Home » » အခန်း(၆) အလံနီပါတီ၏နိဂုံး

အခန်း(၆) အလံနီပါတီ၏နိဂုံး


အခန်း(၆)
အလံနီပါတီ၏နိဂုံး
နောက်ခံသမိုင်းကြောင်း(၁။ ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။)
သခင်စိုးခေါင်းဆောင်သော အလံနီပါတီ(ခေါ်) ကွန်မြူနစ်ပါတီ(ဗမာပြည်)သည် မြန်မာနိုင်ငံပြည်တွင်း သောင်းကျန်းမှုသမိုင်းဖြစ်စဉ်တစ်လျှောက်တွင် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့်အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်တွင် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး ကျင်းပကြရာမှ စ၍ သခင်သန်းထွန်းခေါင်းဆောင် သော ဗမာပြည်ကွန်မြူနစ်ပါတီနှင့် သခင်စိုးခေါင်း ဆောင်သော ကွန်မြူနစ်ပါတီ (ဗမာပြည်)ဟူ၍ ပါတီ နှစ်ခြမ်းကွဲခဲ့ရသည်။ ထိုစဉ်က အစည်းအဝေးတက် ရောက်သော ဗဟိုကော်မတီ ၂၈ ဦးအနက် ၇ ဦးသာ သခင်စိုးဘက်ပါခဲ့သည်။ သခင်စိုး၏ ကွန်မြူနစ်ပါတီ (ဗမာပြည်)သည် အလံနီကွန်မြူနစ်ပါတီဟူ၍ ထင်ရှားလာပြီး ဆူပူအုံကြွရေးလှုပ်ရှားမှုများကိုဆောင်ရွက်လာ ခဲ့သည်။






သခင်စိုးနှင့် အလံနီအင်အားစုများသည် ဗြိတိသျှ အစိုးရက ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ ကို ဆန့်ကျင် ပြီး ၁၉၄၆ ခုနှစ်၊ မေလ (၁)ရက်တွင် ပုဇွန်တောင် ပန်းခြံ၌ တရားပွဲပြုလုပ်ခဲ့သည်။ မင်းမနိုင်ကွက်သစ် တွင်လည်း သခင်စိုးခေါင်းဆောင်ပြီး ကျူးကျော်အိမ်ရာများ ဆောက်လုပ်နေထိုင်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် အလံနီ ပါတီသည် မတရားအသင်းကြေညာခံခဲ့ရလေရာဗိုလ်ချုပ်အောင်ဆန်းက နယ်ချဲ့ဆန့်ကျင်ရေးအင်အား စုများ အင်အားမလျော့ စေလိုသဖြင့် တရားဝင်အဖွဲ့ အစည်းအဖြစ် အသိအမှတ်ပြုရန် ဆောင်ရွက်ပေးခဲ့ ရသည်။ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်တွင် သခင်စိုး ခေါင်းဆောင်သော အလံနီများသည် လယ်သမား ၃၅ဝဝ ခန့်ကို စည်းရုံး၍ အတွင်းဝန်ရုံးအား ဝိုင်းဝန်းဆန္ဒပြကြပြန်သည်။ ဇန်နဝါရီလ(၂၃)ရက်တွင် အလံနီပါတီကို ဒုတိယအကြိမ် မတရားအသင်း ကြေညာခံရပြန်သည်။ သခင်စိုးကိုလည်း ဗားကရာ ဆိပ်ကမ်းတွင် ဖမ်းဆီးပြီး ထောင်ချထားခဲ့သည်။ အလံနီ နှင့် ရခိုင်အလံနီများမှာ ထိုအချိန်ကစ၍ ပုန်းလျှိုးကွယ်လျှိုးသာလှုပ်ရှားကြရပြီး လက်နက်များကြိုတင် စုဆောင်းနေခဲ့ကြသည်။
သခင်စိုးသည် ၁၉၄၆ ခုနှစ်ကုန်ပိုင်းတွင်လည်း အဖမ်းခံခဲ့ရသေးရာ ဗိုလ်ချုပ်အောင်ဆန်းကြောင့် ပြန် လည်လွတ်မြောက်ခဲ့ရသည်။ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်၊ မတ်လ(၂၄) ရက်တွင် အလံနီဌာနချုပ် သည် အောက်ခြေအဆင့်သို့သူပုန်ထရန် ညွှန်ကြားချက် များထုတ်ပြန်ခဲ့သည်။ မတ်လ (၂၈) ရက်တွင် ဗမာ ပြည်ကွန်မြူနစ်ပါတီတောခိုသည်။ အလံနီပါတီမှာမူ ၁၉၄၈ ခုနှစ်၊ မေလကျမှ လက်နက်စွဲကိုင်တိုက်ခိုက်မှု များစတင်ခဲ့သည်။ အလံနီပါတီတောခိုပြီး ထကြွပုန်ကန် သောအခါ သခင်စိုးမှာထောင်ထဲတွင်ပင်ရှိနေခဲ့သည်။ အလံနီများသည် ဖက်ဆစ်တော်လှန်ရေးတစ်လျှောက် လုံး သခင်စိုး ခိုအောင်းလှုပ်ရှားခဲ့သည့် ဒေးဒရဲ၊ ဖျာပုံ၊ ကျိုက်လတ်နယ်များကို အခြေခံ၍လှုပ်ရှားခဲ့ကြသည်။ အထက်မြန်မာနိုင်ငံတွင် ကွပ်ကဲနေသူများမှာ ကိုထူး နှင့် ထွန်းစိန်တို့ဖြစ်သည်။ ၁၉၄၉ ခုနှစ်တွင် ရဲဘော် ဖြူများ ဆူပူသောင်းကျန်းကြပြီး သာယာဝတီထောင်ကို ဖွင့်လိုက်ရာ သခင်စိုးလည်း ထောင်ကလွတ်မြောက် လာသည်။ သခင်စိုးသည် ဒေးဒရဲနယ်တွင် အခြေခံပြီး အလံနီများကို ခေါင်းဆောင်သည်။ အလံနီဌာနချုပ်မှာ ကျိုက်လတ်နှင့် ဒေးဒရဲနယ်အတွင်း ရွှေ့ပြောင်းနေ သည်။
၁၉၅ဝ ပြည့်နှစ်တွင် အလံနီများနှင့် ကေအင်န်ဒီ အိုတို့ ပဋိပက္ခဖြစ်ကြရာ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြ သည်။ ကျိုက်လတ်မြို့နယ်ဖိုးစံရွာရှိ အလံနီပါတီ ဌာနချုပ်က  ကေအင်န်ဒီအိုများကိုတိုက်ခိုက်ရန်     အမိန့်ပေးခဲ့သည်။ နှစ်လကြာတိုက်ခိုက်ပြီးနောက် အလံနီနှင့်ကေအင်န်ဒီအိုများ ပြေလည်မှုရရှိပြန်သည်။ တပ်မတော်က သောင်းကျန်းသူများအား ထိုးစစ်ဆင်နွှဲ၍ တိုက်ခိုက်ရာ အလံနီဌာနချုပ်သည် တွံတေးတောကြီး တန်းသို့ ရွှေ့ပြောင်းခဲ့ရသည်။ ထို့နောက် ခနောင်တို သို့ ရွှေ့ပြောင်းကြရပြန်သည်။ တပ်မတော်၏ ထိုးစစ် များကြောင့် အလံနီပါတီဌာနချုပ်သည် ၁၉၅၂ ခုနှစ် တွင် မြစ်ဝကျွန်းပေါ်ဒေသမှ အထက်မြန်မာနိုင်ငံ မုံရွာခရိုင်၊ ပုလဲမြို့နယ်၊ ဝက်ကျရွာသို့ ရွှေ့ပြောင်း ကြရပြန်သည်။ သခင်စိုးတို့ရွှေ့ပြောင်းရေးကို  အလံနီ ပါတီမှ ဗမာပြည်ကွန်မြူနစ်ပါတီသို့ ကူးပြောင်းသွားသော သခင်တင်မြတို့က အကူအညီပေးခဲ့ကြသည်။ သခင်စိုးနှင့် အလံနီဌာနချုပ် အထက်မြန်မာနိုင်ငံသို့ ရောက်သွားသောအခါ အထက်မြန်မာနိုင်ငံတွင် ခေါင်းဆောင်နေသူများမှာ ကိုထူးနှင့်ထွန်းစိန်တို့ဖြစ်   ပြီး အလံနီစုစုပေါင်း အင်အားမှာ ၇ဝဝဝ မှ ၈ဝဝဝ အထိရှိလာသည်။
၁၉၅၃ ခုနှစ်တွင် ကိုထူးနှင့် ကိုထွန်းစိန်တို့က သခင်စိုးကိုမကျေနပ်သဖြင့် ထူးစိန်ပါတီဟု သီးခြားခွဲ ထွက်ခဲ့သည်။ သခင်စိုးကို ထောက်ခံသူများမှာ စစ်သေနာပတိ ဗိုလ်ချုပ်မြင့်အောင်၊ ရဲနီကျော်ဝင်း၊ ဗိုလ်ချုပ်လေး မျိုးဆွေတို့ဖြစ်သည်။ ၁၉၅၃ ခုနှစ်၌ပင် သခင်စိုးသည် ဗိုလ်ချုပ်မြင့်အောင်အား ရာထူးမှချထား ၍ ရဲနီကျော်ဝင်းကို စစ်သေနာပတိအဖြစ် ခန့်ထားပြန် သည်။ ၁၉၅၃ ခုနှစ်တွင် သခင်စိုး ခေါင်းဆောင်သော အလံနီပါတီဌာနချုပ်သည် ထီးလင်းမြို့နယ်ထဲတွင် ခို အောင်းလျက်ရှိသည်။
၁၉၅၄ ခုနှစ်၊ ဧပြီလထဲတွင် မငွေစံသည် သခင်စိုး ရှိရာ ဌာနချုပ်သို့ရောက်ရှိလာရာ သခင်စိုးသည် ဇနီး ဖြစ်သူ မနှင်းမေအား အတင်းအဓမ္မနှင်ထုတ်၍ မငွေစံ အား ပေါင်းသင်းခဲ့သည်။ ထို့အပြင် ဝင်းကြည်ဆိုသူ သည် မနှင်းမေနှင့်ရှုပ်ထွေးငြိစွန်းနေသည်ဟု ဆိုကာ ရဲနီကျော်ဝင်းတို့လူစုအား ပစ်ဖမ်းခိုင်းသဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ကြရာ ဝင်းကြည်ဒဏ်ရာရရှိခဲ့သည်။ မနှင်းမေ ကိုလည်း အရေးယူရန် စီစဉ်ခဲ့သည်။ ဗဟိုကော်မတီ များက ဝိုင်းဝန်းတင်ပြမှသာ ဝင်းကြည်နှင့် မနှင်းမေ  ကိုလက်ထပ်ခွင့်ပြုခဲ့သည်။ ဝင်းကြည်သည်လက်ထပ်ပြီး တစ်ပတ်အကြာ(ဒဏ်ရာရပြီး သုံးလအကြာ)တွင် ရရှိ သော ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ရသည်။ ထိုအချိန် မှစ၍ အလံနီပါတီအတွင်းတွင် သခင်စိုး၏ခေါင်း ဆောင်မှုကို သံသယရှိသူများ ပိုမိုများပြားလာရသည်။
အလံနီပါတီတွင်လည်း အကြမ်းဖက်လုပ်ရပ်များ၊ လူသတ်ဝါဒများ ထွန်းကားလာရာ ၁၉၅၅ ခုနှစ်တွင် ဆင်စွယ်ရွာသူကြီးဖိုးအုပ်ခြုံအား သေဒဏ်ပေးခဲ့ကြ သည်။ ထိုသို့ သေဒဏ်ပေးပြီး အသတ်ခံကြရသော ရွာသူရွာသားများမှာ မနည်းလှပေ။ မနှင်းမေသည် ဝင်းကြည်သေသွားပြီးနောက် ဗဟိုကော်မတီနေဒွန်း နှင့် လက်ထပ်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် မနှင်းမေကို တပ်မတော်စစ်ကြောင်းက ဖမ်းမိသွားခဲ့သည်။ သခင်စိုး သည် မနှင်းမေနှင့် ရီရီစိုး၊ နီနီစိုးဟူသော သမီးများရရှိ ထွန်းကားခဲ့သည်။
၁၉၅၅ ခုနှစ်တွင် ကျင်းပသော ဆိုဗီယက်ယူနီယံ ကွန်မြူနစ်ပါတီ၏ အကြိမ်(၂ဝ)မြောက် ကွန်ဂရက် အစီရင်ခံစာကိုမကျေနပ်သဖြင့် သခင်စိုးက ခရုရှက်ဖ် အား ခုံရုံးတင်၍စစ်ဆေးပြီး သေဒဏ်ပေးသည်ဟု ဆိုသည်။ အလံနီအားလုံး ခရုရှက်ဖ်ရှုတ်ချပွဲများ ပြုလုပ် ကျင်းပကြရသည်။ မြစ်ဝကျွန်းပေါ်ရှိအလံနီများက လည်း ၁၉၅၈ ခုနှစ်တွင် ဘိုကလေးမြို့နယ် ငွေသောင်   ယံကွန်ဖရင့်ကိုကျင်းပ၍ ခရုရှက်ဖ်ကို ရှုတ်ချခဲ့ကြ သည်။
သခင်စိုးခေါင်းဆောင်သော အလံနီပါတီသည် ဆိုဗီယက်ခေါင်းဆောင်ခရုရှက်ဖ်အား စွဲချက်တင်တိုက် ခိုက်ပြီးဖြစ်သဖြင့် စတာလင်လမ်းစဉ်ကိုသာ လုံးလုံး လျားလျားလက်ခံလာခဲ့သည်။  ခရုရှက်ဖ်သည် စတာလင်၏လမ်းစဉ်ကိုဝေဖန်တိုက်ခိုက်၍ ပါလီမန် ဒီမိုကရေစီလမ်းကြောင်းဘက်သို့ ယိမ်းယိုင်လာသည်ဟု အလံနီများကဆိုကြသည်။*(ဆိုဗီယက်ယူနီယံကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ခရုရှက်ဖ်သည် စတာလင်၏လမ်းစဉ်ကို ပြန်လည် ပြင်ဆင်ခဲ့သည်။ နောင်သောအခါ ဆိုဗီယက်နှင့်တရုတ်ကွန်မြူနစ်များ သဘောကွဲလွဲကြပြီး တရုတ်တို့က ခရုရှက်ဖ် ကို ပြန်လည်ပြင်ဆင်ရေးသမားဟု သမုတ်ခဲ့သည်။) ၁၉၅၆ ခုနှစ်တွင် တပ်မတော်က အောင်မာဃစစ်ဆင်ရေးကို စတင်ဆင်နွှဲခဲ့ရာ အလံနီများအထိနာခဲ့ကြရသည်။ အလံနီ များလှုပ်ရှားရာ ပခုက္ကူခရိုင်၊ ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ ယော၊ လောင်းရှည် စသောနယ်များမှ ပြည်သူလူထု ကလည်း အလံနီများ၏အကြမ်းဖက်လုပ်ရပ်ကိုမနှစ်မြို့ သဖြင့် ဆန့်ကျင်လာ ကြသည်။ တပ်မတော်ကိုသတင်း ပေးခြင်း၊ ကူညီခြင်းတို့ကို ပြုလုပ်လာကြသည်။ အလံနီဌာနချုပ်သည်လည်း ဂန့်ဂေါမြို့နယ် ကျောချောင်းရွာမှ ထီးလင်းမြို့နယ် တိုးရွာချောင်းသို့ ပြောင်းခဲ့ကြရသည်။ အောင်မာဃစစ်ဆင်ရေးပြီးမှ ကျောက်မစင် ချောင်းမြောက်ဘက် လက်ပြာချောက် သို့ ပြန်ပြောင်းခဲ့ကြရသည်။ စစ်ဆင်ရေးကာလ အတွင်း အလံနီများသည် တပ်မတော်၏ထိုးစစ်မှ သက်သာရာရရှိစေရန်အတွက် ပြည်သူလူထုက အလံနီ နှင့်အစိုးရဆွေးနွေး၍ ငြိမ်းချမ်းရေးရယူရန် တောင်းဆို ပုံမျိုးလက်မှတ်ထိုး၍  အမြောက်အမြားဖန်တီး     တောင်းဆိုခဲ့ကြသည်။
ရဲနီကျော်ဝင်းသည် ရဲဘော်ဖြူနှင့် မတိုက်ခိုက်ရန် လက်မှတ်ထိုးဖူးသဖြင့် တပ်သားအဆင့်အထိလျှော့ချ ခံခဲ့ရသည်။ ၁၉၅၇ ခုနှစ်အတွင်းတွင် အလံနီပါတီ၌ ပါတီစည်းကမ်းထိန်းသိမ်းမှု၊ စည်းလုံးညီညွတ်မှု၊ မသန့်ရှင်းသော သစ္စာဖောက်များကိုသုတ်သင် ရှင်းလင်းရေး၊ ပါတီနှင့်တပ်မတော်(အလံနီ)ကို စွန့်ခွာရန်ကြံနေသူများကို စည်းရုံးရေးလှုပ်ရှားမှု များကိုဆောင်ရွက်ခဲ့ရာ ခရိုင်ကော်မတီကျော်နိုင်၊ ကိုထွန်းတင်၊ မစောကြည်နှင့်ကိုသိန်း တို့အပါအဝင် အလံနီပါတီဝင်များနှင့်ရွာသားများ အများအပြား အသတ်ခံခဲ့ကြရသည်။
အလံနီပါတီသည် ထူးစိန်ပါတီခွဲထွက်ပြီးသည့် နောက်ပိုင်း ပါတီတွင်းပြဿနာများပိုမို၍ပေါ်ပေါက် ရှုပ်ထွေးလာရာ ပါတီအင်အားမှာလည်း ချည့်နဲ့၍လာ သည်။ ၁၉၅၇ ခုနှစ်တွင် လင်မယားများသုံးညလျှင် တစ်ညသာအတူအိပ်ရမည်ဟု ညွှန်ကြားချက်ထုတ်ပြန် ခဲ့ရာ ပါတီဌာနချုပ်တွင် သခင်စိုးအား ထောက်ခံသူ ဟူ၍ သုံးယောက်လေးယောက်သာ ကျန်သည်အထိ သဘောထားကွဲလွဲ၍လာကြသည်။
ဆင်စွယ်ရွာလူသတ်မှုပြန်လည်စစ်ဆေးခြင်း(၁။      ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။)
အလံနီပါတီအတွင်း၌ အကြမ်းဖက်မှုနှင့် လူသတ် ဝါဒထွန်းကား၍လာရာ ၁၉၅၉ ခုနှစ်တွင် ဘုန်းတော် ကြီး ဦးဇောတိကသည် ငွေတိုးချေးစားသည်ဆိုပြီး အသတ်ခံခဲ့ရသည်။ ရဲနီကျော်စိန်နှင့် ဇနီးဖြစ်သူ မသောင်းမေတို့လည်း သေဒဏ်အပေးခံကြရသည်။ ဒေသခံကျေးရွာပြည်သူလူထုကလည်း လက်မခံတော့ သဖြင့် ပြန်လည်ဆန့်ကျင် တိုက်ခိုက်မှုများရှိလာသည်။ အလံနီဌာနချုပ်သည် နွားမတောင်တွင် အခြေစိုက်နေစဉ် အလံနီဗိုလ်မှူး အုန်းမောင်နှင့်အဖွဲ့အား ဆင်စွယ်ရွာမှလိုက်လံတိုက်ခိုက်ကြရာ  ဆေးမှူး ခင်မောင်အေးသေဆုံးခဲ့ရသည်။ ဆေးမှူး ခင်မောင်ဇင်က ဆင်စွယ်ရွာကိုသွားပြန်ရာ ရွာသားများက တပ်မတော်ကို သတင်းပို့သဖြင့် ပြန်ပြေးလာခဲ့ရသည်။ နောက်တစ်ခေါက်သွားသောအခါတွင်ကား သတ်ဖြတ်၍ တပ်မတော်သို့ အပ်လိုက်ကြသည်။ အလံနီဗိုလ်မှူးအုန်း မောင်(ခေါ်)ထွန်းနိုင်တို့အဖွဲ့သည် ဆင်စွယ်ရွာအနီး တွင် မနေရဲတော့သဖြင့် သခင်စိုးရှိရာသို့သွားရောက်၍ တိုင်တန်းကြသည်။ သခင်စိုးသည် အလံနီကိုဆန့်ကျင် သူများအား ရွာပြင်တွေ့ကသတ်ရန်၊ ရွာကိုမီးရှို့၍ မြေလှန်ပစ်ရန် ညွှန်ကြားခဲ့ဖူးသည်ဟုဆိုသည်။ ဆင်စွယ် ရွာအား မြေလှန်ပစ်ရန် လေသာတောင်စခန်းတွင်ရှိနေ သော သခင်စိုးက ညွှန်ကြားခဲ့သည်ဟုလည်း ဆိုကြ သည်။
ဆင်စွယ်ရွာသည် ထီးလင်းမြို့နယ်အတွင်းတွင် တည်ရှိပြီး အလံနီပါတီ၏ အထူးခရိုင်အမှတ်(၂)နယ် မြေနှင့် သက်ဆိုင်သည်။ ဆင်စွယ်ရွာအား မြေလှန်ပစ် ရန် အထူးခရိုင်အမှတ်(၂) သည် အလံနီပါတီ ဗဟိုဌာနချုပ်၏အမိန့်အရအစည်းအဝေးပြုလုပ်ကြ သည်။ ရဲနီဗိုလ်ချုပ်မြင့်အောင်က ဆင်စွယ်ရွာကိစ္စ ဆောင်ရွက်ရန် နိုင်ငံရေးမှူးအဖြစ် ရဲနီမျိုးညွန့်(ခေါ်)သုခ၊ စစ်ရေးဆိုင်ရာစစ်မှူးအဖြစ် ဗိုလ်ချုပ် လေးမျိုးဆွေ၊ တပ်မှူးများဖြစ်သော စောနောင်၊ ထွန်းကြည်၊ စောညွန့်တို့အား ခန့်အပ်ခဲ့သည်။ ဗိုလ်ချုပ် မြင့်အောင်နှင့်မနှင်းဥက ပိပိရိရိ ဆောင်ရွက်ကြရန် ညွှန်ကြားပြီး မျိုးညွန့်(ခေါ်)သုခတို့လူစုသည် ၁၉၆ဝ ပြည့်နှစ်၊ ဧပြီလ (၂၄)ရက်တွင် ဂန့်ဂေါမြို့နယ် ပေါင်းချောင်းမှတစ်ဆင့် ဆင်စွယ်ရွာသို့သွားကြသည်။ နှစ်ရက်ခန့်အကြာတွင် ဆင်စွယ်ရွာအား တပ်မတော် စစ်ဝတ်စုံများဝတ်၍ဝင်ရောက်ကြရာ အသက် ၁၅ နှစ် မှ ၅ဝ နှစ်အကြားရှိ ရွာသား ၇၄ ယောက်အား ဓားလှံ များဖြင့် ရက်စက်စွာသတ်ဖြတ်လိုက်ကြသည်။ ဆင်စွယ်ရွာလူသတ်မှုသတင်းကို နောက်တစ်နေ့တွင် မြန်မာ့အသံက အသံလွှင့်သည့်အပြင် အလံနီများ၏ ဆင်စွယ်ရွာအား မြေလှန်ပြီးဖြစ်ကြောင်း အစီရင်ခံစာ ကို တပ်မတော်ကရရှိခဲ့သဖြင့် မြဝတီမဂ္ဂဇင်းတွင်ဖော်ပြ ခဲ့ရာ ပြည်သူလူထုသည် အလံနီများ၏အကြမ်းဖက်မှု များအား ပြင်းထန်စွာရှုတ်ချလာကြသည်။
