Home » » အခန်း(၅) ပြည်တွင်းသောင်းကျန်းမှုအဆိုးရွားဆုံးကာလ

အခန်း(၅) ပြည်တွင်းသောင်းကျန်းမှုအဆိုးရွားဆုံးကာလ



ပြည်တွင်းသောင်းကျန်းမှုအဆိုးရွားဆုံးကာလ

ကရင်သောင်းကျန်းမှုအတိအလင်းပေါ်ပေါက်လာခြင်း
          ဖဆပလအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်ဖြစ်သူ ဦးနု သည် ကရင်အရေးနှင့်ပတ်သက်၍ အတတ်နိုင်ဆုံး လိုက်လျောခဲ့သည်။ အတတ်နိုင်ဆုံးပြေပြစ်စွာဆက်ဆံ ခဲ့သည်။ ကရင်စစ်ရဲများ၏ ပုန်ကန်သောင်းကျန်းမှုနှင့် ပတ်သက်၍လည်း အတတ်နိုင်ဆုံးမသိကျိုးကျွန်ပြုနေခဲ့သည်။ ကေအင်န်ယူအဖွဲ့ကလည်း ပြည်တွင်းစစ်ကို ရှောင်ရှားလျက်ရှိကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ကို မကျင့်သုံးကြောင်း ကြေညာချက်များ၊ ဆုံးဖြတ်ချက်များ ဖြင့် ပြသခဲ့သည်။ သို့သော် ကရင်လက်နက်ကိုင်များ၏ အပြုအမူများမှာ စောဘဦးကြီး၏ချစ်ကြည်ရေးထမင်း စားပွဲမိန့်ခွန်းနှင့်  လုံးဝဆန့်ကျင်လျက်ရှိနေသည်။ ထို့ကြောင့် ကေအင်န်ယူအဖွဲ့၏သဘောထားကြေညာ ချက်များမှာ အစိုးရအား အယုံသွင်းသည့် အပြုအမူမျိုး ဟုသာ ဆိုရပေမည်။

          ကေအင်န်ယူအဖွဲ့၏တောင်းဆိုချက်ကိုလည်း ဖဆပလအစိုးရအနေနှင့် လိုက်လျောနိုင်ခြင်းမရှိခဲ့ပေ။ ကေအင်န်ယူအဖွဲ့က တောင်းဆိုသောသီးခြားကရင် ပြည်နယ်မှာ သံလွင်ခရိုင်(ဖာပွန်၊ ဘားအံနယ်များ၊ လက်ရှိ ကရင်ပြည်နယ်)၊ တနင်္သာရီတိုင်း၊ (သထုံ၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်ခရိုင်များ)၊ မြစ်ဝကျွန်းပေါ် ဒေသ၊ တောင်ငူခရိုင်နှင့်သံတောင်နယ်သာမက ကရင် နီနယ်(ယခု ကယားပြည်နယ်) ပင်ပါဝင်လေရာ အောက် မြန်မာပြည်တစ်ခုလုံးပင်ဖြစ်နေသည်။
          ကရင်စစ်ရဲတပ်များ၏ ပုန်ကန်ထကြွမှုနှင့် ကေ အင်န်ဒီအိုတို့၏ လှုပ်ရှားမှုကို တပ်မတော်မှ ကရင်တပ် ရင်းများက သိသာစွာအကူအညီပေးလာကြသည်။ သို့နှင့် ၁၉၄၈ခုနှစ်ကုန်ဆုံးသွားပြီး ၁၉၄၉ခုနှစ်စတင် သည်နှင့် ကရင်လက်နက်ကိုင်တပ်များမှာ အတိအလင်း ပုန်ကန်တိုက်ခိုက်လာကြသည်။ ကေအင်န်ဒီအိုတို့သည် ၁၉၄၉ခုနှစ် ဇန်နဝါရီလမှာပင် ထန်းတပင်(တောင်ငူ ခရိုင်)၊ ဖြူးနှင့် တောင်ငူတို့ကို စတင်တိုက်ခိုက်တော့ သည်။ တောင်ငူတွင်ရှိနေသော ကရင်သေနတ်ကိုင် တပ်ရင်း(၁)က အစိုးရအားသစ္စာဖောက်၍ ကေအင်န်ဒီ အိုတို့နှင့် ပူးပေါင်းတိုက်ခိုက်သည်။ သို့နှင့်တောင်ငူမြို့ သည် ၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ ၂၇ရက်တွင် ကရင် သောင်းကျန်းသူများလက်သို့ကျရောက်သွားရတော့ သည်။ (၁။  ဗိုလ်မှူးကြီးဟောင်း တင်မောင်၏ တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် စာမျက်နှာ ၁၁၇။) ဖြူး၊ အုတ်တွင်း၊ ထန်းတပင်စသည့်မြို့များမှာ လည်း ကေအင်န်ဒီအိုတို့သိမ်းပိုက်ခြင်းကိုခံလိုက်ရသည်။
          တောင်ငူကျသွားပြီး  နောက်တစ်နေ့ဖြစ်သည့် ၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက်တွင် ပုသိမ်ကို  လက်နက်ကိုင်တပ်များက စတင်တိုက်ခိုက်ပြန်သည်။ ဗိုလ်ချုပ်နေဝင်းသည်  ပျဉ်းမနားတွင်ရှိနေသော တပ်ရင်း(၄)ကို ပုသိမ်နှင့်မအူပင်သို့ ဖြန့်ခွဲစေလွှတ် ရသည်။ ပုသိမ်တွင် ဗိုလ်စံကြည် (နောင်တွင် ဗိုလ်မှူးကြီး တိုင်းမှူး) နှင့် ဗိုလ်မင်းသိမ်း (နောင်တွင် ဗိုလ်မှူးကြီး) တို့က ကရင်တပ်များအား တပ်ခွဲတစ်ခွဲတည်းဖြင့် ခုခံ တိုက်ခိုက်ခဲ့ရသည်။ (၂။   ဒေါက်တာမောင်မောင်၏မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စာမျက်နှာ ၃ဝ၄။)
          ကေအင်န်ဒီအိုများသည် အင်းစိန်တွင် လက်နက် သိမ်းပြီးနောက် ၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ ၁ရက် ကတည်းက စတင်လှုပ်ရှားလာကြသည်။ အင်းစိန်တွင် ကရင်တပ်များ၏အင်အားမှာ တောင့်တင်းလှသည်။ ဇန်နဝါရီလ ၃ဝရက်တွင် အင်းစိန်တစ်ဝိုက်ရှိ သမိုင်း၊ ခဝဲခြံ၊ စော်ဘွားကြီးကုန်းစသောဆင်ခြေဖုံးရပ်ကွက်များ တွင် တိုက်ပွဲများစတင်ဖြစ်ပွားလာတော့သည်။ အစိုးရ သည်လည်း တပ်မတော်အတွင်းမှ ကရင်အရာရှိကြီးများ အား ယုံကြည်မှုမရှိတော့ပေ။ ထို့ကြောင့် ၁၉၄၉ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်တွင် စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ် စမစ်ဒွန်းအားနုတ်ထွက်စေပြီး ဗိုလ်ချုပ်နေဝင်းအား စစ်ဦးစီးချုပ်အဖြစ်ခန့်အပ်လိုက်သည်။ ကရင်အရာရှိ နှင့်တပ်သားများကိုလည်း လက်နက်များသိမ်း၍ ခွင့် ရက်ရှည်များပေးကာ အနားယူစေရန် စီစဉ်ခဲ့သည်။ ဗိုလ်ချုပ်နေဝင်း၏ရာထူးအဆင့်ကိုလည်း လက်ဖတင် နင်ဂျင်နရယ်အဖြစ် ခန့်အပ်လိုက်သည်။ စစ်ရဲတပ်များ နှင့် ရဲအဖွဲ့ကိုလည်း ဗိုလ်ချုပ်နေဝင်း၏ ကွပ်ကဲမှု အောက်တွင် ထားလိုက်သည်။ ဗိုလ်ချုပ်နေဝင်းသည် အစိုးရသစ္စာခံ လက်နက်ကိုင်တပ်မျိုးစုံကိုကွပ်ကဲ၍ ရောင်စုံသောင်းကျန်းသူများကို ခုခံတိုက်ခိုက်ရတော့၏။
          ၁၉၄၉ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်တွင် အင်းစိန် ကို ကေအင်န်ဒီအိုများက သိမ်းပိုက်လိုက်သည်။ ဖေဖော် ဝါရီလ ၅ရက်တွင်ကား ပြည်မြို့တွင်ရှိနေသော ကရင် သေနတ်ကိုင်တပ်ရင်း(၂)ကပုန်ကန်သဖြင့် ပြည်မြို့ သည်လည်းသောင်းကျန်းသူတို့လက်သို့ကျရောက်သွား ပြန်သည်။ ကရင်သေနတ်ကိုင်တပ်ရင်း (၂) သည် အင်းစိန်တွင် အင်အားဖြည့်၍ ရန်ကုန်မြို့အားသိမ်း ပိုက်နိုင်ရန် ထရပ်ကားအစီး ၁၈ဝဖြင့် ပြည်-ရန်ကုန် ကားလမ်းအတိုင်းစုန်ဆင်းချီတက်လာကြသည်။(၁။  ဒေါက်တာမောင်မောင်၏မြန်မာ့နိုင်ငံရေးခရီးနှင့်ဗိုလ်ချုပ်ကြီးနေဝင်း စာမျက်နှာ ၃၁၄။)
          ကရင်သောင်းကျန်းသူများနှင့် တပ်မတော်တို့ နေရာအနှံ့အပြားတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွား နေစဉ်မှာပင် ၁၉၄၉ခုနှစ်၊ ဖေဖော်ဝါရီလ ၇ရက်တွင် ရန်ကုန်မြို့၌ အမှုထမ်းပေါင်းစုံသပိတ်ကြီးပေါ်ပေါက် လာပြန်သည်။ ကျောင်းသားသပိတ်နှင့် မီးရထားသပိတ် များလည်း ဆက်တိုက်ဆိုသကဲ့သို့ ပေါ်ပေါက်လာ  သည်။ (၂။    ဝိဓူရသခင်ချစ်မောင်၏ လွတ်လပ်ရေးရပြီးနောက် မြန်မာပြည်။)
          ဖေဖော်ဝါရီလ ၁၆ရက်တွင် ကေအင်န်ဒီအိုများက ဒိုက်ဦးမြို့ကို သိမ်းပိုက်လိုက်သည်။ ရမည်းသင်းမြို့သည် လည်း ဖေဖော်ဝါရီလ ၁၈ရက်တွင် ကေအင်န်ဒီအိုများ လက်သို့ကျရောက်သွားပြန်သည်။၃ ပျော်ဘွယ်မြို့သည် လည်း ကေအင်န်ဒီအိုများလက်သို့ကျရောက်သွားသည်။ ၁၉၄၉ခုနှစ်၊ ဖေဖော်ဝါရီလ ၂ဝရက်တွင် ကေအင်န် ဒီအိုများသည် ပျော်ဘွယ်မှ မိတ္ထီလာဘက်သို့ ချီတက် လာကြသည်။
