဖွဲ့၏ စွက်ဖက်မှုများကြောင့် ရှမ်းပြည်နယ် အတွင်းရှိ သောင်းကျန်းသူအဖွဲ့အစည်းမျိုးစုံမှာ အစိတ် စိတ် အမြွှာမြွှာ ကွဲပြားလျက်ရှိရာ ရှမ်းတိုင်းရင်းသားတို့ ၏ အကျိုးကိုသာ ဆုတ်ယုတ်ပျက်စီးစေခဲ့သည်။ တပ်မ တော်သည် ရှမ်းပြည်နယ်တွင် သောင်းကျန်းသူအဖွဲ့ များကို စစ်ဆင်ရေးများဖြင့် ချေမှုန်းတိုက်ခိုက်ရင်း တစ် ဖက်မှလည်း စိတ်မချရသော လူမျိုးစုကာကွယ်ရေးအဖွဲ့ များကို ကိုင်တွယ်ထိန်းသိမ်းနေရလေသည်။
အီကောသောင်းကျန်းသူအစ(၁။     ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ)
၁၉၆၇ ခုနှစ်၊ တရုတ်-မြန်မာနယ်စပ် မိုင်းယောင်း မြို့နယ်၊ မိုင်းဟဲ၊ မိုင်းဝ၊ မိုင်းထန်၊ မိုင်းယုဒေသများ တွင် ရှမ်းသောင်းကျန်းသူ ကောင်းဖန်ဆန်ကျောက် ခေါင်းဆောင်သည့်အဖွဲ့တစ်ဖွဲ့သည် အမေရိကန် ဗဟို ထောက်လှမ်းရေးအဖွဲ့ စီအိုင်အေ၏ လက်အောက်ခံ ထွန်းလှ(ဖမ်းဆီးရမိ)အဖွဲ့နှင့် စင်ပြိုင်လှုပ်ရှားခဲ့သည်။ စင်စစ် ကောင်းဖန်ဆန်ကျောက်သည် စစ်ဟန်စစ်တိုင်း (ခေါ်)အက်စ်အင်န်အေမှဖြစ်ပြီး ယင်း၏လက်အောက် တွင် လူ ၂၅ဝ ခန့်ရှိသည်။ မိုင်းယောင်းမြို့နယ်တွင် ထိုင်ဝမ်ထောက်လှမ်းရေးအဖွဲ့ဝင်များလည်း လှုပ်ရှား လျက်ရှိရာ အခြေအနေမှာ များစွာဆိုးရွားသည်ဟု ဆို နိုင်သည်။
၁၉၆၈ ခုနှစ်၊ မေလတွင် မိုင်းဟဲစခန်းတွင် တပ်စွဲ နေသော အမှတ်(၃) ချင်းသေနတ်ကိုင်တပ်ရင်းကို ပြန် လည်ရုပ်သိမ်းလိုက်ရာ သောင်းကျန်းသူအဖွဲ့အစည်း အမျိုးမျိုးအတွက် လှုပ်ရှားရန် အခွင့်အရေးရလာခဲ့ကြ သည်။ သောင်းကျန်းသူများသည် ပြည်သူလူထုအား အဆမတန် ဆက်ကြေးကောက်ခြင်း၊ ရက်စက်ကြမ်း ကြုတ်စွာ ဖိနှိပ်ခြင်းတို့ကို ဆောင်ရွက်နေသဖြင့် တပ်မတော်သည် စစ်ဆင်ရေးများဖြင့် နှိမ်နင်းခဲ့ရသည်။ မိုင်းယောင်းဒေသတွင် လက်နက်ပုန်းများစွာရှိရာ အီကောတိုင်းရင်းသားအချို့သည် လက်နက်ကိုင်၍ တပ်မတော် စစ်ကြောင်းများကို ခုခံတိုက်ခိုက်လာကြသည်။ထိုအချိန်တွင် ပြည်ပသြဇာခံပြည်သူ့စစ်များက ဝင်ရောက်စည်းရုံး ရာမှ အီကော သောင်းကျန်းသူအဖွဲ့ အစည်းပေါ်ပေါက်ရန် အခြေအနေများ ဖြစ်ပေါ်လာရသည်။ သို့သော် အီကော သောင်းကျန်းသူအဖွဲ့အနေ ဖြင့် မိမိတပ်မတော်နှင့် အတိအလင်း တိုက်ခိုက်သည် မှာ ၁၉၇၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်ကျမှဖြစ်သည်။ စင်စစ် အီကောသောင်းကျန်းသူအဖွဲ့မှာ ၆၇ ခုနှစ် ကျောင်းသားများ အရေးအခင်း အပြီး ပေါ်ပေါက်လာ သော ပြည်ပစွက်ဖက်မှုတစ်ရပ်သာ ဖြစ်လေသည်။
သောင်းကျန်းသူအဖွဲ့အစည်းများအကြား လက်ဝဲလက်ယာပဋိပက္ခများ ပေါ်ပေါက်လာခြင်း
၆၇ ခုနှစ်ကျောင်းသားများအရေးအခင်း ဖြစ်ပွားပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်းရှိ သောင်းကျန်း သူ အဖွဲ့အစည်းများသည် တစ်ဖက်နိုင်ငံမှ အကူအညီ ရရှိရေးကို ပိုမိုကြိုးစားလာခဲ့ကြသည်။ ကေအိုင်အေများ သည် ပြည်ပနိုင်ငံမှ အကူအညီ အသင့်အတင့်ရရှိခဲ့ သော်လည်း ကွန်မြူနစ်ဝါဒလိုလားသူ၊ မလိုလားသူများ ပေါ်ပေါက်လာပြီး အဖွဲ့အစည်းအတွင်း ပဋိပက္ခများ ပေါ်ပေါက်လာသည်။ တစ်ဖက်နိုင်ငံကလည်း ကေအိုင် အေများအား  ဗမာပြည်ကွန်မြူနစ်ပါတီမှတစ်ဆင့် အကူအညီပေးရေးကို တိုးမြှင့်ကြိုးပမ်းခဲ့သည်။ ပြည်ပ ကွန်မြူနစ်ပါတီ၏ အကူအညီကို ရယူခဲ့သော သောင်း ကျန်းသူ အဖွဲ့အစည်းများသည် လက်နက်ခဲယမ်းနှင့် စစ်ရေးအကူအညီကို ရယူကြသည့်အလျောက် အပေး အယူ သဘောမျိုးအဖြစ် မော်စီတုံးသြဝါဒကိုလည်း နာခံကြရသည်။ ထို့ကြောင့် သောင်းကျန်းသူအဖွဲ့ အစည်း အတော်များများ(အထူးသဖြင့် လူမျိုးစု သောင်းကျန်းသူများ)အကြားတွင် လက်ဝဲလက်ယာ ပဋိပက္ခများ ပေါ်ပေါက်ခဲ့ရသည်။(၁။ကာကွယ်ရေးဝန်ကြီး ဌာနမှ စာရွက်စာတမ်းများ)