အလံနီ ၁၂ဝ ခန့်က ဆင်စွယ်ရွာကိုဝင်ရောက်၍ အပြစ်မဲ့ရွာသားများအား သတ်ဖြတ်ကာပစ္စည်းယူ၍ ရွာမီးရှို့လိုက်ကြောင်း သတင်းသည် တစ်နိုင်ငံလုံးတွင် ပျံ့နှံ့သွားခဲ့ရသည်။ အလံနီများကလည်း အလံနီကို ဆန့်ကျင်လျှင် ဆင်စွယ်ရွာကဲ့သို့ပင် အရေးယူခံရမည် ဖြစ်ကြောင်း ပိုစတာများကပ်၍ ခြိမ်းခြောက်ခဲ့ကြသည်။ အလံနီပါတီသည် ကြက်ရိုးရွာ၊ ဖောင်းပြင်ရွာ၊ မော်တင် ရွာ၊ လယ်ဓမ္မရွာ၊ စကားရွာ၊ နုံးကြီးရွာ၊ ကျဲရွာ၊ ပုလဲ မြို့နယ်မှ ချပ်ရွာ၊ ထီးလင်းမြို့နယ်မှ ပူးထောင်ရွာနှင့် မျက်ပြောင်ရွာတို့ကိုလည်း ဆင်စွယ်ရွာကဲ့သို့ပင် အရေး ယူရန် စီစဉ်ခဲ့ကြသည်။ အလံနီများက စကားရွာကို မြေလှန်၍ သုတ်သင်ရန်အလာတွင် တပ်မတော်က အချိန်မီရောက်ရှိပြီး တိုက်ခိုက်နိုင်ခဲ့သဖြင့် အလံနီများဆုတ်ခွာထွက်ပြေးခဲ့ကြရသည်။ ဗိုလ်ချုပ်လေးမျိုးဆွေနှင့် အဖွဲ့သည် စကားရွာတွင် လူ ၁၈ ဦးကို သတ်ဖြတ်ခဲ့ သည်။ မျက်ပြောင်ရွာတွင်လည်း လူ ၂ဝ အသတ်ခံခဲ့ရ သည်။ အလံနီများ လှုပ်ရှားရာနယ်မြေများမှ ပြည်သူ လူထုသည် အလံနီတို့၏အကြမ်းဖက်လုပ်ရပ်များကို မခံ မရပ်နိုင်တော့သဖြင့် ရရာလက်နက်များကိုစွဲကိုင်၍တပ် မတော်နှင့်ပူးပေါင်းတိုက်ခိုက်ကြတော့သည်။ အလံနီများ ၏အခြေခံဒေသဖြစ်ပြီး ကာလကြာမြင့်စွာ အလံနီများ အား အကူအညီပေးခဲ့သောရွာများဖြစ်ကြသော ကျော ချောင်၊ ကြက်ရိုး၊ လယ်ဓမ္မ၊ မော်တင်၊ ဖောင်းပြင်ရွာ များက အလံနီဆန့်ကျင်ရေးအဖွဲ့များကို ဖွဲ့စည်းကြ သည်။ ရဲနီသခင်သန်း၊ ရဲနီမသန်းညွန့်၊ သမီးမဖြိုးမီ နှင့်ကိုထွန်းတင်တို့ကို ရွာသားများကသုတ်သင်ခဲ့ကြ သည်။ ကြက်ရိုးရွာတွင် ရဲနီမောင်ဘွား၊ ရဲနီယောနိ တို့ကို ရွာသားများကဖမ်းပြီး တပ်မတော်သို့အပ်နှံကြ သည်။
ဆင်စွယ်ရွာလူသတ်ပွဲသည် အလံနီပါတီကို ပြည်သူလူထုနှင့် ကင်းကွာစေသည်သာမကဘဲ အလံနီပါတီ ကျဆုံးရခြင်းအကြောင်းရင်းများအနက်မှ အဓိကအကြောင်းရင်းတစ်ချက်ဖြစ်ခဲ့ရသည်။ ဆင်စွယ် ရွာလူသတ်မှုနှင့် ပတ်သက်၍ မြောက်ပိုင်းတိုင်းဗျူရိုတွင် ရောက်ရှိနေသော မစောမြက စာဖြင့်ရေးသားပြီး ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။ ဆင်စွယ်ရွာတွင် အလံနီပါတီ ဗဟိုဌာချုပ်၏အမိန့်အရ သတ်ဖြတ်ကြရသူများ ပင်လျှင် သုံးရက်လေးရက် ကြာသည်အထိ ထမင်းမစား နိုင်ဖြစ်ခဲ့ကြပြီး မိမိတို့၏လုပ်ရပ်ကို မိမိတို့ကိုယ်တိုင် မနှစ်မြို့နိုင် အောင်ဖြစ်ခဲ့ကြရသည်။ ဒေသခံပြည်သူ လူထုက ပြင်းထန်စွာဆန့်ကျင်ကြသည့်အပြင် တပ် မတော်ကလည်း စစ်ဆင်ရေးများစီမံ၍ ထိုးစစ်ဆင်တိုက် ခိုက်သောအခါ အလံနီပါတီသည် ဧရာဝတီမြစ် အနောက်ဘက်ကမ်းဒေသ၊ ပခုက္ကူခရိုင်ထဲတွင် ခြေမချ နိုင်အောင် ဖြစ်ခဲ့ရသည်။ ဗဟိုဌာနချုပ်မှာလည်း မကြာခဏအတိုက်ခံနေရသဖြင့် အတည်တကျမနေနိုင် ဘဲ နေရာများ ရွှေ့ပြောင်းနေခဲ့ရသည်။
ရခိုင်သို့ပြောင်းရခြင်း
သခင်စိုးနှင့်အလံနီပါတီဌာနချုပ်သည် ကျော်ဇံရှီး ကလာရောက်ခေါ်သွားသောကြောင့် ရခိုင်ဒေသသို့ ၁၉၅၉ ခုနှစ်တွင် စတင်ပြောင်းရွှေ့ခဲ့သည်ဟုဆိုသည်။၁၉၆ဝ ပြည့်နှစ်တစ်နှစ်လုံးမှာ ခရီးသွားရင်း အချိန်ကုန် ခဲ့ရသည်ဟုလည်းဆိုသည်။ ၁၉၆၁ ခုနှစ်တွင် ရခိုင်ရိုးမ ကော့ချောင်းဖျား၌ စခန်းချနေခဲ့ကြသည်။ ထိုအချိန်တွင် ရခိုင်အလံနီများအကြားတွင် ပြဿနာ များစတင်ပေါ်ပေါက်လာသည်။ ရခိုင်အလံနီ အချင်းချင်းခေါင်းဆောင်မှု နှင့်ပတ်သက်၍ ပဋိပက္ခ ဖြစ်လာရာ သခင်စိုးက ရခိုင်အလံနီများအပေါ် ခေါင်းဆောင်ရန် မြန်မာများကို အစားထိုးခန့်အပ်၍ ဖြေရှင်းခဲ့သည်။ သို့သော် ရခိုင်အလံနီများနှင့်ဗမာ အလံနီများ ပဋိပက္ခဖြစ်ပွားလာပြန်သည်။ နောက်ဆုံး ကျော်ဇံရှီးနှင့်ရခိုင်တိုင်းဗျူရိုသည် ရခိုင်ကွန်မြူနစ် ပါတီအဖြစ် သီးခြားခွဲထွက်သွားခဲ့ရာ သခင်စိုးက အမျိုးမျိုးအဖုံဖုံစေ့စပ်သော်လည်း မအောင်မြင်တော့ ပေ။ သခင်စိုးနှင့်အလံနီပါတီဗဟိုသည် ပြည်မဘက်သို့ လည်း ပြန်၍မရ၊ ရခိုင်များနှင့်လည်း ပဋိပက္ခဖြစ်နေ သောကြောင့် ရခိုင်ရိုးမပေါ်တွင် များစွာအကျပ် အတည်းတွေ့နေရသည်။ တပ်မတော်ထိုးစစ်ကိုလည်း ခက်ခဲစွာရှောင်တိမ်းနေရသည်။
ပါတီတွင်းပဋိပက္ခမှာလည်း ပိုမိုကြီးမား၍လာ သည်။ မနှင်းမေ(သခင်စိုး၏ဇနီးဟောင်း)နှင့်လက်ထပ် ခဲ့သော ဦးနေဒွန်းနှင့် ၃၂ ဦးသည် ဗဟိုဌာနချုပ်မှခွဲ ထွက်ပြီး လက်နက်ချအလင်းဝင်သွားခဲ့သည်။ ရဲနီ ဗိုလ်ချုပ်မြင့်အောင် လည်း ခွဲထွက်သွားခဲ့သည်။ ထို့နောက် ရဲနီဗိုလ်ချုပ်မြင့်အောင်သည် မနှင်းဥနှင့်အတူ  လက်နက်ချသွားခဲ့သည်။ သခင်စိုး၏သမီး ရီရီစိုးအား ရဲနီမွန်လေးကခိုးပြီးထွက်ပြေးရာ ငွေ ၂ဝဝဝ ကျပ်နှင့် ရှိသမျှရွှေများပါသွားသဖြင့် အခက်အခဲတွေ့ကြရပြန် သည်။ သခင်စိုးက ရီရီစိုးနှင့် မွန်လေးတို့ကို လိုက်ရှာ ၍ သတ်ခိုင်းခဲ့သည်။ မွန်လေးသည် ၁၉၆၃ ခုနှစ်အကုန် တွင် အောက်မြန်မာနိုင်ငံ၌ရှာဖွေတွေ့ရှိပြီး အသတ်ခံ ခဲ့ရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် အလံနီများ ဒုက္ခရောက်နေကြောင်း ကြားသိရသဖြင့် ဂိုရှယ်ကို စေလွှတ်ခဲ့ရာရှာမတွေ့သဖြင့် ဂိုရှယ်ပြန်သွားရသည်။ အလံနီများမှာမူ ဗကပတို့သိုဝှက်ထားသော ရိက္ခာများ ကိုပါ ယူ၍စားနေရသည်။ ဗကပအနောက်မြောက်တိုင်း မှ ဗိုလ်သက်ထွန်း၊ ဗဟိုမှသခင်ချစ်နှင့်ရခိုင်တိုင်းကော် မတီ ရဲဘော်ကျော်မြတို့သည် သခင်စိုးတို့အား ရှာဖွေ တွေ့ဆုံပြီး အကူအညီများပေးခဲ့သည်။ ဗဟိုဌာနချုပ်မှ သခင်စိုးနှင့် အလံနီများသည် ၁၉၆၃ ခုနှစ် တစ်နှစ်လုံး ဗကပတို့၏ အစောင့်အရှောက်ဖြင့် နေခဲ့ကြသည်။
ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ
၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ တွင် အလံနီပါတီ ဗဟိုဌာနချုပ်တွင် ရောက်ရှိနေသော သခင်ချစ်၊ ဗိုလ်သက်ထွန်းနှင့်ရဲဘော်ကျော်မြတို့က ဗမာ ပြည်ကွန်မြူနစ်ပါတီနှင့် အလံနီပါတီပူးတွဲ၍ တော်လှန် ရေးအစိုးရနှင့်ဆွေးနွေးရန် အဆိုပြုခဲ့ကြသည်။ သို့သော် သခင်စိုးသည် ဗကပခေါင်းဆောင်တို့၏အဆိုပြုချက်ကို လက်မခံဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲအား လက်ဦးမှုရရှိ စေရေးအတွက် ပထမဆုံးအဖွဲ့အစည်းအနေနှင့် ဆွေးနွေးရန်ဆုံးဖြတ်ခဲ့သည်။ သခင်စိုး၏ဆုံးဖြတ်ချက် ကို အလံနီပါတီဗဟိုကော်မတီအများစုက သဘောမတူ ခဲ့ပေ။ သခင်စိုးက ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက် ရောက်ခြင်းမှာ လက်နက်ချရန်မဟုတ်၊ တော်လှန်ရေး အစိုးရသည် ငြိမ်းချမ်းရေးအစစ်အမှန်ကိုလိုချင်သူ မဟုတ်၊ မိမိတို့ပါတီ၏ လမ်းစဉ်သဘောထားကို ပြည်သူ လူထုသိအောင် လုပ်ခွင့်ရသဖြင့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲကို အမြန်ဆုံးတက်ရောက်သင့်သည်စသည်ဖြင့် ရှင်း ပြခဲ့သည်။
သခင်စိုးသည် ရဲနီကျော်ဝင်းခေါင်းဆောင်သော အဖွဲ့ကို ပဏာမငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အဖြစ် စေလွှတ်ခဲ့သည်။ ဆွေးနွေးရန် အစီအစဉ်များပြုလုပ်ပြီး သောအခါ သခင်စိုးကိုယ်တိုင်အလံနီကိုယ်စားလှယ် အဖွဲ့ကို ခေါင်းဆောင်၍ ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ သည်။ သခင်စိုးသည် ဆွေးနွေးပွဲမှငြိမ်းချမ်းရေးရရှိ မည်မဟုတ်ဟု ယုံကြည်ခဲ့သည့်အလျောက် မိမိပါတီ အတွက် ဝါဒဖြန့်ချိရေးလုပ်ငန်းများကိုသာ ဆောင်ရွက် ခဲ့သည်။ မိမိပါတီအတွက်သာ အကျိုးရှိမည့် တောင်းဆို ချက်များကို တောင်းဆိုခဲ့သည်။ ထို့ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲလည်း ပျက်ပြားခဲ့ရလေသည်။ သခင်စိုးသည် တော်လှန်ရေးအစိုးရနှင့် တရားဝင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ပြားသွားရပြီးနောက်တွင်ရဲနီကျော်ဝင်း၊ မငွေစံ၊ နီနီစိုး၊ မညွန့်ကြည်နှင့် ဦးဘညွန့်တို့ကို အဖမ်းခံပြီး ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးရန် ထပ်မံစေလွှတ်ခဲ့သည်။ ရဲနီကျော်ဝင်းတို့အဖွဲ့သည် သခင်စိုး၏အမိန့်အရ  ကျောက်ငနွားစခန်းသို့ သွားရောက်ကြရာ တပ်မတော်က တောထဲသို့ပြန်သွား ရန် ပြောကြားခဲ့သည်။ ရဲနီကျော်ဝင်းတို့က အဖမ်းခံပြီး ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း တင်ပြကြသဖြင့် တပ်မတော်က ထိန်းသိမ်းပြီး သက်ဆိုင်ရာသို့ပို့ပေးခဲ့ သည်။ သခင်စိုးသည် ၁၉၆၃ ခုနှစ်နောက်ပိုင်းတွင် တိုက်စစ်ဆင်ခြင်းထက် ခံစစ်ဖြင့်သာ လှုပ်ရှားကြရန် အလံနီများကို ညွှန်ကြားခဲ့သည်ဟုဆိုသည်။ တစ်ဖက် တွင်လည်း ရဲနီကျော်ဝင်း တို့ငြိမ်းချမ်းရေးဆွေးနွေးရာ တွင် တော်လှန်ရေးအစိုးရအား အကျပ်ကိုင်နိုင်ရန် တိုက်ကွက်များဖော်ခိုင်းခဲ့သည်။
အလံနီပါတီတွင် ပဋိပက္ခများပိုမိုပြင်းထန်လာခြင်း
သခင်စိုးခေါင်းဆောင်သော အလံနီပါတီသည် တပ်မတော်၏ထိုးစစ်များနှင့်ရင်ဆိုင်ရမှု၊ ပြည်သူလူထု ၏ဆန့်ကျင်မှုများနှင့် ကြုံတွေ့ရသောအခါ တစ်စတစ်စ ပြိုကွဲပျက်စီးလာပြီး အခြေခံနယ်မြေများပါဆုံးရှုံးလာ သည်။ ပါတီဗဟိုဌာနချုပ်သည် စိတ်ချလက်ချလုံခြုံစွာ ခိုအောင်းရန်နေရာမရှိတော့သဖြင့် ဗကပတို့၏အစောင့် အရှောက်ကိုပင်ခံယူခဲ့ရသည်။ ပြည်သူလူထုက လက်မခံ သဖြင့် ပခုက္ကူခရိုင်မှရခိုင်ဒေသသို့ရွှေ့ပြောင်းခဲ့ရလေ ရာ ရခိုင်အလံနီများကပါ လက်မခံတော့သဖြင့် ရခိုင် ရိုးမပေါ်တွင် ဗကပအနောက်မြောက်တိုင်းကို အမှီပြု ၍ခက်ခဲစွာခိုအောင်းလှုပ်ရှားခဲ့ရသည်။ ၁၉၆၃ ခုနှစ် နောက်ပိုင်းတွင်ကား အန္တရာယ်ပြုနိုင်လောက်သော အခြေအနေတွင်မရှိခဲ့ပေ။
သခင်စိုးက စေလွှတ်လိုက်သော ငြိမ်းချမ်းရေး တမန်တော်များ(အထိန်းသိမ်းခံငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့)တွင် မငွေစံသည် သခင်စိုး၏ဇနီးဖြစ်ပြီး နီနီစိုးမှာ သခင်စိုး၏သမီးဖြစ်သည်။ အဖွဲ့ခေါင်းဆောင် ရဲနီကျော်ဝင်း၏ဇနီးဖြစ်သူ မခင်စုမှာမူ သခင်စိုး နှင့်အတူ ပါတီဗဟိုဌာနချုပ်တွင်ကျန်ရစ်ခဲ့သည်။  သခင်စိုးသည် ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြီးသည့်နောက် ''မိန်းမများ၏ဘဝလွတ်မြောက်ရေး လှုပ်ရှားမှု''ဟူသော စာတမ်းကို စတင်ပြုစုရေးသားကာ အောက်ခြေထုအား ဆွေးနွေးစေခဲ့သည်။ သခင်စိုး၏ စာတမ်းမှာ မိန်းမများသည် အိမ်ကျွန်ဖြစ်နေသဖြင့် ယောက်ျားများနှင့် တန်းတူအခွင့်အရေးရှိရမည်။ အိမ်ထောင်ရေးတွင် ချုပ်ချယ်မှုမရှိစေရ။ မိန်းမများ၏ဆန္ဒအတိုင်း လက်ထပ်ခွင့်၊ ကွာရှင်းခွင့်၊ ချစ်ရေးဆိုခွင့် များရှိရမည်ဟူသည့် သဘောမျိုး သက်ရောက်သည်။
အလံနီပါတီဝင်များသည် သခင်စိုး၏အယူအဆ နှင့်ပတ်သက်၍ တွေဝေနေကြစဉ် သခင်စိုးက ရဲနီ ကျော်ဝင်း၏ဇနီးအား ချစ်ရေးဆိုခွင့်ပေးရန် ဗဟိုကော် မတီတွင်တင်ပြသောအခါ ပါတီအတွင်း ဂယက်ရိုက်မှု ကြီးဖြစ်ပေါ်လာတော့သည်။ ဗဟိုကော်မတီများကသခင်စိုးအား ရဲနီကျော်ဝင်း၏ဇနီးဖြစ်သူမခင်စုကို ချစ်ရေးမဆို သင့်ကြောင်းပြင်းထန်စွာကန့်ကွက်ကြသည်။ သခင်စိုးမှာမူ မခင်စုကို အခွင့်အရေးပိုပေးခြင်း၊ အရေး ပေးခြင်း များပြုလုပ်လာသည်။ ကျန်ရဲမေများ ဖျားနာလျှင် ဂရုမစိုက်ဘဲ မခင်စုဖျားနာလျှင် အလွန်အမင်း ဂရုစိုက်ခဲ့ သောကြောင့် ရဲနီမယ်များကလည်း မကျေ မနပ်ဖြစ်လာသည်။
ရဲနီကျော်ဝင်းတို့လူစုအား အထိန်းသိမ်းခံငြိမ်းချမ်း ရေးကိုယ်စားလှယ်များအဖြစ် စေလွှတ်စဉ် ရဲနီကျော် ဝင်းက မခင်စုကို စောင့်ရှောက်ကြပါရန် မငွေစံကလည်း သခင်စိုးတွင် အားနည်းချက်ရှိသဖြင့် စောင့်ရှောက်ကြ ပါရန် မှာကြားသွားခဲ့ကြသည်။သို့သော် သခင်စိုးသည် ဗဟိုကော်မတီတို့၏ကန့်ကွက်ချက်ကို ဂရုမစိုက်ဘဲ မခင်စု ကိစ္စကိုသာ အလေးထားလာခဲ့သည်။ မခင်စုကို  ည ၁၂ နာရီအရောက်ပို့ပေးရမည်ဟု အမိန့်ထုတ်သဖြင့် လည်း ရဲနီကျင်အောင်နှင့် အခြားရဲနီတစ်ဦးက သခင် စိုးကိုပစ်သတ်ရန်စတင်းဂန်းမောင်းတင်သည်အထိ ဖြစ်ခဲ့သည်။ သခင်စိုးကမူ မခင်စုကို ဗဟိုကော်မတီ အဆင့်အထိ တိုးမြှင့်ခဲ့ပြန်သည်။ ရဲနီငါးဦးကလည်း သခင်စိုးအား ဘရင်းဂန်းငါးလက်ဖြင့် ဝိုင်းပစ်သတ်ရန် ကြံစည်ခဲ့ဖူးသည်။ သခင်စိုး၏ဗဟိုဌာနချုပ်သည် ၁၉၆၄ ခုနှစ်တွင် စေတုတ္တရာမြို့နယ်ဖူးကြီးတောင် သို့ ပြောင်းရွှေ့လာပြီး ၁၉၆၅ ခုနှစ်တွင် လောင်းရှည် မြို့နယ် နွားမတောင်သို့ ပြောင်းရွှေ့လာသည်။ သခင်စိုးက မခင်စုကိုချစ်ရေးဆိုသည့်ကိစ္စကြောင့် ၁၉၆၅ခုနှစ်တွင် ရဲနီ ၅ဝ ခန့် ဗဟိုဌာနချုပ်မှ ခွဲထွက် ခဲ့ကြသည်။
သခင်စိုးနှင့်မခင်စုကိစ္စတွင်  ဗဟိုကော်မတီ မြကျော်(ခေါ်)ဘသြသည် အကြီးအကျယ်ကန့်ကွက်ခဲ့ သည်။ ပါတီတွင်းသပိတ်များလည်း ပေါ်ပေါက်လာခဲ့ ရာ အထက်မြန်မာနိုင်ငံနယ်မြေတစ်ခုတည်းတွင်ပင် သပိတ်ပေါင်း ၄ဝ ခန့်ပေါ်ပေါက်ခဲ့သည်။ သခင်စိုးသည် ရဲနီ ၅ဝ ၏ ရှေ့တွင် မခင်စုနှင့် အမေးအဖြေပွဲပြုလုပ် ၍ ချစ်ရေးဆိုရာ မခင်စုက လက်မခံခဲ့ပေ။ အလံနီပါတီ ဗဟိုဌာနချုပ်သည် ၁၉၆၆ ခုနှစ်တွင် ကျွဲခြံကုန်းစခန်း သို့ ပြောင်းရွှေ့ခဲ့ရပြန်သည်။ ပဋိပက္ခမှာလည်းပြင်းထန်လာရာ သခင်စိုး၊ သော်တာနှင့်ဗိုလ်လှသောင်းတို့က တစ်ဖက်၊ မြတ်ကျော်၊ ဗိုလ်ချုပ်လေး မျိုးဆွေနှင့်အများစု ကတစ်ဖက်  ဂိုဏ်းကွဲလာကြသည်။  သခင်စိုးကို ထောက်ခံသူများမှာ ငါးဦးခန့်သာရှိသည်ဟု ဆိုသည်။ ဗိုလ်ချုပ်လေးမျိုးဆွေနှင့်ရဲနီခုနစ်ဦးသည် ပေါက် မြို့နယ်ဘက်ကို ခွဲထွက်ပြီးနောက် ၁၉၆၇ ခုနှစ် တွင်လက်နက်ချခဲ့ကြသည်။ လက်နက်ချရာတွင် ဗိုလ်ချုပ်လေးမျိုးဆွေနှင့် အလံနီ ၁၇ ဦး ပါဝင်ခဲ့ကြ သည်။ ဗိုလ်ချုပ်လေးမျိုးဆွေသည် အလံနီဘဝတွင် တိုက်ပွဲပေါင်း ၇ဝဝ ကျော်ကိုတိုက်ခိုက်ဆင်နွှဲပြီး စစ်ရေး အတွေ့အကြုံရှိသူဖြစ်လေရာ အလံနီပါတီတွင် နိုင်ငံရေး ခေါင်းဆောင်မှုပဋိပက္ခပြင်းထန်နေစဉ် စစ်ရေး ခေါင်းဆောင်မှုပါချို့တဲ့လာသည်ဟု ဆိုရပေမည်။