          တပ်မတော်က မိတ္ထီလာနှင့်ပျော်ဘွယ်မြို့အကြား တွင် ကေအင်န်ဒီအိုများအား ခုခံတိုက်ခိုက်ရာ ဗိုလ်မှူး ကြီး မောင်မောင်(ဗိုလ်မှူးချုပ် အငြိမ်းစား)နှင့် အရာရှိ ခြောက်ဦးကို ကေအင်န်ဒီအိုများက သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသွားသည်။ * (*        ဗိုလ်မှူးကြီးမောင်မောင်တို့ လူစုအားကယ်တင်နိုင်ရန် တပ်မတော် ကွန်မန်ဒိုနည်းဖြင့် သုံးကြိမ် ကြိုးစားခဲ့သည်။ ပထမအကြိမ်တွင်အလင်းဝင် ကရင်ရဲဘော်များကို စေလွှတ်သည်။  ဒုတိယအကြိမ်တွင် တပ်ရင်း(၅)မှ ပြောက်ကျားတပ်စုကိုစေလွှတ်သည်။ တတိယအကြိမ်တွင် ရန်ကုန်ဘဆွေ၏ ပြောက်ကျားအဖွဲ့နှင့် ဗိုလ်ခင်မောင်ချစ်၊ ဗိုလ်မျိုးသန့်၊ တပ်ကြပ်ကြီး ထွန်းကြည်တို့ပါဝင်သော တပ်ဖွဲ့က သွားရောက် ကယ်တင်မှ အောင်မြင်သည်။ ရန်ကုန်ဘဆွေ သည်ထိုစစ်ဆင်ရေးအား တိုက်ယူရသည့် မျက်ရည်တစ်ပေါက် အမည်ရှိ စာအုပ်တွင် အသေးစိတ်ရေးသားခဲ့သည်။) ၁၉၄၉ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ရက်တွင် မိတ္ထီလာမြို့ကို ကရင်သောင်းကျန်းသူများ က သိမ်းပိုက်လိုက်သည်။ ကရင်လက်နက်ကိုင်အင်အား ၂ဝဝဝ ကျော်သည် မိတ္ထီလာတွင်စုရုံး၍ မီးရထားလမ်း ကို ရရှိနိုင်ရေးအတွက် သာစည်မြို့ကို မီးကုန်ယမ်းကုန် တိုက်ခိုက်ကြပြန်သည်။
          အစိုးရလေယာဉ်နှစ်စင်းသည် မိတ္ထီလာမြို့ရန်သူ့ လက်သို့ ကျရောက်နေမှန်းမသိသဖြင့် မိတ္ထီလာ လေယာဉ်ကွင်းသို့ဆင်းသက်လာသည်။ ကရင်များနှင့် ပူးပေါင်းနေသော ကချင်စစ်ဗိုလ်နော်ဆိုင်း(နောင် ဗကပခေါင်းဆောင်၊ သေဆုံး) သည် လေယာဉ်နှစ်စင်း ဖြင့် ကရင်စစ်သားများကိုတင်၍ အနီးစခန်းသို့သွား သည်။ အနီးစခန်းလေယာဉ်ကွင်းတွင်ရှိနေသော အစောင့်တပ်သားများကို လက်နက်သိမ်း၍ မေမြို့သို့ ဆက်လက်ချီတက်သည်။ မေမြို့ရှိ ဗမာ့တပ်မတော်  သားများအား အလစ်အငိုက်တွင်ဝင်ရောက်ဖမ်းဆီး၍ လက်နက်သိမ်းသည်။ သို့နှင့်အနီးစခန်းနှင့်မေမြို့သည် လည်း ဖေဖော်ဝါရီလ ၂၁ရက်မှာပင် ကေအင်န်ဒီအို များ လက်သို့ကျရောက်သွားရသည်။ (၄။ဗိုလ်မှူးကြီးဟောင်းတင်မောင်၏ တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် စာမျက်နှာ၁၂၂၊ ၁၂၃။)ဗိုလ်မှူးထွန်းစိန် (မြူမင်းကြီးဟောင်းကွယ်လွန်)နှင့်အရာရှိ၊ အရာခံ အကြပ်တပ်သားအချို့မှာ ရန်သူ့လက်တွင်ဖမ်းဆီးခြင်း ခံလိုက်ကြရသည်။
          နိုင်ငံတော်၏အခြေအနေမှာ များစွာဆိုးရွားလျက် ရှိရာ နိုင်ငံခြားသတင်းစာများက ဖဆပလအစိုးရအား ရန်ကုန်အစိုးရဟုနှိမ်၍ရေးသားလာကြသည်။ အစိုးရ အဖွဲ့အတွင်းမှ ဆိုရှယ်လစ်များမှာလည်း လူမုန်းများလာ သည်။ ၁၉၄၉ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ရက်ထုတ် သူရိယသတင်းစာတွင် ဦးဘဘေက 'ဗိုလ်ချုပ်နေဝင်း ကို အာဏာကုန်အပ်သင့်ပြီ။ ပါလီမန်ကို ရပ်ဆိုင်းထား ပါ။ တရားမျှတတဲ့ရွေးကောက်ပွဲများမကျင်းပနိုင်မချင်း ဗိုလ်ချုပ်ကိုစစ်အုပ်ချုပ်ရေးအာဏာပိုင်ခန့်ထားပါ'ဟု ရေးသားခဲ့သည်။ (၁။ ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေး ခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စာမျက်နှာ ၃၁၅။) သို့သော် ဗိုလ်ချုပ်နေဝင်းသည် နိုင်ငံ ရေးအာဏာကို ရယူရန် စိတ်မကူးဘဲ သောင်းကျန်းသူ ကို နှိမ်နင်းရန်သာ အားသွန်ခွန်စိုက် ကြိုးစားခဲ့လေ သည်။
တိုက်ပွဲများပြင်းထန်လာခြင်း
(ဝက်ကော်တံတားတိုက်ပွဲ၊ အင်းစိန်တိုက်ပွဲ)
          ပြည်တွင်းသောင်းကျန်းမှုကာလအစတွင် ကရင် လက်နက်ကိုင်တပ်များသည် စစ်ရေးအရအင်အား အကြီးမားဆုံးဖြစ်ခဲ့ရသည်။ ဗိုလ်ချုပ်နေဝင်းသည် တပ်မတော်နှင့် စစ်ဝန်ထမ်း၊ စစ်ရဲ၊ ကာကွယ်ရေး၊ ရဲ စသည့် လက်နက်ကိုင်တပ်များကို အမြန်စုစည်း၍ ရောင်စုံသောင်းကျန်းသူများအား ခုခံတိုက်ခိုက်စေခဲ့ရ သည်။ ထိုစဉ်က အခြေအနေနှင့်ပတ်သက်၍ ၁၉၆၈ ခုနှစ် တပ်မှူးများညီလာခံတွင် ဗိုလ်ချုပ်ကြီးနေဝင်းက အောက်ပါအတိုင်းပြောကြားခဲ့သည်- (၂။        ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စာအုပ် စာမျက်နှာ ၃၁၆တွင် ၂၂-၉-၆၈ရက်ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာကို ကိုးကား၍ဖော်ပြသည်။)
          ''၄၈ခုနှစ်၊ ၄၉ခုနှစ်ပိုင်းမှာဆိုလို့ရှိရင် လက်နက် ဆိုလို့လည်းတို့မှာစဖွဲ့ကတည်းကိုက တပ်ရင်း ၁ဝရင်းနဲ့၊  အဲဒီအတွက် တို့လက်နက်ရှိတယ်၊ နည်းနည်းပါးပါးပဲ ရှိတယ်၊ ရေတပ်၊ လေတပ်ဆိုတာ ဟာ၊  လေတပ်ဆိုတာ  လေယာဉ်ပျံ၊  ခုနကတိုက်ဂါးမောက် f(Tigermoth)ဟုတ်လား၊ ချစ်မန့်ခ် (Chipmunk)တို့၊ ဒီလောက်ပဲ ရှိတယ်၊ ရေတပ်မှာ လည်းမေယုတစ်စင်းတော့ရှိတယ် ပေါ့လေ၊ ကြီးကြီးထဲက ကျန်တာလေးတွေကတော့ အမ်အယ်လ် (M.L) ရှစ်စင်းလား၊ ဆယ်စင်းလား၊ ဒါပဲရှိတယ်၊ အဲဒီတော့ နေဗီတို့၊ အဲယားတို့ဆိုတာက တော့၊ ရေတပ်တို့၊ လေတပ်တို့ဆိုတာကတော့ တို့က တိုးဖို့ငွေလည်းမရှိ၊ ရှိတာနဲ့ ပဲတိုက်ကြတယ်၊ အဲဒီတော့ ရှိတာနဲ့တိုက်ကြတော့ စောစောကပြောတဲ့ အင်္ဂလိပ်တပ် ကလာတဲ့လူတွေမို့လို့ မျိုးချစ်စိတ်မရှိတော့ဘူးလား၊ မလုပ်တော့ဘူးလားဆိုတာ အဲဒီမှာသူတို့ဟာ မျိုးချစ်စိတ် ရှိတယ်၊ မရှိဘူးဆိုတာပြတယ်၊  တိုက်ကြတာပဲ၊  ဝင်တိုက် တာပဲ၊ ဟုတ်လား  ရွပ်ရွပ်ချွံချွံတိုက်တဲ့လူတွေရှိတယ်၊    သေသွားတဲ့လူတွေလည်း အများကြီးရှိတယ်'
xxx
          ရန်ကုန်မြို့အခြေအနေများမှာ များစွာစိုးရိမ်စရာ  ဖြစ်ခဲ့ရသည်။ ပြည်ဘက်မှ ကရင်သေနတ်ကိုင်တပ်ရင်း (၂)နှင့် ကေအင်န်ဒီအိုပူးပေါင်းအင်အား ၁၅ဝဝခန့် သည် မိသားစုများကိုပါ ထရပ်ကားများပေါ်တင်၍ ရန်ကုန်သို့ဦးတည်ချီတက်လာကြခြင်းဖြစ်သည်။ တောင်ငူဘက်မှလည်း  ကရင်တပ်များ ရန်ကုန်သို့ ဦးတည်၍ တိုက်ခိုက်နေကြသည်။ အင်းစိန်တွင်ရှိသော ကရင်တပ်များကို ဗိုလ်ရဲထွန်း(နောင်ဗိုလ်မှူးကြီး၊စစ်သံ)က ၂၅ပေါင်ဒါ အမြောက်များဖြင့် တက္ကသိုလ်နယ်မြေ အင်းယားကန်စောင်းမှ လှမ်း၍ပစ်ခတ်တိုက်ခိုက်နေရ သည်။ တပ်မတော်သားများသည် သမိုင်းနှင့်ကိုးမိုင် တရုတ်သင်္ချိုင်းဘက်မှ တန်ပြန်ထိုးစစ်ဆင်ရန်တိုက်ခိုက် နေရသည်။ သို့သော်ရှေ့မတက်နိုင်ကြပေ။ မြို့သူမြို့သား  များနှင့် အမျိုးသမီးအဖွဲ့များက တပ်မတော်သားများ အတွက် ထမင်းထုပ်များသွားရောက်ပို့ပေးကြသည်။ တက္ကသိုလ်ကျောင်းသားများကလည်း အစိုးရထံမှ လက်နက်တောင်း၍ ကရင်တပ်များကိုသွားတိုက်ကြ သည်။
          ပြည်သူ့ရဲဘော် (အဝါ) မှ ဗိုလ်စိန်မှန်ကို ဗိုလ်ချုပ် နေဝင်းက အထူးတိုင်းမင်းကြီးခန့်အပ်၍ သာယာဝတီ၊ လက်ပံတန်း၊ ပြည်ဘက်မှ ဆင်းလာသော ကေအင်န် ဒီအိုများကို ဗိုလ်မှူးကြီးအဆင့်ဖြင့် ကွပ်ကဲ၍ ခုခံတိုက်ခိုက်စေသည်။ ၁၉၄၈ခုနှစ်၊ သြဂုတ်လက ဗမာ့ တပ်မတော် တပ်ရင်း (၃) ပုန်ကန်သည်ကို အကြောင်း ပြု၍ ဗိုလ်ချုပ်စမစ်ဒွန်းသည် ကရင်တပ်ရင်းများအား အမြောက်နှင့် သံချပ်ကားတို့ထုတ်ပေးခဲ့ရာ ကရင် တပ်ရင်းများမှာ များစွာအင်အားတောင့်တင်းလျက် ရှိသည်။ ဗိုလ်မှူးကြီးစိန်မှန်၏တပ်မှာကျောင်းသား၊ စစ်ရဲ၊ ဘီတီအက်စ်နှင့် ကြုံရာအရပ်သားများသာ ပါဝင်ပြီး လက်နက်ခဲယမ်းမှာလည်း များစွာချို့တဲ့   သည်။ သို့သော် ရွပ်ရွပ်ချွံချွံခုခံ တိုက်ခိုက်ကြရာ ပြည်ဘက်မှဆင်းလာသည့် စစ်ကြောင်းမှာ ရပ်တန့် သွားရသည်။(၁။  ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စာမျက်နှာ ၃၁၈။)