၁၉၅ဝ ပြည့်နှစ်မှစ၍ တစ်ဖက်နိုင်ငံ၌ ခိုလှုံနေ သော အမှတ်(၁) ကချင်သေနတ်ကိုင်တပ်ရင်းမှ တောခို စစ်ဗိုလ်နော်ဆိုင်းကို ဗမာပြည်ကွန်မြူနစ်ပါတီက စည်းရုံးသိမ်းသွင်းခဲ့သည်။ ထို့နောက် ၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် နော်ဆိုင်းခေါင်းဆောင် သော ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)အင်အား ၃ဝဝ ခန့်သည် တစ်ဖက်နိုင်ငံမှ ဖြတ်ကူးလာပြီး တပ်မတော် မုံးကိုးစခန်းကို တိုက်ခိုက်ကြသည်။ နော်ဆိုင်းသည် ရှမ်း  ပြည်နယ်မြောက်ပိုင်းတွင် အခြေချပြီး လူသူစုဆောင်း၍ အင်အားတိုးချဲ့တော့သည်။(၂။  ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ)
ဇေလွမ်းနှင့် စခုန်တိန်ယိမ်းကို တစ်ဖက်နိုင်ငံက လက်ခံခြင်း၊ နော်ဆိုင်းအား ရှမ်းပြည်နယ်မြောက်ပိုင်း ရှိ ကေအိုင်အေနယ်မြေများသို့ စေလွှတ်ခြင်းတို့ကြောင့် ဇော်တူးသည် တစ်ဖက်နိုင်ငံအပေါ် မကျေမနပ်ဖြစ် လာသည်။(၃။  ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ)
ဇော်တူးက ၁၉၆၈ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ တွင် အစည်းအဝေးပြုလုပ်ကာ ကေအိုင်အေ၏ နံပါတ် (၁) ဦးစားပေး ရန်သူမှာ ဗမာပြည်ကွန်မြူနစ်ပါတီဖြစ် ပြီး ကွန်မြူနစ်ဝါဒကို စွန့်လွှတ်ကြောင်း ကြေညာခဲ့ သည်။ ပြည်ပနှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့ နှစ်ဦး သဘောတူချုပ်ဆိုခဲ့သည့် စာချုပ်များကို ဖျက်သိမ်းလိုက် ကြောင်းလည်း ပြည်ပကွန်မြူနစ်ပါတီနှင့် ဗမာပြည် ကွန်မြူနစ်ပါတီသို့ စာရေး၍အကြောင်းကြားခဲ့သည်။ ထိုအတောအတွင်း ကေအိုင်အေတို့သည် ကချင်ပြည် နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း လူသစ်များ စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းတို့ကို အနု နည်း၊ အကြမ်းနည်းများဖြင့် တိုးမြှင့်ဆောင်ရွက်လာကြ သည်။ ဗွီဒီအက်ဖ် (Villager Defence Force) ခေါ် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့များကိုသာမကဘဲ  အယ်လ်ဂျီအက်ဖ် (Local Guerilla Force) ခေါ် ဌာနေပြောက်ကျားများကိုလည်း လေ့ကျင့်ဖွဲ့စည်းလာ ကြသည်။ ကျေးရွာလူကြီးများကိုလည်း တောတွင်း သို့ခေါ်ယူ၍ သင်တန်းပေးလေ့ကျင့်ခဲ့ကြသည်။
၁၉၆၈ ခုနှစ်၊ ဇွန်လမှစ၍ ကေအိုင်အေသည် နော်ဆိုင်းအဖွဲ့ကို ဦးတည်၍ တိုက်ခိုက်ခဲ့သည်။ ထိုအချိန်တွင် ရွှေလီဒေသတွင် တပ်မတော်၏ ထိုးစစ် ကြောင့် စစ်ရေးအခြေအနေ ကျဆုံးနေသော ရှမ်း သောင်းကျန်းသူ ကံရွဲ့အဖွဲ့ကို ဗမာပြည်ကွန်မြူနစ်ပါတီ က အခွင့်ကောင်းယူ သိမ်းသွင်းလိုက်သည်။ ကံရွဲ့အဖွဲ့ သည် ဗကပတပ်ရင်း (၁ဝ၇)ဟူ၍ဖြစ်လာသည်။ ကချင် တိုင်းရင်းသားများအတွင်းမှ ကွန်မြူနစ်ဝါဒလိုလားသူ များနှင့် တစ်ဖက်နိုင်ငံမှ လူမျိုးစုများကိုစုစည်း၍ ဗကပ တပ်ရင်းကြီး (၃ဝ၃)ကိုလည်း ဖွဲ့စည်းခဲ့သည်။ တစ်ချိန် တည်းမှာပင် ကိုးကန့်ကာကွယ်ရေးအဖွဲ့မှ စီးပွားရေး စားကျက်လုရင်း တောခိုသွားသော ဖုန်ကြားရှင်အဖွဲ့ သည် ဗကပတပ်ရင်းကြီး (၄ဝ၄)ဟူ၍ ဖြစ်လာသည်။(၄။  ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ)
၁၉၆၈ ခုနှစ်အတွင်းမှာပင် ဝနယ်မြောက်ပိုင်းမှ တရုတ်ဖြူသြဇာခံ ဝလက်နက်ကိုင်အဖွဲ့သည် တစ်ဖက် နိုင်ငံရှိ စခန်းများကို ဝင်တိုက်ရင်း အဖမ်းခံရသူများ ရှိလာသည်။ အဖမ်းခံရသော ဝအမျိုးသားများကို နိုင်ငံ ရေးသင်တန်းများတက်စေ၍ လေ့ကျင့်ပေးခဲ့ပြီး ဝ ကွန်မြူနစ်များအဖြစ် ပြန်လည်စေလွှတ်ခဲ့သည်။ ဝနယ် အချင်းချင်း ဖြစ်ပွားသည့်တိုက်ပွဲများ၌ အရေးနိမ့်ခဲ့ သည့် ဆုံကရာမန်နှင့်ပန်စိုင်နယ်မှ နယ်ခံလက်နက်ကိုင် ကာကွယ်ရေးများသည်လည်း ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဝတပ်ရင်းများဖြစ်လာသည်။ ၁၉၆၈ ခုနှစ်တွင် အရှေ့မြောက်စစ်ဒေသရှိ ဖောင်းဆိုင်၊ ပန်ဆုတိုင်၊ ဖော်ကျုံး၊ ကောင်းလုံ၊ လုံထန်နှင့် နမ့်ပေါ်တံတား စသော တပ်စခန်းများတွင် ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် တိုက်ပွဲများ စတင်ဖြစ်ပွားလာတော့သည်။