သခင်စိုး၏ခေါင်းဆောင်မှုချွတ်ယွင်းလာသောကြောင့် အလံနီပါတီတွင်းခွဲထွက်သူများ၊ အစုလိုက် အပြုံလိုက်လက်နက်ချသူများပိုမိုများပြား၍လာသည်။ ၁၉၆၇ ခု၊ ၁၉၆၈ ခုနှစ်များတွင် အလယ်ပိုင်းဗျူရိုသည် အလံနီပါတီဌာနချုပ်အား သပိတ်မှောက်နေခဲ့သည်။ သခင်စိုးနှင့် မခင်စုသည် ၁၉၆၇ ခုနှစ်တွင် လက်ထပ် ခဲ့ကြရာ ဗဟိုကော်မတီက မတတ်သာသဖြင့် သဘော တူခဲ့ကြရသည်။ အလယ်ပိုင်းဗျူရိုမှ သပိတ်မှောက်သည့် အင်အားမှာလည်း ၁၅ဝ ခန့်ဖြစ်လာသည်။ ဗဟိုကော် မတီဝင် မြကျော်နှင့် လူ ၃ဝ ကလည်း ဌာနချုပ်မှ ခွဲထွက်သွားပြီး ၁၉၆၈ ခုနှစ်က လက်နက်ချခဲ့သည်။ ဗဟိုကော်မတီဝင်မြကျော်သည် သခင်စိုးနှင့် အနီးကပ် နေထိုင်ခဲ့ရသူ လူရင်းဖြစ်ပြီး အလံနီပါတီက သတ်ဖြတ် ခဲ့သူများတွင် မြကျော်၏ ဆွေမျိုးသားချင်း ၁၅ဝ ခန့်၊ သိကျွမ်းသူ ၂ဝဝ ခန့် ပါဝင်ခဲ့သည်ဟုဆိုသည်။
၁၉၆၈-၆၉ ခုနှစ်တွင်ကား အလံနီပါတီ၏အခြေ အနေမှာ ဆိုးသည်ထက်ဆိုး၍လာသည်။ သခင်စိုးသည် အိမ်ထောင်ရေး၊ လူမှုရေး စည်းကမ်းများနှင့် ပတ်သက် ၍ ချစ်ရေးဆိုရန် စာပေးပါက ပါတီခေါင်းဆောင်မှ တစ်ဆင့်သာပေးရမည်ဟု ကန့်သတ်ပြန်ရာ မကျေနပ် မှုများ ပိုမိုပေါ်ပေါက်လာပြန်သည်။ မိန်းမများ၏ဘဝ လွတ်မြောက်ရေး စာတမ်းဆွေးနွေးပွဲမှာလည်း ၁၉၆၃ ခုနှစ်နောက်ပိုင်းမှစ၍ ရက်ပေါင်း ၃၇ဝ ကြာသည့် အထိ ကျင်းပခဲ့ပြီဖြစ်သည်။ ဗဟိုကော်မတီဝင် တပ်မှူးဟောင်း ဦးစောနောင်သည် ၁၉၆၉ ခုနှစ်တွင် လက်နက်ချ သွားပြန်သည်။ ၁၉၇ဝ ပြည့်နှစ်တွင် သပိတ်မှောက်နေကြသော ရဲနီသိုက်စိုးတို့လူစုအား ပြည်သူ့စစ်များက ထမင်းဖိတ်ကျွေးပြီးလက်နက်သိမ်း လိုက်ကြသည်။ အလံနီပါတီဗဟိုဌာနချုပ်တွင် စည်းရုံး ရေး၊ စည်းကမ်းနာခံရေး၊ စားသောက်ရေးကိစ္စများကို မကျေနပ်သဖြင့် ဗိုလ်စိုးအောင်ခေါင်းဆောင်သော အလံနီ ၈ဝ ခန့်က သပိတ် မှောက်ကြပြန်သည်။ သပိတ်မှာ တပ်မတော်ထိုးစစ်ဝင်လာသောကြောင့် ပျက်ပြားသွားရသည်။ ဗိုလ်စိုးအောင် သည် ရဲနီလှသန်း၏မိန်းမနှင့် ဖောက်ပြန်လျက်ရှိသောကြောင့် ရဲနီလှသန်းက ဓားဖြင့်ထိုးသဖြင့် သေဆုံး သွားရသည်။ ရဲနီလှသန်းမှာ မူ လက်နက်ချသွားသည်။
ထိုအချိန်တွင် တောင်ပိုင်းတိုင်း ဗျူရိုတည်ရှိရာ မြစ်ဝကျွန်းပေါ်ဒေသတွင်လည်း အခြေအနေများစွာ ဆိုးနေပြီဖြစ်သည်။ တောင်ပိုင်းတိုင်းဗျူရိုသည် ၁၉၅၂ ခုနှစ်တွင် အလံနီဌာနချုပ် အထက်မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းစဉ် မြစ်ဝကျွန်းပေါ်တွင် ကျန်ရစ်ခဲ့ကြသော အင်အားစုများဖြစ်သည်။ ၁၉၆ဝ ပြည့်နှစ်တွင် တောင်ပိုင်းတိုင်းဗျူရိုမှ ကိုမောင်မောင်(ခေါ်) ကိုညွန့်ဝင်း ပါတီတွင်း လုပ်ကြံခံရပြီး သေဆုံးသွားရာ ကိုအောင်သူက ဆက်လက်တာဝန်ယူခဲ့ရသည်။ ကိုအောင်သူကျဆုံးသောအခါ ဗိုလ်စောနောင် ရောက်လာသည်။ နောက်ပိုင်းတွင် ခိုင်ထွန်းမယ်သည် တောင်ပိုင်းတိုင်းဗျူရို၏ အတွင်းရေးမှူးဖြစ်လာသည်။ မြစ်ဝကျွန်းပေါ်တွင် ခိုင်ထွန်းမယ်နှင့် အလံနီများ အစုလိုက်အပြုံလိုက်လက်နက်ချပြီးသောအခါ လက်နက်မချဘဲ ကျန်ရစ်သော အလံနီ လေးယောက် သည် အထက်မြန်မာနိုင်ငံသို့တိမ်းရှောင်သွားကြရသည်။
၁၉၇ဝ ပြည့်နှစ်တွင် အလံနီပါတီဌာနချုပ်သည် လူးတော်တောင်တွင်စခန်းချနေရာ တပ်မတော်က တိုက်ခိုက်သဖြင့် ပုလဲမြို့နယ်လောင်းရှည်ဘက်သို့ဆုတ်ပြေးကြရပြန်သည်။ သခင်စိုးသည် အလံနီပါတီ၏ အဖတ်ဆယ်၍မရတော့သည့် အခြေအနေကြောင့် လက်ရွေးစင်ကွန်ဖရင့်ကို  ကျင်းပတော့သည်။ လက်ရွေးစင် ကွန်ဖရင့်ကို တက်ရောက်သူများမှာ သခင်စိုး၊ ကိုသော်တာ၊ ကိုသန်းလှ၊ ကိုစိုးလှ၊   ကိုလှမောင်၊   ကိုလှထွန်း၊ ကိုအုံးမောင် (ရှမ်းအုံးမောင်) နှင့်ကိုကြည်လွင်တို့ဖြစ်ကြသည်။ သခင်စိုးက ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေး      ရန်ဆုံးဖြတ်သည်။  ငြိမ်းချမ်းရေးတမန်အဖြစ် ကိုယ်စားလှယ်အဖွဲ့ကို သခင်စိုးကိုယ်တိုင် ခေါင်းဆောင် ရန် ငါးရက်စဉ်းစားပြီးမှ သဘောတူညီကြသည်။ ထို့နောက် ဗဟိုကော်မတီဝင် ကိုကြည်လွင်သည် လူအင်အား ၂ဝနှင့်အတူ သခင်စိုးမိသားစုအား ကျွန်းချောင်းကျေးရွာ ပြည်သူ့စစ်များထံ လိုက်ပို့လိုက် သည်။ ဘရင်းနှစ်လက်၊ စတင်းလေးလက်၊ ကာဘိုင် ငါးလက်နှင့်ရိုင်ဖယ်များကိုလည်း ပြည်သူ့စစ်များထံ အပ်နှံလိုက်ကြသည်။ သခင်စိုး၊ ဇနီးမခင်စုနှင့်သမီး သီတာအေး တို့အား ကျွန်းချောင်း ပြည်သူ့စစ်များက ဆိပ်ဖြူမြို့နယ်ရှိ ခလရ(၈၇)မှ တပ်စခန်းသို့ ၁၉၇၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်တွင် အပ်နှံလိုက်ကြသည်။ ကိုကြည်လွင်နှင့်အင်အားစုများသည် မြစ်ဝကျွန်းပေါ်သို့ ရွှေ့ပြောင်းပြီးနောက် ၁၉၇၁ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်တွင် အင်အား(၁၃)ယောက် ဖြင့် ခလရ(၉၈)သို့ လက်နက်ချလိုက်ကြသည်။
သခင်စိုးအဖမ်းခံပြီးနောက်ပိုင်းတွင် အလံနီများ သည် တဖွဲဖွဲနှင့်လက်နက်ချအလင်းဝင်လာကြသည်။ သခင်စိုးနှင့်မိသားစု အဖမ်းခံရပြီး မကြာခင် ၁၉၇ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၃၁ ရက်တွင် အလံနီပါတီဌာန ချုပ်မှ လက်ကျန်အင်အားစုများသည်လည်း လက်နက်ချအလင်းဝင်လာကြသည်။ ၁၉၇၁ ခုနှစ်တွင်ကား လက်ကျန် အလံနီများမှာ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်းလက်နက်ချခဲ့ကြရာ ကြွင်းကျန်ရစ် သော အင်အားအနည်းငယ်သည် ရခိုင်ရိုးမ ဘက်သို့ ခိုအောင်းသွားကြရသည်။ သခင်စိုးအဖမ်းခံ စဉ် ကျန်ရစ်သော အလံနီအင်အားမှာ ၂၅ဝ ခန့်သာ ရှိလေရာ တဖြည်းဖြည်းလုံးပါးပါးလာသောကြောင့် စစ်ရေးအရ တစ်စုံတစ်ရာမျှ ဆောင်ရွက်နိုင်ခြင်း မရှိတော့ပေ။
သခင်စိုးအားရုံးတင်စစ်ဆေးခြင်း
ကွန်မြူနစ်ပါတီ(ဗမာပြည်)(ခေါ်)အလံနီပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ် သခင်စိုးအပေါ်တွင် နိုင်ငံတော်ပုန်ကန်မှုရာဇသတ်ကြီးပုဒ်မ ၁၂၂ (ခ)အရ အရေးယူထားမှုကို အငြိမ်းစားအကျဉ်းထောင်မင်းကြီး ဦးသန်းနွဲ့က နာယကအဖြစ် ဆောင်ရွက်သော အထူး ရာဇဝတ်ရုံးအမှတ် ၆ဝ-၁၉၇၂ ဖြင့် ၁၉၇၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင် အင်းစိန်အကျဉ်းစခန်း၌ စတင်စစ်ဆေးသည်။ တရားလိုအကျိုးဆောင်ရှေ့နေ အဖြစ် ဦးမြင့်အောင်က ဆောင်ရွက်ပြီး တရားခံအကျိုးဆောင်ရှေ့နေအဖြစ် ဦးကိုယု*(ဦးကိုယု- အလံနီပါတီ၏ မြေပေါ်အဖွဲ့အစည်းဖြစ် သည့် လူငယ်တပ်ဦးခေါင်းဆောင်ဖြစ်ခဲ့သည်။ ရှေ့နေလိုက်လျက်မှ မောင်ကိုယုအမည်ဖြင့် ဝတ္ထုများရေးသားခဲ့ပြီး မောင်သစ် အမည်ဖြင့် သရော်စာများရေးသားခဲ့သည်။)က ဆောင်ရွက်သည်။(၁။ ၁၆-၁-၇၃ ကြေးမုံ သတင်းစာ။)အမှုစတင်စစ်ဆေး သည့်နေ့တွင် တရားလိုဘက် သက်သေ ရဲနီဗိုလ်ချုပ်ဟောင်းဦးမြင့်အောင်ကို စစ်ဆေး ရာ လွတ်လပ်ရေးရပြီးနောက် အလံနီဌာနချုပ်က ပုန်ကန်ရန်ညွှန်ကြားခဲ့ပုံ၊ အလံနီနှင့် ကေအင်န်ဒီအိုများ တိုက်ခိုက်ကြပုံ၊ ဗကပ သခင်တင်မြ၏ အကူအညီဖြင့် အထက်မြန်မာနိုင်ငံသို့ပြောင်းရွှေ့ခဲ့ကြပုံများကို ထွက်ဆို ခဲ့သည်။(၂။ ၁၉-၁-၇၃ ကြေးမုံသတင်းစာ၊ ၂၃-၁-၇၃ ကြေးမုံသတင်းစာ။) ဇန်နဝါရီလ ၁၈ ရက်တွင် ရဲနီကျော်ဝင်းကို စစ်ဆေးရာ အလံနီပါတီ၏သမိုင်းကြောင်းနှင့် သခင်စိုးက အထိန်းသိမ်းခံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုယ်စား လှယ်အဖြစ် စေလွှတ်ခဲ့ပုံများကိုထွက်ဆိုခဲ့သည်။
၁၉၇၃ ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်တွင် ရဲနီ မခိုင်ထွန်း(ခေါ်)ခိုင်ထွန်းမယ်ကို စစ်ဆေးရာခိုင်ထွန်း မယ်က အလံနီပါတီထဲရောက်သည်မှ လက်နက်ချ  သည်အထိ ကြုံတွေ့ရသမျှကို ထွက်ဆိုသွားခဲ့သည်။ (၃။        ၂၃-၁-၇၃ ကြေးမုံသတင်းစာ။) ဇန်နဝါရီလ (၂၄)ရက်တွင် မုံရွာခရိုင်အလံနီခေါင်းဆောင် ဦးစိုးလင်းကို စစ်ဆေးရာ အလံနီပါတီသည် မြေယာ အမှားအယွင်း၊ တပ်ပေါင်းစု အမှားအယွင်း၊ လက်ဝဲလက်ယာ တိမ်းစောင်းမှုများကြောင့် ပျက်စီးပြို ကွဲခဲ့ရကြောင်း ထွက်ဆိုခဲ့ပြီး ဗဟိုကော်မတီဝင် ကိုထွန်း ကြည်၊ အရန်ဗဟိုကော်မတီဝင် ဦးထွန်းငြိမ်း၊ ဗဟို ကော်မတီစည်းရုံးရေးမှူး ဦးဘမူ တို့ကလည်း တပ်မတော်နှင့်တိုက်ခိုက်ကြပုံ၊ အလံနီပါတီပြိုကွဲပုံတို့ကို ထွက်ဆို သွားသည်။
ပြည်သူ့ရဲဒုတိယလုံခြုံရေးမှူး ဦးဘိုမောင်က လည်း ၁၉၆၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁ဝ) ရက်တွင် ဗကပဗိုလ်သက်ထွန်းနှင့် အလံနီတင့်လွင်တို့ ပူးပေါင်း၍ မြေပုံမြို့နယ် သန်းတောင်းကြီးရဲစခန်းကို တိုက်ခိုက် ကြပုံ၊ ၁၉၆၈ ခုနှစ်၊ မတ်လ (၆)ရက်တွင် အမ်းမြို့ရှိ ရဲစခန်းနှင့် ခလရ (၃၃)ကို တိုက်ခိုက်ကြပုံများကို ထွက်ဆိုသွားသည်။ ကိုအံကြူ(ခေါ်)မင်းနွယ် (ဗဟို ကော်မတီစည်းရုံးရေးမှူး)ကလည်း  အလံနီပါတီ ပြိုကွဲပုံကို ထွက်ဆိုခဲ့သည် ။(၄။ ၂၅-၁-၇၃ နှင့် ၂၆-၁-၇၃ ကြေးမုံသတင်းစာများ။)
၁၉၇၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်တွင် ဗဟို ကော်မတီ ဦးကြည်လွင်ကို စစ်ဆေးရာ အလံနီပါတီတွင်း ပြဿနာများ၊ သခင်စိုးကို ကျွန်းချောင်းသို့ပို့ပေးရပုံ၊ လက်နက်ချပုံ၊ ၃၃ ဦးကော်မတီဖွဲ့စည်းစဉ်က သခင်စိုး ပါဝင်လိုသဖြင့် အစိုးရထံ စာရေးခဲ့ပုံများကို ထွက်ဆို သွားသည်။ ဗဟိုကော်မတီဝင် တပ်မှူးဟောင်း ဦးစော နောင်ကလည်း သခင်စိုးနှင့် မခင်စု အတွင်းရေး ပြဿနာများကို အစစ်ခံခဲ့သည်။ ဗဟိုကော်မတီစည်းရုံး ရေးမှူး ဝကြီး(ခေါ်)ကျော်ညွန့်၊ ဖိုးညို၊ ဗဟို ကော်မတီ သန်းလှ(ခေါ်)သောင်းစိန်၊ ဗိုလ်ချုပ် လေးမျိုးဆွေ၊ မြကျော် တို့ကလည်း ဆင်စွယ်ရွာ လူသတ်မှုများနှင့် သခင်စိုး၊ မခင်စုတို့၏အတွင်းရေး ပြဿနာများကိုထွက်ဆိုခဲ့ကြသည်။ (၅။၂၇-၁-၇၃၊ ၃၁-၁-၇၃၊ ၁၅-၂-၇၃၊ ၁၆-၁-၇၃၊ ၁၇-၂-၇၃ ကြေးမုံသတင်းစာများ။) တရားလိုပြ သက်သေ ၃၆ ဦးကို စစ်ဆေးခဲ့ပြီး ဦးကိုယုနှင့် သခင်စိုးကိုယ်တိုင်က ပြန်လှန်မေးခွန်းများ မေးမြန်းခဲ့သည်။ သခင်စိုးက ပြည်တွင်းစစ်၏တရားခံမှာ သူပင်ဖြစ်ကြောင်း၊ စတာလင်လမ်းလိုက်မိ၍မှားခဲ့ခြင်း ဖြစ်ကြောင်း၊ အမြင်မှန်ရ၍ လက်နက်ချ အလင်းဝင်လာခြင်းဖြစ်ကြောင်းဝန်ခံပြီး လွတ်ငြိမ်းခွင့်ပေးရန် ပန်ကြားခဲ့သည်။(၆။ ၁၅-၃-၇၃၊ ၁-၄-၇၃၊ ၆-၄-၇၃ ဗိုလ်တထောင်သတင်းစာများ။)တရားရုံးက သခင်စိုးအား အပြစ်ရှိ ကြောင်းဆုံးဖြတ်ပြီး သေဒဏ် ချမှတ်ခဲ့သည်။ သခင်စိုးသည် အစိုးရ၏သက်ညှာမှုဖြင့် သေဒဏ်မှလွတ်ငြိမ်းခွင့် ရခဲ့လေသည်။
သခင်စိုးသည် မြန်မာနိုင်ငံ၏မျက်မှောက်ခေတ် နိုင်ငံရေးသမိုင်းတွင် ထင်ရှားကျော်စောခဲ့သူ၊ အစဉ် အလာကြီးမားခဲ့သူတစ်ဦးဖြစ်သည်။ သခင်စိုး၏ဖခင်မှာ ဦးစံဒွန်းဆိုသူဖြစ်ပြီး မော်လမြိုင်ကျောက်တန်းရပ်တွင် သခင်စိုးကို မွေးဖွားခဲ့သည်။ သခင်စိုး၏ ပထမဇနီးမှာ လှလေးစိန်ဖြစ်ပြီး လှလေးစိန်၏ညီမဖြစ်သူ မြလေးစိန် ကိုလည်း ယူထားခဲ့သည်။ သန်လျင်ရေနံချက်စက်ရုံတွင် အလုပ်သမားတစ်ဦးဖြစ်ခဲ့သဖြင့် အလုပ်သမားလူတန်း စားနှင့်ပတ်သက်၍ အထူးကျွမ်းကျင်သူအဖြစ် နာမည် ကြီးသည်။ နိုင်ငံရေးလောကသို့ ခြေစုံပစ်ဝင်သောအခါ ဇနီးနှစ်ယောက်ကို ငွေ ၅ဝဝ ကျပ်ပေး၍ ကွာရှင်းခဲ့ ကြောင်း၊ သခင်တင်မြက ဘုံဘဝမှာဖြင့် စာအုပ်တွင် ထည့်သွင်းရေးသားခဲ့ဖူးသည်။
တို့ဗမာအစည်းအရုံးခေါင်းဆောင်တစ်ဦးဖြစ်လာ ရာမှ ၁၉၃၉ ခုနှစ်တွင် ရန်ကုန်မြို့မြေနုလမ်းအမှတ် (၁)၌ ကွန်မြူနစ်ပါတီထူထောင်ရာ သခင်စိုးလည်း ပါဝင်ခဲ့သည်။ သခင်စိုးသည် နိုင်ငံရေးလုပ်ရာတွင် အလွန်ပင်စိတ်ဓာတ်ပြင်းထန်ပြီး ဇွဲနပဲကြီးလှသူဖြစ် သည်။ ဖက်ဆစ်ဂျပန်တပ်များ မြန်မာနိုင်ငံအတွင်းသို့ မဝင်ရောက်ခင်ကပင် ဖက်ဆစ်ကို တော်လှန်ရမည်ဆို ပြီး ကြိုတင်ဟောကိန်းထုတ်ကာ ပြင်ဆင်ခဲ့သည်။ ဂျပန် ခေတ်တစ်လျှောက်လုံး တော်လှန်ရေးအတွက်မြေ အောက်တွင်ခိုအောင်းရင်း ကြိုတင်ပြင်ဆင်ခဲ့ပုံများကို သခင်တင်မြက ဘုံဘဝမှာဖြင့် စာအုပ်တွင် အသေးစိတ် ရေးသားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆာဝီလျံ စလင်းတို့တွေ့ဆုံကြစဉ် ဆာဝီလျံစလင်းက ဖဆပလ၏ နိုင်ငံရေးခေါင်းဆောင်မည်သူနည်းဟုမေး၍  ဗိုလ်ချုပ် အောင်ဆန်းက သခင်စိုးဟု ဖြေခဲ့သဖြင့် ကျန်တပ်မတော်ခေါင်းဆောင်နှင့်ဆိုရှယ်လစ်များက မချင့်မရဲဖြစ် ခဲ့ကြကြောင်း၊ ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စာအုပ်တွင် ရေးသားခဲ့သည်။
သခင်စိုးသည် လွတ်လပ်ရေးကြိုးပမ်းမှု၊ ဖက်ဆစ် တော်လှန်ရေးတို့တွင် နယ်ချဲ့နှင့်ဖက်ဆစ်တို့၏ဖိနှိပ်မှု အမျိုးမျိုးကြားမှ  ထောင်အကြိမ်ကြိမ်အကျခံကာ စွန့်စွန့်စားစားလုပ်ခဲ့သူဖြစ်သည်။ ကွန်မြူနစ်ပါတီကို ဦးဆောင်ခဲ့ သူဖြစ်ပြီး ကွန်မြူနစ်ပါတီနှစ်ခြမ်းကွဲသော အခါ အလံနီပါတီကို ဦးဆောင်ခဲ့သူဖြစ်သည်။ အလံနီပါတီသည် လမ်းစဉ်နှင့်လုပ်ရပ်များ မှားယွင်းခဲ့ပြီး ပြည်သူလူထုကဆန့်ကျင်ခြင်း၊ တပ်မတော်က တိုက်ခိုက် ခြင်းတို့ကြောင့် ပြိုကွဲ ပျက်စီးခဲ့ရသည်။ သခင်စိုးသည် မြန်မာနိုင်ငံလွတ်လပ်ရေးသမိုင်းတွင် အဓိကပါဝင်ခဲ့သူ ခေါင်းဆောင်တစ်ဦးဖြစ် သောကြောင့် နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်) ချီးမြှင့်ခံခဲ့ရလေသည်။
သခင်စိုးသည် ၁၉၈၉ ခုနှစ်၊ မေလ ၄ ရက်တွင် ရန်ကုန်မြို့ ဦးဝိစာရအိမ်ရာ တိုက် ၂၉၊ အခန်း(၈) တွင် နေထိုင်နေစဉ် ၉၆ ပါးသောရောဂါဝေဒနာဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်စုနှင့် သားသမီး ခြောက်ယောက်ကျန်ရစ်ခဲ့သည်။*(သခင်စိုးသည် ၁၉၄၇ ခုနှစ်က ယင်းကိုယ်တိုင်အာဏာဖီဆန်၍ တဲဝင်ထိုးကာ နေထိုင်ခဲ့သော မင်းမနိုင်ကွက်သစ် (ယခုဦးဝိစာရအိမ်ရာ)တွင် ကွယ်လွန်ခဲ့ရသည်။ ဇနီးဖြစ်သူ ဒေါ်ခင်စုနှင့်အတူ ကျန်ရစ်သော သားသမီးများမှာ ဦးမြသိန်း၊ ဒေါ်မြင့်မေ၊ ဒေါ်ရီရီစိုး၊ ဒေါ်နီနီစိုး၊ ခင်မောင်စိုးနှင့် နွယ်နီစိုးတို့ဖြစ်ကြသည်။)
]သခင်စိုး၏အမှုတွဲမှကောက်နုတ်ချက်များ