          ဗိုလ်မှူးကြီးချစ်မြိုင်ဦးစီးသော ဗမာ့သေနတ်ကိုင် တပ်ရင်း (၃) သည် ဗိုလ်ရဲထွဋ်နှင့်ရဲဘော်အချို့တောခို သွားသဖြင့် များစွာအင်အားနည်းပါးနေခဲ့ရသည်။ သို့ သော် သောင်းကျန်းမှုအခြေအနေရှုပ်ထွေးပြီး အရေး ကြီးလာသဖြင့် တပ်ရင်း (၃) ကို ဖျာပုံဘက်တွင် တာဝန် ပေးခဲ့ရသည်။ တပ်ရင်း (၄) ကို ဗိုလ်မှူးကြီးကျော်စိုးဦးစီး ပြီး မအူပင်၊ ပုသိမ်ဘက်တွင် ရန်သူကိုတိုက်သည်။ ဗိုလ်မှူးကြီးတင်ဖေ (ဗိုလ်မှူးချုပ်ဟောင်း၊ တော်လှန်ရေး ကောင်စီဝင်) သည် တနင်္သာရီတိုင်း အထူးတိုင်းမင်းကြီး အဖြစ်သွားရောက်တာဝန်ယူခဲ့ရသည်။
          ရန်ကုန်မြို့အခြေအနေမှာ များစွာစိုးရိမ်လာရ သဖြင့် ဖျာပုံတွင်တိုက်နေရသော တပ်ရင်း (၃) ကို ရန်ကုန်သို့ အမြန်ပြန်ခေါ်ခဲ့ရသည်။ တွံတေးမြို့နှင့်တွံ တေးတူးမြောင်းကို ကေအင်န်ဒီအိုတို့သိမ်းထားသဖြင့် တပ်ရင်း (၃) သည် သခွပ်ဝ၊သီလဝါဘက်မှလှည့်၍ဝင်ရ သည်။ ရန်ကုန်မှ ဆက်လက်ချီတက်ရာ ဖေဖော်ဝါရီလ ၈ရက်တွင် သာယာဝတီသို့ရောက်ရှိပြီး ဗိုလ်မှူး စိန်မှန်၏တပ်ပေါင်းစုနှင့်ပူးပေါင်း၍ စစ်ကူပေးနိုင် သည်။ ဖေဖော်ဝါရီလ ၉ရက်တွင် တပ်ရင်း(၃)သည် ကြို့ပင်ကောက်သို့ရောက်သွားသည်။ မြို့အလွန်      ဝက်ကော်တံတားတွင် ကရင်တပ်များနှင့်ဗိုလ်မင်းလွင်၊ ဗိုလ်ချင်းတို့ခေါင်းဆောင်သော စစ်ရဲတပ်တို့ တွေ့ဆုံ တိုက်ခိုက်ကြရာ အင်အားမတန်သဖြင့် စစ်ရဲတပ် နောက်ဆုတ်လာရသည်။
          ဗိုလ်စန်းယု (နိုင်ငံတော် သမ္မတကြီးဟောင်း)၊ ဗိုလ်ကျော်(ဗိုလ်မှူးကြီးဟောင်း)၊ ဗိုလ်စိန်မြ(ဝန်ကြီး ဟောင်း)၊ ဗိုလ်ထင်ကျော်(ဗိုလ်မှူးကြီးဟောင်း)တို့သည် လူ၁၈ဝသာရှိသော တပ်ခွဲသုံးခွဲဖြင့် ရန်သူကို ခုခံကြ ရသည်။ ပစ်ကူပေးနိုင်မည့်အမြောက်မှာ ၆ပေါင်ဒါ အမြောက်တစ်လက်သာရှိသည်။ ဖေဖော်ဝါရီလ ၉ရက်မှစ၍  တိုက်ပွဲမှာများစွာပြင်းထန်ခဲ့သည်။ ဖေဖော်ဝါရီလ ၁ဝရက်တွင်လည်း တစ်နေကုန်ပင် တိုက်ပွဲပြင်းထန်သည်။ ဖေဖော်ဝါရီလ ၁၁ရက်တွင်မူ ကရင်သောင်းကျန်းသူများပြိုသွားပြီး အရှေ့ဘက် ပဲခူးရိုးမသို့ဆုတ်ခွာရာ တပ်မတော်က ထက်ကြပ် လိုက်၍တိုက်ခိုက်သည်။  ကရင်လက်ဖတင်နင်ကာနယ် စောမြမောင်၊ မေဂျာစောထွန်းအောင်တို့အပါအဝင် ကရင်စစ်ဗိုလ် စစ်သားအများကို လက်ရဖမ်းဆီးမိ သည်။ လက်နက်ခဲယမ်းမီးကျောက်မျိုးစုံ ထရပ်ကား ခုနစ်စီးတိုက်ကိုလည်း သိမ်းဆည်းရမိသည်။ (၆) ပေါင်ဒါအမြောက်၊ မော်တာ၊ ဘရင်းကယ်ရီယာ စသည့် လက်နက်ကြီးများကိုလည်း သိမ်းဆည်းရမိသည်။
          ပြည်ဘက်မှဆင်းလာသည့် ကရင်သေနတ်ကိုင် တပ်ရင်း (၂) နှင့် ကေအင်န်ဒီအိုများသည် ဝက်ကော် တံတားတိုက်ပွဲတွင် များစွာအထိနာသွားပြီး ကစဥ့် ကလျားဖြင့် ပြိုကွဲသွားကြသည်။ တပ်ရင်း (၃) သည် ဝက်ကော်တံတားတိုက်ပွဲကို အောင်မြင်စွာဆင်နွှဲတိုက် ခိုက်ပြီးနောက် အင်းစိန်စစ်မျက်နှာသို့ ပြန်လည်၍ အင်အားဖြည့်ရပြန်သည်။ ဗိုလ်စိန်မှန်သည် ဆေးရုံက ဆင်းပြီးနောက် သာယာဝတီစစ်မျက်နှာကို စိတ်မချ   သဖြင့် လေတပ်ဗိုလ်မှူးတော်မီကလစ်(ဗိုလ်မှူးချုပ် ဟောင်း၊ ဒု-ချုပ်(လေ)ဟောင်း) နှင့်အတူ အော့စဖို့ လေယာဉ်ဖြင့် ကင်းထောက်ပျံသန်း၍စစ်ဆေးခဲ့သည်။ တောခိုစစ်ရဲများက လေယာဉ်ကို စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်စိန်မှန်ဝမ်းဗိုက်တွင် ဒဏ်ရာ ရသွားသည်။ ဗိုလ်စိန်မှန်သည် ရန်ကုန်ရောက်မှ ဒဏ်ရာဖြင့်ကျဆုံးသွားရာ ဈာပနအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။(၂။    ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စာမျက်နှာ ၃၂ဝ။)
          တောင်ငူမှကာနယ်မင်းမောင်ခေါင်းဆောင်သော ကရင်သေနတ်ကိုင်တပ်ရင်း (၁) သည်လည်း လက်နက် လူသူအပြည့်ဖြင့် အင်းစိန်စစ်မျက်နှာတွင် ကူညီရန်ချီ တက်လာသည်။ ပဲခူးအလွန် ဘုရားကြီးတွင် ဒုတိယ ဗိုလ်မှူးကြီးတင်ဦးခေါင်းဆောင်သော ဗမာ့သေနတ် ကိုင် တပ်ရင်း(၆)က တိုက်ခိုက်ရာ ကရင်တပ်များ ပြိုကွဲသွားသည်။ လာလမ်းအတိုင်းပြန်လည် ဆုတ်ခွာ သွားသည်။ ထို့ကြောင့် အင်းစိန်ကိုသိမ်းထားသော ကေအင်န်ဒီအိုများအား ကူညီမည့်ပြည်ကြောင်းချီ ကေအင်န်ဒီအိုများနှင့် တောင်ငူကြောင်းချီ ကေအင်န် ဒီအိုများမှာ အင်းစိန်သို့ ရောက်မလာနိုင်တော့ပေ။
          ဗိုလ်ချုပ်နေဝင်းသည် ရနိုင်သမျှသောတပ်များကို အင်းစိန်စစ်မျက်နှာသို့ပို့သည်။ အင်းစိန်ကို ကေအင်န် ဒီအိုများ ခိုင်ခိုင်မာမာတပ်စွဲထားနိုင်ပါက လွတ်မြောက် သော ဒေသကြေညာနိုင်မည်ဖြစ်ပြီး နိုင်ငံခြားပယောဂ ကိုလည်း လွယ်ကူစွာ ဖိတ်ခေါ်နိုင်မည်။ ရန်ကုန်မြို့ တော်နှင့် အစိုးရအဖွဲ့အတွက်လည်း စိတ်မချရ။ ထို့ ကြောင့် ဗိုလ်ချုပ်နေဝင်းသည် ရခိုင်တွင်မူဂျာဟစ်တို့ကို  တိုက်ခိုက်နေရသော တပ်ရင်း(၅)ကို လေယာဉ်ဖြင့်ရွှေ့ ပြောင်းခေါ်ယူရသည်။ တပ်ရင်း(၅)၏တပ်ရင်းမှူးမှာ ဒုတိယဗိုလ်မှူးကြီးကင်ပက်နက်ဖြစ်ပြီး ဒုတိယတပ်ရင်း မှူးမှာ ဗိုလ်မှူးစောမြင့်(တော်လှန်ရေးကောင်စီဝင် ဟောင်း၊ ယခုမဟေသီမဂ္ဂဇင်း) ဖြစ်သည်။ ဗိုလ်အောင် ဖေ (သူရ အောင်ဖေ)၊ ဗိုလ်လှမော်(ဗိုလ်မှူးကြီး၊ သံအမတ်)၊ ဗိုလ်ကြီးမောင်လွင် (ဗိုလ်မှူးကြီးမောင်လွင်) တို့မှာ တပ်ခွဲမှူးများဖြစ်သည်။
          အင်းစိန်စစ်မျက်နှာတွင် ဝက်ကော်တံတား    တိုက်ပွဲပြန်တပ်ရင်း(၃)၊ မူဂျာဟစ်တိုက်ပွဲပြန် တပ်ရင်း (၅) တို့သာမကဘဲ ဒုတိယဗိုလ်မှူးကြီးဟရန်သီယို (ကျဆုံး)နှင့် ဗိုလ်မှူးဗန်ကူးတို့ခေါင်းဆောင်သည့် ချင်းတပ်ရင်း(၁)၊ ဗိုလ်မှူးစိန်ဝင်း(ဗိုလ်မှူးချုပ်ဟောင်း၊ ဝန်ကြီးချုပ်ဟောင်း)အုပ်ချုပ်သော ဘားမားရဲဂျီမင့် တပ်ရင်း(၄)၊ ဗိုလ်ကြည်သိန်း(ဗိုလ်မှူးကြီးဟောင်း) ခေါင်းဆောင်သော တောခိုတပ်ရင်း(၁)မှတပ်ခွဲအချို့၊ ဗိုလ်မှူးကြီးအောင်ကြီး(ဗိုလ်မှူးချုပ်ဟောင်း) အုပ်ချုပ် သည့် ဘီဘီအက်တပ်များ၊ စစ်ရဲများ၊ ကျောင်းသားတပ် များ၊ ဗိုလ်မှူးကြီးဘလိတ်ဦးစီးသည့်ဘီအေအက်ဖ် (Burma Auxiliary Force) တပ်များစသည်ဖြင့် ရနိုင် သောတပ်များကိုစုစည်း၍ တိုက်ခိုက်နေကြရခြင်းဖြစ် သည်။ ရေတပ်ကလည်း အော်လီကွန်စက်အမြောက် များကို ကုန်းပေါ်တင်၍ ပစ်ခတ်ပေးပြီး လေတပ် ကလည်း ဗုံးခွံများထဲတွင် သံတိုသံစနှင့်ယမ်းများ ထည့်ထားသည့် အရေးပေါ်ဗုံးများဖြင့် ကြဲချတိုက်ခိုက်ကြသည်။(၁။ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စာမျက်နှာ ၃၂၁။)
          ထိုအချိန်တွင် ပြည်သူ့ရဲဘော်(ရဲဘော်ဖြူ၊ ရဲဘော် ဝါ)များက အင်းစိန်တစ်ဖက်ကမ်းရှိ ရွှေလင်ပန်းရွာ တစ်ဝိုက်တွင်အခြေပြု၍ ကေအင်န်ဒီအိုများကို ပိတ်ဆို့ ထားကြသည်။ သို့ရာတွင် ရဲဘော်ဖြူနှင့်ရဲဘော်ဝါတို့ မကြာခဏပြန်လည်တိုက်ခိုက်နေသဖြင့် အခြေအနေမှာ ပိုဆိုးနေရသည်။ ဦးစက္ကိံကျောင်း၊ စောဘင်ဆင်ခြံ၊ မင်းဓမ္မကုန်းတို့တွင် တိုက်ပွဲပြင်းထန်သည်။ တပ်ရင်း (၃)နှင့်တပ်ရင်း(၅)သည် စော်ဘွားကြီးကုန်းနောက်မှ အိမ်နီကြီးတစ်လုံးကို သိမ်းယူနိုင်ရန်တိုက်ခိုက်ရာအကျ အဆုံးများခဲ့ရသည်။ ဗိုလ်လှသောင်းကျဆုံးပြီး ဗိုလ်ကြီး မောင်လွင်ဒဏ်ရာရသွားခဲ့သည်။ အကျအဆုံးများပြား လွန်းသဖြင့် ရဲဘော်များမှာ ရှေ့ဆက်မတက်နိုင်ဘဲ ဝပ်နေကြတော့သည်။  ဗိုလ်မှူးကြီးထွန်းတင် (သူရ ဦးထွန်းတင်)က ကျည်ဆန်များကြားတွင် ထ၍ လမ်းလျှောက်ပြမှသာ ရှေ့တိုးနိုင်ကြသည်။