အရှေ့မြောက်ဒေသတွင် စတင်ပေါ်ထွန်းလာသော  ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)လက်နက်ကိုင် တပ်များတွင် ပြည်ပအကြံပေးအရာရှိများသည် နော် ဆိုင်း၊ ခင်မောင်ကြီးတို့နှင့်အတူ လိုက်ပါလာကြသည်။  ဤကား မိမိပြည်တွင်းသစ္စာဖောက်များ၏ ပင့်ဖိတ်မှု ကြောင့် ပြည်ပမှ အတိအလင်း စွက်ဖက်လာမှုပင်ဖြစ် သည်။ ထိုအချိန်တွင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် လက်ဝဲအယူဝါဒကို လက်ခံသော သောင်းကျန်းသူ အဖွဲ့အစည်းများသည် ပြည်ပကွန်မြူနစ်များ၏သြဇာကို နာခံနေသကဲ့သို့ ထိုင်းနိုင်ငံနယ်စပ်သို့ ရောက်ရှိနေ သော သောင်းကျန်းသူများ သည်လည်း အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (စီအိုင်အေ)နှင့် ထိုင်ဝမ် ထောက်လှမ်းရေးအဖွဲ့၊ တရုတ်ဖြူအကြွင်းအကျန်များ စသည့် အနောက်အုပ်စုဝင်နိုင်ငံများမှ ကိုယ်စားလှယ် များ၏ အကူအညီကို ရယူနေပြီဖြစ်သည်။
တော်လှန်ရေးကောင်စီအစိုးရသည် ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြားပြီး နောက်ပိုင်းတွင် ပြည်တွင်းသောင်းကျန်းသူများအား စစ်ရေးအရ ထိုးစစ် များ ဆင်နွှဲ၍ တိုက်ခိုက်ချေမှုန်းခဲ့သော်လည်း သောင်း ကျန်းသူအဖွဲ့အစည်းအားလုံးလိုလိုက ပြည်ပ ပယောဂ များကို ဖိတ်ခေါ်ပြီး အသက်ဆက်ကြလေရာ အမြစ် မပြတ်နိုင် ဖြစ်ခဲ့ရလေသည်။
တရုတ်ဖြူအကြွင်းအကျန်များ(၁။  ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ)
၁၉၄၉ ခုနှစ်၊ အောက်တိုဘာလတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကူမင်တန်အမှတ်(၈/၂၆)        တပ်မတော် အမှတ်(၉၃)တပ်မတို့သည် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၏ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာထွက်ပြေးရာမှ ၁၉၅ဝ ပြည့်နှစ်၊ ဇန်နဝါရီလဆန်းမှစ၍ မြန်မာနိုင်ငံတွင်တရုတ်ဖြူကျူးကျော်        မှုပေါ်ပေါက်လာခဲ့ရသည်။  မြန်မာအစိုးရသည်  ကေအမ်တီပြဿနာကို ကုလသမဂ္ဂတွင် အရေးဆို၍ နိုင်ငံရေးနည်းအရဖြေရှင်းသကဲ့သို့ တပ်မတော်ကလည်း စစ်ဆင်ရေးကြီးများ အကြိမ်ကြိမ်ဆင်နွှဲ၍ တိုက်ခိုက်ခဲ့သည်။ စစ်ဆင်ရေးများမှာ အောက်ပါ အတိုင်းဖြစ်သည်။
၁။       ၁၉၅၃ ခုနှစ်၊ မတ်လ၊ မဟာစစ်ဆင်ရေး (မိုင်းရှူး)
၂။       ၁၉၅၃ ခုနှစ်၊ မတ်လ၊ ဧပြီလ၊ နဂါးနိုင် စစ်ဆင်ရေး(မိုင်းတုံ၊ မိုင်းဆတ်)
၃။       ၁၉၅၃ ခုနှစ်၊ မတ်လ၊ ကျော်ထွန်းစစ်ဆင်ရေး
၎။       ၁၉၅၃ ခုနှစ်၊ ဇွန်လ၊ ကလူစစ်ဆင်ရေး
          (မော်ချီး)
၅။       ၁၉၅၃ ခုနှစ်၊ ဇူလိုင်လ၊ ကန်တော်ကြီးစစ်ဆင် ရေး၊ မုံးကြက်စစ်ဆင်ရေး(ကွတ်ခိုင်)
၆။       ၁၉၅၃ ခုနှစ်၊ သြဂုတ်လ၊ သမိန်စစ်ဆင်ရေး
၇။       ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလ၊ ချယ်ရီစစ်ဆင်ရေး (မော်ချီး)
၈။       ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလ၊ ကျိုင်းကာစစ်ဆင် ရေး (ကျိုင်းတုံ)
၉။       ၁၉၅၃ ခုနှစ်၊ ဒီဇင်ဘာလ၊ ရွှေတံတားစစ်ဆင် ရေး(မိုင်းပန်၊ စွတ်ပုန်)
၁ဝ။     ၁၉၅၃ ခုနှစ်၊ ဒီဇင်ဘာလ၊ သိင်္ဂီစစ်ဆင်ရေး
၁၁။     ၁၉၅၄ ခုနှစ်၊ ဘုရင့်နောင်စစ်ဆင်ရေး
၁၂။     ၁၉၅၅ ခုနှစ်၊ ရန်ကြီးအောင်စစ်ဆင်ရေး
၁၃။     ၁၉၆၁ ခုနှစ်၊ မဲခေါင်စစ်ဆင်ရေး
မဲခေါင်စစ်ဆင်ရေးကာလတွင် ကေအမ်တီ ကျူး ကျော်သူများအား အမေရိကန်နိုင်ငံ၏ ထောက်ခံ အားပေးကူညီမှုအထောက်အထားများကို တွေ့ရှိရ သဖြင့် ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကုလသမဂ္ဂသို့ ကန့်ကွက်တိုင်ကြားခဲ့ရသည်။ မဲခေါင် စစ်ဆင်ရေးကြီး ဆင်နွှဲပြီး နောက်ပိုင်းတွင် တရုတ်ဖြူ များ၏အင်အားမှာ များစွာလျော့ကျသွားသည်။ မြန်မာ နိုင်ငံနှင့် လောနိုင်ငံတို့၏ သုံးပွင့်ဆိုင်နယ်စပ်ဒေသ (ရွှေ တြိဂံဒေသ)တွင် ကေအမ်တီတပ်အကြွင်းအကျန်များ ခိုအောင်းနေရာ ယင်းတို့၏ လက်နက်၊ ရိက္ခာထောက်ပံ့ ရေးနှင့် တပ်များလေ့ကျင့်ရေးကို အမေရိကန် ဗဟို ထောက်လှမ်းအဖွဲ့(စီအိုင်အေ)က တာဝန်ယူ ထောက်ပံ့ ခဲ့သည်။ ထိုင်းနိုင်ငံနှင့် လောနိုင်ငံတို့ကလည်း မိမိတို့ ပြည်တွင်း ကွန်မြူနစ်နှိမ်နင်းရေးနှင့် အမြတ်ရရေးကို မျှော်ကိုး၍ ကေအမ်တီတပ်များ အခြေချနေထိုင်ခွင့်ပေး ခဲ့ရာ မြန်မာနိုင်ငံအတွင်း၌ သိသာစွာ လျော့ကျသွား ခဲ့သည်။