သခင်စိုးသည် အယူအဆပြင်းထန်သောမာ့က်စ် ဝါဒီတစ်ဦးဖြစ်ခဲ့သည်။ သခင်စိုး၏ခေါင်းဆောင်မှုဖြင့် အလံနီပါတီသည် ဆူပူသောင်းကျန်းခဲ့လေရာ မြန်မာ့နိုင်ငံရေးသမိုင်းတွင် အလံနီများသည် ထရော့စကီး ဂိုဏ်းသားများအဖြစ် ထင်ရှားခဲ့သည်။ သို့သော်အကြမ်းဖက်လုပ်ရပ်များ၊ လက်ဝဲအလွန်အကျွံအယူ အဆများကြောင့် အလံနီကွန်မြူနစ်ပါတီသည် ပြည်သူ လူထုနှင့် တစ်စတစ်စကင်းကွာ၍ လာသည်။ ဆင်စွယ် ရွာလူသတ်မှုမှစ၍ နှစ်ရှည်လများထောက်ခံကူညီလာ သော ဒေသခံပြည်သူလူထုကပင် ဆန့်ကျင်လာလေရာ အလံနီပါတီသည် တစ်စတစ်စကျဆုံးလာရတော့သည်။ ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားပြီးနောက်တွင်ကား အလံနီတို့သည် ပြည်သူ လူထုနှင့် အတွေ့မခံရဲသည့် အခြေအနေအထိ ရောက် ခဲ့ရသည်။ ထို့ကြောင့် အလံနီပါတီသည် တိမ်မြုပ်မှေး မှိန်ခဲ့ရသည်။ ၁၉၆၃ ခုနှစ်နောက်ပိုင်းတွင် ပါတီတွင်း ပြဿနာများကိုသာ လူမသိသူမသိ ဖြေရှင်းနေရတော့ သည်။
သခင်စိုး၏အမှုကို စစ်ဆေးသောအခါ အလံနီ ပါတီ၏ အတွင်းရေးများသည် ဘူးပေါ်သလိုပေါ်လာ တော့သည်။ လူမသိသူမသိပေါ်ပေါက်ခဲ့ရသော ပြဿနာများမှာလည်း သတင်းစာများမှတစ်ဆင့် လူသိ ရှင်ကြားပေါ်ပေါက်လာသည်။ သခင်စိုး၏အမှုကို ၁၉၇၃ ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်တွင် အငြိမ်းစား အကျဉ်းထောင်မင်းကြီးဦးသန်းနွဲ့ နာယကအဖြစ် ဆောင်ရွက်သော အထူးရာဇဝတ်ရုံးအမှတ် ၆ဝ-၁၉၇၂ ဖြင့် စတင်စစ်ဆေးခဲ့ရာ ၁၉၇၃ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်ထုတ်ကြေးမုံသတင်းစာတွင် အောက်ပါ အတိုင်း အကျယ်တဝင့်ဖော်ပြခဲ့သည်။
+++
အလံနီသခင်စိုးကြီးအမှု စတင်စစ်ဆေးပြီး တိုင်းပြည်အကျိုးရှိမည်ယုံ၍ လက်နက်ချခဲ့ပုံ သက်သေ ရဲနီ ဗိုလ်ချုပ်ဟောင်း မြင့်အောင် အစစ်ခံ
ရန်ကုန် ဇန်နဝါရီလ ၁၅
          အလံနီကွန်မြူနစ်ပါတီ(ဗမာပြည်)အထွေ ထွေအတွင်းရေးမှူးချုပ် သခင်စိုးအပေါ်နိုင်ငံ တော်ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၂ (၁)အရ အရေးယူထားမှုကို အငြိမ်းစား ထောင်မင်းကြီး ဦးသန်းနွဲ့ နာယကအဖြစ် ဆောင်ရွက်သော အထူးရာဇဝတ်ရုံးအမှတ် ၆ဝ-၁၉၇၂ တွင် စစ်ဆေးသည်။
အဖွဲ့ဝင်
          အထူးရာဇဝတ်ရုံး၏အဖွဲ့ဝင်များအဖြစ် အရန် နာယက ဦးခင်မောင်ကြီးနှင့်အဖွဲ့ဝင် ဦးဘသိန်းတို့က ဆောင်ရွက်ကြသည်။ အမှု ကို အင်းစိန် အကျဉ်းထောင်သင်တန်းခန်းမ ၌ စစ်ဆေးသည်။
ရုံးထုတ်
          ယနေ့ သခင်စိုးကြီးကို ရုံးထုတ်လာရာ သခင် စိုးသည် လွယ်အိတ်ကြီးတစ်လုံးကိုလွယ်လျက် ဂျပန်ဖိနပ်အဖြူရောင်ကိုစီး၍ အားကစား သမားများဝတ်သောစပို့ရှပ်အဖြူရောင်လက် တိုကို  အတွင်းမှခံပြီး  ဘေဘီရှပ်စကင်း   မရန်းနုရောင်အပေါ်အင်္ကျီနှင့်လုံချည် အနက်စင်းအဝါခံကို ဝတ်ဆင်ထားသည်။
နှုတ်ဆက်
          တရားခွင်အတွင်းသို့ ဝင်လာသည်နှင့် ခုံရုံး နာယကနှင့်အဖွဲ့ဝင်များကို ဦးညွှတ်အရို အသေပေးပြီး ခုံရုံး၏လက်ယာဘက်၌ ထိုင် နေသည့်တရားလိုအကျိုးဆောင်ရှေ့နေကြီး ဦးမြင့်အောင်နှင့် ရဲအရာရှိများကို ဂွတ်မော နင်းဟု အင်္ဂလိပ်လိုနှုတ်ဆက်ကာ ¤င်းဘက်မှ လိုက်ပါဆောင်ရွက်မည့် အကျိုးဆောင် ရှေ့နေကြီး ဦးကိုယုဘေးတွင် ဝင်ထိုင်လိုက် သည်။
ဖမ်းမိ
          သခင်စိုးကို လွန်ခဲ့သော ၁၉၇ဝပြည့်နှစ်၊ နိုဝင် ဘာလ (၁၁)ရက်က ပခုက္ကူမြို့နယ် ကျွန်းချောင်းကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့နှင့် တပ်မတော်တို့ပူးပေါင်းပြီး ဖမ်းဆီးရမိ သဖြင့် တရားစွဲဆိုတင်ပို့ခြင်းဖြစ်သည်။
+++
ထို့နောက် ကြေးမုံသတင်းစာ တရားလိုပြသက်သေ ရဲနီဗိုလ်ချုပ်ဟောင်းဦးမြင့်အောင်ကို ရုံးတော်က စစ်မေး ပုံများအား အသေးစိတ်ရေးသားသွားသည်။ ရဲနီဗိုလ် ချုပ်ဟောင်း ဦးမြင့်အောင်က ၁၉၄၂ ခုနှစ်တွင် သခင် မောင်မောင်၊ သခင်မြသွင်တို့နှင့်ဆက်သွယ်၍ ဗမာ ပြည်ကွန်မြူနစ်ပါတီသို့ ဝင်ရောက်ခဲ့ပုံ၊ ထိုစဉ်က ကွန်မြူ နစ်ပါတီခေါင်းဆောင်မှာ သခင်စိုးဖြစ်ပြီး ထိပ်ပိုင်း ခေါင်းဆောင်များမှာ ကိုမောင်မောင်၊ ကိုနေဒွန်း၊ သခင် တင်မြ၊ ကိုကျော်ဝင်း၊ ကိုထိန်လင်းတို့ဖြစ်ကြပုံ၊ နောက်ပိုင်းမှ သခင်သန်းထွန်းနှင့် ကိုဗဟိန်းတို့ ရောက်ရှိလာပုံ၊ ဖက်ဆစ်တော်လှန်ရေးတွင် တစ်ပြည်လုံးအတွက် နိုင်ငံရေးခေါင်းဆောင်မှာ သခင်စိုးဖြစ်ပြီး စစ်ရေး ခေါင်းဆောင်မှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပုံတို့ကို ထွက် ဆိုခဲ့သည်။
ရဲနီဗိုလ်ချုပ်ဟောင်း မြင့်အောင်က ကွန်မြူနစ် ပါတီတွင် ဒေးဒရဲနယ်၌ နိုင်ငံရေးခေါင်းဆောင်အဖြစ် တာဝန်ယူရကြောင်း၊ ကျိုက်လတ်မြို့နယ် ညောင်ချောင်း ကျေးရွာတွင် ကျင်းပသော ကွန်မြူနစ်ပါတီ၏ ပထမ အကြိမ်ကွန်ဂရက်တွင် သခင်စိုးကခေါင်းဆောင်ကြောင်း၊ ဒုတိယအကြိမ် ကွန်ဂရက်တွင် သခင်စိုးနောက်အိမ် ထောင်ပြုမှုဖြင့် အရေးယူခံရပုံ၊ ကွန်မြူနစ်ပါတီက ဘရောက်ဒါဝါဒကိုလက်ခံခဲ့ပုံ၊ ပါတီနှစ်ခြမ်းကွဲရာမှ အလံနီပါတီပေါ်ပေါက်လာပုံ၊ အလံနီပါတီက အတွင်းဝန်ရုံးကိုဝိုင်းခြင်း၊ မင်းမနိုင်ကွက်သစ်တွင် ကျူးကျော် အိမ်ရာများဆောက်လုပ်နေထိုင်ခြင်းတို့ကို ခေါင်းဆောင် ၍ တိုက်ပွဲဝင်ပုံ စသည့်သမိုင်းရေးရာအချက်အလက် များစွာကိုလည်း ထွက်ဆိုခဲ့သည်။ အလံနီနှင့် ကေအင်န် ဒီအိုတို့ တိုက်ခိုက်ကြပုံ၊ အလံနီဌာနချုပ် အထက်မြန်မာ နိုင်ငံသို့ ရွှေ့ပြီးသုံးပါတီ(ဗကပ၊ ရဲဘော်ဖြူ၊ အလံနီ)  ဆွေးနွေးပွဲပြုလုပ်ကြပုံမှစ၍ အလံနီပါတီ၏အမှားများ ကြောင့် လက်နက်ချခဲ့ပုံ၊ လမ်းစဉ်ပါတီသို့ ဝင်ရောက်ခဲ့ပြီး ၁၉၇ဝ ပြည့်နှစ်၊ အောက်တိုဘာလ(၁ဝ)ရက်တွင် တင်းပြည့်ပါတီဝင်ဖြစ်လာပုံများအထိ ထွက်ဆိုသွားခဲ့ သည်။
၁၉၇၃ ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်တွင် တရားခံအကျိုးဆောင်ရှေ့နေကြီး ဦးကိုယုက ဦးမြင့် အောင်ကို ပြန်လှန်မေးခွန်းများထုတ်ခဲ့သည်။ ထိုနေ့တွင် ဦးမြင့်အောင်က ဦးကိုယု၏မေးခွန်းများကို ဖြေကြား သွားရာတွင် ဖက်ဆစ်တော်လှန်ရေး၌ ကွန်မြူနစ် ပါတီ၏အခန်းကဏ္ဍပိုင်းများ၊ ပြည်သူ့အရေးတော်ပုံ ပါတီမှ ရန်ကုန် ဘဆွေတို့လူစုက ဂျပန်ဆန့်ကျင်ရေး လုပ်ရန်ခေါ်ပုံများ၊ ဦးမြင့်အောင်ကို ဂျပန်ဖမ်းဆီးပုံများ၊ အင်္ဂလိပ်အစိုးရ လက်ထက်အလံနီပါတီကို မတရားသင်း ကြေညာပုံများကို  ထည့်သွင်းဖြေကြားသွားသည်။ အလံနီပါတီနှင့် ပတ်သက်၍လည်း  တရားခံအကျိုး ဆောင်ရှေ့နေ ဦးကိုယုနှင့် ဦးမြင့်အောင်တို့ အောက်ပါ အတိုင်း အမေးအဖြေ လုပ်ခဲ့ကြသည်။(၁။   ၁၉-၁-၇၃ ကြေးမုံသတင်းစာ။)
+++
ဆက်လက်၍ ဦးမြင့်အောင်ကထွက်ဆိုရာတွင်  ခရုရှက်ဖ်ကို ဆန့်ကျင်သည်မှာလည်း ပါတီ၏ညွှန် ကြားချက်အရဖြစ်ပါသည်။ အလံနီက ဆန့်ကျင်သည်မှာလည်း ခရုရှက်ဖ်သည် အရင်းရှင်ပါလီ မန်စနစ်ကို သွားနေသည်ဟု ယုံကြည်သည်က တစ်ကြောင်း၊ လီနင်လမ်းစဉ်ဆန့်ကျင်နေ၍ တစ်ကြောင်း၊ ခရုရှက်ဖ်ကို ဆန့်ကျင်ခြင်းဖြစ်ပါသည်။ လွတ်လပ်သည့်နေရာများတွင် အလံနီ အစိုးရဟု ခေါ်သည်ကို တိတိကျကျမပြောနိုင်ပါ။
တွေ့ဆုံဆွေးနွေးရန် အစိုးရက ဖိတ်ခေါ်ချက် အရ ဗမာပါတီအနေဖြင့် ပထမဆုံးတောတွင်းက လာသည်မှာ အလံနီပါတီဖြစ်ပါသည်။ လက်နက်မချမီ တော်လှန်ရေးကောင်စီ၏ဝါဒသဘော တရားများကို တရားဝင် မည်သည့်စာရွက်စာ တမ်းများကိုမျှ မလေ့လာခဲ့ရပါ။ ထို့ကြောင့် တော်လှန်ရေးအစိုးရကို  ဘာမှန်းမသိခဲ့ပါ။ လေ့လာပြီးမှ တော်လှန်ရေးအစိုးရအကြောင်း သိရပါသည်။
ဆက်လက်၍ တရားခံအကျိုးဆောင်ဦးကိုယု က မေးမြန်းရာတွင် တော်လှန်ရေးအစိုးရတက် လာတာ ကျွန်တော်တို့ဦးမြင့်အောင်တို့ကြိုက်တဲ့ တော်လှန်ရေးနည်းနဲ့တက်လာတာလား၊ ပါလီမန် ရွေးကောက်ပွဲနည်းနဲ့ တက်လာတာလား၊ ဦးမြင့် အောင် ဘယ်လိုမြင်လဲဟု မေးလိုက်သည်။
ဦးမြင့်အောင်သည် ထိုမေးခွန်းကို အချိန် အနည်းငယ်ကြာစဉ်းစားနေပြီး ဒါကတော့ဗျာ ခင်ဗျားတို့ ကျွန်တော်တို့ လူတိုင်းသိပြီးသားပဲဟု ရယ်ပြီးပြောသည်။
ဦးကိုယုက အထက်ပါမေးခွန်းကိုပင် ထပ်၍မေးမြန်းရာ ဦးမြင့်အောင်က မဖြေဘဲနေသဖြင့် တရားခံ အကျိုးဆောင်ဦးကိုယုက ၎င်းမေးခွန်းကို ပြန်လည်ရုပ်သိမ်းသွားသည်။
+++
တရားလိုအကျိုးဆောင်ဦးမြင့်အောင်ကလည်း ရဲနီ ဗိုလ်ချုပ်ဟောင်းဦးမြင့်အောင်ကို ဆက်လက်မေးမြန်း သွားရာ အလံနီပါတီလက်နက်ကိုင် ကြိုတင်ပြင်ဆင်မှု များ အစကတည်းကရှိပုံ၊ တပ်မတော်သို့ဝင်ခဲ့ဖူးသော် လည်း အလံနီပါတီ၏စီစဉ်မှုကြောင့် ထွက်ခဲ့ရပုံတို့ကို ဖြေကြားသွားသည်။
ထိုနေ့မှာပင် တရားလိုပြသက်သေ ရဲနီကျော်ဝင်း ကို ဆက်လက်စစ်ဆေးသည်။ ရဲနီကျော်ဝင်းက အသက် ၁၆ နှစ်သားအရွယ်တွင် တို့ဗမာအစည်းအရုံးသို့ဝင်ပြီး သခင်ကျော်စိန်မှတစ်ဆင့် သခင်ကိုယ်တော်မှိုင်း ဦးဆောင် သော တို့ဗမာအစည်းအရုံး*(တို့ဗမာအစည်းအရုံးသည် နှစ်ခြမ်းကွဲနေသည်။ သခင်ဗစိန်နှင့် သခင်ကိုယ်တော်မှိုင်းတို့ ဦးဆောင်သော အဖွဲ့အစည်းများဖြစ်သည်။ သခင်ကိုယ်တော်မှိုင်း၏ တို့ဗမာအစည်းအရုံးတွင် ဗိုလ်ချုပ် အောင်ဆန်းမှာ အတွင်းရေးမှူး ဖြစ်သည်။)သို့ ရောက်ရှိလာပုံ၊ သခင်အောင်ဆန်းဦးစီး၍ ကွန်မြူနစ် ပါတီဖွဲ့စည်းရာ တွင်ပါဝင်ခဲ့ပုံ၊ သခင်ဗဟိန်း၏ ညွှန်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီမှ ကူဟန်း(ခေါ်) ကိုထင်ဟန်းနှင့် တွေ့ဆုံပုံ၊ ကူဟန်းက မော်စီတုံး၏ပြောက်ကျားနည်းများကို အင်္ဂလိပ်လိုပို့ချပုံ၊ သခင်စိုးနှင့် တွေ့ဆုံပုံတို့ကို အကျယ်တဝင့် ထွက်ဆိုသည်။ ဖက်ဆစ်တော်လှန်ရေး ကိစ္စနှင့်ပတ်သက်၍ သခင်စိုးနှင့် ဗိုလ်ချုပ် အောင်ဆန်း စတင်၍ သဘောထား ကွဲပြားပုံကိုလည်း အောက်ပါ အတိုင်းထွက်ဆိုခဲ့သည်။
+++
ထိုနောက်ပိုင်းတွင်(၁၉၄၄ ခုနှစ်၊ ဇန်နဝါရီလ ကွန်မြူနစ်ပါတီ ပထမအကြိမ် ကွန်ဂရက်ကို ကျိုက်လတ်မြို့နယ်ညောင်ချောင်းကျေးရွာ၌ ကျင်းပပြီးနောက်တွင်)ကျွန်တော်သည် ရန်ကုန်ရှိ သခင်တင်မြနှင့်တွဲ၍ လုပ်ရပါသည်။ ပုဇွန်တောင် ဈေးအတွင်း ကုန်ခြောက်ဆိုင်ဖွင့်ထားပြီး ဗဟိုပြုကာ စည်းရုံးရေးလုပ်ပါသည်။ ကျွန်တော်နှင့် သခင်တင်မြသည် တစ်လှည့်စီသွားပြီး တပ်တွင်း၌ နိုင်ငံရေးသင်တန်းပေးရပါသည်။ ဗိုလ်ချုပ်အောင် ဆန်းအိမ်ရှိ ကိုယ်ရံတော်တပ်ကိုလည်း ကျွန်တော် က သင်တန်းပေးရပါသည်။ ထိုအိမ်မှာပင် ကျွန်တော်နေပါသည်။ ထိုစဉ်က ဗိုလ်ချုပ်အောင် ဆန်းသည် ကန်တော်ကြီးနှင့် ဦးထွန်းမြတ်လမ်းရှိ အိမ်တွင်နေပါသည်။  (ယခု ဦးသာဝင်းနေ    သည်။)
သခင်ဘို**(သခင်ဘို-သခင်ဗိုလ်)က သခင်စိုးရေးသော လွတ်လပ် ရေးကြေညာစာတမ်း ဖတ်ချင်ကြောင်း တောင်း၍ ကျွန်တော်ပေးဖတ်ပါသည်။ သခင်ဘိုမှ သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်ဗဟိန်းတို့ ဖတ်ကြပါသည်။ ထိုစာအုပ်ဖတ်ပြီးသောအခါ သခင်အောင်ဆန်းက သခင်စိုးနှင့်တွေ့လိုကြောင်း ပြောသဖြင့် သခင်စိုးထံ သွားရောက်သတင်းပို့ပါသည်။ သခင်စိုးက ဘာကြောင့်တွေ့ချင်တာလဲဟု မေးခိုင်းသဖြင့် သခင် အောင်ဆန်းထံ သခင်ဘိုမှ တစ်ဆင့် အကြောင်းပြန်ရာ သခင်အောင်ဆန်းက အင်္ဂလိပ်လိုရေးပေးလိုက်ပါသည်။
သခင်စိုး***(သခင်စိုးမှာ ထိုစဉ်က မြေအောက်တွင် လျှို့ဝှက်လှုပ်ရှားနေရသည်။ အပိုင်း(၁)တွင်ကြည့်ပါ။) က သခင်အောင်ဆန်းနှင့်အတွေ့ မခံဘဲ ငါတို့သဘောထားဟုဆိုပြီး စာရေးပေး လိုက်ပါသည်။ ထို့နောက် သခင်အောင်ဆန်းနှင့် သခင်စိုးတွေ့ဆုံရေးပျက်သွားပါသည်။  သခင် သန်းထွန်းက ဆက်လက်ကြိုးစားရာ သခင်စိုးက လက်ခံသဖြင့် သခင်သန်းထွန်းကို ရွှေတောင်ကြား လမ်းမှ လမ်းမတော်ဆိပ်ကမ်းခေါ်၊ ထိုမှတစ်ဆင့် တွံတေးတူးမြောင်းအတိုင်းသွားပြီး မအူပင်ဘက် သွားသည့် ရွာတစ်ရွာတွင် သခင်သန်းထွန်းနှင့် သခင်စိုးတွေ့ဆုံကြပါသည်။
+++
ရဲနီကျော်ဝင်း၏ထွက်ဆိုချက်များမှာ သခင်အောင် ဆန်းသည် ကိုယ်တိုင်ဦးဆောင်ထူထောင်လာခဲ့သည့် ကွန်မြူနစ်ပါတီနှင့်ကွဲကွာသွားပုံ သခင်စိုးက ကွန်မြူနစ် ပါတီကိုဦးဆောင်ပုံ၊ သခင်သန်းထွန်းနှင့် သခင်စိုး ဆက်သွယ်မိပြီး သခင်သန်းထွန်းကွန်မြူနစ်ပါတီသို့ ရောက်ရှိလာပုံ၊ သမိုင်းဆိုင်ရာအချက်အလက်များပင် ဖြစ်သည်။ ထို့နောက် ရဲနီကျော်ဝင်းသည် ဖက်ဆစ် တော်လှန်ရေးဆောင်ရွက်ကြပုံ၊ ကွန်မြူနစ်ပါတီက ဘရောက်ဒါဝါဒလက်ခံပုံ၊ အိန္ဒိယရောက်နေသော သခင်စိုးထံမှ ဘရောက်ဒါဝါဒမှားနေသဖြင့် ဆက်လက် ကျင့်သုံးခြင်းမပြုကြရန် သံကြိုးရိုက်၍တားမြစ်ပုံများကို ထွက်ဆိုသွားသည်။ သခင်စိုးအဖမ်းခံရပြီး လက်နက် ကိုင်သောင်းကျန်းကြပုံကိုလည်း အောက်ပါအတိုင်း ထွက်ဆိုခဲ့သည်-(၁။  ၁၉-၁-၇၃ ကြေးမုံသတင်းစာ။)
+++
၂၃-၁-၄၇ နေ့တွင် အလံနီကွန်မြူနစ်ပါတီကို ဒုတိယအကြိမ်မတရားအသင်း ကြေညာပါသည်။ မတရားအသင်းကြေညာပြီးနောက်ပိုင်းတွင် ဗမာပြည် ကွန်မြူနစ်ပါတီ*(*ဗကပ မဟုတ်ပါ၊ အလံနီကိုသာ ဆိုလိုသည်။) အနေဖြင့် အနာခံစည်းရုံးရေးကာလဟု သတ်မှတ်ပါသည်။ အနာခံဆိုသည်မှာ ရုံးရှေ့၌ တရား မဆိုင်ရ၊ လွှတ်ပေးလျှင်လွှတ်၊ မလွှတ်ပေးလျှင်သေသည် အထိ အစာငတ်ခံနေရမည်ကိုဆိုလိုခြင်းဖြစ်သည်။ ၁၉၄၇ ခုနှစ်မှာပင် ရခိုင်ပြည်နယ်ရှိ ရခိုင်အမျိုးသား အလံနီကွန်မြူနစ်ပါတီဝင်များက လက်နက်ကိုင်ပြီး ပုန်ကန် နေကြပြီဖြစ်သည်။ အခြားမည်သည့်နေရာတွင် မှ ထိုသို့မပြုလုပ်သေးပါ။
အခြေအနေအရပ်ရပ်များကို သုံးသပ်ပြီး ဗဟို ကော်မတီအစည်းအဝေးကျင်းပရန် သခင်စိုးရန်ကုန်သို့ တက်လာပါသည်။  လာခြင်းမှာ  လက်နက်ကိုင် တော်လှန်ရန် အချိန်ကျပြီဟု တပ်လှန့်နှိုးဆော်ရန် ဖြစ်ပါသည်။ သခင်စိုးအနေနှင့် သေတမ်းစာတစ်စောင် ရေးပြီး  တစ်ပြည်လုံးကို  ဖြန့်ခဲ့ပါသည်။  စာတွင် ကျုပ်သေခဲ့လျှင် အထွေထွေအတွင်းရေးမှူးနေရာကို သခင်ဖေဌေးအား ပေးရန်ဖြစ်သည်။