          အင်းစိန်စစ်မျက်နှာကို ဗိုလ်မှူးကြီးကျော်ဇော (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၊ တောခို)က ဦးစီးပြီး ဗိုလ်မှူးကြည်မောင်က ဦးစီးအရာရှိအဖြစ်ဆောင်ရွက် သည်။ အင်းစိန်မှာ ကရင်လက်နက်ကိုင်များ အင်အား တောင့်တင်းသဖြင့် တိုက်ပွဲမှာ များစွာပြင်းထန်ခဲ့ရ သည်။ ကေအင်န်ဒီအိုများသည် အင်းစိန်ထောင်ကြီးကို ဖွင့်၍ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရစဉ်က ဂဠုန် ဦးစောအား လက်နက်ထုတ်ပေးသဖြင့် ထောင်ကျနေသူ ကပ္ပတိန်ဗီဗီယန်(ဠငလငညေ)ကိုခေါ်ထုတ်လိုက်သည်။ မေဂျာယန်သည် ကေအင်န်ဒီအိုများနှင့်ပူးပေါင်း          အကြံပေးအရာရှိအဖြစ်  ဆောင်ရွက်ခဲ့သည်။(၂။ ရဲဘော်တစ်စု၏ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့် ဗမာ့လွတ်လပ်ရေး တိုက်ပွဲ သမိုင်းဝင်စာရွက် စာတမ်းများ။)  သာသနာပြုပုဂ္ဂိုလ်ဘော်(လ်)ဒွင်သည်လည်း ကရင်တပ် များနှင့် ပူးပေါင်း၍တိုက်ခိုက်ခဲ့သည်။
                               
          အင်းစိန်စစ်မျက်နှာတွင် အခြေအနေဆိုးသကဲ့သို့ ရန်ကုန်-မန္တလေးဆက်သွယ်ရေးလမ်း၊ ပြည်-ရန်ကုန် လမ်း၊ မြစ်ဝကျွန်းပေါ်စသည်ဖြင့် တစ်ပြည်လုံးတွင် ရောင်စုံသောင်းကျန်းသူများ ထြ<ွကလျက်ရှိရာ အခြေ အနေမှာ များစွာဆိုးရွားခဲ့ရသည်။
မန္တလေးအခြေအနေ
          ၁၉၄၉ခုနှစ်ဦးမှစ၍ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ တိုက်ပွဲများနှင့်သာ ပြည့်နှက်လျက်ရှိသည်။ ဗမာ့သေနတ် ကိုင်တပ်ရင်း(၁)နှင့် တပ်ရင်း(၃)မှ တစ်ဝက်ခန့်တော ခိုခဲ့သောကြောင့် ဗမာ့သေနတ်ကိုင်တပ်ရင်း(၃)တစ်ဝက် ကျော်၊ သေနတ်ကိုင်တပ်ရင်း(၄)၊ သေနတ်ကိုင်တပ်ရင်း (၅)နှင့် သေနတ်ကိုင်တပ်ရင်း(၆)တို့သာ ရန်သူ့ကို ခုခံ တိုက်ခိုက်နေကြရသည်။ သို့တိုင်အောင် တပ်ရင်း(၆)မှ အရာရှိတစ်ဦး နှစ်ဦးနှင့်ရဲဘော်အချို့မှာ တောခိုရာတွင် ပါဝင်သွားကြသေးသည်။ ဗမာ့သေနတ်ကိုင်တပ်ရင်း(၂) တွင်လည်း အများစုမှာ ကရင်များနှင့်အခြားတိုင်းရင်း သားများသာဖြစ်သည်။ ချင်းသေနတ်ကိုင်တပ်ရင်းမှာ (၃)ရင်းရှိသည်။ ကရင်သေနတ်ကိုင်တပ်ရင်းများမှာမူ အစိုးရအားပုန်ကန်နေကြပြီး ခြေလျင်တပ်ရင်း(၄) (ဂေါ်ရခါးတပ်ရင်း)မှာမူ သစ္စာစောင့်သိလျက်ရှိသည်။(၁။ ဗိုလ်မှူးကြီးဟောင်းတင်မောင်၏ တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်။)
          ဗမာ့သေနတ်ကိုင်တပ်ရင်း(၃)မှ လက်ကျန် စစ်သည်များ၊ ဗမာ့သေနတ်ကိုင်တပ်ရင်း(၅)၊ ခြေလျင် တပ်ရင်း(၄)၊ (ဘားမားရဲဂျီးမင့်)နှင့် ချင်းတပ်ရင်း အချို့တို့သည် အင်းစိန်စစ်မျက်နှာ၊ မြစ်ဝကျွန်းပေါ် စသည်တို့တွင် ပျံ့နှံ့၍နေသည်။ တပ်ရင်းများသည် တပ်ရင်းတစ်ခုလုံး တိုက်ပွဲဝင်ကြရခြင်းမဟုတ်ဘဲ တပ်ခွဲများ ကျယ်ပြန့်ဝေးကွာစွာ ဖြန့်ခွဲ၍တိုက်ခိုက်နေ ကြရခြင်းဖြစ်သည်။ တပ်ရင်း(၆)မှ တပ်ခွဲနှစ်ခွဲသည် မိတ္ထီလာနယ်မြေတွင် ထိန်းသိမ်းထားရာမှ သာစည်သို့ ဆုတ်ပေးထားရသည်။ အမှတ်(၃)ချင်းတပ်ရင်းမှာ ကယားပြည်နယ်တွင် ထြ<ွကသောင်းကျန်းနေသော သိုင်းဘဟန်၏ပဒေါင်တပ်ဖွဲ့များကို တိုက်ခိုက် နှိမ်နင်းနေရသည်။
          မေမြို့အနီးစခန်းကို ကေအင်န်ဒီအိုများက ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ရက်တွင် သိမ်းပိုက်ခဲ့ရာ တပ်မတော်သည် ချက်ချင်းပင်ပြန်လည်ထိုးစစ်ဆင်၍ တိုက်ခိုက်သည်။ ဖေဖော်ဝါရီလ ၂၄ရက်တွင် တပ်မတော်သည် အနီးစခန်းကို ပြန်လည်သိမ်းပိုက်   နိုင်ပြီး မေမြို့ကို ဆက်လက်တိုက်ခိုက်ရာ မြို့ကိုမရ  သော်လည်း ဗိုလ်မှူးထွန်းစိန်တို့လူစုမှာမူ ပြန်လည် လွတ်မြောက်လာကြသည်။
          ၁၉၄၉ခုနှစ်၊ မတ်လ ၁၁ရက်တွင် ကေအင်န်ဒီအို နှင့်ကရင်စစ်ရဲတပ်များက မန္တလေးမြို့တွင်းသို့ပစ်ခတ် တိုက်ခိုက်ပြီး ဝင်ရောက်သိမ်းပိုက်ကြသည်။ ထူးခြားမှုမှာ ကေအင်န်ဒီအိုတို့နှင့်အတူ ဗမာပြည်ကွန်မြူနစ်ပါတီ နှင့်ရဲဘော်ဖြူများပါပူးတွဲပါဝင်လာကြခြင်းဖြစ်သည်။ဗမာပြည်ကွန်မြူနစ်ပါတီသည် ကေအင်န်ယူနှင့် ကရင် လက်နက်ကိုင် အဖွဲ့အစည်းများအား နယ်ချဲ့အလိုတော်ရိ လက်ကိုင်တုတ်၊ ကျဉ်းမြောင်းသော လူမျိုးရေးဝါဒီများ နယ်ချဲ့လက်ပါးစေ၊ လက်ယာဝါဒီ များစသည်ဖြင့် အမျိုးမျိုးအစဉ်တစိုက်ရှုတ်ချခဲ့သည်။
          သောင်းကျန်းသူများ မန္တလေးသို့ဝင်သည့်ညတွင် ရထားစက်ခေါင်းရုံ အင်ဂျင်စက်ဆီများထားရာ ဂိုဒေါင် ကို မီးကျည်ထိမှန်သဖြင့် မီးစွဲလောင်သည်။ ပုလိပ်ရုံး ပစ္စည်းသိုလှောင်ရာအဆောက်အအုံမှာလည်း ပစ္စည်း များလုယူပြီးနောက် မီးရှို့ခံရသဖြင့် ပျက်စီးသွားသည်။ ကေအင်န်ဒီအိုများသည် မန္တလေးတစ်မြို့လုံးကို သိမ်းပိုက်ထားသည်ဆိုသော်လည်း ငြိမ်ဝပ်ပိပြားသွား အောင် ထိန်းချုပ်နိုင်ခြင်းမရှိပေ။ (၂။ကြီးပွားရေး ဦးလှ(လူထုဦးလှ)၏ မန္တလေးမြို့၏ည။)သောင်းကျန်းသူများ ကို တပ်မတော်၊ စစ်ရဲနှင့် မန္တလေးတက္ကသိုလ် ကျောင်းသားများက  ခုခံတိုက်ခိုက်လျက်ရှိသည်။ တပ်ပေါင်းစုကို ဗိုလ်မှူးကျင်(ကျဆုံး)က ခေါင်းဆောင် သည်။ ဗိုလ်ထွန်းစိန်(ဗိုလ်မှူးကြီး၊ ကွယ်လွန်)၊ ဗိုလ် သောင်းကြည် (တော်လှန်ရေးကောင်စီဝင်၊ ကွယ်လွန်)၊  ဗိုလ်လွင် (နောင် ဗိုလ်မှူးကြီး)တို့မှာ တပ်မှူးများဖြစ် သည်။ တက္ကသိုလ်ကျောင်းသားများကို ဆရာဘသောင်း (ဗိုလ်မှူးဘသောင်း၊ မောင်သုတ၊ ကွယ်လွန်)က ကွပ်ကဲ သည်။(၃။        ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေး ခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စာမျက်နှာ ၃၂၅။)
          မန္တလေးမြို့ကြီးသည် တိုက်ပွဲများကြောင့် များစွာ ပျက်စီးခဲ့ရသည်။ မတ်လ ၁၅ရက်တွင် အရှေ့ပြင်(၅) မှတ် ဌာနအနီးမှ အိမ်ကြီးတစ်လုံးနှင့်ရထားတွဲတစ်တွဲ မီးလောင်ပျက်စီးသွားပြီး မတ်လ ၁၇ရက်တွင် ကြေး တိုင်ရပ်မှ အိမ်များမီးလောင်ကုန်သည်။ မတ်လ ၂၄ရက် တွင်မူ ဘုရားကြီး ၄၅တာမှ အိမ်များမီးလောင်ပြီး မတ် လ ၂၆ရက်တွင် မီးရထားစက်ခေါင်းရုံ၊ အရှေ့ဘက် အပ်ချုပ်တန်းမှ အိမ် ၁ဝလုံး မီးလောင်ပြန်သည်။ မတ် လ ၂၇ရက်တွင်လည်း ဘူတာကြီးအနောက်ဘက်၌ မီး လောင်ပြန်သည်။ မတ်လ ၂၈ရက်တွင်မူ စိန်ပန်းရပ် ငံပြာရည်စုမှ အိမ် ၁ဝလုံးနှင့် အရှေ့ပြင်အောင်တော်မူ ဘုရားအနီးတွင် မီးလောင်ပြန်သည်။ တစ်မြို့လုံးမှာ နေ့စဉ်နှင့်အမျှ မီးရှို့မှု၊ မီးလောင်မှု၊ လုယက်မှုများနှင့် ပြည့်နှက်လျက်ရှိသည်။ မတ်လ ၃ဝရက်တွင် နန်းတော် အနောက်မြောက်ကျုံးထောင့် ထောင်ကြီးအနောက် ဘက်မှ အိမ် ၁ဝလုံးမီးလောင်ပြာကျသွားပြန်သည်။ မတ်လ ၃၁ရက်တွင် တောင်ပြင်မျက်ပါးရပ်ရှိ စစ်ရဲ တပ်ရင်းမှ စစ်တန်းလျားသုံးလုံး မီးလောင်ပြန်သည်။
          ၁၉၄၉ခုနှစ်၊ ဧပြီလ ၁ရက်တွင် ကေအင်န်ဒီအိုတို့ နှင့်အတူပါလာသော ကွန်မြူနစ်တပ်နီများနှင့် အလံနီ ကွန်မြူနစ်များ ကျောက်သွေးတန်းတစ်ဝိုက်တွင် နံနက်စောစောကစ၍ ပစ်ခတ်သောင်းကျန်းကြပြန် သည်။ ထိုနေ့ညတွင် စကြာနွယ်စဉ်ရပ်နှင့် ရွှေပြည်ရပ်တို့ မီးလောင်၍ပြာကျသွားပြန်သည်။(၁။ကြီးပွားရေး ဦးလှ (လူထုဦးလှ)၏ မန္တလေးမြို့၏ည။) ဝန်ကြီးချုပ်ဦးနု သည် ထိုကာလများအတွင်း တစ်ပြည်လုံးအနှံ့သို့ ခရီးသွား၍ တိုင်းရင်းသားချင်း စည်းလုံးညီညွတ်ကြရန် ဟောပြောခဲ့သည်။ မန္တလေးကို ရန်သူသိမ်းထားစဉ် အတွင်း စစ်ကိုင်းသို့သွား၍ ပြည်တွင်းညီညွတ်ရေး၊ ငြိမ်းချမ်းရေးကိစ္စများကို ဆောင်ရွက်နေရသည်။ အစိုးရ အခြေအနေမှာလည်းများစွာယိမ်းယိုင်လျက်ရှိသည်။(၂။ ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စာမျက်နှာ ၃၂၇၊ ၃၂၈။)