ကေအမ်တီများသည် ထိုင်ဝမ်အစိုးရ၏ အကူ အညီ၊ အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့(စီအိုင် အေ)၏ အကူအညီများအပြင် ဘိန်းလုပ်ငန်းကို အကြီး အကျယ်လုပ်ကိုင်ခြင်းဖြင့် မိမိတို့ရပ်တည်မှုကို ဖန်တီးခဲ့ ကြရသည်။ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးစုများ အား သိမ်းသွင်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တိုက်ခိုက်နိုင်ရန်လည်း ကြိမ်ဖန်များစွာ ကြိုးစားခဲ့ကြ သည်။ တူအန်ရှီဝမ်(Tuan Shi Wen ) ခေါင်းဆောင် သော အမှတ်(၅)တပ်မသည် အင်အား ၃၅ဝဝ ခန့်ရှိ ပြီး ထိုင်း၊ လောနယ်စပ်တစ်လျှောက်တွင် စခန်းများ ချ၍ နေသည်။ လီဝင်ဟွမ်(Li Wen Huan )၏ အမှတ် (၈) တပ်မတော်သည်လည်း ထိုင်းနိုင်ငံအတွင်းရှိ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် ထမ်ငုတ်မှ မဲဟောင် စွမ်အထိ တပ်စွဲထားသည်။
အမှတ်(၉၃) တပ်မကို လောလီ(Lao Lee) ခေါင်းဆောင်ပြီး အင်အား ၁၅ဝဝ ခန့်ဖြင့် ထိုင်းနိုင်ငံ၊ ချင်ရိုင်းပြည်နယ်တွင် အခြေချနေသည်။ မြန်မာနိုင်ငံ အတွင်း ရံဖန်ရံခါဝင်ရောက်လှုပ်ရှားသော အင်အားစု များမှာ တပ်မ (၃)မှ အင်အား ၂၅ဝ ခန့်နှင့် တပ်မ(၅)မှ အင်အား (၂၅ဝ)ခန့်တို့ဖြစ်သည်။ ထိုင်ဝမ်ထောက်လှမ်း ရေးအဖွဲ့ကို အမှတ်(၁) သီးခြားတပ်ဖွဲ့(သို့မဟုတ်) အမှတ် ၁၉/၂ဝ ထိုင်ဝမ်ထောက်လှမ်းရေးအဖွဲ့ဟုခေါ် ပြီး မာချင်ကူအို (Ma Ching Kuo) ခေါင်းဆောင်သည့် အင်အား ၁၄ဝဝ ခန့်ရှိသည်။ ယင်းအဖွဲ့မှ လူအင်အား ၇ဝဝ ခန့်သည် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လှုပ် ရှားလေ့ရှိသည်။
ကေအမ်တီတပ်များ၏ ရည်ရွယ်ချက်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအား ပြန်လည်တိုက်ခိုက်နိုင်ရေး အတွက် သတင်းစုဆောင်းပေးရန်၊ အခွင့်သာပါက တရုတ်နီတပ်များကို တိုက်ခိုက်ရန်၊ ကွန်မြူနစ်ဆန့်ကျင် ရေး လှုပ်ရှားမှုအတွက် ဗမာပြည်ကွန်မြူနစ်ပါတီ၏ သတင်းကိုစုံစမ်းတိုက်ခိုက်ရန်တို့ဖြစ်သည်။ ၁၉၆၈ ခုနှစ် တွင် ဗကပအရှေ့မြောက်ဒေသအဖြစ် စတင်ကျူးကျော် ဝင်ရောက်ချိန်မှစ၍ ဗကပနှင့် တရုတ်ဖြူများသည် မကြာခဏ တိုက်ပွဲဖြစ်ပွားလာသည်။ တရုတ်ဖြူများ သည် ဗကပကို လက်ခံသည့် သောင်းကျန်းသူ အဖွဲ့ အစည်းများမှလွဲ၍ ကျန်သောင်းကျန်းသူအဖွဲ့အစည်း အားလုံးနှင့် မဟာမိတ်ဖွဲ့ပြီး လိုအပ်သော အကူအညီ များ ပေးကမ်းခဲ့သည်။
သို့သော် စီးပွားရေးလုပ်ငန်းကို ဇောက်ချလုပ်ကိုင် ရာမှ ကေအမ်တီတရုတ်ဖြူများအတွင်း တရုတ်နီ ဆန့်ကျင်ရေးလုပ်ရပ်များမှာ မှေးမှိန်၍လာသည်။ စီးပွား ရေးတပ်များနှင့် ထိုင်းနိုင်ငံ၏ ခါးပိုက်ဆောင်တပ် အသွင်သို့လည်း တဖြည်းဖြည်း ပြောင်းလဲလာသည်။
ကယန်းပြည်သစ်ပါတီ
ကယားတိုင်းရင်းသားလူမျိုးစုတွင်ပါဝင်သော တောခိုလူမျိုးများသည် ကရင်ပြည်နယ် သံတောင်မြို့ နယ် မြောက်ပိုင်း၊ယာဒို၊ မောင်ကျော်၊ မောင်ပလော ဒေသများနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ဆူးပြောင်း၊ ဆီဘူးဒေသများ၊ ကယားပြည်နယ် အနောက်ပိုင်းဒေသများတွင် အခြေစိုက်၍နေထိုင်ကြသည်။ ကရင်တိုင်းရင်းသား လူမျိုးစုဝင် ဂေဘားအမျိုး သားများနှင့်နီးစပ်မှုရှိပြီး စကားလည်း ဆင်ဆင်တူသည်။ ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှုများမှာမူ ကယား လူမျိုးများဘက်သို့ နီးစပ်သည်။(၁။ တိုင်းရင်းသား ယဉ်ကျေးမှု ဓလေ့ထုံးစံများ (ကယား)။) ဂေခို၊ ပမဲ၊ ယင်းဘော် စသော လူမျိုးများမှာ နီးစပ်မှုရှိပြီး ပဒေါင်များနှင့်လည်း ရောနှောနေသည်။ ဂေခိုလူမျိုးများက ရံဖန်ရံခါတွင် ယင်းတို့ကို ကယမ်းများဟု ခေါ်ဆိုကြသည်။ ကမ်းယံ ဟူသော အသံထွက်နှင့်လည်း နီးစပ်သည်။