ဗဟိုကော်မတီအစည်းအဝေးလာစဉ် ကြည့်မြင် တိုင်ဗားကရာဆိပ်ကမ်းအထက်၌ သခင်စိုးအဖမ်းခံရ ပါသည်။ ရန်ကုန်ထောင်တွင် သခင်စိုးကိုထားကြောင်း သိရသဖြင့် ကျွန်တော်အဆက်အသွယ်လုပ်ရာရပါသည်။ သခင်ဖေဌေးမှာ ကွန်မြူနစ်ပါတီအစတွင်ပါခဲ့သော် လည်း သခင်ကျော်စိန်နောက်ပါသွားပါသည်။ နောက်မှ ပါလာပြန်ပါသည်။ သခင်စိုးနှင့် အဆက်အသွယ်ရသော အခါ  သခင်စိုးက  တစ်ပြည်လုံးလက်နက်ကိုင် တော်လှန်ရန် ညွှန်ကြားပါသည်။ ညွှန်ကြားချက်ကို သခင်ဖေဌေးအားပြောပြသောအခါ ¤င်းက ရွာတစ်ရွာ တည်းက ထလုပ်လျှင် အဝိုင်းခံရပြီး သေကုန်မည်။ မြို့မှာလုပ်လျှင် မကောင်းဘူးလားဟု သခင်စိုးထံ ပြန်မေးသည်။
ထိုအခါ သခင်စိုးက သခင်ဖေဌေးသည် တွေဝေ သည်ဆိုပြီး ကျွန်တော့်ကို အတွင်းရေးမှူးနေရာ ပေးပြီး တစ်ပြည်လုံးတွင် လက်နက်ကိုင်တော်လှန် ရန် ညွှန်ကြားပါသည်။ ¤င်း၏ညွှန်ကြားချက်အရ တစ်ပြည်လုံးသို့ လက်နက်ကိုင်တော်လှန်ရန် နီးစပ်ရာ သို့တစ်ဆင့် လည်းကောင်း၊ ကိုယ်တိုင်လည်းကောင်း အမိန့်ပေးလိုက်ပါသည်။ ထောင်နှင့်အပြင် အဆက် အသွယ်မပြတ်၍ သခင်စိုးထံ သတင်းမပြတ်ပို့ပေးနေ ရပါသည်။
တစ်နေ့တွင် တပ်ရင်း(၁)မှ အလံနီကလာပ်စည်း ဝင်များဖြစ်သော အရာခံဗိုလ် ရွှေဘော်၊ ကိုထွန်းငြိမ်း တို့ရောက်လာပြီး သခင်စိုးကို ရန်ကုန်ထောင်မှထုတ်ရန် သဘောထားတင်ပြလာသည်။ ကျွန်တော်က သခင်စိုး ထံ အကြောင်းကြားရာ သခင်စိုးကလက်ခံသည့်အပြင် ထောင်အနေအထားရှိပုံကိုပါ အကျဉ်းချုပ်ရေးပြီးပေး လိုက်ပါသည်။ သခင်စိုးမှာ ထိုစဉ်က အစာငတ်ခံလျက် ရှိပါသည်။
သခင်စိုးထံ စာရေးအကြောင်းကြားလိုက်ရာ ထို စာကို ထောင်အာဏာပိုင်များမိသွား၍ တပ်ရင်း(၁) တစ်ခုလုံး လက်နက်အသိမ်းခံရပြီး ကျွန်တော့်ကိုလည်း ဖမ်းမိသွားပါသည်။ ၁၉၄၉ ခုနှစ်တွင် အစာငတ်ခံ   ဆန္ဒပြကြရာ ထောင်ဆူသည့်အတွက် ကျွန်တော်နှင့် သခင်စိုးကို အတူထားရန်မဖြစ်ဆိုပြီး သခင်စိုးကို သာယာဝတီ ထောင်သို့ ပို့လိုက်ပါသည်။
သခင်စိုးမှာ သာယာဝတီထောင်ကို ရဲဘော်ဖြူများ ဝင်စီးစဉ် လွတ်သွားသည်ဟု သိရပါသည်။ ထို့နောက် အပြင်နှင့်အဆက်အသွယ်ပြတ်သွားပါသည်။ ထောင်တွင်းနေစဉ် ကျွန်တော့်ကိုပေါ်လစ်ဗျူရိုအဖွဲ့ ဝင်အဖြစ် ခန့်ကြောင်းသိရပါသည်။ ၁၉၅၃ ခုနှစ်တွင် ထောင်မှလွှတ်လိုက်ပါသည်။ ထိုနှစ်ထဲမှာပင် တွံတေးမှ တစ်ဆင့် ကျွန်တော်တောခိုသွားပါသည်။
ကျွန်တော်ရယ်၊ ကိုတင်မောင်ငြိမ်း၊ ကိုမင်းသူတို့ ရှိရာ တွံတေးတောကြီးတန်းမှနေ၍ သခင်စိုးရှိရာ အထက်ဗမာပြည်ဌာနချုပ်သို့ လိုက်သွားကြပါသည်။ ဆီမီးခုန်ရွာတွင် တွေ့ရပါသည်။ ဌာနချုပ်သို့ရောက် သောအခါ သခင်စိုးနှင့် ကိုမြင့်အောင်တို့ သဘောထား ကွဲလွဲနေကြောင်း သိရပါသည်။ ကိုမြင့်အောင်မှာ ထိုစဉ် က ပေါ်လစ်ဗျူရိုတစ်ဦးဖြစ်သည့်အပြင် ရဲနီတပ်မတော် ၏ စစ်သေနာပတိလည်းဖြစ်ပါသည်။
ဖြစ်ရသည့်အကြောင်းမှာ ကွန်မြူနစ်ပါတီကွဲတာ မှန်သည်ဟု သခင်စိုးက စာတမ်းတင်ရာ ကိုထူးနှင့် ထွန်းစိန်တို့က မှားသည်ဟု ဝေဖန်ကြပါသည်။ ထိုသို့ရှိစဉ် ကိုမြင့်အောင်က ကိုထူးတို့ပြောတာ မှန်မလားဟု တွေဝေနေသဖြင့်သဘောထားကွဲခြင်းဖြစ်ပါသည်။ ကျွန်တော်ရောက်သွားသောအခါ ကိုမြင့်အောင်၏ စစ်သေနာပတိ ရာထူးကို ကျွန်တော့်အား ပေးပါသည်။
+++
ထို့နောက် ရဲနီကျော်ဝင်းက ဂန့်ဂေါမြို့နယ်ကျော ကြီးစခန်းတွင် သခင်စိုးက အထွေထွေစစ်တမ်းတစ် စောင်ကို ဗဟိုကော်မတီအစည်းအဝေး၌ တင်သွင်းရာ မှ ကိုမြင့်အောင်၊ ကိုထိန်လင်း၊ မစောမြ၊ ကိုထူးနှင့် ထွန်းစိန်တို့ကန့်ကွက်ကြပုံ၊ နောက်ပိုင်း ကိုမြင့်အောင်၊ ကိုထိန်လင်းနှင့် မစောမြတို့က လက်ခံပြီး ကိုထူးနှင့် ထွန်းစိန်တို့က လက်မခံသဖြင့် ထူးစိန်ပါတီဟု ခွဲထွက် သွားပုံ၊ စကားရွာတိုက်ပွဲတွင် တပ်မတော်ကို ၄၅ နာရီ ကြာပြီးမှ ပြန်တိုက်နိုင်သဖြင့် ပေါ်လစ်ဗျူရိုနှင့် စစ်သေနာပတိရာထူးမှ အရန်ဗဟိုကော်မတီဝင်အဖြစ်သို့ ရာထူးလျှော့ချခံရပုံများကို ထွက်ဆိုသွားပါသည်။
သခင်စိုး၏ အမှုအား ၁၉၇၃ ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်တွင် ဆက်လက်စစ်ဆေးရာ ရဲနီဗိုလ်ချုပ် ဟောင်းရဲနီကျော်ဝင်းကို တရားလိုအကျိုးဆောင် ဦးမြင့် အောင်က မေးခွန်းများမေးမြန်းခဲ့သည်။ ရဲနီကျော်ဝင်း က ခရုရှက်ဖ်အား စွဲချက်တင် တိုက်ခိုက်ကြပုံ၊ အောင် မာဃစစ်ဆင်ရေးကြောင့် အလံနီပါတီဌာနချုပ် ရွှေ့ ပြောင်းနေရပုံ၊ ၁၉၅၆ ခုနှစ် ဗဟိုကော်မတီအစည်း အဝေးပွဲကျင်းပပြီး ပေါ်လစ်ဗျူရိုပြန်ဖွဲ့ပုံ၊ တပ်မှူးကြီး များ ညီလာခံကျင်းပကြပုံ၊ အစိုးရထိုးစစ်တွင် သခင်စိုး ၏ ဇနီးဟောင်းဒေါ်နှင်းမေကိုမိသွားပြီးနောက် ဗကပ၊ ပြည်သူ့ရဲဘော်တို့နှင့်အတူ သုံးပါတီအစည်းအဝေး ကျင်းပကြပုံ၊  ပြည်သူ့ရဲဘော်နှင့်  နယ်မြေလုကြပုံ၊  ရဲနီကျော်ဝင်းအား ရာထူးချထားပုံ၊ ကျောချောင်း ဒေသခံ ပြည်သူလူထုက အလံနီများကိုဆန့်ကျင်ပြီး တပ်မတော်နှင့် ပူးပေါင်းကြပုံများကို ဖြေကြားသွားခဲ့သည်။ ၁၉၆၁ ခုနှစ် ဒီဇင်ဘာလကုန်ခါနီးတွင် သခင်စိုးခေါ်သဖြင့် ဘော်လီဘောစခန်း ကိုရောက်သွားပြီး ရန်ကုန်မြို့ရှိ လူငယ်တပ်ဦးနှင့် ဆက်သွယ်ပုံကိုလည်း အောက်ပါအတိုင်း ဖြေကြား သွားပါသည်။
+++
ဌာနချုပ်၌ တဲပေါင်း ၃ဝ ကျော်ရှိပြီး ထိုစခန်းကို ဘော်လီဘောစခန်းဟုခေါ်ပါသည်။ (တရားရုံး နာယက ဦးသန်းနွဲ့က ဘော်လီဘောစခန်းလို့ ဘာလို့ခေါ်သလဲ ဟုမေးရာ ရဲနီကျော်ဝင်းက စခန်းအလယ်မှာ ဘော်လီ ဘောကွင်းကြီးရှိပြီး ဘော်လီဘောကစားကြသောကြောင့် ဘော်လီဘောစခန်းဟု ခေါ်ခြင်းဖြစ်ပါသည်ဟု ဖြေ ကြား သွားပါသည်။) ထိုစခန်းတွင် ကိုနေဒွန်း၊ ကိုမြကျော်၊ ဗိုလ်မျိုးဆွေ၊ မငွေစံ စသည်တို့ကို တွေ့ရပါသည်။ ထိုစခန်းတွင်ရှိနေစဉ် တရုတ်ကွန်မြူနစ်ပါတီအပေါ် ဝေဖန်ချက်ပြုစုပြီး ရန်ကုန်ရှိတပ်ဦးအဖွဲ့သို့ ပို့ရပါသည်။ တပ်ဦးအဖွဲ့ကတစ်ဆင့် တရုတ်နီသံရုံးသို့ပို့ရ ပါသည်။ ခရုရှက်ဗ်အပေါ်စွဲချက်တင်သည့် စာတမ်းကို လည်း လူငယ်တပ်ဦး သို့ပင် ပို့ပေးရပါသည်။ တပ်ဦး ကမှ ကော်ပီပွားပြီးဖြန့်ပါသည်။
(တရားရုံးနာယကဦးသန်းနွဲ့က ရန်ကုန်မှာ ရှိတဲ့ တပ်ဦးဆီ ပို့တယ်ဆိုတော့ ဘယ်သူ့ဆီပို့ရတာလဲ)ဟု မေးပါသည်။
ရဲနီကျော်ဝင်းက ကိုယု*(သခင်စိုးဘက်မှရှေ့နေလိုက်သော ဦးကိုယုသည် သခင်စိုးအမှုစစ်ဆေး နေစဉ် အတွင်းမှာပင် သက်သေတို့၏ ထွက်ဆိုချက်အရ အလံနီနှင့်ဆက်သွယ်ခဲ့ကြောင်း၊ အလံနီတို့၏ မြေပေါ်အဖွဲ့ အစည်းဖြစ်သော လူငယ်တပ်ဦးကို ခေါင်း ဆောင်ခဲ့ကြောင်း ပိုမိုသိသာထင်ရှားလာခဲ့သည်။ ထို့ကြောင့် ရှေ့နေမဟုတ်၊ တရားခံသာဖြစ်သည်ဟု အများကဝေဖန်ကြသည်။ ဦးကိုယုသည် တရားခံဖြစ်သွားသော ရှေ့နေအမည်ရှိ စာအုပ်တစ်အုပ်ကိုရေးသားခဲ့ရာ လူ အများစိတ်ဝင်စားခြင်းခံရသည်။ သို့သော် ထိုစာအုပ်မှာ နိုင်ငံရေးစာအုပ်မဟုတ်ဘဲ တရားခွင်ဇာတ်လမ်းဘာသာ ပြန်ဝတ္ထုတစ်ပုဒ်သာဖြစ်သည်။) ဆီပို့ရတာပါဟု ဖြေလိုက် သည့်အခါ တရားရုံး၌ရှိနေသူများက ဝိုင်းရယ်ကြသည်။
+++
ထို့နောက်ရဲနီကျော်ဝင်းက ဦးမြင့်အောင်တို့ခွဲ ထွက်ပြီး အလင်းဝင်ကြကြောင်း၊ ကျော်ဇံရှီးတို့နှင့် သဘောကွဲကြောင်း၊ ဗကပသခင်ချစ်နှင့် ဗိုလ်သက်ထွန်း တို့ အလံနီဌာနချုပ်သို့ရောက်ရှိလာကြောင်း၊ ၁၉၆၃ ခု ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကင်းထောက်အဖွဲ့ (ပဏာမငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့)ကို ခေါင်း ဆောင်၍ သွားရကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးသောအခါ သခင်စိုးခေါင်းဆောင်၍ သွားကြပြီးနောက် ဆွေး နွေးပွဲပျက်ပြား သွားကြောင်းကို ဆက်လက်ထွက်ဆိုပြီး အထိန်းသိမ်းခံငြိမ်းချမ်းရေးဆွေးနွေးမည့်အဖွဲ့အား သခင်စိုးက စေလွှတ်ပုံ ကို အောက်ပါအတိုင်း ပြောကြား သွားသည်-(၁။      ၂၃-၁-၇၃ ကြေးမုံသတင်းစာ။)
+++
သခင်စိုးရန်ကုန်သို့သွားပြီး(၁ဝ)ရက်အကြာတွင် အလံနီနှင့်ဆွေးနွေးပွဲပျက်သွားကြောင်း ရေဒီယိုမှကြား ရပါသည်။ မကြာမီ သခင်စိုးတို့ပြန်ရောက်လာကြ သည်။ သူရောက်ပြီး နှစ်ရက်အကြာတွင် ဗဟိုကော်မတီ အစည်းအဝေးကျင်းပပါသည်။ ထိုစည်းဝေးပွဲမှ အထိန်း သိမ်းခံ ငြိမ်းချမ်းရေးဆွေးနွေးရန်ဆုံးဖြတ်ပြီး ကျွန်တော်၊ မငွေစံ၊ နီနီစိုး၊ မညွန့်ကြည်၊ ဦးဘညွန့်တို့ကို လွှတ်ပါ သည်။ ကျွန်တော်တို့သွားပြီး ကိုတင့်လွင်ဦးစီးသောအဖွဲ့ ကို လွှတ်မည့်အကြောင်းလည်း သခင်စိုးက ပြောလိုက် ပါသည်။
ကျွန်တော်တို့သည် သခင်စိုးခိုင်းစေချက်အရ ကျောက်ငနွားစခန်းသို့ သွားကြပါသည်။ ကျောက်ငနွား မှစစ်တပ်က ပြန်ရန်ပြောပါသည်။ ငြိမ်းချမ်းရေးဆွေး နွေးရန်လည်း မဖြစ်နိုင်ဟု ပြောပါသည်။ သို့သော် ကျွန်တော်တို့က အဖမ်းခံပြီးငြိမ်းချမ်းရေးဆွေးနွေးရန် လာကြောင်း ပြောရာစစ်တပ်က ဖမ်းရန်လည်း အမိန့် မရှိကြောင်း ပြောပါသည်။
ထို့နောက် အထက်ကိုအမိန့်ခံရာ ရွာလူကြီးများကို သက်သေထားပြီး ခေါ်ထားရန်ဆိုသဖြင့် ကျွန်တော် တို့ကို ကျောက်ငနွားတောင်တွင် ၁၅ ရက်ခန့် ခေါ်ထား ပါသည်။ ထို့နောက် မောင်တောသို့ပို့ပါသည်။ ထိုမှ တစ်ဆင့် စစ်တွေသို့ပို့ပါသည်။ စစ်တွေအကျဉ်းစခန်းမှ ၁၉၇ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်တွင် ကျွန်တော်လွတ်လာပါသည်။ စက်တင်ဘာလ ၁၉ ရက် တွင် အစိုးရစရိတ်ဖြင့် ရန်ကုန်သို့ ပို့ပေးပါသည်။ ကျွန်တော့်အမေအိမ်တွင် နေပါသည်။ ထို့နောက် ရန်ကင်းတိုက်များသို့ပြောင်းရွှေ့နေပါသည်။ ၁၉၇ဝ ပြည့်နှစ်၊ ဒီဇင်ဘာလမှစ၍ လူဝင်မှုကြီးကြပ်ရေးနှင့်  အမျိုးသားမှတ်ပုံတင်ဌာနတွင် အတွင်းရေးအတွင်းဝန် အဖြစ် ခန့်ထားခြင်းခံရပါသည်။ ၁၉၇၁ ခုနှစ်၊ စက်တင်ဘာလအထိ ဖြစ်ပါသည်။ ကျွန်တော်ပါတီဝင် လျှောက်ထားပြီးပါပြီ စသည်ဖြင့် ထွက်ဆိုသွားခဲ့သည်။
+++
ထို့နောက် ရဲနီကျော်ဝင်းကို တရားခံအကျိုးဆောင်  ရှေ့နေ ဦးကိုယုက ပြန်လှန်မေးခွန်းထုတ်သည်။ ရဲနီ ကျော်ဝင်းက အလံနီပါတီသည် မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ကဲ့သို့ပင်  မည်သည့်ပြည်ပသြဇာမျှမခံခဲ့ကြောင်း၊ သခင်စိုးက ဗိုလ်ချုပ်ကြီးထံ တောင်းပန်စာရေးခဲ့သည် မှာ ပဏာမ ကိုယ်စားလှယ်အဖွဲ့နှင့်ပေးသည့်စာတွင် ရာဇသံသဘောမျိုးပါ၍ဖြစ်ကြောင်း စသည်ဖြင့် ဖြေကြားသွားသည်။ ထို့နောက် တရားလိုပြသက်သေ ဒေါ်သင်(ခေါ်) ခိုင်ထွန်းမယ်အားစစ်ဆေးသည်။ ခိုင်ထွန်းမယ်က ကိုမောင်မောင်(ခေါ်)ကိုညွန့်ဝင်းနှင့် ဦးမြင့်အောင်တို့က ၁၉၄၄ ခုနှစ်တွင် ဖက်ဆစ်တော် လှန်ရန် စည်းရုံးကြ၍ နိုင်ငံရေးထဲရောက်လာသည်မှ မြစ်ဝကျွန်းပေါ်တွင် လက်နက်ချ အလင်းဝင်သည်အထိ ထွက်ဆိုထားသည်။ ခိုင်ထွန်းမယ်သည် ၁၉၄၆ ခုနှစ်၊ ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲသောအခါ သခင်တင်မြ၏ စည်းရုံးမှုဖြင့် အလံနီပါတီဘက်သို့ပါသွားခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ပုဒ်မ ၅ ဖြင့် ဒေးဒရဲတွင် အဖမ်းခံခဲ့ရသည်။ ကျိုက်လတ်အချုပ်တွင် အချုပ်ခံနေရစဉ် ၁၉၄၈ ခုနှစ်၌ အချုပ်ခန်းကို ကရင်သောင်းကျန်းသူများ ဝင်စီးသဖြင့် လွတ်မြောက်ခဲ့သည်။ ထို့နောက် ကျိုက်လတ်မြို့နယ်ပါတီ ဒုတိယအတွင်းရေးမှူး ဖြစ်လာသည်။ ခိုင်ထွန်းမယ်က မြစ်ဝကျွန်းပေါ် အခြေအနေနှင့်ပတ်သက်၍ အောက်ပါအတိုင်း ထွက်ဆို ခဲ့သည်-၁
၁၉၅၂ ခုနှစ်တွင် အထက်ဗမာပြည်၌ကျင်းပသော အလံနီပါတီဗဟိုကော်မတီအစည်းအဝေးသို့  လေ့လာ သူအဖြစ် တက်ရောက်ခဲ့ရပါသည်။။ အထက်အောက် အမျိုးသမီးအစည်းအဝေးလည်းပါပါသည်။ ဌာနချုပ် ရောက်သောအခါ ဌာနချုပ်ရုံးအဖွဲ့တွင် မငွေစံ၊ မတင် ငွေတို့နှင့်အတူ နေရပါသည်။
၁၉၅၄ ခုနှစ်ရောက်သောအခါ အောက်ဗမာပြည် သို့ဌာနချုပ်မှ ပြန်ခဲ့ရပါသည်။ တွံတေးတောကြီးတန်း တွင် အောင်းနေကြပါသည်။ ထိုသို့ရှိစဉ် အလံနီပါတီမှ ခွဲထွက်သွားသော ထူးစိန်တပ်များကို တိုက်ရန် တာဝန်ပေးခြင်းခံရပါသည်။ မီးသွေးခြင်းကွန်ဖရင့်ပြီး သောအခါတွင် ကျွန်မကို ခရိုင်ကော်မတီအဆင့်သို့ မြှင့်ပေးပါသည်။
၁၉၅၈ ခုနှစ်တွင် ဘိုကလေးမြို့နယ်တွင် ငွေ သောင်ယံကွန်ဖရင့်တစ်ရပ် ကျင်းပပါသည်။ ကျွန်မ သည် တာဝန်ကျရာ အင်းစိန်ခရိုင် လှည်းကူးမြို့နယ်မှ ငွေသောင်ယံသို့ သွားရခြင်းဖြစ်ပါသည်။ ငွေသောင်ယံ ကွန်ဖရင့်မှာ စစ်ရေးကိုအဓိကထားပြီး ခရုရှက်ဖ်ကို ရှုတ်ချသည့်အဆိုများ ပြုကြပါသည်။
ထိုငွေသောင်ယံ ကွန်ဖရင့်နှင့် ပတ်သက်၍ ဆရာကြီး သခင်စိုးက ဝေဖန်ရာတွင် စစ်ရေးကို အဓိက ထားနေသည်။ ထိုအချက်သည် မှားသည်။ နိုင်ငံရေးသာ အဓိကဖြစ်ရမည်။ စစ်ရေးမှာ နိုင်ငံရေးလက်အောက် ဖြစ်ရမည်ဟု ဝေဖန်ပါသည်။ ကွန်ဖရင့်အပြီးတွင် ကျွန်မ တာဝန်ကျရာ လှည်းကူးမြို့နယ်သို့ ပြန်ခဲ့ပါသည်။
၁၉၅၈ ခုနှစ်အတွင်းမှာ ကျွန်မကိုတောင်ပိုင်း ဌာနချုပ်က ငွေသောင်ယံသို့ပြန်ခေါ်သဖြင့် သွားရ ပါသည်။ ငွေသောင်ယံတွင် သုံးပါတီအဖွဲ့ဖွဲ့ရာ အလံနီ၊ ဗကပနှင့် ကော်သူးလေတို့ပါဝင်ကြပါသည်။ သုံးပါတီ ပူးတွဲနယ်မြေတွင် အလံနီပါတီ၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရပါသည်။
၁၉၆ဝ ပြည့်နှစ်တွင် ကိုမောင်မောင်(ခေါ်)ကိုညွန့် ဝင်းမှာ ပါတီတွင်းလုပ်ကြံခံရပြီး သေသွားပါသည်။ ထိုသို့လုပ်ကြံခံရ၍ ကျွန်မ၏တာဝန်များကို လျှော့ချ လိုက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကိုမောင်မောင် သေခြင်းသည် ကျွန်မတာဝန်မကင်းဟု စွပ်စွဲပြီးဖြုတ်ချ ခြင်းဖြစ်ပါသည်။ ထိုစဉ်က ကိုမောင်မောင်မှာ အစိုးရ၏ ဆုငွေ ၅ဝဝဝဝ ကျပ်ထုတ်ခံထားရသူဖြစ်သည်။
ကိုမောင်မောင် ကျဆုံးပြီးနောက် ဌာနချုပ်မှနေ၍ ကိုမောင်မောင်နေရာတွင် ကိုအောင်သူရောက်လာပါ သည်။ ၁၉၆၃ ခုနှစ်အတွင်းမှာပင် ကိုအောင်သူကျသွား ပြန်ပါသည်။ ထိုသို့ကျပြီးနောက် သုံးပါတီထိန်းသိမ်းရေး ဖွဲ့သောအခါ ကျွန်မဥက္ကဋ္ဌဖြစ်လာပြီး ကိုကြည်လွင်က အတွင်းရေးမှူးဖြစ်ပါသည်။