          ၁၉၄၉ခုနှစ်၊ ဧပြီလ ၂ရက်တွင်မူ တပ်မတော်နှင့် ပြည်သူ့ရဲဘော်များပူးပေါင်း၍ ရန်သူကို ထိုးစစ်ဆင် တိုက်ခိုက်ကြရာ မန္တလေးဈေးချိုနှင့် ကျောက်သွေး တန်းအထိ သိမ်းပိုက်လိုက်နိုင်သည်။ ကေအင်န်ဒီအိုများ သည် နန်းမြို့တွင်းနှင့်အချို့ရပ်ကွက်များမှ နေရာယူ၍ ခုခံတိုက်ခိုက်ကြသည်။ ည ၈နာရီခန့်တွင် ဆေးရုံဟောင်း ကြီး အဆောက်အအုံသို့ တပ်မတော်သားများရောက်ရှိ လာရာ ကေအင်န်ဒီအိုများက နန်းတော်တွင်းမှ စိန် ပြောင်းကြီးဖြင့် ပစ်ခတ်သည်။ ကေအင်န်ဒီအိုများ၏ စိန်ပြောင်းကြီးကျည်ကြောင့် ကေဘီစတိုး မော်တော် ကားဝင်းအတွင်းမှ အိမ်တစ်လုံးမီးလောင်သွားသည်။နောက်တစ်နေ့ ဧပြီလ၂ရက် နေ့လယ် ၁နာရီခွဲခန့်တွင် နန်းတော်အနောက်တောင် ထောင့် ကျုံးနှင့်မျက်နှာချင်းဆိုင် ဝပ်ရှော့ကို ကေအင်န်ဒီအိုများက မီးကျည် ဖြင့်ပစ်ခတ်၍မီးရှို့သည်။ တစ်မြို့လုံးတွင် တိုက်ပွဲများ အနှံ့အပြား ဖြစ်ပွားလျက်ရှိသည်။ ဧပြီလ ၅ရက်တွင် ကေအင်န်ဒီအိုများသည် စိန်ပြောင်းကြီးများပစ်ခတ်၍ အပြင်းအထန်ခုခံသည်။ ဧပြီလ ၆ရက်တွင်မူ ကေအင်န် ဒီအိုများ နန်းတော်ရှေ့တံခါးမှ ထွက်၍ မေမြို့ဘက်သို့ ဆုတ်ခွာသွားကြသည်။  ဆုတ်ခွာရာတွင်လမ်း တစ်လျှောက်မှအိမ်များနှင့် ကေအင်န်ဒီအို အလောင်း များကို မီးတင်ရှို့၍ ဖျက်ဆီးသွားကြသည်။ ထိုနေ့တွင် ကေအင်န်ဒီအိုတို့၏ ရှို့မီးကြောင့် ရွာသာမှ အိမ် ၆ဝ ကျော်၊ မြောက်ဥယျာဉ်မှ အိမ် ၃ဝကျော်၊ တောင် ဥယျာဉ်မှ အိမ် ၁၅ လုံးစုစုပေါင်း အိမ်ခြေ ၁၁ဝ ကျော် ခန့်မီးလောင်ပျက်စီးရသည်။ (၃။   ကြီးပွားရေးဦးလှ (လူထုဦးလှ)၏ မန္တလေးမြို့၏ည။)
          ကေအင်န်ဒီအိုများသည် ကွန်မြူနစ်တပ်များနှင့် အတူ ၁၉၄၉ခုနှစ်၊ မတ်လ ၁၁ရက်မှ ၁၉၄၉ခုနှစ်၊ ဧပြီလ ၆ရက်အထိ မန္တလေးမြို့ကြီးအား သိမ်းပိုက်နိုင်ခဲ့ သည်ဆိုသော်လည်း လုယက်ခြင်း၊ ဖျက်ဆီးခြင်းစသည့် အဖျက်လုပ်ငန်းများကိုသာ ဆောင်ရွက်သွားခဲ့ကြသည်။ နိုင်ငံရေး၊ စစ်ရေးအရ ယင်းတို့အတွက်မည်သို့မျှ အမြတ် မရခဲ့ပေ။
မိတ္ထီလာ၊ သာစည်အခြေအနေ
          ကေအင်န်ဒီအိုများသည် မန္တလေး၊ မေမြို့၊ တောင်ငူ စသည့်မြို့များနှင့်မိတ္ထီလာမြို့ကို သိမ်းပိုက်ပြီး သောအခါ သာစည်မြို့ကို အရေးတကြီးသိမ်းပိုက် တိုက်ခိုက်ရန် ကြိုးစားလာကြသည်။ မေမြို့၊ မန္တလေး၊ မြင်းခြံ စသောမြို့များမှ ကရင်တပ်သားများကို တောင်ငူသို့ မီးရထားဖြင့်ပို့နိုင်ရေးမှာ သာစည်ကိုရမှ ဖြစ်ပေမည်။ ကချင်စစ်ဗိုလ်နော်ဆိုင်းသည် မေမြို့ကို သိမ်းပြီးသောအခါ  မိတ္ထီလာသို့ ဆင်းလာသည်။ ထို့နောက် ကေအင်န်ဒီအို  အင်အား ၂ဝဝဝခန့်ကို ဦးဆောင်ကာ သာစည်မြို့တွင်းသို့ သုံးလက်မ စိန်ပြောင်းပစ်ကူဖြင့် ပြင်းထန်စွာတိုက်ခိုက်တော့သည်။ သာစည်တွင် တပ်မတော် တပ်ရင်း (၆) မှ တပ်ခွဲနှစ်ခွဲ၊ ဂေါ်ရခါးတပ်ခွဲတစ်ခွဲနှင့် အမှတ် (၃) ချင်းတပ်ရင်းမှ တပ်ခွဲနှစ်ခွဲ ဖြစ်သည်။ အမှတ်(၃) ချင်းတပ်ရင်း၏ တပ်ရင်းမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး လျင်ချင်ဇန် (ကွယ်လွန်)မှာမူ မိတ္ထီလာရှိ ရန်သူ့လက်ထဲတွင် အကျယ်ချုပ်ဖြင့် ဖမ်းဆီးခြင်းခံနေရသည်။ မိတ္ထီလာ ကို ကေအင်န်ဒီအိုတို့ သိမ်းပိုက်စဉ် ချင်းတပ်ရင်း(၃) ၏ဌာနချုပ်အဖွဲ့မှာ ရန်သူဖမ်းဆီးခြင်းခံခဲ့ရခြင်း ဖြစ်သည်။  (၁ ဗိုလ်မှူးကြီးဟောင်း တင်မောင်၏ တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် စာမျက်နှာ ၁၆၇၊ ၂၁၅။)             
          ၁၉၄၉ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ရက်တွင် ကေအင်န်ဒီအိုများသည် မိတ္ထီလာကိုသိမ်းပိုက်နိုင်ခဲ့ကြ သည်။ မိတ္ထီလာကိုသိမ်းပြီးသည်နှင့်သာစည်ကို ဆက်လက်သိမ်းပိုက်ရန် ဆက်လက်တိုက်ခိုက်ခဲ့ကြ သည်။ သို့သော် သာစည်သည် အလွယ်နှင့်တိုက်၍မရခဲ့ ပေ။ မတ်လဆန်းတွင်မူ ကေအင်န်ဒီအိုတို့သည် သာစည်မြို့အား ပြင်းထန်စွာ ထိုးစစ်ဆင်၍တိုက်ခိုက် တော့သည်။ လက်နက်ကြီးများဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်ရာ အချို့စစ်သည်များမှာ ဆွံ့အ၍သွားခဲ့ရ သည်။ ရန်သူသည် သာစည်မြို့ပတ်လည်ကို ထွက်ပေါက် မရှိအောင် ပိတ်ဆို့ဝိုင်းရံပြီးမှ တိုက်ခိုက်ခြင်းဖြစ်သည်။ သို့သော် တပ်မတော်သည် မဆုတ်တမ်းခံစစ်စည်း အဖြစ် အသက်စွန့်၍ခုခံတိုက်ခိုက်ခဲ့သည်။ သာစည် တိုက်ပွဲနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးဟောင်းတင်မောင် (စာရေး ဆရာမြတ်ထန်)က တိုင်းပြည်ကနုနု မုန်တိုင်းက ထန်ထန်စာအုပ်စာမျက်နှာ ၁၇၄နှင့် ၁၇၅တွင် အောက်ပါအတိုင်း မှတ်တမ်းတင်ထားသည်ကိုတွေ့ရ၏။
          ''ကျည်ဆန်၊ အဲဒါအတွက်ပဲ စိတ်ပူနေရသည်၊ ကျည်ဆန်ကိုချွေတာကြဟေ့၊ ချွေချွေတာတာပစ်ကြ'' အဲဒါကိုပဲ ရဲဘော်တွေအား တဖွဖွသတိပေးနေရသည်၊ ရန်သူကလည်း ကျွန်တော်တို့တွင် ကျည်ဆန်ရှားပါးလာ ပြီကို ရိပ်မိကြပါလိမ့်မည်၊ ထို့ကြောင့် တစ်စတစ်စဖြင့် အတင့်ရဲလာကြသည်၊ မနီးမဝေးမှလာ၍ အသံချဲ့စက် ဖြင့် လက်နက်ချရန်ဆွယ်တရားဟောကြသည်၊ အထူး သဖြင့်ဂေါ်ရခါးနှင့်ချင်းရဲဘော်တို့အား ရည်ရွယ်၍ပြော ကြ၊ ဟောကြ၊ ဆွယ်ကြသည်၊ ဗမာတွေကိုတော့ ဆဲ သည်၊ ဗမာစစ်သားတွေကို သတ်၍ထွက်ခဲ့ကြရန် ဂေါ်ရခါးနှင့်ချင်းရဲဘော်တို့အား သွေးထိုးပေးသည်၊ သို့ရာတွင် ထိုရဲဘော်တွေသည် စိုးစဉ်းမျှမယိမ်းယိုင်ခဲ့ ကြ၊ ကျွန်တော်တို့ ဗမာရဲဘော်တွေအနေဖြင့်လည်း ထိုရဲဘော်တို့၏ ပြည်ထောင်စုအပေါ်ထားရှိသည့် သစ္စာ စောင့်သိမှုကို စိုးစဉ်းမျှသံသယမရှိခဲ့ကြ၊ ရှိစရာလည်း မလို၊ သူတို့၏သူရသတ္တိနှင့်ဇွဲကပင် သက်သေခံလျက် ရှိနေပါသည်။
          'ထိုဂေါ်ရခါးနှင့် ချင်းရဲဘော်တို့၏စိတ်ဓာတ်နှင့် သစ္စာရှိမှုကို ကျွန်တော်သည် ဘယ်သောအခါမှမေ့မည် မဟုတ်၊ အမြဲသတိရနေမည်ဖြစ်ပါသည်'
xxx
          သာစည်မြို့တွင်းတွင် အဝိုင်းခံနေရသော ဗမာ၊ ချင်းနှင့် ဂေါ်ရခါးရဲဘော်များသည် အဆမတန် အင်အားကြီးမားသော  ရန်သူကေအင်န်ဒီအိုများကို      ကြံ့ကြံ့ခံ၍ ရင်ဆိုင်တိုက်ခိုက်နေခြင်းပင်ဖြစ်သည်။
          ၁၉၄၉ခုနှစ်၊ မတ်လတစ်လလုံး သာစည်တိုက်ပွဲ မှာ ပြင်းထန်ခဲ့သည်။ သို့သော် သာစည်မှာ ကေအင်န် ဒီအိုများ၏လက်သို့ ကျရောက်သွားခြင်းမရှိခဲ့ပေ။ ကချင်စစ်ဗိုလ်နော်ဆိုင်းသည် ကေအင်န်ဒီအိုများအား ဦးစီး၍  ဧပြီလဆန်းတွင် သာစည်ကိုစတင်၍ ထိုးစစ် ဆင် တိုက်ခိုက်ပြန်သည်။ သာစည်တွင် နေ့လယ်စာ စားမည်ဟူ၍ကြုံးဝါးခဲ့သည်။ သုံးလက်မစိန်ပြောင်းကို ဖောဖောသီသီပစ်၍ မြို့နားကို ချဉ်းကပ်လာသည်။ သို့သော် အကျအဆုံးများစွာဖြင့် ဆုတ်ခွာသွားရသည်။ ရန်သူသည် နေ့စဉ်ချေမှုန်းရေးလုပ်ငန်းကြိုးစား သော်လည်း နေ့စဉ်ပင်ပြန်လည်ဆုတ်ခွာသွားခဲ့ကြရ သည်။ သာစည်မြို့တစ်မြိုလုံးမှာလည်း ကေအင်န်ဒီအို တို့ပစ်ခတ်သော လက်နက်ကြီးများ၏ဒဏ်ကြောင့် မီးလောင်၍ ပျက်စီးဆုံးရှုံးမှု အထူးများပြားခဲ့ရသည်။