ရန်ကုန်တက္ကသိုလ်မှ ကျောင်းထုတ်ခံခဲ့ရသော စိန်းလူတာ(ခေါ်) ရွှေအေးသည် ၁၉၆၇ ခုနှစ်တွင် တောခိုပြီး ကယန်းပြည်သစ်ပါတီကို ထူထောင်ခဲ့    သည်။ သံတောင်မြောက်ခြမ်း မောင်ကျော်၊ မောင် ပလောဒေသတွင် ဝင်ရောက်စည်းရုံးရာ ကျေးကတော့ ရွာမှ အိုက်ကဖြူ(အသေမိ)နှင့်သန်းချညီအစ်ကို အပါ အဝင် လူငယ်လူရွယ်များသည် ကယန်းပြည်သစ်ပါတီ တွင် ပါဝင်လာကြသည်။ ရွှေအေးက ဥက္ကဋ္ဌနှင့် နိုင်ငံ ရေးတာဝန်ခံအဖြစ် ဆောင်ရွက်ပြီး အိုက်ကဖြူက စစ်ရေးနှင့် စည်းရုံးရေးကို တာဝန်ယူ၍ အတွင်းရေး မှူးအဖြစ် ဆောင်ရွက်သည်။ မောင်နီနှင့် ဦးဒွေးမှာ စည်းရုံးရေးမှူးများဖြစ်သည်။ ယင်းတို့အား ကေအင်န် ယူက လက်နက်တပ်ဆင်ပေးသော်လည်း ရိုင်ဖယ်၊ စတင်းနှင့် ဘရင်း နှစ်လက်သာဖြစ်သည်။ (၂။ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ စာရွက်စာတမ်းများ) ကယန်းပြည် သစ်ပါတီသည် ကယားပြည်နယ် လွတ်မြောက်ရေးကို ကြွေးကြော်သော်လည်း ကရင်နီအမျိုးသားတိုးတက်ရေး ပါတီနှင့်မူ ညီညွတ်ခြင်းမရှိပေ။
မီဇိုသောင်းကျန်းသူ
အိန္ဒိယနိုင်ငံရှိ မီဇိုတောင်တန်းသည် မြန်မာနိုင်ငံရှိ ချင်းပြည်နယ်နှင့် ဆက်စပ်လျက်ရှိသည်။ မီဇိုနယ်မြေ သည် စတုရန်းမိုင် ၈ဝဝဝ ခန့် ကျယ်ဝန်းပြီး လူများ စု ၉၉ ရာခိုင်နှုန်းမှာ လူရိုင်းနာဂများဖြစ်သည်။ ယင်း တို့ကို ၁၉၄၇ ခုနှစ်မတိုင်မီက လူရှည်နာဂ၊ လူရိုင်း လူမျိုး စသည်ဖြင့် ခေါ်ဝေါ်ခဲ့ရာမှ နောက်ပိုင်းတွင် မီဇိုလူမျိုးဟု ခေါ်လာကြသည်။ မီဇိုယူနီယန်(Mizo Union) ခေါ် နိုင်ငံရေးအသင်းအဖွဲ့သည် မီဇိုများ လွတ်လပ်ရေးရရှိပါက  မြန်မာနိုင်ငံ၊  သို့မဟုတ် ပါကစ္စတန်နိုင်ငံနှင့်ပေါင်းရန်  ရည်ရွယ်ချက်ထားရှိခဲ့ ဖူးသည်။ ခေါင်းဆောင်ဖြစ်သော ပါချန်ငါး၊ အင်ခိုငါးနှင့် စပ်ပလောငါးတို့သည် ၁၉၄၆ ခုနှစ်တွင် အိန္ဒိယအစိုး ရနှင့် ဆွေးနွေးရာ အင်ခိုငါးနှင့် စပ်ပလောငါးတို့သည် အစိုးရဘက် ပါသွားခဲ့သည်။ ထိုနှစ်တွင်ပင် လာလ်ဒင်း ငါးသည် ခေါင်းဆောင်ဖြစ်လာပြီး (United Mizo Freedom)ကို ဖွဲ့စည်း၍ မြန်မာနိုင်ငံလွတ်လပ်ရေးရ ပါက ပေါင်းစည်းရန် ကြံစည်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် လာလ်ဒင်းငါးသည် အရေးပိုင်ဖြစ်လာပြီး ကေမန်လျံနားအား ရန်ကုန်မြို့သို့ ကိုယ်စားလှယ်အဖြစ် စေလွှတ်၍ အိန္ဒိယမီဇိုတောင်တန်းနှင့် မြန်မာနိုင်ငံ ပူးပေါင်းရန် ဖဆပလအစိုးရနှင့် ဆွေးနွေးခဲ့သည်။ သို့သော် အောင်မြင်မှု မရခဲ့ပေ။
၁၉၄၈ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် အိန္ဒိယ နိုင်ငံ လွတ်လပ်ရေးရရှိခဲ့ရာ ယူနိုက်တက်မီဇိုဖရီးဒမ်း အဖွဲ့က ကန့်ကွက်ပြီး သီးခြားလွတ်လပ်သော မီဇိုပြည် နယ် ရရှိရန် တိုက်ပွဲဝင်ခဲ့သည်။ လာလ်ဒင်းငါးသည် ၁၉၆၂ ခုနှစ်တွင် မီဇိုပြည်နယ် တောင်းဆိုရာ မရရှိ သဖြင့် ၁၉၆၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မီဇိုအမျိုးသားတပ်ဦး (Mizo National Front) (M.N.F)ဖွဲ့စည်း၍ လက်နက်ကိုင်ပြီး အတိအလင်း ပုန်ကန်တော့သည်။ ၁၉၆၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် လာလ်ဒင်းငါး၏ မီဇိုအမျိုးသားတပ်ဦး သည် အိန္ဒိယနိုင်ငံ မြို့ကြီးများဖြစ်သော အိုက်ဂျောမြို့၊ လုံလဲမြို့က၊ ကျန်ဖိုင်မြို့များကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ သည်။
သို့သော် အိန္ဒိယအစိုးရတပ်များက အလုံးအရင်း ဖြင့် အင်အားသုံးပြီး တိုက်ခိုက်ရာ မီဇိုသူပုန်များ အကျ အဆုံးများစွာဖြင့် ဆုတ်ခွာရပြီး မြို့ကြီးများကို လက် လွှတ်လိုက်ရသည်။ မီဇိုသူပုန်များသည် မြန်မာနိုင်ငံ တွင်းသို့ ထွက်ပြေးတိမ်းရှောင်လာပြီး ဖလမ်းမြို့နယ်၊ မတူပီမြို့နယ်၊ ပလက်ဝမြို့နယ်၊ ဟားခါးမြို့နယ်နှင့် တီးတိန်မြို့နယ် များတွင် ဝင်ရောက်ခိုအောင်းလာကြသည်။ ထို့နောက် ၁၉၆၈ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှစ၍  ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်များတွင် ငွေတိုက်များနှင့် ကုန်သွယ်ရေးဂိုဒေါင်များကိုဖောက်၍ ငွေကြေး၊ လက်နက်ခဲယမ်းနှင့် အဝတ်အစား၊ စားရေရိက္ခာများ လုယက်ယူငင်ခဲ့ကြသည်။ ထို့ကြောင့် တပ်မတော်က မီဇို သောင်းကျန်းသူများအား စစ်ဆင်ရေးများဖြင့် တိုက်ခိုက် နှိမ်နင်းရတော့သည်။