ကိုအောင်သူကျပြီးနောက် ၎င်းနေရာသို့ဌာနချုပ်မှ ကိုစောနောင်ရောက်ပါသည်။ ကျွန်မကိုလည်း တောင်ပိုင်းဗျူရိုအတွင်းရေးမှူးခန့်၍ ကိုကြည်လွင်ကို အောက်ဗမာပြည်နိုင်ငံရေးမှူးအဖြစ် ဌာနချုပ်မှခန့် လိုက်ပါသည်။
ကျွန်မသည် ၁၉၆၃ ခုနှစ်မှစ၍ ၁၉၇ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၃ဝ ရက်အထိ  တောင်ပိုင်းဗျူရို   အတွင်းရေးမှူးအဖြစ် တစ်ဆက်တည်း ဆောင်ရွက်ခဲ့ ပါသည်။ ထမ်းဆောင်စဉ်ဌာနချုပ်မှ ဖြန့်ဝေသော အထူးသဖြင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်သောစာစောင်များကို ညွန်ကြားချက်အရ ဖြန့်ဝေရပါသည်။ လုပ်ဆောင်ချက်များ ကိုလည်း ဌာနချုပ်သို့ အစီရင်ခံရ ပါသည်။ အခွန်အကောက်များကောက်ပြီး ဌာနချုပ်သို့ ပို့ရပါသေးသည်။ အခွန်ကောက်သည် ဆိုရာတွင် လယ်ခွန်၊ အင်းခွန်တို့ဖြစ်ပါသည်။
အခွန်ကောက်ရာတွင် ဗကပနှင့် ကော်သူးလေ ပါတီက ကျပ် ၁ဝဝဝ ဟု သတ်မှတ်လျှင် ကျပ် ၁ဝဝဝ ဟု သတ်မှတ်ပြီး မိမိတို့က လုပ်ကိုင်သူ၏စီးပွားရေး အပေါ်ကြည့်ပြီး နိမ့်လျှင်နိမ့်သလိုကောက်ပါသည်။ အဓမ္မပေးရ မည်ဟု မကောက်ခံရပါ။ ယနေ့သက်သေပါ လာသော ဦးရဲထွတ်မှာ ကျွန်မခင်ပွန်းဖြစ်ပါသည်။ ၁၉၄၉ ခုနှစ်ကစ၍ အိမ်ထောင်ကျခဲ့ပါသည်။ တစ်ခါ တစ်ရံအတူတာဝန်ကျ၍ တစ်ခါတစ်ရံတကွဲတပြားစီ ကျပါသည်။ များသောအားဖြင့် အတူကျပါသည်။ ခိုင်ထွန်းမယ်ဟု ဖြစ်လာခြင်းမှာ ဥပမာအားဖြင့် အလံနီပါတီအတွင်းရှိ အမျိုးသမီးများကို ရဲနီမယ် မငွေစံ၊ ရဲနီမယ် မနှင်းမေ စသည်ဖြင့် ခေါ်ကြသလို ကျွန်မကလည်း ကျွန်မအမည်ကို တောတွင်း၌         မခိုင်ထွန်းဟု မှည့်လိုက်ပါသည်။ ရဲနီမယ် ခိုင်ထွန်းဟု ခေါ်ကြရာမှ နောင်သောအခါ ခိုင်ထွန်းမယ်ဟု ခေါ်လာပါသည်။
+++
ခိုင်ထွန်းမယ်ကို ဦးကိုယုက ပြန်လှန်မေးခွန်းထုတ် သည်။ ခိုင်ထွန်းမယ်သည် မြစ်ဝကျွန်းပေါ်တွင် နာမည် ကြီးခဲ့သော ရဲနီမယ်အလံနီခေါင်းဆောင်တစ်ဦးဖြစ် သည်။ သခင်စိုးအမှုကို စစ်ဆေးသောအခါ ဇာတိ ဒေးဒရဲမြို့တွင် ခြံလုပ်ငန်းလုပ်ကိုင်နေပြီဖြစ်သည်။ သခင်စိုးနှင့်ပတ်သက်၍ ခိုင်ထွန်းမယ်က ''ဆရာကြီး သခင်စိုးသည် သူ့အမှားကို မြင်လာလျှင် ရိုးသားရဲဝံ့ ပွင့်လင်းတည်ကြည်စွာ ကိုယ့်ကိုယ်ကို ဝေဖန်ခံနိုင်သူ ဖြစ်ကြောင်း ကျွန်မသိပါသည်''ဟု ထွက်ဆိုခဲ့သည်။
သခင်စိုး၏အမှုကို ၁၉၇၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်တွင် ဆက်လက်စစ်ဆေးသည်။ သတင်းစာများက အကျယ်တဝင့်ရေးသားဖော်ပြနေသဖြင့် သခင်စိုး၏ အမှုမှာ တစ်နိုင်ငံလုံးအတွက် စိတ်ဝင်စားစရာဖြစ်နေ သည်။ တရားရုံးတွင်လည်း စိတ်ပါဝင်စားသူများ၊ ဥပဒေလိုက်စားသူများ၊ ဥပဒေကျောင်းသားများ၊ သမိုင်း ဆိုင်ရာ လေ့လာသူများ၊ အလံနီဟောင်းများ နေ့စဉ်လို ပင် လာရောက်နားထောင်ကြသည်။ တရားလိုပြ သက်သေဖြစ်သူ ဒုတိယလုံခြုံရေးမှူး ဦးဘိုမောင်က ၁၉၆၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၂ဝ)ရက်တွင် မြေပုံမြို့နယ် သန်းတောင်းကြီးရဲစခန်းကို ဗကပ ဗိုလ်သက်ထွန်းနှင့် အလံနီတင့်လွင်တို့ ပူးပေါင်းတိုက်ခိုက်ကြပုံကိုထွက်ဆို သည်။ ရဲတပ်ကြပ်ကြီး ဦးမောင်ကိုကလည်း ၁၉၆၈ ခုနှစ်၊ မတ်လ(၆)ရက်တွင် ဗိုလ်သက်ထွန်းနှင့် ရဲနီ တင့်လွင်တို့ပူးပေါင်း၍ အမ်းရဲစခန်းနှင့် ခလရ(၃၃) အား တိုက်ခိုက်ကြပုံများကို ထွက်ဆိုခဲ့သည်။ ကိုအံ့ကြူ (ခေါ်)ကိုမင်းနွယ်ကလည်း အလံနီထဲရောက်သည်မှ ခလရ (၂၆)တွင် လက်နက်ချသည်အထိ ကြုံရသမျှကို ထွက်ဆိုခဲ့သည်။
သခင်စိုးအမှုကို စစ်ဆေးချိန်တွင် အလံနီပါတီမှာ လုံးဝနီးပါးချုပ်ငြိမ်းခဲ့ပြီဖြစ်လေရာ အလံနီပါတီထိပ်ပိုင်း ခေါင်းဆောင်များ၊ ဗဟိုကော်မတီဝင်များမှာ လက်နက် ချအလင်းဝင်၍ လည်းကောင်း၊ ဖမ်းဆီးရမိ၍လည်း ကောင်း အကြောင်းအမျိုးမျိုးဖြင့် မြေပေါ်သို့ရောက် နေကြပြီဖြစ်သည်။ ထိုပုဂ္ဂိုလ်များမှာ သခင်စိုး၏အမှု တွင် တရားလိုပြ သက်သေများ ဖြစ်လာကြသည်။ ဦးစောနောင်၊ ဦးကြည်လွင်စသော အလံနီခေါင်းဆောင် ဟောင်းများသည် သခင်စိုးနှင့်အလံနီပါတီခေါင်းဆောင် တို့၏ အတွင်းရေးများကို ထွက်ဆိုခဲ့သည်။ အလံနီ ဟောင်း ဦးမိုးညို(ခေါ်)ဦးဖူးညိုကလည်း အလံနီပါတီ တွင်းဖြစ်ပျက်ခဲ့သည့် သေဒဏ်ပေးမှုများကို ၁၉၇၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်၌ အောက်ပါအတိုင်း ထွက်ဆိုခဲ့သည်-
+++
၁၉၅၉ ခုနှစ်တွင် ဆိပ်ဖြူ၊ စလင်း၊ စေတုတ္တ ရာမြို့နယ်များအတွင်း တပ်မတော်စစ်ကြောင်း များကိုလှည့်လည်တိုက်ခိုက်နေရပါသည်။ ၁၉၆ဝ  ပြည့်နှစ်တွင် ထိုဧရိယာဒေသမှာပင် နေခဲ့ရပါ သည်။ ထိုနှစ်အတွင်း၌ ကိုဗထူး၊ ကိုသော်တာ၊ ကိုပိုင်တို့ စစ်တပ်ကို သတင်းပေးကြောင်း သတင်း ရ၍ နွားမတောင်တွင်ရှိနေသော သခင်စိုးထံ အကြောင်းကြားရာ သခင်စိုးထံမှ ပါတီကို သစ္စာဖောက်တဲ့ လူတွေသေဒဏ်ပေးရမည်ဟု စာညွန်းနှင့်လာပါသည်။ ထိုစာအရ ကိုဗထူး၊ ကိုသော်တာ၊ ကိုပိုင်တို့ကို ဓားဖြင့်ခုတ်၍ သတ်ကြ ပါသည်။ သေနတ်ဖြင့်ပစ်မသတ်ခြင်းမှာ ကျည် ဆန်နှမြော၍ ဖြစ်ပါသည်။ ¤င်းတို့သုံးယောက် သုတ်သင်ပြီး ကြောင်းကို သခင်စိုးထံ အောင်မြင်ကြောင်း အကြောင်းကြားလိုက်ပါသည်။...... ၁၉၆၃ ခုနှစ်တွင် အလံနီကိုမင်းလွင်၊ ကိုအောင် လင်း၊ ကိုငွေသော်တို့ကိုသတ်သည့် ကိုကွာကို တွေ့ ပါသည်။ မြန်မာပြည်နှင့်ရခိုင်ပြည်အကူးမင်းပြား လမ်း၌ ဖြစ်ပါသည်။ ထိုသို့တွေ့ကြောင်း ဌာနချုပ် ကို သတင်းပို့ရာဌာနချုပ်မှကိုကွာတို့မိသားစုကို ရှင်းလိုက်ပါဟု စာပြန်လာပါသည်။ စာထဲတွင် အလံနီခေါင်းဆောင်များအား သတ်ချိန်က ၁၅ နှစ်ပြည့်လျှင် ထည့်၍သတ်၊ မပြည့်လျှင်ခွင့်လွှတ် ဟု ပါပါသည်။
ပြန်စာအရ ကိုကွာ၊ ကိုခိုင်၊ ကိုနိုင်၊ ကိုဖုန်းတို့ကို သတ်လိုက်ပါသည်။ ကျည်ဆန်နှမြော၍ ဓားဖြင့် ပင် ခုတ်သတ်လိုက်ကြပါသည်။ ၎င်းတို့ကို မုံးချောင်းအထက် လယ်ကွင်း၌ သတ်ပါသည်။ သတ်ပြီးသည်နှင့် အလံနီ ခေါင်းဆောင်များကိုသတ်သော ''မဟာရာဇဝင်ကလဲ့စားချေပွဲကြီး''ဟု ပိုစတာရေးပြီး ရွာများ၌ ကပ်ကြပါသည်။ ကိုကွာ တို့သည် မင်းပြားမှ အစိုးရကာကွယ်ရေးခေါင်း ဆောင်များဖြစ်ကြပါသည်။
+++
သခင်စိုး၏အမှုတွင် တရားလိုအကျိုးဆောင်ရှေ့ နေကြီး ဦးမြင့်အောင်ကတရားလိုပြသက်သေ ၃၈ ဦး တင်သွင်းခဲ့ရာမှ နှစ်ဦးကို ပြန်လည်ရုပ်သိမ်းခဲ့ရာ စုစု ပေါင်းတရားလိုပြသက်သေ ၃၆ ဦး ရှိခဲ့သည်။ ၁၉၇၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁ဝ)ရက်အထိ သက်သေ ၂၇ ဦးကို စစ်ဆေးခဲ့သည်။(၁။ ၁၁-၂-၇၃ တနင်္ဂနွေနေ့ထုတ် ဗိုလ်တထောင်သတင်းစာ။) ကျန်ကိုးဦးကိုလည်း ဆက် လက်စစ်ဆေးခဲ့သည်။ ဖေဖော်ဝါရီလ ၁၄ ရက်တွင် တရားလိုပြသက်သေ ဦးဝကြီး (ခေါ်)ဦးကျော်ညွန့်ကို စစ်ဆေးသည်။ ၁၉၅၆ ခုနှစ်တွင် တောခိုခဲ့သော ဦးဝ ကြီးက အလံနီပါတီ၏ အဖျက်လုပ်ငန်းများနှင့်ပတ်သက်၍ အောက်ပါအတိုင်း ထွက်ဆိုခဲ့ပြန်သည်-(၂။ ၁၅-၂-၇၃ ဗိုလ်တထောင်သတင်းစာ။)
+++
ကျွန်တော့်အား မြို့နယ်ကော်မတီအဖြစ် ခန့်အပ်စာကို သခင်စိုးထံမှရသည်။ စေတုတ္တရာ မြို့နယ်တွင် ဌာနချုပ်၏ညွှန်ကြားချက်အတိုင်း အလံနီမူဝါဒများ လူထုအား ရှင်းလင်းဟောပြော ရသည်။ ထို့အပြင် တပ်သားစုဆောင်းခြင်းအပြင် အခွန်ငွေများလည်းကောက်ခံရသည်။ အခွန်ငွေ များကို ဌာနချုပ်သို့ပို့ရသည်။ တစ်ခါပို့လျှင် ကျပ် ၅ဝဝ မှ ကျပ် ၁ဝဝဝ အထိရှိသည်။ ထိုအလုပ် ကို ၁၉၅၉ ခုနှစ်အထိ ကျွန်တော်လုပ်ရသည်။ အစိုးရကဖွဲ့စည်းပေးထားသော ဒူးလေးတပ်၊ ဝါးချွန်တပ်များကိုသိမ်းပြီး မီးရှို့ရန်နှင့် ကျေးရွာ စည်းရိုးများကို ဖျက်ဆီးရန်တို့ကို  ဌာနချုပ်မှ ညွှန်ကြားတာဝန်ပေး၍ ကျွန်တော်လုပ်ဆောင်ခဲ့ သည်။  သခင်စိုး၏  တိုက်ရိုက် အညွှန်းအရသစ္စာဖောက်သူလျှိုများအား  သုတ်သင်ရန် ကျွန်တော့်အား တာဝန်ပေးသည်။ ဘုန်းကြီး ဦးဇောတိက အား ဌာနချုပ်မှသေဒဏ်ပေးသည်။ ကိုချစ်ပိုဦးစီးသည့် ကျွန်တော်ပါသည့်တပ်က သွားရောက် သုတ်သင် လိုက်သည်။
ရဲနီကျော်စိန်သည်  အစိုးရတပ်နှင့်ဆက်    သွယ်၍ သေဒဏ်ပေးရန်ကိစ္စပေါ်လာသည်။ ဗဟိုကော်မတီဝင် ဦးထိန်ဝင်းရောက်လာပြီး ကျွန်တော်နှင့်အတူနေသည့် ရဲနီကျော်စိန်အား ဖမ်းဆီးသည်။ ဦးထိန်ဝင်းက ကျွန်တော့်သဘော ထားမေးသည်။ ကျွန်တော်ကလည်း သတ်သင့် ကြောင်း ပြောလိုက်သည်။ ထို့နောက် ကျော်စိန် အား ဓားဖြင့်ခုတ်သတ်ကြသည်။ သတ်သူများ သည် ကျွန်တော့်ထံပြန်လာပြီး ကျော်စိန်၏ဇနီး မသောင်းမေကို ဆက်ဖမ်းသည်။ မသောင်းမေအား သေဒဏ်ပေးမည့်ကိစ္စမေးသည်။ ကျွန်တော်က သဘောအတိုင်းပဲဟု ပြောလိုက်ရ သည်။ ကျော်စိန်သတ်သည့်နေရာတွင်ပင် မသောင်းမေ အား ဓားဖြင့်ခုတ်သတ်လိုက်သည်။
၁၉၆ဝ ပြည့်နှစ်တွင်  စေတုတ္တရာမြို့နယ် စခန်းရှိ ရဲနီကပ်ကျော်အား သေဒဏ်ပေးရေး အတွက် သခင်စိုးဌာနချုပ်တွင်ဆွေးနွေးသည်။ ဆွေးနွေးရာ၌ ကိုနေဒွန်း၊ ကိုမြင့်အောင်နှင့် ကျွန်တော်လည်းပါသည်။  ကပ်ကျော်အား နွားမတောင်တောထဲတွင် သတ်လိုက်ကြသည်။
ဌာနချုပ်၏ညွန်ကြားချက်အရ အစိုးရဂိတ် စခန်းများသို့ ဗိုလ်မှူးစိုးအောင်ခေါင်းဆောင်  သော ကျွန်တော့်တပ်က သွားပြီးမီးရှို့သည်။     အိမ် ၃ဝ ရှိရွာလည်း မီးလောင်သွားသည်။ သုံးအိမ်သာကျန်သည်။ အစိုးရတပ် ဆုတ်သွား ပြီးမှ မီးရှို့ခြင်းဖြစ်သည်။ ........... ၁၉၆၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဌာနချုပ်သို့ ကျွန်တော်ရောက်သွားသည်။
.........ထိုအချိန်တွင် သခင်စိုး၏ မိန်းမများဘဝလွတ်မြောက်ရေးစာတမ်းကို ကျွန်တော်လေ့လာသည်။ စာတမ်းထွက်ပြီးနောက် သခင်စိုးသည် ရဲနီကျော်ဝင်း၏ဇနီး မခင်စုအား ချစ်ရေးဆိုနေသည်ကို တွေ့ရသည်။ ထိုကိစ္စ ကြောင့်  သခင်စိုးကတစ်ဖက်၊  ကွဲထွက်သည့် အင်အား ၅ဝ ခန့်က တစ်ဖက် မကျေမနပ်ဖြစ် နေကြသည်။ .................. ၁၉၆၇-၆၈ ခုနှစ်တွင် အလယ်ပိုင်းဗျူရိုသည် ဌာနချုပ်နှင့် သခင်စိုးအား သပိတ်မှောက်မှု ပေါ်ပေါက်ခဲ့သည်။ ဦးမြကျော်နှင့် အင်အား ၃ဝ ခန့် ဌာနချုပ်မှခွဲထွက် သွားကြသည်။ အလယ်ပိုင်း ဗျူရိုမှ အလံနီ ၅ဝ ခန့် ကလည်း ဌာနချုပ်ကို မကျေနပ်၍သပိတ်မှောက်ကြသည်။ ခေါင်းဆောင် မှာ ဗိုလ်ဝင်းဆွေဆိုသူဖြစ်သည်။
သပိတ်မမှောက်သည့်  ကျန်အင်အားစုမှာ လည်း သခင်စိုး၏ မိန်းမများဘဝလွတ်မြောက် ရေးစာတမ်းအပေါ် မကျေမနပ်ဖြစ်နေကြသည်။...........၁၉၆၉ ခုနှစ်ကုန်ခါနီးတွင် ကျွန်တော်သည် ပါတီအပေါ် သဘောကွဲလွဲချက် ရှိပြီး စိတ်ကုန်ခန်းလာသည်။ သမီးနှစ်ဦးသေပြီးနောက် မိန်းမလည်း သေသွားသည့်အပြင် ကျွန်တော့်သားနှစ်ဦးလည်း  ဆင့်ကဲသေဆုံးသွားကြသည်။ ကျွန်တော့်နှမငယ် မယ်မှီနှင့်သူ့မိသားစုလည်း  သေဆုံးသွားကြသည်။ .................. ၁၉၇ဝ ပြည့်နှစ် တွင် အလံနီပါတီ၏ စစ်ရေး၊ နိုင်ငံရေး ကျဆင်း နေသဖြင့် စိတ်ကုန်ခန်းပြီး လက်နက်ချအလင်း ဝင်ရန်ဆုံးဖြတ်ခဲ့သည်။ လက်နက်မချမီ ၁၄ နှစ် လုံးလုံး  ပြန်လည်သုံးသပ်ရာ  ကုန်ရှုံးတော့တစ်ခေါက်၊ လင်ကုန်ရှုံးရင် တစ်သက်လုံးမှောက်၊ ဆရာကုန်ရှုံးတော့  တစ်သံသရာလုံးမှောက်၊ ကျွန်တော် တစ်ယောက် တည်းဂျောက်ပေါက်ဟု မြင်ပြီးဆောမြို့နယ်၊ နွားပြာကြီးစခန်းသို့ လက်နက်ချအလင်းဝင်လိုက်သည်။  ဆရာ ဆိုသည်မှာ သခင်စိုးကိုခေါ်ခြင်းဖြစ်သည်။
+++
တရားလိုပြသက်သေအလံနီဗဟိုကော်မတီဝင်ဟောင်း ဦးမြကျော်မှာ သခင်စိုးနှင့်အနီးကပ်ဆုံးနေခဲ့သူဖြစ် သဖြင့် သခင်စိုး၏အတွင်းရေး၊ အလံနီပါတီဗဟိုဌာနချုပ်၏ အတွင်းရေးများကို များစွာထွက်ဆိုနိုင်ခဲ့သည်။ ရဲဘော်ဖြူများက ဖမ်းဆီးပြီး သတ်မည်လုပ်ပြီးမှ လွတ်မြောက်ခဲ့ပုံ၊ အလံနီပါတီထဲဝင်ပုံ၊ အလံနီဌာနချုပ်ရခိုင် သို့ရွှေ့ပုံ၊ ရခိုင်မှ ကျော်ဇံရှီးတို့နှင့် မပြေလည်၍ ပြည်မ သို့ပြန်ရွှေ့ပုံနှင့် သခင်စိုး၊ မခင်စု အတွင်းရေးများကို ဦးမြကျော်က အသေးစိတ်ထွက်ဆိုခဲ့သည်။ သခင်စိုး၏ သမီးအကြီး ရီရီစိုးအားခိုးပြေးသွားသော ရဲနီမွန်လေး အား သတ်ပစ်ပုံကို ဦးမြကျော်က အောက်ပါအတိုင်း ထွက်ဆိုခဲ့သည်-၁
ဌာနချုပ်ရှိငွေနှင့်ရွှေများကို ယူသွားသော ဆရာကြီး(သခင်စိုး) သမီးနှင့် မွန်လေးကိုတွေ့ရာ  နေရာ၌ သတ်ပစ်ရန် ဆရာကြီးက အမိန့်ပေး၍ ရဲနီသုံးဆိုင်းခွဲပြီး လိုက်ရှာကြသည်။ လိုက်ရှာသော အဖွဲ့လည်း အစာငတ်နေ၍ မရှာနိုင်ဘဲတောထဲ တွင် ငှက်ပျောပင်ရှာ၍ စားနေရ၍ မသတ်နိုင်ဘဲ ရှိပါသည်။ ဆရာကြီး၏ အညွှန်းတွင် အစိုး (ရီရီစိုး)နှင့်  ရဲနီမွန်လေးကို  ရန်ကုန်တွင်   တွေ့လျှင်လည်း သတ်ရန် ဆရာကြီးက အညွှန်းပြု ပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် အောက်ဗမာပြည်၌ အစိုးနှင့် ၎င်း၏ယောက်ျား (ရဲနီမွန်လေး) ကိုတွေ့ရသဖြင့် ရဲနီမွန်လေးကို သတ်ပစ်လိုက်ကြပါသည်။  အစိုးကိုတော့ မသတ်ပါ။
+++
ဦးမြကျော်၏ထွက်ဆိုချက်များတွင် သခင်စိုး နှင့်မခင်စုတို့၏  အတွင်းရေးကိစ္စများပါဝင်ခဲ့ရာ  ဦးကိုယုက ကန့်ကွက်ခဲ့သည်။ သို့သော် သခင်စိုး ကိုယ်တိုင်က ဦးကိုယု၏တင်ပြချက်သည် ဦးမြကျော် ၏ဒီမိုကရေစီ အခွင့်အရေးကို ထိခိုက်သည်ဟု ဆိုကာ ဦးကိုယု၏တင်ပြချက်ကိုပြန်လည်ရုပ်သိမ်း စေခဲ့သည်။ ဦးမြကျော်ကလည်း သခင်စိုးအပေါ် အာဃာတကြောင့် ထွက်ဆိုရခြင်း မဟုတ်ကြောင်း အောက်ပါအတိုင်း ထွက်ဆိုခဲ့သည်။၂
+++
ကျွန်တော်တို့တောတွင်းမှာရှိစဉ် တပ်မတော်မှ ဗိုလ်စိန်ကြည်တို့တပ်က ဝင်ရောက်တိုက်ခိုက်ပါ သည်။ စခန်းနှင့်ကိုက် ၅ဝ ခန့်အကွာကနေပြီး တိုက်ခိုက်လို့စခန်းရှိ လူများအားလုံးကစဥ့်ကလျား ပြေးကြရပါသည်။ အဲဒီအချိန်မှာ ဆရာကြီးဟာ ချောင်းစပ်မှာလဲနေပါတယ်။ ကျွန်တော့်ဇနီးသည် လည်း လဲနေပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ ကျွန်တော့်ဇနီးကိုပစ်ပြီး ဆရာ့ကြီးကိုချိုင်းကမပြီး ကယ်ခဲ့ပါတယ်။ ဆရာကြီးကိုကယ်ခဲ့လို့ တပ်မတော်က ပစ်တဲ့ကျည်ဆန်ဟာ ဆရာကြီးကို မမှန်ဘဲ ကျွန်တော့်ကျောပိုးအိတ်ကိုမှန်ခဲ့ပါသည်။ တပ်မတော် ကျည်ဆန်မှန်လို့ ကျွန်တော့်အင်္ကျီမှာ အပေါက်ရာအများကြီးရခဲ့ပါတယ်။ ကျွန်တော့်ကို ကျည်မသင့်လို့မသေခဲ့တာပါ။ ယခုအမှတ်တရ အနေနဲ့ ဝတ်လာတာပါ။