          မိတ္ထီလာမှ ကေအင်န်ဒီအိုများသည် သာစည်မြို့ အား သမားရိုးကျအရုဏ်ဦးတိုက်စစ်ဖြင့် နေ့စဉ်နံနက် တိုင်း တိုက်ခိုက်နေရာမှ အထိအခိုက် အကျအဆုံး လွန်စွာများပြားလာသောအခါ တိုက်စစ်အဟုန်မှာ လျော့ပါးကျဆင်း၍လာသည်။ သံချပ်ကားတစ်စီး၏ အကာအကွယ်ဖြင့် သာစည်မြို့အထိ ချဉ်းကပ်လာ သော်လည်း တပ်မတော်က ခြောက်ပေါင်ဒါအမြောက် ဖြင့် ပစ်ခတ်သဖြင့် ကေအင်န်ဒီအိုများ သံချပ်ကားကို စွန့်ခွာ၍ ဆုတ်ပြေးရသည်။ သံချပ်ကားကို တပ်မတော် နှင့်ကေအင်န်ဒီအိုတို့ အပြိုင်အဆိုင်တိုက်ခိုက်၍ ဘက်ဆွဲကြရာ တပ်မတော်က သိမ်းဆည်းရမိသွား သည်။ ကေအင်န်ဒီအိုများသည် တိုက်စစ်အရှိန်ကိုလျှော့ လိုက်ပြီး သာစည်မြို့ကို ပိတ်ဆို့ထားတော့သည်။ တပ်မတော်သားများကလည်း ဇွဲကောင်းကောင်းဖြင့် ခုခံသည်။ လေတပ်က ကျည်ဆန်နှင့်ရိက္ခာအနည်းငယ် ခန့်ကိုသာ ချပေးနိုင်သည်။
          သာစည်တိုက်ပွဲအတွင်းတွင်တပ်မတော်ကို ရဲဘော် ဖြူ အချို့က ကူညီခဲ့သော်လည်း ကွန်မြူနစ်များမှာမူ တပ်မတော်ပိုင်ဆက်သွယ်ရေးစက်နှင့် လက်နက်ခဲယမ်း များကို လုယက်ယူငင်ရန်သာ ကြိုးစားခဲ့ကြသည်။(၁။ ဗိုလ်မှူးကြီးဟောင်းတင်မောင်၏ တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် စာမျက်နှာ ၁၉၅ မှ ၂၁၁။)
          ကေအင်န်ဒီအိုများသည် မေမြို့၊ မန္တလေးဘက်မှ ကရင်တပ်များနှင့် လက်နက်ခဲယမ်းများကို တောင်ငူ စစ်မျက်နှာသို့ အရေးတကြီးပေးပို့ရန် စီစဉ်ထားရာ မီးရထားလမ်းကို အသုံးပြုနိုင်ခွင့် ရရှိရေးသည် များစွာ အရေးကြီးနေခဲ့ရသည်။ ရန်ကုန်-မန္တလေးကားလမ်းနှင့် မီးရထားလမ်းတစ်လျှောက်တွင်သောင်းကျန်းသူများ သည် မြို့ရွာအတော်များများကို သိမ်းပိုက်နိုင်ပြီဖြစ် သည်။ မန္တလေးမြို့ကို ကေအင်န်ဒီအိုများနှင့်ဗမာပြည် ကွန်မြူနစ်ပါတီမှ တပ်နီတို့က ပူးတွဲသိမ်းပိုက်ထားပြီး မိတ္ထီလာကို ကေအင်န်ဒီအိုများက သိမ်းပိုက်ထားသည်။ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်မြို့များမှာလည်း ကေအင်န်ဒီအိုတို့လက်သို့ ကျရောက်နေသည်။ ပျဉ်းမနားနှင့်မြင်းခြံကို  ကွန်မြူနစ်တပ်နီများက သိမ်းပိုက်ထားပြီး တောင်ငူ၊ ဖြူး၊ ညောင်လေးပင်၊ြ>ွပန်တန်ဆာ၊ ဒိုက်ဦး စသောမြို့များကိုလည်း ကေအင်န် ဒီအိုများက သိမ်းပိုက်ထားနိုင်သည်။
          တပ်မတော်သည် သာစည်မြို့ကို ရွပ်ရွပ်ချွံချွံခုခံ ကာကွယ်လျက်ရှိရာ ရန်သူများ၏လက်ထဲသို့ရောက်ရှိ နေသော ရန်ကုန်-မန္တလေးမီးရထားလမ်းကြီးကို ဖြတ် တောက်ထားသကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် ကေ အင်န်ဒီအိုတို့သည် နှစ်လနီးပါးကြာမြင့်သည်အထိ ဝိုင်းရံပိတ်ဆို့၍ မီးကုန်ယမ်းကုန်တိုက်ခိုက်ခဲ့ကြသည်။ တပ်မတော်သားများက သာစည်ကိုခုခံကာကွယ်နေစဉ် လွိုင်ကော်ဘက်တွင် ပဒေါင်အရေးအခင်းကို နှိမ်နင်း နေရသော ချင်းတပ်ရင်း(၃)မှ တပ်ခွဲတစ်ခွဲ တောင်ကြီး လမ်းအတိုင်း သာစည်ဘက်သို့ စစ်ကူအဖြစ်ဆင်းလာ သည်။ ယင်းတပ်ခွဲနှင့်အတူ ဟဲဟိုးမှအရန်စစ်ရဲတပ်ဖွဲ့ နှင့်တောင်ကြီးမှ ရှမ်းလူငယ်တပ်ဖွဲ့တို့လည်းလိုက်ပါ လာကြသည်။ စစ်ကူတပ်ပေါင်းစုသည် ယင်းမာပင် ဘက်မှ ဖောက်ထွင်း၍ တိုက်ခိုက်ရာ သာစည်မြို့ကို ကာကွယ်နေသော တပ်ပေါင်းစုနှင့် ဆက်စပ်မိသွား သည်။ ရန်သူလည်း အကျအဆုံးများစွာဖြင့် သာစည်မြို့ ကိုသာမက မိတ္ထီလာမြို့ကိုပါ လက်လွှတ်ဆုတ်ခွာသွားရ တော့သည်။
          သာစည်ကို တပ်ရင်း(၆)နှင့် အရန်စစ်ရဲများက ထိန်းသိမ်းပြီး ချင်းတပ်ရင်း(၃)က မိတ္ထီလာကိုဝင်ရောက် သိမ်းပိုက်ရာ ကွန်မြူနစ်များကလည်း အလုအယက်ဝင် ရောက်ပြီး တပ်စွဲသိမ်းပိုက်ကြသည်။ ထို့နောက် ကွန်မြူ နစ်တပ်များသည် နယ်ဘက်အရာရှိများကို ဖမ်းဆီးပြီး တပ်မတော်ကိုလည်း ဝိုင်းရံကြသည်။ တပ်မတော်က ကွန်မြူနစ်တပ်မှူးဗိုလ်လှဖေနှင့်ဆွေးနွေးသောအခါ ကွန်မြူနစ်တပ်များသည် ဖမ်းထားသူများကို လွှတ်မပေး ဘဲ မိတ္ထီလာမှဆုတ်ခွာသွားခဲ့ကြသည်။ (၂။ ဗိုလ်မှူးကြီးဟောင်း တင်မောင်၏ တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် စာမျက်နှာ ၂၁၇ မှ ၂၂၁။)
ရခိုင်တိုင်းအခြေအနေ (၃။   ရခိုင်ပြည်နယ်ပြည်သူ့ကောင်စီ၏ ပြည်နယ်ဖြစ်စဉ်သမိုင်း (ဒုတိယတွဲ) နိုင်ငံရေးကဏ္ဍ။          )
          ရခိုင်တိုင်းရှိ နိုင်ငံရေးအင်အားစုများမှာ စစ်ကြီး ပြီးဆုံးခါစကပင် သဘောထားကွဲလွဲခဲ့ပြီဖြစ်သည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ဖက်ဆစ်တော်လှန်ရေးအစဉ် အလာရှိခဲ့သော နိုင်ငံရေးခေါင်းဆောင်များမှာ နိုင်ငံ ရေးအယူအဆကွဲလွဲမှုကြောင့် ရန်သူများပမာဖြစ်လာ ကြသည်။ ဦးပညာသီဟ၊ ဦးညိုထွန်းနှင့်ဦးကြာလှအောင် စသော ခေါင်းဆောင်များမှာ ဖဆပလနှင့်ပူးပေါင်း ဆောင်ရွက်ခဲ့သည်။ ဦးစိန္တာနှင့်ဗုံပေါက်သာကျော်တို့မှာ မူ ၁၉၄၆ခုနှစ်မှစ၍ ဖဆပလနှင့်ပူးပေါင်းဆောင်ရွက် မှုမရှိဘဲ သီးခြားခွဲထွက်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ် ကျန်လက်နက်ပစ္စည်းများဖြင့် တပ်ဆင်ဖွဲ့စည်းထား သည့် ရခိုင်ပြောက်ကျားအဖွဲ့များမှာလည်း များစွာ ကွဲပြားလျက်ရှိသည်။ ပြည်သူ့ရဲဘော်အဖွဲ့အတွင်းတွင် လည်း သဘောထားကွဲလွဲလျက်ရှိပြီး ရခိုင်တိုင်း   မြောက်ပိုင်းတွင်လည်း အမ်ဒူကာစင် ခေါင်းဆောင် သည့် မူဂျာဟစ်များက လှုပ်ရှားထကြွနေကြသည်။
          ဖဆပလအဖွဲ့မှ ကွန်မြူနစ်ပါတီကို ထုတ်ပစ်လိုက် ခြင်းဂယက်သည် ရခိုင်ဒေသသို့လည်းရိုက်ခတ်ခဲ့သည်။ ပြည်သူ့ရဲဘော်အဖွဲ့အတွင်းမှ ကွန်မြူနစ်များက တပ်နီ အဖြစ်ခွဲထွက်ခဲ့ရာ ရခိုင်တွင်လည်း တပ်နီများပေါ်လာ သည်။ သံတွဲခရိုင်ပြည်သူ့ရဲဘော်အဖွဲ့ချုပ်ခေါင်းဆောင် ဦးသိန်းညွန့်နှင့်ဦးစောရွှေတို့က သံတွဲမြို့လေးမျက်နှာ တပ်ကုန်းတွင် ပြည်သူ့ရဲဘော်အစည်းအဝေးကျင်းပ သည်။ ဦးချစ်သိန်းက ပြည်သူ့ရဲဘော်သည် ဗမာပြည် တွင် အကျင့်စာရိတ္တပျက်ပြားကာ သစ္စာဖောက်နေ သဖြင့် ပြည်သူ့ရဲဘော်အနေနှင့် ဆက်လက်လှုပ်ရှား ခြင်းမပြုဘဲ တပ်နီအဖြစ်ပြောင်းလဲဖွဲ့စည်းရန် အဆိုပြု သည်။ အစည်းအဝေးက အဆိုကိုလက်ခံပြီး သံတွဲခရိုင် ပြည်သူ့ရဲဘော်အဖွဲ့ကို တပ်နီအဖြစ်ပြောင်းလဲလိုက် သည်။ ထို့နောက် တပ်နီတံဆိပ်များကို တပ်ဆင်ကြ သည်။
          ဦးစောရွှေက တပ်နီဖွဲ့စည်းမှုကိုလက်မခံဘဲ လက်ပံစုဆရာတော်ထံလျှောက်ထား၍ ဆရာတော်ရှေ့ မှောက်တွင် ပြည်သူ့ရဲဘော်အဖွဲ့ကိုထပ်မံဖွဲ့စည်းပြန် သည်။ အတွင်းရေးမှူးအဖြစ် ဦးဖေသိန်းကိုခန့်ထား သည်။ ၁၉၄၇ခုနှစ်မှာပင် ရခိုင်တပ်နီသည် မတရား အသင်း ကြေညာခံရသည်။ ထို့ကြောင့် ဦးချစ်သိန်း၊ ဦးဘတင်၊ ဦးထွန်းနှစ်၊ ဦးစံထွန်း၊ ဦးစံဝင်း၊ ဦးကျော်လှ တို့ခေါင်းဆောင်၍ တောခိုကြသည်။ ဗမာပြည်ကွန်မြူ နစ်ပါတီသည် ရခိုင်တပ်နီ၏ပုန်ကန်မှုကို ပျဉ်းမနားမှ ဗိုလ်တာရာ၏ထြ<ွကမှုကဲ့သို့ပင် တော်လှန်ရေးစတင်ရာ အခြေခံနယ်မြေဟု သတ်မှတ်ခဲ့သည်။ သခင်စိုး၏ အလံနီပါတီကလည်းထောက်ခံပြီး အပြိုင်အဆိုင်စည်းရုံး ခဲ့သည်။