မီဇိုများသည် မြန်မာနိုင်ငံတွင်းမှ ဆုတ်ခွာထွက် ပြေးကြပြီး အရှေ့ပါကစ္စတန်နိုင်ငံ(ယခု ဘင်္ဂလားဒေ့ရှ်) အတွင်းသို့ တိမ်းရှောင်ကြပြန်သည်။ ထို့နောက် ၁၉၆၈ ခုနှစ်၊ စက်တင်ဘာလတွင် အိန္ဒိယမြန်မာ နယ်စပ် ချောင်းစပ်ချောင်းနံဘေးရှိ ချွန်ချမ်းရွာနှင့် အရှေ့ ပါကစ္စတန်နိုင်ငံသည် မီဇိုသောင်းကျန်းသူများအား လက်ခံ၍ လက်နက်ခဲယမ်းများ ထောက်ပံ့ကူညီခဲ့သည်။ တပ်မတော်သည် မြန်မာနိုင်ငံအတွင်းသို့ ကျူးကျော် ဝင်ရောက်၍ ရမ်းကားလေ့ရှိသော မီဇိုသောင်းကျန်းသူ များအား မကြာခဏ တိုက်ခိုက်မောင်းထုတ်နေရလေ သည်။
ချင်းသောင်းကျန်းသူလှုပ်ရှားမှုပေါ်ပေါက်လာခြင်း(၁။ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ စာရွက်စာတမ်းများ။)
တော်လှန်ရေးကောင်စီ အစိုးရတက်ရောက်လာသောအခါ ချင်းတောင်မှ အမတ်များသည် ယင်းတို့၏ ရာထူးနှင့် အခွင့်အရေးများ ဆုံးရှုံးကြရသောကြောင့် မကျေမနပ်ဖြစ်ခဲ့ကြသော်လည်း ဟန်မပျက် နေထိုင်ခဲ့ ကြသည်။ ၁၉၆၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ကုန်စုံ ဆိုင်နှင့် စတိုးဆိုင်ကြီးများကို ပြည်သူပိုင်သိမ်းသောအခါ ယင်းတို့၏ အပေါင်းပါစီးပွားရေးသမားများက မြှောက် ပင့်ပေးသဖြင့် တော်လှန်ရေးအစိုးရအား ကွန်မြူနစ် အစိုးရဟု သတ်မှတ်ကာ ကွန်မြူနစ်ဝါဒတိုက်ဖျက်ရေး၊ ဒီမိုကရေစီစနစ်ဖြင့် ပြန်လည်အုပ်ချုပ်ရေးတို့အတွက် လှုပ်ရှားနိုင်ရန် အိန္ဒိယနိုင်ငံမှ အကူအညီရရှိရေးကို ကြိုးပမ်းလာကြသည်။ ၁၉၆၄ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ကျပ်ငါးဆယ်တန်နှင့် ကျပ်တစ်ရာတန် ငွေစက္ကူများကို တရားမဝင်ကြေညာသောအခါတွင် လည်း  ချင်းတောင်အမတ်များ၊  နယ်စပ်မှောင်ခို ကုန်သည်ကြီးများနှင့် တပ်မတော်အငြိမ်းစားအရာရှိ ချင်းအမျိုးသားများမှာ မကျေမနပ်ဖြစ်လာကြသည်။
၁၉၆၄ ခုနှစ်၊ ဧပြီလ ၂၈ ရက်တွင် ချင်းလူမျိုးစု လွှတ်တော်အမတ်ဟောင်း ဟားခါးမှ ဦးဟရန်နောနှင့် အဖွဲ့ဝင်နှစ်ဦးသည် ဟားခါးမှ အိန္ဒိယနိုင်ငံ ချန်ဖီသို့ သွားရောက်ခဲ့ကြသည်။ ယင်းမှတစ်ဆင့် ကာလကတ္တား ရှိ အမေရိကန်ကောင်စစ်ဝန်နှင့် တွေ့ဆုံအကူအညီ တောင်းခဲ့သည်။ အမေရိကန်ကောင်စစ်ဝန်က မြန်မာ နိုင်ငံ ကွန်မြူနစ်ကျင့်သုံးပါက အကူအညီပေးမည်ဖြစ် ပြီး ချင်းလူထုအား စည်းရုံးရန် ပြောကြားခဲ့သည်။ ဦးဟရန်နောတို့သုံးယောက်သည် ၁၉၆၄ ခုနှစ်၊ မေလ ၂၅ ရက်တွင် ဟားခါးသို့ ပြန်လည်ရောက်ရှိပြီး ချင်း လူထုကို စည်းရုံးခဲ့သည်။
၁၉၆၄ ခုနှစ်၊ ဇွန်လ ၄ ရက်တွင် တီးတိန်အမတ် ဟောင်း ဦးဆွမ်ကျင်လျန်နှင့် ဦးဒန်ခိုဟော (ကျောင်း ဆရာ)တို့ခေါင်းဆောင်၍ နောက်လိုက်ငါးဦးအပါအဝင် စုစုပေါင်း   ခုနစ်ဦးသည်   အိန္ဒိယနယ်စပ်သင်းဝတ် မှ အင် ဖား သို့ ထွက် ခွာ သွား ခဲ့ ကြ ပြန် သည်။ ထို့နောက်  တစ်ဦးချင်း  ထပ်မံ၍လိုက်သွားကြပြန်သည်။
(က)    ၄-၆-၆၄ ရက်နေ့ အိန္ဒိယနိုင်ငံသွားအဖွဲ့
          (၁)     ဦးဆွမ်ကျင်လျန်
                   (ချင်းလူမျိုးစုအမတ်ဟောင်း)
          (၂)     ဦးဒန်ခိုဟော(ကျောင်းဆရာ)
          (၃)     လျင်ခင်ထွန်(ကားဒရိုင်ဘာ)
          (၄)     သွဇလျန်(ဇမ်းပီးရွာလူကြီး)
          (၅)     ထွာဇင်(တပ်ကြပ်ဟောင်း)
          (၆)     ထန်ကျင်တီးအို(လိုင်လို့ရွာသား)
          (၇)     အမ်းခန့်ထန်
(ခ)     အိန္ဒိယနိုင်ငံသွား ဒုတိယအဖွဲ့
          (၁)     ဟောက်ရှမ်း(၇-၁ဝ-၆၄တွင်ဖမ်းမိ)
          (၂)     ရိုဇကပ်
          (၃)     ဂင်ကျင်ပေါက်
          (၄)     ကန်ခင်ကပ်
          (၅)     နိမ်ခေါအင်း
          (၆)     တောင်ခင်ခမ်း
                   (ကျောင်းသား၊ ကလေးမြို့)