+++
ဆင်စွယ်ရွာနှင့်ပတ်သက်၍လည်းအောက်ပါအတိုင်း ထွက်ဆိုခဲ့သည်။
+++
အလံနီနှင့်ဆင်စွယ်ရွာပဋိပက္ခရှိသည်မရှိသည် ကို ကျွန်တော်မသိပါ။ သို့သော် အလံနီများထမင်း ငတ်စဉ်က ဆင်စွယ်ရွာက ဆန်ထောင်းပေး၊ ဟင်းလျာပေး၊ နွားပေး၊ လိုလေသေးမရှိပေးခဲ့ပါ သည်။ ကျွန်တော်သည် ဆင်စွယ်ရွာ ဇာတိဖြစ်ပါ သည်။ အလံနီထဲဝင်ပြီးကတည်းက ဆင်စွယ်ရွာ အနောက်ဘက်(၂)မိုင်ခန့်ရှိသော တောထဲတွင် ကျွန်တော်တဲထိုးနေခဲ့ပါသည်။ ၁၉၅၅ ခုနှစ် ဝန်းကျင်အထိ နေခဲ့ပါသည်။ ထိုစဉ်က ဆင်စွယ် ရွာသားများသည် အလံနီမကောင်းကြောင်း လုံးဝ မပြောခဲ့ပါ။
ဆင်စွယ်ရွာ မြေသဒါလှန်ခြင်းမှာ စောအုန်း မောင်နှင့် ထွန်းနိုင်တို့တင်ပြချက်အရ သခင်စိုး က တော်လှန်ရေးတွင် ရင်သွေးများကိုတောင် စွန့်ရသေးသည်။ ယခုဆွေတော်မျိုးတော်ကလေး များကိုတော့ ငဲ့ကွက်စရာမလို။ အလုပ်သမား လယ်သမားတို့ကိုယ်စား အချောင်သမား သစ္စာ ဖောက်တို့ကို ထောင်နှင့် သိန်းနှင့် ချီသတ်ရမည် ဟူသည့်ဆောင်ပုဒ်*(        စတာလင်၏ဆောင်ပုဒ်ဖြစ်ပါသည်။) အရ ဆင်စွယ်ရွာကို ပိပိ ပြားပြား မြေသဒါလှန်ရမည်။ မင်းကိုယ်တိုင်  ခံစားခဲ့ရသဖြင့် မင်းကိုယ်တိုင် လက်စားချေပွဲ ကြီးကို အောင်ပွဲခံဆင်နွှဲပါလေဟု သခင်စိုးက လေသာစခန်း၌ အမိန့်ပေးခဲ့ပါသည်။
ထိုစကားများကို ကျွန်တော်ကြားရသောအခါ များစွာစိတ်မကောင်းဖြစ်ပြီး လေသာစခန်းဌာန ချုပ် အောက်နားရှိ စမ်းချောင်းဘေးသွား၍ မျက်ရည်ကျရပါသည်။ ကျွန်တော်မျက်ရည်ကျ နေသည်ကို ဗိုလ်မှူး စိုးအောင်က မြင်သွားသဖြင့် ဘာလုပ်နေတာလဲဟု မေးပါသည်။
ကျွန်တော်က စိတ်မကောင်း၍မျက်ရည်ကျ တာပါဟု ပြောရာ ဗိုလ်မှူးစိုးအောင်က ခင်ဗျား မျက်ရည်ကျမနေနဲ့၊ ခင်ဗျားပါ နောက်ဆက်တွဲ ပါသွားအုံးမယ်ဟု ပြောပါသည်။ ထိုအခါကျမှ ကျွန်တော်မျက်ရည်များ ပိုကျလာပါသည်။..... ရေချိုးပြီးသောအခါ ဌာနချုပ်ရှိ ကျွန်တော့်တဲထဲသို့ ပြန်လာပါသည်။ ထိုအခါ ထွန်းနိုင်ရောက်လာပြီး ဆင်စွယ်ရွာရှိခင်ဗျားအမေကတော့ ကောင်းပါတယ်။ ဒါပေမဲ့ တခြားသူတွေကတော့ မကောင်း ဘူးဗျာ၊ မကောင်းတာမကောင်းသလို လုပ်ရမှာပဲ ဟု ပြောပါသည်။
+++
ဆင်စွယ်ရွာလူသတ်ပွဲတွင် ဦးမြကျော်၏ ဆွေမျိုးများစွာလည်း အသတ်ခံခဲ့ရသည်။ အလံနီဌာန ချုပ်၏အမိန့်အရ ဒန်းကြီးခွရွာမှ လင်မယားနှစ်ယောက်  အသတ်ခံခဲ့ရပုံကိုလည်း အောက်ပါအတိုင်း ထွက်ဆိုခဲ့ သည်။
+++
ကျွန်တော်တို့ ဒန်းကြီးခွရွာ တောစခန်းသို့ အရောက်တွင် ဒန်းကြီးခွရွာမှ လင်မယားနှစ်ယောက် ကို ဗဟိုပြုဌာနချုပ်မှ အညွှန်းအရ သတ်ခဲ့ရပါသေး သည်။ သခင်စိုးနှင့် ဌာနချုပ်ပြောင်းလာသည့် သတင်း ပေါက်ကြားမှာစိုးရိမ်ပြီး သတ်ပစ်ခြင်းဖြစ်ပါသည်။ ၎င်းတို့လင်မယားတွင် ဘာအပြစ်မှမရှိပါ။ သတင်းပေါက် ကြားမှာစိုး၍ သက်သက်သတ်လိုက်ခြင်းဖြစ်ပါသည်။
ထိုသို့သတ်ပြီးသောအခါ သေသွားသော လင်မယား၏သမီးပျိုလေးတဲတွင်းသို့ ရောက်လာ ပါသည်။ သူ့အဖေနှင့်အမေကို မတွေ့ဘဲသွေး ကွက်များကိုသာတွေ့သဖြင့် အဖေနှင့်အမေ ကျားကိုက်ခံရပြီး သေသည်ဟု ထင်ကာ လူးလှိမ့် ငိုကြွေးသည်ကို သနားစဖွယ်တွေ့ရပါသည်။ ယခုကဲ့သို့ နောင်မှ ပြန်ပြောရခြင်းမှာ အခြား လူသတ်ပွဲသတင်းများ သတင်းစာတွင်ပါပြီး ထိုအကြောင်းသတင်းစာတွင်မပါပါက ကျွန်တော့် တွင် အပြစ်မကင်း မည်စိုး၍ ပြောရခြင်းဖြစ်ပါ သည်။
+++
ဗဟိုကော်မတီဝင်ဟောင်း ရဲနီမြတ်ကျော်နှင့် သက်သေများထွက်ဆိုချက်တွင် အလံနီပါတီက သေဒဏ်ပေးသတ်ဖြတ်ခြင်းခံရသည့် ရွာသားများအကြောင်း မြောက်မြားစွာပါဝင်ခဲ့သည်။ သခင်စိုး၏ ကိုယ်ရေးကိုယ်တာများနှင့် ပတ်သက်၍လည်း ဖေဖော် ဝါရီလ(၂၂)ရက်တွင် ရဲနီမြတ်ကျော်က အောက်ပါအတိုင်း ထွက်ဆိုခဲ့သည်-
+++
ထူးစိန်တို့နှင့်ဆွေးနွေးပွဲပြီးသောအခါ ဆရာကြီးသည် သုံးပါတီဆွေးနွေးပွဲကို ဆက်လုပ်ပါ သည်။ ထိုဆွေးနွေးပွဲလည်း မအောင်မြင်ပါ။ ထိုသို့ နေနေစဉ် အောက်ဗမာပြည်မှ မငွေစံကျွန်တော် တို့ စခန်းသို့ ည(၇)နာရီတွင် ရောက်လာပါသည်။ မငွေစံရောက်ကြောင်း ဆရာကြီးထံသွားရောက် အကြောင်းကြားပါသည်။ ထိုစဉ်က ဆရာကြီး သည် သူ၏ဇနီး မနှင်းမေနှင့်အတူ ယာတောမှ တဲတစ်လုံးတွင် အတူနေပါသည်။ မငွေစံရောက် ကြောင်းသွားရောက်အကြောင်းကြားသောအခါ ဆရာကြီးက နှင်းမေသွားဟု ပြောပါသည်။ မနှင်းမေက ဘာဖြစ်လို့သွားရမှာလဲပြောပြီး တဲထဲမှာပင် ကပ်နေပါသည်။ ဆရာကြီးကလည်း မနှင်း မေအား တဲထဲမှထွက်သွားရန် အတင်းနှင်ပါသည်။ မနှင်းမေကလည်း တဲထဲမှ မထွက်ဘဲ ဘာဖြစ်လို့ သွားရမှာလဲ ကိုယ့်လင်နှင့် ကိုယ်နေတာ ဟုပြော ပြီး အတင်းတွယ်ကပ်နေပါသည်။ ဆရာကြီးကလည်း မနှင်းမေလက်ကိုဆွဲ၍ တဲထဲမှ ဆွဲထုတ်ပါ သည်။ မနှင်းမေကလည်း ဆရာကြီးခါးကိုဖက်၍ တွယ်ကပ်နေပါသည်။
ထိုအခါ ကျွန်တော်က မနှင်းမေကို သွားရန် ပြောရာမရဘဲ တဲထဲမှာပင်နေသဖြင့် ဆရာကြီး သည် အံကြိတ်၊ တက်ခေါက်ပြီး မနှင်းမေကို ဆွဲထုတ်ပါသည်။ ကျွန်တော်ကလည်း မနှင်းမေ လက်ကိုဆွဲ၍ ကူထုတ်ပေးပါသည်။ မရပါ။ ထိုအခါ တဲရှင် ဦးဘဦးအား လှမ်းခေါ်ပြီး အကူအညီ တောင်းရပါသည်။ ဦးဘဦးနှင့်ဆွဲခေါ်မှ မနှင်းမေ ကိုခေါ်ရသဖြင့် ဆရာကြီးတဲနှင့်(၂)မိုင်ခန့်ဝေး သော ကိုကျော်ဝင်းတဲသို့ သွားပို့လိုက်ရပါသည်။
မနှင်းမေကို ပို့ပြီးကြောင်း ဆရာကြီးထံ အကြောင်းကြားလိုက်ပါသည်။ မငွေစံကိုခေါ်ခဲ့ ရမလားဟုလည်း မေးလိုက်ပါသည်။ ထိုအခါ ဆရာကြီးက ငွေစံခေါ်ခဲ့ဆိုသဖြင့် ညတွင်းချင်းပင် မငွေစံအား ဆရာကြီးတဲသို့ ပို့ပေးလိုက်ရပါသည်။ ဆရာကြီးလုံခြုံရေးအတွက် ကင်းလည်းချထားပေး လိုက်ပါသည်။ နောက်တစ်နေ့နံနက် အရောက် တွင် ဆရာကြီးတဲသို့သွားပြီး ဒီနေ့ ဘယ်သွားအုံး မလဲဟု မေးရာ ဆရာကြီးက အကြောင်းထူး မရှိရင် ဘယ်မှမသွားချင်ဘူး။ ဒီမှာပဲနေမည်ဟု ပြောပါသည်။ သို့အတွက် ကျွန်တော်သည် ဆရာကြီးလုံခြုံရေးအတွက် စခန်းများကို လှည့်စစ် အုံးမည်ဟုဆိုကာ ဆရာကြီးတဲထဲမှထွက်ခဲ့ပါ သည်။ ကျွန်တော်သည် ပထမဆုံး ကိုကျော်ဝင်း တဲသို့သွားရာ  မနှင်းမေကို  မျက်နှာသစ်လျက်   တွေ့ပါသည်။ မနှင်းမေက ကျွန်တော့်ကိုတွေ့လျှင် ဦးလေး လာသလား၊ ငွေစံကော ရောက်ပြီလားဟု မေးပါသည်။ ကျွန်တော်ကရောက်တာပေါ့၊ ညက သွားပို့ရတယ်ဟု ပြောပါသည်။
ထိုအခါ မနှင်းမေက ဦးရယ်၊ သူကပါးကိုက် တော့ ကျွန်မကလည်း နားကိုက်ရမှာပဲ၊ ကျွန်မဟာ မိန်းမသားတစ်ယောက်ဖြစ်ပါတယ်။ ယောက်ျား ကောင်းတစ်ယောက်ကို ကောင်းကောင်းရွေးယူ နိုင်ပါတယ်။ ကျွန်မမှာ သတ္တိရှိပါတယ်ဟု ပြောပါ သည်။ လိုအပ်ရင်တော့ရှာပါ။ ဒါပေမဲ့ သိပ်မြန်မြန် တော့မလုပ်ပါနဲ့ဟု တောင်းပန်ရာ မနှင်းမေက စိတ်ကူးတော့ထားဖို့လိုပြီ၊ မြန်မြန်ရလျှင်ကောင်း တာပဲဟု ပြောပါသည်။
နောက်တစ်နေ့တွင် စားမြိန်စခန်းသို့ ကျွန်တော်တို့ ပြောင်းကြပါသည်။ သုံးပါတီရဲဘော် များ ပြန်ဆုံကြပါသည်။ မငွေစံကို ပစ္စယသုံးပုံ စခန်းသို့ ပို့လိုက်ပါသည်။ သုံးပါတီဆွေးနွေးပွဲပြု လုပ်ရင်း မနှင်းမေနှင့် သခင်စိုးကိုယ်ရံတော် ဝင်းကြည်တို့ ရေချိုးရင်း စကားပြောကြသည်ကို သခင်စိုးတွေ့သွားသဖြင့် စိတ်ကောက်ပြီး ဆွေးနွေး ပွဲကိုရပ်ကာ ညတွင်းချင်း မငွေစံစခန်းသို့ သွားပါ သည်။ ထိုညသည် လမိုက်ရက်ဖြစ်သဖြင့် လမ်း ပျောက်သွားပါသည်။
မငွေစံစားရန်လည်း အမဲသားခြောက်များ၊ အမဲသားကြော်များကို ပုံးဖြင့်ထည့်၍ ယူခဲ့ပါသည်။ သန်းခေါင်ကျော်တွင် ဆရာကြီးသခင်စိုး ရေငတ် သဖြင့် တောင်ပေါ်တက်ပြီး ရေရှာပေးရပါသည်။ နံနက်လင်းခါနီးမှ မငွေစံစခန်းသို့ရောက်ကြပါ သည်။
ဆရာကြီးက ကျောက်ဖျာစခန်းတွင် ဖြစ်ပွား သည့် အခြေအနေများကို ကျော်ဝင်းတို့ သခင် သန်းတို့ သိဟန်တူတယ်။ မနှင်းမေနှင့် ဝင်းကြည် လည်း ချစ်ကြိုက်နေကြပြီဟု ထင်သည်။ ဒါဟာ ကျော်ဝင်းနှင့် သခင်သန်းတို့ တရားခံဖြစ်တယ်။ ဒါကြောင့် ရန်ကုန်မှ ဆက်သားအဖြစ်ရောက်နေ တဲ့ အောင်ခင်က တရားသူကြီးလုပ်၍ ကျော်ဝင်း တို့ သခင်သန်းတို့ကို စစ်ရမည်ဟု ဆရာကြီးက အမိန့်ပေးပါသည်။ အမှုစစ်ရင်းပင် ဝင်းကြည်ကို ပါတီမှထုတ်ပစ်လိုက်ပါသည်။ ဝင်းကြည်သည် အလံနီစခန်းမှ ရဲဘော်ဖြူ ဗိုလ်အုန်းတင်တို့စခန်း သို့ သွားနေပါသည်။ ကျော်ဝင်းနှင့် သခင်သန်းတို့ က ဝင်းကြည်နှင့် မနှင်းမေချစ်ကြိုက်မှုကို သူတို့ မသိကြောင်း အစစ်ခံကြပါသည်။ ဝင်းကြည်ကလည်း ညဘက်တွင် မနှင်းမေရှိသော ကျန်ရစ် စခန်းသို့ လာလာစကားပြောပါသည်။ ဝင်းကြည် သည် ၁၄ တိုင်ခန့်ဝေးသည့်ခရီးမှ ညစဉ်လာတွေ့ ခြင်းဖြစ်ပါသည်။ ညချင်းပင် ပြန်ပါသည်။
နောက်တစ်နေ့တွင် သခင်စိုးကြားသဖြင့် စစ်ဆေးရာ လူခင်ဆိုသူက မနက်ဖြန်ည ၁၂ နာရီတွင် ဝင်းကြည်လာမည်ဖြစ်ကြောင်းပြော သဖြင့် မနှင်းမေကို ကွင်းချောင်းစခန်းသို့ ပြောင်း လိုက်ပြီး ကျန်ရစ်စခန်းတွင် ကင်းဝပ်၍ ဝင်းကြည် အလာကိုစောင့်ကြပါသည်။ ဝင်းကြည်ကို မလွတ် ရန်နှင့်ပြေးလျှင် သေနတ်ဖြင့်ပစ်ဖမ်းရန် သခင်စိုး က ညွှန်ကြားပါသည်။
ဝင်းကြည်ကိုဖမ်းရန် ရှမ်းဗိုလ်ချုပ်အုန်း မောင်နှင့် ဗိုလ်ချုပ်လေးမျိုးဆွေတို့ကို တာဝန် ပေးပါသည်။ ညသန်းခေါင်ကျော် ၁ နာရီတွင်   ဝင်းကြည်လာပါသည်။  သေနတ်သံကြားရပါ သည်။ တစ်ယောက် လွတ်သွားသည်။ ဝင်းကြည် ကို လက်မောင်းမှာ ဒဏ်ရာရပြီး အရှင်မိသည်ဟု ကျွန်တော့်ထံ ဆက်သားလာ၍ သတင်းပို့ပါသည်။ မနှင်းမေကိုလည်း ပါတီမှထုတ်ပစ်ပြီး အချုပ်နှင့် ထားလိုက်ပါသည်။
+++
အလံနီပါတီဝင်များက ဝိုင်းဝန်းတောင်းပန် သဖြင့် သခင်စိုးသည် ဝင်းကြည်နှင့်မနှင်းမေကို  ပေးစားရန် သဘောတူခဲ့သည်။ ဦးမြကျော်က ဝင်းကြည်နှင့် မနှင်းမေကိုလက်ထပ်ပေးပြီး ခုနစ် ရက်အကြာတွင် ဝင်းကြည်သည် ရရှိသောဒဏ်ရာ ဖြင့် သေကြောင်း၊ ဝင်းကြည်ကို ကျော်ဝင်းသတ် သည်ဟု သခင်စိုးစွပ်စွဲသဖြင့် ကျော်ဝင်းစိတ် မကောင်းဖြစ်ပြီး ရူးသွားကြောင်း၊ ဌာနချုပ်မှ ထွက်သွားသဖြင့် လိုက်ခေါ်ခဲ့ရကြောင်း၊ ကျော်ဝင်း နှင့် မနှင်းမေကို စစ်ဆေးရန် ကိုနေဒွန်းခေါင်း ဆောင်သော ကော်မရှင်တစ်ရပ်ကိုဖွဲ့ခဲ့ကြောင်း၊ အမှုစစ်နေစဉ် ကိုနေဒွန်းနှင့် မနှင်းမေက ဗဟို ကော်မတီကို ခွင့်တောင်းပြီးလက်ထပ်လိုက်ကြ ကြောင်း၊ မနှင်းမေကို အစိုးရထိုးစစ်က ဖမ်းမိသွားကြောင်း၊ ကျောချောင်ရွာကို မြေသဒါ လှန်ရန် အမိန့်ပေးရာ မလိုက်နာသည့်အပြင် ကျောချောင်မှ ကိုဝကျော်၊ ကိုဝဲကျော်၊ ကိုနီ၊ ကိုပွဲကုန်းတို့အား သေဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ သဖြင့် ရဲနီကျော်ဝင်းနှင့် ဦးမြကျော်ကို အရေးယူ ကြောင်း၊ ထွန်းနိုင်ခေါင်းဆောင်သော အဖွဲ့က ကျောချောင်ရွာသားများကို သွားရောက်သတ်ဖြတ် ကြကြောင်း  စသည်တို့ကိုလည်း  ထွက်ဆိုခဲ့     သည်။
သခင်စိုးနှင့် မခင်စုတို့၏ကိစ္စနှင့်ပတ်သက်၍ ဗိုလ်ချုပ်လေးမျိုးဆွေကလည်း အောက်ပါအတိုင်း ထွက်ဆိုခဲ့သည်-
+++
....ဌာနချုပ်ရောက်ပြီး မကြာမီ မခင်စုကို ဆရာကြီးချစ်ရေးဆိုနေတယ်၊ ဘယ်လိုလုပ်မလဲ၊ ကျွန်တော်တို့လည်း တိုက်ပွဲဝင်နေကြရတယ်ဟု တပ်သားများက တင်ပြကြပါသည်။ ကျွန်တော်က ဖြည်းဖြည်းစောင့်ပြီး တိုက်ပွဲဝင်ရန် ပြောရပါ သည်။
နောက်ပိုင်းတွင် မိန်းမများ၏ဘဝလွတ်မြောက် ရေးစာတမ်းကို သခင်စိုးက ထုတ်ပြန်လာသည်ကို တွေ့ရပါသည်။ စာတမ်းတွင် မိန်းမဘဝလွတ် မြောက်ရေး၊ ချစ်ရေးဆိုပိုင်ခွင့်များတင်ပြထား သည်ကို တွေ့ရပါသည်။ ထိုစာတမ်းနှင့်ပတ်သက် ၍ ဝေဖန်သူများကို ပဒေသရာဇ်အမြင်ရှိသူတွေ၊ သက်ဦးဆံပိုင်ခေတ် အမြင်ရှိသူတွေ၊ အယူအဆ ရှိသူတွေဟု စွဲချက်အတင်ခံရပါသည်။
ရေရှင်စခန်းအရောက်တွင် သခင်စိုးက မခင်စုကို ထပ်မံချစ်ရေးဆိုပြန်ပါသည်။ ည ၁၂ နာရီထိုးလျှင် ငါ့ဆီ မခင်စုအရောက်ပို့ရမည်ဟု ညွှန်ကြားချက်တစ်ရပ် ထုတ်ပါသည်။ ရဲနီ ကျင်အောင်နှင့်တစ်ဦးက မခံမရပ်နိုင်ဖြစ်ပြီး စတင်းသေနတ်ကို မောင်းတင်၍ ပစ်သတ်တာ ကောင်းတယ်ဟု ပြောသည်အထိ ဖြစ်လာပါသည်။ ကျွန်တော်ထိန်းထားလိုက်ရပါသည်။
မခင်စုကိုလည်း မြို့နယ်ကော်မတီမှ ဗဟို ကော်မတီအဆင့်အထိ သခင်စိုးက တိုးမြှင့်ပေးခဲ့ ပါသည်။.......ထိုအချိန်အထိ သခင်စိုး၏ အချစ်ကို မခင်စုက လက်မခံသေးပါ။...... သခင်စိုး၏ မိန်းမများ၏ဘဝလွတ်မြောက်ရေး စာတမ်းထွက်လာသောအခါ   ရဲနီတစ်ဦးနှင့် ရဲနီမယ်တစ်ဦးသည် ယနေ့ညနေ တန်းစီသည့် နေရာတွင် ၎င်းတို့နှစ်ဦး သဘောတူကြောင်း တင်ပြကြလျှင် ချက်ချင်းလက်ထပ် ပေးပါသည်။ လက်ထပ်ပေးလိုက်ပြီး နောက်တစ်နေ့ပြန်တန်းစီ သည့်အခါ ¤င်းတို့နှစ်ဦးမပေါင်းနိုင်ကြောင်း ပြန်လည်တင်ပြလျှင်  ခွဲပေးလိုက်ပါသည်။ သက်သေပြရလျှင် ရဲနီမယ်မစောကြည်သည် တစ်လအတွင်း လင်သုံးယောက်ယူပြီး အလားတူ ရဲနီမယ်နှစ်ဦးတို့လည်း ရှိခဲ့ပါသည်။
+++
သခင်စိုးက မခင်စုအား အထူးအခွင့်အရေးများ ပေးခဲ့ပုံ၊ ထဘီလျှော်ပေးသည်အထိ အရေးပေးခဲ့ပုံများ ကိုလည်း  ဦးမြကျော်၊ ဗိုလ်ချုပ်လေးမျိုးဆွေ စသော သက်သေများက ထွက်ဆိုခဲ့ကြသည်။ သခင်စိုးနှင့် ဦးမြကျော်တို့ သခင်စိုး၏အိမ်ထောင်ရေးကိစ္စကြောင့် သဘောကွဲလာကြပုံကိုလည်း အလံနီပါတီဗဟိုကော်မတီ ဝင်ဟောင်း  ဦးသန်းလှ(ခေါ်)  ဦးကောင်းစိန်က အောက်ပါအတိုင်း ထွက်ဆိုခဲ့သည်-