          ၁၉၄၇ခုနှစ်တွင် ရခိုင်မြောက်ပိုင်းတွင် မူဂျာဟစ် များ ဆူပူသောင်းကျန်းလျက်ရှိပြီး ရခိုင်တောင်ပိုင်း၌ ရခိုင်တပ်နီနှင့် ဗုံပေါက်သာကျော်၏တရားမဝင်သော ပြောက်ကျားတပ်ဖွဲ့များက ဆူပူသောင်းကျန်းလျက်ရှိ ကြသဖြင့် အမှတ်(၁)ချင်းသေနတ်ကိုင်တပ်ရင်းကို စေ လွှတ်နှိမ်နင်းစေရသည်။ ၁၉၄၇ခုနှစ်ကုန်ပိုင်းတွင် ဗမာ့ တပ်မတော်တပ်ရင်း(၅)သည် အမှတ်(၁)ချင်းသေနတ် ကိုင်တပ်ရင်းနှင့် တာဝန်လွှဲပြောင်းပြီး ရခိုင်တပ်နီနှင့် ပြောက်ကျားများကိုတိုက်သည်။ တပ်နီနှင့် ပြောက်ကျား များငြိမ်သက်သွားသောအခါ တပ်ရင်း(၅)သည် မူဂျာဟစ်များကို တိုက်ခိုက်နှိမ်နင်းရပြန်သည်။
          ရခိုင်တောတွင်းအင်အားစုများအတွင်း အလံနီ ပါတီ၏သြဇာသက်ရောက်မှုကြီးမားကျယ်ပြန့်လာရာ ရခိုင်အလံနီပါတီ၏ ဗမာအမျိုးသားခေါင်းဆောင်မှာ ဗိုလ်မင်းလွင်ဖြစ်ပြီး ရခိုင်ခေါင်းဆောင်မှာ ဗုံပေါက် သာကျော်ဖြစ်လာသည်။ ဦးစိန္တာမှာမူ အဖမ်းခံခဲ့ရသည်။ လွတ်လပ်ရေးရရှိချိန်တွင် ဖဆပလအစိုးရအဖွဲ့ဝင် ဆိုရှယ်လစ်များ၏ဦးစီးပဲ့ကိုင်မှုဖြင့် ရခိုင်တိုင်းဆိုရှယ် လစ်ပါတီကို ဖွဲ့စည်းရာ ဥက္ကဋ္ဌမှာ ဦးအောင်သာဦး ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် ဦးဘစံက ဆောင်ရွက် သည်။
          ၁၉၄၉ခုနှစ် ဦးစိန္တာပြန်လည်လွတ်မြောက်လာပြီး တပ်နီကို မလိုလားသဖြင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (P.L.P) ဟူ၍ သီးခြားဖွဲ့စည်းပြန်သည်။ ပီအယ်လ်ပီတွင် ဗုံပေါက်သာကျော်က အတွင်းရေးမှူးအဖြစ်ဆောင်ရွက် သည်။ ဦးဘိုးဦး၊ ဦးနီထွန်းအောင်၊ ဦးကျော်ဇံရှီ  (အလံနီ)၊ ဦးရွှေကျော်ဦးတို့က ဆောင်ရွက်မှုပေးကြ သည်။ ဗုံပေါက်သာကျော်သည် လူငယ်အစည်းအရုံးကို လည်း သီးခြားဖွဲ့စည်းခဲ့သည်။ ရခိုင်တိုင်းတွင် ဒုတိယ ကမ္ဘာစစ် လက်ကျန်စစ်လက်နက်ပစ္စည်းမြောက်မြားစွာ ရှိနေလေရာ ပြည်သူ့ရဲဘော်၊ တပ်နီ၊ ပြောက်ကျား၊ မူဂျာဟစ် စသည်ဖြင့် လက်နက်ကိုင်အဖွဲ့အစည်းများမှာ သူတစ်လူငါတစ်မင်းနှင့်ကြီးစိုးနေခဲ့ကြသည်။
          ၁၉၄၉ခုနှစ်တွင် ပြည်ထောင်စုစစ်ရဲတပ်ရင်း အမှတ်(၂ဝ)မှ တပ်ရင်းမှူးဗိုလ်မှူးစံသာကျော်၊ ဗိုလ်မှူး မောင်ကလေး၊ ဗိုလ်ယက်သဲ၊ ဗိုလ်ကောင်းစံလှစသည့် ခေါင်းဆောင်များသည် ပြည်သူ့ရဲဘော်မှ ဦးသာထွန်း၊ ဦးဘဖေ၊ ဦးခင်ပုတို့နှင့်ပူးပေါင်းကာ နိုင်ငံတော်အစိုးရ အား တော်လှန်ပုန်ကန်ကြသည်။ စစ်တွေနှင့် မောင်တောမှအပ ကျန်မြို့ငယ်များကို သိမ်းပိုက်ကြ သည်။ ရခိုင်ပြည်သူ့ရဲဘော်များကို ထိုအချိန်က ဗိုလ် ကြာလှအောင်၊ ဗိုလ်စံသာကျော်၊ ဦးသာထွန်းနှင့်         ဦးမောင်သိန်းတို့က ခေါင်းဆောင်မှုပေးခဲ့ကြသည်။ အမှတ် (၅)ဗမာ့သေနတ်ကိုင်တပ်ရင်းသည် ၁၉၄၉ခုနှစ်၊ ဇန်နဝါရီလတွင် အင်းစိန်တိုက်ပွဲစတင်လာသော ကြောင့် မူဂျာဟစ်များကို တိုက်ခိုက်နေရာမှ ပြန်လည် ရုပ်သိမ်းသွားရသည်။ ထို့ကြောင့် မူဂျာဟစ်များ        ပြန်လည် ခေါင်းထောင်လာကြပြန်သည်။
          မူဂျာဟစ်များကို တိုက်ခိုက်ရန် စစ်ဝန်ထမ်းတပ် ဖြင့် လွှဲအပ်ထားရာ စစ်ဝန်ထမ်းတပ်မှာ စည်းကမ်း မဲ့သဖြင့် မူဂျာဟစ်များ ပိုမိုဆူပူလာကြသည်။ စစ်တွေ ခရိုင်မြောက်ပိုင်းကုလားတန်မြစ်အနောက်ဘက်ခြမ်း ဒေသကို အရှေ့ပါကစ္စတန်နိုင်ငံ(ယခု ဘင်္ဂလားဒေ့ရှ်) သို့ သိမ်းသွင်းပေးရမည်ဟုလည်းြေ<ွကးကြော်လာကြ သည်။ မူဂျာဟစ်များကို အမှတ်(၂)အရေးပေါ်ချင်းတပ် ရင်း (နောင်တွင် ချင်းသေနတ်ကိုင်တပ်ရင်း ၂) ဖြင့် နှိမ်နင်းတိုက်ခိုက်နေရသည်။
          ရခိုင်မြောက်ပိုင်းတွင် မူဂျာဟစ်များအင်အားကြီး လာနေစဉ်မှာပင် ဦးစံအောင်၊ ဦးသန်းမောင်နှင့် စစ်ရဲ (၂ဝ)မှ ဗိုလ်တင်မြင့်၊ ဗိုလ်ကျော်ဇောဆိုသူတို့ပူးပေါင်း ၍ သံတွဲမြို့ကိုသိမ်းပိုက်ကြသည်။ ထို့နောက်ဗမာပြည် ကွန်မြူနစ်ပါတီကိုယ်စားလှယ်များကို ဖိတ်ကြား၍ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုဖွဲ့စည်းသည်။ ကျောက် ဖြူမြို့ကိုလည်း ပြည်သူ့ရဲဘော်များက သိမ်းပိုက်လိုက် သည်။ ထို့နောက် ဦးဘဟန်၊ ဦးဘလုံ၊ သံတွဲခရိုင် လွှတ် တော်အမတ်ဦးအောင်မြ၊ ဦးဘတင်တို့က ပြည်သူ့ရဲဘော် များနှင့်ပူးပေါင်းကာ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု ဖွဲ့စည်းပြန်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ(ရခိုင်ပြည်) ၏ ခေါင်းဆောင်များမှာ ဦးကျော်မြနှင့် ဦးမောင်တူတို့ ဖြစ်သည်။ ထိုကဲ့သို့အခြေအနေရှုပ်ထွေးနေစဉ်မှာပင် ဗုံပေါက်သာကျော်၏ ရခိုင်လူငယ်အစည်းအရုံးမှာလည်း တစ်ဖွဲ့လုံးတောခိုသွားပြန်သည်။
          ၁၉၄၉ခုနှစ်တွင် မြန်မာနိုင်ငံတစ်ခုလုံး ဆူပူ သောင်းကျန်းမှုများနှင့် ပြည့်နှက်လျက်ရှိရာ ရခိုင်တိုင်း တွင်လည်း စစ်တွေနှင့်မောင်တောမြို့များမှအပ ကျန် မြို့ရွာများသည် မူဂျာဟစ်၊ တောခိုစစ်ရဲ(၂ဝ)၊ ပြည်သူ့ ရဲဘော်၊ တပ်နီ၊ ပြောက်ကျားစသောရောင်စုံသောင်း ကျန်းသူများ၏လက်သို့ကျရောက်ခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ၊ တောခိုစစ်ရဲ(၂ဝ)နှင့်ပြည်သူ့ရဲဘော်တို့ သည် မြို့ရွာများကို သိမ်းပိုက်ပြီးနောက် အချင်းချင်း ပူးပေါင်း၍ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုဖွဲ့စည်းကြ သည်။ မြို့ပြအုပ်ချုပ်ရေးအဖွဲ့များလည်း ထူထောင်၍ အုပ်ချုပ်ကြသည်။
          သံတွဲခရိုင်တပ်ပေါင်းစုဥက္ကဋ္ဌမှာ ဦးစံအောင်ဖြစ် ပြီး အတွင်းရေးမှူးမှာ သန်းညွန့်(ဗမာပြည်ကွန်မြူနစ် ပါတီ)တို့ဖြစ်သည်။ သန်းမောင်၊ စံရွှေ၊ အောင်မြ၊ ဘတင် တို့က အမှုဆောင်အဖြစ်ပါဝင်ကြသည်။ ကျောက်ဖြူ ခရိုင်တပ်ပေါင်းစုတွင် သာထွန်း၊ ဘခင်၊ ခင်မောင်ပု တို့က ခေါင်းဆောင်သည်။ စစ်တွေခရိုင်တပ်ပေါင်းစုကို မူ ဗိုလ်ကြာလှအောင်နှင့် တောခိုစစ်ရဲဗိုလ်မှူး        မောင်ကလေး၊ ဗိုလ်စံသာကျော်တို့က ခေါင်းဆောင်ကြ သည်။ သို့သော် ယင်းတပ်ပေါင်းစုများမှာ ကြာရှည် စည်းလုံး ညီညွတ်ခြင်းမရှိကြပေ။ မကြာမီပင် ပြည်သူ့ ရဲဘော်နှင့်ကွန်မြူနစ်တို့ ကွဲပြီးပြန်လည်တိုက်ခိုက် ကြပြန်သည်။
          ၁၉၄၉ခုနှစ်၊ တစ်နှစ်လုံးတွင် ရခိုင်တိုင်းတစ်ခုလုံး နီးပါးသည် မူဂျာဟစ်နှင့် ရောင်စုံသောင်းကျန်းသူများ ၏ လက်အောက်သို့ကျရောက်ခဲ့ရသည်။ စစ်ဝန်ထမ်း နှင့်ပြည်သူ့ရဲဘော်(အဝါ)တို့သည် တပ်မတော်နှင့်တွဲ၍ စစ်တွေ၊ မောင်တောမြို့တို့ကိုသာ ထိန်းသိမ်းထားနိုင် ခဲ့သည်။ တပ်မတော်သည် ၁၉၅ဝပြည့်နှစ်ရောက်မှ ရခိုင်တိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အမ်းမြို့နှင့် ဂွမြို့မှအပ မြို့ရွာအားလုံးကိုပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်။ အမ်းမြို့နှင့်ဂွမြို့မှာမူ ပြည်သူ့ရဲဘော်နှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့၏လက်အောက်တွင်  ၁၉၅၈ခုနှစ် အထိကျရောက်နေရလေသည်။
သထုံခရိုင်အခြေအနေ* (*    ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။      )