အထက်ပါအဖွဲ့နှစ်ဖွဲ့သည် ချရာချန်ပူမြို့တွင် ရောက်ရှိပူးပေါင်းနေထိုင်ကြစဉ် ၁၉၆၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့၌ အင်ဖားမှ လာရောက်ခေါ်ယူသော စုံထောက်သုံးဦးနှင့် လိုက်ပါသွားပြီး ဆွမ်ကျင်လျန်နှင့် ဒမ်ဟိုဟောတို့နှစ်ယောက်သည် ဇွန်လ ၂၁ ရက်တွင် တိုင်းမင်းကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ တိုင်းမင်း ကြီးက အိန္ဒိယအစိုးရအား တင်ပြပေးမည်ဟု ကတိပြု ပြီး လောလောဆယ်တွင် နယ်စပ်မှ ၂၅ မိုင်အတွင်း၌ သာ နေထိုင်ကြရန် ပြောကြားခဲ့သည်။
ဆွမ်ကျင်လျန်တို့လူစု အင်ဖားတွင် ရောက်ရှိနေစဉ် ချင်းတောင်မှ ဦးရာမုန်း(ချင်းရေးရာဝန်ကြီး ဟောင်း)သည် ဇွန်လ ၁၉ ရက်တွင်လည်းကောင်း၊ ဦးရိုထန် (တစ်သီးပုဂ္ဂလအမတ်ဟောင်း၊ ဟားခါး)သည် ဇွန်လ ၂၃ ရက်တွင်လည်းကောင်း၊ ဦးဆွမ်ခိုပေါင် (အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး)သည်လည်းကောင်း အိန္ဒိယနိုင်ငံသို့ ထပ်မံဝင်ရောက်သွားကြသည်။ ဦးရာမုန်း နှင့်ဦးရိုထန်သည် အိန္ဒိယနိုင်ငံတွင် နိုင်ငံရေးအရခိုလှုံခွင့်တောင်းပြီး နောက် သတင်းပျောက်ကွယ်သွား  ကြသည်။  ချင်းလူမျိုးရေးလှုပ်ရှားမှုကို  ဟားခါး အမတ်ဟောင်း ဦးဟရန်နော၊ တီးတိန်အမတ်ဟောင်း ဦးဆွမ်ကျင်လျန်၊ ဦးဆွမ်ခိုပေါင်၊ ဦးဒမ်ကိုဟောနှင့် ထွာဇင်တို့က ဦးဆောင်ခဲ့ကြသည်။
ဦးဟရန်နောတို့အဖွဲ့က တော်လှန်ရေးအစိုးရသည် ကွန်မြူနစ်အစိုးရဖြစ်သဖြင့် တိုင်းရင်းသားများ ဘာသာစုံကိုးကွယ်ခွင့်ရတော့မည်မဟုတ်ဟု ဝါဒဖြန့်   ပြီး ပြည်သူပိုင်သိမ်းမှု၊ ကျပ်တစ်ရာတန်၊ ကျပ်ငါးဆယ် တန် တရားမဝင်ကြေညာပြီး ငွေမည်းဖော်ထုတ်မှုတို့ကို ရှုတ်ချခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို မယုံ ကြည်ဘဲ  ပါလီမန်ဒီမိုကရေစီစနစ်ကိုသာနှစ်သက် သည်ဟုလည်းဆိုသည်။ ယင်းတို့သည် အိန္ဒိယမှလက်နက် အကူအညီ မရပါက ပါကစ္စတန်၊ ထိုင်းနှင့် အမေရိကန် နိုင်ငံများမှ အကူအညီတောင်းခံရန် ရည်ရွယ်ခဲ့ကြသည်။ ချင်းတောင်ကို သိမ်းပိုက်ပြီးပါက ကလေးမြို့နယ်၊ ဂန့်ဂေါ မြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်နှင့် စေတုတ္တရာ မြို့နယ်များကိုပါ သိမ်းပိုက်မည်ဟု ဝါဒဖြန့်ခဲ့ကြသည်။ ချင်းခေါင်းဆောင်များသည်မီဇိုခေါင်းဆောင် လာလ်ဒင်းငါးနှင့်လည်း တွေ့ဆုံခဲ့ကြသည်။
ချင်းဆူပူရေးသမားများသည် အိန္ဒိယနိုင်ငံမှ အကူ အညီရရှိရေးအတွက် ကြိုးစားရာတွင် တော်လှန်ရေး အစိုးရသည် ကွန်မြူနစ်ဖြစ်သဖြင့် မကြာမီ မြန်မာနိုင်ငံ အား တရုတ်နီကို သိမ်းပိုက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ တရုတ်နီသည် မြန်မာနိုင်ငံကို ခြေကုပ်ယူ၍ အိန္ဒိယကို တိုက်ခိုက်လိမ့်မည်ဖြစ်ကြောင်း လှည့်ဖြား၍ ဝါဒဖြန့်ချိ ခဲ့သည်။ အိန္ဒိယပြည်ကျန်ဖိုင်(အာရ်တီ-၇၆၉၇)မြို့ရှိ လူရှိုင်းရပ်ကွက်တွင် ချင်းလှုပ်ရှားမှုခေါင်းဆောင် ဦးဟရန်နော၊ ဦးဆွမ်ကျင်လျန်၊ ဆွမ်ခိုပေါင်၊ ရိုထန်၊ ဒမ်ခိုဟော၊ မန်တိန်း၊ ကျာလဟောက်၊ ဖဲလားတို့သည် ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်မှ ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်အထိ ဆွေးနွေးကြပြီး အမေရိကန်ပြည်ထောင်စ သို့ အကူအညီတောင်းခံနိုင် ရေးအတွက် လူကိုယ်တိုင်သွားရောက်ရန် ဦးဟရန်နော နှင့် ဦးဆွမ်ကျင်လျန်တို့ကို ရွေးချယ်ခဲ့သည်။ ယင်းတို့ နှစ်ယောက်သည် အောက်တိုဘာလ ၂၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ကျန်ဖိုင်မှတစ်ဆင့် အိုက်ဇော(အိုက်ဂျော) သို့ ထွက်ခွာသွားကြသည်။