လက်ရိုးတောင်စခန်းသို့ ဌာနချုပ်ပြောင်းသည်။ သခင်စိုးနှင့် မခင်စု အိမ်ထောင်ရေးကိစ္စကို စစ်မြေပြင် ဆင်းသွားသည့်တပ်များက မကျေမနပ်ဖြစ်ပြီး သပိတ် မှောက်ပြန်လာကြသည်။ ကိုဝင်းဆွေခေါင်းဆောင်သော အဖွဲ့က သပိတ်စမှောက်ကြသည်။ သခင်စိုးသည် မခင်စု ၏ ခြင်ထောင်ထဲဝင်အိပ်ခြင်းများ ရှိလာသည်။ ထိုကိစ္စ ကို ဗဟိုကော်မတီများက ဝေဖန်သဖြင့် သခင်စိုးသည် ခြင်ထောင်ထဲကမထွက်ဘဲ ထမင်းမစားရေမသောက် နေလာသည်။ ၄၊ ၅ ရက်ခန့်ကြာသည်။ ထို့ကြောင့် ဗဟိုကော်မတီများက ဝေဖန်သဖြင့် သခင်စိုးက မှားပါ သည်ဟု ဝန်ခံသည်။
သခင်စိုးသည် ဗဟိုကော်မတီက ဝေဖန်သော် လည်း ထပ်ပြန်တလဲလဲဆက်လုပ်နေသည်။ ဝေဖန်မှုများကြောင့် သခင်စိုးသည် ခြင်ထောင်ထဲမှာ (၇) ရက်ခန့်နေပြီး အရက်ဆက်သောက်နေသည်။ မှန်အိမ်မီးထွန်းပေးလျှင်လည်း မှန်အိမ်သည် အထီးလား အမလားမေးသည်။ ကိုမျိုးဆွေက ပုစွန်ခြောက်ပေးရာ  တွင်လည်း ပုစွန်ခြောက်သည် အထီးလားအမလားဟု မေးပြန်သည်။ အထီးဆိုလျှင် မစားဟု ပြောသည်။ နောက်ပိုင်းတွင် ခြင်ထောင်ထဲမှပြန်ထွက်ပြီး သခင်စိုး က နောင်မဖြစ်စေရပါဘူးဟု ဝန်ခံပြန်သည်။ ..... ဆင်လဲတောင်ရောက်သည့်အခါတွင်လည်း သခင်စိုး သည် မခင်စုအပေါ်စီးပွားရေးဖြင့် မြှူဆွယ်ခြင်း၊ အတင်းအဓမ္မခြင်ထောင်ထဲဝင်ခြင်းများ ဖြစ်လာပြန် သည်။
စီးပွားရေးဖြင့်မြှူဆွယ်သည်မှာ ငွေ ၅ဝဝဝ ကျပ် အပ်ထားခြင်း၊ အစားအသောက်ပို့ပေးခြင်း၊ အဝတ် အထည်ပို့ပေးခြင်းဖြစ်သည်။ နောက်ပိုင်းတွင် နှစ်ဦးတည်း ချောင်းသို့သွား၍ ရေချိုးကြသည်အထိဖြစ် လာသည်။ ကျွန်တော်သည် ချောင်းသို့ရေခပ်သွားရာမှ တွေ့ရခြင်းဖြစ်သည်။ သခင်စိုးသည် မခင်စု၏ထဘီကို လျှော်ပေးနေသည်ကိုပင် တွေ့ရသည်။
သခင်စိုး၏အိမ်ထောင်ရေးကိစ္စအပေါ် ဦးမြကျော် အပါအဝင် အောက်ထပ်မှလူများက မကျေမနပ်ပိုဖြစ် လာသည်။ သခင်စိုးအား သေနတ်ဖြင့်ပစ်သတ်ရန် မောင်းတင်သည်အထိ ဖြစ်လာကြသည်။ သခင်စိုး၏ အိမ်ထောင်ရေးကိစ္စကို ၁ဝ ရက်တိုင် ဆွေးနွေးသော် လည်း ဗဟိုကော်မတီအတွင်း ပြေလည်မှုမရခဲ့ကြပါ။ ကချင်အမျိုးသား ကိုတူးရှမ်းက သခင်စိုး၏လုပ်ပုံကိုင် ပုံများကို ဝေဖန်ပြီး ထွက်ခွာသွားတော့သည်။ ....ကျွန်တော့်အား  မခင်စုသွားခေါ်ရန်တာဝန်  ပေးသည်။ ကျွန်တော်သည် တပ်သားကိုကံရင်နှင့်အတူ မခင်စုအား  သွားခေါ်လာခဲ့ရသည်။  မခင်စုမှာ ကျန်းကျန်းမာမာရှိသည်။
မခင်စုစခန်းရောက်ပြီးနောက် သခင်စိုးသည် ခြင်ထောင်ထဲဝင်သည်။ ညဥ့်နက်သန်းခေါင်တွင် မခင်စု သည် ''ကယ်ကြပါအုံး''ဟုအော်ပြီး ကျွန်တော်တို့ထံ ထွက်ပြေးခဲ့သည်အထိဖြစ်၍ ဗဟိုကော်မတီက ဝေဖန်သည်။ သခင်စိုးက ကျွန်တော်မှားပါသည်ဟု ဝန်ခံ ပါသည်။
ကျွန်တော်သည် သတင်းထောက်ရန်သွားပြီး ညနေ နေဝင်ချိန်စခန်းသို့ပြန်ရောက်သည်။ အပြင် ကင်းတပ်တွင် အရက်သောက်ပြီး ကင်းသမားများမူး နေကြသည်။ ကနေ့အရက်တိုက်သလားဟု ကျွန်တော် ကမေးရာ မခင်စုနှင့် ဆရာကြီးလက်ထပ်မည်ဖြစ်၍ အရက်တိုက်ပြီး ကြက်သားခေါက်ဆွဲများကျွေးနေသည် ဟု သူတို့ကပြောကြသည်။ ကိုသော်တာအား မေးကြည့် ရာတွင် သူတို့နှစ်ဦးသဘောတူ၍ စာတင်လက်ထပ် ကြသည်ဟု ပြောသည်။ တစ်ညလုံး အရက်သောက်ပြီး ဆူနေကြသည်။ ကျွန်တော်လည်း သောက်သည်။ ကိုအောင်လံက မခင်စုကို သခင်စိုးခြင်ထောင်ထဲသို့ ပို့ပေးရသည်။
+++
သက်သေများ၏ထွက်ချက်အရ သခင်စိုးသည် ရဲနီကျော်ဝင်း၏ဇနီး မခင်စုအား ရဲနီကျော်ဝင်းနှင့် တရားဝင်ကွာရှင်းခြင်းမပြုရသေးမီပင် လက်ထပ်ယူခဲ့ ခြင်းဖြစ်ပြီး သခင်စိုး၏ခေါင်းဆောင်မှုမှာလည်း အလံနီ ပါတီတွင်းတွင် များစွာကျဆင်းလာခဲ့ရသည်။ အလံနီ ဗိုလ်ချုပ်လေးမျိုးဆွေ(ခေါ်)ဦးဘရီ(ခေါ်)ဦးစောခိုင်ကမူ ဆင်စွယ်ရွာလူသတ်မှုနှင့်ပတ်သက်၍ အောက်ပါအတိုင်း အသေးစိတ်ထွက်ဆိုခဲ့သည်။၁
+++
....အလံနီဆန့်ကျင်သည့်ရွာမှလူများအား ရွာအပြင်တွင်တွေ့လျှင်သတ်ရမည်၊ ဖြစ်နိုင်လျှင် ရွာကိုလည်း မီးရှို့ပစ်ရမည်၊ မြေလှန်ပစ်ရမည်ဟု သခင်စိုးက တစ်ဆက်တည်း ညွှန်ကြားသည်။ ကျွန်တော်သည် ကိုမြင့်အောင်တို့စခန်းသို့သွားပြီး ကိုမြင့်အောင်အပါအဝင် တပ်မှူးကြီးများအား သခင်စိုး၏ညွှန်ကြားချက်များကို ရှင်းပြသည်။
ဗိုလ်မှူးထွန်းနိုင်(ခေါ်)စောမောင်သည် ကိုကျော်ဝင်းတို့အား ရာထူးမှဖြုတ်ချပြီး ရွာသား ငါးဦးအား သတ်ပစ်လိုက်ကြသည်။ ထိုနှစ်မှာပင် အစိုးရတပ်သည် ကျောချောင်သို့ပြန်ဝင်လာပြန် သည်။
ဆင်စွယ်ရွာအနီးတွင် ဗိုလ်မှူးထွန်းနိုင်တပ် စခန်းချနေစဉ် ဆေးမှူးခင်မောင်ဇင်သည် ဆင်စွယ်ရွာသို့ သွားသည်။ ရွာသားတို့က အစိုးရ တပ်သွားတိုင်သဖြင့် ထွက်ပြေးခဲ့ရသည်။ နောက်တစ်ခေါက်ပြန်အသွားတွင် ဆင်စွယ်ရွာက ခင်မောင်ဇင်ကိုသတ်ပြီး အစိုးရတပ်သို့ အပ်လိုက်သည်။ ထို့ကြောင့် ဗိုလ်မှူးထွန်းနိုင်တို့သည် ဆင်စွယ်ရွာအနီးမနေနိုင်ဘဲရှောင်ခဲ့ကြရသည်။
ဗိုလ်မှူးထွန်းနိုင်သည် သူခံစားရချက်များကို ကျွန်တော်အပါအဝင် ဗိုလ်ချုပ်မြင့်အောင်တို့အား လာရောက်တင်ပြသည်။ ကျွန်တော်တို့က သခင် စိုးထံ သွားရန်ပြောလိုက်သည်။ နွားမတောင်ရှိ သခင်စိုးထံ ရောက်သွားကြသည်။ ဗိုလ်မှူးထွန်းနိုင်ကခံစားချက်ကို တင်ပြသည်။ ရက် ၂ဝ အကြာတွင် ဗိုလ်မှူးထွန်းနိုင် ကျွန်တော်တို့ထံ ပြန်ရောက်လာသည်။ ဆင်စွယ်ရွာကိုမြေသဒါလှန် ပစ်ရန် ဌာနချုပ်မှ အမိန့်ပါလာသည်။ ခေါင်း ဆောင်များသာသိစေပြီး လျှို့ဝှက်ထားရန် မှာ ကြားသည်။
ထို့နောက် ထီးလင်းဂန့်ဂေါနယ်သို့ ကျွန်တော် တို့ပြောင်းသည်။ ထိုနေရာတွင်တပ်သားအင်အား ၂ဝဝ ခန့်အထိဖြစ်လာသည်။ ထိုနေရာတွင် တပ်မှူးများ အစည်းအဝေးလုပ်သည်။ ကိုမြင့် အောင်၊ မနှင်းဥနှင့် ကျွန်တော်ပါသည်။ ပြီးခဲ့သော တိုက်ပွဲများ ပြန်သုံးသပ်၍ ဆင်စွယ်ရွာမြေလှန် ရန်  စီစဉ်တိုင်ပင်ကြသည်။ ဆင်စွယ်ရွာသည် ထီးလင်းမြို့နယ်အတွင်းရှိသည်။  ဌာနချုပ်၏ ညွှန်ကြားချက်ကို လက်တွေ့အကောင်အထည် ဖော်ရန်လူရွေးချယ်သည်။ နိုင်ငံရေးမှူးအဖြစ် ရဲနီမျိုးညွန့်(ခ)ကိုသုခ၊ စစ်မှူးအဖြစ် ကျွန်တော် (ဗိုလ်ချုပ်လေးမျိုးဆွေ)ကို ရွေးချယ်သည်။ တပ်မှူးများမှာ ရဲနီစောနောင်၊ ရဲနီထွန်းကြည်နှင့် ရဲနီစော ညွန့်ရွှေတို့ဖြစ်သည်။
ကိုမြင့်အောင်နှင့် မနှင်းဥတို့က ဆင်စွယ်ရွာ သို့သွားတိုက်ရာတွင် ပိရိရန်လိုသည်။ ဌာနချုပ်၏ ညွှန်ကြားချက်မှာ တိကျပြင်းထန်သည်။ ချွတ်ယွင်း လျှင်သေဒဏ်ထိအပြစ်ပေးအရေးယူခံရမည်။ ဆောင်ရွက်နိုင်မည် မျှော်လင့်၍ ရွေးချယ်တာဝန် ပေးခြင်းဖြစ်သည်။ စနစ်တကျ သေချာခိုင်လုံပြီး တစ်ယောက်မျှ လွတ်ထွက် မသွားစေဘဲ လူတန်းစားရန်သူအား လက်စားချေပွဲအဖြစ် ဆောင်ရွက်ကြရန်တို့ကို ပြောဆိုညွှန်ကြား သွန်သင်သည်။ ကျွန်တော်တို့သည် အထက်မှ ညွှန်ကြားချက်ကို တိတိကျကျလိုက်နာရသည့်အစဉ်အလာရှိသည်။ စစ်ရေးအမိန့်ကို ဖောက်ဖျက်လျှင် သေဒဏ်အပြစ် ပေးခံရသည့်နမူနာရှိသည်။
ထို့ကြောင့် လူ ၁၂ဝ ရွေးပြီး မြေလှန်တိုက်ပွဲ အတွက် ထွက်ခဲ့ရသည်။ ဆင်စွယ်ရွာအနီးတွင် စခန်းချသည်။ ဆွေးနွေးပွဲလုပ်သည်။ ကိုမျိုးညွန့် (ခ)သုခ၊  ကျွန်တော်၊  ဗိုလ်ကြီးချစ်တင်ညွန့်၊ ဗိုလ်မှူးမြင့်ဦး၊ ဗိုလ်မှူးထွန်းနိုင်၊ ဗိုလ်မှူးစောနောင် နှင့် ဗိုလ်မှူးစောညွန့်ရွှေတို့တက်ရောက်ကြသည်။ ဌာနချုပ်၏ညွှန်ကြားချက်မှာ တစ်ရွာလုံးမိန်းမ၊  ယောက်ျား၊ ကလေးမကျန် သုတ်သင်ရမည့်အဆင့် ဖြစ်နေသည်။ ငါ့အနေနဲ့ မပြတ်သားဘူး၊ လွန် ဆန်၍ မဖြစ်ဘူးဟု ကျွန်တော်က ပြောပါသည်။
ရဲနီမျိုးညွန့်က အကုန်လုံးလုပ်၍မဖြစ်ဘူး၊ ရဲနီ ခင်မောင်ဇင်သတ်စဉ်က ကလေးနှင့်မိန်းမအပြင် လူအိုများမပါဘူး၊ အသက်အပိုင်းအခြားဖြင့်လုပ်ရလျှင် မကောင်းဘူးလားဟု မေးပါသည်။ အားလုံးက ကောင်းပါသည်ဟု ပြောကြသည်။ အသက် ၁၅ နှစ်မှအထက် အသက် ၅ဝ အောက် ယောက်ျားများအား သုတ်သင်ရလျှင် မကောင်းဘူးလားဟု ရဲနီမျိုးညွန့်က ဆက်ပြောသည်။ အားလုံးက ကောင်းပါသည်ဟု ပြောကြသည်။ ဗိုလ်မှူးမြင့်ဦးက ယခုကိစ္စအရေးကြီးသည်  လူတစ်ယောက်သတ်ရန်ပင်မလွယ်တာ၊ ယခု တစ်ရွာလုံးလုပ်ရမှာ မလွယ်လှဘူးဟု ထင်သည်ဟု  တင်ပြသည်။ တစ်ဖန် ဗိုလ်မှူးထွန်းနိုင်က ငါတို့ စစ်တပ်ယောင်ဆောင်ဝင်မည်ဟု ပြောသည်။ ဗိုလ်မှူးထွန်းနိုင်က မသိသူများသွင်းရမည်။ အလံနီဆန်များ တောတွင်းတွင် တွေ့ထားသည်။  ရွာသားများ ကြိုးတစ်ချောင်း ထမ်းပိုးတစ်ခု ယူလာကြရန်ပြောပြီး ခေါ်ခဲ့ရန် ပြောသည်။
ဆက်လက်၍ဗိုလ်မှူးမြင့်ဦးက ညကစာပေး လျက်မလာသည့်အတွက် ကြိုးတုပ်ရန် အကြံပေး သည်။ သတ်ရေးကို အမျိုးမျိုးအကြံပေးကြသည်။ မည်သို့ပင်ဖြစ်စေ တာဝန်ကျသူများအနေနှင့် သတ်ရမည်ဟု ကျွန်တော်ကပြောလိုက်သည်။ တောင်းပန်သူရော ကြိုးတုပ်ထားသူများအား သတ်ရမည်ဟု ရဲနီမျိုးညွန့်က အကြံပေးသည်။ အားလုံးသဘောတူကြသည်။
ရွာ၏ပထဝီအနေအထားကို လေ့လာရန် ဗိုလ်မှူးထွန်းနိုင်အား လေ့လာခိုင်းသည်။ တပ်ရင်း ၁ဝ၉ မှ ရထားသည့် စစ်ဝတ်စုံများဝတ်ပြီး ဗိုလ် ကြီးနှစ်ဦးနှင့် လူ ၂ဝ အား ရွေးချယ်သည်။ ဗိုလ် မှူးမြင့်ဦးနှင့် ဗိုလ်မှူးထွန်းနိုင်တို့ ခေါင်းဆောင်စေသည်။ ရွေးချယ်ထားသူများအား စစ်တပ်ပုံပေါက် အောင် သင်ကြားပေးရ သေးသည်။ ဗိုလ်မှူးမြင့်ဦးက သင်ပေးသည်။ ကျွန်တော်နှင့် ရဲနီမျိုးညွန့်တို့က မဟာလက်စားချေပွဲဖြစ်သည်။ မြင့်မြတ်သည့်လုပ်ငန်းဖြစ်သည်။ ပြတ်သားအောင် ဆောင်ရွက်ရမည် ဟု စသည်ဖြင့် ပြောကြားပြီး စိတ်ဓာတ်မြှင့်ပေးခဲ့ သည်။
နံနက် ၄ နာရီတွင် ကျွန်တော်တို့က ရွာကို ဝိုင်းထားလိုက်သည်။ ကျွန်တော်သည် ရွာ၏အရှေ့ တောင်ဘက်ကုန်းတွင် စစ်မြေပြင်ရုံးအဖြစ်သတ် မှတ်ပြီး နေရာယူထားသည်။ ရွာထဲသို့ဝင်ပြီး နောက် ယောက်ျားမှန်သမျှ ကြိုးတစ်ချောင်း ထမ်းပိုးတစ်ခုယူခဲ့ရန် လိုက်အော်သည်။ မည်သူမျှ မလာကြပါ။  ထို့ကြောင့်  ဗိုလ်မှူးမြင့်ဦးက  တုတ်ဖြင့်ရိုက်လိုက်မှ ရွာသားများစုလာကြသည်။
ရွာသားများအား ရွာ၏တောင်ဘက်စာသင် ကျောင်းတွင် စုဝေးစေသည်။ ဗိုလ်မှူးမြင့်ဦး ကစာမရဘူးလားဟု ပရိယာယ်ဖြင့် မေးသည်။ ရွာသားများက မရကြောင်း ပြန်ပြောကြသည်။ ဘာကြောင့် စာမရသလဲ ခင်ဗျားတို့ကို အပြစ်ပေး ရမည်ဟု ဗိုလ်မှူးမြင့်ဦးက ပြောသည်။
ထိုစဉ် ဗိုလ်မှူးထွန်းနိုင်က ဗိုလ်မှူး ဒီလူတွေ ကို ကြိုးနဲ့တုပ်လိုက်ရမလားဟု မေးလိုက်သည်။ ဗိုလ်မှူးက မြင့်ဦးက ကြိုးတုပ်လိုက်ဟု ပြန်အမိန့် ပေးလိုက်သည်။ ရွာသားများအား ကြိုးတုပ်ပြီး နောက် အသက်ကြီးသူများအား ရွေး၍ဖယ်ထုတ် လိုက်သည်။
ထို့နောက် ရွာသားများအား ဓားဖြင့်ထိုး၍ လည်းကောင်း၊ ဓားဖြင့်ခုတ်၍လည်းကောင်း ရက်ရက်စက်စက်သတ်ကြတော့သည်။      တစ်ခဏအတွင်း အဝီစိပွက်သလို အသံနက် ကြီးများဖြင့် အော်သံများ ထွက်လာတော့ သည်။ သတ်သူများမှာ ဓားများဖြင့် ရက်စက် စွာခုတ်သတ်နေကြသော်လည်း သတ်၍မကုန် နိုင်အောင်  မနိုင်မနင်းဖြစ်လာသည်။ နောက်ဆုံးတွင် သေနတ်သုံး၍ပင် သတ်ကြ ရတော့သည်။ ငါးမိနစ်ခန့်ကြာ သောအခါ အသံနက်ကြီးများဖြင့် အော်သံများပျောက်ကွယ်သွားပြီး  တစ်ရွာလုံးငြိမ်ကျသွားတော့ သည်။ ရက်ရက်စက်စက်သတ်ဖြတ်ပြီးကြ သည့်နောက်  ရွာကိုမီးတင်ရှို့လိုက်သည်။ အသတ်ခံရသူပေါင်း  ၇၄ ဦး  ရှိသည်။.......ဆင်စွယ်ရွာတွင် ရက်ရက်စက်စက် သတ်မှုကို ကျွန်တော်အပါအဝင် တပ်မှူး အားလုံးက မနှစ်မြို့ကြပါ။ သတ်ရာတွင်ပါဝင်သူ အားလုံးသည် ၄၊ ၅ ရက် ထမင်းမစားနိုင်ဘဲ ငိုင်တိငိုင်တိုင်ဖြစ်ပြီး စိတ်ဓာတ်ကျမှိုင်နေမိကြ သည်။
ဆင်စွယ်ရွာလူသတ်မှုနှင့်ပတ်သက်၍ သက်သေခံတင်ပြခွင့်ရသဖြင့် တော်လှန်ရေး ကောင်စီကို များစွာ ကျေးဇူးတင်ပါသည်။ သခင်စိုးနှင့် အလံနီပါတီဌာနချုပ်၏ ခိုင်းစေ ချက်အရ တစ်သဝေမတိမ်းလိုက်နာ ကျူးလွန် ခဲ့သောအပြစ်များဖြစ်ပါသည်။  ထို့ကြောင့် ကာယကံရှင်များနှင့် ပြည်သူလူထုအား အနူး အညွတ်တောင်းပန်ပါရစေ။ မိမိအမှားကိုဝန်ခံ သည့်အနေဖြင့် ဖော်ထုတ်တင်ပြတောင်းပန်ခြင်း ဖြစ်ပါသည်။
+++
ဤကားသခင်စိုး၏ အမှုတွင် သတင်းစာများ၌ ဖော်ပြကြသော တရားလိုပြသက်သေများ၏ထွက်ဆို ချက်များမှ  ကောက်နုတ်ချက်အချို့ပင်ဖြစ်သည်။ အလံနီပါတီသည် ပြုပြင်၍မရတော့သော အမှားကြီးများကို ကျူးလွန်ခဲ့သဖြင့် တစ်စတစ်စ ကျဆုံးခဲ့ရသည်။ သခင်စိုးအဖမ်းခံရပြီးနောက်ပိုင်းတွင် အလံနီများသည် အစုလိုက်အပြုံလိုက် လက်နက်ချအလင်းဝင်လာကြ သည်။ ကြွင်းကျန်ရစ်သရွေ့မှာလည်း တပ်မတော်နှင့် ပြည်သူတို့၏ ချေမှုန်းသုတ်သင်ခြင်းကို ခံကြရသည်။ မဆိုစလောက်သော အင်အားအနည်းငယ်မှာလည်း လက်နက်ကိုင်အဖျက်လုပ်ငန်းများကို မလုပ်နိုင်တော့ဘဲ တစ်ယောက်ချင်းနှစ်ယောက်ချင်း တကွဲတပြားစီ လျှို့ဝှက်၍သာ ပုန်းနေကြရလေတော့သည်။
အလံနီပါတီကျဆုံးကြရခြင်း၏ အဓိကအကြောင်း ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-
(က)    လက်ဝဲအလွန်အကျွံဝါဒကို ကျင့်သုံးခြင်း။
(ခ)     အကြမ်းဖက်လုပ်ရပ်များကို ကျင့်သုံးခြင်း။
(ဂ)     ဆင်စွယ်ရွာလူသတ်မှုကြောင့် ပြည်သူ  လူထုကတစ်ခဲနက်ဆန့်ကျင်ခြင်း။
(ဃ)    လူမှုရေးဖောက်ပြန်မှုများကြောင့် သခင် စိုး၏ခေါင်းဆောင်မှု ကျဆင်းခြင်း။
(င)     ပြည်ပမှအထောက်အပံ့မရခြင်း။
(စ)     မဟာမိတ်မရှိသော သီးခြားပါတီဖြစ်ခြင်း။
အလံနီပါတီသည် မြန်မာနိုင်ငံ၏မျက်မှောက် ခေတ်နိုင်ငံရေးသမိုင်းတွင် များစွာထင်ရှားခဲ့သော အဖွဲ့အစည်း တစ်ရပ်ဖြစ်ခဲ့သည်။ အဖျက်လုပ်ငန်း များစွာကိုလည်း ထိရောက်စွာလုပ်ကိုင်နိုင်ခဲ့သည်။ သို့သော် ပြည်သူလူထု၏ ထောက်ခံမှုမရရှိသည့်အပြင် ပြည်သူလူထုကိုသာ ဆန့်ကျင်လာခဲ့သဖြင့် ရေရှည် ရပ်တည်နိုင်မှုမရှိတော့ဘဲ ကျဆုံးခဲ့ရလေသည်။
Share this article :

0 comments:

Post a Comment

 
ဆက်သွယ်ရန် mmpolitical2013@gmail.com :
Template Modify by Creating Website Myanmar Political Research Organization