          သထုံခရိုင်ကို  ကေအင်န်ဒီအိုစစ်မင်းကြီး စောအုံးဖေက အုပ်ချုပ်ပြီး ဘားအံနှင့်လှိုင်းဘွဲ့ကို စစ် မင်းကြီး တာကပေါက အုပ်ချုပ်သည်။ တပ်မတော်သည် သထုံခရိုင်အတွင်းရှိ ကေအင်န်ဒီအိုများအား အပြင်း အထန် စစ်ဆင်တိုက်ခိုက်ရာ ၁၉၄၉ခုနှစ်၊ ဧပြီလ ၂၁ရက်တွင် သထုံမြို့ကိုပြန်လည်သိမ်းပိုက်ရရှိသည်။ ကေအင်န်ဒီအိုများသည် ဘီးလင်းဘက်ကို ဆုတ်ခွာကြ သည်။ ဘီးလင်းကို တပ်မတော်က ဆက်လက်သိမ်းပိုက် သောအခါ ဖာပွန်ဘက်ကိုဆုတ်ခွာကြပြန်သည်။ တပ်မတော်သည် ၁၉၅ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃ဝ ရက်တွင် စစ်တောင်းအထိပြန်လည်သိမ်းပိုက်ပြီး သထုံခရိုင်(စစ်တောင်းမြစ်နှင့် သံလွင်မြစ်အကြား ကမ်းရိုးတန်းဒေသ) ကို သောင်းကျန်းသူ ကေအင်န် ဒီအိုများ၏လက်မှ ကယ်တင်ခဲ့ရသည်။
          တပ်မတော်ထိုးစစ်များကြောင့် သထုံခရိုင်အတွင်း မှ ကေအင်န်ဒီအိုများ အရေးနိမ့်သွားရသောအခါ      ငယ်သားအချို့က ကေအင်န်ဒီအိုစစ်မင်းကြီးစောအုံးဖေ ကို အနားယူစေပြီး ဗိုလ်စိုးကို စစ်မင်းကြီးခန့်လိုက်ကြ သည်။ သို့သော်စောအုံးဖေအား ပစ်ပယ်ရန်မဖြစ်နိုင် သေးသဖြင့် မေဂျာဂျင်နရယ်ရာထူးဖြင့် ဂျင်နရယ် မင်းမောင်၏ လက်ထောက်အဖြစ်ရာထူးတိုးပေးကြ ပြန်သည်။ လင်းထင်(ခေါ်)ငန်းနက်သည် ၁၉၄၈ခုနှစ်၊ သြဂုတ်လ  ၃၁ရက်မှစ၍ သထုံနှင့်စစ်တောင်းကြားရှိ ကေအင်န်ဒီအိုတပ်များကို အုပ်ချုပ်ရာမှ နောင်သော အခါ ကေအင်န်ဒီအို တပ်မဟာ(၅)တပ်မင်းကြီးအဖြစ် နာမည်ကြီးလာသည်။ ဂျင်နရယ်မင်းမောင်သည် ဗြိတိသျှစစ်တပ်တွင် ဗိုလ်မှူးရာထူးအထိ ရာထူးရရှိခဲ့ပြီး   တောခိုကရင်တပ်ရင်း(၁)၏တပ်ရင်းမှူးဖြစ်သည်။ ကော်သူလေးစစ်တပ် ဗိုလ်ချုပ်(ဂျင်နရယ်)အဖြစ် ကေအင်န်ယူများက ခန့်အပ်ထားကြသည်။
အစိုးရအပြောင်းအလဲဖြစ်ခြင်း
          တစ်နိုင်ငံလုံးရောင်စုံသောင်းကျန်းသူများ ဆူပူ အုံကြွနေသဖြင့် တပ်မတော်သည် ရနိုင်သမျှအင်အား ကို စုစည်း၍တိုက်ခိုက်နေချိန်တွင် အစိုးရအဖွဲ့အတွင်း ၌ မငြိမ်မသက်ဖြစ်လာသည်။ ကေအင်န်ဒီအိုများ၊ မန္တလေးမြို့ကို သိမ်းပိုက်ထားစဉ် ဝန်ကြီးချုပ်ဦးနုသည် စစ်ကိုင်းသို့ သွားရောက်ခဲ့သည်။ ဦးနု စစ်ကိုင်းမှပြန် လာသောအခါ အစိုးရအဖွဲ့တွင် နုတ်ထွက်စာများက စောင့်နေတော့၏။(၁။ ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေး ခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စာမျက်နှာ ၃၂၇။)၁၉၄၉ခုနှစ်၊ဧပြီလ ၁ရက်တွင် ဖဆပလအစိုးရအဖွဲ့အတွင်းမှ ဆိုရှယ်လစ်ပါတီဝင် ဝန်ကြီးများနှင့် ပြည်သူ့ရဲဘော်(အဝါ)များ နုတ်ထွက် သွားကြတော့သည်။ဦးနုသည် ကြားဖြတ်အစိုးရကို ပြန်လည်ဖွဲ့စည်းရာတွင် မည်သည့်နိုင်ငံရေးပါတီတွင်မျှ ပါဝင်ခြင်းမရှိသော တစ်သီးပုဂ္ဂလများဖြင့် ဖွဲ့စည်း ခဲ့သည်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်နေဝင်းသည်လည်း အစိုးရအဖွဲ့ဝင်ဖြစ်လာသည်။     
          ၁၉၄၉ခုနှစ်တွင် ဇန်နဝါရီလမှစ၍ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလများမှာ ပြည်တွင်းသောင်းကျန်းမှုအရှိန် အဟုန်အမြင့်မားဆုံးကာလဖြစ်ရာ အစိုးရအဖွဲ့သည် နိုင်ငံကိုထိန်းသိမ်းနိုင်ခြင်းမရှိခဲ့ပေ။ တပ်မတော်သည် သစ္စာရှိသောစစ်ရဲများ၊ ကာကွယ်ရေးများ၊ စစ်ဝန်ထမ်း များနှင့်ပူးပေါင်း၍ ရန်သူများကိုတိုက်ခိုက်ခဲ့ရသည် သာမက အစိုးရအဖွဲ့ပြုတ်မကျသွားစေရန်ပင်       ကျားကန်ပေးခဲ့ရသည်။ အစိုးရသည် အပြောင်းအလဲ ဖြစ်ပြီး နောက်တွင် စစ်ဝန်ထမ်းနှင့်လဲပြီး*(*နယ်မြေအလိုက်လူစုဆောင်းဖွဲ့စည်းသောတပ်(အမြဲတမ်းတပ်မဟုတ်)။) တပ်များကို အနယ်နယ်အရပ်ရပ်၌ စတင်ဖွဲ့စည်း၍လာသည်။
          တပ်မတော်သည်မြို့ကြီးများကို တစ်မြို့ပြီးတစ်မြို့ ပြန်လည်သိမ်းပိုက်လျက်ရှိရာ သောင်းကျန်းသူများ၏ အခြေအနေမှာ တဖြည်းဖြည်းအရှိန်လျော့ကျ၍လာလေသည်။
          ၁၉၄၉ခုနှစ်၊ ဧပြီလ ၄ရက်တွင် အင်းစိန်ကေ  အင်န်ယူခေါင်းဆောင်စောဘဦးကြီးနှင့်အစိုးရကိုယ်စား လှယ်များစေ့စပ်ဆွေးနွေးပွဲကျင်းပသည်။သို့သော်အောင်မြင်မှုမရရှိပေ။**(**စောဘဦးကြီးနှင့် အစိုးရ ကိုယ်စားလှယ်များ ဧပြီ ၅ရက်တွင် သဘောတူစာချုပ်ချုပ်ဆိုသည်။ ကေအင်န်ဒီအိုတို့ဘက်မှ စောဘဦးကြီးနှင့် မန်းဂျိမ်းထွန်းအောင်တို့ လက်မှတ်ထိုးပြီး အစိုးရဘက်မှသခင်နု၊ ဗိုလ်ချုပ်နေဝင်း၊ ဆာဘဦး နှင့်ဦးအေးမောင်တို့ လက်မှတ်ထိုးသည်။ ဧပြီ ၈ရက်တွင် စောဟန်တာသာမွှေးနှင့် စောစိန်အောင်တို့ လက်မှတ် ရေးထိုးပြီး အဆိုသစ်များကို တင်ပြရာမှ တိုက်ပွဲပြန်စသည်။ ရဲဘော်ဖြူများကူညီသဖြင့် ကေအင်န်ဒီအိုများ အင်းစိန် မှ ဆုတ်ခွာသွားနိုင်ခဲ့ရသည်။) တပ်မတော်သည် မေလ ၂၂ ရက်တွင် အင်းစိန်ကိုပြန်လည်သိမ်းပိုက်နိုင်ပြီး မေလ ၂၃ရက်တွင်ပုသိမ်၊ ငပုတောကိုပြန်သိမ်းနိုင်ခဲ့သည်။ ကေအင်န်ဒီအိုများသည် ထိုအချိန်မှစ၍ သောင်းကျန်းမှု အရှိန်အဟုန်စတင်လျော့ပါးလာသည်ဟု ဆိုနိုင်သည်။ သို့သော်ကွန်မြူနစ်များသည် ပျဉ်းမနားကို အခြေခံ၍ ထကြွသောင်းကျန်းနေဆဲပင်ဖြစ်သည်။ ကွန်မြူနစ်နှင့် ရဲဘော်ဖြူတို့သည် ကေအင်န်ဒီအိုတို့ လက်လွတ်သွား သော ပြည်မြို့နှင့်အခြားမြို့ကြီးများကိုပူးတွဲ၍ သိမ်းပိုက်ထားကြသည်။ တောင်ငူနှင့်မန္တလေးတွင် ကွန်မြူနစ်များသည် ကေအင်န်ဒီအိုနှင့်ပူးတွဲ၍ ချီတက်ကြသည်။ အခြားခရိုင်မြို့ကြီးများတွင်လည်း ဖဆပလအစိုးရကိုဖြုတ်ချရေးအတွက် ပူးတွဲကြေညာ ချက်များထုတ်ပြန်သည်။ သို့သော် ကေအင်န်ဒီအိုနှင့် ကွန်မြူနစ်တို့သည် လုံးလုံးလျားလျား ပူးပေါင်းသွား နိုင်ခြင်းမရှိခဲ့ကြပေ။ ကွန်မြူနစ်များက ကေအင်န်ယူကို နယ်ချဲ့သမား၏ လက်ကိုင်တုတ် အဖြစ်ယူဆထားပြီး ကေအင်န်ယူများက ကွန်မြူနစ်များကို ဘာသာမဲ့များ အဖြစ် ယူဆထားကြလေသည်။
          တပ်မတော်သည် အင်အားနည်းပါးသော်လည်း ရောင်စုံသောင်းကျန်းသူများအား ရွပ်ရွပ်ချွံချွံခုခံတိုက် ခိုက်၍ ရန်သူတို့သိမ်းပိုက်ထားသောမြို့များကို တစ်မြို့ ပြီး တစ်မြို့ပြန်လည်သိမ်းပိုက်လျက်ရှိသည်။ ၁၉၄၉ ခုနှစ်၊ ဇွန်လ ၁၄ရက်တွင် တောင်ငူ၌ စောဘဦးကြီး ခေါင်းဆောင်ပြီး ကရင်တော်လှန်ရေးအစိုးရကို ဖွဲ့စည်း သည်။ စောဘဦးကြီးနှင့် စကောမောလေတို့သည် တောင်ငူဗဟို ဌာနချုပ်တွင် ကွပ်ကဲလျက်ရှိပြီး စောဟန် တာသာမွှေး၊ စောစံကေတို့သည် မြစ်ဝကျွန်းပေါ်တွင် သီးခြားလုပ်ကိုင်ခွင့်များရရှိလျက်ရှိသည်။ သို့သော် ၁၉၄၉ခုနှစ်၊ ဒီဇင်ဘာလ ၁၈ရက်တွင်ကား ကေအင်န် ဒီအိုတို့၏ အကြီးမားဆုံးခံတပ်အဖြစ် နာမည်ကြီး နေသော စာဗူးတောင်းရွာကြီးကို တပ်မတော်က ထိုးစစ် ဆင်၍ သိမ်းပိုက်နိုင်ခဲ့သည်။ ၁၉၄၉ခုနှစ်ကုန်တွင်ကား ပြည်တွင်းသောင်းကျန်းမှု အဆိုးရွားဆုံးကာလကို လွန်မြောက်သွားပြီဖြစ်သဖြင့် အစိုးရသည် ရန်ကုန်အစိုးရမှ  ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရအဖြစ် ပြန်လည်၍ သိက္ခာတက်လာရလေသည်။
Share this article :

0 comments:

Post a Comment

 
ဆက်သွယ်ရန် mmpolitical2013@gmail.com :
Template Modify by Creating Website Myanmar Political Research Organization