ချင်းသောင်းကျန်းသူများသည် ကျေးရွာများတွင် လူစာရင်းကောက်ယူပြီး ရာထူးများ ခန့်အပ်ကာ လူ အင်အား ၉၁ ယောက်ဖြင့် ချင်းတပ်ရင်းတစ်ရင်း ဖွဲ့ စည်းကြသည်။ ချင်းတပ်ရင်းတွင် အေ၊ ဘီ၊ စီ၊ ဒီ တပ်ခွဲ (၄)ခွဲနှင့် အုပ်ချုပ်မှုတပ်ခွဲပါဝင်ပြီး တပ်ခွဲမှူးများကို ဗိုလ်ကြီးအဆင့် သတ်မှတ်သည်။ ဗိုလ်၊ ဒုတိယဗိုလ်၊ အရာခံဗိုလ်၊ တပ်ကြပ်ကြီးများလည်းခန့်အပ်သည်။ တပ်ရင်းမှူးကို ဒုတိယဗိုလ်မှူးကြီး၊ ဒုတိယတပ်ရင်းမှူး ကို ဗိုလ်မှူး စသည်ဖြင့်ခန့်အပ်ပြီး ဦးစီးအဖွဲ့ဝင်ရှစ်ဦး ပါဝင်သည်။ ဗဟိုဌာနချုပ်တွင်(Burma National Liberation Council) (BNLC)ကိုဖွဲ့စည်းထားပြီး ဒုတိယ ဥက္ကဋ္ဌမှာ ဦးဆွမ်ကျင်လျန်၊ အထွေထွေအတွင်းရေးမှူးမှာ ဦးဒမ်ကိုဟော ဖြစ်သည်။ ဥက္ကဋ္ဌမှာ ဦးဟရန်နောပင် ဖြစ်သည်။
ချင်းတပ်ရင်းကို ပထမပိုင်းတွင် (Chin National Defence Army) (CNDA)ခေါ် ချင်းအမျိုးသားကာကွယ် ရေးတပ်မတော်ဟု သုံးစွဲသော်လည်း နောက်ပိုင်းတွင် (Burma National Liberation Army) (BNLA) မြန်မာ့အမျိုးသား လွတ်မြောက်ရေးတပ်မတော် ဟုခေါ်ဝေါ်သုံးစွဲသည်။ စည်းရုံးရေးအဖွဲ့ လေးဖွဲ့နှင့် တိုက်ခိုက်ရေးအဖွဲ့တစ်ဖွဲ့ကိုလည်း ဖွဲ့စည်းသည် -
(က)    ဦးဒမ်ကိုဟောနှင့်အဖွဲ့              တမူးမြို့နယ်
                                                စည်းရုံးရေး
(ခ)     ဦးဆွမ်ကျင်လျန်နှင့်အဖွဲ့           တီးတိန်မြို့နယ်
                                                စည်းရုံးရေး
(ဂ)     ဦးရိုထန်နှင့်အဖွဲ့                     ဖလမ်းမြို့နယ်
                                                စည်းရုံးရေး
(ဃ)    ဦးဟရန်နောနှင့်အဖွဲ့               ဟားခါးမြို့နယ်
                                                စည်းရုံးရေး
(င)     ထွာဇင်နှင့်အဖွဲ့                     တိုက်ခိုက်ရေး
                                                တာဝန်
ချင်းသောင်းကျန်းသူအဖွဲ့တွင် လူအင်အား ၈၇ ယောက်ရှိသည့်အနက် ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်တွင် တီးတိန်မြို့နယ်၊ ဇမ်းပီး(အာရ်အို ၉၃၂၈) ၌ ရဲတပ်ဖွဲ့ကတိုက်ခိုက်ရာ ၂၅ ယောက်ဖမ်းဆီးရမိခဲ့ သည်။ ထွာဇင်သည် အိန္ဒိယနိုင်ငံမှ (Baite National Council) နှင့်ဆက်သွယ်၍ ဘရင်း ၃ လက်၊ ပွိုင့် ၄၅ ပစ္စတို    လက်၊  ရိုင်ဖယ်    လက်ရရှိခဲ့သည်။  ရဲရန်အောင် စစ်ဆင်ရေးတွင် ဘရင်း ၃ လက်၊ ရိုင်ဖယ် ၄ လက်၊ တူမီး ၁ လက်၊ ၃ဝ၃ ကျည် ၁၆၅ တောင့်၊ လက်ပစ်ဗုံး ၁ လုံး ရဲတပ်ဖွဲ့ကသိမ်းဆည်းရမိခဲ့သည်။ ထွာဇင်သည် အိန္ဒိယနိုင်ငံ ဖဲရွာနှင့်ကွန်ရှီးရွာ၊ သင်းဝမ်ရွာတို့တွင် လူ ၁ဝဝ ခန့်တို့ကို လေ့ကျင့်ပေးခဲ့သည်။ မိမိတပ်မတော်က  ဦးဟရန်နောတို့အား  အိန္ဒိယသို့ လူလွှတ်၍ခေါ်သော်လည်း   ပြန်လာရန်မျက်နှာပူသော ကြောင့်ဟုဆိုကာ မလာတော့ပါ။  ချင်းဦးစီး  ဥက္ကဋ္ဌ ဦး ဆန်ခိုလျန်နှင့်အဖွဲ့သည် ၁၉၆၄ ခုနှစ်၊ ဇူလိုင်လ  ၁၇  ရက်တွင်  ထွာဇင်တို့ အဖွဲ့နှင့် လွိုင်လိုရွာအနီး Suawg Kha တွင် ဆွေးနွေးခဲ့သည်။
ဇူလိုင်လ ၂၆ ရက်တွင် ဗိုလ်မှူးကြီးဗန်ကူးသည် လန်ဇမ်ရွာသို့ရောက်ရှိလာပြီး ထွာဇင်အားတွေ့ဆုံ ဆွေးနွေး၍ ရှင်းလင်းပြောကြားခဲ့သည်။
ချင်းခေါင်းဆောင်များမှာ တွေ့ဆုံဆွေးနွေးရေး အပြီးတွင် လက်နက်ပုန်းများကိုဝှက်ထားခဲ့ကြသည်။ ဖလမ်းမြို့မှ ရဲဒုညွှန်ကြားရေးမှူးတစ်ဦးက ဦးစီး၍ ပြည်သူ့ရဲတပ်ဖွဲ့ တပ်စုနှစ်စုသည် ရဲရန်အောင်စစ်ဆင် ရေးအမည်ဖြင့် ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၁ဝရက်မှ ၂၄ ရက်အထိ ချင်းတောင်တွင် စစ်ဆင် ရှင်းလင်းခဲ့သည်။ ၁၉၆၄ ခုနှစ်မှ ၁၉၆၅ ခုနှစ်အတွင်း ချင်းသောင်းကျန်းသူ ၄၉ ယောက်ဖမ်းမိပြီး ၈၁ယောက် အလင်းဝင်လာရာ ဦးဟရန်နောသည် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားခဲ့သည်။ အိန္ဒိယနိုင်ငံအစိုးရက ဦးဟရန်နောကို ဖမ်းဆီးတရားစွဲဆို၍ ထောင်ဒဏ် ၅နှစ်ချမှတ်လိုက်လေရာ ချင်းသောင်းကျန်းမှုမှာ လုံးဝချုပ်ငြိမ်းသွားရလေသည်။
Share this article :

0 comments:

Post a Comment

 
ဆက်သွယ်ရန် mmpolitical2013@gmail.com :
Template Modify by Creating Website Myanmar Political Research Organization